Part - 1 (Unicode)
"Patient ဝင်တယ်ဟေ့"
အသင့်ဟပြီးသားနှုတ်ခမ်းဝသို့ ဝင်လုဆဲဆဲ ပေါင်မုန့်လုံးလေးမှာ ရှေ့ဆက်တိုးရမလို၊ ရပ်ရတော့မလို။ သူ့ခမျာ ညစာစားချိန်မရသေးလို့ အဆာပြေစားမယ်ကြံတာတောင် မအောင်မြင်ပါလား။ တံခါးဝတွင် ညိုတုတ်နှင့်အတူ မျှစားမယ်တွေးပေမဲ့ သည်ပေါင်မုန့်လုံးတွေဟာ အချစ်တော်ကောင်ကြီး၏ ညစာလုံးလုံးဖြစ်တော့မည်။
"ငါ့ကောင်ကြီး မင်းပဲအဝစားတော့ကွာ"
မျက်လုံးပေကလပ်၊ ပေကလပ်နှင့်ကြည့်နေသော ညိုတုတ်က သူ့စကားနားမလည်လောက်ပေ။ သို့သော် ပေါင်မုန့်လုံးတွေဆီကနေတော့ အကြည့်မခွာ။ ဒါမို့ ပြောင်နေသည့်တမံသလင်းပြင်ကို ဖုန်ကင်းအောင်တဖူးဖူးမှုတ်ပြီး ချကျွေးလိုက်သည်။ သည်ကောင်ကြီး မြိန်ရေရှက်ရေ စားနေလိုက်သည့်အဖြစ်။
"ဘုန်းလျှံမောင် လာဟ၊ မမစောင့်နေပြီ"
တင်နီလာဝင်း၏ ခပ်စူးစူးအသံပါပေ။ တင်နီလာဝင်းနှင့် မိုးယုတို့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဘုန်းလျှံနှင့်အတူ အလုပ်သင်ဆရာဝန်ဆင်းကြသည့် ဘဝတူသူငယ်ချင်းတွေ ဖြစ်သည်။ ပထမဆုံးသုံးလ Posting ကျကာစမို့ သူတို့ခမျာ အမြဲပျာယီးပျာယာနှင့်။ စာတွေသာငါးနှစ်လုံးလုံး အလူးအလဲကျက်လာခဲ့တာ၊ လက်တွေ့ဆိုလျှင် မှားမှာကြောက်သည့်စိတ်နှင့် သူတို့အားလုံး လက်မရဲကြသေးပေ။ Medical Emergency (ME) ဆိုသော အရေးပေါ်ဌာနကလည်း နာမည်နှင့်လိုက်အောင် အမြဲအရေးပေါ်နေတော့တာမလား။
"ဘာ case တဲ့လဲ"
"အရက်မူးပြီး မိန်းမနဲ့ရန်ဖြစ်တာ၊ ဟိုက အရက်ပုလင်းနဲ့ ခေါင်းရိုက်ချလိုက်လို့တဲ့"
အားလားလား ... တင်နီလာဝင်းပြေးသည့်နောက် အမှီလိုက်ရင်း အမူးသမားလူနာအစား ဘုန်းလျှံ ခေါင်းကြိမ်းသွားသည်။
နားနေခန်းဖက်မှ အရေးပေါ်အဆောင်ရောက်တော့ Patient တင်ထားသည့်ကုတင်နားက လူတစ်စု။ ဘုန်းလျှံမောင် ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရသည်က SAS (Senior Assistant Surgeon) မမသက်ထားပင်။ ပုံမှန်ဆို AS (Assistant Surgeon) တွေသာ လူနာကိုင်တာဖြစ်သော်လည်း တစ်နေကုန်လူနာတွေ တဖွဲဖွဲမို့ SAS မမကိုယ်တိုင် ရောက်နေသည်။
ဘုန်းလျှံမောင်တို့လို အငယ်တွေ ထိတ်ထိတ်ပျာပျာပါပဲ။ မမဘေးက မိုးယုနှင့် သူနာပြုဆရာမလေးလည်း ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေပုံရသည်။ လူနာရှင်တောင် ပါရဲ့လားမသိ။ ကုတင်ပေါ်က သွေးစက်လက်ကျနေသော Patient ကတော့ ဝူးဝူးဝါးဝါးတွေ ထိုင်အော်နေတာ ငုတ်တုတ်ကြီး။
"ဘုန်းလျှံမောင် မမ Patient ကိုင်ဖို့လာထိန်းပေးဦး"
မိုးယုက သူတို့ရောက်လျှင်ရောက်ချင်း မျက်နှာရိပ်၊ မျက်နှာကဲပြပြီး ပြောသည်။ အကြောင်းက အရက်သမားကြီးမှာ အနံ့အသက်မကောင်းသည့်အပြင် အဝတ်အစားကလည်း ပုဆိုးတောင်မမြဲချင်တော့တာကိုး။ SAS မမလာကူပေးမှပဲ မူးရူးအော်ဆဲနေသည့် လူနာနှင့်ကြုံဆုံရတယ်လို့။ သည်တော့လည်း တစ်ဦးတည်းသောယောက်ျားသားဖြစ်သည့် သူကပင် စကိုင်ရမည်ဖြစ်သည်။
"ငါရှာကျွေးလို့စားရတုန်းက တစ်ခွန်းမဟဘူး။ ခွေးလိုမိန်းမ!"
"နီလာ ... ဘုန်းလျှံကိုင်နေတုန်း ဒဏ်ရာဆေးဖို့ပြင်ထား"
မူးမူးနှင့်ဆဲဆိုနေသံကြားက မမသက်ထားမှာ တစ်ယောက်ချင်း ညွှန်ကြားနေသည်။ ဘုန်းလျှံလည်း ပုဆိုးမြဲအောင် အရင်ဆုံးတင်းတင်းချည်ပေးလိုက်ရ၏။ ဒါတောင် ဆရာသမားက ရုန်းကန်နေတော့ သူ့အားလေးနှင့်မနိုင်လှ။ ဘေးကလည်း မိန်းမသားတွေချည်းမို့ အကူအညီတောင်းလည်း မဖြစ်ပါပေ။
"ဆရာမ သူ့ကိုဘယ်သူလာပို့တာလဲ။ လူနာရှင်မပါဘူးလား"
"သူ့အစ်မဆိုလား Taxi သမားနဲ့တွဲပြီးလာပို့တာ၊ အခုဘယ်ရောက်သွားလဲမသိဘူး"
သူနာပြုဆရာမလေးကလည်း ကြောက်ကြောက်နှင့် မလည်မဝယ်ရယ်ပါ။
"ဘုန်းလျှံ ... ဒဏ်ရာဆေးပြီးချုပ်ဖို့ အရင်ဆုံးအဲနားတစ်ဝိုက်က ဆံပင်တွေညှပ်ထား"
ကုတင်တစ်ဖက်ခြမ်းရှိမမက Dressing Trolly ပေါ်မှ ပစ္စည်းပစ္စယတွေ ပြင်ဆင်ရင်း ညွှန်ကြားသည်။ သူနာပြုဆရာမလေးကတော့ သူ့လက်ထဲ ကတ်ကြေးတစ်ချောင်း လာထည့်လေ၏။ ဘုန်းလျှံ ခပ်သွက်သွက်ပဲ သွေးစိုနေသည့်နေရာနား ညှပ်ဟန်ပြုတော့ အမူးသမားကြီးက မျက်ခွံလှန်ကာ မော့ကြည့်လာသည်။
"မင်းကဘာကောင်မို့ ငါ့ခေါင်းကို ကတ်ကြေးနဲ့ထိုးချင်တာလဲ"
အသံနှင့်အတူ လက်ကိုဖမ်းဆုပ်ပြီး ချက်ချင်းဆိုသလို ဆောင့်ကန်ခံရလိုက်ရတာ ဘုန်းလျှံမောင်ပါပေ။ ဘုမသိဘမသိနှင့် လျှပ်တပြတ်အတွင်း ကုတင်အစွန်းကျော်ကာ ဖင်ထိုင်လျက်လဲကျရသည့်အဖြစ်။
လည်ပင်းကြိုးဆွဲနှင့် သူ့မျက်မှန်ခဲရောင်လေးပင် ရင်ဘတ်ဆီ လာရိုက်ခတ်သည်။ တစ်ခန်းလုံးလည်း ရုတ်ရုတ်ပျာပျာနှင့်။ အော်သံတွေဆူညံသွားကာ အမူးသမားပဲထိန်းရမလို၊ လဲကျသွားသူကိုပဲ ထူရမလို။ အဆိုးဆုံးက အမူးသမားလက်ထဲ ကတ်ကြေးရောက်သွားတာမို့ မမကအစ သူနာပြုဆရာမအဆုံး ဘယ်သူမှအနားမကပ်ရဲတော့။
"ခွေးလိုဟောင်တဲ့မိန်းမက တစ်မျိုး၊ ဆရာဝန်တွေက တစ်မျိုး"
ကတ်ကြေးကိုင်ကာ ဆဲဆိုနေတော့ ကုတင်ပေါ်က ထမလာခင် ပြန်ထိန်းထားရမည်ဖြစ်သည်။ ဒါမို့ဘုန်းလျှံ ချက်ချင်းကောက်ထပြီး ကတ်ကြေးပြန်ယူမယ်အလုပ် ... ဆွဲခံလိုက်ရသော လက်ဖဝါးတစ်ဖက်။ အလျင်အမြန်ပေမဲ့ သူ့လက်သွယ်သွယ်တို့ နူးညံ့ခြင်းကို ခံစားလိုက်ရသည်။
"ဖယ်နေ"
ဂျူတီကုတ်အဖြူနှင့် ကျောပြင်ကျယ်ကြီးက သူ့ရှေ့ကနေ ကာဆီးသွားသည်။ ကတ်ကြေးနှင့် အထိုးခံရမှာစိုး၍ ကြောက်လန့်နေသော ဘုန်းလျှံအတွက် ထိုဆရာဝန်ဟာ ကယ်တင်ရှင်အလား။
"သတိထားနော် ညီမိုးလွင်"
လူနာကုတင်တစ်ဖက်ခြမ်းက မမ၏သတိပေးသံပင်။ ထိုဆရာဝန်ကတော့ လူနာဆီ ဖြည်းဖြည်းချင်း ကပ်သွားလေ၏။
"ကျွန်တော်တို့ ဆံပင်မညှပ်တော့ဘူး၊ ဒီတိုင်းပဲ ရအောင်ချုပ်ပေးမယ်။ ကတ်ကြေးပြန်ပေး"
အေးစက်မာကြောသော အသံကြောင့်ပဲလား၊ ခုနက သောင်းကျန်းနေသော အရက်သမားလူနာက တစ်ချက်မော့ကြည့်ပြီး ကတ်ကြေးကို ကောက်ခနဲပေးလိုက်သည်။ ပြီးတော့မှ ကုတင်အနောက်ကိုမှီကာ မျက်လုံးမှိတ်သွားသည်။ မမှိတ်လို့လည်းမရ၊ သွေးတွေတစ်စက်စက်စီးကျနေတာ သူ့မျက်နှာတစ်ဝိုက်လည်း ရစရာမရှိတော့ပေ။
"ဘာလုပ်နေလဲ၊ ဒီဖက်မှာ သွေးတွေအရင်လာသုတ်လေ"
"ဘုန်းလျှံ လာ ... မမနေရာဝင်"
စီနီယာနှစ်ယောက်၏ ရှေ့ဆင့်နောက်ဆင့် ညွှန်ကြားသံတွေက လျင်မြန်လွန်းသည်။ အနည်းငယ်ကြောင်နေသော ဘုန်းလျှံမောင်ကတော့ ထိုဆရာဝန်ကို ငေးကြည့်နေမိ၏။
သည်လူ ... လွန်ခဲ့တဲ့ငါးနှစ် ... သူ ပထမနှစ်ဆေးကျောင်းသားဘဝတုန်းက ဆုံခဲ့ဖူးသူမလား။ နာမည်ကို မမခေါ်တော့မမှတ်မိ။ အရပ်ရှည်ရှည်နှင့် စကားပြန်လှည့်ပြောလို့ မျက်နှာမြင်ရမှသာ ဆုံဖူးမှန်းသိတော့သည်။
သည်လိုနှင့် အတွေးစတွေအမြန်ဖြတ်ပြီး ဝင်ကူရသည်။ မမအပါအဝင် ကျန်သူများကဘေးတွင် ကူရုံသာကြည့်နေကြပြီး ထိုဆရာဝန်နှင့် သူကသာလူနာကိုင်လိုက်ရသည်။ ပြဿနာထပ်ရှာမှာ ကြောက်ရသည်မလား။
သို့ပေမဲ့ အားလုံးချောချောမွေ့မွေ့ ပြီးစီးသွားပါ၏။ ထိုဆရာဝန်ကိုတော့ မမကကျေးဇူးတင်စကား ပြောနေလေရဲ့။ တစ်ချက်တစ်ချက် ကြားသံတွေအရ ထိုဆရာဝန်က မမရဲ့ဂျူနီယာဖြစ်ပုံပေါ်သည်။ ရယ်ပြုံးပြီးပြောနေပုံက သူတို့ခေါ်သလို 'မမ' ခေါ်သံတဖွဖွနှင့် ပြုံးရယ်လို့ပါပဲ။
"ဟို ... ဆရာ"
လမ်းကြုံဝင်ကူညီပေးသည့် ထိုဆရာဝန်က သူ့ကိစ္စပြီးပြီမို့ ပြန်တော့မည်အပြု ဘုန်းလျှံမောင်က အခန်းရှေ့ထိ လိုက်သွားခေါ်မိခြင်း။
"အင်း"
"ကျွန်တော့်ကို မှတ်မိလားဆရာ။ ဟိုးငါးနှစ်လောက်တုန်းက ဆရာတို့တိုက်အောက်မှာလေ..."
မျက်မှောင်ကြုတ်သွားသောဆရာက တွေးတောနေတာများလား။ မမှတ်မိဘူးများလား။ ဘုန်းလျှံမောင် ထပ်ရှင်းပြဖို့ ကြိုးစားသည်။
"ဆရာတို့တိုက်မှာ ကျွန်တော့်အစ်ကိုဝမ်းကွဲ ကိုအေးချမ်းမောင်ရှိလား လာရှာတာလေ။ ထိုင်း-ဗမာကပြားဆိုတော့ ဆရာက Ice ဆိုတဲ့နာမည်ပဲသိတာမလား"
"ဪ..."
ဪ...တဲ့လား။ သူ့ကိုမှတ်မိသွားပုံရပေမဲ့ ဆရာက သိပ်မထူးဆန်းသလို စကားတစ်လုံးသာထွက်လာသည်။ လွန်ခဲ့တဲ့ငါးနှစ်တုန်းကလို အကြည့်တွေပါပဲ။ သိပ်တော့မသေချာပါလေ။ ထိုစဉ်တုန်းက ရန်ကုန်ရောက်စ သီပေါသားလေးမှာ အစ်ကိုပျောက်ရှာရင်း ဆရာနှင့်စတွေ့သည်။
ဂွကျခဲ့လိုက်ပုံများ သူသိတဲ့နာမည်က အေးချမ်းမောင်။ ဆရာသိတဲ့နာမည်က Ice။ နောက်မှ နာမည်နှစ်လုံး၏ပိုင်ရှင် အစ်ကိုရောက်လာလို့ သူတို့နှစ်ဦးကို မိတ်ဆက်ပေးလိုက်ရသည့်အဖြစ်။
"ကျွန်တော့်ကို ကူညီပေးတာ ကျေးဇူးပါဆရာ"
"အင်း ... House ဆင်းနေရပြီပေါ့"
"တစ်လလောက်ရှိပါပြီ ဆရာ"
ဘာမှပြန်မပြောသေး၊ ခေါင်းတဆတ်ဆတ်သာ ညိတ်နေသည်။ ဆရာ ဘယ်ဌာနကလဲလို့ သူ မေးလိုက်လျှင် ကောင်းမည်လားမသိ။ ပုဂ္ဂိုလ်ရေးမေးခွန်းမှ မဟုတ်ပါဘဲလေ၊ မေးလို့ဖြစ်လောက်မည်ထင်သည်။
"ဆရာ ဘယ်..."
"ဟေး ညီမိုးလွင်"
"ဪ ကိုဟိန်းခန့်"
ရုတ်တရက် လှမ်းခေါ်လိုက်သော နောက်ဆရာဝန်တစ်ယောက်ကြောင့် ဘုန်းလျှံမောင်အသံ တိတ်ကျသွားသည်။
"လဲလိုက်ဦး"
"ခင်ဗျာ"
"Suit လဲလိုက်ဦး"
ဝမ်းဗိုက်အထက်နားကို လက်ညှိုးထိုးပြပြီး ချက်ချင်းဆိုသလို လှည့်ထွက်သွားသည်။ ခုနကဆရာဝန်နှင့်လည်း စကားတပြောပြော။ ဘုန်းလျှံမောင် သူ့ကိုယ်သူငုံကြည့်တော့ အပြာရောင် Scrub suit အလယ်နားတွင် အရက်သမားလူနာကန်ထားသည့် ခြေရာအမည်းကွက်ကြီးက ထင်းလင်းလို့။ ဟာခနဲ အသံတစ်ချက်ထွက်မိပြီး ညည်းညူမိသွား၏။
လဲစရာလည်း အပိုမယူလာမိသလို တခြားဆရာလှမ်းခေါ်တာကြောင့် ဆရာ ဘယ်ဌာနကလဲဆိုတာလည်း မမေးလိုက်ရ။ သို့ပေမဲ့ သူများခေါ်သံကြားလို့ နာမည်တော့ ပြန်မှတ်မိသွားပါပြီ။
'ဒေါက်တာညီမိုးလွင်' တဲ့။
.....................
"ဒီနေ့တော့ အတော်ပြိုင်းနေပြီ အစ်ကိုရေ"
"ရော့ ... ဒါလေးစား၊ အားရှိ"
"နီလာရယ် ... အဲဆရာက Surgical ward (ခွဲစိတ်ကုသဆောင်) ကဆိုပဲ။ မမသက်ထားလို SAS တဲ့။ ဒါပေမဲ့ မမက M.Sc. စောပြီးထားလို့ စီနီယာလိုဖြစ်နေတာတဲ့။ ဒါမို့ကူညီသွားတာ"
House အခန်းထဲက အသံဗလံတွေပဲ ဖြစ်သည်။ စီနီယာအကြီးတွေက House Surgeon အငယ်တွေ၏ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် ပထမဆုံးသုံးလ Posting ပြီးသွားတာမို့ ညစာဘူဖေးကျွေးကြတာဖြစ်သည်။ နောက်တစ်ဌာနသို့ မပြောင်းရွှေ့ခင် နှုတ်ဆက်ပွဲဟူ၍လည်းမမှား။ ဒါမို့ ဆေးကြောနေကြသည့် ဇွန်းသံ၊ ပန်းကန်သံတွေလည်း စုံလင်သလို စကားသံတွေကလည်း တစ်ယောက်တစ်ပေါက်နှင့်။
ဒါပေသိ ဘုန်းလျှံမောင်နားကတဆင့် အာရုံဆီဝင်ရောက်လာသည်က မိုးယုပြောလိုက်သည့် 'အဲဆရာက မမသက်ထားလို SAS ပဲ၊ ဒါမို့ကူညီသွားတာ' ဆိုသည့် အကြောင်းအရာတွေပင်။ ဒါ ဟိုတစ်နေ့က တွေ့လိုက်သည့်ဆရာညီမိုးလွင်ကို ညွှန်းနေကြခြင်းများလား။
"ဘယ်သူလဲ"
"ဘာကိုလဲ အဆုံးအစမရှိ"
တင်နီလာဝင်းက သူ့ကိုပိတ်ဟောက်လိုက်တာဖြစ်သည်။ သိပ်နိုင်ချင်သည့် သူငယ်ချင်းမ။
"ခုနကဆရာဆိုတာလေ"
"ဟိုနေ့က နင့်ကိုကယ်ပေးသွားတဲ့ ဆရာဟေး။ ဘာလဲ ... စိတ်ဝင်စားနေပြီလား"
ဘုန်းလျှံမောင် ဘာလဲ၊ ဘယ်လိုလူမျိုးလဲဆိုတာ သိနေပြီးဖြစ်သော Fujoshi သူငယ်ချင်းမနှစ်ယောက်က သူ့ကိုငဲ့ကြည့်နေတာ ပြုံးစိစိ။
"ဟဲ့ ... နင်နဲ့အဲဆရာဆို လိုက်တယ်နော် ဟိ"
"လျှောက်ပေးစားမနေနဲ့။ ငါ့ဟာငါတွေ့ဖူးလို့ မေးကြည့်တာ"
ကြိုးတပ်မျက်မှန်ခဲရောင်လေးကို ပင့်တင်ရင်း ဘုန်းလျှံမောင် ရှက်ရှက်နှင့် မုန့်ထုပ်တွေရွေးနေလိုက်သည်။ ဘူဖေးစားခါနီးပေမဲ့ ဆေးကုမ္ပဏီတွေက ပို့ပေးထားသည့် မုန့်တွေဆိုတာ Snack bank ထဲမှာ အလျှံအပယ်မလား။ ဒါမို့ ညိုတုတ်နှင့်မျှစားရန် ပေါင်မုန့်လုံးတချို့ကို သူ လှန်လှောရွေးနေလိုက်သည်။ ဘေးကနှစ်ယောက် စနောက်နေတာတွေကိုတော့ ဂရုမစိုက်ဟန် ပြုနေလိုက်၏။
"ဆေးကုမ္ပဏီက အစ်မကြီးတွေကလည်း ဘုန်းလျှံမောင်များ ကြိုက်နေသလား အောက်မေ့ရတယ်။ ပေါင်မုန့်လုံးတွေဆိုတာ မနည်းဘူး"
"အေး ... ငပိုးတို့ ward ဆို ပေါင်မုန့်လုံးပို့မပေးဘူးတဲ့"
"Uke လေးကိုချစ်မိတဲ့မမတော့ ရှတော့မှာပဲ"
"တိုးတိုးနေကြစမ်း"
ဘုန်းလျှံမောင် အကြီးတွေမကြားအောင် တိုးတိုးဆူလိုက်သည်။ သူတို့အချင်းချင်းသိပေမဲ့ ဆေးရုံကလူတွေကိုတော့ သိုဝှက်ထားချင်သေးတာမို့။
"အေးလေနော်၊ တို့ဘုန်းလျှံလေးက ဟိုကိုကိုပဲချစ်မဲ့ဟာကို"
ပြောလေဆိုးလေ သူငယ်ချင်းမတွေအား မနိုင်တော့တာမို့ အကြီးတွေနှင့်သာ သွားရောထိုင်နှင့်လိုက်သည်။ တစ်ခါတွေ့ဖူးတာတောင် အရယ်အပြုံးမရှိတဲ့ဆရာကို ဘယ်လိုတောင်စနေကြလည်းမသိ။ သို့ပေမဲ့ သူတို့နောက်ထပ်သုံးလဆင်းရမည့် Posting က Surgical ward ဆိုတာပြန်သတိရမိတော့ ရင်တွေခုန်ချင်လာသလိုလို။
ဆရာသာ အဲဒီဌာနကဆို နေတိုင်းနီးပါး တွေ့ရဦးမှာပေါ့။
......................
တိမ်ပြာပြာကောင်းကင်အောက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံအဆောက်အဦးကြီးက ဆေးနီရောင် ထင်းထင်းလင်းလင်းဖြင့် ထည်ဝါစွာတည်ရှိနေသည်။ သူ တာဝန်ကျရာအဆောင်ကြီးမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ် လှမ်းကြည့်လျှင်ဖြင့် မနက်ခင်းကတည်းက ကားတွေအသွယ်သွယ် ရှုပ်ရှပ်ခတ်နေတတ်လေပြီ။
ဧပြီလဆန်းမို့ နွေခေါင်ခေါင်လည်း ရောက်လေပြီ။ ဒါမို့ မနက်ခင်းခြောက်နာရီမထိုးသေးတာတောင် ကောင်းကင်အရောင်ကတော့ တောက်နေလေ၏။ မကြာခင် နေလည်းထွက်လာတော့မည်။ သူတို့တာဝန်ကျ အလုပ်သင်ဆရာဝန်လေးတွေလည်း တစ်နေ့တာအလုပ် စရတော့မည်ဖြစ်၏။
အမြဲတတွဲတွဲဖြစ်သော ဘုန်းလျှံမောင်၊ တင်နီလာဝင်းနှင့် မိုးယုတို့သုံးဦးသား ဒုတိယကျသည့်ဌာနက Surgical ward-1 တွင်ဖြစ်၏။ တစ်နည်းပြောရလျှင် ဒေါက်တာညီမိုးလွင်၏ အဖွဲ့ထဲတွင် တာဝန်ကျတာဖြစ်သည်။ မနေ့ကမှ တာဝန်စကျတာမို့ ဆရာနှင့်တောင် မတွေ့ရသေး။ နားရက်ဝင်နေတာဟု သိရသည်။
"ဘုန်းလျှံ သွားမယ်လေ၊ နောက်ကျနေမယ်"
လေသာဆောင်တွင် ရပ်နေသောသူ့အား အပြာရောင် Scrub suit လေးတွေနှင့် တက်ကြွနေကြသော သူငယ်ချင်းမနှစ်ယောက်က ခေါ်တော့တာပေါ့။ သူတို့အဖို့ မနက်ခြောက်နာရီဆိုတာနှင့် နှစ်ယောက်က Injection ထိုးရပြီး ဆရာမကြီး တင်နီလာဝင်းကတော့ Report လိုက်ရေးသည်။ တစ်ခါတလေလည်း ဖလှယ်လုပ်ကြတာပင်။
ပြီးလျှင်တော့ အောက်ဆီဂျင်တိုင်းကိရိယာ၊ ဆေးထိုးပြွန်၊ စက္ကူတိပ်၊ အပ်၊ အိတ်ဆောင်ကတ်ကြေးကအစ ကိုယ်စီပစ္စည်းအစုံဆောင်ပြီး ဆရာဝန်ကြီးတွေနှင့် မနက်ခင်း Round လိုက်ဖို့ပြင်ဆင်ရ၏။ တချို့ Ward တွေမှာ သူတို့လိုအငယ်တွေ Round မလိုက်ရပေမဲ့ သည်ဌာနကတော့ မရဘူးတဲ့လေ။ ဒါမို့သုံးယောက်သား သေချာစီစဉ်ထားသော်လည်း ဘာတွေပျာယာခတ်နိုင်သည်မသိတာမို့ စိတ်လှုပ်ရှားမှုတော့အပြည့်။
ခဏအကြာတွင် SAS ဒေါက်တာညီမိုးလွင် ဦးဆောင်သောဆရာဝန်အဖွဲ့နောက် ဘုန်းလျှံမောင်တို့ အငယ်လေးသုံးယောက် နောက်ကကောက်ကောက်ပါအောင် လိုက်ရတော့၏။
ထူးခြားတာက ဆရာပင်။ ဘုန်းလျှံမောင် သည်လောက်အကောင်းမွန်ဆုံး ရယ်ပြပေမဲ့ အနည်းငယ်တောင် မပြုံးပြ။ တလောကပဲ မိတ်ဆက်ပြီးပြီဖြစ်လို့ ကိုကြီးရဲ့ညီဆိုတာလည်း သိပြီးဖြစ်သည်။ သို့သော် မျက်နှာနည်းနည်းမှမရ။ ဒါနဲ့များ လွန်ခဲ့တဲ့ငါးနှစ် ကိုကြီးအပ်ပေးတုန်းကတော့ 'အစ်ကိုဖြစ်သူလို ဟင်းပေါင်းအိုးမငှားရင် ကြိုက်တာမေးပါဗျာ' တဲ့လေ။ ထိုစဉ်တုန်းကတော့ ခပ်ပြုံးပြုံးပါပဲ။
"Cannula ဘယ်သူဖောက်မှာလဲ"
ဆရာ လူနာလှည့်စစ်နေတာကို နောက်နားကကပ်ကာ ငေးနေသော ဘုန်းလျှံမောင်အဖို့ လန့်ဖျတ်သွား၏။ ဆရာ့လက်အောက်တွင် PG (M.Sc. ရပြီးစဆရာဝန်) နှင့် ရိုးရိုး AS ဆရာဝန်နှစ်ယောက်ရှိသော်လည်း သူတို့အငယ်သုံးယောက်ကို တည့်တည့်ကြီး ကြည့်မေးလာတာဖြစ်သည်။
"ကျွန်တော် ... ကျွန်တော် လုပ်လိုက်မယ်"
"ငါ့ Ward မှာ အလုပ်သင်ဆင်းမယ်ဆို ပါးနပ်နေမှရမယ်။ သင်ယူတတ်မှရမယ်။ အကြီးတွေကို အားမကိုးနဲ့၊ ကိုယ်တိုင်လုပ်ကြည့်မှတတ်မှာ"
"ဟုတ်ကဲ့ ဆရာ"
မိန်းကလေးနှစ်ယောက် အသံထွက်လာတာ ပျာပျာယာယာ။ ဘုန်းလျှံမောင်ကတော့ လူနာဘေးရောက်နေပြီဖြစ်သည်။
"မင်းတို့သုံးယောက်ရှိတယ်ဆို Round လိုက်ရင် တစ်ယောက်က သွေးဖောက်သင့်တန်ဖောက်၊ လဲသင့်တန်လဲ။ နောက်တစ်ယောက်က Changes တွေ မလွတ်အောင်လိုက်မှတ်။ လိုအပ်တဲ့ဆေးတွေပြောရင် နောက်ဆုံးတစ်ယောက်က လိုက်ရေး၊ လူနာရှင်ကိုပြန်ရှင်းပြပြီး ဝယ်ခိုင်း။ ဒါမှ Round ပြီးတာနဲ့ မင်းတို့ပါ အကုန်ပြီးပြီးသားဖြစ်မှာ"
ခပ်တည်တည်ပြောသော ဆရာ့ကို သူတို့သုံးယောက်နှင့်အတူ လူနာအန်တီကြီးကပါ အငေးသား။ အနောက်ကလိုက်သည့် PG နှင့် AS အစ်ကို၊ အစ်မတွေကတော့ မထူးဆန်းသည့်ပုံစံနှင့် မျက်ခုံးပင့်ကာ သူတို့ကိုကြည့်နေတော့၏။
ဆရာအဖွဲ့ထဲလိုက်ရတာ တကယ်မလွယ်လေမှန်း ဘုန်းလျှံမောင်တစ်ယောက် စသိလိုက်လေပြီ။
......................
ခွဲစိတ်ကုသဆောင်တွင် တာဝန်ကျသောသူ့အဖို့ တစ်ပတ်လျှင်တစ်ရက် Surgical observation အနေဖြင့် ခွဲစိတ်ခန်းအတွင်း ဝင်လေ့လာခွင့်ရသည်။ သူတို့အငယ်တွေ ဘာမှဝင်မလုပ်ရသည့်တိုင် ပင်ပန်းတာကတော့ မလျော့ပါးပေ။ ညဆယ့်နှစ်နာရီအတိမှ ခွဲခန်းစဖွင့်ပြီး အကြီးတွေကအဖွဲ့လိုက် ဝင်ခွဲကြသလို၊ သူတို့အငယ်တွေလည်း ဝင်လေ့လာရသည်။
ပထမဆုံး လေ့လာခွင့်ရသည့်ညတွင်တော့ ဘုန်းလျှံမောင်တစ်ယောက်တည်း၊ သူငယ်ချင်းမတွေ မပါခဲ့။ လူကတစ်နေကုန်လည်း ဂျူတီကျ၊ ညလည်း ခွဲစိတ်တာကြည့်ချင်တော့ မစခင်ဆယ်နာရီကတည်းက ကော်ဖီနှစ်ခွက် ကြိုသောက်ထားလိုက်၏။ ဆရာညီမိုးလွင်နောက် လိုက်ရမှာဖြစ်၍ ရှိန်နေရတယ်မလား။
သိုပေမဲ့ တစ်ညလုံးခွဲလိုက်ကြ၊ ထွက်လိုက်ကြနှင့် စိတ်ပမ်းသလို၊ လူလည်းပမ်းလှပြီ။ မနက်လေးနာရီကျော်ချိန်တွင်တော့ ဘုန်းလျှံမောင်တစ်ယောက် ပြိုင်းနေတော့တာပါပဲ။ တတိယမြောက် အူအတက်ပေါက်သည့်လူနာကို ဆရာကခွဲနေတာဖြစ်၍ သူ့ခမျာ ကြိုးတပ်မျက်မှန်ကိုင်းလေး အခါခါပင့်ရင်း အာရုံစိုက်ကြည့်နေရ၏။
ဆရာကမူ ပင်ပန်းတယ်၊ အိပ်ငိုက်တယ်လည်း မထင်ရ။ အဖြူရောင်မီးဆိုင်းကြီးအောက်တွင် ခေါင်းစွပ်၊ နှာခေါင်းစည်းအစိမ်းရောင်တို့ဖြင့် သွက်လက်၊ ဖျတ်လက်နေဆဲ။ နှုတ်ကလည်း သင်ပြစရာရှိတာတွေ ပြောဆိုနေသေး၏။ သို့ပေမဲ့ ဧပြီလ၏ညအပူချိန်ကတော့ ဆရာ့ထံသက်ရောက်နေဆဲ ဖြစ်လောက်မည်။ ချွေးစို့နေသော နဖူးပြင်၊ လည်ပင်သားတို့က မီးရောင်အောက်တွင် အဝင်းသား။
မနက်လင်းလုလု ငါးနာရီမှသာ သူတို့အဖွဲ့ ခွဲစိတ်စရာတွေ ပြီးဆုံးသွားလေပြီ။ ဒါမို့ ဘုန်းလျှံမောင်လည်း အဝတ်အစားလဲပြီး တိုက်ခန်းဆီပြန်ဖို့ ပြင်ရတော့၏။ ဂျူတီချိန်ပြီးမနားဘဲ OT (Operation Theatre) ပထမဆုံးဝင်ဖူးတာဖြစ်၍ လူကနွမ်းလျနေသည်။ ဒါမို့လည်း တိုက်ခန်းဆီ လွယ်အိတ်တစ်လုံးနှင့် လမ်းလျှောက်ပြန်တော့ လူကချိနဲ့နဲ့။
'မလွယ်ဘူး မေမေကြီးရေ'
လည်ဂုတ်ကို တစ်ဖက်တစ်ချက်စီ လှည့်ချိုးရင်း တီးတိုးအော်မိတော့သည်။
မြို့မကျောင်းလမ်းတစ်လျှောက် လမ်းမီးတိုင်တွေ ထွန်းလင်းဆဲဖြစ်သည်။ မနက်ခင်းအလင်းရောင်လည်း ပျိုးစဆိုတော့ စပ်ကူးမတ်ကူး အချိန်ပင်။ ကားတွေလည်း တဝီဝီသွားလာနေကြပြီ။ ထိုအခိုက် အနောက်မှ တတီတီလုပ်နေသောကားကြောင့် ဘုန်းလျှံမောင် လှည့်ကြည့်လိုက်ရ၏။ အနီရောင် Belta ကားလေးက သူ့အနားရောက်မှ ရပ်သွားသည်။ ငုံကြည့်လေတော့ မထင်မှတ်ထားစွာ ဆရာဖြစ်နေတာပါပဲ။
"တက်"
"ခင်ဗျာ ... ဟုတ်"
ငြင်းသင့်သလားမသိပေမဲ့ အံ့ဩစိတ်နှင့်အတူ တက်ချင်စိတ်ကများတာမို့ တန်းထွက်မိတာ 'ဟုတ်' ခနဲ။
"ဘယ်ပြန်မှာလဲ"
"ဒီမြို့မကျောင်းလမ်းပေါ်ပဲ ဆရာ"
"ဪ"
ကားဘီးလေးက တလှိမ့်လှိမ့်စရွေ့နေလေပြီ။ ဆရာက 'ဪ' ဟူဆိုကာ ဘာမှထပ်မပြောသေးပြန်။ ဘုန်းလျှံမောင်ကဖြင့် ဘာလို့ကားပေါ်တင်ခေါ်သလဲဆိုတာ သိချင်လှပြီဖြစ်သည်။
"၂၄နာရီဂျူတီကျထားတာလား"
"ဟုတ်ကဲ့ ဆရာ"
"နောက်တစ်ခါ OT (Operation Theatre) ညလုံးပေါက်ဝင်မယ်စိတ်ကူးရင် ကြိုနားထား"
"ဟုတ် ဆရာ၊ မှတ်ထားပါ့မယ်"
ခွဲခန်းထဲမှာ နှာခေါင်းစည်းတပ်ထားရပေမဲ့ သူ တဝါးဝါးသမ်းမိတာကို ဆရာများ တွေ့မိလို့်လားမသိ။ ကားပေါ်တကူးတကတင်ခေါ်ပြီးတောင် ငေါက်နေသည်။
"မုန့်ဟင်းခါးစားမလား"
"ဗျာ ... ဟုတ်၊ စားမယ်ဆရာ"
"တစ်ခွန်းပြော တစ်ခါဆရာခေါ်နေတာ မမောဘူးလား"
"အဲလိုလည်းမဟုတ်ပါဘူး ဆရာ"
"ကြည့်!"
အနည်းငယ် ပြုံးလိုက်ကြမိသော သူတို့နှစ်ဦးစလုံး မုန့်ဟင်းခါးဆိုင်ရောက်သည်ထိ စကားတပြောပြောနှင့်။ ဆရာပြုံးတာကို ပထမဆုံးမြင်ဖူးတာ ဖြစ်သလို၊ ရင်းရင်းနှီးနှီး စကားပြောဖူးတာလည်း ပထမဆုံးအကြိမ်ဖြစ်သည်။ မုန့်ဟင်းခါးဆိုင်ရောက်တော့ ဆိုင်ခန်းလေးတွင် လူသိပ်မရှိသေး။ ဆရာနှင့်သူနှစ်ယောက်သာ မျက်နှာချင်းဆိုင် ထိုင်ဖြစ်ကြသည်။
"ဆရာ ဟိုတစ်ခါဆုံဖူးတဲ့ တိုက်ခန်းမှာပဲလား"
"အင်း"
"ကိုကြီးတို့လည်း အဲဒီတိုက်ကပြောင်းသွားကြတော့ ကျွန်တော်လည်း မရောက်ဖြစ်တော့တာ။ အစောကတော့ နှစ်လတစ်ခါလောက် ရောက်ဖြစ်သေးတယ်"
'ဆရာ့ကိုမတွေ့ပါဘူး' ဆိုတာတော့ ဘုန်းလျှံမောင် ထည့်မပြောဖြစ်လိုက်၊ သိပ်သိသာသွားမှာစိုးသည်။ တစ်စိတ် ... အိပ်ချင်မူးတူးနှင့် သူ ဘာတွေတွေးမိနေသနည်း။ ဘာကိုသိသာသွားမှာ ကြောက်နေသနည်း။ ကိုကြီးမိတ်ဆက်ပေးဖူးထားလို့ ဆရာ့ကို ဂရုထားကြည့်မိတာလောက်ပါပဲ။ ဟိုလိုသည်လို စိတ်ဝင်စားမိတာ မဟုတ်ဘူးမလား။ သို့ပေမဲ့ စိတ်ဝင်စားလို့မရတာလည်း မဟုတ်ပါဘူးလေ။
သူ့ကိုယ်သူပြန်ဖြေရှင်းရင်း စိတ်ရှုပ်လာတာမို့ ကြိုးတပ်မျက်မှန်ကို ချွတ်ချမိလိုက်သည်။ လည်ပင်းကတဆင့် သူ့ရင်ဘတ်ဆီ တွဲလွဲခိုသွားတော့ ဆရာ လိုက်ကြည့်နေလေ၏။
"ဒီခေတ်မှာ ဘယ်သူသုံးသေးလို့လဲ"
သူ့မျက်လုံးကလေး ဝင့်သွားမိတော့ ဆရာက၊
"အဲဒီကြိုးတပ်မျက်မှန်" တဲ့လေ။
"မေမေကြီးက ကျွန်တော်ဆယ်တန်းကတည်းက မျက်မှန်ကျိုးလွန်းလို့၊ ခဏခဏလည်း ပျောက်လွန်းလို့ ကိုယ်နဲ့မကွာအောင် ကြိုးတပ်မျက်မှန်လေး လုပ်ပေးထားတာ ဆရာ။ ရင်ဘတ်ပေါ်ပဲ အမြဲရှိနေတော့ မကျိုးတော့ဘူးလေ"
ဆရာ ထပ်ပြုံးပြန်သည်။ သည်တစ်ခါ ခုနကကားပေါ်ကပြုံးတာထက် ပိုသည်။ နှုတ်ခမ်းစွန်းလေး ကွေးတက်သွားပုံက ပါးနှစ်ဖက်မှာ ပါးချိုင့်လေးတွေ ပေါ်သွားစေတဲ့အထိ။ ဆရာ တကယ်ချောလွန်းပါသည်။
"ဘာသာရပ်တွေထဲ ဘာကိုအထူးစိတ်ဝင်စားလဲ"
"ခွဲစိတ်ကုပညာပါ ဆရာ"
ထိုအချိန် ဆိုင်ရှင်အန်တီကြီးက သူတို့ဖို့ မုန့်ဟင်းခါးနှစ်ပွဲ လာချပေးသည်။ သို့ပေမဲ့ သူ့အဖြေကြောင့် ဆရာတစ်ချက် လှမ်းကြည့်လိုက်တာကိုတော့ ဘုန််းလျှံမောင် မြင်ဖြစ်အောင်မြင်လိုက်သေးသည်။
"သေချာလို့လား"
"ဆရာ့ရှေ့မို့ ပိုပြောတာမဟုတ်ပါဘူး ဆရာ။ Surgery ကို တကယ်သဘောကျတာပါ။ အထူးပြုယူဖို့လည်း စဉ်းစားထားတယ်။ ဆရာလည်း ကျွန်တော့်ကို များများသင်ပြပေးပါဦး"
"သင်ချင်တာသေချာလား"
သံပရာသီခြမ်းကိုကိုင်ရင်း ဆရာက တည်တည်ခန့်ခန့်ကြီး မေးလာတာဖြစ်သည်။
"ဟုတ် သေချာတာပေါ့"
"ဒါဆို နောက်အပတ်သင်္ကြန်ရက်တွေ သိပ်မနားနဲ့။ လူနာများမှာဆိုတော့ ပညာပိုရတယ်"
"ဗျာ!"
...........................
Surgery ကိုစိတ်ဝင်စားပါတယ်လို့ ပြောမိသောထိုနေ့ကစကားကြောင့် ဘုန်းလျှံမောင်တစ်ယောက် သင်္ကြန်ရက်တွေ မနားရတော့။ ပုံမှန်ဆို ဂျူတီတစ်ရက်ပဲကျမှာဖြစ်သော်လည်း ဆရာ့နံဘေးက လိုက်သင်ယူရမှာမို့ ဆရာဆင်းသည့် အကြို၊ အကျ၊ အကြတ် သုံးရက်စလုံး သူဆင်းရတော့မှာ ဖြစ်သည်။ အတက်နေ့နှင့် နှစ်ဆန်းတစ်ရက်နေ့မှ ဆရာနားမည်တဲ့လေ။
လူပျိုကြီးမှာ အထွေအထူး သွားစရာလည်း ရှိပုံမပေါ်။ ဘုန်းလျှံမောင်လည်း မွေးရပ်မြေသီပေါကို မပြန်ဖြစ်ပေမဲ့ သင်္ကြန်လည်ဖို့တော့ သူငယ်ချင်းမတွေနှင့် တိုင်ပင်ထားပြီးဖြစ်သည်။ လက်မှတ်တွေ ကြိုမဝယ်ထားသေးတာလွဲလို့ အာလုံးက အစီအစဉ်တကျ။ အခုတော့ ကိုယ့်စကားနှင့်ကိုယ်မို့ ဆေးရုံမှာ ချောင်ပိတ်မိနေတော့၏။
"အကြိုနေ့ပဲရှိသေးတယ်၊ ဘုန်းလျှံမောင်တို့ ငိုင်နေပြီလားဟေ့"
အနောက်လှည့်ကြည့်တော့ သူနာပြုမာမီကြီးအသံ။ နေ့လယ်ထမင်းစားနားတုန်း Emergency ဘက်ခဏကူးပြီး ထုံးစံအတိုင်း ညိုတုတ်နှင့် ပေါင်မုန့်လုံးတစ်ထုပ် မျှစားနေတာဖြစ်၏။ မာမီကြီးကတော့ မအားသည့်ကြားက သူ့ကိုလာစပုံပါပဲ။
"နီလာတို့၊ မိုးယုတို့က ကဲနေပြီဗျ"
"အိုး ... တို့အချောကောင်လေး ဘယ်လောက်ကံကောင်းလိုက်သလဲ။ SAS (Senior Assistant Surgeon) နဲ့အနီးကပ်သင်ရတာနော်။ PG တွေ၊ AS တွေတောင် ဒါမျိုးစိတ်ရှည်ရှည် သင်ပေးမှာမဟုတ်ဘူး။ ယူတတ်ရင်ပညာပဲ ကလေးရဲ့"
မာမီကြီးနှစ်သိမ့်ပေးတော့လည်း ဘုန်းလျှံမောင် ကြိုးစားချင်စိတ်ဖြစ်ပြန်သည်။ ခွဲစိတ်အထူးကုသမားတော်ကြီးဖြစ်ဖို့က သူ့အိပ်မက်ပဲမလား။ သီပေါမှာကျန်ခဲ့သည့် မေမေနှင့်မေမေကြီးအတွက် သူ ကြိုးစားရမည်ဖြစ်သည်။
"ကဲကဲ စိတ်ညစ်မနေနဲ့။ ဒီဘက်မှာ အားတဲ့သူတွေ မုန့်လုံးကြမယ်ကြားတယ်။ ရတာနဲ့ လာပို့လိုက်မယ်ဟုတ်ပြီလား"
အစားဆိုတော့ ဘုန်းလျှံမောင်နည်းနည်းပြုံးပြီး ပြန်ချလာခဲ့၏။
Ward ထဲရောက်တော့ ဘယ်မှမဝင်ချင်သေး။ ပိုနေသေးသည့် အချိန်လေးတွင် လေသာဆောင်ကနေ ပျော်မြူးစွာသွားလာနေကြသော သင်္ကြန်ကားတွေကို ငေးကြည့်နေမိသည်။ ဂျစ်ကားတစ်သွယ်၊ အမိုးပွင့် လိုက်ထရပ်တွေတစ်ဖုံ အစုံစုံ သွားလာနေကြတာပါပဲ။
ဟူး ... သူလည်းလည်ချင်ပါပြီလေ။
"အား"
"ဟဲ့ ... သမီး"
အေးစိမ့်နေသည့် ရေခဲရေတချို့ လည်ဂုတ်ကတဆင့် သူ့ကျောပြင်ဆီသို့ စီးကျလာတာဖြစ်သည်။ အနောက်လှည့်ကြည့်တော့ ရေသန့်ဗူးလေးကိုင်ထားသည့် ဆယ်ကျော်သက်ကောင်မလေးတစ်ဦး။ နောက်တွင်တော့ အမေဖြစ်သူ ပါပုံပေါ်သည်။
"ဆရာဝန်လေးထင်တယ်။ တောင်းပန်ပါတယ် သားရယ် ... ဒီကောင်မက အဲလိုပဲ အလိုက်ကမ်းဆိုးမသိဘူး ... [ဂွက်!]"
ခပ်လန်းလန်းဝတ်ထားသော ကလေးမကို အမေဖြစ်သူခေါင်းခေါက်လိုက်တာများ ဂွက်ခနဲ။ ဦးခေါင်းခွံတောင် အက်သွားလောက်မည်။
"အမေကလည်း၊ သင်္ကြန်ပဲဟာကို"
"ရပါတယ်ဗျာ၊ လူနာလာမေးတာထင်တယ်"
"ဟုတ်တယ်၊ ဟုတ်တယ်။ အခုပဲပြန်တော့မလို့ နှုတ်ဆက်နေတာကို ရေထွက်လောင်းနေတာလေ"
"ကျွန်တော်က ရပါတယ်"
သည်လိုနှင့် ဇွတ်တောင်းပန်နေသည့်အန်တီကို ဘုန်းလျှံမောင် အားနာနာနှင့် နှုတ်ဆက်လိုက်ရသည်။ အေးစိမ့်နေသော ရေခဲရေ ဗူးဝက်ကြောင့် သူ့ဝတ်စုံအပြာလေး စိုသွားပေမဲ့ ကောင်မလေးကို ဗွေမယူမိပါလေ။ ဆေးရုံမှာနေရတာတောင် အကြိုနေ့မှာ သင်္ကြန်ရေစိုသွားတာမို့ လူကပြုံးစိစိ။ အနည်းဆုံးတော့ သူ့ကိုရေပက်မည့်သူ ရှိပြီ၊ သင်္ကြန်ရေလည်း စိုသွားပြီ။
"ဘုန်းလျှံမောင်"
"ခင်ဗျာ"
နောက်လှည့်မကြည့်ရသေးခင် အသံကြားရုံနှင့် ဘယ်သူမှန်းသိသည်။ ဆရာညီမိုးလွင်ပဲပေါ့။
"Report တွေရေးပြီးပြီလား"
"ရေးလက်စပဲဆရာ၊ ပြီးတော့မှာ"
"အခုအားနေတာမလား၊ သွားရေး"
ဘာအမှားမှမလုပ်ဘဲ အဆူခံနေရသလို ခံစားရတော့ ဘုန်းလျှံမောင် သိပ်မကြည်။ နားချိန်မတိုင်ခင်ကကို ဆရာက အေးအေးဆေးဆေးရှိတုန်းဟာ အခုမှဘာထဖြစ်လို့ ဆူရသလဲမသိ။ သည်လိုနှင့် နားနေခန်းထဲသွားတော့ နောက်ကပါလာပြန်တာလည်း ဆရာပါပဲ။ အထဲရောက်တော့ ဆရာနှင့်သူကလွဲလျှင် ဘယ်သူမှမရှိ။ ဘုန်းလျှံမောင် သိပ်အရေးမစိုက်ဘဲ ရေးလက်စ Report ကိုဆက်လိုက်သည်။
"ရေစိုနေတာ လဲလေ"
"ခဏနေ ခြောက်လောက်မှာပါ ဆရာ"
"Suit အပိုမပါပြန်ဘူးလား"
ထိုင်နေသည့် ဘုန်းလျှံမောင် ဆရာ့ကိုတစ်ချက်မော့ကြည့်မိသည်။ သို့သော် ခဲရောင်မျက်မှန်ကမတည့်တာမို့ ပင့်တင်လိုက်ရသေး၏။
"ပါတော့ပါတယ် ဆရာ၊ မလျှော်ရသေးလို့"
"ဟိုတစ်ခါကလည်း မလဲဘူး"
ခပ်တိုးတိုးပြောပြီး တစ်ဖက်လှည့်သွားတော့ သူ သေချာမကြားလိုက်ရ။ မလဲဘူးဆိုလား၊ ဘာလား။ စဉ်းစားရင်းမှ ဖြတ်ခနဲသတိရသည်။ ဆရာနှင့်ပြန်ဆုံစဉ် သူ့ကိုလူနာဆောင့်ကန်လိုက်တုန်းကလည်း Suit လဲခိုင်းသေးတယ်မလား။ ဒါပေသိ သူ လဲ၊ မလဲကို Ward မတူသည့်ဆရာက ဘယ်လိုသိပါသလဲ။
"အဲတုန်းက အပိုမပါလို့ဆရာ"
ခေါင်းတဆတ်ဆတ်ညိမ့်သည်။ ပြီးနောက် ပြန်လှည့်လာပြန်၏။ လက်ထဲက ဖုန်းကိုင်နေပြီး တစ်ခုခုပြောမလို့များလား။ ဘုန်းလျှံမောင် Report ပဲ ဆက်ရေးရမလို၊ ဆရာ့ပဲ မော့ကြည့်နေရမလို။
"ခုနကအသိလား"
"ဘယ်သူ ... အာ ရေလောင်းသွားတဲ့ကောင်မလေးလား။ မသိဘူးဆရာ၊ ဒီတိုင်းလူနာလာမေးကြတာ"
"ဪ..."
ဆရာ့ထုံးစံအတိုင်း တွေးဆဆနှင့် 'ဪ' နေပြန်ပါပြီ။ ပြီးတော့လည်း ဘာစကားတစ်ခွန်းမှ ရှေ့ဆက်မလာ။ ရှည်မောင်းသောအရပ်ကြီးနှင့် ဂျူတီကုတ်အဖြူကတော့ ဆရာ့ချောမောမှုကို အားဖြည့်နေသည့်အလား။
...........................
"သင်္ကြန်နှစ်ဦး တူးပို့ တူးပို့
တို့တတွေ ဆေးရုံမှာxxx
သင်္ကြန်မယ်များ တူးပို့ တူးပို့
ခွဲနေစိတ်နေတာxxx
ငွေငန်းသံစုံ တူးပို့ တူးပို့
အာရုံတယ်မလာပါxxx
မယ်တို့ကိုလည်း တူးပို့ တူးပို့
မနာတွေလိုသဗျာxxx"
ဘုန်းလျှံမောင် သရော်သီချင်းသံက ခပ်စူးစူးပြန်လွင့်နေသည်။
"တယ်ဆိုတဲ့စာသားတွေပါလား"
"မနောက်ပါနဲ့ အစ်ကိုရာ။ အကျနေ့ရောက်ပြီဆိုတော့ အသွေးအသားတွေက မရတော့ဘူး"
ဘုန်းလျှံမောင် ခင်နေပြီဖြစ်သော AS အစ်ကိုကိုပြန်ပြောမိတာ ညည်းညည်းညူညူ။ သူတို့တွေ လောလောလတ်လတ် ခွဲခန်းထဲကထွက်လာကြ၍ ဆေးကြော၊ အဝတ်အစားလဲနေကြတာဖြစ်သည်။ ဘုန်းလျှံမောင်အဖို့ ပုံမှန်ဆို တစ်ပတ်တစ်ကြိမ်သာ ဝင်ရမည်ဖြစ်သော်လည်း သူ့စကားနှင့်သူမို့ ဆရာခွဲတိုင်းလိုက်ကြည့်ရ၏။ ရောက်လာလိုက်သည့် လူနာတွေဆိုတာလည်း သင်္ကြန်တွင်း၏ထုံးစံအတိုင်း ဓားထိုး၊ ခေါင်းကွဲ၊ ပွန်းပြဲရာကစ ခွဲရစိတ်ရသည်အထိ အစုံအလင်ပါပဲ။
"မနက်ဖြန်တော့ မင်း နားလို့ရပြီမလား"
"ညဂျူတီရှိတယ်တဲ့ဗျာ။ အစ်ကိုတို့ဆရာက အတက်နေ့မှစနားမှာတဲ့"
"အဟမ်း"
အခန်းဝမှဝင်လာသော PG အစ်ကို၏ချောင်းဟန့်သံပင်။ ဟိုက် ... နောက်မှာဆရာလည်း ပါလာတာဖြစ်၏။ ရှေ့ပြောနောက်ကြည့်ဆိုသောစကားကို သူ မေ့သွားသည်။
"ဘုန်းလျှံမောင်တို့ကတော့ လူကသာ Ward ထဲ၊ စိတ်ကတော့ သင်္ကြန်မဏ္ဍပ်မှာဟေး။ မနက်ကလည်း PG မမတွေ ဝိုင်းစနေကြတာ။ Facebook မှာ မနှစ်ကသင်္ကြန်အမှတ်တရတွေချည်း အခါခါထိုင် Share နေလို့ဆိုလား"
"ဒါတင်ပဲလား၊ လမ်းမဘက်ကကားတွေ ထွက်,ထွက်ငေးရတာလည်းအမော။ ဘယ်နှယ့်ကွာ ... သင်္ကြန်လည်ချင်တာ ရူးခါလို့၊ Ward တစ်ခုလုံးလည်းသိ။ ဒီကောင့်ကို ဘုန်းလျှံမောင်လို့မခေါ်ဘဲ သင်္ကြန်မောင်လို့ခေါ်ရမှာ"
"အစ်ကိုတို့ကိုလည်း ကျွန်တော့်ကို ဆရာ့ရှေ့အမှုကြီးအောင် ပို့နေကြပြန်ပါပြီ"
သူ သည်လိုဆိုတော့ အစ်ကိုတွေရယ်လိုက်ကြတာ တဟားဟား။ ဘုန်းလျှံမောင် မရဲတရဲနှင့် ဆရာ့ကိုငဲ့ကြည့်တော့ နည်းနည်းမှရယ်ပြုံးမနေ။ တည်တည်တံ့တံ့ကြီးမို့ ဝတ်စုံအမြဲလဲပြီး အိမ်ခပ်သုတ်သုတ်ပြန်ဖို့ ထွက်ခဲ့တော့သည်။ သို့သော် ကံမကောင်းစွာပဲ ကော်ရစ်တာတွင် လူနာရှင်တစ်ယောက်နှင့် စကားပြောလိုက်ရတာမို့ ဆရာကမှီလာခဲ့၏။
"အိမ်တန်းပြန်မှာလား"
"ဟုတ် ဆရာ"
"လမ်းမှာရေပက်ခံနေရမယ်၊ လိုက်ခဲ့လေ ... ဝင်ပို့ပေးမယ်"
ခေါင်းညိတ်ရုံကလွဲလျှင် တခြားစကားမထွက်မိပေ။ ကြောက်တာကကြောက်တာတစ်ပိုင်း၊ ကားလိုက်စီးချင်တာက စီးချင်တာတစ်ပိုင်းပဲလေ။ မဆူလျှင်ပြီးရော၊ ဒါမျိုးဆိုရင်တော့ လမ်းလျှောက်ရလည်း သက်သာသည့်အပြင် ဆရာနှင့်ဆိုတော့ ရင်တောင်ခုန်သလိုလို။
ကားထဲမပြောနှင့် ကော်ရစ်တာမှာ နှစ်ယောက်ယှဉ်လျှောက်တာ၊ ဓာတ်လှေကားအတူ စီးရတာတို့တောင် စိတ်ထဲကြည်နူးနေသယောင်။ သူ့အဖြစ်ကလည်း ရည်းစားမထားတာကြာတော့ ဆရာ့ကိုတောင် ရင်ခုန်နေမိတော့တာလားမသိ။ ကိုယ့်အကြိုက်ပုံစံမျိုးဆိုတော့လည်း ငေးကြည့်ချင်မိတာတော့ အမှန်ပါပဲ။
"ဟယ် ဆရာတို့ ... ဂျူတီပြီးလို့ ပြန်ကြတော့မလို့လား"
"ဟုတ်ကဲ့"
အောက်ထပ်ကော်ရစ်တာမှ ကားပါကင်ဆီကူးခါနီး သူနာပြုဆရာမလေး နှုတ်ဆက်သည်ကို ဆရာက ပြုံးပြုံးနှင့်ခေါင်းညိတ်ပြသည်။ သူကတော့ 'ဟုတ်ကဲ့' ဟူ၍သာ။
"ဒါဆို ရေလောင်းပြီနော်"
အရှေ့ကဆရာမ ပြောသံပင်ဆုံးအောင် မကြားလိုက်။ အနောက်က ဆရာမလေးတွေ ဖလားပြည့်လောင်းတော့မှာမို့ ဘုန်းလျှံမောင် ကြောက်အားလန့်အားနှင့် ရှောင်ပြေးမိသည်။ သို့သော် ကံဆိုးတယ်ပြောရမလား၊ ကံကောင်းတယ်ပြောရမလား။ ဆရာ့ကိုပါ ရေမစိုစေချင်သည့်စိတ်နှင့် တိုးကပ်ပြေးကာမှ ကျောက်ခဲကိုခြေချော်နင်းကာ ကိုယ်ကယိုင်နဲ့တော့သည်။
ကြောက်ကြောက်နှင့် မျက်လုံးကိုစုံမှိတ်လိုက်ပေမဲ့ သူ လဲကျမသွား၊ ဆရာက ပွေ့ထိန်းပေးလိုက်နိုင်သည်။ ရှောင်လိုက်ကာမှ ရေတွေစိုတာလည်း နှစ်ယောက်စလုံးပါပဲ။ ဆရာမလေးတွေကလည်း ဆရာ သူ့ကိုထိန်းပွေ့ထားသော အနေအထားကိုကြည့်ပြီး ဟင်ခနဲ၊ ဟာခနဲ။
"ဆရာမတို့ကလည်း ဖြည်းဖြည်းလုပ်ပါ"
ဆရာ့အသံကြားမှ ဘုန်းလျှံမောင် သတိဝင်ပြီး အမြန်ထလိုက်ရသည်။ ဆရာမလေးတွေက ကြောက်ကြောက်နှင့် တောင်းပန်ကာ ခပ်သုတ်သုတ်ထွက်သွားကြ၏။ သည်အထိကို ဘုန်းလျှံမောင်က ကြောင်နေဆဲ။
အနီးကပ်ရလိုက်သည့် ဆရာ့ကိုယ်သင်းရနံ့၊ လက်မောင်းသားကို ဖမ်းဆုပ်ပေးလိုက်သော အထိအတွေ့ ... လူနာဆောင့်ကန်ခံရတုန်းကလို ကာကွယ်ပေးသည့် ခံစားချက်မျိုး။ အကြောင်းအရာတွေကို ဆရာကို သူ တကယ်ကြွေမိအောင် တမင်ဖန်နေသလို။
"တက်လေ"
"ဟုတ် ဆရာ"
ကားပေါ်တက်မယ်လုပ်မှ သူ့စိတ်ကို ချုပ်တည်းလိုက်နိုင်သည်။ ရေစိုသွားကြတာမို့ ဆရာက ကားအတွင်းအအေးဓာတ်ကို ပုံမှန်ထက်လျှော့ချလိုက်၏။ ပြီးတော့မှသာ နေဝင်ရိုးရီလမ်းမပေါ်သို့ မောင်းတော့တာပင်။
ဆရာ့ကားပေါ် ဒုတိယအကြိမ် လိုက်ရတာမို့ ကားအတွင်းခန်းကို ရင်းနှီးပြီးသားဖြစ်သည်။ ကားအတွင်းပစ္စည်း အတော်များများဖြစ်သည့် ကူရှင်ကအစ အလှတင်ထားသည့် အရုပ်လေးတွေအဆုံး အားလုံးအနက်ရောင် အသုံးအဆောင်တွေချည်း။ ဟိုဟိုသည်သည်ငဲ့ကြည့်လေတော့ ကားအံထဲတွင် သူကြိုက်သည့် ပေါင်မုန့်လုံးတစ်ထုပ် တွေ့သွားသည်။ ဒါမို့ ဝမ်းသာအားရနှင့်၊
"ဟာ ... ဆရာလည်း ဒီပေါင်မုန့်လုံးလေးတွေ ကြိုက်တာလား"
သူ့အသံကျယ်သွားလို့ထင်သည်၊ ဆရာ အလန့်တကြား လှည့်ကြည့်၏။
"အင် မဟုတ်ပါဘူး။ ဗိုက်ဆာရင်စားရအောင် Snack bank ထဲက ယူထားတာ။ မင်းကြိုက်လို့လား"
"အရမ်းကြိုက်တာ ဆရာ။ ညိုတုတ်လည်း ကြိုက်တယ်"
"ဘယ်သူလဲ ညိုတုတ်က"
"ME (Medical Emergency) ဘက်က ခွေးလေ။ ညိုညိုတုတ်တုတ်နဲ့ ဗမာခွေးကြီး။ သူ့ကိုမွေးမဲ့သူလည်း မရှိဘူးထင်တယ်။ အဲဒါမို့ ပေါင်မုန့်လုံးစားရင် မျှစားကြတာ။ ကျွန်တော် ဒီဖက် Ward ပြောင်းရတော့ လာပို့ကြတဲ့ထဲပေါင်မုန့်လုံးမပါမှာ စိတ်ပူနေတာ။ ရှိလို့တော်သေးတယ်၊ ဆေးကုမ္ပဏီကအစ်မတွေ သဘောကောင်းချက်"
"ဟင်း"
အသံထွက်တာရယ်မဟုတ်ဘဲ ဆရာက ရယ်လေသည်။ မျက်နှာကတော့ လမ်းမပေါ်သာ အာရုံစိုက်ထားတာမို့ သေချာမမြင်ရပါချေ။ သို့ပေမဲ့ ညိုညိုစိုစိုအသားအရည်၊ နဖူးကစ စင်းသွားသည့်နှာတံ၊ ခပ်စေ့စေ့ရှိသော နှုတ်ခမ်းတစ်စုံနှင့် မေးရိုးပြေပြေက မှောင်ရီပျိုးစအချိန်မှတောင် ယောက်ျားဆန််ဆန် ကြည့်ကောင်းနေသည်။
"ပေါင်မုန့်လုံး ဘာလို့အဲလောက်ကြိုက်တာလဲ"
"တစ်ခုခုကိုကြိုက်ဖို့ အကြောင်းပြချက်လိုလို့လား ဆရာ"
သည်တစ်ခါတော့ ဆရာက သူ့ထံလှည့်ကြည့်လာသည်။ ခပ်စင်းစင်းမျက်ဝန်းတွေက ညှိုးငယ်နေသယောင်။ သေချာကြည့်ပြန်တော့လည်း နက်နက်နဲနဲ။ နှုတ်ကမပြောနိုင်သည့် စကားတစ်ခုခုကို မျက်ဝန်းတွင် မြင်နေရသည့်နှယ်။
"လူကိုဆိုရင်ရော..."
"ခင်ဗျာ!"
"ထားလိုက်ပါ၊ ရောက်ပြီ"
သေသေချာချာ ကြားလိုက်ရလျက်နှင့် 'ခင်ဗျာ' လို့ ခပ်ကြောင်ကြောင်ထွက်သွားမိတာ နာလိုက်သည့်အဖြစ်။ ဘုန်းလျှံမောင်ဆိုသည့် သူကလည်း တစ်ခါတလေ ပိုက်ဆံပေးပြီးကို တုံးချင်တုံးသေးတာ။
"ဟုတ် ဆရာ၊ လိုက်ပို့တာကျေးဇူးပါဗျ"
"မနက်ဖြန် ဘယ်သွားဦးမှာလဲ"
ဆင်းဖို့ ခါးပတ်တောင်ဖြုတ်ပြီးကာမှ ဆရာက မပွင့်တပွင့်မေးလာသည်။
"သူငယ်ချင်းတွေ လက်မှတ်အပို ဝယ်ပေးထားမယ်ပြောတယ်။ စိတ်ချပါဆရာ။ ကဲတာကကဲတာပဲ၊ ကျွန်တော် ညဂျူတီအမှီလာမှာပါ"
"ဟင်း ... တကယ့်သင်္ကြန်မောင်ပဲ"
ပါးချိုင့်တွေပေါ်အောင် ပြုံးလိုက်လေတာ ဘုန်းလျှံမောင်အဖို့ ညမအိပ်ခင်ထိ မေ့မရတော့ချေ။ တည်တည်တံ့တံ့ မျက်ဝန်းတွေ၊ နှစ်လိုဖွယ်ပါးချိုင့်နှစ်ဖက်နှင့် ခန့်ခန့်ညားညား အသွင်အပြင်။ အိပ်ရာပေါ် ဟိုဖက်လှိမ့်၊ သည်ဖက်လှိမ့်ထိ စိုးမိုးထားနိုင်တာ ဆရာညီမိုးလွင်ပါပဲ။
သူ တကယ်ကြီး ချစ်မိတော့တာလား။
..................
"အဟမ်း ... အဟမ်း။ သတင်းခေါင်းစဉ် - ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကိုယ်ပွေ့မှုဖြစ်ပွားခြင်း။ သတင်းအစုံအလင်မှာ မဟာသင်္ကြန်အကျနေ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ကားပါကင်တွင် သူနာပြုဆရာမလေးများ ရေဖြန်းပက်ကြရာမှ ဆရာဝန်နှစ်ဦး ကိုယ်ပွေ့မှုဖြစ်ပွားခဲ့ပါသည်။ အဟင်း ... အချိန်အားဖြင့် အနည်းဆုံးငါးစက္ကန့်ထက်မနည်း ပွေ့ဖက်ထားကြသည်ဟု ခိုင်လုံသောသတင်းရပ်ကွက်က ကြားသိရပါသည်ရှင်"
"တော်စမ်းပါ၊ နင်တို့စမှအကုန်သိကြတော့မှာပဲ"
"အမလေး တစ်နေကုန် နင်တို့အကြောင်းပဲ ပြောနေကြတာ ... နော့ဟယ်"
တင်နီလာဝင်းက နံဘေးရှိ မိုးယုကိုပါ အဖော်စပ်နေသေးသည်။ အကြတ်နေ့တစ်ရက်တည်းသာ နေ့ဂျူတီကျကြသော သူငယ်ချင်းမနှစ်ယောက်က ပြန်ကြတော့မည်။ သူကတော့ ညဂျူတီအတွက် အခုမှရောက်တာဖြစ်သည်။ တစ်နေကုန်လည်း အားရပါးရကဲထားသည်မို့ လူကမလှုပ်ချင်။ ရေဝနေလို့ပဲလားမသိ၊ ဂျူတီတောင် မဝင်ရသေး ... လူကငိုက်ချင်လှပြီ။
"ကဲ ... ကိုကို့အနားနေရဖို့ပဲ တစ်ညလုံးကြိုးစားလိုက်ဦး သူငယ်ချင်း။ ငါတို့တော့ အတက်နေ့အတွက် အားပြန်မွေးပြီ"
"မကောင်းတဲ့အရှုပ်ထုပ်မတွေ"
သူ့၏သူငယ်ချင်းမတွေ ပြန်သွားပြီးခဏအကြာတွင်တော့ ဆရာလည်း ရောက်လာသည်။
ထုံးစံအတိုင်း ခန့်ခန့်ရှင်းရှင်း ဆရာ့ကိုခိုးကြည့်တော့ ဆရာကလည်း ရိပ်မိသယောင်။ လူနာကုတင်၏ တစ်ဖက်တစ်ချက်မှ ဆုံမိသောအကြည့်တွေဆိုတာကလည်း အများသား။ တစ်ခါတစ်ခါ ဆရာကအရင် အကြည့်စလွှဲသလို၊ သူကအားနာပြီး ဆက်မကြည့်ဖြစ်တာလည်းပါ၏။
မျက်လုံးချင်းစကားပြောတယ်ဆိုတာ သီချင်းထဲသာ ကြားဖူးတာ၊ ဆရာနှင့်မှ ကိုယ်တွေ့ကြုံဖူးသည့်အဖြစ်။ တကယ်ဆို မျက်လုံးချင်းစကားပြောတာမဟုတ်။ တင်စာတာတွေ များလွန်းတယ်မလား။ ဘွင်းဘွင်းရှင်းရှင်း သုံးနှုန်းလည်းရသည်လေ။
"အကြည်စိုက်နေတာ၊ အကြည်စိုက်နေတာ"
"ဘာ"
စိတ်ကူးအလွန် နှုတ်ကိုကျွံလေတော့ လမ်းလျှောက်ရင်းက ဆရာ အံ့ဩသွားသည်။
"ဘာမှမဟုတ်ဘူးဗျ။ ဒါနဲ့ဆရာက တစ်ယောက်တည်းနေတာလား"
"အင်း"
"အိမ်ထောင်မပြုဘူးပေါ့"
"အင်း"
"ချစ်တဲ့သူမရှိသေးတာလား"
အရဲစွန့်မေးသော ဘုန်းလျှံမောင်ဆီသို့ ဆရာ့အကြည့်တစ်ချက် အစပျိုးလာသည်။ ညဘက်ကြီး ကော်ရစ်တာမှာ လမ်းလျှောက်နေကြတာမို့ ဆရာမျက်နှာက တစ်ခြမ်းသာ အလင်းရှိနေသည်။ သူ ဆက်မေးဖို့ မသင့်တော့ဘူးထင်ပါရဲ့။ ရင်နှီးလာသည်ဆိုသောအဆင့်တွင် ပုဂ္ဂိုလ်ရေးဆန်တာတွေ မေးမိသွားသည်။
"ဆရာ မဖြေချင်..."
"ရှိတယ်"
"ဪ..."
သည်တစ်ခါ 'ဪ' ရသူမှာ ဆရာမဟုတ်ဘဲ ဘုန်းလျှံမောင်သာ ဖြစ်တော့၏။ သည်လိုဖြေမယ်မှန်းသိလျှင် မမေးလိုက်တာ အကောင်းသား။ အခုတော့ ဆေးရုံကြီးလာကာ ကိုယ့်ရောဂါကိုယ် မီးခွက်ထွန်းရှာမိသည့် ဘုန်းလျှံမောင်အဖြစ်ပါပဲ။
ညပိုင်းဂျူတီချိန်က နေ့ပိုင်းလောက် အလုပ်မရှုပ်ချေ။ မတော်တဆမှုတချို့ရှိပေမဲ့ သိပ်မကြီးလျှင် အရေးပေါ်ဌာနက ခွဲခန်းမှာတင်ပြီးတာမို့ ဘုန်းလျှံမောင် ချောင်ခိုငိုက်လို့ရသည်။
အစကတော့ ဟိုယောင်သည်ယောင်နှင့် ... တဖြည်းဖြည်း ညဉ့်နက်လာသော် သူ ဟန်မဆောင်နိုင်တော့။ နားနေခန်းတွင် တစ်ယောက်တည်း Report တွေထိုင်ရေးရင်းက ငိုက်မြည်းလာသည်။ တကယ့်ကို ကမ္ဘာ့အလေးဆုံးအရာက သူ့မျက်ခွံတွေအလား။ ဘောပင်ကို ညာလက်တွင်ကိုင်ဆုပ်ထားရင်းကို ခေါင်းကတဆတ်ဆတ်။
နောက်ဆုံးတော့ စားပွဲပေါ်ခေါင်းတင်ကာ အိပ်ပျော်သွားတော့တာပါပဲ။
........................
မြင်နေကျ ခဲရောင်မျက်မှန်ကလေး စောင်းနေသည်။ ကြိုးမျှင်ကလေးမှာဖြင့် ပါးပေါ်တွင် ရစ်သီလျက်။ လှုပ်စိစိနှုတ်ခမ်းလေးက အသက်တစ်ခါရှူတိုင်း လှိုင်းလေးသဖွယ် တအိအိ။ ပါးဖောင်းလေးကပင် ပိန်လိုက်ဖောင်းလိုက်မို့ ကိုင်ကြည့်ချင်စိတ်ကို သူ မနည်းထိန်းနေရသည်။ နံဘေးကထိုင်ကြည့်နေတာ နာရီဝက်ပင်ရှိတော့မည်။ သည်မျက်နှာလေးကို သူ အခုထိ အလွတ်မရနိုင်သေး။
ဘုန်းလျှံမောင် ... မင်းက တကယ်ချစ်ဖို့ကောင်းတာပဲ။
ညီမိုးလွင်တစ်ယောက် ဘုန်းလျှံမောင် အိပ်ပျော်နေတာကို ထိုင်ကြည့်ရင်း အသည်းတယားယားဖြစ်နေသည်။ သူ့အဖို့ သည်ကောင်လေးကို စမြင်ဖူးတာ ဟိုးလွန်ခဲ့သည့် ငါးနှစ်ကျော်လောက်က။ အစ်ကိုလာရှာသည့်ကောင်လေးက ခုပုံစံအတိုင်း ကြိုးတပ်မျက်မှန်ကလေးနှင့်ပင်။ သို့ပေမဲ့ ထိုနေ့ကတွေ့ဆုံမှုမှာ နောက်တစ်ကြိမ်ဆိုတာရှိခဲ့ကြောင်း သည်ကောင်လေး House လာဆင်းမှပဲ သိရတော့သည်။
မမသက်ထားဆီ ရောက်ဖြစ်ရင်းက သည်ကောင်လေးကို ပြန်တွေ့ခဲ့တာ အမှတ်မထင်။ ကြိုးတပ်မျက်မှန်လေးကို တွေ့ဖူးသလားဟု သူ နှစ်ခါစဉ်းစားစရာမလို။ Ice ညီလေးမှန်း တန်းမှတ်မိသည်။ မမကို အကျိုးအကြောင်းမေးကြည့်တော့ Posting ဝင်တာ တစ်လပင်မပြည့်သေးတဲ့။
ထိုနေ့ကစလို့ ဘာရယ်မဟုတ် မမတို့ Ward ရှေ့ကဖြတ်လျှောက်ဖြစ်တိုင်း ကြိုးတပ်မျက်မှန်လေးကို သတိထားကြည့်မိခဲ့၏။ ဒါသည် ကောင်လေးအစ်ကိုဖြစ်သူ Ice မျက်နှာကြောင့်ဆိုပေမဲ့ ကြိုးတပ်မျက်မှန်လေးကိုယ်တိုင်ကလည်း ပျော်ပျော်နေတတ်ပြီး ချစ်စရာကောင်းတာကြောင့်လည်း ပိုမှန်လိမ့်မည်။
လမ်းကြုံဖြတ်သွားတိုင်း လူနာတွေနှင့်၊ သို့မဟုတ် သူငယ်ချင်းမတွေနှင့် ခပ်ပြုံးပြုံးပြောဆိုပြီး House surgeon ဘဝကိုဖြတ်သန်းနေတာ ညီမိုးလွင် ငယ်ငယ်ကလိုပါပဲ။ တစ်ခါတရံ ဖြတ်သွားရင်းက မတွေ့လို့ရှာကြည့်လျှင်တော့ တံခါးပေါက်နားမှာ ခွေးတစ်ကောင်နှင့် ပေါင်မုန့်လုံးတွေထိုင်စားနေတာ တွေ့ရတတ်သည်။ သူစားလိုက်၊ ခွေးကျွေးလိုက်၊ စကားပြောလိုက်၊ ရယ်မောလိုက်နှင့် တကယ်ငချွတ်ကလေး။
ကောင်လေးတို့ Ward ရှေ့က ဖြတ်လျှောက်ရတိုင်း ခေါင်းတစောင်းစောင်းနှင့် ရှာမိလာသည်က တစ်လအတွင်း ဖြစ်လာသည့်အကျင့်တစ်ခုပင်။ ကောင်လေး မရိပ်မိအောင်ရှောင်နိုင်ခဲ့ပေမဲ့ သူ့အကြောင်းသိနေသော မမသက်ထားကတော့ အချိန်တိုအတွင်း ရိပ်မိခဲ့သည်။ 'ကောင်လေးကို စိတ်ဝင်စားနေပြီလား' လို့မေးတော့ ခပ်ပြုံးပြုံးနှင့် သူ ပြန်မဖြေဖြစ်ခဲ့။
သို့သော် မမသက်ထားကိုတော့ အကူအညီတစ်ခု တောင်းလိုက်ရ၏။ Ward ထဲက Snack bank မှာ ပေါင်မုန့်လုံးလေးတွေ ထားပေးဖို့ပါပဲ။ ဆရာဝန်ကြီးတွေ တစ်ခွန်းပြောလျှင် အလိုက်သိလှသော ဆေးကုမ္ပဏီဝန်ထမ်းတွေက ချက်ချင်းစီစဉ်ပေးကြလိမ့်မည်ကို သူသိသောကြောင့်။
ဘာရယ်မဟုတ် ကောင်လေး ကြိုက်တယ်ထင်လို့ နေ့တိုင်းစားစေချင်တာလောက်ပင်။
အချစ်လား၊ သည်တိုင်းစိတ်ဝင်စားခြင်းလား ... ကိုယ့်ကိုယ်ကိုယ် သေချာသောအချိန်တစ်ခုထိ ကောင်လေးရှေ့ လူလုံးထွက်မပြချင်ခဲ့သော်လည်း လူနာတစ်ယောက် ကောင်လေးကို ဆောင့်ကန်လိုက်သည့်မြင်ကွင်းကြောင့် ဘယ်လိုမှမစွမ်းသာခဲ့။ ကာကွယ်ပေးချင်စိတ်နှင့်အတူ ချစ်မေတ္တာတစ်အိတ်ပါ ပွင့်အန်ကျလာခဲ့သည်။ ဘယ်လောက်များလဲဆို ကိုယ့် Ward မှာ Posting လာကျတော့ ကောင်လေးနှင့်သူ့သူငယ်ချင်းတွေကိုပါ အနားမှာခေါ်ထားမိသည်ထိ။
"ဟာ ... ဆရာ"
"ရှူး..."
AS တစ်ယောက်ဝင်လာတော့ အိပ်နေသည့်သူနှင့် ငေးနေသူကိုမြင်ပြီး အသံပြုတော့သည်။ သူ တားချိန်မရလိုက်၊ ကောင်လေး ချက်ချင်းခေါင်းထောင်လာသည်။
"သင်္ကြန်မောင်တို့ကတော့ ဆူပြီးရင်းဆူခံရမဲ့အပေါက်နော်။ ဆရာရှေ့မှာရှိတာကို အိပ်နေတာလား။ Report စာရွက်တွေ ကြေကုန်ဦးမယ်"
"အစ်ကိုကလည်း အရောက်ပို့ပြန်ပြီ။ ဆောရီးပါ ဆရာရယ်၊ ခဏပဲဖိအိပ်မိသွားတာပါ"
"ဟိုပေါ်တက်အိပ်လေ"
ညီမိုးလွင် ရှက်ရမ်းရမ်းကာ ထမည်အပြု AS ပိုင်မင်းက၊
"ဆရာ မနက်ဖြန်နားရက်မလား။ ဆေးကျောင်းသားဟောင်းတွေ စုစီစဉ်တဲ့မဏ္ဍပ်မှာ အားလုံးဆုံကြမယ်ပြောနေတာ။ ဆရာပါလိုက်ခဲ့ပါလား"
"အစ်ကို ကျွန်တော်ရော လာလို့ရလား"
ညီမိုးလွင် ဘာမှပင်ပြန်မဖြေရသေး၊ သင်္ကြန်မောင်တို့က အိပ်ချင်မူးတူးပေမဲ့ ဒါမျိုးကျသွက်သည်။ အစကချက်ချင်းငြင်းလိုက်မလို့ပေမဲ့ ပိုင်မင်း၏အဖြေကို သူ ခဏစောင့်လိုက်သည်။
"လာလို့ရတယ်လေ၊ ဟိုကလေးမတွေလည်း ခေါ်ခဲ့။ ဆရာရော လာမယ်မလား"
"အင်း"
မလိုက်ချင်သလို ခပ်ပြေပြေအသံပြုလိုက်ပေမဲ့ ထိုကောင်လေးကြောင့် သူ သင်္ကြန်ပွဲကို ဆင်နွှဲရဦးမည်။ အတော်လည်း စိုးမိုးနိုင်သည့် ကြိုးတပ်မျက်မှန်ကလေး။
..................
[ဒီသင်္ကြန် ဒိုးလေး ဒိုးလေး ဒိုးလေး
မြူးကြွ ရေနန်းဗဟိုရ် ရေနန်းဗဟိုရ်
ဒီသင်္ကြန် ဒိုးလေး ဒိုးလေး ဒိုးလေး
မြူးကြွ နှစ်ဦးအကြို ရေနန်းဗဟိုရ်
ဟေးလာ ... မဏ္ဍပ်ရှေ့လာ
ဟေးလာ ရှေ့လာ ... ရှေ့လာ ဝိုးxxx]
မဏ္ဍပ်အတွင်းရှိ သီချင်းသံ၊ ဒီဂျေသံ၊ ရေပက်သံတို့နှင့် လူငယ်တွေ ကခုန်မြူးထူးသံတို့မှာ အုံးအုံထဆူညံနေ၏။ နောက်ဆုံးသော အတက်နေ့ညနေပိုင်းမို့ အားလုံးက အပြတ်ကဲနေကြသည်။ အသက်သုံးဆယ့်ငါးနှစ်မို့ လူငယ်မဟုတ်တော့သော ညီမိုးလွင်ကတော့ ဘီယာဗူးမော့ရင်း ဘေးနားကလက်ရမ်းတွင် စည်းချက်နှင့်အညီ ခေါင်းတညိတ်ညိတ်။
သူသည်လည်း မကဲတာတော့မဟုတ်။ သီချင်းသံနှင့်အတူ အပေါ်ကတလွှားလွှားကျနေသော ရေမှုန်၊ ရေစက်တွေအောက် ကလို့မြူးလိုက်တာပင်။ သူငယ်ချင်းတွေလည်း လူစုကွဲသွားတုန်း ကောင်ကလေးတစ်ယောက်ကို ဘီယာသောက်ရင်း ငေးနေလိုက်၏။ တစ်ဗူးပြီးတစ်ဗူးကုန်လို့ လေးဗူးမြောက်တွင် ထိုကောင်လေးရိပ်မိလို့ပဲလား၊ သူ့သူငယ်ချင်းတွေကိုချန်ပြီး အနားရောက်လာသည်။
"ဆရာ ... မကဲတော့ဘူးလား"
ညီမိုးလွင် ဘီယာဗူးကိုမြှောက်ပြတော့ သူလည်းသောက်ချင်သတဲ့လေ။ သင်္ကြန်တွင်းဆိုတော့လည်း သူ ဆရာတစ်ယောက်လို ရှိန်အောင်မနေဖြစ်။ ဘီယာတစ်ဗူး ခပ်မြန်မြန် ကမ်းပေးလိုက်သည်။ မောင်မင်းကြီးသားလေး ဖောက်ပြီးသောက်လိုက်ပုံများ အငမ်းမရနှင့်။ ဖြည်းဖြည်းသောက်ပါလို့ပြောတော့ သီချင်းသံတွေကြောင့် ကြားပုံမပေါ်ပေ။ ဒါမို့ သူ့နားတိုးကာမေးသည်က ဘာပြောတာလဲဆရာတဲ့လေ။
"ဖြည်းဖြည်းသောက်လို့"
ကောင်လေးနားသို့ကပ်ကာ သူပြန်အော်ပြန်ပြောတော့ ရယ်ပြုံးလို့ ဟုတ်ကဲ့တဲ့။ သို့ပေမဲ့ အနားတိုးလာပြီးဖြစ်သော ကောင်ကလေးက နောက်ပြန်မဆုတ်တော့။ ပြောချင်တာရှိတိုင်း သူ့နားစည်နားဆီ တိုးကပ်ပြောသည်။ ပါးပြင်နားထိ နီးကပ်လာသောအသိက သူ့ရင်ခုန်သံတွေကို ပိုလို့လျင်မြန်စေသည်။
"ဟေး ဟေး ဟေး"
"ဟာ မတိုးကြနဲ့"
အဖွဲ့လိုက်ကြီးတက်လာသော လူငယ်တစ်စုကြောင့် ဘုန်းလျှံမောင် တစ်စောင်းရပ်နေရာက ညီမိုးလွင် ရင်ခွင်ထဲသို့ရောက်လုနီးနီးထိ တိုးမိသွားသည်။ စကားပြောလက်စ နှုတ်ခမ်းတစ်စုံကလည်း ညီမိုးလွင်၏ပါးပြင်ကိုထိကပ်ဖို့ အနည်းငယ်ပဲလိုချိန် နှစ်ဦးသားမှာ ရင်ခုန်သံတွေ တဒိန်းဒိန်း ... သိပ်မကြာလိုက်ခင်ဘဲ သူတို့ဖက်သို့ တစ်ပြုံကြီး ထပ်တိုးလာပြန်သည်။
သည်တွင် ဘုန်းလျှံမောင်၏ အနမ်းမမည်လိုက်သော အနမ်းတစ်ပွင့် ညီမိုးလွင်ပါးပေါ် ကျရောက်သွားတော့၏။ ချက်ချင်းဆိုသလို နှစ်ယောက်သားဖိန်းရှိန်းပြီး အကြည့်ချင်းဆုံမိသွားသည်။
"ဆောရီး ဆရာ၊ သူတို့အရမ်းတိုးလို့ ... မတော်တဆ"
ဘုန်းလျှံမောင် စိုးထိတ်ဖွယ်တောင်းပန်လိုက်ပေမဲ့ ညီမိုးလွင်ကတော့ ပြုံးချလိုက်တာ ဟက်ခနဲ။
"တမင်သက်သက်ဆိုလည်း စိတ်မဆိုးဘူး"
ညီမိုးလွင် အယောင်ယောင်အမှားမှား ပြောလိုက်တာမဟုတ်သလို ဘုန်းလျှံမောင်လည်း နားကြားမလွဲလိုက်။ အံ့အားသင့်နေသော အရိပ်အငွေ့တို့ကို မျက်မှန်မပါသော မျက်ဝန်းအိမ်တွင် ညီမိုးလွင် သေချာပေါက်မြင်လိုက်သည်။ ပြီးနောက် ခေါင်းကိုငုံ့ကာ ရှက်သွားလေတော့ ရေစက်အပြည့်နှင့် ပါးလေးက ပန်းသွေးရောင်တောင်သန်းလာသလို။
ဖြစ်ပျက်သမျှဟန်ပန်အားလုံးကို ရီဝေဝေလိုက်ကြည့်နေသည့် ညီမိုးလွင်က ကောင်လေးလည်း သူ့အပေါ်စိတ်ဝင်စားနေတာက ရိပ်စားမိသွားသည်။ ဆေးရုံမှာကတည်းက မျက်လုံးချင်းစကားပြောဖူးတာမို့ အခုက ပိုသေချာသွားတာပင်။
ဒါမို့ ကုန်တော့မည့်ဘီယာဗူးအစား ကောင်လေးလက်ကို အရဲစွန့်ဆွဲကိုင်လိုက်သည်။ ဘီယာလေးဗူးဝင်ထားတော့ စိတ်ထဲရှိသမျှ ပြုမူနေမိ၏။ ကောင်လေးမှာတော့ တစ်ချက်မော့ကြည့်လာပေမဲ့ ရုန်းထွက်မသွား။ ရှက်ပြုံးကလေးနှင့် ဘီယာတကျိုက်ကို မော့ချသည်။ ညီမိုးလွင်လည်း လက်တစ်ဖက်ကိုင်ဆုပ်ထားပြီး စက္ကန့်အလပ်မခံဘဲ ကောင်လေးကို ငေးကြည့်နေလိုက်တာပင်။
"လက်ကိုင်ထားပြီး အဲလိုကြီးငေးကြည့်နေရင် ကျွန်တော် တစ်မျိုးထင်လိုက်မိတော့မယ်နော် ဆရာ"
"ဘယ်လိုထင်မှာလဲ"
"ဆရာ ကျွန်တော့်ကို..."
"ဟင်း"
မရဲတရဲဖြစ်နေသော ကောင်လေးကို ညီမိုးလွင် ရယ်ပြုံးပြုံးကြည့်ပြီး မနေနိုင်တော့သည့်အဆုံး စင်ပေါ်မှ လက်ဆွဲခေါ်ထုတ်လာခဲ့သည်။ လူရှင်းသည့်ကားပါကင် ရောက်သည်အထိ ဘုန်းလျှံမောင်ကလည်း ရုန်းမထွက်မိသလို၊ ညီမိုးလွင်ကလည်း တွဲလက်မဖြုတ်ခဲ့။
ကားအနီလေးဆီရောက်တော့ ညီမိုးလွင် နှစ်ယောက်ထိုင်အနောက်ခန်းကို အလောတကြီးဖွင့်လိုက်သည်။ ပြီးနောက် ကောင်လေးကို လက်ဖြုတ်ပေးပြီး အရင်ဝင်စေလိုက်၏။ ရှေ့ခန်းမဟုတ်ဘဲ နောက်ခန်းမှာထိုင်စေတော့ ကောင်လေးမှာ ငေးကြောင်ကြောင်နှင့်သာ ဝင်ထိုင်ရှာသည်။ သို့ပေမဲ့ သူပါ ဝင်ထိုင်လိုက်တော့မှ တစ်ဖက်ကိုအမြန်တိုးပေးလေ၏။
ညီမိုးလွင် ကားတံခါးပိတ်တော့ ပြင်ပသံတွေ တိုးတိတ်သွားသလို၊ မြင်လည်းမမြင်ရတော့။ နှစ်ဦးသားအကြည့်တွေက မမြင်နိုင်သည့် မျဉ်းဖြောင့်တစ်ကြောင်းလို ဆက်သွယ်နေသည်။
"ခုနက ဘယ်လိုထင်လိုက်မှာလို့ ပြောတာလဲ"
ပခုံးပေါ်လက်တင်ရင်းမေးတော့ ကောင်လေးမှာစိတ်လှုပ်ရှားပြီး အသက်ရှူဖို့ပင် မေ့နေပုံပေါ်သည်။
"ဒီလိုကြီး နီးနီးကပ်ကပ်ဆက်ကြည့်နေရင် ဆရာလည်း ကျွန်တော့်ကို ... ကျွန်တော့်ကို စိတ်ဝင်စားနေတာလို့ ထင်မိတော့မှာ"
ထစ်အနေသောစကားလုံးတွေက ကောင်လေး၏မဝံမရဲမှုကို ဖော်ပြနေသည်။
"မှန်တယ်။ မင်းကိုစိတ်ဝင်စားနေတယ်။ မင်းအကြောင်းတွေလည်း ပိုသိချင်တယ်။ ပေါင်မုန့်လုံးကြိုက်တတ်တာတွေ၊ ခွေးတစ်ကောင်နဲ့လည်း စကားပြောနေတတ်တာတွေ၊ ခုလိုသင်္ကြန်ကို အရမ်းသဘောကျတာတွေ အားလုံးစိတ်ဝင်စားတယ်၊ သိလည်းသိချင်တယ်"
"တကယ်လား ဆရာ"
ကောင်လေး၏လက်တစ်ဖက်ယူကာ သူ့ရင်ဘတ်ပေါ်တင်စေလိုက်တော့ မျက်လုံးကလေး ဝင့်လို့ကြည့်၏။
"ကိုယ့်နှလုံးသားထက်က ကဗျည်းနဲ့သက်သေပြုလို့ရတယ်"
"ဘာရေးထားလို့လဲ"
"သင်္ကြန်မောင်တဲ့"
သူ့ကိုနောက်ပြောင်ခေါ်ကြသည့် နာမ်စားကလေးပြောတော့ ပြုံးစစနှင့် ရှက်နေသယောင်။
"မယုံရဲပါဘူးဗျာ"
"ဒါဆို OT (ခွဲစိတ်ခန်း) ဝင်ကြမလား"
"ဂျူတီမရှိဘူးလေ ဆရာ"
သူပြောတာကို နားမလည်သေးသောကောင်လေးက ဂျူတီဆိုတာနှင့် ပြူးပြူးပျာပျာ။
"လူနာတွေကိုကယ်နိုင်ဖို့ ခွဲစိတ်ပြီး အဖြေရှာရတယ်မလား။ မင်းလည်းမယုံဘူးဆိုရင် ကိုယ့်ရင်ဘတ်ကိုခွဲစိတ်ပြီး အဖြေရှာပေါ့"
"ဆရာဗျာ..."
ကောင်လေး ရှက်ရှက်နှင့် အရှေ့ဖက်ဆီမျက်နှာမူမယ်လုပ်တော့ ညီမိုးလွင် အလှည့်မခံ။ လက်ချောင်းတို့ကို ညင်သာစွာလှုပ်ရှားစေရင်း သူနှင့်အကြည့်ချင်း ပြန်ဆုံစေလိုက်၏။ ပြီးနောက် မေးဖျားမှသည်အထက်ပါးမို့ဆီ လက်ဖဝါးနှင့်အုပ်ကာ အနမ်းပန်းတွေ ကြဲခြွေလိုက်တာ သိမ်သိမ်မွေ့မွေ့။ အလိုက်သင့်မျက်လွှာချသွားသော ကောင်လေးမှာလည်း သူ့ပါးထက်ဆီ ညင်သာစွာထိတွေ့လာတော့သည်။
သင်္ကြန်က စိတ်နှလုံးရွှင်ပြုံးစေသည်။ သင်္ကြန်က ရင်ခုန်သံတွေ ထပ်တူကျစေသည်။ သင်္ကြန်က အချစ်တစ်ခု ပေါက်ဖွားလာစေသည်။ သင်္ကြန်ကြောင့်ပဲ နှစ်ကိုယ်တူ ရှင်သန်ဖို့အရေး တွေးမဆုံးတော့ပြီ။
မေတ္တာလမ်းခရီး မှန်းမျှော်ကြည့်ဖို့တော့ ကြိုးတပ်မျက်မှန်လေး ကူမှ။
ဝမ်းစာရိက္ခာ မပူပန်ရရေးဆိုလျှင် ပေါင်မုန့်လုံးလေး ယူမှ။
လမ်းများကြမ်းလို့ လဲခဲ့လျှင်တော့ သင်္ကြန်မောင်ကလေး ထူမှ။
💦 💦 💦 💦 💦
- Fi
ဧပြီ၊ ၂၀၂၂။
One shot လေးဖတ်ရအဆင်ပြေရဲ့လားမသိ။ Medical terms တွေ၊ House surgeon life တွေ မှီသလောက်လေ့လာလိုက်ရသေးတယ်။ ထပ်များဖတ်ချင်ကြသေးရင် Mini-story လေးတော့ ဖီ ရေးနိုင်ကောင်းရဲ့... ရေးဖြစ်လောက်ရဲ့...။
သတိချပ်စေချင်တာတော့ 'အပျော်သင်္ကြန်' မဟုတ်ဘဲ 'တော်လှန်သင်္ကြန်' မှာ တတ်နိုင်ရာဆင်နွှဲဖို့ပါပဲ။ ဘေးဘယာကင်းသော နှစ်သစ်အခါသမယ ဖြစ်ပါစေရှင်။
••••••••••••••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co