Truyen3h.Co

သင်္ကြန်မောင်

Special Extra - KoeKoe's BD (Unicode)

Fi_Lay


နေရောင်သည် တမျှင်ချင်းစိတ်ဖြာကျနေသော ယူကလစ်ပင်၏အရွက်များကြားမှ လူးလွန့်ကာ ဖိတ်စဉ်ကျနေသည်။ ညနေသုံးနာရီကျော်လို့ နေချိုချိန်ရောက်ပြီဆိုပေမဲ့ ပူပြင်းလွန်းလှသည်။ မခံနိုင်လို့ ဟိုနေရာတိုး၊ သည်နေရာရွှေ့ကြည့်သော်လည်း မခြားနား။ နေရောင်အောက်က မလွတ်နိုင်သော ဘုန်းလျှံမောင်မှာ နေညာသီးကဲ့သို့ ဖြစ်နေလေပြီ။

'မလာသေးဘူးလား ကိုးကိုးရာ'

ခပ်ညည်းညည်းရေရွတ်မိပေမဲ့ မျှော်နေသူကား ပေါ်မလာသေး။ သည်တော့ လက်တစ်ဖက်ကကျောပိုးအိတ်ကို အနောက်သိုင်း၊ ဝတ်ထားသည့်ပုဆိုးစကို ဒူးထိဆွဲမ,ကာ ငုတ်တုပ်ထိုင်ချလိုက်တော့သည်။ ပြီးမှ လည်ပင်းကိုအစ်နေစေသည့် စတစ်ကော်လာက ကြယ်သီးတစ်လုံးကိုဖြုတ်၊ လက်ကိုင်ပါဝါကိုထုတ်ပြီး နဖူးပေါ်အနှံ့သုတ်ရ၏။ အောက်တိုဘာ၏ရာသီဥတုက မိုးရွာလို့ အေးချင်လျှင်တော့စွတ်အေးပြီး ပူချင်လျှင်လည်း အခုလိုချွေးသီးချွေးပေါက် ဖြိုင်ဖြိုင်ကျသည်ထိ။

'လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်း မရှိပါသဖြင့် ခေတ္တစောင့်ဆိုင်း...'

"မစောင့်ဆိုင်းနိုင်တော့ဘူးဟေး၊ ပုဆိုးကြီးနဲ့ ပူလှပြီ"

စိတ်တိုတိုနှင့်ရေရွတ်လိုက်တော့ ပလက်ဖောင်းဘေးလျှောက်သွားသော တိုက်ပုံနှင့်လူနှစ်ယောက်က ဘုန်းလျှံကို ရယ်သွမ်းသွေးကာ လှည့်ကြည့်သွားကြသည်။ ထိုသူတို့သာမက အခြားအခြားသော သင်တန်းလာတက်သူတွေကလည်း ပြန်ခါနီးကို ပြုံးစိစိဖြင့်။

ဟုတ်ပါသည်၊ ဘုန်းလျှံတစ်ယောက် ဖောင်ကြီးရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် အရာထမ်းသင်တန်းလာတက်နေရတာ တစ်လလောက်ပင်ရှိပြီ။ အကြောင်းက မေမေကြီး၏ တစ်ချက်လွှတ်အမိန့်၊ တစ်နည်းဆိုရလျှင် မေမေကြီး၏ ရည်သန်စိတ်ကြောင့်ပါပဲ။ မိမိတို့စော်ဘွားနွယ် တရားရေးအမတ်၏မျိုးဆက်သည် ငွေရယ်ကြေးရယ် များများမကြွယ်ဝစေဦးတော့ တစ်နေ့ ပြည်သူ့အကျိုးသယ်ပိုးတဲ့ ပြည်သူ့ဝန်ထမ်းဖြစ်ဖို့၊ သီပေါမြို့နယ်ဆေးရုံကြီးမှာ မြို့ခံတွေလေးစားရိုသေရတဲ့ ဆရာဝန်ကြီးတစ်ယောက်ဖြစ်ဖို့ မေမေကြီးဆန္ဒ ပြင်းပြရှာသတဲ့လေ။

ဘုန်းလျှံကတော့ ထိုသို့မျိုးဂုဏ်၊ နွယ်ဂုဏ်တွေကြောင့်ဆိုတာထက် ဆာဂျင်တစ်ယောက်ဖြစ်ဖို့သာ ရည်ရွယ်တာပါ။ အစိုးရဆေးရုံမှ၊ ပုဂ္ဂလိကဆေးရုံမှရယ်လို့တော့ တစ်ယူမသန်။ လူနာတိုင်းပေါ် စေတနာထားကုလျှင် ဘယ်ဆေးရုံ၊ ဘယ်ဆေးခန်း၊ ဘယ်ဒေသန္တရမှာပဲကုကု ပြည်သူ့ဝန်ကို ထမ်းပြီးသားဖြစ်တာပဲရယ်လို့ ယူဆတာပါပဲ။

ကိုးကိုးကိုတိုင်ပင်တော့လည်း အကျိုးသင့်အကြောင်းသင့်ရှိလှတာမို့ ဘုန်းလျှံ သည်သင်တန်းကို တက်ဖြစ်ခဲ့သည်။ အရာထမ်းဝန်ထမ်းတို့၏ထုံးစံအတိုင်း သင်တန်းက သုံးလတောင်တက်ရမှာဖြစ်ပြီး ရှေ့ပထမတစ်လလုံးက အိမ်ပြန်ခွင့်မရခဲ့ပေ။ ဒုတိယလရောက်ပြီဆိုခါမှ သောကြာညနေဆို အိမ်ပြန်ခွင့်ရပြီး တနင်္ဂနွေညနေဆို ပြန်ဝင်ရသည်။

သည်နေ့က အဲသည်သောကြာနေ့။ သင်တန်းတက်ပြီး တစ်လအကြာ ရှားရှားပါးပါး ပထမဆုံး Out pass ရသည့်နေ့ကို ကိုးကိုးတစ်ယောက် ဘာတွေအလုပ်ရှုပ်ပြီး ဖုန်းမကိုင်နိုင်သည်မသိ။ လာရောကြိုနေရဲ့လား။ မကြိုဘူးဆိုလည်း သင်တန်းကားနဲ့ ရန်ကုန်ကို အကြုံလိုက်ခဲ့ဖို့ ဖုန်းဆက်သင့်တာလေ။

'လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ...'

"ကိုးကိုးစုတ်၊ မနက်ကတော့ ဖောင်ကြီးထိ အခုပဲပြေးလာကြိုတော့မလိုလိုတွေပြောထားပြီး အခုကျလူကို ပလစ်သွားပြီ"

နဖူးပေါ်စီးကျနေသည့် ချွေးတဒီးဒီးကိုသုတ်ရင်း ဖုန်းကိုဆက်တိုက်ဆိုသလို ဇွတ်တရွတ်ခေါ်နေမိတာ တေးတေးပါ။ ချစ်သူသက်တမ်း တစ်နှစ်ခွဲမှာ ကိုးကိုးမရှိဘဲ တစ်လမပြောပါနှင့်၊ တစ်ပတ်ကြာအောင်တောင် ခွဲဖူးတာမဟုတ်ချေ။ ခုလိုတစ်လဆိုတာကြီး အကုန်မြန်ဖို့ တေးတေးမှာ ဖုန်းပြောရင်း အလွမ်းသည်လိုက်၊ ဗီဒီယိုကောလ်ပြောရင်း ကြည်နူးလိုက်ဖြင့် သည်လိုပြန်တွေ့ဖို့ရက်ကို အများကြီးမျှော်လင့်ပြီး စောင့်ဆိုင်းနေခဲ့ရတာ။ နောက်ပြီး နှစ်ယောက်လုံးရဲ့မွေးနေ့ရက်လေးတွေမှာ အတူရှိဖို့ပြန်လာတာကို သိလျက်သားနဲ့။

"ဒီနေ့ အပြင်ဆေးခန်းထိုင်မဲ့ရက်လား၊ OT လည်းဝင်စရာမရှိဘူးလို့ သေချာပေါက်ပြောထားလျက်နဲ့ ဘာလို့ဖုန်းမကိုင်ရတာလဲ"

တေးတေးမှာ အလွတ်ရနေသောကိုးကိုးအချိန်ဇယားကို ဖုန်းခေါ်ရင်း မျက်လုံးမှိတ် ပြန်တွေးရသေးတာအမော။

"ဟဲလို"

ထိုအခိုက် သိပ်မရင်းနှီးပေမဲ့ မှတ်မိနေသောထိုသူစိမ်းအသံက ဖုန်းစပီကာမှာ မနှစ်မြို့ဖွယ်ထွက်လာသည်။ တေးတေးမျက်လုံးတွေလည်း ဖြတ်ခနဲ ပွင့်လာလေတော့၏။

သည်ဆရာမ ... ကိုးကိုးဖုန်းကို ကိုင်ပြန်ပြီ။

........................

"ကဲ ... ကိုယ့်လူ အားလည်းနာတယ်၊ ကျေးဇူးလည်းတင်တယ်ကွာ"

"မဟုတ်တာ ဆရာရယ်"

"နေတောင်ဝင်ပြီ၊ ကောင်းကောင်းပြန်နား။ နောက်နေ့မှ Dinner လေးဝိုင်းရအောင်"

'ဟုတ်ကဲ့' ဟု ခွန်းတုံ့ပြန်တော့ ညီမိုးလွင်ပုခုံးကို အားယူပုတ်ကာ ဖြည်းဖြည်းလျှောက်လှမ်းသွားသော ပါမောက္ခဆရာကြီးဦးမောင်မောင်အေး။ ဆရာအေးက ရင်ခေါင်းခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး ညီမိုးလွင် လက်ထောက်ဆရာဝန်ဘဝကတည်းက လေးစားအားကျရသူပင်။ M.Sc ရပြီးစ၊ အတွေ့အကြုံမများခဲ့သေးသည့် သူ ဆရာဝန်ပေါက်စအရွယ်မှာကတည်းက 'ဆရာညီရေ ... ပြင်ပဆေးရုံတွေမှာခွဲစိတ်ဖို့အတွက် Assist လုပ်ပေးနိုင်မလား' ဟု ကမ်းလှမ်းခဲ့ဖူးသော ကျေးဇူးရှင်ဆာဂျင်တစ်ဦးဆိုလည်း မမှားပါပေ။

ထိုသို့သောပုဂ္ဂိုလ်က ယနေ့မှပဲ တိုက်တိုက်ဆိုင်ဆိုင် ခွဲခန်းအတူဝင်ပေးဖို့ ရုတ်တရက်ဆိုသလို အကူအညီတောင်းလာသည်။ Case မေးကြည့်တော့ Ivor Lewis (အစာမျိုပြွန်ခွဲစိတ်ခြင်း) တဲ့။ ဒါသည် ရင်ခေါင်းရော၊ ဗိုက်ကိုပါဖွင့်၍ အစာမျိုပြွန်ကိုဖြတ်၊ အစာအိမ်ပါဖြတ်ပြီး ပြန်ဆက်ပေးရသည့် တကယ့်အကြီးစားခွဲစိတ်မှုမျိုး။ ရင်းနှီးတဲ့မိတ်ဆွေမို့ ဆရာကိုယ်တိုင်ခွဲမည်ဆိုတော့ သူ ငြင်းဆန်လို့မကောင်းခဲ့ပါပေ။

"ဆရာညီ ... ဖုန်းလာသေးတယ်။ မကိုင်ရင် ဖုန်းပေါက်ကွဲတော့မယ်ထင်လို့ ကိုင်လိုက်တာပါ"

တစ်ကိုယ်ရည်ဆေးကြောသန့်စင်အပြီး အခန်းထဲဝင်လာတော့ ဖြူသီက ခရီးဦးကြိုဆိုပြောသည်။ ဒေါက်တာဖြူသီအောင်ဆိုတာ သူနှင့် ရာထူးတူ၊ ဌာနတူဖြစ်ကြသည့်အလျောက် တော်ရုံတော့ သူ့ဖုန်း၊ ကိုယ်ဖုန်းဝင်ဖြေပေးကြတာမရှိပေ။ ဖုန်းပေါက်ကွဲမတတ်ဆိုတော့ တေးတေးများဆက်တာလားဟုတွေးမိရင်း မျက်ခုံးအနည်းငယ်ပင့်မိပေမဲ့ စိတ်ထဲတော့ အများကြီးထင့်သွားသည်။

"ကျေးဇူးပါ ဖြူသီရေ၊ ခွဲခန်းဝင်တာ ကြာသွားတယ်"

"ကိစ္စပြီးရင်တော့ ဖုန်းပြန်ဆက်လိုက်ဦး။ ကျွန်မကိုမှာသွားတဲ့လေသံအရတော့ အခြေအနေကောင်းပုံမရဘူး"

မှာသွားတဲ့လေသံတဲ့။ ဖြူသီ သည်ဆေးရုံကိုပြောင်းလာကတည်းက တေးတေး သိသိသာသာသဝန်တိုတတ်လာတာ အကြောင်းအစုံအလင်နှင့်၊ အခုရော ဘာတွေများပြောလိုက်ပြီမသိ။ ညီမိုးလွင် ဖုန်းကိုအမြန်ဖွင့်ကြည့်တော့ နီရဲသောအဝင်ကောလ်များစွာကြောင့် ရင်မှာဒိန်းခနဲ ဖြစ်ရသည်။ နှုတ်ကလည်း ဖြူသီကို အားနာစွာဖြင့်၊

"ကျွန်တော် စာပို့ခဲ့တာ မတွေ့လို့ထင်တယ်။ ဒီကလေး ဘာတွေများမှာသွားလို့လဲ"

ခပ်ဖွေးဖွေးမီးရောင်အောက်တွင် အကြောင်းသိပြီးဖြစ်သော သုံးဆယ်ကျော်ထိုအမျိုးသမီးက အပြုံးတစ်ချက်ဖြင့် အမှာစကားတစ်ခွန်းကို အေးဆေးဆိုသည်။ သူ့ခမျာ လှုပ်လှုပ်ရှားရှားပြေးမယ်ကြံတော့ လှမ်းပြောရှာတာ 'ဆရာညီ ဖြည်းဖြည်း' တဲ့။

ဖြည်းနေလို့ ဘယ်ဖြစ်ပါ့မလဲ၊ မောင်တေးတေးကို နာမည်ပြောင်ပေးထားရတာ ကောက်တေးလေ။ ကောက်တတ်လာလွန်းလို့ အလိုလိုက်ချော့မှကြိုက်တာ အကျင့်ကြီးပါနေခဲ့တာ။ အခုလည်း ဘယ်လိုနားလည်မှုလွဲပြီး ရန်ကုန်ကို ပြန်ရောက်လာသည်မသိ၊ မှာခဲ့တာတောင် တမင်လာချော့အောင် ဉာဏ်ဆင်လိုက်သေးသည်။

'ကိုကြီးအိမ်ကို တစ်သက်လုံးလာမတွေ့နဲ့လို့ ပြောပေးပါ' တဲ့လေ။

......................

တေးတေးအစ်ကိုဝမ်းကွဲဖြစ်သည့် Ice တို့အိမ်ကို ဝင်ထွက်ရခြင်းက ညီမိုးလွင်အဖို့ မျက်နှာပူစရာပဲဖြစ်သည်။ Ice က ဘယ်လိုပဲသဘောတူ၊ ကြည်ဖြူပါတယ်ပြောပြော ... ယခင်ကမကြည်ဖြူဖူးသော မိမိအဆက်ဟောင်း၏ဝန်ထမ်း မြတ်ဟန်သာနှင့်တွေ့ရတာကတော့ တကယ်ပဲအဆင်မပြေလှပေ။

သည်လိုဆိုလို့ ရန်ငြှိုးတွေ၊ မုန်းတီးတာတွေ ရှိလို့လားဆိုတော့လည်းမဟုတ်။ ပြီးခဲ့သည့်လေး၊ငါးလအတွင်း သူတို့တွေ သုံးကြိမ်လောက်ဆုံကြပြီးပြီမို့ အိမ်ရှင်နဲ့ ဧည့်သည်အနေဖြင့် နှုတ်ဆက်စကားပြောဖြစ်ကြသည်၊ သာကြောင်းမာကြောင်း မေးဖြစ်ကြသည်။ ဒါပေသိလည်း တေးတေးရှေ့ဆိုတော့ အနေခက်သေး၏၊ အားနာသလို ရှိရ၏။

ညီမိုးလွင်သည် တွေးတောရင်းပင် လှေကားကို တဖြည်းဖြည်းတက်လာခဲ့သည်။ သို့ပေမဲ့ အခန်းရှေ့ရောက်ပြီး ခဏအကြာသည်အထိ ဘဲလ်နှိပ်ဖို့အရေး ချီတုံချီချဖြစ်နေဆဲ။

[တင် ... တောင်]

ဘဲလ်သံထွက်ပေါ်ပြီးမကြာ အခန်းတံခါးက ပွင့်လာသည်။ တေးတေး ဒါမှမဟုတ် Ice လာဖွင့်ပါစေလို့ သူ တိတ်တိတ်ဆုတောင်းမိပေမဲ့ တကယ်လာဖွင့်တာက မြတ်ဟန်သာ။

"ဟော ... လာပြီ"

"ဘုန်းလျှံမောင် ရှိတယ်မလား"

မြတ်ဟန်သာကတော့ သူလာမှာကိုကြိုသိသည့်ဟန် ရေရွတ်သည်။ နှစ်ယောက်စလုံး အသက်သုံးဆယ့်ခြောက်နှစ်တန်းတွေရှိနေပြီမို့ စကားအပြောအဆိုတွင် ညီမိုးလွင်က ယခင်ကထက် အများကြီးရင့်ကျက်တည်ကြည်သည်။ ဆေးရုံကအပြန်တန်းဝင်တာဆိုတော့ ခဲရောင်ရှပ်လက်ရှည်နဲ့ ကွက်စိပ်ပုဆိုးကြောင့် ပိုသပ်ရပ်နေ၏။ မြတ်ဟန်သာသည်ကား အိမ်နေရင်း စွပ်ကြယ်အနက်၊ ဘောင်းဘီဒူးတို ဝတ်ဆင်ထားပြီး စကားပြောတာကလည်း အရင်လို ပေါ့ပေါ့ပါးပါးပင်။

"ရှိပါ့ဗျာ။ လာ ... ဝင်။ ဒီနေ့တော့ အိမ်မှာရည်းစားပူမိတဲ့သူတွေ စုတဲ့နေ့ထင်ပါရဲ့။ တစ်ယောက်ကလည်း ဖောင်ကြီးကနေ အိမ်တန်းပြန်လာတယ်၊ နောက်တစ်ယောက်ကလည်း ယောက်ျားကိုစိတ်ကောက်လို့ အိမ်မပြန်ချင်ရတာနဲ့။ ငါ့အိမ်မှာဟုတ်နေကြတာ"

ညီမိုးလွင်က မြတ်ဟန်သာစကားကို နားစွင့်ရင်း ကတ္ထီပါဖိနပ်အနက်ရောင်ကို အဝင်ဝတွင် ညီညီစီစီချွတ်သည်။ တေးတေးအပြင် ဘယ်သူပါရောက်နေသေးပါလိမ့်။ အတွေးမဆုံးခင် ဧည့်ခန်းထဲဝင်တော့ အဆက်ဟောင်းရဲ့ရည်းစား သူရိန်ခေတ်ကို ဘွားခနဲမြင်လိုက်ရ၏။

ထိုအချိန် အံ့ဩစရာကောင်းစွာ သုံးသပ်လိုက်မိသည်က သူ့စိတ်၏တည်ငြိမ်နိုင်စွမ်းအားပါပဲ။ ယခင်နှစ်တွေကလို မတုန်လှုပ်တော့သည့်အပြင် စိတ်၏ငြိမ်အေးခြင်းကို ခံစားနေရသည်။ 

သူရိန်ခေတ်သည် အခုချိန်ထိ မပြောင်းလဲပါပဲ။ ဟုတ်သည်လေ၊ အသက်သုံးဆယ့်ခြောက်နှစ်တန်းသုံးယောက် ဧည့်ခန်းတစ်ခုထဲဆုံမိချိန်တွင် သူရိန်ခေတ်တစ်ယောက်ကသာ တီရှပ်ပွပွ၊ ဂျင်းဘောင်းဘီရှည်၊ ဆံပင်ရှည်နှင့် အားလုံးထဲ အလန်းဆုံးဖြစ်နေတာကိုး။

"မင်းလည်းရောက်နေတာပဲ"

ညီမိုးလွင်၏နှုတ်ဆက်စကားသံဟာ အဖိအဖော့မရှိ၊ နူးညံ့တည်ကြည်စွာထွက်ပေါ်တော့ တစ်ဖက်လူက ဖုန်းသုံးရင်းမော့ကြည့်တာ တအံ့တဩ။  သူ့ကို ညီမိုးလွင်ဆိုသူက အမြင်မကြည်နေတုန်းပဲလို့ ထင်နေပုံရသည်။

သို့ပေမဲ့ အချိန်တွေကုန်ခဲ့ပြီပဲ။ ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီပဲ။ လွန်ခဲ့တဲ့၈နှစ်က သည်လူကို ရန်သူလိုသဘောထားခဲ့ဖူးပေမဲ့ ယခုတော့ အသက်ပဲကြီးလို့ ရင့်ကျက်လေသလား၊ တေးတေး၏အချစ်တွေကပဲ လူကိုနူးညံ့ငြိမ်းအေးစေသလား မပြောတတ်။ သူရိန်ခေတ်ကိုမြင်ရတာ ကြည်စင်နေသည်၊ အေးချမ်းနေသည်၊ စိတ်နှလုံးတွင် ဗလာအတိ ပြီးနေစေပြီ။

"အင်း"

'အင်း' တဲ့။ သူရိန်ခေတ် စကားတစ်ခွန်းပဲ တုံ့ပြန်ပေမဲ့ ပြုံးမယောင်သန်းသွားသည့် နှုတ်ခမ်းစွန်းကြောင့် သူသည်လည်း အာဃာတတွေမရှိတော့တာ ထင်ပေါ်နေသည်။ အချိန်နှင့် အသက်အရွယ်ဟာ သူတို့ကြားက အဖြစ်အပျက်တွေကို သင်ပုန်းချေလိုက်နိုင်တာပါပဲ။ သို့ပေမဲ့ နှစ်ယောက်သားမှာ ရှေ့ဆက်စကားပြောစရာ အလျဉ်းမရှိတော့ အိုးတိုးအမ်းတမ်းနှင့်။

"ကိုးကိုး!"

ထိုအချိန် စူပုတ်ပုတ်ဆောင့်အောင့်ခေါ်သံလေးက ငြိမ်သက်နေသောဧည့်ခန်းကို ပြန်လည်အသက်ဝင်လာစေသည်။ အေးခဲနေသော သူ့နှလုံးသွေးကြောမျှင်များဟာလည်း လှိုင်းကြက်ခွပ်လေးတွေထသလို ခန္ဓာကိုယ်ကို တအုံ့နွေးနွေးဖြစ်သွားစေပြီ။ မတွေ့ရတာ တစ်လလောက်ကြာပြီဖြစ်တဲ့ ကောက်တေးလေးက ပါးချောင်လေးများ နည်းနည်းကျသွားလေသလား။ ပိန်မှာတော့ စိတ်မပူတန်ကောင်းရာ၊ အခုပဲ ပန်းကန်လုံးတစ်လုံးကို အောက်ခံပြားနဲ့ခံပြီး ကိုင်ထွက်လာတာ ဘာတွေများစားမလို့လဲမသိလေ။

"ဘယ်လိုပြန်လာတာလဲ၊ ကိုယ် ဆရာအေးနဲ့ ခွဲခန်းဝင်နေရလို့ ဖုန်းမကိုင်လိုက်ရဘူး"

"ဘယ်လိုပြန်ပြန်ပေါ့"

အော်ဟစ်ပြောလိုက်တာမဟုတ်ပေမဲ့ ဂျစ်တစ်တစ်အသံကြောင့် သုံးဆယ့်ငါးနှစ်အရွယ် ယောက်ျားသုံးဦးက ပြုံးတုံ့တုံ့ဖြစ်ကြသည်။ လူကောင်သေးသေးနှင့် ပုဆိုးဝတ်ထားသည့် ကောက်တေးလေးသည် လူရှေ့သူရှေ့တော့ စိတ်ဆိုးစိတ်ကောက်သည့်အကြောင်းကို ရှည်ရှည်ဝေးဝေး ပြောချင်ဟန်မတူ။ သူ့ရှေ့တွင်ရပ်နေသော မြတ်ဟန်သာဆီကိုပဲ အာရုံရောက်သွားသည်။

"အစ်ကိုကြီး သား ခေါက်ဆွဲပြုတ်လေး စားလိုက်ပါတော့လား၊ လာကြိုပြီဆိုတော့ ပြန်တော့မလို့"

"အောင်မယ် ... ငါးကြင်းဆီနဲ့ ငါးကြင်းလာကြော်နေတယ်။ ပေး၊ ပေး ... ခေါက်ဆွဲတစ်ထုပ်များ နံကြားတောင်မညပ်ဘူး"

သည်လိုနှင့် ကောင်လေးက သူ့ဒေါ်လေးကို မီးဖိုထဲသွားနှုတ်ဆက်သည်။ ပြီးမှ ချထားသည့်အထုတ်တွေပြန်ဆွဲရင်း ပြန်ဖို့ပြင်ဆင်ရသည့်အဖြစ်။

"ထိုင်ဦးလေ ညီမိုးလွင်"

"ရပါတယ်၊ ဒါနဲ့ Ice ရော..."

"Ice က သောကြာညဆို အတန်းရှိတယ်၊ ၈နာရီမှပြီးမှာ"

တေးတေးပြုတ်ထားသည့် ခေါက်ဆွဲပြုတ်ပူပူကို တဖူးဖူးမှုတ်စားရင်း အမောတကောဖြေရတာ မြတ်ဟန်သာ။ ခဏကြာတော့ တေးတေးလည်းပြီးပြီမို့ သူရိန်ခေတ်ရော၊ မြတ်ဟန်သာကိုပါ အပြုံးနဲ့နှုတ်ဆက်ပြီး ထွက်လာခဲ့ကြ၏။

သည်နေ့က ထူးခြားလိုက်တာ။ တစ်စုံတစ်ယောက်အပေါ်မှာ အနိုင်ရခြင်းမျိုးမဟုတ်ဘဲ စိတ်၏ကြည်စင်နေမှု၊ လွတ်လပ်အေးချမ်းမှုက ကိုယ့်အတ္တ ကိုယ့်စိတ်ကိုယ် အနိုင်ရလိုက်သလိုပါပဲလား။ အရင်ကမြင်ရင် သွေးပွက်ပွက်ဆူသလို ပူလောင်ခဲ့ရသော ထိုလူနှစ်ယောက်အား အခုတော့ သူ ခပ်အေးအေးဖြင့်နှုတ်ဆက်နိုင်ခဲ့ပြီ။

မိမိကိုယ်ကို အောင်နိုင်ခြင်းပါပဲ။

အိမ်ရာအောက်ရောက်ကြတော့ ကောင်းကင်မှာ ကြယ်အစုံနှင့် နက်မှောင်နေပြီ။ တစ်လလုံးမတွေ့ရသည့် တေးတေးလည်း အနားမှာရှိနေပြီဆိုတော့ ညီမိုးလွင်၏နှုတ်ခမ်းသာနှစ်လွှာမှာ ကောင်းကင်က လခြမ်းသဏ္ဌာန် အပေါ်သို့ကွေးညွတ်သွားလေ၏။

"ဪ ... လက်လွတ်စပယ်ပစ်ထားပြီးတော့ ကိုးကိုးက ပြုံးနေနိုင်တယ်ပေါ့"

တေးတေးတစ်ယောက် ကားနားမရောက်ခင် မီးရောင်မှိန်မှိန်အောက်မှာပဲရပ်ပြီး စူပုတ်ပုတ်လေးပြောလာရှာသည်။

"ကိုယ်လာမကြိုနိုင်လိုက်တာ မှန်ပေမဲ့ လက်လွတ်စပယ်ရယ်တော့ မဟုတ်ရပါဘူး။ ဆရာအေးက အချိန်ကပ်မှပြောတော့ ခွဲခန်းဝင်ပေးရတာပေါ့။ ကိုးကိုး စာပို့ပြီးမှာခဲ့တယ်လေ။ သင်တန်းကားနဲ့ပြန်လာခဲ့ပြီး အခန်းမှာစောင့်နေပါဆိုတာ"

"ဘာစာလဲ၊ ဘာမှမပို့ဘဲနဲ့"

"အာ SMS ပို့လိုက်တယ်၊ ဒီမှာကြည့်"

ညီမိုးလွင်က သူ့ဖုန်းလေးကိုထုတ်ပြီး အမှန်အကန်ပို့ထားသော စာတိုကို ထုတ်ပြ၏။ ထိုအခါ နှုတ်ခမ်းကိုပိုစူလိုက်တာ တေးတေးပါပဲ။

"ကိုးကိုးစာကိုပြန်ကြည့်၊ အပြာရောင်ဖြစ်နေတယ်လေ။ အစိမ်းရောင်ဆို SMS၊ အပြာရောင်ဆို လိုင်းဖွင့်မှရောက်သွားမဲ့ iMessage လို့ တေးတေးပြောထားဖူးတဲ့ဟာကို။ အခုလိုင်းမဖွင့်ဘဲပို့ထားတော့ တေးတေးဆီကို ဘယ်လိုရောက်လာမလဲ"

"အဲတစ်ခုမေ့သွားတယ်၊ အလောပို့လိုက်တာဆိုတော့လေ ... တေးတေး!"

ဟုတ်တော့လည်းဟုတ်သည်။ သူကိုယ်၌က ခေတ်ဟောင်းသမားဆိုတော့ စာပို့လျှင် ဖေ့စ်ဘွတ်ခ်ကတဆင့်မပို့ဖြစ်။ လက်နှိပ်ဖုန်းကတည်းက အကျင့်ပါနေသော SMS ကိုသာသုံးတတ်သည်။ ဒါကိုတေးတေးက SMS နှင့်ပို့လျှင် ဖုန်းဘေလ်ကုန်တယ်၊ iMessage ဆို ဝိုင်ဖိုင်ရှိလျှင်လည်းကောင်း၊ လိုင်းဖွင့်လျှင်သော်ကောင်း ဘေလ်မကုန်ဘဲပို့နိုင်သည်ဟု အရင်တစ်ခါကတည်းက သင်ပေးထားပြီးသားဖြစ်သည်။

ဒါကို ပြန်သတိမမူမိတော့ လာကြိုမည်အထင်နှင့် ဘယ်လောက်ကြာအောင် စောင့်လိုက်ရသည်မသိ။ လောလောဆယ်တော့ ကျောပိုးအိတ်ကိုဆွဲကာ ခြေဆောင့်ထွက်သွားသည်။ နောက်ကပဲ မပြေးရုံတမယ်လိုက်ရပြန်ပါ၏။

"ဖုန်းနဲ့ပတ်သက်တဲ့ အဲဒီနည်းပညာတွေက ကိုးကိုးသိပ်မရဘူးလေ၊ သိလျက်သားနဲ့။ ဒါပေမဲ့ အခုသေချာမှတ်မိသွားပါပြီ။ SMS ဆိုအစိမ်း၊ iMessage အပြာ၊ ပို့ရင်လည်းလိုင်းဖွင့်ထားရမယ် ... ဟုတ်တယ်မလား။ နောက်မဖြစ်စေရဘူးနော်"

ကားတံခါးနားအရောက် တက်ဖို့ပြန်စောင့်နေသည့် ကောင်လေးအား အနားတိုးကပ်ကာ ခပ်တိုးတိုးလေးဆိုတော့ ကြိုးတပ်မျက်မှန်အောက်မှ ဝမ်းနည်းခြင်းမျက်စောင်းကလေး ခဲပါသေးသည်။ ညီမိုးလွင်မှာ ထိုအကြည့်လေးကို အသည်းယားစွာဘဲ မှောင်ရိပ်အားကိုးဖြင့် ပါးပြင်လေးအား မွှေးကြူသည်။

သစ်ရွက်ချင်းခတ်လို့ တချွတ်ချွတ်မြည်နေသော သစ်ပင်အမှောင်ရိပ်အောက်တွင် အရိပ်လေးနှစ်ခုထပ်သွားတာ တစ်သားတည်းကျလို့။ မတွန်းဖယ်၊ မရုန်းကန်ဘဲ အလှုပ်အရှားမရှိသကဲ့သို့ ငြိမ်သက်နေကြခြင်းက တစ်လကြာခွဲထားရသော အနမ်းပန်းချင်း လွမ်းသီချင်းဖွဲ့သီနေကြတာကိုး။

"ကဲ ... ကောက်တေးလေး တက်တော့၊ ဗိုက်ဆာနေပြီမလား"

မိနစ်ပိုင်းကြာသည်အထိ ချော့မြူပြီး ကားတံခါးကို အဆင်သင့်ဖွင့်၊ စားစရာကိစ္စကိုပါ စကားလမ်းကြောင်းလွှဲတော့ တေးတေးမျက်နှာလေးက ကြည်ရွှင်သွားသည်။ ကောက်တေးလို့ စိတ်ကောက်တိုင်းခေါ်ရပေမဲ့ ပြန်ချော့ဖို့ရန်လည်း အချိန်ကြာကြာမလိုတတ်ပါ။ အချော့ခံချင်လို့ စိတ်ခဏခဏကောက်သူနှင့် ချော့မြူရတာကို သဘောကျသူချင်းမို့ ရောင်းသူ၊ ဝယ်သူအသံတူသည့် ချစ်သူနှစ်ဦးပါပဲ။

တေးတေး၏မရိုးနိုင်သောမီနူးဖြစ်သည့် ငါးကင်နှင့်ဘီယာကိုပဲ လှည်းတန်းကနေ ပတ်ဝယ်ပြီး အိမ်ပြန်ကြမယ်စိတ်ကူး၏။ ညမှောင်လာပြီပေမဲ့ ကားတွေကတော့ ပိတ်မြဲပိတ်ဆဲ။ ရှေ့နောက်၊ ဘေးဘီမကျန် ကြည့်တိုးနေရသော ညီမိုးလွင်က ကားမောင်းခြင်းကိုပဲ အာရုံစိုက်နေသလို တေးတေးကလည်း ဘေးတွင်ဖုန်းကိုပဲ သဲကြီးမဲကြီး။

"တေးပူတူး"

"ဟင်"

"အမှောင်ထဲမှာ ဖုန်းမကြည့်နဲ့လေ၊ မျက်လုံးလေးကို ခဏဖြစ်ဖြစ် အနားပေးပါလား"

စတီရင်ယာပေါ်က လက်ကိုရုတ်ပြီး ကောင်လေးပါးတစ်ဖက်ကို ညင်ညင်သာသာလှမ်းကိုင်ဖြစ်တာ ညီမိုးလွင်။ သို့ပေမဲ့ ကလေးတစ်ယောက်မှာ တကယ်ကိုအာရုံမရ။

"ခဏလေး ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပွဲဖြစ်နေတယ်။ ဇီးပင်ကြီးစစ်တမ်းဆိုပြီး ဝေဖန်ရေးသားခဲ့တဲ့ သွားဆရာဝန်ဒေါက်တာစိုးသူရဇော်ကို စွဲချက်တင်ခြင်းဆိုလား၊ ပြဿနာကတော့ ကြီးနေပြီ" 

ဗဟိုဝန်ထမ်းတက္ကသိုလ်ဆိုလျှင် အောက်မြန်မာပြည်က အရာထမ်းတွေသည် တေးတေးတို့လို ဖောင်ကြီးတွင်တက်ရပြီး အထက်မြန်မာပြည်ကဆိုလျှင်တော့ ဇီးပင်ကြီးတွင် တက်ရတာဖြစ်သည်။ အနယ်နယ်အရပ်ရပ်က ရာထူးမတူ၊ ဘာသာမတူ၊ လူမျိုးမတူသူများ စုဝေးတက်ရောက်ရတာဆိုတော့ စည်းစနစ်တင်းကြပ်သလို ပြဿနာတွေလည်းရှိဟန်တူပါ၏။

"ဘာဖြစ်ကြတာလဲ၊ ဆေးရုံမှာ ဆရာမျိုးတို့ပြောနေတာတော့ နားစွန်နားဖျားကြားလိုက်သား"

"ကိုးကိုးကလည်း ဒီလောက်ပွက်လောရိုက်နေတာ ဖေ့စ်ဘွတ်ခ်ဝင်မကြည့်ဘူးလား။ ဇီးပင်ကြီးမှာလည်း တေးတေးတို့လိုပဲ နိုင်ငံရေးသိပ္ပံဘာသာရပ်သင်တယ်လေ။ အဲဒီမှာ ဌာနမှူးပါမောက္ခတစ်ယောက်က ပြည်တွင်းငြိမ်းချမ်းရေး မအောင်မြင်ရခြင်းဟာ လက်ရှိအစိုးရက စေတနာမရှိလို့ဆိုပြီး သုံးသပ်တယ်တဲ့။ ဒါကို သင်တန်းတက်နေတဲ့ ဒေါက်တာစိုးသူရဇော်က ဝင်ဆွေးနွေးတာတဲ့။ နောက်ဆရာကကျ မိမိတို့နိုင်ငံနဲ့အမျိုးမပျောက်ဖို့ ဘာသာခြားတွေကို လက်ထပ်တာမျိုးမလုပ်ဖို့၊ ဘာသာခြားတွေဆိုင်ကို အားမပေးဖို့ စုံလို့စုံလို့ ဖေ့စ်ဘွတ်ခ်မှာ အပိုင်းတွေခွဲပြီး တင်လိုက်တာလေ။ တေးတေးဆို အဲဒီအပိုင်းသိပ်ကြိုက် ... ဝန်ထမ်းသတ်လို့ အစိုးရသေခြင်းတဲ့"

သူစိတ်ဝင်စားတာကို မခံမရပ်နိုင် တတွတ်တွတ်ပြောနေသော ကောင်လေးကိုကြည့်ရင်း ညီမိုးလွင်က ခပ်ပြုံးပြုံးလေးဖြစ်ရသည်။ ကြိုးတပ်မျက်မှန်ကို ပင့်ကာပင့်ကာတင်ရင်း လက်ဟန်ခြေဟန်လုပ်ပြောရသေးတာက တေးတေးသဘာဝတစ်ခုလို။

"အခုတော့ တခြားဆရာဝန်တွေနဲ့ ဝန်ထမ်းတွေက အဲဒီဆရာဝန်ပြောထားတာတွေ မှန်ကန်ကြောင်း လက်မှတ်ထိုးပြီး စာတွေတင်နေကြပြီ။ တေးတေးလည်း ဖောင်ကြီးမှာတက်ရလို့ပေါ့၊ ဇီးပင်ကြီးမှာအဲဆရာနဲ့အတူ တက်ရလို့ကတော့ လက်မှတ်ကိုထိုးပေးဦးမှာ။ ဘယ်နှယ့် ... လူမျိုးဘာသာမရွေး သင်တန်းလာတက်ကြတဲ့အရာထမ်းတွေကိုမှာ အားမနာ၊ သူတို့က..."

အပြောနှင့်အတူ အသည်းတယားယားဖြစ်နေသော ညီမိုးလွင်က တေးတေးမေးစေ့လေးကို အသာဆွဲယူပြီး နှုတ်ခမ်းဖျားအား စွတ်စွတ်ရွတ်ရွတ်လေး နမ်းရှိုက်လိုက်သည်။ နှုတ်ခမ်းတလန်ပန်းတလန်ပြောနေသော ကောင်လေးခမျာ ကြောင်အမ်းအမ်းနှင့် တိတ်ကျသွားလေတော့၏။

မပြေနိုင်သေးသောအလွမ်းတွေက အနမ်းတွေနှင့်မှ ဖြေသိမ့်လို့ရနိုင်တာ သည်ကလေးတစ်ယောက် သိပါလေစ။

💙🤍💙

🌟 HAPPIEST BIRTHDAY TO YOU, KOE KOE!! ဘယ်ကမ္ဘာ၊ ဘယ်ဒေသမှာပဲ တည်ရှိနေပါစေ ... တေးတေးအနားမှာရှိနေရင် အခက်အခဲတွေ၊ ရင်နာဖွယ်အတိတ်တွေအားလုံးကို ကောင်းကောင်းကျော်ဖြတ်နေနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကိုးကိုးက အသက်၃၆နှစ်ပြည့်သွားလည်း ချောဆဲခန့်ဆဲပဲနော်။ နောက်ထပ်နှစ်တွေအများကြီးကြာတဲ့အထိလည်း သည်ညီတွေ၊ ညီမတွေကို စိတ်ဓာတ်ခွန်အားပေးပေးပါ၊ အနားမှာလည်း မြတ်နိုးရတဲ့စိတ္တဇနာမ်လေးအဖြစ် ရှိနေပေးပါဦးနော်။ ချစ်တယ် ကိုးကိုး 🌟

တေးတေးမွေးနေ့က မနက်ဖြန် အောက်တိုဘာ၂၂ ရက်နေ့ ဆက်တိုက်မို့ နောက်တစ်ပိုင်း ထပ်တင်ပေးပါမယ်ရှင်။

ကိုးကိုး Chibi ပုံလေးတွေ လက်ဆောင်ဖန်တီးပေးကြတဲ့ မမနှင်းဝေစိုးနဲ့ အိတုံလေးတို့ကို ကျေးဇူးတင်ပါတယ်နော်။ မွေးနေ့အတွက် ဆုတောင်းပေးကြသူများ အားလုံးကိုလည်း ကိုးကိုးက အများကြီးချစ်ပါတယ်တဲ့။

🤍💙🤍💙🤍

Bạn đang đọc truyện trên: Truyen3h.Co