Part - 8 (Unicode)
"ဟဲ့ ... ဆရာကကောင်းလား"
"ဘာကောင်းလားတုန်း၊ နင် မေးလိုက်မှဖြင့် တုတ်ထိုးအိုးပေါက်နဲ့ဟာ"
ဂျူတီချိန်းပြီးလို့ အိမ်ပြန်တော့မည့်လူကို အောက်ထပ်ထိဆွဲခေါ်ပြီးမေးသည့် တင်နီလာဝင်း။ မျက်လုံးတွေကလည်း သိချင်ဇောနှင့် အရောင်တွေဝင်းတောက်နေတာ နေကိုမော့ကြည့်နေရသည့်အတိုင်း။ ဘုန်းလျှံ ရည်းစားရလျှင် သူတို့ရည်းစားရတာထက် ပျော်ကြသည့်သူတွေဖြစ်၏။
"နင်ကလည်း ကောင်းလားဆိုတာမှာ အဓိပ္ပါယ်အများကြီးပါတယ်လေ။ ချစ်သူတစ်ယောက်အနေနဲ့ သဘောကောင်းလား၊ ချစ်စရာကောင်းလား၊ ပြီးတော့ နင်ကအရင်ကဆို ရွယ်တူကောင်လေးတွေနဲ့ပဲ တွဲတာလေ ... အခုဆရာကကျ ငါ့တို့ထက်၁၃နှစ်လောက် ကြီးတာဆိုတော့ ပြောတာဆိုတာ၊ ချစ်ရေးချစ်ရာတွေမှာ အဆင်ပြေလား၊ ကောင်းလား ... ဒါကိုမေးတာ။ နင် တအားမှောင်မနေနဲ့"
"ဪ အဲလိုမေးရင်တော့ ဆရာက အရမ်းကောင်းတယ်"
"နင်တို့ ဘယ်နှခါစားပြီးကြပြီလဲ"
"တင်နီလာဝင်းရေ နင်ဘာတွေမေးနေတာတုန်းဟာ"
ညဂျူတီဝင်ထားရလို့ စုတ်ချာနေသောဆံစတွေကို ဘုန်းလျှံ အားကုန်ထိုးဖွရင်းမေးရသည်။ ပြန်ပါမယ်ဆိုမှ အောက်ထပ်ထိ ခြေထောက်အညောင်းခံ လိုက််မေးနေသော စသုံးလုံး(စပ်စုစိန်)ပါပဲ။
"မဟုတ်ဘူးလေဟာ ... နင်တို့အပြင်ထွက်ပြီး Date တာ၊ ညစာဘာညာစားတာ ဘယ်နှခါလောက်ရှိပြီလဲ မေးတာပါ။ နင်ကမှောင်လိုက်တာ ဟယ် ... တအား"
"ငါကပဲမှောင်တယ်ဖြစ်ရသေးတယ်။ နင်မေးတဲ့အဓိပ္ပါယ် ငါမသိဘူးများမှတ်နေလား။ ဆရာက သိက္ခာရှိ၊ လူရိုးကြီး ... နင် မဟုတ်မဟတ်တွေ လျှောက်မမှောင်နဲ့"
"ဘုန်းလျှံကလည်း ငါ သဘောရိုးနဲ့မေးတာပါ။ ဒါဆို နင်တို့ထပ်စားကြရင် ငါနဲ့မိုးယုကိုခေါ်ဦးနော်"
"ဘာလိုက်လုပ်မှာလဲ ရှုပ်ရှုပ်ရှက်ရှက်နဲ့"
"ခါတိုင်းလည်း နင်ရည်းစားအသစ်ရတိုင်း မိတ်ဆက်ပေးနေကျပဲလေ"
ဘုန်းလျှံ ခိုညည်းကလေးညည်းတော့ တင်နီလာဝင်းက လမ်းလျှောက်တာရပ်ပြီး မျက်နှာငယ်လေးလုပ်ပြသည်။ ပထမနှစ်ကတည်းက ခင်ကြသည့်သူငယ်ချင်းတွေ ဆိုတော့လည်း တစ်ယောက်အပေါ်တစ်ယောက် ဆိုးတာ၊ ကောင်းတာမှန်သမျှ သည်းခံကြသည်။ အလိုလိုက်ကြသည်။ တကယ်ဆို Gay ဖြစ်သည့် ဘုန်းလျှံလိုလူအတွက် တင်နီလာဝင်းနှင့်မိုးယုက ယောက်ျားလေးအပေါင်းအသင်းထက် ပိုကောင်းသောသူငယ်ချင်းမတွေ ဖြစ်၏။
"အေးပါ ... ငါ ကိုးကိုးကို ပြောကြည့်လိုက်မယ်၊ ခုတော့သွားပြီ"
"အား ..... ကိုးကိုးတဲ့၊ ရိုလိုက်တာ ရိုလိုက်တာ။ သွားသွား ... ဟိုကောင်မမိုးယု ရောက်ပြီလားမသိဘူး၊ ငါ သွားပြောလိုက်ဦးမယ်"
ဘုန်းလျှံခမျာ နောက်ဆုံးစကားသံတောင် သေချာမကြားလိုက်ရ၊ တင်နီလာဝင်းတို့ ပြောချင်ဇောနှင့် ပြေးသွားလိုက်တာများ ဝှီးခနဲ။ သမံတလင်းနှင့် ကတ္ထီပါဖိနပ် ရိုက်ခတ်သံတွေကလည်း တဖတ်ဖတ်။ ပြီးရင် ဆရာဝန်ပေါက်စလေးတွေ အရမ်းဆော့တာလို့ ပြန်ကြားရရင် ထိပ်ဆုံးကစိတ်ဆိုးတာ အဲဒီကလေးမပါပဲ။
မပြောရဲတာလည်း မရှိသလို၊ မလုပ်ရဲတာလည်း မရှိ။ ကျောင်းမှာသူက Gay မို့ တခြားကောင်တွေ မေးငေါ့ကြရင်တောင် တင်နီလာဝင်းဆိုတာ ပြန်ကြိမ်းဝါးဖို့ ရှေ့ကရောက်ပြီးသား ရှိခဲ့သည်။
တကယ်ပါ သူ့သူငယ်ချင်းမက တုံးတိုက်တိုက် ... ကျားကိုက်ကိုက်။
...................
တအိအိရွာချနေသော မိုးမည်းတွေကြောင့် ဝန်းကျင်တစ်ခုလုံး မှိုင်းမှောင်နေသည်။ ကားရှေ့မှန်ပေါ် ကျနေသောမိုးစက်တို့က တစီးတစောင်း။ လမ်းတစ်လျှောက်တွင် ရေတွေလည်း ဖွေးနေပြီ။ ဇွန်လ၏နောက်ဆုံးအပတ်တွင် မိုးရာသီကို ပီပီပြင်ပြင် မြင်တွေ့နေရပြီ။
တစ်နေကုန်် သည်းလိုက်စဲလိုက်ဖြစ်နေသော မိုးသီးမိုးပေါက်တွေကြောင့် နေအပူရှိန်က သိသိသာသာလျော့ကျသွားသည်။ ဆွယ်တာအနက်စင်းကြားလေး ဝတ်လာခဲ့သော ဘုန်းလျှံမောင်အဖို့ တိုက်ခန်းကထွက်လာပြီး ကားထဲရောက်မှ ပိုစိမ့်လာသလို။ မိုးနှင့်တိုက်ရိုက်မထိတွေ့ရသည့်တိုင် ကားအဲကွန်းလ်လေကပါ ချမ်းအေးမှုကို အားပေးနေသည်မလား။
ရှမ်းပြည်မြောက်ပိုင်းရှိ သီပေါသားက ရန်ကုန်မိုးရာသီတွင် ချမ်းစိမ့်နေတယ်လို့ပြောရင် ဘေးကကားမောင်းနေသည့် ကိုးကိုးတစ်ယောက် ရယ်မလားမသိ။ သူတို့သီပေါဆိုတာ ရှမ်းပြည်၏အခြားအရပ်များလို အေးခဲလွန်းသည့်ရာသီဥတု မရှိပါပေ။ ပူနွေးစိုစွတ်ပြီး နေချင့်စဖွယ်ကောင်းသည့် မြို့ကလေးတစ်မြို့သာ ဖြစ်၏။
"ကိုးကိုး သီပေါလိုက်လည်မလား"
"ဟင် ... တေးတေး ခေါ်ရင်လည်မှာပေါ့၊ ဘယ်တော့ပြန်မှာလဲ"
"သီတင်းကျွတ်ပိတ်ရက်မှပါ။ ကိုးကိုးက တကယ်ကြီးလိုက်ရဲတယ်ပေါ့"
ဘုန်းလျှံ သေချာသလားဆိုသောအကြည့်နှင့် မေးလေတော့ ကိုးကိုးက ကားမောင်းရင်းသူ့လက်တစ်ဖက်ကို ဆုပ်ကိုင်လာသည်။ အေးစက်နေသော သူ့လက်ဖျားတွင် နွေးထွေးသည့်အထိအတွေ့လေးရလိုက်တာ နေခြည်နွေးနွေးလေးအတိုင်း။
ဘာမှစကားဆက်မလာဘဲ လက်ဖွဖွကိုင်ပြီး ကားကိုအာရုံစိုက်ပြန်မောင်းနေပုံထောက် သူ စကားလမ်းကြောင်းလွှဲလိုက်သင့်ပြီမှန်း ဘုန်းလျှံ သဘောပေါက်လိုက်သည်။ ဟုတ်တာပဲ ... ကိုကြီးတို့တောင် မသိစေချင်သေးတာ၊ သီပေါထိလိုက်ဖို့ကတော့ ပြောရခက်မှာအသေအချာပါပဲ။
"သီပေါမှာ တေးတေးရဲ့အမေရယ်၊ အဘွားရယ်ပဲရှိတာပေါ့ ဟုတ်လား"
"အင်း အဘိုင်တို့ခြံစောင့်လင်မယားလည်း ရှိပါသေးတယ်။ တေးတေးရော၊ ဒေါ်လေးပါ ရန်ကုန်ရောက်လာကြတော့ အိမ်မှာလူတော့နည်းသွားတာပေါ့။ တစ်ခါတလေ ဆွေမျိုးနီးစပ်တွေ လာနေပေးကြတော့လည်း သိပ်အထီးမကျန်ရဘူးလို့တော့ ပြောရှာပါတယ်။ တကယ်တော့ မေမေကြီးညာတာ၊ မေမေ့ထက် မေမေကြီးက သူ့သားသမီးမြေးတွေကို အရမ်းချစ်ပြီး သံယောဇဉ်ကြီးတာ။ ဘယ်သူ့ကိုမဆို အရိပ်တကြည့်ကြည့်နဲ့ မျက်စိရှေ့ကအပျောက်မခံဘူး။ အိမ်ပြန်တိုင်းလည်း တေးတေးကို ထမင်းဟင်းခူးခပ်ကျွေးတုန်းပဲ။ ပြီးတော့လေ ရည်းစားလည်း မထားစေချင်ဘူးသိလား။ ဒါပေမဲ့ သားသားမှာ ချစ်သူရှိလာရင်တော့ အိမ်ခေါ်ပြီးလာပြပါတဲ့လေ"
"ဟုတ်လား၊ ဒါဆိုရင်တော့ ဘားအံကမိဘတွေခေါ်ပြီး သီပေါထိ ကန်တော့ပွဲရွက်၊ လိုက်တောင်းရတော့မယ်ထင်တယ်။ ဘယ်လိုလဲ၊ ကိုးကိုးက ယောက်ျားလေးဖြစ်နေတော့ လူကြီးတွေက လက်ခံပါ့မလား"
တွဲကြည့်ရအောင်လို့ မေးခဲ့တဲ့သူ့ကိုးကိုးက ချစ်ခြင်းအကြောင်း တစ်ခွန်းတပါဒမှမဟဘဲ ကန်တော့ပွဲရွက်ပြီးတော့ တောင်းချင်သတဲ့။ ဘုန်းလျှံအဖြစ်က ငိုရမလို၊ ပျော်ရမလို။ နှုတ်ကဘာမှဖွင့်မပြောသေးလည်း ကိုးကိုး သူ့ကိုတကယ်ချစ်တာ သေချာမှာပါ။ အင်း အဲလိုပဲဖြစ်မှာပါဟု သူ စိတ်ထဲကြိတ်တွေးလိုက်သည်။
"မေမေကိုတော့ တေးတေးက ယောက်ျားတွေပဲ စိတ်ဝင်စားတယ်ဆိုတာ တက္ကသိုလ်မတက်ခင်ကတည်းက ပြောပြထားတယ်။ ကိုးကိုးသိလား၊ မေမေက တေးတေးကိုနားလည်အပေးနိုင်ဆုံးပဲ။ ဖေဖေမရှိတော့ကတည်းက သူ့ဘဝတစ်ခုလုံး တေးတေးအတွက်ပဲ ပုံအောထားတာလေ။ ယောကျ်ားလေးတွေပဲ သဘောကျတယ်ဆိုရင်လည်း ဘာမှတော့မပြောလိုဘူးတဲ့၊ ဒါပေမဲ့ သူများအပြောအဆိုမခံရအောင် ဖုံးသင့်တန်ဖုံး၊ ကွယ်ဝှက်သင့်တာ ကွယ်ဝှက်ရမယ်တဲ့။ အဲဒါမို့ တေးတေးသူငယ်ချင်းတွေလောက်ပဲ ပြောပြထားတယ်၊ မေမေသင်ပေးသလို အနေအထိုင်လည်း ပိုဆင်ခြင်တယ်။ ဒါပေမဲ့ မေမေကြီးကိုတော့ ခုထိမပြောရဲသေးဘူး၊ လက်ခံပါ့မလားလည်း မသိဘူး။ ကိုကြီးအေးချမ်းတို့အတွဲကိုတောင် သိပ်မကြည်လင်ဘူးထင်တာပဲ"
"ကဲပါ နောက်တော့အဆင်ပြေသွားမှာပေါ့၊ ခုကတည်းက ကြိုစိတ်ညစ်မနေနဲ့လေ"
ထိုအခိုက် ဝင်လာသောဖုန်းက မိုးယုဆီကဖြစ်သည်။ သုံးယောက်ထဲက တစ်ယောက်ယောက်ရည်းစားရတိုင်း တစ်ဝိုင်းဆိုသည့် ကတိကဝတ်ကြောင့် အခုကျွေးဖို့သွားနေရတာပါပဲ။ ကိုယ်လည်း သူတို့တုန်းကစားထားတော့ အခုချစ်သူရမှ နှမြောနေလို့မရ၊ ညနေမိုးအေးအေးနဲ့ ဟော့ပေါ့ဆွဲမယ်ဆိုတော့လည်း ကျွေးရမှာပေါ့။
"ရောက်နေပြီလား မိုးယု"
"မဟုတ်ဘူး၊ ငါတို့ဘက်က အခုမှမိုးနည်းနည်းစဲလို့ ထွက်လာရမှာ၊ ရောက်နှင့်နေကြပြီလား"
"ငါတို့လည်းသွားနေတုန်းရှိသေးတာ၊ စိတ်ချ ... အထဲမဝင်ဘဲ ကားပေါ်ကပဲ စောင့်နေလိုက်မယ်။ ကိုး... အယ် ... ဆရာ့ကားမှတ်မိတယ်မလား"
"သိတယ်သိတယ် ကားခေါ်ထားတာလာပြီ၊ ဒါပဲနော်"
ဖုန်းချပြီးမှ ရှက်ပြုံးကြီးဖြီးနေသည့် ကိုးကိုးမျက်နှာကို ဘုန်းလျှံ သတိထားမိတော့၏။
"ဘာဖြစ်လို့လဲ ကိုးကိုး၊ တွေ့ရမှာ မျက်နှာပူလို့လား"
"အင်း နည်းနည်း"
ငပြောင်မတွေနှင့်တွေ့ရင် ပိုရှက်ရဦးမှာဆိုသောစကားတော့ ဘုန်းလျှံ ဆက်မပြောဖြစ်တော့။ မရောက်ခင်ကတည်းက ပြန်မယ်တကဲကဲလုပ်ရင် ဒုက္ခ။ သည်လိုဆုံရဖို့ခေါ်တာတောင် နှစ်ပတ်လောက်ကြိုပြောပြီး အားလုံးအားနိုင်မည့်ရက်ကို သေချာချိန်းထားရတာပင်။
ဘုန်းလျှံကို တကူးတကလာခေါ်ပြီးမှ ကိုးကိုးပြန်မောင်းလာသည်မှာ နာနတ်တောလမ်းထဲက ရွှေကောင်းဟော့ပေါ့ကိုပင်။ ကိုယ့်ဘာသာ ကားငှားထွက်ခဲ့မယ်ဆိုလည်းမရ၊ ရှားရှားပါးပါး နှစ်ယောက်လုံးနားရက်မို့ လာကြိုပေးမယ်တဲ့လေ။ စားသောက်လို့ပြီးလျှင်လည်း ဘုန်းလျှံကို မြို့မကျောင်းလမ်းကတိုက်ခန်းဆီ ပြန်မပို့တော့၊ သူ့ဆီမှာပဲညအိပ်လိုက်ဖို့ ကိုးကိုးက အမိန့်ပေးထားလေ၏။
အမိန့် ... အချစ်၏ရက်စက်ခြင်းကင်း၍ နှစ်လိုဖွယ်ကောင်းသောအမိန့်။
သူ့တစ်ဘဝလုံးနာခံဖို့ ခြေခင်းနှုတ်ခင်း ဝပ်ဆင်းထားသည့် ကြင်သူ့အမိန့်။
ခါးသီးခြင်းမဖက် ချစ်ခြင်းမက်သည့် သခင့်အမိန့်။
ရွှေကောင်းဟော့ပေါ့ရှေ့ရောက်တော့ သူတို့အထဲမဝင်သေးဘဲ အပြင်မှာတင်ကားရပ်ထားလိုက်သည်။ မိုးမှာသည်းသည်းမဲမဲ မဟုတ်တော့သည့်တိုင် တိတ်တော့မတိတ်သေး။ မိုးရေရှင်းသည့် Wiper လည်းပိတ်လိုက်လေပြီ။ အရှေ့မှအနောက်သို့ ပက်သည့်မိုးဖြစ်တာမို့ ဘေးမှန်တွေတောင် အစဉ်မပြတ်တာ တစ်ပေါက်ပြီးတစ်ပေါက်။ လွမ်းဖွယ့်ကောင်းသောမိုးစက်တို့မှာ တေးနရီစည်းချက်တို့အတိုင်း တဖြိုးဖြိုးတဖြောက်ဖြောက်ပါပဲ။
ခုချိန်ဆို ဆေးရုံမှာလည်း မိုးတွေသည်းနေလောက်ရောပေါ့။
"ကိုးကိုး"
"အင်း ဘာဖြစ်လို့လဲ"
စူပုတ်ပုတ်လေးခေါ်သောသူ့ကို ဘာအလိုမကျသလဲဆိုသော အကြည့်နှင့်မေးလာတာဖြစ်သည်။
"အရင်တစ်ပတ်ကရောက်လာတဲ့ စုစုလေးလေ ... သူ တကယ်ပဲ CA Lung (အဆုတ်ကင်ဆာ) Stage-3 ကိုရောက်နေပြီလား။ မနေ့က ငိုနေတာတွေ့ခဲ့တယ်၊ တကယ်စိတ်မကောင်းဘူး ကိုးကိုးရာ။ အသက်လေးမှ ၁၀နှစ်ကျော်ရှိသေး၊ ခံစားနေရတာတွေက ခန္ဓာကိုယ်လေးနဲ့မမျှ။ Cannula ဆိုလည်း ထိုးရခက်လိုက်တာ ... တစ်ခါရှာရင်အနည်းဆုံး ၄၊ ၅ချက်ပဲ။ ပြီးတော့ပြောသေးတယ်၊ သူတို့အိမ်က ပိုက်ဆံမရှိဘူးတဲ့။ အဖေက မှော်တောမှာ၊ အမေကလည်း ဝက်ဆီဖတ်တွေ ကြော်ရောင်းနေရတော့ ခဏခဏ လာမကြည့်နိုင်ဘူးတဲ့လေ။ ရောဂါဖြစ်တာလည်း အဲဒီအညှော်တွေကြောင့် ထင်ပါတယ်။ သနားလိုက်တာ ကိုးကိုးရာ၊ သူ့အခြေအနေက ကုလို့တော့ အချိန်မှီသေးတယ်မလား"
"ဟင်း ... ငြိမ်ကျသွားပါတယ် အောက်မေ့နေတာ၊ အဲဒါစိတ်ညစ်နေတာကိုး။ အခြေအနေ ဘယ်လိုရှိလဲဆိုတော့ TNM စနစ်ကိုမှတ်မိတယ်ဟုတ်"
"အင်း TNM Staging system သင်ဖူးတယ်။ Tumor (ကင်ဆာအကြိတ်)၊ Nodes (ပြန်ရည်ကြောဖုများ)၊ Metastasis လေ (ကင်ဆာပျံ့နှံ့မှု)။ ကလေးက ဘယ်လောက်တွေဖြစ်နေပြီလဲ"
"T3N1M0 ... အကြိတ်က 3စင်တီလောက် ရှိနေပြီဆိုပေမဲ့ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေကိုတော့ မပျံ့သေးပါဘူး။ ကိုယ်တို့ခွဲစိတ်ပြီးတော့ ဖယ်ပေးနိုင်မှာပါ"
ကိုးကိုးစကားကြားတော့ စိတ်ဓာတ်ကျနေသော ဘုန်းလျှံမျက်နှာကလေး ဝင်းပလာသည်။ ကလေးမလေးအတွက် စိတ်ပိုင်းဆိုင်ရာ အားပေးချင်ပေမဲ့ သူကိုယ်တိုင်က စိတ်မကောင်းနေတော့ မတတ်နိုင်။ မနက်ဖြန်ဂျူတီဝင်မှ အေးဆေးနှစ်သိမ့်ပေးရဦးမည်ပင်။
"သူခွဲရရင် တေးတေးလည်း OT ဝင်မယ်နော်။ ဪ ... ပြီးတော့ သူ့အမေကပြောသေးတယ်၊ ကလေးက နှလုံးအားနည်းတယ်ဆိုလား"
"ကိုယ်ကြည့်တာတော့ အဆင်ပြေပါတယ် တေးတေးရ၊ အရမ်းလည်းမပူပါနဲ့။ နားရက်လေးရတုန်းကို ဆေးရုံကကိစ္စတွေ သိပ်မတွေးနဲ့၊ နားမဲ့နားတော့ စိတ်ရောလူရော နား"
ထိုအချိန် ဘုန်းလျှံနဖူးပေါ်က ဆံစတွေဆီကျလာတာ နွေးထွေးသည့်အနမ်းတစ်ပွင့်။ ဟန်ဆောင်မှုမရှိ၊ ပျော်ရင်ပျော်သလို ချက်ချင်းပြုံးလိုက်မိသော ကောင်လေးအပြုံးက ကြည်စင်လွန်းလှသည်။
"ကိုးကိုး ... နှလုံးဆိုတာမရှိရင် လူတစ်ယောက်က အသက်မရှင်နိုင်ဘူးနော်"
"အင်းလေ"
"ဒါပေမဲ့ တစ်ခုခုဖြစ်မှာစိုးလို့ဆိုပြီးလည်း လူတစ်ယောက်တည်းမှာပဲ နောက်ထပ်နှလုံးအပိုဆောင်ထားလို့ မဖြစ်ပြန်ဘူး ဟုတ်တယ်မလား"
"အင်းပေါ့ အဓိပ္ပါယ်မှမရှိတာ"
"ဒါဆို ကိုးကိုးကကျ တေးတေးနှလုံးသားကိုပါ အပိုင်သိမ်းယူထားပြီး ဘာလို့အသက်ရှင်နေနိုင်တာလဲ"
ခပ်နောက်နောက်လေး ပြောလိုက်တော့ သူ့ကိုးကိုးကြောင်သွားတာ ပါးစပ်အဟောင်းသား။ ပြီးမှသာ သဘောပေါက်သွားသည့်ဟန်ဖြင့်၊
"တေးတေးရာ...."
စနောက်ခံလိုက်ရသော လူပျိုကြီးက သူ့ပါးနှစ်ကိုအားမလိုအားမရနှင့် ဆွဲကာဖျစ်ညှစ်သည်။
"နှလုံးတင်မကဘူး၊ ဟောဒီတစ်ကိုယ်လုံးထည့်ငုံထားလည်း ကိုးကိုးအသက်ရှင်နိုင်တယ်"
ပြောပြီးမနေနိုင်စွာ သူ့နှုတ်ခမ်းပါးဆီ နမ်းရှုံ့ပါတော့၏။ သည်တစ်ခါတော့ ကြားကရှုပ်နေသည့်မျက်မှန်ကို သူကပဲအလိုက်တသိ မ,တင်လိုက်တော့ ကိုးကိုးက နမ်းနေရင်းတစ်ချက်ပြုံးတာပါပဲ။
မိုးတွေသည်းနေချိန် အနမ်းဖလှယ်ခြင်းက တစ်ယောက်အနွေးဓာတ် တစ်ယောက်ဆီ စီးကူးပေးနေသလို။ ရင်ခုန်သံတဒိန်းဒိန်းမို့ သွေးကြောတွေကလည်း တရှိန်းရှိန်း။ သည်လိုပုံစံနှင့် တစ်ညလုံးအတူထပ်ရှိရဦးမည်ဆိုတော့ ဘုန်းလျှံ မရှူးသွပ်သွားဖို့ စိတ်အတော်ထိန်းရဦးမည်။ ကိုးကိုးနှုတ်ခမ်းပါးထူထူက ယစ်မူးဖွယ်ပဲမလား။
ထိုအခိုက် ကားမှန်ကိုလာခေါက်သံ တဒေါက်ဒေါက်က ထွက်ပေါ်လာ၏။ ဘုန်းလျှံ လန့်ဖျတ်ပြီး နှုတ်ခမ်းတစ်စုံကို ရုတ်ချည်းလွှတ်ချလိုက်သည်။ ပြီးနောက် လှည့်ကြည့်မိသည်က အသံလာရာဆီ။ သေချာပေါက် တင်နီလာဝင်းတို့ပဲပေါ့။ အချိန်ကောင်းမှ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာရတယ်လို့။
သူ မှန်အနည်းငယ်ချပြီး ဝင်နှင့်ဖို့ပြောရပါ၏။ မိုးသံတွေ ဗလောင်ဆန်နေတာမို့ သူ့အသံက လုံးထွေးနေသည်တောင် ထင်ရသည်။ ထီးကိုယ်စီနှင့် သူငယ်ချင်းမနှစ်ယောက် ဆိုင်ထဲဝင်သွားမှ ကိုးကိုးဆီလှည့်မေးမိသည်က၊
"သူတို့မမြင်သွားလောက်ပါဘူးနော်"
"မြင်ချင်လည်းမြင််မှာပေါ့"
ခပ်ဖြီးဖြီးလုပ်နေသော လူပျိုကြီးက သူ့ကိုစချင်လို့ပဲလား၊ အဖြေကိုသေချာမပြော။ ဟိုကလေးမတွေကမှ သိပ်မကြည့်ချင်ကြရှာပါဘူးဆို။
"စနေလိုက် ကိုးကိုး"
သည်လိုနှင့် သူတို့လည်းအထဲဝင်ခဲ့ကြသည်။ ဆိုင်ထဲရောက်တော့ သူငယ်ချင်းမနှစ်ယောက်က အိန္ဒြေရှင်ကြီးတွေလို ထိုင်နေကြတာ ပိပိရိရိ။ ကိုးကိုးကို ဆရာအနေဖြင့် ရှိန်နေကြတာလည်း ပါလောက်မည်။ မချိုမချဉ်ရုပ်တွေကြည့်ရုံနှင့် သူ သိပ်သိတာပေါ့။
"အဲလောက်ထိ ကြောက်ပြမနေနဲ့။ ကိုးကိုးက ကိုက်မစားဘူး"
"အေးပါဟဲ့ ... နင်ကလည်း မဏ္ဍပ်တိုင်တက်ပြနေလိုက်တာ တကတဲ"
သူ့စကားကြောင့် ကိုးကိုးအပါအဝင် ကောင်မလေးနှစ်ယောက်ပါ ပြုံးစိစိ။
"ပေါ့ပေါ့ပါးပါး နေကြပါ၊ ဆေးရုံမှာလည်း မဆုံဖူးတာကျလို့"
"ဟုတ် ဆရာ"
"ဟုတ်ကဲ့"
စစချင်းတော့ ရှိန်းသလိုလိုရှိကြပေမဲ့ အစားအသောက်တွေ ပြင်ဆင်နေရင်း ကိုးကိုးကစကားစပေးတော့ သူငယ်ချင်းမတွေများ စကားပြောလိုက်ကြတာ အရက်မူးသမားတွေ ရေချိန်ကိုက်သလို။ အဓိကကတော့ သူ့ကိုဆေးထိုးဖို့ချောင်းခဲ့သမျှ ကိုးကိုးရှေ့ရောက်မှ ဖောက်သည်ချတော့တာချည်း။
"ဘုန်းလျှံကလေ ဒေါ်ခင်လှ Case တုန်းက သူဘာကျန်တယ်ဆိုတာကို အိမ်ရောက်တဲ့ထိမသိဘူး ဆရာရဲ့။ ဟောဒီက Hyper မလေးမိုးယု စဉ်းစားပေးလို့ Diet History မေးဖို့ကျန်ခဲ့မှန်း သိတာရယ်။ လူရှေ့သူရှေ့ အူအတက်နေရာစမ်းခိုင်းလို့ဆိုပြီး ဆရာ့ကို စိတ်ကကောက်သေးတာ"
"နင့်ဘယ်သူက ရိုက်စစ်နေလို့ အကုန်ပြောပြနေရတာလဲ"
"အဲတုန်းက စိတ်ကောက်သေးတယ်ပေါ့၊ ကိုယ်တောင်မသိလိုက်ရပါလား"
ဟော့ပေါ့အဆင်သင့်စားဖို့ အရွက်နှင့်အသားတွေပြင်ကြရင်း ကိုးကိုး ပြန်ပြောလိုက်ပုံက ဘုန်းလျှံအတွက် ပိုစိတ်တိုစရာ ကောင်းမနေပေဘူးလား။ အဲသည်နေ့က ဖုန်းတွေဆက်တိုက်ခေါ်လို့ သူ့ဘာသာ စိတ်ဆိုးပြေလိုက်ရတာ။
"အသက်ကြီးကြီးလူပျိုကြီးတွေနဲ့ ကြိုက်ရတာအဲဒါပဲ။ စိတ်ကောက်လို့ ကောက်နေမှန်းလည်းမသိဘူး၊ ချော့ဖို့ဆိုဝေးရော"
"အမလေး နေနိုင်တာလည်းမဟုတ်ဘဲနဲ့၊ ပြီးရင်နင်ပဲ ဆရာ့ကိုခိုး,ခိုးကြည့်ပြီး"
စကားနည်းသည့် မိုးယုကပါ တိုက်ခိုက်လာတော့ ဘုန်းလျှံ ခပ်ပြုံးပြုံးကြီး လုပ်ရတော့သည်။ ခိုးတွဲနေကတည်းက အတော်တောင် ရိပ်မိနေကြသလားမသိ။
"ဒါနဲ့ ဒီလကုန်ရင် မင်းတို့အားလုံး Surgical Posting ပြီးကြပြီမလား။ နောက်ထပ် ဘယ်သွားကြမှာလဲ"
"OG အတွက် ဗဟိုအမျိုးသမီးဆေးရုံမှာ အရင်ဆင်းမှာဆရာ။ ပြီးမှ Child အတွက်တော့ ရန်ကင်းကလေးဆေးရုံမှာ ဆင်းမလားလို့"
နှုတ်သွက်လျှာသွက်သော တင်နီလာဝင်းအဖြေကို ကိုးကိုးက ခေါင်းတညိတ်ညိတ်။ ဘုန်းလျှံကတော့ ဟော့ပေါ့အိုးထဲ အရွက်တွေသင်ထည့်ပေးနေသည့် ကိုးကိုးအနားကပ်ကာ သည်လိုတိုးတိုးပြောမိ၏။
"ခွဲရတော့မှာပဲ ... ကိုးကိုးရှိတဲ့ YGH မှာပဲ ဆက်ဆင်းချင်သေးတယ်"
"ကိုယ် လာကြိုမှာပေါ့ ... သိပ်မှမဝေးတာ"
နှစ်ကိုယ်ကြားကပ်ချွဲနေသော ဘုန်းလျှံတို့ကိုကြည့်ပြီး ရှေ့တည့်တည့်က မိုးယုနှင့်တင်နီလာဝင်းက လက်ချင်းကုတ်ကာ ပြုံးဖြီးဖြီး။ ဇာတ်ကားထဲမဟုတ်ဘဲ အပြင်မှာရှားပါးမြင်ရသော သည်လိုမြင်ကွင်းမျိုးကို ဖြစ်နိုင်ရင် ဗီဒီယိုပါရိုက်ထားချင်ကြသည့် ငတိမလေးတွေပင် ဖြစ်၏။
"အား အမလေး ... ပူလိုက်တာ၊ လျှာကျက်ပါပြီတော်"
"ကောင်မစုတ်တွေ ငေးတာလည်းငေး။ စားရင်တော့ အောက်ကြည့်စားပါ၊ ငါ့မျက်နှာမှာ ဟော့ပေါ့အိုးကြီးရှိမနေဘူး။ ထပ်အပူလောင်နေမှ အရသာပါပျောက်သွားမယ်"
ဘုန်းလျှံ ရွဲ့ပြောလေတော့ မိုးယုက မျက်စောင်းထိုးရှာသည်။ ဟုတ်တယ်လေ ... ထပ်အပူလောင်ရင်ဖြင့် လျှာကအရသာကို အာရုံခံနိုင်စွမ်းတောင် ရှိတော့မှာမဟုတ်။
မိုးယုကိုပြောအပြီး ဘုန်းလျှံ ကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်နေချိန်မှ ကိုးကိုးက စကားတစ်ခွန်းထဆိုလာသည်။ ဤသည်ကဖြင့် ဘုန်းလျှံ လုံးဝမထင်မှတ်ထားသောစကား။
"သူငယ်ချင်းကို စိတ်ပူမနေပါနဲ့။ တစ်ခါလောက် လျှာအပူလောင်ဖူးတဲ့သူက နောက်တစ်ခါမှာ ဟင်းချိုကိုမှုတ်သောက်ဖို့ လုံးဝမမေ့တော့ဘူးတဲ့"
"ကိုးကိုး"
"ဟင်"
အံ့ဩမှုကြောင့် ဝိုင်းစက်နေသော ဘုန်းလျှံမျက်ဝန်းလေးတွေမှာ ငွေရောင်မျက်မှန်ကိုင်းအောက်တွင် အထင်းသား။
"အဲဒါ ဘာစကားပုံလဲ"
"ဂျာမန်စကားပုံလေ တေးတေးရဲ့၊ စားစား အိုးကပွက်နေပြီ"
"တကယ်တူနေတာပဲ ... ကိုကြီးတို့ CEO Eric ကလည်း ဟိုတစ်ခါတွေ့တုန်းက အဲဒီဂျာမန်စကားပုံပဲ ပြောသေးတယ်။ မြန်မာစကားပုံမဟုတ်ဘဲ တခြားနိုင်ငံကစကားပုံတွေဆို လူသိနည်းတာကို ကိုးကိုးကသိတယ်။ မိုက်တယ်၊ အဲနိုင်ငံခြားသားကြီးပြောတာနဲ့ နည်းနည်းမှမလွဲဘူး တိုက်တိုက်ဆိုင်ဆိုင်ပဲ"
ဟော့ပေါ့အိုး မွှေပေးနေသောကိုးကိုးလက်မှာ ခေတ္တရပ်တန့်သွားသလိုရှိသည်။ စကားတွေပြောနေသည့်သူ့ကိုလည်း မျက်တောင်မခတ်တမ်း တအံတဩလှည့်ကြည့်လာ၏။ ဟုတ်တယ်လေ၊ ဒါဘယ်လောက်တိုင်ဆိုင်သလဲနော် ... ။
"နင်ကလည်း ပြောလိုက်မှဖြင့် ... ဆရာတို့လို စာများများဖတ်တဲ့သူတွေကတော့ စကားပုံတွေအများကြီးသိတာပေါ့ဟ။ ငါတို့တွေသာ ကျောင်းစာအုပ်တွေကြား ပြင်ပဗဟုသုတ ဘာမှမရှိတာ"
"အေးနော် ဟုတ်တာပဲ၊ ငါကလည်း လျှောက်တွေးနေ"
ဘုန်းလျှံ ခပ်ပြုံးပြုံးလေးပြောတော့ ကိုးကိုးကလည်း နှုတ်ခမ်းလေးကွေးတယ်ဆိုရုံ ပြုံးသွားသည်။ ပြီးလျှင် သူ့ပန်းကန်ထဲ အသားပြုတ်ပြီးသားတချို့ ရွေးထည့်ပေးလာတာ စိတ်ရှည်လက်ရှည်။ စကားပြောလိုက်၊ အစားစားလိုက်ကြနှင့် အားလုံးဗိုက်ပြည့်ကြတော့ မိုးလည်းတိတ်သွားချေပြီ။
သည်လိုဖြင့် ထိုနေ့က ဂျာမန်စကားပုံနှင့်ပတ်သက်လို့ သူတို့ဘာမှဆက်မပြောဖြစ်ခဲ့။ အဆန်းတကြယ်ကိစ္စတစ်ခု ရှိနေမယ်လို့လည်း ဘုန်းလျှံ ကြိုမသိခဲ့တာကြောင့်ပင်။
ကိစ္စကြီးငယ်တွေဖြစ်ဖို့အတွက် နေ့ရက်နှင့် အကြောင်းအရင်းတွေဆိုတာ ကြမ္မာစေစားပြနေသော စောင်းပါးရိပ်ခြည် ပဉ္စလက်တွေပေတည်း။
3.6.22 (Friday)
......................
(A/N) စာရေးသူဖီလေးက စာဖတ်သူတွေဆီ ခွင့်(၁)ပတ်လောက် တိုင်ချင်လို့ပါရှင် ... One shot တစ်ပုဒ်ပေးစရာရှိနေတော့ လေ့လာပြီး သေချာလေးရေးပေးချင်လို့ပါ။ ခွင့်ပြုမယ်မလား။ ဟဲ ... ဒါဆို Teacher တို့ခွင့်ပေးတယ်လို့ သဘောထားပြီး ဒီကျောင်းသူ အတန်းလစ်ပါပြီနော်။ Bye, see you....🤍
•••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co