Part - 11 (Unicode)
ပြတင်းကလှမ်းမြင်နေရသော ကောင်းကင်တစ်ခွင်မှာ မိုးတိမ်တို့ခပ်အုံ့အုံ့။ ညဂျူတီဝင်ထားရတာမို့ နေ့ထွက်ချိန်မှာအိပ်ခဲ့သော ဘုန်းလျှံမောင်တစ်ယောက် တိုက်ခန်းတွင် တစ်ယောက်တည်းသာရှိသည်။ အတူနေသူငယ်ချင်းနှစ်ယောက်က ကုမ္ပဏီဝန်ထမ်းတွေမို့ နေ့ခင်းဘက်ဆို မရှိကြ၊ သူ အေးဆေးအိပ်ဖြစ်သွားသည်။ နိုးလာတော့ မနက်စောစောကလိုတောင် နေအလင်းရောင်မရှိတော့၊ ခပ်ညို့ညို့မိုးသားတွေက ကောင်းကင်တွင် နေရာယူပြီးသား ဖြစ်နေကြပြီ။
ရေချိုး၊ အဝတ်အစားသပ်သပ်ရပ်ရပ် ဝတ်ဆင်အပြီးတွင်တော့ ဗိုက်ထဲဟာသလိုလို ဖြစ်လာသည်။ ဟိုကောင်တွေကျော်ထားသည့် ငါးခြောက်ငရုတ်သီးကြော်၊ အေးစက်စက်ထမင်းတစ်အိုးနှင့် ကြက်ဥကြော်တစ်ခြမ်းပဲ့တော့ ရှိပါရဲ့။ အာလူးကြော်လေးတစ်ထုပ်ဖောက်၊ အကြော်ဆံလေးဖြူးစားလိုက်ရင်လည်း ပေါ့ပေါ့ပါးပါး ထမင်းတစ်နပ်ပြီးတာပါပဲ။
သို့ပေမဲ့ ကိုကြီးမေမေ ဒေါ်လေးကခေါ်ထားတာကြာပြီကို သတိရလိုက်သည်။ ဖုန်းဆက်ကြည့်တော့လည်း ဒေါ်လေးအားတယ်၊ အိမ်လာမှထမင်းစားဆိုတော့ သူ့အတွက်ဟန်ကျတာပေါ့။ တစ်ညနေလုံးလည်း အားနေမဲ့အတူတူ သွားလိုက်ဖို့သာ စိတ်ကူး၏။
တိုက်အောက်ဆင်းလာပြီး လမ်းဟိုဖက်၊ သည်ဖက်ကို ငဲ့ကြည့်တော့ အငှားကားတွေမရှိ။ လွယ်နေကျအိတ်လည်း ထားခဲ့တာမို့ ဂျင်းဘောင်းဘီထဲ သားရေခေါက်ပိုက်ဆံအိတ်နှင့် ဖုန်းထည့်ပြီး လမ်းညာဖက်ခြမ်းသာ ကပ်လျှောက်လာခဲ့သည်။ နာရီကြည့်လိုက်တော့ တစ်နာရီထိုးလုလု။ ပုံမှန်သည်အချိန်ဆို အသစ်ဆင်းနေရသည့် ဗဟိုအမျိုးသမီးဆေးရုံ၏ OG Ward မှာ ထမင်းစားချိန်ဖြစ်သည်။ အတိအကျသတ်မှတ်ထားတာရယ် မဟုတ်ပေမဲ့ သူတို့တစ်သိုက်ကတော့ သည်အချိန်စားရတာကို အကြိုက်ကြဆုံး။
ကိုးကိုးရော ခုချိန်ဆို YGH မှာ ထမင်းစားပြီးရဲ့လားမသိ။ ခုနက နိုးနိုးချင်းစာပို့တာတော့ ခုထက်ထိအကြောင်းမပြန်၊ အားပုံမပေါ်သေးပေ။ သည်ဖက်ဆေးရုံက OG ward ကို ပြောင်းလာတာတစ်ပတ်ရှိပြီပေမဲ့ နှစ်ယောက်သားခွဲရတာကို သိပ်အသားမကျသေးပါ။ အထူးသဖြင့် ဘုန်းလျှံမောင်ပါပဲ။ မွေးခန်းဝင်ရတာလည်း အသားမကျသေး။ ကလေးမထွက်လို့ တအီးအီးအော်ငိုသည့် မိန်းမသံတွေလည်း နားမယဉ်သေး။ ကလေးငိုသံ တကွဲကွဲကြားရရင်လည်း ဘယ်လိုချော့ရမယ်မှန်း အထာမနပ်သေးပါချေ။
"အစ်ကို ကားအားလား"
"အေးကွ အားတယ်၊ ဘယ်သွားမှာလဲ"
"မြေနုလမ်းထဲ"
"တက်တက်"
မြို့မကျောင်းလမ်းမှ မြေနုလမ်းသွားဖို့ဆို ပြည်လမ်းပေါ်တက်ပြီး တွေ့ရာဘတ်စ်တက်စီးသွားလည်း ရောက်တော့ရောက်ပါသည်။ ဒါပေသိ လမ်းလည်းမလျှောက်ချင်တော့သလို ဗိုက်လည်းဆာနေပြီဖြစ်၍ ကားသာငှားလိုက်တော့သည်။ ရုံးတက်ချိန် နေ့ခင်းဆိုတော့ ဦးဝိစာရလမ်းပေါ် ကားသိပ်ရှုပ်မနေချေ။ အချိန်တိုတိုအတွင်း ဒေါ်လေးဆီ ရောက်သွားပါ၏။
"လာ ... သားလာ၊ မင်းကိုကြီးလည်း ထမင်းစားနေတာရှိတယ်။ လက်ဆေးပြီး တစ်ခါတည်းဝင်ထိုင်လိုက်တော့"
အထဲဝင်ဝင်ချင်း ဖြူဖြူသွယ်သွယ်ဒေါ်လေးဆီက နံသာဖြူအနံ့လေး ဦးစွာရသည်။ ထုံးစံအတိုင်းပါပဲ။ တစ်ယောက်ဆီတိုင်းမှာ ကိုယ်ပိုင်ရနံသင်းသင်းကလေးတွေ ရှိတယ်ဆိုတာ မယုံနိုင်စရာပါပဲ။ သူ့ကိုယ်သူတော့ ဘာနံ့ရသည်မသိ။ ကြာကြာနေဖူးသည့် ဘေးလူတွေကိုတော့သိသည်၊ ဘုန်းလျှံငယ်ငယ် သီပေါမှာကတည်းက ရင်းနှီးနေသည့်ဒီရနံ့၊ ဒေါ်လေးနားကပ်တိုင်း ရနေကျရနံ့ပဲဖြစ်သည်။
"ကိုကြီး ရုံးမသွားဘူးလား"
"သွားရတာပေါ့၊ မသွားရင် Eric ကဘယ်လစာပေးမလဲ။ နှစ်နာရီကျရင် ဧည့်သည်တွေ့စရာရှိလို့ အိမ်မှာထမင်းဝင်စားလိုက်တာ။ ဘယ်လိုလဲ၊ ဆေးရုံပြောင်းဆင်းရတာ အဆင်ပြေရဲ့လား"
အစကပြေသလိုလိုပေမဲ့ Eric ဆိုသောအသံကြားမှ ဘုန်းလျှံ ထိတ်ခနဲဖြစ်သွားသည်။ သူတို့အတွဲနှင့် ရုပ်ရှင်ရုံမှာဆုံပြီးတာ တစ်ပတ်လောက်တော့ကြာပြီ။ ကိုးကိုးကတော့ ပြောတာပါပဲ ... 'Eric အကျင့်အရဆိုရင် သူများကိစ္စဝင်ပါမဲ့သူ မဟုတ်ဘူး၊ Ice ကိုမပြောလောက်သေးဘူး' တဲ့၊ တကယ်လည်း ကိုကြီးသိပုံမပေါ်သေး။ သူ့ကိုပုံမှန်အတိုင်း ဆက်ဆံဆဲဖြစ်သည်။ ဘုန်းလျှံ အိမ်ကစထွက်လာကတည်းက ကိုကြီးကိုဖွင့်ပြောဖို့ စိတ်ကူးရှိပြီးသားမို့ တစ်ခါတည်းပြောပြလိုက်ရင်များ ကောင်းမလားမသိ။
"သား အဆင်ပြေပါတယ်။ ဒါနဲ့ကိုကြီး ညနေစောစောပြန်ရောက်မှာလား"
"၉နာရီထက်တော့ မစောလောက်ဘူး၊ ဒီည စာသင်စရာရှိသေးတယ်"
NUS မှာပညာသင်ဆုတောင် ရလာတယ်လို့ပြောဖူးသည့် ကိုကြီးက တော်ရုံတော့မဟုတ်ပါချေ။ ဒါမို့လည်း အသက်ငယ်ငယ်နှင့် ပုဂ္ဂလိကစီးပွားရေးကျောင်းမှာ စာသင်ပြနေရသူဖြစ်သည်။ အသက်မွေးဝမ်းကျောင်းပညာမှာ ထူးချွန်သူဆိုတော့လည်း ငွေဆိုတာကို ကိုယ်ကတောင်လိုက်ရှာစရာမလို၊ ငွေပေးချင်သူတွေက ကိုယ့်ကိုလာရှာကြရတာပါပဲ။ သူလည်း ကိုကြီးလိုကြိုးစားချင်စိတ်တွေ ဖြစ်ရပါ၏။
"မင်းကိုကြီးကဟေး နေ့ဆိုရုံးသွား၊ ညဆိုစာသင်နဲ့ ပမ်းပါတယ်ဆိုတာ ပြောလည်းမရပါဘူး"
"တစ်ပတ်မှာ သုံးချိန်ပါပဲ မေမေရ"
ဟင်းရည်ထပ်ဖြည့်လာသော ဒေါ်လေးကို ကိုကြီးကထိုင်နေရင်း ခါးကသိုင်းဖက်သည်။ တစ်သက်လုံးမတွေ့ဖူးခဲ့သည့်အမေကို ပြန်တွေ့ရတာ ငါးနှစ်လောက်ရှိပြီပေမဲ့ ကိုကြီးကအခုထိ ဒေါ်လေးအပေါ် တွယ်တွယ်တာတာရှိတုန်း။
"ဒါဆို ထမင်းစားပြီးရင် သားခဏပြောစရာရှိလို့"
ဒေါ်လေးပြန်ထွက်သွားမှ ခပ်တိုးတိုးပြောလာသော ဘုန်းလျှံစကားကြောင့် အစ်ကိုဝမ်းကွဲဖြစ်သူ Ice တစ်ယောက် မျက်လုံးကလေးပြူးသွားသည်။ ခေါင်းကိုလည်း တဆတ်ဆတ်ညိတ်ရှာပါ၏။
"သားကို သူဇာ ဖုန်းဆက်ရဲ့လား။ မင်းရဲ့မေမေကြီးကလေ ဆီးကျောက်တည်တာ မသက်သာပါဘူး။ ရန်ကုန်လာပြီးခွဲပါဆိုတာလည်း သီပေါမှာပဲ ဆေးမြှီးတိုတွေနဲ့ ကုနေတယ်။ တော်ကြာ ခါးနာပြန်ပြီ၊ ဗိုက်အောင့်ပြန်ပြီနဲ့ ဟိုတစ်နေ့ကဆို အန်ပါအန်တယ်လို့ သူဇာကလှမ်းပြောတာ"
"ဟောဗျာ ... အန်ပါအန်ပါတယ်လား။ သားနဲ့ဖုန်းပြောရင်ဖြင့် သက်သာပါတယ်ချည်းလုပ်နေတာ၊ မေမေကတော့ တစ်ခါတလေ ညည်းရှာတယ်"
"အေး အဲဒါပြောမရတဲ့အဆုံးမို့ သားပဲသေချာလှမ်းပြောတော့။ သူ့အသည်းစွဲမြေးကပြောရင်တော့ လာချင်လာမှာပေါ့၊ သားကလည်း ဆရာဝန်ဖြစ်တော့မှာပဲဟာ။ သေချာရှင်းပြပြီး နားချစမ်းပါဦး ... ဒေါ်လေးဖြင့် တစ်နေ့တစ်နေ့ပြောရတာ မောတော့တာပဲ"
ဘုန်းလျှံတစ်ယောက် ခေါင်းမာသည့်အဘွားဖြစ်သူကို နားချဖို့နည်းတွေစဉ်းစားတော့ စားလက်စထမင်းတောင် မြိုမကျချင်။ ငယ်ငယ်ကတည်းက ကြံ့ခိုင်တဲ့အဘွားက သည်နှစ်တွေအတွင်း ရောဂါဘယလေးတွေ တဖြည်းဖြည်းရှိလာလေပြီ။
"စားပြီးရင် ကိုကြီးအခန်းထဲ ဝင်ခဲ့လိုက်နော်"
ဒေါ်လေးမသိအောင် ခပ်တိုးတိုးပြောလာသည့် ကိုကြီးစကားပင်။ ထမင်းဝိုင်းမှာ လုံးဝဆက်မမေးခဲ့ပုံထောက် သူမေးမှာကိုများ သိနေလို့လား။ ခေါင်းတခါခါရမ်းရင်း အတွေးစတွေဖျောက်ဖျက်လိုက်သည်။ သိနေရင် အရင်ရက်တွေ့ကတည်းက ဖုန်းဆက်မေးတော့မှာပေါ့။
ဘုန်းလျှံ ထမင်းစားပြီးနောက် ကိုကြီးတို့အိပ်ခန်းသို့ လိုက်ဝင်ခဲ့သည်။ အထဲရောက်တော့ ကုတင်နံဘေးကနံရံတွင် နှစ်ယောက်သားဓာတ်ပုံကို ပုံကြီးချဲ့ထားပုံက အားကျစရာ။ သူနှင့်ကိုးကိုးလည်း ကမ်းခြေကြီးမှာ လူသိရှင်ကြားမဟုတ်တောင် ဘုန်းကြီးဆွမ်းကပ်ပြီး လက်ထပ်တာမျိုးတော့ ဖြစ်ချင်ပါသည်။
"မေမေမသိအောင် ဘာပြောချင်လို့လဲ၊ တစ်ခုခုအဆင်မပြေတာ ရှိလို့လား"
ကိုကြီးက မွေ့ရာပေါ်မှာထိုင်ပြီး သူကတော့တစ်ယောက်ထိုင်ဆိုဖာလေးမှာ နေရာယူပြီးဖြစ်သည်။ ဘယ်ကဘယ်လိုစပြောရမှန်းဘဲ စကားလုံးတွေ ဦးနှောက်ထဲမှာတင် စီရီနေရတာ ပြန့်ကျဲနေသည့်ပုလဲလုံးတွေကို တစ်လုံးချင်းကောက်နေရသည့်အတိုင်း။ ကြောက်တာလိုလို၊ ရှက်တာလိုလိုဖြင့် ပြောဖို့စကားက ခပ်ရဲရဲမထွက်လှ။
"ဟို ... YGH မှာ သားတာဝန်ကျတုန်းက ဒေါက်တာညီမိုးလွင်နဲ့ တွေ့ရသေးတယ်၊ ကိုကြီး မိတ်ဆက်ပေးဖူးတယ်လေ"
"ဟုတ်လား၊ ဒေါက်တာက ဘယ်ဆေးရုံကမှန်းတောင်မမေးမိတော့ တူတူတာဝန်ကျမယ်လည်း မထင်ဘူး။ စောစောကတော့ မပြောဘူး၊ သေချာလေးအပ်ပေးရမှာကို။ သူ ဂရုစိုက်ရဲ့လား"
"ဟုတ်၊ ဆရာက ဂရုစိုက်ပါတယ်"
"အင်း အဲဒီတော့..."
တကယ်ပဲမရိပ်မိသေးသော ကိုကြီးပါပဲ။ အဲဒီတော့ဆိုပြီး ခပ်ဆွေဆွေလေးကြည့်နေပုံက ဘုန်းလျှံ ပြောလာမည့်စကားကို အားပါးတရစောင့်ဆိုင်းနေသည့်နှယ်။
"သားနဲ့ဆရာ တွဲဖြစ်သွားကြတယ်။ သုံးလလောက်တော့ရှိပြီ"
"ဘယ်လို! ဒေါက်တာညီမိုးလွင်နဲ့ တွဲနေကြတာလား။ ဟာ ... မထင်ထားဘူး၊ ဒါများအစကတည်းက ကြိုပြောရောပေါ့။ ဒေါက်တာနဲ့ ရင်းရင်းနှီးနှီးတွေ့ပြီး စကားတွေပြောရမယ်။ မတွေ့တာတောင် သုံး၊ လေးနှစ်ရှိပြီ"
ဘုန်းလျှံ မထင်မှတ်ထားသော တုန့်ပြန်မှုပါပဲ။ ကိုကြီးက ပြင်းပြင်းထန်ထန် ကန့်ကွက်လိမ့်မယ်လို့တောင် စိတ်ထဲပုံသေတွက်လာတာ၊ ဒါမို့ ပြန်ခုခံရမဲ့စကားလုံးတွေတောင် စဉ်းစားလာတာ ခေါင်းထဲအပြည့်။ သူ့ကိုဘယ်လိုဂရုစိုက်တာ၊ ဆေးရုံအသွားအပြန်တိုင်း ဝင်ခေါ်ပေးတာ၊ မုန့်တွေကစ အလိုက်တသိစီစဉ်ပေးတာ ... သည်လိုအသေအလဲ ခုခံဖို့တွေးလာသမျှ ပြောစရာတောင်မလိုတော့ပါလား။ ကိုကြီးက ပြည်ပမှာနေလာလို့ပဲလား၊ ထင်တာထက် ပိုပွင့်လင်းနေတာပါပဲ။
"သားတို့ကို သဘောတူတယ်ပေါ့"
"ဒေါက်တာက အဆင်ပြေတဲ့သူပဲ၊ အပေါ်ထပ်အောက်ထပ်နေပြီး ခဏခဏလည်းစကားပြောဖူးတော့ သူ့စိတ်ရင်းကို ကိုကြီးသိတယ်"
"ကိုကြီးကို ဆေးခတ်ဖူးတာတောင်မှလေ"
ဘုန်းလျှံ မမေးဘဲမနေနိုင်တော့လို့ မေးချလိုက်တော့ ကိုကြီး Ice မျက်နှာမှာ အပြုံးတွေပြယ်သွားသည်။ တစ်ဆက်တည်းမှာပင် ဘယ်လိုသိတာလဲဆိုသော အကြည့်တွေကို တေ့တေ့ဆိုင်ဆိုင် ခံစားလိုက်မိ၏။ ဘုန်းလျှံ အသက်ဝဝတစ်ချက်ရှူရှိူက်ပြီး အားလုံးပြောပြဖို့ ပြင်ရတော့၏။
"အရင်တပတ်က သားတို့ရုပ်ရှင်သွားကြည့်တော့ Eric တို့အတွဲနဲ့ ထိပ်တိုက်တိုးခဲ့သေးတယ်။ ဆရာက သူတို့ကိုတွေ့တွေ့ချင်း သရဲမြင်သလို ကြောက်လန့်ပြီး ထွက်ပြေးတာ။ ပြီးတော့မှ ကိစ္စတွေအားလုံးကို အေးအေးဆေးဆေးပြောပြတယ်။ Eric နဲ့တွဲခဲ့ဖူးတာ၊ သူသဝန်တိုလွန်းလို့ ပြတ်သွားခဲ့တာ၊ ဒါတင်မဟုတ်ဘူး ... နောက်ကအတင်းလိုက်ခဲ့လို့ ရဲစခန်းတောင်ရောက်ဖူးတာ၊ Therapist နဲ့အကြာကြီးကုခဲ့ရတာ၊ နောက်ပြီး ... ကိုကြီးကိုလည်း ဆေးခတ်ခဲ့ဖူးတာကအစ အကြောင်းစုံပဲ။ သားကိုပြောပြရင်း မျက်ရည်တွေလည်းကျတယ်။ Eric ကိုအရမ်းချစ်တော့ ဆရာတော်တော်ခံစားခဲ့ရတယ်ထင်တယ်။ အပြစ်တွေလည်းများတော့ မျက်နှာချင်းမဆိုင်ရဲဘူးတဲ့။ သူဆိုးသွမ်းခဲ့တဲ့ အဲဒီအရိပ်မည်းကြီးက သူ့နောက်လိုက်နေသလိုမျိုး ခံစားရတာတွေပြောပြတယ်။ သားကိုလည်း နောက်ဆုတ်ချင်ရင်ဆုတ်လို့ရအောင် ပြောပြတာတဲ့။ အင့် ... သားကတော့ သေချာပေါက်နောက်မဆုတ်ဘူး၊ လက်မလျှော့ဘူး။ ဆရာ့စိတ်ဒဏ်ရာတွေပျောက်အောင်ပဲ ဘာလုပ်ပေးရမယ်မှန်းမသိဖြစ်နေတာ"
"ဖြစ်ရလေ ငါ့ညီလေးရယ်"
ပြောပြောဆိုဆိုဖြင့် လာဖက်ပေးတာ သူ့ကိုကြီးရယ်ပါ။ ဆိုဖာဘေးဘောင်ပေါ် ခဏထိုင်ပြီး သူ့ကိုပွေ့လာပေးတော့ လူကငိုချင်သလိုလို။ တကယ်လည်း လမ်းပျောက်ချင်သလို ဖြစ်နေပြီ။ ကိုးကိုးက အဆင်ပြေတယ်ပြောပေမဲ့ တစ်ချက်တစ်ချက် ငိုင်သွားတတ်တာ၊ မျက်ဝန်းတွေမှာ ဝမ်းနည်းရိပ်သန်းနေတာ အဲသည်နေ့ကတည်းက။ တစ်ဖက်လူအပေါ် လက်ကျန်အချစ်ရှိသေးလို့ဆိုပြီး သူ သံသယမဝင်ချင်။ ဒဏ်ရာဟောင်းပြန်ဆွခံလိုက်ရတာမို့ တဖန်နာကျင်နေတာပဲ ဖြစ်လိမ့်မည်။
"မငိုပါနဲ့၊ ကိုကြီး ဘာလုပ်ပေးရမလဲ"
"သား တွေးထားတာတစ်ခုတော့ရှိတယ်၊ ကူညီမယ်မလား ကိုကြီး"
အစ်ကိုဖြစ်သူက ချက်ချင်းပဲသူ့ကိုဆွဲခွာပြီး ခေါင်းလေးညိတ်ပြသည်။ ပြီးနောက် သူ့မျက်ရည်တွေ သုတ်ပေးပါ၏။ ဘုန်းလျှံလည်း တရှူံ့ရှူံ့ဖြင့်မော့ပေးတော့ ကိုကြီးလည်း သူ့စကားတွေကြောင့် ဝမ်းနည်းရိပ်သန်းသွားတာပါပဲ။
"သား ... Eric နဲ့သွားတွေ့ချင်တယ်"
အရောင်ပြောင်းသွားသော ကိုကြီးမျက်ဝန်းလဲ့လဲ့တွေက အံ့ဩသွားခြင်းပေါ့။ သူ တကယ်သွားတွေ့ချင်တာပါ ... ကိုးကိုးစိတ်ဒဏ်ရာအတွက် တွေ့မှလည်းဖြစ်မှာပါ။
........................
"ကိုးကိုး ဒီညနေမတွေ့ဖြစ်လောက်တော့ဘူးထင်တယ်၊ အခုကိုကြီးတို့နဲ့ ညစာစားဖို့သွားတော့မလို့"
"ပြောတော့ ညနေလာခေါ်လှည့်ဆို၊ ဒီမှာရောက်တောင်ရောက်တော့မှာ။ Ice တို့နဲ့တွေ့တော့ ကတိပေးထားတဲ့လူကို မေ့သွားပြီပေါ့"
မနက်ဂျူတီပြောင်းချိန်တုန်းက ဖုန်းဆက်လိုက်တာကလွဲလျှင် သည်နေ့တစ်နေကုန် သူနှင့်ကိုးကိုး စကားသေချာမပြောကြရသေး။ အိပ်ရာနိုးကတည်းက ကိုကြီးတို့အိမ်ရောက်နေတာဆိုတော့ မဆက်သွယ်ဖြစ်တာလည်း ပါသည်။ ဒါကို ကိုးကိုးက လေအေးကလေးဖြင့် နောက်နေတာဖြစ်၏။
"ကိုးကိုးကို မမေ့ပါဘူးဗျာ၊ တကယ်နေမဝင်ခင် ပြန်လာဖို့တွေးထားပြီးသား။ ဒေါ်လေးတို့ကညစာအတူတူစားပြီး ဒီမှာပဲအိပ်ခိုင်းနေလို့ပါ။ ဖြစ်နိုင်ရင် ကိုးကိုးကို အခုတောင်လာတွေ့လိုက်ချင်တာ"
"လာတွေ့ပေါ့ ... ဘယ်သူကမလာနဲ့ပြောနေလို့လဲ"
"ဆူလိုက်တာ ကိုးကိုးကလည်း ... အပေါက်ဆိုးတဲ့ဆရာဝန်ကြီး ဖြစ်လိမ့်မယ်နော်"
"ကတိဖျက်တဲ့သူကြောင့် အပေါက်ဆိုးရတာလေ။ ဆေးရုံမှာပါမောက္ခက ထမင်းအတူစားရအောင်ဆိုတာတောင် ငြင်းပြီးပြန်လာခဲ့တာ။ အခုတော့ ကြည့်ပါဦး"
ကားမောင်းရင်းလည်း ဖုန်းဆက်ကာ ပွစိပွစိလုပ်တတ်သော လူပျိုကြီးပါပဲ။ တကယ်ဆိုဘုန်းလျှံလည်း ကားစောင့်နေရင်းက ပြေးတွေ့လိုက်ချင်ပြီ။ သို့ပေမဲ့ မဖြစ်သေးပါဘူးလေဟုတွေးကာ စိတ်ကိုတင်းထားရ၏။ ကိုးကိုးကို ရအောင်ချော့ပြီး သွားစရာရှိတာတော့ သွားရမှာပါပဲ။
"ကိုးကိုးကလည်း..."
"...."
"ကိုးကိုးလို့..."
ကားသံဟွန်းသံတွေကလွဲ၍ ချစ်သူအသံနည်းနည်းမှ မကြားရတော့ ဘုန််းလျှံမောင် ရယ်ချင်မိသွားသည်။ အခုနောက်ပိုင်း ကိုးကိုးက သူ့အပေါ်ပိုတွယ်တာလာတာ သတိထားမိ၏။ ခါတိုင်းဆို တစ်ပတ်တစ်ရက်လောက်ပဲ သွားအိပ်ဖြစ်ပေမဲ့ အခုတော့ညနေတွေ့ပြီးလျှင် ပြန်မပို့ချင်တော့။ ကားမောင်းရမှာပျင်းသလိုလို၊ ခေါင်းပဲနောက်သလိုလိုတွေ အကြောင်းပြပြီး တစ်ပတ်မပြည့်ခင်အတွင်းမှာပဲ ဘုန်းလျှံ နှစ်ညအိပ်ပြီးရပြီ။ အဝတ်တွေလည်း ကြုံရာဝတ်ရတော့ အခန်းပြန်အိပ်လိုက်ပါမယ်ပြောရင် မျက်နှာညိုသည်။ တားတော့မတား၊ ဒါပေသိ သူသိတာပေါ့။ မပြန်စေချင်လျှင် သူလည်းအဆင်ပြေအောင်နေပြီး မပြန်ဖြစ်တော့။
"ဘာမှပြန်မပြောဘဲ စိတ်ကောက်နေတာပေါ့။ အပေါက်ဆိုးဆိုးဆရာဝန်ကြီးကနေ စိတ်ကောက်တတ်တဲ့ဆရာဝန်ကြီး ဖြစ်နေမယ်နော် ကိုးကိုး"
"ဖြစ်ပါစေ"
"စိတ်မကောက်ပါနဲ့ ကိုးကိုးရယ်၊ အခုသွားရတော့မယ်"
လမ်းလျှောက်ရင်းပြောနေသော ဘုန်းလျှံတစ်ယောက် လမ်းမဆီရောက်တော့မည်ဖြစ်သည်။ နေဝင်ရိုးရီဆိုတော့ ကားအကူးအလူးက ရှူပ်ရှက်ခတ်နေပါ၏။ သူ စီးရမည့်ဘတ်စ်ကိုလည်း ငေးမျှော်ရင်း ချစ်သူကိုချော့နေရသည့်အဖြစ်။
"ကိုးကိုး!"
"ဒီည တေးတေးကိုဖက်အိပ်မယ် စိတ်ကူးထားတာ"
လျှောက်နေသည့်သူ့ခြေလှမ်းတွေ ထစ်ခနဲ။ ပုံမှန်ခုန်နေသော နှလုံးစိုင်သည်လည်း ဆစ်ခနဲ။ အခုပဲချက်ချင်းပြေးသွားချင်စိတ်တွေမှာ တားမနိုင်ဆီးမရတော့ပေ။ ဘုန်းလျှံ ဘယ်လိုဖြစ်နေမှန်းမသိ၊ ကိုးကိုး တစ်ခွန်းပြောတာနှင့် သူကအခါခါပျော့ခွေချင်သည်။
"ဒီည ဘယ်လောက်နောက်ကျမှပြီးပြီး ကိုးကိုးဆီပဲ တေးတေး ရောက်အောင်လာအိပ်မယ်နော်"
"ကတိထပ်မဖျက်နဲ့"
"ဟုတ်ကဲ့"
"ချစ်တယ် တေးတေး"
တိုးဖွသောအသံက လေညင်းနှင့်အတူ ရောက်လာခဲ့သည်။ ထုတ်ဖော်ပြဖို့ မခက်တော့သည့် ကိုးကိုးအချစ်တွေကို သူ ကောင်းစွာလက်ခံရရှိနေပါပြီ။ သူ့အချစ်တွေကို ပေးဖို့လည်း ဘယ်သောအခါမှလည်း တုန့်ဆိုင်းနေမည်မဟုတ်။ နှုတ်အားဖြင့်ဖြစ်စေ၊ ယခုလို လိုအပ်တာတွေ ဖြည့်ဆည်းပေးခြင်းဖြင့်ဖြစ်စေပေါ့။
အဖြူရောင်မုသားသုံးကာ ဖုန်းချပြီးနောက် သူ့ရှေ့ကဖြတ်ပြီးရပ်သွားသော ဘတ်စ်ပေါ်သို့ တက်ခဲ့လိုက်သည်။ ဘတ်စ်နံပါတ် ၃၇။ သူ တစ်ယောက်တည်းဦးတည်တာ ထောက်ကြံ့ဆီသို့။
...........................
သွားချင်သည့်နေရာရောက်တော့ မိုးမှောင်စပြုလေပြီ။ ဂျူလိုင်လ၏ပုံမှန်အရဆို ည၇နာရီလောက်မှ မိုးချုပ်တတ်ပေမဲ့ သည်နေ့ကမိုးမှောင်နေလို့သာ။ ကိုကြီးကို Eric နှင့်တွေ့ချင်တယ်ပြောပြီ အိမ်လိပ်စာတောင်းလိုက်ပေမဲ့ ထောက်ကြံ့ထိလို့တော့ မထင်ထားခဲ့။ သို့ပေမဲ့ ပုဂ္ဂိုလ်ရေးကိစ္စမို့ ရုံးလိုက်သွားလို့လည်း အဆင်မပြေချေ။ ဒါမို့သာ ရုံးဆင်းချိန်မှန်းပြီး ထွက်လာခဲ့၏။ ကိုးကိုးကတော့ သူ မညာချင်ဘဲ ညာလိုက်ရတာပေါ့။
ခြံကြီးရှေ့မှာ ဝါးခြမ်းပြားတွေနှင့် အလှဆင်ထားသော ဆိုင်းဘုတ်လေးက သူ့အားခရီးဦးကြိုဆိုသည်။ ဆလိုက်မီးနှစ်လုံး၏ အလင်းရောင်ကြောင့် မြင်နေရသောနာမည်လေးက 'Love House - အချစ်အိမ်' တဲ့။
ပျိုးခြံလို့ပဲ ကြိုသိခဲ့ရပေမဲ့ သည်လောက်ကျယ်မယ်မထင်ထားမိ။ အဝင်ပေါက် ညာဖက်ဆုံဂတွင် ရုံးခန်းလိုအခန်းလေးရှိသည်။ အလယ်ခြံတံခါးကြီးကတော့ ပွင့်နေဆဲဖြစ်၏။ သူလိုဧည့်သည်တော့ မတွေ့ရပါချေ။
"အစ်ကို ပျိုးပင်ဝယ်ဖို့လားဗျ"
"မဟုတ်ဘူး ညီလေး။ Eric နဲ့တွေ့ချင်လို့ပါ"
"ဪ ဟုတ်၊ အစ်ကိုကြီးဆိုရင်တော့ရှိတယ်။ အစ်ကိုလေးက ပြန်မလာသေးဘူး"
၁၅၊ ၁၆ အရွယ်လောက်ရှိမည့် ကောင်လေး၏လမ်းညွှန်မှုဖြင့် ခြံထဲသို့ဝင်လာခဲ့သည်။ အထဲဝင်လာခဲ့တော့ ပျိုးပင်ပေါက်တွေ၊ အပင်လတ်တွေက မီးရောင်အောက်တွင် အစီအရီ။ ခပ်စိမ်းစိမ်းအပင်ပေါက်တွေကို ဘာမှန်းမခွဲခြားတတ်သော်လည်း နှင်းဆီတန်းဖက်ရောက်လာတော့ ပန်းရောင်စုံမြင်ရတာ စိတ်ကြည်နူးမိသည်။ ဒါသာမက ဘယ်ဘက်ခြမ်းက ဂိုထောင်ကိုလှမ်းကြည့်လိုက်တော့ ကော်ပန်းအိုး၊ မြေပန်းအိုး ဆိုဒ်အစုံအလင်၊ အပင်စိုက်ပျိုးသည့် ကိရိယာတွေ၊ အပင်အားဆေးထုတ်တွေ၊ မျိုးစေ့ထုတ်တွေဆိုတာ စုံလို့ပါလား။
တော်တော်ဝင်လာခဲ့ပြီးမှ အဖြူရောင်နှစ်ထပ်အိမ်ကြီးကို ခန့်ခန့်ညားညားမြင်ရသည်။ မီးထွန်းမထားဘဲ မှောင်ရိပ်ကျနေတာဆိုတော့ ဝင်လာတုန်းကသတိမထားမိတာဖြစ်သည်။ တိုက်ဆီမရောက်ခင်ကိုပင် အင်ဂျင်ကြီးတွေနှင့် ကွပ်ပျစ်အခြေရှိသော ညောင်ပင်ကြီးကိုလည်း တွေ့ရသည်။ ဘတ်စကတ်ဘောကစားသည့်နေရာ၊ ဒန်းအလှလေးနှင့် လှေကြီးကိုလည်း အလှဆင်ထားသေးတာဖြစ်၏။
"ဒီကိုလာတဲ့သူတွေက အလှဓာတ်ပုံလည်းရိုက်လို့ရတယ်လေ။ နေရောင်ရှိတဲ့အချိန်ဆို ဟိုအနောက်ဖက်ထောင့်က မြက်ခင်းပြင်မှာ ထိုင်စရာခုံတွေလည်း ချပေးထားတယ်"
"ဪ..."
တောင်ကြည့်မြောက်ကြည့်ဖြစ်နေသော ဘုန်းလျှံမောင်ပုံစံက မရောက်ဖူးသေးမှန်းသိသာပုံရ၏။ တိုက်ရှေ့ရောက်သည်ထိ ကောင်လေးက စိတ်လိုစိတ်ရရှင်းပြနေသေးတာ။
"အစ်ကိုကြီး ဧည့်သည်ဗျ"
Ford ကားအနီရောင်ကို တံခါးချပ်ဖွင့်ကာ တစ်ခုခုရှာနေဟန်ရှိသော Eric ကနောက်လှည့်ကြည့်သည်။ ဘုန်းလျှံကိုမြင်တော့ အံ့ဩဟန်နှင့်အတူ မှတ်မိပုံလည်းပြသည်။ ပြီးမှ သူ့အနောက်ကိုခပ်လှမ်းလှမ်းကို ကိုင်းကြည့်လိုက်တာလည်း မြင်လိုက်ပါ၏။ ကိုးကိုး ပါလာတယ်များ ထင်လို့လားမသိ။
"အေးအေး ခြံပိတ်ထားလိုက်တော့နော်"
"ဟုတ်"
ကောင်လေးသူ့အနားက ခုန်ပေါက်ပြေးသွားသည်။ ခြေထောက်အောက်က မြက်ခင်းနုနုမှာဖြင့် စိုစိုအိအိ။
"တစ်ယောက်တည်းလား"
"ဟုတ်ကဲ့"
"အိမ်ထဲဝင်လေ ... လာ"
ကားပေါ်က သားရေအိတ်ကိုယူပြီး အိမ်တံခါးမကြီးကို ခုမှဖွင့်ဝင်ပုံထောက် ထိုလူလည်းရုံးဆင်းလာတာ ကြာသေးပုံမပေါ်။ မီးတွေအားလုံးဖွင့်လိုက်မှ အိမ်ကျယ်ကြီးက လင်းလင်းထင်းထင်းဖြစ်သွားသည်။ သေချာလိုက်ကြည့်တော့မှ အားလုံးကို အဖြူရောင်တွေနှင့် အလှဆင်ထားတာပဲ။ ခန်းဆီးစအဖြူ၊ အလှပန်းအိုးအဖြူ၊ ဆေးသုတ်ထားသမျှကလည်း အဖြူရောင်ချည်း။ သူထိုင်လိုက်သော ဆိုဖာ၊ တိုင်ကပ်နာရီနှင့် ပြတင်းဘောင်တွေသည်သာ အနက်ရောင်။
"သူရိန်က ဒီနေ့ယာဉ်မောင်းလိုင်စင် သက်တမ်းသွားတိုးတာလေ။ အပြန်လည်းမြို့ထဲက သူ့သူငယ်ချင်းပန်းချီဆရာနှင့် စားကြသောက်ကြဦးမှာဆိုတော့ ပြန်မရောက်သေးဘူး။ အိမ်ကအဲဒါမို့မှောင်မည်းပြီး လူမရှိဖြစ်နေတာ"
ကျွန်းစားပွဲပေါ်က စာအုပ်တချို့နှင့် စာရွက်စာတမ်းတွေ အမြန်ရှင်းရင်း Eric ပြောနေတာဖြစ်သည်။ ယောကျ်ားနှစ်ယောက်နေသည့်အိမ်ဆိုတော့လည်း အရမ်းရှင်းလင်းနေတာမျိုးတော့မဟုတ်။ စားပွဲပေါ်ရော၊ ထိုင်ခုံပေါ်မှာ တိုလီမုတ်စပစ္စည်းတချို့ ဟိုတစ်စ၊ သည်တစ်စ။ ဒါတွေကိုစုရှင်းနေသော Eric မှာ သူ့ထက်အတော်ကြီးပုံရသည်။ ကိုးကိုးထက်တောင် ၁၀နှစ်ကျော်ကြီးတယ်ဆိုတော့ သူနဲ့ဆိုအသက်၂၀ကျော်ကွာလောက်မည်။
"ခဏနော် ... ကော်ဖီလေး အမြန်ဖျော်လိုက်ဦးမယ်"
"ရ ... ရပါတယ်ဗျ။ သား အကူအညီတောင်းစရာလေးရှိလို့ ခဏလာတာပါ။ ပြီးရင် ဘတ်စ်ရှိတုန်းလေး အမှီပြန်ရမှာမို့ပါ"
"ဪ"
ဆိုဖာတစ်ဖက်ခြမ်းတွင် ထိုင်လိုက်သောထိုလူ။ မျက်မှန်ကိုချွတ်ကာ ဘုန်းလျှံကို သေချာကြည့်လေသည်။ ဘာလို့ရောက်လာသလဲ သိချင်လို့ပဲဖြစ်မှာပါ။ သူကလည်း မပြောမဆိုနဲ့ ဗြုန်းစားကြီးကိုး။
"အလုပ်ရှုပ်သွားရင် တောင်းပန်ပါတယ်။ သား အကူအညီတောင်းစရာလေး ရှိလို့ပါ"
"ညီမိုးလွင်နဲ့ပတ်သက်တာလား။ ကိုယ်တို့ Ice ကိုထုတ်မပြောပါဘူး"
"မဟုတ် ... အဲလိုမဟုတ်ဘူးဗျ။ ကိုကြီးကို သား ဒီနေ့ပဲဖွင့်ပြောခဲ့ပါပြီ။ ထုတ်မပြောပြလိုက်လို့လည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့အဲဒီနေ့က နှုတ်မဆက်ဘဲ အလောတကြီးပြေးသွားရတာလည်း ရိုင်းတယ်မထင်ပါနဲ့၊ တကယ်အားနာနေတာပါ။ သား ဒီနေ့လာတယ်ဆိုတာလည်း ကိုးကိုးအတွက် ... အာ ဆရာညီမိုးလွင်အတွက်ပါ"
"အဆင်ပြေသလိုပြောပါ၊ ဘာကူညီပေးရမလဲ"
တည်ကြည်သောထိုနိုင်ငံခြားသားကြီးက လက်နှစ်ဖက်ကို ချထားသည့်ဒူးပေါ်တင်ရင်း သူ့ကိုအေးအေးဆေးဆေး ပြောစေသည်။
"အဲဒီနေ့က ကိုးကိုးပြောပြလို့ ဖြစ်ခဲ့တာတွေအားလုံးသိပြီးပါပြီ။ လှည့်ပြေးသွားတယ်ဆိုတာလည်း သူ အမှားလုပ်ထားတော့ ရင်မဆိုင်ရဲတာမျိုးလို့ ပြောပြတယ်။ အတ္တကြီးနေမိတဲ့အချိန်တွေတုန်းကတော့ သူ့ကိုသူမှားနေမှန်း သိပုံမရဘူး။ နှစ်တွေအများကြီးကြာလာမှ သူ့လုပ်ရပ်တွေကို တဖြည်းဖြည်းခံစားမိလာပုံပဲ။ Eric ကသူ့ကိုစိတ်နာနေမှာလို့လည်းပြောတယ်။ ကြည့်ရတာ စိတ်ဒဏ်ရာကြီးကြီးမားမား ရခဲ့ပုံပဲ။ တွေ့ပြီးကြတာ တစ်ပတ်ကျော်သွားတာတောင် အခုထိငိုင်နေတုန်း"
"ကိုယ် ညီ့ကိုစိတ်နာတယ်လို့ တစ်ခါမှမပြောဖူးတာ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တိုင်စိတ်နာတယ်ဆိုတာမျိုး မခံစားခဲ့ရလို့ပဲ။ သူနဲ့ကိုယ် စတွဲကြတုန်းက အဆင်ပြေပြေပါပဲ။ ဒါပေမဲ့ ကိုယ့်မှားခဲ့တာတစ်ခုက သူရိန့်ကိုကြိုက်ဖူးတယ်လို့ ဝန်ခံထားမိတာပဲ"
စကားကိုခဏနားရင်း ထိုလူက သက်ပြင်းသဲ့သဲ့ချသည်။ သူလည်း ပြန်ပြောရတာကို စိတ်ပင်ပန်းနေပုံပါပဲ။ ဘယ်သူပဲမှားလို့၊ ဘယ်သူပဲမှန်မှန် ဆက်ဆံရေးတစ်ခုပြတ်စဲကြခြင်းက စိတ်ထဲမပြောနှင့်၊ အချိန်ကြာမှ ပြန်ပြောရင်တောင် အဆင်ပြေလှတာမျိုးမဟုတ်မှန်း ဘုန်းလျှံ ပိုပိုသိလာရသည်။
"ကိုယ့်ရဲ့ပွင့်လင်းမှုက သဝန်တိုတတ်တဲ့ညီ့အတွက် လုံးဝသဘောမကျစရာဖြစ်သွားတယ်။ နေ့တိုင်းလိုလို ပြဿနာတွေဖြစ်လာကြတယ်။ ကိုယ်မဟုတ်ဘဲ စွပ်စွဲခံရတဲ့နေ့တွေမှာ စိတ်ညစ်လာတယ်။ ကိုယ့်အသက်အရွယ်ကြောင့် တည်ငြိမ်တဲ့ဆက်ဆံရေးတစ်ခု ရချင်နေချိန်မှာ ညီနဲ့က ပျော်ရမဲ့အချိန်ထက် ရန်ဖြစ်နေရတာများခဲ့တာ။ ညီကကိုယ့်အပေါ် ယုံကြည်မှုမရှိနိုင်တာ သိလာရတော့ Toxic relationship ကို အဆုံးသတ်ခဲ့လိုက်ရုံပဲ။ မုန်းတာလည်းမရှိသလို စိတ်နာတာမျိုးလည်း မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ တော်တော်ကြာမှပြန်သိလိုက်ရတာ ညီ Therapist တစ်ယောက်နဲ့ကုလိုက်ရတယ်ဆိုတာပဲ။ အဲဒီအတွက် အခုချိန်ထိ ကိုယ့်အပြစ်မကင်းသလို ခံစားရတယ်"
"ဒါဆို ကိုးကိုးကို စိတ်မနာခဲ့ဘူးပေါ့"
"ကိုယ် လူကြီးပါကွာ။ အတွေ့အကြုံလည်းများသလို၊ တွဲခဲ့ဖူးတဲ့လူတွေလည်းများလို့ လူတွေရဲ့သဘောသဘာဝကို နားလည်ပါတယ်။ ဒါမျိုးတွေဖြစ်တတ်ပါတယ်။ ညီ့ကိုစိတ်နာတာမျိုး မရှိဖူးဘူး။ ဟိုနေ့က နှစ်ယောက်သားအဆင်ပြေနေတာတွေ့လိုက်ရတော့တောင် ကိုယ်အံ့ဩပြီး ဝမ်းသာနေတာပါ။ ဒါပေမဲ့ ချက်ချင်းလှည့်ထွက်သွားတာ စိတ်မကောင်းဘူး"
မျက်ရည်ဝဲလာသော ဘုန်းလျှံမောင်သည် ဝမ်းနည်းမှုကိုခံစားနေရခြင်းမျိုးမဟုတ်။ ကိုးကိုးအတွက် ပျော်လွန်းလို့ငိုချင်လာသည့် ခံစားချက်မျိုးဖြစ်သည်။ အချိန်ကြာလာမှ တစ်ဖက်နှင့်တစ်ဖက် နားလည်ပေးကြလျက် အလွဲကြီးလွဲနေကြသည်။ ကိုးကိုးကလည်း အမှားလုပ်ထားလို့ စိတ်ပိုင်းဆိုင်ရာ ယိုင်နဲ့နေသလို၊ Eric ကလည်း သူ့အပြစ်မကင်းသလို ခံစားနေရသည်တဲ့။ တစ်ဖက်ကကြည့်တော့ လက်ဖမိုး၊ နောက်တစ်ဖက်ကကြည့်တော့ လက်ဖဝါးဆိုသလိုပေါ့ ... တကယ်တော့ သူ့ဖက်ကိုယ့်ဖက် ရှူထောင့်မတူညီတာမျိုး ဖြစ်နေလို့သာ။
"ဒီလိုသဘောထားကိုသာ ကိုးကိုးသိရင် အရမ်းကိုစိတ်သက်သာရာရသွားမှာ။ သူအမှားလုပ်ခဲ့ပေမဲ့ ကာယကံရှင်က ခွင့်လွှတ်တယ်ဆိုရင် စိတ်မှာအရမ်းကိုပေါ့ပါးသွားမှာ"
"နောက်မတော်တဆတွေ့ရင်လည်း မရှောင်ပါနဲ့။ ကိုယ်တို့ သူစိမ်းတွေမှမဟုတ်ဘဲ"
"ကျေးဇူးတင်ပါတယ်ဗျ။ သား ပြန်လိုက်ဦးမယ်နော်၊ ကိုးကိုးကို သွားပြောချင်ပြီ"
ဘုန်းလျှံ ချက်ချင်းထရပ်တော့ Eric ကလည်း ခေါင်းတညိတ်ညိတ်နှင့် ပြုံးရယ်ပါ၏။ သူကိုယ်တိုင်လည်း စိတ်ပေါ့ပါးသွားလိုက်တာ အသည်းစိုင်မှာထမ်းထားရသည့် ကျောက်တစ်တုံးပြုတ်ကျသွားသလိုမျိုး။
"နေဦး ... ငြိမ်းချမ်းတဲ့သင်္ကေတအနေနဲ့ ကိုယ် ဝိုင်တစ်ပုလင်း လက်ဆောင်ထည့်ပေးလိုက်ချင်တယ်။ Planeta ဆို မင်းကိုးကိုးသိပ်ကြိုက်တာ"
"ဟုတ် ကျေးဇူးတင်ပါတယ်ခင်ဗျ"
အိမ်အပြန်လက်ထဲမှာ ဝိုင်တစ်ပုလင်းဆွဲလာသော ဘုန်းလျှံမောင်တစ်ယောက် စိတ်ကတော့ လွန်စွာပေါ့ပါးနေခဲ့သည်။ ကိုယ့်ကိုချစ်တဲ့သူအယောက် ၁၀၀ ရှိတောင် မုန်းတဲ့သူ ၁ယောက်ရှိနေရင် နေရအဆင်မပြေဘူးဆိုသလိုပေါ့ ... ကိုးကိုး နှစ်ရှည်လများခံစားခဲ့ရတာတွေလည်း သည်ဝိုင်ပုလင်းလေးနှင့်အတူ စိတ်ပေါ့ပါး၊ ပြေပျောက်ပါစေတော့။
အပြန်လမ်းတစ်လျှောက်လုံး ကတ္ထီပါရောင်ကောင်းကင်ကြီးတွင် ပုလဲလုံးတွေ ထင်တိုင်းကျဲဖြန့်ထားသည့်နှယ် ပြိုးပြိုးပြက်ပြက်နှင့် လှချင်တိုင်းလှနေလေသည်။ ထိုအချိန် ပုလဲတစ်လုံးမြေပေါ်ခလေတော့ မျက်လုံးပိတ်ပြီး အမြန်ဆုတောင်းမိသည်က ကိုးကိုးတစ်ယောက် စိတ်၏ငြိမ်းအေးခြင်းဖြင့် ပျော်ရွှင်နိုင်ပါစေသော်ဝ်...။
17.6.2022
•••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co