Truyen3h.Co

သင်္ကြန်မောင်

Part - 3 (Unicode)

Fi_Lay

(A/N) အရင်၂ပိုင်းအတွက် အပေါ်ကအမှတ်တရ ပုံလေးတွေဆွဲပေးတဲ့ Mama Hnin Wai Soe ကို ကျေးဇူးအများကြီးတင်ပါတယ်လို့....🤍

........................

"ဒေါ်ခင်လှ ဘယ်လိုလဲ၊ နေသာရဲ့လား"

ဆရာက Round လှည့်ရင်း ခွဲပြီးလူနာတစ်ယောက်ချင်းစီကို လိုက်ကြည့်ပေးနေတာ ဖြစ်သည်။ Surgical ward ၏ မနက်ခင်းထုံးစံအတိုင်း ဆရာတို့က ရှေ့ကဦးဆောင် Round ကြသည်။ တင်နီလာဝင်း၊ မိုးယုနှင့် ဘုန်းလျှံတို့ကတော့ နောက်တွင်ပစ္စည်းပစ္စယတွေ တရုန်းရုန်းနှင့်။ ပြောသမျှမှတ်ဖို့ ဦးနှောက်ကိုဖွင့်ပြီး နားကိုလည်း စွင့်ထားကြသည်။

ယခုကား Appendicitis case (အစာအိမ်အူအတက်ရောင်) ခွဲထားရသောလူနာဖြစ်၏။

"ဆရာရယ် ချုပ်ထားတဲ့နေရာကတော့ တဆစ်ဆစ်ပဲ။ ပိုးတွေဘာတွေမဝင်လောက်ပါဘူးနော်၊ အရပ်ထဲကပြောတာ ပိုးဝင်ပြင်းရင် သေတတ်တယ်ကြားလို့"

"မဖြစ်ပါဘူးဗျာ၊ သေချာချုပ်ပေးထားပါတယ်။ ချုပ်ရိုးနေရာလည်း ပိုးကင်းတယ်၊ သန့်သန့်ရှင်းရှင်းပါပဲ"

ဆရာက သေချာကြည့်ရင်း ခပ်ပြုံးပြုံးရှင်းပြပေမဲ့ အဒေါ်ကြီးက စိုးရိမ်စိတ်ကင်းသေးပုံမပေါ်။ ဘုန်းလျှံတို့လို အလုပ်သင်ဆရာဝန်လေးတွေကို တဖွဖွမေးရတာအားမရလို့ ဆရာလာတုန်း အစုံပလုံမေးချင်နေပုံပင်။

"ဆိုင်လားတော့မသိပေမဲ့ ခြေထောက်တွေလည်း အတော်ကိုက်တယ်ဆရာ"

"လှဲနေရတော့ အညောင်းမိတဲ့သဘောပါ။ ချုပ်ရိုးကျက်ရင် လမ်းလျှောက်လို့ရပြီ။ မခံနိုင်အောင်ကိုက်ခဲတယ်ဆိုရင်တော့ ဆရာမလေးတွေ ပြောလို့ရပါတယ်"

"ပြီးတော့ ဆရာ ... ကျွန်မ ဒီဟာမခွဲခင်ကတည်းကလေ အိပ်နေရာကထလိုက်ရင် ခဏခဏမူးတယ်။ အဲဒါစိုးရိမ်ရတယ်မလား ဆရာ။ တရိပ်ရိပ်နဲ့ မူးတာမူးတာဆိုတာ အိုး ... တစ်ခါတစ်ခါ ဦးနှောက်ပါ ကျွတ်ထွက်ကျမတတ်ပါဆို"

အဒေါ်ကြီးအပြောကို တင်နီလာဝင်းက ခစ်ခနဲရယ်မိတော့ မျက်စောင်းတစ်ချက်ထိုးခံရ၏။ ဆရာကလည်း ပြုံးစိစိနှင့် နှုတ်ခမ်းကကွေးလုလု။ သူတို့ရယ်ကြတာလည်း မလွန်ပါပေ။ ဆေးရုံရောက်တာ နှစ်ညအိပ်သုံးရက်ရှိသေး၊ အဒေါ်ကြီးတစ်ကိုယ်လုံး ဘာမှမဖြစ်သည့်နေရာမရှိ။ ခေါင်းအစ၊ ခြေအဆုံး ရောဂါဖြစ်နေသလို ခံစားနေရသော စိုးရိမ်မှုလွန်ကဲသည့်လူနာပင်။

"အိပ်နေရာကထလိုက်ရင် မူးတယ်ဆိုတာ ဖြစ်တတ်တဲ့သဘောပါ။ ကျွန်တော်တို့ လှဲနေတဲ့အချိန်ဆို ဦးနှောက်နဲ့နှလုံးက တစ်တန်းတည်းရှိနေတယ်မလား။ အဲဒီလိုအချိန်မှာ နှလုံးက ဦးနှောက်အတွက် သွေးအထောက်အပံ့ကို ပုံမှန်ပို့လွှတ်နေပေမဲ့ ရုတ်တရက် ဆတ်ခနဲထလိုက်ရင် သွေးလုံလုံလောက်လောက်မရတဲ့ခဏမှာ မူးဝေသွားတာမျိုး ဖြစ်တတ်တယ်။ သတိလေးထားပေါ့ဗျာ"

"ဪ..."

မေးစရာတွေကုန်သွားသော ဒေါ်ခင်လှကတော့ ခေါင်းတဆတ်ဆတ်နှင့် ကျန်ခဲ့သည်။ သူတို့အငယ်လေးတွေလည်း ဆရာတို့နောက်တွင် အိန္ဒြေရရနှင့် လိုက်ရသည်။

သို့ပေမဲ့ ဘုန်းလျှံမောင်မှာတော့ ဆရာငှားပေးလိုက်သည့် ဂျူတီကုတ်ကို တငုံ့ငုံကြည့်ရင်း ပြုံးစိစိနှင့်။ ရည်းစားမထားတာ နှစ်ချီနေပြီမလား။ ဆရာလို အများလေးစားပြီး ချောမောတဲ့သူကြီးက သူ့ကိုတွဲလေတော့ ဘုန်းလျှံ အပျော်ကြီးပျော်နေသည်။

ဒါသာမက ညကအကြောင်းတွေ ပြန်တွေးမိတိုင်း တစ်နေကုန် စိတ်ကလူနှင့်မကပ်ချင်တော့။ မိုးပေါ်ပြန်တက်ချင်လောက်အောင်ထိ သူ ပျော်နေခဲ့တာ။ အခန်းပိုရှိပေမဲ့ ဆရာက သူ့ဘေးမှာခေါ်ထားပေးခဲ့တာတွေ၊ ရင်ခွင်ထဲအိပ်စေခဲ့တာတွေ၊ မနက်မိုးလင်းတဲ့အချိန် သူ့အသုံးအဆောင်တွေပါ မျှဝေပေးခဲ့တော့ ဘုန်းလျှံခမျာ ဆရာ့အကြောင်းတွေးရင်းရူးနေပေါ့။

'ကိုးကိုး ... Have a good day ပါဗျ' လို့ ကားပေါ်ကမဆင်းခင်ပြောတော့ 'You too' တဲ့လေ။ နှလုံးသားလေး အရည်ပျော်ကျချင်သည့်အဖြစ်။

"ဟဲ့ ... ဘုန်းလျှံမောင်"

"ဟင် ... ဟင်"

မျက်နှာချင်းဆိုင် လူနာခန်းတွေကြားကလျှောက်လှမ်းတွင် တင်နီလာဝင်းနှင့် နှစ်ယောက်တွဲလမ်းလျှောက်နေရင်းက အော်ခံလိုက်ရတာဖြစ်သည်။ သူဆိုတာလည်း အဲလိုကိုအာရုံကမကပ်တာ။

"မနက်ဖြန် CME (Continuing Medical Education) လိုက်မှာလားလို့မေးနေတာ၊ ငါ အသက်ထွက်တော့မယ်။ ပြုံးဖြီးဖြီးနဲ့ ... ရည်းစားရနေတာလား"

"ပျင်းစရာကြီး မလိုက်ချင်ဘူး။ ရည်းစားလည်း မရပါဘူး၊ ဘာလို့တုန်း"

မလုံမလဲနှင့် ဘုန်းလျှံက ပုခုံးစွန်းတွေမတ်မတ်ထားလျှောက်ရင်း မျက်နှာတည်ကာ မေးလိုက်ရသည်။ သူငယ်ချင်းမနှစ်ယောက်ကို ပြောလို့မဖြစ်သေး။ ဆရာက ဘယ်လိုသဘောရှိတယ်မသိ။ ဘာပဲဖြစ်ဖြစ် ဘုန်းလျှံကတော့ ဆရာ့စကားဆိုနားထောင်ဖို့ မီးကိုသေလို့။

"ဟဲ့ ... ငါ လူ့လောကမှာနေလာတာ အနှစ်နှစ်ဆယ်ကျော်နေပြီ။ Human တွေရဲ့ အပြုံးအမျိုးမျိုးကိုလည်း ခွဲခြမ်းစိတ်ဖြာတတ်ပြီ။ အေး ... နင့်အပြုံးက ရည်းစားနဲ့အကြောင်းတွေ တစိမ့်စိမ့်ပြန်တွေးရင်းက ဖြစ်လာတဲ့အပြုံး"

"အောင်မာ၊ ပြောပုံကိုက သူကပဲလူမဟုတ်သလိုလိုနဲ့"

"ဟင်း ... ငါကလူပေမဲ့ ဘော်ကြည်စဲလေ"

"ဘာကြီးတုန်းဟ၊ မိုက်မိုက်ရိုင်းရိုင်းတွေ"

ဘုန်းလျှံ ညည်းညည်းညူညူဆိုတော့ တင်နီလာဝင်းက မှတ်တမ်းဖိုင်တွေနဲ့ ခေါင်းငိုက်စိုက်အောင် ချပါတော့၏။ လှေကားအဆင်းနား ရောက်နေပြီမို့ ပြုတ်မကျအောင်ပင် ဟန်ချက်ထိန်းလိုက်ရသေးသည်။

"ဟဲ့ ... ဘော်ကြည်စဲဆိုတာ ဘဲကြည်စော်လေ"

"အေး မြန်မာစကားတွေက နင်တို့လိုလူတွေကြောင့် ပျက်စီးတာ"

"ဟာ ... မဆိုင်တာ ငမြိုင်ရာ။ နင့်ဘာသာခေတ်နောက်ကျပြီး မသိတာလေ၊ လွှမ်းပိုင်သီချင်း နားမထောင်ဖူးဘူးလား။ ငါ့နှယ် ... ဒီလိုတုံးအအကို ရည်းစားတော်နေမိတဲ့သူတော့ သိပ်သနားနေပြီ၊ ဟယ် ... ဆရာ"

လှေကားတစ်ဆစ်ချိုးက တက်လာသည့်ဆရာ့ကိုမြင်တော့ နှစ်ယောက်စလုံး အံ့အားအသင့်သား။ ဆရာကလည်း သူတို့မြင်မှ ဆက်တက်မလာသေးဘဲ ရပ်နေလေသည်။ တင်နီလာဝင်း၏ နောက်ဆုံးစကားကြောင့်များလား။

"နေ့လယ်စာစားပြီးကြပြီလား"

"အခုသွားစားမလို့ရှင့်။ ဆရာရော စားပြီးပြီလား"

"အင်း အခုပဲ"

ခေါင်းတစ်ချက်ဆတ်ရင်း သူ့ဆီမော့ကြည့်လာသည့် ဆရာပါပေ။ ဘုန်းလျှံ မျက်မှန်လေးကိုပင့်ရင်း ရယ်ပြတော့ ဆရာ့နှုတ်ခမ်းလေးက ကွေးလုနီးနီး။

"မနက်ဖြန် CME ရှိတယ်ဆိုလို့ ဘုန်းလျှံကိုခေါ်နေတာ ဆရာ၊ အဲဒါသူကမတက်..."

"တက်မှာပါ၊ တက်မှာ ဆရာ။ တင်နီလာဝင်း ... ငါတက်မှာလေ၊ ခုနက ဘော်ကြည်စဲအကြောင်းရှေ့မှာ တက်မယ်လို့ပြောလိုက်တာ မကြားဘူးလား"

"နင် ... မဟုတ်ဘဲနဲ့"

"ကဲ ... ကဲ ငြင်းတာနဲ့ ထမင်းစားနောက်ကျနေဦးမယ်။ မနက်ဖြန် လာတက်လိုက်ကြ၊ Mental disorder case ပါမယ်ကြားတယ်။ စိတ်ဝင်စားစရာကောင်းပါတယ်"

"ဟုတ်ကဲ့ ဆရာ"

နံဘေးက တင်နီလာဝင်း တံတောင်နှင့်တွတ်လာတာကို ဘုန်းလျှံ မသိချင်ယောင်ဆောင်ပြီး ဆရာ့ကိုသာ ခပ်ပြုံးပြုံးနှုတ်ဆက်လိုက်သည်။ သူ့ဘေးက ဖြတ််လျှောက်ပြီးတက်သွားတော့ ပိုးသတ်ဆေးနံ့တွေကြား သင်းခနဲရလိုက်သည်က ဆရာ့ဆီကရေမွှေးရနံ့။ တစ်ပတ်ကျော်အတွင်း သူစွဲလမ်းမိရသော ဆရာ့အငွေ့အသက်တွေထဲက တစ်ခုပင်။ ယစ်မူးချင်စရာ ကောင်းလိုက်သည့်အဖြစ်။

"တင်နီလာဝင်း"

"အင်း"

"နင်ကအစုံသိတာဆိုတော့ ခုနကရလိုက်တဲ့အနံ့လေးက ဘယ် Brand လဲပြောစမ်းပါ၊ ငါ ဝယ်ချင်လာပြီ"

"Dettol အစိမ်းရောင်လေ။ ငါက နင် Lifebuoy အနံ့ပဲကြိုက်တယ်ထင်နေတာ"

'ဂွက်!'

"ငတုံးမ သုံးစားလို့ကိုမရဘူး"

"ဟာ ... နင်"

ရေမွှေးအကြောင်းမေးတာကို နားမလည်ပါးမလည်သော တင်နီလာဝင်းတစ်ယောက် ခေါင်းခေါက်ခံလိုက်ရတာ ဂွက်ခနဲ။ သူတစ်ပြန်၊ ကိုယ်တစ်ပြန်ပဲမို့ ဘုန်းလျှံ ညှာတာမနေဘဲ အရှေ့ကနေပြေးတော့၏။ သည်တော့မှ နှာခေါင်းထဲတိုးဝင်လာတာ ခုနကပြောသည့် Dettol ပိုးသတ်ဆေးအနံ့ကြီး။

.....................

နောက်တစ်နေ့တွင်တော့ ဘုန်းလျှံ သူ့စကားအတိုင်း CME ခန်းရှိရာဆီ သွားဖို့ပြင်ရသည်။ သို့သော် အချိန်ကကပ်နေပြီပေမဲ့ ဆရာမကြီးမိုးယုက Report အပြီးရေးနေရပြီး တင်နီလာဝင်းကတော့ Toilet ဆီမှထွက်မလာသေးချေ။ သည်တော့လည်း ဘုန်းလျှံခမျာ အခန်းဝတွင်ရပ်စောင့်ရင်း ယောင်လည်လည်နှင့်။

CME ဆိုသည်မှာ သက်ဆိုင်ရာဌာနတစ်ခုခုက ရှုပ်ထွေးသော၊ ထူးခြားဆန်းပြားသော Case တွေကို တင်ပြကြ၊ မျှဝေဆွေးနွေးကြတာဖြစ်သည်။ ဘုန်းလျှံကမူ လေးဖက်ပိတ်အခန်းကျယ်ကြီးထဲ အဲလ်ကွန်းတွေဖွင့်ပြီး သည်လိုနားထောင်ရရင်ဖြင့် အိပ်ငိုက်ချင်သည်။

မိုးယုတို့ကတော့ လူနာခန်းတွေကြား ပြေးလွှားနေရတာထက်စာရင် ဒါမျိုးနားထောင်ရတာကို ပိုသဘောကျသတဲ့။ တင်နီလာဝင်းကတော့ အင်္ဂလိပ်လိုပြောကြတာတွေ အားကျသတဲ့လေ။ တစ်ယောက်တစ်မျိုး၊ သုံးယောက်ရှိတော့ သုံးမျိုးပါပဲ။ Presentation ကောင်းတဲ့သူတွေဆိုရင်တော့ အင်္ဂလိပ်လိုပြောနေဦးတောင် စိတ်ဝင်စားဖို့ကောင်းတာတော့ ဘုန်းလျှံလည်း လက်ခံပါသည်။

"ဟေး"

အခန်းထောင့်တွင် မှတ်စုတစ်အုပ်နှင့်မှီရပ်နေသော ဘုန်းလျှံ၊ ဒါကို ဖြတ်သွားရင်းကတွေ့လို့ပဲလား ... ညိုးညိုးညိတ်ညိတ်ခေါ်လာသည်က ဆရာပင်။

ချက်ချင်းမော့ကြည့်တော့ ထူးထူးခြားခြား ဆရာက သည်နေ့ပုဆိုးဝတ်ထားသည်။ ကျောက်စိမ်းရောင် ပိုးပုဆိုးလေး။ အနက်နဲ့ခဲရောင်လိုင်းလေးက မသိမသာဖောက်ထားသည်။ ဆရာ့အရပ်ရှည်ရှည်နှင့် ပနံသင့်၏။ အနက်ရောင်ကတ္ထီပါဖိနပ်နှင့်လည်း လိုက်ဖက်လွန်းသည်ဟု ကိုယ့်ဘာသာအမှတ်ပေးနေတာ ၁၀၀ တောင်ကျော်လုပြီ။

မနက်က ဘုရားအနေကဇာတင်ပွဲသွားအပြီး ဆေးရုံတန်းလာတယ် ထင်ပါရဲ့။ ဘုန်းလျှံလည်း ကိုယ့်ဘာသာထွက်လာခဲ့တာမို့ ဆရာနှင့် အခုမှသာဆုံဖြစ်သည်။

"ဘာရပ်လုပ်နေတာလဲ"

"CME သွားဖို့စောင့်နေတာ ...... ကိုးကိုး"

နောက်ဆုံးသော နာမ်စားနှစ်လုံးကို အရှေ့၊ အနောက်၊ တောင်၊ မြောက် ခေါင်းစောင်းစစ်ဆေးကြည့်ပြီးမှ လေသံသဲ့သဲ့လေးဖြင့် ခေါ်လိုက်တာဖြစ်သည်။ ဆရာ စိတ်ကွက်သွားမလားစိုးမိပေမဲ့ ပြုံးရုံကလွဲလို့ မဆူမငေါက်။

"ကိုယ်လည်း အခုသွားမလို့၊ တစ်ခါတည်း လိုက်ခဲ့တော့"

ဘုန်းလျှံမောင် အကြိုက်ပဲပေါ့။ ပုံမှန်လိုဆို သူငယ်ချင်းမတွေက သူတို့မပါဘဲသွားလျှင် ပွစိပွစိပြောမှာပေမဲ့ ဆရာခေါ်လို့သွားနှင့်တာဟု မိုးယုကိုမှာခဲ့လိုက်တော့ ပြောရဲမှာမဟုတ်ချေ။

သည်လိုနှင့် ထွက်လာခဲ့လိုက်ကြတာ ဆရာ၊ တပည့်နှစ်ယောက်သား။ အရှေ့တွင်သွားနေသော ကတ္ထီပါရောင်ခြေလှမ်းနှင့် အနောက်ကလိုက်နေသော ထိပ်ပိတ်ရာဘာဖိနပ်လေး၏ ခပ်စိပ်စိပ်ခြေလှမ်းတွေ။ အရှေ့ဘက်တွင် တလူးလူးလွင့်နေသည့် ကျောက်စိမ်းရောင်ပိုးပုဆိုးစက အနောက်ဘက်ရှိ အပြာရောင်ဘောင်းဘီစွန်းလေးကို တစ်ခါတစ်ခါ ထိလုထိခင်။

ယှဉ်မလျှောက်ဖြစ်သည့်တိုင် နှစ်ဦးသား တက်ညီလက်ညီနှင့်။ ပုဆိုး၊ ဘောင်းဘီ မအပ်စပ်သည့်တိုင် တစ်မျိုးတစ်ဖုံ လိုက်ဖက်ညီနေပြန်သည်။ ဘာရယ်မဟုတ် ဘုန်းလျှံတစ်ယောက် ဆေးရုံသမံတလင်းပြင်ကိုကြည့်လျှောက်ရင်း ရုပ်ကပြုံးဖြီးဖြီး။ တကယ်ပဲ ဆရာနှင့်တွဲနေတာရကို သူ အိပ်မက်,မက်နေသည်ထင်တုန်း။

"ရှေ့ကြည့်လျှောက်လေ၊ ခေါင်းလည်းမော့ထား။ စိတ်ညစ်စရာရှိလို့လား"

"ဟား ဘယ်ကလာ ... အယ် မဟုတ်ပါဘူး။ အတူလမ်းတွဲလျှောက်ရတာ ပျော်လို့ပါ။ အပေါ်မော့ရယ်နေရင် လူတွေရိပ်မိကုန်ကြမှာစိုးလို့"

အသက်၁၃နှစ်ကြီးသည့် ဆရာ့အပေါ် သူငယ်ချင်းတွေကိုပြောသလို ပေါ့ပေါ့ပါးပါးဖြေမိပြီးမှ အားနာသွားရသေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာလို SAS နှင့် သူလို House Surgeon ဆိုတာ ရာထူးအနေနှင့် တွက်ကြည့်လျှင်တောင် ကြားမှအဆင့်တွေအများကြီးကွာသည်။ အသက်အရွယ်ပိုင်းဆိုင်ရာ လေးစားမှုပါပေါင်းလိုက်လျှင် ဘုန်းလျှံ စကားပြောဆင်ခြင်ဖို့ရာ အများကြီးရှိသေးသည်။

"ပေါ့ပေါ့ပါးပါးနေပါ။ ရိပ်မိကြတော့လည်း ဘာဖြစ်လဲ၊ ကြောက်နေစရာမလိုဘူး"

ပြောပြောဆိုဆိုနှင့် ဆရာက CME ခန်းထဲသို့ ရှေ့ကဦးဆောင်ဝင်သည်။ ပွဲစတော့မည်မို့ လူစုံတက်စုံရောက်နေကြလေပြီ။ အခန်းကကျယ်ဝန်းပြီး အဝိုက်သဏ္ဌာန်ခုံတန်းတွေက အပေါ်သို့အထပ်ထပ် မြင့်သွားသည်။ ဆရာမှာ အပေါ်လှမ်းလျှောက်နေရင်းက လည်ပြန်လှည့်ကာ နောက်ကသူပါရဲ့လားကြည့်သေးတာအမော။

"ညီမိုးလွင် ဒီနားလာထိုင်လေ"

Emergency တုန်းက အရက်မူးသမားလူနာကုပေးခဲ့သော မမသက်ထားပင်။ ဆရာ့ကိုခေါ်ရင်း ဘုန်းလျှံကိုလည်း ပြုံးပြနေ၏။

"ရတယ်မမ၊ ကျွန်တော်ခဏပဲမို့ ထွက်ရလွယ်အောင် နောက်နားပဲထိုင်လိုက်တော့မယ်"

"အင်းအင်း"

သည်လိုနှင့် နှစ်ယောက်သားထိုင်ဖြစ်ကြသည်က ဘယ်ဘက်အနောက်နားက ခုံစွန်းတွင်ဖြစ်သည်။ ဘုန်းလျှံ အရှေ့အောက်ဖက်ကို မျှော်ကြည့်တော့ အစားအသောက်နှင့် ရေသန့်တွေချထားသည့် ရှေ့ဆုံးတန်းက ဆေးရုံအုပ်ကြီးနှင့် ပါရဂူကြီးတွေထိုင်ကြမည့်ပုံရသည်။ CME လုပ်မည့်တစ်ဌာနလုံးလိုလိုကတော့ ရောက်နေလောက်ပြီပေါ့။

"ကိုးကိုး"

"ဟင်"

"ကျွန်တော်နဲ့နောက်မှာထိုင်နေလို့ ဖြစ်ရဲ့လား။ မမကိုအားနာစရာကြီး၊ ရှေ့မှာထိုင်လိုက်ပါ။ ကျွန်တော်က ခဏနေရင် မိုးယုတို့လာမှာပဲဟာ"

အခန်းကအနည်းငယ်ဆူညံနေသော်လည်း ဘုန်းလျှံက တိုးတိုးသာပြောနေမိသည်။ ကိုးကိုးခေါ်ရတာကစ ဘေးလူတွေ ရိပ်မိသွားမှာ သူ တကယ်ကြောက်နေမိတာ။ နောက်နားထိ ဘယ်သူမှလာမထိုင်လို့ တော်သေးသည်။

"အားနာစရာမလိုပါဘူး၊ ကိုယ်တို့်အကြောင်း မမသိတယ်"

"ဗျာ! ဘယ်လိုသိသွားတာလဲ၊ ဘယ်တုန်းကတည်းကလဲ"

"မင်းကို အရက်မူးတဲ့လူနာ မကန်ခင်ကတည်းက ... အဟမ်း ဟိုမှာ ဆေးရုံအုပ်ကြီးဝင်လာပြီ၊ စကားမပြောနဲ့တော့"

တိုတိုရှင်းရှင်းသာဖြေသောဆရာက ဘုန်းလျှံကို တိတိကျကျ ဆက်အမေးမခံ။ လည်တိုင်ကိုမတ်လို့ မေးရိုးတစ်လျှောက်ကစ မျက်ဝန်းအဆုံး စင်ရှိရာအရှေ့ဘက်ကိုသာ မျက်နှာမူထားသည်။

ဘုန်းလျှံမှာဖြင့် စိတ်ရှုပ်ရှုပ်နှင့် အနောက်တန်းကို ကျောဆန့်မိလိုက်သည်။ ဆရာ့ကို သူပြန်တွေ့တာတောင် လူနာအကန်ခံရသည့်နေ့မှမလား။ မမက အဲသည်မတိုင်ခင်ကတည်းက သိတယ်ဆိုတော့ မဟုတ်မှ...၊ မဖြစ်နိုင်တာ။

ရင်ခုန်စည်းချက်တွေ မြန်ဆန်လာသော ဘုန်းလျှံက တဖျတ်ဖျတ်ခုန်ပျံချင်နေသော ကြက်ပေါက်ကလေးနှယ်။ သိလည်းသိချင်သည်၊ မေးလို့ကလည်းမရ။ စင်ပေါ်က မိတ်ဆက်နေသောအသံတွေလည်း မကြားနိုင်တော့ချေ။ သည်တော့ ခန္ဓာကိုယ်ကို ရှေ့ပြန်ကိုင်းပြီး ဆရာ့ထံ သိသိသာသာပဲငေးကြည့်မိသည်။

ဒါကိုရိပ်မိသောဆရာက သူ့ကိုမေးဆတ်ပြတော့ ဘုန်းလျှံ ကြိုးတပ်မျက်မှန်လေးပင့်ကာ ခပ်တိုးတိုးမေးပြန်သည်က၊

"အရင်ထဲက ကျွန်တော့်ကို စိတ်ဝင်စားခဲ့တာတော့ မဟုတ်ဘူးမလား"

ဆရာက ရှေ့ထိကိုင်းမေးနေသောသူ့ကိုကြည့်ပြီး ရယ်လေသည်။ ပြီးနောက် သူ့ညာဘက်လက်မောင်းအုံကို နောက်ရွှေ့ပေးကာ ပုံမှန်အတိုင်းပြန်ထိုင်စေ၏။ ဘုန်းလျှံ ဆရာ့မျက်ဝန်းတွေကို သေချာလိုက်ကြည့်သည့်တိုင် နှုတ်က ဘာမှပြောမလာချေ။

သို့ပေမဲ့ သူ့လက်ပေါ်အုပ်ကျလာသည့် ခပ်နွေးနွေး လက်ဖဝါးတစ်ဖက်။

ရှေ့တန်းမှာလူတွေရှိတာမို့ ဘုန်းလျှံ ရုတ်ချည်းလက်တွန့်မိတော့ ဆရာက အမိအရဖမ်းဆုပ်ထားလေ၏။ ပြုံးစစမျက်နှာထားနှင့် မျက်တောင်တစ်ချက်ကို သေချာမှိတ်ပြလာတော့ ငြိမ်ငြိမ်နေစေချင်သည်ကို သူ သဘောပေါက်လိုက်သည်။ ဒါမို့ ဘုန်းလျှံလည်း ပေါင်ပေါ်တင်ထားသည့် မှတ်စုစာအုပ်ကို ယှက်သိုင်းနေသည့်လက်နှစ်ဖက်ပေါ် မသိမသာ တင်ထားလိုက်၏။

ဆရာ့လက်မလေး သူ့လက်ခုံကို ပွတ်သပ်လေတိုင်း ကြည်နူးခြင်းတွေ တသိမ့်သိမ့်လှိုက်ဖိုနေတော့သည်။

..................

"ဝှါး..."

"ဝှါး..."

"ဟဲ့ ... ငါသမ်းတာနဲ့ နင်က ဘာလို့လိုက်သမ်းတာလဲ"

"နင် သမ်းနေတာမြင်မှတော့ ငါလည်းလိုက်သမ်းမိတာပေါ့"

"မဆိုင်ပါဘူး"

"ဆိုင်တာပေါ့၊ မယုံရင် မိုးယုကိုကြည့်နေ"

ခေါက်ဆွဲပြုတ်နေကြသော ဘုန်းလျှံနှင့်တင်နီလာဝင်း၏ ရန်စကားသံတွေကြောင့် မျက်နှာချင်းဆိုင်တွင် Laptop ရှေ့ခေါင်းစိုက်နေသော မိုးယုပါ ဦးမော့လာသည်။ သူ့ခမျာမယ် ကျိုးတိုးကျဲတဲ ဆံမြိတ်တွေကြားက မျက်လုံးလေးကို အသာပုတ်ခတ်ရှာရင်း၊

"ဝှါး... ငါ့အတွက်လည်း တစ်ဗူးပြုတ်ပေးဦး"

"ကြည့်ပါလား၊ သမ်းတာက ကူးပါတယ်ဆိုမှ။ ဘယ်လိုထိန်းထားထား ဝှါးဆိုပြီးအသံကြားတာနဲ့ ဘေးလူက အလိုလိုသမ်းချင်လာတာ"

"မယုံဘူး။ အင့် နင်လည်းတစ်ရှူးပဲစား"

တင်နီလာဝင်းက မိုးယုကိုပါ မျက်စောင်းထိုးပြီး တစ်ရှူးနှင့်ပေါက်သည်။ Presentation လုပ်ဖို့စာပြင်နေရသော မိုးယုကတော့ အိပ်ချင်မူးတူးနှင့် ရန်ပွဲကြား ပါချင်စိတ်ရှိမနေ။ သူတို့စာသင်ရက်က သဘက်ခါမို့ လုံးချာလိုက်နေကြပြီဖြစ်သည်။ မနေ့ကလည်း CME သွားနားထောင်တော့ စာရှာချိန်မရကြ​။

"မပူနဲ့၊ ငါပြုတ်ပေးမယ်။ မပြန်ခင်ပေါင်မုန့်လုံးရော စားဦးမလား"

"တော်ပါပြီဟာ၊ အိပ်ချင်ပြေ ပူပူစပ်စပ်ပဲစားချင်တယ် ... မျက်လုံးဗူးနော် ဘုန်းလျှံ"

Snack bank ဆီ ထွက်သွားသောဘုန်းလျှံကတော့ ထိုအသံကို ကြား၊ မကြားမသိ။ ညနေစောင်းတွင် အိမ်ပြန်ရဖို့မသေချာသေးသော မိုးယုအသံကတော့ ဖျော့တော့လှသည်။ စာသင်ချိန်ရောက်လျှင် ဆရာညီမိုးလွင်က အလျော့ပေးမည်မဟုတ်။ ယူထားသည့် Case ကို စစ်စစ်ပေါက်ပေါက် မေးမှာသေချာသည်။ ဒါမို့ သည်ရက်တွေအတွင်း လွတ်ထွက်ချင်နေသည့် စိတ်ကိုခန္ဓာကိုယ်မှာ တဖြန်းဖြန်း ရိုက်ကပ်နေမိသည်။

"မိုးယုမရယ် ... တက်တက်ကြွကြွနေစမ်းပါ။ ဘုန်းလျှံလည်း လုပ်ရမှာပါ၊ သူတောင် ပေါ့ပေါ့ပါးပါးပဲဟာ"

"ကြောက်တယ်ဟ။ ဆရာက ဘုန်းလျှံကျ ရယ်,ရယ်ပြတယ်၊ ငါ့ကျ မျက်နှာတည်ကြီးနဲ့"

"တိုးတိုးပြော၊ ဝင်လာလို့ကြားသွားဦးမယ်"

"ဒီနေ့ဆရာ့နားရက်လေ"

"အေး ဟုတ်သားပဲ"

[Ting!]

စာဝင်သံကြားတာနှင့် ဘုန်းလျှံဖုန်းကဆိုတာ သူငယ်ချင်းမတွေ သိကြသည်။ တယ်လီနောက ပို့သမျှစာတွေကို Block မထားသည့်ကောင်မို့ တတောင်တောင်မြည်နေကျ။ ဒါမို့ တင်နီလာဝင်းတစ်ယောက် အထူးတလည်မစပ်စုဘဲ သူ့ခေါက်ဆွဲအရသာကို စမြည်စမ်းနေလိုက်သည်။

"အမလေး"

"အဟွတ် ... ဟွတ် ဘာတုန်းကောင်မရယ် အလန့်တကြားနဲ့"

မိုးယုတစ်ယောက် မျက်လုံးတွင်လာစိုက်နေသည့် ဆံမြိတ်တွေကိုအပေါ်သပ်တင်ရင်း ဘုန်းလျှံဖုန်းကိုကောက်ကိုင်ကာ ပြူးပြဲကြည့်ပြန်သည်။

"ဟဲ့ ဘာမို့လို့တုန်း ဒီလောက်ကြည့်နေတာ"

"စာ...စာ"

"ဘာစာလဲ၊ ဘယ်ကလဲ"

"ရည်းစားဆီကထင်တယ်၊ လွမ်းတယ် တေးတေးတဲ့"

"ဟမ်!"

"ဟာ!"

တစ်ဖက်စားပွဲစွန်းက တင်နီလာဝင်း၊ အခန်းဝက ဝင်လာပြီးဖြစ်သော ဘုန်းလျှံမောင် ... အံ့အားသင့်သံတို့က နားနေခန်းတွင်း ပြိုင်တူဟိန်းထွက်သွားသည်။ တစ်ဆက်တည်း မိုးယုလက်ထဲက ဖုန်းကိုပါအပြိုင်လုကြတော့၏။

"ဖယ် ... ငါ့ဖုန်းပေး၊ နင်တို့တော်ရုံစပ်စုကြ"

"နင်ရည်းစားရနေတာ ဟုတ်တာပဲ။ တေးတေးဆိုတာ နင့်ကိုခေါ်တာလား"

ဘုန်းလျှံ တစ်ခါမှမကြားဖူးသော အသုံးအနှုန်းကြောင့် ဖုန်းမျက်နှာပြင်ကို အမြန်ကြည့်လိုက်သည်။ 'လွမ်းတယ်တေးတေး' တဲ့လေ ... နံပါတ်က သူအလွတ်ရနေသော ဆရာ့ဆီက။ တေးတေးကဘာလဲမသိသလို မပို့စဖူးလွမ်းတယ်ဆိုတာကိုပါ သိပ်လည်းအံ့ဩနေရသည်။

[Ting!]

'ကိုယ် လာကြိုနေပြီ'

ထပ်ဝင်လာသောစာကြောင့် ဘုန်းလျှံ ခေါက်ဆွဲဗူးနှင့် ပေါင်မုန့်လုံးထုပ်ကိုချကာ ပြန်ဖို့ပြင်တော့သည်။

"ဒါဘယ်လဲ၊ ငါတို့ကိုရှင်းပြဦးလေ"

"အေး နင်ထင်သလိုပဲ၊ ငါ ရည်းစားရနေပြီ။ မိုးယု ငါ့ခေါက်ဆွဲဗူးပဲ စားလိုက်တော့၊ ပြန်တော့မယ် ဟဲဟဲ"

သည်လိုနှင့် ဘုန်းလျှံမောင် မြောက်ကြွကြွထွက်သွားတော့ တင်နီလာဝင်းက ထုံးစံအတိုင်း စစပ်စုတော့သည်။

"မိုးယု ဘယ်သူပို့တာလဲ မြင်လိုက်တယ်မလား"

"အင်း မြင်လိုက်တယ်"

ထိုအချိန် အပျော်ကြီးပျော်သွားသော တင်နီလာဝင်းက ဘုန်းလျှံခေါက်ဆွဲဗူးကို မိုးယုဖက်တွန်းပို့ပေးရင်း၊

"မြန်မြန်ပြောလေ"

"+959789... ဘာဆိုလား"

"လခွမ်းပဲဟေး အဟုတ်မှတ်လို့"

စပ်စုစိန်တစ်ယောက် စိတ်ညစ်ညစ်နှင့် ခေါက်ဆွဲစားဖို့ပဲ ပြင်တော့၏။ သည်လို အူကြောင်ကြောင် မိုးယု၊ ဆတ်ဆတ်ကြဲ တင်နီလာဝင်းနှင့် မဟုတ်မခံ ဘုန်းလျှံမောင်တို့မှာ ဆေးကျောင်းပထမနှစ်ကတည်းက ပေါင်းကြလေရာ House Surgeon ဘဝရောက်သည်ထိ။

ဘုန်းလျှံကတော့ ဝရန်တာကတဆင့် လှေကားတစ်ထစ်ပြီးတစ်ထစ်ဆင်းရင်း ဖုန်းခေါ်နေသည်။ သူ သိချင်လှပြီ။ အဲသည်အခေါ်က ဘာဖြစ်လေမလဲ။ လူအေးကြီးက သူ့ကိုလွမ်းတယ်လည်း ပြန်ပို့ပြီး နာမ်စားအသစ်လည်း ခေါ်သတဲ့။

"ဟဲလို ကိုးကိုး"

"ဗျာ!"

"ကျွန်တော် အရှေ့ကစောင့်နေမယ်နော်။ ပြီးတော့လေ ခုနကခေါ်တဲ့ 'တေးတေး'က ဘာအဓိပ္ပါယ်လဲ"

"မှန်းကြည့်လေ၊ ရောက်တော့ပြောမှာပေါ့"

"မမှန်းတတ်ဘူး၊ ကျွန်တော် ရင်ခုန်နေတာပဲသိတယ်။ ပြောပြပါဗျာ...နော်"

ဘုန်းလျှံ သူ့နှုတ်ခမ်းကို ဘယ်ဘက်လက်နှင့် အသာအုပ်ရင်း ခပ်တိုးတိုးမေးသည်။ ဘေးတွေဖြတ်သွားဖြတ်လာ ရှောင်တိမ်းနေရသော လူနာရှင်တွေက အများသားမလား။

"မင်းခေါ်စေချင်သလို ကရင်လိုခေါ်တာ"

တစ်ဖက်ကတိတ်သွားပေမဲ့ ဘုန်းလျှံက လမ်းလျှောက်ရင်း ဆရာ့အသံကို နားစွင့်နေဆဲဖြစ်သည်။

"မင်းကအရမ်းငယ်တယ်မလား၊ ကြိုးတပ်မျက်မှန်နဲ့ဆိုတော့ ကလေးနဲ့လည်းတူလို့..."

"အဲတော့အဓိပ္ပါယ်က ဘယ်လိုမျိုးလဲ"

"ကလေးကို ကရင်လို တေးလို့ခေါ်ကြတယ်။ အဟမ်း ... တေးတေးဆိုတာကကွာ ကလေးလေးလို့ပြောချင်တာ၊ ဒါပဲနော်"

"ဗျာ!"

ပြောပြီးရုတ်ချည်း ဖုန်းကျသွားသည်။ အခုန်မြန်နေသော သူ့နှလုံးသားခမျာမှာလည်း ဆရာ့စကားကြောင့် ဖြုတ်ခနဲပင် ပြုတ်ကျလုနီးနီး။ 'ကလေး' တောင်မဟုတ်ဘဲ 'ကလေးလေး' တဲ့။ ဆရာလူပျိုကြီးက လက်ရှိသူဖြတ်လျှောက်နေသည့် အရေးပေါ်ဌာနမှာတင် အသည်းအသန်ဖြစ်စေချင်သလားမသိ၊ သိပ်ပြုစားတတ်လွန်းသည်။

"ကလေးလေးတဲ့၊ ကလေးလေးတဲ့ကွ"

ဆေးရုံအပြင်ဖက်ရောက်သည်နှင့် ခပ်တိုးတိုးရေရွတ်ရင်း ထခုန်နေမိတာ သုံး၊ လေးခါ။ တေးတေး ... ကလေးလေးတဲ့ ... ကြိုက်လိုက်တဲ့နာမ်စားလေး။

သူ သဘောတွေ့တာမှ အိုး ... ရွှေရင်တောင်ခွေ့။

.......................

(A/N) ဆရာ့ POV လေး နောက်တစ်ပိုင်းမှလာမယ်နော်။ 'ကိုးကိုး' နဲ့ 'တေးတေး' ဆိုတဲ့နာမ်စားလေးက ဖီ သဘောကျလွန်းလို့ တကယ်ကရင်စုံတွဲလေးဆီက ခွင့်တောင်းပြီးသုံးထားတာပါ။ ပုံမှန်က 'အကိုး' နဲ့ 'တေး' ဆိုပေမဲ့ သူတို့ကသဲသဲကဲကဲလေးမို့  ဒီလိုခေါ်ကြတာတဲ့။ အောက်က Screenshot လေးတွေဆို အူယားလို့ (ယူတို့ပါနင်ရအောင်) ခွင့်တောင်းပြီး တင်လိုက်ပါတယ်။ သူတို့ကကျ သွားဆရာဝန်အတွဲလေး ... hee 🤍



•••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co