Part - 4 (Unicode)
လိမ္မော်နီရောင်နေလုံးကြီးမှာဖြင့် အနောက်အရပ်စီ တရိပ်ရိပ်ကျနေလေပြီ။ ဒါမို့ ပြည်လမ်းမတစ်လျှောက်တွင် လူတွေတဖြည်းဖြည်း ပြန်ထွက်လာကြတာလည်း ခပ်ကျဲကျဲနှင့်။ ကားတွေအသွယ်သွယ်လည်း ကူးလူးသွားလာနေကြသည်။
နားရက်အချိန်ရတုန်း ဈေးဝယ်ထွက်လာသော ညီမိုးလွင်တစ်ယောက် ကားပေါ်တွင် ဝယ်လာသည့်အထုတ်တွေ တစ်ပုံတစ်ပင်နှင့် များပြားလှ၏။ မနက်ပိုင်းတော့ အိမ်မှာပဲ စာသင်ပေးဖို့ပြန်ကြည့်ရင်း နားနားနေနေမို့ အပြင်သွားမည့်ကိစ္စကို သူ့ထုံးစံအတိုင်း နေကျချိန်ပဲ ရွေးထွက်ဖြစ်သည်။ ကားပေါ် သီချင်းလေးတဆွေးဆွေး၊ လေကလေးတအေးအေးနှင့်။
ထိုအချိန် ဝင်လာသောစာတစ်စောင်...။
'ကိုးကိုး ဘာလုပ်နေလဲဗျ'
စာကိုမြင်တာနှင့် ညီမိုးလွင်၏နှုတ်ခမ်းက အလိုလိုပြုံးမိပြီးသား။ သိပ်ကြိုက်သည့် အဆာပြေမုန့်တစ်ခုကို စားလိုက်ရသည့်နှင့် အလားသဏ္ဌာန်တူ၏။ သည်ကောင်လေးဆိုတာကလည်း အတော်စကားတတ်တာကိုး။ ဖုန်းဆက်ချင်လျှင်လည်း ဖုန်းဆက်လို့ရလားကို အရင်စာပို့ပြီးမှ မေးတတ်သလို အားရင်အားသလိုလည်း သူ ဘာလုပ်နေကြောင်း လှမ်းပြောတတ်၏။ အထူးသဖြင့် နှစ်ယောက်မတွေ့ဖြစ်သည့် သည်လိုနားရက်မျိုးတွေမှာပေါ့။
ညီမိုးလွင် ချက်ချင်းစာပြန်ဖို့ တွေးမိပေမဲ့ ကားကမောင်းနေသည်မို့ မတတ်သာ။ ဘုန်းလျှံကလည်း ဂျူတီချိန်ဆိုတော့ ဖုန်းဆက်ဖို့ မသင့်တော်ဘူးထင်သည်။ ဘေးကသူငယ်ချင်းမတွေလည်း ရှိချင်ရှိနေတတ်တာမလား။
ထိုအခိုက် ထပ်ဝင်လာသောစာတစ်စောင်...။
'ကျွန်တော်က ပြန်ခါနီးမှ ခေါက်ဆွဲပြုတ်စားမလို့'
"ဒီကောင်လေး အဲဒီခေါက်ဆွဲပြုတ်တွေ အတော်စားတာ"
ကားထဲတစ်ယောက်တည်းရှိသည့်တိုင် ညီမိုးလွင် အသံထွက်ပြောမိသည်။ တိုက်ခန်းမှာရှိနေချိန်ဆိုလည်း ခေါက်ဆွဲပြုတ်သောက်တယ်ပြောတာကို သူ ခဏခဏကြားဖူးနေပြီ။ သူ့နည်းတူ အတူနေသည့် သူငယ်ချင်းတွေကလည်း ဟင်းကောင်းကောင်းမချက်တတ်ကြဘူးတဲ့လေ။ သည်တော့ လွယ်ရာပဲစားနေကြပုံပါပဲ။
ခေါက်ဆွဲပြုတ်ခဏခဏစားတာကို မသင့်တော်ကြောင်း ပြောဖို့ဆူဖို့အရေး ညီမိုးလွင်ခမျာ ကားကရပ်မရ။ ရှေ့ကိုမျှော်ကြည့်တော့ မီးပွိုင့်နီနီကိုမြင်၍ သိပ်ကျေးဇူးတင်မိသွားသည်။ ကားတန်းကိုကြည့်ရုံနှင့် ၂မိနစ်ကတော့ အေးဆေးရပ်ထားလို့ရတယ်မလား။
ထိုအခိုက် ထပ်ဝင်လာသည့်စာတစ်စောင်က၊
'လွမ်းတယ် ကိုးကိုး'
သူ စာမပြန်ဘူးအထင်နှင့် တောက်လျှောက်ပို့နေသော ကောင်လေးကြောင့် ညီမိုးလွင် ဆူချင်ပူချင်စိတ်ပျောက်ပြီး ချစ်စိတ်ကလေးတောင် ရွှင်သွားသည်။ စကားတတ်တိုင်း ပြောချလိုက်တာက 'လွမ်းတယ် ကိုးကိုး' တဲ့လား။
ရပ်နေကြသည့်ကားတန်းနောက်လည်း ရောက်နေပြီမို့ ညီမိုးလွင် ညာခြေထောက်က ဘရိတ်ကိုခပ်ဖြည်းဖြည်းအုပ်စေကာ စာရိုက်ဖို့ ဟန်ပြင်တော့၏။ သူလည်း တစ်နေကုန်သတိရနေသည့်အတူတူ လွမ်းနေကြောင်း ပြန်ပို့ဖို့စိတ်ကူးလိုက်သည်။
ဒါမို့ ကောင်လေး၏စာသွားအတိုင်း 'လွမ်းတယ်' ဆိုတာလိုက်ရိုက်ရင်း နာမ်စားခေါ်ဖို့ကိစ္စကို သတိရသွားသည်။ ဟုတ်တာပဲ၊ ကောင်လေးက သူ ဘယ်လောက်ချစ်ကြောင်းကို သိပ်သိချင်၊ ကြားချင်သူပင်။ အေးစက်စက်လို့ပြောသည့် သူကတော့ သေချာတောင်မတွေးရသေး။ ၁၃နှစ်ငယ်သည့် ကလေးသာသာကောင်လေးကို ဘယ်လိုခေါ်ရမည်နည်း။
သူ လူပျိုပေါက်ဖြစ်ခါစမှ ဘုန်းလျှံက မွေးကင်းစကလေးလေး ရှိဦးမည်။ ဟုတ်တာပဲ ... ကလေးလေး။ ကရင်လို ကလေးဆိုလျှင် 'တေး' လို့ခေါ်ကြတာမို့ သူ့ကလေးလေးအား 'တေးတေး' လို့ပဲချစ်စနိုးခေါ်ဖို့ အကြံရသွားသည်။
ဒါမို့ ရုတ်ချည်းပေါ်ပေါက်လာသောအကြံကြောင့် 'လွမ်းတယ် တေးတေး' ဆိုသောစာနှင့်အတူ 'ကိုယ် လာကြိုနေပြီ' ဆိုတာပါ အပိုဆောင်းပို့လိုက်၏။ စကားတတ်တဲ့ကောင်လေးကို ခေါက်ဆွဲထက် အာဟာရဖြစ်တာတစ်ခုခု လိုက်ကျွေးချင်သေးသည်။
သို့ပေမဲ့ ဆေးရုံမရောက်ခင်ပင် ဖုန်းဆက်ပြီးမေးနေပြီမို့ ကောင်လေးသိချင်တာတွေ ဖြေပေးရသည်။ တေးတေးလို့ခေါ်တော့ ပြောနေလိုက်ပုံများ ခေါက်ဆွဲတောင်မစားတော့ဘဲ ဆင်းစောင့်နေပြီတဲ့လေ။ ချစ်စနိုးနဲ့သာခေါ်ရတာ သူဆိုတာလည်း အသက်၃၀ကျော်မှာ ကလေးလေးခေါ်ရတာကို တစ်မျိုးတော့ဖြစ်နေသေးသည်။ ဘုန်းလျှံနဲ့ယှဉ်ပြီး ချစ်ပြရတာ သူ့အတွက်အသည်းယားစရာကောင်းသလို၊ ရင်တခုန်ခုန်ပါပဲ။
အသက်ကြီးလည်း ပန်းကလေးနုနုနယ်နယ်လို ရင်ခုန်ရလေတာ အချစ်တဲ့လား။
YGH ရှေ့ရောက်တော့ ကောင်လေးက သူ့ကားပေါ်လျင်မြန်စွာ ပြေးတက်လာသည်။ စတိုင်လ်ပန့်အနက်လေးနှင့် ခဲဖြူရောင်ရှပ်ကို ဝတ်ထားသည့်ကောင်လေးက သူနှင့်ယှဉ်လျှင် အတော်သေးနေသည်။ ကားထဲရောက်ရောက်ချင်း ငွေရောင်ကြိုးတပ်မျက်မှန်ကလေးကို ပင့်တင်ရတာလည်းအမော။
"ခါးပတ်ပတ်လိုက်ဦး"
"ဟုတ် ကိုးကိုး"
နှစ်ယောက်လုံးပြုံးတုံ့တုံ။ ဘုန်းလျှံက ခါးပတ်ပတ်ပြီး ညီမိုးလွင်ကတော့ ကားဆက်မောင်းလိုက်၏။ သည်တစ်ခါတော့ ညနေစာစားဖို့ ကောင်လေးကို ဆိုင်မရွေးခိုင်းတော့ပေ။ ထပ်ပြီး ငါးကင်လို၊ တော့ပုကီလိုတွေစားမယ်ပြောရင် ကိုယ်ကမကျွေးရလည်းခက်၊ ဆုံးမရလည်းခက်။ ဒါမို့ ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် စားသောက်ဆိုင်တစ်ခုဆီသာ ဦးတည်လိုက်သည်။
"အထုပ်တွေအများကြီးပဲ၊ ဈေးဝယ်ပြန်လာတာပေါ့"
"အင်း အစကတော့ ဒါတွေအိမ်ဝင်ထားပြီးမှ ဆုံဖို့ဖုန်းဆက်မလို့ပဲ။ ဒါပေမဲ့ ခေါက်ဆွဲစားမဲ့သူကိုဆူချင်လို့ တန်းလာကြိုတာ"
"ကိုးကိုးကလည်း..."
အနားတိုးကပ်လာသော ကောင်လေး ခပ်ချွဲချွဲအသံကြောင့် လီဗာနင်းထားသည့် ညီမိုးလွင်ခြေထောက်မှာ ရုတ်ချည်းအရှိန်လျော့သွားသည်။ ဦးနှောက်၏အာရုံက ဘုန်းလျှံဆီကိုသာ အကြည့်ပို့စေတော့ တခြားအရာတွေအပေါ် ဂရုမထားနိုင်တော့။ ကြိုးတပ်မျက်မှန်ကလေးကို သူ တသိမ့်သိမ့်စွဲနေလေပြီ။
ကောင်လေးခမျာမှာ စူပုတ်ပုတ်ကလေးနှင့်၊
"ဟိုတစ်ခါပြောပြီးကတည်းက တစ်ခါတလေပဲ စားတော့တာပါ၊ အခုလည်း မိုးယုကိုကျွေးထားခဲ့ပြီလေ။ အရည်တစ်စက်၊ အမျှင်လေးတစ်ဖတ်တောင်မှ လက်ဖျားနဲ့မတို့မထိခဲ့ဘူး။ တကယ် ... တကယ်"
"ဒါဆိုရင်တော့ လိမ္မာသားပဲ ကိုယ့်တေးတေးက"
"အား......"
"ဘာဖြစ်တာလဲ၊ ဘာတွေ့လို့လဲ"
ရှက်ရှက်နှင့် တေးတေးခေါ်ပါတယ်ဆိုမှ ထအော်သောကောင်လေးကြောင့် ညီမိုးလွင် ပျာယာခတ်လေပြီ။
"ပျော်လို့ ပျော်လို့။ ကိုးကိုး ဒီမှာစမ်းကြည့်၊ Heart Rate က 150 ကျော်နေလောက်ပြီ။ အား ... ကိုးကိုးကြောင့် ရူးတော့မှာ၊ ရူးတော့မှာ"
သူ့လက်ကို ရင်ဘတ်ပေါ်ခဏတင်ပေးပြီး ခပ်မြန်မြန်ချသွားသည်။ ပြီးနောက် လွယ်နေကျသားရေအိတ်ကို ရင်ခွင်ထဲပိုက်ပြီး ဟိုဖက်သည်ဖက်လှိမ့် အော်နေပြန်တာ တကယ့်ကလေးပေါက်စအတိုင်း။ သူ တေးတေးခေါ်တာ သည်လောက်ပျော်သတဲ့လား။ ဘုန်းလျှံမောင်နှင့်မှ သူလည်း အဆန်းတွေချည်းကြုံနေရသည်။
"အဲလောက်ကြိုက်လား၊ ကိုယ်ကမင်းမကြိုက်ရင် တစ်ခုခုထပ်ပြောင်းခေါ်ဖို့ စဉ်းစားကြည့်နေတာ"
"မပြောင်းပါနဲ့။ ဒီထက်ကောင်းတဲ့ဟာတောင် ဒီလောက်ကောင်းမှာမဟုတ်ဘူး၊ တေးတေးလို့ပဲခေါ်ပါ။ ကြိုက်တယ်၊ ကြိုက်တယ်"
"ဘယ်လိုဖြစ်လို့ စကားတွေကို နှစ်ခါထပ်ပြောနေရတာလဲကွာ၊ မမောဘူးလား။ ဖြည်းဖြည်းပြောပါ"
"အားမရတဲ့အခါ၊ အရမ်းသဘောကျတဲ့အခါဆိုရင် အရှိန်ပါပြီး အဲလိုနှစ်ခါပြောမိတော့တာ ... ထပ်ခါထပ်ခါလေ"
"ဟော ... ကြည့်"
နှစ်ဦးသား ရယ်လိုက်မောလိုက် ပြောဆိုနေကြတာ စားသောက်ဆိုင်ရောက်ကြသည်အထိပါပဲ။ သူတို့ကြားက ဆက်ဆံရေးလေးမှာ တဖြည်းဖြည်းတိုးတက်လာလို့ ညီမိုးလွင် စိတ်အေးရသေးသည်။ တွဲစကတော့ အသက်အရွယ်ကွာခြားလွန်းလို့ စိတ်ပူခဲ့ပေမဲ့ ဘုန်းလျှံက တက်ကြွသူလေးမလား။ ပျင်းလည်းမပျင်းရသလို၊ ချစ်စရာကောင်းပုံလေးတွေက တစ်နေ့တစ်မျိုးမရိုးရ။ သူ့ကိုထိန်းချုပ်မဲ့သူမျိုးလည်း မဟုတ်တာကို တစ်စတစ်စ သိလာလေပြီ။
ဆက်ဆံရေးတစ်ခုစမိလျှင် ချောင်ပိတ်မိနေမှာကို ညီမိုးလွင် အကြောက်ဆုံးဖြစ်၏။
ညစာစားပြီး ဘုန်းလျှံကိုပြန်ပို့ပေးချိန်တွင်တော့ မိုးစုန်းစုန်းချုပ်နေလေပြီ။ အိမ်ပြန်လိုက်ပို့တိုင်း ညီမိုးလွင်က ကားပေါ်တွင်သာ ခဏနှုတ်ဆက်တတ်သည်။ သူငယ်ချင်းတွေရှိသော ကောင်လေးအခန်းသို့ လိုက်မလည်တတ်ချေ။
"ကဲ ... ရောက်ပါပြီဗျာ။ မနက်ဖြန် စာသင်ဖို့ရှိတယ်နော်၊ Presentation လုပ်ဖို့ ရယ်ဒီပဲလား"
"ဝှါး အကုန်လုပ်ထားပြီးပါပြီ ကိုးကိုးရ။ ခက်တာတွေ မမေးကြေးနော်"
"ဒါတော့ ဘယ်ပြောရမလဲ၊ ညီမိုးလွင်ရာဇဝင်မှာ မျက်နှာလိုက်တာမျိုး ထုံးစံမရှိဘူး။ မေးတာတွေဖြေဖို့သာ အကောင်းဆုံးလုပ်ထား ... ကောင်းရင်ကောင်းတယ် ချီးကျူးမယ်၊ လိုတာတွေဆို ထောက်ပြပေးမယ်"
မျက်နှာချင်းဆိုင်တိုက်ခန်းတွေရှေ့ ရပ်ထားသောကားအနီလေးမှာ အချိန်တော်တော်ကြာသည်ထိ မရွေ့သေးပေ။ မိုးလည်းချုပ်နေပြီိမို့ လမ်းထဲကမှောင်ရိပ်တွင် လူသူလည်း ကင်းရှင်းစပြုနေ၏။ သည်အခြေအနေတွင် ညီမိုးလွင်ကတော့ အေးဆေးပြောနေပြီး ဘုန်းလျှံမောင်တို့ကတော့ စာမေးမယ်ဆိုလို့ တွန့်လိမ်နေလေပြီ။
"ကိုးကိုးကလည်း အရမ်းခက်တာတွေတော့ မမေးပါနဲ့။ ကိုယ့်ကောင်လေး တခြားသူတွေရှေ့ အရှက်ကွဲနေမှာ စိတ်ပူတယ်မလား ... ဟင်"
"ဟား ... တော်ရုံချွဲပါ တေးတေးရာ။ ကဲ ဘာ Case ယူထားတာလဲပြော"
ညီမိုးလွင်က ဘုန်းလျှံညာဖက်လက်ကလေးကို ခပ်ဖွဖွဆုပ်ကိုင်ရင်းမေးတော့ ကောင်လေးမှာ စဉ်းစားဟန်ဖြင့်၊
"တော်ပြီ မပြောပြသေးဘူး။ တော်ကြာ ညကတည်းက မေးခွန်းတွေကြိုစဉ်းစားထားရင် ဘယ်လိုလုပ်မလဲ"
[ပြွတ်စ်!]
ညီမိုးလွင်၏ လျှပ်တစ်ပြတ်အနမ်းကြောင့် ကားနောက်မှီကိုအားပြုနေသော ဘုန်းလျှံတစ်ယောက် အိပ်ချင်ပြေကာ ကိုယ်လေးမတ်ခနဲဖြစ်သွားသည်။ ပြီးနောက် အနမ်းခံရသည့် ညာဖက်ပါးကို လက်ဖဝါးနှင့်အုပ်မိုးကိုင်ရင်း၊
"ကိုးကိုး နမ်းလိုက်တာပေါ့။ ဝါး ... ငါ့ကိုးကိုးကနမ်းတာကွ။ ဝါး ... ဝါး အိပ်မက်မက်နေသလိုပဲ၊ ဒါဘယ်နှရက်ကြာမှ ... အင့်!"
လူလစ်တုန်းလေးနမ်းတာကို အံ့ဩတကြီးလုပ်ပြနေသော ကောင်လေးအား ညီမိုးလွင် အနားထိတိုးကပ်ကာ နှုတ်ခမ်းအစုံကိုငုံထွေးလိုက်သည်။ ကြိုးတပ်မျက်မှန်ကလေးကိုတော့ ဆံသားတွေပေါ် ပင့်တင်ပေးလိုက်လေရဲ့။
ပြောလက်စ စကားတွေတိတ်ဆိတ်သွားပြီ။ ရင်ခုန်သံတွေမှာတော့ အပြိုင်အဆိုင် တဒိန်းဒိန်းရှိလာချေပြီ။ လှိုက်ဖိုမှုနှင့်အတူ ကောင်လေး၏နှုတ်ခမ်းသားပါးပါးကို နမ်းရှိုက်ရခြင်းက စားမဝနိုင်သော ပေါင်မုန့််လုံးနုနုကို မြည်းစမ်းနေရသလို။ မသွားဖူးသော အချစ်ခရီးလမ်းကို စမ်းတဝါးဝါး အစပျိုးလိုက်ရသလို။ ရင်ခုန်ဖို့ကောင်းသည်၊ စိတ်လှုပ်ရှားဖို့ကောင်းနေခဲ့သည်။
တဖြည်းဖြည်း သူ့ညာဖက်နားဆီ ရောက်လာသောကောင်လေးလက်ကို သူ ပြန်ဖမ်းဆုပ်ရင်း ပါးပေါ်တင်ပေးလိုက်တာ အသာအယာ။ အလိုက်သိသောကောင်လေးကလည်း သူ့ပါးပြင်ကို ခပ်ဖွဖွပွတ်သပ်လို့။ အနမ်းမိုးတွေ ပိုသည်းထန်လာပါ၏။
ညကလည်းမှောင်နေပြီ။ လမ်းမီးရောင်က သိပ်မရှိ။ ဒါမို့ ကားမှန်ကစတစ်ကာအမည်းကို အားကိုးကာ အနမ်းဂဟေဆက်နေကြသော သူတို့အားလည်း ဘယ်သူမှမမြင်နိုင်ပါပေ။
အချစ်က ညမှောင်မှောင်မှာလည်း တဖန်ပေါက်ဖွားတတ်တာ ကြယ်ကလေးတွေ သိပါလေစ။
ငါးမိနစ်ကျော် ရှည်ကြာသောအနမ်းကြောင့် ဘုန်းလျှံ အသက်ရှူရခက်လာတာကို ညီမိုးလွင် သိလိုက်လေပြီ။ ဒါမို့ သူ့နှုတ်ခမ်းကို ခဏဖယ်ခွာပြီး နဖူးချင်းသာ ထိကပ်ထားလိုက်သည်။ ပြီးနောက် လေသံတိုးတိုးနှင့် နှစ်ကိုယ်ကြား ခေါ်လိုက်မိတာက၊
"တေးတေး"
"ဗျာ ... ကိုးကိုး"
အောက်ဆီဂျင်ရအောင် တဖြည်းဖြည်းပြန်ရှူရှိုက်နေသော ကောင်လေးအသံကလည်း လုံးဝကိုတိုးညှင်းစွာ။
"ခုနကစကားကို ဘယ်ကောင်ရှေ့မှ မပြောမိစေနဲ့နော်။ အဲဒီပုံစံနဲ့ပြောတာကြားရင် သူတို့ကကိုယ်လိုပဲ နမ်းနေမှာမဟုတ်ဘူး ကြားလား"
"ပြောစရာလား။ တေးတေးက ကိုးကိုးကိုပဲ ရူးသွပ်တဲ့ဟာ"
[ပြွတ်စ်!]
"အဲဒီကိုးကိုးလည်း ရူးတော့မယ်"
တကယ်ပဲ ... အချစ်ကလူကို ရူးစေတယ်ထင်ပါရဲ့။
.....................
စာသင်ခန်းအတွင်းရှိ ကျောင်းသားအားလုံး၏အကြည့်တွေက မိုးယုဆီသာ ရှိနေကြသည်။ အသံဟူ၍ အပ်ကျသံပင်မကြားရ။ ကျောင်းသားဦးရေ နည်းသလားဆိုတော့လည်း မဟုတ်ပေ။ Surgical Ward 1, 2, 3 က ဆေးကျောင်းသားတွေအကုန် စာစုသင်ချိန်မို့ အနည်းဆုံးအယောက် ၃၀ ကျော်တော့ရှိတာပင်။
တိတ်ဆိတ်နေကြသည်ဆိုတာက SAS သုံးယောက်နှင့် AS, PG အစ်ကို၊ အစ်မတွေ့ရှေ့တွင် ရပ်နေရသောမိုးယုအစား အားလုံးကြောက်ရွံနေကြလို့သာ။ Presentation ပြီးပြီမို့ မေးခွန်းတွေမေးကြတော့မှာ ဖြစ်သည်။
"လူနာက ဦးလူမောင်နော်၊ Ward 1 က"
"ဟုတ်ပါတယ် ဆရာ"
"အင်း ... Liver Cirrhosis (အသည်းခြောက်ခြင်း) လို့ကောက်ချက်ချရတာ ဘယ်လိုရောဂါလက္ခဏာတွေကြောင့်လဲ"
Ward 2 က SAS ဦးကောင်းမာန်ကလည်း ခပ်တည်တည်ကြီးနှင့် မေးသည်။ အားလုံး၏အကြည့်တွေမှာ ဆရာ့ဦးကောင်းမာန်ကျောပြင်မှ ပရော်ဂျက်တာရှေ့တွင် ရပ်နေသောမိုးယုထံ ပြောင်းကြည့်ကြသည်။ ခါတိုင်းနဖူးပေါ် ရှုပ်ထွေးနေတတ်သော မိုးယု၏ဆံမြိတ်တွေက သည်နေ့တော့ အပေါ်ဘက်လှန်တင်ထားတာ ကပိုကရို။ လက်ထဲက Pointer ကို အကြောင်းမဲ့ ဖျစ်ညှစ်နေတာကြည့်ရုံနှင့် မိုးယု စိတ်လှုပ်ရှားနေပြီဆိုတာ ဘုန်းလျှံတို့အားလုံး ရိပ်စားမိကြသည်။
"လူနာက ခြေတွေ၊ လက်တွေ ယောင်ယမ်းနေပြီး အရမ်းယားလို့ကုတ်ဖဲ့တာတွေလည်း တွေ့ရပါတယ်။ သူ့ရဲ့မျက်လုံးနဲ့ အရေးအပြားမှာလည်း Jaundice လိုအသားဝါတဲ့လက္ခဏာတွေ တွေ့ရပါတယ် ဆရာ။ မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာ အားနည်းလာပြီး ခဏခဏသတိမေ့တတ်လာတယ်လို့ ပြောပါတယ် ဆရာ။ ပြီးတော့လူနာက ရေဖျဉ်းလည်းဆွဲနေပါတယ်"
"ဒါပဲလား"
ဘုန်းလျှံခမျာ အကောင်းဆုံးဖြေနိုင်နေသည့် မိုးယုအစား ဝမ်းသာပေးမယ်မှကြံမဆုံး သူ့ကိုးကိုးထံမှ အမေးထွက်လာချေပြီ။ Ward 1 ကလူနာမို့ ဆရာစမ်းသပ်ပြီးသားပင်။ Ward 3 ခုလုံးက ဆရာတွေပါနေတာတော့ ကျောင်းသားတွေအနေဖြင့် အပိုတွေလည်း ဖြီးမရသလို၊ လိုတာတွေလည်း ရွှီးလို့မရပါချေ။
"Portal hypertension (သွေးပြန်ကြော သွေးဖိအားများခြင်း) ကြောင့် တစ်ခါတစ်ခါ သွေးအန်တဲ့လက္ခဏာလည်း တွေ့ပါတယ် ဆရာ"
မိုးယုအစား သူတို့အားလုံး ရင်တုန်ကြရတာပါပဲ။ ကိုယ်တိုင်လည်း လွတ်ကြသလားဆိုမလွတ်။ Presentation လုပ်သည့်ကျောင်းသားတိုင်းကို မေးခွန်းတွေမေးကြလေတာ တစ်ယောက်ပြီးတစ်ယောက်။
နောက်ဆုံးတော့ ဘုန်းလျှံမောင်အလှည့် ရောက်လာလေပြီ။ နောက်ဆုံးသောကျောင်းသားလည်းဖြစ်၊ ထိုင်ရတာလည်း တစ်နာရီကျော်နေပြီမို့ ဆရာတွေ အညောင်းပြေ၊ အညာပြေ အကျောဆန့်ချင်ကြလေပြီ။
ထိုအချိန် မြည်လာသော ဦးကောင်းမာန်ဖုန်းသံကြောင့် ဘုန်းလျှံမောင်၏မျက်လုံးအစုံက ဝင်းတောက်သွားသည်။ ဒါမို့ လေးစားသမှုနှင့် ပြောလက်စ Presentation ကို ခေတ္တရပ်ပေးလိုက်၏။
"ဟုတ်ကဲ့ ရပါတယ်၊ လာခဲ့လိုက်မယ်လေ"
"ပါမောက္ခလား"
"ဟုတ်ပါ့ဗျာ၊ တစ်ယောက်ပဲကျန်တော့တာဆိုတော့ ငါ့ညီ ကိုယ့်တပည့်ကိုယ်ပဲ ကြည့်လိုက်တော့"
"ကျွန်မလည်း လိုက်ခဲ့တော့မယ်လေ"
"မလိုက်လို့မရဘူးဗျာ၊ ဒေါ်ဆွေဇင်မျိုးရောလို့ နာမည်တပ်ပါ့"
သည်လို့နှင့် ရှေ့ဆုံးတန်းက SAS နှစ်ယောက်ထသွားတော့ စာမေးမည့်အကြီးဆုံးဆိုလို့ ညီမိုးလွင်တစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ ရခဲလှသည့် အခွင့်အရေးကို မျှော်လင့်ထားသော ဘုန်းလျှံမောင်ကတော့ မျက်လုံးအရောင်တွေတောက်လို့။ စာမေးစရာ သူ့ကိုးကိုးတစ်ယောက်ပဲ ကျန်တော့သည်မလား။
"ကဲ ဆက်ပါဦး"
ဆရာက ခပ်တည်တည်အသံပြုတော့ အနောက်ရှိကျောင်းသားအုပ်ထဲမှ တင်နီလာဝင်းက လက်သီးလေးဆုပ်ပြကာ ခပ်ပြုံးပြုံး အားပေးသည်။ ဘုန်းလျှံလည်း ကြိုလေ့ကျင့်ထားသမျှ Pointer ကိုင်ကာ တစ်ခုပြီးတစ်ခုပြောသွားတော့၏။
သူရွေးထားသည့် Case က Appendicitis (အူအတက်ရောင်ခြင်း)။ လူနာက တစ်ကိုယ်လုံးရောဂါတွေ ပြည့်နှက်နေပြီဟု သူ့ကိုယ်သူထင်နေသော ဒေါ်ခင်လှပင်ဖြစ်၏။ ဒါသည် Case တွေအားလုံးထဲက အလွယ်ကူဆုံးကို သူ ရွေးထုတ်ထားခြင်းပင်။
"ဒေါ်ခင်လှနော်"
"ဟုတ်ကဲ့ ဆရာ"
"Appendicitis လို့ ဘာလို့ယူဆသလဲ"
မေးမယ်ကြိုသိထားသော ထိုမေးခွန်းအဖို့ ဘုန်းလျှံ ဖြေရမခက်ပါလေ။ ကိုယ်တိုင်လည်း လူနာကိုသေချာမေးမြန်းထားတာမို့ လက်တန်းပြောနိုင်ဆိုနိုင်သည်။ အကြီးထဲက ဆရာတစ်ယောက်ပဲကျန်တာမို့ သူ့ ထင်မြင်ချက်တွေကိုပါ ကောက်ပြောဖို့ ဝန်လေးမနေခဲ့ပေ။
သို့ပေမဲ့ သူ့စကားအဆုံးတွင် ဆရာက မျက်မှောင်ကြုတ်ကြည့်ကာ၊
"လူနာရဲ့ History ကောက်ထားတဲ့ထဲမှာ တစ်ခုခုလိုနေတယ်မထင်ဘူးလား"
"ခင်ဗျာ!"
ဘုန်းလျှံမောင်တို့ အဲလ်ကွန်းခန်းထဲ ဇောချွေးစပြန်ပါပြီ။ သူ့ကိုးကိုးက တကယ်မညှာတာပဲ။
"ရောဂါတစ်ခုခုကို ခေါင်းစဉ်တပ်၊ ကောက်ချက်ချဖို့အတွက်ဆို လူနာရဲ့ History ယူတဲ့အခါ သေချာချင့်ချိန်ပြီး တွေးရမယ်။ ဥပမာဆိုပါစို့ ... လူနာက အစာအိမ်ရောင်တာနဲ့မဆိုင်တဲ့ တခြား Minor symptoms တွေပါပြောနေပြီဆိုရင် ကိုယ်က ထည့်တွေးစရာလို၊ မလို သိရမယ်။ အခုလို လူနာပြောသမျှ အကုန်တန်းစီရေးထားတာထက် Appendicitis ဘာလို့ဖြစ်လဲဆိုတဲ့ အကြောင်းအရင်းတွေကို ရှာမေးတတ်ရမယ်။ ကဲ ... ဘာမေ့ခဲ့တယ်ထင်လဲ"
ဘုန်းလျှံနှင့်အတူ အောက်ကကျောင်းသားတွေပါ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားကြသည်။ သူ့ခမျာ ပရောဂျက်တာပေါ်က သူရေးထားသည့်စာတွေတစ်ချက်ကြည့်လိုက်၊ မေးဖို့ကျန်တာ ဘာများလဲလို့ စဉ်းစားလိုက်နှင့်။ ခပ်ထွေထွေဖြစ်နေသော ဦးနှောက်က ဘာမှပေါ်မလာပေ။
ဒါမို့ ဆရာ့ကိုအားကိုးသလိုကြည့်တော့ သိပ်မရင်းနှီးကြသလို ပုံစံနှင့် မော့မော့ကြီးကြည့်နေလိုက်တာ။ အားငယ်ကြောက်ရွံ့စိတ်တွေမှာ ဘုန်းလျှံထံသို့ လေတိုက်သလို ရှောင်လွှဲမရဘဲ တိုးဝှေ့လာကြလေပြီ။ အနောက်က မိုးယုတို့ကို လှမ်းကြည့်တို့လည်း မျက်နှာငယ်လေးတွေနှင့်၊ သူတို့လည်း မတွေးတတ်လို့လားမသိ ... ကူဖော်လောင်ဖက်မရချေ။
သည်လိုနှင့် စက္ကန့်မှသည် မိနစ်ရောက်လေတော့ ဘုန်းလျှံ စဉ်းစားမရတော့ကြောင်း ဝန်ခံလိုက်ရ၏။ သည်တွင် ဆရာပြောသည်က၊
"ဒါဆိုနောက်တစ်ခု မေးတာပေါ့။ မေ့ခဲ့တာကိုတော့ အိမ်စာလို့မှတ်ပြီး ဒီညစဉ်းစားခဲ့"
"ဟုတ်..ကဲ့"
နောက်တစ်ခုပါထပ်မေးမယ်ဆိုတော့ ဘုန်းလျှံ ငိုပါငိုချင်သွားသည်။ ကိုးကိုးဆိုသည်မှာ သူ့ကိုနည်းနည်းမှမညှာ။ AS နဲ့ PG တွေအပြင် ကျောင်းသားတွေပါရှိတာမို့ ဘုန်းလျှံ ရှက်လေသည်။ နောက်တစ်ခုပါ မဖြေနိုင်ရင်ဖြင့် သွားပါပြီဟု စိတ်ထဲညည်းညူနေမိ၏။
"Appendicitis ဆိုတာသေချာဖို့အတွက် ဘယ်နားကိုစမ်းသပ်မလဲ"
"ဝမ်းဗိုက်ရဲ့ညာဘက်အောက်နားပါ ဆရာ"
"ကိုယ့်ကိုလာစမ်းပြ"
"ဗျာ!"
အပြောမဆုံးခင် ထရပ်လိုက်သောဆရာ့ကြောင့် ဘုန်းလျှံ မျက်လုံးအပြူးသား။ သူ့ရှေ့မှာဘယ်သူ့မှလည်း သည်လိုမစမ်းသပ်ခိုင်းဘဲ သူ့အလှည့်ကျမှတဲ့လား။ ဒါတမင်လုပ်တာမလား ကိုးကိုး။
"လာလေ"
ဆရာက သူ့ကိုကျောပေးကာ ကျောင်းသားတွေဖက် လှည့်လိုက်ချေပြီ။ လက်ကိုလည်း နောက်ပစ်ထားရင်း အရှေ့ဝမ်းဗိုက်ပိုင်းကို သူစမ်းသပ်ဖို့ နေရာပေးလေ၏။ ဘုန်းလျှံမှာ စတိုင်လ်ပန့်နှင့် အကျီမိုးပြာဝတ်ထားသည့် ဆရာကိုစမ်းဖို့ မဝံ့မရဲ။ ခါတိုင်းဆို အိခနဲနေအောင် တိုးဝင်နေကျရင်ခွင်ပေမဲ့ အခုတော့စာမေးမရလို့ သူ့ကိုဆူထားတော့ နည်းနည်းစိတ်ကောက်ချင်သည်။
"လူနာကို အဲလိုတွန့်ဆုတ်တွန့်ဆုတ်နဲ့ စမ်းနေမှာလား။ အရှေ့ကနေ သေချာလာစမ်းလေ"
ရွယ်တူသူငယ်ချင်းတွေဆီက ပြုံးတုံ့တုံအသံတချို့ ထွက်လာလေ၏။
ဘုန်းလျှံတစ်ယောက် သူ့ကိုးကိုးအနားကပ်ပြီး ဘယ်သူမှမမြင်အောင် မျက်စောင်းထိုးချလိုက်သည်။ ဒါကိုမြင်တာတောင် မသိချင်ယောင်ဆောင်ချင်သည့်လူကြီး။ ဘုန်းလျှံ ဗိုက်အောက်နား အူအတက်ရှိမည့်နေရာကို စမ်းပြလေတော့ အားလုံးကလည်း သေချာလိုက်ကြည့်ကြ၏။
ဆရာကလက်နောက်ပစ်လျက် ခပ်မတ်မတ်၊ သူကတော့ ဆရာ့ဗိုက်နားကပ်ကာ တကုန်းကုန်း။ ကျောင်းသားတွေ ရယ်လည်းရယ်ချင်စရာပင်။
"အဲနားမဟုတ်သေးဘူး၊ အောက်နည်းနည်းတိုးဦး"
ဘယ်လို ... အောက်နည်းနည်းတိုးဖို့ ဘောင်းဘီသာကျန်တော့၏။ ဘုန်းလျှံတစ်ယောက် မျက်မှန်ကိုင်းကိုပင့်တင်ရင်း ကုန်းနေရာက မော့ကြည့်လိုက်သည်။ သေချာတာပေါ့ ... တမင်ညစ်ချင်လို့ ရယ်ချင်နေသည့်နှုတ်ခမ်းကို အပီထိန်းထားသည့် ကိုးကိုး။
"ဒီနားလားဗျ"
"အောက်နည်းနည်း"
အနောက်က သူငယ်ချင်းတွေမှာ ရယ်သံကလေး တဟီးဟီး။ ဒါမို့ဘုန်းလျှံ စိတ်မရှည်တော့၊ လက်က ဘောင်းဘီနားကို ရောက်လည်းရောက်ပါစေတော့ဟုတွေးကာ စမ်းချလိုက်သည်။
"အဟင်း ... အတိအကျဆို ဒီနားစမ်းရမယ်"
ပြောပြောဆိုဆိုပါပဲ၊ အားလုံးရှေ့မှာ ဆရာက သူ့လက်ကိုကိုင်ပြီး ဗိုက်အောက်နားဆီ ရွှေ့ပြသည်။ သူ အခုနကလည်း အဲနားစမ်းပြထားတာပဲလေ။ တမင်ညစ်မှန်းသိတာမို့ မော့ကြည့်လိုက်တော့ ပြုံးနေသည့်သူ့ကိုးကိုးပေါ့။
ဘုန်းလျှံ မလုံမလဲနှင့် နောက်ကိုလှည့်ကြည့်တော့ ထင်တဲ့အတိုင်း တင်နီလာဝင်းတို့တစ်သိုက်က စပ်ဖြီးဖြီးရှိလှပြီ။ လက်ထဲတွင် ဖုန်းယူပြီး မသိမသာကရိုက်နေသေးတာ။
"အားလုံး အူအတက်စမ်းရတဲ့နေရာကို သေချာကြည့်နော်။ ဒီနေရာမှာ အူအတက်ရောင်နေလားဆိုတာသိဖို့အတွက်က် လူနာခံနိုင်လောက်မဲ့ Pressure နဲ့လည်း ဖိစမ်းဖို့လိုသေးတယ်၊ ဒါမှသေချာသိနိုင်မှာ။ ကဲ ... ဒီနေ့တော့ ဒီလောက်နဲ့ပဲအဆုံးသတ်ရအောင်"
အားလုံးပြီးသွားတော့ ဘုန်းလျှံတစ်ယောက် မျက်စောင်းထိုးပြီး ရှေ့ကထွက်သွားလိုက်လေတာ တင်နီလာဝင်းတို့တောင်မစောင့်။ ညီမိုးလွင်လည်း သူ စလိုက်တာလွန်သွားပြီမှန်းတော့ သိသည်။ သို့ပေမဲ့လည်း သူ့ကောင်လေးဆိုတာလည်း စနောက်ချင်လောက်အောင်ကို ချစ်စရာလေးမလား။
အတန်းပြီးလို့ ထွက်ခဲ့တော့ အိမ်ပြန်ချိန်လည်း ရောက်နေလေပြီ။ ညီမိုးလွင်တစ်ယောက် ဘုန်းလျှံကိုခေါ်ပြီး တစ်ခုခုလိုက်ကျွေးပြီး ချော့ရဦးမည်။ ဒါမို့နားနေခန်းဘက် ထွက်လာခဲ့တော့ ဘုန်းလျှံကိုမတွေ့၊ ပေါင်းနေကျ သူငယ်ချင်းမလေးတွေတစ်သိုက်ကိုသာ တွေ့ရသည်။
သည်ကောင်လေး နည်းနည်းစလိုက်မိတာနဲ့ပဲ မစောင့်ဘဲ ပြန်သလားမသိ။ ဖုန်းဆက်ကြည့်ပြန်တော့လည်း မကိုင်ပါပေ။ သည်တော့ ကျောင်းသူလေးတွေ မေးရင်ကောင်းမလား တွေးရသည်။ သို့ပေမဲ့ အတန်းကထွက်လာပြီးပြီးချင်း ဘုန်းလျှံမောင် ဘယ်မှာလဲလို့ရှာတာက သူတို့အတွက် ထူးဆန်းနေမလား၊ ရိပ်မိကုန်မလား။
တွေးရင်း ဒွိဟဖြစ်နေသော ညီမိုးလွင်တစ်ယောက် ဖုန်းကိုလက်ထဲကိုင်ကာ နားနေခန်းဝတွင် ရပ်နေမိသည်။
"ဪ ... ဆရာ"
သူ ဆုံးဖြတ်မရသေးခင် ထွက်လာတာ တင်နီလာဝင်းနှင့် မိုးယုဆိုသည့် ကောင်မလေးနှစ်ယောက်ပါပဲ။
"ဘုန်းလျှံမောင်ကို လာရှာတာလား"
"အင် ... အင်း ဘယ်မှာလဲ"
တကယ်ကို ရိပ်မိနေကြသည့် ငတိမလေးတွေ။ လိမ်မရသည့်အတူတူမို့ မေးသာမေးလိုက်ရတော့၏။
"ခုနကပဲ တန်းပြန်သွားတာ ဆရာ။ သူ့အစ်ကိုနှစ်ယောက် အောက်မှာလာကြိုနေလို့တဲ့"
"သူ့အစ်ကို!"
"ဟုတ်တယ်၊ သူ့အစ်ကိုက ထိုင်း-ဗမာကပြားအချောလေး ဟိ"
ကောင်မလေးနှစ်ယောက်ပြောပြီး ထွက်သွားကြသည်။ ညီမိုးလွင်မှာဖြင့် တွေဝေတုန့်ဆိုင်းနေဆဲ။ ကပြားဆိုတော့ Ice ပေါ့ ... နှစ်ယောက်လာကြိုပုံထောက် မြတ်ဟန်သာလည်း ပါပုံပင်။ မဖြစ်သေး ... သူနဲ့ဘုန်းလျှံမောင် တစ်ဆေးရုံတည်း အတူကျတာမှန်းသာသိရင် ထိုနှစ်ယောက် ဘာတွေပြောကြမလဲ။
ဘုန်းလျှံကရော သူတို့တွဲနေတာပါလို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်မှာလား။
ဒါဆို ရူးနှမ်းနှမ်း သူ့အတိတ်တွေ ... ။
မြတ်ဟန်သာသိတဲ့ သူ့အတိတ်တွေ ... ။
သူပြောပြတာကလွဲလို့ တခြားသူကတဆင့် မသိစေချင်တဲ့ သူ့အတိတ်တွေ ... ။
ခြေလှမ်းတို့ကို လျင်မြန်စွာလှမ်းလိုက်ရင်း ဖုန်းဆက်တိုက်ခေါ်နေမိပေမဲ့ ကောင်လေးမှာ ဖုန်းမကိုင်တော့ပါချေ။ နောက်ဆုံး ပို့လိုက်မိသည့်စာတစ်စောင်က...
"အရေးကြီးပြောစရာရှိလို့ စိတ်မကောက်ဘဲ ဖုန်းကိုင်ပါတော့ ... တေးတေးရာ"
...............
(A/N) Update က ၃၊ ၄ရက်တစ်ခါ တင်ပါမယ်ရှင့်။ ကိုးကိုးတို့ကို ဖတ်ပေးနေကြလို့ ကျေးဇူးအများကြီး၊ အများကြီးတင်ပါတယ်နော်...🤍
..........................................
Bạn đang đọc truyện trên: Truyen3h.Co