Truyen3h.Co

သို့ ... ကိုကိုကြီး

Unicode

Fi_Lay

၁၉၈၀ ဝန်းကျင်က ချယ်ရီတွေကိုချစ်တဲ့ ရှမ်းကောင်လေးနဲ့ စာရေးဆရာလေးတို့ရဲ့ အချစ်ဝတ္ထုတိုကလေးဖြစ်ပါတယ်။ ကဗျာလေးတွေနဲ့ Flirt တဲ့ပုံစံမို့ လေးလုံးစပ်ကဗျာ၊ ဒွေးချိုးနဲ့ သံချိုကဗျာအမျိုးအစား ၅ပုဒ်ကြိုးစားစပ်ထားပါသေးတယ်။ ဖတ်ရှူဝေဖန်ပေးပါဦးရှင်။
Artist - Garou

.

သို့ ... ကိုကိုကြီး

အနက်ရောင်ဂျစ်ကားကလေး၏ နောက်ကြည့်မှန်တွင် ချိတ်ဆွဲထားသောဘုရားပုံတော်လေးမှာ လေအလျင်ကြောင့် ဟိုသည်ရိုက်ခတ်နေသည်။ မန္တလေးအထွက်မှ ဝယ်တင်လာခဲ့သော ဆောင်းစံပယ်ကုံးလေးတွေလည်း လေယူရာသိမ်း ယိမ်းနွဲ့နေကြတာ နတ်မိမယ်ကလေးတွေ ကခုန်နေကြသည့်အတိုင်း။

လေးထောင့်စက်စက် အရှေ့ကားမှန်မှမြင်နေရသော ဝန်းကျင်မျှော်ခင်းကတော့ တစ်စတစ်စနှင့် မှုန်မှိုင်းလာချေပြီ။ ညာဘက်ကြောက တောင်နှာမောင်းတစ်လျှောက်လည်း မြူခိုးတွေရစ်သိုင်းနေလိုက်တာ တောင်ကုန်းထိပ်တွေ ကွယ်ပျောက်လောက်အောင်ထိ။

ဪ ... နှင်းဝေဖြာသည့် ဒီဇင်ဘာလရာသီပေကိုး။ နေပျောက်သည်နှင့် အအေးကဲလာသောဒဏ်ကိုလည်း ကိုကိုကြီးတစ်ယောက် ကားမောင်းရင်းပင် အလူးအလဲ ခံနေရရှာ၏။ နို့နှစ်ရောင် သက္ကလတ်ထည်ကလေးနှင့် အပေါ်ထပ်တိုက်ပုံအနက်တို့ကပင် သည်အအေးဒဏ်ကို အံမတုနိုင်တော့ပါပဲ။

နေမွန်းတည့်များထွက်လျှင် ညနေတော့ တောင်ကြီးကမင်္ဂလာပွဲကို အမှီရောက်နိုင်မဟဲ့ဆိုသည့်အတွေးနှင့် ကိုကိုကြီးတစ်ယောက်တည်း ထွက်ချလာခဲ့လိုက်တာ နေတောင်ကွယ်ချေတော့မည်၊ ခုမူကား တောင်ကြီးမြို့တွင်းသို့ မဝင်နိုင်သေး။ မှန်းချက်နှင့်နှမ်းထွက်မကိုက်လေတော့ အေးစိမ့်စိမ့်ရာသီတွင် နေအလင်းလည်း မှိန်နေချေပြီ။ အင်း ... သမီးမင်္ဂလာပွဲကို အရောက်လာဖို့ဖိတ်ထားသည့် ဦးစိုင်းမောင်ကြီးကတော့ သူ့ကိုမျှော်နေလောက်ရဲ့။ မနက်ပွဲမမှီလည်း ညပွဲတော့မှီမှဖြစ်ရော့မည်။

ကိုကိုကြီး ဂျစ်ကားကလေးကို တလှုပ်လှုပ်မောင်းရင်း အပြေးနှင်ရတော့ချေ၏။

"ဟေး နောက်ကျလှပါကလား မောင်ကိုကြီးရ၊ ဦးမောင်ဖြင့် လမ်းခရီးမှသာရဲ့လားလို့ မျှော်လိုက်ရတာကွယ်"

ခြံဝင်းကြီးထဲ မီးရောင်တဝင်းဝင်းဖြင့်ဝင်လာသော သူ့ဂျစ်ကားကလေးရပ်တာနှင့် ဦးမောင်က သူ့အားအပြေးလာကြိုရှာသည်။ ပတ်ဝန်းကျင်ကတော့ဖြင့် အမှောင်အတိဖုံးလွှမ်းသွားပြီမို့ နောက်ကျတယ်ပြောလည်း ခံရတော့မှာပင်။

"ဟုတ်ပါ့ ဦးမောင်ရာ ... နေဝင်တာနဲ့ တောင်ကြီးအရောက်လို့ မှန်းထွက်လာခဲ့ပေမဲ့ လမ်းခရီးက ဟန်မကျလိုက်တာ။ ကျောက်သားလမ်းတွေ ကြမ်းလိုက်ပုံများ ခရောင်းတောကိုဖြတ်ခဲ့ရသလား အောက်မေ့ရတယ်ဗျို့"

"ဟား စာရေးဆရာလို့မပြောရဘူး၊ ငါ့တူကြီးနှယ် အပြောကတော့ကြီးပြီ။ မှန်းစမ်း၊ ခရီးဆောင်အိတ် ဘယ်နှအိတ်များပါသလဲ၊ ရောက်တုန်းရောက်ခိုက်တော့ ကြာကြာနေသွားရမယ်"

ပြောလည်းပြော ကားအနောက်ခန်းက အိတ်ကိုလည်းဆွဲချနေသော ဦးမောင်အား ကိုကိုကြီးတားရလေတော့သည်။

"ကျွန်တော်ပဲသယ်ပါ့မယ် ဦးမောင်ရာ။ စာလေးလည်း အေးအေးဆေးဆေးရေးဦးမှာဆိုတော့ တယ်လီဖုန်းထဲပြောခဲ့သလို ပျော်သလောက်နေမှာပေါ့ဗျာ"

"အေးပါ့၊ ဒီလူချင်း ပြောစရာလား။ ကဲ .. ကဲ လာ၊ ညဧည့်ခံပွဲကတော့ ရင်းနှီးတဲ့သူတွေပဲ ပျော်ပျော်ပါးပါး သောက်စားကြတာဆိုတော့ စောစောကတည်းက စနှင့်နေပြီ"

ဟုတ်ပါရဲ့ ... ပါလာသည့်အိတ်ကိုဆွဲကာ ခြံကျယ်ကြီးထဲကို ကွေ့ပတ်ဝင်ခဲ့မှ သီချင်းဆိုသံတွေနှင့် ဝိုင်းစုပျော်ပါးနေကြသည့် လူအများကိုတွေ့ရသည်။ မနိမ့်မမြင့်သော စတိတ်စင်လေးတွင် အသံချဲ့စက်နှင့် သီချင်းဆိုနေသံ၊ ရှေ့နားတစ်နေရာတွင် အချမ်းပြေစေရန် ဖိုထားသည့်မီးပုံကြီးနှင့် အဲသည်နောက်က သောက်စားနေကြသည့်စားပွဲဝိုင်းတွေက ကိုကိုကြီးအား ကြိုဆိုလျက်ရှိသည်။ ခရီးဆောင်အိတ်ကို အုတ်ခံတိုက်အိမ်ကြီးထဲ ဝင်ထားပြီးချိန်တွင်တော့ ဦးမောင်က သူ့ကိုစားပွဲတွေဆီ ခေါ်သွားတော့၏။

"ကဲ ... လာဗျာ ငါ့တူကြီး။ ဒီမယ် ဦးမောင်သမီးကြီး နန်းလောဝ်ဝန်းလေ၊ မင်းနှမကို မှတ််ကောမှတ်မိသေးရဲ့လား။ လုယိင်း ... နှုတ်ဆက်ဦးလေ"

"အင်းပါ ပေါ့ရဲ့။ မမြင်တာကြာတော့ ကိုကိုကြီးရုပ်ကို မနည်းဖမ်းကြည့်ယူနေရတယ်၊ တယ်ခန့်ပြီးချောလာပါရောလားနော်"

မမြင်တာကြာပြီတဲ့လေ ... အင်း၊ ၆နှစ်ကျော် ၇နှစ်လောက်တော့ ရှိလေပြီပေါ့။ အရင်ကတော့ ဘိုးဘွားပိုင်တောင်ကြီးခြံကို ကိုကိုကြီးတို့မိသားစု မကြာမကြာရောက်ဖြစ်ကြသေးသည်။ သို့ပေမဲ့ ဖေဖေမရှိတော့သည့်နောက်ပိုင်း ခြံလုပ်ငန်းကိုပါနားလိုက်ကြ၍ ခြံကိုအမြဲစောင့်ရှောက်ပေးသည့် ဦးမောင်တို့မိသားစုနှင့်လည်း သိပ်မတွေ့ဖြစ်ကြတော့ချေ။ 

"တယ်လည်းအသက်ကြီးလာတာကို ထည့်ပြောပါဦးလေ။ သုံးဆယ်မှာ ခြောက်နှစ်စွန်းနေပြီကွဲ့။ ငါ့နှမကမှ အပျိုကြီးဖားဖားဖြစ်လို့ ကျက်သရေတိုးလာသဗျာ"

"အိုး ... သုံးဆယ့်ခြောက်နှစ်တော့ ဘာဖြစ်သေးသလဲ။ အသက်လေးဆယ်ကျော်မှ ဘဝစတယ်ဆိုတာရှိသေးတာပဲ။ အခုများ လေးနှစ်တောင်လိုသေးလေ။ ကိုကိုကြီး ကြိုက်တဲ့မိန်းမကို ကောက်ယူလိုက်လို့တောင် ရပါသေးနော်"

လောဝ်ဝန်း၏အမှတ်မထင် နောက်ပြောင်သောစကားကြောင့် ကိုကိုကြီးရော၊ ဦးစိုင်းမောင်ပါ မျက်တောင်တစ်ခတ်စာအတွင်း အပြုံးတွေမဲ့သွားကြသည်။ သူ(မ)မသိလို့ ပြောမိတာပဲဟူသောအတွေးနှင့် ကိုကိုကြီး ဗွေမယူပါလေ။ ဒီတွင် အခြေအနေကိုဝင်ထိန်းတတ်သော ဦးမောင်က၊

"ဒီမောင်နှမတော့ အချင်းချင်းမြှောက်နေကြပြန်ပါပြီ။ ကဲ .. လုယိင်းက ဧည့်ခံထားနှင့်ဦး။ ပေါ့ မောင်ကိုကြီးအတွက် စားစရာသွားယူပေးချေမယ်"

ကိုကိုကြီးလည်း မူလအပြုံးကို အလျင်စလို ပြန်ဆင်မြန်းလိုက်ရသည်။ ငယ်စဉ်က အိမ်မှာအကြီးအကျယ် ပြဿနာဖြစ်ခဲ့ရသော ကိုကိုကြီး၏ဖြစ်တည်မှုကို ဦးမောင်ကသိထားတာမို့ သူ့ကိုအားနာဟန်ရှိနေပုံရ၏။ အခုများတော့ အခြေအနေတွေငြိမ်သက်လို့ ကိုကိုကြီး အဘယ်မျှမခံစားရတော့ပါချေ။

ဦးမောင် အလောတကြီးထွက်သွားတော့ လောဝ်ဝန်းနှင့်ပဲ ဟန်မပျက် အာလာပသလာပပြောရသည်။ ရာသီဆောင်းက ချမ်းခိုက်နေပေမဲ့ ပျော်ပွဲရွှင်ပွဲမို့ လူရွယ်တွေကတော့ ဆိိုလိုက်မြူးထူးလိုက်နှင့် တဖွဲဖွဲပါပဲ။ ခဏကြာတော့ ရှမ်းအစားအစာတွေ တန်းစီရောက်ချလာသည်။ ကိုကိုကြီးလည်း ဗိုက်ဆာနေပြီမို့ အပီလွေးရတော့လေ၏။

"ကိုကိုကြီး သုံးဆောင်ထားနှင့်ဦးနော်၊ လောဝ်ဝန်း ဟိုဘက်ခဏဧည့်ခံဦးမယ်"

"သွားပါ ငါ့နှမ ... ကိုကိုကြီးက ဧည့်သည်မှမဟုတ်တာ၊ အားမနာပါနဲ့"

ဦးမောင်ရော၊ လောဝ်ဝန်းပါ ဧည့်သည်တွေနှင့် မအားလပ်ကြတာမို့ ကိုကိုကြီးခမျာ တစ်ယောက်တည်း ညစာလေးစားရင်း ကျန်ရစ်သည်။ ရှမ်းစာတွေသာမက လက်ဖက်ခြောက်မွှေးမွှေးနှင့် အကြမ်းရည်ကိုပါသောက်ရတော့ အချမ်းပါပြေသွားသလိုလို။

ထိုအခိုက် နားစည်သို့ ရိုက်ခတ်လာသော ချိုသာအေးသည့်သီချင်းသံက ခေါင်းမဖော်တမ်းလွေးနေသော ကိုကိုကြီး၏အာရုံကို ဖမ်းစားသွားချေသည်။ စားလက်စ ဇွန်း၊ ခက်ရင်းကိုအသာချရင်း လက်ကိုင်ပဝါနှင့် နှုတ်ခမ်းစွန်းကို ကောက်သပ်လိုက်မိတာ အသာအယာ။ ကိုကိုကြီးမျက်ဝန်းတွေကတော့ဖြင့် စတိတ်စင်အသေးလေးပေါ်က သီချင်းဆိုသူကို သေချာရှုစားမိနေလေပြီ။

🎵 အို မောင်နော်ဇာရွှေကုံး ဂမုန်းခိုင်ရေ ..
(ဟင် .. ဟင် .. ဟင်း .. ဟင်း .. ဟင်)x၂
ဆောင်ပို့မယ် မောင်တို့ချယ်ရီမြေ ..
တူတူလိုက်မလား၊ သွားမယ်မေ အချစ်ရေ .. 🎵

လက်ကိုင်ပဝါနှင့် ကွယ်ထားလက်စ ကိိုကိုကြီးနှုတ်ခမ်းပါးလေး သူမတူအောင် ကော့ညွတ်သွား၏။ အနုပညာမြောက်လောက်အောင် နားဝင်ချိုလိုက်သည့်အသံ၊ နားထောင်ကောင်းလိုက်သည့်သီချင်းက ကိုကိုကြီးအာရုံကိို တစ်ခဏတွင်း ဖမ်းစားသွားခဲ့ချေပြီ။ အဆိုရှင်ဝင်းဦး၏ မူရင်းဟန်ကို မပျောက်အောင်သီဆိုနိုင်ပုံက ကြားရသူတွေအဖို့ လွမ်းဆွေးဖွယ်ပင်။

အဝေးစားပွဲကနေပဲ မသဲမကွဲလှမ်းမြင်ရသော အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးဟန်ရှိသော ကောင်လေးကိုတော့ သူသေချာမမြင်ရပါချေ။ စိတ်ဝင်စားဖွယ်ကောင်းသော သီချင်းသံကိုပဲ မျက်လုံးကလေးမှိတ်ရင်း ခဏတာခံစားမိပြန်၏။

🎵 စိမ်းစိုတင့်မော် ယိမ်းမလိုဆင့်နော်၊
ဟိုချယ်ရီမြေ ...
လန်းတယ် ထိုပန်းကလေးက တဝေဝေ၊
နမ်းဖွယ် ကိုယ်လှမ်းပေးစရာ့ တခြွေခြွေ။

ဂန္ဓာရုံထဲ နှံ့စွာထုံစွဲ
သာယာမယ်လေ။
ချစ်သူပျော်ဖို့ မောင်တို့ချယ်ရီမြေ ...
ဖွင့်ယူခေါ်လို့ မောင်တို့ ချယ် ရီ မြေ ... 🎵

"ဒီအခြောက်ကောင်ကတော့ ချယ်ရီမြေသီချင်းနဲ့ ဆွေးပြန်ပဟေ့"

"မမေ့နိုင်သော ဓာတ်ပြားဟောင်းကြီးပေါ့ကွာ"

'အခြောက်ကောင်' ဆိုသော အနောက်ဘက်ဝိုင်းဆီမှ စကားသံသဲ့သဲ့ကြောင့် ကိုကိုကြီးမျက်လုံးတွေပွင့်ကာ ကိုယ်ကလေးတည့်မတ်သွားသည်။ သည်စကားဟာ သူ့ရင်ကိုလှိုင်းပုတ်လိုက်သည်ထက်ဆိုးစွာ အရှိုက်ထိစေ၏။ တစ်ချိန်က အနာဟောင်းကို တုတ်နှင့်ထိုးဆွခံရသည့်နှယ် နာကျင်သွားရတာ စူးစူးရှရှ။ တစ်ချိန်တည်းမှာပင် အပြောခံရသည့် စင်ပေါ်ကကောင်လေးအားလည်း ဂရုဏာသက်မိသွားသည်။

အို ... အနှိမ်ခံဘဝတူတွေပါပဲလား။ သူကတော့ဖြင့် ပြောခံရပါများလို့ အသက်ကြီးတဲ့ခံနိုင်ရည်ရှိသူပေမဲ့ ထိုကောင်လေးကတော့ဖြင့် အလွန်ဆုံးရှိလှ အသက်ကလေးနှစ်ဆယ်ကျော် အစိတ်ပေါ့။

"ဟိုကောင်ကဖြင့် ဒီမြေကိုခြေတောင်မချတော့ဘူး၊ သူက လွမ်းလို့ဆွေးလို့ကောင်းတုန်း"

"မင်းနှယ် .. ရွာနားကမြက် ရွာနွားမစားဘူးဆိုတာ သဘောပေါက်သင့်တာ"

"ရိုးရိုးမြက်ဆိုတော်သေးလေ။ ဒါက မြက်ခြောက်ကြီးကွ ... ဟားဟားဟား"

တယ်!

တဝါးဝါးတဟားဟားဖြစ်နေကြသော အနောက်ဘက်ဝိုင်းအား ကိုကိုကြီး ဘယ်လိုမှသည်းမခံနိုင်တော့ ခပ်စိမ်းစိမ်းဖြင့် လှည့်ကြည့်လိုက်သည်။

တိုက်ပုံအနက်နှင့် အကွက်ကျဲပုဆိုးခဲရောင်က သူ့ကိုအသက်ကြီးပုံပေါက်ဟန် တူစေသည်ထင်ပါရဲ့။ အသက်နှစ်ဆယ်ကျော်အရွယ်ငဂျစ်တွေ သူ့ကိုဘုကြည့်,ကြည့်ပြီး စကားပြောသံတွေ ရပ်စဲသွားကြသည်။ ဘယ်လိုကြည့်ကြည့်ပါလေ ... သူနှင့်အဖြစ်တူသူကို ထိုသို့ပြစ်တင်ရှုံ့ချနေရာက ရပ်သွားအောင်ကာကွယ်လိုက်နိုင်ဖို့က ကိုကိုကြီးဆန္ဒပင်။

ဒါပေသိ ကိုကိုကြီးမသိခဲ့သည်မှာ ထိုကာကွယ်ပေးချင်သည့်ဆန္ဒက တစ်ညတာအတွက်တင်မဟုတ်ဘဲ တစ်ဘဝစာ၏အစပျိုးရာ ဖြစ်ခဲ့တယ်ဆိုတာကိုပါပဲ။

..............

တွင်းရေက ကြည်လင်နေသည်။ အငွေ့တထောင်းထောင်းနှင့် နွေးလှသည်။ ရာသီမှာအေးခဲလုနီးပါးပေမဲ့ မျက်နှာသစ်ဖို့ သည်လိုရေရှိတာကိုက အညာသားကိုကိုကြီးအတွက် ကံကောင်းခြင်းတစ်မျိုးကဲ့သို့ မှတ်ယူရမလိုလို။ နေထွက်လာတာတောင် နှင်းမကွဲသေးသည့် တောင်ကြီးဆောင်းကတော့ ရှားရှားပါးပါး သည်တစ်ကြိမ်သာ ကြုံဖူးသေးတာမို့ အထူးအဆန်းတော့ ဖြစ်နေလေ၏။

ကိုကိုကြီးတစ်ယောက် သွားပွတ်တံနှင့် အာခံတွင်းကို အားရပါးရပွတ်တိုက်နေရင်း ညကအဖြစ်အပျက်တို့ကို ပြန်တွေးတောနေမိသည်။ အနောက်ဝိုင်းကငဂျစ်ကလေးတွေ အခြောက်ဟုလှောင်ပြောင်နေကြသော အဆိုကောင်းသူကောင်လေးက ဦးမောင်၏သားအငယ်တဲ့လေ။ ကိုကိုကြီး အံ့အားသင့်သွားတာတော့ အမှန်ပင်။ ဟိုအရင်က သူတို့အလည်လာလျှင် ကလေးတစ်ယောက်ဆော့ကစားနေတတ်တာ တစ်ခါနှစ်ခါမြင်ဖူးခဲ့ပေမဲ့ အခုလိုအရပ်ရှည်ရှည်၊ လူပျိုပေါက်အရွယ်ရှိလှမည်ဟုတော့ မတွေးဖြစ်ခဲ့။

'ဒါ ဦးမောင်သားငယ် စိုင်းလောဝ်ခွန်းလေ'

စားပွဲထိခေါ်လာပြီး မိတ်ဆက်ပေးတော့ ထိုကောင်လေးနှင့် သူသေချာဆုံဖြစ်ခဲ့သည်။ အရွယ်ရောက်လာလို့ပဲလား၊ ငယ်ငယ်က သူမှတ်မိဖူးသောရုပ်ကလေးနှင့် ဘာမျှမဆိုင်တော့။ မျက်လုံးသဏ္ဌာန်က မကျယ်မဝန်းနှင့် ရှည်လျားသည်။ နှာတံချွန်သော်ငြား မေးရိုးကလေးတော့ ခပ်စုစုသာ။ အလယ်ဆံကြောင်း မထင်မရှားပေမဲ့ ဆံစတွေနားရွက်ကျော်သည်ထိ အထပ်အထပ်ကျဲပြန့်နေတာတော့ ကပိုကရိုနှင့်။ အသားအရည်က မီးအလင်းရောင်နည်းတာတောင် ဖွေးဥနေမှန်းသိသာသည်။

အင်း ... ရှမ်းလူမျိုးပေကိုး။

တွေးနေရင်းက မျက်နှာသစ်၊ သွားတိုက်ခြင်းအမှု ပြီးစီးသွားလေ၏။ ရေတွင်းကအားယူထခဲ့ရင်း ပုခုံးပေါ်တင်ထားသည့်ပဝါနှင့် မျက်နှာအပြည့်သုတ်ရသည်။ ပြီးမှ အုတ်ခံတိုက်လေးထဲ ပြန်ဝင်လေတော့ ဦးမောင်တစ်ယောက် ဧည့်ခန်းတွင်ထိုင်နေလေပြီ။ ထိုကောင်လေးလည်း ရေနွေးတစ်အိုးကိုင်ရင်း အနောက်ဘက်မှထွက်လာတာ တွေ့ရလေ၏။

"မောင်ကိုကြီး နိုးပြီလား၊ လာလေကွာ ... မနက်စာလေးစား၊ အကြမ်းရည်လေးသောက်ရအောင်"

"ဟုတ်ကဲ့ ဦးမောင်"

ပြောပြောဆိုဆိုနှင့် သူ တန်းလျားတစ်ဖက်ခြမ်းဝင်ထိုင်ရသည်။

"မနက်စာက တို့သုံးယောက်ပဲ စားကြရတော့မယ် မောင်ကိုကြီးရေ။ လောဝ်ဝန်းကလည်း သျှောင်နောက်ဆံထုံးပါဆိုတော့ အိမ်မှာသားအဖနှစ်ယောက်ပဲ ကျန်ရစ်တော့တာလေ။ မောင်ကိုကြီးရောက်လာလို့သာ တို့တွေအထီးမကျန်တာပဲ"

"အထီးကျန်တာပေါ့ ဦးမောင်။ ကျွန်တော်တိုးလာတော့ အထီးသုံးယောက်ကျန်တာပေါ့"

"ဟားဟား"

သမီးမိန်းကလေး မင်္ဂလာဆောင်တော့ နှမြောတသဖြစ်နေသည့် ဖခင်ကြီးခမျာ မျက်နှာကလေး မသိမသာညှိုးငယ်လို့နေသည်။ ဒါမို့လည်း ကိုကိုကြီး တမင်စလိုက်တာဖြစ်၏။

ဘေးဝင်ထိုင်နေသော ကောင်လေးကတော့ ရေနွေးခွက်တွေ အစီအရီချရင်း ခပ်ဆိတ်ဆိတ်သာရှိလှ၏။ ညကတည်းက သူ့ဆီမှစကားရယ်လို့ တစ်ခွန်းတပါဒမျှ မကြားရသေး။ မိတ်ဆက်ပေးတော့လည်း ယောင်နနဟန်လေးဖြင့်သာ ပြုံးရှာသည်။ အေးချမ်းသည့်အသွင်တော့ အတော်ဆောင်တဲ့ကောင်ကလေး။

"ဒါနဲ့ စိုင်းလောဝ်ခွန်းကရော ကျောင်းပြီးထားပြီလား"

ယောကျ်ားသုံးယောက်၏စကားဝိုင်းကို အေးစက်မသွားစေရန် ကောင်လေးအား အမေးစကားလေး စပေးလိုက်သည်။ သည်လိုမှပဲ စကားပြောတော့မည်မလား။ သို့သော် လက်တွေ့တွင်တော့ ကိုကိုကြီးအထင်အမြင်တို့ လွဲပါသည်။ ကောင်လေးက သူ့ထံခေါင်းမော့သာကြည့်ပြီး အဖြေကို ဦးမောင်ကစိတ်စောစွာ ဖြေဆို၏။

"မင်းညီလေးက  သမိုင်းနဲ့ကျောင်းပြီးထားတယ်။ ရုံးစာရေးလေး ဝင်လျှောက်ပါဆိုတာ စိုက်ပျိုးရေးပဲ ဝါသနာပါသတဲ့လေ။ အသက်ကသာ နှစ်ဆယ့်ငါးနှစ်ကျော်လာတယ် အခုထိလည်း လူတောမတိုးဘူး။ ငါ့တူကြီး မပြန်ခင်လေး ကြည့်ပြောသွားစမ်းပါဦး"

"ဟုတ်သလား။ စိုက်ပျိုးရေးလည်း တစ်မျိုးတစ်ဖုံတော့ ကောင်းပါတယ်လေ။ လူဆိုတာ ဝါသနာပါရာလုပ်နေရရင် သိပ်စိတ်ချမ်းသာတဲ့အမျိုး။ ကျွန်တော့်သာကြည့်လေ ... မေမေက ရွှေဆိုင်ဦးစီးခိုင်းလည်း ဟိုရှောင်ပြေးသည်ရှောင်ပြေးနဲ့ နယ်လှည့်စာရေးနေတာ၊ အခုဦးမောင်ဆီမှာ လာသောင်တင်နေတာသာ ကြည့်တော့ဗျာ"

ကိုကိုကြီးက ဖိအားပေးသယောင်မပြောဘဲ ဝါသနာအရသာဆက်လုပ်ခိုင်းဖို့ ကူပြောပေးတော့ ကောင်လေးမျက်ဝန်းတွေ အရောင်လဲ့လာသည်။ ဒါကို ဦးမောင်လည်း ဆက်ဆက်မြင်လိုက်တော့၊

"အိမ်း၊ ရှေ့နေကယ်မှ ထောင်လုံးလုံးကျဆိုသလိုတော့ဖြစ်နေပြီ မောင်ရေ"

မနက်စာဝိုင်းလေးက ရယ်မောသံတွေနှင့် ပြည့်နှက်သွားလေသည်။ ပေါင်းတင်းကြော်ကလေးစားလိုက်၊ အကြမ်းရည်လေးမြည်းလိုက်နှင့် တောင်ကြီးနံနက်ခင်းကလည်း ကိုကိိုကြီးအတွက် တစ်မျိုးနှစ်လိုဖွယ်ကောင်းနေလေ၏။

"မင်းတို့ခြံကြီးလည်း ဦးမောင် ဖြတ်သွားဖြတ်လာတော့ ကြည့်ဖြစ်ပါ့ဗျာ။ ခြုံတွေပေါလွန်းလိုက်တာလည်း လူ့တစ်ရပ်မကတော့ဘူး၊ မမတို့များ ခြံကြီးကိုပစ်ထားရက်လိုက်တာ၊ ဦးမောင်တော့ သိပ်နှမြောတာပဲ။ ကိုလတ်နဲ့ ကိုငယ်ကို ဦးစီးခိုင်းလည်း ဖြစ်ပါတယ်လေ"

"မေမေကလည်း သားသုံးယောက်ရှိပေမဲ့ ဘယ်သူ့မှမနိုင်သလိုကို ဖြစ်နေတယ်ပြောရမယ်။ ကျွန်တော်ကလည်း စာရေးတာပဲဝါသနာပါတယ်။ ကိုကိုလတ်ကတော့ ရန်ကုန်မှာပဲ သူ့မိသားစုနဲ့ အခြေကျတယ်။ ကိုကိုလေးကျပြန်တော့လည်း သူ့ရုံးအလုပ်တွေနဲ့ မအားလပ်နိုင်ပါဘူးလေ။ ဒီလိုနဲ့ ဖေဖေရှိစဥ◌်ကလို ခြံကြီးကိုလှည့်မကြည့်ဖြစ်တာ ဆိုပါတော့ဗျာ"

ဦးမောင်ကြီးက ခေါင်းတညိတ်ညိတ်နှင့်နားထောင်သလို ကောင်လေးကလည်း ဘာမှမပြောသည့်တိုင် စူးစူးစမ်းစမ်းရှိလာတာတော့ သတိထားမိသည်။

"ဒါနဲ့ မင်းစာလာရေးတာဆိုတော့ လုံးချင်းဝတ္ထုလား။ ဟိုတစ်ခါ 'အဖြူထဲကအမည်း' ဆိုတဲ့ဝတ္ထုကတော့ ပေါက်တယ်ဆို။ ရေဒီယိုမှာ သားကြီးပါလာတယ်လို့ မမကကြုံတိုင်းပြောတယ်"

"လူ့ဘဝဇာတ်ခုံအကြောင်းလေးဆိုတော့ အကြိုက်တွေ့ကြတာနေပါမယ် ဦးမောင်။ ဒီတစ်ခါတော့ ကျွန်တော်တောင်ကြီးက ချယ်ရီတွေအကြောင်းလေ့လာပြီး ဝတ္ထုရှည်တစ်ပုဒ်လောက် ရေးဖို့စိတ်ကူးထားတယ်။ ရှင်းတော့ပြပေးဦးနော့"

"ဒါဆို မင်းညီကိုသာမေးဗျာ။ သူက ချယ်ရီနဲ့ပတ်သက်ရင် နာမည်ပြောင်ကိုရှိတာ"

ကိုကိုကြီးမျက်လုံးတွေဝင့်ပြလိုက်တော့ ကောင်လေးက ရှက်သလိုလိုနှင့် အဖေဖြစ်သူကို လှည့်ကြည့်လိုက်တာ ငြူငြူစူစူ။ သူကပါ 'ပြောပါဦး ဦးမောင်ရ' ဟု ဝင်ထောက်လေတော့ ထိုအကြည့်က သူ့ထံပါး ဝေ့ဝဲရောက်လာတော့သည်။ သို့သော် သူ့အကြည့်တွေ့မှာ ပူလောင်ခြင်းမပါမှန်း မျက်လုံးချင်းဆုံမှ ပိုသိခွင့်ရလေသည်။

ဪ ... ကြည်ကြည်စင်စင်နဲ့ ငြိမ်းအေးတဲ့ကောင်ကလေး။

..............

"ချယ်ရီရူး ဟုတ်သလား"

ကိုကိုကြီးနှင့် စိုင်းလောဝ်တို့နှစ်ဦး ချယ်ရီပင်တန်းတွေရှိရာ ထွက်ခဲ့ချိန်တွင် နေကထန်းတစ်ပင်အမြင့်လောက်သာ ရှိတော့သည်။ ညနေခင်းမို့ လူရှင်းရှင်းနှင့် မြူကင်းကင်းပင်။  မြို့အထွက်ဆီ ဂျစ်ကားကလေးနဲ့ ထွက်ခဲ့ကြတာပေမဲ့ တကယ်ဆို ဦးမောင်၏ခြံကျယ်ကြီးနှင့်တော့ သိပ်မဝေးလှပါပေ။ ဝေဆာနေသည့်ချယ်ရီပင်တွေအောက်ရောက်မှသာ သူတို့လမ်းဆင်းလျှောက်ရင်း အေးဆေးစကားပြောဖြစ်ကြသည်။

"မရူးပါဘူး။ ကျွန်တော်က ချယ်ရီတွေကို မြတ်နိုးတာ၊ တန်ဖိုးထားတာပါ"

ပကတိကြည်ရှင်းနေသော ရှမ်းကောင်လေးက ညနေမှာတော့ ပုံစံတစ်မျိုးဖြစ်နေသည်။ နက်ပြာရောင်အကွက်စိပ်ပုဆိုးနှင့် ဖျဉ်ထည်အင်္ကျီအရောင်ဖျော့လေးကို ဝတ်ဆင်ထားပုံက ကပ်ကပ်လျက်လျက်။ တစ်နေကုန် ဖြူ၊ နီ၊ ဝါဂန္ဓမာပန်းခင်းတွေထဲ တကုပ်ကုပ် အလုပ်ရှုပ်နေတာတွေ့ရပေမဲ့ သူနဲ့လိုက်လာတော့လည်း မောတဲ့ပန်းတဲ့ပုံ မပေါ်ပါချေ။

လေရူးကျီစယ်တိုင်း ချယ်ရီပွင့်ချပ်တွေ ကြွေနေသည်။ နေခြည်က မှုန်ဖျဖျ၊ တိမ်တွေက ဖြူလျလျ။ ကိုကိုကြီး ဘေးဘက်ကိုငေးမိပြန်တော့ မေးရိုးထင်းထင်း၊ နှာတံပေါ်ပေါ်နှင့် ဝါဂွမ်းကဲ့သို့ ဖွေးဖြူသည့်မျက်နှာပိုင်ရှင်က မမှိတ်မသုန် ရှိနေလှသည်။ ကောင်လေးကလည်း အကျီအိတ်ကပ်တွေထဲ လက်နှစ်ဖက်လျှိုသွင်းရင်း အပူအပင်ကင်းစွာ လျှောက်လှမ်းနေတာပင်။ သူ့တစ်သက် ယောက်ျား၊ မိန်းမများစွာကို ကြုံဖူးဆုံဖူးခဲ့ပေမဲ့ သည်လိုငြိမ်းအေးသည့်မျက်နှာဟန်ပန်ကလေးကတော့ အတော်တင့်တယ်၏။ ချယ်ရီတွေနှင့်လည်း သိပ်ကိုပနံသင့်ကာ ဝင့်ထည်ပေ၏။

"စိုင်းလောဝ်ခွန်းက သိပ်လှတယ်မထင်ဘူးလား"

"ခင်ဗျာ!"

အဆုံးအစမရှိထွက်မိသွားသော ကိုကိုကြီးစကားသံကြောင့် ကောင်လေးမျက်ဝန်းတွေ အဝိုင်းသား။ ရှက်သည်းဖြာသွားတာမို့ ကိုယ်ကလေးတောင် မခို့တရို့ ဖြစ်သွားပုံပေါ်သည်။

"ဪ ... ချယ်ရီတွေ သိပ်လှတယ်မထင်ဘူးလားလို့ မေးတာပါ"

"ဟုတ်၊ ဟုတ်ကဲ့ ... လှပါတယ်။ ပြီးတော့ ကျွန်တော့်ကို စိုင်းလို့ပဲခေါ်လို့ရပါတယ်"

တရင်းတနှီးခေါ်စရာ နာမ်စားလေးတစ်ခု ပိုင်ဆိုင်ရသလို ခံစားမိတာမို့ ကိုကိုကြီးရင်ထဲ နွေးသွားရ၏။

သည်လိုနှင့် နှစ်ယောက်သား ချယ်ရီပင်တွေအကြောင်းပြောကြရင်း အပေးအယူတည့်လာသည်။ 'ချယ်ရီရူး' ခေါ်ချင်လည်း ခေါ်စရာပါပဲ။ စိုင်းသည် အပင်ပေါက်ကစ ပွင့်ချပ်၊ ပွင့်ဖတ်တို့၏ သဏ္ဌာန်အဆင်း၊ အလေ့အထနှင့် သဘောသဘာဝတွေကို ချက်ကျလက်ကျရှင်းပြနိုင်သူဖြစ်သည်။ ကိုကိုကြီး ဝတ္ထုအတွက် အထောက်အကူဖြစ်စေမည့် အချက်အလက်တွေပဲပေါ့။

သည်တွင် တစ်နေရာအရောက် ချယ်ရီပွင့်ခက်တွေ ဝေနေသည့်ကိုင်းနိမ့်ကလေးအား ကိုကိုကြီး လှမ်းဆွဲဟန်ပြင်လိုက်သည်။ သို့ပေမဲ့ လျှပ်တပြက်ဆန်ဆန်ပဲ စိုင်းက သူ့လက်ဖမိုးကို လှမ်းအုပ်မိုးလိုက်တာ အလျင်အမြန်။

ကိုကိုကြီးလက်မှာ ရုတ်ချည်းရပ်တန့်သွားပေမဲ့ နှလုံးသားကမူ တိုးတိုးတိတ်တိတ် လှုပ်ရှားလာသည်။ ကောင်လေးကိုလှည့်ကြည့်တော့ မျက်နှာလေး အနည်းငယ်ငြူစူလျက်၊

"ချယ်ရီကိုင်းတွေ မချိုးပါနဲ့ဗျ"

"တစ်ခက်တည်းပါ စိုင်းရယ်"

"တစ်ခက်တည်းပါ၊ တစ်ကိုင်းတည်းပါ၊ တစ်ပင်တည်းပါ ... အဲလိုတွေကြောင့် တစ်စတစ်စနဲ့ ချယ်ရီတွေ မြေတုန်းပျောက်ကွယ်သွားတော့မယ်လေ။ အခုတောင် လမ်းတွေဖောက်လို့ ချယ်ရီပင်တွေခုတ်တယ်၊ တောမီးတွေရှို့လို့ ပါသွားတာတွေလည်း ရှိနေပြီ။ ဒီလိုနဲ့ ကျွန်တော်တို့တောင်ပေါ်မြေမှာ ချယ်ရီပန်းတွေ မဝေတော့တဲ့နေ့ရောက်လာမှာ စိုးမိတယ်"

ပုံမှန်ထက် တစ်ဆင့်ကျယ်သောအသံလေးက ကိုကိုကြီးနားစည်သာမက ရင်တွင်းနှလုံးသားဆီကိုပါ မိုးသည်လေထန်သလို တအုန်းအုန်းရိုက်ခတ်သည်။ စကားသံလေကြောင့်လား၊ လက်ချင်းထပ်ကိုင်ထားသည်ကြောင့်ပဲလား ... ကိုကိုကြီး လက်ကိုပြန်ကြည့်မိလိုက်မှ စိုင်းကအမြန်လွှတ်ချရင်း ရှေ့ဆက်လျှောက်တော့၏။

"တောင်းပန်တယ်နော် စိုင်း"

သူလိုက်ပြောပေမဲ့ ဘာမှမဖြေရှာ။ နဂိုကြည်ရှင်းသည့်မျက်နှာလေးက ကိုကိုကြီး ချယ်ရီကိုင်းချိုးမယ်ကြံမှပဲ သောကဝေသယောင် ရှိသွားသည်။ မဖြစ်ချေသေး၊ သူချော့ချင်သေးသည်။ ဒါမို့ ကိုကိုကြီး နံဘေးကခုံတန်းလေးဆီဝင်ထိုင်တော့ စိုင်းကလည်း ဘေးချင်းကပ်လျက် ထိုင်လာပေး၏။ နှစ်ယောက်ထိုင်ခုံတန်းကလေးမို့ သူတို့ပုခုံးသားချင်းဟာလည်း မထိတစ်ချက်၊ ထိတစ်ချက်။

"မခူးတော့ပါဘူးကွယ်၊ စိုင်း သောကတော့မများပါနဲ့။ ချယ်ရီတွေ ဒီလောက်ကဗျာဆန်ဆန်လှတာ တောင်ပေါ်မြေကနေ လွယ်လွယ်မပျောက်ကွယ်သွားနိုင်ပါဘူး"

"ပြောမရနိုင်ဘူးလေ ... အခုတောင် လျော့ပါးလာပြီ။ ဒါနဲ့ ဦးကိုကိုကြီးလိုစာရေးဆရာက ချယ်ရီတွေ ကဗျာဆန်ဆန်လှတယ်ပြောတော့ ကဗျာရောဖွဲ့တတ်သလား"

"ဟင်း ... ကဗျာဖတ်ချင်ရင် စပ်ပေးမှာပေါ့။ ဒါပေမဲ့ ကိုကိုကြီးလို့တော့ခေါ်"

စိုင်းက မျက်လုံးလေးတစ်ချက်ဝင့်ကာ ကိုကိုကြီးအားစိုက်ကြည့်သည်။ ပြီးကာမှ၊

"ကောင်းပါပြီ ကိုကိုကြီး"

စိုင်းဆီက ရင်းရင်းနှီးနှီးခေါ်ခံလိုက်ရတော့ ကိုကိုကြီး ကျေနပ်သွားသည်။ သည်တော့မှ အကျီအိတ်ကပ်ထဲတွင်ဆောင်နေကျ မှတ်စုစာအုပ်သေးကလေးနှင့်ဖောင်တိန်ကို ထုတ်ယူလိုက်သည်။ သူလုပ်သမျှဟန်ပန်တိုင်းကို နံဘေးရှိစိုင်းကတော့ မျက်တောင်မခတ်တမ်း အကဲခတ်နေတာဖြစ်၏။

ရယ်စရာတော့အကောင်းသား။ အသံဆူရင်တောင် စာမရေးတတ်သည့် ကိုကိုကြီးမှာ ဘေးမှာလူတစ်ယောက်လုံး သူ့ကိုထိုင်ငေးနေတာတောင် ကဗျာစပ်နိုင်သေးသည်။ စိုင်းကများ အနှောင့်အယှက်မဖြစ်အောင် နားပူနားဆာ ဘာမှပြောမနေလို့လားမသိချေ။ ဤသို့ဖြင့် ကိုကိုကြီး ခေါင်းစောင်းတွေးလိုက်၊ စာတစ်ကြောင်းရေးလိုက်နှင့် စူးစူးစိုက်စိုက် ကြိုးစားရှာသည်။

တအောင့်ကြာတော့ ဒွေးချိုးတစ်ပုဒ် စပ်ပြီးသွားလေ၏။ သည်မှ စိုင်းလက်ကလေးကိုဖြန့်စေရင်း စာအုပ်သေးလေးကို ထည့်ပေးလိုက်မိသည်။ လက်ချောင်းသွယ်သွယ်တို့ကဖြင့် ထိတွေ့ဖူးသမျှထဲမှာ အပျော့ပျောင်းဆုံးပိုးသားကဲ့သို့ ထင်မိတာပင်။

"ဖတ်ပြီးရင် စိတ်မဆိုးရဘူးနော် စိုင်း"

"ဘာတွေမဟုတ်တာ ရေးထားလို့လဲ"

"ဒါတော့ ဒွေးချိုးလေးကို ဖတ်ကြည့်ရင်သိမှာပေါ့။ ဪ ... နေဦး၊ ကဗျာဆိုတာ တစ်ကြောင်းချင်းဖတ်ရတယ်နော်"

"သိပါတယ်ဗျာ"

သူဖတ်ချင်နေပြီကို ကိုကိုကြီးက တစ်ခုပြီးတစ်ခုပြောနေတော့ စိတ်ရှည်ဟန်ပင်မတူတော့။ စိုင်းက စာအုပ်ထဲရှိကဗျာလေးကို တစ်ကြောင်းချင်းအသံထွက်ရွတ်တော့ ကိုကိုကြီးမှာ ချယ်ရီပန်းတွေကိုရှူမျှော်ရင်း အေးဆေးနားထောင်လိုက်သည်။

"ပန်းချယ်ရီ ..
ဖူးဝေသီ ရစ်ခွေလို့ထုံး
ပင်ဆင့်ရယ်လုံး။

အပွင့်ဝယ် ..
ဝတ်ဆံဝါ သေးငယ်နှင့်
ဆွတ်ခူးဖွယ် တွေးကာငြိုးတော့
ရွှေစိတ်တော်ဆိုး"

"ဟာ ... 'ရွှေစိတ်တော်ဆိုး' ဆိုတာ ကျွန်တော့်ကိုပြောတာလား"

ကိုကိုကြီးထင်သလိုပါပဲ၊ အဆုံးသတ်ဖတ်ပြီးတော့ ဒေါသအိုးကလေးက ထပေါက်ကွဲတော့သည်။

"ကာရံလိုက်အောင် စပ်လိုက်မိတာပါ၊ တကယ်လည်း စိတ်ဆိုးသွားတယ်မလား၊ ခုနက ချယ်ရီကိုင်းကိုခူးမယ်ကြံတော့ ရှူးရှူးရှဲရှဲနဲ့ ဖြစ်သွားတယ်လေ။ ဒီကဗျာလေးနဲ့ ကျေအေးလိုက်ရအောင်နော်"

"ဘယ်သူက စိတ်ဆိုးတယ်ပြောမိသလဲ"

စိုင်းက ခပ်တိုးတိုးညည်းရင်းရှေ့လှည့်ပြုံးတော့ ဖုံးဝှက်ထားသည့် သွားတက်ချွန်ချွန်ကလေးကို ကိုကိုကြီး အမှတ်တမဲ့တွေ့လိုက်ရသည်။ ပထဆုံးမြင်ရသည့် အပြုံးတစ်ပွင့်နှင့်အတူ ချွန်ထက်ဟန်ရှိသည့် သွားတက်ကလေးအား သဘောကျကာ အထူးစိတ်ဝင်စားမိသွား၏။ အပြုအမူလေးတွေကလည်း တမူထူးသကိုး။

"မင်းကပြုံးရင် အတော်ချစ်စရာကောင်းတာပဲ စိုင်းရ။ အေးစက်စက်မနေဘဲ အမြဲပြုံးစမ်းပါ"

'စိတ်ဝင်စားခြင်း' ဆိုသော စိတ္တဇနာမ်အစိုင်အခဲသည် မထင်မှတ်ထားအောင် ထုထည်ကြီးမားသွားလျှင် 'အချစ်' ဖြစ်လာတတ်တာကိုတော့ ထိုနေ့က ကိုကိုကြီး မေ့နေခဲ့ဟန်တူသည်။

.............

"ကိုစိုင်းလောဝ်ရေ ... ပဲခင်းတွေဘေး ပေါင်းရှင်းခဲ့ပြီနော်"

"အေးအေး။ ဖိုးကောက်ရော၊ မယ်ဝိုင်းရော နားကြတော့။ ကွပ်ပျစ်မယ် လက်ဖက်နဲ့ပဲကြမ်းကြော်လေး သုပ်ထားတာရှိတယ်၊ စားကြ"

ပက်လက်ကုလားထိုင်ပေါ်တွင် စာဖတ်နေသောကိုကိုကြီးထံသို့ လွင့်စင်လာသည့်စကားသံတို့ ဖြစ်သည်။ နာရီပြန်နှစ်ချက်ထိုးတာတောင် စိုင်းတို့သုံးယောက်သား အခင်းတွေထဲတကုပ်ကုပ်လုပ်ရင်း မနားကြသေးပေ။ တိမ်ထူထူကွယ်ထားသော နေအလင်းက ကမ္ဘာမြေဆီ တိုးမပေါက်လို့သာတော်တော့သည်။ ကိုကိုကြီးတို့ အညာပူပုံမျိုးနှင့်ဆို ဆောင်းနေတောင် ခံနိုင်ကြလှတာမဟုတ်။

ခြံကျယ်ကြီးက မြို့ပြင်နားရှိတာမို့ အနားပတ်လည်တွင် အိမ်ခြေက ခပ်ကျဲကျဲသာရှိ၏။ ခြံတစ်ဝင်းလုံးမှာလည်း အုတ်ခံနှစ်ထပ်တိုက်နှင့် ပျဥ◌်ထောင်အိမ်တစ်လုံးသာမို့ ကျန်မြေအားတွေတွင် နေရာယူထားသည်က ပန်းခင်းတွေ၊ သီးပင်စားပင်တွေချည်းသာ။

"အတူတူနားရအောင်လေတော် ကိုစိုင်းလောဝ်"

"နင်တို့လင်မယားသာ ကြည်နူးစမ်းပါ၊ ငါ ကန့်လန့်ကြီးမဖြစ်ချင်ပါဘူး"

ဂန္ဓာမာခင်းထဲက စိုင်း လှမ်းအော်နေသံကြားတော့ ကိုကိုကြီး စာဆက်မဖတ်သာတော့။ စာအုပ်လက်ထဲအသာကိုင်လို့ ပန်းခင်းဆီ လျှောက်လာဖြစ်ခဲ့သည်။ ကိုကိုကြီး သည်ရောက်တာဖြင့် ရက်သတ္တပတ်ပင် ပြည့်လေပြီ။ စိုင်းမှာ ခြံထဲကခြံပြင် သိပ်မထွက်တတ်ချေ။ အပေါင်းအသင်းရယ်လို့လည်း လာလည်တာလည်း မတွေ့ရတတ်။ ကိုကိုကြီးနှင့်တော့ သိပ်ကွာသည်။ သူဆိုလျှင် စာရေးချိန်ကလွဲလို့ အိမ်မှာရှိနေတတ်တဲ့အမျိုး မဟုတ်ချေ။ စာကိုတောင် ဟိုဟိုသည်သည် ထွက်ရေးတတ်လွန်းလို့ ယခုလည်း တောင်ကြီးပင်ရောက်နေသည်။

စိုင်းကမူ သူနှင့်ပြောင်းပြန်။ မနက်မိုးလင်းကတည်းက ဝါသနာပါတယ်ဆိုသည့် ပျိုးခင်းတွေထဲမှာ တကုပ်ကုပ်လုပ်နေတတ်သည်။ ထမင်းစားချိန်တွင်တော့ သူတို့နဲ့တစ်ဝိုင်းတည်း အတူစားဖြစ်ပြန်၏။ သို့ပေမဲ့ ကိုကိုကြီးနှင့် ဦးမောင်သာ စကားတပြောပြောရှိသည်၊ စိုင်းမှာမူ ခပ်ဆိတ်ဆိတ်သာ။ ညနေဖက်တော့ ပန်းရောင်းသူတချို့နှင့် ခြံထဲအလုပ်ရှုပ်တတ်ပြန်တာပင်။ ညခင်းရောက်မှသာ ရေဒီယိုဖွင့်ရင်း သီချင်းလေးတညည်းညည်းရှိပုံက စိုင်း၏အနားယူပုံယူနည်းပဲ ဖြစ်ပုံပေါ်၏။

လူတွေကို လိုက်စူးစမ်းတတ်သည့် ကိုကိုကြီးဟာ စိုင်းကိုတော့ဖြင့် အထူးစိတ်ဝင်စားတာမို့ လုံးဝမျက်ခြေမပြတ်စေရ။ ဒါမို့ စိုင်း အပြင်သိပ်မထွက်တာကစ တစ်နေကုန်လုပ်တတ်သည်အားလုံး သိနေတာဖြစ်သည်။ ဦးမောင်ကတော့ သာရေးနာရေးကိစ္စ ပိုများတာမို့ အိမ်တွင် သိပ်ကပ်တတ်သည်မရှိ။ 

"စိုင်း"

အဖြူရောင်ဂန္ဓာမာပန်းခင်းထဲက အုတ်ခဲကျိုးရောင် ချည်သားရှမ်းဝတ်စုံနှင့် စိုင်းခမျာ မျက်မှောင်လေးကြုတ်လျက် ခေါင်းထောင်လာသည်။ နဂိုအနေအေးမှန်းရိပ်မိသော်လည်း သူရောက်လာတာတစ်ပတ်ပြည့်သည်အထိ စိမ်းနေသေးသလို ခံစားရသည်။ အလုပ်သမားလင်မယားနဲ့တော့ ရင်းရင်းနှီးနှီးပြောနေတတ်တာမလား။

"တစ်နေကုန် ဒါတွေပဲလုပ်နေတာ မပျင်းဘူးလား။ ဟိုဖက်မယ် စကားလေးဘာလေးပြောကြဦးစို့လေ"

"ကိုယ်မြတ်နိုးတဲ့အရာတွေ လုပ်နေရတာမို့ မပျင်းပါဘူး။ ကိုကိုကြီးကရော အမြဲစာဖတ်၊ စာရေးနေရတာ မပျင်းဘူးလား"

"စာဖတ်တယ်ဆိုတာ ဗဟုသတရဖို့၊ အသိဉာဏ်ကြွယ်ဖို့ ... အင်း၊ အပျင်းပြေဖို့လည်း ပါတာပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က ဒီလိုစာတွေများများဖတ်တော့ ကိုယ့်စာကိုဖတ်တဲ့သူတွေလည်း အနည်းနဲ့အများ အကျိုးရှိတာပေါ့။ လာပါ ... ဟိုဖက်သွားထိုင်ရင်း ပြောကြမယ်"

သည်တစ်ခါတော့ စိုင်းမှာမငြင်းတော့ပေ။ ကိုကိုကြီး မူလထိုင်နေရာလိုက်ပါလာတော့ ဖိုးကောက်တို့လင်မယားက အကြမ်းရည်သောက်ရင်း ပြုံးစိစိကြည့်နေကြသည်။ စိုင်းက ဒါကိုမြင်တော့ 'ဘာရယ်နေကြတာလဲ' ဟု ရှက်ရှက်နှင့်လှမ်းအော်ဟစ်သည်။

"စိုင်းက ကိုကိုကြီးအပေါ်တော့ဖြင့် သိပ်စိမ်းသလိုပဲနော်"

"ခင်ဗျာ၊ ဘာလို့ဒီလိုပြောရတာလဲ"

နှစ်ယောက်သား ပက်လက်ကုလားထိုင်နှစ်လုံးတွင် ယှဉ်လျက်ထိုင်ဖြစ်ကြသည်။

"မေးမှပဲဖြေတတ်သလို၊ စကားပြောရင်လည်း အပြုံးအရယ်က တယ်နည်းသကိုး။ အသက်များ ဆယ်နှစ်လောက်ကြီးနေလို့လား။ ဖိုးကောက်တို့လင်မယားနဲ့ဆို ဒီလိုမှမဟုတ်တာပဲ .. ဟင်"

ကိုကိုကြီး မေးလေးငေါ့လို့ပြောတော့ စိုင်းကသေချာလှည့်ကြည့်ပြီးမှ 'ကိုကိုကြီး စိတ်ထင်လို့ပါ' ဟု ဖြေသည်။ ပြီးတာနှင့် မျက်လုံးချင်းဆုံရာက လွှဲသွားလိုက်တာ သူထင်သလို အလွန်တရာမှ သူစိမ်းဆန်မနေပေဘူးလား။

"စိုင်း ကိုကိုကြီးကိုပြုံးပြတာ ချယ်ရီပင်တွေအကြောင်း ကဗျာစပ်ပေးတုန်းက တစ်ခါပဲရှိသေးတယ်။ ကဗျာအမြဲစပ်ပြမှ ပြုံးမယ်ထင်တယ်"

"အဲ့လိုဆိုရင်ရော"

စိုင်း ညစ်ကျယ်ကျယ်လေး ပြန်ပြောလိုက်ပုံကဖြင့် ကိုကိုကြီးအဖို့ အသည်းယားစရာ။

"မင်းအပြုံးမြင်ရဖို့က တယ်ခက်သကိုး စိုင်းရဲ့"

"ဘာဖြစ်လို့!"

သည်တစ်ခါတော့ဖြင့် အကြည့်လွှဲမသွားဘဲ ကိုကိုကြီး၏အဖြေကို စိတ်ဝင်တစား စောင့်ဆိုင်းနေတာဖြစ်သည်။

"ကဗျာဆိုတာ ရင်တွင်းစကားတွေကို ပုလဲလုံးလေးတွေသီသလို ရေးဖွဲ့ရတာမျိုးမို့ စိတ်မပါရင်တော့ဖြင့် မစပ်နိုင်ဘူးလေ။ ဒါမို့ ကိုကိုကြီးကို ရေဒီယိုမှာ ကဗျာအသစ်တွေရွတ်ပြဖို့ တောင်းဆိုလာရင်တောင် ငြင်းတာများတယ်"

"ဒီလိုတန်ဖိုးကြီးကဗျာတွေဆိုလည်း စပ်မပေးနဲ့ပေါ့လေ"

စိုင်းက ခပ်ရွဲ့ရွဲ့ကလေးပြောတော့ ကိုကိုကြီး တစ်ဖက်ခုံနားတိုးကာ နှစ်ကိုယ်ကြားကပ်ပြောလိုက်သည်က၊

"ဘယ်နှယ်ပြောလိုက်တယ် ... စပ်ပေးမှာပေါ့။ စိုင်း အပြုံးမြင်ချင်မိတာကိုး"

ဟူ၍ပင်။ စိုင်းကတော့ဖြင့် လေအသွေ့မှာ ခေါင်းတွင်တွင်ငုံ့သွားရင်း ကိုယ်လေးခပ်ယို့ယို့နှင့်။ လက်ချောင်းသွယ်သွယ်တို့ကလည်း ရှမ်းဘောင်းဘီလေးကို အကြောင်းမဲ့ဆုပ်ကိုင်လိုက်တာ ကိိုကိုကြီး သတိထားမိလိုက်သေးသည်။

သည်ကောင်လေး ရှက်များရှက်သွားသလား။

................

ထိုနေ့ကစလို့ ကိုကိုကြီးအတွက် အလုပ်တစ်ခုတိုးလာခဲ့သည်။ ရှေ့ရက်သတ္တပတ်လုံးက စိုင်းကိုစိတ်ဝင်တစား လိုက်ကြည့်နေတတ်ရုံပေမဲ့ ယခုမူ မတူတော့။ သည်ကောင်လေးပြုံးရယ်တာ မြင်ချင်မိတိုင်း ကဗျာတစ်ပုဒ် ကောက်ခနဲစပ်တတ်လာသည်။  ရင်တွင်းကဖြစ်တည်ရသည့် ကဗျာမျိုးမို့ ကိုကိုကြီးခံစားချက်တွေ မပါဘူးဟုတော့ မလိမ်ညာနိုင်။ ဆယ်နှစ်နီးပါးငယ်သည့် စိုင်းအပေါ် စိတ်ဝင်စားနေခြင်းက 'မောင်တို့ချယ်ရီမြေ' သီချင်းကြားစဉ်ကတည်းက၊ ဒါကိုလည်း ကိုကိုကြီး၏သိစိတ်တွင် ဝန်ခံမိပြီးသားဖြစ်၏။

စိုင်း၏ချောမောမှုကို ဖွဲ့သီထားသောကဗျာလေးပင် အခုထက်ထိမပေးရသေး။ သူ၏ကဗျာစပ်နှုန်းတွေက တားမနိုင်၊ ဆီးမရသည်ထိ စိုင်းအပြုံးကိုပဲ မြင်ချင်နေတော့တာပင်။

ပိတုန်းရောင်သွန်း
ဤမျက်ဝန်း
ကြည်ရွှန်း ကျောက်ပမာ။

ချယ်ရီထုံမွှမ်း
ထိုနှုတ်ခွန်း
လှလွန်း ပန်းပမာ။

အသားဝယ်ဂွမ်း
ညက်ညောလွန်း
အိသွန်း ပိုးပမာ။

လက်ချောင်းရယ်ဝန်း
ရှည်ဖွဲ့သွန်း
သွယ်ယွန်း စမ်းပမာ။

ရူပကာညွှန်း
စွဲမက်လွန်း
ဘယ်ထွန်း ကျမ်းဋီကာ။

အခါခါပြန်ဖတ်ကြည့်ရင်း သည်ကဗျာလေးကို ဘယ်နေ့ပေးရမည်မသိသေး။ အခုမူတော့ ပူပူနွေးနွေးရေးထားသော ကဗျာလေးကို အရောက်ပို့ထားပြီးပြီပင်။

ကွပ်ပျစ်ပေါ်မှ အတွေးစတချို့ကို ခေတ္တရုတ်သိမ်းရင်း တိုက်ခံအိမ်ကလေးဆီ တစ်ချက်ငေးကြည့်မိပြန်သည်။ အခန်းငယ်လေး၏ ပြတင်းဝမှာ အခုထိအလှုပ်အရှားမရှိသေး။ ညက စိုင်း ဗီဒီယိုရုံသွားတာ မြင်လိုက်ရသည်။ ထူးထူးခြားခြား ညဘက်အပြင်ထွက်တာမို့ ဦးမောင်ကိုမေးကြည့်တော့ စိုင်းကြိုက်သည့်ဝင်းဦးကားပြလို့ ရုံမှာသွားကြည့်သတဲ့လေ။ ညဥ◌့်နက်သည်ထိကြာခဲ့ပုံရ၏၊ စိုင်းမှာ မိုးလင်းသည်ထိ မထနိုင်သေးချေ။

ဒါမို့ နေမြင့်တာတောင် စိုင်းကိုမမြင်ရသေး။ ကိုကိုကြီးနှစ်သက်တတ်သော ချယ်ရီနှုတ်ခမ်းထက်က အပြုံးတစ်ပွင့်ဆိုလျှင် ဝေလာဝေးစွပေါ့။ သည်လိုနှင့် လတ်တလော ခံစားချက်တချို့ကို ကဗျာတစ်ပုဒ်ကောက်ကာစပ်ကာ ပြတင်းနှစ်ဖက်ကြားဆီ သွားညှပ်ထားခဲ့သည်။ စိုင်း နိုးရင်တော့ဖြင့် ပြတင်းကိုလှပ်မှာမို့ မြင်မှာကတော့ မုချပါပဲလေ။

ကျွီ ~

ဟော ... ဒါသည် ရေနံချေးဝနေသော ခပ်ညိုညိုပြတင်းတံခါးကို ဖွင့်သည့်အသံပေတည်း။ ထိုအသံက နားစည်ကိုအချက်ပေးသည်နှင့် ပျင်းရိစွာ ဖတ်နေရသောစာအုပ်ကို ဥပေက္ခာပြုလိုက်တာ ငါးစိမ်းမြင်လို့ ငါးကင်ပစ်သည့်အတိုင်း။ အနည်းငယ်သာလှမ်းသော ပြတင်းဆီ ကိုကိုကြီးငေးတော့ ဆံပင်ခပ်ပုံ့ပုံ့နှင့် စိုင်းကိုလှမ်းမြင်ရချေပြီ။ လက်ထဲတွင်လည်း သူညှပ်ပေးထားသော စာရွက်ကလေးတစ်ရွက်နှင့်။ သူ့ကိုမြင်သွားတော့ အံ့အားသင့်ဟန်ပြသည်။ ပြီးမှ ခပ်ပြေပြေအပြုံးလေးတစ်ချက် လှမ်းပေးလိုက်တာက မပွင့်တပွင့်။

ကိုကိုကြီး မနေသာတော့ပြီ။ ထိုအပြုံးမြင်တာနှင့် စာအုပ်ကိုပစ်ချကာ ပြတင်းနားဆီ မပြေးရုံတမယ် လျှောက်လာခဲ့တော့၏။

"အိပ်ပုတ်လေး နိုးပြီပေါ့၊ ကဗျာရော ဖတ်ပြီးပြီလား"

"ကိုကိုကြီးက လူကိုနာမည်သိပ်ဖျက်တာပဲ။ ကဗျာထဲတောင် မလွတ်ဘူး"

"ဟောဗျာ! ဘယ်နားကနာမည်ဖျက်မိတာပါလိမ့်။ ချစ်စရာကောင်းတဲ့ အသုံးအနှုန်းရယ်ပါဗျာ"

ကိုကိုကြီးက ပြတင်းဘောင်ကို လက်နှစ်ဖက်တင်ရင်းပြောတော့ စိုင်းက အကြည့်လေးတစ်ချက်ခဲသည်။ မျက်နှာပင် မသစ်ရသေးလို့လား၊ အိပ်ရေးပဲဝမထားလို့လား၊ ပါးနှင့် မျက်ခွံကလေးတွေမှာ မို့အစ်အစ်ကလေးဖြစ်နေသေးတာပင်။ ချယ်ရီရောင်နှုတ်ခမ်းလေးကမူ ကိုကိုကြီးကို မကျေနပ်ဟန်ဖြင့် စပ်သီထားသောကဗျာလေးအား ထရွတ်ဆိုလေတော့၏။

"ညဦးမှောင်မိုက်၊
နှင်းသည်းခိုက်တွင်၊
ကိုယ်ငိုက်ပေမဲ့၊
နိုးကြားခဲ့သော၊
အိုဘယ့်မောင်မှာ၊
ခြုံပဝါနှင့်၊
သွားကာကြည့်သည် ဝင်းဦးဆီ ... ။

ကျေးငှက်ကယ်မြူး၊
မနက်ကူးတော့၊
မောင်ရူးခမျာ၊
မထပါဘဲ၊
အိပ်ရာထက်ဝယ်၊
စောင်အထည်နှင့်၊
လူလည်ကလေး လုပ်တော့သည် ... "

စိုင်းကစာရွက်ကလေးကိုင်ရင်း လေးလုံးစပ်ကဗျာကို ဖြည်းဖြည်းစီရွတ်တော့ သဘောတကျ လိုက်ငေးမောရသူမှာ ကိုကိုကြီးပင်ဖြစ်သည်။

"ကြည့်လေ ... မောင်ရူးဆိုတာ ကျွန်တော့်ကိုပြောတာမို့လား။ ပြီးတော့ ကျွန်တော့်မင်းသားနာမည်ကိုလည်း ထည့်စပ်လိုက်သေးတယ်"

ကျွန်တော့်မင်းသားတဲ့လေ ... စိုင်းနှုတ်က သည်စကားထွက်တော့ ရုပ်ရှင်မင်းသား ဝင်းဦးကို ကိုကိုကြီးတစ်ယောက် မြင်ပြင်းကတ်ချင်သည်။ မတွေ့ဖူး၊ မဆုံဖူးသေးပေမဲ့ အကြောင်းပြချက်ရယ်တော့ မယ်မယ်ရရ မရှိလိုက်ပါချေ။

"ကဗျာဆိုတာ အမှန်တရားကိုပဲ ရသမြောက်အောင် ဖော်ကြူးပေးတဲ့အရာမျိုးပါလေ။ စိုင်းကိုပဲကြည့် ... သီချင်းကို စွဲစွဲမြဲမြဲဆိုတော့ 'မောင်တို့ချယ်ရီမြေ' ၊ ဟောဟိုမှာ ကပ်ထားတဲ့ပိုစတာက ဝင်းဦးပုံ၊ အပြင်မထွက်စဖူး ညကြီးသန်းခေါင်ထိ ထွက်တော့လည်း ဝင်းဦးရဲ့ဗီဒီယိုကားကြည့်ဖို့တဲ့။ ဒါတွေဟာ ဝင်းဦးနဲ့ပတ်သက်ရင် ရူးသွပ်လို့ပဲမလား မောင်ရူးလေးရဲ့"

နဖူးပြင်ကို လက်သီးဆုပ်နှင့်ခပ်ဖွဖွထုတော့ ကိုယ်ကလေးယို့ရှာသည်။

"ကိုကိုကြီးက သိပ်မုန်းဖို့ကောင်းတာ"

"ဟောဗျာ! ခင်ပျိုမဒီတို့ကတော့ သိပ်ချစ်ဖို့ကောင်းတယ်လို့ ပြောသနော်"

"ကျွန်တော်တော့ဖြင့် မုန်းပါတယ်"

စိုင်းက ခပ်ပြုံးပြုံးပြောရင်း လှည့်ထွက်ဖို့ကြံသည်။ သည်တွင် လက်ကောက်ဝတ်ကို အမိအရလှမ်းဆွဲလိုက်တာ ကိုကိုကြီးဖြစ်၏။

"ဟေး ဒီလိုပြောပြီး ထွက်မပြေးကြေးလေ။ မုန်းပါတယ်ဆိုတော့ ကိုကိုကြီးရင်ထဲ မကောင်းလှဘူးကွယ်"

"ဒါဆိုလည်း ခုနကခင်ပျိုမဒီတို့ဆီ သွားနားထောင်ချေပေါ့"

စိုင်းက လက်ကိုရအောင်ရုန်းထွက်နေသည်။ အင်အားသာသည့် ကိုကိုကြီးကဖြင့် လက်ကောက်ဝတ်ကတဆင့် လက်ချောင်းတွေထိလျှောဆင်းက ပိုဆုပ်ကိုင်လိုက်တာ မိမိရရ။

"စိုင်းဆီကပဲ ကြားချင်တယ်ဆိုရင်ရော"

"လက်လွှတ်ပါဦး"

"မပြောမချင်း မလွှတ်ချင်..."

"လုကျိုင်းရေ ထတော့လေ"

အိမ်ထဲက ဦးမောင်အသံကြားတော့ စိုင်းမှာ ကြောက်အားလန့်အားနှင့် အတင်းဇွတ်ရုန်းသည်။ သည်တစ်ခါတော့ ကိုကိုကြီးလည်း လွှတ်ပေးလိုက်ရပါ၏။

"နောက်တစ်ခါတော့ ကြားချင်တယ်နော်"

ကိုကိုကြီး ခပ်မြန်မြန်ပင် နှစ်ကိုယ်ကြားဆိုလိုက်သည်။ နှစ်ယောက်သား မျက်လုံးချင်းဆုံနေရာမှ စိုင်းလည်း အမြန်ပြေးထွက်သွားလေတော့၏။

လက်ချောင်းသွယ်သွယ်တို့၏ နွေးထွေးမှုလေးကတော့ ကိုကိုကြီးထံတွင် နွေးကာကျန်နေရစ်ဆဲ။

..................

နေ့ရက်တွေ တရွေ့ရွေ့ကူးပြောင်းရင်း နှစ်တစ်နှစ်ကုန်ခါနီးလာသည်။ ကိုကိုကြီး တောင်ကြီးရောက်နေတာလည်း တစ်လပြည့်တော့မည်။ ရေးလက်စချယ်ရီဖွဲ့ အချစ်ဝတ္ထုကလေးတောင် တစ်ဝက်နီးနီး ခရီးပေါက်ခဲ့ပြီဖြစ်၏။

ရေမြေပတ်ဝန်းကျင်မတူသည့် နေရာမို့ပဲလား၊ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်လေး ရှိနေလို့ပဲလား မပြောတတ် ... ကိုကိုကြီးအတွက် သည်တစ်ခေါက်ဝတ္ထုရေးရတာ စိတ်ရွှင်လန်းစရာအတိဖြစ်နေသည်။ သဘာဝအကြောင်းတွေ ဖွဲ့နွဲ့ချင်တော့ တောင်တန်းပြာပြာနှင့် ချယ်ရီ၊ ဂန္ဓာမာကိုကြည့်သည်။ အချစ်ရေးရာတွေ ဖွဲ့နွဲ့ချင်ပြန်တော့ သူနှင့်စိုင်းအကြောင်း တွေးငေးမိပြန်သည်။

စိုင်းကိုတွေ့စကတည်းက ဘာကြောင့်ရယ် သည်လောက်ရင်းနှီးမိပါသနည်း။

ကိုကိုကြီး ခြံထဲလမ်လျှောက်ရင်း စဉ်းစားမိသည်။ သူ့ငယ်ဘဝကလို အခြောက်သမုတ်ခံရသည့် ဘဝတူချင်းမို့ သနားစိတ်ဝင်ခဲ့လေသလား။ ဒါမှမဟုတ် ခေတ်လူငယ်တွေလို့ ဂျင်းဘောင်းဘီတကားကားမဟုတ်ဘဲ အနေအထိုင်၊ အပြောအဆို ငြိမ်းအေးစေသည့်အချက်လေးကိုပဲ သဘောကျနေမိသလား။ ခပ်နုနုမျက်နှာကလေးနှင့် ချယ်ရီနှုတ်ခမ်းကအပြုံးလေးကို မက်မက်မောမောရှိမိတာကတော့ ကိုကိုကြီးတစ်သက် တစ်ခါမှမဖြစ်ဖူးသည့်လောဘလို့ပင် ပြောရမည်။

"ဦးကိုကိုကြီး ညနေစာစားတော့မလားဗျ။ ဦးလေးက မနက်ဖြန်မနက် ဆွမ်းလောင်းအတွက် သွားဝိုင်းပေးနေတော့ ညမိုးချုပ်မယ်တဲ့။ ဦးကိုကိုကြီးစားဖို့သောက်ဖို့တော့ သေချာလုပ်ပေးဖို့ မှာသွားတယ်"

"မဆာသေးပါဘူး ဖိုးကောက်ရာ။ ဒါနဲ့ မင်းတို့အကိုစိုင်းလောဝ် ငြိမ်လှချည်လား။ အခန်းထဲကကို ထွက်မလာဘူး"

"ငြိမ်ဆို စိတ်မကောင်းဖြစ်နေရှာတာ နေမှာပေါ့"

"ဟာ ... မနက်ကတောင် ပြုံးနေသေးတာ၊ ဘယ်လိုကြောင့် စိတ်မကောင်းဖြစ်သွားရတာတုန်း"

ကိုကိုကြီးရင်ထဲ မထိတ်သာမလန့်သာ ရှိလှသည်။ နဂိုအလုပ်တစ်ခုခု လုပ်မနေရလျှင် မနေတတ်သူက အခုတော့ အခန်းထဲအောင်းနေလိုက်တာ နေ့လည်ကတည်းဆို သုံးနာရီနီးနီးတော့ ရှိလောက်ပြီ။ သို့သော် ဖိုးကောက်ကမူ အင်တင်တင်နှင့်၊

"ဒီလိုပါပဲဗျာ။ ဦးကိုကိုကြီးထမင်းစားမယ်ဆို ကျုပ်ကိုလှမ်းခေါ်လိုက်နော်။ မီးဖိုထဲလည်း မယ်ဝိုင်းချက်ပြုတ်လို့ ပြီးစီးပါတော့မယ်"

သည်လို ဇဝေဇဝါပြောပြီးသာ ခြံထဲပြန်ဆင်းသွားသည်။ ဘာကြောင့်ရယ် ရေရေရာရာမသိရတော့ ကိုကိုကြီးစိတ်ထဲ စနိုးစနှောင့်ရှိလှသည်။ စိုင်းနှင့်ဖိုးကောက်တို့ နေ့လယ်က မြို့ထဲမြေဩစာထွက်ဝယ်ကြတာ မြင်လိုက်သည်။ အဲသည်က ပြန်လာကတည်းက စိုင်းတစ်ယောက် အခန်းအောင်းလိုက်တာ ညနေစာစားချိန်ထိ မထွက်တော့ချေ။ တစ်ခုခုတော့ဖြစ်နေပြီထင်၏။

ကိုကိုကြီး စိုင်းအခန်းရှေ့သို့ မယောင်မလည် ဖြတ်လျှောက်ကြည့်သည်။ အထဲက ဘာသံမျှမကြားရ။ တံခါးခေါက်ပြီး အကျိုးအကြောင်းမေးရန် ဟန်ပြင်လိုက်ပေမဲ့ အိပ်များအိပ်ပျော်နေမလားဆိုသည့်အတွေးကြောင့် မီးဖိုခန်းဘက်သို့သာ ကူးခဲ့ရသည်။ ဖိုးကောက်သိတယ်ဆိုလျှင် မယ်ဝိုင်းလည်း သိလောက်မည်ထင်၏။

"ဟော ... ဦးကိုကိုကြီး ဗိုက်ဆာပြီလား။ စားရအောင်ပြင်ပေးမယ်နော်"

"ဪ မင်းတို့ကလေးလင်မယားကလည်း မြင်တာနဲ့ ထမင်းတယ်ကျွေးချင်ကြသကိုး။ မစားချင်သေးပါဘူးဗျာ၊ မေးစရာရှိလို့ ဝင်လာတာ"

ကိုကိုကြီးက ရောက်စတည်းက ဖိုးကောက်နှင့်မယ်ဝိုင်းကို ကလေးလင်မယားဟု စနေကျမို့ သူတို့လည်းစိတ်မဆိုးတတ်ပါချေ။ အသက်အားဖြင့် နှစ်ဆယ်မပြည့်ကြသေးဘဲ လက်ထပ်ထားတာမို့သာ ခေါ်ရသည်။ တကယ်ဆို သူတို့အရွယ်လေးတွေက တက္ကသိုလ်တက်နေရမည့် ကျောင်းသူ၊ ကျောင်းသားအရွယ်သာသာလေးတွေသာ ရှိကြသေးသည်။ ကျောင်းမနေတော့လည်း အိမ်ထောင်စောစောပြု၊ အလုပ်စောစောလုပ်ကြတာ ဖြစ်ပုံရပါ၏။

"ဦးကိုကိုကြီးမေးမယ်ဆိုတာ မိဝိုင်းသိပြီ။ ကိုစိုင်းလောဝ် ဘာလို့အခန်းအောင်းနေသလဲ သိချင်တာမလား"

"အောင်မယ် ... ဘယ်လိုများသိသလဲ။ ထားပါ ... ဆိုစမ်းပါဦး၊ စိုင်းကဘာဖြစ်သွားတာလဲ"

မယ်ဝိုင်းက မွှေလက်စယောက်ချိုကို အင်တုံထဲစိမ်ထည့်လိုက်ရင်း၊

"နေ့လယ်က မြို့ထဲသွားကြတယ်လေတော်။ အဲသည်မှာ ကိုစိုင်းလောဝ်ဆို ပြောချင်နေကြတဲ့ ဂျစ်ပစီကောင်တွေနဲ့ တွေ့ခဲ့ကြသတဲ့လေ။ အရင်တည်းက ပြောမနိုင်လို့ ဥပေက္ခာပြုထားတာကို မနက်ကတော့ ပန်းဖောက်သည်အသစ်တွေရှေ့မှာ အရှက်ခွဲသတဲ့။ ကျုပ်ဖြင့် အဲကောင်တွေတွေ့လို့ကတော့ ဟောဒီယောက်ချိုနဲ့ ထိပ်တွေတန်းစီခေါက်လိုက်ချင်တာ"

"ဟုတ်သလား၊ ဘယ်လိုတောင်စလိုက်လို့ ဒီလောက်ဝမ်းနည်းသွားရတာလဲကွယ်"

ကိုကိုကြီး စစ်စစ်ပေါက်ပေါက်မေးတော့ မယ်ဝိုင်းတစ်ယောက် လည်ဂုတ်ကလေးပွတ်သပ်နေတာ မရဲတရဲ။ ခုနကဖိုးကောက်လိုပင် ပြောပြချင်ပုံမရ၊ ရောက်စနေ့တုန်းကလို ကိစ္စပဲဖြစ်မည်ဟု ကိုကိုကြီးမှန်းမိသွားသည်။

"ပြောရခက်နေတယ်မလား။ စိုင်းလိုဖြစ်တည်မှုမျိုးတွေ ကိုကိုကြီး နားလည်ပါတယ်"

"ဟယ် ဦးကိုကိုကြီးလည်း သိနေတာပဲ။ နားလည်ပေးနိုင်လို့ တော်သေးတာပေါ့၊ ဒါဖြင့်ရင် ပြောပြမယ်တော်။ ဟိုလမ်းသရဲတွေနဲ့တွေ့တော့ 'အခြောက်ကောင်' ဆိုပြီး စနောက်ကြတာ ဖိုးကောက်နဲ့တောင် ထိုးမလား၊ ကြိတ်မလားတွေ ဖြစ်ကြသေးတာတဲ့။ ကိုစိုင်းလောဝ် အရှက်ကွဲခဲ့တာ သနားပါတယ်တော်"

"ဪ..."

ကိုကိုကြီး အသည်းစိုင်တစ်ခုလုံး ဖျစ်ညှစ်ခံရသည့်နှယ် နာကျင်သွားရသည်။ စိုင်းတစ်ယောက်လည်း အခန်းထဲကမထွက်နိုင်သည်ထိ ဘယ်လောက်များ ရင်နှင့်မဆန့်အောင် ခံစားနေရပါမည်လဲ။ ဘဝတူချင်းမို့စာနာမိတာထက် လောကဓံနှင့်ပတ်သက်လျှင် စိုင်းက ပိုအားနည်းသေးသည်ထင်ရတာမို့ ဂရုဏာသက်နေမိတာလည်းပါ၏။

ထိုညက မိုးချုပ်သည်ထိ ကိုကိုကြီး ညစာမစားဖြစ်တော့။ ခြံထဲတွင် ဖိုထားသည့်မီးပုံနံဘေး၌သာ အတွေးတချို့နှင့် လူကခပ်ထွေထွေ ရှိလှသည်။ ဆောင်ထားနေကျ စာအုပ်ကလေးကိုကိုင်ရင်းလည်း ကဗျာတစ်ပုဒ်ရေးစပ်နေမိသေး၏။ သို့ပေမဲ့ သည်ကဗျာကမူ ချယ်ရီနှုတ်ခမ်းထက်ကအပြုံးကို မြင်ချင်လို့ဖွဲ့ဆိုတာထက် စိုင်းကို စိတ်ခွန််အားပေးချင်လို့ဆို ပိုမှန််ပေလိမ့်မည်။

"ကိုကိုကြီး"

"ဟင်!"

ဒါ စိုင်းအသံပင်။ ခပ်တိုးတိုးခေါ်သံဆီလှည့်ကြည့်တော့ နေ့လယ်ထဲက မမြင်ရသောစိုင်းအား ညမိုးချုပ်မှ မြင်ခွင့်ရလေတော့သည်။ ရေညှိစိမ်းရောင်ပုဆိုးနှင့် ခေါင်းစွပ်အကျီထူကို ဝတ်ထားတာမို့ ခန္ဓာကိုယ်က ပုံမှန်ထက်ပိုပြည့်သယောင်ရှိသည်။ လက်ထဲတွင်လည်း ဇလုံတစ်လုံးကိုင်လာပြီး သူ့ဘေးက သစ်တုံးရှည်တွင် ဝင်ထိုင်လာတာ သေဝပ်ကျစ်လစ်စွာ။

"ညစာမစားဘူးဆို ကိုကိုကြီး။ ပေါ့ကတော့ သူမရှိတုန်း ဧည့်သည်ကိုဧည့်ဝတ်မကျေဘူးဆိုပြီး ဆူတော့မှာပဲ"

"ရင်ပြည့်နေလို့ပါ စိုင်းရယ်"

"မယ်ဝိုင်းပြောတယ်။ ဒါမို့ကန်စွန်းဥပူပူလေး ပြုတ်ယူလာတယ်။ ညဖက် အဆာလည်းပြေတာပေါ့"

ကိုကိုကြီးအား သေချာအခွံနွှာလာသော ကန်စွန်းဥဇလုံကို လက်ကမ်းပေးသည်။ သူ့မျက်လုံးကိုရဲရဲကြည့်ရင်း ကြည်စင်စွာပြောနေလိုက်ပုံက ပုံမှန်အချိန်တွေအတိုင်းသာ။ ဖိုးကောက်နှင့်မယ်ဝိုင်းများ ပြောမထားလျှင် စိုင်းမှာပြဿနာရှိနေတယ်ဆိုတာကို သူသိလိုက်ရမှာတောင် မဟုတ်ချေ။ အခုတော့ ဝမ်းနည်းရိပ်သန်းသောမျက်နှာလေးမှာ ဟန်ဆောင်ပဝါပါးလေးတစ်လွှာ မသိမသာ ဖုံးအုပ်ထားသလို။ ကြိုသိထားလို့သာ ကိုကိုကြီး ဖမ်းယူကြည့်လိုက်နိုင်လေသည်။

"စိုင်း သိပ်ဝမ်းနည်းနေလား"

"ခင်ဗျာ!"

"နေ့လယ်က အပြင်မှာအဆင်မပြေခဲ့ဘူးဆို။ ဘာမှအားမငယ်နဲ့နော်၊ ကိုကိုကြီးနားလည်တယ်။ တခြားသူတွေဘယ်လိုပြောပြော စိုင်းဘက်မှာ ကိိုကိုကြီးရှိနေပေးမယ်"

မီးပုံအလင်းရောင်ကြောင့်ပဲလား၊ စိုင်း၏မျက်ဝန်းအိမ်ထဲတွင် အရည်ကြည်တချိို့ ရစ်သိုင်းလာချေပြီ။ ပြီးနောက် အကြည့်တို့လည်း လွှဲဖယ်သွားလေ၏။ ကိုကိုကြီးသိကြောင်း အချက်ပြလိုက်လို့များ ပိုဝမ်းနည်းသွားလေသလား။ မဖြစ်သေးချေ၊ သူ စပ်ထားသောကဗျာလေးကို ဖတ်ခိုင်းမှဖြစ်မည်။

"ဒီကဗျာလေး ရွတ်ကြည့်"

ထုံးစံအတိုင်း လက်ဖဝါးနုနုကို အသာအယာကိုင်ဖြန့်​လိုက်ရင်း စာရွက်ကလေးထည့်ပေးတော့၊

"ကျွန်တော် ဒီညပြုံးနိုင်မယ်မထင်ဘူး။ ကိုကိုကြီးပဲ ပြန်သိမ်းထားလိုက်ပါ"

ဟု တွန့်ဆုတ်စွာ ပြောရှာသည်။ အသံကတော့ တိုးညှင်းနေပြီး ကိုကိုကြီးနှစ်သက်သည့် ချယ်ရီနှုတ်ခမ်းပါးက အနည်းငယ်တုန်ရင်နေသည်။

"စိုင်း ကိုကိုကြီးကို သေချာကြည့်ပါဦး။ ဒီကဗျာက စိုင်းပြုံးတာမြင်ချင်လို့ ရေးလိုက်တာမဟုတ်ဘူး၊ ကိုကိုကြီးတို့လို ဘဝတွေအတွက်ပဲ"

အနည်းငယ် အံ့ဩဟန်ရှိသွားသော စိုင်းကို ကိုကိုကြီး ပြုံးပြလိုက်တာ ကြင်ကြင်နာနာ။ သည်တော့မှ ထည့်ပေးသောစာရွက်ကလေးကို မီးပုံအလင်းရောင်ကို အားကိုးပြီး ခပ်ဖြည်းဖြည်းရွတ်ရှာတော့သည်။ ကိုကိုကြီးကတော့ဖြင့် ဒူးထောင်ထားသည့်အပေါ် လက်ပိုက်တင်ရင်း စိုင်းကိုငေးကြည့်နေမိတာဖြစ်၏။

"ဝန်းကျင်ဝယ် လူထွေထွေရယ်မှ၊
ရူးဗွေကောင် ငမိုက်များနှယ်၊
နှုတ်ဖျားမယ် သွေဖယ်နှိမ်သပါ့၊
ခေါ်စိမ့်တယ် အိုအခြောက်၊
ဘုံရူးမြောက် ယုတ်ညံ့သူ။

ကြည်သာအေး ကောင်ကလေးရယ်ဖြင့်၊
ညှိုးငယ်လို့ တွေးထွေပြား၊
ယုံစားကာ စိတ်အားငယ်တော့၊
သည်လူဝယ် အနေခက်တယ်၊
ရင်ဘတ်မယ် ဝဲဂယက်ကြမ်းလေအောင်၊
ယုတ်ကန်းစွာ ပေါင်းစုပြုလေကြ၊
အကုသိုလျယူ။

ကိုယ်လည်းလေ ထိုလူစားပေမို့၊
စိတ်ငှားရယ် တွေးယူရနိုင်ပါ့၊
ဘဝတူ တို့တွေချင်းကိုဖြင့်၊
ရိုင်းပင်းလို့ ထွေးဝယ်ပွေ့ရင်တော့၊
ရှောင်ကွေ့ကာ တိမ်းဖယ်စိမ့်မည်လား၊
စိုးထိတ်ခြင်း အရိုးခံ၊
စစ်မှန်တဲ့ စိတ်ကူး။

မည်သို့ကွယ် ဆိုစေကြပါမူ၊
ကြည်မြသည့် နာမ်ရုပ်လေးရယ်ဖြင့်၊
မြေ့ဆွေးတာ မမြင်ရက်လိုပါ့၊
ပိုးဖက်သလို ဤမျက်နှာတော်လေးမယ်၊
ပူပန်တွေ ဝေးပြေးနော်စေကြောင်း၊
ဝေဟင်ဆီ သိမ့်မျှော်မှန်း၍သာ၊
ဆုတောင်းရင်းရူး ... "

ကဗျာရွတ်ပြီး,ပြီးချင်း သူ့ဆီလှည့်ကြည့်လာသော မျက်ဝန်းတစ်စုံကို ကိုကိုကြီး အမိအရဖမ်းယူလိုက်နိုင်သည်။ မီးပုံအလင်းရောင်ကြောင့် ကောင်လေးမျက်ဝန်းတွေတွင် အရည်ကြည်တွေ ရစ်သီဝေဝိုင်းလို့ ... ။

"ကိုကိုကြီး ကျွန်တော့်အကြောင်း ဘယ်လိုသိ ... မဟုတ်သေးဘူး၊ 'ဘဝတူ' ဆိုတော့ ကိုကိုကြီးလည်း ကျွန်တော့်လိုမျိုး..."

အံ့ဩမှုတွေဝေစီနေသော စိုင်းကိုနှစ်သိမ့်နိုင်ရန် ကိုကိုကြီး လက်ကလေးတစ်ဖက်ကို ပြန်ဆုပ်ကိုင်ပေးမိသည်။ စိတ်ရှိတိုင်းဆို ကိုယ်ချင်းအပ်ကာ ထွေးပွေ့လိုက်ချင်ပေမဲ့ သည့်ထက်ပိုလန့်သွားမည်စိုး၍သာ။

"ဟုတ်တယ်၊ ဘဝတူတွေမို့ စိုင်း အားမငယ်ရဘူးနော်။ ကိုကိုကြီးလည်း ဒီလိုတွေအပြောခံရဖူးတယ်၊ အင်း ... ဒီထက်တောင် ခပ်ဆိုးဆိုး အပြောခံရဖူးတယ်ဆိုပါတော့။ မိသားစုနဲ့လည်းအတိုက်အခံတွေ ဖြစ်ခဲ့ပေမဲ့ နောက်တော့အဆင်ပြေသွားတာပါပဲ။ ဒါမို့စိုင်းလည်း အားမငယ်နဲ့၊ ဟောဒီမျက်နှာကလေး မညှိုးစမ်းနဲ့ကွယ် .... ကိုကိုကြီးရင်ထဲ ဝဲဂယက်မွှေခံရသလို နေလို့မကောင်းဘူး"

မေးဖျားလေးကိုပါ ကိုကိုကြီး၏ကျန်လက်တစ်ဖက်နှင့် အဖျားခတ်လိုက်တော့ စိုင်း အရှက်သည်းကာ ခေါင်းငုံ့သွားသည်။ သည်တွင် လက်ဖျားလေးသုံးကာ မေးကိုပင့်စေလိုက်ပြီး၊

"ကိုကိုကြီးလေ ... စိုင်းကို သက်ဆုံးတိုင် ကာကွယ်ပေးချင်ပြီကွယ်။ ဒီမေတ္တာစကားဟာ တွေ့တာမကြာသေးဘဲ ပြောမိတာမို့ မယုံနိုင်စရာဖြစ်နေမလားနော်။ စိုင်းကို ကိုကိုကြီးစရောက်လေကတည်းက စိတ်ဝင်တစားရှိခဲ့တယ်ဆိုတာ ယုံစေချင်ရဲ့" 

"ကိုကိုကြီး မကောင်းဘူး"

"ဟောဗျာ ... ရည်းစားစကားလေးပြောမိတာ မကောင်းတဲ့လူကြီးဖြစ်သတဲ့လား။ ကဲပါ ... စိုင်းကရော ကိုကိုကြီးအပေါ် မေတ္တာသက်ဝင်မှုရှိရဲ့လား"

ကိုကိုကြီး အရဲစွန့်မေးတော့ ကောင်လေးက တစ်ခုခုကိုတွေးတောနေဟန်ရှိသည်။ ဇဝေဇဝါမျက်နှာထားလေးရယ်ကြောင့်လည်း ကိုကိုကြီး ရင်မောရချေ၏။ ပြန်များမချစ်ရင်တော့ဖြင့် ရှိရင်းစွဲခင်မင်မှုလေးတောင် ပျက်ရမည်ထင်သည်။ မတင်မကျနှင့် စိတ်လှုပ်ရှားနေရသော ကိုကိုကြီးမှာ အလွန်သေးငယ်သည့် ကြိုးတန်းကလေးပေါ် လျှောက်လှမ်းနေရသလိုနှယ်။

"တစ်ရွာသားအပေါ် မေတ္တာထပ်ရှိဖို့ မသင့်တော့ပါဘူး"

"အို ... ကတိသစ္စာကို အသက်နဲ့အလဲအထပ်ထားမဲ့ တစ်ရွာသားပါကွယ်"

ဆုပ်ကိုင်ထားသည့် လက်ဖမိုးတွင် နွေးထွေးသောအနမ်းတစ်ပွင့်ကို ကိုကိုကြီး တံဆိပ်ရိုက်နှိပ်လိုက်တော့ စိုင်းနှလုံးသားတွေထိပါ ချိုမြိန်ခြင်းတို့ စီးကူးလာခဲ့သည်။ ချစ်မေတ္တာပေါင်းကူးတံတားလေးဝယ် ထိုညကစလို့ အခြေတည်ဖြစ်ပေါ်လာခဲ့ချေပြီ။

သို့သော် ညလေညှင်းနှင့်အတူ တိုးတိုးတိတ်တိတ် ... ရိုးတိုးရိပ်တိပ်။

................

နေခြည်နုနုအောက်တွင် ကိိုကိုကြီးတစ်ယောက် ခုံကလေးချကာ စာရေးနေသည်။ ဇန်နဝါရီလလယ်ပင် ရောက်နေပြီဖြစ်၍ ဒီဇင်ဘာလအစကရောက်ခဲ့သူမှာ အအေးဒဏ်ကိုတော့ ခံနိုင်ရည်ရှိနေပြီပင်။ မနက်ဆို နေရောင်အောက်တွင် စာရေးတတ်ပြီး နေ့နှင့်ညနေဘက်တွင်တော့ ကွပ်ပျစ်ဘက်တွင် ရေးတတ်တာဖြစ်သည်။ သည်ကြားထဲမှ ခြံထဲတွင် တလှုပ်လှုပ်အလုပ်လုပ်နေတတ်သော စိုင်းကိုငေးမောရတာကလည်း မထင်မှတ်ဘဲ ဖြစ်တည်လာသောအကျင့်တစ်ခုဖြစ်၏။

တစ်ညကပင် ကိုကိုကြီးခံစားချက်တို့ ဖွင့်ဟဝန်ခံပြီးဖြစ်၍ စိုင်းက သူငေးကြည့်နေလျှင် ယခင်ကထက် အရှက်သည်းကာ မနေတတ်၊ မထိုင်တတ်ဖြစ်လာတတ်သည်။ အနားသွားကာ စကားပြောရင်ဖြင့် မျက်ဝန်းကမကြည့်ဘဲ ခပ်အေးအေးပြန်ပြောဆိုတတ်ပုံက ကိုကိုကြီး အသည်းယားစွာ နှစ်သက်ရသည့်အပြုအမူတွေထဲက တစ်ခုပင်။

ယခုမူလည်း ဖခင်ဖြစ်သူနှင့် စကားပြောနေသည့်စိုင်းကို ငေးကြည့်နေမိတာ တမေ့တမော။ စာရေးခြင်းအမှုကို ပြုနေရတယ်ဆိုတာတောင် မေ့နေချေပြီ။ ဖန်တီးလက်စ ဝတ္ထုဇာတ်ကောင်ဆိုတာလည်း စိုင်းကိုကြည့်ကာ ဖွဲ့နွဲ့တတ်တာကိုး။ မဖြစ်ချေသေးဟုတွေးကာ အဆုံးသတ်ခါနီးဝတ္ထုကို ဆက်ရေးရပြန်သည်။

"ကိုကိုကြီး"

မထင်မှတ်ဘဲ အနားရောက်လာသူမှာ သူမြတ်နိုးသော ချယ်ရီရောင်နှုတ်ခမ်းပိုင်ရှင်ကလေးပင်။ မော့ကာကြည့်တော့ ကြည်ကြည်စင်စင် မျက်နှာလေးတွင် အပြုံးပန်းတွေ မခို့တရို့ဆင်မြန်းလို့။
�"စိုင်း ဘယ်သွားမလို့လဲ"

ခဲပြာရောင်ရှမ်းဝမ်းစုံကို ကျကျနနဝတ်ထားသော စိုင်းက မြင်ဖူးနေကျထက် ပိုချောမောနေသယောင်။ အပြင်သွားမည့်ပုံလည်းပေါက်နေတော့ ကိုကိုကြီး ဂျစ်ကားကလေးနှင့် လိုက်ပို့ရန်ကြံရွယ်၍ မေးခြင်းဖြစ်၏။ စိုင်းနှင့်အတူ အပြင်ထွက်ရသည်က ရှားသည်မလား။

"မြို့ထဲကဦးလေး မန္တလေးဆင်းသွားလို့ ကုန်မာဆိုင်မှာ ညီအစ်မတွေပဲကျန်ခဲ့တယ်လေ။ ပေါ့ကကျွန်တော်ကို သွားကူရင်းစောင့်ရှောက်ခိုင်းထားတယ်။ မနက်ဖြန်နေစောင်းလောက်ဆို ပြန်ရောက်မှာပါ။ အဲ့ဒီကပြန်လာရင် ကိုကိုကြီးအတွက် ဘာဝယ်ခဲ့ပေးရမလဲလို့ လာမေးတာ"

"ညတောင်သွားအိပ်ရမှာလားကွယ်။ ဒါဆိုလည်း ကြည်သာတဲ့အပြုံး၊ ပုတုန်းရောင်မျက်လုံးနဲ့ ချယ်ရီရောင်နှုတ်အစုံရှိတဲ့ စိုင်းလောဝ်ခွန်းဆိုတဲ့ ကောင်ကလေးကို ဝယ်ခဲ့ပေးလို့ရမလား။ ဘယ်လောက်ပဲ အဖိုးတန်ပါစေ ... ကြိုးစားဝယ်ပါရစေ"

"ကိုကိုကြီးကလည်း"

တည့်တိုးဆိုသလို စနောက်လိုက်တော့ ဖြူမို့မို့စိုင်းပါးကလေးတွေ ရဲသွေးဖြန်းသွားတာ အထင်းသား။

"လာ ... မြို့ထဲထိဆိုတော့ ကိုကိုကြီးလိုက်ပို့မယ်"

ဦးမောင်ထံ စိုင်းကိုလိုက်ပို့ပါဦးမည် ခွင့်တောင်းတော့ အားနာစိတ်နှင့်ပဲလား၊ ကိုကိုကြီးကို အတန်တန်တားနေရှာသေးသည်။ ဒါပေသိ ဇွတ်လုပ်ချင်တတ်သည့်ဉာဥ◌်အရ အားမနာဖို့ပြောရင်းပင် လိုက်ပို့မိတာ ဇွတ်တရွတ်။

သည်လိုနှင့် ဂျစ်ကားကလေး ဖြည်းဖြည်းမောင်းကာ မြို့ထဲဆီထွက်ခဲ့ကြသည်။ စိုင်းလက်တစ်ဖက်ကို အရဲကိုးကာ လှမ်းဆုတ်ကိုင်တော့ မငြင်းရှာချေ။ ချစ်စကားမကြားရသည့်တိုင် လက်ကလေးကိုပင် ကိုင်ခွင့်ပေးလေတာမို့ ကိုကိုကြီးအဖို့ ကံထူးလှလေပြီ။ ဒါမို့လည်း တစ်လမ်းလုံး ခပ်ဖွဖွဆုပ်ကိုင်လာမိတာဖြစ်သည်။

"ဘာလို့ကားရပ်လိုက်တာလဲ"

မြို့ထဲလမ်းကြားက လူရှင်းသည့်တစ်နေရာတွင် ကိုကိုကြီးကားရပ်လိုက်မိတာပင်။ ပို့ရမည့်နေရာရောက်လျှင် သည်လက်ကိုလွှတ်ရတော့မည်၊ တစ်ညနဲ့တစ်ရက်ခွဲရမည်ဖြစ်၍ အလွမ်းသယ်ချင်စိတ်ကြောင့် ကားကိုမဆိုင်းမတွ ရပ်လိုက်မိတော့တာဖြစ်၏။

"မျက်စိရှေ့မှာ တစ်နာရီထက်တောင် ပိုအပျောက်မခံချင်ဘူး စိုင်းရယ်၊ ခုတော့ တစ်ညနဲ့တစ်ရက်တဲ့လားကွယ်"

"သိပ်မကြာပါဘူးခင်ဗျ"

အပြုံးလေးဖက်ကာပြောလေ သည်လူကဖြင့် ပိုမခွဲချင်လေပင်။ ဒါမို့ အားမရစွာဖြင့် လက်နှစ်ဖက်ကိုအုပ်မိုးကိုင်လိုက်တော့ စိုင်းခမျာ အကြောင်သား။ သူကတော့ တစောင်းထိုင်ရင်း ရခဲလှသည့်အချိန်လေးတွင် စိုင်းမျက်နှာကို တစ်ဝကြီးငေးမောရင်း၊

"စိုင်းလက်ကလေးကို ဒီိလိုပဲတစ်သက်လုံး ကိုင်ထားချင်တယ်လို့ပြောရင် ကိုကိုကြီးအတ္တကြီးရာကျမလား"

"ကိုကိုကြီး ကျွန်တော့်ကို တကယ်ပဲချစ်မြတ်နိုးတာလား"

"ဘယ်လိုများ အမေးရှိရတာလဲကွယ်။ ဟောဒီစိုင်းလေးကို မြတ်နိုးနေမိနေလွန်းလို့ ဒီနှလုံးသားမယ် အချစ်ရူးရောဂါက အမြစ်တွယ်နေပြီ၊ ကိုကိုကြီး အသက်ဆက်နိုင်အောင် စိုင်းမေတ္တာနဲ့ကုပေးမှ ပျောက်တော့မှာပဲ"

"တစ်ရွာသားစာရေးဆရာကြီးက စကားလည်းသိပ်တတ်တယ်၊ မယုံရဲပါဘူး"

စိုင်း၏ 'မယုံရဲပါဘူး' ဟူသော နောက်ဆုံးစကားလေးတွင် ယုံကြည့်ခြင်းတွေ အပြည့်အနှက်ပါနေတာ ကိုကိုကြီးတစ်ယောက်ရော ရိပ်မိပါလေစ။

ခွဲရမည့်သူမို့ အလွမ်းပြေအနမ်းအဖြစ် ကိုကိုကြီးက စိုင်းပါးကလေးတစ်ဖက်တွင် ဆွတ်ပျံ့စေလိုက်သေးသည်။ ငြိမ်ခံရှာသောကောင်လေးနှင့် အိမ်မပြန်ချင်သောကိုကိုကြီးတို့၏ အချစ်ကြိုးကလေးမှာ သည်နေရာတွင်ပင် လူမသိ၊ သူမသိ စသီလေပြီထင်ပါရဲ့။

.................

ခြံကျယ်ကြီးဆီ ကိုကိုကြီးပြန်ရောက်တော့ နေမွန်းလွဲလေပြီ။ ဂျစ်ကားကို တဲထိုးထားသည့်အောက်တွင် ရပ်ခဲ့ပြီး ခဏနားကာရေချိုးဖို့ စိတ်ကူးလိုက်သည်။ သည်လိုနှင့် အိမ်ထဲဝင်ခဲ့တော့ ဧည့်ခန်းစားပွဲတွင် ကွမ်းသီးညှပ်နေသော ဦးမောင်ကို တွေ့လိုက်ရသည်။ သို့သော် မျက်နှာတော့ မကောင်းလေလှ။

"ဦးမောင်ရေ စိုင်းကိုတော့ပို့ခဲ့ပြီ။ ညနေစာ ဟင်းစားလေးပါ ဝယ်ခဲ့သေးတယ်ဗျာ"

"အဲဒါခဏထားပါဦးကွယ်။ မမဆီက တယ်လီဖုန်းလာထားတယ်၊ အမြန်ပြန်ဆက်သွယ်ပါဦးတဲ့"

ကိုကိုကြီး အနည်းငယ်ကြောင်သွားသည်။ လွန်ခဲ့သည့်တစ်ပတ်ကပဲ တယ်လီဖုန်းပြောကြစဉ် အေးအေးဆေးဆေး ရှိလှသေး၏။ မေမေ ကျောက်ကပ်များ ပြန်ထလေသလားမသိ။

"ဟုတ်လား။ ဒါဆို ကျွန်တော် သွားဆက်လိုက်ပါမယ် ဦးမောင်"

တယ်လီဖုန်းရှိသည့် တစ်ခြံကျော်ဆီသွားကာ မေမေနှင့်ဆက်သွယ်တော့ ထင်ထားသလို ကျန်းမာရေးကိစ္စမဟုတ်။ ကိုကိုလတ်က အမွေခွဲမည့်ကိစ္စကို ရှေ့နေတွေနှင့် ဇွတ်လုပ်ချင်နေပြီဟု ပြောသည်။ မေမေကမူ သူ(မ)သက်ရှိထင်ရှားရှိသည့် အတောအတွင်းတွင် သည်ကိစ္စကိုပြုစေချင်ပုံမရ။ ဒါမို့ ကိုကိုကြီးကို အားကိုးတကြီး လှမ်းအသိပေးသောအသံမှာလည်း အားပျော့လှလေသည်။

ဟူး ... ခက်ရချည်သေးရဲ့။

ကိုကိုလတ်နှင့် ကိုကိုငယ်မှာ အမွေကိစ္စနှင့်ပတ်သက်၍ သဘောထားသင့်မြတ်ကြတာ မဟုတ်ချေ။ ဒါမို့ ကိုကိုလတ် မန္တလေးပြန်ရောက်လာကတည်းက ကိုကိုကြီး တောင်ကြီးသို့ ရှောင်ထွက်လာခဲ့တာဖြစ်သည်။ ညီအစ်ကိုတွေ မစုံရင်ဖြင့် သည်ကိစ္စမလုပ်တန်ကောင်းရာဟု တွေးတောခဲ့သည်။ ယခုမူတော့ ညီအစ်ကိုနှစ်ဦးကြား မိခင်ကြီးကြားညပ်နေပြီဖြစ်၍ အမြန်ပြန်ရတော့မည်ထင်၏။

"ဦးမောင်ရေ ... ကျွန်တော်တော့ အမြန်ပြန်ဖို့ အကြောင်းပေါ်လာပြီဗျာ။ စိုင်းကိုတောင် နှုတ်မဆက်နိုင်တော့ဘူးထင်တယ်"

ခြံပြန်ရောက်ရောက်ချင်း ကိုကိုကြီးက ခုံတန်းလျားတွင်ဝင်ထိုင်ရင်း ညီးညူရှာသည်။ သည်တွင် အားလုံးကိုသိရှိနေပြီးဖြစ်သော ဦးမောင်က၊

"နှုတ်မဆက်တာဘဲ ကောင်းပါတယ်ကွယ်"

"ခင်ဗျာ!"

ဦးမောင် မျက်နှာပျက်နေသည်ကို ရိပ်ဖမ်းမိသော ကိုကိုကြီးတစ်ယောက် အကြီးအကျယ် မျက်နှာပူသွားရသည်။ စိုင်းဆီက အချစ်ကိုအတည်အလင်းရရင်တော့ဖြင့် ဦးမောင်ကို ထုတ်ပြောကာခွင့်တောင်းမည် ကြံရွယ်ခဲ့သော်လည်း ယခုမူကား မဖြစ်တော့ချေ။

"မောင်ကိုကြီး သဘောထားကို ဦးမောင် ရိပ်မိပြီးပါပြီ။ သိပ်လည်းမအံ့ဩပါနဲ့။ ဒါပေသိ မဖြစ်နိုင်တဲ့အခြေအနေမို့ ဒီတိုင်းပဲ ပြီးပြီးပြတ်ပြတ််ဖြစ်သွားတာ ကောင်းမယ်ထင်ပါတယ်။ မမလည်း သဘောတူမှာမဟုတ််သလို၊ ဦးမောင်လည်း ခွင့်မပြုနိုင်ဘူးလေ"

"ကျွန်တော် စိုင်းကို မြတ်မြတ်နိုးနိုးချစ်တာပါ ဦးမောင်။ အသက်ကိုလောင်းကြေးထပ်ပြီး ကျိန်ဆိုလည်းကျိန်ဝံ့ပါတယ်"

ထိုနေ့က ကိုကိုကြီး အသက်နှင့်ရင်းပြီး ကျိန်ဆိုမယ်ပြောခဲ့တာတောင် လုံးလုံးအဆင်မပြေခဲ့ပါချေ။

စိုင်းကို မြို့ထဲအိမ်သွားအိပ်ခိုင်းတာလည်း ကြိုစီစဉ်ထားသောအရာမှန်း ဦးမောင်နှင့် စကားပြောကြည့်ရင်းမှ သိလိုက်ရလေသည်။ နဂိုကတည်းက ဘယ်ယောက်ျားနှင့်မှ သဘောမတူနိုင်ဘူးပြောထားသော မေမေ့အကြောင်းကို ဦးမောင်က သိရှိပြီးသားဖြစ်သည်။ သူချစ်ခဲ့ဖူးသော အမျိုးသားကိုလည်း မေမေတို့ ပြောဆိုခဲ့ကြတာ ဦးမောင်မျက်မြင်ပင်။ ဒါမို့ ကိုကိုကြီးကို နောက်ဆုံးပြောဆိုခဲ့သည်စကားက-

'ဘယ်လောက်ပဲ ခင်မင်ခဲ့ပါစေ ... မောင်ကိုကြီးတို့ မိသားစု၊ ဆွေမျိုးတွေရဲ့ အပြောအဆိုတွေကိုတော့ လုကျိုင်းကို မခံစားစေချင်ဘူးကွယ်' တဲ့လေ .. ။

ဤသို့ဖြင့် ကိုကိုကြီး မန်းမြေသို့အပြေးနှင်ရတာ လေနှင်ရာလွင့်သည့်အတိုင်း။

................

တစ်ရက်သာကြာမည်ထင်ခဲ့သောစိုင်းမှာ ဦးလေးပြန်မရောက်၍ နှစ်ညအိပ်၊ သုံးရက်မျှ နေခဲ့ရလေသည်။ ညနေစောင်းလို့ အိမ်ပြန်ချိန်တွင်တော့ ဖိုးကောက်ကသာ ဆိုင်ကယ်နှင့်အကြိုလာပြီး ဆက်ဆက်လာခေါ်မည် မှာထားသော ကိုကိုကြီးကတော့ဖြင့် အရိပ်အယောင်ပင် မတွေ့ရပါချေ။ တကယ်ဆို စိုင်းတစ်ယောက် ကိုကိုကြီးလာခေါ်မည်ကို မျှော်လင့်နေမိသည်က တစ်နေ့လုံးနီးနီးဖြစ်ရာ စက္ကန့်တောင်မလပ်ခဲ့ပါချေ။

ဖိုးကောက်ကို မေးစမ်းကြည့်တော့ အဲသည်နေ့လည်ကပင် မန္တလေးပြန်သွားချေပြီတဲ့။ အကြောင်းအရင်းရယ် မယ်မယ်ရရမသိရဘဲ ကောက်ကာငင်ကာပြန်သွားတာမို့ သစ်စိမ်းချိုးများ ချိုးပြန််လေသလား။ ဆုပ်ကိုင်ခံရဖူးသော လက်ကအနွေးဓာတ်လေးပင် ခံစားမိလို့ရနေဆဲပေမဲ့ ထိုသူကမရှိချေတော့။ ဆိုင်ကယ်နောက်က ထိုင်လိုက်ရင်း ဝဲသီလာသောမျက်ရည်ကြည်တွေမှာ လေတိုးဒဏ်ကြောင့်လေလော၊ ကိုကိုကြီးကြောင့်လေလော။

"ပေါ့ ... ကိုကိုကြီး ပြန်သွားပြီဆို၊ ကောက်ကာငင်ကာချည်း"

"ဟောဗျာ ... ပေါ့ကိုကြိုပြောထားတာဖြင့် လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက"

စိုင်းတစ်ကိုယ်လုံး အေးစိမ့်သွားချေသည်။ ကိုကိုကြီးက ပေါ့ကိုတော့ ပြန်မှာကြိုပြောထားခဲ့သတဲ့။ ဒါဖြင့် သူ့ကိုတမင်မနှုတ်ဆက်ဘဲ ပြန်သွားခဲ့သည်ပေါ့။  စိုင်းမျက်ဝန်းတွင် ရစ်သိုင်းလာသောအရည်ကြည်တို့အား အမှောင်ထုအောက်တွင် ကွယ်လျှိုးစေလိုက်သည်။

"လုကျိုင်း ထမင်းတစ်ခါတည်းစားလိုက်ရအောင်လေကွယ်"

"စားခဲ့ပြီးပါပြီ ...‌ ပေါ့"

ညနေဈေးတွင် အတူလည်မည်မှာထားသော ကိုကိုကြီးကြောင့် ဘာမျှမစားထားသောစိုင်းခမျာ မုသားလှလှသာသုံး၍သာ အခန်းထဲဝင်ခဲ့တော့သည်။ မှောင်စပြုလာသော အခန်းငယ်တွင် မီးထွန်းဖို့လည်း အားရယ်မရှိချေတော့။ ခေါင်းအုံးထက်တွင် မျက်နှာအပ်ရင်း တသိမ့်သိမ့်ငိုကြွေးမိပြန်သည်။ ရင်တွင်းနှလုံသားသာမက သည်းချေတို့ပါ ပျက်စီးသည်ထင်ရအောင် နာကျင်ဝမ်းနည်းရမှုမျိုးကို စိုင်းတစ်ယောက် အလူးအလဲ ခံစားရချေ၏။

တစ်ခါခဲမှန်ဖူး‌သော စာသူငယ်အဖို့ နောက်တစ်ခါအတွက်တော့ ယူကျုံးမရပင်။ တစ်ရွာသားကိုယုံခဲ့ဖူး၍ အများတကာ လက်ညှိုးထိုးစရာဖြစ်ခဲ့ပြီးကာမှ သည်တစ်ယောက်ကိုလည်း ထိန်းနေသည့်ကြားမှ ချစ်မိသွားပြန်သည်။ အပြောအဆို၊ အနေအထိုင်နှင့် စိတ်ဓာတ်ရေးရာတို့က စိုင်းစိိတ်ထဲတွင် မဆိုးလှဟု မှတ်ချက်ချခဲ့မိတာ အမှားကြီးလေလား။

ထိုမှတ်ချက်ကလည်း ကိုကိိုကြီးရောက်ပြီး မကြာခင်အတွင်းမှာတင် ချမိတာဖြစ်သည်။

မောင်တို့ချယ်ရီမြေသီချင်းဆိုစဉ်က သူ့ကိုတစိမ့်စိမ့်ကြည်နေရှာသော လူကြီးတစ်ဦး .... ပေါ့မိတ်ဆက်ပေးတော့မှ အိမ်မှာစာလာရေးသူဆိုတာ သိရသည်။ အရွယ်အားဖြင့် ဆယ်နှစ်နီးပါးကွာဟပေမဲ့ စိုင်းနှင့်ဆို အပေးအယူတည့်စွာ စကားဆိုနိုင်သည်။ စာရေးဆရာမို့လေပဲလား ... စကားလည်း ချက်ကျလက်ကျ ပြောဆိုတတ်သလို၊ အကြည့်များလည်း စူးရှသည်မို့ တစ်ခါတရံ အရှက်တောင်သည်းမိသည်ထိ။

သူ့အပြုံးကို မြင်ချင်လှပါဘိဆိုပြီး အဖိုးတန်ကဗျာတွေ လက်တန်းစပ်ဆိုပေးခဲ့ရာ စာရွက်တွေပင် တစ်ထပ်ရှိခဲ့ပြီ။ ကဗျာရွတ်တိုင်း စိုင်း နှလုံးသားလေးမယ် ချယ်ရီပွင့်ဖတ်တွေကြွေသလို တဝဲဝဲနှင့် ကြွေခဲ့ရသည်ချည်း။

ပေါ့ရှိလျှင်တစ်မျိုး၊ ပေါ့မရှိလျှင်တစ်မျိုး အနားရောက်ရောက်လာတတ််သူက တစ်ခါတရံ စိုင်းလက်ဖျားလေးတွေအားလည်း တယုတယနှင့် ထွေးကိုင်တတ်သေးတာ။ ပိန်ရှည်ရှည်လက်ချောင်းတို့ ကိုကိုကြီး လက်ဖဝါးကြီးကြီးတွင် နစ်မြုပ်သွားရတိုင်း ရင်ထဲ၌ နွေးတသိမ့်သိမ့်နှင့် ပြီးလျှင်လည်း တွေးတစိမ့်စိမ့် ခံစားရစမြဲ။ နောက်ဆုံးတွေ့ခဲ့သည့်ရက်ကများဆို စိုင်းလက်ကိုကိုင်ပြီး အနမ်းဖွဖွပေးခဲ့တုန်းကများ တိမ်တွေကိုစီး အချစ်ခရီးသွားရသလိုနှယ်။

သို့ပေမဲ့ ယခုမူ ဝေးခဲ့ပါပြီ၊

စာတစ်စောင်၊ ကဗျာတစ်ပုဒ်ပင်

မချန်ခဲ့ဘဲ အဝေးထွက်ပြေးသွားခဲ့ပါပြီ။

ထိုညဝယ် စိုင်းမယ် မျက်ရည်မိုးတွေ ဖြိုင်ဖြိုင်ပြိုစင်းရင်း နှင်းနတ်သမီးကပါ ရက်စက်ခဲ့သည်ကြောင့်လားမပြောတတ်၊ အဖျားကြီးဖျားခဲ့လေတော့၏။

.................

ရက်မှလတွေဆီ အလီလီ ကူပြောင်းလာခဲ့သည်။ တောင်ကြီးတွင် နွေရာသီပီပီသသ ထင်ရှားနေလေပြီ။ အတာသင်္ကြန်ပြီးစမို့ နှစ်သစ်တွင် စိုင်းတို့ဂန္ဓာမာရောင်စုံတွေ ရောင်းအားကောင်းနေချိန်လည်း ဖြစ်၏။

အရာရာကို ပြည်ဖုံးကားချထားပြီဟုသော အတွေးနှင့် စိုင်း ပြန်ရပ်တည်လာခဲ့တာ လေးလနီးနီးရှိတော့မည်။ ပေါ့ပါရိပ်မိခဲ့သလား မပြောတတ်ပေမဲ့ စိုင်းအတွက်တော့ ကြီးမားသည့်တောင်ကုန်းတစ်ခုကို ကျော်ဖြတ်ခဲ့ရသလို မောဟိုက်နွမ်းနယ်မှုအပြည့်။ တစ်လခွဲမျှ ဆုံစည်းခဲ့ယူသူနှင့် လွမ်းမောဖွယ်အမှတ်တရတို့က မေ့ပျောက်ဖို့ဆိုလျှင်တော့ မည်ရွေ့မည်မျှ ကြာပါမည်နည်း။

စိုင်း အတပ်မသိနိုင်ခဲ့ပါချေ။

"မယ်ဝိုင်း ဘာချောင်းနေတာလဲ"

ခြံပေါက်တွင် ခေါင်းပြူချောင်းနေသူအား စိုင်း သိချင်စိတ်နှင့် လာမေးခြင်းဖြစ်သည်။

"ဦးလေးပါတော်၊ ဂျမ်းထော်မ တိုးတိုးလာခေါ်ရင် ဟိုကြည့်သည်ကြည့်နဲ့ ပါသွားတတ်လို့ လိုက်ချောင်းကြည့်တာ"

"ကောင်မလေး ပေါ့ကိုမလေးမစားနဲ့၊ တယ်လီဖုန်းလာလို့ ခေါ်ပေးတာနေမှာပေါ့"

"အိုး ... အဲလိုသဘောပြောတာမဟုတ်ရပေါင်"

"နို့ ... ဘယ်လိုမျိုးလဲ"

မယ်ဝိုင်းနှင့်အတူ စိုင်း ခြံထဲပြန်ဝင်လာရင်း စပ်စုရပြန်သည်။ သူကသာ စိတ်ဒဏ်ရာနှင့်မို့ အလုပ်ထဲခေါင်းနစ်ထားသော်လည်း မယ်ဝိုင်းကမူ ပတ်ဝန်းကျင်စူးစမ်းမှု အားကောင်းသူပါပေ။ ဒါမို့ ပေါ့အကြောင်း ပြန်မေးယူနေရသည့်အဖြစ်။

"အရင်က ဦးလေးဆီ တယ်လီဖုန်းလာတာ များမှမများဘဲ။ ခုလတွေကျမှ ဂျမ်းထော်မက အပတ်တိုင်းကို လာခေါ်နေတော့တာ။ ပြီးရင် ဦးလေးက တိုးတိုးပြောပြီး ပြန်လွှတ်တာများတယ်။ လိုက်သွားရင်လည်း ခုနကလို ဟိုကြည့်ဒီကြည့်နဲ့ ... ဒါမို့သိချင်လွန်းလို့ လိုက်ချောင်းကြည့်နေတာ။ ဘယ်သူဆီက လာတဲ့ဖုန်းမို့လို့လဲ မသိဘူး။ ဖိုးကောက်တော့ သိဟန်တူရဲ့"

မယ်ဝိုင်းပြောမှ စိုင်းလည်း ပြန်တွေးကြည့်မိသည်။ ခါတိုင်းဆို ဆွေမျိုးတွေနှင့်မိတ်ဆွေတွေဆီက တစ်လတစ်ခါလောက်သာ လာတတ်တာပင်။ ယခုမူတော့ လာ,လာခေါ်နေတတ်တာ ခဏခဏပဲမလား။

"ဟာ!"

"ကိုစိုင်းလောဝ် ဘယ်ပြေးတာတုန်း"

ကိုကိုကြီးများ ဖြစ်လေမလားဆိုသည့် အတွေးဝင်လာတာနှင့် စိုင်းခြေအစုံက ပြေးပြီးသားဖြစ်နေသည်။ နှလုံးသားမှာ မကျက်တကျက်ရှိနေသော ဒဏ်ရာကြောင့် ထိုင်းမှိုင်းနေတတ်သော်လည်း ကိုကိုကြီးဆိုသော အတွေးရှိရုံနှင့်ပင် မြန်ဆန်စွာ အသက်ဝင်လာသည်က တဒုန်းဒုန်းပင်။

တစ်ခြံကျော်ရောက်တော့ ဖုန်းပြောနေသောပေါ့ကို အဆင်သင့်စွာ တွေ့ရလေသည်။ နောက်ကျောပေးကာ ပြောနေတာမို့ စိုင်းဝင်လာတာကို မြင်ပုံမပေါ်ချေ။ သည်တွင် ဂျမ်းထော်မခေါ် မိအေးက-

"အိုး ... ကျားသားမိုးကြိုး ကိုစိုင်းလောဝ်ကြီး လိုက်လာတာကိုး၊ ဦးလေးမောင်ရေ..."

"ဟေ ... ဪ အေး"

သူ့ကိုနှုတ်ဆက်ရင်းက မဆီမဆိုင် ပေါ့ကိုပါလှမ်းခေါ်လေတော့ အသံကြားပြီး ဖုန်းကိုချသွားလိုက်တာ အလျင်အမြန်။

"လုကျိုင်း ဘာလာလုပ်တာလဲ"

"တယ်လီဖုန်းလာတယ်ပြောလို့၊ ဦးကြီးတို့ဆို နှုတ်ဆက်ချင်လို့ပါ"

"ဪ မဟုတ်ပါဘူးကွယ်၊ အညာကမိတ်ဆွေပါ ... မိအေးရေ တယ်လီဖုန်းခ ပြီးမှပေါင်းယူတော့ဟေ့"

"ဟုတ်ကဲ့ ဦးလေးမောင်"

စိုင်းလာကြောင်း အသိပေးလိုက်သူနှင့် သိသွားတာနှင့်တစ်ပြိုင်နက် ဖုန်းချလိုက်သူ။ မြန်ဆန်လွန်းသည့် အဖြစ်အပျက်ကြောင့် စိုင်းစိတ်ထဲ စနိုးစနောင့်ဖြစ်သွားရတာ အမှန်ပင်။ ဟန်အမူအရာပျက်နေသည့် ဖခင်အားလည်း မယုံနိုင်စွာဖြင့် သံသယတွေများသွားရသည်။

ထိုနေ့မှစ၍ ပေါ့ကိုသတိထားကြည့်မိတော့တာ အချိန်တိုင်းနီးပါးဖြစ်လာသည်။ သို့လော၊ သို့လော မသေချာသည့်တိုင် သည်ကိစ္စတွင် မိအေးလည်း ပတ်သက်နေသည်ဟု ထင်မိတာကြောင့် မယ်ဝိုင်းကတစ်ဆင့် စကားနှိုက်ခိုင်းထားရသေး၏။

ကိုကိုကြီးဆီက ဖုန်းလာတာကိုများ သူ့ကိုဖုံးကွယ်ထားရင်ဖြင့် ... အိုး မဖြစ်တန်ကောင်းရာ။ ပေါ့က သည်လိုလုပ်စရာ ဘာအကြောင်းကိစ္စမှမရှိချေ။

မီးပုံရှေ့ထိုင်ကာ ရေဒီယိုနားထောင်ရင်း တစ်ယောက်တည်းအတွေးများနေရတာ စိုင်းပါပေ။ ညခုနှစ်နာရီကျော်ရုံရှိသေးတာမို့ စတူဒီယိုတေးသီချင်းတွေ လွှင့်ချိန်ပင်။ သူကြိုက်သည့် ဝင်းဦးသီချင်းမဟုတ်သော်လည်း ပလေးဘွိုင်းသန်းနိုင်နှင့် အယ်လ်ခွန်းရီအသံက နားထောင်ကောင်းလိုက်သည်မှာ စိုင်းပင်တမြေ့မြေ့။

🎵 မောင်မောင်ကိုမငိုနဲ့ ပြောလိုက်ဦး၊
သူမငိုအောင် အားပေးလိုက်ဦး၊
သူခင်တွယ်သူလေးက မုန်းသွားပြီ၊
မောင်မောင်ငိုရင်း ပြောသွားတယ်... 🎵

"ကိုစိုင်းလောဝ်"

"အေး မယ်ဝိုင်း နောက်ကျလှချည်လား၊ ခြံတံခါးသေချာပိတ်ခဲ့ရဲ့လား"

"ဖိုးကောက် ပိတ်နေခဲ့ပြီ။ ကျုပ်ကမနေနိုင်တော့လို့ ကိုစိုင်းလောဝ်ကို အပြေးလာပြောတာ"

သူစုံစမ်းခိုင်းထားသည့်ကိစ္စတော့ ထူးပြီထင်ပါ၏။ မိန်းမချင်းဆိုရင်တော့ သတင်းစကားတစ်ခုခုက ထွက်လာနိုင်တာပါပဲလေ။

"ပြောစမ်းပါဦး"

"ဖုန်းက ဦးမောင်ဆီလာတာမဟုတ်ဘူးတဲ့တော့၊ ကိုစိုင်းလောဝ်နာမည်နဲ့ လာတာတဲ့သိလား။ ဒါပေမဲ့ ဦးမောင်က တယ်လီဖုန်းလာတိုင်း သူ့ကိုပဲလာခေါ်ရမယ်ပဲမှာတယ်တဲ့၊ ဒါမရိုးသားတာနော်"

"ဘယ်သူဆက်တာလဲ မယ်ဝိုင်း၊ ဘယ်ကဆက်တာတဲ့လဲ"

အသံတွေတုန်ရင်ကာ မေးလိုက်မိတာက အလျင်အမြန်ပင်။ သည်ကြားထဲ မအားမလပ်ဆုတောင်းနေမိသေးတာက ရက်စက်သွားသူ ကိုကိုကြီးဖြစ်ပါစေဟူ၍သာ။

"ဦးကိိုကိုကြီးတဲ့"

......................

ထိုအကြောင်းသိပြီးသည့်နောက် ပေါ့အပြင်သွားတာနှင့် ကိုကိုကြီးကိုပြန်ဆက်သွယ်ဖို့ တယ်လီဖုန်းနံပါတ်အား အသည်းအသန်ရှာမိတော့တာပင်။ နှုတ်ဆက်မသွားသည့်တိုင် သူ့ကိုအခေါက်ခေါက်အခါခါ ဆက်သွယ်နေသေးတာမို့ အကြောင်းတစ်ခုခုတော့ ရှိရမည်ထင်၏။ ချစ်တဲ့စိတ်ကပဲ မာနကို အကြိမ်ကြိမ်အနိုင်ပိုင်းနေပြီမို့ ပြန်ဆက်သွယ်ဖို့သာ ဆုံးဖြတ်လိုက်သည်။

"ဟာ!"

လိပ်စာနှင့် ဖုန်းနံပါတ်ရှာတာဖြစ်သော်လည်း ပေါ့မှတ်စုစာအုပ်ထဲမှ ထွက်ကျလာတာက စာ(၃)စောင်။ နှစ်စောင်က စာအိတ်နှင့်ဖြစ်ပြီး တစ်စောင်ကတော့ အလွတ်သက်သက်သာ။ ဒါသည် မှားဖွယ်မရှိ၊ ကိုကိုကြီးသုံးနေကျ ဝါကျင့်ကျင့်စာရွက်ကလေးတွေ။ နောက် သူ့တွင်ရှိသော ကဗျာစာရွက်တွေနှင့်လည်း တစ်ပုံစံတည်း။

ပေါ့က ဘာလို့များ ဒါတွေသိမ်းထားရပါသနည်း။

ကြာကြာတွေးမနေနိုင်ဘဲ သိချင်စိတ်များစွာနှင့် အလွတ််သက်သက်စာခေါက်ကလေးကို အရင်ဖတ်လိုက်သည်။ ကိုကိုကြီး၏ လက်ရေးခပ်သော့သော့နှင့် တိုတိုတုတ်တုတ် ကဗျာတစ်ပုဒ်ပင်။

"အရေးပေါ်ကြောင်း၊
တောင်းဆိုလာသော်၊
ခေါ်မန်းမြေဆီ၊
မှီပြန်ရဘိ၊
မိခင်ကြီးမယ်၊
တယ်ခက်ကြုံမို့၊
ကိုယ့်ခမျာစေ၊
လေအသွင်တိုင်း၊
စိုင်းကိုချန်ရစ်၊
ဖြစ်ခဲ့ရပြီ။

သည်အရေးကြီး၊
ပြီးသွားရင်ဖြင့်၊
သင့်ဆီလာရေး၊
တွေးမျှော်ထား၏။"

စာ၏အဆုံးသတ်တွင် 'ချစ်သောကိုကိိုကြီး' ဟူသောစာစုနှင့်အတူ နေရပ်လိပ်စာ၊ တယ်လိီဖုန်းနံပါတ်ကလေးက အောက်တွင်ကပ်လျက်ချပ်လျက်။

စိုင်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်လာသည်ထိ ပေါ့ကို စိတ်ဆိုးမိတာပင်။ သည်စာတွေနှင့် ကိုကိုကြီးဆက်သွယ်သမျှတိုင်းကို ပေါ့ကပဲ ဖြတ်ယူထားခဲ့တာပင်။ စိုင်း၏ဖြစ်တည်မှုကို သေချာထုတ်ပြောထားသည့်တိုင် သည်လိုကြားဝင်ဖျက်ဆီးလိုက်တာမျိုးတော့ မဖြစ်သင့်ဟုထင်သည်။

နောက်စာနှစ်စောင်ကို ဖွင့်ဖတ်ကြည့်တော ကိုကိုကြီးမှာ မိသားစုအရေးကိစ္စတွေကြောင့် ပြန်သွားရကြောင်း၊ ပြဿနာတွေကြောင့် မိခင်ကြီးပါ နာမကျန်းဖြစ်နေကြောင်းနှင့် စာအဆက်အသွယ်ဖြစ်ဖြစ်၊ တယ်လီဖုန်းအဆက်အသွယ်ဖြစ်ဖြစ် ပြုလုပ်ပေးရန် တောင်းခံထားသည်များပါနေသည်။ စိုင်းရင်တွင် အက်ဆစ်စားသလို လောင်မြိုက်ခြင်းမျိုး ခံစားနေရ၏။

သူနာကျင်ခဲ့သည်ထက် သုံးလကျော်၊ လေးလနီးပါး ကိုကိုကြီးခံစားနေရမည်ကို တွေးမိတာမို့ ပိုရင်ခံရ၏။ မဖြစ်ချေသေး၊ ပေါ့ မတားနိုင်ခင် ကိုကိုကြီးဆီ စာရေးရချေမည်။ ပြီးလျှင် မယ်ဝိုင်းကို တိုးတိုးတိတ်တိတ် စာတိုက်ပို့ခိုင်းရမည်။ ဖိုးကောက်လည်း ယုံမရသေးသလို၊ တယ်လီဖုန်းဆက်ဖို့လည်း မိအေးနှင့်မဖြစ်ပါချေ။ စာပို့ပြီးမှသာ ပေါ့နှင့်ထိပ်တိုက်ရင်ဆိုင်မည်ဟု ဆုံးဖြတ်လိုက်တော့၏။

သို့နှင့် စာရွက်နှင်ဖောင်တိန်ကို ယူကာရေးချမိသည်က-

'သို့ ... ကိုကိုကြီး

လွမ်းဆွတ်ခြင်းများစွာဖြင့် စာရေးလိုက်ပါသည်။ ကိုကိိုကြီး ထားရစ်ခဲ့သောကဗျာနှင့် ပေးပို့ထားသောစာများကို စိုင်း လုံးဝမရရှိခဲ့ပါ။ တယ်လီဖုန်း ဆက်သွယ်လာသည်များကိုလည်း မသိရိုးအမှန်ပါ။ ဤစာရေးသည့်နေ့မှပင် အကြောင်းစုံသိရသည်ဖြစ်၍ များစွာဝမ်းနည်းမိပါသည်။ ပေါ့လုပ်ခဲ့သည်များအတွက်လည်း လွန်စွာမျက်နှာပူမိပါသည်။ တမင်ချန်သွားသည်အထင်နှင့် မနောကံမြောက် စိတ်နာ၊ အထင်လွဲခဲ့မိခြင်းများအတွက်လည်း ညှိုးငယ်စွာ တောင်းပန်အပ်ပါသည်။

ကိစ္စများအားလုံးပြီးပြတ်လို့ (ဖြစ်နိုင်လျှင်ဖြင့်) စိုင်းဆီ အမြန်ပြန်လာစေချင်ပါပြီ။ တစ်ရွာသားကို မေတ္တာရှိနေပြီးဖြစ်ကြောင်းလည်း ဝန်ခံပါတော့မည်။

မှ၊ ချစ်သောစိုင်း
၁၉.၄.၈၁။

..................

မေလ၏ခြောက်သွေ့သော တနင်္ဂနွေနေ့တစ်နေ့၌ပင်။

စိုင်းတို့လို ချယ်ရီမြတ်နိုးသူတွေ စုဖွဲ့ထားသည့် ချယ်ရီချစ်သူများအသင်းမှာ မြစိမ်းတောင်စောင်းတစ်လျှောက် ချယ်ရီပင်တွေ ထပ်တိုးစိုက်ခဲ့ကြသည်။ နေမမြင့်ခင် မနက်အစောကတည်းက သတ်မှတ်နေရာများမှာ အချိုးကျစိုက်ပျိုးခဲ့ပြီးမို့ ညနေတွင်တော့ ပျိုးပင်တွေ အစီအရီဖြစ်နေချေပြီ။ စိုင်းကတော့ ညနေပိုင်းမှ တောင်စောင်းတစ်ခေါက် ပြန်လာကြည့်ရင်း သဘောကျနေမိ၏။

ချယ်ရီမြေလို့တင့်စားခံရသည့် တောင်ကြီးမှာ ချယ်ရီသုဉ်းမည့်နေ့ရက်ဆိုတာ မရှိလာစေချင်။ ဒါသည် သူတို့အသင်းသားများ၏ ပြင်းပြသော၊ ချစ်စဖွယ်ကောင်းသော ဆန္ဒကလေးတစ်ခုပင်။

"စိုင်းလောဝ် တစ်ယောက်တည်းလားဟေ့"

"ဟုတ်တယ် ကိုလွင်"

အသားခုံတန်းကလေးတွင် တစ်ယောက်တည်းထိုင်နေမှန်း သိသားနဲ့လည်း တစ်ယောက်တည်းလား မေးချင်မေးသွားတတ်ကြသည်။ လူဆိုတာ အဖော်အပေါင်း၊ မောင်နှမသားချင်း၊ သို့တည်းမဟုတ် ကြင်ဖက်ဆိုတာရယ်ရှိမှ ဖြစ်ပါမည်လားဟု တစ်ခါတစ်ခါ သံသယရှိမိသေး၏။

ဟူး ... ဝေးဝေးတော့ကြည့်မနေရပေ၊ သူကိုယ်တိုင်ကပင် ကိုကိုကြီးအလာကို မျှော်နေသူမဟုတ်ပေလား။ တစ်ယောက်တည်းဘဝကလည်း အထီးကျန်ဆန်ပေလှသည်။

စာပို့ပြီးလေကတည်းက ပေါ့နှင့်စိုင်းတို့ ငြင်းခုံဆွေးနွေးရသည်။ သို့ပေမဲ့ သားသမီးစိတ်ဆင်းရဲသည်ကို မကြည့်ရက်သောဖခင်ပေမို့ စိုင်းကို ဇွတ်အတင်းနားချခြင်းတော့ မရှိလေတော့။ ပြောလျှင်လည်း ရမည်မဟုတ်တော့ပေ၊ နောင်မပြင်တော့မည့်ဆုံးဖြတ်ချက်ကို စိုင်းကချထားပြီးခဲ့လေပြီ။

"ဟေး စိုင်းလောဝ်"

ဆိုင်ကယ်သံနှင့်ပြန်ကြားလိုက်ရသည်က ခုနကနှုတ်ဆက်သွားသော ကိုလွင်ပါပေ။

"ဘယ်နှယ့်လို့ ပြန်လှည့်လာတာတုန်းဗျ"

"ဟိုမယ်ဗျာ ... အညာသား ဂျစ်ကားကြီးစီးပြီး မြစိမ်းတောင်သွားချင်တယ်ဆိုလို့၊ သေချာမေးစမ်းကြည့်တော့ စိုင်းလောဝ်ခွန်းကို ရှာသတဲ့လေ"

အပြောနှင့်အတူ လက်ညှိုးထားရာကြည့်တော့ ဂျစ်ကားအနက်တစ်စီးက တောင်စောင်းအတိုင်းတက်လာသည်။ အနောက်မယ် ဖုန်တလုံးလုံးနှင့် အပြေးမောင်းလာသည်ကို ကြည့်ရုံနှင့် သေချာပေါက် ကိုကိုကြီးကားပါပေ။

"ကိုလွင် ကျေးဇူးဗျာ"

"မလိုပါဘူး၊ သွားပြီဟေ့"

ကိုလွင်ထွက်သွားတာနှင့် ကားရပ်သွားသည့်နေရာဆီ စိုင်းအရောက်လှမ်းမိတော့တာ အပြေးအလွှား။ မျှော်သူမှာစောင့်ရတာ မောလွန်းတော့ မာနတွေပင် အရည်ပျော်ပါပေါ့၊ ထိုသူကတော့ အခုမှသာ သူ့ရင်ခွင်နားဆီ ရောက်လုနီးနီးရှိသေးသည်။

"စိုင်း ... စိုင်းလောဝ်"

ခေါ်သံနှင့်အတူ ချစ်မေတ္တာအပြည့် ထုံမွှမ်းထားသော ကိုကိုကြီးရင်ခွင်က စိုင်းကိုဆီးကြိုလျက်သာ။ လက်နှစ်ဖက်ကို ရှေ့ဆန့်တန်းရင်း ထွေးပွေ့လေတော့ စိုင်းလည်းပဲ ရင်ခွင်ထဲဆီ တစ်ဆုံးဝင်တိုးမိချေသည်။

"လွမ်းလိုက်ရတာ စိုင်းရယ်"

စိုင်းဆံစတွေကိုပွတ်သပ်ရင်း ခပ်မြေ့မြေ့ပြောလိုက်သည့်အသံက သံသရာအဆက်ဆက်ကနေတောင် လွမ်းလာခဲ့သယောင်။ နှစ်ဦးကြား လေပင်မတိုးနိုင်အောင် ဖက်ထားကြသည့်မို့ အလွမ်းစိုင်တို့လည်း ကျောက်သားပြိုသလို ကြေမွကာပျောက်ကွယ်ရသည်။

"ကိုကိုကြီးကို စိုင်းမျက်နှာလေး ပြပါဦး၊ ဘာတွေများပြောင်းလဲသွားသလဲ .. ကြည့်ချင်သေးတယ်"

ပြောသာပြောသည်၊ စိုင်းအား ကျစ်ကျစ်ဖက်ထားတာကို မလွှတ်လေတော့ ရင်ခွင်ထဲကနေပင် ခေါင်းမော့ကြည့်ရ၏။ စိုင်းကို ကိုကိုကြီးကြည့်သလို စိုင်းသည်လည်း မမြင်တာကြာပြီဖြစ်သည့် မျက်နှာအစိတ်အပိုင်းတို့အား တစ်ခုချင်းစစ်ကြည့်မိလေတာ မွှေးညှင်းပေါက်ကလေးတို့ပင် မကျန်စေရ။

အကြည့်ချင်းဆုံရင်း တစ်ခဏ၌ပင် ကိုကိုကြီးမျက်နှာမှာ စိုင်းဆီတဖြည်းဖြည်းချင်း နီးကပ်လာလေတော့ အနေရခက်စွာ၊

"ကိုကိုကြီး ဟို..."

"အမောပြေအနမ်းလေးတော့ ဆွတ်ယူပါရစေကွယ်"

သနားစဖွယ်အပြောကြောင့် စိုင်းမတားရက်ပါပေ။ ဘယ်လောက်မှပင် မကွာဝေးတော့သော အနေအထားတွင် စိုင်းရင်တွေလည်း မူမမှန်သည့်ကြိမ်နှုန်းတို့ဖြင် ကဆုန်ပေါက်နေလျက်။

ကိုကိုကြီးအကြည့်တွေက အမြဲတစ္ဆေလို စူးရှတတ်သည်။ ဒါဆို ယခုပင်နီးကပ်လာတော့မည့် နှုတ်ခမ်းသားထူထူကဆိုရင်ရော .... ။ စိုင်း မျက်လုံးမှိတ်ကာ အတွေ့အာရုံကိုပဲ ခံစားကြည့်လေတော့ အနမ်းရေယာဉ်ကလေးမယ် မေတ္တာစမ်းချောင်းအတွင်း တသိမ့်သိမ့်ကူးခတ်နေတော့တာ လူးလွန့်လို့သာ။ ထူးကဲလွန်းသည့်အတွေ့က တစ်သက်တာမက ဘဝဆက်တိုင်း ရစ်မူးချင်ဖွယ်အတိနှင့်။

"ကိုကိုကြီး ပြန်လာတယ်နော်"

"ပြန်လာရုံတင်မကဘူး၊ အမွေရလိုက်တဲ့ တောင်ကြီးခြံဟောင်းမှာပဲ အပြီးနေတော့မှာ"

"တကယ်လား"

ကိုကိုကြိး ချက်ချင်းမဖြေ။ လက်မဖြင့် စိုင်းနှုတ်ခမ်းဆီ ခပ်ဖွဖွပွတ်သပ်နေရင်း စဉ်းစားနေဟန်တူသည်။ ပြီးမှသာ ခပ်ဖြည်းဖြည်း ကောက်ရွတ်လိုက်သည်က-

"အသည်းအသက်
မမေ့ရက်
တွဲလက်မြဲချင်တာ...

နမ်းရယ်စွဲမက်
အိုတစ်သက်
ပေါင်းဖက်တော့မည်သာ..."

ကဗျာကို လက်တန်းရွတ်သွားပုံက စိုင်းဘဝင်ဝယ် ငြိမ်းအေးလျက်။ သူ့အားမြတ်နိုးသည့် စကားလုံးတိုင်းကိုလည်း သိပ်နှစ်သက်မိသည်။

"အိုး ... အသည်းအသက်ဆိုပါလား"

အချစ်ကဗျာတို့ကို စိုင်းတစ်သက် ကိုကိုကြီး မငြီးငွေ့တော့မည့်အရာများစွာထဲတွင် ပါဝင်သည်။

"တယ်မယုံသကိုး။ စိုင်းက ကိိုကိုကြီးအသည်းဆို၊ ဟောဒီ ချယ်ရီနှုတ်ခမ်းလေးက ကိုကိုကြီးအသက်ပါပဲဗျာ"

••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co