Part - 6 (Unicode)
တအုန်းအုန်းရွာနေသော မိုးသီးမိုးပေါက်တွေက ပြတင်းမှန်ပြင်ကို ခပ်ကြမ်းကြမ်းရိုက်ခတ်နေသည်။ မည်းမှောင်နေသော မဟူရာကောင်းကင်ကြီးမှာ ကမ္ဘာမြေအပေါ် အငြှိုးများကြီးနေသလား။ မရပ်မနားတန်း ရွာသွန်းခဲ့သောမိုးသည် တစ်နာရီကျော်ကြာသည်ထိ အရှိန်အဟုန် ကောင်းနေဆဲဖြစ်၏။
တဟုန်းဟုန်းတိုက်ခတ်ခဲ့သော လေတသုန်သုန်ကြောင့်လည်း လျှပ်စစ်မီးက အလိုအလျောက် ပြတ်တောက်သွားခဲ့ပြီ။ ဒါမို့ အရာရာ မှောင်မည်းခြင်းအတိ။ ပတ်ဝန်းကျင်သည် သူ သည်တိုက်ခန်းကို စရောက်ခါစကလို ကားသံ၊ ဟွန်းသံတွေ၊ အရှေ့လမ်းက ကလေးတွေ၏ ငြင်းခုံ၊ ဆော့ကစားသံတွေမရှိတော့။ တဝေါဝေါမိုးသံတို့ကသာ ဝန်းကျင်တစ်ခုလုံးကို ကြီးစိုးထားသည်။
ထိုအချိန် သုံးလွှာကအခန်းငယ်လေးထဲတွင် အဖြူရောင်မီးလေးတစ်စ။ အင်ဗာတာအားကိုးပြီး တစ်ကိုယ်ရည်စာဖွင့်ထားသည့် မီးလုံးကလေးပင်။ ထိုအခန်းတွင်း၏ အိပ်ရာပေါ်မှာတော့ အနှီလူသားတစ်ဦး။ မှန်ပြတင်းကိုကြည့်ရင်း တွေတွေကလေးဖြစ်နေပုံမှာ စိတ်ဝိဉာဉ်က သူ့ကိုယ်တွင် ကပ်လျက်ချပ်လျက်ရှိမနေသည့်နှယ်။
ပြန်ရောက်ကတည်းက ထမင်းမစား၊ ရေမချိုးသော အနှီလူသားသည် တစ်နေ့တာအဖို့ အားအင်တွေကုန်ခမ်းခဲ့ပြီးဖြစ်၏။ လူနာတွေကို နေကောင်းအောင်ကုပေးရသည့် ဆရာဝန်အတွက် ကိုယ်တိုင်ကတော့ စိတ်နှလုံးမချမ်းသာ။ ခန္ဓာကိုယ်ကို ကုတင်ခေါင်းရင်းကနံရံဆီ မှီတွယ်ထားရသည်အထိ သူ နွမ်းလျနေခဲ့တာ။
သေချာပေါက် မနက်က အဖြစ်အပျက်ကြောင့်ပေါ့။
ခပ်တွေတွေရှိနေသော ထိုသူမှာ ပြတင်းမှန်ကို စင်စစ်မြင်နေခြင်းမျိုးမဟုတ်။ ဟိုးလွန်ခဲ့သော(၇)နှစ်ကျော်က ပထမထပ်လှေကားအကွေ့လေးကို မြင်ယောင်နေသည်။ အကြားအာရုံတွင်လည်း မိုးသံတို့ ကြီးစိုးနေခြင်းမဟုတ်။ စကားပြောနေခဲ့ကြသည့် လူသားနှစ်ယောက်၏အသံတွေသာ ပဲ့တင်ထပ်နေခဲ့တာ ရုပ်ရှင်အနှေးပြကွက်တွေလို။
"မ,နိုင်ရဲ့လား"
"ရတယ်ဗျ၊ ဂျပ်ပုံးကကြီးပေမဲ့ ပေါ့ပေါ့လေးပါ"
သည်အခန်းကို သူ မဝယ်နိုင်သေးခင် စငှားခဲ့တဲ့နေ့ကပေါ့။ တစ်ကိုယ်တည်းသမားမို့ ပစ္စည်းတွေတင်တာတောင် လူအကူမပါခဲ့တာ မှတ်မိသေးသည်။
"Eric Emerson ပါ၊ ဒီတိုက်ကပဲ 2B မှာနေပါတယ်"
"ဪ ... ဟုတ်ကဲ့၊ ကျွန်တော် ညီမိုးလွင်ပါ။ ဒီနေ့ပဲ 3B ကိုပြောင်းလာတာ"
"ညီ မိုး လွင်"
"ခေါ်ရခက်ရင် 'ညီ'လို့ပဲခေါ်ပါ"
ထိုအချိန်က သူ့အသက် ၂၈နှစ်။ Eric လည်းရှိလှမှ ၄၀ကျော်ရုံလောက်ပေါ့။ အဲသည်နေ့ကစဆုံခဲ့သော သူတို့နှစ်ယောက်အဖို့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာမယ်လို့ ဘယ်သူသိပါလိမ့်မလဲ။ အင်း ... သူကတော့သိသယောင်ယောင် ရှိခဲ့သည်။ တွေ့တွေ့ချင်းကတည်းက ဇာတ်လမ်းတစ်ပုဒ် ဖန်တီးချင်လောက်အောင် Eric က ဆွဲဆောင်မှုရှိနေခဲ့တာမလား။
မျက်ခုံးထူထူထဲထဲနှင့် ရင့်ကျက်သည့်အကြည့်တွေကို ရက်တွေကြာသည်ထိ သူ့အာရုံမှာ ဖျောက်ဖျက်မရခဲ့ပေ။ မနက်ခင်း သူဂျူတီဝင်ဖို့ အလောတကြီးထွက်ရချိန်ဆို Eric က အားကစားဝတ်စုံအပြည့်နှင့် လမ်းလျှောက်ပြန်လာတတ်သည်။ ညနေခင်းတွေမှာတော့ ဆံရှည်နှင့်သူ့တပည့်တစ်ယောက် လိုက်ပို့တတ်တာ သတိထားမိခဲ့၏။
အပေါ်ထပ်၊ အောက်ထပ်နေကြသော သူတို့နှစ်ဦးမှာ လှေကားတွင်ဖြစ်စေ၊ တိုက်ရှေ့လမ်းတွင်ဖြစ်စေ ဆုံကြသည့်အခါတိုင်း ပြုံးပြနှုတ်ဆက်လေ့ရှိသည်။ နွေးထွေးသည့်အကြည့်တွေကို လက်ခံရမိတိုင်း ပိုင်ဆိုင်ချင်စိတ်တွေ တိုးခဲ့သည့်နေ့ရက်တွေပေါ့။
သည်လိုနှင့် ဝရန်တာကနေ စောင့်ကြည့်ခဲ့မိသည့် မနက်၊ ညတွေ။ အိုး ... များပြားလွန်းလို့ လက်ချိုး၍ပင်မရေတွက်နိုင်ခဲ့။ တစ်နေ့တစ်နေ့ ခင်မင်ဖို့လမ်းစရှာရင်း ရူးခဲ့တဲ့အချိန်တွေ။
တစ်နေ့ Eric နေမကောင်းတာကို သူ မထင်မှတ်ဘဲ တွေ့ခဲ့ရသည်။ ရုံးအပြန် ကားပေါ်ကအဆင်း သူ့တပည့်တွဲပို့ရသည်အထိ သွေးပေါင်ကျခဲ့သော တစ်ညနေပေါ့။ ချက်ချင်းပဲ အောက်ထပ်သွားပြီး အလောတကြီး စမ်းသပ်ပေးမယ်လုပ်တော့ သူ့တပည့်ဆံရှည်ကတောင် နှာခေါင်းရှုံ့ချင်သည်။
ကြည်ဖြူခဲ့သော ထိုသူကတော့ သူ့အယုအယကို ခံရှာပါ၏။ ထိုနေ့ကစ အလျဉ်းသင့်သလို အပေါ်၊ အောက်ကူးနေခဲ့သော ဆရာဝန်လေးမှာ စင်စစ် ဒေါက်တာညီမိုးလွင်ပါပဲ။ နှစ်ယောက်ဆုံတိုင်း ခိုး,ခိုးကြည့်တတ်သည့် သူ့အကျင့်ကို Eric ကလည်း တဖြည်းဖြည်းရိပ်မိခဲ့သည်။
နောက်ဆုံးတော့ သူ ဖန်တီးချင်ခဲ့သလို ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့တာပါပဲ။
[ဂျွီ ... ဂျွီ ... ဂျွီ]
စားပွဲအသေးပေါ် အားသွင်းထားသော ဖုန်းကလေးမြည်သံ။ ညာဖက်လက်ကို မွေ့ရာပေါ်အားပြုထောက်ရင်း အသာလှမ်းယူလိုက်သည်။
"ကိုးကိုး"
"အင်း"
"မိုးတွေသည်းနေတော့ လွမ်းလို့"
တေးတေးစကားကြောင့် ရုတ်တရက်အပြစ်ရှိသလို ခံစားလိုက်ရတာ ညီမိုးလွင်ပါပဲ။ သူကတော့ အတိတ်၏ခြောက်လှန့်ခြင်းကြောင့် စိတ်နှင့််လူတောင် မကပ်ဘူးမဟုတ်လား။
"ထမင်းစားပြီးပြီလား ကိုးကိုး"
"မစားတော့ဘူးလားလို့"
"နေ့လယ်ကလည်း ကောင်းကောင်းမစားဘူး။ ကိုးကိုး မနေသာလို့လား၊ မဖျားဘူးဆိုပေမဲ့ တစ်နေကုန်မလန်းဘူးနော်"
"ကိုးကိုး နေကောင်းပါတယ်၊ နည်းနည်းငြီးစီစီကြီး ဖြစ်နေလို့"
လေသံကအားမရှိ၊ မျက်နှာတစ်ခုလုံးကို ညာဖက်လက်ဖဝါးနှင့် အကြောင်းမဲ့ပွတ်သပ်ချရင်း ဖြေမိတာဖြစ်သည်။
"ညနေကလေ မိုးစဖွဲကတည်းက တေးတေးတို့သုံးယောက် ဝက်သားတုပ်ထိုးဆိုင် ထပြေးကြတာပဲသိလား၊ မိုးအေးအေးနဲ့ အရမ်းစားကောင်းတာ။ ကိုးကိုးရော မိုးရွာရင် ဘာစားရတာကြိုက်လဲ"
ဘာမှစားချင်စိတ်ရှိမနေသည့် ညီမိုးလွင်တစ်ယောက် ဖြေရခက်သွားသည်။ သို့သော် တက်တက်ကြွကြွပြောလိုက်၊ မေးလိုက်လုပ်နေသည့်ကောင်လေးကို 'ဘူး' ခံပြီးတော့လည်း မငြင်းချင်။
"မိုးအေးရင်လား ... အင်း ရခိုင်မုန့်တီသုပ်စပ်စပ်လေး စားဖြစ်တယ်၊ ငါးနီတူသုပ်နဲ့ ဟင်းရည်လေးနဲ့ပေါ့"
"ကြားရင်းတောင် သွားရည်ကျလာပြီ။ အား ... ပြောင်းပြန်ပဲ။ အစားအကြောင်းပြောနေရင်းကို ဗိုက်နာလာလို့ အိမ်သာပြေးလိုက်ဦးမယ်။ ဒါပဲနော် ကိုးကိုး၊ ဒါပဲ"
ဆက်တော့လည်း လွမ်းလို့ဆိုပြီး ချတော့လည်း အိမ်သာတက်ချင်လို့တဲ့လေ။ အလောတကြီးပြောသွားသံလေးကြားတော့ ညီမိုးလွင် ခပ်ယဲ့ယဲ့လေး ပြုံးမိသည်။ ဘုန်းလျှံမောင်ဆိုတာ တကယ့်အရာရာနှင့်အကြောင်းကြောင်း။
ဆွေးလက်စသူ့စိတ်လေးတောင် ကောင်လေးကြောင့် အငွေ့ပြန်သွားသည်။ မှန်ပြတင်းကို ပြန်ကြည့်မိတော့ မိုးတွေသည်းနေလေတုန်း။ သူလည်း ကျောင်းသားတွေစာသင်ဖို့ စာဖတ်မှဖြစ်မည်ဟုတွေးကာ အိပ်ရာပေါ်မှထလာခဲ့တော့၏။
......................
"ဟိုမယ် ဘုန်းလျှံ"
"ဟေ့ကောင် မိုးရွာကြီးထဲ ဘယ်တုန်း"
"ရခိုင်မုန့်တီဝယ်"
အတူနေသည့်သူငယ်ချင်းတွေကို အော်ပြောခဲ့သူက ဘုန်းလျှံမောင်ပင်။ သူ့ခမျာ လက်တစ်ဖက်ကထီးယူပြီး ကျန်တစ်ဖက်က ဖုန်းနှင့်ပိုက်ဆံအိတ်ကို ကိုင်ထားရသည်။ ခြေထောက်မှာလည်း မအား၊ မိုးစိုခံမည့်ဖိနပ်ကို ရွေးဝတ်ရသေး၏။
တိုက်အောက်ရောက်လျှင် ကားရအောင်ငှါးမည်။ သူ ရခိုင်မုန့်တီထွက်ဝယ်မည်။ ပြီးလျှင် ကိုးကိုးဆီသွားပို့မည်ဖြစ်၏။ သည်းမည်းနေသည့်မိုးကတောင် ဘုန်းလျှံ၏စိတ်အားထက်သန်မှုကို တားဆီးနိုင်စွမ်းမရှိ။ ကောင်လေးမှာ ထီးတစ်ချောင်းနှင့် မိုးရေထဲတိုးနေခဲ့လေပြီ။
ချစ်သူက အားနည်းနေလျှင် ကိုယ်တိုင်က နေမင်းကြီးမဟုတ်တောင် နွေးထွေးပေးချင်သည်၊ လမင်းကြီးမဟုတ်တောင် အေးမြစေချင်သည်၊ အနီးနားက လေပြေလေးမဟုတ်တောင် ပြေးကာထွေးပွေ့ချင်သည်။
အားပေးတယ်၊ ဂရုစိုက်တယ်ဆိုသည့်နေရာမှာ ကြီးတာတွေ၊ ငယ်တာတွေ တွက်နေ့လို့မရပါပေ။ လူမှန်လျှင် ရင့်ကျက်သည့်အရွယ်ဖြစ်ဦးတောင် စိတ်ဓာတ်ကျသည့်အခါကျသည်။ အားငယ်တဲ့အခါ မျက်ရည်ကျတတ်သည်။ သေချာတာတော့ ကိုးကိုး တစ်ခုခုဖြစ်နေတာပါပဲ။
အဆင်ပြေပါတယ် တတွတ်တွတ်ပြောနေသူက တစ်နေကုန်အစားလည်း ကောင်းကောင်းမစား၊ မျက်နှာကလည်း ဖျော့တော့နေခဲ့တာ ကြီးကြီးမားမား စိုးရိမ်စရာရှိနေသလိုလို၊ တစ်ခုခုကိုကြောက်နေရသလို။ ထူးထူးခြားခြားဆိုလို့ မနေ့ကညနေက သူ ကိုကြီးတို့အိမ်ထွက်သွားခဲ့လို့ ချက်ချင်းဖုန်းလှမ်းဆက်တာလောက်ပဲ ရှိသည်။
ထင်တာမလွဲရင်တော့ သူတို့တွဲနေတာကို ကိုကြီးတို့သိသွားမှာ စိုးရိမ်နေတာပဲဖြစ်ရမည်။
"ကျေးဇူးပါဗျ"
"အေး သားလေး မိုးသည်းနေတယ်၊ သေချာသွား"
ဗားကရာလမ်းပေါ်က သူသိပ်ကြိုက်သည့် ရခိုင်ရိုးရာလက်ညှစ်မုန့်တီဆိုင်ကလေး။ မိုးသည်းနေလို့ပိတ်သွားမှာစိတ်ပူခဲ့ပေမဲ့ ကိုးကိုးအပေါ်ထားတဲ့ သူ့စေတနာမှန်လို့ပဲလား၊ ကံကောင်းထောက်မလို့ ဝယ်ရခဲ့သေး၏။
သို့နှင့် ခဏစောင့်ခိုင်းထားရသည့် Taxi ပေါ်ပြန်တက်ပြီး ဦးတည်ရသည်က ကျွန်းတောလမ်းတစ်လျှောက်သို့။
ကိုးကိုးနေသည့်တိုက်အောက်ရောက်ချိန်တွင် အချိန်ကည(၈)ကျော်စပြုပြီ။ တစ်ခါတရံ ပိတ်ထားတတ်သော တိုက်အဝင်တံခါးလေးလည်း ပွင့်နေသေးသည်။
ဟူး ... မိုးကလည်း သည်းသည်းမည်းမည်း မရွာတော့လို့ တော်သေး၏။ ကိုးကိုး အဆူမခံရနည်းသလား။ သို့သော် ထီမဆောင်းလို့လည်း မရပါချေ။ ရေအိုင်နေပြီဖြစ်သော ကတ္တရာလမ်းပေါ် တဖြောင်းဖြောင်းကျနေဆဲပင်။
တိုက်ထဲဝင်တော့ ရခိုင်မုန့်တီနှစ်ဗူးနှင့် ဟင်းရည်ပူပူကို တစ်ဖက်ကိုင်ထားပြီး တစ်ဖက်ကထီးကို အားယူပိတ်ရသည်။ အိုး ... မလွယ်လိုက်သည့်အဖြစ်။ ခပ်မြန်မြန် လှေကားပေါ်တက်တော့ အစိမ်းရောင်သည်းကြိုးနှင့် သူ့အိမ်စီးရာဘာဖိနပ်က တကျွိကျွိမြည်နေလေပြီ။ ထီးကရေစက်လက်နှင့်မို့ စိုလက်စ ဂျင်းဘောင်းဘီအောက်နားတွေမှာ ကြည့်မကောင်းလှတော့ပေ။
သည်ကြားထဲ လှေကားတက်ရင်း 2B ရှေ့ရောက်တော့ ပျားအုံတုတ်နဲ့ထိုးသလို အူတွေအသည်းတွေ ကြွေလွင့်ချင်သွားသည်။ လူတစ်ယောက် အခန်းထဲကထွက်လာတာကို အရင်ကကိုကြီးနေခဲ့တာဆိုသောအသိကြောင့် မလုံမလဲဖြစ်သွားခြင်းပင်။ ကိုးကိုးခွင့်ပြုရင်တော့ ဆက်ဖုံးမထားချင်တော့၊ ပြောချပစ်ဦးမည် တွေးလိုက်၏။
"ကိုးကိုး ... ကိုးကိုး"
3B ရှေ့တွင် တံခါးခေါက်ရုံနှင့် ကိုးကိုးကမကြား။ မိုးသံကြောင့်ပဲလားဟုတွေးကာ အသံပါပြုလိုက်သည်။ မရတဲ့အဆုံးမှ ထီးချပြီး ဘောင်းဘီအိတ်ထဲဖုန်းကို ထုတ်ဆက်ရမည်။
"ဟာ ... ရောက်လာတာလား၊ မိုးတွေဒီလောက်သည်းနေတာကို။ ဝင် ... ဝင်"
"ဟဲ ကိုးကိုးကိုလွမ်းလို့ မုန့်လာပို့တာ"
အခန်းတံခါးကိုဖြတ်ရင်း ခေါင်းကိုအသာထုတော့ ဘုန်းလျှံ ဇက်ကလေးပုမိသေး၏။ ဆူခံရမယ်သိပေမဲ့ ခဏပဲမလား။ စိတ်ညစ်နေသည့်ကိုးကိုးကို သူအဖော်လုပ်ပေးချင်သည်။
"ကြည့်ဦး၊ ဘောင်းဘီတွေလည်းစိုလို့။ ခေါင်းပါစိုလာသေးလား။ မိုးသည်းနေတာကို မပြောမဆိုနဲ့ ဘာတွေဝယ်လာပို့ရတာလဲကွာ"
ဘုန်းလျှံတစ်ယောက် မုန့်ဗူးနှင့်ထီးကို အသာချပြီး သူ့ရှေ့ကရင်ခွင်ကျယ်ဆီ တိုးဝင်မိ၏။ ဆူငေါက်သံတွေကြားရပေမဲ့ သူ့အတွက်တော့ ကိုးကိုးအသံမို့ ပျားသကာကို သကြားအိတ်စ်ထွာ(extra) ထည့်ထားသည့်အတိုင်း နားဝင်ချိုကာ သံသာလွန်းလှပါ၏။
"တေးတေး ကိုးကိုးကိုလွမ်းလို့ပါ၊ အရမ်းလွမ်းလို့။ မဆူနဲ့နော်"
"တေးတေးရာ..."
ပြန်လည်ပွေ့ဖက်ရင်း နားထင်စပ်ကိုနမ်းလာသော ချစ်သူကြောင့် သူ့၏ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံး အစုံစုံချမ်းမြေ့ရသည်။ အရပ်အမောင်းကွာခြားမှုကြောင့် သူ့ခေါင်းလေးမှာ ကိုးကိုးပုခုံးစွန်းတွင် မေးတင်ရုံသာ။ ခေါင်းများငုံ့မိလျှင် မြုပ်လုနီးနီး။ သူ သိပ်ကြိုက်သည့်ကိုးကိုးရနံ့ကြောင့် မြုပ်ရလျှင်လည်း ဟိုးနှလုံးသားချောက်နက်ထဲထိ တစ်ဆုံးမြုပ်ချင်မိ၏။
"တစ်နေ့လုံးဆေးရုံမှာ တူတူရှိခဲ့တယ်လေ၊ လွမ်းတုန်းလား"
"စိတ်မချတဲ့အလွမ်းတွေပေါ့ ကိုးကိုးရယ်"
"ဟမ်!"
"တစ်နေကုန်အတူရှိတာမှန်ပါတယ်။ ဒါပေမဲ့ အားအင်မရှိသလိုဖြစ်နေတာ မျက်နှာမှာအထင်းသားပေါ်နေတော့ အဆင်မှပြေရဲ့လားဆိုတဲ့ စိတ်မချတဲ့အလွမ်းမျိုး၊ ဟောဒီလို တင်းတင်းကျပ်ကျပ် လာပွေ့ဖက်ပေးချင်တဲ့အလွမ်းမျိုး၊ တွေ့နေရလည်း စိတ်ပူနေမိသေးတဲ့အလွမ်းမျိုးနဲ့ လွမ်းနေရတာ ကိုးကိုးရဲ့..."
အရပ်ရှည်သူ၏လည်တိုင်ကို လက်နှစ်ဖက်နှင့် အသာရီးလေးခိုရင်းပြောတော့ တစ်နေ့တာ၏ပထမဆုံးသော ကိုးကိုးအပြုံးကို မြင်လိုက်ရသည်။ ဘာတွေသည်လောက်ခက်ခဲနေလို့ ပြုံးဖို့တောင် ခဲယဉ်းနေရသည်မသိ။
"အငိုသန်တဲ့ကလေးက မုန့်စားရတယ်တဲ့။ အချွဲပိုတဲ့တေးတေးရော မုန့်စားချင်လား၊ ဘာလိုချင်သလဲ"
"လိုချင်တာကတော့ ကိုးကိုးအချစ်တွေလေ"
"တကယ့်ငချွဲလေး လာ ... ဘောင်းဘီစိုနေတာ လဲရမယ်"
ကိုးကိုးဟာ သည်လိုလည်း ချစ်စရာကောင်းအောင် စကားလမ်းကြောင်းလွှဲတတ်သေးတာပါပဲ။ သူ့အချစ်လိုတော့လည်း ကိုယ်ကစောင့်ရမှာပေါ့။ ဘယ်အချိန်ဖြစ်လို့၊ ဘယ်လောက်ကြာကြာ ... သည်းခံစောင့်ဆိုင်းခြင်းက သူ့အတွက် မိတ်ဆွေရောင်းရင်းလို ရင်းနှီးခဲ့ပြီးသားပါပဲ။
ရောက်ဖူးပြီး၊ အိပ်ဖူးပြီးအခန်းထဲသို့ရောက်တော့ ကိုးကိုးက ညအိပ်ဝတ်စုံအပြာရင့်လေး ထုတ်ပေးလာသည်။ သူ အံ့ဩသလိုမော့ကြည့်တော့ 'ဒီလောက်မိုးရွာနေတာ အခန်းပြန်ဖို့ စိတ်ကူးနေသေးတာလား' တဲ့။
'ဟင့်အင်း ... ကိုးကိုးရင်ခွင်ထဲပဲ အိပ်ချင်တာ' လို့ တည့်တိုးဖြေတော့ လူပျိုကြီးရှက်ပြီးထွက်သွားလိုက်တာ အဝတ်ဗီရိုတောင် မပိတ်နိုင်ခဲ့။ သူကပဲ ခေါင်းတရမ်းရမ်းခါရင်း ပိတ်ပေးလိုက်ရသည်။ တတ်လည်းတတ်နိုင်သည့် သူ့လူကြီး။
ဘုန်းလျှံ အဝတ်အစားလဲပြီးလို့ အပြင်ထွက်လာတော့ ကိုးကိုးက ရခိုင်မုန့်တီဗူးနှစ်ဗူးကို ဖွင့်နေလေပြီ။ ဘုန်းလျှံကတော့ ခပ်ပွပွဖြစ်နေသည့် ဝတ်စုံအပြာကိုဟိုနားနမ်းကြည့်၊ သည်နားမွှေးကြည့်နှင့် သဘောကျနေသည်။
"ရခိုင်မုန့်တီတွေ ဝယ်လာတာပဲ။ ကိုယ်ကဒီတိုင်းပြောလိုက်တာပါကွာ၊ လာပို့ဖို့ထိမလိုပါဘူး"
"လွမ်းလို့လာတာပါဆို ... ရခိုင်မုန့်တီက ဒီတိုင်းအကြောင်းပြချက်သက်သက်ပဲ"
ဘုန်းလျှံ သူ့ကိုးကိုးဘေးတွင် ဝင်ထိုင်ရင်းပြောလိုက်ခြင်းဖြစ်၏။
ဖွင့်လက်စဗူးထဲက ငါးဖယ်လေး၊ငါးဖတ်နှင့် ငရုတ်သီးအလိမ်းလိမ်းရှိသော မုန့်ဖတ်မျှင်လေးတွေမှာတော့ သူ့စကားကြောင့် အားငယ်ရမယောင်ယောင်။ အသက်သာရှိသည့် သတ္တဝါလေးတွေဖြစ်မယ်ဆိုလျှင် မိုးရွာထဲတကူးတကလာဝယ်သူက သူတို့ကိုအလေးမထားဘူးအထင်နှင့် ငိုချင်ငိုကြရော့မည်။ မလှုပ်ရှားနိုင်သည့် သက်မဲ့ဖြစ်စေဦးတော့ ကိုယ်မသိတဲ့သူတို့ကမ္ဘာမှာ ဝမ်းနည်းချင်ဝမ်းနည်းနေမလားဟု ဘုန်းလျှံ ရှာရှာပေါက်ပေါက် တွေးမိပြန်၏။
"စတာ ... စတာ။ မင်းတို့ကအရသာကောင်းလွန်းလို့၊ ကိုးကိုးကိုစားစေချင်လွန်းလို့ ငါ မိုးရွာကြီးထဲ တကူးတကလာခေါ်တာ"
"ဘယ်သူ့ကိုပြောနေတာလဲ"
"ဒီမယ်လေး ... ဝမ်းနည်းနေတဲ့ မုန့်ဖတ်မျှင်လေးတွေ"
"အောင်မလေးဗျာ..."
သူ့ကိုမနိုင်ဘူးဆိုသည့်အကြည့်နှင့် ကြည့်ပါသောလူပျိုကြီး။ ဘယ်လိုကြည့်ကြည့်ပါလေ ... သူကတော့ ကိုးကိုးသူ့ကိုကြည့်တာနဲ့တင် ဟောဟိုမိုးပေါ်က တိမ်စိုင်တိမ်ခဲတွေ မြေပေါ်အတုံးအရုန်းရွာချသလိုကို တမြေ့မြေ့ကြွေနေတာ။
"တစ်ယောက်တစ်ဗူးစားမယ်နော်"
"ဟုတ်၊ ခါတိုင်းဆို ငါးနီတူသုပ်၊ ပြည်ကြီးငါးသုပ်၊ ပုစွန်အစိမ်းသုပ်တွေပါရတာ။ ဒီညမှကုန်နေရတယ်လို့ ... ကိုးကိုး နောက်ကျတူတူသွားစားမယ်နော်၊ ဒီဗားကရာလမ်းပေါ်မှာပဲ။ လမ်းသင့်တယ်"
"ဟုတ်ပါပြီ။ စကားပြောတာလည်းပြော၊ ဂရုစိုက်လည်းစားဦး။ အစပ်တွေများတယ်၊ သီးနေဦးမယ်"
ပြောရင်းဆိုရင်း ကိုးကိုးက လိုလိုမယ်မယ်ဆိုပြီး ရေဗူးနှင့်ဖန်ခွက်တွေ ထယူသည်။ ဘုန်းလျှံကတော့ ရခိုင်မုန့်တီစားလျှင် ရေသိပ်မသောက်၊ စပ်ပြဲနေသည့်တစ်ပန်းကန်စာကို မနားတမ်းစားသည်။ ပြီးမှ ဟင်းရည်အဝသောက်ပြီး ရေခဲရေလေးနှင့် အပြီးပိတ်လိုက်တာချည်း။
"ဒါနဲ့ ကိုယ်တောင်းထားတဲ့အဖြေ မပေးတော့ဘူးလား"
"ဗျာ၊ အဟွတ် ... ဟွတ်!"
"ကြည့် ... သီးပြီ၊ ရော့ ရေအရင်သောက်လိုက်ဦး"
သောက်ချင်ချင်၊ မသောက်ချင်ချင် ရေတစ်ခွက်ကတော့ အမြန်မော့ချလိုက်ရပါ၏။
"အား နေပါဦး၊ ကိုးကိုး တေးတေးကို ဘယ်တုန်းကရည်းစားစကား ပြောလိုက်တာလဲ။ ဟိုတစ်ညက မူးနေတုန်းကများ ပြောလိုက်တာလား။ ဟာ ... ဒီလောက်အဖိုးတန်တဲ့စကားပြောတာကို ဘာလို့မသိလိုက်ရတာလဲ။ ဘာပဲဖြစ်ဖြစ် ပြောပြီးပြီဆိုရင်လည်း ကိုးကိုးကို ချစ်တယ်နော်၊ အရမ်းချစ်တယ်။ စဉ်းစားစရာမလိုလောက်အောင်ကို ချစ်တယ်"
ပျာယာတွေခတ်နေသော ဘုန်းလျှံမောင်မျက်နှာသည် စပ်ပြဲနေသောအရှိန်ကြောင့် နီရဲနေလေ၏။ ကြိုးတပ်မျက်မှန်လေးမှာလည်း မကပ်နိုင်၊ ရင်ဘတ်ဆီတွင် တွဲလဲခိုနေသည်။ ညီမိုးလွင်ကတော့ သူ့ကောင်လေးကိုကြည့်ရင်း သဘောတွေကျနေလေ၏။
"တေးတေးရယ် ... ကိုယ်တောင်းထားတဲ့အဖြေဆိုတာ ဒေါ်ခင်လှရဲ့ History ကောက်တုန်းက တေးတေး မေ့ခဲ့တဲ့ဟာကိုပြောတာပါ။ ဘယ်လိုတွေတောင် ပျာယာခတ်သွားရတာတုန်း"
"ဟာ ... ဒုက္ခပဲ။ ရည်းစားစကားအပြောမခံရဘဲ ဟိုအဖြေကြီးပေးမိသွားပြီ"
ဘုန်းလျှံ ရှက်ရှက်နှင့်မျက်နှာကြီးကို လက်ဖြင့်ပွတ်သပ်တော့ နဂိုထက်ပိုရဲပေါက်ကုန်ပါ၏။ သည်တွင် စချင်ရှာသောညီမိုးလွင်က မျက်နှာနားထိတိုးကပ်ကာ၊
"ကိုးကိုးကို တကယ်ချစ်တာလား"
"အား ... ရိုမန့်တစ်မဆန်လိုက်တာ။ ဒီလိုပုံစံကြီးနဲ့ သိသွားရတယ်လို့"
"ကဲ ... မေးတာပဲဖြေပါ၊ ကိုးကိုးကိုချစ်တာ သေချာရဲ့လား"
အောက်ကိုတွင်တွင်ငုံ့ထားသော ဘုန်းလျှံမောင်အနားသို့ ညီမိုးလွင်က တည်တည်ကြည်ကြည်လေး ကပ်ကာမေးခြင်းဖြစ်သည်။
"ဟုတ် သေချာတယ်။ ကိုးကိုးဘက်က ထုတ်မပြောသေးလို့သာ စောင့်နေတာ။ တကယ်က သင်္ကြန်အတက်နေ့မတိုင်ခင်တည်းက ချစ်မိနေတာ"
"ဒီလိုစကားဆိုတာ သေချာစဉ်းစားစုံစမ်းရတယ် တေးတေးရဲ့။ ကိုယ့်အတိတ်တွေကိုရော လက်ခံပေးနိုင်ပါ့မလား။ ကိုယ့်အဆိုးအကောင်းတွေမှန်သမျှ ချစ်နိုင်ပါ့မလား ... ဟင်!"
ထိုအခိုက် ရင်ခွင်ထဲထည့်ခံလိုက်ရသော ဘုန်းလျှံမောင်ခမျာ တွေခနဲ။ ညီမိုးလွင်သည်လည်း အကြောင်းမဲ့စွာသော တဖြောက်ဖြောက်ကျနေသော မိုးစက်တွေကို လှမ်းကြည့်မိလိုက်သည်။
"ကိုးကိုးစိတ်ညစ်နေတာ တေးတေးသိတယ်။ အဲဒါက အခုတွဲနေကြတာကို ကိုကြီးသိသွားမှာစိုးလို့ဆိုတာလည်း ရိပ်မိတယ်။ အရင်တုန်းက ဘာတွေများဖြစ်ခဲ့လို့လဲ။ မဟုတ်မှ ... ကိုကြီးအေးချမ်းကို ကြိုက်ခဲ့ဖူးလို့လား"
"မဟုတ်တာ တေးတေးကလည်း"
"ဒါဆို ကိုကြီးမြတ်ဟန်သာကိုလား"
"အာ ... ဘယ်ကလာ၊ အဲဒီကောင်ကြီးကို ကြိုက်စရာလား"
နှစ်ယောက်သားပြောမိပြောရာတွေ လျှောက်ပြောမိပြီးမှ စိတ်တွေပြန်ရွှင်သွားကြသည်။ မြတ်ဟန်သာများ ကြားလို့ကတော့ဆိုပြီး ရယ်လိုက်ကြတာ တဟားဟား။
နှစ်သိမ့်ချင်လို့ တကူးတကလာသော ဘုန်းလျှံက ဆက်မမေးဖို့သာ ဆုံးဖြတ်လိုက်သည်။ တစ်ဖက်ကအဆင့်သင့်ဖြစ်တဲ့အချိန် ပြောလာလိမ့်မည်ပေါ့။ သည်လိုဆက်ဆံရေးမှာ ယုံကြည်မှုက အဓိကကျသည်။ ဒါ့ထက် ကိုးကိုးနှင့်အနီးကပ်နေကြည့်ပြီးမှ ပိုယုံကြည်သွားတာဆို ပိုမှန်လိမ့်မည်။
"အဆင်သင့်ဖြစ်မှ ပြောပြနော်။ ဒီနေ့လိုကြီးတော့ သောကရောက်မနေပါနဲ့။ ကိုးကိုး အဆင်မပြေရင် တေးတေးလည်း မနေတတ်ဘူး။ ခုလိုအနားမှာ တောက်တဲ့လိုကပ်ပြီး ဖက်ပေးထားချင်တယ်။ ဘယ်လောက်ချစ်ကြောင်းတွေ တဖွဖွပြောပေးနေချင်တယ်။ ပြီးတော့ ... စိတ်မဆိုးရင်လေ မွှေးမွှေးလည်းပေးချင်တယ်"
ရင်ခွင်ထဲကလုံးဝမထွက်ဘဲ သားပိုက်ကောင်လို ဝင်နေသောတေးတေးက သည်လိုတွေလည်း အပီအပြင်ချွဲတတ်ပါ၏။
အချစ်မှာ မာနရှိစရာမလိုဘူးလို့ပြောလျှင် လူတိုင်းစေ့ ထောက်ခံကြပါ့မလား။ သူကတော့ မာနကင်းသောအချစ်ကို တည်ဆောက်ချင်သူဖြစ်သည်။ ကိုယ်ကစလိုက်ရလို့ ပေါသွားမလား၊ မာနမရှိလို့ဆိုပြီး ကြာရင်ရိုးပြီး ပစ်သွားမလား။ သူ့မှာဒါတွေကို တွေးနေဖို့စိတ်ကူးမရှိ။
တစ်နေ့ထက်တစ်နေ့ ရိုးရှင်းစွာပဲ ချစ်မည်။ ကျရှုံးမှုတိုင်း၏နောက်ကွယ်တွင် အားပေးနှစ်သိမ့်သူက သူသာလျှင်ဖြစ်ချင်သည်။ သို့တည်းမဟုတ် အောင်မြင်မှုဆိုလျှင်လည်း အထောက်အပံ့ပေးသူ ဖြစ်ချင်သည်။
ကိုးကိုး နောက်ပြန်လှည့်ကြည့်တိုင်း တေးတေး၏ရင်ခွင်ကျယ်ကြီးက ခိုလှုံစရာအဖြစ် အမြဲအသင့်ရှိနေချင်သူဖြစ်၏။
"မွှေးမွှေးပေးချင်တာပေါ့။ အဟား တေးတေးရာ ... ကိုယ် ငိုရမှာလား၊ ရယ်ရမှာလား"
"မသိဘူး၊ ကိုးကိုးစိတ်ညစ်တာတွေ ပျောက်သွားအောင်လို့ ဆေးရုံမှာကတည်းက တကယ်မွှေးမွှေးပေးချင်နေတာ၊ စိတ်ကူးရှိပေမဲ့ လူမလစ်လို့"
တကယ်ကိုစိတ်ရှိတိုင်း ထုတ်ပြောနေသော ကောင်ကလေးပါပဲ။
"မုန့်တီဗူးတွေကို မနက်မှသိမ်းရအောင်"
"ဘာလို့လဲ ကိုးကိုး"
ဘုန်းလျှံ အူလည်လည်လေးမေးတော့ ညီမိုးလွင်မှာ ဖက်ထားသည့်ကြားက နား,နားကပ်ပြောပြန်သည်။
"အိပ်ယာပေါ်သွားပြီး မွှေးမွှေးပေးကြရအောင်"
"ဟီးဟီး"
ဤတွင် လည်တိုင်တွင်ယှက်ထားပြီးဖြစ်သော တေးတေးလက်တွေကို သူ့ကိုးကိုးက မဖြုတ်စေတော့။ ကျောပြင်နှင့် တင်ပါးအောက်ကနေသာ လက်နှစ်ဖက်ကိုလျှိုသွင်းရင်း အိပ်ခန်းဆီ ပွေ့ချီသွားတော့သည်။
"ကိုးကိုးက ချစ်စရာကြီး"
တေးတေးကလည်း ချစ်ကြောင်းတွေတဖွဖွပြောရင်း ထိုသို့ပြုမှုခံရခြင်းကို လွန်စွာသဘောကျနေမိ၏။ အနာဂတ်မှာလည်းဒီလိုပဲ ... မာနကင်းသည့် သူ့အချစ်တွေကို ပေးဆပ်ခင်းကျင်း၊ ယုံကြည်စွာအပ်နှင်းရင်းပေါ့...။
••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co