Truyen3h.Co

သင်္ကြန်မောင်

Part - 2 (Unicode)

Fi_Lay

(A/N) ပြောထားဖူးသလိုပဲ ... 'သင်္ကြန်မောင်' လေးကို Mini-story အနေနဲ့ ဆက်ရေးဖြစ်ပါပြီရှင်။ ခပ်အေးအေးနေတတ်တဲ့ ဆရာဝန်လူပျိုကြီးနဲ့ လူငယ်ဟန်အပြည့်ရှိတဲ့ House surgeon လေး ဘုန်းလျှံမောင်တို့ ဘယ်လိုဆက်နှစ်ပါးသွား ကကြမလဲ။ ဖီတို့တွေ ပေါ့ပေါ့ပါးပါး Ongoing လေး သွားကြတာပေါ့။

စကားမစပ် ဘုန်းလျှံပုံလေး ချစ်စရာကောင်းရဲ့လားမသိ...

🤍 🤍 🤍 🤍 🤍

'ကိုယ်နဲ့ တွဲကြည့်ချင်လား'

နှစ်ဆန်းတစ်ရက်နေ့ ... သူတို့ပထမဆုံးအကြိမ် ဘုရားကိုအတူသွားဖြစ်ကြသည့်နေ့က ဆရာမေးလာခဲ့သော စကားပင်။ ဘုန်းလျှံမောင်အဖို့တော့ တစ်ပတ်ကြာသည်အထိ ထိုစကားလုံး(၆)လုံး၏အဓိပ္ပါယ်၊ အတိမ်အနက်ကို စစ်စစ်ပေါက်ပေါက် တွေးမရသေးချေ။

ဟုတ်လည်းဟုတ်သည်လေ။ ခုနောက်ပိုင်း ခေတ်စားလာသည့်ထိုစကားက ပုံမှန်ချစ်သူရည်းစားတွေလို 'မင်းကိုချစ်တယ်'၊ 'မင်းကိုကြိုက်တယ်' ဆိုတာမျိုး ပွင့်လင်းသည့်အနက််ကိုမဆောင်။ 'ကိုယ်နဲ့တွဲကြည့်ချင်လား' တဲ့၊ ဆိုတော့ ဆရာသည် သူ့ကိုမချစ်သေးသည့်သဘောများလား။ ဒါမှမဟုတ် ချစ်ခြင်း၏အကြိုပဏာမ အဖွင့်စကားများလား။

ဟုတ်မှာပါလေဟု ဘုန်းလျှံမောင် လိုရာဆွဲတွေးရင်း ညနေ နေရီရီအောက်တွင် ခေါင်းတဆတ်ဆတ် ညိတ်မိသည်။ ဆေးရုံကအပြန် ကားမောင်းနေသည့်ဆရာဘေးမှာ ထိုင်လိုက်နေတာတောင် သူ့အတွေးတွေက တောင်ရောက်မြောက်ရောက်ပါပဲ။

ဆရာကြောင့် မပျော်ဘူးလားဆိုတော့ ပျော်ပါသည်။ ဒါပေသိ သူတို့စတွဲပါပြီတဲ့။ ဆရာ၊ တပည့်ဆက်ဆံရေးက အစပျိုးခဲ့တာမို့ ဘုန်းလျှံအဖို့ ဘာမှမရဲလှပေ။ တွဲသာတွဲရသည်၊ ချစ်ကြောက်ရိုသေရသည့် ဆရာ့အပေါ် ဘယ်စကားတော့ ပြောခွင့်ရှိတယ်၊ ဘယ်လောက်တော့ ဆိုးလို့ရတယ်၊ ဘယ်အတိုင်းအတာထိတော့ လုပ်ပေးပိုင်ခွင့်ရှိတယ်ဆိုတာမျိုး သူမသိ။ သတ်သတ်မှတ်မှတ်လည်း မရှိ။

စတွဲကြသည့်တစ်ပတ်အတွင်း ဆရာနှင့်သူ့အကြားဆက်ဆံရေးက ပုံမှန်ထက် အဆင့်အနည်းငယ်သာတက်ခဲ့၏။

တွဲကြည့်ချင်လားမေးတာမို့ 'ဟုတ်ကဲ့ ဆရာ' လို့ ဘုန်းလျှံ ခေါင်းညိတ်လိုက်ပြီးနောက်ပိုင်း ဆရာက သူ့ထံနေ့တိုင်းဖုန်းဆက်သည်။ ဆေးရုံသွားသည့်မနက်ဆို သူ့အခန်းကို ဝင်ကြိုတတ်လာသည်။ အပြန်ဆိုလည်းစာပို့ပြီး အများမရိပ်မိအောင် ကားပေါ်က မသိမသာစောင့်နေတတ်၏။ သို့သော် တီတီတာတာ ချစ်စကားတို့ပြောဆိုခြင်းက အတော်နည်းပါးသေးသည်။ သို့ပေမဲ့ အေးစက်စက်ဆက်ဆံတာမျိုးတော့လည်း မဟုတ်ပြန်။

'ကိုယ်နဲ့ OT လိုက်ဝင်ချင်လား'

'ဘုန်းလျှံမောင် ထမင်းပုံမှန်စားရဲ့လား'

'ညဂျူတီဆိုပေမဲ့ တစ်ရေးလောက်မှေးဦးနော်' စသည်စသည်ဖြင့် အဖေတစ်ယောက်က သူ့သားကို စိတ်ပူခြင်းအားဖြင့် မှာသလိုမျိုး၊ ဆရာတစ်ယောက်က သူ့တပည့်ကို ချစ်ခင်ခြင်းအားဖြင့် မှာသလိုမျိုး မေတ္တာခြုံ၊ လုံပါပေ့ဆိုသောစကားတို့သာ နွေးနွေးထွေးထွေးပြောတတ်သည့် လူပျိုကြီးပင်။

ဒါမျိုးစကားအရာတင်ပဲလားဆိုတော့ မဟုတ်။ ချစ်သူချင်းနှီးနှောဖလှယ်သင့်သည့် ရုပ်ပိုင်းဆိုင်ရာအထိအတွေ့တွင်လည်း အားနည်းသေးသည်။

ဆေးရုံမှာတော့ အများမသိသာအောင်နေရ၍ သူ့ကိုထိတွေ့တာ၊ ဖက်လဲတကင်းမလုပ်တာ ရှိစေတော့။ သို့သော် နှစ်ဦးတည်းရှိသည့် ကားထဲတွင်ဖြစ်စေ၊ စားသောက်ဆိုင်တစ်ခုခုတွင်ဖြစ်စေ ဆရာက ပွေ့ဖက်တတ်တာမျိုးမရှိ။ သူ့လက်ကလေးကိုတော့ အသာဆုပ်ကိုင်တတ်သည်၊ တစ်ခါတရံ ခေါင်းကလေးကို ပွတ်သပ်ပေးတတ်သည်။ သည်တစ်ပတ်အတွင်းတော့ ဒါ့ထက်သိပ်မပိုတတ်။

မသိလျှင် သူ့များ ခွေးပေါက်လေးတစ်ကောင် မွေးထားသည့်အတိုင်း။ တကယ်လို့ တိရစ္ဆာန်ဖြစ်ခြင်းဖြစ်ဆိုလည်း သူကကြောင်တစ်ကောင်လို ဆရာ့ရင်ခွင်ထဲ ပွတ်သပ်ပြီးနေလိုက်ချင်တော့တာ။ အခုတော့ ဆရာက ပါးနမ်းတာမျိုးကိုတောင် လူအတော်ရှင်းသည့် ညအချိန်မှသာ မသိတသိလုပ်တတ်တာဖြစ်၏။ သင်္ကြန်အတက်နေ့ကလို မူးမူးနှင့်ပေးခဲ့သော ရှည်ကြာပွင့်လင်းသည့် အနမ်းမျိုးရဖို့တော့ သည်တစ်ပတ်အတွင်း ဝေးပါသေး။ ဂျူတီတွေဆက်တိုက်ကျနေကြတော့ မအားတာလည်းပါမည်ထင်။

ဒါမို့ 'ကိုယ်နဲ့တွဲကြည့်ချင်လား' ဆိုတာ ဘယ်လောက်အတိုင်းအတာထိ ခရီးပေါက်သလဲဆိုတာ ဘုန်းလျှံ တွေးနေရတာဖြစ်သည်။

အတက်နေ့ကလိုနမ်းဖို့က အခြေအနေများ မပေးလို့လား။ ဒါမှမဟုတ် အဲနေ့တုန်းကလို ဆရာ သွက်လက်မူးချာသွားအောင် ဘီယာတိုက်လျှင်ကောင်းမည်လား။

"ဘုန်းလျှံမောင်"

နာမည်အပြည့်အစုံခေါ်လာသော ဆရာ့အသံက ညိုးညိုးညိတ်ညိတ်။ ကားရပ်ပြီးမှ သူ့ဖက်လှည့်ခေါ်တာဖြစ်သည်။

"ရောက်ပြီလေ၊ ဘာတွေတွေးနေတာလဲ"

"ဆရာ့အကြောင်း"

"ဟေ!"

ဘုန်းလျှံ မကွယ်မဝှက်တမ်း ‌ပြောလိုက်တာမို့ ဆရာလူပျိုကြီးက ရှက်ရှက်နှင့်ပြုံးသည်။ ပြီးနောက် ထုံးစံအတိုင်း သူ့ခေါင်းကို လာပွတ်သပ်ပြန်၏။ စိတ်ထဲတော့ သူ့ကိုယ်သူ ညိုတုတ်အသွင် ပြေးမြင်မိလိုက်တာပင်။

"ဟို ... ဆရာ"

"အင်း"

ခေါင်းတစ်ချက်ညိတ်ပြပြီး သူ့ကိုသေချာအလေးပေးကြည့်လာသည်။ ဆရာဟာ အသက်အရွယ်အားဖြင့် သူ့ထက် ၁၃နှစ်နီးပါးကြီးပေမဲ့ ကြိုးတပ်မျက်မှန်လေးနှင့် ကလေးသာသာဘုန်းလျှံစကားကိုတော့ ခုလိုအလေးထားနားထောင်ပေးတတ်သူပင်။

"ညနေစာလိုက်ကျွေးပါလား၊ ကျွန်တော့်အခန်းရှေ့တောင် ရောက်နေပြီဆိုပေမဲ့ပေါ့"

"အင်း ရတာပဲလေ။ ကိုယ်က မင်းနားချင်နေပြီထင်လို့ မမေးတာ။ ကဲ ဘာစာစားချင်လဲ။ ထိုင်း၊ ဗမာ၊ တရုတ်..."

"ငါးကင်နဲ့ဘီယာ ဆရာ"

"ဟေ!"

ဘယ်လိုပင်အံ့ဩလည်း ဆရာဝယ်ကျွေးတာပါပဲ။ ဘုန်းလျှံကလည်း ငါးကင်တောင် လှည်းတန်းကမှဟု မရဲတရဲလေး ပူဆာလိုက်သေးသည်။

ဆိုတော့လည်း မြို့မကျောင်းလမ်းမှသည် လှည်းတန်းရောက်တဲ့အထိ သူတို့အဖို့စကားတပြောပြောနှင့်။ အဲကွန်းအရှိန်ကြောင့် ဘုန်းလျှံလက်တွေ အေးစက်နေတယ်ပြောတော့ ဆရာက လက်တစ်ဖက်ဖြင့် အသာဆုပ်ကိုင်ရင်း အပူစီးကူးစေသည်။ ပုံမှန်ဆို သူကစကိုင်ရမှာ ရှိုးတိုးရှန့်တန့်မို့ အခုတော့ အကြောင်းပြချက်တစ်ခု ရသွားပြီဖြစ်၏။

ရုံးဆင်းချိန်မို့ ကားတွေကလည်း တိုးမပေါက်ပေ။ မည်းမှောင်သောဝန်းကျင်ကို လမ်းမီးတွေက အလှဆင်သည်။ ကားမီးတွေက ပိုလင်းထင်းစေသည်။ လူတွေမှာလည်း ထိုမီးရောင်တွေအောက်တွင် ကပျာကသီ လှလို့ပလို့။ သူတို့နှစ်ဦးသားလည်း ထိုလူတွေကြားဆင်းသက်ပြီး အတူတိုးဝှေ့ကြရတာပါပဲ။

ငါးကင်နှင့်ဘီယာဝယ်ပြီးချိန်တွင် မိုးချုပ်သွားလေပြီ။ လှည်းတန်းမဟုတ်ဘဲ ကြိုက်တဲ့နေရာက ငါးကင်စားလို့ရပေမဲ့ ဘုန်းလျှံမောင်ဆိုတာလည်း အကြံနှင့်။ ဖြစ်ချင်တာလေးရှိလျှင် ဉာဏ်နီဉာဏ်နက်ကလေးက ထုတ်သုံးလိုက်ရမှ။

"ကဲ ငါးကင်နဲ့ဘီယာတော့ရပြီ၊ ဘယ်မှာစားမလဲ"

ကားထဲရောက်မှ ဆရာကမေးတာဖြစ်သည်။

"ခုကဆရာ့အခန်းနဲ့ နီးနေတာဆိုတော့ အဲဒီမှာပဲသွားစားကြမလား။ ဟို ... ဆရာ့ကားထဲမှာစားရင် နံကုန်မှာစိုးလို့ပါ"

"ဟင်း သဘောဗျာ"

သည်လိုနှင့် သူ့အကြံကောင်းမှုကြောင့် နာနတ်တောလမ်းက ဆရာ့အခန်းဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ တိုက်ပေါ်တက်တော့ ကိုကြီးအေးချမ်းမောင်အခန်းက တခြားသူတွေ ပြောင်းနေကြလေပြီ။ ဒါမို့မိသွားမှာအတွက် ကိစ္စမရှိပေ။ မဟုတ်လျှင် ဆရာနှင့်သူ့အကြောင်း ထုတ်ပြောပြရမှာ မျက်နှာပူစရာမလား။

ဆရာ့အခန်းရောက်တော့ မီးတွေဖွင့်ပြီးမှ ဟိုစပ်စပ်သည်စပ်စပ် လျှောက်ကြည့်နေမိတာ ဘုန်းလျှံမောင်။ ဝင်ဝင်ချင်းက ဧည့်ခန်းပုံသဏ္ဌာန် ထိုင်စရာဆက်တီနှင့်။ တမံသလင်းတွင် ဖယောင်းပုဆိုး အဖြူ၊ အနက်ကွက် ခင်းထားသည်။ ဘေးနံရံတွေကတော့ ပစ္စည်းချိတ်စရာနှစ်နေရာနှင့် အထက်တွင် ဘုရားစင်က သပ္ပါယ်စွာ တည်ထားသည်။

ဘုန်းလျှံ ခြေလှမ်းကို အနောက်ဦးတည်ရင်း မျက်လုံးကိုဝေ့မိပြန်သည်။ ဆရာ့အခန်းက အခန်းနှစ်ခန်းဖွဲ့ထားတာပင်။ အခန်းတံခါးတွေပိတ်ထားတာမို့ အနောက်ကိုလည်း လှမ်းမြင်ရသည်။ ဒါမို့မီးဖိုခန်းရှိသည့် အနောက်ထိသွားစပ်စုချင်ပေမဲ့ ဆန္ဒကို သိက္ခာနှင့်ထိန်းလိုက်ရ၏။

ဖြည်းဖြည်းပေါ့ ... ဆရာခေါ်လာပေးတာတောင် တော်လှပြီ။

"လိုက်လာမယ်မှန်းမသိလို့ အခန်းတောင်ရှင်းမထားရဘူး။ တစ်ယောက်တည်း ဖြစ်သလိုနေတာဆိုတော့ နည်းနည်းတော့ရှုပ်နေတယ်"

ဆရာက ဧည့်ခန်းကမှန်စားပွဲပေါ် ရှင်းလင်းရင်း အားနာနာပြောသည်။ လက်ထဲတွင်လည်း  သောက်ပြီးသားကော်ဖီခွက်၊ ရေသန့်ဗူးအခွံနှင့် စာအုပ်တစ်အုပ်ကို ကောက်ယူရှင်းနေတာပင်။ ဘုန်းလျှံလည်း အလိုက်တသိကူရှင်းပြီးမှ ပါလာသည့်အထုတ်တွေ၊ ဗူးတွေချလိုက်ရ၏။

အချိန်တိုအတွင်း မီးရောင်ခပ်လဲ့လဲ့အောက်တွင် သူတို့စားဖို့နေရာလေး ရသွားသည်။

"ဆရာ ထမင်းစားချင်သေးလား။ ဒါနဲ့တင် ဝပါ့မလား"

"ဖြစ်ပါတယ်။ ဘီယာက ၆ဗူးတောင်ဝယ်လာတာမလား၊ သောက်ရင်း ဗိုက်ပြည့်သွားမှာ"

ဆရာ့ကိုတမင်ကားပေါ်ချန်ခဲ့ပြီး ဘီယာဗူးတွေ အပြေးဝယ်ခဲ့သည့် ဘုန်းလျှံမောင်တစ်ယောက် နည်းနည်းမလုံမလဲ ဖြစ်သွားသည်။ လူပျိုကြီးအနားနေရဖို့အရေး အကြံတွေထုတ်ခဲ့လိုက်တာ ကြိုးတပ်မျက်မှန်စွပ်သည့် ကလေးရုပ်လေးနှင့်မှမလိုက်။ အနည်းဆုံး ၃ဗူးသောက်ရင်တော့ ဆရာ ရီဝေဝေဖြစ်လောက်မည်မလား။

"Ice တို့ရော အဆင်ပြေလား။ သူတို့နဲ့မတွေ့ဖြစ်တာတောင် သုံး၊ လေးနှစ်လောက်ရှိပြီ"

"ပြေပါတယ်။ အခုကိုမြတ်ဟန်သာတို့အခန်းမှာပဲ အမေနှစ်ယောက်နဲ့ နေနေကြတာ။ ကြီးကြီးဆိုတာက ရာသက်ပန်သီလရှင် ဝတ်သွားပြီတဲ့။ ကျွန်တော် သွားလည်ဖြစ်ပါတယ်။ ကိုကြီးတို့လည်း တစ်ခါတလေ မုန့်ဖိုးလာပေးတယ် ဟဲ"

"ဪ..."

အပြောနှင့်အတူ နွှင်ပြီးသားငါးကင်ကို ဘုန်းလျှံအခြမ်းဖက် ချပေးလာသည့်ဆရာ။ သူ မဝံ့မရဲပါပဲ..၊

"ဆရာ စိတ်မရှိရင်... ခွံ့ကျွေးပါလား"

"ဟင် ... အင်း"

သူ ဘွင်းဘွင်းပြောတိုင်း သည်လိုခပ်ပြုံးပြုံးရယ်နေတော့တာ။ လူပျိုကြီးနှင့်တော့ ခက်ရချည်ရဲ့ ... သူ ချစ်လိုက်ရတာ။

ဝရန်တာနားက တံခါးအဝင်ဝတွင် ငါးကင်တစ်ကောင်၊ ဘီယာ၆ဗူးနှင့် သူတို့နှစ်ယောက်မှာ စကားတပြောပြော။ နွေအငွေ့အသက်တွေရှိသည့် ဧပြီလပေမဲ့ ညလေအေးကြောင့် သူတို့ စားလို့၊ သောက်လို့ကောင်းသည်။ ကြယ်တွေကြည့်လိုက်၊ တစ်ဦးအကြည့်တွေ တစ်ဦးကလိုက်ဖမ်းလိုက်နှင့်။

ဘီယာဗူးတွေကုန်သွားချိန်တွင်တော့ အားလုံးရှင်းလင်းပြီး အောက်ကအမွှေးဖွအခင်းတွင် ဆင်းထိုင်ဖြစ်ကြသည်။ သူတို့လက်ကို နောက်ပြန်ပစ်လို့ ကောင်းကင်ဆီ မော့ကြည့်ကြတော့ လျစ်လျူရှူခံထားရသည့် နာရီသံပတ်တို့မှာ အားငယ်လုဆဲဆဲ။ ရွေ့လျားနေသည့်အချိန်တွေကို သူတို့မေးထားကြ၏။

"ဆရာ မူးနေလား"

"နည်းနည်းပါ။ ဘာလို့လဲ၊ မူးနေပြီလား"

"ကျွန်တော်လည်း နည်းနည်းပါပဲ"

ဘေးချင်းယှဉ်ထိုင်ရာက ကိုယ်စီပြုံးရင်း အကြည့်ချင်းဆုံတော့ ဆရာကသူ့ထံတိုးလုလု ရှိလာသည်။ မျှော်လင့်ထားသောအခြေအနေကို သဘောပေါက်သည့် ဘုန်းလျှံကလည်း ဆရာ့အနား တိုးကပ်မိသည်။ သူတို့အဖြစ်က လေတလူးလူးတွင် ပန်းပွင့်နှင့်လိပ်ပြာ တွေ့ဆုံသည့်အတိုင်း။ နူးညံ့စွာ ထိတွေ့မိကြတော့လည်း လှပသည့်အနမ်းကလေးက ရုတ်ချည်းဖြစ်ပေါ်သည်။

နူးညံ့သည့် အထိအတွေကတစ်ဆင့် အလှည့်အပြောင်း၊ အလှုပ်အခတ်တွေထိတိုင် ဝိုင်တစ်ခွက်မြည်းစမ်းနေရသည့်နှယ် ယစ်မူးဖွယ်မို့ အချိန်တွေကို သူတို့ထပ်မေ့ကြပြန်ပါ၏။

အနမ်းတွေကြောင့် ရင်တွင်တသိမ့်သိမ့်။ လှိုက်ဖိုစိတ်လေးလည်း ဖြစ်မိသည်။ ထိုအခိုက် ကလေးတချို့ ဆော့ကစားသံတွေ ကျယ်လောင်လာပြန်သည်။ ဂစ်တာသံတချို့ကလည်း ပျံ့လွင့်လို့။ နှစ်ယောက်သား မီးမှောင်မှောင် ဝရန်တာမှာထိုင်နေကြပေမဲ့ ခပ်ကြာကြာမသင့်တော်တာမို့ ခဏကြာမှ ကိုယ်ချင်းအနည်းငယ်ရှဲမိကြ၏။ အကြည့်ချင်းဆုံရင်း ထပ်မံပြုံးမိကြပေမဲ့ သည်တစ်ခါတော့ ရှက်ပြုံးချည်းရယ်ပါ။

"ဒီမှာပဲ ညအိပ်မလား ဘုန်းလျှံ"

မျှော်လင့်မိပေမဲ့ နောက်ထပ်မထင်မှတ်သည့် စကားတစ်ခွန်းကို ဆရာကဆိုလာသည်။

"ဆရာ အဆင်ပြေရင် ကျွန်တော်ကအိပ်ချင်ပါတယ်"

"အင်း ကိုယ့်မှာအခန်းပိုရှိတယ်"

ဒါကိုတော့ မမျှော်လင့်ထားပါပေ။ ထိုစကားကြားကြားချင်း ဘုန်းလျှံတစ်ယောက် အံ့ဩစိတ်ကြာင့် ဆရာ့ထံမှ အကြည့်လွှဲကာ ခေါင်းငိုက်စိုက်မိသွား၏။ စိတ်ထဲတွင်တော့ ဆရာက ရိုးလွန်းတာလား၊ သူ့ကိုပဲမချစ်သေးလို့ စည်းခြားထားတာလားဆိုသော မေးခွန်းများစွာက ရုတ်ချည်းပေါ်ပေါက်လာလေပြီ။

"ဟို ... မင်းအနေရခက်မှာ စိုးလို့ပါ"

"ကျွန်တော်မေးချင်တာရှိတယ် ဆရာ၊ ဆူခံရမှာလည်း ကြောက်တယ်"

"မေးပါကွာ၊ ဘာအမှားမှမလုပ်ဘဲ ကိုယ်မဆူပါဘူး"

ခေါင်းငုံ့နေသောသူ့ကို ဆရာကပါ  လိုက်ငုံ့လျှိုးရင်းကြည့်ရှာသည်။

"ဟို ... အရင်ရည်းစားတွေနဲ့တုန်းကလည်း ဆရာက ဒီလိုအေးစက်စက်ပဲလား"

မရဲတရဲသူ့အမေးကြောင့် ဆရာ့နဖူးသားတွေ ရှူံ့သွားအောင်ထိ မျက်မှောင်ကြုတ်သွားသည်။

"ကိုယ့်မှာရည်းစားတစ်ယောက်ပဲ ရှိဖူးတယ်။ အဆင်ပြေမလားလို့ တွဲကြည့်ခဲ့ဖူးတဲ့သူတွေကတော့ အများကြီးပေါ့လေ။  အင်း ... ဒီလိုအေးစက်စက်ပဲလားဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ရေရှည်အဆင်ပြေနိုင်မလား တွဲကြည့်နေကြတဲ့အတောအတွင်း ကိုယ်ကစည်းထားပေးတာပါ။ အထူးသဖြင့် မင်းလိုငယ်သေးတဲ့ကောင်လေးအပေါ် ကိုယ်က ပိုငဲ့ညာရမယ်ထင်လို့"

ဘုန်းလျှံမသိသေးသည့် ဆရာ့အကြောင်းတချို့ ထင်ပါရဲ့။ တွဲကြည့်ပြီးမှ ရည်းစားအဆင့်ကိုတက်တယ်ဆိုတော့ ဆရာက ရှေးဆန်တာလား၊ ခေတ်မှီလွန်းတာလားမသိ။ တွဲခဲ့ဖူးတဲ့သူတွေအများကြီးမှာမှ ရည်းစားကတစ်ယောက်ပဲ ရှိခဲ့တယ်တဲ့၊ ဆရာက နားလည်ရခက်ပုံပင်။

"ဆရာက ရေရှည်အတွက် သေချာမှအဆင့်တက်တာဆိုတော့ အဲဒီရည်းစားတစ်ယောက်နဲ့က တော်တော်အဆင်မပြေခဲ့လို့လား"

"ဒီလိုပါပဲ။ ကိုယ် အချစ်လွန်သွားခဲ့တာထင်တယ်။ အခုတော့ သူလည်းလက်ထပ်သွားပါပြီ"

ခပ်ဆွေးဆွေးဖြစ်သွားသောဆရာက ကောင်းကင်ကိုသာ မော့ကြည့်နေသည်။ ဘုန်းလျှံမသိသော ဇာတ်လမ်းတချို့ ဆရာ့မှာရှိခဲ့ပုံပါပဲ။ မီးအလင်းရောင်မှိန်မှိန်အောက် ငေးငိုင်နေသောပုံက တစ်ယောက်တည်းနေသော ဆရာ့ဘဝကို ပိုအထီးကျန်သွားစေသည်။ ဒါမို့ ဘုန်းလျှံ အနားတိုးကပ်ပြီး ဆရာ့ခါးတစ်ဝိုက်ဆီ ပွေ့ဖက်မိ၏။

"ဆရာသိလား။ ကျွန်တော် အခုကစပြီး ဆရာ့ဘဝအတွက် အဆင်အပြေဆုံးလူဖြစ်အောင် အသေအလဲကြိုးစားတော့မှာ"

"ကိုယ်လည်းကြိုးစားမှာပါ ဘုန်းလျှံမောင်ရာ"

သဘောတကျနှင့် ဆရာရယ်ပြုံးရင်း ဘုန်းလျှံ၏ကျောပြင်ဆီ ပြန်ပွေ့ဖက်လာတာ သိမ့်ခနဲ။ ကြည်နူးမှုက နှစ်ဦးသားကြား ဆွတ်ပျံ့သွားသည်။

"ဆရာက တစ်ယောက်တည်းနေတာလား။ မိဘတွေကရော"

ရင်ခွင်ထဲကနေ အမေးများလိုက်တော့ ဆရာကို သူ့ခေါင်းလေးကိုပွတ်သပ်ရင်း၊

"ကိုယ့်မိဘတွေနဲ့ အစ်မတို့မိသားစုက ဘားအံမှာပဲနေတာ။ ဝေးလည်းဝေးတော့ ပိတ်ရက်ရှည်မှပဲ အိမ်ပြန်ဖြစ်တယ်"

"ဟာ ... ဒါဆိုဆရာက ကရင်လူမျိုးပေါ့"

"ဆိုပါတော့ ... အဖေက ကရင်၊ အမေက ဗမာလေ။ ဘုန်းလျှံမောင်လည်း ရှမ်းစပ်တာပဲမလား"

လူမျိုးရေးပြောရင်းကြားက ဘုန်းလျှံမောင် နားကြားပြင်းကပ်ကပ်နှင့် ဆရာ့ရင်ခွင်ထဲက ဖယ်ခွာထွက်လိုက်သည်။ သူ့နာမည်ကို ဆရာ သူစိမ်းဆန်ဆန်ခေါ်နေတာ မများလွန်းဘူးလား။

"ဆရာကလည်း ဘုန်းလျှံမောင်၊ ဘုန်းလျှံမောင်နဲ့"

"မင်းလည်း ဆရာ၊ ဆရာနဲ့လေ"

ညမှောင်မှောင်တွင် ဆရာ၊ တပည့်နှစ်ယောက် မျက်နှာချင်းဆိုင်က အပြိုင်ငြင်းကြရပြန်သည်။

"ဒီလိုကြီးတော့ မဖြစ်သေးပါဘူး၊ တစ်ခုခုတော့ ပြောင်းခေါ်ကြဖို့ လိုပြီထင်တယ်။ အင် ... ဆေးရုံကလူတွေလည်း သိပ်မရိပ်မိအောင် ဒီလိုဆိုရင်ရော ဆရာ"

"အင်း ဘယ်လိုလဲ"

ကြည်လဲ့လဲ့မျက်လုံးတွေဖြင့် ဆရာက သူ့သဘောကို သေချာနားစွင့်ပေးနေသည်။ စည်းကမ်းကြီးသလိုလို၊ အေးစက်စက်နိုင်သလိုလိုပေမဲ့ နွေးထွေးသည့်မျက်ဝန်းအကြည့်တွေကို ဘုန်းလျှံ၏နှလုံးသားက ခံစားမိနေပြန်၏။

"အကိုကို ကရင်လိုဘယ်လိုခေါ်လဲ ဆရာ"

"အကိုလား။ မိန်းကလေးတွေကတော့ 'အကိုး' လို့ခေါ်ကြတယ်"

"အကိုဆိုရင် အကိုး၊ အကိုး။ အယ် ... ကိုကိုဆို ကိုးကိုးပေါ့နော်"

"အင်း ... အဲလိုပဲပေါ့"

"ဒါဆို ကိုးကိုးလို့ခေါ်လို့ရမလား ဆရာ"

အံ့ဩဆန်းကြယ်ဟန်ဖြင့် ဆရာ့မျက်လုံးကလေး အရောင်လက်တော့ ဘုန်းလျှံမောင် အနည်းငယ်ရှက်သွားသယောင်။ လည်ဂုတ်ကိုပွတ်သပ်မိတော့ ဆရာက အူယားသဖွယ် သူ့ကိုပွေ့ဖက်ပြန်သည်။

"ကိုးကိုးတဲ့လားကွာ။ အင်း ... ဆရာလို့ခေါ်နေတာထက်စာရင် ဒီအခေါ်ကို ပိုသဘောကျတယ်"

"ဟုတ် ... ခေါ်မယ်။ အဲလိုသဘောကျရင် ကျွန်တော့်ကိုလည်း ကရင်လိုနာမ်စားတစ်ခုခု ခေါ်ပါလားဟင်"

"အင်း ခေါ်တာပေါ့"

ဘုန်းလျှံပျော်လွန်းလို့ ဆရာ့ကို မျှော်လင့်တကြီးမော့ကြည့်တော့ သူ့အနားနားကပ်ကာ ခပ်တိုးတိုးပြောသည်က 'နေပါဦး၊ အခုတော့ မစဉ်းစားရသေးဘူး' တဲ့လေ။

သူ စောင့်မှာပေါ့၊ ဆရာ့လို လေးစားချစ်ခင်စရာကောင်းသူအနားမှာ ရှိခွင့်ရနေတာပဲ ကံကောင်းလှပြီမို့ ဘာပဲဖြစ်ဖြစ် သူ စောင့်မှာပေါ့။

"ဟုတ် ... ကိုးကိုးသဘော"

ကတ္ထီပါရောင်ကောင်းကင်အောက်တွင် အပြာရောင်ကြည်နူးခြင်းတချို့ တသိမ့်သိမ့် ဆွတ်ပျံ့သွားပြန်တော့၏။

.......................

Bạn đang đọc truyện trên: Truyen3h.Co