Special Extra - TayTay's BD (Unicode)
🎵 အချစ်က အဖျားဆို ...
ကုသဖို့လို ...
မင်းရဲ့အချစ်တွေဟာ ဆေးတစ်ခွက်ပါပဲ ...
ဆည်းလည်းသံတွေလို ...
ကားနောက်ခန်းမှ ခပ်ညည်းညည်းဆိုနေသော ဘုန်းလျှံမောင်အား တင်နီလာဝင်းက ခေါင်းတခါခါဖြင့် နောက်လှည့်ကြည့်သည်။ မိုးယုကတော့ မျက်မှန်လေးပင့်ကာပင့်ကာ မကျွမ်းကျင်သေးသည့် ကားမောင်းခြင်းအမှုတွင် အာရုံစိုက်ကောင်းနေဆဲ။
"အမလေး အချစ်ကပဲ ဆေးတစ်ခွက်ဖြစ်ရသေးတယ်။ စပ်တဲ့သူကလည်း စပ်တယ်၊ လိုက်ဆိုတဲ့သူကလည်း ဆိုတယ် ... အံ့ဩပါ့၊ အံ့ဩပါ့"
"ဟာ ... ဒါနင်တို့က အချစ်စစ်နဲ့မတွေ့သေးလို့ ဒီသီချင်းကိုနားလည်နိုင်တဲ့ ဉာဏ်ရည်ဉာဏ်စွမ်း မပြည့်ဝသေးတာ၊ အတွေးအခေါ် လိုတာပေါ့ဟာ။ ဒါနဲ့နင်တို့ကရော ကျောင်းတောင်ပြီးနေပြီ၊ ကြိုက်မဲ့သူမရှိသေးဘူးလား"
တင်နီလာဝင်းနှင့်မိုးယုတို့နှစ်ယောက်သည် ပိတ်ရက်မှာ မတွေ့တာကြာပြီဖြစ်သည့် သူတို့သူငယ်ချင်းကို တကူးတကလာတွေ့ကြတာပေမဲ့ ကားချောဆွဲခံရသည်။ ရည်းစားအတွက် မွေးနေ့လက်ဆောင်ဝယ်ပေးချင်တာကို လိုက်ပါရမီဖြည့်ရသည်။ ကိတ်ကလည်း နှစ်ယောက်စာလှလှကလေး မှာပေးထားရသေးသည်။ ပြီးလျှင် စကားကကောင်းကောင်းအပြောမခံရ၊ ရည်းစားမရှိကြသေးသည့် နှစ်ယောက်စလုံးကို ကြိုက်မဲ့သူမရှိသေးဘူးလားမေးတော့ အနာပေါ်တုတ်ကျသလို တင်နီလာဝင်းကအရင် စပ်ပြဲပြဲနှင့် တင်းတော့၏။
"ဟဲ့ ... ရည်းစားဆိုတာ တွေ့ကရာကောက်ထားရင် ရှိဖို့အလွယ်လေးပဲ။ ငါတို့က အမျှော်အမြင်ကြီးတယ်ဟဲ့။ ယောကျ်ားတစ်ယောက်နဲ့ စကားစပြောဖို့ အသာထား၊ Friend request လာအပ်ပါပြီဆိုကတည်းက သူဟာ ဟိုးအနာဂတ်ခင်ပွန်းလောင်းတစ်ယောက် ဖြစ်လာနိုင်၊ မဖြစ်လာနိုင်ထိ ရေရှည်တွေးပြီး လက်ခံရတာ။ ဒါတွေနင်နားမလည်ပါဘူး ... နော့ မိုးယုရယ်"
"ဟင် ... အင်း၊ ငါတော့ Friend request တောင် မဝင်တာကြာပြီ"
သူငယ်ချင်းမနှစ်ယောက်၏ အပြောကို ဘုန်းလျှံမောင်က လက်လန်တယ်ဆိုသည့်သဘောဖြင့် ပါးစပ်အဟောင်းသားလေး ကြည့်သည်။ သူ့ခမျာလည်း ကိတ်ပုံးကြီးတစ်ဖက်၊ ဝယ်လာသည့်လက်ဆောင်တွေတစ်ဖက်ထိန်းရင်း အိမ်အပြန်လေးပဲ သူငယ်ချင်းတွေနှင့် စကားပြောရတာဖြစ်သည်။ အချိန်ကလည်းမရှိတော့ ကိုးကိုးအပြင်ဆေးခန်းကို နေ့ပိုင်းသွားထိုင်တုန်း သူတို့အဖော်လုပ်ထွက်ရသည်မလား။ ထူးထွေလည်း စနောက်မနေချင်တော့တာမို့၊
"ရည်းစားမရှိလည်း နင်တို့ဘာသာ အချင်းချင်းဖေးမကြပေါ့ဟာ။ ဖောက်ပြန်တဲ့ယောကျ်ားတွေကြောင့် အသည်းကွဲနေတာထက်စာရင် ဒီလိုနေတာကောင်းပါတယ်။ ဒါနဲ့ နင်တို့အလုပ်တွေရော အဆင်ပြေကြလား။ Aesthetic Clinic နော်၊ Surgery တွေရောပါမှာလား"
"လောလောဆယ်တော့ စီနီယာတွေဆီက လေ့လာတုန်း၊ သင်ယူနေတုန်းပေါ့ဟာ။ Aesthetic ပိုင်းက ထင်သလောက်တော့လည်း မလွယ်ဘူး၊ ကျယ်ပြန့်တယ်ဟ"
မိုးယုက သူ့ထုံးစံအတိုင်း ခပ်ညည်းညည်းလေးဆိုသည်။ ဒါကို တင်နီလာဝင်းက အားမလိုအားမရဖြင့်၊
"ဒါပေမဲ့ မိုးယု ... ငါတို့ပိုက်ဆံစုမိလာရင် နိုင်ငံခြားကို သေချာပေါက်သွားမယ်နော်၊ Surgery လိုင်းပါရအောင်လိုက်မယ်။ ဆရာလည်း ခွင့်ပြုမှာပါ"
တင်နီလာဝင်းအပြောကို မိုးယုက ကားမောင်းရင်း ခေါင်းတဆတ်ဆတ်ညိတ်သည်။ မိန်းကလေးတွေဆိုတော့လည်း ဘုန်းလျှံတို့လို ကိုယ်တွင်းအင်္ဂါခွဲရစိတ်ရသည့်အပိုင်းတွေကို စိတ်ဝင်စားကြပုံမပေါ်။ ခန္ဓာကိုယ်အရေပြား၊ အရေးအကြောင်းနှင့် အိုမင်းရင့်ရော်မှုကို တတ်နိုင်သမျှထိန်းပေးနိုင်သည့် Aesthetic Field ကို ပိုအာရုံရကြသည်။ အခုခေတ်ကလည်း ဒါကိုကခေတ်ရေစီးကြောင်းတစ်ခုလို ဖြစ်နေပြီထင်ပါရဲ့။
ဘယ်လိုပဲဖြစ်ဖြစ် ဘုန်းလျှံမောင်သည် သူငယ်ချင်းမနှစ်ယောက် အချင်းချင်း အဖော်ရနေတာကြည့်ပြီး တပြုံးပြုံးနှင့် စိတ်ချမိရပြန်ပါ၏။
................
🎵 နံပါတ်တစ် နင် လာမိတ်ဖွဲ့မယ် ...
နံပါတ်နှစ် ဒီလိုနဲ့အဆင့်တက် ...
နံပါတ်သုံး နင် ချစ်စကားပြောပြီ ...
မူရမှာပေါ့ ...
'ဟီး ... ငါတော့မမူခဲ့ပါဘူး၊ တစ်ခါတည်းခေါင်းညိတ်လိုက်တော့ တန်းနမ်းခံရတာပဲ'
ဘုန်းလျှံမောင်သည် တစ်နေကုန် နှုတ်ထဲစွဲနေခဲ့သည့်သီချင်းကို ညထိတိုင်အောင်လည်း တညည်းညည်းဆိုတုန်း။ သည်လိုဆိုရုံမက သင်္ကြန်အတက်နေ့တုန်းက ချစ်သူကို အဖြေပြန်ပေးပုံတွေကိုလည်း တစ်ယောက်တည်းအမှတ်ရရင်း ပြန်ပြောနေမိသေးသည်။ ရေချိုးနေသည့်ကိုးကိုးသာ ထွက်လာရင်တော့ သည်ကောင်လေး တစ်ယောက်တည်းစကားတွေ ပြောနေပြန်ပြီဆိုပြီး စနေဦးမယ်ထင်ပါရဲ့။
စားပွဲပေါ်တွင် တေးတေး အသင့်ပြင်ထားသော မွေးနေ့ကိတ်အဖြူလေးက သူ့အမြင့်အာရုံတွင် ရှင်းသန့်နေသည်။ တင်နီလာဝင်း အကြံကောင်းမှုကြောင့် ကိတ်အဖြူပေါ်တွင် အပြာရောင်ခွဲစိတ်ဝတ်စုံလေးတွေနှင့် ဆရာဝန်နှစ်ယောက်ပုံက ထင်ထင်ရှားရှား ချစ်စရာကောင်းနေသေးတာ။ ကိတ်ခွဲပြီးလျှင်စားဖို့ ဘီယာဆိုင်က လှမ်းမှာထားသော အကင်စုံလည်းရောက်ပြီ။ ဝိုင်ပုလင်းလည်း ထုတ်ထားပြီးပြီဆိုတော့ ကိုးကိုး ရေချိုးပြီးတာနှင့် မွေးနေ့ပွဲကို စလိုက်ကြရုံရှိ၏။
မနေ့ကတည်းက ကိုးကိုးမွေးနေ့ပေမဲ့ တေးတေးမွေးနေ့ကျမှ နှစ်ယောက်ပေါင်းလုပ်ဖြစ်ကြတာ မနှစ်ကလိုပါပဲ။ မွေးနေ့လက်ဆောင်ကိုလည်း သည်လိုနေ့မှလှယ်ဖြစ်ကြသည်။ တကယ်ဆို ကိုးကိုးက သူ့အတွက်လက်ဆောင်ဝယ်ပေးလျှင် သိပ်မကြိုက်တတ်ပေ။ ကလေးတစ်ယောက်မုန့်ဖိုးထဲက လက်ဆောင်မယူချင်ပါဘူးတဲ့။ တေးတေး စိတ်ကောက်ပြလို့သာ လက်ခံတတ်တာ။
တွေးနေခိုက် အားသွင်းထားသော ကိုးကိုးဖုန်းသံက တတီတီမြည်လာလေသည်။ ဘုန်းလျှံ အပြေးအလွှားထကြည့်တော့၊
"ဟင် ... ဟိုဆရာမ"
"ဘယ်ဆရာမလဲ"
အချိန်ကိုက်ရေချိုးခန်းထဲက ထွက်လာသောကိုးကိုးက ဖြူဖွေးဖွေးရင်ပြင်ကျယ်ကို တဘက်ညိုဖြင့်သုတ်ရင်း လျှောက်လှမ်းလာသည်။ တေးတေးမှာ ဖုန်းကိုပေးမကိုင်ချင်သော်လည်း လာယူနေတာမို့ လက်ထဲထိုးထည့်ပေးလိုက်ရ၏။ သို့သော် ရိုးရိုးတော့မဟုတ်၊ ကိုယ်ပါကြားရအောင် Speaker ဖွင့်ပြီးမှ ထည့်ပေးလိုက်တာ။ ဒါကိုကိုးကိုးကတော့ တေးတေးလုပ်ရပ်ကို မျက်ခုံးလေးပင့်ကြည့်ပြီးမှ ဖုန်းကိုဖြေလိုက်တာဖြစ်သည်။
"ဟဲလို"
ညီမိုးလွင်မှာ တေးတေးလုပ်ရပ်ကို မျက်ခုံးပင့်ကြည့်ရင်း ဖုန်းဖြေလိုက်သည်။ ဒါကို အားမရသေးသော တေးတေးကတော့ တဘက်စကိုယူပြီး ရေသုတ်ပေးသလိုလို၊ ဘာလိုလိုဖြင့် ဘာပြောကြမလဲနားထောင်ဖို့ ကိုးကိုးနား ရစ်သီရစ်သီ။
"ဆရာညီ ပီဇာတွေမှာထားပေးခဲ့တာဆို။ မနေ့က မွေးနေ့မှန်းလည်းမသိတော့ ဘာမှတောင်လက်ဆောင် စီစဉ်မပေးလိုက်ရဘူး။ အခုအငယ်လေးတွေပြောမှသိတယ်"
ထိုဆရာမ၏ ရယ်ရွှန်းဖတ်ရွှန်းပြောသံကို တေးတေးကြားတော့ နှုတ်ခမ်းလှုပ်ရုံလှုပ်ပြီး ပွစိပွစိနှင့် သံယောင်လိုက်ပြောမိသည်။ တကယ်ကတော့ အပိုလုပ်ပြောနေပါတယ်ဆိုတာ ရွယ်ကိုးချင်သည့်သဘော။ ဒါကို ကိုးကိုးမြင်တော့ ရေစိုလက်စလက်ချောင်းတို့ဖြင့် တေးတေးပါးကိုဖျစ်ညှစ်လိုက်သေးသည်။
"ရပါတယ်၊ ပီဇာတွေလောက်ငကြရဲ့လား၊ ဒီနေ့မလာဖြစ်တော့ ဆရာမျိုးကိုပဲ ကျွန်တော်ကြည့်စီစဉ်ပေးဖို့ မှာလိုက်ရတာ"
"လောက်ငပါတယ် ဆရာညီရဲ့။ Happy Birthday ပါနော်၊ လူပျိုကြီးဘဝက အမြန်ကျွတ်ပါစေလို့ အားလုံးဆုတောင်းပေးနေကြပြီ"
"ဟား ကျေးဇူးပါဗျာ"
"ဟုတ်ကဲ့ ဆရာညီ၊ ဒါဆိုဖုန်းချလိုက်တော့မယ်နော်"
"ဟုတ်ကဲ့ပါ"
ဖုန်းချသွားတော့ လိုရာကိုနားထောင်ပြီးသွားသော တေးတေးမှာ တဘတ်စကို ကိုးကိုးပုခုံးပေါ်ပြန်တင်ပြီး လှည့်ထွက်သွားသည်။ မျက်နှာလေးကလည်း စူပုတ်ပုတ်ဆိုတော့ ကိုးကိုးက မျက်မှောင်ကြုတ်ပြီး တေးတေးရင်ဘတ်အရှေ့ဆီလက်ဝင်ကာ လှမ်းဖမ်းထားလိုက်၏။
"အဲဒါကဘာဖြစ်တာလဲ"
"ဘာမှမဖြစ်ဘူး"
"တစ်ခါပဲထပ်မေးမယ်၊ ဘာဖြစ်တာလဲ သေချာပြော"
ရေချိုးပြီးစ အေးစက်နေသော ကိုးကိုးပါးပြင်သည် တေးတေးညာဖက်ပါးပြင်ဆီသို့ ရွတ်တိရွတ်ထိုး တိုးဝင်ရင်းဆိုလာသည်။ မေးစေ့လေးကိုပါ ပုခုံးပေါ်တင်လိုက်တာ ပင်လယ်ရေအောက် ကျောက်စူးချလိုက်သလို။
ကိုးကိုးကို သူ ခဏခဏစိတ်ကောက်လို့ရတာမှန်ပေမဲ့ ဘာမှမပြောဘဲကောက်ရင်တော့လည်း ကိုးကိုးကကြိုက်တာမဟုတ်။ တစ်ခွန်း၊ နှစ်ခွန်းနဲ့မှမေးလို့မရရင် မာန်ချင်သည်။ ပြောလိုက်ရင်တော့လည်း အကျိုးသင့်အကြောင်းသင့် ဖြေရှင်းပေးပါ၏။ ဒါမို့ ညည်းညူသံတိုးတိုးဖြင့်၊
"သဝန်တိုနေလိို့ပေါ့။ နည်းနည်းတော့ ကလေးဆန်ပေမဲ့ ကိုးကိုးကိုချစ်လွန်းလို့ ဒီစိတ်ကို ထိန်းလို့လည်းမရဘူး။ တေးတေးမှာ ဖောင်ကြီးရောက်နေကတည်းက ဘယ်လောက်စိတ်မောရတယ်မှတ်လဲ။ ဆရာညီ၊ ဆရာညီဆိုပြီး အပြုံးချိုချိုနဲ့ ကြာပစ်တတ်တဲ့ ဣတ္ထိယမိန်းမတွေ လန့်ရတာတစ်မျိုး၊ တေးတေး ဟောက်စ်ဆာဂျင်ဘဝတုန်းက ကိုးကိုးကို ခိုးကြိုက်ခဲ့သလို ကြိတ်ကြံနေတဲ့ကောင်တွေလည်းရှိမှာပဲဆိုပြီး ပုရိသယောကျ်ားတွေပါ စိတ်မချရတာတစ်မျိုးနဲ့။ အဲဒါတွေတွေးမိရင် သင်တန်းကိုဆက်မတက်ချင်ဘူး၊ ရန်ကုန်ပြန်လာချင်တာ။ ဒါငါ့လူကြီး၊ ငါ့အပိုင်နော်ဆိုပြီး ဘေးနားကနေ ကပ်လိုက်နေချင်တာ"
"ဖြစ်ရပြန်ပြီကွာ၊ ကိုးကိုး ဘာမှ..."
"သိတယ်၊ သိတယ်။ ကိုးကိုး ဘာမှမလုပ်မှန်း၊ တေးတေးကိုပဲချစ်မှန်း သိပါတယ်။ ယုံလည်းယုံပါတယ်။ ဒါပေမဲ့ မရဘူး။ သူများတွေက ကိုးကိုးကို လူပျိုကြီးဆိုပြီး လာ,လာကြိုက်နေကြတာကို စိတ်ထဲအူတိုတာ။ ခုနကလို လူပျိုကြီးဘဝကျွတ်ပါစေဘာညာနဲ့ ကိုယ့်ဘက်ကိုယ်ယက် ဆုတောင်းပေးတာမျိုးတွေလည်း သဘောမကျဘူး။ တစ်ဌာနထဲနေလည်း ကိုးကိုးကို ကြည့်လည်းမကြည့်နဲ့၊ စလည်းမစနဲ့၊ ကြိုက်လည်းမကြိုက်နဲ့"
"ဖြူသီက မကြိုက်ပါဘူး၊ တေးတေးနဲ့ကိစ္စလည်း ရိပ်မိမှာပါ"
ထိုဆရာမက ပြောင်းလာတာမကြာသေးတော့ တေးတေးနှင့်ကိစ္စကို သိသလား၊ မသိသလားလည်းတော့ တေးတေး အတပ်မပြောတတ်ပါချေ။ သို့ပေမဲ့ သူနာပြုဆရာမလေးက တေးတေးကို သတင်းလှမ်းပေးတတ်တော့ ရိပ်ဖမ်းသံဖမ်းတော့ သိရသည်။
"တော်ရုံလူတွေ မသိလောက်ပါဘူး။ YGH မှာက လွန်ခဲ့တဲ့တစ်နှစ်လောက်ကပဲ ကိုးကိုးနဲ့တေးတေးအကြောင်း ကောလာဟလထွက်ဖူးတာ။ အတိအလင်း ဟုတ်တယ်၊ မဟုတ်ဘူးလည်း ကိုးကိုးကမဖြေတော့ ရည်းစားမရှိဘူးပဲထင်နေကြမှာပေါ့။ အဲဒါမို့ အပြင်မှာရော၊ ဖေ့စ်ဘွတ်ခ်မှာပါ လူပျိုကြီး၊ လူပျိုကြီးနဲ့ခေါ်ပြီး ပိုင်ရှင်မရှိသေးဘူးလား၊ မယူသေးဘူးလားဆိုပြီး စနေကြတာ။ အိမ်ထဲမှာ တေးတေးနဲ့ညားနေတာကျ ဘယ်သူမှမသိကြဘူး"
"ဟောဗျာ ... ဟောဗျာ၊ ဘယ်လိုတွေတောင် ပြောရဲနေတာလဲ တေးလေးရာ"
ညီမိုးလွင်က တအံတဩဖြင့် မပြောရဲတာမရှိသော ကောင်လေးအား သူ့ဖက်လှည့်စေလိုက်သည်။
"ဆေးရုံဆေးခန်းအသိုင်းအဝိုင်းက လူတွေကို အတိအလင်းမပြောဘူးဆိုတာက တေးတေးတက်လမ်းကို ကိုယ်ကပိတ်မိသလို ဖြစ်မှာစိုးရိမ်လို့လေ။ သိတဲ့အတိုင်းပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လောက်ပဲ အမြင်ကျယ်ကြပါပြီပြောပြော ဂေးပါဆိုရင် တစ်ထစ်ချပြီး နှိမ်ချင်ကြမျိုးရှိတယ်လေ။ ကိုယ်က တေးတေးနဲ့ဖြစ်နေပါတယ်..."
"ညားနေကြတာပါဆို၊ ဘာလဲ ညားမနေလို့လား"
"အင်းပါ၊ ညား ... ညားပါတယ်"
သည်စကားလုံးလေးကိုပဲ တေးတေးက အသားယူကာ မော့ကြည့်မေးတော့ ညီမိုးလွင်က ဝန်ခံရခက်၊ ပြောရခက်ဖြင့် အထစ်ထစ်အငေါ့ငေါ့ ဖြေရှာသည်။ သူ့အဖို့ ခေတ်လူငယ်တွေသုံးသည့် စကားလုံးတိုင်းကို လိုက်သုံးဖို့မချင့်မရဲပါလေ။
"အင်း ဆက်ပြောတော့"
"ဟုတ်ပြီကွာ။ ကဲ တေးတေးနဲ့ညားနေကြတယ်ဆိုသိလည်း ကိုးကိုးအတွက်က ကိစ္စမရှိဘူး၊ ဘာပြောကြပြောကြ ဂရုလည်းမစိုက်ဘူး။ အခုအသိပေးဆိုရင်တောင် အကုန်လုံးကို ပြောပြလိုက်လို့ရတယ်"
"တကယ်လား၊ အကုန်လုံးကို ကြေညာပေးရဲလား"
မယုံသလို မျက်ဝန်းအကြည့်လေးက ကြိုးတပ်မျက်မှန်လေးအောက် ဇဝေဇဝါဖြစ်နေရှာသည်။
"ကဲ ... မယုံရင် မော့"
"နမ်းမလို့လား"
ရွှင်ပြုံးပြုံးလေးပြောလာသော တေးတေးက တကယ်နမ်းမည်ထင်ပြီး အပေါ်ကိုမော့ကာ နှုတ်ခမ်းကိုစူပေးလာတော့ ညီမိုးလွင်ခမျာ မျက်လုံးများကြိမ်းစပ်အောင် ရယ်ရပြန်ပါသေး၏။ မိမိနှင့်ပတ်သက်လျှင် မာနတို့၊ ချေမိုးတယ်တို့ စိုးစဉ်းမရှိဘဲ အရှိကိုအရှိတိုင်းလေး ဆက်ဆံပေးသောကောင်လေးကို ချစ်လို့လည်းမဝနိုင်ပေ။
"ဘယ်ကနမ်းရမှာလဲ တေးတေးရယ်၊ ဆယ်လ်ဖီရိုက်ပြီး တင်မလို့လေ။ အကုန်လုံးသိအောင် ကြေညာပေးရဲလားဆို"
"အာ ... ဒီလိုအင်္ကျီချွတ်ကြီးနဲ့ မသင့်တော်ပါဘူး"
"ကဲ ... ဒါဆိုလူသိအောင် ဘယ်လိုလုပ်ပေးရမလဲ ပြော။ ဟောဒီမျက်နှာတော်လေးက ခဏခဏညိုပြီး သူများတွေနဲ့စိတ်မချနေတော့ ကိုယ်လည်းစိတ်မကောင်းဘူးလေ။ စိတ်ကောက်တာက ကိုယ် ချော့နိုင်ပါတယ်၊ ဒါပေမဲ့ သံသယတစ်ခုလိုကြီးတော့ မဖြစ်စေချင်ဘူး"
ညီမိုးလွင်က စကားပြောရင်း နံဘေးရှိဆိုဖာတွင် တေးတေးကိုပါ ထိုင်စေလိုက်သည်။ ပြီးမှ လက်ဖဝါးနှစ်ဖက်ကို သေချာထွေးဆုပ်ရင်း မျက်ဝန်းချင်းဆုံကာ ပြောသည်က၊
"တေးတေး ကိုယ့်ဘဝအကြောင်းနဲ့ပတ်သက်ရင် အဆိုးအကောင်း၊ အကျိုးအကြောင်း အားလုံးသိပြီးပြီပဲ။ ကိုယ့်ဘဝမှာ မက်မောစရာ၊ တွယ်တာစရာဆိုလို့ တေးတေးကလွဲရင် ဘယ်သူမှမရှိဘူး။ ရှစ်နှစ်ကျော်ကာလလုံးလုံး အတိတ်ဆိုးထဲနစ်နေခဲ့တဲ့ကိုယ့်ကို ဆွဲထုတ်ပေးခဲ့တာ၊ စိတ်ငြိမ်းအေးအောင်၊ ရယ်မောအောင်၊ သာမန်ဘဝနဲ့ပြန်နေနိုင်အောင် လုပ်ပေးနိုင်ခဲ့တာလည်း တေးတေးပဲရှိတယ်။ တခြားဘယ်သူ့ကိုမှလည်း အစားထိုးမှာမဟုတ်သလို၊ ထွက်သွားခွင့်လည်း မပေးနိုင်ဘူး။ ဘယ်လောက်စိတ်ကောက်မလဲ၊ ကိုယ်အကြိမ်ပေါင်းများစွာ ရအောင်ချော့မယ်။ အသက်ရှင်ဆေးလေးလို အရေးပါတဲ့တေးတေးကသာ ကိုယ့်ကိုထားမသွားနဲ့။ ဒီတစ်ခါချန်ခဲ့ခံရရင် ကိုယ် သေသွားလိမ့်မယ်"
ညီမိုးလွင်၏ တိုးဖွသောတောင်းခံစကားတို့ကြောင့် တေးတေးတစ်ယောက် မျက်ရည်ပေါက်ပေါက်ကျရသည်။ ပြီးနောက် ချက်ချင်းဆိုသလိုပဲ ရင်ခွင်ဖွေးဖွေးထဲ ခေါင်းဝင်အပ်ရင်း ရင့်နင့်ဖွယ်စကားတွေဆိုခဲ့သောချစ်သူကို ကျောပြင်ဖက်ပွတ်သပ်ပြီး ဖေးမချော့ကူမိပြီ။
ထိုအချိန်မှ သူ့ကောင်လေး စိတ်မဆိုးတော့တာသေချာသွားသော ညီမိုးလွင်က တင်းထားသည့်စိတ်ကို လျှော့ချလိုက်နိုင်သည်။ ကျောက်ဆစ်ရေလို ကျရန်ခဲရင်းသည့် မျက်ရည်တစ်စက်သည်လည်း မျက်တောင်တစ်ခတ်တွင် လှိမ့်ဆင်းသွားတော့တာ လျှောခနဲ။
..................
ညက တိတ်ဆိတ်နေသည်။ မီးတစ်လုံးသာထွန်းထားသော ဧည့်ခန်းစားပွဲတွင် ဝိုင်တစ်ပုလင်း၊ ဖန်ခွက်နှစ်ခွက်နှင့် တစ်ယောက်ကိုတစ်ယောက် အမှီသဟဲပြုနေသော ချစ်သူနှစ်ယောက်။ တစ်လတာခွဲခွာထားရသော သူတို့အဖို့ တီတီတာတာ စကားတွေအများကြီးပြောပြီး အလွမ်းသယ်ကြချိန်လည်းရှိသလို အမွှေးဖွအခင်းပေါ်ထိုင်လျက် ဆိုဖာကိုကျောမှီပြီး လခြမ်းကွေးလေးကို တိတ်တဆိတ်ငေးနေကြရတာကိုလည်း သဘောကျကြသည်။
အဓိကက အတူရှိနေရင် အရာရာသဘောကျနှစ်ခြိုက်စရာပါပဲ။
မွေးနေ့ပွဲရယ်ဆိုပေမဲ့ နှစ်ယောက်သားကြည်နူးကာ ဆုတောင်းပျော်ရွှင်ကြတော့ ဧည့်သည်ရယ်လည်း မလိုကြ။ တစ်ဦးကိုတစ်ဦးကို မွေးနေ့ဆုတောင်းပေးကြပေမဲ့ နေ့ရက်တိုင်းမှာ အကောင်းတကာ့အကောင်းတွေပဲ ဖြစ်စေချင်ကြတာ နှစ်ဦးသား၏စိတ်ရင်းအမှန်ပါ။ အမှတ်တရအနေနှင့် ချစ်သက်လက်ဆောင်လှယ်ကြတော့လည်း တစ်ဦးမေတ္တာတစ်ဦးမှာ တိုးလို့သာလာကြ၏။
"ကိုးကိုး တေးတေးပေးတဲ့ရေမွှေးကို နှမြောလို့ဆိုပြီး မသုံးဘဲမနေနဲ့နော်၊ သေချာသုံးစေချင်လို့ ဒီဘရန်းကိုပဲ ရအောင်ခိုးမှားထားတာ"
"အဲလိုဈေးကြီးတာတွေ လျှောက်ဝယ်ပေးတော့ မုန့်ဖိုးတွေကုန်တာပေါ့၊ အခုဘယ်လောက်ကျန်သေးလဲ ပြော"
"ကျန်ပါသေးတယ်။ ကိုးကိုး အရင်လကပေးထားတာတောင် မသုံးရသေးဘူး။ ဒါကတေးတေးမှာရှိတာနဲ့ လက်ဆောင်ပေးတာ၊ ပိုတန်ဖိုးထား"
အရင်က တင်နီလာဝင်းကို တကူးတကမှန်းခိုင်းခဲ့ရသည့် ရေမွှေးတံဆိပ်ကို ကိုးကိုးဆီလာနေမှပဲ ဘာမှန်းသိလိုက်ရသည်။ ကိုယ်တိုင်ဆို ရေမွှေးမပြောနှင့်၊ ကာနေရှင်းတောင် ရှိတာမဟုတ်။
"ဒါဆို ကိုးကိုးလက်ဆောင်ကိုလည်း မပျောက်ပျက်စေနဲ့။ နှမြောတယ်ဆိုရင်တော့ အရေးကြီးတဲ့ပွဲတွေမှ ထုတ်သုံးပေါ့"
"ဟီး စိတ်ချ"
မထင်မှတ်ထားသော မွေးနေ့လက်ဆောင်လေးကိုကြည့်ရင်း တေးတေးက သဘောတော်ကျနေလေသည်။ တယ်လည်းဆန်းတတ်တဲ့ သူ့လူကြီး။ ကြိုးတပ်မျက်မှန်ပဲသုံးတဲ့သူ့ဖို့ ပလက်တီနမ်ကြိုးနဲ့ မျက်မှန်ကိုင်းလေး လုပ်ပေးထားသတဲ့လေ။ အစမ်းတပ်ပြီး မှန်ကြည့်တာတောင် တဖိတ်ဖိတ်လက်နေသော အဖိုးတန်ကြိုးလေးကြောင့် မယူဘူးလည်းမငြင်းနိုင်၊ ကျေးဇူးတင်စိတ်ဖြင့် ချစ်တယ်အခါခါပြောမိပြီး အာဘွားအခါခါသာ ပေးမိသည်။
"ကိုးကိုး"
"အင်း"
"ဘာလို့ဖုန်းကြီးကို အသည်းအသန်ကြည့်နေတာလဲ"
တေးတေးသည် ကြိုးတပ်မျက်မှန်လေးက တပ်လိုက်ချွတ်လိုက်လုပ်ကြည့်ပြီး အားရတော့မှ သူ့ကိုးကိုးကို အာရုံပြန်ရသည်။ ဖုန်းကြည့်နေသည့်ချစ်သူရင်ခွင်ထဲ အတင်းကာရော ပြန်တိုးဝင်တော့ အောက်တိုဘာညတွင် ခံစားမှုအထိအတွေ့က နွေးခနဲ။
"တေးတေးပဲ ဟောဒီဗိုက်လေး သိသိသာသာထွက်လာတယ်ဆို။ လူကောင်သေးရဲ့သားနဲ့ ဗိုက်ပဲထွက်လာတယ်ဆိုတော့ နည်းနည်းစိုးရိမ်လို့ Diabesity အကြောင်း သေချာရှာဖတ်နေတာ"
"Diabesity!! ဘာကြီးလဲ ကိုးကိုး။ Diabete (ဆီးချိုရောဂါ) နဲ့ Obesity (အဝလွန်ရောဂါ) ပေါင်းခေါ်ပြန်တာလား"
"အင်း"
ဆေးပညာစကားလုံးအဆန်းတွေ ပြောတတ်သောကိုးကိုးကြောင့် တစ်ခါတစ်ခါလည်း ကြောင်တောင်တောင်ရှိရတာ တေးတေးပဲဖြစ်သည်။ ပြီးလို့ လိုက်မဆွေးနွေးလျှင်လည်း မသိတာအပြစ်၊ မသိချင်တာလည်း အပြစ်ဆိုပြီးဖြစ်တော့ သိသလောက်က ပြောရသေးသည်။ ဟိုးနှစ်လလောက်ကဆို Inflammation (ရောင်ရမ်းခြင်း) နှင့် Aging (အိုမင်းရင့်ရော်ခြင်း) ပေါင်းခေါ်သော Inflammaging ကို မသိရကောင်းလားဆိုပြီး အတော်ပင်နားပူခဲ့သေးတာမလား။
"ဟင် ... မဆိုင်ပါဘူး၊ တေးတေးမှာ ဆီးချိုမရှိပါဘူးနော်"
"ဒါပေမဲ့ အချိုတွေအရမ်းစားတယ်လေ။ အခုပဲကိတ်တစ်ခြမ်းလောက် ထိုင်စားထားတာမလား။ ပြီးတော့ မဆိုင်ဘူးမပြောနဲ့၊ ဟိုတစ်နေ့က ဆရာဖြိုးဆောင်းပါးထဲမှာ အဲအကြောင်းတစ်စွန်းတစဖတ်လိုက်ရတယ်"
ကိုးကိုးဆိုသည်မှာ သူစိတ်ဝင်စားလျှင် တကယ်ကြီးထိုင်ဖတ်နေတော့မှာ တေးတေးသိသည်။ အဲလိုသာစိတ်ပါသွားပြီဆိုလျှင် ခုနကလို ချစ်ကြည်နူး၊ တစ်တီတူးဖို့နေနေသာသာ လက်ပ်တော့ကိုဖွင့်ပြီး Case study တွေ ထိုင်ဖတ်တော့မှာ သေချာနေလေပြီ။
သည်တော့ ဂျစ်တစ်တစ်လုပ်ကာ ကပ်ချွဲနေမည့်အစား မသိသာဆန္ဒပြမည့်နည်းကိုသာ ရွေးသုံးဖို့ဆုံးဖြတ်လိုက်သည်။ ဒါမို့ အခန်းထဲပြေးဝင်ကာ ဖက်လုံး၊ ခေါင်းအုံးနှင့်စောင်တို့ကို ကိုးကိုးမြင်အောင် တမင်တကာ မနိုင်မနင်းသယ်မည်။ ပြီးနောက် တစ်ဖက်အခန်းကိုကူးပြီး အိပ်ချင်ယောင်ဆောင်ရမည်ဖြစ်၏။
တေးတေးတစ်ယောက် သူ့အစီအစဉ်အတိုင်း ခေါင်းအုံးကို ခေါင်းပေါ်ရွက်သည်၊ ဖက်လုံးကိုလက်တွင်ပိုက်ပြီး စောင်အပြန့်လိုက်ကြီးကိုတော့ ကိုယ်တွင်ပတ်လိုက်၏။ ပြီးမှ တစ်ဖက်အခန်းကူးမည်အလုပ် လှည့်ထွက်လိုက်တော့ တည့်တည့်တိုးတိုက်တာ ကိုးကိုးရင်ခေါင်းနှင့်ပင်ဖြစ်သည်။
"ဒါကဘယ်လဲ"
"ဟိုဖက်ခန်း"
"ဘာကိစ္စ"
"ကိုးကိုးက ဖုန်းကိုလက်ကမချဘူးလေ၊ ထုံးစံအတိုင်း ဒီမှာ Case တွေဆက်ဖတ်တော့မှာမလား။ ဒါမို့ဟိုဖက်ခန်းသွားအိပ်မလို့၊ မီးဖွင့်ထားရင် မအိပ်တတ်ဘူး"
ဤတွင် ကိုးကိုးတစ်ယောက်က နှုတ်ခမ်းစွန်းတစ်ဖက်ကို မသိမသာချိတ်ပြုံးရင်း ကောင်လေးအနားသို့ တစ်လှမ်းချင်းတိုးကပ်လာသည်။ ခပ်ရွဲ့ရွဲ့ပြောနေခဲ့သော တေးတေးမှာတော့ အပေါ်တွင်ရွက်ထားသည့် ခေါင်းအုံးလည်းမချနိုင်၊ ဖက်လုံးလည်းမဖယ်နိုင်၊ ပတ်ထားသည့်စောင်ကလည်း ထူထူထဲထဲဆိုတော့ ပုစွန်ထုပ်ကွေးလို အနောက်သို့လိမ်ဖယ်လိမ်ဖယ် လှမ်းအဆုတ်တွင် ခြေချော်ကာ အိပ်ရာပေါ်လဲကျလေတော့၏။
"အား ကိုးကိုးဖယ်၊ ဘာလို့တက်ဖိတာလဲ"
လဲနေသူ၊ ထူပေးပါဆိုသည့်စကားနှင့်ပြောင်းပြန်၊ ညီမိုးလွင်တစ်ယောက် တေးတေးအပေါ် တက်ကာဖိတော့ စောင်ပတ်ထားသည့်ကောင်လေးခမျာ တလှုပ်လှုပ်ဖြင့် အော်လေတော့တာပါပဲ။
"အဖိခံချင်လို့ ... အဲလေ၊ ကိုယ် အာရုံစိုက်တာခံချင်လို့ အခန်းပြောင်းချင်ယောင်ဆောင်တာ မဟုတ်ဘူးလား။ အခုရောက်လာပြီ၊ ဘာလို့ဖယ်ခိုင်းတာလဲ"
ဟန်လုပ်ကာနေရသော တေးတေးက သူ့အကြံသိသွားတော့ ရှက်ရှက်နှင့် ကိုးကိုးကို တွန်းချသည်။ သို့သော် အားချင်းမမျှတော့ အပေါ်လူမှာ တုံ့တုံ့မျှမလှုပ်ပါလေ။
"ခုနတုန်းကတော့ ပစ်ထားပြီး သွားပါ၊ အနားမလာနဲ့"
"နှင်ထုတ်လည်း မသွားနိုင်ပေါင်ဗျာ။ တစ်လလုံးလုံး ညဖက်ညဖက်တွေဆို ဒီအခန်းထဲမှာ တစ်ယောက်တည်း ဘယ်လောက်အထီးကျန်နေရသလဲ။ ခဏပြန်လာတဲ့အချိန်တော့ ဘယ်အခန်းကိုမှ ပေးမလွှတ်နိုင်ဘူး သိရဲ့လား"
ညမအိပ်ခင်တိုင်း ဖုန်းပြော၊ ဗီဒီယိုကောလ်ပြောပြီးမှ အိပ်ရသည့်နေ့ရက်များတွင် လွမ်းတသသဖြစ်နေရတာ တေးတေးဖက်ကချည်း ဟုတ်ပုံမပေါ်။ ကြည်စင်နေသော ကိုးကိုးအကြည့်နှင့် ဝန်ခံသောကိုးကိုးအပြောတို့ကြောင့် အထီးကျန်နေခဲ့တယ်ဆိုတာ ခံစားမိတော့ များစွာစိတ်မကောင်းဖြစါရသေး၏။
"အဲလိုအထီးကျန်တယ်ဆိုလို့ မနေ့ညကပဲ ဖက်အိပ်ပြီးပြီလေ"
"ဟုတ်တယ်၊ မနေ့ကတော့ ပင်ပန်းနေမှာစိုးလို့ ဖက်ပဲအိပ်တာ။ ဒီညတော့..."
"ဟင် ... ကိုးကိုးနော် မရဘူး"
မျက်စောင်းလေးထိုးကာ တေးတေးပြောတော့ အသဲတယားယားဖြစ်ရသော ညီမိုးလွင်က နားသယ်စပ်လေးအား တိုးဝှေ့ကာနမ်းသည်။ ပြီးမှပြန်ပြောသည်က၊
"ဘာမရဘူးလဲ။ နေ့လယ်ကပဲ ကိုးကိုးနဲ့တေးတေးက ညားနေတာပါဆိုပြီး ဇွတ်ပြောခိုင်းတယ်လေ။ ဘာလဲ၊ ညားနေတာမဟုတ်ဘူးတော့လား"
"အင်း ညားတော့ညားနေကြတာပေါ့"
သူ့စကားနှင့်သူ ပြန်ချည်တုပ်ခံရပြီး ပြန်မဖြည်တတ်ဖြစ်နေသော ကောင်လေးအား ညီမိုးလွင်က ပွေ့ချီလိုက်သည်။ အံ့ဩမှုကြောင့် ပြူးကျယ်လာသော မျက်ဝန်းလေးအား မသိချင်ယောင်ဆောင်ပြီး ကိုယ်တွင်ပတ်ထားသော စောင်ခြုံအား တစ်ရစ်ချင်းဖယ်ခွါပေးလိုက်၏။ ငှက်ပျောဖူးကို အခွံခွါသလောက်တောင် မခက်ခဲသော်ငြား နှစ်ဦးသားရင်တွေခုန်နေတာများ ဗဟိုစည်ကြီး မြည်ဟီးသည့်နှယ်။
တေးတေးကိုယ်တွင် ချည်သားညအိပ်ဝတ်စုံ အပြာစင်းလေးသာကျန်လေတော့မှ ခေါင်းအုံးပေါ်သို့ အသာအယာပြန်ချပေးလိုက်သည်။ ပြီးမှ မျက်နှာကျက်မီးနှစ်လုံးကို ပိတ်လိုက်တာဖျတ်ခနဲ။ အချစ်ရွှန်းစိုနေသောမျက်ဝန်းတွေသာ ခပ်မှိန်မှိန်မီးဝါအောက် အမျှင်တန်းကျန်ရစ်နေခဲ့သည်။
"တေးပူတူး"
"ဟင်!"
"ခွင့်ပြုမယ်မလား"
ကောင်လေး ရှက်စနိုးတစ်ချက်ပြုံးသည်။ ပြီးနောက် ချစ်သူ့လည်တိုင်ကို လက်ဖြင့်အနားတိုးယူရင်းပြောသည်က 'ကိုးကိုးသဘော' တဲ့လေ။
မတောင်းဘဲပြုခွင့်ရသည့်အမှုပေမဲ့လည်း တောင်းတိုင်းဖြည့်သည့်ဆုလာဘ်တွေကြောင့် အကြိမ်ကြိမ်အခါခါ မဟောင်းမနွမ်း တောင်းခံနေဆဲပါပဲ။ ကိုယ်ပျိုးတဲ့ပန်း ကိုယ်ဘယ်ချိန်နမ်းနမ်းဆိုပေသိ ရနံ့မွှေးပုံချင်းမတူလေတာ ယုယတတ်သည့် ဥယျာဉ်မှူးတွေ အသိဆုံးပါပဲ။
အသက်တည်ရာရှင်ဆေးက ပန်းကလေးတစ်ပွင့်ကို အရင်းခံလာတဲ့အခါ အဲသည်ပန်းကလေးအတွက် ရေလောင်းမယ်၊ ပေါင်းသင်မယ်၊ ဘေးအန္တရာယ် အသွယ်သွယ် ကာကွယ်လို့လည်းပေးပါ့မယ်။ သည်ပန်းကလေး အမြဲလန်းသ၍ သူ့ဝိညာဉ်လည်း အမြဲချမ်းမြေ့ရှင်သန်နိုင်မှာပါပဲ။
🤍💙🤍
အောက်တိုဘာလ ၂၂ရက်နေ့မှာ မွေးဖွားခဲ့တဲ့တေးပူးတူးလေးရေ ... မွေးနေ့မှာ ကိုးကိုးနဲ့ ပျော်ရွှင်နေမယ်လို့ ယုံကြည်ပါတယ်နော်။ တေးတေးက ကိုးကိုးအတွက် အသက်ရှင်ဆေးလေးဆိုတာ သိတယ်နော်။ ကိုးကိုးအပေါ် ဂရုစိုက်ပေးပါ၊ ပိုချစ်ပေးပါ၊ တိတ်တိတ်လေးအားငယ်တတ်တဲ့ ကိုးကိုးကို တေးတေးရဲ့ဟာသတွေ၊ အကြည်ဓာတ်လေးတွေနဲ့ အမြဲပျော်ရွှင်အောင်လုပ်ပေးနော်။ မား စိတ်ချနေမယ်။ ချစ်တယ် တေးတေးလေး💙
Chibi လေးနဲ့ Calendar လေးအတွက် မမနှင်းဝေစိုးနဲ့ အိတုံလေးကို ကျေးဇူးထပ်တင်ပါရစေနော်။ Character ပုံလေးကတော့ Artist Melon Mist ဆွဲပေးထားတာပါရှင်။
စာဖတ်သူအားလုံး သင်္ကြန်မောင်လေးဖတ်ပြီး စိတ်ကြည်နူးမှုတွေ အများကြီးရကြပါစေ။ အတိတ်ဆိုးတွေရှိရင်လည်း ရုန်းထွက်နိုင်ကြပါစေ။ တေးတေးလို ချစ်စရာကောင်းတဲ့ဗီတာမင်လေးနဲ့လည်း တွေ့ဆုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်နော်။
- ချစ်တဲ့ ဖီ
🤍💙🤍💙🤍
Bạn đang đọc truyện trên: Truyen3h.Co