Unicode
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ၊ ၈ရက်နေ့။
အထက်အဇဋာကောင်းကင်တစ်ခွင်၌ မိုးတိမ်များထူထဲပြီး မှောင်မည်းခြင်းအတိ ကြီးစိုးနေသည်။ မှိန်တစ်ချက်၊ လဲ့တစ်ချက်ရှိနေတတ်သော ကြယ်စင်တန်းတို့လည်း စိုးစဉ်းမျှမမြင်ရ။ ည၏အလင်းသခင် လနတ်သားသည်ပင်လျှင် အဘယ်တိမ်ထူထူနောက်မှာ ပုန်းလျှိုးနေအံ့နည်း။
မန္တလေးည၏ လမ်းမီးတိုင်တို့ကလည်း ခပ်မှိန်မှိန်သာ ထွန်းလင်းနေတာမို့ ကောင်လေးနှစ်ယောက်မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကိုပင် ကောင်းစွာလမ်းပြမပေးနိုင်စွမ်းပေ။ သို့သော် ရှေ့ကမောင်းနှင်နေသူ ကောင်းကတော့ ဆိုင်ကယ်မီးသီးအလင်းရောင်ကို ဦးတင်ထားသလားမပြောတတ်၊ လူသူရှင်းနေသည့် လမ်းမကြီးထက်တွင် အရှိန်အဟုန်ပြင်းစွာ မောင်းနှင်နေတော့တာပင်။ နွေလေရူးကတဖြူးဖြူးသာ တိုက်ခတ်ရှာပေမဲ့ ဆိုင်ကယ်အရှိန်ကြောင့် သူတို့မျက်နှာတွေဆီ ကြမ်းရမ်းစွာတိုးဝင်ရိုက်ခတ်နေသည်မှာ ဗြုန်းဗြင်းဆန်ခတ်နှင့်။ နောက်ကထိုင်လိုက်နေရသောယံအဖို့ ပြုတ်ကျမှာစိုး၍ ကောင်း၏ခါးကိုသာ မြဲမြဲဖက်ထားရသည်။
သည်ကြားထဲက ယံ၏မျက်ဝန်းများမှာ အထက်ကောင်းကင်က ပုန်းကွယ်နေသူကို တွေ့လေမလား ရှာနေမိသေးတာပင်။
အခုချိန်မှာ ယံ အားအကျရဆုံးအရာကိုပြောပါဆိုလျှင် လနတ်သားကိုပဲ ညွှန်ပြမိလိမ့်မည်။ တကယ်အဟုတ် ... ယံလည်း လနတ်သားလို ပုန်ကွယ်လျှိုးချင်နေသည်။ ဘယ်သူမှမမြင်နိုင်သည့် တစ်နေရာရာမှာ ငြိမ်းချမ်းစွာ နားခိုနေလိုက်ချင်သည်။ ယံ အိမ်ပြန်ရောက်မှာ ကြောက်နေမိ၏။ ဒါ့ထက် ယခုလက်ရှိစီးနေသော FZဆိုင်ကယ်ကြီး ရပ်သွားမှာပိုကြောက်နေမိသည်။ အဆိုးဆုံးကတော့ ဆိုင်ကယ်မောင်းနှင်နေသော သူ့ချစ်သူတစ်ဖြစ်လဲ၊ အိမ်ထောင်ဖက်အမျိုးသား ကောင်းနှင့် စကားပြောရမှာကို ပိုမိုစိုးထိတ်နေမိတာပင်။
သို့သော် ယံ၏ဆန္ဒတွေ မပြည့်ဝခဲ့ပါပေ။ အချိန်တွေကလည်း ရပ်တန့်မသွားခဲ့သလို ကောင်းကို ကြောက်လန့်ရတဲ့ သူ့စိတ်ကလည်း ဘယ်သောအခါမျှ ငုတ်လျှိုးမသွားခဲ့။ ဒါတောင် ယံက အသက်တစ်နှစ်တိတိ ကြီးသူဖြစ်နေသေးတာပင်။ ကောင်းဆိုတာ သူ့ကိုသိပ်စိုးမိုးချင်ရှာတဲ့ ဂျစ်တစ်တစ်ကောင်ကလေး။ ချစ်တာနှင့်အမျှ သဝန်တိုစိတ်၊ အတ္တကြီးစိတ်လည်း သာမန်ထက်လွန်ကဲတာမို့ သူတို့နှစ်ဦးကြား ပြဿနာတွေပေါများလွန်းတာ မြေပြင်မှာအတွေ့များသည့် မြက်ရိုင်းတွေအတိုင်း။ အခုလည်း ယံ အမှားမလုပ်ပါဘဲ ဖြေရှင်းဖို့ဆင်ခြေတွေ ရှာကြံနေရပြန်လေပြီ။
"ကဲ .. လာ"
ပေ ၄၀x၆၀ ခြံဝင်းကလေးထဲ ဆိုင်ကယ်ရပ်ပြီးတာနှင့် နံကပ်အိမ်ကလေးဆီ ကောင်းက သူ့ကိုဆွဲခေါ်တော့၏။ ဒေါသတကြီးပြောဆိုနေပုံက နီးကပ်လွန်းသည့်ဘေးအိမ်နီးချင်းတွေ ကြားမှာကိုလည်း ဂရုစိုက်ပုံမပေါ်ပါလေ။ ဒါကိုကောင်း မရှက်ပေမဲ့၊ ယံကတော့ အော်ကြီးဟစ်ကျယ် ရန်ဖြစ်ရတာမျိုးကို သိပ်ရှက်မိသည်။ ပြဿနာကို အကျယ်ချဲ့မိမှာစိုး၍ မျိုသိပ်နေပြန်တော့လည်း သူ့အပေါ် ကြိုက်သလို လွှမ်းမိုးနေတော့၏။ အခုလည်း လက်ကိုတင်းကျပ်နေအောင်ဆုပ်ကိုင်ပြီး အိမ်ထဲဆွဲခေါ်လာတာ အကြမ်းပတမ်းနှင့်။ ချစ်သူချင်း သဘောထားကွဲလွဲကြတာဆိုဦးတော့ သည်လောက်ထိ ဒေါင်းတင်မောင်းတင် လုပ်ဖို့လိုအပ်လေသလား ကောင်း မတွေးတတ်ပါချေ။
"ထိုင် ... ဆိုစမ်းပါဦး၊ ကျွန်တော် ခရီးလေး (၃)ရက်ထွက်တာ၊ ခင်ဗျားက လုပ်ချင်တိုင်းလုပ်နေတော့တာပေါ့ ဟုတ်လား ... ဆရာဝန်လေးရ"
House Surgeon ဆင်းနေရသောသူ့ကို ကောင်းကအကြီးတစ်ယောက်လို မသတ်မှတ်သေးဘဲကိုး။ စကားတွေထင်တိုင်းပြောပြီး ကန့်သတ်ချုပ်ချယ်တာတွေက တစ်စထက်တစ်စ ပိုများပြားလာသည်။ ဒီလိုပဲ ... ကောင်းဆိုတာ သဝန်တိုတတ်သည့်နေရာမှာ ပြိုင်စံရှားပြီး သူဘာလုပ်လုပ် စိတ်မချတတ်သည့်လူမျိုး။ မိန်းကလေးတွေနှင့် အရောတဝင်နေတာ မကြိုက်တတ်သလို၊ ယောကျ်ားလေးတွေနှင့် ပေါင်းသင်းတာမျိုးလည်း သိပ်သဘောမတွေ့လှ။ ဒါမို့ ကောင်းခွင့်မပြုတာနဲ့ပဲ ယံမှာ အပေါင်းအသင်း အတော်ရှားပါးလှသည်။
အငြင်းမပွါးလိုသောယံက လေသံအေးလေးနှင့်သာ၊
"စကားကိုဆင်ခြင်ပြော ... ကောင်း။ ဂျူနီယာလေးတွေကို စာသင်ပေးတာနဲ့ပဲ အပြစ်ဖြစ်ရရောလား"
"ဖြစ်တာပေါ့၊ ကျွန်တော် ကြည့်မရတဲ့အကောင်က ခင်ဗျားနားမှာ ပူးကပ်နေတာကိုး"
"ပိုက်ဆံရဖို့ စာသင်ပေးနေတာလေ၊ အဲ့ဒါတွေ ထည့်စဉ်းစားမနေနိုင်ဘူး။ ငါ့အလုပ်ကို မနှောင့်ယှက်စမ်းနဲ့ ... ကောင်းရာ"
တစ်ကိုယ်လုံး ချွေးစေးတွေနှင့် ငြီးစီစီဖြစ်နေသည့်ယံက ကောင်းကိုခပ်အေးအေးပြန်ပြောရင်း အင်္ကျီတွေချွတ်ချလိုက်သည်။ ရေချိုးဖို့အတွက် စတိုင်လ်ပန်ကိုပါ ပုဆိုးနှင့်ထပ်လဲတော့ ကောင်းမှာ စိတ်မရှည်စွာ သူ့ကိုဆွဲထိုင်ခိုင်းတော့၏။ ကုတင်စွန်းမှာအတူထိုင်ရင်း ရန်ပွဲကို သူနဲ့အပြိုင် ဆင်နွှဲစေချင်တယ်ထင်ပါရဲ့။
"ဒီမှာ ... စကားပြောနေတာ မပြီးမချင်း ခင်ဗျားဘာမှဆက်လုပ်မယ်မကြံနဲ့။ အဲ့ဒီဆေးကျောင်းသားတွေကို ဂိုက်ပြမဲ့ကိစ္စလည်း ကျွန်တော် ခွင့်ပြုမထားဘူးလေ။ အလုပ်သင်ဆရာဝန်က ကြားပေါက်ပိုက်ဆံရှာနေရအောင် ကျွန်တော် ပေးတာမလုံလောက်လို့လား၊ မာနကြီးအရမ်းမထားစမ်းပါနဲ့ဗျာ။ ပြီးရင် ခုနကလို အရေးအကြောင်းဆို ဖုန်းလေးဆက်ရအောင် ဂျီအက်စ်အမ်ဖုန်းလေး ဝယ်ပေးထားမယ်ဆိုလည်း လက်မခံဘူး။ ခင်ဗျားက ဆရာဝန်ပေါက်စဖြစ်နေပြီ ... ဟန်းဖုန်းလေးနဲ့ဟန်လုပ်ပြီး ဖွေးဖွေးသန့်သန့်ကလေး ဆေးရုံသွားရမှာ။ သူများကို ဂိုက်ပြတဲ့ပင်ပင်ပန်းပန်းတွေ မလုပ်စမ်းပါနဲ့၊ အဲ့ကောင်တွေလည်း မျက်နှာကြောကိုမတည့်ဘူး"
ချော့တစ်ခါ၊ ခြောက်တစ်လှည့်နှင့် ပြောနေသည့်ကောင်းက သူ့ကိုများကလေးမှတ်နေသလားမသိ။ ယံဟာ စဥ◌်းစားဆင်ခြင်တတ်တဲ့ အသက်၂၂နှစ်အရွယ် အမျိုးသားတစ်ယောက်ဖြစ်နေပြီဆိုတာ ကောင်း မေ့နေပုံရသည်။ ဒါမှမဟုတ် အသက်၂၁နှစ်အရွယ်နှင့် ပိုက်ဆံအသင့်အတင့်ရှာနိုင်နေတာမို့ သူ့ကိုဦးဆောင်ချင်နေသလားတော့ မပြောတတ်။ တကယ်ဆို ကိုယ့်ထက်ငယ်တဲ့သူဆီက ပိုက်ဆံလက်ဖြန့်တောင်းနေခဲ့ရသည့်အဖြစ်တွေကို ယံ ရှက်လှပြီပင်။ မာနထိခိုက်သလို ရင်ထဲတွင်လည်း ခံစားနေရတာ တဖျဥ်းဖျဥ်းနှင့်။ သို့သော် ပြောမရဘဲ ငြိမ်ကုပ်ခံနေရသော ယံခမျာ လှောင်အိမ်ထဲကငှက်ငယ်ပမာ။
"မင်းပိုက်ဆံကို ဒီထက်ပိုမသုံးချင်တော့ဘူး ကောင်း၊ ဒါမို့ ငါ့ကိုမတားနဲ့"
ယံ ဒီလိုပြောတော့ ကောင်းက အပေါ်ပိုင်းဗလာကျင်းနေသည့် သူ့ရင်ခွင်ထဲကို ပွတ်သပ်တိုးဝင်လာသည်။ ဘယ်ဘက်ရင်အုံကို ခပ်ဖွဖွပွတ်သပ်ရင်း 'စကားနားထောင်ပါ ခင်ဗျားရယ်' လို့လည်း နှစ်ကိုယ်ကြား ပြောနေသေး၏။ ယံ နားမဝင်နိုင်ပါချေ။ ကောင်းကိုချစ််ပေမဲ့ ကိုယ့်ထက်ငယ်တဲ့ကောင်လေး၏ပိုက်ဆံကို ယူသုံးမနေချင်တော့တာ သူ့အတွက် ပြင်းပြတဲ့ဆန္ဒတစ်ခုသာ။
"ဖယ်တော့ ... ကောင်း၊ ငါရေချိုးချင်ပြီ"
ခပ်ပြတ်ပြတ်ပြောကာ ယံ ထလာလိုက်သည်။
"ခင်ဗျား သူတို့ကို စာဆက်သင်နေမယ်ဆို ကျွန်တော့်အဆိုးမဆိုနဲ့"
ရေချိုးဆပ်ပြာခွက်နှင့် ခေါင်းလျှော်ရည်ယူပြီး ထွက်လာခဲ့သောယံက ကောင်း၏စကားကို အသိအမှတ်မပြုလိုက်ပါချေ။ ပြဿနာကြီးကြီးဖြစ်မယ်လည်း မထင်ခဲ့မိတာမို့ပင်။
........
ထိုနေ့က ဇူလိုင်လ၏မိုးသည်းထန်သည့် နေ့စွဲတွေထဲကရက်တစ်ရက်။
ညနေစောင်းမှ ရုတ်တရက်သည်းထန်လာသော မန္တလေးမိုးက အညှိုးနှင့်များ ရွာချနေသလားမပြောတတ်။ ကာကွယ်စရာ ထီးတစ်ချောင်းပင်မပါဘဲ ဆိုင်ကယ်စီးနေရသော ယံအပေါ် မိုးသီးမိုးပေါက်တို့က မညှာမတာ ခုန်ဆင်းမြူးထူးနေကြသည်။ လေပြင်းတစ်ချက်တိုက်တိုင်း ဆိုင်ကယ်ရော၊ လူပါယိမ်းနွဲ့ မသွားရလေအောင် ယံ ကြိုးစားမောင်းနှင်နေရတာပင်။ လျှပ်စီးတစ်ခါလက်ပြီးတာနှင့် တဒိန်းဒိန်း မြည်ဟီးလာတတ်သည့်မိုးခြိမ်းသံတို့ကလည်း ရင်ကိုတလှပ်လှပ်တုန်စေ၏။
သို့ပေမဲ့ အပြင်မှာ လေပြင်းဘယ်လိုပင်တိုက်တိုက်၊ မိုးဘယ်မျှပဲရွာနေပါစေ .. ယံ၏ရင်တွင်း၌ဖြစ်ပေါ်နေသော မိုးကြိုးမုန်းတိုင်းလောက်တော့ ဘယ်အရာကမျှ ကြမ်းနိုင်မည်မထင်။ ယံ အိမ်ပြန်ရောက်ချင်လှပြီ။ ကောင်းကို လူချင်းတေ့တေ့ဆိုင်ဆိုင်မေးပြီး ထုနှက်ပစ်ချင်လှပြီ။ တစ်လမ်းလုံးမျိုသိပ်လာခဲ့ရသော ဒေါသအပူမီးက မိုးဘယ်မျှသည်းသည်း မငြိမ်းအေးနိုင်တော့၊ ကောင်းရှေ့ရောက်မှသာ ပေါက်ကွဲထွက်တော့မည်ဖြစ်၏။
"ခင်ဗျားရယ် ... မိုးတွေရွာနေရင်လည်း တစ်နေရာရာဝင်ခိုပါတော့လား။ အအေးမိပြီးဖျားရင် ဆေးရုံမသွားနိုင်ဘဲနေဦးမယ်။ ပေး ... ပေး၊ ကျွန်တော် ဆိုင်ကယ်သွင်းလိုက်မယ်၊ အထဲဝင်နှင့်"
ဆိုင်ကယ်မီးရောင်မြင်သည်နှင့် အပြေးလာကြိုသော အနှီလူသားက ဘာအပြစ်မှလုပ်မထားသူတစ်ဦးနှယ်။ ဆင်ဝင်တွင် ဆိုင်ကယ်ကိုအတင်းလုယူရင်း စကားတွေပြောနေသော်လည်း မိုးသံလေသံတွေကြောင့် မပီမသနှင့်။ ယံ ဘာမှမပြောသေးဘဲ အဝတ်စိုတွေနှင့်သာ အိမ်ထဲဝင်လာခဲ့သည်။
"ခင်ဗျားရေ ... အင်္ကျီလဲပြီးရင်တော့ ပါရာစီတမော့လေးတစ်ပြားလောက် သောက်လိုက်နော်"
အိမ်မိုးထားသည့် သွပ်ပြားတွေပေါ် မိုးသံတွေတအုန်းအုန်းရိုက်ခတ်နေတော့ ကောင်းက ကျယ်ကျယ်ပြောလာသည်။ ပြီးနောက် အမွှေးပွသဘက်စိမ်းကိုဆွဲယူကာ သူ့ခေါင်းကိုသုတ်ပေးဖို့ပြင်လာလေ၏။ ထိုအချိန်ကို ကောင်း၏လက်တစ်ဖက်ကို ယံ ဆွဲချလိုက်သည်။
"ဘာဖြစ်နေတာလဲ ... ခင်ဗျားရ"
စူးရဲသွားသော ကောင်းမျက်ဝန်းတွေက သားကောင်ကုတ်ခံလိုက်ရသည့် မုဆိုးတစ်ဦးနှယ်။
"မင်းဘာလုပ်ထားလဲဆိုတာ မမှတ်မိတော့တာလား .. ကောင်း။ အခုမှ ယုန်သူငယ်လေးလို အပြစ်ကင်းစင်တဲ့ပုံစံ လာဖမ်းမနေစမ်းနဲ့။ မင်းကြောင့် ငါ့ရဲ့တစ်ခုတည်းသော အလုပ်ကလေးပျက်သွားရတာ။ ပြော ... ငါစာသင်ပေးနေတဲ့ကောင်လေးတွေကို မင်း ဘာသွားပြောလိုက်တာလဲ ပြောစမ်းပါ"
ယံက သူနှင့်တန်းတူအရပ်ရှိသည့် ကောင်း၏ပုခုံးနှစ်ဖက်ကိုဆွဲကိုင်ကာ ဒေါသတကြီးမေးတော့သည်။ ကောင်းကလည်း မျက်စိပျက်၊ မျက်နှာပျက်နှင့်။ သို့သော် ပင်ကိုမာန်ကိုလည်း ချမဲ့ပုံမပေါ်ချေ။ ဟင်း ... ယံ ဒီလိုစိတ်တိုမယ်မှန်း အတပ်သိလျက်နဲ့ မနေ့က တမင်ပြဿနာရှာသွားခဲ့တာမို့ ကောင်းမှာ ဆင်ခြေဆင်လက် အပြည့်အဝရှိနေဦးမှာပင်။
"ဘာဖြစ်လဲ။ ကိုယ့်ရည်းစားကို တားမရမှတော့၊ စာသင်ချင်နေတဲ့ကောင်တွေကို သွားပြောလိုက်တာပေါ့"
ကြည့်! ကောင်းရဲ့စကားတွေ ဘယ်လောက်ပေါ့ပျက်ပျက်ဆန်လိုက်သလဲ။ သူ့ဂုဏ်သိက္ခာအတွက်များ နည်းနည်းမှထည့်တွက်ခဲ့ပုံမရ။
"ကောင်း ... မင်းကို ငါတဖြည်းဖြည်း ကြောက်လာပြီ။ ငါ့ကိုချစ်တယ်အမြဲပြောပြီး တကယ်က အတ္တတွေပဲကြီးနေတာ သိရဲ့လား။ ငါပိုက်ဆံထုတ်ပေးထားတာပဲ၊ ငါကြိုးဆွဲသလို လိုက်ကစမ်းဆိုတဲ့ အချိုးမျိုးချိုးနေတာ။ မင်းသိထားဖို့က မိုးထက်ယံဆိုတဲ့ ငါ့မှာလည်း ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ ရှိသေးတယ်ကွ။ မင်းကိုငါချစ်လို့ အားလုံးကိုသည်းခံမျိုသိပ်နေခဲ့ပေမဲ့ အခုလိုကျောင်းသားတွေရှေ့ အရှက်ခွဲတာကတော့ သိပ်တရားလွန်သွားပြီ"
အမြဲသည်းခံနေကျယံက ခုလိုဒေါသတကြီးပြန်ကာပြောတော့ ကောင်းတစ်ယောက် မခံချိ၊ မခံသာဖြစ်လာသည်ထင်ပါရဲ့။ နဖူးကြောတွေတွန့်ရှုံ့ပြီး မျက်ခုံးစွန်းနှစ်ခုက အရှိန်ပြင်းတဲ့ကားနှစ်စီး မျက်နှာချင်းဆိုင် တိုးတိုက်တော့မည့်အတိုင်း။
"ကျွန်တော် ခင်ဗျားကို အရင်တားခဲ့တယ်လေ။ အလုပ်သင်ဆရာဝန်ဘဝကိုပဲ အာရုံစိုက်ပါဆိုတာ မဆီမဆိုင်တွေ ပင်ပန်းအောင်လျှောက်လုပ်နေတာကို။ ဒါမို့ အဲ့ကောင်တွေကို သွားပြောလိုက်တာ၊ ဘာမှအရှက်ခွဲတာမဟုတ်ဘူး။ စကားလုံးအကြီးကြီးတွေနဲ့ ပုံမချဲ့နဲ့"
"အေး ... မင်းကတော့ ရွယ်တူဆရာဝန်တွေရှေ့မှာ အစ်ကိုနဲ့စာမသင်ချင်တော့ဘူးလို့ အပြောမခံခဲ့ရတော့ ဘယ်ရှက်ပါ့မလဲ။ မင်းနည်းနည်းမှ ငါ့သိက္ခာအတွက် မစဥ်းစားပေးဘူး ကောင်း။ တခြားသူတွေက ငါ့ကိုဘယ်လိုမြင်မလဲ မတွေးမိဘူးလား။ မင်း အဲဒီကောင်လေးတွေကို ဘာတွေသွားပြောလိုက်လို့ သူတို့က ဒီလောက်ခါးခါးသီးသီး ဖြစ်သွားကြတာလဲ"
ယံမေးတော့ ကောင်းကချက်ချင်းမဖြေ။ သိပ်အရေးမကြီးဟန်ပြုပြီး ဘက်နှင့် ရေစိုနေသောသူ့ဆံစတွေကိုသာ ခပ်ဖွဖွလာဖိသပ်ရင်းမှ-
"ဘာမှတောင်များများစားစား မပြောခဲ့ပါဘူး။ ငါ့ချစ်သူကို မင်းတို့စာခေါ်သင်တာ မကြိုက်ဘူးလို့ပဲ တစ်ခွန်းပြောလိုက်တာ"
ကောင်း၏ပေါ့ပျက်ပျက်စကားကြောင့် ယံ တော်တော်ကြီးသွေးပျက်သွားသည်။ သူတို့ချင်းချစ်ကြိုက်နေကြသည့်အကြောင်းကို အများကိုချမပြဖို့ အတန်တန်တားထားရက်နှင့်။ဒီအကြောင်းကိုသာ ဂျူနီယာတွေဖြန့်လိုက်ရင်ဖြင့် ယံ ကျောင်းသားတွေကို စာသင်ပြပေးဖို့မဆိုနှင့်၊ ဆေးရုံအသိုင်းအဝိုင်းမှာတောင် မျက်နှာထားစရာနေရာ ရှိမှာမဟုတ်တော့ချေ။
မိန်းမလျာမြင်လျှင် လှောင်ပြောင်ကြပြီး ယောကျ်ားလျာမြင်လျှင် မေးငေါ့ကြသည့် မြန်မာပြည်တွင် ယံ ဘယ်လိုလူတောတိုးရမည်နည်း။ LGBT ဆိုတာကို ရွံစရာ၊ လှောင်ပြောင်စရာတစ်ခုအဖြစ်သာ လက်ခံထားသည့် လူမှုအသိုင်းအဝိုင်းမို့ ယံတို့ကိစ္စ ပေါ်သွားလို့မဖြစ်ပါချေ။ ကောင်းကတော့ ဘယ်သူဘာပြောပြော ဂရုမစိုက်တတ်သည့်လူစားမို့ အဆင်ပြေပေမဲ့ ယံခမျာတော့ စိုးရွံစိတ်တို့ကြောင့် အသားတွေတဆတ်ဆတ် တုန်ရင်လာတော့သည်။ မိုးမိထား၍ ချမ်းခိုက်နေခြင်းမဟုတ်မှန်းတော့ ယံ သေချာသိပါ၏။
ထိုအချိန်ကစလို့ ကောင်းကို သူ လုံးဝစကားမပြောခဲ့တော့ချေ။ ပြောလည်း သူ့ခံစားချက်ကို အရေးမကြီးဟန် လျစ်လျူရှုဦးမှာပဲမလား။ ယံ ရင်ထဲမှာခံစားနေရသည့် မွန်းကျပ်မှုတို့ကို ဘူးသီး၊ ခရမ်းသီးလို လွယ်လွယ်ခွဲပြလို့ရကြေးဆို ကောင်းမြင်အောင် ခွဲပြလိုက်ချင်သေးသည်။ ဒါပေသိ ခွန်းကြီးခွန်းငယ်နှင့် ရန်ဖြစ်နေရရုံပဲရှိမှာမို့ ရှိရင်းစွဲသည်းခံစိတ်ကိုသာ စိတ်ရှည်ရှည် ဆက်မွေးမြူလိုက်ရသည်။
မျိုသိပ်သည်းခံခြင်းဆိုတာကလည်း ယံနှင့်အရင်းနှီးဆုံး ပုခုံးဖက်မိတ်ဆွေတစ်ဦးနှယ်။
.......
ညဦးမှသည် ညဥ့်နက်ဆီသို့ တဖြည်းဖြည်း ချင်းနင်းဝင်ရောက်လာသည်။ အငြိုးနှင့်ရွာခဲ့သောမိုးက အခုတော့ သူမဟုတ်သလို တိတ်သွားခဲ့ချေပြီ။ ပတ်ဝန်းကျင်တွင်လည်း ဖားတစ်ကောင်စ၊ နှစ်ကောင်စ အော်သံကလွဲလို့ အသံဗလံဘာမှမရှိတော့၊ အားလုံးက အလှုပ်အခတ်မရှိ ငြိမ်ကျနေလေပြီ။ ယံတစ်ယောက်ကသာ အိပ်လို့မပျော်သော မွန်းကျပ်မှုဝေဒနာကြီးကို ခံစားနေရတာဖြစ်၏။ သူ့ကိုအနောက်ကနေ ဖက်တွယ်ထားသောကောင်းကတော့ အသံတရှူးရှူးထွက်ကာ အိပ်ပျော်နေချေပြီ။ သည်တော့မှ ယံ ဖက်သိုင်းထားသောလက်တစ်ဖက်ကို အသာအယာမ,ဖယ်ရင်း အိပ်ရာပေါ်က ဆင်းခဲ့လိုက်တော့သည်။
မီးအလင်းရောင်ခပ်ပြပြကို အားစိုက်ရင်း အိမ်အရှေ့မျက်နှာသာ ထွက်လာခဲ့မိတာ တိုးတိုးဖွဖွ။ နံရံအကာအကွယ်တွေ မရှိတော့ကြောင့် လေထုက အေးမြလတ်ဆတ်နေသည်။ အသင့်ချထားသော ကုလားထိုင်လေးတွင်ဝင်ထိုင်ရင်း ကောင်းကင်ကိုမော့ကြည့်တော့ မွေးရပ်မြေဖြစ်သည့်ပြင်ဦးလွင်ကိုပင် ယံ နင့်နင့်သည်းသည်း လွမ်းသွားရချေ၏။ အရင်က ဒီလိုညတွေဆို မိသားစုအိမ်ကလေးတွင် မေမေနှင့် အတူရှိနေနိုင်ခဲ့သေးသည်။ မန္တလေးတွင်မြင်ရခဲသော တောင်တန်းတွေ၊ စိုက်ခင်းတွေကိုပါ တဝကြီးငေးနိုင်ခဲ့သည်မလား။
'အရင်က' ... ဟုတ်သည်၊ မိသားစုအိမ်နှင့်ပတ်သက်လျှင် 'အရင်က' ဆိုသော စကားစုကိုသာ ယံ သုံးခွင့်ရှိတော့သည်။ အတိတ်ဖြစ်ရပ်တွေက ပစ္စုပ္ပန်တွင်ဖြစ်မနေနိုင်မှတော့ သည်လိုတွေးရုံသာ ရှိတော့တာပေါ့။
ယံ အိမ်မပြန်ရတာ တစ်နှစ်ခွဲခန့်ရှိချေပြီ။ အိမ်မပြန်ရတာထက် အိမ်ပြန်ခွင့်မရှိတော့တာဆိုလျှင် ပိုမှန်လိမ့်မည်။ ယံ သိပ်ချစ်ရသည့်မေမေ၊ မေမေသိပ်ချစ်ရသည့် ဦးရာကျော် ... တစ်နည်းဆိုရလျှင် သူ့ပထွေးလို့ပဲခေါ်ရလေမလား၊ ဆုံးပါးသွားသည့် အဖေ၏ညီတစ်ဝမ်းကွဲဖြစ်တာမို့ ဦးလေးပဲ တော်စပ်ရလေမလားမပြောတတ်သော အိမ်၏လူကြီးသူမများက ယံ၏ဖြစ်တည်မှုကို လက်မခံနိုင်ကြချေ။ ကောင်းနှင့်ကိစ္စကို သိသွားသည့်နေ့ကစလို့ 'အခြောက်စိတ်တွေ မပျောက်မချင်း အိမ်ပေါ်ပြန်တက်မလာနဲ့' ဆိုသောစကားကို ပြန်ကြားယောင်မိတိုင်း သူ့နားထဲတွင် ပိုးကောင်ထိုးသလို တဆစ်ဆစ်နာကျင်ကိုက်ခဲနေဆဲပါပဲ။ ထိုနေ့ကစပြီး နေစရာမရှိတော့သောသူ့ကို ကောင်းကခေါ်ထားရင်းက နှစ်ယောက်အတူစနေခဲ့ကြတော့တာ ဖြစ်၏။
ထိုနေ့ ... ကောင်းနှင့်ယံတို့ ချစ်သူဖြစ်ပြီး တစ်လပြည့်ခဲ့သည့်နေ့၊ လောကကြီးအကြောင်းရော၊ တစ်ယောက်အကြောင်းတစ်ယောက်ကို ဂဃနဏမသိသေးဘဲ အတူစနေဖြစ်ခဲ့ကြသည့်နေ့ပဲ ဆိုပါတော့။ ဖုန်တက်လောက်အောင်ထိ ပြန်လှန်မကြည့်ဖြစ်ခဲ့သော အတိတ်တို့က သူ့မှတ်ဉာဏ်ထဲတွင်် ရှိနေခဲ့သေးသည်။ ယံ၏အတွေးတချို့မှာ မိုးသက်လေနှင့်အတူ လွန်ခဲ့သောတစ်နှစ်ကျော်ခန့်ကာလဆီ ပြန်ပြောင်းလွင့်စင်သွားလေ၏။
ပြင်ဦးလွင်သားဖြစ်သည့် ယံက မန္တလေးတွင် ဆေးကျောင်းတက်ဖို့ အများနည်းတူ အဆောင်နေခဲ့ရသည်။ ကောင်းကောင်းဟုအများခေါ်သော ဂျစ်တစ်တစ်ကောင်လေးနှင့် စဆုံဖူးခဲ့တာကတော့ Final part II ရောက်မှသာ။ ကောင်းမှာ မိဘတွေမရှိတော့၊ အဒေါ်အပျိုကြီး၏ ကြက်သားဒိုင်လုပ်ငန်းတွင် ဦးဆောင်ပေးရင်း ဝင်ငွေကောင်းနေသူဖြစ်သည်။ သည်ကောင်လေးကို ယံတို့နေသည့်အဆောင်ပိုင်ရှင်ထံ မနက်ပိုင်း ဟင်းစားလာပို့ရင်းက မြင်ဖူးခဲ့ရသည်။
ကျောင်းနောက်ကျ၍ ယံ အဆောင်ကနေ အပြေးအလွှားထွက်ရချိန်ဆို ကောင်းနှင့် အဆောင်အရှေ့ပေါက်မှာ ခဏခဏဆုံရတတ်၏။ မနက်ခင်းတချို့တွင် လူတစ်ယောက် ကိုယ့်ကိုအမြဲစိုက်ကြည့်နေတတ်တာမို့ ဆိုင်ကယ်နှိုးရင်တောင် ယံခမျာ အလွဲလွဲအချော်ချော်နှင့်။ သည်လိုအချိန်မျိုးဆို ကောင်းက အနားရောက်လာပြီး တယုတယစကားပြောကာ ကူညီတတ်သည်။ မြွေမြွေချင်း၊ ခြေမြင်တယ်ပဲပြောရမလား ... ယံကလည်း Gay တစ်ယောက်ဆိုတာကို စတွေ့ဖူးကတည်းက ကောင်း ရိပ်မိခဲ့သတဲ့လေ။
သည်လိုနှင့် မနက်ခင်းလေးတွေတွင် အစပျိုးတွေ့ဆုံခဲ့ရသော ကောင်းနှင့်ယံတို့ ချစ်သူတွေဖြစ်ခဲ့ကြသည်။ စာမေးပွဲဖြေခါနီးမှ ယံ အဖြေပေးခဲ့တာမို့ သူတို့မှာ သိပ်တွေ့ချိန်တောင်မရခဲ့ကြ။ နောက်ဆုံးနှစ်ဆေးကျောင်းသား ယံကလည်း စာမေးပွဲတွင်းမို့ ခေါင်းမဖော်နိုင်ခဲ့သလို ကောင်းကလည်း သူ့အလုပ်နဲ့သူ မအားလပ်နိုင်ဖြစ်နေခဲ့သည်။
ယံ စာမေးပွဲပြီးပြန်တော့လည်း သကြန်ပိတ်ရက်ကြောင့် ပြင်ဦးလွင်ပြန်ခဲ့ရ၏။ သည်တွင် ချစ်သူအသစ်စက်စက်လေးကို အပြေးတွေ့ချင်သောကောင်းက သကြန်တွင်းပြင်ဦးလွင်တွင် အတူလာနေခဲ့သည်။ မိသားစုရှေ့တွင် ပေါ့ပေါ့လျော့လျော့ နေထိုင်ခဲ့မှုကြောင့် ဦးရာကျော်နှင့်မေမေတို့ အကြောင်းစုံသိသွားခဲ့ကြတော့ ယံ အိမ်ပေါ်ကနှင်ချခြင်းခံလိုက်ရသည်။ စိတ်နာကြည်းခဲ့သောယံသည်လည်း ထိုနေ့ကစလို့ အိမ်ပြန်ဖို့ စိတ်မကူးခဲ့တော့တာဖြစ်၏။
တစ်နှစ်ကျော်က ထိုအတိတ်ဖြစ်ရပ်ကြီးမှာ ယံအတွက် ဘဝအလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့သည်။ ချစ်သူဖြစ်ခါစကောင်လေးဆီ အတူလိုက်နေခဲ့ရတာမို့ ကြုံခဲ့ရသည့်အစစအရာရာက အခက်အခဲတွေချည်း။ မိခင်ဆီက မုန့်ဖိုးလက်ဖြန့်တောင်းနေကျ ဆေးကျောင်းသားလေးမှာ သူ့ထက်ငယ်သည့်ကောင်းအပေါ်တွင် မှီခိုလာခဲ့ရသည်။ နေစရိတ်၊ စားစရိတ်သာမက ကျောင်းစရိတ်ပါ ထောက်ပံ့ပေးနေရသောကောင်းကို ယံ သိပ်မျက်နှာပူခဲ့တာပင်။
ဒါမို့ ကျောင်းစရိတ်လေးမှ ရလိုရငြား စာသင်မယ်ဆိုတော့လည်း ကောင်းကလုံးဝလက်မခံ။ နောက်ဆုံးပြောမရ၍ အလုပ်သင်ဆရာဝန်ဖြစ်သည်နှင့် ခိုးဝှက်လုပ်မိတော့လည်း ကောင်း၏တဇွတ်ထိုးဆန်သည့််ဉာဥ်ကြောင့် အခုသူအခက်တွေ့နေရချေပြီ။ ဂျူနီယာကောင်လေးတွေကများ ယံ၏ဖြစ်တည်မှုကို ဆေးလောကအသိုင်းအဝိုင်းတွင် ဖြန့်ချလိုက်လို့ကတော့လား၊ ယံ အရှက်တကွဲ အကျိုးနည်းတော့ဖြစ်ရချည်သေး၏။
မိုးသက်လေတစ်ချက်သွေးတိုင်း အတောမသတ်နိုင်သော ယံခမျာ တွေးတစိမ့်စိမ့်။ ညဥ့်မှမနက်ခင်းဆီ ကူးပြောင်းသည်ထိ ပက်လက်ကုလားထိုင်ခုံပေါ်တွင်သာ တစ်ညတာ ကုန်ဆုံးခဲ့ဖြစ်တော့သည်။
..........
နောက်တစ်နေ့ ယံ ဆေးရုံကပြန်တော့ ကောင်လေးတွေနေသည့် အဆောင်ဘက်လှည့်ထွက်ခဲ့ရသည်။ သူ Gay ဆိုတာဟုတ်မှန်ပေမဲ့ သည်အကြောင်းတွေ ဘယ်မှလျှောက်မဖွကြဖို့ ခခယယတောင်းဆိုတော့ အားလုံးအဆင်ပြေပြေ ခေါင်းညိတ်ပေးကြလို့ တော်ပါသေး၏။ ကောင်းပြောခဲ့သည့်စကားတွေကို စိတ်ထဲမထားကြဖို့ ယံ တစ်ဆက်တည်းတောင်းပန်ခဲ့ရသည်မှာ အကြိမ်ကြိမ်အခါခါ။ တပည့်လိုဖြစ်နေသော ကောင်လေးတွေအား မာနတွေခဝါချပြီး အတန်တန်တောင်းပန်ရခြင်းသည် ယံဘဝအတွက် သည်တစ်ကြိမ် ပထမဆုံးပင်ဖြစ်ခဲ့သည်။ ဒါသည်လည်း သူသိပ်ချစ်သောကောင်း ပြဿနာရှာထားခြင်းကြောင့်သာ။
"ခင်ဗျားရေ ... ညနေစားရအောင်လေ"
ဆေးရုံကပြန်လာပြီးလည်း စာဆက်လေ့လာနေရသောသူ့ကို ကောင်းကဂရုတစိုက်တော့ ရှိရှာသည်။ အစားအသောက်ကစ၊ တစ်ခါတရံ ဆေးရုံအပို့အကြိုလုပ်ပေးတာအဆုံး အားလုံးပံ့ပိုးပေးတတ်သူပါပဲ။ သူတို့နှစ်ဦးဆက်ဆံရေးကို လူတွေမေးခွန်းထုတ်လာမည်စိုး၍ အပို့အကြိုမလုပ်စေချင်သော်လည်း တဇွတ်ထိုးဆန်သည့်ကောင်းကို ယံ ငြင်းမရခဲ့ပါချေ။
"အင်း၊ ဒီ Case လေးဖတ်နေတာ ပြီးတော့မယ်၊ ခဏပဲ ... ကောင်း"
"ဘာအကြောင်းတွေမို့ ဒီလောက်ဖတ်နေရတာလဲဗျ။ ထိုင်နေတာ တစ်နာရီပြည့်တော့မယ်၊ ဇက်ကြောတွေ တက်နေလောက်ရောပေါ့"
ကောင်းက ပြောပြောဆိုဆိုနှင့် အနောက်ကနေ ဇက်ကြောဆွဲပေးရှာသည်။ တကယ်ဆို ယံ အလုပ်သင်ဆင်းရင်း စာလေ့လာရတာက ကောင်းလိုနေပူစပ်ခါးမှာ ဆိုင်ကယ်တစ်စီးနဲ့ပတ်သွားပြီး အလုပ်လုပ်ရတာလောက်တောင် မပင်ပန်းပါချေ။ ဒါမို့ နှိပ်ပေးလာသူလက်ကို အသာအယာဆွဲယူရင်း သူ့နံဘေးက ကုတင်စွန်းတွင် ဝင်ထိုင်စေလိုက်သည်။ အလုပ်တွေရှုပ်နေသည့်ကြားက အခုမှ ကောင်းကိုသေချာကြည့်မိတော့ ညိုရင့်ရင့်ဆံပင်တွေတောင် ရှည်နေချေပြီ။ နဖူးပေါ်အခွေလိုက် ဝဲကျနေသည့်ဆံစတွေကို ယံ လက်နဲ့အသာအယာ ဖယ်သပ်ပေးတော့ ကောင်းကသဘောကျပုံလည်း ရှိဟန်တူ၏။ ယံလည်း သဘောထားမတိုက်ဆိုင်တဲ့အချိန်မဟုတ်လျှင် တယုတယပြုမူတတ်သူပါပဲ။
"သားဖွားပညာအကြောင်းတွေ ပြန်ဖတ်နေတာ။ ပြီးတော့ မနှိပ်ပေးပါနဲ့ ကောင်းရဲ့၊ မင်းက ပိုပင်ပန်းပါတယ်"
"ချစ်တာကိုးဗျ။ ဂျူတီကုတ်အဖြူလေးနဲ့ ဆရာဝန်လေးကို မျက်လုံးထဲမြင်ယောင်ပြီး အလုပ်လုပ်တာမို့ နေပူလည်း မောတယ်ပန်းတယ်မထင်ပေါင်"
ချစ်ရည်ရွှန်းသည့်အကြည့်တွေနှင့် ကောင်းကပြောနေလိုက်တာ သူ့ကမ္ဘာမှာ ကိုယ်တစ်ဦးသာစိုးမိုးသည့်အတိုင်း။ ဟုတ်လည်းဟုတ်ရှာသည်၊ ယံက ကောင်းကိုမိသားစုစွန့်ပြီး ချစ်ခဲ့သည်ဆိုလျှင် ကောင်းကတော့ သူ့အတွက်ဘဝကိုပင် စွန့်မည်သူဟုပြောဖူး၏။ အသက်၂၁နှစ်သာရှိသေးသော်လည်း အတန်းပညာကို အဝေးသင်သာယူထားပြီး ယံအတွက် စီးပွားရေးကိုသာ ဇောက်ချလုပ်ကိုင်နေသူဖြစ်သည်။
"အလုပ်ကိစ္စတွေက အဆင်ပြေရဲ့လား ကောင်း။ အကုန်အကျတွေ အရမ်းများနေရင် ငါ့ကိုမပေးနဲ့တော့နော်၊ သုံးစရာ နည်းနည်းပါးပါးရှိသေးတယ်"
"အမလေးဗျာ၊ ပူတတ်ရန်ကော။ ကောင်းကောင်းပါ ... ကြက်သားဒိုင်ဈေးကွက်မှာ အကွက်မြင်တတ်လွန်းလို့ ပြိုင်ဖက်တွေမနာလိုဖြစ်နေကြတာ။ ဒါတောင် ဟောသည်ကခင်ဗျားကို စိတ်မချတော့လို့ နယ်ဝေးတွေ ကြက်ဖမ်းမလိုက်တော့တာ၊ မဟုတ်ရင် နှစ်ဆလောက်ငွေပိုဝင်မှာသိလား။ ငွေရေးကြေးရေး ခြေသလုံးမွှေး၊ ပေါများလွန်းလို့ ဖြုန်းပေးမဲ့ဆရာဝန်လေးကသာ များများတောင်း"
ကောင်း ငွေအရှာတော်တာသိပေမဲ့ လုပ်နေသည့်အလုပ်က အကုသိုလ်နှင့်နှီးနှောနေတာမို့ ယံ သိပ်သဘောမကျလှပေ။ သို့ပေမဲ့ ဘယ်နှခါတားတား ဒါပဲလုပ်တတ်တယ်၊ ဒါပဲလုပ်မယ်ဆိုတာမျိုးပဲပြောသည်။ သူ့အပေါ်မှီခိုနေရသလိုဖြစ်နေသည့် ယံအဖို့ ဘာများပြောနိုင်ပါမည်နည်း။
"ဒါနဲ့ ခင်ဗျား လမ်းထိပ်ကဆိုင်မှာ ဂျီတော့ခ်သွားသုံးသေးတယ်ဆို၊ ငထိုက်အကုန်ပြန်ပြောပြတယ်နော်။ အဲ့ပေါ်မှာ တခြားကောင်မလေးတွေနဲ့ စကားပြောလို့ရတယ်မလား။ ကျွန်တော်မကြိုက်ဘူး၊ ထပ်မသုံးနဲ့"
ဒီလိုပါပဲ။ ကောင်းတားမြစ်လျှင် ယံခေါင်းညိတ်လိုက်ရတဲ့ အရေအတွက်တွေဆိုတာ နည်းမှမနည်း။ ဖြစ်ချင်တာမှန်သမျှကလည်း ကောင်း ခွင့်ပြုမှလုပ်ရတာ သူ့အတွက်တော့ ရိုးအီနေပြီပင်။ သည်လူကိုမှ ချစ်မိတော့လည်း သည်လူအလိုကျပဲပေါ့။
"ကောင်း"
"ဗျ"
"မင်း ငွေဝင်များတာလည်း များတာပေါ့။ ဒါပေမဲ့ ငါလည်းတစ်ဖက်တစ်လမ်းက စာသင်ရင်းငွေရှာချင်သေးတယ်လေ။ မင်းသဝန်တိုတယ်ဆိုလို့ ငါဒီတစ်ခါ လက်မခံလို့မကောင်းတဲ့ ဆယ်တန်းကျောင်းသားလေးတစ်ယောက် သင်ပေးမယ်ပြောထားသေးတယ်၊ အဆင်ပြေတယ်မလား"
ကောင်း မျက်နှာညိုညိုမှာ မှုန်ကုတ်သွားပြန်သည်။ နဂိုကြည့်ကောင်းသည့် မျက်ဝန််းညိုတို့မှာ သည်လိုသဘောမတွေ့ချိန်ဆို ကြောက်စရာကောင်းအောင် စူးရှလို့ပါလား။
"ဘယ်သူမို့လို့လဲ"
"ဆေးရုံအုပ်ကြီးရဲ့သား"
"မလုပ်စေချင်ဘူး ... ခင်ဗျားရယ်"
လက်ခံနိုင်လောက်သည့် အနေအထားကိုပဲ ယံပြောတာမို့ နောက်ဆုံးတော့ ကောင်းကအင်တင်တင်နှင့် သဘောတူသွားသည်။ လည်တိုင်တစ်ချက်ဆွဲလို့ ရှေ့တိုးစေပြီး ကောင်းကိုအနမ်းတစ်ပွင့် စွန့်ကြဲလေတော့ 'ဒါ လာဘ်ထိုးတာလား' ဟု ပြုံးပြုံးကလေးမေး၏။ 'ချစ်လို့ပါကွာ' လို့ ယံ လူကြီးဆန်ဆန်ကလေး ပြန်ဖြေတော့ ကောင်း၏အနမ်းရှည်တချို့ သူ့နှုတ်ခမ်းဖျားဆီ တနင့်တပိုး ကြဲဖြန့်လာပြန်သည်။
အတူနေခဲ့သည့်တစ်နှစ်ကျော်အတွင်း ရန်တကျက်ကျက်ဖြစ်ချိန်တွေ မရေမတွက်နိုင်အောင် ရှိခဲ့ဖူးပေမဲ့ သည်လိုချစ်စဖွယ်နေ့ရက်တွေဆိုတာလည်း ရှိခဲ့ပါသေးသည်။ ဝမ်းနည်းခြင်းတွေပြီးလျှင် ပျော်ရွှင်ခြင်းတွေ လာတတ်တာပဲမလား။ သို့ပေမဲ့ ပျော်ရွှင်ခြင်းပြီးလျှင် ဝမ်းနည်းခြင်းဆိုတာ တစ်ကျော့ပြန်လှည့်လာတတ်သည့် ဒဿနိကဗေဒတစ်ရပ်ကိုတော့ ကောင်းရော၊ ယံပါသတိမထားမိခဲ့ကြချေ။
...........
"ထက်ယံ ... အစ်ကို ညနေစောပြန်မယ်နော်၊ ခုနက Patient ကို ညဘက်တစ်ခေါက် ပြန်ကြည့်ပေးပါဦး"
"ဟုတ်၊ ရပါတယ်အစ်ကိုရ။ ကျွန်တော်လည်း ဒီည Night duty ပါ ဆက်ယူပေးရမှာ"
ဖျားနာဆောင်ဘက်ဆီ ခပ်သုတ်သုတ်ကူးလျှောက်နေကြရင်း ဒေါက်တာမျိုးမြတ်က ယံကိုပြောလာခြင်းဖြစ်၏။ အလုပ်သင်ဆရာဝန်ဘဝတွင် အလုံးစုံတတ်မြောက်ချင်သည့်စိတ်ကြောင့် ယံကစီနီယာတွေအလိုကျ ကူညီဖြည့်ဆည်းပေးတတ်သူဖြစ်သည်။ ဒါမို့ အစ်ကို၊ အစ်မတွေကလည်း ဘာပဲခိုင်းခိုင်း သွက်လက်နေတတ်သော ယံကို သဘောကျကြပါ၏။
"မင်းတောင် House ဆင်းတာပြီးတော့မယ်နော်၊ M.Sc. ဆက်တက်မှာမလား"
"ကျွန်တော် စဉ်းစားနေတုန်းပါပဲ အစ်ကိုရာ၊ ငွေရေးကြေးရေးပိုင်းကလည်း ရှိသေးတော့ ပြန်ချိန်ကြည့်နေရသေးတယ်"
တကယ်လည်း တက်ချင်စိတ်ရှိပေမဲ့ ကောင်းငွေတွေကို ထပ်မသုံးချင်တော့တာမို့ ယံ အခက်တွေ့နေသေးသည့် အခြေအနေပင်။
"မင်း IELTS လည်းမြင့်သားနဲ့ UK ကခေါ်နေတဲ့ MRCP လျှောက်ကြည့်ပါလား။ မင်းအရည်အချင်းနဲ့ဆို ပါနိုင်ပါတယ် ။ ဟိုမှာကျောင်းတက်ရင်း အလုပ်ဝင်၊ ပြီးမှ တော်ဝင်သမားတော်ဘွဲ့ယူပြီး ပြန်လာခဲ့ပေါ့ကွာ။ ပညာတော်သင်ဆိုတာ မင်းတို့လိုလူလွတ်လေးတွေ သွားလို့အကောင်းဆုံး၊ ငါတို့လို နောက်ကတိုးလိုးတွဲလဲရှိတဲ့သူတွေဆို အဆင်မပြေဘူးဟေ့"
တကယ်ဆို ယံလည်း လူလွတ်မှမဟုတ်ပါဘူးလေဟု ပြန်ပြောလိုက်ချင််ပေမဲ့ ဘယ်လိုမှမရဲပါပေ။ သည်ပညာသင်ဆုအတွက် ယံ မတွေးထားဘဲနေမလား။ ကောင်းကို ပြောမရမှာစိုးလို့သာ အခြေအနေကြည့် ငြိမ်နေရလေသည်။
"ကျွန်တော် ကြိုးစားကြည့်ပါဦးမယ် အစ်ကိုရာ"
"အသံကအင်တင်တင်နဲ့ ... အင်း၊ မင်းလည်းဆရာဝန်တစ်ယောက် ဖြစ်တော့မှာပဲ။ အဓိကနဲ့သာမညကို ခွဲခြားဆုံးဖြတ်ပေါ့ကွာ"
Ward ထဲရောက်ကာမှ အဓိပ္ပါယ်ရှိရှိပြောလိုက်သော စီနီယာစကားကြောင့် ယံ အနည်းငယ် ကြောင်အမ်းသွားသည်။ ဘာကအဓိက၊ ဘာကသာမညလည်း မပြောတတ်။ သို့သော် အများကြီးတော့လည်း သိပ်မတွေးဖြစ်ခဲ့ပါပေ။
........
နေ့လယ်ကတည်းက တောက်လျှောက်မနားမနေ လုပ်ကိုင်နေရသော ယံတစ်ယောက် နေကျချိန်တွင်တော့ အနည်းငယ်နွမ်းလျနေပြီပင်။ တစ်ညလုံးလည်း တာဝန်ရှိသေးတာမို့ သူခဏတော့ နားဦးမှဖြစ်မည်။ ဒါတောင် Night duty ရှိသည့်ညမို့ ဆယ်တန်းကလေးကို စာသွားမပြရခြင်းဖြစ်၏။ မဟုတ်လျှင် သည်လိုချိန်ဆို ယံတစ်ယောက် ဆေးရုံအုပ်ကြီးသားကို စာပြပေးဖို့ အပြေးသွားနေရလိမ့်မည်။
"ကိုထက်ယံ ... ဟိုအစ်ကိုက သူရှေ့မှာရောက်နေပြီတဲ့"
ဌာနတွင်းဝင်ထိုင်ရင်း အမောဖြေနေခိုက် သူနာပြုဆရာမလေးတစ်ယောက်က ခရီးသွားဟန်လွဲ ဝင်ပြောပေးသောအသံ။ ကောင်း ထမင်းဗူးလာပို့သည်ထင်ပါရဲ့။ သို့ပေမဲ့ ဖြတ်ခနဲ ယံ သတိထားမိလိုက်သည်က ဆရာမလေးနှစ်ယောက်မျက်နှာမှာ သူခန့်မှန်းလို့မတတ်သော အငွေ့အသက်တစ်မျိုး ဖုံးလွှမ်းနေဟန်ရှိသည်။ ခါတိုင်းတော့ သူ့ကိုဆို တပြုံးပြုံးစနောက်တတ်ကြသည့် ဆရာမလေးတွေက အခု သူ့ကိုကြောက်ရွံ့တာလိုလို၊ စကားမပြောချင်တာလိုလို။ Ward ထဲမှာ အချင်းချင်းစနောက်နေကြသူတွေမို့ ဘာတွေများနှာကောက်နေကြသည်မသိ။ ယံ 'ကျေးဇူး' ဟုသာ အင်တင်တင်ပြောမိပြီး ထလာခဲ့ရသည်။
မဟုတ်မှ ကောင်းများ ဘုဘောက်နဲ့ တစ်ခုခုပြောလွှတ်လိုက်သေးသလား။
မြောက်လေပြန်စ ဟေမာန်ဆောင်းဦးအလှကို Ward ထဲကထွက်တာနှင့် တန်းမြင်နေရသည်။ နေ့တာက တဖြည်းဖြည်းတိုတောင်းလာတော့ နေဝင်ချိန်လည်း စောပြီထင်ပါရဲ့။ အနောက်ကောင်းကင်တစ်ခွင်တွင် တိမ်တိုက်တို့ ရောင်ဝါတညီးညီးနှင့် ကွန်မြူးနေကြသည်မှာ သက်တံ့ရောင်စဥ်တန်းတွေသဖွယ်။ နေရောင်ကိုမြင်ရသေးသော်လည်း နေလုံးနီနီကတော့ ကမ္ဘာတစ်ဖက် ကူးသွားရှာချေပြီ ထင်ပါရဲ့။
"ခင်ဗျားရေ..."
ကောင်းကင်ကိုငေးရင်း ဖြည်းဖြည်းလျှောက်လာတော့ ကောင်းကသူ့ကိုမမြင်ဘူးအထင်နှင့် အသံလှမ်းပြုရှာသည်။ Night duty ရှိတိုင်း တားမနိုင်ဆီးမရ ရောက်,ရောက်လာတတ်သူကို ယံက အဘယ်မမြင်အံ့နည်း။ ဆေးရုံဝင်းထဲက ကွပ်ပျစ်တွင် ခြင်းတောင်းတစ်တောင်းနှင့် ညနေစာလာပို့တတ်သောကောင်းအား ယံသာမက လုပ်ဖော်ကိုင်ဖက်ဆရာဝန်တချို့လည်း မြင်ဖူးနေကြပြီးသားဖြစ်သည်။ သို့သော် အတူနေသည့်ညီတစ်ဝမ်းကွဲဟု လိမ်ပြောထားခဲ့သောကြောင့် ဘယ်သူကမှတော့ အထင်မလွဲရဲကြပေ။
"ငါ့ဘာသာ ဒီနားဝယ်စားလည်းရပါတယ် ကောင်းရယ်။ အလုပ်တစ်ဖက်နဲ့ လာပို့နေသေးတယ်"
"ဝယ်စားတာတွေက ကောင်းမှမကောင်တာ။ ပြီးတော့ ညနေဖက်ဆို ဈေးသိမ်းပြီပဲဟာ သိပ်အလုပ်မရှုပ်ဘူးလေ"
ယံ သိပါသည်။ ကောင်းအလုပ်က မနက်၃နာရီလောက် ဈေးချိန်မှီအောင်ထသွားရပေမဲ့ ညနေဖက်ဆိုအားနေမှန်း ယံ သိပ်သိတာပေါ့။ ဆေးရုံဝန်းထဲ သည်လိုထမင်းဗူးလာမပို့စေချင်၍ တမင်လွှဲပြောခြင်းကို ကောင်းက သဘောမပေါက်ပေ။ သူတို့နှစ်ယောက်အခြေအနေကို တစ်ယောက်ယောက်ကများ ရိပ်မိသွားလျှင် ဘယ်နှယ့်လုပ်ပါမည်နည်း။ သိများသိကြရင်တော့ ယံ အရှက်ကိုအသက်နှင့်တောင် လဲပစ်ရလိမ့်မည်။
"ဘာတွေးနေတာလဲ"
ကောင်းက အမေးထုတ်လာတော့ စိုးရိမ်စိတ်ကို လုံအောင်ပြန်ဖုံးရင်း ကွပ်ပျစ်တွင် ဝင်ထိုင်လိုက်ရသည်။
"မတွေးပါဘူး။ ဒါနဲ့ ခုနက သူနာပြုဆရာမလေးတွေကို ဘာများပြောလိုက်သေးလဲ"
"ဒေါက်တာမိုးထက်ယံကို ကျွန်တော်ရောက်နေကြောင်း ပြောပေးပါလို့ပဲလေ။ ဘာလဲ ... သူတို့က ဘာတွေတိုင်လို့လဲ"
ကောင်းကိုကြည့်ရတာတော့ ပေါ့ပေါ့ပါးပါးပင်။ ဆရာမလေးတွေပဲ လူနာကျလို့ မျက်စိမျက်နှာပျက်နေကြတာပဲ ထင်ပါရဲ့။
"ဘာမှတော့မပြောပါဘူး"
"ရော့ ... ပေါ်ဦးပေါ်ဖျား လိမ္မော်သီးလေး အရင်စားဦး။ ခင်ဗျား အသားအရည်လေးလှပြီး ဖွေးဥနေတာ ကျွန်တော် အသီးများများကျွေးလို့ဖြစ်မယ်"
ချစ်သူ့အပြောကြောင့် ရယ်မောရပါသည်။ ယံ စိုးရိမ်စိတ်တွေ ခဏလွှတ်ချပြီး ကောင်း ခွံ့လာသောလိမ္မော်သီးတစ်စိပ်ကို အရသာရှိရှိစားလိုက်၏။ ကောင်းလည်း သနားစရာတော့ကောင်းလှသည်။ ချစ်သူတွေဖြစ်နေတာကို လူတွေကိုဖွင့်ပြောကြဖို့ တဖွဖွတောင်းဆိုခဲ့ပေမဲ့ ယံက လိုက်လျောမပေးပေ။ ညီဝမ်းကွဲအဖြစ်နှင့်ပဲ အားလုံးကိုလိမ်ညာထားတော့ ကောင်းလည်းငြိမ်နေရသည်။ သူတို့လို လိင်တူချစ်ကြိုက်သူတွေအတွက် လူအသိုက်အဝန်းမှာ နေရာလေးပေးကြမယ်ဆိုရင်တော့ ယံလည်းကောင်းကို ဂုဏ်ယူဝံ့ကြွားစွာ ပွဲထုတ်မိမှာပင်။
အခုတော့ သူများပစ္စည်းခိုးတာလည်းမဟုတ်ပါဘဲ သူတို့ခမျာ ဖုံးတစ်ဝက်၊ ကွယ်တစ်ဝက်ရယ်နှင့်။
"ကောင်း"
"အင်း ပြောလေ"
"ငါ နိုင်ငံခြားပညာတော်သင်ဆုလျှောက်မလို့"
နှစ်လုံးမြောက်လိမ္မော်သီးကို အခွံနွှာနေသောကောင်း၏လက်ချောင်းတွေ လုံးလုံးရပ်တန့်သွား၏။ သူနှင့်ရှိချိန်တိုင်း မျက်နှာပေါ်တွင်အမြဲဆင်မြန်းထားတတ်သည့် အပြုံးအရယ်တွေပင် ရုတ််ချည်းထွက်ပြေးကုန်ကြသည်။ ယံ ထင်ထားသလိုပါပဲ၊ ကောင်း သေချာပေါက်သဘောမတူလောက်ဘူးပဲ ထင်ပါရဲ့။
"ကျောင်းဆက်တက်ချင်ရင် ဒီမှာပဲဆက်တက်ပါ ခင်ဗျားရဲ့၊ ပိုက်ဆံ ဘယ်လောက်ကုန်ကုန် ရှာပေးပါ့မယ်။ ကျွန်တော့်ကိုထားပြီးတော့ ဘယ်နိုင်ငံမှသွားမယ် စိတ်မကူးနဲ့"
"ဒါဆိုကောင်းရော လိုက်ခဲ့လေ"
မျက်ဝန်းညိုတွေ ယံဆီလှည့်ကြည့်လာချိန် စူးရှနေလိုက်တာ အမှောင်ပျိုးစအချိန်မှာတောင် အထင်းသား။
"ကျွန်တော်က ဘာပညာမှတက်တဲ့ကောင်မဟုတ်ဘူး။ နိုင်ငံခြားလိုက်ပြီး ဘာလုပ်နေရမှာလဲ။ ကျွန်တော်မလိုက်ဘူး၊ ခင်ဗျားလည်း မသွားရဘူး"
"ဒေါက်တာရေ ... ပန်းနာရင်ကျပ်လူနာ ရောဂါပြန်ထလာတယ်ပြောလို့ လိုက်ခဲ့ပေးပါဦး"
သူနာပြုဆရာမလေးအပြောကြောင့် ယံခမျာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားသည်။ နေ့လယ်က စီနီယာမှာသွားတဲ့လူနာပါပဲ။
"ကောင်း ပြန်လိုက်တော့နော်၊ ငါသွားပြီ"
ယံ ထမင်းဗူးကို အမြန်ထုတ်ယူပြီး Ward ထဲအပြေးပြန်ဝင်ခဲ့သည်။ နိုင်ငံခြားပညာတော်သင်ကိစ္စကိုတော့ သူတို့ပြီးပြတ်အောင် မဆွေးနွေးဖြစ်လိုက်နိုင်ချေ။
မှောင်ရီပျိုးလာပြီမို့ ကော်ရစ်တာတစ်လျှောက် လေးပေမီးချောင်းတွေ အစီအရီထွန်းထားပြီးလေပြီ။ လူနာနေသည့်အခန်းဆီရောက်ဖို့ ယံရော၊ ဆရာမလေးပါ မပြေးရုံတမယ် လျှောက်နေကြရ၏။ ကော်ရစ်တာမှာလည်း လူမမာတချို့နှင့် ကလေးတွေရှိနေတာမို့ သူတို့ပြေးလွှားနေ၍လည်း မဖြစ်ပါချေ။
"ဒေါက်တာလာပြီ၊ ဖယ် ... ဖယ်"
အခန်းထဲဝင်တာနှင့် သူနာပြုဆရာမလေးက ဝိုင်းအုံနေသည့်လူအုပ်ကို ဖယ်ခွာစေလိုက်သည်။ ရိုးရိုးလူနာခန်းမို့ ကုတင်(၆)လုံးနှင့် လူတွေကအပြည့်အကျပ်။ တစ်ယောက်က ရောဂါထတယ်ဆိုတော့ အားလုံးကစိတ်ပူပြီး ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေကြပုံပင်။ လူနာဦးလေးကြီးမှာလည်း လှဲအိပ်နေရတာ မသက်မသာပုံစံနှင့်။
"ဆရာမ လူနာကိုအသက်ရှုရလွယ်အောင် နည်းနည်းမတ်ပေးမယ်၊ ပြီးမှ Ventolin တစ်ချက်ချင်းရှုခိုင်းမယ်နော်။ ကဲ ... မ"
နှုတ်ကတရစပ်ပြောလိုက်သည့်အတိုင်း ဆရာမလေးနှင့်ယံတို့ တစ်ဖက်စီမတ်ပေးမည်အလုပ် ... လူနာက ယံ၏လက်ကိုယမ်းချသည်။ ရုတ်တရက် ယောင်ယမ်းချလိုက်မိသည်အထင်နှင့် ယံ ထပ်ကိုင်မ,လိုက်တော့ လူနာဦးလေးကြီးဆီက ထွက်ပေါ်လာတာ အက်ကွဲနေသည့်စကားသံ ခပ်သဲ့သဲ့။
"မကိုင်နဲ့၊ မကုနဲ့ ... အခြောက်ဆရာဝန်ဆို မကုချင်ဘူး။ နေ့လည်က ဆရာဝန်ပဲခေါ်ပေးစမ်းပါ အဟွတ် ... ဟွတ်"
မထင်မှတ်ဘဲထွက်လာသော လူနာ၏စကားသံကြောင့် ယံတစ်ယောက် ခြေတစ်လှမ်းနောက်ပြန်ဆုတ်မိရင်း ဆွံအသွားသည်။ ဘယ်လိုများသိသွားရသလဲ၊ သူ သည်လောက်ဖုံးဝှက်ထားတာတောင် လူနာက ဘယ်လိုသိသွားရသလဲ။ ဘေးက လူအုပ်စုလိုက်ကြီးကို လှည့်ကြည့်မိတော့ အားလုံး၏အကြည့်တွေက သူ့ကိုရွံရှာဟန်နှင့်။ သို့ပေမဲ့ အံ့အားသင့်ပုံတော့လည်း သိပ်မပေါ်ကြ၊ ဘာလဲ ... အကုန်သိထားပြီးကြတာလား။
မျက်တောင်တစ်ခတ်စာပင် မကြာသည့်အချိန်အတွင်း ယံခေါင်းထဲစက်သေနတ်နှင့် တရစပ် တေ့အပစ်ခံရသလို မူးမိုက်သွားချေသည်။ မျက်လုံးကို ခပ်နာနာမှိိတ်လိုက်မိပြီး ဟန်ချက်ညီအောင် ခြေထောက်နှစ်ဖက်ကိုအားစိုက်လိုက်ရတာ အလျင်အမြန်။ ယံ အစိုးရိမ်ခဲ့ဆုံးသော သူ့ဘဝအမှောင်တစ်ခြမ်းက သည်ကိစ္စကြီး။ အခုတော့ တစ်သက်လုံးကျင်လည်ရမည့် ဆေးရုံနှင့်စပ်ဆက်ရာ အသိုင်းအဝိုင်းမှာတင် ဘူးပေါ်,ပေါ်သလို ပေါ်သွားခဲ့သတဲ့လား။
ယံ တာဝန်ယူကုပေးနေရသည့် လူနာတွေ၊
တပြုံးပြုံးနှုတ်ဆက်နေကျ ဆရာမတွေ၊
ရွယ်တူလုပ်ဖော်ကိုင်ဖက်တွေ၊
သူ့အထက်က လေးစားရတဲ့စီနီယာတွေ ...
အားလုံးအားလုံးရှိနေသည့်ရပ်ဝန်းမှာပဲ ယံ အရှက်ခွဲခံလိုက်ရတာဖြစ်၏။
"လူတွေဝိုင်းအုံမနေဘဲ ကိုယ့်နေရာကိုယ် ထိုင်ပေးပါရှင်၊ ဆရာမ Ventolin ရှုခိုင်းဖို့လုပ်လေ ... ဘာငေးနေတာလဲ"
ရုတ်တရက် အနောက်မှဝင်လာသော စီနီယာအစ်မက ယံအတွက် ကယ်တင်ရှင်နတ်သမီးအလား။ ကြောင်အမ်းအမ်းဖြစ်နေရာက အစ်မကို မျက်လုံးချင်းဆုံမိသွားတော့ ခေါင်းတစ်ချက်ဝှေ့ပြကာ ယံကိုအပြင်ထွက်ခိုင်းပုံရသည်။ သူ ထွက်ပြေးခဲ့ပါ၏။ ဟိုးကမ္ဘာ့အပြင်ဘက် ဘယ်သူမှမမြင်နိုင်သော နေရာတစ်ခုဆီကိုတောင် ရောက်သွားလိုက်ချင်ပါဘိ။
ကော်ရစ်တာမှတဆင့် သူ တအုန်းအုန်းပြေးသွားပြီးနောက်ဆုံး ဆရာဝန်များအတွက် သီးသန့်ပေးသုံးထားသော ရေအိမ်ဆီ ရောက်လာခဲ့သည်။ ယံ အထဲရောက်တာနှင့် အခန်းလွတ်တွေထဲက ထောင့်ဆုံးအခန်းကိုရွေးကာ တံခါးပိတ်ချလိုက်သည်က ဂျိန်းခနဲ။
အရွေ့အလျားမရှိ ထိုင်ချပြီးတာတောင် သူ့မျက်လုံးတွေ ပြာဝေနေဆဲဖြစ်သည်။ အမောတကောပြေးလာခဲ့တာမို့ နှလုံးခုန်နှုန်းက ပေါက်ထွက်တော့မည့်အတိုင်း တဒိန်းဒိန်းနှင့်။ ကြောက်ဖို့ကောင်းလိုက်တာ၊ ယံကို ဝိုင်းကြည့်နေကြတဲ့အကြည့်တွေများ ကြောက်ဖို့ကောင်းလိုက်တာ။ လိင်တူချင်းချစ်ကြိုက်မိတာနှင့် သူ့ကိုဘာလို့များ အနာကြီးရောဂါသည်သဖွယ် ရွံရှာသလိုကြည့်ကြရသနည်း။ တကယ်ဆို ယံ ခိုင်းနှိုင်းမိတာထက်တောင် များစွာပိုပါသေးသည်။ မမြင်အပ်သည့်မစင်ပုံကို ကြည့်မိကြသလို၊ ပိုးအလိမ်လိမ်ထိုးနေသည့် ပုပ်ကောင်တစ်ကောင်ကို မြင်လိုက်ရသလို မတူမတန်ဖွယ်အကြည့်တွေနှင့်။
တွေးရင်းတွေးရင်း ယံ ခန္ဓာကိုယ်တစ်ခုလုံး ထိန်းချုပ်မရအောင် တုန်ရင်လာချေပြီ။ မျက်ရည်တွေဆိုတာလည်း မကျမစဖူး ပါးပြင်ပေါ်မှာ ပိုးပိုးပေါက်ပေါက်ရယ်နှင့်။ ယံ ဘယ်လိုများ အပြင်ပြန်ထွက်ရပါနည်း။ သတ္တိနည်းတာလား၊ ယောက်ျားမဟုတ်ဘူးလားဟု အမေးထုတ်လာလျှင် ယံ ယောကျ်ားဟုတ်ပါသည်။ သို့သော် အရှက်နှင့်လူလုပ်နေသူမို့ သည်ကိစ္စကြီးကိုတော့ ရင်မဆိုင်ရဲလောက်အောင် ကြောက်ရွံ့နေမိတာဖြစ်သည်။ သူ့ကိုအထင်မြင်သေးသည့် ဘယ်အကြည့်ကိုမှ ယံ ခံနိုင်ရည်ရှိမှာမဟုတ်။
"မင်း အိမ်တန်းပြန်မှာလား သက်နိုင်"
ခြေသံတရှပ်ရှပ်နှင့် လူသံတွေကြားတော့ ယံ အသက်ရှူတာကို ရပ်လိုက်မိတာတန့်ခနဲ။ အသံဟူ၍ တစ်စွန်းတစမှမထွက်ချင်တာမို့ နှုတ်ကိုပါ လက်နှစ်ဖက်နှင့်အုပ်လိုက်မိတာလည်း အထပ်ထပ်။ ယံ သည်အခန်းထဲမှာရှိနေတာကို ဘယ်သူ့ကိုမှမသိစေချင်၊ ဖြစ်နိုင်လျှင် သူ့ဖြစ်တည်မှုဆိုတာကိုပါ အခုချိန်မှာ မြူမှုန်ထက်သေးနုပ်သွားအောင်ပင် ဖျောက်ဖျက်ပစ်ချင်မိသည်။
"အစကတော့ အိမ်ပြန်မလို့ပဲ၊ ဒါပေမဲ့ ခုနက ရင်ကျပ်တဲ့လူနာက ထက်ယံကို အခြောက်ဆရာဝန်ဆိုပြီး အကိုင်မခံဘူးကြားတယ်။ Ward ထဲပြောနေကြတာ ပွက်လောရိုက်လို့တဲ့၊ အဲ့ဒါလေး သွားစပ်စုကြည့်ဦးမယ် ဟဲဟဲ"
"ငါပြောတုန်းကကျမယုံဘဲ အခုမှ အခြောက်ကောင်ကို စိတ်ဝင်စားနေပြီမလား"
ဘယ်သူမှမရှိဘူးအထင်နှင့် စကားပြောနေကြသော သက်နိုင်နှင့်အောင်ထက်တို့ကြောင့် ယံ ကျောတွင်းတစ်နေရာကနေတောင် လှိုက်စိမ့်လာသည်။ သူ့လို House ဆင်းနေရသော တစ်တန်းတည်းအတူတက်သည့် သူငယ်ချင်းတွေဖြစ်ပါလျက်နှင့် အခုတော့ သူ့ကွယ်ရာတွင် အခြောက်ဆရာဝန်ဆိုပြီး အရသာရှိရှိပြောနေကြသတဲ့လား။ ခံပြင်းဒေါသဆိုသော စိတ္တနာမ်တွေ ယံ အသွေးအသားတွေထဲ စီးဆင်းလာလိုက်တာ တငွေ့ငွေ့နှင့်။
"မင်းက ဘယ်ကတည်းက ရိပ်မိနေတာလဲ"
"ကြာပေါ့၊ အဲ့ကောင် အိမ်ပေါ်ကနှင်ချခံရပြီး ဟိုကောင်လေးဆီမှာ ကပ်စားနေကတည်းကလေ။ ဘာမှညီအစ်ကိုတစ်ဝမ်းကွဲတော်တာ မဟုတ်ဘူး။ ဟိုတလောက အဲ့ကောင်စာသင်ပေးနေတဲ့ ကောင်လေးတွေဆို အဲ့ဒါသိသွားလို့ ဆက်မသင်ကြတော့။ ငါ့နှယ် ... မင်းပဲမသိတာ၊ တချို့အစကတည်းက ရိပ်မိပြီးသား။ စာတော်တယ်ဆိုပြီး သူတော်ကောင်းယောင်ဆောင်နေတာ၊ အလကား ... ရုပ်လေးဗန်းပြပြီး ဖင်ချခံနေတဲ့ ယောက်ျားပိုင်းလုံးကောင်"
မကြားဝံ့မနာသာ စက်ဆုပ်ဖွယ်စကားတို့ကို နားမခံသာတော့သည့်နောက်ဆုံး ယံ တံခါးဂျက်ကိုဖွင့်ချလိုက်သည်။ ပြီးမှ သူ့ကိုမြင်ကာ အံ့အားသင့်သွားကြသော ထိုနှစ်ကောင်အား လက်သီးချက်ပေါင်းများစွာနှင့် ပစ်,ပစ်ထိုးခဲ့မိတာ လေး၊ ငါးခါမက။ သို့သော် အင်အားချင်းမမျှသည့်အခြေအနေမို့ ယံလည်း ပက်ပက်စက်စက် ပြန်အထိုးခံရပြန်သည်။ မမြင်နိုင်သည့်စိတ်ဒဏ်ရာတွေအပေါ် မြင်နိုင်သည့်နာကျင်မှုတွေ ထပ်ပေါင်းထည့်ခြင်း ခံလိုက်ရသည့်ညတစ်ညပါပဲ။ တစ်ချက်အထိုးခံရတိုင်း ပူထူပြီးကျင်တက်သွားသည့် ခံစားချက်နှင့်အတူ သူ့စိတ်ဒဏ်ရာတွေပါ လွင့်ထွက်သွားရင်အကောင်းသား။
ထိုးကြိတ်ခဲ့ကြသော ရန်ပွဲ၏အဆုံးသတ်ကတော့ သူတို့သုံးယောက်လုံးကို ဘေးလူတွေဝိုင်းဆွဲခဲ့ကြရပြီး၊ နောက်ဆုံး ဆေးရုံအုပ်ကြီးရုံးခန်းဆီ ပို့လိုက်ကြသည်အထိပေါ့။
သွေးအလိမ်းလိမ်းနှင့် စုတ်ပြတ်နေသော ယံမျက်နှာချောချောမှာ အချိန်အနည်းငယ်လင့်လာတော့ ဖုဖောင်းကာယောင်ယမ်းလာချေပြီ။ လူငယ်တွေရန်ဖြစ်လျှင် လူကြီးတွေဆူပူဆုံးမကြသည့် ထုံးစံအတိုင်း အထွေထွေဆေးရုံအုပ်ကြီးကလည်း ပညာသားပါပါနှင့် ကြိမ်းမောင်းတာခံကြရပါ၏။
နောက်ဆုံး ရန်ဖြစ်တာခြင်းအတူတူ ဟိုနှစ်ကောင်ကိုတော့ ခဏနှင့်ပြန်လွှတ်လိုက်သည်။ ယံကိုတော့ နေခဲ့ဟုဆိုကာ ထိုင်နေရာမှကြွစေချင်သေးပုံမရ။ ဆေးရုံအုပ်ကြီးမျက်နှာက အခန်းတွင်းမီးရောက်အောက်တွင်တောင် မှောင်မဲနေသည်။ အရင်ကတော့ သူ့ကိုဆို 'ငါ့တပည့်လေး၊ ငါ့တပည့်လေး'နှင့် စံပြထားကာ အချစ်ပိုခဲ့သည်မလား။ သည်အခြေအနေ ဖြစ်ပြီးနောက်မှာတော့ ယံ၏ဂုဏ်သတင်းလည်း ပျောက်ချင်းမလှ၊ ပျောက်သွားလောက်လေပြီပေါ့။
လူတွေဆိုတာ လှတစ်မျက်နှာပဲ လက်ခံချင်တယ်ထင်ပါရဲ့၊ မမြင်စေချင်သည့် သူ့အမှောင်ကမ္ဘာတစ်ခြမ်းကိုတော့ လက်မခံချင်ကြချေ။
"မင်းကို ဒီလောက်မိုက်ရူးရဲဆန်လိမ့်မယ် ထင်မထားဘူး ထက်ယံ။ ကြည့်နေ ... မင်းရဲ့ရွေးချယ်မှုကပဲ မင်းအနာဂတ်ကို တဖြည်းဖြည်း ဖျက်ဆီးသွားလိမ့်မယ်"
ဆေးရုံအုပ်ကြီးပြောလိုက်သော စကားတစ်ခွန်းက ယံ အပြင်ပြန်ရောက်သည်ထိ နားထဲမှာ အထပ်ထပ်ကြားနေရဆဲ။ တကယ်လည်း သူ့အနာဂတ်တစ်ပိုင်းက ချက်ချင်းဆိုသလို ပျက်စီးသွားရပြီမလား။ လိင်တူဆက်ဆံခြင်းကို အသိအမှတ်မပြုသောအသိုင်းအဝိုင်းတွင် ယံ ဘယ်လိုဆေးဆက်ကုရမည်နည်း။ နာမည်အပျက်ကြီးပျက်လို့ ဆေးရုံအုပ်ကြီးကပင်လျှင် သားဖြစ်သူကို စာဆက်သင်ပေးစရာမလိုတော့ကြောင်း အပြတ်ပြောလိုက်လေပြီ။ ရှေ့လျှောက်ရော သူ့အတွက် ဘယ်လိုငြင်းဆန်မှုတွေက ဆီးကြိုနေမှာပါလိမ့်။
အိပဲ့ပဲ့လျှောက်လာခဲ့သော ယံတစ်ယောက် Ward ထဲလည်း ပြန်မဝင်ရဲတာမို့ အပြင်ဘက်အဆောင်က မှောင်မဲကြီးထဲကကွပ်ပျစ်တွင် အသာငုတ်တုတ်ထိုင်နေမိသည်။
ဆောင်းညက ပိုအေးစက်လာလေပြီ။ ယံ အခုချိန်ထိ ညစာရယ်လို့ ဟုတ်တိပတ်တိမစားရသေး။ ဒါ့ထက် စားချင်စိတ်ဆိုတာကလည်း ဖြစ်မှမလာတော့ပဲ။ အထိုးခံထားရသည့် ယံ နှုတ်ခမ်းစွန်းမှာ စပ်ဖျဥ်းနေသေး၏။ မျက်ခုံးအောက်က သက်နိုင်၏လက်စွပ်နှင့်ငြိသွားသည့် ပြတ်ရှရာသည်လည်း သွေးတစိမ့်စိမ့် ထွက်နေသေးပုံရသည်။ ဒါတွေအားလုံးထက် ရင်ဘတ်တစ်ခုလုံးမှာ ခံစားနေရသည်က တမြေ့မြေ့လောင်ကျွမ်းကာ မီးစာမြိုက်ထားသည့်အတိုင်း။
ဆောင်းလေကအေးသော်လည်း ယံ ရင်တွင်းအပူကိုတော့ ဘယ်လိုမှမငြှိမ်းသက်ပေးနိုင်ချေ။ စိတ်သက်သာလိုရငြား ယံ ကောင်းကင်မည်းမည်းကိုမော့ကြည့်တော့ ရုတ်တရက် ပြင်ဦးလွင်ကအမေ့အိမ်ကို သတိရသွားမိသည်။ ဟုတ်တာပဲ ... အမေ။ ခလုတ်ထိမှ အမိတဆိုတာ ဒါမျိုးပဲထင်ပါရဲ့။ အားငယ်နေသည့် အခုလိုအချိန်မှာ ငယ်ငယ်ကလို အမေ့ရင်ခွင်ထဲဇွတ်တိုးဝင်ပြီး သားကိုသည်လူတွေ အနိုင်ကျင့်ကြတာလို့ တိုင်ပစ်လိုက်ချင်စိတ်တွေမှာ တဖွားဖွားနှင့်။
ယံ လက်ပတ်နာရီကို ငုံ့ကြည့်သည်။ အချိန်အားဖြင့် ညကိုးနာရီထိုးလုနီးနီး။ ဆေးရုံရှေ့က ဖုန်းဆိုင်ကလေး သည်အချိန်ဆိုမပိတ်တန်ကောင်းရဲ့။ ယံ ကြာကြာစဥ်းစားမနေချေ၊ ကတ္တရာလမ်းမကိုကျော်လွန်ကာ ဖုန်းဆက်ဖို့ထွက်လာခဲ့မိသည်။
တူ ... တူ ...
ဖုန်းကိုနားမှာကပ်ရင်း ရင်တုန်နေသာသူ့အား မိနစ်စမှတ်ရန်ပြင်နေသည့်ကောင်လေးက အထူးတဆန်းလိုက်ကြည့်နေသည်။ အင်း ... သူ့ပုံစံကလည်း ဂျူတီကုတ်ဝတ်ထားပြီး သွေးသံတရဲရဲနှင့် စုတ်ပြတ်နေလေတော့ ကြည့်တာမဆန်းပါလေ။ ယံ မျက်နှာလွှဲလိုက်ပါသည်။
"ဟဲလို အမိန့်ရှိပါ"
အချိန်အနည်းငယ်ကြာမှ တစ်ဖက်ဆီက အသံတစ်ချက်ကြားလိုက်ရ၏။ သေချာတာတော့ ယံ မျှော်လင့်ထားသောအမေ့အသံ မဟုတ်ခဲ့ချေ။ သူ့ကို အခြောက်စိတ်တွေ မပျောက်မချင်း အိမ်ပေါ်ပြန်မတက်နဲ့ဟု ကြိမ်းမောင်းထားသော ဦးရာကျော်၏အသံ။
"ဦးကျော် ... ကျွန်တော် မိုးထက်ယံ။ အမေနဲ့ စကားခဏပြောချင်လို့"
တစ်နှစ်ကျော်ကြာမှ အိမ်ကို အဆက်အသွယ်ပြန်လုပ်ဖြစ်သော ယံသည် အခုညတွင်တော့ သူ့၏မာနတွေအားလုံးကို ချိုးခြေထားပြီးသားပင်။ သည်အတောအတွင်း သားတစ်ယောက် အဆင်မှပြေရဲ့လားဆိုသည့်စိတ်နှင့် အမေလာမရှာခဲ့လို့ စိတ်ခုမိသော်လည်း အခုတော့ ယံ အမေ့ကိုလိုအပ်နေချေပြီ။
"မိုးထက်ယံ ... မင်းက အိမ်ကိုအရှက်ခွဲ၊ ဒုက္ခတွေပေးချင်တိုင်းပေးသွားပြီး အခုမှ အမေနဲ့ဖုန်းပြောချင်သတဲ့လား။ အရာရာကို ပေါ့တိပေါ့ပျက်နဲ့၊ ဘယ်အချိန်ရှိနေပြီလဲ။ မင်းအမေ ခြေလက်တွေကိုက်ခဲလို့ စောကတည်းက အိပ်သွားပြီ၊ ခေါ်မပေးနိုင်ဘူး"
ဂွက်ခနဲချသွားသော တစ်ဖက်ဖုန်းသံက ယံ နားစည်မှတဆင့် အက်ကွဲနေသောနှလုံးသားဆီ အကြိမ်များစွာရိုက်ခတ်လေသည်။ ဘယ်လောက်တောင် အဆင်မပြေလိုက်သည့် သူ့ဘဝပါလဲ။ အရာအားလုံးက သူ လိင်တူချင်းကြိုက်တာဟာ အမှားကြီးတစ်ခုဖြစ်ကြောင်းလို့ပဲ ညွှန်ပြနေတော့မှာလား။ ယံကရော သည်လိုကြီး ထူးထူးခြားခြား ခွဲထွက်ချင်ခဲ့လို့လား။ သူ့ဘာသာ စိတ်အစဉ်ကဖြစ်တည်လာခဲ့သည့် စိတ်တွေကို ဘယ်လိုများအမြစ်ဖြတ်ရပါမည်နည်း။
လူတွေဆိုတာကလည်း သမာရိုးကျအစဥ်အလာတွေမှ ကွဲထွက်မိလျှင် မှားပြီဟူသောအယူက ခေါင်းထဲမှာ သံမှိုရိုက်တာထက် ပိုစွဲမြဲတတ်ကြသည်ကိုး။
အတွေးတွေနှင့်အတူ ယံ Ward ထဲ ပြန်ဝင်လာတော့ အခြေအနေအားလုံး ငြိမ်ကျနေပြီ။ ခုနက ရောဂါဖောက်ခဲ့သောလူနာလည်း မှိန်းနေလေပြီ။ သို့သော် သူ့အတွက် နေရာမရှိ။ အရင်က လူနာခန်းထဲမဝင်ခင် အပေါက်ဝရောက်တာနှင့် လောကွတ်ချော်က နှုတ်ဆက်ချင်သူက အများသား။ အခုတော့ အခန်းတွင်းထိလာရပ်နေတာတောင် သူ့ကိုမမြင်ချင်ယောင် ဆောင်ကြလေပြီ။ ဆရာဝန်လေးရယ် ... 'ဒီနားက ထိုးအောင့်နေသေးတယ်' လို့ပင် အားကိုးတကြီး မပြောကြတော့။ ထိုအစား ယံ ရင်ဆိုင်လိုက်ရသည်က ရွံရှာသည့်မျက်ဝန်းအကြည့်များသာ။
ကော်ရစ်တာကို ပြန်ထွက်ခဲ့တော့လည်း သူနာပြုဆရာမလေးတွေက မြင်မြင်ချင်း နှာခေါင်းရှုံ့ကြလေပြီ။ သွေးတွေပေနေသည့် သူ့မျက်နှာကိုပင် ဆေးထည့်ဦးမလား မမေးကြတော့။ အရင်ကတော့ လက်ကလေး အနည်းငယ်ပြတ်ရှမိရင်တောင် အကြိမ်ကြိမ်ပိုးသတ်ပေးကာ ယုယချင်ခဲ့ကြသည့် သည်ဆရာမလေးတွေ။
ဪ ... အတွေးစများနှင့် ယံ သွားထိုင်နေမိတာ နားနေဆောင်က ချောင်လေးတစ်ခု၌သာ။ ယံလာမှ ထထွက်သွားကြသော လုပ်ဖော်ကိုင်ဖက် ဆရာဝန်တွေကိုလည်း အတော်စိတ်နာချင်မိသည်။ သည်ဆေးလောကအသိုင်းအဝိုင်းတွင်တော့ သူ့အတွက် ရှင်သန်စရာနေရာမရှိတော့။ ယံ ဘယ်နေရာမှာများသွားပြီး နေထိုင်ရပါမည်နည်း။
သူ့ကိုမသိသော၊
သူ့ဖြစ်တည်မှုကိုမသိသော၊
သိသွားလျှင်တောင် လက်ခံပေးနိုင်ကြသော
နွေးထွေးသည့်အသိုက်အဝန်းလေးတစ်ခုကို ယံ အရေးတကြီးလိုအပ်နေမိပြီ၊ အလောတကြီး ထွက်ပြေးချင်နေခဲ့သည်။
အတောမသတ်နိုင်သည့် မေးခွန်းများ၏အဆုံး၌ တစ်ခုတည်းသောအဖြေကို ရရှိသွားသည်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ယံ နိုင်ငံခြားပညာတော်သင် သွားတော့မည်။
............
ဘဝအဆက်က ဒီဝဋ်ကြွေး၊
ပေးဆပ်မကုန်သ၍ ခံပေဦးမည်။
တရားခံရှာကာ ယိုးမယ်ဖွဲ့ရေး၊
တွေးဆလို့ပင် မဆုံးတော့ပြီ။
ကြမ္မာငင်စေသလား၊ ယုတ်ကန်းကြလေသလား။
.
ညဂျူတီမပြီးသေးဘဲ ယံ အိမ်အမြန်ပြန်လာခဲ့သည်။ မနက်(၂)နာရီပဲရှိသေးတာမို့ ကောင်း အလုပ်မသွားလောက်သေးချေ။ ချောင်တစ်နေရာကပ်တွေးခဲ့သည့် သူ့အနာဂတ်အစီအစဉ်တွေကို ကောင်းကိုပြောပြရမည်။ သည်အချိန်မှာ ယံအသက်ဆက်ရှင်နိုင်မည့် တစ်ခုတည်းသောထွက်ပေါက်ဆိုလို့ သူတို့နှစ်ယောက်သား ဘယ်သူမှမသိသောနိုင်ငံဆီ ထွက်ခွာကြရုံပဲ ရှိတာမလား။ အတူထွက်မသွားနိုင်ဦးတောင် ယံကအရင်သွားနှင့်မည်၊ အခြေကျမှ ကောင်းကိုခေါ်ရင်လည်း ဖြစ်တာပဲမလား။
အဆိုးများစွာထဲက အကောင်းမျှော်လင့်ချက်ရောင်ခြည်လေးသန်းလာသော ယံတစ်ယောက် ဆောင်းညချမ်းမှာ ဆိုင်ကယ်အပြေးစီးနေရတာကိုတောင် မချမ်းချင်တော့။ အရှိန်ပြင်းပြင်းမောင်းပြန်ခဲ့တာမို့ တစ်ခဏတွင်း ပြန်ရောက်ခဲ့သည်။ အိမ်ထဲအမောတကောဝင်ခဲ့တော့ ကောင်းက စောင်ပါးလေးတစ်ထည်နှင့် အိပ်မောကျနေဆဲ။
"ကောင်းရေ ... ကောင်း၊ မြန်မြန်ထဦး"
"အာ ... ခင်ဗျား အစောကြီးပြန်တာလား"
အိပ်ချင်မူးတူးနှင့် မျက်လုံးမဖွင့်နိုင်သေးသောကောင်းက အလွတ်ရနေပြီးဖြစ်သော ခေါင်းရင်းကမီးခလုတ်ကို စမ်းကာဖွင့်ချလိုက်သည်။ (၂)ပေမီးချောင်းကလေး လင်းလက်သွားချိန် ကောင်းမျက်ဝန်းတွေမှာလည်း အံ့ဩမှုတွေ အထင်းသား။
"ဟာ မျက်နှာကဘာဖြစ်လာတာလဲ ခင်ဗျား၊ ဟမ် ... ဆိုင်ကယ်လဲလာတာလား။ မဟုတ်သေးဘူး၊ ခင်ဗျား ရန်ဖြစ်လာတာလား။ ပြော ... ဘယ်သူထိုးလွှတ်လိုက်တာလဲ"
"ကောင်း ခဏထိုင်ဦး ... ငါရှင်းပြမယ်"
ဖူးရောင်နေသည့်သူ့မျက်နှာမြင်တာနှင့် ကောင်းက ပုဆိုးတိုတိုပြင်ဝတ်ကာ ရှုးရှုးရှဲရှဲ ထလုပ်လေပြီ။ သည်တော့ ယံပါကုတင်စွန်းဝင်ထိုင်ရင်း အကြောင်းစုံရှင်းပြဖို့ပြင်ရ၏။ ညနေက ကောင်းပြန်သွားသည့် အချိန်မှစလို့ဖြစ်ပျက်သမျှတိုင်းကို ယံ မခြွင်းမချန်ပြောပြလိုက်သည်။ အလုံးစုံသိသွားသောသူ့ချစ်သူမှာ ဒေါသတွေကြီးသထက် ကြီးသွားတော့၏။ ယံကသာ လူတွေကိုကြောက်ရွံ့ပြီး ထွက်ပြေးလာခဲ့တာပေမဲ့ ကောင်းကတော့ ထိုလူတွေအားလုံးကို သတ်မည်တကဲကဲ။
"အဲ့ခွေးကောင်တွေကို အခုသွားသတ်မှာ"
"တိုးတိုးပြောစမ်း ကောင်းရာ။ ပတ်ဝန်းကျင်ကလူတွေကြားမှ တစ်ရှက်ကနှစ်ရှက် ထပ်ဖြစ်နေပါဦးမယ်"
"ခင်ဗျားက ဘာရှက်နေတာလဲ။ ယောကျ်ားချင်းကြိုက်တာ ရှက်စရာမဟုတ်ဘူးဗျ၊ လူလူချင်း ခွဲခြားဆက်ဆံတာကမှ ရှက်ဖို့ကောင်းတာ။ ခင်ဗျားကိုထိရင် ဓားကြည့်ပဲ၊ အကုန်လုံးကို သတ်ပစ်မှာ"
"ကောင်း တော်ပြီ၊ ပြောတာနားထောင်ပြီး ထိုင်နေစမ်း။ ငါ ဆေးရုံကလူတွေနဲ့ လုံးဝထပ်မတွေ့ချင်တော့ဘူး။ အဲ့ဒီအသိုင်းအဝိုင်းမှာလည်း ကြာကြာမနေတော့ဘူး"
ယံပြောတာကို နားမလည်သေးသောကောင်းက မျက်ဝန်းညိုတွေကို မှုန်ကုတ်လျက်၊
"ဘာကိုလဲ ခင်ဗျား။ ဆရာဝန်မလုပ်တော့ဘူးလို့ ပြောတာလား။ ရတယ်လေ ... ကျွန်တော်ရှာကျွေးမယ်၊ ခင်ဗျားအိမ်မှာပဲ အေးအေးသက်သာနေ"
"မဟုတ်ဘူး ကောင်း။ ငါ အိပ်မက်အတိုင်း ဆရာဝန်ဖြစ်အောင်ကိုလုပ်မယ်။ ဒါပေမဲ့ ဒီနိုင်ငံမှာတော့ မဖြစ်နိုင်တော့ဘူး။ ငါ MRCP ရအောင်ဖြေမယ်ကွာ၊ ပြီးလို့ ပညာသင်ဆုရတာနဲ့ အင်္ဂလန်ရောက်အောင်သွားမယ်။ အဲ့ဒီတစ်ခုမရခဲ့ရင်တောင် တခြားနိုင်ငံက M.Sc. တွေဖြေပြီး တစ်နည်းနည်းနဲ့ ဒီနိုင်ငံကထွက်မယ်ကွာ။ မင်းလည်းငါနဲ့အတူလိုက်ခဲ့ ကောင်း"
တစ်ယောက်တည်း တရစပ်ပြောသွားသောစိတ်ကူးများအား ကောင်းက မချမ်းမြေ့ဖွယ်ကြည့်ရင်း ခပ်စိုက်စိုက် နားထောင်နေသည်။ ပြီးမှ တစ်ခွန်းတည်းသောစကားပြောလာတာက-
"ခင်ဗျားကို ဘယ်သူကသွားခိုင်းမယ်ပြောလို့လဲ၊ စိတ်တောင်မကူးနဲ့"
စူးစူးရှရှထွက်လာသောစကားသံက ယံမျက်နှာကို ဖြတ်ရိုက်လိုက်သည့်အတိုင်း နာကျင်သွားရသည်။ ကောင်း ဘယ်လိုများပြောထွက်ရက်ပါသနည်း။ သူ့ဘဝအတွက် လူမသိစေချင်ဆုံး၊ အရှက်ရစရာကိစ္စကြီး ပေါ်သွားခဲ့ပြီးတာတောင် ကောင်းကနားလည်မပေးနိုင်ဘူးတဲ့လား၊ သူ့ကို သွားခွင့်မပြုနိုင်ဘူးတဲ့လား။
"မင်းတားလည်းမရဘူး ကောင်း၊ ငါ့အခု ဘာဖြစ်နေလဲသိလား။ ဟောဒီနိုင်ငံမှာ ဆရာဝန်အဖြစ်နဲ့ ခြေချစရာမြေတောင်မရှိတော့သလို ခံစားနေရပြီ။ အပြင်လောကကို ထွက်လိုက်တာနဲ့ ဒေါက်တာမိုးထက်ယံက အခြောက်ကြီးဆိုတဲ့ စကားသံတွေ၊ ရွံရှာတဲ့အကြည့်တွေ၊ ဖိနှိပ်ဆက်ဆံမှုတွေက ငါ့ကိုဆီးကြိုနေကြတော့မှာ။ ဒီမှာမဟုတ်ဘဲ တခြားမြို့မှာ တာဝန်ကျရင်တောင် ငါ့သတင်းက မီးခိုးကြွက်လျှောက် ပျံ့နေဦးမှာပဲ။ ဒါမို့ ငါထွက်သွားမှဖြစ်မှာ ကောင်း၊ ဒီမှာလုံးဝဆက်မနေနိုင်ဘူးနော်။ မင်းမလိုက်လည်း ငါသွားမှာပဲ"
"ဟာ ... ပြောလေဆိုးလေပါလား ခင်ဗျား။ နိုင်ငံခြားသွားတာ အဲ့လောက်လွယ်တဲ့ကိစ္စမှမဟုတ်တာ။ သွားပါပြီတဲ့ ... ခင်ဗျားကဆရာဝန်၊ ဆေးကုစားမယ်ထား။ ကျွန်တော်က ဘာပညာမှတတ်တဲ့ကောင်မဟုတ်ဘူး၊ ဘယ်ဘာသာစကားမှလည်း မတတ်ဘဲ ဘာလုပ်စားရမှာလဲ။ မသွားဘူးဗျာ၊ ခင်ဗျားလည်း ကျွန်တော့်ကိုခွဲပြီး မသွားရဘူး။ မြန်မာပြည်မှာပဲ မဖြစ်ဖြစ်အောင်နေကြမယ်။ လူတွေသိလည်း ဘာဖြစ်လဲ၊ ကျွန်တော်ကတော့ သဘောကျတယ်။ ခင်ဗျားကို ကျွန်တော့်လက်ထဲကနေ ဘယ်သူမှတောင် မလုရဲတော့ဘူးပေါ့။ ထွက်သွားဖို့တော့ လုံးဝထပ်စိတ်မကူးနဲ့။ အနေဝေးပြီး ရှင်ကွဲ,ကွဲသွားမဲ့အဖြစ်မျိုး ကျွန်တော် လုံးဝအဖြစ်ခံမှာမဟုတ်ဘူး"
အမြဲပဲ ကျွန်တော့်လုပ်စာထိုင်စားပါလို့ တဖွဖွပြောနေခဲ့တဲ့ကောင်းက တခြားနိုင်ငံမှာ သူ့လုပ်စာထိုင်စားဖို့တော့ သတ္တိရှိမနေခဲ့ပါဘူး။ အယုံအကြည်နည်းတာလား၊ နားမလည်ပေးတာလားတော့ မပြောတတ်။ အခုချိန်မှာ ယံအတွက်ထွက်ပေါက်က နိုင်ငံခြားသွားဖို့ တစ်ခုသာရှိတော့တာကို ကောင်း မသိလေရော့သလား။ မဟုတ်လို့ သည်မြန်မာပြည်ထဲမှာပဲ တခြားနေရာရွှေ့နေရဦးတောင် သူ့အဖြစ်ကို ဘယ်သူတွေလိုက်ဖော်ကြဦးမလဲဆိုသည့် ကြောက်စိတ်နှင့် တစ်သက်လုံးနေသွားရတော့မည်ဖြစ်သည်။ တစ်နေ့တစ်နေ့ ကျီးလန့်စာစားနေရမည့်ဘဝကိုတော့ ယံ မလိုချင်တော့ပါပေ။
ဒါမို့ ဆုံးဖြတ်ချက်ကိုမပြင်ကြောင်း ကောင်းရှေ့တင် ရှိရှိသမျှသူ့အဝတ်အစားတွေကို အိတ်တစ်လုံးနှင့် အမြန်ယူထည့်လိုက်သည်။ ကောင်းမလိုက်ချင်လျှင် သူ သည်အိမ်ပေါ်က အရင်ဆင်းပစ်မည်။ ဗီရိုအတွင်းထဲက မှတ်ပုံတင်နှင့် အရေးကြီးစာရွက်စာတမ်းတချို့ပါ ထုတ်ယူတော့ အမျက်ထွက်နေသည့်ကောင်းက သူ့ကိုကုတင်ပေါ် ဆောင့်ဆွဲချလိုက်သည်။ ဘာမှတွန်းလှန်ချိန်မရလိုက်ဘဲ ကျသွားသောယံခမျာ အုန်းခနဲ။
"အဲ့ဒါဘာလုပ်တာလဲ။ ကျွန်တော် မလိုက်ပါဘူးပြောလည်း ထွက်သွားမှာပေါ့ဟုတ်လား"
"ဖယ် ... မင်းသဘောမတူလည်း ငါ့ဘာသာဖြစ်အောင်နေမယ်၊ ဖြစ်အောင်သွားမယ်။ ဒီမှာပဲ ဆက်နေရမယ်ဆို အရှက်နဲ့လူလုပ်တဲ့ငါ လုံးဝအသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူး"
ယံက ကောင်းကိုဂရုမစိုက်ဘဲ လွင့်ကျသွားသောမှတ်ပုံတင်ကို ကောက်ယူရန် ခါးကုန်းလိုက်ချိန် တစ်ဖန်ဆောင့်တွန်းခံလိုက်ရပြန်၏။ ထို့နောက် ကောင်းကလျင်မြန်စွာ မှတ်ပုံတင်ကိုကောက်ယူပြီး ချက်ချင်းဖြဲချလိုက်တာ အစိတ်စိတ်အမြွှာမြွှာ။ ဟာခနဲဖြစ်သွားသော ယံအကြည့်တွေထဲတွင် အနီရောင်မှတ်ပုံတင်အပိုင်းများမှာ လေထဲတွင် တစ်စစီဝဲပျံ့လျက်။
"ကောင်း မင်းဒါဘာလုပ်တာလဲ"
"သွားလို့မရတော့အောင် လုပ်လိုက်တာလေ။ ဒီထက်ပိုဆိုးလာရင် ငရဲယူပြီး ခင်ဗျားခြေတွေလက်တွေပါ အကုန်ရိုက်ချိုးပစ်မယ်။ ကျွန်တော့်အနားကနေထွက်သွားဖို့ လုံးဝထပ်မစဉ်းစားနဲ့"
ကောင်း၏စူးစူးဝါးဝါးအသံကြီးက ညနက်နက်တွင် ကျယ်လောင်လွန်းလှသည်။ ဒေါသစိတ်ကြောင့် တုန်ရင်လာသောယံအဖို့တော့ ပြောစရာစကားတို့ပင် မရှိလောက်အောင် ဆွံအသွားချေပြီ။ ကောင်း၏သူ့အပေါ်ကြီးစိုးချင်စိတ်က လိုအပ်တာထက်ပိုပြီး စိတ္တဇဆန်လာနေပြီမလား။
"မင်း သိပ်ကြောက်ဖို့ကောင်းတာပဲ။ ရူးနေတာ ... ကောင်း၊ မင်း ယဉ်ယဉ်လေးရူးနေတာ"
ကုတင်စွန်းတွင် ခပ်ယဲ့ယဲ့ကလေးပြောလိုက်သော ယံစကားကိုကြားတော့ ကောင်းတစ်ယောက် ဒေါသမီးတွေ တဟုန်းဟုန်းတောက်လောင်လာပုံရ၏။ ဆောင်းညလယ်တွင် ချွေးသီးချွေးပေါက်တို့နှင့် ယံကိုစူးစူးရဲရဲ ကြည့်နေလိုက်တာ တကယ်အရူးအနှမ်းတစ်ယောက်အလား။
"ဟုတ်တယ်၊ ရူးတယ်။ ခင်ဗျားနဲ့ပတ်သက်ရင် ကျွန်တော်က ဆတ်ဆတ်ခါအောင်ရူးလွန်းလို့ ညနေကတောင် ခင်ဗျားကိုကြိုက်နေတဲ့ဆရာမတွေကို ငါ့ချစ်သူဒေါက်တာမိုးထက်ယံကို ခေါ်ပေးလို့ တမင်ပြောပစ်လိုက်တာ။ အေး ကျွန်တော်ကလွဲရင် ခင်ဗျားကို ဘယ်သူကမှမချစ်ရဘူး၊ မကြိုက်ရဘူးဗျာ။ အဲ့လောက်ထိ ကျွန်တော်ရူးတယ် ရှင်းပြီလား"
"ဘာ!!! အဲ့ဒီသတင်းကို ဖြန့်လိုက်တဲ့တရားခံမင်းပေါ့။ ငါ့ဘဝတစ်လျှောက်လုံး လူတောမတိုးရဲတော့အောင် သိက္ခာတွေချနင်းပစ်လိုက်တာ မင်းပေါ့။ ခွပ်! ပြောချင်ဦး မင်း ... ငါ ဘယ်လိုတွေရင်ဆိုင်ရမလဲ နည်းနည်းမှကိုယ်ချင်းမစာတဲ့ကောင်။ ခွပ်! ဘယ်သူ့မှ ထပ်မပြောပါနဲ့လို့ အတန်တန်မှာထားလျက်နဲ့ ... ခွပ်!"
အဆုံးစွန်သောဒေါသတွေ၏ အဆုံးသတ်၌ သူသိပ်ချစ်ရသောကောင်းကို လက်သီးချက်တွေနှင့် အားရပါးရပစ်ထိုးချလိုက်သည်။ နောက်ဆုံးတစ်ချက်တွင် နှာဖျားဆီကတဆင့် လန်ကျသွားသောကောင်းမှာ အောက်ကြမ်းပြင်ပေါ်တွင် ဗိုင်းခနဲ လဲကျလျက်သား။
"ထိုး ... ကြိုက်သလောက်ထိုး ကျွန်တော်ခံမယ်။ အရေးကြီးတာက ခင်ဗျားက ကျွန်တော့်အပိုင်ဆိုတာ ခင်ဗျားကိုကြိုက်နေတဲ့သူတွေသိဖို့ပဲ"
ပြောချင်ရာကို ပေါ့ပျက်ပျက်ပြောပြီး ထွက်သွားလေတာ သူ့ကိုသိပ်ချစ်ပါတယ်ဆိုသည့် ကောင်းပါပဲ။ ယံ ဘယ်လိုလုပ်ရပါတော့မလဲ။ တပြိုင်တည်းဖြစ်ပေါ်လာသည့် ဝမ်းနည်းနာကျင်မှုနှင့် ဒေါသစိတ်တို့၏ရောထွေးမှုကြောင့် နဂိုစိုစပ်နေသည့် ယံမျက်ဝန်းတို့မှာ အရည်ကြည်တွေအဝိုင်းသား။ သည်ညအဖို့ သူငိုရလွန်းလို့ မျက်ရည်တွေထပ်မကျချင်တော့ပေ။ ဒါမို့ လက်ခုံနှင့်အမြန်ပွတ်သပ်ပစ်တော့လည်း မကုန်နိုင်သောဝမ်းနည်းခြင်းစမ်းချောင်းကလေးက တသွင်သွင်စီးကျလာဆဲ။ စပ်ကြိမ်းနေသောမျက်လုံးတွေကို တစ်ဆုံးမှိတ်ချမိတော့ မှောင်မိုက်သွားလိုက်တာ သူ့ဘဝအနာဂတ်ခရီးအတိုင်းပင် ဖြစ်နေချေ၏။
ယံ ဘယ်ကိုလျှောက်လို့၊ ဘယ်သို့လမ်းဖောက်ရမည်နည်း။ ထွက်သွားမယ်ဆိုရင်တောင် သူ့ကို ရေဆုံးမြေဆုံးလိုက်ရှာပြီး ဖမ်းချုပ်နှောင်ထားမည့်ကောင်။
"မိုးလင်းရင် မနက်စာဝယ်ပြီး ပြန်လာခဲ့မယ်၊ ခင်ဗျားမျက်နှာဆေးထည့်ပြီး အိပ်ထားနှင့်"
အေးစက်စက်စကားတွေကို မျက်ဝန်းစူးစူးစိုက်စိုက်နှင့်ကြည့်ကာ ပြောသွားခြင်းဖြစ်သည်။ နံရံပေါ်က နာရီလက်တံကိုမော့ကြည့်တော့ အချိန်ကမနက်၃နာရီ။ ဈေးဖွင့်ချိန်အမှီ ကောင်း ထွက်သွားလေပြီ။ သို့ပေမဲ့ အိမ်မကြီးရော၊ ခြံဝင်းကိုပါ အပြင်သော့တွေခတ်သွားလိုက်တာ အထပ်ထပ်အဆင့်ဆင့်အ။ ဟက် ... သူ့ဂုဏ်သိက္ခာတွေကိုတော့ ရစရာမရှိအောင် မြောင်းထဲလွှတ်ပစ်ထားပြီးမှ ထွက်ပြေးမှာတော့ သိပ်ကြောက်သတဲ့လား။
တစ်ညလုံး စိတ်ပင်ပန်းမှုဒဏ်ကို အလူးအလဲခံနေရသော ယံခမျာ အားအင်တွေချိနဲ့လာလေပြီ။ ခြေတစ်လှမ်းဖို့ပင် အားမယူနိုင်သည့်အချိန်မှာ ရှေ့ရေးအတွက် ဘာဆက်လုပ်ရပါမည်နည်း။ ဘယ်လိုအသက်ဆက်ရှင်ရမည်နည်း။ သည်ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းတွင် ယံဘက်မှနေ၍ အားပေးနှစ်သိမ့်သူဆိုလို့ တစ်ဦးတစ်ယောက်မျှပင် ရှိမနေပါချေ။
ဝမ်းနှင့်လွယ်မွေးထားရပါသည်ဆိုသော အမေကလည်း သားဖြစ်သူ အခြောက်ဖြစ်နေတာနှင့် နည်းနည်းမှမဆက်သွယ်ခဲ့တော့။ ယံအတွက် မိသားစုဆီက မေတ္တာအနွေးဓာတ်ရဖို့နေနေသာသာ စကားလုံးလေးကြားမိရင်တောင် အေးစက်နေသယောင်။
အပေါင်းအသင်း၊ မိတ်ဆွေဆိုတာလည်း သူ့အပေါ် သာပေါင်းညာပေါင်းတွေချည်း။ နဂိုထဲက သူငယ်ချင်းအရင်းပင် များများစားစားမရှိခဲ့တော့ အခြောက်ဆိုသည့် သရုပ်မှန်ပေါ်လာချိန်တွင် ယံဘက်မှာ မားမားမတ်မတ်ရပ်တည်ပေးမည့်သူ ဘယ်သူမှရှိမနေတော့ချေ။ အကြောင်းစုံသိတာနှင့် နှိမ့်ချ၊ ထိုးချကြမည့်အသိုက်အဝန်းမှာ သူရှင်သန်နေရတာမို့ အခြောက်ဆရာဝန်အဖြစ် ယံ ရပ်တည်လို့မရနိုင်တော့ချေ။
ဒါမို့ နောက်ဆုံးသောခိုနားရာချစ်သူနှင့်ပဲ ကမ္ဘာတစ်ဆုံး ထွက်ပြေးတော့မည်ကြံသော်လည်း စိတ်တ္တဇဆန်သည့်အတ္တသမားတစ်ယောက်ကိုမှ ယံကချစ်မိခဲ့လေခြင်း။ သူ့ဂုဏ်သိက္ခာကို တစ်ပြားတစ်ချပ်မှမတန်အောင် ချနင်းခဲ့ပြီးတာတောင် နားလည်ခံစားမပေးနိုင်သော ယုတ်ညံ့ညံ့သူ့ချစ်သူက အဆုံးထိ အတ္တမဏ္ဍိုင်သာတက်ပြနေခဲ့သည်။ 'ကျွန်တော့်အနာဂတ်က ခင်ဗျား' လို့ပြောခဲ့သူက ယံရဲ့အနာဂတ်ကိုတော့ စုန်းစုန်းမြုပ်အောင် ဝါးကူထိုးချခဲ့ချေပြီ။
နာရီအချို့ကြာအောင် တွေးတစိမ့်စိမ့်ဖြစ်နေရင်းက အာရုဏ်ကျင်းလို့ နေအလင်းဝင်လာချေတော့မည်။ မျက်ခမ်းစပ်တွေတွင် ရဲသွေးနီလာသည်ထိ ငိုမိခဲ့သောယံကအစာအိမ်၏နာကျင်မှုတချို့ကို လက်နှင့်အသာဖိသပ်ထားသည်။ တစ်ညလုံးကြုံခဲ့ရသည့် လောကဓံအဖြစ်အပျက်တို့ကို ယံ အပြန်ပြန်အလှန်လှန်တွေးခဲ့ပြီးပြီ။ ကန့်သတ်ချက်ပေါင်းစုံနှင့် သူ့ဘဝပုစ္ဆာအတွက် အဖြေဆိုတာ ပျက်စီးခြင်းမည်သော ရုပ်နာမ်မရှိသည့်ကိန်းတစ်လုံးသာ ထွက်လာခဲ့သည်။
မိုးလင်းတာနှင့် ပုံမှန်ဘဝကြီးက ပြန်လည်စတင်တော့မည်။ သူ့ဘဝအတွက် ပုံမမှန်တော့တာက လူတွေသူ့အပေါ်ကြည့်ကြမည့် စက်ဆုပ်ဖွယ်အကြည့်တွေ။ ဟင့်အင်း ... ယံ ရင်မဆိုင်ရဲတော့ပေ။
နာရီသံတချက်ချက်ကြားနေရသော အခန်းတွင်းမှ ယံ အိပဲ့ပဲ့နှင့် အိမ်ရှေ့ထွက်ခဲ့သည်။ သူ့ခြေဖျားတွေအေးစက်နေလိုက်တာ ... ကြမ်းပြင်နှင့်ထိထားရတာတောင် ခနော်ခနဲ့နှင့်။ အိမ်ရှေ့ခန်း၏ ထောင့်တစ်နေရာရောက်တော့ ကောင်း၏ ကြက်ခြင်းတုတ်နေကျကျစ်ကြိုးခွေကို နောင်တကင်းစွာ ကောက်ယူလိုက်သည်။ ကောင်း အရှင်ဖမ်းယူနေကျသတ္တဝါတွေကို တုတ်နေကျကြိုးက အခု ယံလည်ပင်းကို စွပ်တော့မှာများသိရင် ဘယ်လောက်တောင် ဆွေ့ဆွေ့ခုန်နေလိုက်ပါမည်နည်း။
ယံ ကြိုးခွေကိုဆွဲယူပြီး အိမ်ထဲပြန်ဝင်ခဲ့သည်။ တစ်အိမ်လုံးတွင် အမာဆုံးသောထုပ်တန်းကိုရွေးတော့ မီးဖိုချောင်ကိုစောင်းချထားသည့်တန်းက အကောင်းဆုံးဖြစ်လိမ့်မည်ဟု ယူဆလိုက်၏။ အနီးအနားက လေးချောင်းထောက်သစ်သားခုံကို ထုပ်တန်းအောက်တည့်တည့် ယူချလိုက်သည်။
'ခင်ဗျားနဲ့ ရှင်ကွဲအကွဲမခံနိုင်ဘူး'ဆိုတဲ့ ကောင်းရေ ... သေကွဲဆိုရင်ရော။
မင်းက အရှင်လတ်လတ်တိရစ္ဆာန်တွေကို သည်ကြိုးသုံးပြီးတုတ်နှောင်ဖမ်းပေမဲ့ ငါကတော့ သည်ကြိုးကိုလည်ပင်းမှာစွပ်ပြီးပဲ မင်းဆီကထွက်ပြေးမယ်။ တန်ပြန်အကုသိုလ်လို့ပဲ မင်းသတ်မှတ်လေမလား။ တကယ်ဆို ငါ့ကိုလည်း မင်းချည်နှောင်ခဲ့တာပါပဲ။ သည်တစ်နှစ်ကျော်အတွင်း မင်းထားရာနေ၊ စေရာသွားခဲ့တဲ့ငါက ကြိုးရှည်ရှည်ချည်ပေးထားတဲ့ စွန်ကလေးနဲ့သဏ္ဌာန်တူခဲ့တယ်။ ဟိုးအမြင့်ဆီ ဘယ်လောက်ပဲတင်ပေးပါစေ၊ အချိန်တန်ရင် ကြိုးပြန်ရစ်ပြီးသိမ်းလို့ရမဲ့ ကစားစရာစွန်တစ်ခုလိုပဲ ငါ့ကိုသဘောထားခဲ့တာမလား။
ကောင်းရေ ... အတ္တသမားကြီးရေ၊ မင်းချည်ခဲ့တဲ့ကြိုးကို ငါကိုယ်တိုင်ဖြတ်ပြီး မင်းဆီကပြေးမယ်လေ။ ကြိုးပြတ်တဲ့စွန် လေနှင်တဲ့အတိုင်း ကြိုက်ရာကို လွင့်သွားစမ်းပါစေ၊ ကြယ်တွေလတွေကြားထိ မျောပါစမ်းပါစေ ... လက်ရှိအချုပ်အနှောင်တွေကြားက လွတ်ထွက်နိုင်ရင် ပြီးတာပါပဲ။
ရူးနှမ်းတယ်လို့
မင်းပြောဦးမှာမလား ... ကောင်း။
ဟင့်အင်း၊ ငါဟာ ကြိုးမဲ့စွန်ပဲ။
အချုပ်အနှောင်တွေ ကင်းတဲ့စွန်၊
လေနှင်ရာကို လွင့်မဲ့စွန်၊
အားလုံးကိုအထက်စီးက ကြည့်မဲ့စွန်၊
သည်ကမ္ဘာမှာ ဘယ်တော့မှ
ပြန်ကျမလာတော့မဲ့ ကြိုးမဲ့စွန်ကလေးပဲ။
ယံ တွေးနေသည့်တစ်ခဏအတွင်းမှာ ခေါင်းတစ်လျှိုစာ ကြိုးကွင်းလေးက အဆင်သင့်ဖြစ်သွားလေပြီ။ အားလုံးရဲ့အမြင့်ကို ကျော်လွှားတယ်အမှတ်နဲ့ ယံ သစ်သားခုံပေါ်တက်မိတော့ ခြေမခိုင်ချက်က ကတုန်ကယင်ပါပဲ။ ထုပ်တန်းမှာ မြဲမြံစွာချည်လိုက်မိတဲ့ကြိုးကိုကြည့်ရင်း နောက်ဆုံးသောမျက်ရည်စက်တွေ ယံ ပါးပြင်ပေါ် စီးကျလာပြန်တယ်။ ပြီးပါပြီ ... ခဏပဲနာကျင်လိုက်ပြီးရင် သည်လူတွေအားလုံးအဝေးကို ထွက်သွားလို့ရပါပြီ။ ပင်ပန်းနေတဲ့ယံဝိညာဉ်ကလေး ထာဝရငြိမ်းချမ်းပါပြီ။
အပြုံးချိုချိုကလေးကို လှစ်ခနဲဆောင်ရင်း ယံမျက်လုံးကို တစ်ဆုံးမှိတ်ချလိုက်မိတာ သိပ်သိပ်သည်းသည်း။ စိတ်ထဲမှာ နာနာကျင်ကျင် ရေရွတ်နေမိတာက ရှေ့ဘဝတွေအတွက် နောက်ဆုံးသောဆုတောင်း။
ဖြစ်လေရာဘဝ ...
ချုပ်နှောင်ခြင်းကင်းဝေးစေ၊
မိဘမေတ္တာ အပြည့်အဝရစေ၊
စစ်မှန်မိတ်ဆွေ ပေါများပါစေ၊
လိင်တူချစ်ခြင်း ကွေကွင်းနိုင်စေ၊
အတ္တကင်းသူ ဆုံစည်းပါစေ။
မွန်းကျပ်မှုကို အလူးအလဲခံစားနေရင်း ယံနားထဲ 'ခင်ဗျားရေ...' ဟူသော အသံတစ်ချက်က ဝိုးတဝါး။ ယံ မြတ်နိုးဖူးသောအသံလေးက ကြားရသလို ... မကြားရသလို၊ နီးလာသလို ... ဝေးသွားသလို။
ကောင်းရေ ... ငါ့ဘဝရဲ့ချစ်ဦးသူလေးရေ ...
နောက်ဘဝတွေမှာ မင်းအတ္တတွေကုန်ဆုံးသွားခဲ့ရင်တော့ ငါတို့တွေပြန်ဆုံကြပါစေ။ သည်ဘဝတော့ သည်မျှပဲပေါ့၊ မင်းပိုင်ဆိုင်ခဲ့ဖူးတဲ့ ကြိုးမဲ့စွန်ကလေးပဲပေါ့ ... ။
၂၊ ၁၂၊ ၂၀၂၁။
ည ၇နာရီ၊ ၁၄မိနစ်။
**************************
Bạn đang đọc truyện trên: Truyen3h.Co