Truyen3h.Co

သင်္ကြန်မောင်

Part - 12 (Unicode)

Fi_Lay



သူ ခြေတစ်ဖက်ချလိုက်တိုင်း ကတ္တရာလမ်းမ၏တုံ့ပြန်မှုကို နူးညံ့နေသယောင်။ ခန္ဓာကိုယ်ကိုတိုးတိုက်နေသော လေညင်းက ပန်းနံ့မပါသော်လည်း မွှေးပျံ့နေသယောင်။ ည၏အလင်းရောင် မသည်းမကွဲဖြစ်နေသော်လည်း မြင်နေသမျှအရာရာက လှပနေသယောင်။ လက်ထဲတွင်ကဝိုင်ပုလင်းကို တရမ်းရမ်းကိုင်လာရင်း ခြေဖွဖွလေးက ခုန်နေမိသည်ထိ ဘုန်းလျှံမောင်တစ်ယောက် သွက်လက်ပေါ့ပါးနေသည်။

ရှေ့ဆို ကိုးကိုးတိုက်ခန်းရောက်ပြီ။ ဘတ်စ်စီးလာရလို့ နွမ်းနယ်တာမျိုးလည်းမရှိ၊ အိပ်ချင်ငိုက်ချင်စိတ်လည်းမရှိ။ Eric ဆိုတဲ့နိုင်ငံခြားသားကြီးက ကိုးကိုးကို စိတ်နာကျည်းတာမျိုးမရှိဘူးဆိုတာနှင့်တင် ကိုးကိုးအစား သူကစိတ်သက်သာနေပြီ။ ဒါမို့ကိုးကိုးကလည်း အမြန်ပြောပြချင်လှပြီဖြစ်၏။

တစ်ဖက်က တိုက်ခန်းတွင်စောင့်ဆိုင်းနေသော ညီမိုးလွင်သည်လည်း ဆေးပညာစာအုပ်တစ်အုပ်ကို စိတ်မပါလက်မပါဖတ်ရင်း တေးတေးကို မျှော်နေလေ၏။ အခန်းရှေ့ကမြည်လာမည့်ဘဲလ်သံကို နားစွင့်ရင်း စိတ်အာရုံက စာအုပ်တွင်မရောက်၊ မျက်လုံးကတော့ သည်စာမျက်နှာကိုပဲကြည့်နေတာ ငါးမိနစ်ထပ်မနည်းရှိပြီ။ အရှေ့ဖတ်ရင်း အနောက်ကအကြောင်းအရာကို ပြန်တွေးမရတော့ တဖန်ပြန်ဖတ်ရင်းမှ ဒီတစ်ပိုဒ်ကမတက်နိုင် လုံးချာလိုက်နေသည်။

ဒါမို့ စိတ်ပေါက်ပေါက်နှင့် စာအုပ်ကိုချပစ်ပြီး အိပ်ခန်းထဲက ထွက်ခဲ့သည်။ ညောင်းညောင်းရှိတာနှင့် ခါးကိုဟိုဖက်သည်ဖက်ချိုးလိုက်သေး၏။ နာရီကြည့်တော့ ၉နာရီထိုးလုပြီ။ တေးတေး ဘာလို့ကြာနေရတာပါလိမ့်။ အိမ်မှာစောင့်နေရင်း ဘာမှလည်းလုပ်စရာမရှိ။ တီဗွီလည်းမဖွင့်ချင်၊ ဖုန်းလည်းမသုံးချင်။ အခန်းအလယ်မှာ တစ်ယောက်တည်းမိုးတိုးမတ်တပ်။ သူ့ဘဝက သည်လောက်အားနေမှန်း အခုမှသဘောပေါက်မိသည်။

ပျင်းပျင်းရှိတော့ မျက်စိရှေ့တွေ့ရသော ရေခဲသေတ္တာကိုဖွင့်ကြည့်သည်။ ဂျိုးဂျိုးဂျောက်ဂျောက် စားစရာရှိဦးမလားရှာပေမဲ့ ဘာမှထွေထွေထူးထူးရှိမနေပါ။ ဘီယာလက်ကျန်၂ဗူးနှင့် ရေသန့်၁ကတ်ဖောက်ထည့်ထားတာသာရှိသည်။ အသင့်စားစရာဆိုတာကလည်း မြေပဲဆားလှော်တောင် အနီးစပ်ဆုံးမရှိ၊ ဝယ်ထားတာကြာသည့် အသီးအရွက်တချို့ ရှိတာပါပဲ။

ထိုအခိုက် အခန်းရှေ့က ဘဲလ်တီးသံကြားလိုက်ရသည်။ ချက်ချင်းဆိုသလို ညီမိုးလွင်မျက်ဝန်းတွေ ဝင်းတောက်သွားတာ ညဖက်ကြီး နေမင်းထွက်လာသည့်အတိုင်း။ ရေခဲသေတ္တာတံခါးကို ဘုန်းခနဲပိတ်ပြီး တံခါးဆီပြေးသွားလိုက်တာကပါ ဝမ်းသာအားရ။ သူတအားအပိုလုပ်သလို ဖြစ်နေပြီလားဟုတွေးမိတော့ တံခါးမဖွင့်ခင် မျက်နှာပိုးသတ်လိုက်ရသေးသည်။

"ကိုးကိုး!"

သို့ပေမဲ့ သူ့ထက်ဆိုးတာ တေးတေးပါပဲ။ ရောက်ရောက်ချင်းဆိုသလို ရင်ခွင်ထဲတန်းဝင်တော့တာ တံခါးတောင်ပိတ်ချိန်မရ။ မှောင်ထဲမည်းမည်းဆိုပေမဲ့ ညီမိုးလွင်က ရင်ခွင်ထဲကတေးတေးတစ်ဖက်ဖြင့် တံခါးကိုရအောင်အရင်ပိတ်လိုက်သည်။ ပြီးမှကောင်လေးကို တံခါးဆီမှီစေကာ နှစ်ယောက်သားနင့်နင့်သည်းသည်း ဖက်ထားမိကြ၏။

လူတစ်ယောက်ကို အရူးအမူးချစ်မိသွားဖို့ အကြောင်းအရာတွေ များများစားစားမလိုအပ်ခဲ့မှန်း ညီမိုးလွင် တဖြည်းဖြည်းသဘောပေါက်လာသည်။ ကိုယ်ကလည်းသူ့ကိုလိုအပ်နေခဲ့ပြီး သူကလည်းကိုယ့်ကိုမှ စွဲစွဲလမ်းလမ်းချစ်ပါတယ်ဆိုတော့ သူတို့လောက်ကံကောင်းတဲ့သူတွေ ရှိပါ့ဦးမလားလို့ ဘဝင်မြောက်တွေးမိသည်ထိ။

သည်လိုပါပဲ ... အချစ်မှာ ပြည့်စုံခြင်းတွေထုံမွှန်းတဲ့အခါ တွေးခေါ်မှုတွေက အစွန်းတစ်ဖက်တောင် ရောက်နိုင်လုလု။

"ကိုးကိုး"

"အင်း"

"အရမ်းလွမ်းနေလို့ အဝေးကြီးကနေ အပြေးလာခဲ့တာသိလား"

"ဟုတ်လို့လား၊ ဒီနားနဲ့ဒီနားကို ပိုပြီ"

ပြောရင်းဆိုရင်းပဲ ညီမိုးလွင်က တေးတေးပေါင်နှစ်ဖက်အောက်ထိ လက်ချကာ ခါးတွင်ပွေ့ချီယူလိုက်သည်။ အံ့ဩသွားသည့်ကောင်လေးက ပြုတ်ကျမည့်ဟန်ဖြင့် အသံပြုတော့ သူကတိုးဖွဖွရယ်မိသည်။ 'ကိုးကိုး အသက်မကြီးသေးပါဘူးကွ' လို့ပြောတော့ 'အသက်ကြီးလည်း ချစ်ပါသတဲ့လေ'။

မနိုင့်တနိုင်နှင့် တေးတေးကိုသယ်သွားလိုက်တာ အခန်းထဲက သူ့အိပ်ရာဆီအထိ။ လက်ထဲကိုင်လာသော ဖုန်း၊ ပိုက်ဆံအိတ်နှင့်အတူ ဂျပ်ဗူးလိုအထုပ်အထည်ကလည်း သူ့ကျောဆီ တစ်ချက်တစ်ချက် လာရိုက်ခတ်နေ၏။ မွေ့ရာပေါ်ချပေးလိုက်တော့ အိတ်ရော၊ ဖုန်းရော၊ ထိုအထုပ်ပါ ဘေးဘက်ဆီကျသွားလေပြီ။ တေးတေးမှာလည်း သူ့ခေါင်းအုံပေါ်အသင့်။ မျက်နှာကျက်က မီးရောင်စူးစူးကို ချက်ချင်းထိတွေ့လိုက်ရတော့ မှန်ဝိုင်းအောက်က မျက်လုံးလေးတွေ မှေးမှိတ်သွားလိုက်တာ ချစ်စရာ။ အလိုက်သိသူ ညီမိုးလွင်ကပဲ တေးတေးမျက်နှာကို သူ့ခေါင်းဖြင့်ကွယ်ပေးတော့ ခန္ဓာကိုယ်နှစ်ခုပါ အလိုက်အသင့်ထပ်မိသား ဖြစ်သွားသည်။

သည်တော့မှ ကောင်လေးက အင့်ခနဲတစ်ချက်ညည်းကာ မျက်လုံးပွင့်လာသည်။ တစ်ဦးကိုတစ်ဦး နီးနီးကပ်ကပ်ကြည့်မိကြတော့ နှုတ်ခမ်းတွေသာမက မျက်လုံးတွေပါ ပြုံးတုံ့တုံ့။ ညီမိုးလွင် စိတ်မရှည်စွာဘဲ ကြိုးတပ်မျက်မှန်လေးကို ပင့်တင်ပစ်လိုက်၏။

"တနေကုန်လျှောက်သွားနေတာ အိပ်ရေးဝရဲ့လား။ ကြည့်စမ်း ... မျက်လုံးတွေစင်းနေသလိုပဲ"

"မနက်ကအိပ်ထားပါတယ်။ ဘတ်စ်ကြာကြာစီးလာလို့ အိပ်ချင်သလိုဖြစ်နေတာနေမှာ။ ဒါပေမဲ့ ... ဒီညတော့ စောစောမအိပ်ဘူး၊ ကိုးကိုးနဲ့ စကားတွေအများကြီးပြောချင်လို့ ပြန်လာတာမို့"

"စကားပဲပြောမှာလား"

ညီမိုးလွင်တစ်ယောက် တေးတေးပါးကို ဖွဖွဆွဲညှစ်ရင်းပြောတော့ ကောင်လေးကရှက်ပြီးရယ်သည်။ ပြီးနောက် သူ့မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် အုပ်ချလိုက်၏။ ဒါကိုလက်မခံသောသူကလည်း လက်ကိုဖယ်ပြီး နှုတ်ခမ်းသားလေးကို ရအောင်နမ်းလိုက်သည်။ တစ်နေကုန်လွမ်းနေရတော့ ခန္ဓာကိုယ်ချင်းထပ်ပေးနေမိသည့် အနမ်းတွေက လှိုက်ဖိုတယ်ဆိုတာထက် ပိုနေခဲ့သည်။

ပတ်ဝန်းကျင်အသံရယ်လို့ ဘာမျှမကြားနိုင်တော့။ နာရီသံတချက်ချက်နှင့် နှုတ်ခမ်းချင်းထိရှိုက်သံ၊ ခပ်မြန်မြန်ရှူရှိုက်နေရသော အသက်ရှူသံတွေကပဲ အခန်းတွင်းပြည့်လျှံနေခဲ့သည်။

အလွမ်းကနှုတ်ခမ်းကိုတိုက်စားတော့ ချိုမြိန်သည့်အနမ်းတွေသာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခဲ့တာ တစ်စက္ကန့်ကို ဘယ်လောက်နှုန်းနဲ့ဆိုတာ မရေမတွက်နိုင်။ ပူရှိန်းလာသောနှုတ်ခမ်းသားတွေကို အချိန်ဖြင့် သေချာများဆန်းစစ်ကြည့်ရင် အနမ်းတစ်ရာမက ဖူးပွင့်လောက်ကြရောပေါ့။

စကားတစ်ခွန်းပြောဖြစ်ဖို့တောင် သူတို့ခမျာ အတော်ကြာလွန်းခဲ့တဲ့အထိ။

"မျက်နှာအုပ်ရအောင် နမ်းမှာကို အခုထိရှက်နေတုန်းလား."

"ယောကျ်ားပဲ ... အဲလိုတော့မရှက်ပါဘူး၊ ဒါပေမဲ့ ရင်ခုန်နေတော့ လုပ်မိလုပ်ရာပေါ့။ ကိုးကိုးဆီက အချစ်ခံရတာ ဘယ်လောရင်တဒိတ်ဒိတ် တုန်နေရတယ်ထင်သလဲ။ ဆေးရုံက တခြားသူတွေရှေ့မှာဆို ကိုးကိုးကတည်တည်ခန့်ခန့်ကြီး၊ လူနာတွေနဲ့ အလုပ်သင်လေးတွေဆို သိပ်အရောတဝင် မနေဘူးလေ။ ဒါပေမဲ့ ... တေးတေးနဲ့ဆိုရင် အမြဲပြုံးတယ်။ ကြည့်ပါလား ... အခုတောင်ပြုံးပြန်ပြီ၊ ဘယ်လောက်ချစ်ဖို့ကောင်းလဲ။ နောက်ပြီး အရင်လိုမပွင့်တပွင့်မဟုတ်တော့ဘူး၊ လွမ်းတယ်လို့လည်း ပြောတတ်နေပြီ၊ ပြီးတော့ ... ဟီး ပြီးတော့ ခုနကလိုလည်း ပိုပိုနမ်းလာပြီ"

"အခုမှလို့ထင်လို့လား။ ချစ်သူတွေဆိုတာ တစ်ယောက်က ချစ်စရာအရမ်းကောင်းနေရင် နောက်တစ်ယောက်က အသည်းစွဲချစ်နေမိမှာပဲလေ။ မဆန်းဘူး၊ အံ့ဩမနေနဲ့"  

"ချစ်စရာကောင်းတိုင်းချစ်ကြေးဆို ကောင်မလေးတွေက ပိုချစ်စရာကောင်းမှာပေါ့ ကိုးကိုးရ"

ဘုန်းလျှံက စကားတစ်ခွန်းကို သေချာအကျအန လိုက်ကောက်ကာမေးသည်။ ညီမိုးလွင်ဆိုသည်ကလည်း သူပြောသမျှ ခိုင်ခိုင်လုံလုံမှမဟုတ်လျှင် မပြောတတ်သူမို့ ချေပနေကြတာ အပြန်အလှန်။

"ဘာလို့ရုပ်ရည်နဲ့ပဲ တိုင်းတာရလဲ။ ချစ်စရာကောင်းတယ်ဆိုတာမှာ ကျား၊ မဆိုတာမျိုး မရှိဘူး။ ရုပ်ချောတာ၊ ရုပ်ဆိုးတာနဲ့လည်း တိုက်ရိုက်မဆိုင်ဘူး။ အဓိကက သူနဲ့အတူရှိနေတဲ့အချိန်တွေမှာ သူ့လုပ်ရပ်တွေ၊ သူပြောတဲ့စကားလုံးတွေ၊ ကိုယ့်ပေါ်ထားတဲ့စေတနာတွေကြောင့် ကိုယ်ကပျော်ရွှင်မယ်၊ သဘောကျနေမယ်ဆိုရင် သူသည် ပိန်ပိန်ဝဝ၊ အသားဖြူဖြူမည်းမည်း၊ ကျိုးကျိုးကန်းကန်း မျက်လုံးထဲမှာ ချစ်စရာကောင်းသွားပြီ သိရဲ့လား ... ချစ်မဝလေးရဲ့"

"အား ... ပျော်စရာကြီးဗျာ။ ညိုတုတ်ကိုချစ်ပေးလို့ ဘုရားပေးတဲ့ဆုပဲထင်တယ်။ ကိုယ့်ကို လူတစ်ယောက်က အဲလောက်ကြီးကျယ်တဲ့အဓိပ္ပါယ်တွေနဲ့ သဘောကျလိမ့်မယ်ထင်မထားဘူး။ အထူးသဖြင့် ဒီလိုလူကြီးကပေါ့ ဟဲ"

"အောင်မယ် ကိုယ်ကကြီးကျယ်တယ်ပေါ့"

"အဓိပ္ပါယ်ပြောတာ ... အဓိပ္ပါယ်။ အာ့ ကိုးကိုး ဖယ်ဦး၊ အရမ်းလေးနေပြီ"

"ဟုတ်သား ဆောရီး"

စနမ်းကတည်းက ညီမိုးလွင်အပေါ်က ဖြစ်နေတော့ တေးတေးက အားလေးသုံးကာ ရုန်းတော့သည်။ ဒါတောင် တစ်ကိုယ်လုံးတက်ဖိထားခြင်းမျိုးမဟုတ်။ ကိုယ်တစ်စောင်းအနေအထားပါပဲ။ လေးနေပြီဆိုလို့ တစ်ဖက်ကိုလှန်ချမိတော့ သားရေအိတ်နှင့် အထုပ်တစ်ထုပ်က ကျောအောက်တွင် ဖိမိလေ၏။ ညီမိုးလွင် အသင့်အိပ်မရသေးသဖြင့် ပစ္စည်းတွေခုံပေါ်တင်ဖို့ ထရတော့သည်။

"ဘာတွေဝယ်လာတာလဲ။ ဝိုင်ပုလင်းကြီးလား"

"အင်း ဟုတ်တယ်၊ ကိုးကိုး ဝိုင်ကြိုက်တယ်မလား"

"ကြိုက်ပါတယ်၊ ဒါပေမဲ့ ဖြတ်ထားတာကြာပြီ"

ကိုယ့်အကြောင်းနှင့်ကိုယ် စိတ်ဖြတ်ထားသော ဝိုင်အကြောင်း တေးတေးယူလာသည့်ပုလင်းမြင်မှ အစဖော်သလိုဖြစ်ရပြန်သည်။ သို့သော် ဝိုင်နှင့်ပတ်သက်လျှင် အကျင့်ပါနေပြီးဖြစ်သောလက်က နည်းနည်းမှတားမရ။ ဘယ်နိုင်ငံ၊ ဘယ်ခုနှစ်ကထုတ်ပြီး သက်တမ်းနှင့် ဈေးကိုချင့်ချိန်တွက်ကြည့်ရတာ အကျင့်တစ်ခုလိုဖြစ်ခဲ့သည်။ အခုလည်း စက္ကူအိတ်ထူထူထဲက ပုလင်းကို ချက်ချင်းဆိုသလိုထုတ်ကြည့်လိုက်တာဖြစ်၏။ တေးတေးလည်း ဘေးကထလာတာကို မျက်လုံးထောင့်မှ မကြည့်ဘဲမြင်လိုက်သည်။

"Chardonnay Planeta! ကိုယ်ကြိုက်တဲ့ဝိုင်ပဲ။ တေးတေးကို တစ်ခါမှတောင် မပြောဖူးဘူး၊ ဘယ်လိုသိ..."

Eric ကြောင့် ကြိုက်တတ်သွားသောဝိုင်မို့ သူဖြတ်ထားတာတောင်ကြာပြီ။ ပြီးတော့ ဒါမျိုးကိုပြောမပြထားဖူးဘဲ တိုက်တိုက်ဆိုင်ဆိုင်ယူလာတာမို့ တအံတဩဖြင့် တေးတေးကိုတောင် လှည့်ကြည့်လိုက်မိသည်။ ထင်မထားစွာပဲ ... တေးတေး၏ မျက်နှာပျက်ယွင်းနေသလို တွေဝေသည့်အကြည့်တွေကြောင့် ညီမိုးလွင် ဝိုင်ပုလင်းကို ချက်ချင်းပဲ လွှတ်ချလိုက်မိသည်။ ခေါင်းအုံးပေါ်မေးတင်လိုက်ရသော နီကျင့်ကျင့်ပုလင်းလေးကဖြင့် အားငယ်စွာ။

"ဒီနေ့ ဘယ်တွေသွားလာတာလဲ တေးတေး။ ဘတ်စ်အကြာကြီးစီးခဲ့ရအောင်လည်း Ice တို့နဲ့ဒီလောက်ဝေးနေတာ မဟုတ်ဘူး။ ကိုယ့်ကိုမှန်မှန်ပြော"

"ခုနကတည်းက ပြောပြမလို့။ နေ့လယ်ကပဲ ကိုကြီးကို ကိုးကိုးနဲ့တွဲနေတယ်လို့ ဖွင့်ပြောခဲ့တယ်။ စိတ်မပူပါနဲ့ ... ကိုကြီးကမကန့်ကွက်ဘူးရယ်။ အစကတည်းက မပြောလို့တောင်ဆူနေတာ၊ အတူတူဆုံရတာပေါ့တဲ့"

"ဒါဆိုဒီဝိုင်ပုလင်းက..."

တည်ငြိမ်သောညီမိုးလွင်အသံက တိတ်ဆိတ်နေသည့်အခန်းထဲ ပျံ့လွင့်သွားခဲ့ပြီ။ တေးတေးတစ်ယောက် စကားလုံးတွေစီကာစဉ်နေဆဲ။

"ဟိုလူကြီး Eric ပေးလိုက်တာ။ ကိုးကိုး ... ကြိုက် တတ်လို့တဲ့"

"နေပါဦး တေးတေးရ။ ဘယ်ကဘယ်လို Eric ပါလာရတာလဲ။ Ice တို့အိမ်မှာတွေ့တာလား၊ ကိုယ့်နာမည်ခေါင်းစဉ်တပ်ပြီး ဝိုင်ပုလင်းလက်ဆောင်ပေးရလောက်အောင်ထိ ရင်းနှီးနေကြပြီလား" 

မျက်နှာချင်းဆိုင် ထိုင်မိလျက်သားဖြစ်သွားသော သူတို့နှစ်ဦးတွင် ခုနကချစ်ကြည်နူးစဉ်ကလို အပြုံးတွေမရှိတော့၊ တေးတေးဖက်ကလည်း စကားမှားမသွားဖို့ သေချာစဉ်းစားပြောနေရသည်။ ခုနကလို ရွှန်းရွှန်းဝေမနေတော့၊ အာစေးမိထားသလို ပြောဖို့ကြိုးစားနေရသည့်အဖြစ်။

"ကိုကြီးဆီမှာတွေ့တာတော့ မဟုတ်ပါဘူး။ ဒီနေ့ကိုကြီးဆီကအပြန် ထောက်ကြံ့ဖက်ဝင်ခဲ့သေးလို့ ... Eric တို့ခြံ"

"ဘာ!!! တေးတေး မင်း ဘာလုပ်တာလဲ ... ဘာသွားလုပ်တာလဲ။ ဟမ် ... မေးနေတယ်လေ၊ သူ့ခြံသွားပြီးဘာလုပ်တာလဲလို့။ ကိုယ် သူတို့နဲ့ဖြစ်ခဲ့တာတွေ မသိလို့လား"

ညီမိုးလွင်က ဘုန်းလျှံ၏ပုခုံးနှစ်ဖက်ကို ဖျစ်ညှစ်လိုက်တာ စိတ်လိုလက်ရ။ သူ ဒေါသအကြီးကြီးထွက်သွားတာဖြစ်သည်။

"သိတယ်လေ ကိုးကိုးရဲ့။ သိလို့၊ ကူညီချင်လို့ အဲလူဆီ အကူအညီရလိုရငြား သွားတောင်းခဲ့တာပေါ့"

"ကိုယ် သွားခိုင်းသလား၊ အကူအညီသွားတောင်းဖို့ ပြောဖူးသလား။ မင်းမှာ မာနလေးတောင်မရှိတော့ဘူးလား"

ချက်ချင်းဆိုသလို အိပ်ရာပေါ်ကထဆင်းသော ညီမိုးလွင်အား ဘုန်းလျှံမောင်က ချက်ချင်းလက်မောင်းကိုင်ဆွဲရသည်။ သူ့ကိုအသိမပေးဘဲ ရည်းစားဟောင်းခြံကို သွားရကောင်းမလားဆိုပြီး ညီမိုးလွင် ဒေါသအကြီးအကျယ်ထွက်နေ၏။ ကိုယ်တိုင်က သူတို့အတွဲရှေ့မှာ အရှက်ကွဲခဲ့တာအကြိမ်ကြိမ်ပါဆို သူ ချစ်သည့်တေးတေးကပါ အမှတ်တရားမရှိ သွားရတယ်လို့။ သူ အရှက်ကွဲခဲ့ရရင်တောင် တေးတေးကတော့ မဖြစ်သင့်။ လှောင်များလှောင်နေကြရရင် ဘယ်နှယ့်လုပ်မလဲ။

ဒေါသထွက်နေချိန်ဆိုတော့ ဘုန်းလျှံ လက်လာဆွဲပေမဲ့ ညီမိုးလွင် ရုန်းထွက်လိုက်၏။ ဒေါသဆိုတာ အပူထုတ်လွှတ်နိုင်သည့် နဂါးရိုင်းတစ်ကောင်နှင့်တူသည်။ တေ့တေ့ရင်ဆိုင်လို့ နှစ်ဦးနှစ်ဖက်အတွက် ဘာမှမကောင်းနိုင်။ သူ အော်မိမည်၊ ဆူမိမည်၊ စကားတွေမှားကြမည်၊ ဒါမို့ ညီမိုးလွင် ခဏရှောင်ရင်း စိတ်ငြိမ်ဖို့အချိန်လိုအပ်ပါ၏။

"ကိုးကိုး ... ကိုးကိုးလို့ စိတ်လျှော့နော်။ တေးတေးပြောတာကို ခဏလေးပဲနားထောင်ပေးပါ။ ဘယ်မှထွက်မသွားပါနဲ့နော်"

တံခါးဝထိရောက်နေပြီးဖြစ်သော ညီမိုးလွင်ခါးကျင်ကျင်ဆီ နူးညံ့သည့်လက်နှစ်ဖက်က အတင်းပွေ့ဖက်လာတော့၏။ အင့်ခနဲဖြစ်သွားသော သူ့ခမျာ ရုန်းကန်ပြီးရှေ့ဆက်သွားဖို့လည်း အားမရှိတော့ပေ။ ထိုအစား ရေနွေးပက်ခံရသလို ပူလောင်နေသည့်မျက်နှာက ခပ်စိုက်စိုက်ဖြင့် အောက်ငိုက်မိတော့သည်။ လက်တစ်ဖက်သည်လည်း တင်ထားသောတံခါးလက်ကိုင်ဘုဆီမှ ပြုတ်ကျရလေပြီ။

သူ ဘယ်တော့မှ သည်ကိစ္စတွေထဲက ရုန်းထွက်နိုင်တော့မှာလဲ။ ခါးသီးသောမျက်ရည်တစ်စက်က အဝင်ရှိခြေသုတ်ခုံလေးပေါ် အရှိန်ဖြင့်ခုန်ဆင်းသွား၏။ အမွှေးဖွလေးတွေမှာ နှစ်သိမ့်ခြင်းအားဖြင့် စိုစွတ်မှုကို လက်ခံပေးကြသည်။ သို့သော် သူ့ခမျာ တစ်ယောက်မကလို့ နှစ်ယောက်စာသိမ်ငယ်နေဆဲ။

"သွားတွေ့ဖို့မသင့်ဘူးဆိုတာ မသိဘူးလား"

"သိပါတယ်။ တေးတေးသွားတွေ့ရင် ကိုးကိုး သိက္ခာကျနိုင်မှန်း တွေးမိပါသေးတယ်။ ဒါပေမဲ့ ကိုးကိုးက အတိတ်ရဲ့အပြစ်သားကြီးမဟုတ်ဘူးလေ။ ခဏခဏမှိုင်တွေနေရင် ဒီကဘယ်လိုမှမနေတတ်လို့ပါ။ ချစ်လွန်းလို့လည်း ဒီလိုသွားတွေ့မိတာပါ ... သူကလည်း ကိုးကိုးကိုစိတ်နာတာမျိုးမရှိပါဘူး၊ နောက်လမ်းတွေ့ရင်လည်း ခေါ်ပြောနှုတ်ဆက်ဖို့ပြောသေးတယ်။ တေးတေး သွားတွေ့တာမှားပေမဲ့ ဒီလိုတိတိကျကျလေး သိချင်လို့ပါ။ ကိုးကိုးအတွက် အရှက်ရစရာဖြစ်သွားရင် ထပ်တောင်းပန်ပါတယ်။ တေးတေးမှားတယ်ဆိုပြီး ထွက်မသွားပါနဲ့" 

အနောက်မှ အားကုန်တင်းကြပ်နေအောင် ဖက်ထားသောကောင်လေး။ သူ့ကျောကိုမျက်နှာအပ်ပြီး အသံဝူးဝူးဝါးဝါးဖြင့်‌ ပြောနေသောကောင်လေး။ ရှပ်အင်္ကျီအောက်ကကျောပြင်တွင်ပါ စိုစွတ်စွတ်လေးဖြစ်လာတော့ ညီမိုးလွင် စိတ်ကိုလျှော့ချလိုက်ရသည်။ ဘယ်လောက်ဆိုးလိုက်တဲ့ ကောင်လေးလဲ။ သူလုပ်ချင်ရာတွေလုပ်လာပြီးမှ ကျောဖက်ပြီးငိုနေရသတဲ့လား။ သူ လုပ်ခဲ့တဲ့အဓိပ္ပါယ်က သူကိုယ်တိုင်ကို သိက္ခာကျစေတယ်ဆိုတာ မသိခဲ့တာလား။

ကိုယ်က ဘာမို့လို့လဲ ... Eric ရှေ့တင်မကဘူး။ သူရိန်တို့၊ ဟန်သာတို့ရှေ့မှာပါ အရှက်၊ သိက္ခာဆိုတာ အကြိမ်ကြိမ်ကျဆင်းပြီးသားသူ ... ဘာကိုများထပ်ဂရုမူနေတော့မှာလဲ။ သည်ကောင်လေးကိုတော့ သူ့လိုမဖြစ်စေချင်လို့၊ သန့်သန့်လေးကျော့ထားချင်ပေမဲ့လို့ မသိအောင်သွားခ,ယခဲ့ပြီးပြီတဲ့လား။

"အင့်! ကိုးကိုး မသွားပါနဲ့နော်"

"တေးတေး တော်ပြီ၊ မငိုနဲ့တော့။ ဘယ်သူ့မှ ကိုယ့်အခန်းကကိုယ် ထွက်မသွားဘူး"

မျက်ရည်စမ်းစမ်းဖြစ်နေသူအား ပြန်ပြောလိုက်မိသည့်သူ့အသံက သိပ်တော့မညင်သာ။ တကယ်ဆို ဒေါသထိန်းချုပ်ရတာ ဘယ်လောက်များခက်လိုက်သလဲ။

"ထွက်မသွားရင်လည်း အဲလိုလေသံမာမာကြီးနဲ့ ကျောပေးပြီး စိတ်မဆိုးပါနဲ့။ ချစ်တဲ့သူက ဘယ်လိုမှမနေတတ်ဘူး။ တေးတေး မှားတယ်ဆိုရင်လည်း နောက်ထပ်မလုပ်တော့ဘူးလေ၊ ဒီလောက်ပဲဆူငေါက်ပြီး အသံမာမာပြောတာ တော်ပါတော့"

စိတ်ထွေနေသော ညီမိုးလွင်က ပုံမှန်အေးဆေးတည်ကြည်တယ်ထင်ရပေမဲ့ သွေးဆူလာလျှင် ရုန်းရင်းဆန်ခတ်ဖြစ်တတ်သလို၊ စဉ်းစားနိုင်စွမ်းလျော့ကျလောက်အောင်ထိ ပျာယာခတ်၊ ဒေါသထွက်တတ်သည်။ ဒါဟာအခုမှမဟုတ်၊ ဟိုးအရင်ကတည်းက သူ့အကျင့်ဖြစ်၏။ ဒါကိုပင် မကောင်းသည့်အမူအကျင့်ကြီးမှန်းသိလို့ ဘာပဲဖြစ်လာလာ တည်တည်ငြိမ်ငြိမ် တုံ့ပြန်နိုင်အောင် သူ့၏ Mind-set (ပုံသေတွေးခေါ်မှုအလေ့အထ) ကို ကြိုးစားပြင်ဆင်ခဲ့ဖူးသည်၊ အခြေငြိမ်ကာ လုံးဝဥဿုံပြောင်းလဲနိုင်ပြီဟုလည်း ထင်ခဲ့ဖူးသည်။ တကယ့်တကယ်ကြုံတော့လည်း ပြန်ပေါ်လာတတ်တာ အနာဟောင်းကို တုတ်ဖြင့်ဆွလိုက်မိသလို နာနာကျင်ကျင်ပါပဲ။ 

"ခုနကပဲ ချစ်စရာကောင်းတယ်လို့ပြောတယ်မလား၊ ချစ်မဝလေးလို့လည်း ခေါ်တယ်လေ ... ကိုးကိုးရ"

ကြက်ပေါက်တစ်ကောင်လို တစီစီအော်နေသောနောက်ကကောင်လေးအား ထပ်မပြောစေလိုတော့၍ တစ်ဖက်လှည့်ကာ ရင်ခွင်ထဲဆွဲပွေ့လိုက်၏။ မေးစေ့ကိုလည်း ကောင်လေးပုခုံးပေါ်တင်ရင်း သူ့အပိုင်ဆိုတာမျိုး တံဆိပ်ခတ်နှိပ်လိုက်သည်။ လက်နှစ်ဖက်သုံး ထွေးပွေ့လိုက်ခြင်းဖြင့် ကောင်လေးကို နည်းနည်းမှမလှုပ်စေတော့။ ဒါတောင် အသက်ရှူသံပြင်းပြင်းလို၊ ရှိုက်သံသဲ့သဲ့လိုကြောင့် တစ်ချက်တစ်ချက် တုန်ခါချင်သေးသည်။

"မသိဘူးလား ... အဲလိုသွားလိုက်ရင် ကိုးကိုးထက် သွားပြောတဲ့တေးတေးက ပိုသိက္ခာကျမယ်ဆိုတာ။ မသိဘူးလား ... အမှားလုပ်တဲ့သူအတွက် မှန်နေပြီးသားသူက သွားမတောင်းပန်ရဘူးဆိုတာ။ မသိဘူးလား ... အဲလိုသွားတောင်းပန်လိုက်ရင် ကိုးကိုး ဘယ်လောက်တောင်ရင်ကျိုးရမလဲဆိုတာ ... ဟမ် နည်းနည်းမှမသိဘူးလား"

"မသိဘူး၊ မသိချင်ပါဘူး။ တေးတေးခေါင်းထဲမှာ ဂုဏ်တွေ၊ သိက္ခာတွေ၊ မာနတွေဘာမှမရှိဘူး။ ဒီကိုးကိုးပဲရှိတယ် ... ခေါင်းထဲရော၊ နှလုံးသားထဲရော၊ အတွေးတွေ၊ အိပ်မက်တွေထဲရော ကိုးကိုးပဲရှိတာ။ ကျန်တာတွေ ဘာမှမသိချင်ဘူး၊ မပြောနဲ့ဗျာ"

ဇွတ်တရွတ်ဆိုသလို ခပ်ဆိုးဆိုးလေး တရွတ်တသီ ဂျစ်တိုက်ပြောတော့ ညီမိုးလွင်က ရင်ထဲမှလှိုက်လှိုက်လှဲလှဲ ပြုံးမိသည်။ စကားတွေက ဖြူဖြူစင်စင်မှန်းသိနေတော့ 'မင်း အပိုတွေပါကွာ' လို့လည်း သည်ကောင်လေးကို မပြောရက်။ တင်းတင်းကြပ်ကြပ် ဖက်ထားရင်းက စကားတစ်ခွန်းသာ ခပ်ညည်းညည်းဆိုမိသည်။ ကောင်လေးကလည်း ထောက်ခံလိုက်တာ တပိုးတပါး အခြားမရှိ။

"ကလေးတွေများ ဆိုးလိုက်တာ!!"

21.6.2022

••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co