Truyen3h.Co

သင်္ကြန်မောင်

Part - 10 (Unicode)

Fi_Lay

(A/N) ညီမိုးလွင်နှင့် Eric Emerson တို့ ဘယ်လိုစပတ်သက်ခဲ့ပုံ၊ ပြတ်စဲသွားပုံတွေက 'Eyes On Me' ထဲမှာ ရေးမထားခဲ့ဖူးပါဘူး။ Ice ကိုဆေးခတ်ခဲ့တာကလွဲရင် ကျန်တာအကုန် 'သင်္ကြန်မောင်' ကျမှပဲ အသားပေးဖော်ပြပေးခြင်းပါ။ အရင် Fic ကိုမဖတ်ထားလည်း ကိစ္စမရှိဘဲအဆင်ပြေကြောင်း ပြောပေးတာပါနော်။

............................

ဘဝမှာ အစစအရာရာအဆင်ပြေစပြုလာပြီဆို မကောင်းတဲ့အဖျက်တွေ ဝင်ခိုက်တတ်တာက ညီမိုးလွင်၏အတိတ်ဘဝက ဝဋ်ကြွေးပဲဖြစ်မည်။ ပူနွေးအိုက်စပ်သောရာသီတွင်နေရချိန် ခဏတိုက််ခတ်လာသည့်လေညင်းမှာ သူ ပျော်မွေ့နေခဲ့သလိုပေါ့။ လေပြည်လေညင်းသည် မုန်တိုင်းရဲ့အစပျိုးနမိတ်တစ်ခုဆိုတာ မေ့သွားတဲ့ထိ လေညင်းရဲ့ရစ်သိုင်းမှုမှာ လူးလားပျော်ပါးနေမိတာ။

အပူတွေလောင်မြိုက်ခဲ့ရသော သူ့ဘဝတွင် ဘုန်းလျှံမောင်က လေညင်းကလေးဖြစ်လာခဲ့သည်။ Ice ရဲ့ညီဆိုတာ သိလျက်သားနဲ့ သူ့တမြေ့မြေ့ပျော်ဝင်လာခဲ့တာ သည်နေ့လိုအဖြစ်အပျက်ကို မတွေးမိနိုင်တော့တဲ့အထိ။

ရုပ်ရှင်ရုံလှေကားအတိုင်း တေးတေးပုခုံးကိုဖက်ပြီး တက်လာသောသူ့ကို အကြည့်စူးစူးတစ်ချက်က စိုက်ကြည့်နေခဲ့သည်။ 'အနားမှာရှိနေမပေးရင် သေရပါတော့မယ်' လို့ သူပြောခဲ့ဖူးတဲ့လူပေါ့။ အခုတော့ သူကအသက်မသေသေးတဲ့အပြင် ခပ်ငယ်ငယ်ကောင်လေးပုခုံးကိုပါ ဖက်ထားပြီးပျော်ပါးနေသေးတာ။ Eric အကြည့်တစ်ချက်နှင့်တင် သူ့လက်တစ်ဖက် ကောင်လေးပုခုံးပေါ်ကနေ လျှောကျသွားတာများ ချက်ချင်း။ 

အတွဲခုံတွင် သာမန်ချစ်သူစုံတွဲတွေလို ပူးကပ်နေတာမဟုတ်သည့်တိုင် Eric တို့နှစ်ယောက်ကိုတွဲမြင်လိုက်တာနှင့် ဘယ်လောက်ချစ်ကြတာကို အခုမြင်အခုသိနိုင်၏။ ဒါသည်သူလက်မခံချင်ခဲ့သော နာကျည်းဖွယ်အတိတ်ဖြစ်သလို၊ ပစ္စုပ္ပန်မှာလည်း ဘွားခနဲမြင်လိုက်ရတော့လည်း အထိတ်တလန့်။

သူ့ခြေလှမ်းတွေ ရပ်တန့်သွားတာထက် အသက်ရှင်ဖို့ကိုပင် မေ့လောက်အောင်ထိ နှလုံးခုန်နှုန်းတွေ ရပ်တန့်သွားခဲ့တာ။ အတိတ်တွေဝင်လာပြန်ပြီ။ ပျော်မြူးခဲ့တဲ့အတိတ်တွေ၊ ဆံပင်ရှည်ရှည်နှင့်လူသားအစား သူနဲ့ပဲအတူရှိခဲ့သည့်အတိတ်တွေ၊ လပေါင်းများစွာအနားယူခဲ့ပြီး မှတ်ဉာဏ်ထဲက ခက်ခက်ခဲခဲဖျက်ယူခဲ့ရတဲ့အတိတ်တွေ။

တကယ်တော့ ညာနေတာပါ။ အတိတ်ကိုမေ့နိုင်တယ်၊ ဖျောက်ဖျက်လိုက်နိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် လိမ်ညာခြင်းတစ်မျိုးပါပဲ။ ဘာနဲ့တူသလဲဆို မှတ်ဉာဏ်ထဲကအခန်းတစ်ခန်းမှာ အဲဒီအတိတ်တွေကို ချောင်ပိတ်လိုက်တာ၊ သော့ခတ်လိုက်တာပဲ။ နှစ်တွေကြာလို့ ကိုယ်တိုင်မဖွင့်ဘဲနေနိုင်ခဲ့ရင်တောင် အဲသည်အတိတ်ကိုဖန်တီးပေးခဲ့သူနဲ့တွေ့ရင် ဘယ်လောက်သော့ခတ်ထားထား သူ့အလိုလိုပွင့်အန်ထွက်လာတာမျိုး။

"ဘာလို့လဲ ကိုးကိုး"

"...."

"ကိုးကိုး"

မုန်တိုင်းဝင်စပြုပြီလို့ ဦးနှောက်မှာအချက်ပြချိန် လေပြည်ရဲ့တိုးတိုက်သံက နားထဲတိုးမဝင်နိုင်တာ ထုံးစံပါပဲ။ အသိစိတ်ဝင်သွားတာနဲ့ချက်ချင်း ညီမိုးလွင် လှည့်ထွက်ခဲ့တာချာခနဲ။ သူတို့ပြေးမလိုက်လည်း ကိုယ်ကရှောင်ပြေးချင်တာ နာကျည်းခဲ့တဲ့နေ့ရက်တွေကို မုန်းလို့ပါပဲ။ သူသည် တိုက်ပွဲမှာရှူံးနှိမ့်သွားသူတစ်ဦးလို သနားစရာအဖြစ် အမြင်မခံချင်တော့ပေ။ ဒါပေသိ မတော်တဆများပြန်တွေ့ခဲ့လျှင် မျက်နှာချီကာ ရင်ဘတ်ကိုဝင့်ထားမည်လို့တေးထားခဲ့သမျှ အခုတော့ ရှောင်ပြေးခဲ့ခြင်းနှင့် အဆုံးသတ်ပြန်သည်။

ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ။ ဘာမှပြန်လှည့်မကြည့်ဘဲ ပြေးလာလိုက်တာများ ကားနားရောက်သည်အထိ။

"ကိုးကိုး ကိုးကိုး ... ဘာမှမဖြစ်လောက်ပါဘူး၊ သူတို့က ကိုကြီးအေးချမ်းတို့ကို မတိုင်လောက်ပါဘူး။ တိုင်ခဲ့ရင်လည်း မပူနဲ့နော်။ ကိုကြီးတို့ကိုရော၊ မေမေတို့ကိုပါ ကိုးကိုးနဲ့ချစ်နေကြတာလို့ ဝန်ခံလိုက်မယ် ... တေးတေးအဆင်ပြေတယ်သိလား၊ အဲလောက်လန့်မသွားနဲ့နော်"

ကားနားရောက်သည်ထိ စကားတစ်ခွန်းမှမပြောဘဲ၊ ဘာမှဂရုမစိုက်ဘဲ ပြေးလာခဲ့သူကို လေညင်းလေးကနှစ်သိမ့်သည်။ ကောင်လေးခမျာ ဘာမှမသိရှာ။ ကားကိုမှီပြီးရပ်နေသည့် လူမိုက်ကြီးကိုသာ ချော့မြူနေရှာသည့်အဖြစ်။ ညီမိုးလွင် ဘာမှမပြောနိုင်သေး၊ မနားတမ်းပြေးလွှားခဲ့တာမို့ နှစ်ယောက်သားမောဟိုက်နေကြပြီ။ ရုပ်ရှင်ကြည့်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ပြီမို့ အိမ်ပြန်ကြဖို့ပဲ ညီမိုးလွင် ကားတံခါးဆွဲဖွင့်လိုက်သည်။

"တေးတေး မောင်းပေးမယ်၊ ဟိုဖက်မှာမှေးလိုက်ပါလား"

ဘာလဲ ... သည်ကောင်လေး ရိပ်မိတယ်လား။ အကြံပြုသလိုလိုနှင့် သူ့ထက်ကြီးမားသည့် ခန္ဓာကိုယ်ကြီးကို တေးတေးက တရွတ်တိုက်တွန်းထိုးပြီး ကားတစ်ဖက်ခြမ်းပို့တော့သည်။ သူ သည်လောက်ရုပ်ပျက်အောင် ပြေးလာခဲ့မိတာကို ဘာမှမမေးပုံထောက် တကယ်ပဲရိုးစင်းတာလား၊ မသိချင်ယောင်ဆောင်ပေးတာလား။

ကားကိုခပ်ဖြည်းဖြည်းမောင်းထွက်ခဲ့ပြီး တိုက်ခန်းပြန်ရောက်သည်ထိ နှစ်ယောက်သားတိတ်ဆိတ်နေခဲ့သည်။ သူကလည်း တစ်လမ်းလုံး မျက်လုံးတွေမှိတ်ထားမိတာကိုး။

"ကိုးကိုး ရောက်ပြီ၊ ဆင်းရအောင်လေ"

"တေးတေး..."

"ဗျ"

ညအချိန် တိုက်ရှေ့အလင်းရောင်သိပ်မရှိတာမို့ ကားထဲမှာလည်း အမှောင်ကျနေသည်။ သို့သော် မျက်နှာချင်းဆိုင်မိနေသောသူတို့နှစ်ဦး ကောင်းကောင်းတော့မြင်နေရပါ၏။

"ကားယူသွားပါလား။ နေရတာနည်းနည်းအဆင်မပြေလို့ အိပ်လိုက်ချင်တယ်။ မနက်မှဆုံကြမလား"

"မပြန်ချင်ဘူး ကိုးကိုး"

တစ်ခါမှ စကားနားမထောင်ဖူးတာမရှိသောကောင်လေးက သည်ညတော့သူ့လက်မောင်းကို ဖက်တွယ်လာသည်။ ရုပ်ရှင်လည်းမပြ၊ ညအတူအိပ်မယ်ဆိုတာလည်း ဖျက်မယ်ပြောတော့ ဘယ်လက်ခံချင်ပါ့မလဲ။ အင်းလေ ... အပြစ်လည်းမမြင်ရက်ပါပေ။ သရုပ်ပျက်နေတာ သူမဟုတ်လား၊ မေးချင်တာတွေ ရှိရှာမှာပေါ့။

"ဘာစကားမှမပြောဘဲ ကိုးကိုးအနားမှာပဲ တိတ်တိတ်လေးနေပါ့မယ်၊ ရတယ်မလား"

မငြင်းချင်သည့်အဆုံး ခေါင်းကိုသာဆတ်ပြလိုက်တော့ တေးတေးမှာ ပြုံးမယောင်ဖြစ်သွားသည်။ ဟုတ်ပါတယ်လေ ... ပြန်ပါတော့လို့ နှင်ထုတ်ရလောက်အောင် သည်ကောင်လေးမှာ ဘာအပြစ်ရှိလို့လဲ။ သူလိုလူကို ချစ်ပေးလွန်းလို့ ကျေးဇူးတောင်တင်ရဦးမည့််အဖြစ်။

ဤသို့ဖြင့် အပေါ်ထပ်သုံးလွှာကိုတက်တော့ သူ့နားထပ်ကြပ်မခွာပါလာသည်။ ဘာစကားမှမပြော၊ ဘယ်လိုမှလည်းမနှောင့်ယှက်ပါပေ။ အခန်းထဲရောက်သည့်တိုင် ကောင်လေးလုပ်ပေးနေတာက ထုံးစံအတိုင်း သူ မျက်နှာသစ်၊ သွားတိုက်ဖို့တဲ့။ ကိုယ်တိုင်သာဆို အိပ်ယာထဲဗိုင်းခနဲ လှဲချလိုက်မိမှာပေမဲ့ တေးတေး စိတ်ကျေနပ်အောင် ရေချိုးခန်းထဲဝင်လိုက်ပြီး အသင့်ပြင်ပေးထားသည့် သွားပွတ်တံကို ကောက်ကိုင်လိုက်သည်။ မှန်ပေါ်မှာ အရိပ်ထင်နေသည့် သူ့မျက်နှာကိုကြည့်တော့ ညစ်နွမ်းနေသလိုပါပဲ။

ညီမိုးလွင် ပြန်ထွက်လာတော့ တေးတေးက အခန်းအေးအောင် အဲလ်ကွန်းကို 18.C တွင် ချိန်ညှိပေးထားသည်။ အိပ်ရာအသင့်ခင်းပေးနေသည်။ မျက်နှာသုတ်ပဝါကို လက်ထဲလာထည့်ပေးတာကအစ ညဝတ်အိပ်တတ်သည့် ဝတ်စုံထုတ်ပေးတာအဆုံး စကားသံတစ်ခွန်းမှမထွက်။ ယုတ်စွအဆုံး သူအနေရမခက်အောင် မျက်လုံးချင်းပင်မဆုံ။

ကမ်းပေးလာသည့်တဘက်နှင့် ညီမိုးလွင် မျက်နှာသုတ်အပြီး အိပ်ရာပေါ်အိခနဲထိုင်တော့ ကောင်လေးက အပြင်ထွက်ဖို့လုပ်သည်။ အခန်းမီးကိုပါ အလိုက်တသိပိတ်ပေးသွားတော့ သူ့ရင်ထဲ ဟာတာတာ။

"ဘယ်လဲ"

"မျက်နှာသွားသစ်မလို့။ ပြီးတော့ ကိုးကိုးစောစောနားရအောင် ဒီညဟိုဖက်ခန်းမှာပဲ အိပ်လိုက်တော့မယ်"

"ဒီကိုလာပါဦး"

ဝါလဲ့လဲ့မီးရောင်သာရှိသော အခန်းထဲသို့ ကောင်လေးပြန်ဝင်လာခဲ့သည်။ အားနာရို့ကျိုးနေသည့် အကြည့်တွေကို သူ သိပ်သိတာပေါ့။ တစ်ခုခုကိုပြင်းပြင်းပြပြ သိချင်နေပေမဲ့ ကိုယ်စိတ်ရှုပ်မှာစိုးလို့ ထုတ်မမေးရက်ဖြစ်နေတဲ့ကောင်လေး။

အနားမှာလာမတ်တပ်ရပ်သူ၏ ခါးသိမ်သိမ်အား ညီမိုးလွင် ဖက်ထားလိုက်မိသည်။ ဗိုက်သား၏အိပျော့ပျော့အထိအတွေ့တွင် နစ်ဝင်သွားအောင်ထိ တနင့်တပိုးဖက်ထားမိလိုက်တော့တာ။ ညင်သာသည့်ကောင်လေးလက်တွေကလည်း သူ့ခေါင်းကို ပွတ်သပ်ပေးလာ၏။

"ဘာမှမမေးတော့ဘူးလား"

"အခုပင်ပန်းနေတယ်မလား၊ နောက်မှမေးရမယ်ဆိုလည်း ရပါတယ်"

"လာ ... ထိုင်"

တီရှပ်အဖြူဖုံးထားသော ဗိုက်သားလေးဆီ အနမ်းတံဆိပ်ခတ်လိုက်ပြီးမှ သူ့ရှေ့တည့်တည့်တွင် ထိုင်စေလိုက်သည်။ ညီမိုးလွင်ကတော့ တင်ပြင်ခွေထားပြီးသားဖြစ်ပေမဲ့ ကောင်လေးကတော့ ပုဆစ်တုတ်ကာ လက်နှစ်ဖက်ဖြင့် ချုပ်ထိုင်လေသည်။ ကြိုးတပ်မျက်မှန်လေးက သူ့ထက်ငယ်ပါတယ်ဆိုတဲ့ကောင်လေးကို ကလေးတစ်ယောက်အသွင် ဖြစ်နေစေတာပါပဲ။

"တေးတေး မေးချင်တာရှိရင် ပွင့်ပွင့်လင်းလင်းမေးလို့ရတယ်။ အမှန်အတိုင်းပဲ ဖြေပေးမယ်"

သူ သည်လိုထုတ်ပြောတာတောင်မှ ကောင်လေးက စက္ကန့်အနည်းငယ်ကြာသည်ထိ တွေဝေနေပုံရသည်။ အသက်၂၀ကျော်ရုံကောင်လေးက သူ့ထက်၁၃နှစ်လောက်ကြီးသည့် လူလတ်ပိုင်းတစ်ယောက်အတွက် ဘာတွေဘယ်လောက်များတွေးပေးနေလို့ ချက်ချင်းထုတ်မမေးနိုင်ရတာလဲ။

"ခုနက ပြေးထွက်လာခဲ့တာ တေးတေးကိုကြီးကို ပြန်ပြောမှာစိုးလို့ဆိုတာထက် တခြားအကြောင်းရှိလို့မလား။ အဲဒါမို့ သူတို့ကိုတွေ့တွေ့ချင်း ပြေးသွားတာမလား"

"အင်း"

"မဟုတ်မှ ... နိုင်ငံခြားသားကြီး Eric က ကိုးကိုးရဲ့ရည်းစားဟောင်းဆိုတာများလား"

အားလုံးကိုခန့်မှန်းမိနေသော တေးတေးကြောင့် ညီမိုးလွင် ခေါင်းတဆတ်ဆတ်ညိတ်ပြရပါ၏။ ကောင်လေးက တကယ်ကိုအရိပ်အကဲမြန်တာပဲ။

"သူရိန်ခေတ်နဲ့ နှစ်ယောက်ထိုင်နေတာကို Eric လို့ ဘာလို့အတိအကျထင်တာလဲ"

"အချိန်ကြာကြာချစ်ဖူးတဲ့သူတွေက စကားအသုံးအနှုန်းတွေ တူနိုင်တာပဲလေ။ တစ်ယောက်စီက တစ်ယောက်ကူးတာလိုမျိုးပေါ့ ... ဟော့ပေါ့ဆိုင်မှာ ကိုးကိုးပြောတဲ့ ဂျာမန်စကားပုံကို Eric ပြောတာလည်းကြားဖူးတယ်။ ဒီတိုင်းကားမောင်းနေရင်း စဉ်းစားမိတာပါ။ ဒါပေမဲ့ နားမလည်တာက ကိုးကိုး ဘာလို့ထွက်ပြေးရတာလဲ။ ဒီတိုင်းရည်းစားဟောင်းကို အမှတ်မထင်တွေ့တာပဲလေ"

"အမှားလုပ်ထားလို့ပေါ့ တေးတေးရယ်။ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့သလို အမှားတွေလုပ်ထားလို့ပေါ့။ မင်းရဲ့ကိုးကိုးက လူကောင်းမဟုတ်ဘူး သိရဲ့လား"

ညီမိုးလွင် သည်လိုပြောတော့ ကောင်လေးလက်တွေက အလျင်အမြန်ပဲ သူ့ကိုယ်လုံးဆီထွေးပွေ့လာသည်။ ပြီးနောက် ရင်ဘတ်တွင်မျက်နှာအပ်ရင်း၊

"လူတိုင်းအမှားတွေ လုပ်တတ်ကြတာပါပဲ ကိုးကိုးရယ်။ တစ်ခါမှားဖူးတာအတွက် တစ်သက်လုံးနာကျင်ပြီး ရှောင်ဖယ်နေစရာမလိုပါဘူး။ အဓိကက ကိုးကိုးအခု လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလေ။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ တေးတေး နားလည်ပေးလို့ရပါတယ်"

"မဟုတ်ဘူး။ အမှားတိုင်းက အဲလောက်မရိုးစင်းဘူး။ ဘာမှမသိဘဲနဲ့ ဇွတ်နားလည်မပေးနဲ့ တေးတေး"

"ကိုးကိုးကို တေးတေးချစ်တယ်လေ။ ကိုယ်ချစ်တဲ့သူကို ယုံကြည်ပြီးနားလည်ပေးရမှာပေါ့ မဟုတ်ဘူးလား"

ထိုအချိန်တွင် ဖက်ထားသည့်ဘုန်းလျှံမောင်တစ်ယောက် ညီမိုးလွင်၏ဖယ်ခွာခြင်းကို ခံလိုက်ရသည်။ ပြီးနောက် မောဟိုက်သောလေသံဖြင့် တရစပ်ပြောသမျှကို နာနာကျင်ကျင် နားထောင်လိုက်ရ၏။

"မင်းသိပ်ချစ်တဲ့ မင်းရဲ့ကိုကြီး Ice ... သူ့ကိုရူးရူးမိုက်မိုက်နဲ့ဆေးခတ်ခဲ့ဖူးတယ်ဆိုရင်ရော နားလည်ပေးနိုင်ပါဦးမလား"

လိုက်မမှီခဲ့တဲ့အတိတ်တွေကြောင့် တေးတေးတစ်ယောက် ဘာစကားမှမပြောနိုင်အောင်ထိ ဆွံ့အသွားသည်။ စိတ်ဆိုးမာန်ဆိုးဖြစ်တာမျိုးမဟုတ်ဘဲ ဘာတွေဘယ်လောက်တောင်ခက်ခဲခဲ့လို့ သည်လိုတွေဖြစ်ခဲ့ရတာလဲဆိုသည့် ဂရုဏာသက်သည့်အကြည့်မျိုး။ တေးတေး၏ အသံတိတ်မေးမြန်းမှုတွေကို ညီမိုးလွင်နားလည်နေခဲ့ပါသည်။

"Eric ... Eric ကို အရမ်းစွဲလမ်းခဲ့တာ။ ပထမဆုံးစမြင်ဖူးကတည်းက ဒီလူကိုအပိုင်လိုချင်လိုက်တာလို့ တွေးခဲ့ဖူးတာ။ ဒါပေမဲ့ Eric က သူ့တပည့်သူရိန်ခေတ် သူ့ကိုပြန်မကြိုက်တာကိုပဲ တစ်ချိန်လုံးခံစားနေခဲ့တယ်။ ရေလာမြောင်းပေးလုပ်နေခဲ့တဲ့ ကိုယ့်ကိုတောင် ဂရုမစိုက်ဘဲနဲ့လေ"

ခါတိုင်းအေးဆေးတည်ကြည်ဟန်ရှိသော ညီမိုးလွင်သည် အခုတော့ လက်သီးနှစ်ဖက်ကျစ်ကျစ်ပါအောင်ဆုပ်ရင်း အတိတ်ဟောင်းကိုပြန်တူးဖော်ကာ မောဟိုက်နေသည်။ တေးတေးခမျာမှာတော့ ချစ်သူ့မျက်လုံးတွေကို အကြည့်မလွှဲဘဲ သေချာဆင်ခြင်သုံးသပ်နေသည့်ဟန်။

"ဒါမို့ Eric ဘေးမှာနေပြီး သူရိန်ခေတ်ထက် အဆပေါင်းများစွာသာအောင်၊ ကောင်းအောင် ကြိုးစားချစ်ပြခဲ့တာ။ ဒါပေမဲ့ မင်းသိလား ... Eric နှုတ်က နေ့စဉ်ရက်ဆက် 'သူရိန်၊ သူရိန်၊ သူရိန်'ဆိုတာတွေပဲ ကြားနေခဲ့ရတယ်။ ချစ်သူဖြစ်တဲ့ကိုယ့်ထက် သူရိန့်ကိုပဲ ဦးစားပေးသလို ခံစားရတယ်၊ ချစ်သူဖြစ်တဲ့ကိုယ့်ထက် သူရိန်နဲ့ အချိန်တိုင်းအတူရှိနေခဲ့တယ်။ သူတို့ရိုးဖြောင့်တာသိပေမဲ့ သဝန်တိုတတ်တဲ့ကိုယ့်စိတ်ကြောင့် နေ့တိုင်းပြဿနာတွေဖြစ်ကြတာပေါ့။ နောက်ဆုံး PA ကိုအလုပ်ဖြုတ်လိုက်ပါလို့ပြောတော့ ချစ်သူဖြစ်တဲ့ကိုယ့်ကိုပဲ လမ်းခွဲသွားတယ်။ Eric နောက်ဆုံးပြောခဲ့တဲ့စကားက သူ့ဘဝကို အဲလောက်ထိဝင်မစွက်ဖက်သင့်ဘူးတဲ့"

"သူတို့နှစ်ယောက်က အဲဒီအချိန်ကတည်းက တွဲနေကြလို့လား"

ညီမိုးလွင်က မောဟိုက်သလို၊ နွမ်းလျသလိုနှင့် တရစပ်ပြောနေပေမဲ့ တေးတေးလေသံကတော့ ခပ်တိုးတိုးပင်။

"မတွဲပါဘူး။ ကိုယ့်သဝန်တိုတတ်လွန်းလို့ နှစ်ယောက်သားဆက်ဆံရေးမှာ အဆိပ်အတောက်တွေဖြစ်ခဲ့တာထင်ပါတယ်။ ဟား ... ဒါကိုတောင် မင်းကိုးကိုးက ချက်ချင်းသဘောမပေါက်ဘဲ Eric နောက်တကောက်ကောက်လိုက်ခဲ့တော့ ရဲတွေဆွဲခေါ်တာလည်း ခံခဲ့ရဖူးတယ်။ မိဘတွေအဝေးမှာမို့ ကိုယ့်အထက်က ပါမောက္ခကိုယ်တိုင်လည်း အာမခံနဲ့ထုတ်ပေးခဲ့ရဖူးတယ်။ အရင်ဆေးရုံအုပ်ကြီးဆို အတော်စိတ်ဆိုးပြီး ကိုယ့်ကိုနယ်ပြောင်းချလိုက်တာပဲ"

အချစ်ဆိုတာ တစ်ခါတရံစုံလုံးကန်းသလို ဖြစ်တတ်တဲ့အကြောင်းတွေ ညီမိုးလွင် တမြေ့မြေ့ဖြင့်ပြောပြနေခဲ့သည်။ နားထောင်ရင်း လက်ဖမိုးလေးတွေကို ပွတ်သပ်ပေးနေသူကတော့ ဘုန်းလျှံမောင်ပဲပေါ့။

"ကိုကြီးအေးချမ်းကို ဆေးခတ်လိုက်တယ်ဆိုတာကရော"

"အဲဒါကိုယ် နယ်ကပြန်ရောက်လာမှ။ ကြားထဲမှာ Theraphist နဲ့လည်းကု၊ အချိန်ကြာတော့လည်း အနာကျက်လောက်ပြီထင်ခဲ့တာ ... Ice ကိုအောက်ထပ်ကအခန်းမှာ တွေ့လိုက်ရတော့ စိတ်တွေထွေသွားပြန်တယ်။ ကိုယ်နဲ့တစ်တိုက်တည်းမနေချင်လို့ ရှောင်သွားတဲ့ Eric က သူ့ဝန်ထမ်း Ice ကို လာလာကြိုနေတာတွေ့ရတော့ ဒေါသတွေပြန်ထွက်လာတယ်။ ငါတော့ခက်ခဲတဲ့အချိန်တွေ နှစ်ချီကျော်ဖြတ်ခဲ့ရတာ ... သူကတော့နောက်တစ်ယောက်ကို ချစ်နေနိုင်တယ်လားဆိုတဲ့စိတ်တွေ ဖြစ်လာတာ။ အဲဒီအတွေးတွေကပဲ ရူးရူးနှမ်းနှမ်းတွေလုပ်ဖြစ်အောင် တွန်းအားတစ်ရပ်ဖြစ်ခဲ့တယ်ထင်တယ်။ Ice ကိုခဏအိပ်ပျော်သွားအောင်် ဆေးခတ်လိုက်ရင် Eric မရောက်,ရောက်အောင် လာမယ်ဆိုတာသိတယ်လေ။ ဒါပေမဲ့ ထင်ထားတာတွေ တလွဲပဲ။ မြတ်ဟန်သာ ပယ်ပယ်နယ်နယ်ထိုးတာခံလိုက်ရပြီးမှသိတာ Ice ကသူ့လူတဲ့။ Eric ကတော့ ကိုယ်ကြည့်နေတာသိလျက်နဲ့ သူရိန်ခေတ်ကို တရှိုက်မက်မက်နမ်းပြတယ်။ ကိုယ် ဆေးကုနေချိန်၊ ခက်ခဲနေချိန်တွေမှာ မက်မောခဲ့တဲ့အနမ်းတွေ"

နှစ်ရှည်လများခက်ခဲခဲ့သည့် အတိတ်တွေအကုန်ပြောပြပြီးနောက် ကန္တာရခရီးကြမ်းကြီးတစ်ခုကို နှင်လာရသလို မောဟိုက်နေခဲ့သော ညီမိုးလွင်ခမျာမှာ မီးဟပ်ခံရသလို မျက်နှာတစ်ခုလုံး ချင်းချင်းနီနေလေပြီ၊ မျက်ရည်တွေလည်း တသွင်သွင်စီးကျနေလေပြီ။ တေးတေးဆုပ်ကိုင်ပေးထားသော လက်နှစ်ဖက်ကပင် ထိန်းဆုပ်ပေးလို့မရအောင် တုန်လှုပ်နေချေပြီ။ တေးတေးလည်း ထပ်တူငိုချမိပါ၏။ ဝမ်းနည်းနေသော နှလုံးသားလေးအားလည်း ကိုယ်ချင်းပွေ့ကာ နှစ်သိမ့်မိပါ၏။ ပြန်ရစ်သိုင်းလာသော ကိုးကိုးလက်နှစ်ဖက်မှာ အားကိုးခြင်းတွေ ပါဝင်နေခဲ့ချေပြီ။

ချစ်သူနာကျင်လျှင် ကိုယ်ပါနာကျင်ရသည့် ခံစားချက်မျိုးက ရောဂါပိုးတစ်ခုလို ကူးစပ်မြန်လွန်းသည်။ တည်တည်ကြည်ကြည်နှင့် အမြဲရင့်ကျက်သလိုရှိသော သူ့ကိုးကိုးက သည်နှစ်တွေအတွင်း ဘယ်လိုတောင်ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းခဲ့ရလေမလဲ။ အချိန်ဆိုတာ ပျော်ရွှင်နေခဲ့ရင် ကုန်မြန်သလိုထင်ရပေမဲ့ ခက်ခဲနာကျင်နေချိန်တွေဆို ညတစ်ညကုန်ဆုံးဖို့တောင် တစ်ကမ္ဘာလိုကြာတတ်တာမလား။

တစ်စုံတစ်ယောက်ကို စူးစူးနင့်နင့်ချစ်မိခြင်းက အသက်သေတာထက်ဆိုးတဲ့ ငရဲရောက်သလိုနေ့ရက်တွေ ဖြတ်သန်းရတာ၊ ဟိုဟိုသည်သည် ယှဉ်မိရင်းက ကိုယ့်ကိုယ်ကိုယ် အထင်မကြီးနိုင်တော့တဲ့အထိ သိမ်ငယ်ညံ့ဖျင်းတယ်ထင်လာရတာ၊ ဘဝမှာ ဘယ်သူမှအနားမရှိတော့ဘူးလို့တွေးပြီး အားငယ်နစ်မွန်းစိတ်တွေ ဖြစ်လာတာ ... ဒါတွေအားလုံးဟာ အချစ်လွန်လွန်းလို့ ကိုယ့်ကိုယ်ကိုယ်ပြန်ထိုးနေမိတဲ့ အန္တရာယ်ဓားချက်တွေလိုပါပဲ။ အားကိုးတွယ်တာစရာ မရှိဖြစ်နေခဲ့မည့်သူကို တေးတေး ပိုတင်းကျပ်စွာဖက်ရင်း နှစ်သိမ့်ရသည်။

"ကိုးကိုး ဘာမှမမှားခဲ့ဘူးနော်။ အရင်လို စိတ်ဆင်းရဲပြီးလည်း မနေရဘူး။ သိမ်ငယ်ပြီး ရှောင်ပေးစရာလည်းမလိုဘူး။ ကိုးကိုးဘေးမှာ တေးတေးအမြဲရှိနေမှာ။ 'မျက်ရည်' ဆိုတဲ့စကားလုံးကိုတောင် ကိုးကိုးအဘိဓာန်မှာ ပျောက်သွားလောက်အောင်ထိ အရမ်း,အရမ်းချစ်ပေးမှာ။ နောက်ဆုံးဗျာ ... ကိုးကိုး မပျော်တော့ဘူးလို့ခံစားလာရရင် တေးတေးလည်း အသက်မရှူဘဲ နေပစ်လိုက်တော့မှာ"

ထိုအချိန် ဒူးထောက်ထား၍ မြင့်မားနေသောတေးတေးရင်ခွင်ထဲတွင် မျက်နှာအပ်ထားသည့်ညီမိုးလွင်တစ်ယောက် ခေါင်းတခါခါဖြင့် မော့ကြည့်ရှာသည်။ ဝါကျင့်ကျင့်မီးရောင်အောက်တွင် စိုစွတ်နေသောသူတို့မျက်ရည်တွေမှာ ပါးပြင်ပေါ် ဝင်းဝင်းလက်လက်။

"ကိုးကိုး ပျော်ပါတယ်။ ဒီနှစ်ထဲမှာတေးတေးကြောင့် အများကြီးပျော်နေရတယ်။ အစကတော့ Ice ညီဆိုတဲ့အသိကြောင့် ဆေးခတ်ခဲ့ဖူးတဲ့အကြွေးကိုဆပ်ချင်လို့ သတိထားပြီး စောင့်ရှောက်ခဲ့တာ။ ညီဖြစ်သူကို ဂရုစိုက်ပေးတာက သူ့အစ်ကိုအပေါ် တတ်နိုင်သ၍ အကြွေးဆပ်တာပဲလို့တွေးခဲ့ပေမဲ့ ဒါကို Ice သိဖို့လည်းမရည်ရွယ်ခဲ့ဘူး။ ကိုယ့်ဝိညာဉ်၊ ကိုယ့်လိပ်ပြာလုံဖို့ပဲ ဂရုစိုက်ပေးခဲ့တာ။ ဒါပေမဲ့ ဒီလောက်ထိသံယောဇဉ်တွယ်လာမိမယ် မထင်ခဲ့ဘူး။ ပိုဆိုးတာက မထိုက်တန်မှန်းသိလျက်နဲ့တောင် တေးတေးအချစ်တွေကို သဲ့ယူနေခဲ့မိတယ်"

"လုပ်ပြန်ပြီ။ ဘာလို့မထိုက်တန်ရမှာလဲ"

"အရသာဘယ်လောက်ကောင်းကောင်း ဆီချေးစော်နံတဲ့ အာလူးကြော်ကိုတော့ ဘယ်သူမှမစားဘူးလေ"

"ဒါဆိုလည်း ဘယ်သူမှမစားတဲ့ အဲဒီအာလူးကြော်ကို ဆီဦးထောပတ်နဲ့ မွှေးကြိုင်နေအောင် ပြန်ကြော်ပစ်လိုက်မယ်။ အရင်ထက် အနံ့ရော၊ အရသာပါပိုကောင်းသွားရင် လူတွေဝိုင်းလုနေမှာတောင် စိုးရတယ်သိလား။ အခုလည်း ကိုးကိုး လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလေ။ ဒါမို့ တည်ကြည်ပြီးထက်မြက်တဲ့ဆရာဝန်ကြီးက တေးတေးအချစ်နဲ့ မထိုက်တန်ပါဘူးလို့ ဘယ်တော့မှမပြောနဲ့။ အတိတ်တွေကြောင့် ကိုကြီးတို့သဘောမတူမှာလည်း ပူမနေနဲ့ ... အားလုံးတားမရအောင် ချစ်တာပါဆို"

သည်လိုပြောတော့ ညီမိုးလွင်က ရုတ်တရက်ဆွဲချလိုက်သည်။ တေးတေးဒူးထောက်နေရာက ထိုင်လျက်ပြန်ကြသွားပါ၏။ ပြီးနောက် မျက်မှန်အောက်က ရွှဲနေသည့်မျက်ရည်တွေမြင်တော့ အပေါ်ပင့်တင်ကာ သူ့လက်ခုံဖြင့် သုတ်ပေးပြန်တာပင်။ စိတ်ကျေနပ်အောင်ကြည့်ပြီးကာမှ လက်ဖဝါးနှစ်ဖက်ဖြင့် တေးတေးပါးပြင်နွေးနွေးကို ထွေးဆုပ်လိုက်သည်။ ကောင်လေးမျက်နှာသေးသေးမှာ ညီမိုးလွင်လက်ဖဝါးနှစ်ဖက်အတွင်း ပြည့်ပြည့်ကလေးနှင့်။

"တေးတေးကို အနားမှာအမြဲနေပါဆိုပြီး ဆွဲမထားရက်ဘူး။ ဒါပေမဲ့ ဝေးဝေးနေဆိုပြီး လက်လွှတ်ပေးလိုက်ဖို့လည်း စိတ်ကမရဲပြန်ဘူး"

ညီမိုးလွင်က သက်ပြင်းတစ်ချက် လှိုင်လှိုင်ချရင်း ဖြည်းဖြည်းပြောလက်စ သူ့စကားကို စက္ကန့်အနည်းငယ်ခြားလိုက်ပြန်သည်။ မျက်ရည်စတွေသီနေသည့် တေးတေးကတော့ မျက်တောင်လေးပုတ်ကာ ဆက်ပြောမည့်စကားတွေကို စောင့်နေရှာ၏။

"အဲဒါမို့ တေးတေးကိုချစ်ပါတယ်လို့ သေချာဝန်ခံဖို့ သတ္တိမရှိခဲ့တာ။ ဘယ်လိုလုပ်ရမလဲ ... ကိုးကိုးအချစ်တွေက အဆိပ်အတောက်ထပ်ဖြစ်လာမှာစိုးတယ်။ အဲလိုဖြစ်လာလို့ နောက်တစ်ခါထားခဲ့ခံရရင်တော့ ကိုး တကယ်သေမှာ"

"ကိုးကိုးရာ..."

အပြောနှင့်အတူ နှုတ်ခမ်းနွေးနွေးကပါ တခြားတစ်ဖက်ဆီသို့ တံဆိပ်ကပ်နှိပ်ပြီးသား ဖြစ်သွားသည်။ အချစ်၏အညင်သာဆုံးနှင့် အထိရောက်ဆုံး နှစ်သိမ့်နည်းတွေထဲမှာ ထွေးပွေ့ပေးတာအပြင် အနမ်းဝေမျှခြင်းတွေလည်း ပါသေးသည်မလား။ တစ်ယောက်ယောက်ကို နှစ်သိမ့်ပေးရင်း ဘဝကိုကုန်ဆုံးရမယ်ဆိုလည်း တေးတေးအတွက် အခါခါရွေးနေမိမှာ ကိုးကိုးတစ်ယောက်ပါပဲ...။

14.6.2022

..................

The best song for this episode:
Moral of the Story!

[There should be a GIF or video here. Update the app now to see it.]



•••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co