Truyen3h.Co

မောင့်ကုသိုလ်

Unicode

Fi_Lay



"ဟေ့ကောင် .. ရှေးကုသိုလ်"

ဒီအသံ .. ဒါနေထွဋ်ခေါင်အသံ။ သူ သေချာပေါက်ပြေးရမယ့်အသံပေါ့။ ဇိုးကောင်ကို သုံးရက်လောက်ရှောင်ပုန်းနိုင်ခဲ့လို့ သူ သက်သာနေပေမဲ့ ရှာထားတဲ့ပြဿနာက နည်းနည်းနောနောမဟုတ်တော့ သူအမိမခံနိုင်။ ရှေးကုသိုလ်တစ်ယောက် မကြားချင်ယောင်ဆောင်ကာ ခပ်သုတ်သုတ်လျှောက်တော့၏။

"အောင်မာ! ဒီလိုပြေးလို့ရရိုးလား"

လည်ဂုတ်ကကော်လံကို ဆွဲယူခံလိုက်ရတာမို့ သူ့ခြေထောက်တွေ မြေကြီးနဲ့မလွတ်တလွတ် ဖြစ်သွားသည်။ ရှေးကုသိုလ်က လူကောင်သေးသည်။ အသားလတ်လတ်၊ နားရွက်ကားကား၊ နှာခေါင်းက အနည်းငယ်ချွန်ချင်သည်။ မျက်လျားရှည်ပြီး မှေးစင်းစင်းဖြစ်နေတတ်သည့်မျက်ဝန်းတွေက မျက်ခုံးမထူးမပါးနဲ့တော့ လိုက်ဖက်မှုရှိသား။ အရပ်က ၅ပေ၈လက်မလောက်တော့ အေးဆေးရှိပေမယ့် နေထွဋ်ခေါင်ကိုက အရပ်ရှည်ရှည်၊ လူကောင်ထွားလွန်းတာမို့ သူ့လည်ဂုတ်ကို ဆွဲထားလိုက်နိုင်တာ။

"ဘာပြောမလို့လဲ ထွဋ်ခေါင်၊ ငါ့ကို လွှတ်ဦးလေ"

"မင်းကပြောရမှာလေ။ ငါ့ကို ရည်းစားစကားပြောထားတာ ရှေးကုသိုလ်ဆိုတဲ့မင်းလေ"

"အာ .. အဲ့ဒါက .."

"ပြော .. ပြော၊ ရှေးကုသိုလ်။ မင်းနာမည်တစ်ခါခေါ်ရတာလည်း လက်အုပ်ပဲထချီရတော့မလို၊ ထိုင်ပဲရှိခိုးရတော့မလိုနဲ့"

လည်ဂုတ်ကိုလွှတ်ပြီး ရှေ့ကဝင်လာတဲ့ထွဋ်ခေါင်က လေး၊ ငါးရက်မမြင်ရလည်း ပုံမှန်အတိုင်း ကြည့်ကောင်းနေဆဲ။ လှုပ်ရှားလိုက်တိုင်း ခပ်ပုံ့ပုံ့ကလေးရှိနေတတ်တဲ့ ဆံပင်ဘေးခွဲကလေးရယ်၊ ပါးမို့မို့ အသားဝါဝါဝင်းရယ်နဲ့ ကြည်လဲ့လဲ့မျက်လုံး၊ မျက်ဖန်တို့ကြောင့် Major King ရထားတာလည်း ဘယ်လိုမှမဆန်းပါပဲ။ အဲ .. ယောကျ်ားချင်းစိတ်ဝင်စားမိနေတဲ့ ရှေးကုသိုလ်ကသာ ဆန်းသည်။

"ပြောလေ.."

"အင်းပါ"

မထင်မှတ်ဘဲ ရည်းစားပြောမိသလိုဖြစ်ခဲ့တဲ့နေ့အား အာရုံထဲပြန်မြင်ယောင်လာသည်။ ထိုနေ့က-

နေရှိန်အလင်းရောင်ဟာ ကောင်းကင်တစ်ခွင် ဖြန့်ကျက်ကြီးစိုးထားခဲ့တာ။ အဆုပ်လိုက်အခဲလိုက်ရှိသော တိမ်စိုင်ဖြူတွေကလည်း ငွေမျှင်ရောင်အနားသတ်တွေနှင့် တဖျတ်ဖျတ်တောက်ပနေခဲ့တာပေါ့။ တိမ်တောက်တယ်ဆိုတဲ့ သဘာဝအလှတရားကို သေချာမြင်တွေ့ခဲ့ရတဲ့နေ့ပါပဲ။ လေယာဉ်တောင်ပံကိုကျော်ကာ တစ်ဆုံးကြည့်မိနေသော ဝန်းကျင်မျှော်ခင်းက သိပ်ဆန်းကြယ်နေခဲ့သလိုပင်။ အမြဲမော့ကြည့်ခဲ့ရတဲ့ မှိုင်းပြာပြာကောင်ကင်ကြီးနှင့် အဲ့ဒီတိမ်စိုင်ခဲတို့က သူ့အောက်မှာတည်ရှိနေကြတော့ အတုံ့အလှည့်ဖြစ်တတ်တဲ့ တရားသဘောကိုတောင် ဆင်ခြင်ခဲ့မိသေး။

ရှေးကုသိုလ်အဖို့ လေယာဉ်စီးဖူးခဲ့တာ အဲ့ဒါပထမဦးဆုံးပင်၊ ဒါမို့ အစစအရာရာ အသစ်အဆန်းချည်း။ ကိုယ့်ဟာကိုယ်ဆို ပိုက်ဆံကုန်ခံပြီး စီးမှာမဟုတ်ပေမယ့် ဘဘုန်းကြီးကို တရားပွဲလိုက်ပို့ပေးရတာမို့ စီးဖူးခဲ့သည်။ အဲ့ဒီနေ့က ရန်ကုန်ကထွက်လာခဲ့တဲ့သူတို့လေယာဉ်က ဟုမ္မလင်းကို တော်တော်နဲ့မရောက်နိုင်။

ရှေးကုသိုလ်လည်း ကောင်းကင်ကိုငေးနေခိုက် လေယာဉ်တောင်ပံနား မြင်လိုက်ရတာက မီးခိုးငွေ့တွေ။ သူများ မျက်စိမှောက်လေသလား။ မဟုတ်ခဲ့၊ တိမ်ခိုးတိမ်ငွေ့တွေလို ပါးပါးဖြူနေတာမျိုးမဟုတ်ဘဲ လေယာဉ်တောင်ပံရဲ့အင်ဂျင်ဆီက ထွက်လာတဲ့မီးခိုမည်းမည်းတွေပါ။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ၃၀၀၀၀ကျော်မှာ သူတို့လေယာဉ်ကြီး တစ်ခုခုဖြစ်တော့မှာလား။

ပါလာတဲ့လူကုန်အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။ လေယာဉ်မောင်၊ မယ် သုံးယောက်လည်း ခါးပတ်ကိုမြဲမြဲပတ်ထားဖို့နဲ့ မကြောက်ကြဖို့ သတိပေးနေခဲ့၏။ အဘယ်မကြောက်အံ့နည်း။ လေယာဉ်ကြီး ဖျတ်ဖျတ်လူး တုန်ခါလာခဲ့တာ အသိသာကြီးပဲမလား။ အရှေ့ဆုံးတန်းက ဘဘုန်းကတော့ မျက်လုံးကိုမှိတ်ကာ ပါးစပ်ကတတွတ်တွတ်နဲ့ ရွတ်ဖတ်နေလေပြီ။

ရှေးကုသိုလ်လည်း အကြောက်တရားကို အတတ်နိုင်ဆုံးထိန်းပြီး ကောင်းသောသေခြင်းဖြစ်ဖို့ မျက်လုံးနာနာမှိတ်ကာ ပြုခဲ့သမျှကုသိုလ်ကောင်းမှုတွေကို အခါခါမြင်ယောင်ရတော့သည်။ ဒီအချိန်တွင် ဖျတ်ခနဲ သတိရလိုက်တာက နှစ်နှစ်လောက်ကြိတ်ကြိုက်ခဲ့ရတဲ့ နေထွဋ်ခေါင်မျက်နှာလေးကိုပါပဲ။

မဖြစ်သေး၊ သေခါနီးတစ်ခါလောက်တော့ ဖွင့်ပြောခဲ့ဦးမယ်ဟဲ့ဆိုတဲ့စိတ်နှင့် အင်္ကျီအိတ်ကပ်ထဲက ဖုန်းကိုအမြန်ထုတ်ပြီး စာလေးတစ်ကြောင်းရိုက်ပို့မိခဲ့သည်။

'နေထွဋ်ခေါင် .. ငါမင်းကို ချစ်နေခဲ့တာကြာပြီ။ နောင်ဘဝတွေမှာ ကံမကုန်ရင်ပြန်ဆုံချင်သေးတယ်'

ပြီးနောက် အန္တရာယ်ကင်းဂါထာကို အထပ်ထပ်ရွတ်နေခဲ့တော့တာ သက်စေ့မကခဲ့ပါပဲ။

......

"ဒါဆို ဟိုနေ့ကလေယာဉ်ပျက်ကျမလို ဖြစ်တဲ့အဖွဲ့ထဲ မင်းပါတာပေါ့"

"ဟုတ်တယ်။ သတ္တဝါတစ်ခု၊ ကံတစ်ခုပေါ့ကွာ။ ကောင်းမှုပြုတဲ့ကုသိုလ်ကံ၊ မကောင်းမှုပြုအကုသိုလ်ကံတွေကြောင့် လေယာဉ်ပျက်ကျမလိုဖြစ်ပြီးမှ အသက်ပြန်ရှင်ခဲ့ရတာပဲ"

"အဲ့ဒါနဲ့ မင်းက ငါ့ကိုရည်းစားစကားပြောရောလား"

"မေတ္တာရှိခဲ့တာ ကြာပါပြီ"

"အောင်မလေးကွာ .. ငါ Gay မှန်းသိလို့ ဖွင့်ပြောတာလားလို့"

တစ်ဖက်လှည့်ကာ မကြားနိုးနားပြောလိုက်သော နေထွဋ်ခေါင်အသံအား ရှေးကုသိုလ် သေချာမကြားလိုက်ပါလေ။

"ဘာပြောလိုက်တာလဲဟင်"

သူ မချင့်မရဲမေးတော့ နေထွဋ်ခေါင်က ပြန်လှည့်ကြည့်လာသည်။ အရယ်အမောမရှိ ခပ်တင်းတင်းစေ့ထားသော နှုတ်ခမ်းတွေက ကြောက်စရာတော့အကောင်းသား။ ဒီမျက်နှာထားကြောင့်လည်း သူတို့အဖွဲ့ကို အားလုံးက ဇိုးကောင် (လူဆိုးကောင်) တွေလို့ နောက်ကွယ်မှာခေါ်ကြတာပေါ့။ ပိုက်ဆံရှိအသိုင်းအဝိုင်းကလည်း ဖြစ်ကြသလို ရန်ပွဲတွေဆို သူတို့ဇိုး ၅ကောင်က ပွဲတိုင်းကျော်သည်။

"အဲ့တော့ မင်းကရည်းစားစကားပြောပြီး ရှောင်ပြေးနေတာ ငါ့ကိုအဖြေမတောင်းတော့ဘူးလား။ ကိုယ့်စကားကို တာဝန်မယူတဲ့သဘောလား"

"အာ အဲ့လိုမဟုတ်ပါဘူး ထွဋ်ခေါင်ရ။ အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်ရည်စုပ်ထိုးတဲ့ .. တစ်သက်မှာတစ်မင်္ဂလာရှိတဲ့ကိစ္စမို့ မင်း အချိန်ယူစဉ်းစားရမှာ ငါ နားလည်လို့ပါ"

"အောင်မာ .. မင်းကအလာကြီးပါလား။ ငါအဖြေပြန်ပေးမယ် ထင်နေလို့လား"

ခပ်စေ့စေ့ကြည့်ပြောနေသော ထွဋ်ခေါင်က ဒီတစ်ခါတော့ မေးခွန်းတွေအများကြီးထုတ်နေပါပေါ့လား။ ပုံမှန်ဆို အပတ်စဉ် Lecture စာအုပ်လာငှားတာကလွဲလို့ ဒီကောင်ဆိုတာက အပိုစကားတောင် ထွက်ချင်မှထွက်တာ။ ရှေးကုသိုလ်တစ်ယောက် ရင်တွေခုန်နေလေပြီ။

"အဖြေမပေးရင်တောင် ငါမင်းကို သတ္တဝါတွေအားလုံးနဲ့တန်းတူ မေတ္တာထားပြီးသားပါ ထွဋ်ခေါင်။ မေတ္တာရိပ်ကအေးမြပါတယ်၊ အချစ်ရဲ့ပူပြင်းလောင်ကျွမ်းတဲ့ဒဏ်ကို မခံစားရတော့ဘူးပေါ့။ အင်း .. မူလအစတည်းက ငါလည်း သာသနာ့ဘောင်ဝင်ဖို့ပဲ ရှိတာပါ။ လေယာဉ်အစုတ်ကြောင့်မို့သာ..."

သူ့စကားကြားတော့ ထွဋ်ခေါင်က ဟန်ပါပါရယ်သည်။ သာသနာ့ဘောင်ဝင်မယ်ဆိုတဲ့စကားကို နောက်ပြောင်တာပမဟုတ်မှန်းတော့ ထွဋ်ခေါင် သိပါ၏။ ရှေးကုသိုလ်ဆိုတာ ဘုန်းကြီးကျောင်းသား၊ နောင်ဘွဲ့ရရင် ဦးပဥ္စင်းခံမယ့်အကြောင်းက ပထမနှစ်ကတည်းက တစ်ခန်းလုံးသိပြီးသားပင်။ လှောင်ပြောင်ခဲ့ကြတာဆို ပိုမှန်လိမ့်မည်။

"ဘုန်းကြီးဝတ်မယ့်အတူတူများ ငါ့ကို ဘာလို့ကြိုက်နေသေးလဲ"

"ငါလည်း လောကီသားပါပဲ၊ အရိယျာပုဂ္ဂိုလ်မဟုတ်တော့ နှလုံးသားက ချင်ခြင်းတတ်တာပေါ့ ထွဋ်ခေါင်ရယ်"

"ဟေ့ကောင် နေထွဋ်ခေါင် .. ဗိုက်ဆာပြီ၊ သွားကြမယ်လေ"

အနောက်ဖက်မှာ စောင့်နေသောဇိုးအဖွဲ့က ထွဋ်ခေါင်ကို လှမ်းခေါ်လေပြီ။ ရှေးကုသိုလ်ကတော့ ခေါင်းမသိမသာငုံ့ကာ ကိုယ်ကလေးရို့ထားမိလျက်သား။ ဇိုးအဖွဲ့ဝင်ငါးယောက်လုံးကို သူ ကြောက်မိတာက စိတ္တဇလို ဖြစ်နေလေပြီ။

"အပြောကောင်းလို့နော် .. ရှေးကုသိုလ်။ မင်း သတိထားနေ.."

ဟူး .. ကြိမ်မောင်းကာ ထွက်သွားပါမှ ရင်တွင်းနှလုံးသားထဲ လေးရက်တာ ကိန်းအောင်းနေသောအပူလုံးကြီး အနည်းငယ်ကျသွားရလေပြီ။

ဪ .. အချစ်ဒုက္ခ။

.........

ရွက်ဟောင်းတွေ တစ်စတစ်စကြွေနေပြီဖြစ်သော တပေါင်းလရာသီအချိန်အခါပင်။ ကျောင်းဝန်းထဲတွင် အတန်းဆင်းခါစကျောင်းသားများက ဟိုသည်ပျံ့ကျဲသွားလာလျက်ရှိကြသည်။ ပထမစာသင်နှစ်ဝက်ရဲ့ စာမေးပွဲနီးလာတာမို့ ဘယ်သူမှကျောင်းသိပ်မလစ်ရဲတော့။ နောက်ဆုံးနှစ်ကျောင်းသားဖြစ်သော ရှေးကုသိုလ်ပင်လျှင် စာအာရုံစိုက်နေရလေပြီ။

ငယ်ငယ်ထဲက မိဘတွေမရှိတော့သော ရှေးကုသိုလ်က ဘဘုန်းကျောင်းမှာနေရင်း ဘုန်းကြီးကျောင်းသားတစ်ပိုင်း ဖြစ်နေခဲ့တာကြာပြီ။ တက္ကသိုလ်ပညာသင်နေရတာလည်း ဘဘုန်းကြောင့်သာ၊ သူ့ဆန္ဒအရဆို ဆယ်တန်းပြီးကတည်း ဦးပဥ္စင်းဝတ်ပြီးသားပင်။ ဘဘုန်းကတော့ လူဝတ်ကြောင်နဲ့ ခေတ်ပညာလေးသင်ယူရင်း ဘုန်းကြီးကျောင်းကို စီမံခန့်ခွဲစေချင်သည်။ ကျောင်းပြီးမှ စိတ်ပါလည်း ဘုန်းကြီးဝတ်ပေါ့တဲ့။

ဒီတော့ ကျောင်းတက်ရင်း အားလပ်ချိန်တွေဆို မိဘတွေထားခဲ့သည့်ပိုက်ဆံနှင့် ကိုယ်ပိုင် Taxi လေးဝယ်ကာ လိုင်းဆွဲဖြစ်သည်။ အသုံးလေးလည်းရ၊ သိမ်ကျောင်းဆောက်နေတာအတွက်လည်း ပိုက်ဆံက စုရသေးတာမို့။

အခုလည်း နေ့လည်နှစ်နာရီခွဲအတန်းပြီးပြီဖြစ်၍ သူ့ Taxi လေးမောင်းကာ ညနေတစ်ခေါက်ဆွဲဖို့ ပြန်ထွက်လာခဲ့သည်။ ဗိုက်လည်းဟာနေတာတော့ အဆာပြေစားရန်ဝယ်ထားသော ပေါင်မုန့်လုံးအား ကားနောက်ခန်းက နှိုက်ယူလိုက်သည်။ ထိုစဥ◌် အရှေ့ကပေါ်လာသောပုံရိပ်ကြောင့် ရှေးကုသိုလ် ဘရိတ်ဆောင့်အုပ်လိုက်တာ လုံးဝအတုံ့အဆိုင်းမရှိပါဘဲ။

နေထွဋ်ခေါင်!

ဟုတ်တယ်၊ သူ့ကားကို ရုတ်တရက်လက်ပြတားလိုက်တာ နေထွဋ်ခေါင်ပါပဲ။

"ငါ ကားမပါဘူး"

အနားကပ်မှန်တံခါးချလိုက်ကာရှိသေး စကားတစ်ခွန်းပြောကာ ကားပေါ်တက်လာတော့သည်။ ထွဋ်ခေါင်ကိုတွေ့ရတော့ သူ့မျက်ခုံးကခပ်လှုပ်လှုပ်၊ ဘာအမှားမှလုပ်မထားဘဲလည်း ဒီကောင်တွေဇိုးအဖွဲ့နဲ့ဆို အသေကြောက်မိပြန်ပါပြီ။ ဒါတောင် နှလုံးသားက မနေနိုင်၊ မထိုင်နိုင် ထွဋ်ခေါင်ကို ချစ်မိခဲ့သေး၏။

"မောင်းတော့လေ"

ဘေးကဝင်ထိုင်လာသော ထွဋ်ခေါင်က အေးစက်စက်အမိန့်ပေးလာမှ အသိစိတ်တွေပြန်ကပ်တော့သည်။ ကပ်စမ်းပါ .. စိတ်နဲ့လူနဲ့ ကော်ကပ်ထားသလို စွဲမြဲနေစမ်းပါ။ ချစ်တဲ့သူရှေ့ ဘာမှမှားလို့မဖြစ်တာပဲ။

"ဘယ်သွားမှာလဲ ထွဋ်ခေါင်"

"ကြိုက်ရာသွား၊ ငါးနာရီထိုး ငါ့အိမ်ပြန်ရောက်ရင် ပြီးတာပဲ"

"အဲ့လိုမဟုတ်သေးဘူးလေ၊ ငါ Taxi ဆွဲရဦးမှာ။ မင်းပါနေတော့..."

စိတ်ထဲတော့ အဆင်ချောနေသောစကားများက ဇိုးကောင်လေးကိုပြောရရင် ထစ်အနေတော့သည်။

"အဲ့ဒါဆိုလည်း အိမ်ပဲလိုက်ပို့တော့။ မင်းTaxi ကို အခုငှားလိုက်ပြီ"

ရှေးကုသိုလ် ကားကစမောင်းလိုက်၏။ ထွဋ်ခေါင်အိမ်ကိုတော့ မေးစရာမလိုတော့အောင် သူသိပါသည်။ Lecture စာအုပ်တွေငှားပြီး ကျောင်းမလာရင် အိမ်တန်ရာရောက်သွားပြန်ယူတာမို့ မီးခိုးရောင်နှစ်ထပ်တိုက်ကြီးက သူ့ဦးနှောက်ထဲမှာ စွဲစွဲမြဲမြဲ။ လမ်းကြောင်းများရလျှင် တမင်တောင်ဖြတ်ပြီး ထွဋ်ခေါင် ရှိ၊မရှိ ငမ်းတတ်ခဲ့သေးတာ။

"မင်း ငါ့ကိုရည်းစားစကားပြောထားတာရော မှတ်မိသေးရဲ့လား ရှေးကုသိုလ်"

"မှတ်မိပါတယ်။ လွန်ခဲ့တဲ့တစ်လကျော် နှစ်လလောက်ကလေ"

မချင့်မရဲလှည့်ကြည့်ရင်းဖြေတော့ ထွဋ်ခေါင်ရဲ့ဘေးစောင်းမျက်နှာအနေအထားကိုသာ မြင်ရသည်။ သူ့မျက်နှာလိုသေးသေးလုံးလုံးမဟုတ်ဘဲ ယောကျ်ားဆန်ဆန်မေးရိုးက စွဲမက်ဖွယ်ပါပဲ။

"အဲ့ဒါကို ဒီကြားထဲအဖြေထပ်လာမတောင်းဘဲ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်ပေါ့"

"မင်းတို့ကအဖွဲ့လိုက်ကြီးပဲ ရှိတတ်ကြတယ်လေ .. အဲ့တော့ ငါမတောင်းရဲလို့ပါ။ အခု နှစ်ယောက်တည်းရှိတုန်း လမ်းကြုံအဖြေလေး ပေးမသွားချင်ဘူးလား"

ရှေးကုသိုလ် ဒီလိုစကားကို အရဲကိုးပြောတော့၊

"အောင်မာ! လမ်းကြုံတဲ့ .. ဒီလိုရကြေးလား။ Project တွေလုပ်ရင်တောင် လက်ခံသင့်၊ မခံသင့် Proposal တင်ရသေးတာပဲ။ လုပ်ပါဦး၊ မင်းအချစ်ကိုလက်ခံဖို့ အဆိုပြုချက်လေးတွေ"

ခါတိုင်းတော့ မျက်မှောင်ကုတ်ကာ ခပ်တည်တည်နေတတ်သူက အခုတော့လည်း သူ့ကို အခွင့်အရေးတွေ ပေးနေလေပြီ။ ရှေးကုသိုလ် ဦးနှောက်ကို အလုပ်ပေးပြီး ပြောစရာတွေစုလိုက်၏။ သုံးစက္ကန့်ပင် မကြာလိုက်ခင်မှာဘဲ..

"မင်း ငါ့ကိုရွေးမယ်ဆိုရင် ပထမတစ်ချက်အနေနဲ့ အများကြီးအချစ်ခံရမယ် ထွဋ်ခေါင်။ ဘာဖြစ်လို့လဲဆိုတော့ ငါဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးလို့ပဲ။ ဒါမှန်သောစကား၊ ဘုရားသိတယ်"

"ဟက်! ဆက်ပါဦး"

ထွဋ်ခေါင်က မျက်ခုံးလေးပင့်ကာ စကားဆက်စေချင်၏။

"ဒုတိယအချက်အနေနဲ့ မင်းနဲ့ငါ အိမ်ထောင်ပြုခဲ့မယ်ဆိုရင် တင့်တောင်းတင့်တယ်ထားနိုင်အောင် ငါ ကြိုးစားမှာပါ။ မြောက်ဒဂုံမှာ အခုအငှါးတင်ထားတဲ့ ငါ့မိဘတွေရဲ့တစ်ထပ်တိုက်အိမ်လေးမှာ မင်းနဲ့နေမယ်။ ဘဏ်ထဲမှာစုထားတာလေးနဲ့ Convenience Store လေးတစ်ခု ဖွင့်နိုင်အောင်လုပ်ရမယ်။ ဒီ Taxi ကိုတော့ အငှါးချလိုက်မှာပေါ့ကွာ။ မင်းအိမ်လို အရမ်းကြီးမချမ်းသာပေမယ့် လူတန်းစေ့နေနိုင်အောင် ငါထားနိုင်မှာပါ။ ပြောသာပြောရတာ .. ပစ္စည်းသင်္ခါရ၊ လူသင်္ခါရပါပဲ။ ငါ့အတွက်ကတော့ မင်းနဲ့အတူရှိရရင် တော်ပါပြီ"

"မင်း အရူးပဲ .. ရှေးကုသိုလ်။ ငါပြန်ချစ်မယ်လည်း မရေရာဘဲ လျှောက်တွေးနေတာ"

"မင်းပြောတာမှန်ပါတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ခေါ်တဲ့ လက္ခဏာရေးသုံးပါးနဲ့ ရှုမြင်ကြည့်ရင် ငါကဘာမှမဆင်ခြင်နိုင်သေးတဲ့အရူးပါပဲ"

"ဟေ့ကောင် ရှင်းရှင်းပြော၊ ဘုန်းကြီးစကားတွေ ငါနားမလည်ဘူး"

မထင်ရင်မထင်သလို ထထအော်တတ်တဲ့ ထွဋ်ခေါင်ကြောင့် ရှေးကုသိုလ်လေကြောမရှည်ရဲတော့။

"ဒီလိုလေ .. အသက်ခန္ဓာတွေမတည်မြဲတာ အနိစ္စဆိုရင်၊ မင်းအချစ်မရသေးတာက ဒုက္ခပေါ့ကွာ"

စကားမဆုံးသေးခင် ထွဋ်ခေါင် လှည့်ကြည့်လာပါ၏။ ဆက်ပြောရမလား၊ မပြောရတော့ဘူးလား။ စကားတွေ ထစ်အကုန်တော့သည်။

"ဒီ .. ဒီတော့ အနတ္တသဘောဆောင်ပြီး အစိုးမရတဲ့ငါ့စိတ်တွေလည်း မင်းပြောသလို ရူးနှမ်းနေတော့တာပေါ့"

'တကယ်ရူးပါ့ကွာ' လို့ ထပ်ခါထပ်ခါရေရွတ်ရင်း ကားပေါ်မှဆင်းသွားသူက နောက်နေ့တွေလည်း သူ့ကိုလာကြိုပို့ပါတဲ့လေ။ ဒီလိုတော့လည်း ထွဋ်ခေါင်ကားအကောင်းစားလေး ပျက်နေတာ ဟန်ကျလိုက်လေခြင်း။

......

ရှေးကုသိုလ်တစ်ယောက် ထွဋ်ခေါင်ကို အကြိုအပို့လုပ်ပေးရသည့် တစ်ပတ်အတွင်း ပိုရင်းနှီးလာသည်။ စကားပြောဖို့ အရင်လိုထစ်အမနေတော့။ ဇိုးအဖွဲ့ထဲကဆိုသော်လည်း ထွဋ်ခေါင်က အပေါင်းအသင်းမှားလို့၊ မိဘကဂရုမစိုက်လို့ လေလွင့်နေခြင်းလို့ ခံစားရလာသည်။ စိတ်ရင်းလေးကတော့ ကောင်းရှာသားပဲ။

နေ့ရှိသ၍ ထွဋ်ခေါင်အကြောင်းသာ တွေးတတ်သော ရှေးကုသိုလ်တစ်ယောက် ခုတလော ဘုရား၊ တရားလုပ်ဖို့ခက်ခဲလာခဲ့လေပြီ။ ဂရာဝါသဆိုတဲ့ အနှောင်အဖွဲ့တွေက ရုန်းလို့မထွက်နိုင်အောင် ထွဋ်ခေါင်က သူ့အာရုံတွေမှာ နေရာယူလာတော့တာ။

"တောက်! မိုက်ရိုင်းလိုက်တာကွာ"

ချွေးတွေသံ​တွေနဲ့ ကားပေါ်တတ်လာသော ဇိုးကောင်လေးက စိတ်တိုနေပုံရသည်။ နေ့ခင်းချိန်မတက်တာ ဒီတစ်ခေါက်လည်း ရန်ဖြစ်ပြန်ပြီလား။

"ဘာဖြစ်လာတာလဲ ထွဋ်ခေါင်"

တစ်ရှူးသုံးရွက်လောက် ထုတ်ကမ်းပေးရင်း ချိုသာစွာမေးကြည့်တော့၊

"သင်္ချာကကောင်တွေ ထွက်ပြေးသွားတာ မမိလိုက်ဘူး။ မိလို့ကတော့ ခွေးကောင်တွေအသေပဲ။ မကျေနပ်လိုက်တာ .. တောက်!"

"အင်း မကျေနပ်ဘူးဆိုတာ သင့်တင့်စွာနှလုံးမသွင်းနိုင်တာပဲ။ မေတ္တာဆိုတဲ့လက်နက်ကိုသာ ဆုပ်ကိုင်ထားစမ်းပါကွာ၊ ရန်သူအားလုံးကို နိုင်ပါတယ်"

ထွဋ်ခေါင်က သူ့ကိုအထူးအဆန်း စောင်းငဲ့ကြည့်လာသည်။ သူပါရောအဆဲခံရတော့မှာလား။ ရန်ဖြစ်လာလို့ စိတ်တိုနေတဲ့သူကို ရှေးကုသိုလ်တစ်ယောက် လျှာရှည်မိပြန်ပါပြီ။

"မင်းကြည့်ရတာ အေးချမ်းနေတာပဲ"

မထင်မှတ်ထားသည့် စကားပေမယ့် သူ ပျော်သွားရပါ၏။ ဒါမို့ အရဲထပ်ကိုးပြီး၊

"မင်းလည်း တစ်ဘဝလုံးအေးချမ်းအောင် ငါနဲ့အတူ သေတစ်ပန်၊ သက်တစ်ဆုံးရိုးမြေကျ ပေါင်းသင်းနိုင်ပါတယ်"

"အောင်မာ! တစ်ပတ်လုံးအတူရှိခဲ့တာတောင် ချစ်စကား၊ ကြိုက်စကားထက် တရားစကားတွေပဲကြားနေရတာ။ မင်း ငါ့ကိုချစ်တာ ဘယ်လိုယုံရမှာလဲ"

"ထွဋ်ခေါင် .. မင်းက ပီယဝါစာခေါ်တဲ့ အနုအယွချစ်စကားလေးတွေ ကြိုက်ပုံပဲ။ ငါကတော့ ဘွင်းဘွင်းသမားပါ။ ကွယ်ရာလုပ်ချင်ရာလုပ်ပြီး ရှေ့မှဟန်မူယာပိုတဲ့စကားတွေလည်း မဆိုတတ်ဘူး။ ကြွက်ကိုဆင်ဖြစ်အောင်လည်း မြှောက်ပင့်ပြီး အပိုမပြောတတ်ပါဘူး။ အရှိကိုအရှိ မင်းကိုချစ်တဲ့ဆန္ဒကို ထုတ်ပြထားရင် မရပေဘူးလား"

ထွဋ်ခေါင်ရဲ့စူးစူးရှရှအကြည့်တွေက သူ့ရင်တွင်းနှလုံးသားကို ထိုးဖောက်မြင်နိုင်ရင်လည်း အကောင်းသား။ တစ်သက်မှာတစ်ခါ ရှားရှားပါးပါးဖြစ်တည်လာတဲ့ အချစ်ကိုတော့ အရဲကိုးမျှော်လင့်လိုက်ချင်သေးတာ ရှေးကုသိုလ်ဆန္ဒပါ။

"မင်းအချစ်ရဖို့တော့ ငါကြိုးစားနေဦးမှာပါ .. ထွဋ်ခေါင်ရာ။ ယောကျ်ားတို့ဇွဲ၊ သေခါမှလျှော့မယ်"

"သေချာလား"

ထွဋ်ခေါင်ဟာ ဒီလိုစိတ်မရှည်တတ်တဲ့ကောင်လေးပါပဲ။ စကားလေးနည်းနည်းပါးပါး ပြောဖြစ်လာတော့ ချစ်ရသူအကြောင်းလေး ပိုသိလာရလေပြီ။

"ယောကျ်ားစကားပါ ထွဋ်ခေါင်"

"ဒါဆို စာမေးပွဲပြီးရင် အတန်းထဲကလူတွေ ကလောကို လေ့လာရေးခရီးထွက်ကြမှာ၊ မင်းပါလိုက်ခဲ့"

တစ်ချက်လွှတ်အမိန့်လို ပြင်းထန်တဲ့ချစ်စကားကြောင့် ရှေးကုသိုလ် ခေါင်းညိတ်လိုက်ရသည်။ နှစ်တိုင်းစာမေးပွဲပြီးချိန် သူငယ်ချင်းတွေ စုခရီးသွားတတ်ကြပေမယ့် သူ တစ်နှစ်မှမလိုက်ခဲ့ဖူးပေ။ ရှေးကုသိုလ်ဆိုတာ အတန်းထဲမှာ လူရာဝင်တာမှမဟုတ်ဘဲ။ ခုတော့

မင်းကြောင့်ပါပဲ .. ထွဋ်ခေါင်ရယ်။

........

မှိုင်းပြာအုပ်စိုင်းနေသော မြူခိုးမြူငွေ့တို့နှင့် ကလောမြို့က လှပနေသည်။ နေရောင်မမြင်ရဘဲ ကောင်းကင်တစ်ခွင်က တိမ်လိပ်တွေသာ ကြီးစိုးထား၏။ တောင်တန်းတွေ အထပ်ထပ်ယှက်သိုင်းနေတာလည်း ပိုးပဝါစလေးတွေရောထွေးချထားသလို ကပိုကရိုလေးတွေပါပဲ။

သူငယ်ချင်းတွေအဖွဲ့လိုက်ကြီး ကလောကိုစုထွက်ခဲ့ကြတာ အယောက်၃၀လောက်တော့ရှိမည်။ ဒီထဲတွင် ရှေးကုသိုလ်နဲ့ရင်းနှီးတဲ့သူက လက်ငါးချောင်းတောင်မပြည့်။ ဒီခရီးစဉ်လိုက်လာရင် အထီးကျန်မယ်မှန်းသိရက်နဲ့ ထွဋ်ခေါင်မျက်နှာ တစ်ကမ္ဘာထင်ကာ သူ လိုက်လာခဲ့တာပင်။

"ထွဋ်ခေါင် .. ဒီဖက်မှာ ငါတို့၅ယောက်ဓာတ်ပုံရိုက်မယ်၊ လာစမ်းပါ"

ရှေးကုသိုလ်အနား ထွဋ်ခေါင်ရောက်လာတာနဲ့ ဇိုးကောင်တွေက တစ်နည်းမဟုတ်တစ်နည်း လှမ်းခေါ်ကြသည်။ အညတရ ဘုန်းကြီးကျောင်းသားကို အပေါင်းအသင်းလုပ်တာ မကြိုက်ကြပုံပါပဲ။ သူရဲ့ဇိုးကောင်လေးဟာလည်း သူငယ်ချင်းတွေချစ်တော့ ဟိုသည်ပျံဝဲနေတဲ့ ငှက်ငယ်လေးလိုပေါ့။ သူ့အသိုက်မှာ ကြာကြာလာမနားနိုင်ရှာဘူး။

"ခဏလေး၊ မင်း EC တို့နဲ့ သွားနေလိုက်"

ခေါင်းအသာညိတ်လို့ ယောင်ယောင်လေးပြုံးပြတော့ ဇိုးကောင်လေးရဲ့ကျောပြင်ကို ချက်ချင်းရင်ဆိုင်ရပြန်သည်။

ဒီလိုပဲ .. အနားရောက်လာလိုက်၊ ထွက်သွားလိုက်။ ဒဏ်ရာတွေပေးလိုက်၊ ဆေးတွေကျွေးလိုက်နဲ့ပါပဲ။ သူ့အချစ်ကိုမယုံလို့ ကလောထိခေါ်လာပြီး အချစ်စမ်းနေလေသလားတော့မပြောတတ်။ ရှေးကုသိုလ်ကတော့ ပြောထားတဲ့စကားအတိုင်း ယောကျ်ားတို့ဇွဲ၊ သေခါမှလျှော့ရမှာပင်။

ဒီလိုနှင့် ဝိုင်ခြံတွေသွားလေ့လာကြတော့ ခြံပိုင်ရှင်က လူများလို့နှစ်ဖွဲ့ခွဲခေါ်ကာ ရှင်းပြသည်။ ရှေးကုသိုလ် တမင်တကာ ထွဋ်ခေါင်မပါသည့်ဖက် ရွေးချယ်လိုက်၏။ ဇိုးကောင်လေးကတော့ တကယ်မချစ်ဘူးဘဲ ထင်သွားလေသလား မပြောတတ်၊ သူ့ကိုစိုက်ကြည့်နေတဲ့မျက်နှာလေးက အပျက်ပျက်အယွင်းယွင်းပေါ့။

ဒါဟာ မပြတ်သားတတ်တဲ့သူကို တမင်ချန်ထားခဲ့တာမျိုးမဟုတ်။ ဇိုးကောင်လေး သူငယ်ချင်းတွေနဲ့သူ့ကြား အရွေးရခက်၊ ဗျာများနေမှာစိုးလို့ တမင်ရှောင်ပေးခဲ့တာပါ။

ညနေပိုင်းရောက်တော့ အားလုံးတည်းခိုကြမယ့်နေရာကို ဘတ်စ်ကားကြီးနှင့်ပြန်ရသည်။ လူ၃၀ တောင် မပြည့်သောအဖွဲ့မို့ ကားကြီးပေါ်မှာ နေရာလွတ်တွေကတော့ အပြည့်ပါပဲ။ အပေါင်းအသင်းသိပ်မရှိတဲ့ ရှေးကုသိုလ်က နောက်ဆုံးကခုံအလွတ်တွေဆီ ကျယ်ကျယ်လွင့်လွင့် သွားထိုင်ကာငိုက်မြည်းသည်။

"ရှေးကုသိုလ်"

"အာ .. ထွဋ်ခေါင်၊ လာ ထိုင်လေ"

မျက်နှာထားတင်းတင်းနဲ့ကောင်လေးကြောင့် ရှေးကုသိုလ် အိပ်ချင်စိတ်တွေပြေသွားသည်။ တစ်လမ်းလုံး ရှေ့တန်းမှာ သူ့အဖွဲ့နဲ့ထိုင်ခဲ့တဲ့ထွဋ်ခေါင်က အခုမှသူ့နားလာထိုင်လို့ ပိုအံ့ဩရ၏။

"မင်း ဘာလို့ငါ့ကိုရှောင်နေရတာလဲ"

တစ်နေ့လည်လုံး ရှေးကုသိုလ်ရှောင်ဖယ်နေခဲ့သမျှ ထွဋ်ခေါင်က ရိပ်မိတယ်ပေါ့။ တမင်ဖယ်ခွါခဲ့လို့ စိတ်ဆိုးနေပုံပါပဲ။

ဒါပေမယ့် ချန်ထားခဲ့သူတိုင်း ရက်စက်ပါတယ်ဆိုတဲ့ နိယာမကြီးနဲ့တော့ သူဟာ ငြိစွန်းမနေပါဘူး။ ယုတ္တိဗေဒကျတဲ့ အကြောင်းပြချက်တွေ ရင်မှာပြည့်သိပ်နေတာ မင်းမသိလို့ပါ .. ဇိုးကောင်လေးရေ။

"သူငယ်ချင်းတွေနဲ့ အေးဆေးနေရအောင်လို့ပါကွဦ"

"မင်းက ငါခေါ်လို့လိုက်လာတာလေ .. ရှေးကုသိုလ်။ ပြီးရင် ဘယ်သူနဲ့မှလည်း မခင်ဘူး။ တစ်ယောက်ထဲပဲ ကွဲထွက်နေတယ်"

"ငါနေတတ်ပါတယ်"

အားတင်းပြောလိုက်လေသောအသံက တိုးလျသည်။ ဘယ်သူကများ အထီးကျန်ဆန်တာကို ကြိုက်ပါ့မလဲ။ ဒါပေမယ့်လည်း သူ သန်မာပါသည်။ အထူးသဖြင့် ထွဋ်ခေါင်ရှေ့မှာ သူဟာ ပျော့ညံ့တဲ့ယောကျ်ားတစ်ယောက် မဖြစ်ချင်လို့ကို သန်မာသည်။

"ဟိုတယ်ရောက်ရင် ငါနဲ့တစ်ခန်းထဲနေ"

ဇိုးကောင်လေးက သူ့စိတ်ကြိုက်ပြောပြီး လွယ်အိတ်လေးပိုက်ကာ အိပ်စက်တော့သည်။ ဒီအခြေအနေမှာ ရှေးကုသိုလ် .. မင်းပျော်နေရမှာမလား။

ဝင်းဝါတဲ့မျက်နှာလေးကိုပဲ ဘေးတိုက်ငေးကြည့်နေခဲ့မိသည်။

.........

နှစ်ညအိပ်၊ သုံးရက်ခရီးလေးမို့ ရှေးကုသိုလ် အဝတ်အစားလေးစုံသာ ကျောပိုးအိတ်လေးနဲ့ ထည့်လာမိ၏။ ထွဋ်ခေါင်ကတော့ Luggage အသေးလေးတစ်လုံးပါလာသည်။ ဖွင့်လိုက်တော့ အင်္ကျီတွေကလည်း အများသား။ ဖိနပ်က နှစ်မျိုးပါသည်။ မျက်နှာလိမ်းစရာကအစ၊ ခေါင်းလျှော်ရည်အဆုံး ယူဆောင်လာတဲ့ဇိုးကောင်လေးပါပဲ။

"ဘာလို့လိုက်ကြည့်နေတာလဲ"

ဟုတ်ပါရဲ့ .. သူ ဘာလို့ထွဋ်ခေါင် လှုပ်ရှားမှုတိုင်းကို ကြည့်နေမိတာလဲ။ ယောကျ်ားချင်းဆိုဦးတောင် ဒါဟာရိုင်းရာကျတဲ့ အပြုအမူပါပဲ။

"သဘောကျလို့ပါကွာ"

အမှန်အတိုင်းဖြေလိုက်တော့ ထွဋ်ခေါင် ရှက်သွားသလားမပြောတတ်။ အင်္ကျီချွတ်လို့ သဘက်တစ်ထည်ပတ်ကာ ရေချိုးခန်းဝင်သွားသည်။ ခဏတာမြင်လိုက်ရသည့် ဝါဝင်းတဲ့အသားအရည်နဲ့ အမြှောင်းလိုက်ထွက်နေတဲ့ ဝမ်းဗိုက်သားတို့က ဇိုးကောင်လေးရဲ့ချောမောမှုကို ပိုတိုးစေတဲ့အရာတွေပေါ့။

အတူတူနေဖူးနေစမရှိတော့ ရှေးကုသိုလ်အတွက် ကြည်နူးစရာတွေချည်း။

"ထမင်းသွားစားမယ်လေ၊ ဆာနေပြီလား"

"ရပါတယ်၊ ငါ မင်းကိုစောင့်နိုင်ပါတယ်"

ရေချိုးချိန်တင်မဟုတ်ဘူး၊ မင်းအချစ်ရဖို့လည်း စောင့်နေပါတယ်လို့တော့ ထည့်မပြောဖြစ်လိုက်။ ကြည်လင်နေတဲ့မျက်နှာလေး တိမ်မည်းတွေဖုံးသလို မည်းမှောင်သွားမှာစိုးလို့ပါ။

သို့နှင့် ဟိုတယ်ကကျွေးသော ညစာသွားစားကြသည်။ ကားပေါ်မှာ သူနဲ့အတူနေပါလို့ပြောခဲ့ပေမယ့် တကယ်တမ်း ညစာဝိုင်းရောက်သွားတော့ ဇိုးအဖွဲ့ရဲ့ခေါ်ဆောင်မှုနောက် ပါသွားတာပါပဲ။

"မင်းကိုခေါ်နေရတာပဲ ထွဋ်ခေါင်ရာ၊ အရေးကြီးတယ်။ လာ .. ဒီဖက်"

သမင်လည်ပြန်ကြည့်ရင်းပါသွားလိုက်တာ မီးပုံပွဲဆော့တဲ့ထိ ရှေးကုသိုလ်နား ပြန်ရောက်မလာခဲ့တော့ပါဘူး။ သူ့သူငယ်ချင်းတွေကို မလွန်ဆန်နိုင်ရှာတဲ့ ဇိုးကောင်လေး .. ရှေးကုသိုလ်နဲ့ နှစ်ယောက်တစ်ခန်းနေတာတောင် သူတို့အဖွဲ့မှာ၅ယောက်ဆိုတဲ့ မဂဏန်းဖြစ်နေလို့ပဲ ထင်ပါရဲ့။

တစ်ခါတလေ ချစ်လာပြီလို့ထင်တဲ့ ခံစားချက်တွေက လျစ်လျူရှုမှုတွေ ပေါင်းစပ်လာတဲ့အခါ အခိုးအငွေ့တွေလို ပျံတက်သွားတာပါပဲ။ အစထဲက ဖမ်းဆုပ်ခွင့်မရှိတဲ့ အငွေ့လိုအရာပေမယ့် အခုတော့မြင်ပါမမြင်ရတော့။

မီးပုံပွဲမှာ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး မေးခွန်းတွေအလှည့်ကျ မေးကြသည်။ ခေတ်စကားနဲ့ပြောရရင် ဆေးထိုးတဲ့မေးခွန်းတွေပေါ့။

"ရှေးကုသိုလ် ဘုန်းကြီးဝတ်မှာ သေချာသေးလားဟေ့"

သူ့ကို အတန်းထဲကလှောင်ပြောင်လို့ ရတဲ့အရာဆိုလို့ ဒါပဲရှိတယ်ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် သူ ဆုံးဖြတ်ထားတဲ့အဖြေကို ထုတ်ပြောလိုက်သည်။

"ဟင့်အင်း ငါ မသေချာတော့ဘူး"

"ဘာလို့လဲ။ ပထမနှစ်တုန်းကတော့ ဘုန်းကြီးဝတ်မှာ ကြွေးကြော်ထားပြီး ဟားဟား"

"ဟဟားဟား"

ညာသံတွေလား၊ လှောင်သံတွေလား။ ဆူညံဝေတက်လာတဲ့ကြားက အမေးကို သူဖြေဖြစ်အောင် ဖြေလိုက်သည်။

"တစ်စုံတစ်ယောက် ချစ်တာခံချင်လို့"

တောက်လောင်နေတဲ့ မီးပုံကြီးကကျော်လွန်ပြီး ထွဋ်ခေါင်မျက်နှာကို တည့်တည့်ကြည့်ဖြေလိုက်တာပါ။ သူများတွေမရိပ်မိတောင် ကာယကံရှင်တော့ အတပ်သိပါလိမ့်မည်။

ခဏကြာတော့ အလှည့်တွေပြောင်းမေးကြရင်း ညာသံတွေရပ်တန့်သွား၏။ ဒီလိုပဲ .. လူတွေက သူတို့တစ်ခဏပျော်ရွှင်မှုအတွက်လည်း သူတစ်ပါးဘဝကိုချနင်းတတ်ကြတာ။

"ကဲ နေထွဋ်ခေါင်အလှည့်"

ခေါင်းငိုက်စိုက်နေတဲ့ ရှေးကုသိုလ်တစ်ယောက် ပြန်လည်ဦးထောင်လာသည်။ ဘာမေးလို့ ဘာဖြေပါမည်နည်း။

"မင်းက ရည်းစားထားတာလည်း မတွေ့ဘူးဆိုတော့ ကောင်မလေးတွေကိုယ်စား မေးပေးမယ်ကွာ"

EC က ဒါမျိုးဆို ပိုတက်ကြွနေသည်။

"ရည်းစားထားရင် မင်းကိုဘယ်လိုခေါ်စေချင်လဲ"

သူ သိပ်သိချင်လိုက်တာ။ မီးပုံတစ်ဖက်က ဇိုးကောင်လေးရဲ့အကြည့်တွေကို လိုက်ဖမ်းယူရသည်။ ဘာများဖြေလေမလဲ။ ခပ်ရေးရေးပြုံးနေတဲ့မျက်နှာလေးက သူ့ထံလှည့်ကြည့်လာချိန်တွင်တော့..

"မောင်လို့ ခေါ်စေချင်တယ်"

မျှော်လင့်လို့ရသလား။ ရှေးကုသိုလ်ဆီ တည့်တည့်ကြည့်ပြောလာတဲ့ မောင်ဆိုတာလေးက သူ့ကိုခေါ်စေချင်တာလို့ မျှော်လင့်လို့ရသလား။

မကြာပါ။ ဇိုးကောင်တွေထဲမှသီဟက ထွဋ်ခေါင်ကို အခြားတစ်နေရာဆီ ဆွဲခေါ်သွားသည်။ ပါသွားပြန်ပြီပေါ့။ သို့သော် စိတ်ကူးယဉ်အတွေးတွေနဲ့ ရှေးကုသိုလ်ပြုံးနေမိတာ အိပ်ရမယ့်အခန်း ပြန်ရောက်သည်ထိပါပဲ။

........

ည၉နာရီကျော် သူ ဘုရားဝတ်ပြုပြီးသည်ထိ ထွဋ်ခေါင် ပြန်ရောက်မလာသေးပါ။ ဒီတော့ အချိန်ရတုန်းလေး တရားထိုင်ရင်း သူ စောင့်နေလိုက်သည်။

ဒုန်း!!

အခန်းတံခါးကို အကြမ်းပတမ်းဖွင့်ဝင်လာတာ ထွဋ်ခေါင်ပါပဲ။ နှုတ်ခမ်းစွန်းမှာလည်း သွေးတွေနဲ့။ မျက်နှာကလည်း ဒေါသအငွေ့အသက်တွေနဲ့ ပျက်ယွင်းနေတာ အသိသာကြီး။ ရှေးကုသိုလ် တရားထိုင်နေရာက ဦးသုံးကြိမ်ချပြီး အနားသွားကြည့်ရသည်။

"ရန်ဖြစ်ပြန်တာလား ထွဋ်ခေါင်"

ဘာမှအဖြေမရဘဲ သူ့ကုတင်ပေါ် ဝင်ထိုင်သည်။ အသက်ကို မြန်မြန်အရှူအသွင်းလုပ်နေတာ ဒေါသတကြီးနဲ့ပါပဲ။

"ခဏလေး၊ ငါ သန့်ရှင်းပြီး ရေခဲကပ်ပေးမယ်"

ဆေးမပါလာတာမို့ နှုတ်ခမ်းစွန်းကသွေးတွေကို ပဝါလေးနဲ့အသာသုပ်ယူရသည်။ ပြီးမှ အရောင်သက်သာအောင် ရေခဲလေးကပ်ပေးရ၏။

"မင်း ငါ့ကိုစိတ်မကုန်ဘူးလား ရှေးကုသိုလ်။ ဘာလို့ဒီလောက်ဒုက္ခခံနေလဲ"

"ငါ ဘာမှမဖြစ်ပါဘူး"

"ဘာလို့ဘာမှမဖြစ်ရမှာလဲ"

ရေခဲကပ်လက်စသူ့လက်ကလေး ပုတ်ထုတ်ခြင်းခံလိုက်ရသည်။ လက်ကိုင်ပဝါပတ်ထားတဲ့ ရေခဲစလေးတွေလည်း ကြမ်းပြင်ပေါ် လွင့်စင်သွား၏။ တကယ်ဆို သူ့ဝမ်းနည်မှုတွေလည်း ကြမ်းပြင်ပေါ် တစ်ပါးထဲပါသွားရမှာ။ ငါ ဘာလုပ်မိလို့လဲကွာ .. ။

"မင်းကို ဒီလောက်တစ်ဖွဲ့လုံးလှောင်ပြောင်နေကြတာ၊ ငါ့သူငယ်ချင်းတွေက မတူသလို၊ မတန်သလို ဆက်ဆံနေကြတာ မင်း ဘယ်လိုမှမနေဘူးလား"

"မင်း ရှိတယ်လေ ထွဋ်ခေါင်။ မင်းကြောင့် ငါဒီခရီးကိုလိုက်လာတာ၊ မင်းရှိနေရင်ပြီးပြီပေါ့"

"အေး အဲ့ဒီငါကလည်း မင်းနားနေနိုင်လို့လား။ ပုတ်ခတ်လာသမျှကို ကာကွယ်ပေးနိုင်လို့လား"

ထွဋ်ခေါင် ဘာတွေဖြစ်လာသလဲ ရှေးကုသိုလ် ခန့်မှန်းမရနိုင်တော့။ သူအကောင်းဆုံးကြိုးစားနေတာတောင် ဘာလို့ဒေါသထွက်နေရတာလဲ။ နောက်ပြီး ထွဋ်ခေါင်က သူကိုယ်သူလည်း အပြစ်တွေတင်နေပြန်ပြီ။

"စိတ်အေးအေးထားပါဦးကွာ။ မင်း ဘယ်သူနဲ့ ရန်ဖြစ်လာတာလဲ"

"သီဟနဲ့"

ဒါဆို မီးပုံပွဲမှာပျောက်သွားတာ ရန်ဖြစ်စကားများနေကြတာလား။ ဘာအကြောင်းကြောင့်လဲ မေးမည်ပြုခိုက်၊

"နေထွဋ်ခေါင် .. ဟေ့ရောင် နေထွဋ်ခေါင် တံခါးဖွင့်ဦး"

ဒါ သူတို့ဇိုးအဖွဲ့ထဲက စည်သူအောင်ရဲ့အသံပါ။ အသံကြားတာနဲ့ ထွဋ်ခေါင်က တံခါးသွားဖွင့်သည်။

"ဘာလဲ"

"သီဟနဲ့ ရန်ဖြစ်ကြတယ်ဆို"

"အေး"

"ထွက်ခဲ့ဦးကွာ၊ မင်းတို့ကလည်း အချင်းချင်းတွေ ရန်ဖြစ်ရတယ်လို့၊ အဲ့ကောင်အတွက်နဲ့များ"

ပုခုံးဖက်ထွက်သွားကြပေမယ့် 'အဲ့ကောင်အတွက်နဲ့များ' ဆိုတဲ့စကားကို နားစွန်းနားဖျား ကြားလိုက်သေးသည်။ ဒါ သူ့ကိုပြောချင်တာလား။ သူ့အတွက်ကြောင့် ထွဋ်ခေါင် ရန်ဖြစ်သလား။ သူငယ်ချင်းအရင်းကြီးနဲ့တောင်လေ။

ရှေးကုသိုလ် မနေနိုင်တော့။ ဇိုးကောင်တွေစုထိုင်သည့်နေရာသို့ ခိုးလိုက်လာခဲ့သည်။ ခြေသံလုံအောင်အသာနင်းရင်း အခန်းရှေ့ရောက်ခါနီးတော့ ထောင့်အကွယ်ကနေ ချောင်းကြည့်လိုက်သည်။ ဝိုင်းဖွဲ့သောက်စားနေကြပုံပါပဲ။ ဆရာ၊ ဆရာမတွေမပါတော့ အရက်၊ ဘီယာသောက်လည်း ရသည့်အခြေအနေပင်။

"ထွဋ်ခေါင်အကြောင်း မင်းတို့မသိဘူး။ ဒီကောင် ရှေးကုသိုလ်ကို ငြိနေပြီ။ -ီးတဲ့မှ ယောကျ်ားချင်းကြီး"

ဆေးလိပ်ကိုတစ်ဆုံးဖွာရင်း သီဟရဲ့ဒေါကြီးမောကြီးပြောသံကို သူ သေချာကြားလိုက်ရသည်။ ကျောပေးထားတဲ့ထွဋ်ခေါင်ကတော့ တောင့်တောင့်ကြီးပါပဲ။

"အေး ငါ Gay ပဲ။ ဘာဖြစ်လဲ .. မင်းကိုဘာတက်လုပ်နေလို့လဲ"

ထွဋ်ခေါင်က Gay တဲ့လား။ ဒီကိစ္စကို ရှေးကုသိုလ်တင်မက ကျန်တဲ့ဇိုးကောင်တွေလည်း ခုမှသိကြပုံပင်။

"နေထွဋ်ခေါင် .. ပထမနှစ်တုန်းက မင်းကို ရှေးကုသိုလ်နား ချဉ်းကပ်ဖို့ပြောခဲ့ကြတာ အလောင်းအစားသက်သက်ပဲလေ၊ ဒါတစ်ခန်းလုံး အသိပဲ။ သူ ဘုန်ကြီးဝတ်မယ်ဆိုလို့ အပိုဟုတ်၊ မဟုတ် အပျော်စမ်းသပ်ခဲ့ကြရုံပဲဟာ။ အခု နောက်ဆုံးနှစ်တောင်ရောက်နေပြီလေ၊ မင်း ဒီပွဲမှာ ဆက်ကစားစရာ မလိုတော့ဘူးကွ"

ဘယ်လို! ဘုန်းကြီးမဝတ်နိုင်အောင် အလောင်းအစားနဲ့ ချဉ်းကပ်ခဲ့တာ။ တစ်တန်းလုံးသိသတဲ့လား။ ထွဋ်ခေါင်က ဒါမို့သူ့ဆီကနေ အပတ်တိုင်းစာအုပ်တွေ ငှါးနေခဲ့တာလား။ အိမ်ထိခေါ်ခဲ့တာတွေကလည်း သူ့ကို ကစားနေခဲ့တာပေါ့။

ရှေးကုသိုလ် ဆက်မကြားနိုင်တော့အောင်ထိ ပြေးထွက်ခဲ့မိပြီ။ အင်အားတွေလည်း မရှိတော့ပါချေ။ သာသနာ့ဘောင်ဝင်မယ့်ကိစ္စက ဒီလောက်များ လှောင်ပြောင်စရာကောင်းနေခဲ့လို့လား။

သူကိုယ်တိုင်ကလည်း လွန်တာပါပဲ။ ငယ်ရွယ်စဥ◌်ကတည်းက ဘဘုန်းလို သာသနာပြုမယ့်စိတ်ကူးကို မိုက်မိုက်မဲမဲဖျက်ပြီး ထွဋ်ခေါင်အပေါ် စိတ်တွေယိုင်ခဲ့မိတာ။ အချစ်နဲ့ကင်းအောင်နေခဲ့ခါမှ အတုအယောင်အချစ်က သူ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရသတဲ့လား။

ရှေးကုသိုလ် ရှက်စိတ်၊ နောင်တရစိတ်တို့နှင့် ရန်ကုန် ချက်ချင်းပြန်ဖို့ ဆုံးဖြတ်လိုက်သည်။ ဒီကလူတွေအားလုံးကို သူ ဘယ်လိုမှရင်မဆိုင်ရဲတော့။ ပါလာတဲ့လွယ်အိတ်ကလေးကိုဆွဲပြီး ကားဂိတ်မှာသွားထိုင်နေခဲ့မိတာ ငူငူငိုင်ငိုင်ပါပဲ။ သူ့စိတ်တွေထပ်မယိုင်လဲခင် တစ်ခုခုယတိပြတ် ဆုံးဖြတ်မှရတော့မည်။

..........

"ဟေ ကုသိုလ်ရ .. မင်း ဆောက်လက်စသိမ်ကျောင်းတောင် မပြီးသေးဘူး။ ချက်ချင်းကြီးထပြီး ပဥ္စင်းခံချင်တော့တာလားဟ"

ရန်ကုန်ရောက်ရောက်ချင်း ဘဘုန်းကို အပူကပ်မိတာက တစ်သက်တာရဟန်းဝတ်ဖို့ပါပဲ။ တရားဓမ္မကသာ သူ့စိတ်ကို ငြိမ်းချမ်းရာရောက်အောင် ပို့ဆောင်နိုင်တော့မည်ဟု ရှေးကုသိုလ် ယုံကြည်သည်။ လောကီရေးရာတွေနဲ့ လွတ်ငြိမ်းရာ လောကုတ္တရာပိုင်းမှာပဲ ငြိမ်းချမ်းစွာ တရားအားထုတ်တော့မည်။

"တင်ပါဘုရား။ တပည့်တော် တစ်သက်တာရဟန်းခံချင်ပါပြီဘုရား"

"ဘွဲ့ရဖို့ တစ်ဖြတ်ပဲကျန်တော့တာမလား။ ၃နှစ်ခွဲတက်လာခဲ့ပြီးမှ စောင့်လိုက်ပါဦး"

ငြင်းပယ်ရပါသည်။ ဘဘုန်းလည်း သူ့ဆန္ဒကို တားမရတော့သည့်အဆုံး တစ်ပတ်အတွင်း ရဟန်းခံပေးဖို့ ပြင်ဆင်ရတော့၏။ ကျောင်းလည်းဆက်မတက်၊ ဖုန်းအဆက်အသွယ်တွေလည်း ဖြတ်ထားမိတော့တာ ရှေးကုသိုလ် တစ်ယောက်ထဲပါပဲ။

သို့နှင့် တစ်ပတ်အတွင်း လောကီရေးရာတွေ အပြတ်ဖြတ်ဖို့ စလုပ်ရတော့သည်။ မိဘတွေချန်ခဲ့သည့်အိမ်ကို အပြီးရောင်းပြီး သာသနာပြုရမည်။ မောင်းလက်စ Taxi ကိုတော့ ကပ္ပိယကြီးရဲ့တူတော်မောင်ကို မောင်းဖို့အငှါးချပေးလိုက်သည်။ နောက်မှမောင်းမယ့်သူမရှိလည်း ကျောင်းအတွက် ဘုန်းကြီးကားလုပ်လိုက်မယ် စိတ်ကူး၏။

"ကုသိုလ်ရေ .. မင်းသူငယ်ချင်း ရောက်နေတယ်"

ကပ္ပိယကြီးရဲ့အသံကြောင့် အဝတ်တွေခွဲသိမ်းနေသည့် ရှေးကုသိုလ်ရင်ထဲ ဒိန်းခနဲ။

ထွဋ်ခေါင်များလား .. ။ အလောင်းအစားကြောင့် အနားကပ်ခဲ့တဲ့သူကို ရှေးကုသိုလ် အခုထိစွဲလမ်းနေတုန်း။ ဒါလိုအမှတ်မရှိလို့လည်း လောကီဝဋ်က အမြန်ကျွတ်ချင်တော့တာ။

"ဟေ့ရောင် .. မင်းကပြန်ရောက်နေတာကိုး။ ငါတို့မှာ တမြန်နေ့ညက မင်းကိုရှာနေကြတာ"

မျှော်လင့်ချက်ယဲ့ယဲ့နဲ့ အပြင်ထွက်ကြည့်တော့ သူငယ်ချင်းဆိုတာ အတန်းထဲက EC ဖြစ်နေသည်။ အမှတ်သညာမရှိ မျှော်လင့်ရဲတာ ရှေးကုသိုလ်ပါပဲ။ ခုချိန်ဆိုထွဋ်ခေါင်က ဇိုးအဖွဲ့ထဲမှာ သူ့ကို လှောင်ပြောင်နေလောက်ရောပေါ့။

"အေးကွာ။ ငါ အရေးပေါ်ကိစ္စရှိလို့ အလောတကြီးပြန်လာလိုက်မိတယ်။ မင်းကိုအသိမပေးခဲ့ရဘူး"

"အေးပါ။ ငါလည်းဖုန်းဆက်မရလို့ လိုက်လာတာ။ မင်းပြန်ရောက်ရင်လည်း ပြီးတာပဲ။ ငါ တီချယ်ကြီးကို လူစုံပြန်ရောက်ကြောင်း ဖုန်းဆက်လိုက်တော့မယ်"

"အေးအေး"

ကွဲကြေနေတဲ့နှလုံးသားက တဖြည်းဖြည်းအေးစက်လာသည်။ ဖြစ်နိုင်ရင် အတန်းထဲကဘယ်သူနဲ့မှ မတွေ့ချင်တော့။ ပထမနှစ်ကတည်းက ကွဲခဲ့တာအရှက်က ဒီအချိန်မှာတော့ လုံးဝခံနိုင်ရည် မရှိတော့ပါပေ။

"ကုသိုလ်ရေ .. မင်းသူငယ်ချင်းပဲ ထပ်လာပြန်ပြီဟ"

အခန်းထဲပြန်ထိုင်လို့မှ မကြာသေး၊ ကပ္ပိယကြီးက ထပ်အော်ပြန်သည်။

"အာ ... ကျောင်းနဲ့ဘာမှမပတ်သက်ချင်တော့ဘူး။ ဘုန်းကြီးဝတ်တော့မှာလို့သာ ပြောလိုက်တော့ ကပ္ပိယကြီးရာ"

စိတ်တွေရှုပ်ထွေးလာတာမို့ စကားကိုအပြတ်ပြောခိုင်းလိုက်သည်။ EC ကိုတော့ အားနာမိပေမယ့် ထွက်တွေ့ဖို့ပင် တကယ်အားမရှိတော့တာမို့။

"ရှေးကုသိုလ်"

ကပ္ပိယကြီးအသံ မဟုတ်တော့။ တံခါးအဝင်ဝက အက်ရှရှအသံဟာ သူတစ်သက်မမေ့မယ့် ထွဋ်ခေါင်အသံပါပဲ။ ထွက်တွေ့ဖို့ရာ ရှေးကုသိုလ် ဘယ်လိုမျက်နှာနဲ့ ဟန်ဆောင်ကောင်းနိုင်ပါမည်နည်း။

"ငါပြန်ရောက်တယ်ကွာ။ ဘာမှမမေးဘဲ ပြန်ပါတော့"

အနောက်တံခါးပေါက်ကို ကျောခိုင်းရင်းအော်တော့ ခြေသံတချို့က နားစည်ကိုလာရိုက်ခတ်သည်။ ထွဋ်ခေါင် ဝင်လာတာလား။

"ဘာလို့မပြောမဆိုနဲ့ ထွက်သွားရတာလဲ။ စိတ်ပူနေမယ်ဆိုတာ မသိဘူးလား"

"မင်းကဘာမှန်နေလို့ ငါ့ကိုလာအော်နေရတာလဲ နေထွဋ်ခေါင်။ မင်းတို့ကြိုက်သလို ငါ့ကို လှောင်ပြောင်ဆော့ကစားပြီးပြီပဲ၊ ကျေနပ်လိုက်ကြပါတော့ကွာ။ သွားပါတော့ .. ငါထိုင်ရှိခိုးပေးရမလား"

"ဟေ့ကောင်"

မျက်နှာရှေ့တည့်တည့်ဝင်လာကာ ပုခုံးကိုဆောင့်ဆွဲလာတာမို့ ရှေးကုသိုလ် အသံတိတ်သွားမိသည်။ ဇိုးကောင် မျက်နှာကလည်း ဖူးရောင်လို့ပါလား။ ထပ်ရန်ဖြစ်တာလားကွာ။

"မင်း အဲ့ဒီညက ဘာတွေကြားသွားလဲတော့ ငါမပြောတတ်ဘူး။ အေး ဒါပေမယ့် ငါ့လိပ်ပြာငါလုံတယ်။ မင်းကိုကာကွယ်ဖို့ချည်း ငါ တိတ်တဆိတ်ကြိုးစားခဲ့တာ။ သူတို့လှောင်ပြောင်နေတဲ့ ပါးစပ်တွေကိုလိုက်မပိတ်နိုင်ခဲ့ပေမယ့် Player လုပ်ဖို့ကိုတော့ ငါတမင်နေရာယူခဲ့တာ။ ဘာလို့လဲသိလား၊ တခြားကောင်တွေဆို မင်းကိုထိခိုက်အောင်လုပ်ပြီး ဒီထက်လှောင်ပြောင်ကြမှာစိုးလို့ကွ"

ရှေးကုသိုလ်အဖို့ စကားလုံးတိုင်းကို အာရုံစိုက်နားထောင်နေမိသည်။ လှောင်ပြောင်ခဲ့တာမဟုတ်ဘဲ ကာကွယ်ခဲ့တာတဲ့လား။

"ငါဆိုတဲ့ကောင်က အထက်တန်းကတည်းက Gay ပဲ။ မင်းကိုဆော့ကစားယောင်ဆောင်ခဲ့ရင်းက တကယ်တိမ်းညွတ်လာခဲ့တယ်။ ဒါပေမယ့် သာသနာပြုမယ့်သူမို့ ငရဲမကြီးချင်တာနဲ့ လက်ရှောင်ထားခဲ့တာ။ မင်းလေယာဉ်ပေါ်မှာ ပို့ခဲ့တဲ့ရည်းစားစာကိုရတော့ ငါ ဘယ်လောက်ပျော်ခဲ့တယ်မှတ်လဲ။ မင်းလည်းငါ့လိုပဲ ခံစားချက်ရှိပါလားဆိုတဲ့စိတ်နဲ့ ငါအနားပြန်ရောက်လာခဲ့တာ"

"ရပြီ ထွဋ်ခေါင် .. ရပြီ။ ငါအထင်မှားခဲ့ပါတယ်ကွာ"

ပျော်လွန်းလို့ကျလာတဲ့ မျက်ရည်တွေကို ဇိုးကောင်လေးက သုတ်ပေးရှာသည်။ တကယ်ပဲ ထွဋ်ခေါင်က သူ့အတွက်ရှိနေပေးခဲ့တာသိရတော့ ဟုန်းဟုန်းတောက်နေသည့် မီးလောင်ပြင်ကို ရေပြင်းပြင်းထိုးချလိုက်သလို အရာအားလုံး ရုတ်ချည်းအေးချမ်းသွားသည်။

"ဒါဆို ဘုန်းကြီးဝတ်ဦးမှာလား"

"လောကီဘုံမှာပဲ မင်းနဲ့ပျော်မွေ့တော့မှာ"

"မျက်ရည်တွေနဲ့ပြောနေတာ မရှက်ဘူးလား"

ဟုတ်ပါရဲ့ .. အပျော်လုံးဆို့ပြီး သူ့မျက်ရည်တွေရွှဲနေလိုက်တာ၊ ပြောမှပဲ သူ့ကိုယ်သူ သတိထားမိတော့သည်။

"မောင်"

ခေါ်စေချင်သည်ဆိုသောနာမ်စားကြောင့် ဇိုးကောင်လေးနှုတ်ခမ်းပါး ပြုံးရိပ်သန်းသွားတာ ဆန်းစသော်တာ လခြမ်းကွေးလေးအတိုင်း။

"ငါ့ကိုချစ်တယ်မလား"

"အမေးထဲမှာ အဖြေရှိနေပြီပဲ .. မောင့်ကုသိုလ်ရယ်"

ကျောက်ဆစ်နှလုံသားကို အရည်ဖျော်နိုင်သည့်အစွမ်း၊ ဟောဒီ မောင့်အပြုံးစစကလေးတွင် ရှိသည် .. ။

15.8.2021 (Sunday)

- Fi

💛💛💛

Bạn đang đọc truyện trên: Truyen3h.Co