Unicode
မောင့်ရဲ့မော်
(၁)
ကြိမ်စားပွဲပေါ်တင်ထားတဲ့ ကလျာမဂ္ဂဇင်းစာအုပ်မှာ လေရူးကြောင့် တစ်ရွက်ပြီးတစ်ရွက်လန်နေတာ တဖျတ်ဖျတ်နဲ့။ အသင့်ဖွင့်ထားပြီးသားဆိုတော့ စာရွက်တစ်ရွက်လန်သွားတိုင်း ကိုကိုဦးနဲ့သူမရဲ့ရုပ်ပုံလွှာတွေ မူဟန်အမျိုးမျိုးနဲ့ ပြောင်းနေလေရဲ့။
ဒါတွေ မော် သေချာမမြင်ရပါဘူး။ မော့်ရဲ့အမြင်တွေဝေဝါးနေပြီ၊ မော့်ရဲ့စိတ်တွေလည်း ထွေပြားကုန်ပြီ။ ကိုကိုဦးရဲ့ရုပ်ပုံလွှာတွေထက် ကိုကိုဦး ဖြေဆိုထားတဲ့အင်တာဗျူး ခေါင်းစီးကိုပဲ မော် တွေးမိနေပါပြီ။
'ဒီနှစ်သစ်မှာ အချစ်စစ်ကို ထုတ်ဖော်ပြတော့မဲ့ အဆိုတော်ကိုကိုဦး' တဲ့။
မော် မဂ္ဂဇင်းစာအုပ်ကို ပိတ်ချပြီး မတ်တပ်ထရပ်လိုက်မိတာ ဆတ်ခနဲ။ တယ်လီဖုန်းဆက်ကြည့်ရင်တော့ သင့်လျော်တာပဲလို့ အတွေးဝင်သည်လေ။ သို့ပေမဲ့လည်း ထပြီးကာမှ သက်ပြင်းနွေးနွေးချပြီး လေးလေးပင်ပင် ထိုင်မိရပြန်၏။
ကဲ ... မိမော်ရယ် ဖုန်းဆက်မေးလို့ ကိုကိုဦးကဖြေပါပြီတဲ့၊ ရှင်ကနားထောင်ဖို့ ခံနိုင်ရည်အားရော ရှိမှာမို့လို့လား။ အဆိုတော်နှစ်ယောက်အတူ အင်တာဗျူးဖြေထားရုံမက ပရိတ်သတ်က အသည်းစွဲကြသူတွေမို့ တချို့ဆို နေနဲ့လ၊ ရွှေနဲ့မြလို့တောင် ပြောဆိုနေကြပြီ။ တယ်လီဖုန်းဆက်မေးဖို့ မော် တကယ်ပဲသတ္တိရှိရဲ့လား။
တစ်ကိုယ်တည်းအမေးထုတ်မိပြန်တော့ မော့်ညာလက်ဖဝါးလေးက ကွပ်ပျစ်ပေါ်ထောက်မိတဲ့ထိ ယိုင်နဲ့သွားလိုက်တာ။ ရင်ခုန်တတ်စအရွယ်ကစလို့ ကိုကိုဦးစိတ်နဲ့ပဲ မော် ရှင်သန်လာတာလို့များ တစ်စုံတစ်ဦးသိသွားခဲ့ရင်တော့ 'အဲသည်လောက်တောင်ရူးရလား မော်ရယ်' လို့ အပြစ်တင်စမ်းချင်ကြဦးမယ်။
တင်ကြပါတော့ကွယ် ... မော်နဲ့ကိုကိုဦးတို့ရဲ့ လေးနက်တဲ့ယှက်နွယ်မှုတွေကို မသိရင်တော့ဖြင့် အပြစ်သာမြင်ကြပါတော့။
...
(၂)
ကိုကိုဦးကို စတွေ့ဖူးတော့ မော့်အသက် ဆယ့်လေးနှစ်၊ ရှစ်တန်းအရွယ်။ ကိုကိုဦးလည်း အတန်းတူ၊ ရွယ်တူပါပဲ။ အဲသည်တုန်းက အငြိမ်းစားမယူသေးတဲ့ အထက်တန်းပြဆရာမကြီးဖြစ်တဲ့ မော်ရဲ့ကြီးကြီးဆီမှာ ကိုကိုဦးကို ကျူရှင်သင်ပြပေးဖို့ သူ့အဘွားက လာအပ်ခဲ့တာ။ ရန်ကုန်မှာသိပ်ဆိုးလွန်းလို့ စည်းကမ်းကြီးလှတဲ့သူ့အဘွားရှိရာ ပဲခူးကို လာပို့ထားတယ်ဆိုပါပဲ။
သိပ်ဆိုးတယ် ... ကိုကိုဦးဟာ သိပ်ဆိုးတယ်ဆိုတဲ့ သူ့အဘွားရဲ့စကားက တစ်စိတ်တစ်ပိုင်းတော့ မှန်ပါရဲ့။ ဒါကို မော် နောက်ပိုင်းမှသိလာတယ်၊ ကိုကိုဦးဆိုးတာဟာ အများတကာကို ဒုက္ခပေးဖို့ဆိုးတာမျိုးမဟုတ်ဘဲ စေတနာပိုပြီး ကူညီလွန်းလို့ သူ့အဆိုးဖြစ်ရပုံချည်းပါပဲ။
သူများစက်ဘီးပျက်တာမြင်ရင် သူ့စက်ဘီးပေးငှားလိုက်လို့ အိမ်အပြန်စက်ဘီးပါမလာတာမျိုး၊ သူများထမင်းမှောက်ကျလို့ သူ့ထမင်းပေးရင်း သူ့အဖို့ ဗိုက်မဝလိုက်တာမျိုး၊ သူများအနိုင်ကျင့်တာခံရလို့ လိုက်ဝင်ဆွဲရင်း သူပါရန်ပွဲထဲပါသွားတာမျိုးနဲ့ ကြုံလိုက်ရတဲ့အဖြစ်ဆိုးတွေ၊ ရှင်းလိုက်ရတဲ့ပြဿနာတွေဆိုတာ စည်းစနစ်ကြီးတဲ့ သူ့အဘွားတစ်ယောက်လည်း အနားမနေခဲ့ရပါဘူး။
တစ်ခါတရံ သူ ဆိုးလွန်းရင်တော့ မော် အချိန်ကြာကြာ စကားမပြောဘဲနေလိုက်တာပဲ။ ကိုကိုဦး ချော့ပုံချော့နည်းတွေကို မော် နှစ်သက်တာကြောင့်လည်း ပါတာပေါ့။ မော့်အလိုကိုလိုက်ရင်း ကိုကိုဦး အဆူခံ၊ အရိုက်ခံရတာတွေပါ ရှိခဲ့လေ၏။
မှတ်မိပါသေးရဲ့ ... မော်တို့ ရှစ်တန်းအရွယ် ကျောင်းတက်ရတဲ့တစ်ရက်ပေါ့။ မော်က မြို့ထဲက ဒူးမလိုင်စားရမှ စိတ်ဆိုးပြေမယ်ပြောတော့ ထမင်းစားနားချိန် ကိုကိုဦးက သူ့စက်ဘီးလေးနဲ့တင်ပြီး လိုက်ဝယ်ကျွေးရှာတယ်။ သည်လိုနဲ့ စားချင်တာသွားစားရတော့ မော်ကပျော်လို့၊ အချိန်တွေဘာတွေလည်း မေ့မောလို့။
သူတို့ပြန်လာကြတော့ ကျောင်းတံခါးပိတ်သွားပြီ။ အချိန်လည်း အတော်ကျော်နေပြီဆိုတော့ မော်ကရှူံ့မဲ့မဲ့လေး ငိုရပြီ။ ကြီးမြိုင်ကိုကြောက်တော့ အချိန်မှီစက်ဘီးနင်းမပေးတဲ့ ကိုကိုဦးကိုလည်း အပြစ်တင်တာပေါ့။
"ကဲ ဘယ်နှယ့်လုပ်မလဲ၊ အပြင်ခိုးထွက်တာ အတန်းပိုင်သိရင် ကြီးမြိုင်ပါသိတော့မယ်။ အဲဒါ နင့်ကြောင့် ကိုကိုဦး"
"နောက်ကျတဲ့ကိစ္စ ငါ့တာဝန်ထားစမ်းပါ မော်ရယ်။ မငိုနဲ့၊ မျက်ရည်စီးကြောင်းကြီးက ပါးကွက်ပေါ်စီးလာပြီ မော်ရ"
ကိုကိုဦးကတော့ မရရအောင်ချော့ပြီး တိတ်ပါမော်ရယ်ဆိုကာ အငိုတိတ်စေတယ်။ အတန်းပိုင်ကခေါ်ဆူတော့ 'ကျွန်တော် မြို့ထဲမုန့်သွားစားချင်လို့ မော့်ကိုအတင်းခေါ်သွားမိတာပါ' ဆိုပြီး သူတစ်ယောက်တည်း အတန်းပိုင်ဆီမှာ အရိုက်ခံလေရဲ့။ မျက်ရည်စီးကြောင်းကြီးနဲ့ မော့်အတွက်တော့ ကိုကိုဦးဟာ အနစ်နာခံပေးတတ်ဆုံး သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်လာခဲ့တာပေါ့။
ဒါတင်မကသေးပါဘူး။ မော် အပျိုဖော်ဝင်စ မကြုံဖူးသေးတဲ့ ဓမ္မတာစထုံလာခဲ့ချိန် အတန်းဖော်ကောင်လေးရဲ့ အလှောင်ပြောင်ကို ခံခဲ့ရတယ်။ စိတ်မြန်လက်မြန်ရှိတဲ့ ကိုကိုဦးသိတော့ အဲသည်ကောင်လေးကို ဆောင့်တွန်းလိုက်တာ အုတ်နံရံနဲ့ဆောင့်မိပြီး ခေါင်းကွဲသွားခဲ့တယ်၊ အဘွားလှခမျာ ဆေးဖိုးယူပြီး လိုက်တောင်းပန်ရသေးရဲ့။
"မော် ဘာမှရှက်စရာမလိုဘူးနော်။ မိန်းကလေးဆိုတာ ဒီလိုပဲဟ၊ မြင့်မြတ်တဲ့မိခင်လောင်းပဲလေ"
ကျောင်းအပြန် စက်ဘီးပေါ်တင်စီးရင်း ကိုကိုဦးက နှစ်သိမ့်လိုက်တာပေမဲ့ မော်ကတော့ မျက်နှာလေးရဲခနဲ။
အဲသည်အရွယ်ကတည်းက ကိုကိုဦးဟာ မော့်အပေါ် ဂရုတစိုက် အမြဲရှိတယ်၊ ညီမလေးတစ်ယောက်သဖွယ် စောင့်ရှောက်တယ်။ မိမရှိ၊ ဖမရှိ၊ မောင်ရယ်နှမရယ်မရှိတဲ့မော့်အတွက် ကိုကိုဦးဟာ အရာရာ ဖြစ်ခဲ့တာပေါ့။ အစ်ကိုတစ်ယောက်လို မှီခိုမိတယ်၊ အားကိုးမိတယ်။ အချစ်ရယ်လို့မသိခင်ကတည်းက ကိုကိုဦးကို မော် ချစ်မြတ်နိုးနေခဲ့တယ်ထင်ပါရဲ့။
....
(၃)
သည်လိုနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေဖြေပြီးတဲ့အခါမှာ မော်နဲ့ကိုကိုဦးတို့ ခွဲခွါကြရပြီ။ မော့်အတွက် သိပ်ကိုအထီးကျန်စရာကောင်းတဲ့ အချိန်တွေပါပဲ။ ပြီးခဲ့တဲ့သုံးနှစ်တာကာလအတွင်းမှာ မော်နဲ့ကိုကိုဦးခွဲခွာရတဲ့အချိန်ဆိုလို့ နွေရာသီကျောင်းပိတ်ရက်လောက်သာ ရှိခဲ့တာ။ သီတင်းကျွတ်ကျောင်းပိတ်ရက်တောင် ကိုကိုဦးက သူ့ဦးလေးဆီက အဆိုနဲ့ဂစ်တာအတီးအခတ်ကို သင်ယူဖို့ ပဲခူးမှာပဲနေတတ်မြဲ။ သို့ပေမဲ့ ဆယ်တန်းလည်းဖြေပြီးချိန်မှာတော့ ကိုကိုဦးကို သူ့အိမ်က ရန်ကုန်အပြီးပြန်ခေါ်သွားတော့တာပါပဲ။
"လတစ်လရဲ့နောက်ဆုံးအပတ်တိုင်းမှာ စာထည့်ကြမယ်နော် မော်"
ကိုကိုဦးကိုယ်တိုင် ကတိကဝတ်ထားခဲ့တာတောင် မော့်ဆီ စာတစ်စောင်မှ ရောက်မလာခဲ့ပါဘူး။ နောက်မှ အဘွားလှဆီက ကြားသိရတယ်၊ ကိုကိုဦးဟာ သူ့ဖေဖေတာဝန်ကျနေတဲ့ ကချင်ပြည်နယ်ဖက်ကို လိုက်သွားရတယ်ဆိုတာပဲ။ ဪ ... စာပို့ရခက်တဲ့ဒေသမို့ ဖြစ်မှာပါလေလို့ ဖြည့်တွေးပြီး ကိုကိုဦးကို ခွင့်လွှတ်တမ်းတလာခဲ့တာ မော်ပေါ့။
နွေနှောင်းရက်တစ်ရက်မှာတော့ မော်တို့အောင်စာရင်းတွေ ထွက်လာခဲ့ပြီ။ မော်ကရိုးရိုးအောင်ပြီး ကိုကိုဦးက ဂုဏ်ထူးနှစ်ဘာသာတဲ့။ မော်လေ သိသိချင်း ကိုကိုဦးအတွက် သိပ်ဝမ်းသာပြီး ဂုဏ်ယူတာပဲ။ ကြီးကြီးမြိုင်ကတော့ ကိုကိုဦးတောင် နှစ်ဘာသာပါတယ်၊ မော်က ရိုးရိုးပဲအောင်ရသလားဆိုပြီး ဆူပူချင်သေးရဲ့။ ဂုဏ်ထူးတွေ၊ အမှတ်တွေ ကိစ္စမရှိပါဘူး။ ကိုကိုဦးနဲ့ပြန်ဆုံဖို့သာ အဓိကလို့ မော်ကတွေးပျော်နေခဲ့တယ်။
တက္ကသိုလ်တွေလျှောက်ရတော့မယ်ဆိုတော့ ကိုကိုဦးရော ဘာတက္ကသိုလ်များလျှောက်မလဲ၊ ရန်ကုန်ပြန်ရောက်ပြီလားလို့ အဘွားလှကို မော် နေ့စဉ်ရက်ဆက်သွားမေးခဲ့တယ်။ ကြီးကြီးမြိုင်ကတော့ 'ညည်း မိန်းမသားမဟုတ်ဘူးလားအေ၊ ကိုယ် လျှောက်စရာရှိတာလျှောက်ပေါ' တဲ့။
'မိန်းမသားပေမဲ့ ကိုကိုဦးနဲ့ပတ်သက်လာရင် မျှော်လင့်စောင့်စားရုံသာ အခွင့်ရှိတဲ့မိန်းမသားပါပဲ ကြီးကြီးမြိုင်'
နောက်ဆုံးအချိန်ထိ ကိုကိုဦးဆီက သတင်းမကြားခဲ့ပါဘူး။ အချိန်မလွန်ခင်ပဲ မော့်အမှတ်နဲ့ကိုက်ညီပြီး စာတွေ၊ ကဗျာတွေလည်းလေ့လာရမဲ့ မြန်မာစာအဓိကကိုပဲ လျှောက်ဖြစ်ခဲ့တယ်။ အဘွားလှကတော့ မော့်ကိုချစ်ရှာတယ်၊ မော့်အဖြစ်ကိုလည်း သနားရှာတယ်နဲ့တူပါရဲ့။ ရန်ကုန်အိမ်က စာရရချင်း မော့်ဆီအပြေးလာပြောခဲ့တယ်။
'ကိုကိုဦး ကျောင်းဖွင့်အမှီ ရန်ကုန်ပြန်လာမယ်၊ သူ့မေမေက အင်ဂျင်နီယာတက်ဖို့ လျှောက်ပေးထားတယ်' တဲ့။
မော် ဝမ်းနည်းခဲ့တာပေါ့။ စင်စစ် အဲသည်တစ်နွေလုံး မော်လည်း ကိုကိုဦးနဲ့အတူ တက္ကသိုလ်တစ်ခုတည်းတက်ဖို့ စိတ်ကူးပေါင်းထောင်သောင်းမက ယဉ်ထားခဲ့တယ်လေ။ ကိုကိုဦးနဲ့ အရင်လို တစ်ကျောင်းထဲမတက်နိုင်တော့သလို၊ အချိန်မှီသိခဲ့ရင်တောင်မှ မော့်အမှတ်လေးနဲ့ အဲသည်ကျောင်းကို ဝင်လို့မှမရဘဲ။
...
(၄)
"ဟိတ် မော်မော် ... ပျင်းနေပြီလားကွ၊ လက်ဖက်သုပ် လာစားပါဦး"
အသစ်အဆန်းတွေနဲ့ ရန်ကုန်မြေ၊ စိမ်းသက်နေတဲ့ အဆောင်ခန်းလေးနဲ့ မရင်းနှီးတဲ့ ရွယ်တူမိန်းမငယ်တွေကြားမှာ မော်ဟာ ဝင်ဆံ့ဖို့ကြိုးစားခဲ့ရပြီ။ နေရာသစ်မှာ ရက်သတ္တပတ်လည်းပြည့်ပြီမို့ အသားကျဖို့တော့ ကောင်းနေလေ၏။
"လက်ဖက်သုပ်က အရမ်းကောင်းတာပဲ၊ ဒါထက် ဘာတွေပြောနေကြတာလဲ။ ခုနကတည်းက ရယ်နေကြတယ််၊ မော်လည်း ရယ်ချင်တာပေါ့"
"ဪ ... ဒေစီကျော့်ကို လာပိုးတဲ့အစ်ကိုကြီး အဆောင်ရှေ့ကဖြတ်အငေး ခလုတ်တိုက်လဲတယ်ဆိုလို့ တို့တွေရယ်နေကြတာကွ။ ကဲ မော်ရော ချစ်သူရှိနေပြီလား"
"ပြတင်းပေါက်ကို ကြည့်ဆွေးနေပြီဆိုတော့ ပဲခူးမှာ ချစ်ဦးသူကျန်ခဲ့ပြီထင်တယ် ဟင်းဟင်း"
လက်ဖက်သုပ်ပန်းကန်ထဲက ပဲစေ့လေးတွေကို လှန်လှောနေရင်း အလှပဂေးဒေစီကျော်ကပါ နွဲ့နွဲ့ကလေး စနောက်ပြန်တယ်။
"ချစ်သူတော့ မဟုတ်ပါဘူးကွာ၊ သူငယ်ချင်းကို အောက်မေ့နေမိလို့ပါ"
"ဒီလောက်ဆံပင်အရှည်ကြီးနဲ့ မျက်တောင်ရှည်တွေ ပင့်ကော့နေတဲ့မော့်ကို အဲသည်သူငယ်ချင်းက မချစ်ဘူးတဲ့လားကွ၊ တို့တော့မယုံနိုင်ပေါင် ... နော် ချိုရယ်"
အဆောင်နေသူငယ်ချင်းတွေ စနောက်ကျတော့ မော့်ခမျာ ချစ်ဦးသူကို အလွမ်းပိုရတာပေါ့။ ရန်ကုန်မြေကို ခြေနင်းပါပြီဆိုကတည်းက ကြီးကြီးမြိုင်ကို ပြောမိပါသေးရဲ့။ ကိုကိုဦးအိမ် အလည်သွားကြရအောင်လားဆိုတော့ 'အိုး ... ရှူပ်ရှူပ်ယှက်ယှက်' တဲ့လေ။ အဆောင်မှာသေချာအပ်ပေးပြီး ပဲခူးမပြန်ခင်တောင် အသေအချာမှာသွားသေး ... 'ညည်းကမိန်းမသားနော်၊ တစ်ယောက်တည်းသွားလည်ဖို့ စိတ်တောင်မကူးလေနဲ့' တဲ့။
ရှင်ရယ် ... မော်ပို့လိုက်တဲ့စာကို လက်ခံမှရပါပြီလား။ ခုချိန်ဆို ရန်ကုန်ပြန်ရောက်နေရောပေါ့။
စိတ်ကူးတွေနဲ့မော်ဟာ ကျောင်းသူဘဝမှာလည်း မပျော်မွေ့နိုင်ခဲ့ပါဘူး။ ကျောင်းဖွင့်ရက်တွေဆို ချိုချို၊ ဒေစီတို့နဲ့အတူ မြန်မာစာဌာနရှိရာ တောင်ငူဆောင်ဆီ အတူသွားဖြစ်ကြပေမဲ့ အတန်းပြန်ချိန်ဆိုရင်တော့ ချိုချိုတို့က အဖော်တွေနဲ့ ဦးချစ်ဆိုင် သွားထိုင်တတ်ကြပြီ။
မော်ကတော့ အဆောင်မှာခွေပြီး ကဗျာတစ်ပုဒ်ကောက်စပ်နေရတာကို သဘောကျတတ်တဲ့သူ။ တောင်ငူဆောင်အရှေ့က လမ်းလေးကို တစ်ယောက်တည်းလျှောက်ပြီး မှိုင်းအုံ့နေတဲ့သစ်ပင်အိုကြီးတွေ၊ ကံ့ကော်ပင်တွေ ကြည့်မိရုံနဲ့ မော့်အတွေးထဲမှာ စာတွေသီကုံးဖို့ပေါ်လာပြီ၊ ကတ္တရာလမ်းပေါ်ကြွေနေတဲ့ သစ်ရွက်ခြောက်တွေနင်းလျှောက်ရင်း ကဗျာတစ်ပုဒ် ဖွဲ့နွဲ့ချင်လာပြီ။
"မော်..."
ခေါင်းငုံ့လို့ အတွေးရောက်နေဆဲ မော် သိပ်ကြားချင်နေတဲ့အသံတစ်သံက ကံ့ကော်မြေမှာ ပျံ့လွင့်လာလေရဲ့။ ဘယ်သူရှိရမလဲ ... သူပဲပေါ့၊ မော်ရဲ့ကိုကိုဦးပဲပေါ့။ ကျောက်စိမ်းရောင်ပိုးပုဆိုးကွက်စိပ်နဲ့ အဖြူပေါ်အနက်စင်းပြေးတဲ့ ရှပ်လက်ရှည်ကို လက်တစ်ဝက်ခေါက်ပြီး ဝတ်ထားတဲ့ မော့်ငယ်ချစ်ဦး။
အတော်လည်း ပြောင်းလဲသွားပါလားကွယ်။ အရင်က မော့်ထက်အနည်းငယ်ပဲရှည်သယောင်ရှိတဲ့အရပ်က မြင့်မားသွားလိုက်တာ၊ မေးရိုးတွေ ပိုချွန်လာသယောင်ရှိပြီး ရင်အုပ်နဲ့လက်မောင်းကြွက်သွားတွေမှာ ထွားကျိုင်းလာလိုက်တာ။ အနီရောင်ကချင်လွယ်အိတ်ကိုပါ ရစ်သိုင်းထားတော့ ကိုကိုဦးဟာ တကယ့်တက္ကသိုလ်ကျောင်းသားကြီးဟန်နဲ့ပါပဲလား။
"စာလည်းမရေး၊ တယ်လီဖုန်းလည်းမဆက်နဲ့ ရှာလိုက်ရတာ မော်ရယ်"
"စာရေးပါတယ်ကွယ်၊ မရောက်လာဘူးလား။ တယ်လီဖုန်းကတော့ မဆက်ဝံ့လို့ပါ ... အခုဘယ်ကဘယ်လိုသိပြီး ရောက်လာတာလဲ။ ရန်ကုန်ပြန်ရောက်တာရော ကြာပြီလား"
"ပြီးခဲ့တဲ့အပတ်ကပဲ ရောက်တာဟ။ ရောက်ရောက်ချင်း အိမ်မှာစာရောက်လားမေးတော့ ဘာစာမှမရောက်ဘူးဆိုလို့ အဘွားလှဆီ တယ်လီဖုန်းဆက်မေးလိုက်တာ။ မော် မြန်မာစာယူထားတယ်၊ ကျောင်းတက်ဖို့သွားပြီလို့ပြောတယ်"
ပြုံးရယ်ကာ စကားတွေ မရပ်မနားပြောရုံမက မော်နဲ့လက်တစ်ကမ်းအကွာထိ တိုးကပ်လာရှာတဲ့ ကိုကိုဦး။ မော်ရဲ့အပျော်တွေဟာ ကိုကိုဦးနဲ့ထပ်တူဖြစ်ပါရစေရဲ့။
"ဟင်း ... ပြီးခဲ့တဲ့တစ်ပတ်က သိရပြီးတော့ အခုမှ မော့်ဆီပေါ်လာတယ်ပေါ့၊ စာလည်းတစ်စောင်မှ မရေးဘူး"
"တောချောင်ထဲရောက်သွားတော့ မြို့ထဲရောက်တဲ့လဆို မေမေတို့၊ အဘွားတို့နဲ့ပေါင်းပြီး မော့်အတွက်လည်း စာထည့်ပေးပါတယ် မော်ရယ်။ အဘွားလှများ သတိမေ့သလားမသိပါဘူး။ ကဲ မော် ... မျက်နှာကြီးစူပုတ်မနေပါနဲ့၊ အခု ငါ ရန်ကုန်ပြန်ရောက်ပြီပဲဟာ"
"ဟယ် မော် ... သူငယ်ချင်းအသစ်ရနေတာပေါ့လေ"
ကိုကိုဦးအပြောတွေနားထောင်ရင်း စိတ်ကောက်ဟန်ပြုနေသော မော်က အနောက်မှ ဒေစီ့အသံကြားလိုက်ရ၍ နှုတ်ဆက်အပြုံးဖြင့် ကြိုဆိုရသည်။
"ငယ်သူငယ်ချင်းပါ၊ သူက အင်ဂျင်နီယားရီးယူထားတယ်"
"ဟင် ... တို့ကျောင်းကထင်နေတာ။ ခုနကပဲ သူ့ကိုကျောင်းသားရေးရာမှာ တွေ့ခဲ့တာလေ ... နော် ချိုချို"
မော်က နားမလည်သောမျက်လုံးလေးဖြင့် ကိုကိုဦးကို မော်ကြည့်မိသည်။ ပြုံးရိပ်သန်းနေသော ကိုကိုဦးက ညင်သာသောစကားတစ်ခွန်းကိုဆို၏။ လှိုက်လှဲရင်ဖိုခဲ့လွန်းလို့ မော့်တစ်သက် ဘယ်တော့မှမမေ့ခဲ့တဲ့စကားပါပဲ။
"မေ့သွားပြီလား မော်။ ငါတို့ကြီးရင် တက္ကသိုလ်တူတူတက်ကြမယ်လို့ ပြောထားတယ်လေ"
...
(၅)
တက္ကသိုလ်ကာလများဟာ မော် အပျော်ရွှင်ခဲ့ရဆုံးနေ့ရက်တွေဆိုလည်း မမှားပါဘူး။ မော်ချစ်တဲ့ကိုကိုဦးက ရန်ကုန်ပြန်ရောက်ရောက်ချင်း မော်ရှိရာ မြန်မာစာဌာနကို ပြောင်းရွှေ့လာဖို့ စီစဉ်နေခဲ့တယ်ဆိုပဲ။ မော်နဲ့တစ်တန်းထဲ အတူတက်ပြီး မော့်သူငယ်ချင်းတွေနဲ့ တစ်ဖွဲ့တည်းဖြစ်လာတယ်။
အရင်ကတော့ ကျောင်းသားတွေရှူပ်ပြီး အပြောင်အပြက်များတဲ့ဦးချစ်ဆိုင်မှာ မော် မထိုင်တတ်ပေမဲ့ ကိုကိုဦးပါရင်တော့ မော် ထိုင်တတ်ပြီ။ ကျောင်းအားရက်တွေဆို အဖွဲ့လိုက်ကြီး ဘိုင်စကုပ်ကြည့်တတ်ပြီ။ တချို့သူငယ်ချင်းတွေကဆို မော့်ကိုမြင်လျှင် 'ကိုကိုဦးရော မပါဘူးလား' ဟု စနောက်သလို၊ အတည်ပေါက်လည်း မေးတတ်ကြသည်ထိ တတွဲတွဲရှိတတ်၏။
"ကိုကိုဦး မနက်စောစော ဘယ်သွားမလို့ လာခေါ်တာလဲ"
"မော်ပဲ ဆူးလေးဘုရားဖူးချင်ရဲ့ဆို၊ ကျောင်းနားတုန်း တို့သွားကြမယ်လေ"
ကိုကိုဦးခေါ်ရင် မော် ဘယ်တုန်းကငြင်းဖူးလို့လဲ။ ဘတ်စ်ပဲစီးရစီးရ၊ အငှားကားနဲ့ပဲ လိုက်ရလိုက်ရ၊ အို ဘယ်သွားသွားပါ ... ကိုကိုဦးရှိရင် မော် လုံခြုံပြီ။ အဲသည်နေ့ကလည်း မော်တို့မြို့တစ်ပတ် လျှောက်လည်ကြတယ်။ ဘုရားအစုံ၊ တိရစ္ဆာန်ရုံမကျန် သွားလိုက်ကြတာ နှစ်ယောက်သား ပြန်ဖို့ဆိုတာ တစ်ခွန်းမဟခဲ့ကြဘူး။ ညနေမိုးချုပ်စပြုတော့ အဆောင်ပိတ်ချိန်အမှီ ကိုကိုဦး မော့်ကိုလိုက်ပို့ရှာ၏။
"မော် ပျော်ရဲ့လား"
"ပျော်တာပေါ့၊ မော် ဒီလိုတစ်ခါမှကြာကြာ အပြင်ထွက်မလည်ဖူးဘူး"
"ဒါဆို ရန်ကုန်မှာပဲ အမြဲနေလေ၊ တစ်သက်လုံးပျော်အောင် လိုက်ပို့ပေးမယ်။ ကဲ ... ဘယ်လိုလဲ"
အပြုံးတွေဝေဝေဆာအောင် ပြောနေသောကိုကိုဦးအား မော်က မျက်စောင်းလေးထိုးရင်း၊
"မော်က အစားလည်းကြီးတယ်နော်"
"စားဗျာ ... ငွေများများရှာမှာပေါ့ မော်ကလည်း"
သူတို့နှစ်ဦးရဲ့ ရောက်တတ်ရာရာအပြောတွေက အဓိပ္ပါယ်တစ်မျိုးတစ်မည်တွေ ဖော်ဆောင်နေတာ ကိုယ်စီသိကြပေမဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်ကျဲကျဲပါပဲ။ ပလက်ဖောင်းကျဉ်းကျဉ်းပေါ်လျှောက်တော့ ကိုကိုဦးက ကားလမ်းမဖက်၊ မော်ကတော့ အတွင်းဖက်မြက်ပြင်စပ်။ ခပ်ကျဲကျဲ မီးတိုင်မှုန်ဝါးဝါးကြောင့် လူချင်းသဲကွဲရုံသာ မြင်ကြရတော့တဲ့အချိန်ပေါ့။
"မော် မြွေပါးကင်းပါးနဲ့ မြက်ခင်းစပ်ကပ်မလျှောက်နဲ့ ... လာ"
ပြောပြောဆိုဆိုပဲ မော့်လက်ကိုဖမ်းဆုပ်လာတော့ မော် အရှက်သည်းစွာ အနည်းငယ်ရုန်းကြည့်မိတာပင်။ ဒါကိုခံစားမိတော့ ကိုကိုဦးက လမ်းလျှောက်ရပ်ကာ မော့်ကိုစောင်းငဲ့ကြည့်၏။
"ငယ်ငယ်ကတော့ စက်ဘီးကယ်ရီယာမှာထိုင်ရင် ခါးဖက်ပြီးမှလိုက်တတ်တဲ့မော်က အခုတော့ရုန်းတတ်နေပါပေါ့လား။ ဘာလဲ ... အထင်လွဲမှာစိုးတဲ့သူ ရှိနေပြီလား မော်"
"အို မရှိပါဘူး၊ ပေါက်ပေါက်ရှာရှာ"
"ဒါဆိုမရုန်းစမ်းပါနဲ့ မော်ရယ်"
မော် သူများအထင်လွဲမှာစိုးလို့ ရုန်းတာမှမဟုတ်ဘဲကွယ်။ တစ်ခါဖမ်းဆုပ်ခံရဖူးတဲ့ မော့်လက်ချောင်းတွေက နောက်များလည်း လက်တွဲဖော်ကို မျှော်တတ်နေမှာစိုးလို့ပါ။
ဒါပေသိ ညနေစောင်းလို့ အဆောင်ပြန်ပို့ချိန်တိုင်း ကားတွေစိတ်မချလို့သော်လည်းကောင်း၊ မြွေပါကင်းပါးစိတ်မချလို့သော်လည်းကောင်း အကြောင်းအမျိုးမျိုးဖြင့် မော့်လက်ကို ခပ်မြဲမြဲဆုပ်ကိုင်တတ်လာတာ ကိုကိုဦးတစ်ယောက်ပါပဲ။
...
(၆)
လမှနှစ်သို့ ကူးခဲ့ချေပြီ။ မော်တို့ မြန်မာစာဌာန၏ အာစရိယပူဇော်ပွဲမှာ အထူးပင်ပျော်စရာကောင်းလှ၏။ မော်တို့မြန်မာစာမှာတင် ရုပ်ရှင်သရုပ်ဆောင် မချစ်ချစ်ဇော်တို့၊ အခြားသောအဆိုရှင်များလည်း တက်ရောက်နေခဲ့ကြတာမို့ အာစရိယပူဇော်ပွဲဆိုလျှင် အနုပညာရှင်များအား ပွဲထုတ်ကြ၊ မော်တို့အဖွဲ့ထဲက ကိုကိုဦးတို့၊ ဒေစီတို့လို အဆိုကောင်းသူဝါသနာရှင်တွေကလည်း သီဆိုကြဖြင့် စည်ကားမြိုင်ဆိုင်လှတာပင်။
"ဟေး ဟေး ... ဌာနဖက်မှာ အောင်သိုက်နဲ့ ကိုကိုဦး စကားများကြတယ်တဲ့၊ သီချင်းလုကြတယ်ပြောတယ်"
ဦးချစ်ဆိုင်ထဲ အပြေးအလွှားဝင်လာတဲ့ ကိုအောင်ကပြောတော့ မော်တို့သူငယ်ချင်းမတွေ ထိတ်လန့်ကုန်ကြ၏။ အောင်သိုက်မှာ မော့်ကိုတွေ့လျှင် မထိတထိစနောက်ကာ ပိုးတတ်ပေမဲ့ ရန်လိုတတ်သူတော့ မဟုတ်ချေ၊ ကိုကိုဦးကတော့ အောင်သိုက်လို လူပေါ့၊ လူနောက်ကို အထင်မကြီးကြောင်း မော့်ကိုပြောဖူးသေး၏။ သို့ပေမဲ့ ဘာကြောင့်ရန်ဖြစ်ကြရလဲ မော် တွေးမရပေ။
"ထိုးကြကြိတ်ကြသေးလား၊ ဘာသီချင်းမို့ ဒီလောက်လုကြတာလဲ ကိုအောင်ရယ်"
မော့်ထက် အစိုးရိမ်လွန်နေဖွယ်ရှိသော ဒေစီက ဦးစွာအမေးထုတ်တော့ ကိုအောင်ကလည်း မသိတာမို့ အဖွဲ့လိုက်ပဲ အခမ်းအနားရှိရာဆီ ထွက်ဖြစ်ခဲ့ကြ၏။ ရောက်တော့ လူတွေများနေပြီမို့ နေရာသာအရင်ယူလိုက်ရတယ် ... ကိုကိုဦးလည်းမတွေ့၊ အောင်သိုက်လည်း မတွေ့ပါပေ။
နောက်တော့မှ ဂစ်တာတစ်လက်ဆွဲကာ စင်ပေါ်တက်လာသော ကိုကိုဦးကြောင့် ပရိတ်သတ်များ ငြိမ်ကျသွား၏။ ကိုကိုဦးဟာ ဂီတနဲ့ပတ်သက်လျှင် အဆိုရှင်တစ်ယောက်လို အရှိန်အဝါရှိတယ်လို့ မော် တင်စားလျှင် လွန်ရာကျမယ်မထင်ပါပေ။ ညအချိန်များ အဆောင်ရှေ့ဂစ်တာတီးကြလျှင် ကိုကိုဦးပါမှ ပွဲစည်ပေ၏။ ယခုလည်း အစပထမဂစ်တာသံပေးလိုက်စဉ်မှာတင် မိန်းကလေးများ လက်ခုပ်ဩဘာတီးကြလေပြီ။
အနိုင်ယူချင်တယ် အမြဲတမ်းပဲ
ကြင်နာနေချိန် စကတည်းက xx
အရာရာမှာလေ
မင်းအတွက် စွန့်ဝံ့တယ် xx
ယုံပါ မော်ရေ
ကြင်နာတာတွေ xx
ယုံနေချင်တယ်
မင်းအချစ်ကိုလေ xx
ငယ်ငယ်ရွယ်ရွယ် ကလေးဘဝက
ချစ်လာခဲ့ xx
ကိုကိုဦး၏ ဩရှရှသီချင်းသံတွင် 'မော်' ဟူသော စကားလုံးပါလာ၍ သူငယ်ချင်းတစ်သိုက်၏ အကြည့်တွေက မော့်ထံစုပြုံလာကြ၏။ အားလုံးမှာလည်း မော့်နည်းတူ သီချင်းလုရတဲ့ပြဿနာကို သိသွားသလိုရှိကြပြီ။ မော်တစ်ယောက် ရင်တသိမ့်သိမ့်ခုန်ရသလို သိပ်လည်းမျက်နှာပူရတာပေါ့။
မြင်သူတကာတွေ စွဲလမ်းလွန်းလို့
မောင်လေတကယ် စိတ်မချနိုင်ပါ xx
မြန်မြန်ဆန်ဆန် လက်ထပ်လို့ထားချင်တယ် xx
မော်ရယ်
မောင့်ရဲ့မော်
ချစ်ရတဲ့မော်
မော်မော်ရယ် xx
ကိုကိုဦးရဲ့သီချင်းသံအဆုံးမှာ လက်ခုပ်သံတွေ ညံဝေသွားခဲ့တာပါပဲ။ မော့်မှာတော့ အခမ်းအနားကအပြေးထွက်ခဲ့ရင်း လမ်းတစ်လျှောက်မှာ စဉ်းစားခဲ့ရတာ ကိုကိုဦး ဘာကြောင့်သည်သီချင်းကို ဆိုသလဲပေါ့။ မဟုတ်မှလွဲ မော့်ကိုသူလည်း... အို နောက်တော့သိရမှာပေါ့လေ။ မော် အတွေးတွေနဲ့အပျော်လွန်ကာ အဆောင်တစ်ယောက်တည်း ပြန်ခဲ့လေရဲ့။
...
(၇)
မော့်အတွေးတွေ မှားလွန်းခဲ့တယ်၊ မော့်အပျော်တွေ အလကားဖြစ်ခဲ့တယ်ဆိုတာ အာစရိယပွဲကအပြန် ဒေစီသယ်လာတဲ့သတင်းစကားတွေကြောင့်ပါပဲ။
'မော်မော်' သီချင်းကို အောင်သိုက်ကဆိုချင်လို့ ပွဲစီစဉ်သူတွေကို အရင်စာရင်းပေးထားကြောင်း၊ ဒါကိုသိတော့ အောင်သိုက်ကိုကြည့်မရတဲ့ ကိုကိုဦးက အနိုင်ယူချင်စိတ်နဲ့ အရင်လုဆိုတဲ့အကြောင်း၊ အောင်သိုက်ဆိုမဲ့အလှည့်မှာ မော်ဟာထွက်သွားပြီမို့ အောင်သိုက် မဆိုဖြစ်လိုက်ကြောင်းတွေ ပြောပြလာခဲ့တာပင်။ ကျောင်းထဲမှာလည်း 'မော်မော်' သီချင်းကြောင့် အငြင်းပွားရတဲ့ကိစ္စလည်း ပျံ့နှံ့နေလေသတဲ့။ မသိရင် မော်ကပဲ အမျိုးသားနှစ်ယောက်နဲ့ ရှူပ်ထားသလိုလို။
"သိပ်ရှက်ဖို့ကောင်းတာပဲ ဒေစီရယ်"
"အိုး ရှက်စရာမှမလိုတာ။ ကဲ မော် အောင်သိုက်ကိုချစ်သလား"
"ဟင့်အင်း"
"ဒါဖြင့် ကိုကိုဦးကိုရော"
ဖြေရခက်၊ ငြင်းရခက်သောအမေးပါပေ။ ကိုကိုဦးကလွဲလျှင် အခြားဘယ်သူ့ကိုဝန်မခံချင်တာမို့ မော် တိတိကျကျမဖြေဘဲ ခေါင်းရမ်း၍သာပြမိ၏။ သို့ပေမဲ့ မော်ရဲ့ခေါင်းတစ်ချက်ရမ်းခါမှုက ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိစေခဲ့တာကို မော် နည်းနည်းမှမရိပ်စားခဲ့မိပေ။
"အဲဒါဆို ဘာမှမပူနဲ့ မော်၊ အတင်းအဖျင်းမရှိရအောင် ဒေစီ အားလုံးကိုရှင်းပြပေးမယ်"
အဲသည်ညနေမှာပဲ ကိုကိုဦးဟာ မော့်ကိုလာခေါ်ခဲ့တယ်။ အပြင်ဝေးဝေးမသွားကြဘဲ မော်တို့တောင်ငူဆောင်ရှေ့နားက ခုံတန်းလျားမှာပဲ အတူထိုင်စေလေရဲ့။ ခပ်ဆိုင်းဆိုင်းသစ်ပင်အိုတွေရဲ့အောက် မော်နဲ့ကိုကိုဦးတို့နှစ်ယောက်မှာ တော်တော်နဲ့စကားမပြောဖြစ်ကြ။ ကိုကိုဦးကလည်း မော့်မျက်နှာအရိပ်အကဲကို ကြည့်နေခဲ့သလို မော်ကလည်း ရင်တထိတ်ထိတ်နဲ့ အမေးတွေထုတ်ချင်နေခဲ့တယ်။
"မော် စိတ်ဆိုးသလားဟင်"
"အကြောင်းစုံကို အရင်ရှင်းပြစမ်းပါဦး ကိုကိုဦးရယ်။ တကယ်ပဲ အောင်သိုက်ကိုအနိုင်လိုချင်လို့ သီချင်းလုဆိုခဲ့တာလား"
"အဲဒီသီချင်းက ငါအားကျရတဲ့ ကိုစိုးဇော်ရဲ့သီချင်းအသစ်ပါ မော်ရယ်၊ အဲဒါ မိုးထွန်းတို့အဆောင်မှာ တီးကြည့်နေတာကို အောင်သိုက်ကကြားပြီး ပွဲမှာဆိုမယ်တကဲကဲဖြစ်တာ"
"ဒါနဲ့ပဲ အနိုင်ရချင်လို့ လုဆိုလိုက်တာပေါ့"
ကိုကိုဦးအသံမှာ တိုးလျှိုးနေခဲ့သလောက် မော်ကတော့ တူညီတဲ့မေးခွန်းကိုပဲ တုန်ခါနေသောအသံဖြင့် နှစ်ခါပြန်မေးခဲ့၏။ တကယ်လို့များ ကိုကိုဦးဟာ မော့်ကိုချစ်လို့ သီဆိုတာမဟုတ်ဘဲ အောင်သိုက်ကိုအနိုင်လိုချင်လို့ ဆိုခဲ့တာများမှန်နေရင် ... မနက်က မော့်အတွေးတွေအစား မော် ရှက်ရလေပြီ။
"အနိုင်ရတာမရတာထက် မော့်ရဲ့စိတ်၊ မော့်ရဲ့သဘောထားကသာ အရေးကြီးဆုံးပါ။ ခုနကပဲ ဒေစီပြောပြလို့ မော့်ရဲ့ဖြူစင်တဲ့သံယောဇဉ်ကို သိခဲ့ရပါပြီ"
ထိုစကားကို ညှိုးငယ်စွာပြောလာသူအား မော်အကြည့်လွှဲထားရာမှ ဆတ်ခနဲကြည့်ဖြစ်ခဲ့၏။
"ငယ်ငယ်ကလို စိတ်ဆိုးပြီး မခေါ်မပြောဘဲတော့ မနေလိုက်ပါနဲ့ မော်ရယ် ... နော်။ အဲလိုစိမ်းစိမ်းကားကားလည်း မကြည့်ပါနဲ့။ သီချင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရင် တောင်းပန်တယ်ကွာ ... အများပြောစရာဖြစ်ဖို့ တကယ်မရည်ရွယ်ခဲ့တာပါ။ ရှေ့လျှောက်တော့ မော့်အတွက် သေချာဆင်ခြင်ပါ့မယ်နော်"
ကိုကိုဦး ဘာတွေပြောနေတယ်ဆိုတာ မော် နားမလည်တော့။ 'နိုင်ချင်လို့ဆိုတာမှမဟုတ်ဘဲ မော်ရယ်' လို့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောဖို့မသင့်ပေဘူးလား။ ဒေစီရဲ့ကြားစကားကိုနားယောင်ပြီး မော့်ဆီလာမဲ့လမ်းကနေ လှည့်ပြန်တော့မလို့လား။ ဒါမှမဟုတ် ကိုကိုဦးဟာ တကယ်ပဲ အနိုင်ရချင်ရုံသပ်သပ် သီချင်းကိုဆိုခဲ့တာလား။
ဖြူစင်တဲ့သံယောဇဉ်တဲ့လား ကိုကိုဦးရယ် ... မော်ကအရင် အရောင်ဆိုးခဲ့သူပါ။
...
(၈)
အဲသည်သီချင်းကိစ္စဖြစ်တဲ့နေ့ကစလို့ မော်နဲ့ကိုကိုဦးကြားမှာ မမြင်နိုင်တဲ့စည်းတစ်ခု ခြားသွားခဲ့တော့တာပါပဲ။ 'မော့်အတွက် သေချာဆင်ခြင်ပါ့မယ်နော်' လို့ ကတိထားခဲ့တဲ့ကိုကိုဦးက မော့်သိက္ခာအတွက်ပဲ တွေးပေးလို့လား၊ သူ့ကတိကိုပဲ တည်ချင်လို့လေသလား မပြောတတ်။
အခါတိုင်း မော့်အဆောင်ကို ချောင်းပေါက်မတတ်လာတတ်သူမှာ နောက်ပိုင်းတော့ တစ်ပတ်တစ်ကြိမ် လူရှင်းချိန်မှသာ လာတွေ့ခဲ့တော့၏။ တစ်ခါတရံ မော်ကြိုက်တဲ့ ဒူးမလိုင်ကို မှတ်မှတ်ရရလာပို့တာ၊ ပဲခူးပြန်စရာရှိရင် လိုက်ပို့တတ်တာကလွဲလို့ အရင်လို နှစ်ယောက်တည်း အတူလျှောက်လည်တာမျိုး နည်းပါးသွားခဲ့ပြီ။ မော့်ခမျာ ကိုကိုဦးနဲ့ဆုံဖို့ရာ စာသင်ခန်းနဲ့ သူငယ်ချင်းအဖွဲ့တွေ ဦးချစ်ဆိုင်ထိုင်ကြချိန်မှာ အခွင့်ရှိခဲ့တော့၏။ ဆုံချိန်တိုင်း ဂရုတစိုက်စောင့်ရှောက်မှုတွေ မလျော့ပါးသည့်တိုင် စည်းခြားနေသလိုရှိတဲ့အဖြစ်ကြောင့် မော် ဝမ်းနည်းမဆုံးပေ။
မော်တို့ ဂုဏ်ထူးတန်းတက်ချိန်မှာတော့ ကိုကိုဦးဟာ မော်ရှိတဲ့စာသင်ခန်းထက် ဂီတအဖွဲ့အစည်းနဲ့သာ အချိန်ကုန်နေတတ်တော့တာပါပဲ။ အဆိုပိုင်းမှာ နာမည်ကလေးရလာတော့ စာသင်ဖို့ထက် သီချင်းစပ်ဖို့၊ သီဆိုဖို့သာ လုံးပမ်းနေတော့တာပေါ့။
မော့်အတွက် အခံစားရဆုံးကိစ္စမှာ အဆိုကောင်းတဲ့ အလှပဂေးဒေစီကျော်နဲ့ မော့်ရဲ့ကိုကိုဦးတို့ နှစ်ယောက်ထဲ တတွဲတွဲဖြစ်လာခြင်းပင်။ မော် မိတ်ဆက်ပေးလို့ ခင်မင်ကြတာပေမဲ့ မော်မပါဘဲ သွားလာနေကြတာတွေ၊ တစ်ခါတရံ ဂျစ်ကားတစ်စီးထဲ အတူစီးသွားတတ်ကြတာတွေ၊ နောက် ဒေစီက အဆောင်ပြန်ရောက်လျှင် ကိုကိုဦးနဲ့ ဘယ်စတူဒီယိုသွားပြီး ဘယ်လိုသီချင်းသွင်းလာခဲ့ကြောင်း တနွဲ့တဖွဲ့ပြောပြတာတွေအား မော် ဝမ်းအနည်းရဆုံးပေ။
"မော်ရယ် ယူ့သူငယ်ချင်းကိုကိုဦးက သိပ်ရိုးတာပဲ၊ အဆိုမြူးပြီး လူပါဖရှက်ရ်ဖြစ်သွားအောင် ကိုတူးက အတင်းသောက်ခိုင်းတော့ ဒေစီ့ကိုလိုက်ပို့ရမှာမို့ မကောင်းပါဘူးတဲ့လေ။ မသိရင် ဒေစီကပဲ သူမူးတာကို အပြစ်တင်မှာကျလို့ ဟင်း"
သည်လိုစကားတွေကြားရတိုင်း မော့်အသည်းစိုင်မှာ ပိုးကောင်ထိုးသလို တဆစ်ဆစ်နာကျင်ခဲ့ရတာပေါ့။ တစ်ခါတရံ ကဗျာတွေ၊ စာတွေပဲရေးပြီး သီချင်းမဆိုတတ်ရကောင်းလားလို့ပင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ချင်စမ်းရဲ့။
သည်လိုနဲ့ မော် ခံစားခဲ့ရတဲ့ တစ်ဖက်သတ်ဇာတ်မျောကြီးမှာ ကျောင်းကြီးပြီးသွားတဲ့ထိ ဆုံးခန်းမတိုင်ခဲ့ပေ။ အစိုးရဝန်ထမ်းအလုပ်ဖြင့် ရန်ကုန်မှာဆက်နေဖို့ စိတ်ကူးခဲ့ပေမဲ့ ပင်စင်ယူပြီးဖြစ်တဲ့ ကြီးကြီးမြိုင်ရဲ့စာသင်ဝိုင်းကိုသာ ပြန်ကူဖို့ဖြစ်လာခဲ့တယ်။ မော် ပဲခူးကိုအပြီးပြန်ရပြီဆိုတော့ ထုံးစံအတိုင်း ကိုကိုဦးကပဲ ဝတ္တရားမပျက် လိုက်ပို့ပါလေရဲ့။
"မော် ငူငူငိုင်ငိုင်နဲ့ နေကောင်းရဲ့လား ... မှန်းစမ်း"
အပြန်လမ်းမှာ နဖူးစိုင်ကို လက်ဖမိုးနဲ့လာစမ်းတော့ မော် ပြုံးပြုံးကလေးပဲ ကြည့်နေဖြစ်ခဲ့ပါတယ်။
"အဖျားတော့ရှိဟန် မတူဘူး။ ပဲခူးပြန်ရောက်ရင်တော့ ကြီးကြီးမြိုင်လက်ရာတွေ အများကြီးစားပြီး ငယ်ငယ်ကလို ဝကစ်ကစ်လေးဖြစ်အောင် ပြန်လုပ်ပါ မော်ရယ်။ ဒီမယ်ကြည့် ... မော့်လက်ကောက်ဝတ်လေးတွေ ဘယ်လောက်သေးလိုက်သလဲ"
သူ့လက်ညှိုးနဲ့လက်မကို မော့်လက်ကောက်ဝတ်မှာ တိုင်းပြခဲ့သေးတာ။ မော့်ရဲ့ကိုကိုဦးက မော့်ကိုဂရုစိုက်ရှာသားပဲလို့တွေးပြီး ကြည်နူးနေရဆဲ ကိုကိုဦးက မော့်လက်ချောင်းတွေဆီ တဖြည်းဖြည်းဆုပ်ကိုင်လာခဲ့တယ်။ သို့ပေမဲ့ မျက်တောင်တစ်ခတ်စာအတွင်းမှာပဲ မော့်လက်ကို အသာအယာပြန်ချပြီး ကားကိုအာရုံစိုက်မောင်းနေခဲ့ပြန်သတဲ့။ လက်တွဲဖော်ကို အချိန်အကြာကြီး တမ်းတနေခဲ့ရှာတဲ့ မော့်လက်ချောင်းတွေခမျာ ငိုချင်ရော့မယ်။
"မော် တစ်ပတ်တစ်ကြိမ်တော့ တယ်လီဖုန်းဆက်မယ်နော်။ လိုအပ်တာရှိရင် ဒါမှမဟုတ် အကြောင်းထူးရှိရင်လည်း ငါ့ဆီအချိန်မရွေးဆက်။ ငါလည်း အားရင်အားသလို လာလည်မယ်ဟာ"
သည်ကမ္ဘာမှာ မော့်အဖို့ နားလည်ရအခက်ဆုံးလူဟာ ကိုကိုဦးပါပဲ။
ငယ်ငယ်က အဘွားလှပြောခဲ့သလို ကိုကိုဦးဟာ သိပ်ဆိုးတယ်။ မော့်ရဲ့အချစ်တွေကို ကြားစကားမဟုတ်ဘဲ ကိုယ်တိုင်ဖွေရှာမကြည့်တဲ့ ကိုကိုဦးဟာ သိပ်ဆိုးတယ်။ သူ့ရဲ့ခံစားချက်အစစ်အမှန်ကို သေချာဖွေရှာမကြည့်ဘဲ အတွေးတွေများတတ်တဲ့ ကိုကိုဦးဟာ သိပ်ဆိုးတယ်။ သူ့ကိုယ်သူထက် မော့်ဆန္ဒ၊ မော့်သိက္ခာ၊ မော့်သဘောထားဆိုပြီး အလေးပေးလွန်းတဲ့ ကိုကိုဦးဟာ သိပ်ဆိုးလွန်းတာပါပဲကွယ်။
....
(၉)
အတွေးထဲနစ်မြောနေခဲ့တာ ဘယ်လောက်ကြာသွားတယ်မသိ။ ကြိမ်စားပွဲပေါ်တင်ထားတဲ့ ကလျာမဂ္ဂဇင်းက ငြိမ်သက်လို့နေပြီ။ လေရူးသည်လည်း သူမဟုတ်သလို ဆိတ်ငြိမ်သွားပြန်၏။
မဂ္ဂဇင်းစာအုပ်ကို အားလျော့စွာကောက်ကိုင်တော့ မော် မှတ်သားထားသော စာမျက်နှာလေး။ တစ်နည်းဆိုရလျှင် မိမိခံစားချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခွင့်မရှိသော မော့်လိုမိန်းမသားတစ်ဦးရဲ့ မေတ္တာနဲ့အလွမ်းအား ကိုကိုဦးမြင်ပါစေတော့ရယ်လို့ လစဉ်ပို့ဖြစ်နေတဲ့ ကဗျာတိုလေးပေါ့။
ပျို့အလွမ်း
ဥဩပျို
ရော်ရမ်းငို ညံဖွဲ့များ
ပင်နား ထက်ဖျား။
ရွက်နုဝယ်
အိုကွယ် ခံနိုင်ဖွယ်မင့်
ပျို့လွမ်းမယ် ခံနိုင်အား
ရွက်ကြွေအလား။
- မော်
ကိုကိုဦးတစ်ယောက် 'မော်' ဟူသောကလောင်အမည်ဖြင့် ဤစာမျက်နှာလေးကို မြင်မှမြင်ပါလေစ။
ကိုကိုဦးဆီ တယ်လီဖုန်းမဆက်ဖြစ်ရင်တောင် အဘွားလှဆီမှာ စကားဦးသန်းကြည့်ရမလားမသိ။ ဒါလည်း ဟန်မကျသေး။ ကိုကိုဦးမိခင် ဒေါ်ဒေါ်မြင့်တစ်ယောက် မနက်ကပဲ တိုက်တိုက်ဆိုင်ဆိုင် အဘွားလှနေမကောင်းလို့ ရောက်နေသတဲ့။ မော်သွားဖို့ မသင့်ချေ။ အဘွားကတော့ မော့်ကို မြေးချွေးမလေးလို့ခေါ်သည်ထိ သဘောကျပေမဲ့ ဒေါ်ဒေါ်မြင့်ကတော့ မော့်ဆိုသိပ်ကြည်လင်ပုံမရပေ။
အဘွားပြောပုံအရတော့ ကိုကိုဦးဟာ အင်ဂျင်နီယာဖြစ်စေချင်တဲ့ မိခင်ဆန္ဒကိုပယ်ရှားပြီး မော်ရှိရာတက္ကသိုလ်ဆီ ပြောင်းရွှေ့ခဲ့တာမို့ စိတ်မကြည်လင်တာဖြစ်မယ်တဲ့။ အဲသည်မတိုင်ခင် ကိုကိုဦးဆီ မော်ရေးခဲ့တဲ့စာတွေနဲ့ မြစ်ကြီးနားကနေ ကိုကိုဦး မော့်ဆီရေးပေးလိုက်တဲ့စာတွေကိုလည်း ဒေါ်ဒေါ်မြင့်ကပဲ သိမ်းထားသတဲ့။
မော့်ကိုမချစ်ခင်တာ သိသာပုံတော့ အရင်လကဆုံတော့တောင် ဒေစီကျော်၏အဆိုကောင်းပုံတွေကို ချီးမွမ်းခန်းဖွင့်ပြီး ချွေးမတော်ချင်ကြောင်းတွေ ကြီးမြိုင်ကို ရယ်ရယ်မောမောပြောပြနေခဲ့တာ။ သွားလို့မဖြစ်သေးပါဘူး။ ဓားနဲ့ခွဲခံထားရပြီးတဲ့ မော့်အသည်းကို ဆားနဲ့ထပ်အသိပ်မခံချင်တော့ပြီလေ။
...
(၁၀)
တစ်ညနေလုံး မျက်ရည်အလိမ်းလိမ်းကျရင်း ဒိုင်ယာရီချရေးနေခဲ့တဲ့ မော်။ နောက်ဆုံးတော့ ထမင်းတောင်မစားနိုင်ဘဲ အိပ်မောကျသွားခဲ့တော့ ကြီးမြိုင် ဝင်ကြည့်သံကိုပဲ ကြားလိုက်ရတယ်။ စိတ်ထောင်းလို့ကိုယ်ကြေရရှာတဲ့ မော့်ခမျာတော့ မျက်လုံးမှိတ်မိတာနဲ့ မှေးခနဲပေါ့။
ဘယ်အချိန်ရှိသွားတယ်မသိ။ လူအိပ်ချိန်ပါမှ အနောက်ဖက်ခြံက မောင်တိုးတို့အုပ်စုကြောင့် မော် နိုးတစ်ဝက်နဲ့ အိပ်ပျက်ရပြန်ပြီ။သူတို့ဟာလေ ညဆို ဂစ်တာတဒေါင်ဒေါင်တီးရင်း အမြဲနှောင့်ယှက်နေကျ။ ပြီးရင် ကိုကိုဦးတီးသလို နားထောင်ကောင်းတာမျိုးလည်းမဟုတ်လို့ မော် မျက်လုံးမဖွင့်ဘဲငြူစူရင်း နားနှစ်ဖက်ကို လက်ဖဝါးနဲ့ အုပ်ထားလိုက်၏။
သို့ပေမဲ့ သိပ်မကျယ်တဲ့ခြံကပ်လျက်မို့ ဂစ်တာသံတင်မက သီချင်းဆိုညည်းသံပါ ကြားလိုက်ရချိန် မော့်မျက်လုံးများ ဖြတ်ခနဲပွင့်လာကြရလေပြီ။။
မော်ရယ် xx
နှုတ်ဖျားက ချစ်စကားလေးတွေကို
မပြောဖြစ်လို့ မပြောခဲ့ဘူးကွယ် xx
အသည်းနှလုံးက
စကားတစ်ခွန်းပြောနေတယ် xx
မော့်ကို သိပ်ချစ်တယ်တဲ့
မော့်ကို သိပ်လွမ်းတယ်တဲ့
မော့်ကို သိပ်ချစ်တယ်တဲ့ xx
ဘုရားရေ ... မော် နားကြားမှားတာမဟုတ်၊ ဆတ်ခနဲထထိုင်ကာ နားထောင်လိုက်တော့ အသံတွေပီပီပြင်ပြင် ကြားရလေပြီ။ ဒါ ကိုကိုဦးအသံ၊ မော့်နာမည်ပါအောင်ဆိုတာ ကိုကိုဦးမှ ကိုကိုဦးအစစ်ပေါ့။
မော်ရယ် xx
မော် အချိန်ကြာကြာတွေးမနေ။ လေးထောင့်မှန်ကိုအမြန်ကြည့်ကာ ပွယောင်းနေတဲ့ဆံပင်တွေကို လက်နဲ့အမြန်သပ်၊ ပုခုံးရှေ့ချစေလိုက်၏။ ပြီးတာနဲ့ ကြွေပြားစေ့ရိုက်ထားသော လှေကားတွေမှတဆင့် ခြံဝင်းထဲက ကွပ်ပျစ်ဆီ အမြန်ဆင်းခဲ့တော့တာပေါ့။
မျက်ဝန်းမှတဆင့်
အိပ်မက်ထိအောင်ပဲ xx
မော့်ကို မက်,မက်နေတယ်
မော့်ကို စွဲလမ်းနေတယ်
မော့်ကို မေ့မပြစ်နိုင်ခဲ့ xx
ကိုယ်တကယ်ချစ်ခဲ့တဲ့ မော်
ကိုယ်တကယ်မြတ်နိုးရတဲ့ မော်
အကြိမ်ကြိမ် အလျှော့ပေးရတဲ့ မော်
ဘယ်မှာနေနေ သတိရလျက်ပါ မော်် xx
လရောင်မထင်မရှားအောက်မှာ သူ့ကို မော် မြင်လိုက်ရပါပြီ။ အကြင်နာမျက်ဝန်းရိပ်တွေနဲ့ သီဆိုနေတဲ့ မော့်ရဲ့ကိုကိုဦးအစစ်ပါပဲ။ ကွပ်ပျစ်ဆီ လျှောက်လှမ်းဖို့တွန့်နေတဲ့မော့်ကိုကြည့်ပြီး မဆုံးသေးတဲ့သူ့သီချင်းကို အပြုံးတပွေ့နဲ့ သီဆိုပြန်ပါရော။
မော်ရယ် xx
မော်ရှိတဲ့ဒေသအရပ်ကို
ကိုယ် အမြဲတမ်းပဲ
အရောက်လာမယ် xx
အလွမ်းသီချင်းလေးတစ်ပုဒ်နဲ့ ညစဉ်ပဲ
မော့်ကို ချော့သိပ်ချင်တယ်
မော့်ကို တေးဖွဲ့ချင်တယ်
မော့်ကို ဆက်ချစ်နေမယ် xx
ဝမ်းသာမျက်ရည်တွေ စီးကျလာတဲ့မော့်ကိုမြင်တော့ ကိုကိုဦးက ဂစ်တာတီးနေတာရပ်ပြီး ညင်သာစွာဆိုပုံက 'လာထိုင်ပါဦး မော်ရယ်' တဲ့။ မော် လျှောက်လှမ်းသွားမိတာပေါ့။ မော့်တစ်သက် အခုလှမ်းနေတဲ့ခြေလှမ်းတွေဟာ အပေါ့ပါးဆုံး၊ အဓိပ္ပါယ်အရှိဆုံးပဲ။ ကွပ်ပျစ်မှာ ကိုကိုဦးနံဘေးဝင်ထိုင်လိုက်တော့ သူက မော့်ဖက်တိုးလာပြီး မော့်မျက်နှာကို သေချာကြည့်လေတယ်။
"မျက်နှာလေးလှည့်စမ်းပါဦး မော်ရယ်။ မျက်လုံးတွေလည်း မို့လို့ပါလား။ မောင် ထင်ထားတာထက် အများကြီးငိုထားတာပဲ မော်"
"ဟင် ... ဘယ်လို"
မော်ဟာ နားမလည်သေးတဲ့မျက်ဝန်းလေးနဲ့ မျက်တောင်နှစ်ချက်ကို ဆတ်ခနဲပုတ်ခတ်ရှာတယ်။
"ကြီးမြိုင်က မော် မဂ္ဂဇင်းဖတ်ပြီး အခန်းထဲဝင်ငိုနေတယ်၊ ထမင်းလည်းမစားဘူးဆိုပြီး ဖုန်းဆက်လို့ မောင် အပြေးလာရတာပဲ"
"အို ကြီးမြိုင်က ဘာလို့ဒီလိုဖုန်းဆက်ရတာလဲ၊ ရှက်ဖို့ကောင်းလိုက်တာ"
"မရှက်ပါနဲ့ မော်ရယ် ... ကြီးမြိုင်တို့၊ အဘွားလှတို့သာ အသိမပေးခဲ့ရင် မော့်ရဲ့ခံစားချက်အစစ်အမှန်ကို မောင် ဒီတစ်သက်သိခွင့်ရမယ်မထင်ဘူး သိရဲ့လား။ မော့်ရဲ့ဒိုင်ယာရီကို ကြီးမြိုင်ကဖတ်မိပြီး အဘွားလှကိုရင်ဖွင့်မိတယ်တဲ့။ မော့်ကို မောင်ဘယ်လောက်ချစ်တယ်ဆိုတာ သိနေတဲ့အဘွားက လှမ်းအကြောင်းလို့သာ မောင် သိရတော့တာပေါ့။ ဒါမို့ အင်တာဗျူးမေးတာနဲ့ကြုံတော့ မောင် ဖြေလိုက်တာပါကွာ"
မော်က လရောင်အောက်မှာ အလှပဆုံးမျက်စောင်းကိုထိုးတော့၊
"သွားပါ ... အခုမှ မောင်ချင်းထပ်အောင် ဘာလို့ပြောနေရသလဲ။ မယုံပါဘူး"
"ယုံပါ မော်ရယ်။ အစကတော့ သွင်းလက်စသီချင်းတစ်ပုဒ်ပြီးမှ ပဲခူးကိုလာပြီး မော့်ကိုဖွင့်ပြောမလို့ပဲ။ ခုလိုမော်ငိုနေတယ်လို့ကြားတော့ မောင် အပြေးလာခဲ့ရတာပေါ့"
မျက်တောင်မှ လက်ကျန်မျက်ရည်စတွေကို မော်ကသုတ်ရင်း ခပ်နွဲ့နွဲ့လေးဆိုလိုက်ချိန် ကိုကိုဦးလက်တစ်ဖက်ဟာလည်း မော့်ပုခုံးပေါ် အသင့်သားရစ်သိုင်းလာလေရဲ့။
"မိန်းမသားဖြစ်တဲ့မော့်မှာ သူငယ်ချင်းအဆင့်ထက်ပိုဖို့ ဘယ်လောက်စိတ်မောမောနဲ့ စောင့်ခဲ့ရသလဲ"
ခပ်တိုးတိုးပြောရင်းပဲ မော်ဟာလည်း ကိုကိုဦးပုခုံးတစ်ဖက်မှာ ဝင်နားခိုမိတာပင်။
"ခွင့်လွှတ်ပါ မော်ရယ်။ မောင်တို့ယောက်ျားများအတွက်လည်း သူငယ်ချင်းစည်းဆိုတာ ကျော်ရအခက်ဆုံးပါကွယ်။ မော်ဟာ အောင်သိုက်ကိုရော၊ မောင့်ကိုပါ ချစ်သူတစ်ယောက်အနေနဲ့ သဘောမထားနိုင်ဘူးဆိုတာ သိရတဲ့နောက် မောင့်သတ္တိတွေ အင်မတန်လျော့ပါးခဲ့ရတယ်။ မော် စိတ်ဆိုးပြီး ငယ်ငယ်ကလိုများ မခေါ်မပြောနဲ့ စိမ်းကားသွားရင်ဆိုတဲ့အတွေးတွေကြောင့် မော် မကြိုက်လောက်ဘူးထင်တဲ့ အနေအထိုင်၊ အပြောအဆိုတွေ ဆင်ခြင်ခဲ့မိတယ်။ ချစ်တဲ့အကြောင်းကို ဖွင့်မပြောတော့ဘဲ ကိုယ်မြတ်နိုးတဲ့မိန်းကလေးအနားမှာ ထာဝရရှိနေနိုင်မဲ့နည်းကိုပဲ ရွေးခဲ့မိတယ် မော်။ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ်ပေါ့"
"ကဲ ... ဒီလောက်ပဲ အလွမ်းသယ်ကြပြီး ထမင်းလေးလာစားကြပါဦးတော်။ တစ်ယောက်ကလည်း ထမင်းမစား၊ ဟင်းမစားနဲ့ငိုတယ်။ တစ်ယောက်ကလည်း ဗိုက်ဟောင်းလောင်းနဲ့ အပြေးလာတယ်။ တကတဲတော် ပြောမပြောချင်ပေါင်"
ကြီးမြိုင်ရဲ့အသံဩဩကြောင့် မော်နဲ့ကိုကိုဦးတို့ ကိုယ်ချင်းဖယ်ခွာမိကြလေရဲ့။ နောက်လှည့်ကြည့်တော့ ကြီးမြိုင်အသံပဲကြားလိုက်ရပြီး လူကိုမတွေ့တော့။
"ကောင်းခန်းမရောက်ခင် မောင့်ဆရာမကြီး ကြီးမြိုင်ကတော့ ခေါ်ပြီဗျာ။ ကဲ ဖြေပါဦး မော်ရယ် ... မောင့်ကိုချစ်ရဲ့လား"
"အိုး သိလို့ပဲ ဒီကိုအပြေးရောက်လာခဲ့တာမလားလို့"
"မော့်ဝန်ခံချက်လေးကိုကြားရမှ မောင် အမောပြေမှာပေါ့ကွယ်"
ကိုကိုဦးမှာ မော့်လက်လေးနှစ်ဖက်ကို ထွေးဆုပ်ရင်း ကြည်ကြည်နူးနူးစကားကို ဆိုဖွဲ့လေ၏။ မော်ဟာလည်း ကိိုကိုဦးအတွက် ဘာကိုမှဖုံးကွယ်ဖို့မရှိတော့တာမို့၊
"သိပ်ချစ်ပါတယ် မောင်ရယ်။ မော်ဟာ မောင့်ရဲ့မော်ပါပဲ"
...
ပြီးပါပြီ။
၁၃၊ ၃၊ ၂၀၂၃။
၁၉၈၇ ခုနှစ်ဝန်းကျင်က ကျော်ကြားခဲ့သော အဆိုရှင်ကိုစိုးဇော်၏ 'မော်မော်' နှင့် 'သတိရလျက်ပါ မော်' သီချင်းတို့အား အမှတ်တရ ထည့်သွင်းရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
သီချင်းနားဆင်နိုင်ရန်
'မော်မော်'
https://youtu.be/IkjB_0v0VQ0
'သတိရလျက်ပါ မော်'
https://youtu.be/6Cbmg6E93TY
- Fi
...
Bạn đang đọc truyện trên: Truyen3h.Co