Truyen3h.Co

သင်္ကြန်မောင်

Part - 15 (Unicode)

Fi_Lay



တန်ခူး၊ ကဆုန် လေရူးသုန်တဲ့။

ရှေးစာဆိုများ ချန်ထားရစ်ခဲ့သောစာစုတွေက ဥတုရာသီအလိုက် မှန်ကန်နေဆဲဖြစ်သည်။ တပေါင်းလက ရွက်ဟောင်းကြွေကာ တန်ခူးတွင် ရွက်သစ်ဝေပြီမို့ မြင်မြင်သမျှ သစ်ပင်ပန်းမာန်တို့က စိမ်းဝေစိုလျက်ရှိသည်။

လေရူးကတသုန်သုန်၊ ပန်းဦးကလည်း တမှုန်မှုန်နှင့် မြင်မြင်သမျှလှပနေသည့် သီပေါမြေ။

သည်မြေကိုခြေချပြီဆိုတာနှင့် မနက်ခင်းလေကို စတင်ခံစားမိပြီ။ မိုးဓာတ်၊ ဆောင်းဓာတ်မပါသော ပူနွေးစိုစွတ်သည့်လေမှာ မျက်နှာကိုတသိမ့်သိမ့်တိုးဝင်းရင်း ဤမြေမှ နွေးနွေးထွေးထွေးကြိုဆိုကြောင်း နှုတ်ခွန်းဆက်ရှာသလို။ အဝေးပြေးကားပေါ်ကအဆင်း တွေ့ရသောမြင်ကွင်းက ရန်ကုန်နှင့် လွန်စွာကွာခြားသည်။ လူသူလေးပါး လွန်စွာရှူပ်ရှက်ခတ်နေတာမျိုးတော့မရှိ။ ကားကြီး၊ ကားငယ်တချို့၊ ဆိုင်ကယ်၊ ဆိုက်တွဲနှင့် ဆိုင်တန်းတချို့ ... သူ့ဟာနှင့်သူ အိန္ဒြေရရရှိသည်။ အထုပ်ဆွဲမည့်သူမရှိ။ အတင်းလုခေါ်မည့်သူမရှိ။

"ကိုးကိုး အိတ်တွေသွားယူရအောင်"

"နေနေ ... ကိုးကိုးထုတ်မယ်"

ညီမိုးလွင်က သွက်သွက်လက်လက်ပဲ ကားဝမ်းဗိုက်ထဲက ခရီးဆောင်အိတ်အကြီးကို စောင့်ယူသည်။ သင်္ကြန်ပိတ်ရက်လေးရတုန်း သီပေါလာလည်ကြတာမို့ နှစ်ယောက်ပေါင်းမှ ခရီးဆောင်အိတ်တစ်လုံးသာ အတူတူထည့်ယူခဲ့ကြ၏။ လက်ဆောင်တွေနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းတွေကတော့ သူတို့ကျောမှာကိုယ်စီ လွယ်ထားပြီးနှင့်ပြီ။

ညီမိုးလွင်အိတ်သယ်လာချိန်တွင်တော့ ဘုန်းလျှံမောင်တစ်ယောက် တုတ်တုတ်ဆရာနှင့် ဈေးညှိပြီးလေပြီ။ အိမ်ကိုသွားရသည့်လမ်းတစ်လျှောက်တော့ ကောင်လေးက သွက်သွက်လက်လက်ပဲ သူ့မွေးရပ်မြေက အထင်ကရတွေ၊ သူ ငယ်ငယ်ကခဏခဏသွားဖူးနေကျတွေကို လက်ညှိုးတထိုးထိုးပြသည်။ အခုမှလားဆိုတော့မဟုတ်၊ ကားပေါ်မှာ မနက်ခင်း မိုးစင်စင်လင်းပါပြီဆိုကတည်းက၊

'ကိုးကိုး ဟိုးမှာကြည့်၊ အဲဒါဘော်ကြိုဘုရားလေ။ မြို့နဲ့နည်းနည်းလှမ်းပေမဲ့ ဘော်ကြိုဘုရားပွဲဆို လူအရမ်းစည်တာ ကြက်ပျံမကျပဲ'

သည်လိုပြောတတ်သူလည်း ဖြစ်သည်။ မြို့ထဲကို တုတ်တုတ်စီးဝင်ကြတော့လည်း သီပေါမှာနေတုန်း ဟိုသွားမယ်၊ သည်သွားမယ်တွေ ပြောလို့မဆုံး။

"ကိုးကိုးကိုလေ သီပေါဟော်၊ ပုဂံငယ်၊ သီပေါချောင်းဆုံ၊ နန်းဟူးနွဲ့ရေတံခွန် အကုန်အကုန်လိုက်ပို့မှာနော်။ ဪ ... ပြီးတော့ ဒုဋ္ဌဝတီမြစ်အလှကို သိမ်တောင်ပေါ်ကနေ အားပါးတရကြီးကြည့်ကြမယ်"

လေတဟူးဟူးတိုးတိုက်နေသော တုတ်တုတ်ပေါ်တွင် တေးတေးတစ်ယောက် အားယူကာပြောနေခြင်းဖြစ်သည်။ ရှေ့လှည့်ပြောနေရင် မကြားရမှာစိုးလို့ မျက်နှာချင်းဆိုင်ကာ ပြောသေးတာ။ အမိုးအကာလုံသည့်တုတ်တုတ်ပေမဲ့ ညီမိုးလွင်မှာတော့ အသားမကျသဖြင့် လက်ရန်းတွေကိုသာ နာနာကိုင်ထားရသည်။ တုတ်တုတ်ဆရာကလည်း တဟူးဟူး မောင်းလိုက်သည့်အဖြစ်။

"ကိုးကိုးတို့နေရမှာ လေး၊ ငါးရက်ပဲလေ။ မေမေကြီးမျက်စိနောက်အောင် လျှောက်သွားနေလို့ဖြစ်ပါ့မလား"

တေးတေးမှာ ခပ်ပြုံးပြုံးသာကြည့်တော့ ညီမိုးလွင်က အားပေးသလိုလက်လေးကို ဆုပ်ကိုင်သည်။ ပြီးနောက် ရှေ့ကတုတ်တုတ်ဆရာကို တစ်ချက်ရှိုးပြီး လက်ခုံလေးကို အသာယူနမ်း၏။ ရန်ကုန်လိုနေရာဆိုရင် သည်လောက်တော့နမ်းရဲပေမဲ့ သီပေါမှာတော့မဖြစ်။ မေမေကြီးတို့အရှိန်အဝါကပဲ သူ့ကိုလာဟပ်နေသလားမပြောတတ်။ ကြောက်နေမိသည်။ ဆင်ခြင်ဖို့သင့်သည်။ အနေအထိုင်တတ်ရမည်။ မသိသူကကြည့်လျှင် ဆရာ၊ တပည့်ဆက်ဆံရေးအဖြစ်သာ မြင်စေရမည်။

ဒါသည် ရန်ကုန်ကတည်းကတွေးလာခဲ့သော ညီမိုးလွင်၏စိတ်ကူးပင်ဖြစ်၏။

"နောက်ကျလိုက်တာ ငါ့မြေးရယ်။ ဒီအမေကြီးမှာ မိုးလင်းကတည်းက ခေါင်းတမော့မော့မျှော်ရပုံများ ကုလားအုပ်လည်တိုင်လို ရှည်သွားလိုက်တာ ပြန်သိမ်းရတော့ခက်ပြီ"

"ပုံမှန်ချိန်ပါပဲ မေမေကြီးရယ်၊ လာ ... ကိုးကိုး"

သူပါလာမယ်ဆိုတာကို တေးတေးက ကြိုအကြောင်းထားပြီးသားဟု ဆိုသည်။ 'ပြောမရလည်းခေါ်ခဲ့ပေါ့' ဆိုတာကို ဖုန်းထဲကတဆင့် သူလည်းဆက်ဆက်ကြားခဲ့ပါသည်။ ပထမဆုံးတွေ့ဆုံမှုမှာ အလောတကြီးဖွင့်ပြောမိခဲ့၍ အခုတစ်ခေါက်တော့ သီပေါထိလိုက်လာခွင့်တောင်းရင်း သူ့၏လေးစားသမှုကို ပြရမည်။ ရိုသေစွာ မာန်မရှိသောအပြုံး၊ နှိမ့်ချသောကိုယ်နေဟန်တို့ဖြင့် မေမေကြီးတို့ကိုမြင်ကတည်းက နှုတ်ဆက်မိပြီးသားဖြစ်သည်။

တေးတေးမိခင်ဆီက တုံ့ပြန်အပြုံးရပေသိ မေမေကြီးကတော့ ပြုံးသည်လည်းမဟုတ်၊ မဲ့သည်လည်းမဟုတ်ဘဲ အကြည့်လေးမသိမသာ လွှဲဖယ်သွားတာပင်။ ညီမိုးလွင် သူ့ရှက်ပြုံးလေးကို ခေါင်းငုံ့ကာသိမ်းပြီး အိမ်ကြီးထဲသို့ လိုက်ဝင်ခဲ့ရသည်။ တေးတေးကတော့ သူ့မေကြီးနှင့်မိခင်၏ လက်မောင်းနှစ်ဖက်ကို အားရပါးရတွဲခိုလို့ အလွမ်းသယ်တော့တာပေါ့။

.....................

မြင့်မားသည့်နံရံပေါ်က ပုံတူပန်းချီကားချပ်ကြီးတွေ၊ သားနားသည့်ရှမ်းဝတ်စုံအပြင်အဆင်တွေနှင့် ဖုန်တစ်စက်မမြင်ရသော ရှေးဟောင်းအိမ်ကြီး။ အပြင်ပန်းမှကြည့်လျှင် နီဆွေးဆွေးအုတ်ခံတိုက်ကြီးတစ်လုံးဖြစ်ပြီး မြင်ရုံနှင့်ကိုလိုနီခေတ်က အငွေ့အသက်တချို့ရနိုင်သည့် အိမ်ကြီးမျိုးပင်။ သို့သော် သစ်လွင်နေခြင်းမျိုးတော့မဟုတ်၊ အရောင်လွင့်နေပြီဖြစ်သော အုတ်တိုက်ဆေးသားများ၊ အတွင်းလှေကားအိမ်က ပွတ်လုံးများ၊ အခါခါနင်းလျှောက်ပြီးသားဖြစ်သော အပေါ်ထပ်ကြမ်းခင်းပြင်တို့မှာ အိမ်ကြီး၏သက်တမ်းတစ်ခုကို အသံတိတ်ဖော်ပြနေသည်။

ရောက်ကတည်းက ထမင်းစား၊ ခဏနားပြီး အိပ်ပျော်သွားလိုက်တာ ညီမိုးလွင်နိုးလာတော့ ညနေတောင်စောင်းလုပြီ။ နှစ်ယောက်စလုံးကို တေးတေး၏အခန်းဟောင်းမှာပဲ အတူနေရာချပေးထားတယ်ဆိုလို့ ယောက္ခမလောင်းကြီးကို စိတ်ထဲကကျေးဇူးတင်ရသေးသည်။ မေမေကြီးကိုတော့ အပေါ်တက်လာပြီးကတည်းက မတွေ့ရသေး။

သူကတော့ လန်းဆန်းသွားအောင် ရေမိုးချိုးလိုက်ပြီးပြီ။ တေးတေးလည်း ရေချိုးနေပြီဖြစ်၍ အိမ်အပေါ်ပြတင်းကနေ ခြံထဲငေးလိုက်၊ အိမ်ကြီးထဲတစ်ခါပြန်ကြည့်လိုက်နှင့် ညီမိုးလွင် စူးစမ်းမကုန်ဖြစ်နေရသည်။ မြင်ရသလောက်တော့ သည်ခြံကြီးထဲတွင် မေမေကြီးနဲ့တေးတေးမိခင်အပြင် အဘိုင်နှင့်အမီနာဟုခေါ်သော လင်မယားလည်း အတူနေကြပုံပေါ်သည်။ ခပ်စိပ်စိပ်ပေါက်နေသော သစ်ပင်စိမ်းစိမ်းစိုစိုကြားထဲ ပြေးလွှားဆော့ကစားနေသည့်ကလေးမကတော့ အဘိုင်တို့၏သမီးပဲ ဖြစ်ပုံရမည်။

"ဇီရာရေ ... မေမေကြီးကို တွယ်ချိတ်သွားဝယ်ပေး။ အန််တီမတင် ... တွယ်ချိတ်အကြီးငါးခုနဲ့ အသေးငါးခုပေးပါလို့ပြောနော်။ အအမ်းကို အိတ်ထောင်ထဲသေချာပြန်ထည့်ခဲ့။ ကဲ ပြောတတ်ကဲ့လား"

"အန်တီမတင် ... တွယ်ချိတ်အကြီးငါးခုနဲ့ အသေးငါးခုပေးပါလို့ ပြောရမှာမလား မေမေကြီး"

"အေးအေး တော်တယ်၊ သွားသွား ... အပြန်ကျထမင်းစားတော့၊ ညည်းအကြိုက် ကြက်သားချက်ပါတော်"

အိမ်၏ဆင်ဝင်ကပြောနေကြသံတွေမို့ ဘာရယ်ညာရယ်မမြင်ရ။ ခပ်သဲ့သဲ့အသံသာ ကြားလိုက်ရသည်။ ပြီးနောက် ဇီရာလို့ခေါ်သော ငါးနှစ်၊ ခြောက်နှစ်အရွယ်ရှိမည့် ကလေးမလေးက ခြံထဲကခုန်ပေါက်ကာ ပြေးထွက်သွားသည်။ ပုခုံးတစ်ဝိုက်ဝဲနေသော နက်မှောင်မှောင်ဆံသားတွေက ခြံဝရောက်သည်ထိ တလွင့်လွင့်။

"ကိုးကိုး ... ဇီရာကိုကြည့်နေတာလား။ ချစ်စရာလေးနော်၊ လိမ္မာတာလည်းအရမ်းပဲ။ မေမေကြီးက သူ့အရိပ်ခိုတဲ့သူတွေဆို သိပ်ချစ်တာလေ၊ ဇီရာ့ကိုဆို သူ့မြေးမလေးလိုသဘောထားတာ။ ထားပါ၊ လောလောဆယ်ဗိုက်ဆာပြီ၊ ထမင်းသွားစားရအောင် ... ကိုးကိုး မေမေ့လက်ရာလေး မြည်းစမ်းကြည့်"

"အင်းပါဗျာ။ အဲ နေဦး၊ လက်လွှတ် ... လက်လွှတ်။ မေမေကြီးအောက်မှာရှိတယ်၊ ပြောနေဦးမယ်"

"ကိုးကိုးကလည်း ကြောက်တတ်ရန််ကော"

ထိုအသံမဆုံးခင်ပင် လှေကားကိုဆင်းရန်ပြင်လိုက်သော ညီမိုးလွင်၏ခြေလှမ်းတို့ ရပ်တန့်သွားသည်။ ပြတင်းတွေအားလုံးဖွင့်မထားသလို၊ လျှပ်စစ်မီးရယ်လည်း ထည်ထည်ဝါဝါမဖွင့်ထားသည့် အပေါ်ထပ်မှောင်ရိပ်တွင် တေးတေးတစ်ယောက် အတင့်ရဲလေခြင်းကြောင့်ဖြစ်၏။ နှစ်ဦးယှဉ်ရပ်လျှင် ခေါင်းတစ်လုံးစာလောက်နိမ့်သောတေးတေးက ညီမိုးလွင်လည်ဂုတ်လေးမှာ လက်နှစ်ဖက်ဖြင့် ဆွဲခိုထားလိုက်သည်။

အခွင့်ကိုကောင်းကောင်း အသုံးချတတ်သော ညီမိုးလွင်ကလည်း သူ့လည်ဂုတ်ကို ကြာကြာဆွဲအခိုမခံ။ အဆက်မပြတ်နမ်းရှိုက်ရင်းက သူ့လက်ဝါးနှစ်ဖက်ကို ရှမ်းဘောင်းဘီအုတ်ကျိုးရောင်ဝတ်ထားသည့် တေးတေးတင်ပါးဆီထိ တဖြည်းဖြည်းလျှောဆင်းလာခဲ့သည်။ နေရာရောက်လို့ဆုပ်ကိုင်မိတော့ တေးတေး တစ်ချက်တွန့်သွားသည်။ မအားလပ်သည့်သူ့နှုတ်ခမ်းလွှာက နမ်းရှိုက်ရင်းက ပြုံးရယ်ခြင်းအလုပ်ကို ရအောင်ပြုလိုက်ပါသေး၏။

"ကိုးကိုးနော်..."

"ရှူး"

လေသံသာသာဖြင့် ပြောလာသောတေးတေးကို ညီမိုးလွင်က အသံမထွက်အောင် သတိပေးရင်း ကောက်ချီလိုက်တာ ဆွေ့ခနဲ။ ပြီးနောက် တေးတေးခြေထောက်နှစ်ဖက်ကို ခါးမှာသိုင်းစေရင်း လှေကားအတက်မှကွယ်ရာ အခန်းထောင့်ဆီ တဖြည်းဖြည်းလျှောက်ခဲ့လေ၏။ ဒါကိုသဘောကျသော တေးတေးက တင်းကြပ်နေအောင်ဖက်ထားရင်း အပေါ်ကနေ သူ့စိတ်ကြိုက်ပြုမူတော့၏။ ဘယ်သောအခါမှရိုးနိုင်မည်မဟုတ်သော ကိုယ်တိုင်ရေးနှစ်ပါးသွားကို ဝင်ကကြသလိုမျိုး။  သည်အချိန်တွင် နှစ်ဦးသဘောတူ လိုက်နာမိသည့်စည်းကမ်းဆိုတာ တစ်ခုတည်း။

'လုံးဝအသံမထွက်ကြေး'

...........................

နေခြည်နုနုက နွေးနေသည်။ သီပေါမြို့၏ သင်္ကြန်အကြိုနံနက်ခင်းကား အေးအေးဆေးဆေးရှိလှသည်။ တစ်ခြံကျော်ကဖွင့်ထားသော ဇော်ဝမ်း၏ ရှာပုံတော်မင်းသားကြီးသီချင်းသံက တစ်ချက်တစ်ချက် ပျံ့လွင့်လျက်။ မနက်အစောပဲရှိသေးတာမို့ လည်ကြပတ်ကြတာမျိုး မတွေ့ရသေးပေ။ ရေပက်သူလည်းမရှိသေးတော့ ညီမိုးလွင်အဖို့ သင်္ကြန်အငွေ့အသက်ကို သိပ်မရသေးပါချေ။

"သားပျင်းရင် ခြံထဲဆင်းခဲ့လေ"

ပြတင်းဝကနေ ခြံထဲဟိုငေးသည်ငေးလုပ်နေတော့ တေးတေးမိခင်က ခေါ်လေပြီ။ မငြင်းဆန်ချင်တာရော၊ တကယ်လည်း အထီးကျန်နေတာရောမို့ ညီမိုးလွင်က 'ဟုတ်ကဲ့ ဒေါ်ဒေါ်' ဟု မတိုးမကျယ်လှမ်းအသံပြုသည်။ ဒေါ်ဒေါ်ဆိုတာ တဆင့်တက်ကာအတင့်မရဲသေး၍ ရင်းရင်းနှီးနှီးခေါ်လိုက်သော အသုံးအနှုန်းရယ်ပါ။

အောက်ထပ်ကိုဆင်းလာခဲ့တော့ ခြံထဲမှာ ဇီရာနှင့်ဒေါ်ဒေါ်ပဲရှိသည်။ အဘိုင်က ဂိုထောင်ရှင်းနေပြီး အမီနာကတော့ မီးဖိုထဲမှာတကုပ်ကုပ်။ သူ့ကောင်လေးတေးတေးကတော့ မေမေကြီးခေါ်ရာ ဆွမ်းကပ်အလှူဆိုသည့်ပွဲကို ပါသွားလေသည်။

"မေမေကြီးနေဦး၊ ကိုးကိုးရော ခေါ်ခဲ့မယ်လေ"

တေးတေး မနက်စောစောက ပြောခဲ့သည့်စကား။ သွားခါနီးလာခါနီးမှ ကပ်ပြောလာသောမေမေကြီးကို တစ်ချက်ကြည့်မိတော့ ခပ်စိမ်းစိမ်းရယ်ဖြစ်သည်။ထိုအချိန်တွင် ညီမိုးလွင်၏နှုတ်မှ စကားတစ်ခွန်း သူ့အလိုလိုထွက်ကျမိပြီးသား ဖြစ်သွားသည်။

"ခဏပဲမလား ... ကိုးကိုးမလိုက်တော့ဘူးလေ။ နည်းနည်းလည်း မနေတတ်လို့၊ မေမေကြီးနဲ့ပဲသွားလိုက်ပါ"

"ကိုးကိုးကလည်း"

သည်လိုနဲ့ပဲ လိုက်ချင်လျက်နှင့် အဖြူရောင်မုသားသုံးကာ ငြင်းလိုက်ရသည့်အဖြစ်။ သူပါသွားလျှင် မေမေကြီးကမကြိုက်ဖို့များသည်မလား။ သူ့ကိုခေါ်သွားဖို့ကလည်း တကယ်အဆင်မပြေစရာပါပဲ။ ထိုဆွမ်းကပ်ရောက်လျှင် မေမေကြီးမိတ်ဆွေတွေက မေးကြတော့မည်။ ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘာလို့မြေးနဲ့အတူပြန်လာတာလဲ ... သူကပြောပြရတာကိစ္စမရှိပေမဲ့ မေမေကြီးက ပတ်ဝန်းကျင်ကို အသိပေးချင်သလား၊ ထိမ်ချန်ထားချင်သလား ရေရေရာရာမသိသေး။ မနေ့ကလည်း ထမင်းဝိုင်းမှာ မျက်နှာတည်ထားလို့ တေးတေးနှင့်ကိစ္စကို သေချာခွင့်မတောင်းရသေးပေ။

"ပျင်းနေပြီလား သား။ သီပေါသင်္ကြန်အကတော့ ရန်ကုန်လောက်မစည်လှဘူး။ ခြံကလည်း လမ်းကြားကျတော့ ပိုလူခြောက်တာပေါ့"

"ကျွန်တော် နေတတ်ပါတယ်။ အရွက်ကိုင်းတွေခူးနေကြတာ ဘုရားပန်းဖို့လား"

"အတာအိုးထိုးဖို့လေ။ နေ့နံခုနှစ်သွယ်စုံအောင် ထိုးရတာမို့ ခြံထဲရှိတာလေးလိုက်ခူးတာ၊ ဒီမယ်ဒန်းညွန့်လေးလှတာညှပ်မလို့ ဇီရာနဲ့ရွေးနေကြတာ"

"အပေါ်ကိုင်းတွေ လှသားပဲ၊ မမှီလောက်ဘူးထင်တယ်။ ကျွန်တော်ညှပ်ပေးမယ်"

ကတ်ကြေးယူကာ လက်လှမ်းမှီရာကိုင်းတချို့ ဆွဲဖြတ်တော့ ဒေါ်ဒေါ်ကသူ့ကိုဘေးက အကဲခတ်နေရှာသည်။ ရန်ကုန်မှာကတည်းက မြင်ဖူးပြီးသားဖြစ်သော်လည်း သား၏ချစ်သူတစ်ယောက်အနေဖြင့် အေးဆေးစကားမပြောဖူးတာကတစ်ကြောင်း၊ စိတ်သဘောထားကို အကဲခတ်ချင်တာကတစ်ကြောင်းမို့ မသိမသာဘဲ ဆန်းစစ်နေတယ်ပဲထင်ပါရဲ့။ ဇီရာကတော့ လိပ်ပြာတစ်ကောင်လိုက်ဖမ်းရင်း အလုပ်တွေရှုပ်လို့။

"နှစ်ခက်၊ သုံးခက်ဆိုရပြီ သား"

"ဟုတ် အဆင်ပြေရဲ့လား၊ ကြည့်ပါဦးဗျာ။ ကျွန်တော်လည်း မခူးတတ်၊ ခူးတတ်ဆိုတော့"

"အဆင်ပြေပါတယ် သားရယ်။ စကားပြောတာလည်း အရမ်းကြီးသတိထားနေစရာမလိုပါဘူး။ အားနာတာလည်းမဖြစ်နဲ့၊ အထီးကျန်တယ်လည်း မထင်နဲ့။ ကိုယ့်အိမ်ကိုယ့်ယာလိုပဲနေနော် သား။ မေမေကြီးအပေါ်လည်း စိတ်မခုဖို့ မှာချင်သေးတယ်။ သူက သားလျှံလေးကိုသိပ်ချစ်တော့ ချစ်သူ၊ ရည်းစားရှိလာတာကို ခပ်စိမ်းစိမ်းဖြစ်နေတာ။ ဖြစ်မြဲဓမ္မတာဆိုပေမဲ့ သူ့ရင်ထဲက ဆွဲထုတ်သွားမှာလည်းကြောက်၊ မြေးကလေး သူများအပြောဆိုခံနဲ့ လမ်းမှားမှာလည်းကြောက်ရှာတာ။ သားကိုတော့ ရန်ကုန်မှာကတည်းက ကြင်နာတတ်လို့ သဘောကျပုံပါပဲ"

"ကျွန်တော်နားလည်ပါတယ် ဒေါ်ဒေါ်ရယ်။ ဘုန်းလျှံကို သေချာစောင့်ရှောက်ပါမယ်၊ တမြတ်တနိုးထားပါမယ်လို့ မိသားဖသားပီပီ ရိုရိုသေသေပြောချင်လို့လည်း ရှေ့မျက်နှာနောက်ထားပြီး ကြောက်ကြောက်နဲ့လိုက်လာခဲ့တာပါ။ မေမေကြီးရော၊ ဒေါ်ဒေါ်ကိုပါခွင့်တောင်းလို့ ကိစ္စတွေအဆင်ပြေသွားတယ်ဆိုရင်တော့ အဖေနဲ့အမေကိုခေါ်ပြီး တစ်ခေါက်လာပြီးတောင်းရမ်းချင်ပါသေးတယ်"

"အင်း ဒေါ်ဒေါ်ကတော့ သားသဘောဆန္ဒမို့ ထွေထူးပြီးကန့်ကွက်စရာမရှိပါဘူး။ ကိုယ့်သားလေးကို မိသားဖသားပီပီတောင်းရမ်းမယ်ဆိုတော့လည်း ဝမ်းသာပီတဖြစ်ရတာပေါ့။ သားကိုလည်း လူသူတော်တစ်ယောက်ဖြစ်မယ်လို့ စတွေ့ကတည်းကခန့်မှန်းမိပါတယ်။ ဘွားအေကြီးကိုတော့ အချိန်အခါကောင်းစောင့်ပြီး ခွင့်တောင်းကြဦးပေါ့။ အချိန်တွေရှိပါသေးတယ်"

ထိုစဉ်မှာပင် ဆွမ်းကျွေးကပြန်လာသော မြေးအဘွားနှစ်ယောက် ခြံထဲသို့စကားတပြောပြော ဝင်လာကြသည်။ ကတ်ကြေးတစ်ဖက်၊ ဒန်းညွန့်နှစ်ခက်ကိုင်ထားသော ညီမိုးလွင်ကိုမြင်တော့ဖြင့် မေမေကြီးမှာ အပြုံးပကတိပျောက်ပြီး ဘုန်းအိန္ဒြေကြီးဆောင်တော့သည်။

'ဪ ... မေမေကြီးရယ်'

...........................

"ဘယ်လို ... ခြံထဲမှာ မုန့်လုံး,လုံးမယ်ဟုတ်လား"

"အင်းလေ ကိုးကိုးကဘာလန့်နေတာလဲ"

တေးတေးတို့အိမ်က အဖြူရောင်ဘင်ကားလေးကိုမောင်းနေသော ညီမိုးလွင်က ခပ်ယဲ့ယဲ့သာပြုံးပြမိသည်။ အခုဆို သင်္ကြန်အကျနေ့တောင်ရောက်နေပြီ။ သူနဲ့တေးတေးလည်း တစ်နေကုန်နှစ်ယောက်ထဲ လျှောက်လည်သင့်သလောက် လည်နေပါပြီ။ သို့ပေမဲ့ မေမေကြီးနှင့်သူ့အဖို့ စကားစမြည်ရယ်လို့တောင် ကောင်းကောင်းမပြောရသေး။

ဆီးကျောက်တည်ဖူးသည့် ကျန်းမာရေးကိစ္စနှင့် ပတ်သက်လို့မေးတာတောင် ပြန်ဖြေလာရင် တိုတိုတုတ်တုတ်။ တေးတေးနှင့်အကြောင်း စကားဦးသမ်းမယ်ကြံလျှင် တစ်နေရာရာထသွားတတ်တော့ ညီမိုးလွင်မှာ အခွင့်မသာဘဲရှိရသည်။ တကယ်ဆို တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် တေ့တေ့ဆိုင်ဆိုင်သာ ခွင့်တောင်းလိုက်ချင်တော့၏။

မဟုတ်လျှင် ညီမိုးလွင်ခမျာ အိမ်ထဲကနေခြံဝင်းထဲတောင် မဆင်းချင်။ ဧည့်သည်သောင်သည်က မပြတ်လာတတ်လို့ သူ့ကိုမြင်သွားရင် ဘယ်သူလဲ၊ ဘယ်ဝါလဲမေးလာတဲ့အခါ မေမေကြီး မကြိုက်မှာစိုး၍ဖြစ်သည်။

တေးတေးကို တစ်ဘဝစာအနားခေါ်ထားချင်တော့လည်း ပိုင်ရှင်ငြိုငြင်မှာစိုးရလှသူ။

"ကိုးကိုး မုန့်လုံးကမနက်ခင်းလုံးမှာဆိုတော့ ညနေပိုင်းတော့လျှောက်လည်ကြမယ်နော်။ သူငယ်ချင်းတွေက လာခေါ်မယ်တဲ့၊ မြို့ထဲလျှောက်ပတ်လည်ကြမယ်၊ ဘီယာလည်းသောက်ကြမယ်"

ကားမောင်းရင်းတွေးလက်စတချို့မှာ တေးတေးစကားကြောင့် အဆက်ပြတ်သွားသည်။ သူကသာ ဟိုဟိုသည်သည်ပူပြီးငိုင်နေတာ၊ တေးတေးကတော့ သီပေါရောက်ပါပြီဆိုကတည်းက အူမြူးလှသည်။ မွေးရပ်မြေလည်းဖြစ်ပြန်၊ မိဘဆွေမျိုး၊ သူငယ်ချင်းတွေနဲ့လည်းတွေ့ရတာဆိုတော့ ... အင်း ပျော်ပေမပေါ့။

"လျှောက်လည်လို့ရောဖြစ်ရဲ့လား။ ကိုးကိုးကိုမြင်ရင် မေးကြမှာပေါ့၊ မေမေကြီးကလည်း ကြိုက်ပါ့..."

"ကိုးကိုး တော်ပြီ။ မေမေကြီးကို အဲလောက်ကြောက်မနေပါနဲ့၊ တေးတေးသွားချင်ရင် တားမရပါဘူး။ ပြီးတော့ တေးတေးသူငယ်ချင်းတွေကို ရန်ကုန်မှာကတည်းက ကိုးကိုးနဲ့အကြောင်း ပြောပြထားပြီးသား။ သူတို့ကလည်း ကိုးကိုးကိုတွေ့ဖူးချင်နေကြတာ။ အစတည်းက တေးတေးဘယ်လိုဆိုတာ နားလည်တဲ့သူငယ်ချင်းတွေနဲ့ပဲပေါင်းတာ၊ ဘာမှပူမနေနဲ့"

ကားစတီယာရင်ပေါ်တင်ထားသော ညီမိုးလွင်၏လက်တစ်ဖက်ကို တေးတေးက ချစ်စနိုးဖြင့်တွဲခိုလာသည်။ ရန်ကုန်ဖြစ်ဖြစ်၊ သီပေါပဲဖြစ်ဖြစ် ... အတူသာရှိနေရလျှင် ကြည်နူးသာယာရပုံများ ညီမိုးလွင်ခမျာ နှလုံးသားလေးတောင် နုပျိုသွားသလိုခံစားရသည်။

အသက်ရှင်ခဲ့ရသည့် လူ့သက်တမ်းတစ်လျှောက်လုံး ခုအချိန် အပျော်ရွှင်ဆုံးဆိုသည့်ခံစားချက်က လုံလောက်တာထက်ပိုနေသည်။ ပြဿနာတွေကြောင့် ပင်ပန်းဆင်းရဲခဲ့ပေသိ လက်ရှိရနေသည့်ပျော်ရွှင်ခြင်းကြောင့် အားလုံးကိုမေ့ပျောက်သွားသယောင်၊ အချိန်တွေဘယ်လောက်ကြာညောင်းခဲ့ပါစေ သည်လူကိုတော့ဖြင့် စောင့်ရကျိုးနပ်လိုက်တာလို့ တွေးနေမိသောခံစားမှုမျိုးတွေ ဖြစ်သည်။

မေတ္တာစစ်ဆိုတာလည်း ရေကမီးကိုနိုင်သလို၊ အအေးကအပူကိုလွှမ်းသလို၊ ဆေးတစ်ဖုံက ရောဂါအဟုန်ကိုပျောက်စေသလို အားလုံးကို ငြိမ်းအေးစေနိုင်ကာ မမြင်နိုင်ဘဲအစွမ်းထက်သည့်နာမ်တစ်ပါးပဲ ဖြစ်သည်။

"ကိုးကိုးကို ချစ်လား"

"ဟင် ... သိလျက်သားနဲ့‌မေးပြန်ပြီ၊ မဖြေဘူး"

"ခဏခဏကြားပြီး ကြည်နူးချင်လို့ပေါ့ကွ။ ဖြေပါ တေးပူတူးရာ၊ ကိုးကိုးကိုချစ်ရဲ့လားလို့"

"လူဆိုးကြီးနော် ကိိုးကိုးက။ ကဲ ဖြေမယ်ဗျာ ... ကိုးကိုးက ချစ်တာမှသိပ်သိပ်ချစ်။ ညဘက်ဘုရားရှိခိုးရင်တောင် အနန္တောအနန္တ(၅)ပါးမှာ (၁)ပါးအပိုပေါင်းပြီး ကိုးကိုး သရဏံ ဂစ္ဆာမိ၊ ကိုးကိုး ဂုနော အနန္တော၊ ကိုးကိုးသည်သာ ကိုးကွယ်ရာတွေ ဖြစ်ကုန်ပြီသိလား"

"ဟာ ... ဟာ"

အချွဲခံချင်သောကိုးကိုးနှင့် အချွဲလွန်သောတေးတေးတို့ စီးလာသောကားလေးမှာ သီပေါမြေပေါ်တွင် တရွေ့ရွေ့။

..........................

ခြံကျယ်ကြီးထဲရှိ အပင်ရိပ်တွင် မေမေကြီးတို့အဖွဲ့တွေ ကိုယ်စီအလုပ်ရှုပ်နေကြသည်။ မနက်မိုးလင်းပါပြီဆိုကတည်းက မုန့်လုံးဖို့ပြင်ကြသည်။ ကျောက်ကျောလုပ်ဖို့ ပြင်ကြသည်။ ဖျော်ရည်စတုဒိသာလုပ်ဖို့ ပြင်ကြသည်။ လမ်းဆုံးတွင်ဘုန်းကြီးကျောင်းရှိတော့ သီလယူပြန်လာကြသော လူကြီး၊ လူရွယ်အစုံကို မေမေကြီးက ခြံဝင်းထဲမှာဧည့်ခံချင်သည်။ လမ်းပေါ်ကနေပဲဖြစ်ဖြစ် စားစရာတွေထည့်ပေးလိုက်ချင်သည်ဆို၏။

သည်တော့ အိမ်ရှိလူကုန်မက ဆွေနီးမျိုးစပ်များ၊ အိမ်ဘေးဝန်းကျင်တို့ကပါ အသီးသီးတာဝန်ခွဲကူကြသည်။ အုန်းခြစ်သူကခြစ်၊ မုန့်လုံးသူကလုံး၊ အဖျော်စပ်သူကစပ်နှင့် တေးတေးရော၊ ညီမိုးလွင်ပါ အလုပ်ရှုပ်ကြရသည်။ ခြံရှေ့ကတံခါးမတွင် အုန်းနှစ်လက်ထောင်ထားပြီး ခုံလေးတွေချထားတာလည်း အစီအရီ။ အဘိုင်ကဦးစီးကာ လာသမျှလူကုန် မုန့်ကျွေးပြီးဖျော်ရည်တိုက်သူဖြစ်၏။

"ကိုးကိုး ဟ ... အာ"

ကွပ်ပျစ်ပေါ်အုန်းသီးခြစ်နေသော ညီမိုးလွင်နားသို့ တေးတေးရောက်လာသည်။ မုန့်လုံးကို ငှက်ပျောဖက်ပေါ်တင်ယူလာပြီး သွားကြားထိုးတံလေးဖြင့် သူ့ကိုလာခွံ့တာဖြစ်၏။ ဘေးဘီကိုကြည့်တော့ တေးတေးသူငယ်ချင်းတွေရှိသည်။ မေမေကြီးနှင့်အမျိုးသမီးကြီးတွေက ခပ်လှမ်းလှမ်းမှာရှိသည်။ အထူးသဖြင့် မေမေကြီးမျက်ဝန်းအကြည့်တွေကဆို သူ့ဆီရောက်နေတာမို့ ညီမိုးလွင် ပါးစပ်ဟဖို့မရဲ။

"ပေးပေး၊ ကိုးကိုးဘာသာစားမယ်"

မုန့်လုံးတစ်လုံးကို အမြန်ပဲယူစားလိုက်တော့ တေးတေးက မျက်မှန်ကိုပင့်တင်ရင်း နဖူးကျုံ့သည်ထိ စိုက်ကြည့်သည်။ သူ သိသိသာသာရှောင်နေတာ တေးတေးရိပ်မိပုံပါပဲ။ ပြီးနောက် အိမ်ထဲကိုကောက်ခနဲဝင်သွားတော့ မေမေကြီးကပါ လှမ်းကြည့်နေတာ စိမ်းစိိမ်းစားစား။ သို့ပေမဲ့ မတတ်နိုင်စွာဘဲ အုန်းခြစ်နှင့်အုန်းသီးခြမ်းကိုချ၊ အတူထိုင်နေကြသည့် ကလေးတွေကိုထားရစ်ခဲ့ပြီး တေးတေးနောက်က အိန္ဒြေမပျက် လိုက်ဝင်သွားခဲ့ရသည်။

"တေးတေး စိတ်မဆိုးနဲ့လေကွာ၊ အပြင်မှာ လူတွေအများကြီးရှိနေတာကို အနေအထိုင်ဆင်ခြင်ရမှာပေါ့။ မေမေကြီးကလည်း ကြည့်နေတာ၊ ကိုးကိုးတို့ ဒီလိုကြီးပူးကပ်နေတာ ဘယ်ကြိုက်ပါ့မလဲ"

ဧည့်ခန်းမှတဆင့် အနောက်ဆုံးခန်းဖြစ်သော ဂိုထောင်ဖက်ကူးသည့် တံခါးဝနားထိ သူတို့ဝင်လာခဲ့တာဖြစ်သည်။ အိမ်ထဲတွင် ဘယ်သူမှမရှိ။ ပစ္စည်းပစ္စယတွေအားလုံးကလည်း ထုတ်ထားပြီးသားဖြစ်သည်။ ဒါမို့ ညီမိုးလွင်အသံကို ထိန်းမပြောလိုက်သလို တေးတေးကလည်း သူ့အမူအရာတွေကို ဘယ်သူပဲမြင်ပါစေ ဂရုစိုက်တော့။

"ကိုးကိုး ဒီစရောက်ကတည်းက ပြောလိုက်ရင်အဲလိုချည်းပဲ။ တေးတေးအနားလည်း မကပ်ဘူး။ မနေ့ကလည်း သူငယ်ချင်းတွေလာလို့ ခြံထဲဆင်းခဲ့ပါဆို ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့။ ဒီလိုမထွက်ရဲနေရင်၊ ရင်မဆိုင်ရဲနေရင် သီပေါလိုက်ချင်တယ်ဆိုပြီး ဘာလို့ပြောခဲ့သေးလဲ"

"ဪ တေးတေးရယ်၊ ဒါရန်ကုန်မဟုတ်ဘူးလေ။ အရင်နေ့တွေက ခြံထဲသိပ်မဆင်းဖြစ်ပေမဲ့ ဒီနေ့ဆင်းတယ်လေကွာ။ တေးတေး သူငယ်ချင်းတွေနဲ့လည်း မိတ်ဆက်တယ်။ ဒါပေမဲ့ တခြားအိမ်နီးချင်းတွေပါရှိနေတော့ နီးနီးကပ်ကပ်နေတာတော့ ဆင်ခြင်ရမှာပေါ့။ သူတို့က ကိုးကိုးကိုအလည်လိုက်လာတဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ပဲ သိကြတာလေ။ မေမေကြီးလည်း ကြိုက်မှာမဟုတ်ဘူး"

ညီမိုးလွင်လေသံက တည်ငြိမ်သည်။ စိတ်ရှည်ရှည် ချော့မြူသယောင်ရှိသည်။ တစ်ဖက်လှည့်ကာ ဒေါသအိုးပေါက်ကွဲနေသော တေးတေးအားလည်း အနောက်မှနေ၍ ပွေ့ဖက်သင့်၊ မဖက်သင့် ဝေခွဲမရဖြစ်နေသူပင်။ မတော်လို့ တစ်ယောက်ယောက်ဝင်လာလျှင် မသင့်တော်နိုင်ပေ။

"မသိဘူး၊ မသိဘူး။ မေမေကြီးမကလို့ ဘယ်သူပဲကြည့်နေနေ ခွံ့ကျွေးတဲ့မုန့်လုံးလေးတစ်လုံး စားလိုက်ဖို့က ဘာမှခက်ခဲမနေဘူး။ ဘေးမှာ‌ တေးတေးသူငယ်ချင်းတွေ ကြည့်နေကြတယ်လေ၊ ကိုးကိုးက အဲလိုအေးစက်စက်ကြီးငြင်းချလိုက်တော့ တေးတေးကို ဘယ်လိုထင်ကြမလဲ။ စိတ်ညစ်တယ်"

"တေးတေးရာ အခြေအနေကိုလည်း နားလည်ရဲ့သားနဲ့ကွာ။ ကိုးကိုးရတဲ့ပိတ်ရက်ရှည်မှာ မိဘဆီတောင်မပြန်ဘဲ တေးတေးအိမ်လိုက်လာတာက မေမေကြီးတို့၊ ဒေါ်ဒေါ်တို့ ခွင့်ပြုအောင်ပြောချင်လို့လေ။ အဲတော့ လူကြီးတွေအမြင်ကြည်အောင်တော့ နေရမှာပေါ့ ... နော်"

"ဘာမှမနော်နဲ့၊ လာလည်းမထိနဲ့ ကိုးကိုး ... ဖယ်"

ပွေ့ဖက်ဖို့ကြံရွယ်သော ညီမိုးလွင်၏လက်နှစ်ဖက်ကို တေးတေးက အားကုန်လွှဲဖယ်သွားသည်။ ပြီးနောက် ခြေတဆောင့်ဆောင့်ဖြင့် အိမ်ရှေ့မှတဆင့် ခြံထဲဆင်းသွားလေ၏။ သည်မြင်ကွင်းကို ကြည့်နေမိသည့်ညီမိုးလွင်က သက်ပြင်းချမိတာ ဟင်းခနဲ။

သူ့ခမျာ တေးတေးကိုလည်း အပြစ်မတင်ရက်ပေ။ ရန်ကုန်မှာဆိုလျှင် အလိုလိုက်အကြိုက်ဆောင်ပြီး ဖူးဖူးမှုတ်ထားခဲ့သည့် ချစ်သူလေးဆိုတော့ သည်ရောက်မှ သူ ရှောင်ဖယ်,ရှောင်ဖယ်လုပ်တာကို အတော်စိတ်ညစ်နေမှာပဲပေါ့။ ခုနက မုန့်လုံးခွံ့တာကို အမြန်စားလိုက်ရင်တော့လည်း အကောင်းသား။ သူ အတွေးလွန်ကာရှောင်လိုက်တော့ သူငယ်ချင်းတွေရှေ့ တေးတေးရှက်သွားပုံရသည်။

ပုဆိုးလွင်လွင်ကလေးနှင့် ညီမိုးလွင်တစ်ယောက်လည်း ခြံထဲပြန်ဆင်းခဲ့ရတော့ ခေါင်းငိုက်စိုက်လျက်။ ဧည့်ခန်းအကွယ်က အရိပ်လေးတစ်ခုရှိနေတာကိုပင် နည်းနည်းမှမမြင်၊ သဲ့သဲ့မှမကြားနိုင်တော့သည်ထိ စိတ်တွေပျံ့လွင့်နေခဲ့တော့၏။

11.7.2022

..............................

(A/N) အဆုံးသတ်ကိုရေးရင်းရေးရင်း လက်အရှိန်ကရပ်မရဘူးဖြစ်နေတော့ နှစ်ပိုင်းခွဲလိုက်ရပြန်ပါပြီလို့။ ကြည်ကြည်နူးနူးအပိတ်လေး မနက်ဖြန်ညဆက်တင်မယ်နော်။ စိတ်ရှည်ရှည်စောင့်နေပေးကြလို့ ကျေးဇူးပါရှင့်...🤍

•••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co