Unicode
Brother Zone
———————
ကောင်းကင်တစ်ခွင်လုံး သမ္မာဒေဝေါအားကောင်းမှုကြောင့် အုံ့ဆိုင်းမှုန်မှိုင်းနေသည်။ နေ့လယ်မွန်းတည့်ချိန်ဆိုပေသိ သူရိန်နေမင်းမယ် အပြစ်မရှိပါဘဲ တိမ်ဆွယ်တွေနောက် ပုန်းကွယ်နေရဆဲ။ သည်မိုးနှင့်တော့ ညရောက်လျှင်တောင် သီတင်းကျွတ်လဝန်းကြီးလည်း သာနိုင်တော့မည်မထင်။ မနက်မိုးမလင်းခင်ကတည်းက အလိုက်မသိ ရွာနေလိုက်တာ၊ ရှင်းသန့်ခမျာလည်း အငေးပေါ်အဆွေးဆင့် တွေးတထင့်ထင့်ဖြစ်ရပြီ။
လက်ထဲကဖုန်းကိုလျစ်လျူရှူရင်း သူ့အခန်းပြတင်းကနေ အပြင်ကိုပဲလှမ်းကြည့်နေမိသည်။ မီးကြိုးပေါ် တွဲလဲခိုနေသော မိုးရေဥလေးတွေ စိန်ပွင့်လေးတွေလို သူ့မျက်လုံးတွေထံ ရောင်ပြန်လာတာ လက်ခနဲ၊ လက်ခနဲ။ အရင်အတိုင်းပဲနော် ... မန္တလေးပွဲဈေးမှာ မိုးတွေသည်းလို့ ကိုကြီးနဲ့ ခဏမိုးခိုတုန်းကလိုပဲ။ အဲသည်တုန်းက မိုးရေဥလေးတွေလည်း စိန်ပွင့်တွေလို တဖျတ်ဖျတ်လက်နေခဲ့ကြတာ။
ဟူး ... ရန်ကုန်ပြန်ရောက်တာပဲ ကြာခဲ့ပြီကို အတိတ်တွေ သတိရပြန်ပါပြီ။ ထုံးစံအတိုင်းပဲ ... သီတင်းကျွတ်လပြည့်နေ့က ရှင်းသန့်အတွက် အထီးကျန်စရာကောင်းနေဆဲပဲ။ လေးနှစ် ... လေးနှစ်လုံးလုံး အဲသည်ကိုကြီးကြောင့် အထီးကျန်နေခဲ့ရတာ။
"ရှင်းသန့်ရေ ... ညကျရင် ရေကျော်ပွဲဈေးလိုက်ခဲ့နော်၊ မင်းတူမအမြွှာနှစ်ကောင်က သွားချင်လို့သာ လိုက်ပို့ရမှာ၊ တအားဆော့တယ်။ ငါနဲ့မင်းသန့်နှစ်ယောက်ထဲဆိုတောင် မနိုင်ဘူး"
ရှင်းသန့်၏အကြီးဆုံးအမဖြစ်သော မမနှင်းသန့်က အခန်းရှေ့ကဖြတ်ရင်း ညည်းညူသလိုနှင့် လိုက်ခဲ့ဖို့ပြောသွားသည်။ မောင်နှမအရင်းအချာထဲတွင်တော့ သူကအငယ်ဆုံးမို့ အကြီးတွေပြောသမျှ နာခံရတာများသည်။
သူတို့အိမ်မှာ အိမ်ဦးနတ်ဖေဖေမရှိတော့ပေမဲ့ ကျန်မိသားစုကတော့ သိုက်သိုက်ဝန်းဝန််းရှိဆဲပါပဲ။ အစ်ကိုလတ်က အိမ်ထောင်မကျသေးပေ။ အစ်မအမျိုးသားကလည်း အိမ်မကပ်ရသည့်သင်္ဘောသားဆိုတော့ အစ်မနဲ့တူမလေးနှစ်ယောက်ကလည်း အိမ်မှာပဲနေကြသည်။ စည်းစည်းလုံးလုံးရှိစေချင်ကြလွန်းလို့ မိဘတွေက မောင်နှမသုံးယောက်နာမည်တွေတောင် ပူးတွဲလေးတွေ မှည့်ပေးခဲ့ကြသေးတာ ... နှင်းသန့်ညီမောင်၊ မင်းသန့်ညီမောင်၊ သူကတော့ ရှင်းသန့်ညီမောင်တဲ့လေ။
အတွေးတွေ ဟိုရောက်သည်ရောက်နဲ့မို့ မိုးဖွဲဖွဲတွေ ဆက်မကြည့်ချင်တော့သော ရှင်းသန့်သည် ခြုံထားလက်စစောင်ကိုသာ ခေါင်းမူးခြုံပြီး တမှေးအိပ်ဖို့ကြိုးစားလိုက်၏။ သို့ပေမဲ့ အတိတ်ဖြစ်ရပ်တွေ ပြန်တွေးထင်လာတာ အိပ်မက်လိုလို၊ လက်တွေ့လိုလို။
..................
လွန်ခဲ့သောလေးနှစ်ခန့်...။
မန္တလေး နွေနံနက်ခင်းက အနည်းငယ်ပူစပ်ပူလောင် ရှိနေခဲ့သည်။ ရောက်ခါစမို့ အသားမကျတာဖြစ်နိုင်သလို ရှင်းသန့်ဝတ်ထားခဲ့သည့် ရှပ်လက်ရှည်ကြောင့်လည်း ပါမယ်ထင်သည်။ တစ်ညလုံးလည်း ကားပေါ် ကောင်းကောင်းမအိပ်ခဲ့ရတော့ လူကနှုံးကာငြီးစီစီနှင့်။ စိတ်ရှိတိုင်းဆို အိစက်ညက်ညောသည့်မွေ့ရာတစ်ခုခုပေါ် ပစ်လှဲချလိုက်ချင်တာ ဗိုင်းခနဲ။ ဒါပေသိ မဖြစ်သေးပါပေ၊ အစ်ကိုကြီးက သူ့ကိုဘာမှမပြောသေးတာမို့ စောင့်ရဦးမည်ဖြစ်သည်။ ပူပါတယ်ဆိုကာမှ သူထိုင်သည့်နေရာကိုပါ မနက်ခင်းနေရောင်က တိုက်ရိုက်ကျရောက်နေခဲ့သေး၏။ ဒါမို့ မန္တလေးကတော့ သူ့ကို မကြိုဆိုချင်ဘူးထင်ပါရဲ့လို့ တွေးခဲ့မိသေးတာ။
"အေး နာမည်က ရှင်းသန့်ညီမောင်တဲ့။ မင်းကိုပဲအားကိုးရတော့မယ် .. နေကြယ်ရာ"
"စိတ်ချပါကွာ။ မင်းညီဆိုတော့ ငါ့ညီပဲပေါ့"
အနောက်မှကြားနေရသည့်အသံတွေက အစ်ကိုကြီးနဲ့ သူ့သူငယ်ချင်းတစ်ဖြစ်လည်း နောင်တွင် ရှင်းသန့်ညီမောင်၏ ဆရာဖြစ်လာတော့မည့်ပုဂ္ဂိုလ်တို့ စကားပြောဆိုနေကြခြင်းပါ။ နာမည်ကလည်း တစ်မျိုးပဲ။ ညနေကြယ်တဲ့။
အစ်ကိုကြီးကတော့ ထိုအချိန်က အတော်လည်းရက်စက်ခဲ့သည်။ ဆယ်တန်းဖြေပြီးခါစညီလေးကို သင်္ကြန်ပြီးတာနှင့် စာသင်ဖို့ဆိုပြီး သူ့အချစ်ဆုံးသူငယ်ချင်းရှိရာ မန္တလေးကိုပို့သတဲ့။ အသည်းမာချက်ကလည်း ရက်ပိုင်းတောင်မဟုတ်၊ ၆လနီးပါးကြာမြင့်သည့်အထိ။ ရှင်းသန့်ကို ဆယ်တန်းဖြေဖို့အတွက်လည်း ကိုးတန်းကတည်းက ဘော်ဒါဆောင်မှာ ၂နှစ်စာသင်ခိုင်းခဲ့တာကို အားမရ။ ဆယ်တန်းပြီးတော့လည်း အစ်ကိုကြီးလိုစီးပွားရေးလုပ်ဖို့ Accounting ဆိုင်ရာကျွမ်းကျင်မှဖြစ်မယ်ဆိုပြီး အခြေခံကစသင်ခိုင်းခဲ့တာ။ ရန်ကုန်မှာကျန်ခဲ့တဲ့မေမေနှင့် သူငယ်ချင်းတွေကိုထားခဲ့ရတာထက် မန္တလေးက သူစိမ်းတစ်ယောက်စီမှာ အကျယ်ချုပ်လာကျပါတယ်ဆိုပြီး စိတ်ညစ်နေခဲ့မိ၏။
ဒါပေသိ ညနေကြယ်ဆိုသည့် အဲသည်ကိုကြီးက သူ့အချစ်ဦး၊ သူ့အနာဂတ်ကြယ်တစ်လုံးအဖြစ် တောက်ပလာမယ်ဆိုတာ ရှင်းသန့် ထိုအချိန်က မသိခဲ့ပါပေ။
"ကဲ .. ရှင်းသန့်၊ နေကြယ်ရဲ့စကားကို နားထောင်ပြီး LCCI အခြေခံတွေရသမျှအကုန်သင်ထား၊ သူက ဒီစာရင်းအင်းနယ်ပယ်မှာ ဆရာကြီးပဲ။ ဒါမို့ မင်းကို ဒီအထိလာထားရတာ၊ တက္ကသိုလ်တွေဖွင့်ခါးနီဆို ရန်ကုန်ပြန်လာရမှာပဲ။ ဒီကြားထဲလည်း မေမေတို့နဲ့ငါလာဦးမှာပါ ... ဟုတ်ပြီလား"
"အစ်ကိုကြီးက အခုပြန်တော့မှာလား"
"အလုပ်တွေပစ်ထားခဲ့ရတာ ပြန်ရမှာပေါ့၊ ရှုံ့မဲ့မဲ့လုပ်မနေနဲ့။ ကလေးမဟုတ်တော့ဘူးနော် ရှင်းသန့်။ စာကြိုးစား"
သည်လိုပြောပြီး အစ်ကိုကြီးက အတုံ့အဆိုင်းမရှိ ပြန်သွားတော့တာပဲ။ သူ့သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးကို ဘယ်လောက်များယုံသလဲမသိ၊ အဲသည်တုန်းက စားပွဲတစ်လုံးရှေ့ ထိုင်ကျန်နေခဲ့သော ရှင်းသန့်ကသာ သနားစဖွယ် ငုတ်တုပ်ကလေး။ ရန်ကုန်မှာ အစ်ကိုကြီးတို့ CPA (Certified Public Accountant) အတူတူတက်ကြတုန်းက ထိုကိုကြီးကလည်း အိမ်မှာဝင်ထွက်နေကျတဲ့လေ။ ရှင်းသန့်ကတော့ ကိုးတန်းကတည်းက အဆောင်ဝင်ရတာမို့ အိမ်မှာဘယ်သူတွေ အဝင်အထွက်ရှိတယ်မသိ၊ ပြန်ရောက်လည်း တူမတွေနဲ့ပဲ နားပန်းလုံးတော့ ထိုသူကို သတိတောင်မထားမိခဲ့ဖူးချေ။
အစ်ကိုကြီးပြန်သွားတာနှင့် ထိုသူပြန်ဝင်လာပြီး သူနဲ့မျက်နှာချင်းဆိုင်က ခုံတွင်ဝင်ထိုင်လာခဲ့သည်။ အလုပ်စားပွဲဖြစ်ပုံပါပဲ ... စာအုပ်တွေအထပ်လိုက်နဲ့ ကျောင်းသားစာရင်းဖိုင်တွေ မြင်နေရတာလည်း တသီကြီး။ ရှင်းသန့် ထိုသူကိုမော့ကြည့်လိုက်တော့ အရေးမစိုက်တဲ့အပြင် မတုန်မလှုပ်နှင့်။ အနေတည်ပါတယ်ဆိုတဲ့ သူ့အစ်ကိုကြီးထက်တောင် ပိုအပေါက်ဆိုးပုံရသည်။ ရှင်းသန့်လည်း ခပ်ဆိတ်ဆိတ်ပါပဲ၊ ထိုလူ၏ကျောမှီအနောက်က ဗီနိုင်းချပ်ကြီးကို သေချာဖတ်ကြည့်နေခဲ့သည်။ နာမည်နဲ့အနောက်က Accounting ဆိုင်ရာ ဘွဲ့တွေ၊ ဒီပလိုမာတွေကို တန်းစီအောင်ရေးထားလိုက်တာ စက်ခေါင်းနောက်က ရထားတွဲကြီးအတိုင်း။ ကိုကြီးက လူတော်ဆိုတာ အဲသည်ကတည်းက ရှင်းသန့် ရိပ်စားမိခဲ့တာပါ။
"ဗီနိုင်းကိုဖတ်နေပြီဆိုတော့ နာမည်မိတ်ဆက်စရာမလိုတော့ဘူးထင်တယ်"
တခြားစီပါပဲ၊ သူ့အစ်ကိုကြီးကိုပြောလိုက်တဲ့ လေချိုသွေးသံနဲ့ လုံးဝကိုတခြားစီပါပဲ။
"ဟုတ်ကဲ့၊ ဆရာညနေကြယ်"
အစ်ကိုကြီးနှင့်ရွယ်တူ ၂၇နှစ်ပေမဲ့ သူနဲ့က အသက်ဆယ်နှစ်နီးပါးကွာသည်။ လူပုံရိုးရိုးရှင်းရှင်း၊ မျက်ခုံးမည်းမည်း၊ နှာခေါင်းချွန်ချွန်နှင့် နှုတ်ခမ်းပုံက တောင်ကုန်းသဏ္ဌာန် ကွေ့ဝိုက်သည်။ ညာမျက်လုံးဘေးထောင့်နားမှာ မှဲ့ကလေးကသိသိသာသာ။ အသားကတော့ ညိုပေမဲ့စိုလက်သည်။ ဆံပင်ပုံစံက ဘေးခွဲကေတို၊ တကယ်ဆို အဲသည်ပုံတုံးတုံးဆံပင်ကြောင့် အသက်ပိုကြီးပုံထင်ရတာ။ အချစ်ဦးကိုကြီးပုံစံကို ပြန်စဉ်းစားမိတော့ စောင်ခြုံထဲက ရှင်းသန့် နှုတ်ခမ်းလေး ခပ်ကွေးကွေးပြုံးသည်။ အခုရော ဘေးခွဲကေတိုကြီးပဲလားမသိ။
"ဆရာတွေဘာတွေ ခေါ်မနေပါနဲ့၊ မင်းအစ်ကိုကို ခေါ်သလိုပဲ ကိုကြီးပဲခေါ်ပါ။ ငါ့ကိုလည်း အစ်ကိုရင်းတစ်ယောက်လိုပဲ သဘောထား"
"ဟုတ် ကိုကြီး"
အဲသည်ချိန်ကတည်းက ကိုကြီးခေါ်ခိုင်းပြီး ညီအစ်ကိုဇာတ်သွင်းခံခဲ့ရတာ၊ ညီအစ်ကိုဆိုတဲ့စည်းကို လုံးဝမျဉ်းသားထားခဲ့တာ။ အချစ်ဦး ကြုံဖူးမှသိမယ်။ ၁၆၊ ၁၇ ကလေးအရွယ်မို့ပဲလား အရူးကြီးလည်း ရူးခဲ့တာ၊ အခု ၂၁နှစ်ရောက်တဲ့ထိပေါ့။
"မင်းက ဒီနေ့မှရောက်တာဆိုတော့ ဖွင့်လက်စအတန်းတွေ လိုက်တက်လို့မရသေးဘူး။ စာတွေ တစ်ပတ်စာလောက်နောက်ကျနေပြီ။ ဒီတော့ ငါအတန်းမရှိတဲ့နေ့လယ်နဲ့ ညတွေမှာ စာသင်ရမယ်။ ဖြစ်နိုင်ရင်တော့ ဒီနေ့ပဲ စလိုက်ချင်တယ်"
ဘုရား၊ ဘုရားဆိုပြီး အဲသည်တုန်းက လန့်ခဲ့ရသေးတာ။ ရန်ကုန်ကနေ တစ်ညလုံးကားစီးလာလို့ ယိုင်ထိုးနေတဲ့သူကိုမှ အားမနာ၊ ရောက်ရောက်ချင်းဆောက်နဲ့ထွင်း စာစသင်မှာတဲ့။ ရှင်းသန့် မျက်နှာတစ်ချက်မဲ့သွားခဲ့တာ ကိုကြီး သေချာပေါက်မြင်ခဲ့ပါလိမ့်မည်။
"လာ .. မင်းနေရမဲ့အခန်းလိုက်ပြမယ်"
နေရမဲ့အခန်းဆိုပြီး ခေါ်သွားလိုက်တာ နံကပ်တိုက်ကလေးရဲ့ အပေါ်ထပ်ကိုပါပဲ။ ဒါပေမဲ့ အခုပြန်တွေးကြည့်တော့ သူတို့နှစ်ဦးအတွက် ကောင်းကင်ဘုံဖြစ်ခဲ့သော ကြည်နူးဖွယ်နေရပ်လေး ဖြစ်ခဲ့ပြီ။ သူတို့ထိုင်စကားပြောခဲ့တဲ့နေရာက အောက်ထပ်ရုံးခန်း၊ အပေါ်ထပ်က အိပ်ခန်းတွေပေါ့။ ခြံဝင်းကလည်း အကျယ်ကြီး၊ စာရင်းအင်းသင်တဲ့ စာသင်ဆောင်တွေကလည်း ဘော်ဒါဆောင်ကြီးတစ်ခုလို သီးခြားစီမြင်ရတဲ့ထိ အကျယ်ကြီး။
"ဒီဘက်အခန်းမှာ မင်းနေရမယ်"
"ဟိုဘက်အခန်းက..."
"ငါ့အခန်း"
အခန်းနှစ်ခန်းကို ကာထားတာ အုတ်နံရံနှင့်တောင်မဟုတ်၊ သုံးထပ်သားလိုအသားထူထူနှင့်။ အပေါ်မှာ ခပ်စိပ်စိပ်သံဇကာပေါက်လေးတွေပါတာမို့ တစ်ဖက်နှင့်တစ်ဖက် ဘာလုပ်လုပ်အကုန်ကြားရမည့်ပုံဆိုတော့ အဲတုန်းက စိတ်ညစ်ခဲ့သေးသည်။ လွတ်လပ်မှုမှ မရှိတာကိုး။ သို့ပေမဲ့ အခုတော့ အချစ်ဦးနဲ့ မျက်နှာကျက်တစ်ခုကို သုံးထပ်သားနံရံပဲခြားပြီးကြည့်ခဲ့ရတာ သူ့အတွက် ပြန်မရနိုင်တော့တဲ့ပျော်ရွှင်မှုပါပဲ။
"အောက်ထပ်မှာ ငါ့အမေနဲ့ ထမင်းချက်ပေးတဲ့ ဒေါ်နွေးတို့နေတယ်။ မင်းကိုအထူးမှာထားချင်တာ တစ်ခုပဲ"
ရှင်းသန့် ဟိုဟိုသည်သည် အကဲခတ်ရင်းမှ ခေါင်းကလေးပြန်လှည့်ခါကြည့်ခဲ့မိသေးတာ။ မျက်မှန်အဝိုင်းလေးနှင့် ဆံပင်ကိုရှေ့ချထားသော ရှင်းသန့်ပုံစံလေးက ၁၇နှစ်သားဆိုတာထက် ပိုလို့ငယ်စေဟန်ပဲ။ မျက်ရစ်ပုံ့ပုံ့ကလေးကလည်း မထင်မရှားနှင့် ခပ်ဖွေးဖွေးမျက်နှာလေးက ကလေးရုပ်မပျောက်သေးတော့ မြင်သူတိုင်းသဘောကျနှစ်သက်စရာပေါ့။
"ဒီမှာနေမယ်ဆို ဘာမှမစပ်စုရဘူး"
'အားအားယားယား ... ဘာစပ်စုနေမှာမို့လဲ ဦးဂွစာကြီးရယ်' လို့ ရှင်းသန့် စိတ်ထဲပြန်ပြောခဲ့သေးတာ။ အပြုံးအရယ်နှင့် နွေးနွေးထွေးထွေးလည်း မကြိုဆိုတော့ အချစ်ဦးနာမည်ကိုလည်း သူ့စိတ်ကြိုက် ဦးဂွစာကြီးဆိုပြီးပေးခဲ့လိုက်တာ တိုးတိုးတိတ်တိတ်။ သို့ပေမဲ့ အဲသည်မန္တလေးခြံဝင်းကြီးထဲမှာပဲ အဖြစ်အပျက်တွေဟာ မထင်မှတ်ထားလောက်အောင် ပြောင်းလဲသွားခဲ့တာလည်း ညိုးညိုးညိတ်ညိတ်။
ရောက်တဲ့နေ့ရဲ့ နေ့လယ်ထမင်းစားချိန်မှာပဲ ခြံဝင်းထဲက လူစုံနှင့်တွေ့ခွင့်ရခဲ့သည်။ ထောင့်မှန်စတုဂံစားပွဲကြီးတွင် အားလုံးထမင်းစုစားနေခဲ့ကြတာ တကယ့်ဘော်ဒါဆောင်အတိုင်း။ ဒါပေသိ ကျောင်းသားအရွယ်က ရှင်းသန့်ပဲပါသည်။ ကျန်တာ လူကြီးတွေနှင့် စာသင်ဆရာမတွေထင်ပါရဲ့။ သူ့ကိုလည်း ဝိုင်းစပ်စု၊ မေးမြန်းနေခဲ့ကြတာ သင်တန်းမှာ ကျောင်းသားလာနေတဲ့အဖြစ်မျိုး မရှိခဲ့ကြလို့တဲ့။
"မောင်လေးက ဆယ်တန်းဖြေထားတာဆိုတော့ ဘယ်နှဘာသာမှန်းထားလဲ"
"ငါးဘာသာဗျ"
ရှင်းသန့် မတုံ့မဆိုင်းဖြေလိုက်ဟန်ကို အားလုံးအံ့ဩခဲ့ကြသေးသည်။ ဦးဂွစာလို့အမည်ပေးခဲ့တဲ့ သူ့အချစ်ဦးကတောင် အကြည့်တစ်ချက်ပို့လာခဲ့သေးတာ။ သည်ကလေး ယုံကြည်ချက်ကဲလှချည်လားဆိုပြီး ထင်ခဲ့သေးလားမသိပါဘူး။ ဒါပေသိ အောင်စာရင်းထွက်သည့်ကာလမှာ သက်သေထူနိုင်ဖို့ ရှင်းသန့် ဆုတောင်းခဲ့ရတာပေါ့။
အဲလိုနဲ့ အချစ်ဦးအိမ်ရောက်ပြီး တစ်ပတ်ကြာတဲ့ထိ ရှင်းသန့်မှာ နေသားမကျခဲ့ပါဘူး။ စာကလည်းနောက်ကျနေတာဆိုတော့ အတန်းဖော်တွေနဲ့မသင်ရ။ ကိုကြီးနဲ့ပဲ အချိန်ပိုတွေယူပြီး LCCI အခြေခံတွေဖြစ်သည့် စာရင်းအသွင်း၊ အထုတ်၊ အရှုံး၊ အမြတ်သင်ခန်းစာတွေ တစ်ယောက်တည်းသီးသန့်သင်ရသည်။ အတန်းသားတွေ ညနေလာသင်ကြရင် ကိုကြီးတို့နဲ့ တခြားဆရာမတွေ စာသွားသင်ရတော့ ရှင်းသန့်က အဲလိုချိန်ဆို စာကလွဲလျှင် တစ်ခြံလုံးသူ့အရေးပဲ။
သစ်ပင်ကြီးပေါ်က အဝါရောင်ပန်းပွင့်လေးတွေ လူးလွန့်ယိမ်းထိုးတာ ထိုင်ငေးရင်းလည်း ငေးနေတတ်တာ။ ကြွေတာကကြွေ၊ ဝေတာကဝေနှင့် ခြံဝင်းကျယ်ကြီးက သစ်ပင်ပန်းမာန်တွေကြောင့် အရောင်အသွေးကိုစုံလင်လို့။ အတန်းသားစုံချိန်ဆို ခြံထဲသော့ခတ်ပိတ်ထားတဲ့ ဂျက်ကီကြီးကို သွားသွားစလို့ တဝုတ်ဝုတ်အဟောင်ခံရတာလည်း ရှင်းသန့်ပါပဲ။
"ဟေး ရှင်းသန့်ညီမောင်"
ခွေးခြံရှေ့ ရစ်သီရစ်သီလုပ်ရင် ဦးဂွစာကြီးက အခေါ်တော်ရှိပါပြီ။ အသံကခပ်မာမာဆိုတော့ အပြစ်မလုပ်ထားဘဲတောင် လူကတွန့်သွားရတာပေါ့။
"ဟုတ်"
"နေ့လယ်က သင်ထားတာတွေ ပြန်ကြည့်နေလေ။ သူများတွေလည်း အတန်းတက်နေတာကို ခွေးဟောင်အောင် စမနေနဲ့"
ရှပ်အင်္ကျီစင်းလက်ရှည်နဲ့ ပုဆိုးကို ဟန်ပါပါဝတ်ထားပုံက တကယ့်ဆရာတစ်ယောက်အသွင်။ တည်ကြည်တဲ့မျက်နှာမှာ ထူးခြားတာက ယောင်ယောင်လေးချိုင့်နေတဲ့ မေးနှစ်ခွကလေးဆိုတော့ အချစ်ဦးက တစ်မျိုးကြည့်ကောင်းနေခဲ့တာပေါ့။ သို့ပေမဲ့ အဲသည်ချိန်တုန်းကတော့ သူ့အိမ်နေရင် သူ့စည်းကမ်းဆိုပြီး စိတ်ထဲ ဘယ်လိုမှမကျေနပ်ခဲ့ဘူး။ အခုချိန်ပြန်တွေးတော့မှ အတူရှိချိန်တွေကိုနှမြောရသည်။ အခွင့်အရေးများရှိခဲ့ရင်ဆိုပြီး ဆုတောင်းနေမိတာ ဆန္ဒလေးတချို့ကိုပါပဲ။
အရှုံး၊ အမြတ်စာရင်းတွေ
အပုဒ်တစ်ရာမက၊
တစ်ထောင်ဆိုလည်း တွက်ပါ့မယ်။
အမုန်း၊ အမျက်တွေသာ
ဖယ်ရှားပေးပါ။
ကိုကြီးမှင်နီက အမှန်ခြစ်တိုင်း
ကျွန်တော့်စာအုပ်ပေါ် စွန်းစေခဲ့သလို၊
ကိုကြီးရင်ချည်ပြီး ပြောသမျှတိုင်းလည်း
ကျွန်တော့်နားနဲ့ဆက်ဆက် ကြားခွင့်ရပါစေတော့။
"ရှင်းသန့်ညီမောင် .. စာအာရုံစိုက်မယ်"
"အာ ဟုတ်"
တင်းမာသည့်လေသံ၊ မှေးကုတ်လိုက်သော မျက်ကြောတချို့။ ဟင်း ... စာသင်ချိန်ဆို အကြောပြိုင်းပြိုင်းထနေသည့် ကိုကြီးလက်ဖမိုးဆီ အကြည့်ရောက်ချိန်တိုင်း အဲသည်လိုအော်ခံခဲ့ရတာ။ အခြားသင်တန်းသားတွေလို White board နဲ့သင်ပေးတာမျိုးမဟုတ်ဘဲ Ledger စာအုပ်မှာတင် မျက်နှာချင်းဆိုင်ရှင်းပြတာကိုး။ ဒါမို့ ဘောပင်၊ ခဲတံနှင့် ပေတံတို့ကို လိုသလိုလှည့်သုံးနေသော ထိုလက်ချောင်းသွယ်သွယ်တွေကို ရှင်းသန့် လက်ဖဝါးချင်းထပ်ကာ တိုင်းကြည့်ချင်စိတ်ဖြစ်မိခဲ့တာတော့ ရိုးသားစိတ်အစစ်အမှန်ပါပဲ။ သူ့လက်က သူငယ်နှပ်စားကလေးလက်လိုဖြစ်နေတော့ တစ်နေ့ကိုကြီးလိုအရွယ်ရောက်ရင် သည်လိုပဲယောကျ်ားဆန်ဆန်လက် ဖြစ်လာဖို့မျှော်လင့်ခဲ့သေးသည်။
စောင်ခေါင်းမူးခြုံထားသော ရှင်းသန့်တစ်ယောက် ဗြုန်းဆိုထပြီး သူ့လက်နှစ်ဖက်ကို ရှေ့နောက်အပြန်ပြန်အလှန်လှန် ထောင်ကြည့်လိုက်၏။ သွေးကြောစိမ်းတွေက အချစ်ဦးကိုကြီးလိုဖုဖောင်းမနေ၊ လက်တံတွေတိုပြီး လက်သည်းကပါ ဖြူလျနေတော့ ကိုယ့်လက်ကိုကြည့်ပြီး အားလျော့သွားသည်။ ဒါထက် ပိုစိတ်ညစ်သွားတာက၊
"အိပ်ပါမယ်ဆို၊ ကိုကြီးက ကျွန်တော့်ကို အာရုံလာစားနေပြန်ပြီ။ မကောင်းဘူးဗျာ"
အဆက်အသွယ်မရတော့တာ လေးနှစ် ... ကိုကြီးနဲ့ပတ်သက်လို့ ဓာတ်ပုံလေးတစ်ပုံတောင်မရှိခဲ့တဲ့ သည်လေးနှစ်အတွင်း ရှင်းသန့်က ကိုကြီးအကြောင်းတွေ နေ့တိုင်းတွေးတုန်း၊ အခုလိုတိုင်တည်ပြီး စကားတွေပြောကောင်းတုန်းပေါ့။
"Debit, Credit တွေအကုန်မှန်အောင်သွင်း။ အားလုံးမှန်မှ ဒီညအိမ်ကိုဖုန်းဆက်ရမယ်"
မျက်လုံးမှိတ်ရင် ကိုကြီးပုံရိပ်မြင်နေရပြီး၊ မျက်လုံးဖွင့်ပြန်တော့ ကိုကြီးအသံ ကြားနေရသည်။ စာသင်ခဲ့တုန်းက အကြောင်းအရာ၊ စကားလုံးတွေ ရှင်းသန့် အခုထိအမှတ်ရဆဲ။ မေ့မသွားအောင်လည်း ပြန်လည်လေ့ကျင့်ခန်းလုပ်သလို နေ့တိုင်းတွေးနေတာပင်။ ဒုက္ခပါပဲ ကိုညနေကြယ်ရယ်လို့လည်း သူ မညည်းချင်ပါဘူး၊ တကယ်က သုခပေကိုး။
အိမ်ကိုဖုန်းဆက်ချင်ရင် စာမှန်အောင်တွက်လို့ ခြိမ်းခြောက်တိုင်း ရှင်းသန့်က ခိုးခိုးရယ်ချင်သေးတာ။ တကယ်တမ်းမှားသွားရင် သေချာစိတ်လိုလက်ရရှင်းပြပြီး ဖုန်းမဆက်ခိုင်းပဲလည်းမနေ။ အထီးကျန်နေမှာကို တွေးပူပေးပြီး ရှင်းသန့်ကို ဖုန်းလေးထိုးပေးတတ်သေးသည်။ ဒါတွေ ကြိတ်ကြွေခဲ့ရတာပေါ့။ အချစ်ဦးဆိုတာ ဘေးမှာကိုယ့်ကို ထိုင်ဆူနေရင်လည်း ကြည့်ကောင်းသလို အလိုလိုက်အလျှော့ပေးရင်လည်း တအားဖက်ပစ်လိုက်ချင်တာမျိုး။
"သူများဆီက ပရိဘောဂပစ္စည်းဝယ်မှတော့ ကိုယ့်ငွေသားထွက်သွားမယ်လေ။ ဒီတော့အဝင်အနေနဲ့ Funiture Account မှာ Debit ၊ Cash Account မှာ Credit ပေါ့။ ဒီလောက်လွယ်နေတာကို စိတ်ကဘယ်ရောက်နေသလဲ .. ရှင်းသန့်ညီမောင်"
သည်လိုဆူခံရချိန်ဆို ရှင်းသန့်က ဝမ်းနည်းချင်ယောင်လေး ဆောင်ရသည်။ ဒါမှပဲ၊
"ရုပ်ကနော်။ ဖုန်းပြောချင်ရင် ညကျငါ့အခန်းထဲလာယူ"
ဆိုပြီး အလိုလိုက်ခံရတာ။ အဲလိုနဲ့ပဲ သုံးထပ်သားခြားတဲ့ နံရံကိုမှီပြီး တည်တင်းသည့်အချစ်ဦး အလိုလိုက်သမျှ ကြည်နူးခဲ့ရတဲ့ညတွေ။
ရှင်းသန့်ရောက်ပြီး ၂ပတ်လောက်ကြာတော့ အတန်းဖော်တွေနဲ့အတူ စာစသင်ရပြီ။ အတန်းဖော်တွေလို့သာဆိုတယ်၊ အားလုံးက တက္ကသိုလ်ကျောင်းသားတွေနဲ့ အလုပ်ခွင်ကလူတွေချည်း။ အဲသည်တုန်းက ရှင်းသန့်နဲ့ရွယ်တူဆိုလို့ 'ရွယ်မီးငယ်' ဆိုတဲ့ ကောင်မလေးတစ်ယောက်သာ ပါသည်။ ဆံပင်ဂုတ်ဝဲကလေးနဲ့ ပါးမို့မို့ကောင်မလေး။ သူကလည်း ဆယ်တန်းဖြေထားတာတဲ့လေ။ အခုထိလည်း ဖေ့ဘွတ်စ်မှာ အဆက်အသွယ်ရှိသေးတာမို့ ကိုကြီးပြန်ရောက်ရင်ပြောဦးနော်ဆိုပြီး ဇွတ်တွေသတင်းယူနေရသည်။
သိုပေမဲ့ ကိုကြီးကတော့ မီးငယ်နဲ့ပေါင်းတာ မကြိုက်လို့လားမသိ။ စာသင်ချိန် နည်းနည်းလေးစကားပြောမိရင်တောင် White board ရှေ့ကနေလှမ်းကြည့်လာတဲ့ ခပ်စူးစူးအကြည့်တွေက ကြောက်စရာကောင်းသည်။ သို့ပေမဲ့ ကြည်နူးစရာကောင်းတဲ့အချိန်တွေဆိုတာလည်း သူတို့မှာများများစားစား ရှိခဲ့ပါသေး၏။ မှတ်မှတ်ရရ ကိုကြီးမွေးနေ့တုန်းကပေါ့။
"ရှင်းသန့်ရေ"
ကိုကြီးမေမေနာမည်က ကြီးကြီးဒေါ်စိန်မင်းတဲ့။ သူ(မ)နာမည်သာ လှလှပပမဟုတ်တာ၊ သားဖြစ်သူကိုတော့ တစ်နေကုန်ဗိုက်နာပြီး ညနေကြယ်ထွက်စမှာမွေးဖွားလို့ 'ညနေကြယ်' လို့ အမည်ပေးသတဲ့လေ။
"သားကို ဘာခိုင်းစရာရှိလို့လဲ ကြီးကြီး"
သူ(မ)သားကြီးမွေးနေ့မို့ ညနေစာသင်ချိန်မှာ သင်တန်းသားတွေအကုန် ထမင်းအဝကျွေးမှာမို့ တစ်ခြံလုံးအလုပ်ရှူပ်ကြတဲ့နေ့ပါပဲ။
"အေး .. ဟိုးအခန်းထောင့်မှာ ဖောက်ပြီးသားဆန်အိတ်ရှိတယ်။ ဒီဒန်အိုးထဲကို တစ်ပြည်နဲ့တစ်ခွက်ထည့်ခဲ့နော်"
"ဟုတ်ကဲ့"
တစ်ပြည်နဲ့တစ်ခွက်ကို လွယ်လွယ်ပဲတွက်ထည့်နေခဲ့တော့ ဘယ်ချိန်ကတည်းက စောင့်ကြည့်နေသော ကိုကြီးက အနားရောက်လာခဲ့သည်။
"အဲဒါဘယ်လောက်ထည့်နေတာလဲ"
"ဆန်တစ်ပြည်က နို့ဆီဗူး ၈လုံးရယ်၊ နောက်ထပ်တစ်ခွက်ရယ်ဆိုတော့ ၉ဗူးထည့်တာလေ"
"တစ်ခွက်ဆိုတာ ဆန်တစ်ပြည်ရဲ့တစ်ဝက်ကို ခေါ်တာကွ။ အဲတော့ ၈ဗူးနဲ့ ၄ဗူးပေါင်းပြီး ၁၂ ဗူးထည့်ရမှာ။ သေချာပြန်ထည့်ပါ အရူးလေးရဲ့"
ဆိုပြီး အဆိုးလေးသူ့ကို ကြင်ကြင်နာနာ ခေါင်းလေးပွတ်သပ်သည်။
"Happy Birthday ကိုကြီး ... တစ်သက်လုံး မိန်းမ မရပါစေနဲ့ ဟီး"
"အောင်မာ ကလေးက ကလေးလိုနေ ... သွား"
ပြောင်သလိုလို၊ နောက်သလိုလိုနဲ့ ဆုတောင်းပေးခဲ့တာ စိတ်ရင်းအမှန်ဆိုတာ ကိုကြီးသိခဲ့မလား။ သင်တန်းကဆရာမတွေ၊ လာတက်တဲ့ကျောင်းသူတွေနဲ့ ရိုးရိုးစကားပြောရင်တောင် ကိုကြီးများ ကြိုက်သွားမလားဆိုပြီး သဝန်တိုခဲ့ရတာအခါခါ။ တစ်နေ့ထက်တစ်နေ့ ရက်တွေဆက်လာလေ၊ သံယောဇဉ်တွေမှာ ပိုလို့တိုးလာလေပါပဲ။
အချစ်ဆိုတာ ထိုလူကိုမတွေ့ရရင် ရှာနေမိပြီး၊ တွေ့ရရင်လည်း ပြုံးကြည့်နေတတ်ခဲ့တာ။
အတူရှိချိန်တိုင်း ကြည်နူးနေတတ်မှုက လိပ်ပြာလေးတွေ အနားမှာပျံဝဲလာသလိုလို .. ရင်ထဲနွေးထွေးသွားသလိုလို။ အချိန်ကြာညောင်းပြီပေမဲ့ ဘယ်လောက်တောင်ပျော်ခဲ့မိပါလိမ့်။ ရစ်မူးဖွယ်၊ အမှတ်ရဖွယ်အဖြစ်တွေက ဒါတင်ပဲလားဆိုမဟုတ်။ ဂျက်ကီကြီးနဲ့ဆော့ရင်း သွားခြစ်ခံလိုက်ရတုန်းကဆို အသည်းအသန်ဂရုစိုက်ပေးခဲ့တာပဲ။
"စံပယ်ကလည်း အတန်းဝင်ရင် ခွေးကိုခြံထဲသွင်းခဲ့ပါဆို၊ ဒီကလေး ဘယ်လောက်ဆော့တာ သိလျက်သားနဲ့"
နောက်အဲသည်ကောင်နဲ့ မဆော့ရဘူးဆိုပြီး ဆူသယောင်နဲ့ ပိတ်ပင်တားဆီးခဲ့တာတွေ၊ သွားနဲ့ခြစ်ခံရလည်း ခွေးကိုက်ခံရပါပြီဆိုပြီး ပျာယာခတ် အစိုးရိမ်လွန်လိုက်တာ ဆရာမစံပယ်ပင် အဆူခံလိုက်ရသေးသည့်အဖြစ်တွေပေါ့။
"ကိုကြီး ဆေးမထိုးလို့မရဘူးလားဟင်"
"ရှင်းသန့်ညီမောင် ခွေးကိုက်ခံရတာနော်၊ ဆေးမထိုးလို့ ဘယ်ဖြစ်မလဲ။ ဆရာ ဆေးသာထိုးပေးပါ"
"ကျွန်တော် ဆေးထိုးရမှာကြောက်တယ်"
"ကြောက်ရင် လက်ကိုသေချာကိုင်ထား ရှင်းသန့်။ မင်းကယောကျ်ားပဲ။ သတ္တိရှိရမယ်၊ ပြီးတော့ ငါရှိနေတာပဲ"
ဆေးလိုက်ထိုးပေးရင်း စိတ်ပူပေးတဲ့မျက်ဝန်းညိုတွေကို ဆရာဝန်တောင် ရိပ်မိခဲ့တယ်မထင်ဘူးလား ကိုကြီးရာ။ ပုံမှန်ဆို လေးလုံးရှိတဲ့နာမည်ကိုပဲ အပြည့်အစုံခေါ်တတ်ပေမဲ့ သူ့ကိုချော့ပြောချင်တဲ့အခါမျိုးဆို ညင်ညင်သာသာနဲ့ 'ရှင်းသန့်' တဲ့လေ။ ထိုအချိန် ကိုကြီးလက်ဖဝါးနဲ့ထိတွေ့ခဲ့ရတဲ့လက်တစ်ဖက်မှာ အခုထိနွေးထွေးနေဆဲပါပဲ။ ဒါတွေအားလုံးဟာ အစ်ကိုကြီးတစ်ယောက်က ညီလေးတစ်ယောက်အနေနဲ့ချစ်လို့ ဂရုစိုက်ပေးတယ်ဆိုတာ သေချာရဲ့လား။ မှန်မှန်လိမ်ခဲ့ဖို့ကောင်းပါတယ် ကိုကြီးရာ။
ရှင်းသန့်တစ်ယောက် အိပ်ရာပေါ် ထိုင်လိုက်၊ ပြန်လှဲလိုက်နှင့် မျက်နှာမူရာဗီရိုပေါ်အကြည့်ရောက်တော့ ဆယ်တန်းမှာ ငါးဘာသာဂုဏ်ထူးရလို့ ဆုရခဲ့တဲ့အမှတ်တံဆိပ်တချို့။ ကျောင်းနဲ့အိမ်ကတော့ သည်လိုအရုပ်အထည်ရှိတဲ့ ဆုပစ္စည်းတွေပေးပေမဲ့ ကိုကြီးကတော့ ဘာပေးခဲ့သလဲသိလား၊ မမြင်နိုင်တဲ့အရာတွေပေါ့။
ထိုအောင်စာရင်းထွက်မဲ့ညက ရှင်းသန့် စိတ်လှုပ်ရှားပြီး ဝရန်တာထွက်လိုက်၊ လမ်းလျှောက်လိုက်နဲ့ မနက်မိုးလင်းဖို့ စောင့်နေခဲ့တဲ့အချိန် ကိုကြီးက အမှောင်ထဲကသူ့အနား ရောက်လာခဲ့တာ။
"ရှင်းသန့်"
လက်ရန်းကို အမှီသဟဲပြုငေးနေချိန် ကြားလိုက်ရသောထိုအသံ။ မညာတမ်းဝန်ခံရရင် အဆူခံရမှာစိုး၍ သူထိတ်လန့်သွားခဲ့ပါ၏။
"ခင်ဗျာ၊ ကိုကြီး ကျွန်တော့်ကြောင့် နိုးသွားတာလား။ အခန််းတံခါးကို အသာလေးပိတ်လိုက်တာရယ်"
"ငါ့ကိုများ အမြဲဆူနေတတ်တဲ့ကောင်မှတ်နေလား"
သူ့ခေါင်းလေးကို လက်နဲ့အသာဖွလာပြန်သည်။ သူ မနေတတ်ခဲ့။ 'ရှင်းသန့်' လို့လည်းခေါ်တယ်၊ ခေါင်းလေးကိုလည်း လာပွတ်သပ်ပြန်ရော။ သည်လိုအခြေအနေတွေဆို သူ့နှလုံးသားက အဆမတန် အလုပ်လုပ်လွန်းခဲ့တာပဲ။ ခန္ဓာကိုယ်ကပါ ခပ်နွေးနွေးဖြစ်လာတတ်၏။ အစက တုန်ခါရုံပဲရှိသေးတဲ့သူ့နှလုံးသားက ကိုကြီးအနားကပ်လာမှ ခုန်ထွက်ချင်လာသည်။
"အောင်စာရင်းသိချင်ပြီလား"
"ဟုတ်၊ မနက်ကျရင် အစ်ကိုကြီး ဖုန်းဆက်မယ်တဲ့"
"ငါ ခုနကပဲ ဖုန်းဆက်မေးပြီးသွားပြီ"
"ဗျာ!"
အိပ်ပျော်နေတယ်ထင်တဲ့သူက ၁၂နာရီထိစောင့်ပြီး သူ့အတွက် ဖုန်းဆက်မေးပေးခဲ့တာ။ သူ့အောင်စာရင်းနဲ့ပတ်သက်ရင် တစ်ခွန်းတပါဒမှမဟဖူးတဲ့သူက အခုလိုဂရုတစိုက်ရှိခဲ့တာ။ စာမေးပွဲအောင်စာရင်း မသိရသေးတာတောင် ကိုကြီးကြင်နာမှုကြောင့် ရှင်းသန့် အလွန်ပျော်နေမိသည်။
"Congratulations! ရှင်းသန့်။ ဂုဏ်ထူး၅ဘာသာနဲ့အောင်တဲ့မင်းကို ငါ တကယ်ချီးကျူးပါတယ်"
"အဟား .. တကယ်လား ကိုကြီး၊ တကယ်ကြီးလား"
"အင်း တကယ်"
တရေးရေးအော်သံနဲ့အတူ ကိုကြီးကိုတစ်ဆုံးဖက်ခဲ့မိသည်။ စိတ်လွတ်လက်လွတ်ဖြစ်သွားတာမို့ ခုန်လိုက်ဖက်လိုက် အကြိမ်ကြိမ်လုပ်မိခဲ့တာ တကယ်ဆို ရှက်စရာကြီးပါ။ ရင်ခွင်ချင်းလည်းထပ်တော့ စိတ်တွေတောင်မခိုင်ချင်စရာပါပဲ။ သို့သော် ဖက်တာကြိုက်ပါ့မလားလို့ သတိရမိချိန်တွင်တော့ ကိုယ်ရှိန်သတ်ကာ ချက်ချင်းပြန်ခွာလိုက်ရသည်။
"ဆောရီး ကိိုကြီး။ အရမ်းပျော်သွားလို့ ဟီး"
"ရပါတယ်ကွ၊ ညီအစ်ကိုချင်းပဲ"
လာပြန်ပါပြီ သည်ညီအစ်ကိုချင်း။ ဆူငေါက်လိုက်တာကမှ တော်ဦးမည်၊ ညီအစ်ကိုဆိုသည့် ခေါင်းစဉ်ကြီးကိုတော့ နည်းနည်းမှမကြားချင်။
"၅ဘာသာပါတဲ့အထိမ်းအမှတ် ဖြစ်ချင်တာတစ်ခုပြော။ လိုက်လျောပေးမယ်၊ ဘာလုပ်ချင်လဲ"
"ကိုကြီးကလည်း ကျွန်တော်က ငါးဘာသာကြီးများတောင်ပါအောင် တစ်နှစ်လုံးမအိပ်မနေ ကြိုးစားခဲ့ရတာ။ ဖြစ်ချင်တာတစ်ခုတော့ မလုပ်ပါနဲ့၊ ငါးခုလုပ်ပါနော် ... ကိုကြီးနော်"
ရှင်းသန့်က တစ်ပေတောင်မကွာတော့လောက်အောင်ထိကပ်ပြီး ချစ်စဖွယ်ပူဆာခဲ့တော့ မပြုံးမရယ်နှင့်ကိုကြီးက ခေါင်းနှစ်ချက်ဆတ်ညိတ်ရင်း သဘောတူခဲ့သည်။
ထိုဆန္ဒငါးခုအတွက် ရှင်းသန့်ဘာရွေးခဲ့သည်ထင်ပါသလဲ။ သေချာပေါက် ကိုကြီးနဲ့နှစ်ယောက်တည်းအတူ ရှိခွင့်ရမဲ့ အချိန်တချို့ကိုပေါ့။ ရှင်းသန့် မပြန်မချင်း ပိတ်ရက်တွေဆို ငါးကြိမ်တိတိ အပြင်လိုက်ပို့ဖို့တောင်းဆိုခဲ့သည်။ ဒါမို့ ကိုကြီးအားသည့် ပိတ်ရက်တွေဆို ဆိုင်ကယ်တစ်စီးဆွဲထုတ်၊ သူ့ကိုနောက်ကတင်ပြီး မန္တလေးအနှံ့ သွားချင်တာတွေ တကယ်ပဲလိုက်ပို့ပေးရှာသူ။ အချစ်ဦးခါးကိုသိုင်းဖက်ပြီး ညနေလေပြည်မှာ ဆိုင်ကယ်အတူစီးရသည့် ခံစားချက်ကို ရှင်းသန့် ဘယ်အရာနဲ့မျှ လဲနိုင်တော့မည်မဟုတ်ပေ။
သို့ပေမဲ့ ရှင်းသန့် မန္တလေးရောက်အပြီး ခြောက်လအကြာ၊ ထိုအခွင့်အရေးငါးကြိမ်တွင် လေးကြိမ်မြောက်သုံးသည့်အခါတွင်တော့ မမျှော်လင့်ထားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ ထိုအပြောင်းအလဲကို ဖန်တီးသူမှာလည်း အခြားသူမဟုတ်၊ ရှင်းသန့်ပါပေတည်း။
ထိုညက သီတင်းကျွတ်လပြည့်ည။
အခါကြီးရက်ကြီးမို့ မန္တလေးကျုံးမှာ ရေပန်းတွေပြပြီး သိပ်လှနေခဲ့တာ။ ရှင်းသန့်က လေးကြိမ်မြောက်အခွင့်အရေးကို တောင်းဆိုလို့ ကိုကြီးနဲ့နှစ်ယောက်တည်း ကျုံးတစ်လျှောက် ဆိုင်ကယ်တစ်စီးနှင့်ပတ်ကြတဲ့ညပေါ့။ စားချင်သမျှလည်း မငြိုမငြင် ဝယ်ကျွေးရှာသည်။ ခြောက်လဆိုသည့် အချိန်အတွင်း ကိုကြီးဖက်က ညီအစ်ကိုတွေလို့ သတ်မှတ်ပြီး ရင်းနှီးလာခဲ့ပေမဲ့ ရှင်းသန့်ကတော့ အချစ်ဦးအမှတ်နှင့် တွယ်တာလာခဲ့တာ။
"ကိုကြီး ဝက်သားတုပ်ထိုး စားချင်တယ်"
"စားလေ ... ဟိုနားကဆိုင် သန့်ရှင်းမယ်ထင်တယ်"
နောက်ပြီး ပိုရင်းနှီးလာခဲ့ပုံများ ရောက်စကလို နာမည်လေးလုံးမခေါ်တော့သည်အထိပေါ့။ ထိုလပြည့်ညကအဖြစ်တွေသည် မီးရောင်စုံတွေထက် ပိုလှသလို၊ ယိမ်းကနေကြသည့် ရေပန်းတွေထက်လည်း ရင်ခုန်စရာကောင်းနေခဲ့တာ။
"ရှင်းသန့် ဖက်ထုပ်စားဦးမလား၊ နွေးနွေးလေးနဲ့ နူးညံ့တယ်"
"စားမယ်လေ ကိုကြီး"
ဘာကျွေးကျွေးစားသောသူ့အား ကိုကြီးက သဘောတကျနှင့်ကြည့်နေခဲ့သည်။ 'ဖြည်းဖြည်းစားပါကွာ' ဟုလည်း ပြောသေး၏။ ရှင်းသန့် အနှစ်သက်ဆုံးအပြုအမူကတော့ မျက်လုံးစူးအောင်ထိ ရှည်ကျနေတတ်သော သူ့ဆံစတချို့ကို ဖယ်ရှားပေးခြင်းပါပဲ။
"အပြန်နောက်မကျသေးရင် ဆံပင်ဝင်ညှပ်ပေးဦးမှပါ"
"နောက်နေ့မှညှပ်မယ်နော်၊ ဒီနေ့အချိန်ထဲက ဖဲ့မပေးနိုင်လို့"
ရှင်းသန့် အဲသလိုပြောခဲ့လို့ ချစ်နေတာရိပ်မိသွားမလားမသိပေမဲ့ ကိုကြီးကမဆူ၊ ရယ်ရုံသာရယ်သည်။ တွေ့စကနဲ့မတူတော့ဘဲ တဖြည်းဖြည်းရင်းနှီးကျွမ်းဝင်လာသည့် နှစ်ဦးသားဆက်ဆံရေးကြောင့် ရှင်းသန့်အပြောအဆိုတချို့တွင် ဂျစ်ကျမှုများ ပါဝင်ခဲ့သည်။ ကိုကြီးက တစ်ခါတရံ အလိုလိုက်ပေးတာရှိသလို၊ မျက်မှောင်ကြုတ်ကြည့်ရင်းလည်း အငြင်းခံရတာမျိုးရှိ၏။
ထိုညက မည်းနေသောမိုးတိမ်တွေနောက် လဝန်းကြီးက ပျောက်လို့နေခဲ့သည်။ စားသောက်လည်ပတ်အပြီး အိမ်ပြန်ချိန်ရောက်တော့ မိုးချုပ်နေလေပြီ။ လမ်းခုလတ်မှာတင် သည်းသည်းမဲမဲ ရွာချလာသောမိုးကြောင့် ရှင်းသန့် ကိုကြီးကျောကိုမှီရင်း ခါးကိုကျစ်ကျစ်ပါအောင် ဖက်ထားရ၏။ နှစ်ဦးသားအထိအတွေ့မှာ မိုးအရှိန်ကြောင့် ပိုမိုတိုးဝင်နေခဲ့သည်။ မိုးဟာ အချိန်အခါကောင်းကို ရွေးရွာတတ်တာပဲ။
"ဘာမှမမြင်ရတော့ဘူး။ ငါတို့ ခဏမိုးခိုမှရမယ်"
သည်းထန်လွန်းသောမိုးကြောင့် ဆိုင်အတော်များများလည်း ပိတ်ကုန်ကြလေပြီ။ သူတို့နှစ်ဦးသားလည်း သိပ္ပံလမ်းဖက်ရှိ အဆောက်အဦးသစ်တစ်ခုအောက်တွင် မိုးခိုကြရရှာ၏။ မိုးကသည်းထန်လွန်းတော့ ညမီးအလင်းရောင်က အားနည်းသည်။ တစ်ယောက်ကိုတစ်ယောက်လည်း အဝေးကနီယွန်မီးသီးအလင်းရောင်ကြောင့်သာ မြင်ရရုံရှိခဲ့၏။
"အရမ်းချမ်းနေလား ရှင်းသန့်"
"ဟင့်အင်း"
ရှည်ကျနေသော ရှင်းသန့်ရဲ့ရေစိုဆံစတွေကို ကိုကြီးက ဖယ်သပ်ပေးရင်း မေးရှာသည်။ လိမ်ညာပြောလိုက်ရသော်လည်း ထိုအချိန်မှာ ရှင်းသန့်နှုတ်ခမ်းသားတွေက တုန်ယင်နေခဲ့ပြီ။ လေတစ်ချက်ဝှေ့တိုင်း အေးစိမ့်လာတော့ သူဘယ်လိုမှဟန်မဆောင်နိုင်တော့။
ထိုအခိုက် ကိုကြီးက အနွေးဓာတ်ရစေခြင်းအလို့ငှါ သူ့ကိုပွေ့ဖက်ပေးသည်။ ကြက်သီးထနေသော လက်မောင်းသားတွေကို ပွတ်သပ်ပေးခဲ့သည်။ ဘေးတိုက်အနေအထားဖက်လာတာပေမဲ့ ရှင်းသန့် တစ်ဖက်လှည့်ကာမော့ကြည့်လိုက်တော့ နီးစပ်သွားတာ ရင်ခွင်နှစ်စုံရယ်ပါ။ ရှင်းသန့် နှလုံးသားလေး အဆမတန် ခုန်လာပြန်ခဲ့ပြီ။
"ချမ်းနေမှာစိုးလို့ ဖက်ပေးထားတာ"
ညီအစ်ကိုတွေလို့ တဖွဖွပြောပြီး သည်လိုဖြေရှင်းချက်ပေးတာ ကိုကြီးမရိုးသားလို့ မဟုတ်ဘူးလား။ သို့ပေမဲ့လည်း အချစ်ဦးသူ လိပ်ပြာလုံစေခြင်းအလို့ငှါ ရှင်းသန့်ကပါ ကျစ်ကျစ်ပါအောင်ပြန်ဖက်ပစ်ရင်း ရင်ခွင်ထဲတိုးဝင်ခဲ့သည်။ မိုးသံလေသံတွေက နားထဲတွင်သာယာငြိမ့်ညောင်းလို့ပေါ့။ အအေးဓာတ်ကို သတိမထားမိတော့ပဲ ရင်တစ်ခုလုံးကသာ တလှပ်လှပ်နှင့်လှိုက်ဖိုလာခဲ့တာ။
ထိုအချိန်မှာပဲ ချုပ်တည်းထားသည့်ဆန္ဒတို့ကို ရှင်းသန့် မထိန်းနိုင်ခဲ့။ ညီအစ်ကိုစည်းသားထားခြင်းကို ဖယ်ဖျက်ချင်မိတော့ တိုးဝှေ့ထားရာက အရဲကိုးပြီး ကိုကြီးကိုမော့ကြည့်ခဲ့သည်။ 'ဘာလဲ' ဆိုသည့်ပုံစံနှင့် ကိုကြီးက မျက်ခုံးလေးပင့်သွားခဲ့တာ မီးမှိန်မှိန်ကြောင့် အထင်းသား။
"ချစ်တယ် ကိုကြီး"
ပင့်ထားသောမျက်ခုံးနှစ်ဖက်က တူညီစွာတွန့်ချိုးသွားခဲ့၏။ ဇဝေဇဝါပုံစံက မိုးသံတွေကြောင့် နားကြားမှာတယ်ထင်နေပုံရသည်။ ဒါမို့ သက်သေတစ်ခုစိုက်ထူပြရန် သူ့ခြေဖျားနှစ်ဖက်ကို အစွမ်းကုန်ပင့်ထောက်ခဲ့လိုက်၏။ တစ်ပြိုင်နက်တည်း ကိုကြီး၏ကကြီးပုံနှုတ်ခမ်းလေးဆီ တုန်ယင်နေသည့်သူ့နှုတ်ခမ်းလေးနှင့် ထပ်တူကျစေလိုက်တာ တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်။
"ရှင်းသန့်!"
ရုတ်တရက်မို့ ကိုကြီး လန့်သွားသည်ထင်၏။ သူ့ကိုဖက်ထားသည့်လက်တွေ ပြေကျသွားခဲ့သည်။ မျက်နှာတောင် လွှဲသွားလေ၏။ ဆူမှာငေါက်မှာထက် ရှင်းသန့်ကြောက်နေမိတာ တစ်ခုပဲရှိသည်။
"ကိုကြီး၊ ကိုကြီး စိတ်မဆိုးပါနဲ့နော်။ တကယ်ချစ်လို့ နမ်းလိုက်မိတာပါ။ စိတ်မဆိုးနဲ့နော်"
"ရှင်းသန့် ... မင်းကွာ"
အေးစက်နေခဲ့သော လက်ဖဝါးနဲ့ ကိုကြီးလက်မောင်းကိုဆုပ်ကိုင်ပြီး ရှင်းသန့် တောင်းပန်ခဲ့တာ အကြိမ်ကြိမ်အခါခါ။ သို့ပေမဲ့ မုန်းတီးတာလား၊ ရွံရှာတာလား မပြောတတ်သော ကိုကြီး၏အပြုအမူတွေကိုတော့ ရှင်းသန့် ဘယ်လိုမှမဖတ်တတ်ခဲ့ပါဘူး။
ထိုနေ့ညက လုပ်ရပ်အမှားကြောင့် ရှင်းသန့်တစ်ယောက် အခြားအကြောင်းပြချက်တစ်ခုဖြင့် ရန်ကုန်ပြန်ပို့ခံခဲ့ရသည်။ သင်တန်းကလူကြီးတွေလည်း မရိပ်မိသလို၊ အိမ်ကလူကြီးတွေလည်း သူ ပြန်ရောက်လာသည့်တိုင် ဘာကြောင့်ရယ်မသိခဲ့ကြ။ အားလုံးကိုစကားအလှသုံးကာ စီစဉ်ခဲ့သောကိုကြီးသည် မပြန််ခင်ငိုကြွေးနေခဲ့သောသူ့ကိုတော့ စကားတစ်ခွန်းသာ အမှာပါးလိုက်လေ၏။
'ရှင်းသန့် မင်းကထာဝရငါ့ညီလေးပါကွာ' တဲ့လေ။
ထိုအချိန်ကတည်းကစပြီး သူတို့မတွေ့ဖြစ်ကြတော့တာ လေးနှစ်ရှိခဲ့ပြီ။ အစကဖုန်းတဂွမ်ဂွမ်ဆက်သော်လည်း ကိုကြီး မကိုင်တာများသည်။ နောက်တော့ ဖုန်းနံပါတ်တွေ ပြောင်းပစ်သည်အထိ။
ရန်ကုန်-မန္တလေး မိုင်၅၀၀ကျော် အဆက်အသွယ်တွေအားလုံးပြတ်သွားတော့ အတူစာသင်ခဲ့သည့် ရွယ်မီးငယ်ကို ရအောင်ဆက်သွယ်ဖို့လုပ်ခဲ့သည်။ ဖုန်းနံပါတ်ပင်မမှတ်မိခဲ့တော့ တစ်နှစ်ကျော်ကြာမှ ဖေ့ဘွတ်ခ်ကတဆင့် ပြန်တွေ့ခဲ့သည်။ သို့ပေမဲ့ ကိုကြီးသတင်းမေးမြန်းကြည့်တော့ နိုင်ငံခြားထွက်သွားတာ နင်မသိဘူးလားတဲ့လေ။ သူငယ်ချင်းအရင်းကြီးတွေပါလို့ပြောသည့် အိမ်ကအစ်ကိုကြီးတောင် အသိမပေးဘဲထွက်သွားလိုက်တာ ရက်စက်လွန်းပါတယ် ကိုကြီးရာ။
••••••
"မင်းနှယ် အဆက်အသွယ်မလုပ်ဘဲ နေနိုင်ရက်လိုက်တာ။ ဒေါ်လေးဖြင့် မင်းသူငယ်ချင်းကို မေးမေးနေတာ ... ဟဲ့ နေကြယ်ဘယ်ရောက်သွားလဲ၊ ဖုန်းလေးဘာလေး ဆက်စမ်းပါဟဲ့နဲ့"
"ဒီကောင်များ ဖုန်းနံပါတ်မပြောနဲ့၊ မြန်မာပြည်က ထွက်သွားတာများ အမြှီးတောင်မမြင်လိုက်ရဘူး။ ခုတောင် ကားကွင်းမှာတွေ့တုန်း အိမ်မလိုက်ရင် ဆွဲထိုးမှာဆိုပြီး အတင်းခေါ်လာတာ"
"ဗြုန်းစားကြီးသွားလိုက်ရတာဆိုတော့ ဆက်သွယ်ဖို့ အချိန်မရလိုက်လို့ပါဗျာ"
တရေးအိပ်ပျော်နေသော ရှင်းသန့်နားထဲ အိမ်အောက်ထပ်ကအသံတွေ ဝိုးတဝါးကြားလာရသည်။ ဧည့်သည်တစ်ယောက်ယောက် ရောက်နေတာ ထင်ပါရဲ့။ အစ်ကိုကြီးအသံလည်းကြားတော့ အပြင်က အဖော်ပါလာတာဖြစ်မည်။
တရေးဆိုပြီးအိပ်လိုက်တာ မိုးတောင်စဲသွားချေပြီ။ နာရီကြည့်တော့ သုံးနာရီထိုး။ ညနေပွဲဈေးသွားဖို့အတွက် ရှင်းသန့် ရေကိုမချိုးရသေးပေ။ ဒါ့ထက် နေ့လယ်စာမစားထားဘဲ ကော်ဖီတစ်ခွက်သောက်ထားတော့ လူကရင်တုန်ချင်နေသည်။ ဒါမို့ ကော်ဖီခွက်ပြန်ယူကာ အိမ်အောက်ထပ်ကိုပဲ အိပ်ချင်မူးတူးနှင့် တန်းဆင်းလာခဲ့လိုက်၏။
"ဟောတော် ... ပြောရင်းဆိုရင်း ဆင်းလာပြီ။ ကြည့်ဦး ... ကြည့်ဦး၊ ဘောင်းဘီတိုနဲ့ စုတ်ပြတ်နေတာပဲ။ ခေါင်းမဖြီး၊ ရေမချိုးနဲ့ ... ဟဲ့ ဒီမယ်ဘယ်သူရောက်နေတာလဲ လာကြည့်ဦး"
နိုးမနိုးသေးဘူး၊ သားအငယ်ဆုံးလေး မြင်တာနဲ့ အမေကအဲသလိုချစ်သည်။ ဧည့်သည်သောင်သည်ရှေ့လည်းမရှောင် ဆူနေတော့ ရှင်းသန့် လှေကားထစ်တွေ တစ်လှမ်းချင်းဆောင့်အောင့်နင်းနေမိ၏။ ဧည့်ခန်းက မေမေ့အိပ်ခန်းနံရံနှင့်ကွယ်နေတော့ ဘယ်သူဘယ်ဝါမသိရ၊ မတ်တပ်ရပ်ခါးထောက်ကြည့်နေသော အမေ့ကိုသာ မြင်ရသည်။
"သားနဲ့သိလို့လား"
"အမလေး သားနဲ့သိလို့လားတဲ့ ကဲ ... မအေဘယ်လောက်သင်သင် လူမှုရေးခေါင်းပါးပုံများ။ သိုးသိုးသွက်သွက် လျှောက်လာစမ်းပါ ရှင်းသန့်ညီမောင်ရဲ့"
ရှင်းသန့်တစ်ယောက် အမေ့နားရောက်မှ ဆိုးဆိုးဆတ်ဆတ်ဆွဲပြခံလိုက်ချိန် မြင်လိုက်ရသော ထိုဧည့်သည်။ လွန်ခဲ့သောလေးနှစ်က နောက်ဆုံးမြင်တွေ့ခွင့်ရခဲ့သော၊ ရက်ပေါင်း ၁၅၀၀ ကျော် လွမ်းဆွတ်တမ်းတနေခဲ့ရသော အချစ်ဦးသည် အခုတော့သူ့ရှေ့တည့်တည့်သို့ မဆိုင်းမတွ ရောက်လာသတဲ့။
ရှင်းသန့်၏ အသက်ရှူခြင်းလုပ်ငန်းစဉ်မှာ စက္ကန့်ပိုင်းအတွင်း ရပ်တန့်သွားခဲ့ပြီ။ တစ်ဆက်တည်း ခန္ဓာကိုယ်တွင်းရှိ သွေးဆဲလ်လေးတွေ ယောက်ယက်ခတ်ပြီး ဦးနှောက်၏အာရုံကြောစနစ်တွေပါ ပြောင်းပြန်လှန်ကုန်လို့လား မပြောတတ်၊ လက်ထဲကိုင်ထားသော ကိုင်းတပ်ကော်ဖီခွက်ကလေးက ခွမ်းခနဲဆို ကျကွဲလေ၏။
"ဟဲ့ ကောင်လေး ... ကွဲပါပြီ ငါ့ဖန်ခွက်တော့၊ နေကြယ်ကိုမြင်တာများ သရဲသဘက်မြင်တာကျနေတာပဲ။ နင်ဟာလေ အမြဲနမော်နမဲ့နဲ့"
"ဟို ... လက်ချော်ပြီး ပြုတ်ကျသွားတာ၊ သားကောက်လိုက်မယ်"
"တော်တော် ... ဖိနပ်ကမပါဘူး၊ ခုံပေါ်တက်ထိုင်နေ။ နေကြယ်ရေ ... မင်းတပည့်ကို ကြည့်ကျက်သာနှုတ်ဆက်လိုက်ဦးဟေ့၊ တံမြက်စည်းနဲ့ ကြမ်းတိုက်ဝတ် သွားရှာလိုက်ဦးမယ်"
အမေက ပွစိပွစိပြောပြီး မီးဖိုခန်းဘက် ဝင်သွားသည်။ ရှင်းသန့်ခမျာသာ ကမ္ဘာကြီးရပ်တန့်နေရာက ထလည်သလို ခပ်ကြောင်ကြောင်နဲ့ ကျန်ခဲ့၏။ လေးနှစ်လုံးသာ လွမ်းခဲ့ရတာ၊ စကားတွေအများကြီးပြောချင်ခဲ့တာ။ အခုလိုကြီး ရုတ်တရက်ပြန်တွေ့ရတော့ ကိုယ်တွင်းဆဲလ်တွေသာ ကတုန်ကယင်ရှိနေပြီး အပြင်ပန်းခန္ဓာကတော့ ရေခဲရိုက်ခံလိုက်ရသလို နည်းနည်းမှမလှုပ်နိုင်။
နေရာမှာသာမတ်တပ်ရပ်နေမိရင်း သည်လိုအေးစက်စက်အခြေအနေကိုပြယ်စေဖို့ ရှင်းသန့် ဘာလုပ်ရမလဲ တွေးနေမိသည်။ ခက်လိုက်တာဆိုတာ နှုတ်ခွန်းခြွေဖို့ အကောင်းဆုံးစကားလုံးကိုတောင် သူ ရွေးလို့မတတ်သေး။ မတော်တာပြောမိလို့ စိတ်ဆိုးပြီး ထပ်ထားသွားခဲ့မှာ၊ ထပ်စိတ်ဆိုးသွားမှာကို ရှင်းသန့် ကြောက်သည်။
သည်လိုအချိန်မှာ အစ်ကိုကြီးကလည်း ဘယ်ဆီရောက်နေမှန်းမသိ။ ဧည့်ခန်းထဲတွင် အချစ်ဦးနဲ့သူ၊ သူနဲ့အချစ်ဦး နှစ်ယောက်တည်းသာ အိုးတိုးအန်းတမ်းကြီး။ ထိုသို့သော အေးခဲနေသည့်အခြေအနေကို ကိုကြီးကပင် စတင်ဖြိုခွဲလိုက်၏။
"ထိုင်လေ၊ ခြေထောက်ရှဦးမယ်"
ဆတ်ခနဲခေါင်းညိတ်ပြပြီး ကိုကြီးနဲ့မျက်နှာချင်းဆိုင်ရှိ ဆိုဖာပေါ် လွှားခနဲခုန်တတ်လိုက်သည်။ ပြီးမှမော့ကြည့်တော့ ဘုရား ... ဘုရား၊ ကိုကြီးက သူတစ်ကိုယ်လုံးကို စစ်စစ်ပေါက်ပေါက်ကြည့်နေတာ။ လေးနှစ်အတွင်း လူကောင်ထွားလို့ ပြင်တတ်ဆင်တတ်နဲ့ ရုပ်လေးကြည့်ပျော်ရှူပျော်ဖြစ်လာပေမဲ့ အခုအိပ်ရာထပုံစံက ခေါင်းစုတ်ဖွား၊ ဖိနပ်ကမပါ၊ တီရှပ်လည်ပင်းပြဲနဲ့ ဘောင်းဘီကပေါင်တိုဆိုတော့ သွားပါပြီဟု မချိတင်ကဲဖြစ်မိသည်။
အချစ်ဦးနဲ့ တွေ့မဲ့တွေ့တော့ ခပ်ချောချောဖြစ်နေတဲ့အချိန်လောက် ဖြစ်သင့်တာပေါ့ ... ကြမ္မာဇာတ်ဆရာရယ်။
"အခု ဘာတွေလုပ်နေလဲ"
ကိုယ့်ဟာကိုယ် မလုံမလဲနဲ့ထိုင်နေတုန်း အမေးရှိလာတော့ ရှင်းသန့်က ကျောင်းတက်နေတုန်းဆိုတာပြောဖို့ ပါးစပ်အဟ၊
"မင်းတပည့်က စီးပွားစီမံတက်နေတာလေ။ ဂုဏ်ထူးတန်း နောက်ဆုံးနှစ်ကျောင်းသားကြီးတောင်ဖြစ်ပေါ့၊ သူ့အစ်ကိုကတော့ ဘွဲ့ရလည်း မဟာတန်းဆက်တက်ခိုင်းမယ်ပြောတယ်"
ဆိုပြီး အမေကဂေါ်ပြားကြီးကိုင်ကာ တံမြက်စည်းလှဲရင်း ဝင်ဖြေသွားသည်။ သူ့ခမျာ စကားပြောချိန်တောင်မရလိုက်။
"ဪ ... ရှင်းသန့်က တော်ပါတယ်၊ မဟာတန်းလည်းပါမှာပါ"
'ရှင်းသန့်' တဲ့။ သူနားကြားလွဲတာ မဟုတ်ပါပေ။ ကိုကြီးကသူ့ကို ရှင်းသန့်လို့တော့ ခေါ်သေးတာပဲ။
"ကဲ ရှင်းသန့် ... ငူတူငိုင်တိုင်နဲ့ ကျက်သရေမရှိဘူး၊ ရေသွားချိုးစမ်း။ ပြီးရင် နေကြယ် ညအိပ်ညနေလာတုန်း ထမင်းလက်ဆုံစားကြမယ်။ ညကျအကြီးမတို့က ရေကျော်ပွဲဈေးသွားကြမှာတဲ့၊ နေကြယ် ... မင်းရော ရန်ကုန်ရောက်တုန်း လိုက်သွားနော်။ သီတင်းကျွတ်လပြည့်ဆို ပွဲဈေးကတအားစည်တာ"
အချစ်ဦးနဲ့ပြန်တွေ့ရလို့ ပျော်မယ်မကြံရသေး။ ဆူလိုက်၊ ငေါက်လိုက်၊ ကြားဖြတ်ဝင်ပြောလိုက်ရှိသောအမေကြောင့် ရှင်းသန့် ကိုကြီးနှင့် ဘာစကားတစ်ခွန်းမှမပြောရဘဲ ရေချိုးဝင်ခဲ့ရတော့၏။ ညအိပ်ညနေဆိုတော့ ဘယ်နှရက်လောက်များနေလို့၊ သူ ဘယ်လောက်များ ငေးခွင့်ရပါမည်နည်း။
.........
အိမ်စီးကား Alphard အဖြူရောင်မှာ မိုးရေစိုထားသောလမ်းမပေါ် တအိအိမောင်းနှင်လျက်ရှိသည်။ လပြည့်မှာ တိမ်မည်းတွေဖုံးလွှမ်းလို့ ကမ္ဘာမြေအရောက် အလင်းမပြနိုင်သော်လည်း မိုးမရွာ၍ လမ်းထွက်လည်လို့တော့ ရကြသည်။ အမေနဲ့ကြီးတော်တွေကတော့ အိမ်တွင်မီးထွန်းကျန်ရစ်လို့ မလိုက်ဖြစ်၊ သို့ပေမဲ့ သူတို့ကားလေးထဲ လူစုံသည်တော့ပြောရမည်။
အရှေ့ခန်းတွင် အစ်ကိုကြီးကကားမောင်းပြီး ရှင်းသန့်အချစ်ဦးက ဘေးတွင်စကားတပြောပြော လိုက်ပါသည်။ ရှင်းသန့်ကတော့ အလယ်ခုံတွင် တူမအငယ်ဖူးဖူးနဲ့ထိုင်ပြီး အစ်မကြီးကတော့ တူမအကြီးပွင့်ပွင့်နှင့် နောက်ဆုံးခန်းထဲထိုင်ကြသည်။ ငါးနှစ်သမီး အမြွှာနှစ်ယောက်က ကားပေါ်မှာတင်ဆော့လိုက်တာဆိုတာ ရှေ့ခုန်လိုက်၊ နောက်ခုန်လိုက်နဲ့ပေါ့။
ကလေးတွေဘယ်လိုဆော့ဆော့ ရှင်းသန့်အကြည့်တွေက ရှေ့တွင်ထိုင်နေသော အချစ်ဦးထံတွင်သာ မလွှဲမဖယ်နိုင်၊ သူဘယ်လောက်တောင်လွမ်းခဲ့ရသလဲလေ။ အခုကိုကြီးက အရင်လေးနှစ်ကဝတ်နေကျလို ပုဆိုးနှင့်ရှပ်မဟုတ်တော့ဘဲ ကာကီရောင်ဘောင်းဘီရှည်နှင့် အမည်းရောင်စပို့ရှပ်ကို စတိုင်လ်ကျကျ ဝတ်ဆင်တတ်နေပြီ။ အရင်လို ကေတိုဘေးခွဲလည်းမဟုတ်တော့၊ နိုင်ငံခြားကပြန်လာပြီးမှ နဖူးရှေ့ဝဲနေသော ဆံစတွေနှင့် ပိုတောင်နုသွားတာ ဒါလားအသက်၃၀ဟု မယုံနိုင်လည်းရှိရပြီ။
ပွဲဈေးထဲဆင်းလျှောက်ကြတော့ ပွင့်ပွင့်က အစ်မကြီးနဲ့လက်တွဲလျှောက်သည်။ ဖူးဖူးကတော့ အစ်ကိုကြီးကိုချီခိုင်းပြီး အာတာပူစီဝယ်ကျွေးဖို့ ပူဆာ၏။ သည်တော့ သူနဲ့အချစ်ဦးကိုကြီးကပဲ အနောက်မှလိုက်ပါရတာ ယက်ကန်ယက်ကန်နဲ့ပေါ့။ လပြည့်ညမို့ လူတွေကြိတ်ကြိတ်တိုးတော့ လက်မောင်းချင်းခတ်မိသလို မတော်ရင် ခြေချင်းလည်းထပ်မိကြသေးသည်။
"ဆောရီး ဆောရီး၊ နာသွားလား ရှင်းသန့်"
အသံတွေဆူညံနေသည်မို့ ရှင်းသန့်က ခေါင်းရမ်းခါပြမိသည်။ စိတ်ထဲတွင်တော့ ကိုကြီးကစပြီး တခြားအကြောင်းအရာတွေ ပြောစေချင်၏။ ဥပမာ သည်နှစ်တွေအတွင်း ဘာတွေလုပ်နေခဲ့တာဆိုသည့် အသေးစိတ်ဘဝမှတ်တမ်းတွေကိုပေါ့။
အကြမ်းဖျဉ်းကတော့ဖြင့် ထမင်းစားနေစဉ် အမေအင်တာဗျူးလို့ ကြားရပြီးဖြစ်သည်။ ကိုကြီးက ရှင်းသန့်ထင်သလို စိတ်နာလို့ စင်ကာပူထွက်သွားခဲ့တာမဟုတ်ဘဲ အလုပ်လုပ်ဖို့ နဂိုကတည်းကစီစဉ်ထားပြီးသားတဲ့လေ။ သင်တန်းမှာလည်း ကြီးကြီးစိန်မင်းနှင့် ဆရာမလေးတွေရှိတာမို့ လက်လွှဲခဲ့သည်ပြော၏။
မြန်မာပြည်အပြီးပြန်လာတာ တစ်လလောက်ပဲရှိသေးပြီး အလုပ်ကိစ္စရှိလို့ ရန်ကုန်တက်လာရင်း အစ်ကိုကြီးနဲ့တွေ့ကြပုံတွေ စီကာပတ်ကုံးပြောပြနေခဲ့သည်။ သို့ပေမဲ့ အလုံးစုံတော့ အမေကမမေး၍ ရှင်းသန့် သိချင်တာတစ်ခုကတော့ ခုထိအဖြူရယ်၊ အမည်းရယ်ဆိုပြီး မသဲကွဲသေးပါ။
ကိုကြီး အိမ်ထောင်ကျပြီးပြီလား၊ မကျသေးရင်ရော ရည်းစားရှိပြီလားဆိုတာ သိချင်လှပြီဖြစ်၏။ ရှိခဲ့ပြီဆိုလျှင်လည်း ကာမေသုမိစ္ဆာစာရကံမထိုက်ဖို့ သူ့အချစ်တွေကို နာနာကျင်ကျင် ပျောက်ပျက်စေရမှာပါပဲ။
"နေကြယ်ရော၊ ရှင်းသန့်ရော မြန်မြန်လာ။ ဒီမယ် ပင်လယ်ဓားပြစီးချင်တာတဲ့ဟယ်"
အစ်မကြီးအသံကြားမှ ရှင်းသန့်အတွေးမှာ မီးခိုငွေ့တွေလို ခဏချင်းပြယ်သွားသည်။ ပြီးနောက် အထက်အောက်ယိမ်းထိုးနေသော ရောင်စုံလှေကြီးကိုကြည့်ပြီး နှာခေါင်းရှုံ့မိ၏။ ဒါကိုပဲ ကိုကြီးကမြင်သွားတယ်ထင်ပါရဲ့။ အရေးတယူမေးလာပုံက 'ကြောက်လို့လား' တဲ့။ အသက်ပဲ ၂၁နှစ်ရှိပါပြီ။ ရှင်းသန့်ကို အရင်ကလို လူပျိုပေါက်စလေး ထင်သေးတုန်းလားမသိ။ ဒါမို့ချက်ချင်းပဲ အတုန့်အဆိုင်းမရှိ ခေါင်းခါပြမိသည်။
မကြာပါဘူး၊ လှေကြီးရပ်သွားပြီးနောက် သူတို့အဖွဲ့တွေ တက်ကြရသည်။ တစ်တန်းကို လေးယောက်စီထိုင်ရတာမို့ အစ်မကြီးနှင့်အစ်ကိုကြီးက အမြွှာနှစ်ယောက်ကို အလယ်မှာထားစီးကြပြီး သူနဲ့ချစ်ဦးသူကတော့ နောက်တန်းမှာကပ်လျက်ပေါ့။ ဘေးမှာမိန်းကလေးနှစ်ယောက်လည်းပါတော့ ရှင်းသန့်ခမျာ ကိုကြီးဘက် ပိုကပ်ပေးရသေး၏။
လူပြည့်ပြီဆိုတာနှင့် သီချင်းသံတွေကြားက လှေကြီးစတင်လွှဲတော့သည်။ ရှင်းသန့် မကြောက်ဘူးဆိုသော်လည်း တကျွီကျွီမြည်ကာ နိမ့်လိုက်မြင့်လိုက်ဖြစ်လာသော လျင်မြန်မှုကြောင့် မျက်လုံးတွေစုံမှိတ်ထားမိ၏။ အလယ်ကဖြစ်နေတော့ လက်ကိုင်စရာတန်းလည်းမရှိ၍ ရင်အစုံကို တစ်ကိုယ်တည်းဖိသပ်နေမိသည်။
ထိုအခိုက် လေအေးအေးတွေကြား နွေးခနဲဖြစ်သွားသော သူ့လက်ကလေး။ ချက်ချင်းမျက်လုံးဖွင့်ကြည့်တော့ လှေအမြင့်ရောက်နေခိုက်တွင် လက်တစ်ဖက်ကို ကိုကြီးက ကြင်ကြင်နာနာ အုပ်ကိုင်ပေးလိုက်တာဖြစ်သည်။ ပြီးနောက် ကျန်လက်တစ်ဖက်ကလည်း သူ့ပုခုံးတွေပေါ် လွှားခနဲ။
မထင်မှတ်ထားသော နူးညံ့ကြင်နာမှုကိုရလိုက်၍ ရှင်းသန့် ကြည်နူးရွှင်ပျော်ချင်သော်လည်း ကြောက်စိတ်ကြောင့် မျက်လုံးတို့စုံမှိတ်ရပြန်သည်။ တစ်ခေါက်ပြီးတစ်ခေါက် ပိုပိုမြင့်ပြီးမြန်လာသော လှေကြီးအရှိန်ကြောင့် သူကြောက်မိလေ၊ ကိုကြီးက သူ့ကိုပိုတင်းတင်းဖက်ပေးထားလေ။ ရှင်းသန့်ဆံစတွေနှင့် ကိုကြီးပါးပြင်လွှာ၊ ရှင်းသန့်မေးရိုးနှင့် ကိုကြီးပုခုံးစွန်းတို့ တိုးတိုက်မိနေသည်အထိ သူတို့နီးကပ်ခွင့်ရနေခဲ့တာ။
"ရှင်းသန့် ရလား။ အရှိန်ပြန်လျှော့နေပြီ၊ ရပ်တော့မှာ"
ထိုစကားသံကြားရပြီး စက္ကန့်ပိုင်းအကြာ၌ လှေကြီးရပ်သွားပေမဲ့ သူတို့လက်ချင်းဖြတ်မချမိကြ။ လှေပေါ်ကဆင်းရုံမက၊ ရောင်စုံလှေကားတွေကို တစ်ထစ်ချင်းနင်းတော့လည်း ကူတွဲပြီးလက်မဖြုတ်သေးတာ လူကွဲမှာကြောက်လို့တော့ မဟုတ်ဘူးမလား ကိုကြီး။
ဒါပေသိ ရှင်းသန့်ညီမောင်၏ ကြည်နူးစိတ်နှင့်အားနာစိတ် ယှဉ်တွဲညှိနှိုင်းရာတွင် အနိုင်ပိုင်းနိုင်ခဲ့သည့် အားနာစိတ်ကပဲ တွဲလက်ကိုစဖြုတ်စေလိုက်သည်။ ကိုကြီးကတစ်ချက်တော့ ကြည့်လာပေမဲ့ ဘာမှတော့မပြော။
"ရှင်းသန့် မင်းတူမတွေက တိရစ္ဆာန်တွေလည်း သွားကြည့်ဦးမှာတဲ့၊ မင်း မြွေမကြည့်ရဲရင် ခဏလောက်ဟိုနား၊ သည်နားပတ်ထားလိုက်"
"အေး ဟုတ်သားပဲ၊ နေကြယ်လည်း ရောက်တုန်းရောက်ခိုက် ဆရာတပည့်နှစ်ယောက် အေးဆေးလျှောက်ပတ်ကြည့်ဦး"
သည်လိုနှင့် အစ်ကိုကြီးနဲ့အစ်မကြီး၏ မရည်ရွယ်သောစီမံမှုကြောင့် ရှင်းသန့်ရည်သန်သောစိတ်ကူးတို့ အကောင်အထည်ပေါ်ရပြီ။ နှစ်ယောက်တည်းဆိုရင်တော့ ကိုကြီးကိုစကားပြောဖို့ သူ အရဲကိုးမိမှာပါ။
"လာလေ၊ ဟိုဖက်လျှောက်ရအောင်"
ကိုကြီးစကားတစ်ခွန်း၊ အကြည့်တစ်ချက်နှင့်အတူ လျှပ်စီးတစ်ပြက်ကလည်း ချက်ချင်းထလက်သည်။ မိုးရွာတော့မယ်ထင်ပါရဲ့။ ပွဲဈေးလည်တာကလည်း ခြေဦးတည့်ရာဆိုသလို ဆိုင်တွေငေးရင်းသာ လျှောက်ကြရသည်။ ရောင်းလိုက်ကြတာမှလည်း အစုံအစုံ ... စားစရာဆို ပုစွန်ကြော်၊ ဂဏန်းကြော်၊ ဘူးသီးကြော်ကအစ အပြုတ်၊ အသုပ်တွေပါ အကုန်ရောင်းကြသည်။ အခြားပွဲဈေးမုန့်တွေ၊ ကော်ဖီပရိုမိုးရှင်းတွေရောဆိုတော့ ဘာမြင်မြင် စားချင်စရာချည်း။
ကလေးကစားစရာဆိုင်ရှေ့ရောက်တော့ ရှင်းသန့် ခြေလှမ်းတွေရပ်သွားသည်။ မီးရောင်စုံကြောင်စကုပ်၊ ယုန်စကုပ်တွေမြင်တော့ တူမလေးနှစ်ယောက်အတွက် ဝင်ရွေးဖို့စိတ်ကူးရလို့ပါ။ ဒါကို ပြုံးတုံ့တုံ့နဲ့ကိုကြီးမေးလာပုံက 'မင်းခေါင်းမှာစွပ်ဖို့လား' တဲ့။ လူကလည်းရှုပ်၊ မိုးဖွားလေးတွေလည်း စကျလာပြီဆိုတော့ ရှင်းသန့် ပြုံးရုံသာပြုံးပြပြီး ပိုက်ဆံသာအမြန်ရှင်းလိုက်ရသည်။
ဒါတောင် အနီးအနားက အငွေ့တထောင်းထောင်းနှင့် ဝက်သားတုပ်ထိုးဆိုင်မြင်တော့ ကိုကြီးနဲ့အတူစားခဲ့သည့် မန္တလေးလပြည့်ညကို သတိရမိသွားသေးတာ။ လွန်ခဲ့တဲ့လေးနှစ် သည်လိုညကပဲပေါ့။ သူတို့အပျော်ကြီးပျော်ခဲ့တာ၊ အဲသည်အပျော်တွေကိုလည်း ရှင်းသန့်ဘက်က စဖျက်ဆီးမိတာ။
"ဘာတွေနှုတ်ခမ်းစူနေတာလဲ။ တုပ်ထိုးစားမလား၊ အရင်က မင်းကြိုက်တာပဲ"
ဪ ... မှတ်မိသေးပါပကော။ သူတင်မက ကိုကြီးကလည်း အတိတ်တွေကို မမေ့သေးပါရောလို့ ကြံဖန်ကြည်နူးချင်ပေမဲ့ ဦးနှောက်အာရုံကြော၏တုံ့ပြန်စနစ်က ခေါင်းခါခြင်းအမှုသာ ပြုစေလိုက်သည်။ နှုတ်ကဖြင့် ဘာစကားမှမထွက်သွား။
ရှင်းသန့် ကိုယ်တိုင်လည်း ဘယ့်နှယ်ဖြစ်နေမှန်းကို မသိတော့တာအမှန်ပင်။ တကယ်ဆို ကိုကြီးနဲ့ပြန်တွေ့ရတာ အတိုင်းမသိအောင် ဝမ်းသာနေမိပေမဲ့ အပျော်လွန်လို့ပဲလား၊ နောက်ထပ်စကားမှားသွားမှာကိုကြောက်တဲ့ စိတ်မလုံခြုံမှုကြောင့်ပဲလားမသိ။ ဘာစကားတစ်ခွန်းမှ မထွက်ရဲသည့် ကိုယ့်နှုတ်ကိုယ် ရိုက်ပစ်လိုက်ချင်သည်။
ထိုအချိန်မှာ ကိုကြီးကတော့ ရှင်းသန့်ကို စူးစူးစိုက်စိုက် အကဲခတ်ကြည့်နေတုန်း။ အရုပ်ဆိုင်ကထွန်းထားသည့် မီးချောင်းအလင်းရောင်ကြောင့် ကိုကြီးမျက်နှာချောချောကို ရှင်းရှင်းလင်းလင်းမြင်ရသော်လည်း အဓိပ္ပါယ်ကိုသူမဖတ်တတ်ပါလေ။ တစ်ခုခုပြောချင်သလိုလို၊ စိတ်မကောင်းဖြစ်ဟန်လိုလိုနှင့်။
"ဟယ် မိုးတွေသည်းလာပြီ"
အရုပ်ဆိုင်က အန်တီကြီးအော်သလို မိုးကလည်းဖွဖွဲမှသည် ခပ်သည်းသည်းရွာလာ၏။ အခြားပွဲလည်သူတွေလည်း မိုးခိုစရာရှာကြသလို ဈေးသည်တွေလည်း မိုးကာတွေအုပ်ကြပြီ။ ဒါကို ရှင်းသန့် ကြောင်ကြည့်နေတော့ ကိုကြီးက သူ့လက်ကိုကိုင်ပြီး ဦးဆောင်ပြေးတော့တာပါပဲ။
လပြည့်ညမိုးသည် လွန်ခဲ့သည့်လေးနှစ်ကလို အညှိုးနဲ့သည်းလေပြီ။ သည်ကြားထဲ တစ်နှစ်မှမိုးမရွာခဲ့ပေမဲ့ သူတို့နှစ်ယောက်ပြန်ဆုံတဲ့ လပြည့်ညမို့များ တမင်ရွာရသလား။ မိုးစိုစိုထဲ အတိတ်အဟောင်းတွေ၊ အသစ်ဖြစ်ရပြန်ပြီ။ ဘယ်ဆီပြေးလို့ ဘယ်ထိရောက်သည်မသိ၊ ပွဲဈေးနဲ့အတော်ဝေးသည့် လူရှင်းသည့်လမ်းကြားလေးထဲရောက်မှ ပြေးကြတာကို ရပ်လိုက်ရ၏။ ကိုကြီး မိုးခိုဖို့ရွေးသည့်နေရာက လူမရှိ၊ မီးမရှိသည့်ထမင်းဆိုင်တဲလေး။ ပြီးတော့ အခုထိလည်း တွဲလက်မဖြုတ်သေး။
"စိုကုန်ပြီ"
စိတ်ပူဟန်ဖြင့်ဆိုပြီး မျက်လုံးတွင်စိုက်နေသော ရှင်းသန့်ဆံစတွေကို အပေါ်သပ်ပေးလာသည်။ မိနစ်ပိုင်းကြာသည်အထိ ပြေးခဲ့ရတော့ သူတို့နှစ်ဦးလုံးမှာ ဟောဟဲလိုက်လို့။ တစ်ကိုယ်လုံးလည်းမိုးစိုပြီး ကြွက်စုတ်လေးတွေဖြစ်နေကြပြီ။
သို့ပေမဲ့ မပြောင်းလဲသေးတာက အရုပ်ဆိုင်မှာမြင်ခဲ့ရသည့် ကိုကြီး၏ သိချင်စိတ်များနေသောအကြည့်တွေ၊ အလိုမကျချိန်တိုင်း တွန့်ချိုးထားတတ်သော ထိုမျက်ခုံးတွန့်တွေ။ ဘာလို့ပါလဲ ... ရှင်းသန့် ဘာအမှားမှမလုပ်ရသေးဘူးလေ ကိုကြီးရယ်။
"လူကိုတွေ့ကတည်းက ဘာလို့စကားတစ်ခွန်းမှ မပြောရတာလဲ။ နေ့လယ်တုန်းကရော၊ ညနေထမင်းစားတုန်းကရော၊ အခုပွဲဈေးအထိကွာ ... ကျန်တဲ့သူတွေအားလုံးကို စကားပြောပြီး ကိုယ့်ကိုမှဘာလို့မပြောတာလဲ။ ဒီအတောအတွင်း စိတ်ဆိုးနေခဲ့တာလား ရှင်းသန့်"
'ကိုယ်' တဲ့၊ ငါလို့တောင်မသုံးတော့ ကြားလိုက်ရတာပင် မယုံနိုင်။ ပြီးတော့ 'စိတ်ဆိုးနေခဲ့တာလား' တဲ့၊ ဒါရှင်းသန့်မေးရမဲ့စကားတွေလေ။ သူအမှားလုပ်မိလိုက်လို့ ကိုကြီးက ချက်ချင်းရန်ကုန်ပြန်ပို့လိုက်တာ။ ဖုန်းဆက်ခဲ့တာတွေတောင် ကိုကြီးက နည်းနည်းမှမကိုင်ခဲ့တာ။ စိတ်ဆိုးတဲ့သူပြောကြေးဆို အဲဒါကိုကြီးမဟုတ်ဘူးလား။
မျက်ဝန်းအကြည့်တွေ မဖယ်ခွာနိုင်သောနှစ်ဦးသားမှာ စိတ်တွေလှုပ်ရှားနေကြရပြီ။ ဖြစ်ပေါ်လာသည့်ရင်ခုန်သံ တဒိန်းဒိန်းတို့ကပင် မိုးခြုန်းသံတဂျိမ်းဂျိမ်းနှင့် အပြိုင်ညံလျက်ရှိပြီ။ ထိုခဏမှာပဲ ကိုကြီးက ရှင်းသန့်လက်နှစ်ဖက်လုံးကို အမြန်အုပ်ကိုင်လာ၏။
"အရင်ကဖွင့်ပြောပြီးနမ်းတော့ ကလေးတစ်ယောက်ကို ကိုယ် ဆူခဲ့တယ်၊ ဟုတ်တယ်။ စိတ်ကစားတတ်တဲ့ ကလေးသာသာအရွယ်မှာ မဖြစ်သင့်တာတွေ ဆက်မဖြစ်လာအောင်လို့ ရန်ကုန်ကို ချက်ချင်းပြန်ပို့ခဲ့တာပါ။ ဒါပေမဲ့ အဲဒီကလေးကမှ သူ့ကိုယ်သူချစ်မိနေမှန်း သိတတ်သေးတယ်ကွာ။ ကိုယ်က ... ကိုယ်ကတော့ အကြီးဖြစ်ပြီး"
"ကို ကြီး"
ပြန်ဆုံပါပြီဆိုကတည်းက ရှင်းသန့်နှုတ်မှ ပထမဆုံးထွက်ကျလာသည့် နွမ်းလျလျစကားပါပေ။ ကိုကြီးမှာ သဘောကျသွားဟန်ဖြင့် ခေါင်းတဆတ်ဆတ်ညိတ်သည်။ ပြီးနောက် အရည်လဲ့နေသောမျက်ဝန်းအကြည့်တွေကို သူ့ထံမပြတ်ပို့လွှတ်ရင်း၊
"ကိုယ် ရှင်းသန့်တို့အိမ်ကို စရောက်ဖူးတုန်းက လွတ်လွတ်လပ်လပ် အော်ဟစ်နေခဲ့တဲ့ စတိတ်ကျောင်းသားလေးကို တွေ့ခဲ့တယ်။ အဲဒီတုန်းက မင်းသန့်ကို သိပ်အားကျတာပဲ။ ငါ့မှာလည်း ဒီလိုညီလေးရှိရင် ကောင်းမယ်ဆိုတဲ့စိတ်ဖြစ်မိတာ။ ဒါမို့ မင်းသန့်က ညီလေးကို စာရင်းအင်းနိုင်စေချင်တယ်ကွာလို့ ရင်ဖွင့်တော့ မဆိုင်းမတွနဲ့ ကိုယ့်ဆီကိုပို့ဖို့ ပြောခဲ့တာ။ တကယ်ရောက်လာတော့လည်း ကိုယ့်ညီလေးလို သဘောထားပြီး ချစ်ခဲ့တယ်၊ ပညာကုန်ပေးခဲ့တယ်၊ အမြင်မတော်တာတွေ ဆုံးမခဲ့တယ်"
ကိုကြီးမှာ ရင်ထဲရှိသမျှစကားလုံးတိုင်းကို တရစပ်ထုတ်ပြောလာတော့တာ မနားစတမ်း။ ရှင်းသန့်ရင်ထဲတွင် ရေခဲစိုင်ကြီးလိုမာတင်းနေသည့် စိုးရိမ်စိတ်တွေလည်း တဖြည်းဖြည်းချင်း အရည်ပျော်ကျလာလေပြီ။
"ဒါပေမဲ့ ရှင်းသန့် ကိုယ့်ကိုချစ်တယ်ဆိုပြီး ဖွင့်ပြောလာတဲ့အချိန်မှာ အမှန်အတိုင်းပြောရရင် ကိုယ် လန့်သွားတယ်။ ဒါမျိုးအချစ်က မဖြစ်သင့်ဘူးလေ။ ညီအစ်ကိုတွေပါလို့ စိတ်သွင်းထားပြီး သာမာန်ထက်ဂရုစိုက်မှုတွေ လွန်ကဲခဲ့တဲ့ငါကရော ဒီကလေးကိုချစ်တာ ညီတစ်ယောက်လိုဟုတ်ရဲ့လားဆိုပြီး အမေးတွေ ဆက်တိုက်ထုတ်လာခဲ့မိတယ်။ ဒါပေမဲ့ တိတိကျကျ အဖြေရတဲ့အချိန်မှာ ရှင်းသန့်ကို ရန်ကုန်ပြန်ပို့ပြီးနေပြီ။ ကိုယ်လည်း နိုင်ငံခြားထွက်ဖို့ အချိန်မလိုတော့ဘူး"
ဆက်တိုက်ဆိုသလို လှစ်ဟလာခဲ့သည့်စကားတွေက ရှင်းသန့်နားထဲ ဝင်မဆန့်နိုင်အောင် ရှိလှပြီ။ ကိုကြီးကလည်း သူ့လိုစိတ်ရှိနေမယ်လို့ တွေးတောင်မတွေးခဲ့မိဘူးမလား။
"မင်းမရှိဘဲ ကိုယ် မနေတတ်ခဲ့ဘူး ရှင်းသန့်။ မြို့တွေခြားတော့တစ်မျိုး၊ ရေမြေခြားရပြန်တော့တစ်မျိုး ကိုယ် ဒီနှစ်တွေအတွင်း အများကြီးနောင်တရတယ်၊ ခံစားရတယ်။ စင်္ကာပူကိုစရောက်ကတည်းက စာချုပ်ပြည့်တဲ့ထိပဲ သည်းခံနေမယ်၊ ပြီးရင် မြန်မာပြည်အမြန်ဆုံးပြန်မယ်လို့ ဆုံးဖြတ်ခဲ့တာ ရှင်းသန့် ... မင်းကြောင့်ပဲ"
ပြောရင်း စီးကျလာသောအရည်ကြည်တွေက မိုးရေစတွေမဟုတ်တန်ရာ၊ အားငယ်နေဟန်ရှိသော ကိုကြီးမျက်ဝန်းအိမ်ထဲမှ စီးကျလာခြင်းပါ။ မြဲမြဲဆုပ်ကိုင်ထားသော ရှင်းသန့်လက်နှစ်ဖက်ကိုလည်း ကိုကြီးက မျက်နှာအနားထိကပ်ကာ နမ်းရှိုက်လိုက်ဟန်ရှိသည်။ မျက်လုံးများကိုပိတ်ချတော့ မျက်ရည်စက်တွေ ကျလာပြန်ပြီ။ ချစ်ဦးသူထံမှ ရှိုက်သံတစ်ချက်ပါကြားလိုက်ရတော့ ရှင်းသန့်လည်း ငိုချင်လာတော့၏။
"ဘာလို့နည်းနည်းမှ မဆက်သွယ်ခဲ့တာလဲ ကိုကြီးရာ"
ငြူစူဟန်မပါသော အပြစ်ဆိုစကားလေးဆိုရင်း ရှင်းသန့်ကလည်း ကိုကြီးနဖူးကိုထိကပ်ကာ ပြောမိသည်။ နှစ်ဦးသားအသက်ရှူသည့် လေငွေ့တွေက မြဲမြံစွာ ဆုပ်ကိုင်ထားသည့် လက်ချောင်းတွေဆီ အနွေးဓာတ်ပေးနေခဲ့၏။
"မဆက်သွယ်လို့ စိတ်ဆိုးနေခဲ့တာလား။ ဒါမို့ စကားမပြောတာလား။ ကိုယ် ဖေ့ဘွတ်စ်မှာ ရှင်းသန့်ညီမောင်ဆိုပြီး ရှာကြည့်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူငယ်ချင်းတွေတင်တဲ့ အုပ်စုလိုက်ပုံထဲမှာ ရှင်းသန့် ချစ်သူကောင်မလေးရနေတာ တွေ့လိုက်တော့ ကိုယ်..."
"ဟမ် ဘယ်ကချစ်သူကောင်မလေးလဲ"
"ပုခုံးချင်း ဖက်ထားကြတယ်လေ"
"ဖက်တိုင်း ချစ်သူကောင်မလေးလားဗျ"
ရှင်းသန့်က မျက်နှာချင်းအနည်းငယ်ခွာကာ ဆောင့်ဆောင့်အောင့်အောင့်လေးအော်တော့ ကိုကြီးနှုတ်ခမ်းတစ်စုံက လခြမ်းပက်လက်ကလေးလို ကွေးသွားသည်။
"ကောင်မလေး မဟုတ်ဘူးပေါ့။ အောင်မလေးဗျာ၊ တော်သေးတာပေါ့ ... တော်သေးတာ ရှင်းသန့်ရာ။ ဒါဆို ... အခုရော ချစ်သူရှိနေလား"
ရှင်းသန့် ခေါင်းလေးခပ်သွက်သွက်ခါတော့ ရေစိုနေသောဆံစတွေက သူ့နဖူးပေါ်အခွေလိုက် ပြန်ကျလာသည်။
"ဒါဆို ကိုယ်တို့အရင်လိုပဲ ပြန်နေကြရအောင်နော်"
"အရင်လို ... ဟင့်အင်း။ ကိုကြီးနဲ့ Brother zone မှာ ညီအစ်ကိုလို ထပ်မနေနိုင်တော့ဘူး"
"ရှင်းသန့်ရယ် ... သူစိမ်းယောကျ်ားနှစ်ယောက်ကြားမှာ ညီအစ်ကိုအချစ် မရှိနိုင်ဘူးဆိုတာ ကိုယ်လက်ခံပါပြီကွာ။ အခု ညီအစ်ကိုတွေထက် တစ်ဆင့်တိုးရအောင်နော်"
ကိုကြီးက ပြောရင်းဆိုရင်း ရှင်းသန့်နဖူးကို ပြန်ထိကပ်လိုက်သည်။ လက်တွေလည်း အောက်ချလိုက်တော့ နှာခေါင်းထိပ်လေးတွေချင်းပါ တိုးတိုက်မိတာ အိခနဲ။
"တစ်ဆင့်တိုးတော့ ဘာဖြစ်မှာလဲ"
"ညီအစ်ကိုတွေထက် တစ်ဆင့်တိုးတော့ ပီပီပြင်ပြင်ပိုးလို့ရတဲ့ ချစ်သူတွေဖြစ်ပြီပေါ့"
"ဟုတ်လို့လား"
"ဗုဒ္ဓဘုရား လူ့ပြည်ပြန်ဆင်းသက်တဲ့ ဒီလိုနေ့ထူးနေ့မြတ်မျိုးမှာ မလိမ်မညာဝံ့ပါဘူးဗျာ"
အပြောနှင့်အတူ ရစ်သိုင်းလာသောလက်တစ်စုံက ရှင်းသန့်ခန္ဓာအား နူးညံ့ဖွယ် ထွေးပွေ့သည်။ ကြည်ရွှန်းသောအကြည့်တစ်ချက်ကလည်း ကြင်နာဖွယ် ညှို့ယူသည်။ ယခင်လေးနှစ်က သူထိတွေ့ခဲ့ဖူးသော နှုတ်ခမ်းတစ်စုံသည်လည်း ရစ်မူးဖွယ် နမ်းရှိုက်လာတော့၏။
ကောင်းကင်မယ် မိုးသားတွေ ကင်းစင်သွားချေပြီ။ မှိုင်းညိုနေသော လပြည့်ဝန်းကြီးလည်း မကြာခင်ထွက်ပေါ်လာတော့ပေမည်။ ထိုလူသားနှစ်ဦးကြားရှိ အချစ်စစ်တို့သည်လည်း တိမ်အကွယ် လဝှက်သလို မပုန်းမဖယ်တမ်း ထွက်ပေါ်လာခဲ့ပေပြီ။
ဝန်းလမှိုင်းညို
မောင်လူပျို ချစ်ခွင့်ပန်တော့
မာန်လွှတ်တဲ့လေး။
ညနေကြယ် ဆန်းစစ်ဝယ်မှ
အချစ်မယ် ညီအစ်ကိုမျိုး
ဘယ်ဆိုရိုး ရှိပါနိုင်လိမ့်မယ်
လက်တွဲခိုင် ပေါင်းဖက်ဖို့ရေး
သက်ထက်ဆုံးတွေး။
ကြိုးစားပါဦးမည်။
- Fi
****************
Bạn đang đọc truyện trên: Truyen3h.Co