Truyen3h.Co

သင်္ကြန်မောင်

Finale (Unicode)

Fi_Lay



"တေးတေး မသောက်နဲ့တော့ကွာ"

"အေးလေ ဘုန်းလျှံရယ် တော်တော့။ ရေဆော့ဖို့လာပါတယ်ဆို နင်နဲ့နန္ဒာ့ကိုပဲ ထိန်းနေရတယ်"

"သင်းတို့ကြောင့် ငါ့မှာနှစ်ဗူးသောက်ပြီး ရီဝေဝေဖြစ်နေတာလေးတောင် ပျောက်သွားပြီ။ လှိမ့်မူးမနေကြနဲ့ဦး၊ ရေထဲမြောသွားမယ်"

"ဟာ ဖတ် ... ဖတ် လွဲပါစေ၊ ဖယ်ပါစေ။ ဝေကြီးရာ နင်ရဲ့ပါးစပ်ပုပ်ကြီးကို ရေထဲငုံ့ဆေးပစ်လိုက်စမ်း။ ဒီမှာ ငါ ဘုန်းလျှံမောင်ပြောတာမှတ်ထား။ ဘယ်အခြေအနေပဲရောက်ရောက် အဓိကက ဘာလဲ ... ဘုရားတဖို့ပဲ"

တေးတေးပြောပုံဆိုပုံတွေကြည့်ပြီး ညီမိုးလွင်မှာ အံ့လည်းဩရသလို ငိုချင်းလည်းချချင်လာသည်။ မူးလျှင် အတော်သွေးဆိုးသည့်ကလေးမျိုးပဲ။

တေးတေးသူငယ်ချင်းတွေနှင့် အဖွဲ့လိုက်ကြီးရောက်နေကြသည်မှာ သီပေါမြို့အလွန်က သီပေါချောင်းဆုံတွင်ဖြစ်သည်။ မုန့်လုံး၊ ဖျော်ရည်စတုဒိသာပြီးတော့ မူလအစီအစဉ်အတိုင်း ချောင်းဆုံကိုအလည်သွားဖို့ ထွက်လာခဲ့တာပင်။ ဟိုသူဝင်ခေါ်၊ သည်လူဝင်ခေါ်နှင့်မို့ အမိုးပက်လက်ဖြစ်သော သူတို့ကားပေါ်တွင် လူဆိုတာရှစ်ယောက်၊ ကိုးယောက်ထက်မနည်း။ ချောင်းဆုံမလာခင် မြို့ထဲမှာလည်း အနှံ့ပတ်ကြသေးတာဖြစ်၏။ ကားပေါ်တိုးကြိတ်နေအောင် ရပ်ရသည့်ကြားက တေးတေးတစ်ယောက်မှာလည်း ညီမိုးလွင်ကို စိတ်ကောက်နေ၍ မျက်နှာတောင်လှည့်မကြည့်ပါပေ။

အမှန်ဆို စိတ်ဆိုး၊ စိတ်ကောက်နေချိန် ညီမိုးလွင်ဆန္ဒအရဆိုလျှင်တော့ အပြင်ထွက်မလည်ချင်။ သို့ပေမဲ့ အားလုံးချိန်းဆိုထားပြီးကာမှ သူတို့နှစ်ယောက်က စိတ်ဆိုးကြရသည်။ လည်ဖို့အစောကြီးရောက်နေကြသည့် ကလေးတွေလည်း မျက်နှာမကောင်းကြပြီဆိုတော့ အကြီးဖြစ်သည့်သူကပဲ သည်အစီအစဉ်မပြတ်ဖို့ ဆက်ထိန်းသိမ်းလိုက်ရသည်။ ကားပေါ်ကလူတွေကို တစ်ယောက်မှမရင်းနှီးဦးတော့၊ တေးတေး သူ့ကိုစကားမပြောဦးတော့ အတူရပ်နေသည့်နောက်ကနေပဲ ချစ်သူ့ပုခုံးလေးကို မသိမသာပွေ့ထားခဲ့သည်။

သို့ပေမဲ့ အခြေအနေမှာ ထင်ထားသလောက်မကောင်း။ မြို့ထဲလည်ပတ်တာတစ်မျိုး၊ ဟိုလူခေါ်သည်လူခေါ်တစ်မျိုးကြောင့် ချောင်းဆုံကိုရောက်တော့ ညနေလေးနာရီထိုးတော့မည်။ ကလေးတွေများတာဆိုတော့ အချိန်တွေဘာတွေလည်း သိပ်ကြည့်ကြတာမဟုတ်။ အခုလည်း ချောင်းဆုံစရောက်ပါပြီဆိုကတည်းက ဘီယာဂျပ်ဗူးလိုက်ရွက်ကာ ရေထဲဆင်းကြတော့သည်။

လိုက်ထိန်းရသူတွေကတော့ ကားမောင်းပေးသည့် ခပ်လတ်လတ်ဦးလေးကြီးနှင့် ညီမိုးလွင်ပဲဖြစ်သည်။ ကားပေါ်မှာကတည်းက အချမ်းပြေအရက်အပါ ဘီယာလေးတငွေ့ငွေ့သောက်လာကြသည့် ကလေးတွေဆိုတော့ အားလုံးကလည်း ထိုက်သင့်သလောက်မူးနေကြပြီ။ အချင်းချင်းထိန်းသူကထိန်း၊ အန်တဲ့သူကအန်နှင့် ညီမိုးလွင် နည်းနည်းတော့စိတ်ညစ်မိ၏။ ပုံမှန်ဆို သည်လိုကလေးတွေလိုက်ထိန်းဖို့နေနေသာသာ၊ သင်္ကြန်တောင် ဖြစ်ဖြစ်မြောက်မြောက် လည်ဖြစ်တာမဟုတ်။

အခုတော့ အဖွဲ့ထဲတွင်အဆိုးဆုံးဖြစ်သည့် တေးတေးကိုသာ လိုက်ဆွဲနေရသည်။

"တေးတေး ရေတိမ်မှာပဲကိုယ်နဲ့နေ၊ လိုက်မသွားနဲ့"

"ဟိုမှာ နန္ဒာတို့ ကူးသွားနေပြီ"

"တေးတေး!"

"ဘာလဲ။ အိမ်မှာတုန်းကတော့ ရှောင်နေပြီးတော့ ခုမှဘာလို့လိုက်တားနေတာလဲ။ အနားမကပ်နဲ့ ... ဖယ်"

"တိတ် ... ကိုယ်နဲ့နေဆိုနေ"

အရက်မူးနေသည့်ချစ်သူနဲ့လည်း ပြိုင်ရန်မဖြစ်ချင်တာမို့ ညီမိုးလွင်က ခပ်ကြိတ်ကြိတ်ပြောရင်း တေးတေးခါးကိုသာ သိုင်းဖက်ထားလိုက်သည်။ ကောင်လေးကလည်း ရင်ခွင်ထဲက ခဏတာမလှုပ်ရှာတော့။

အနောက်ရပ်ဆီမှ နေကခပ်ညိုညို။ သူတို့သည်လည်း ချောင်းရေတွေ တစ်ကိုယ်လုံးရွှဲစိုစို။ ချောင်းဆုံဆိုသည့်အတိုင်း ကျောက်ကုန်းတွေ၊ သစ်ပင်တွေကို ကွေ့ဝိုက်စီးဆင်းနေသော ရေအလျင်က အေးစိမ့်ကြည်လျက်ရှိသည်။ တချို့နေရာတွေတွင် ရေစီးသန်ပြီး ကျောက်ကုန်းတွေကြားထိုင်နေသော သူတို့နေရာကတော့ ရေတစိမ့်စိမ့်သာစီးသည်။ အောက်ခြေထိ သိပ်နက်ခြင်းမရှိ။ ညီမိုးလွင်က ကျောက်စိုင်ကို ခြေထောက်ဖြင့်ကျားကန်ထားပြီး တေးတေးကိုတော့ ကျောက်ဆောင်ပေါ်တင်ပေးထားသည်။ စိတ်ချရသည့်အနေအထားနှင့် ထိုင်ခိုင်းပြီးကာမှ ငမူးလေး၏ခါးကျဉ်ကျဉ်ကို သိမ်းဖက်ထားရသည်။

သင်္ကြန်ရက်မို့ လူအတော်များပေသိ ဘယ်သူကြည့်ကြည့် ဂရုမစိုက်နိုင်တော့၊ မူးနေသည့်အရှိန်နှင့်ဆို ရေစီးထဲမြောပါသွားနိုင်သည်ဖြစ်၏။

"နန္ဒာ၊ ဝေကြီး ... ဘီယာဗူးကျန်သေးလား"

တေးတေးငြိမ်နေရာက ရုတ်တရက်ဆိုသလို ကောက်ခါငင်ခါကြီး ထအော်တာဖြစ်သည်။ ရေတိမ်ဖက်သွားကူးနေကျသော ကလေးမတွေကလည်း တေးတေးအသံကြားတော့ ပြန်လှည့်ကြည့်ကြလေ၏။

"ကုန်ပြီဟေ့၊ ကိုယ့်လူကိုယ်ဝယ်ခိုင်း"

ကလေးမတွေ အအော်ကောင်းတော့ ငမူးလေးက သူ့ဘက်ကိုခေါင်းထိုးကြည့်သည်။ နှုတ်ကထုတ်မပြောပေမဲ့လည်း နီရဲရဲမျက်လုံးအကြည့်တွေက ဝယ်ပေးမလား၊ မဝယ်ပေးဘူးလားဆိုသည့် အမေးတွေပါနေသေးတာ။ စိတ်ကလည်းကောက်သေး၊ သောက်ကလည်းသောက်ချင်သေး။ ညီမိုးလွင်ခမျာမှာ ချစ်လည်းချစ်ပါရဲ့၊ ဆူလည်းဆူချင်ပါရဲ့လေ။

"တော်ပြီနော်၊ များနေပြီ"

"ဘာလဲ၊ ဝယ်မပေးဘူးလား။ နေ ... ပိုက်ဆံပါတယ်၊ ကိုယ့်ဘာသာသွားဝယ်မယ်"

"တေးတေး"

တင်ပေးထားသည့် ကျောက်ဆောင်ပေါ်မှ အတုန်းအရုန်းထလေတော့ ညီမိုးလွင်က အသံစူးစူးဖြင့်အော်သည်။ မူးနေသည့်အရှိန်ကြောင့် သွေးကြွနေသောတေးတေးကလည်း နည်းနည်းမှမကြောက်။ ညီမိုးလွင်လက်ကနေ ဇွတ်ရုန်းကာ အားကုန်ထပြေးလေသည်။

"အား ... အာလားလား"

"ကြည့် ... ဖြစ်ပြီကွာ"

ရေညှိတင်နေသောကျောက်တုံးပေါ် မဆင်မခြင်လှမ်းကူးလေတော့ ရေလည်ခေါင်တွင် တေးတေးတစ်ယောက် ခြေကားယား၊ လက်ကားယား ပြုတ်ကျရလေသည်။ ကံကောင်းလို့ ဦးခေါင်းပေါက်လောက်အောင်ထိ ကြီးကြီးမားမားမဖြစ်သော်လည်း၊ ခြေချင်းဝတ်ကတော့ လည်သွား၏။ လမ်းလည်းလျှောက်မရ၊ ဘီယာလည်းမသောက်ရ။ နှစ်ခါနာသောတေးတေးတစ်ယောက် ကားပေါ်ထိရောက်အောင် ညီမိုးလွင်၏ချီပိုးခြင်းကိုသာ ခံလိုက်ရသည်။

"အဲဒါကိုးကိုးကြောင့်။ ကိုးကိုးသာ လှမ်းဆွဲမထားရင် အမြန်ကူးမိမှာမဟုတ်ဘူး။ အခုတော့ ခြေထောက်လည်းနာနေပြီ။ ရေထဲလည်း ပြန်မဆင်းရတော့ဘူး။ ဘီယာလည်း မသောက်ရတော့ဘူး ... ကိုးကိုးကြောင့်၊ ကိုးကိုးကြောင့်"

လည်သွားသည့်ခြေချင်းဝတ်ကို တဖြည်းဖြည်းနှိပ်နယ်ပေးနေသည့် ညီမိုးလွင်အား နားလည်းချမ်းသာမပေးပါ။ တေးတေးက တရစပ်ပြောသည်၊ တရစပ်ရစ်သည်။ ဂျစ်တီးဂျစ်ကန်နိုင်သော ချစ်သူကိုမနိုင်တော့သည့်အဆုံး ညီမိုးလွင် ဘီယာတစ်ဗူးထပ်ဝယ်ကာ တိုက်လိုက်ရသည့်အဖြစ်။

"တစ်ဗူးပဲနော် တေးတေး၊ သူတို့မလာခင် ကိုးကိုးပေါ် ငြိမ်ငြိမ်လေးလှဲနေတော့"

ဘီယာတစ်ဗူးဝယ်ပေးလိုက်တာ မျောက်လက်ထဲ ငှက်ပျောသီးထည့်ပေးလိုက်သည့်အတိုင်း အသံကိုထွက်မလာတော့။ ပုခုံးစွန်းပေါ်မှီထားစေရင်းက အသင့်ဖောက်ပေးလိုက်သည့် ဘီယာဗူးကိုသာ တမော့မော့ရှိတော့သည်။

ညနေက ညိုသည်ထက် ညို့မှောင်လာသည်။ ကားအမိုးပက်လက်ပေါ်မှ လှမ်းမြင်နေရသော ကောင်းကင်မြင်ကွင်းက ဆွေးမြေ့ဖွယ်အတိ။ နေရောင်မရှိတော့သော အနောက်ဘက်ဆီတွင် ခဲပြာရောင်တိမ်ရေးရေးသာ ကျန်တော့သည်။ ညနေလေကလေး ဝေ့ဝေ့တိုက်တော့ တစ်နေကုန်သင်္ကြန်ရေစိုလိုက်၊ ချောင်းရေစိမ်လိုက်ရှိလှသော တေးတေးကိုယ်လေးကျုံ့သွား၏။

ဤတွင် အလိုက်သိသောညီမိုးလွင်က အိတ်ထဲချွတ်ထည့်ထားခဲ့သော အင်္ကျီလက်ရှည်လေးခြုံပေးရသည်။ တေးတေးတစ်ယောက် ရင်ခွင်ထဲသို့ ခေါင်းကလေးတိုးဝင်လေတော့၏။

"ဒီနေ့ တေးတေး ဘယ်လောက်ဆိုးလဲသိလား"

ကားပေါ်တွင် နှစ်ကိုယ်ကြားပြောသောစကားအား တေးတေးကြားလျက်နှင့် ပြန်မဖြေ။ ညီမိုးလွင်ကပဲ လေအေးကလေးနှင့် စကားဆက်ရှာသည်။

"ကိုးကိုးအပေါ် တေးတေးရစ်တာ၊ ဆိုးတာ၊ အော်တာ ဘယ်လိုပဲရှိရှိ ကိုးကိုးက သည်းခံနိုင်တယ်သိရဲ့လား။ တေးတေးမှာ ဒီလိုဆိုးပိုင်ခွင့်၊ ရစ်ပိုင်ခွင့်တွေလည်း အများကြီးရှိတယ်၊ ချစ်စရာလည်းကောင်းတယ်၊ ချစ်လည်းချစ်ပြီးသားပဲ။ ဒါပေမဲ့ ကိုးကိုးကိုလည်း နားလည်စေချင်တယ်နော်၊ နားလည်ပေးမယ်လို့လည်း ယုံကြည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန်ကျရင်တော့ မေမေကြီးကို ကိုးကိုး ဆက်ဆက်ခွင့်တောင်းတော့မယ်။ တေးတေးကို မိသားဖသားပီပီ တောင်းရမ်းယူပါမယ်လို့လည်း တလေးတစားစွန့်ပြောမယ်။ မေမေကြီး လက်ခံသည်ဖြစ်စေ၊ လက်မခံသေးသည်ဖြစ်စေ ... အနေမှန်မှန်နဲ့ ကြိုးစားရမှာက ကိုးကိုလုပ်သင့်လုပ်ထိုက်တာပဲလို့ မြင်တယ်။ ဒါမို့တေးတေးက နားလည်ပေးမယ်မလား"

"အင်း"

"ဒီလိုလိမ္မာမှပေါ့ ကလေးလေးရယ်"

တေးတေးနဖူးပေါ်သို့ ညီမိုးလွင်၏အနမ်းတစ်ပွင့် ကြဲခြွေချလိုက်ချိန် နေရောင်သည်လည်း ပျောက်ကွယ်လေချိန်ဖြစ်သည်။

...........................

သူတို့နှစ်ဦး ချောင်းဆုံကပြန်ရောက်တော့ ညခုနှစ်နာရီကျော်လေပြီ။ ဝန်းကျင်ကအတိမှောင်မည်းနေပြီ။ ဒါတောင် အစောဆုံးပို့ပေးကြလို့ သည်အချိန်ပြန်ရောက်ကြတာဖြစ်၏။ လူငယ်တွေဆိုတော့လည်း ကဲရတုန်းအားရပါးရကဲကြသည်။ တေးတေးကအစအားလုံး တစ်ယောက်မှလည်း ကိုယ့်အိမ်ကိုယ်ကြောက်ကြပုံမရ။ ညီမိုးလွင်ကသာ တပူပူနှင့် အမူးသမားလေးကို အိမ်ထဲတွဲခေါ်လာခဲ့ရသည်။

မေမေကြီးတို့၊ ဒေါ်ဒေါ်တို့ အခုချိန်လောက် မျှော်ကြရောပေါ့။

ခြံတံခါး၏အတွင်းချိတ်ကို ညီမိုးလွင်က လက်နှိုက်ဖွင့်ပြီး အတွင်းဝင်လာခဲ့သည်။ တေးတေးကတော့ သူငယ်ချင်တွေပြန်တာတောင် အရှိန်ကောင်းတုန်း။ တစ်ဗူး၊ တစ်ဗူးနှင့်သောက်လိုက်တာလည်း တစ်နေကုန်ဗူးပင်မရေနိုင်၊ သင်္ကြန်တွင်း သူ့သူငယ်ချင်းတွေနှင့် လည်တာဆိုတော့လည်း ညီမိုးလွင် သိပ်မပြောမိတာလည်းပါပါ၏။

"ဟယ် သားတို့ရယ် နောက်ကျလိုက်တာ၊ မင်းမေမေကြီးက မျှော်နေတာ"

အိမ်ရှေ့ခန်းဝင်ဝင်ချင်း တီဗွီကြည့်နေသော ဒေါ်ဒေါ်က ခပ်သုတ်သုတ်ထပြောလာသည်။ သည်တွင် တေးတေးက၊

"မေမေကလည်း သားတို့ကလေးမှမဟုတ်တာ။ ကိုးကိုးဆိုရင် ခွဲစိတ်ဆရာဝန်ကြီး၊ သားလည်း ဆရာဝန်ပေါက်စလေးလေ ... မေမေက ခွေးပေါက်လေးလို့ ထင်နေတုန်းလား"

"ခွေးပေါက်မဟုတ်ဘူးဟေး။ အမလေးလေး ... မျောက်ကချူဆွဲပေးလိုက်သလိုပဲ၊ ပြန်လာတာကို တစ်အိမ်လုံးဆူညံနေတာပဲ၊ ဘယ်လိုဖြစ်နေတာတုန်း"

အပေါ်ထပ်လှေကားမှ ဆင်းလာသောမေမေကြီး။ နှုတ်ကလည်း တတွတ်တွတ်ဆူနေလေတော့ ညီမိုးလွင် ခေါင်းကြီးသွားသည်။ တေးတေးမိခင်လည်း မျက်နှာအိုနေလေပြီ။ တေးတေးကသာ မူးနေတုန်းဆိုတော့ အာသွက်လျှာသွက်လျက်။ သူ့မေမေကြီးဆိုတော့လည်း ဆိုးချင်တာပါမည်ထင်သည်။

"သား ပြန်လာတုန်း တစ်ခါတလေလေးသောက်တာကို မေမေကြီးကတော့ ငြိုငြင်ပြန်ပြီ။ ဒီမြေးလေးရှိတာ ... ပြန်မလာတော့လည်း စိတ်ကောက်တယ်၊ ပြန်လာတော့လည်း ဟော ... ဆူနေတယ်။ လူကြီးတွေများ တရားကျဖို့ကောင်းလိုက်တာ"

"အောင်မယ် ... အောင်မယ် ငါ့များတရားနဲ့ယှဉ်နေသေး၊ ထိပ်ခေါက်လိုက်ရ။ သူဇာ ညည်းသားမြင်လား"

"ကဲကဲ သားရေ၊ ဘုန်းလျှံကို အခန်းထဲခေါ်သွားပါတော့။ ရေမိုးချိုးပြီးမှ ထမင်းစားကြတာပေါ့"

ဒေါ်ဒေါ်ကြားက အကယ်ကောင်းလို့ သိပ်အဆူမခံရဘဲ သူတို့အပေါ်တက်ခွင့်ရသည်။ တေးတေးဆိုတာလည်း အပေါ်ရောက်သည်ထိ စိတ်နှင့်လူနှင့်ကပ်ပုံမရ။ ရေလည်းမချိုး၊ အစားလည်းမစား ... မွေ့ရာပေါ်မှာသာ တုံးလုံးပက်လက်ရှိတော့သည်။ တစ်နေကုန်ရေဆော့ပြီး သောက်ထားတော့လည်း အိပ်ချင်ရှာတယ်ထင်ပါရဲ့။ ရေစိုအဝတ်တို့ကို သူကပဲ စိတ်ရှည်ရှည်လဲပေးလိုက်ရ၏။

ညီမိုးလွင်ကတော့ တေးတေးလို ခေါင်းထိုးမအိပ်နိုင်သေး။ လန်းဆန်းသွားအောင် ရေမိုးချိုးရသည်။ ဘီယာနှစ်ဗူးနှင့် အမြည်းလေးနည်းနည်းပါးပါးပဲ ဝင်ထားတာဆိုတော့လည်း ထမင်းစားချင်သည့် အာသီသလေးကလည်း ဖြစ်လာသေးသည်။

သူ ဘယ့်နှယ်လုပ်ရပါ့။ တေးတေးက မထနိုင်တော့၊ သူကတော့ ဆာလှသည်။ နာရီကြည့်တော့ ရှစ်နာရီ။ တစ်ယောက်တည်း အောက်ဆင်းစားဖို့ကလည်း ဒေါ်ဒေါ်ပဲရှိရင်တော်ရဲ့။ မေမေကြီးနှင့်တွေ့လျှင် တေးတေးမူးလာသမျှ သူ့အပေါ် ခေါင်းပုံကျတော့မည်။ နဂိုကမှ မကြည်လင်သည့်အထဲ သည်ကိစ္စသာရောလျှင် လက်ထပ်ဖို့ခွင့်တောင်းမည့်ကိစ္စလည်း အရေးနိမ့်ရကိန်းရှိ၏။

"သား ... သားတို့"

အသားခုံပေါ်လေးပေါ် ထိုင်တွေးနေသော ညီမိုးလွင်တစ်ယောက် ဒေါ်ဒေါ်ခေါ်တာမို့ တံခါးသွားဖွင့်ရသည်။ ထင်တဲ့အတိုင်း အဆင်ပြေလားမေးဖို့၊ ထမင်းစားဖို့ လာခေါ်တာပဲဖြစ်၏။

"ထင်တယ် ... ဒီကောင်လေးက မူးလာရင်ဘာမှမစားဘူး၊ ထိုးအိပ်တာ။ လာ ... လာ၊ သားတော့စားလိုက်ဦး၊ အပြင်မှာလည်း ဟုတ်တိပတ်တိစားခဲ့ရမှာ မဟုတ်ဘူး"

တကူးတကလာခေါ်တော့လည်း ဗိုက်ဆာနေသော ညီမိုးလွင်ခမျာ နောက်ကပါသွားရပါ၏။ ကြောင်လိမ်လှေကားအဆင်းတွင် ပုဆိုးလေးကို အသာသပ်ဆင်းရင်း မေမေကြီးရှိနေမလား ဝေ့ဝဲရှာရတာလည်းအမော။ ဧည့်ခန်းအတွင်းတွင် စလောင်းဖုံးသဏ္ဌာန်အုပ်ထားသော ဝါကျင့်ကျင့်မီးရောင်သာရှိသည်။ နံရံကပ်ပုံတူပန်းချီတွေလည်း ညဖက်ကြည့်တော့မှ ကြောက်စရာလိုလိုဖြစ်နေသည်။ တစ်ခေတ်တစ်ခါက တရားရေးရာအမတ်၏အိမ်တော်ဆိုတော့ ဟောင်းနွမ်းနေသည့်တိုင် အရှိန်အဝါတစ်ခုကတော့ ကြီးစိုးနေတာအမှန်ပင်။

တွေးတွေးဆဆနှင့် ထမင်းစားခန်းထဲဝင်လာတော့ ... ဘုရား၊ ဘုရား တရားရေးရာအမတ်ရဲ့သမီး။ မေမေကြီးကိုရုတ်တရက်မြင်ပြီး စိတ်ထဲရေရွတ်လိုက်မိခြင်းဖြစ်သည်။ ထမင်းဝိုင်းကို ကိုယ်တိုင်ကိုယ်ကျပြင်ပေးနေတာ တေးတေးလာစားမယ်ထင်လို့လားမသိ။

"နေပြီမလား။ ငါပြောပါတယ်၊ ဒီကောင်လေးမူးလာရင် ထမင်းမေ့၊ ဟင်းမေ့နဲ့။ ဆွေမျိုးမမေ့တာ တော်လှပြီ"

"ထုံးစံအတိုင်းပေါ့ အမေရယ်။ သား ထိုင် ... ဆာနေရောပေါ့"

"ဟုတ်ကဲ့"

အသံဝပ်ဝပ်နှင့် 'ဟုတ်ကဲ့' သာဆိုလိုက်ရသည်။ မျက်နှာချင်းဆိုင်တွင် ယပ်ထိုင်ခပ်နေသော မေမေကြီးကြောင့် မစားခင်မှာပင် လည်ကနင်လှပြီ။ တေးတေးမပါပေမဲ့လည်း ထသွားမည့်ပုံမပေါ်သေး။ ဒေါ်ဒေါ်ကတော့ ဖွယ်ဖွယ်ရာရာချက်ထားသည့်ဟင်းတွေ ပန်းကန်ထဲ အစီတကျထည့်ပေးရှာသည်။ မေမေကြီးကို သူ ကြောက်တာလည်း သိလောက်မပေါ့။

"မေမေကြီးတို့၊ ဒေါ်ဒေါ်တို့ စားပြီးပြီလားဗျ"

"စားပါ မောင်မင်းကြီးသားရယ်၊ တို့တွေက ဥပုသ်ရတယ်။ မင်းတို့အတွက်ပဲ ချက်ထားတာ၊ ရောက်တုန်းရောက်သခိုက် အိမ်ထမင်း၊ အိမ်ဟင်းလေးတွေပဲ စားစေချင်တာ။ အရက်တွေစွတ်သောက်ဖို့ မကောင်းဘူး"

"ကဲပါ အမေရယ်။ သားငယ်ကသာသောက်လာတာ၊ သူကတော့ သောက်ပုံမရပါဘူး"

"အိုး ... ငါသိသား"

သူ များများသောက်မလာဘူးဆိုတာ လူကြီးတွေယုံတော့ ထမင်းစားရတာ နည်းနည်းတော့စိတ်သက်သာရာရသွားသည်။ မေမေကြီးမှာ စားပွဲဝိုင်းတစ်ဖက်ခြမ်းတွင် ဝင်ထိုင်နေသည်ဆိုသော်လည်း ဒေါ်ဒေါ်နှင့်သာ အိမ်မှုရေးရာအကြောင်းတွေ ပြောနေခြင်းဖြစ်သည်။ ညီမိုးလွင်တော့ ချည်ရည်ဟင်းလေး တစ်ခါလှမ်းလိုက်၊ နားကလေးစွန့်လိုက်နှင့် ထမင်းစားလို့ဖြောင့်တာပေါ့။

"ကဲ ... ဆရာဝန်ကြီး သီပေါလိုက်လာရတာ ဘယ်လိုလဲ၊ ပျော်ရဲ့လား"

"ဟုတ် အဆင်ပြေပါတယ်။ ဆရာဝန်ကြီးဆိုတာထက် မိုးလွင်ဖြစ်ဖြစ် အဆင်ပြေသလိုခေါ်လို့ရပါတယ် မေမေကြီး"

"သားနဲ့ပတ်သက်တဲ့သူဆိုတော့လည်း သားကြီးပေါ့ အမေရယ်"

ဒေါ်ဒေါ်က စတီးချိုင့်ကိုရေသုတ်ရင်း တစ်ဖက်ကနေ သူ့အတွက်စကားဝင်ဖာပေးရှာသည်။ မေမေကြီးကတော့ ယပ်လေးအသာခတ်ရင်း၊

"အင်း ... သူများသားသည်မအေတွေကတော့ သမီးမွေး၊ သမက်ရတယ်တဲ့။ သူဇာရေ ... ညည်းကတော့ သားထူးမွေးပြီး သမက်ရတယ်ထင်ပါရဲ့အေ"

ခပ်ရွဲ့ရွဲ့ပြောလာသောမေမေကြီးစကားကို ဒေါ်ဒေါ်က ခပ်ပြုံးပြုံးရယ်သည်။ ဝက်သားတုံးကိုဖဲ့နေသော ညီမိုးလွင်ကဖြင့် လိုက်ပဲရယ်ရမလို၊ အနေပဲတည်ရမလို မေမေကြီးမျက်နှာကိုသာ အကဲဖမ်းနေရ၏။ သို့ပေမဲ့ ဆုံလက်စဆိုတော့ ပြောစရာရှိတာတော့ ပြောရတော့မှာပါပဲ။

"နားနဲ့မနာ၊ ဖဝါးနဲ့သာနာပါတော့ မေမေကြီးရယ်။ ကျွန်တော် သီပေါကိုလိုက်လာရတာလည်း အရင်တစ်ခါရုတ်တရက်ကြီး ပြောလိုက်မိတဲ့ကျွန်တော့်တို့ကိစ္စကို တရားဝင်ခွင့်တောင်းချင်လို့ပါ။ တကယ်တော့ အဲကတည်းကသေချာပြောသင့်တာပါ၊ ကျွန်တော်လည်း ရုတ်တရက်ဆိုတော့..."

"ရှည်ရှည်နဲ့ဝေးဝေး ပြောနေစရာမလိုပါဘူးလေ။ ဆရာဝန် အဲ ... သူဇာ့အခေါ် သားကြီးလိုက်လာမယ်ဆိုကတည်းက ဘာကြောင့်ရယ်ဆိုတာ တို့များသိပါတယ်။ ရောက်လာရင် လူနာအမဲခြောက်တောင်းသလို တဒေါင်းဒေါင်းဖြစ်နေမှာ‌တော့ စိုးရိမ်သား။ တို့များလည်း အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်ဆိုတာရှိသေးတာ ထိန်းသင့်တန်ထိန်း၊ ဝှက်သင့်တန်ဝှက်ရတာမျိုးလည်းရှိတော့ မင်းကိုပွဲမထုတ်နိုင်သေးတာ နားလည်မှာပါ"

"ကျွန်တော် နားလည်ပါတယ် မေမေကြီး။ ဒါတွေတွက်မိလို့လည်း ရှေ့မျက်နှာနောက်ထားပြီး အားနာနာနဲ့ပဲ အနေအထိုင်ဆင်ခြင်ပါတယ်"

တစ်ယောက်တည်းစားနေသော ထမင်းဝိုင်းမှသည် စကားဝိုင်းအရာမည်လာခဲ့၏။ ညီမိုးလွင်လည်း ထမင်းကုန်လုလုဆိုတော့ ဇွန်းနှင့်ခက်ရင်းကို ဘေးစောင်ကပ်ကာ မေမေကြီးနှင့်ဒေါ်ဒေါ်ကိုကြည့်ကာ စကားအာရုံစိုက်ပြောနေ၏။

"ပတ်ဝန်းကျင်မှာ နေထိုင်ရတယ်ဆိုတာ လွယ်လှတဲ့အရေးမဟုတ်ဘူး။ လူအိုပန်းပန်ရ၊ အိမ်အိုကျားကန်ရဆိုသလို ယောက်ျားသားများများမရှိတဲ့ ဒီအိမ်ကြီးမှာ ဂုဏ်ဆိုတော့ရှိအောင် ထိန်းသိမ်းကြရတယ်။ တစ်ခုခုပြုမယ်ဆိုရင်တောင် အဘိုး၊ အဘေးတွေရဲ့မျက်နှာကိုလည်း ထောက်ရှူရတယ်။ ဒီလိုပြောလို့ မင်းတို့ချင်းရည်ငံတာ အပြစ်ရှိတယ်လို့လည်း မဆိုလိုချင်ပါဘူး။ ဘဝဘဝကကံတွေပါခဲ့ရင်လည်း စပ်ကြဟပ်ကြမှာပဲ၊ ဒါ တားလို့ရတဲ့ကိစ္စမဟုတ်ဘူးဆိုတာ တရားသဘောနဲ့ယှဉ်ရင် သဘောပေါက်ပါတယ်"

မေမေကြီးက စကားလုံးတစ်လုံးချင်းစီတိုင်းကို ဖြည်းဖြည်းနှင့်လေးလေးနက်နက် ပြောနေသည်။ ပြီးနောက် အနားရှိဖန်ခွက်ထဲကရေတကျိုက်ကို ကောက်ခနဲမော့လိုက်သေး၏။ ပြီးမှ စကားဆက်တာက၊

"သို့ပေမဲ့လို့ တို့တွေက ကိုယ့်မြေး၊ ကိုယ့်သားမို့ ဘယ်လောက်နားလည်ပေးပေး ပတ်ဝန်းကျင်ကတော့ ပြောကြမှာပဲ၊ အပြစ်ရယ်ဆိုကြမှာပဲ။ မုန်းသော်အပြစ်၊ ချစ်သော်အကျိုးတဲ့ ... တို့တွေက လူ့ပါးစပ်ပေါက်တွေကို လိုက်ပိတ်နေလို့မရဘူး။ သိကြရင် ပြောကြမှာပဲ ... နည်းနည်းပြောတာနဲ့၊ များများပြောတာပဲကွာမယ်။ တို့များက အူတုန်အောင်ချစ်တဲ့သားမြေးဆိုတော့ လက်သည်းဆိတ်ရင် လက်ထိပ်နာတာပေါ့ ... ဖြစ်နိုင်ရင်တော့ သူများအပြောမခံစေလိုဘူး။ ဒီတော့မင်းတို့မှာ ချစ်ကြိုက်ကြတယ်ဆိုရင်လည်း တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး ကာလဒေသလိုက်ပြီး နေကြပေါ့၊ လူလူသူသူရှေ့ အပြစ်ပြောစရာမလိုအောင် နေကြကွဲ့။ တုံးအောက်ကိုလျှိုလို့သာ ပိသေတတ်တယ်၊ လူအောက်ကိုလျှိုးလို့တော့ ပိမသေနိုင်ပါဘူး။ လူတိုင်းနဲ့လည်း အဆင်ပြေအောင်နေကြ၊ ဒါပဲမှာချင်တယ်"

"ဟုတ်ကဲ့၊ ကျွန်တော်ကိုယ်တိုင်သတိထားပြီး အနေအထိုင်လည်း ဆင်ခြင်ပါ့မယ်။ ဘုန်းလျှံကိုစိတ်ချပါ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန်တော် စောင့်ရှောက်မှာပါ"

"အေးပါလေ ... ကိုယ့်လက်ခုပ်ပ်တွင်းကရေလို သွန်လိုသွန်၊ မှောက်လိုမှောက် မလုပ်လောက်ဘူးလို့တော့ တို့လည်းအကဲခတ်မိပါတယ်။ မင်းက လူသူတော်တစ်ယောက်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဟဲ ... သူဇာ ညည်းလည်းပြောဦးလေ၊ တွေတွေကြီးလုပ်နေ"

မေမေကြီးစကားထောက်တော့ လက်သုပ်ပဝါကိုင်ရင်း ငေးနေသောဒေါ်ဒေါ်က သံပတ်ပေးထားသောအရုပ်တစ်ရုပ်လို သက်ဝင်လှုပ်ရှားလာသည်။

"ဘာရယ်ညာရယ် များများစားစားပြောစရာမရှိပါဘူး။ အမေလည်း မှာသင့်သလောက် မှာပြီးပြီပဲ။ အဓိကတော့ သားလျှံလေး စိတ်ချမ်းသာဖို့အရေးကြီတာပါ၊ သူကအခုထိ ကလေးလိုဆိုးချင်တုန်းရယ်။ သင်္ကြန်ဆိုလည်း ရေဆော့ရတာကို တအားမက်တာသာကြည့်၊ ဘယ်ပွဲနေနေထိန်းရပေမဲ့ သင်္ကြန်တွင်းဆို အသောက်အစားလေးကပါ ဖက်ချင်သေးတာ။ သားကပဲ ဂရုစိုက်ပေးပါ။ လင်ရယ်မယားရယ်လို မဟုတ်ပေမဲ့ အတူနေကြတာဆိုတော့ အိမ်ထောင်တစ်ခုထောင်ကြသလိုပဲမို့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွား‌ရေး အစစအဆင်ပြေအောင် နေကြနော်။ အခုသားငယ်က သားကြီးနဲ့အတူတူ ဆေးခန်းလိုက်ထိုင်တယ်ဆို"

"ဟုတ် ကျွန်တော်နဲ့တွဲခေါ်ထားပါတယ်"

"ကောင်းပါတယ် သားရယ်။ လူ့အသက်ကိုကယ်ရတဲ့အလုပ်ဆိုတော့လည်း အတန်းပညာထက် လက်တွေ့ပညာကလည်း အရေးကြီးတာကိုး။ ဒါမှ နောက်သားငယ်လည်း စီးပွားကူရှာနိုင်မှာ။ ဒီခေတ်ကြီးကသိတယ်မလား၊ လွမ်းရေးထက် ဝမ်းရေးကလည်း တယ်ခက်တာကိုး"

"ဝမ်းရေးခက်တာတော့ အမှန်ပဲ မေမေ၊ သား ဗိုက်ဆာလာပြီ"

အားလုံး၏အကြည့်တို့က ထမင်းစားခန်းအဝင်ဝသို့။ အိပ်ချင်မူးတူးပြောဝင်လာသော တေးတေးမှာ သူဝတ်ပေးထားသည့်အင်္ကျီကို ကြယ်သီးနှစ်လုံးက ဖြုတ်ထားသေး၏။ ဆံပင်ဆိုတာလည်း ပွယောင်းယောင်း။ ညီမိုးလွင် မေမေကြီးမျက်နှာဟန်ပန်ကို တစ်ချက်လှမ်းကြည့်ချိန်မှာပဲ အသံဩရှရှကြီးက ထွက်လာခဲ့လေပြီ။

"ဟော ... အမူးသမား နိုးလာပါပြီတော်။ အဘိုင်ရေ ... ရေစိမ်ထားတဲ့ကြိမ်ယူခဲ့စမ်း"

........................

ဝင်သက်၊ ထွက်သက်လေးကို အာရုံထားမိချိန်တွင် သံပရာရနံ့လေးက သင်းပျံ့နေသည်။ မျက်လုံးတို့ကဖြင့် မဖွင့်နိုင်သေး။ သို့သော် အတပ်သိတာက မိုးစင်စင်လင်းနေလောက်ပြီ။ ဝန်းကျင်အသံလေးတွေကလည်း တစတစကြားနေရသလို ရှိပြီ။

အား ... နိုးပါပြီလို့အသိစိတ်ဝင်လိုက်မှ နာလိုက်သည့်တစ်ကိုယ်လုံးက ကြွက်သားစိုင်တွေ။ လှုပ်ပင်မလှုပ်ရသေးတာတောင် လူကရိုက်ချိုးခံထားရသလို ခပ်ယဲ့ယဲ့အနေအထားသာရှိသည်။ သူ မနေ့က တစ်နေကုန်ရေဆော့ထားတာပဲ။ နေ့ခင်းပိုင်းကနေ ညနေစောစောထိ မြို့ထဲမှာပဲ ကားပေါ်ခုန်ပေါက်ကဲသည်။ ညနေစောင်းတော့ ချောင်းဆုံမှာ ရေစိမ်ပြီးကဲသေးသည်။ သောက်လိုက်တဲ့ဘီယာကလည်း အမျိုးအစားတွေစုံလို့ ဘယ်နှဗူးမှန်းတောင် မမှတ်မိ။ နန္ဒာ့အကျန်လည်း လုသောက်သေးတာမှတ်မိသည်။

ဘီယာဆိုမှ သူ ရေဆာလိုက်တာ။ အာခေါင်တွေက ခြောက်သွေ့နေသည်။ ရေလိုချင်သည်။ သို့သော် အိပ်ရေးကမဝသလိုရှိတာမို့ ရေထယူဖို့မပြောနှင့်၊ မျက်လုံးကလေးတောင် မဖွင့်လိုက်ချင်။ သည်တော့ လည်ဇလုတ်လေးကို အပေါ်အောက်လှုပ်ရှားပြီး တံတွေးမြိုချရသည်။ မထူးပါပေ၊ အာခေါင်မှာ စိုစွတ်လာခြင်း အလျဉ်းမရှိ။ သို့သော်လည်း အိပ်ချင်သေးတာမို့ သူ့၏ထုံးစံအတိုင်းပဲ အနီးအနားကဖက်လုံး သို့မဟုတ် ခေါင်းအုံးတစ်ခုခုကို တစမ်းစမ်းရှာဖွေပြီး တစ်မှေးထပ်အိပ်ဖို့ပဲ စိတ်ကူးလိုက်၏။

သို့သော် သူရှာသည့် အရာဝတ္တုတစ်ခုခုကို မစမ်းမိ၊ ချစ်သူ၏ဝမ်းဗိုက်ကိုသာ အင်္ကျီပေါ်ကတဆင့် ထိတွေ့မိသည်။ ဟက်ခနဲရယ်သံလေးပါ ကြားလိုက်ရတော့ တေးတေးမှာ မနေသာတော့၊ ပြတင်းကအလင်းကို အံတုပြီး မျက်လုံးကလေးဖွင့်တယ်ဆိုရုံမျှ ဖွင့်ကြည့်လိုက်ရတော့၏။

"ကိုး အိပ်ဘူးလား"

ခေါင်းရင်းကိုကျောမှီပြီး ထိုင်နေသောချစ်သူကို မှုန်ဝါးဝါးလေမြင်လိုက်တော့ မျက်လုံးပြန်မှိတ်ပြီး အသံကလေးမဆိုသလောက်ထွက်ပြီး မေးလိုက်ရသည်။ အာခေါင်ကလည်းခြောက်နေတာမို့ စကားလုံးတွေတောင် အပြည့်အဝမပြောနိုင်လိုက်။ အရက်နာပဲကျတာလား၊ အပူပဲလျှပ်ပြီလားမသိ။

"နိုးနေတာကြာပြီ၊ တေးတေးနိုးအောင် စောင့်နေတာ"

"ကိုး ... ရေ ရေ"

"ဟင်"

"ရေပါဆို။ ကိုးကိုးရေလို့ခေါ်လိုက်တာနဲ့ ရေသောက်ချင်လို့ဆိုတာသိပေါ့"

"အောင်မလေး ငမူးလေးရာ၊ ဒီမှာရေလည်းအသင့်ရှိပါ့။ Hangover အတွက် သံပရာရည်အေးအေးလေးလည်း ဖျော်ထားပါ့။ နည်းနည်းလေး ထသောက်လိုက်ရုံပါပဲဗျာ"

ခပ်ရွဲ့ရွဲ့လေးပြောသံကြားမှ တေးတေးတစ်ယောက် မျက်လုံးမှိတ်လျက်နှင့် ထထိုင်လိုက်သည်။ ဒါတောင် တစ်ကိုယ်လုံးနာနေတော့ နှုတ်ကတကျွတ်ကျွတ်နှင့်။

"အား ... ချဉ်လိုက်တာ"

"ဒါပေမဲ့ လန်းတယ်မလား၊ မျက်လုံးလေးဖွင့်ပြီး ဒီဘက်လည်းလှည့်ပါဦး။ အခြေအနေကိုကြည့်ရအောင်"

မျက်လုံးကိုအားယူကြည့်ရသော တေးတေးက ခန္ဓာကိုယ်ကိုလည်း တစ်ချက်စောင်းလှည့်လိုက်သည်။ သူ့ချစ်သူ၏ကြည်ရှင်းသော အသွင်အပြင်ကို မျက်လုံးဖွင့်ဖွင့်ခြင်းတွေ့လိုက်ရတော့ နေ့တစ်နေ့၏ပထမဦးအပြုံးက နှုတ်ခမ်းထက်တွင် လာချိတ်တွယ်လေသည်။ ခဲရောင်ရှပ်အင်္ကျီကို ပုဆိုးနှင့်တွဲဖက်ဝတ်ထားပုံက မြင်ဖူးနေကျပေမဲ့ သပ်သပ်ရပ်ရပ်နှင့် လူကြီးလူကောင်းဆန်ဆန်ရှိလှတာမို့ မနေနိုင်မထိုင်နိုင် အနမ်းတစ်ချက်ပေးပစ်လိုက်သည်။

စောစောစီးစီး နှုတ်ခမ်းတွင်တံဆိပ်ရိုက်ခံရသော ကိုးကိုးကလည်း နှုတ်ခမ်းလေးကွေးလျက်။

"Happy Anniversary တေးတေး၊ ဒီနေ့ဘာနေ့လဲ မှတ်မိရဲ့လား"

"အင် ... ဟုတ်သားပဲ။ မနေ့ကညနေထိ မှတ်မိသေးတယ်၊ ဒါပေမဲ့ အဲတုန်းကစိတ်ကောက်နေလို့ ခဏမေ့ထားလိုက်တာ"

"အခုမကောက်တော့ဘူးမလား"

"ပြန်အိပ်ပြီး စဉ်းစားလိုက်ဦးမယ်"

ဤသို့ပြောပြီး ကောက်ခနဲပြန်လှဲအိပ်သွားသော ကောင်လေးကြောင့် ညီမိုးလွင်က သံပရာခွက်ကို ခုံပေါ်ပြန်ချလိုက်ရသည်။ ပြီးမှတေးတေးအနောက်ဆီမှ သိုင်းဖက်လိုက်ရင်း လက်တံတောင်ဖြင့် ခေါင်းကိုထောက်ထားရလေသည်။ ခေါင်းအုံးပေါ်ထိ သူ လှဲချလိုက်လျှင် တေးတေးမျက်နှာကိုမြင်ရမှာမဟုတ်တော့၊ ဒါ့ထက် တေးတေးပါးလေးကို သူ နမ်းလို့မှီမှာမဟုတ်လို့ဖြစ်သည်။

"ဟေး စိတ်ကောက်တာအကြောင်းပြပြီး ပြန်အိပ်လို့မရဘူးနော်။ ခုနကလူကိုလာနမ်းပြီးမှ စိတ်ကောက်ချင်ယောင်မဆောင်နဲ့တော့"

"အိပ်ချင်တယ်ဆို"

"တေးတေး ဒီဖက်လှည့်ကွာ၊ အိပ်ချင်တယ်ဆိုရင်လည်း ကိုးကိုးဖက်လှည့်အိပ်"

"....."

"တေးတေး"

"....."

"ဘုန်းလျှံမောင်"

ညီမိုးလွင် ဘယ်လောက်ခေါ်ခေါ်၊ ပုခုံးကိုင်ကာ ဘယ်လောက်နှိုးနှိုး မျက်လုံးလည်းဖွင့်မလာ၊ တစ်ဖက်လည်းလှည့်မလာချေ။ မနက်ခင်းဆို နှိုးရခက်ပြီး အအိပ်ကလည်း အတော်မက်သည့်တေးတေး။ သည်တော့ အပျော့ဆွဲ,ဆွဲကာ နားရွက်ဖျားကိုအသာကပ်ပြီး လေညင်းကလေးသွေးပေးသည်။ လက်တစ်ဖက်ကလည်း အင်္ကျီအတွင်းသားမှတဆင့် ခါးကျဉ်ကျဉ်လေးကို အသာထိတွေ့လိုက်တော့ အင့်ခနဲလှုပ်ရှားသွားလေ၏။ ခြေထောက်တစ်ဖက်ကိုပါ သိုင်းခွရင်းက နာမည်ပြောင်လေးကို အသားတိုးကပ်ခေါ်တော့၊

"သင်္ကြန်မောင်လေး..."

"အား ... ကိုးကိုး ဘာတွေလုပ်နေတာလဲ၊ ဘာတွေလာကိုင်နေတာလဲ။ အဲနာမည်ကြီးမခေါ်နဲ့တော့၊ ဒီမှာကဲတာများပြီး လူကမျော့နေပြီ"

"ဒီနေ့ အတက်နေ့ကျန်သေးတယ်လေ၊ မကဲတော့ဘူးလား ... သင်္ကြန်မောင်လေးရဲ့"

"မနက်ဖြန်ဂျူတီရှိလို့ ညကားစီးမှာဆို"

"တေးတေးသိလား။ ကိုးကိုး ခွင့်တစ်ရက်ထပ်ယူထားတယ်"

ပါးပြင်ဆီ အနမ်းတစ်ချက်ပေးရင်း သည်ညမပြန်ဖြစ်တော့သည့်အကြောင်းကို ပြောပြလိုက်သည်။ ပြန်ရတော့မည်အထင်နှင့် ပေအိပ်နေသူ၏စိတ်ဆန္ဒကို ခပ်ကြိတ်ကြိတ်လှုံ့ဆော်ပေးတော့ မျက်လုံးလေးဖွင့်ပြီး ချက်ချင်းခေါင်းလှည့်ကြည့်လာသည်။

"ဒါဆိုဒီနေ့လည်လို့ရသေးတာပေါ့။ ဖုန်း ... ဖုန်း ... ဖုန်း၊ ဒါဆိုနန္ဒာတို့ကို မနက်ကတည်းက ဝင်ခေါ်ဖို့ကြိုဆက်ထားရမယ်"

"ဟား ဟား ... ချစ်လိုက်တာ တေးပူးတူးလေးရာ"

သင်္ကြန်မောင်တစ်ယောက်ကို အလိုလိုက်အကြိုက်ဆောင်လွန်းသော ဆရာဝန်ကြီးကတော့ ရန်ကုန်ပြန်ရောက်ရောက်ချင်း နေ့နေ့ညညဂျူတီဝင်ဖို့သာ ရှိတော့သည်။ သို့သော်လည်း သူ့အတွက် သင်္ကြန်မောင်ဟုနာမည်တွင်လှသော တေးတေးလေး စိတ်အေးချမ်းသာရှိဖို့၊ တွေ့ရခဲသော မိဘဆွေမျိုး၊ သူငယ်ချင်းတွေနှင့် အတူထပ်ပျော်နိုင်ဖို့သာ ဦးစားပေးဖြစ်လိုက်သည်။

ချစ်ခြင်းမေတ္တာဆိုတာ နှုတ်အပြောနဲ့ ချစ်ပြနေရုံမဟုတ်ဘဲ တတ်စွမ်းသ၍ ပေးဆပ်နိုင်ရမည်ဟုလည်း သူမြင်သည်။ ဆူးလေးလမ်းမကြီးမှ အသွားအပြန်ရှိတာမဟုတ်၊ စစ်မှန်သည့်မေတ္တာခရီးလမ်းမှာလည်း အသွားရှိသ၍ အပြန်ရှိနေဦးမှာပါပဲ။

ညီမိုးလွင်အတွက်တော့ တေးတေးနဲ့အတူသာ လက်တွဲသွားရမည်ဆိုလျှင် လက်ကျန်ဘဝတစ်လျှောက်လုံး မေတ္တာနေ့စွဲတွေချည်း ပြည့်နှက်နေမှာ ကြိုမြင်ယောင်မိသည်။ မငြိုငြင်၊ မငြီးငွေ့သော၊ ရန်မလို၊ အငြင်းမပွားသော၊ အမုန်းမစွက်၊ အလွမ်းယှက်သော မေတ္တာနေ့ရက်တို့မှာ တစ်သက်တာပိတ်ရက်မရှိ၊ ပြည့်စုံခြင်းအတိ ပြီးပါပေလိမ့်မည်။

လက်တွဲမပြတ် ထိုကြင်ဖက်၊
မေတ္တာနေ့ရက် အိုတစ်သက်။

.

ပြီးပါပြီ။

12.7.2022 (9:39PM)

🤍.🤍.🤍.🤍.🤍

Bạn đang đọc truyện trên: Truyen3h.Co