Part - 9 (Unicode)
ဘုန်းလျှံတို့စာသင်နေကျ အခန်းထဲတွင် ချိတ်ဆွဲထားသော ပူဖောင်းအဖြူရောင်၊ အနက်ရောင်တချို့။ ခါတိုင်း Projector Screen အဖြူချထားတတ်သော ရှေ့ထိပ်ကနံရံတွင် ၁၀ပေ၊ ၃ပေပတ်လည်ရှိ ဗီနိုင်းတစ်ချပ်က နေရာယူထားသည်။ အပြာရောင်နောက်ခံတွင်ရေးထားသော အဖြူရောင် ဆေးရိုက်စာလုံးတွေထဲတွင် အကြီးဆုံးစာတန်းက၊
'Paying Homage Ceremony' တဲ့။
ဟုတ်ပါသည်။ သူတို့ Surgical Ward 1, 2, 3 က House surgeon အငယ်လေးတွေ စုပေါင်းဂါဝရပြုကြသောအခမ်းအနားလေးပင်။ တစ်နည်းအားဖြင့် Posting သုံးလပြည့်ပြီဖြစ်၍ လက်တွေ့သင်ကြားပေးကြသော စီနီယာဆရာများအပေါ် ကျေးဇူးတင်၊ နှုတ်ဆက်ကြသော အခမ်းအနားပေတည်း။
ဆေးပညာ (Medical)၊ ခွဲစိတ်ကုပညာ (Surgery)၊ သားဖွားမီးယပ်ပညာ (OG)နှင့် ကလေးကျန်းမာပညာ (Child)ဟူသော ဘာသာရပ်ကြီးလေးခုကိုလေ့လာဖို့ တစ်နှစ်တာအလုပ်သင်ဆင်းရမည့် ဘုန်းလျှံတို့သည် ဇွန်လအကုန်တွင်တော့ Posting နှစ်ခုအောင်မြင်စွာ ပြီးဆုံးသွားခဲ့လေပြီ။ OG နှင့် Child ward တွေတွင် ဆက်လေ့လာဖို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကနေလည်း ခွဲခွာရတော့မည်ဖြစ်၏။ ဘုန်းလျှံမောင်တစ်ယောက် ကိုးကိုးနှင့်ခွဲရမှာမို့ ဘယ်လိုမှပျော်မနေနိုင်ပါပေ။
သို့သော် သူ့မှာဝမ်းနည်းနေချိန်မရှိ။ ဖိတ်ထားသည့်ပါမောက္ခတွေနှင့် အကြီးတွေကို သေချာစွာဆီးကြိုရသည်၊ နေရာချရသည်။ ပြီးလျှင် ကန်တော့ပစ္စည်းအစုံအလင်နှင့် အားလုံးတက်ညီလက်ညီ ကျေးဇူးတင်၊ ဦးချရတာမျိုး။ စာတွေ့သာသင်ဖူးကြသော သူတို့အတွက် အဖိုးမဖြတ်နိုင်သည့် လက်တွေ့ပညာရပ်တွေကို ရှေ့ဆောင်လမ်းပြပေးကြသူတွေချည်းမလား။
ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ်၊ သူ့ကိုးကိုးကို စက္ကန့်မလပ်ခိုးကြည့်ချင်နေမိတာကတော့ ဘုန်းလျှံမောင်ပါပဲ။ မသိလျှင် သမင်ပျိုကို မုဆိုးချောင်းသည့်အတိုင်း ... ဘယ်အချက်မှာ အကြည့်မြားကတဆင့် သူ့အချစ်တွေခိုးပို့ရမလဲဆိုတာ တွေးရင်းငေးနေတာဖြစ်၏။
စားကောင်းသောက်ဖွယ်များနှင့် တည်ခင်းဧည့်ခံကြချိန်တွင်တော့ အားလုံးက လွတ်လပ်ပေါ့ပါးစွာ စကားပြောနေကြချေပြီ။ ကန်တော့ပစ္စည်းတွေ၊ ခုံနေရာချထားမှုတွေကို ဘုန်းလျှံတို့ ယောက်ျားလေးတွေ တာဝန်ယူရသလို အစားအသောက်တာဝန်ယူကြသော တင်နီလာဝင်းတို့ မိန်းကလေးအဖွဲ့တွေမှာလည်း မညံ့စေရ။ ထိပ်တန်း Bakery တစ်ဆိုင်ကမှာထားသော နူးညံ့အိစက်သည့်ကိတ်အမျိုးမျိုးနှင့် ကိုယ်တိုင်နှပ်ကြသော ကော်ဖီရနံ့သင်းသင်းကြောင့် အခန်းကျယ်အတွင်း ခပ်မွှေးမွှေးဆွတ်ပျံ့နေသည်။
သည်တွင် မျက်နှာလုပ်လိုသော ဘုန်းလျှံမောင်က မိုးယုကို ကော်ဖီတစ်ခွက်နှပ်စေပြီး မတ်တပ်ရပ်စကားပြောနေသော သူ့ကိုးကိုးနား မယောင်မလည်လုပ်သည်။ ပျားပိတုန်းလေး ပန်းခရမ်းနားဝဲသလို ရစ်သီရစ်သီရယ်ပါ။ ကိုယ်ကျိုးအတွက် ဝတ်ရည်စုပ်လိုခြင်းမဟုတ်၊ တစ်သက်လုံး နားနေချင်ရုံမျှသာ။
"ဘုန်းလျှံ"
ရိပ်မိသွားသောကိုးကိုးက သူ့နာမည်စခေါ်ရှာသည်။ မခေါ်တာကြာပြီဖြစ်သော သူ့နာမည်ကြားတော့ စိတ်ထဲတောင် တစ်မျိုးလေးရင်ခုန်ရသလို။
"ဆရာ ... ကော်ဖီ"
"အင်း ကျေးဇူး"
အနေတည်သည့်ကိုးကိုးလည်း ပြုံးစိစိပါပဲ။ သူ့အောက်ကအငယ်တချို့နှင့် စကားပြောလက်စရှိတာမို့ ဘုန်းလျှံတစ်ယောက် မိုးယုတို့ဖက်သာ ပြန်ထွက်လာခဲ့သည်။ လူကတော့ စကားလေးရှားရှားပါးပါးပြောလိုက်ရလို့ မျောက်အုန်းသီးရသလို တစ်ခဏပျော်ရွှင်ရပြန်သည်။
"ခိုးစားနေရတာပျော်ရဲ့လား ဘုန်းလျှံမောင်"
အမြဲဘုဘောက်ပြောတတ်သော တင်နီလာဝင်ကို ဘုန်းလျှံ မျက်မှောင်ကြုတ်ပြရင်း၊
"ငါ ဘာမှခိုးမစားဘူး၊ ဒီမှာမိုးယုကိုကူပြီး ကော်ဖီခွက်တွေချပေးနေတာ"
"အံမယ် ... နင် ဆရာ့ကိုလူလည်ခေါင်မှာ ခိုးစားနေတာ ငါမသိဘူးများထင်သလား"
"တိုးတိုးပြောစမ်းပါ၊ နင်လုပ်မှ အကုန်ကြားတော့မယ်"
"ဘုန်းလျှံမောင်ရေ ... မမသက်ထားဆီ ကော်ဖီမရောက်သေးဘူးနော်"
"အာ အေးအေး၊ မြင်လား ... ငါ ကော်ဖီခွက်တွေချနေရတာပါဆို"
"ကဲ သွားမှာသာသွားပါဟယ်၊ ခွေးပေါက်တွေကျနေတာပဲ ... အမြဲကိုက်နေကြတာ"
တင်နီလာမနှင့် ဘုန်းလျှံကို မိုးယုက နှပ်ပြီးသားကော်ဖီခွက်ကမ်းပေးရင်းဆူသည်။ သူကတော့ အမြဲတမ်းဆရာမကြီးပေါ့။ ရန်လည်းဝင်မဖြစ်ဘူး၊ ဘာမှလည်းမပြောတတ်ဘူး။ သို့ပေမဲ့ မျက်လုံးနှင့်သာလိုက်ကြည့်နေသည့် စုံထောက်လိုလူ။ သူရည်းစားရှိတာကို မပြောခင်ကတည်းက သိသတဲ့လေ။
ဘုန်းလျှံ တာဝန်ယူထားသည့်အတိုင်း ကော်ဖီတစ်ခွက်ကိုကိုင်ပြီး ဆေးပညာဘက်မှ သူ့စီနီယာဖြစ်ခဲ့ဖူးသော မမသက်ထားဆီ အပြေးသွားရသည်။ SW ကလုပ်သည့်ပွဲမို့ တခြားကဆရာဝန်ကြီးတွေ မလာဘူးမဟုတ်။ ဆေးရုံအုပ်ကြီးကစလို့ အခြားသောပါမောက္ခတွေကိုလည်း ဖိတ်ကြားကြတာဖြစ်သည်။ ဂျူတီချိန်တွေကြောင့် ပုံမှန်လူစုံမတွေ့ဖြစ်ကြသော ဆရာဝန်ကြီးတွေက သည်လိုပွဲမျိုးမှ အေးအေးဆေးဆေးနှင့် အားရပါးရစကားပြောကြတာမျိုးတွေလည်း ရှိ၏။
"မမ ကော်ဖီလေးသုံးဆောင်ပါဦးဗျ"
"ဪ ဘုန်းလျှံမောင်ပဲ ... Thank you။ ဘယ်လိုလဲ ... ဒီ Ward မှာရော ပညာများများရလိုက်ရဲ့လား"
"ဟုတ်။ Case တွေလိုက်ရင်း ပျာယာတွေလည်းခတ်တယ်။ အများကြီးလည်း သိသွားရပါတယ် မမ"
ကော်ဖီတစ်ငုံကို နှစ်ခြိုက်စွာသောက်လိုက်သော မမသက်ထားက ခပ်ရေးရေးလေးပြုံးသည်။ စကားဆက်ပြောနေသေးတာမို့ ဘုန်းလျှံကလည်း မမအနားက မခွာဖြစ်သေး။ အခန်းထဲတွင် ခပ်အုပ်အုပ်စကားပြောသံတွေ ဆူညံနေတာမို့ သေချာအာရုံစိုက်တော့ နားထောင်ရသည်။ ကိုးကိုးကိုတစ်ချက်ခိုးကြည့်လိုက်တော့ သူမမြင်ဖူးသည့် အသက်ကြီးကြီးပါမောက္ခတစ်ဦးနှင့် စကားပြောနေပြန်သည်။
"သူနဲ့ရော အဆင်ပြေရဲ့လား"
"အာ ... ဆရာနဲ့လား"
ခိုးကြည့်တာလူမိသွားတော့ ဘုန်းလျှံမှာ သွားအအေးပတ်အောင်ထိ ခပ်စေ့စေ့ပြုံးပြရသည်။ တကယ်တော့ ရှက်တာလိုလို၊ လိပ်ပြာမလုံတာလိုလို။ ကိုးကိုးကတော့ မမသက်ထားသိသည်ဟု ပြောထားဖူးတာမို့ တော်ပါသေး။
"ပြေပါတယ်ဗျ။ ဆရာက တော်တော်အေးတယ်၊ ချစ်ပြတတ်တာမျိုးမဟုတ်ပေမဲ့ ဂရုတော့စိုက်ရှာပါတယ်"
"အမလေး ဒါတော်တော်အရယ်အပြုံး ရှိလာတာနော်၊ ရှေ့နှစ်တွေတုန်းကများ ကျောက်ရုပ်ကို ရေခဲရိုက်ထားသလိုပဲ"
"ဟုတ်လား"
ဘုန်းလျှံ ရယ်ကျဲကျဲနှင့် ဆရာ့ကိုတစ်ချက်ခိုးကြည့်လိုက်ပြန်သည်။ မမသက်ထားကတော့ဖြင့် ကော်ဖီခွက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပွတ်သပ်ရင်း၊
"မမ Ward ထဲ မင်းရောက်ပြီးမကြာဘူး၊ သူ မင်းကိုတွေ့သွားတာလေ။ အသိတစ်ယောက်ရဲ့ညီလေးမို့ ဂရုစိုက်ပေးပါဦးတဲ့။ မမတို့ဘက်ဖြတ်သွားတိုင်းလည်း မင်းကိုသေချာကြည့်သွားတတ်တယ်။ ပေါင်မုန့်လုံးကြိုက်တယ်ထင်တယ် ... Snack bank ထဲများများထားဖို့ မမပဲပြောပေးပါဆိုပြီး အပူကပ်တော့ ကျွန်မမှာ ဆေးကုမ္ပဏီက ကလေးမတွေကို အကူအညီတောင်းရလေရဲ့။ မကြာပါဘူး၊ မင်းတို့လည်း SW ပြောင်းရရော တစ်ဖွဲ့လုံးကိုသူ့လက်အောက်သွင်းပစ်လိုက်တယ်လေ။ ကဲ ... မင်းကျောက်ရုပ်ကြီးက ဘယ်လောက်ချစ်တတ်လိုက်သလဲ"
"တကယ်ကြီးလား မမ"
"မယုံရင် ကိုယ့်လူကိုယ်မေးကြည့်"
ပြောပြီး တစ်ဖက်လှည့်သွားသောမမက ဘုန်းလျှံကို ရောဂါတွေပေးသွားသည်။ ကိုးကိုးနှင့်ပတ်သက်လျှင် သူ့ခမျာ ရူးရပါတယ်ဆိုမှ သည်စကားတွေဟာ ပွဲပြီးသည်ထိ သူ့နားထဲကမထွက်တော့။
သူကအရင်စသဘောကျတယ်ထင်ခဲ့ပေမဲ့ ကိုးကိုးကအရင်သူ့ကိုရွေးချယ်သည်။ ပြောပြတတ်သောချစ်ခြင်းတွေထက် မသိအောင်ဂရုစိုက်ပေးခဲ့ပုံတွေက အလေးအနက်ထားခြင်းကို သက်သေပြုသည်။
ခါတိုင်းဖာသီးဖာသာနေတတ်သော၊ အခြားယောကျ်ားလေးတွေနှင့် ဖြစ်တည်မှုမတူသော ဘုန်းလျှံသည် တစ်ယောက်တည်းနားခိုရာ ရင်ခွင်ရယ်ဟူ၍ သေသေချာချာမရှိခဲ့။ ဆုံသမျှကလည်း ဖူးစာမပါလို့ဘဲလား၊ တစ်နည်းမဟုတ်တစ်နည်း အဆင်မပြေတာချည်း။ အခုတော့ မထင်မှတ်ဘဲ လူကောင်းတစ်ယောက်နှင့်ဆုံသည်။ ကိုးကိုးဆိုတာ အမြဲသူမသိအောင် အရိပ်တကြည့်ကြည့်၊ မှားတာရှိရင် ပြောတဖွဖွ၊ သူချွဲရင်တော့လည်း ပြုံးတစစနှင့်။ ဪ ... သူ့ဘဝထဲမှာ သည်လိုလူကောင်းတစ်ယောက်၊ အများအပြောအရဆို Right person ဆိုသည့်လူမှန်တစ်ယောက် ရောက်လာခဲ့ပါပြီလားဆိုသည့်အတွေးဖြင့် ရုတ်တရက်ကြီး မျက်ရည်လည်ချင်လာမိသည်။တကယ်ပါပဲ။
အခန်း၏ပြတင်းနားကပ်ပြီး ဘုန်းလျှံ အသက်ဝတရှူလိုက်သည်။ ရင်တွင်းတစ်နေရာက နှလုံးသားသည် ခပ်မြန်မြန်ရွေ့နေသော နာရီချိန်သီးလို တဒိတ်ဒိတ်။ ပါးနှစ်ဖက်မှာ ရေနွေးငွေ့ခံရသလို ပူနွေးလာသည်။ ပြတင်းတံခါးဘောင်ကို လက်နှစ်ဖက် တေ့တေ့ဆိုင်ဆိုင်တင်ထားပြီး အတွေးစတွေလွင့်မျောနေလိုက်တာ။
အချစ်ဆိုတာ စောင့်ဆိုင်းခြင်းတစ်မျိုးဆို သူဟာသည်လူသားကြောင့် စောင့်ဆိုင်းချိန် ပြည့်ခဲ့ပြီထင်ပါရဲ့။
"ယောကျ်ားလေးတွေ လေစုပေါမနေဘဲ ခုံတွေပြန်စီကြတော့"
အခမ်းအနားပြီးသွား၍ လက်ကျန်အစားအသောက်တွေ ရှင်းလင်းနေကြသော မိန်းကလေးတချို့ သူတို့ဖက်လှည့်ကာအော်လေပြီ။ ဘုန်းလျှံလည်း တခြားသူများနှင့်ပေါင်းကာ သွားကူရပါ၏။ ကြည်နူးဖွယ်အတွေးတွေကတော့ ဆေးရုံကခွဲရမယ်ဆိုလို့ ဝမ်းနည်းနေသည့်စိတ်ကိုတောင် အနိုင်ယူသွားတာပါပဲ။ ချစ်မေတ္တာတရားကို အရာရာကိုအနိုင်ယူနိုင်တယ်လို့ပြောရင် သူ့ဆီဦးတည်လာနေသော တင်နီလာဝင်းက နှာခေါင်းရှူံ့ဦးမည်။
"ငါ့ကိုကြည့်ပြီး ဘာတွေကြိတ်ရယ်နေတုန်း"
"ဘာမှမဟုတ်ပါဘူး။ ပြီးပြီလား၊ ပြန်မယ်လေ"
ကိုယ်စီသိမ်းဆည်းပြီးကြပြီမို့ ဘုန်းလျှံလည်း ပါလာသည့်အိတ်လေး ပြန်သွားယူသည်။ ပြီးနောက် မိုးယုကိုလှမ်းကြည့်တော့ သူတို့ရှိရာဆီလျှောက်လှမ်းလာနေပါပြီ။ သည်လိုနှင့် သုံးယောက်သားဆေးရုံထဲကထွက်ခဲ့ကြတော့ ဘုန်းလျှံတစ်ယောက်မှာ လိပ်ပြာလေးတစ်ကောင် လေမှာလူးလွန့်နေသလို ဖျတ်လတ်တက်ကြွနေသည်။ ချစ်သူကလည်း ဂျူတီပြီးလျှင် ညစာစား၊ ရုပ်ရှင်ကြည့်ကြမယ်လို့ ကြိုပြောထားတော့ သူ့အဖို့ဘာများစိတ်ညစ်စရာရှိနေမှာလဲ။ ဝတ်ရည်ဝတဲ့ပျားပိတုန်းလေးလို ဆေးရုံရှေ့ကလမ်းမှာတင် လွန့်လွန့်လူးလူး။
"ငါပြောရကောင်းမလား၊ မကောင်းမလား စဉ်းစားနေတာ"
"ဘာလဲ ... နင်ပါရည်းစားရသွားပြီလား တင်နီလာမ"
မိုးယုက ဆံမြိတ်တွေလှုပ်ခါသွားအောင် မျက်လုံးပုတ်ကာပုတ်ကာနှင့် မေးလာလေခြင်း။ သုံးယောက်ယှဉ်လျှောက်လာကြသော သူတို့သုံးဦးအဖို့ အလယ်ကတင်နီလာဝင်းကို စောင်းငဲ့ကြည့်နေကြသည်။ မျက်နှာကမအီမသာနှင့် တစ်ခုခုကိုစိတ်မကောင်းဖြစ်နေပုံမို့ ဘုန်းလျှံတို့မှာ လမ်းတောင်ဆက်လျှောက်ဖို့ မေ့သွားကြသည်အထိ။
"မဟုတ်ပါဘူးဟ၊ ငါခုနကကျဲကျဲတို့ဆီက သတင်းတစ်ခုကြားခဲ့လို့ ... ဘုန်းလျှံ အဲဒါနင့်ကိုးကိုးသတင်း"
"ဘာမို့လို့တုန်းဟ၊ မထိတ်သာမလန့်သာနဲ့"
"ဆရာက လွန်ခဲ့တဲ့၇နှစ်လောက်တုန်းက ဆေးရုံကနေလချီနားပြီး ဆေးကုသမှုခံခဲ့ရသေးတယ်တဲ့။ အရင်ဆေးရုံအုပ်ကြီးကိုယ်တိုင် စိတ်ဆိုးပြီး နားခိုင်းတာဆိုပဲ"
ဘုန်းလျှံမှာ မယုံသင်္ကာမျက်လုံးနှင့်ကြည့်သည်။ သူ့ကိုးကိုးက ဘာမှမပြောဖူးထားတာကိုး။
"တစ်နေရာရာနေမကောင်းလို့ နားလိုက်ရတာနေမှာပေါ့၊ အဲဒါနဲ့ ကျန်းမာရေးမကောင်းတဲ့သူကို ဆေးရုံအုပ်ကြီးက ဘာကိစ္စစိတ်ဆိုးရတာလဲ"
"စိတ်ဆိုးတဲ့ကိစ္စတော့ ကျဲကျဲတို့က အတိအကျပြောမပြဘူး။ ကျန်းမာရေးမကောင်းခဲ့ဘူးဆိုတာထက် ဒီလိုဟာ ... နင်တွေ့လိုက်တယ်မလား၊ ဆရာနဲ့စကားပြောနေတဲ့ အသားလတ်လတ်၊ ဝဝဖိုင့်ဖိုင့်နဲ့ပါမောက္ခလေ"
"အင်း မြင်တော့မြင်လိုက်တယ်။ ဘယ် Ward ကလဲ၊ အရင်ကမတွေ့ဖူးပါဘူး"
စကားပြောရင်းက မိုးတစ်ပေါက်နှစ်ပေါက်ကျလာတာမို့ သူတို့လမ်းဖြည်းဖြည်းလျှောက်ရပြန်သည်။ ဘုန်းလျှံနှင့်မိုးယုက စိတ်ဝင်တစားနားထောင်ပြီး တင်နီလာဝင်းကတော့ ကြားလာသမျှ ပြန်ဖောက်သည်ချနေသူပေါ့။
"ငါလည်းသိချင်လို့ စပ်စုလိုက်တာ YGH ကမဟုတ်ဘူးတဲ့၊ ဒီရောက်တုန်း ခဏဝင်လာတာပြောတယ်။ အဲဆရာက အပြင်မှာဆေးခန်းထိုင်တာ ... Psychotherapist (စိတ်ကုထုံးပညာရှင်) တဲ့"
"Psychotherapist?"
"အင်း ... ဆရာညီမိုးလွင်က သူ့ဆီမှာ OLD Treatment ယူခဲ့ရပုံပဲ"
လမ်းလျှောက်ရင်း အပျက်ပျက်အယွင်းယွင်းဖြစ်သွားသော ဘုန်းလျှံမျက်နှာမှာ ကောင်းကင်ကတိမ်စိုင်မဲတွေနှယ်။ သူ့ကိုးကိုးက ဘယ်လိုအခြေအနေတွေကို ဖြတ်သန်းခဲ့ရလို့ သည်လိုကုသမှုမျိုးခံယူခဲ့ရတာလဲ။ ဆေးရုံအုပ်ကြီးကတောင် စိတ်ဆိုးပြီးနားခိုင်းရတဲ့အထိတဲ့။ ထိုအခိုက် ရွာဖို့ဟန်ပြင်နေသော မိုးသားမည်းမည်းတွေ တအုန်းအုန်းပြိုကျလာသည်။ ဘုန်းလျှံ၏ပျော်ရွှင်ခြင်းအငွေ့အသက်တွေလည်း ထိုမိုးရေတို့နှင့်အတူ မျောပါကုန်ကြတော့သည်။
OLD (Obsessive Love Disorder) ... အချစ်နဲ့ပတ်သက်ပြီး အစွဲအလမ်းကြီးတဲ့စိတ်ရောဂါတစ်မျိုးမလား။
...........................
"နေကြာစေ့စားမလား"
"ဟင့်အင်း"
"ပေါက်ပေါက်တော့ ယူခဲ့လိုက်မယ်"
"ခုပဲညစာစားခဲ့တာလေ"
"ဒီပူရှိန်းရော"
ညစာစားပြီးကြလို့ ရုပ်ရှင်ရုံထဲမဝင်သေးခင်ဖြစ်သည်။ အခြေအနေမှာ ညီမိုးလွင်စားမလားမေးတာမှန်သမျှ ဘုန်းလျှံမောင်မှာ စိတ်မပါခဲ့။ အတွေးထဲမှာ နေ့လယ်ကသိလိုက်ရသော ကိစ္စအကြောင်းပဲ ရှိနေသည်။ ခါတိုင်းလိုစားဖို့လည်း စိတ်မဝင်စား၊ ပထမဆုံးအကြိမ်ဖြစ်သော Cinema date အပေါ်လည်း စိတ်မပါ။ ဘုန်းလျှံမောင် တွေတွေကြီးကြည့်နေမိတာ ကိုးကိုးမျက်နှာကိုပါပဲ။
မျက်ရစ်ထင်းထင်းနှင့် နက်စွေးနေသောမျက်လုံးတွေကို ကြည့်သည်။ Therapist နှင့်ပြခဲ့ရဖူးသူလို့ မထင်ရလောက်အောင် ဂယောက်ဂယက်မရှိ၊ ကန်ရေပြင်လို တည်ငြိမ်လှသည်။ ပြီးလျှင် နှုတ်ခမ်း ... ထွက်ကျသမျှစကားတိုင်းက အေးချမ်းမှုကိုဆောင်သည်၊ နိုင်ထက်စီးနင်းပြောတာမျိုး၊ အတ္တသဘောဆောင်သည့် ချုပ်ချယ်ပိတ်ပင်တာမျိုး အလျဉ်းမရှိခဲ့တာ တွဲဖြစ်ကြသည့် ၂လကျော်၃လအတွင်း သူအသိဆုံး။
"ရုပ်ရှင်မစသေးခင် ကိုယ်တို့အပြင်မှာပဲ ခဏထိုင်ရအောင်"
မုန့်ရောင်းကောင်တာက အစ်မကြီးကိုအားနာနေသော ကိုးကိုးသည် ရေတစ်ဗူးဝယ်၍သာ ရှေ့ကထွက်သွား၏။ မြင့်မားသောပုခုံး၊ ဖြောင့်တန်းသောခြေတံရှည်တို့က ကိစ္စတစ်ခုခုကြောင့် စိတ်ဓာတ်ကျနေပုံ နည်းနည်းမှမပေါက်။ ရှင်းရှင်းဆိုလျှင် အစွဲအလမ်းကြီးသည့်ရောဂါနှင့် ပတ်သက်ပြီး ဘာလက္ခဏာမှကို မတွေ့ရ။ သူ့အပေါ်မှာ သဝန်လည်းမတိုတတ်၊ ပိုင်ဆိုင်လိုစိတ်၊ ရယူလိုစိတ်လည်း မပြင်းထန်ပါပေ။
ဒါသည် သူ့အပေါ် စွဲစွဲလမ်းလမ်းမချစ်သေးလို့ပဲလား။ ဒါမှမဟုတ် စိတ်ဒဏ်ရာတွေကို ဘယ်လောက်တောင်ခက်ခက်ခဲခဲ ကုသခဲ့ရလို့ ဘေးလူမမြင်အောင် ဖုံးဖိနိုင်ရတာလဲ။
"ကဲ သေချာထိုင်ပါဦး၊ ဘာတွေဒီလောက်တွေးငေးနေတာလဲ။ ခုနက ကြိုက်ပါတယ်ဆိုတဲ့ ကိုရီးယားထမင်းသုပ်လည်း ကောင်းကောင်းမစားဘူး။ စိတ်ညစ်စရာရှိလို့လား တေးတေး"
ရုပ်ရှင်ရုံအရှေ့နားထောင့်က နှစ်ယောက်ထိုင်ခုံလေးမှာ သူတို့နှစ်ယောက်သား ပူးပူးကပ်ကပ်။ ရုပ်ရှင်ကည၈နာရီကားမို့ အချိန်မိနစ်နှစ်ဆယ်များတောင် လိုပါသေး၏။ အနီးအနားမှာတော့ သူတို့လိုစောင့်ဆိုင်းနေကြသူများလည်းရှိသည်။
"စိတ်ညစ်စရာမရှိဘူး၊ ညဂျူတီနဲ့ပွဲနဲ့ဆက်သွားတော့ အိပ်ချင်နေလို့ပါ"
မြိုသိပ်နေတတ်တာ ဘုန်းလျှံမောင်အကျင့်မဟုတ်ပေမဲ့ အတိတ်ကအကြောင်းတွေမေးလိုက်လို့လည်း ဘာမှထူးခြားသွားမှာမှမဟုတ်ဘဲ။ သူ့၏သိချင်စိတ်ကြောင့် ပျောက်ပြီးသားအနာကို ဓားနဲ့ပြန်ဆွပေးမိသလို ကိုးကိုးပဲ နာကျင်လိမ့်မည်ထင်သည်။ တချို့သောပုဂ္ဂိုလ်ရေးကိစ္စတွေက တွဲနေကြသည့်ဆက်ဆံရေးမဆိုထားနှင့် အိမ်ထောင်ပြုထားကြသူတွေပင် ဇွတ်အတင်းမေးလို့မသင့်တာမျိုး။ ကိုးကိုးပြောပြချင်တဲ့အချိန်မှပဲ သူ နားထောင်ပေးမည်၊ အားပေးမည်၊ နှစ်သိမ့်မည်။ တေးတေးဆိုတဲ့သူကတော့ ကိုးကိုးအပေါ် စိတ်ဒဏ်ရာပေးမည်မဟုတ်၊ နှစ်ဆပိုတိုးလို့ ချစ်ပေးမည့်သူဖြစ်သည်။
"တကယ်အိပ်ချင်နေလို့လား၊ တခြားကိစ္စမရှိတာ သေချာတယ်နော်"
"အင်း သေချာပါတယ်"
အောက်ငိုက်စိုက်လို့ လျှောကျနေသောမျက်မှန်ကိုင်းကို ကိုးကိုးကသူ့အစားပင့်တင်ပေး၏။ ရိုးရိုးတောင်မဟုတ်၊ ကိုယ်ကိုရှေ့ကိုင်းပြီး သေချာဂရုတစိုက်နှင့်ဖြစ်သည်။ ဘေးနားကကောင်မလေးသုံးယောက်ကတော့ သူတို့အတွဲကိုကြည့်ကာ ပြုံးစိစိ။ ဘုန်းလျှံ ရှက်သလိုလို ခံစားလာရသည်။ ဒါမို့ကိုးကိုးလက်ကိုဆွဲပြီး ရုံထဲဝင်ရအောင်ခေါ်တော့သည်။
"မုန့်မစားချင်တော့တာရော သေချာရဲ့လား"
"ဟဲ မသေချာတော့ဘူး ဝယ်ရအောင်လေ။ ပေါက်ပေါက်ရော၊ နေကြာစေ့ရောစားမယ်။ နေကြာစေ့ကို အခွံနွှာပြီးသား ဝယ်ရအောင်နော်။ ရုပ်ရှင်ရုံထဲကျ အမှိုက်လည်းရှုပ်တယ်၊ တဖြောက်ဖြောက်နဲ့ဆို သူများလည်း အနှောင့်အယှက်ဖြစ်နေလိမ့်မယ်။ အာ ... အိပ်ချင်ပြေမရမ်းပေါင်းလည်း ဝယ်ရအောင်လေ ကိုးကိုး"
"တေးတေးသဘော"
အတိတ်ကိုမတူးဆွဖို့ ဆုံးဖြတ်တာမှန်သည်ထင်၏။ တည်ကြည်သည့်ကိုးကိုးအပြုံးတွေက ဘေးနားကအရာတွေအားလုံးမှေးမှိန်သွားလောက်အောင် တောက်ပသည်၊ ရွှန်းရွှန်းဝေနေသည်။ သူဖြစ်ချင်တာ ဒါပါပဲ။ နောက်တစ်ခါမုန့်ပြန်လာဝယ်သော သူတို့အတွဲအား မုန့်ရောင်းသည့်ကောင်တာက အစ်မကြီးလည်း ရယ်နေလေပြီ။
"စိတ်ကောက်ပြေသွားပြီလား"
"မဟုတ်ပါဘူးဗျာ"
ရှက်ရှက်နှင့်ပြောထွက်ခဲ့တော့ ကိုးကိုးရင်ခွင်က သူ့နားခိုးရာဖြစ်သွားသည်။ မိသားစု၊ အလုပ်အသိုင်းအဝိုင်းကလွဲရင် ကျန်တဲ့နေရာတွေမှာတော့ သူတို့နှစ်ဦး၏ဆက်ဆံရေးကို တမင်သက်သက်ဖုံးကွယ်မထားကြပါလေ။ တစ်ခါတရံ လက်ချင်းချိတ်ထားတတ်သလို၊ အခုလိုရင်ခွင်ထဲခိုဝင်မိသည့် အခိုက်အတန့်တွေလည်းရှိသည်။
အချစ်ဆိုတာ ဆောင်းမှာနွေးပြီး နွေမှာအေးသည့် အိမ်ကလေးတစ်လုံးနှင့်လည်း တူပါသေး၏။ ဘယ်အချိန်ဖြစ်ဖြစ် ခိုးနားလို့အကောင်းဆုံးနေရာလေးပေါ့။
ရုပ်ရှင်ရုံထဲရောက်တော့ ဆယ့်ငါးမိနစ်တောင် စောသေးသည်မို့ မီးဖွင့်ထားသေးသည်။ လှေကားအဝင်မှကြည့်တော့ လူတွေကကျိုးတိုးကျဲတဲ။ ရောက်တဲ့သူလည်း ရောက်နေကြလေပြီ။ သူတို့ဖြတ်ထားသည့်ခုံက ဘယ်နားမှန်းတော့ တေးတေးမသိ။ မီးလည်းမပိတ်သေးတော့ ဝန်ထမ်းတွေကလည်း လိုက်မပြပေးချေ။ ခုနကစိတ်တွေထွေနေတာနဲ့ပဲ လက်မှတ်ဝယ်တော့လည်း လူကအသိစိတ်မကပ်၊ ကိုးကိုးဘာသာ ကြည့်စီစဉ်တာဖြစ်သည်။
"ကိုးကိုး လက်မှတ်ပြဦး၊ ဘယ်နားခုံဖြတ်ထားတာလဲ"
"အတွဲခုံ!!"
သူ့ပုခုံးကို ဖက်ထားသည့်ကြားက နား,နားကပ်ကာတိုးတိုးပြောပုံက အသည်းယားစရာ။ မအားကြတာနဲ့ပဲ တစ်ခါမှရုပ်ရှင်အတူမကြည့်ဖူးတော့ အတွဲခုံအတူထိုင််ဖို့အရေး လူကတဒိန်းဒိန်းဖြစ်သွားသည်။ အတွဲခုံဆိုတော့ နောက်ဆုံးထိရောက်ဖို့ လှေကားတွေတက်ရ၏။ ရုံထဲဆိုတော့ ပုံမှန်လှေကားတွေလိုမဟုတ်၊ အလှမ်းကျယ်တော့ အောက်ကိုသေချာကြည့်တက်ရတာမျိုး။
"ဘာလို့လဲ ကိုးကိုး"
လှေကားကိုငုံ့ကြည့်ကာ တက်နေရင်းက ကိုးကိုးခြေထောက်တို့ ရပ်တန့်သွားလေသည်။ ဒါမို့ထုတ်မေးပြီးမကြာ ပုခုံးပေါ်က လက်ကိုပါချသွားတာ လျှောခနဲ။
"ကိုးကိုး!"
ခပ်ကြောင်ကြောင်ငေးနေသော ချစ်သူကိုမော့ကြည့်တော့ အကြည့်တွေက နောက်တန်းခုံတွေဆီ။ စက္ကန့်မဆိုင်းပါဘဲ ဘုန်းလျှံပါ လိုက်ကြည့်ရသည်။ ဘာကိုတွေ့လို့ သည်လောက်လန့်သွားရတာလဲ။
"Er..Eric ၊ ကိုသူရိန်ခေတ်"
၅ပေ၊ ၆ပေသာကွာဝေးသော အနေအထားမို့ ထိုအတွဲကလည်း သူတို့ကိုမြင်ကာ အံ့ဩမှင်သက်လျက်။ ဒါမို့တစ်ခါမြင်ဖူးသော ကိုးကိုးက ဖက်ထားသည့်လက်ကို အောက်ချလိုက်တာကိုး။ ကိုကြီးတို့ကို ဖွင့်မပြောရသေးခင် ကိုကြီးအလုပ်ရှင်နှင့် တည့်တိုး,တိုးရလေတော့ ဘုန်းလျှံမှာ နှုတ်ပဲဆက်ရမလိုလို၊ ကိုကြီးတို့ကို သွားမပြောပါနဲ့လို့ပဲ တားရမလိုလို။
ထိုသို့ယတိမပြတ်စွာ တွေဝေနေသော စက္ကန့်အပိုင်းအခြားလေးအတွင်း ဘေးရှိကိုးကိုးကတော့ ချာခနဲလှည့်ထွက်သွားလေပြီ။ မျက်စိ၊ မျက်နှာပျက်သွားတာလည်း ဘုန်းလျှံ အသေအချာမြင်လိုက်၏။
"ကိုးကိုး!!!"
ကျန်နေရစ်ခဲ့သောအတွဲကို နည်းနည်းမှပြုံးပြ၊ မနှုတ်ဆက်ခဲ့မိသောကောင်လေးသည် ခြေလှမ်းကျဲတွေနှင့် ပြေးထွက်သွားသောချစ်သူနောက်ကိုတော့ ကောက်ကောက်ပါအောင် လိုက်ရလေပြီ။ ထိုအချိန်မှ ရုပ်ရှင်ရုံတစ်ခုလုံးလည်း မီးအလင်းတွေပိတ်ကျသွားတာ အမှောင်အတိ။ သည်လိုပိတ်မယ်ဆိုရင်လည်း လွန်ခဲ့တဲ့စက္ကန့်သုံးဆယ်လောက်ကတည်းက အမှောင်အတိချလိုက်ပါတော့လား။ ဒါမှမဟုတ်လည်း သူတို့စက္ကန့်သုံးဆယ်လောက် နောက်ကျပြီးမှဝင်ခဲ့မိရင် အကောင်းသား။
ကံကြမ္မာဆိုတာ တစ်ခါတလေ ကျီစယ်တတ်လိုက်တာ၊ လူတွေမလူးမလွန့်သာအောင် တဖျင့်တပါးရယ်နှင့်။
10.6.2022
............................
Bạn đang đọc truyện trên: Truyen3h.Co