Part - 43 (Finale)
<Unicode>
မြစ်ရေက ကမ်းနဖူးရှိမြေစိုင်တို့ကို တဒီးဒီးတိုက်စားသကဲ့သလို့ အချိန်သည်လည်း တစ်စက္ကန့်ချင်းကျော်ဖြတ်ရင်းက တရွေ့ရွေ့ ကုန်ဆုံးလာသည်။ ရာသီစက်ဝန်းသည်ပင် တစ်ပတ်ပြည့်ခဲ့ချေပြီဖြစ်၏။ နွေဦးမှ ဝဿန်ခါမိုး၊ မိုးမှတဆင့် ဟေမာန်ဆောင်းသို့။ ယခုတစ်ခါတော့ လေရူးသည့်နွေဦးကိုပင် တစ်ခေါက်ပြန်ကြိုနေလေပြီ။
ဆောင်းအကုန် နွေအကူး လေရူးတို့နှောက်သည့် တပေါင်းလရာသီ။ အဟောင်းကြွေ၍ အသစ်ဝေသည့် ကာလအပိုင်းခြားလေးတစ်ခုမျှသာ။ လမ်းတစ်လျှောက်တွင်လည်း ကြွေကျနေသော ရော်ရွက်ဝါတွေကလည်း အများသား။ လေရူးလာလျှင် ဦးတည်ရာမရှိ လွင့်ပါကြဦးမည်ဖြစ်သလို၊ အခုကဲ့သို့ သူ့ကားလေး ဖြတ်မောင်းသွားလျှင်လည်း အရှိန်ကြောင့် လွင့်စင်ကြရဦးမည်။
တစ်နှစ်ဆိုသည့်အချိန်အတွင်း ရွက်ဟောင်း၊ ရွက်သစ်တို့ အလီလီပြောင်းသလိုမျိုး ဇေယျာတို့၏ အခြေအနေတွေသည်လည်း အရင်ကနှင့်မတူ၊ အရာရာ ပြောင်းလဲလာခဲ့ပြန်သည်။ ချစ်သူဖြစ်ပြီး အချိန်ကာလအားဖြင့် သုံးနှစ်ခွဲမျှ စိတ်ရှည်ရှည် ကြိုးစားခဲ့ရသော ဇေယျာမှာ နောက်ဆုံးတော့ ခန့်ခန့်အိမ်သို့ ပြန်ဝင်၊ ထွက်ခွင့်ရခဲ့လေပြီ။ ဟိုတယ်ဖွင့်ပွဲပြီးလေကတည်းက မိဘတွေချင်းတွေ့ဆုံကြရတာ မျက်နှာပူစရာဖြစ်သော်လည်း အခုတော့တဖြည်းဖြည်း အဆင်ပြေပြေရှိလာပြီမို့ စိတ်ချမ်းသာရ၏။ တားလည်းမရသည့်အတူတူမို့ လွှတ်ထားကြတာမျိုးဖြစ်မည်။
အဖေနှစ်ယောက်လုံးက ဂေါဖ်ရိုက်ဝါသနာပါကြသူတွေမို့ ပိတ်ရက်တွေဆို အဖွဲ့ကျနေတတ်လေပြီ။ တစ်ခါတရံ ဇေယျာပင် အတူတူလိုက်ရိုက်ဖြစ်သည်။ အန်ကယ်နှင့်လည်း ရင်းနှီးချင်တာကြောင့် သူ့ခမျာ ကြိုးစားသွားရတာ အလုပ်အားလျှင်အားသလို။
သိုပေမဲ့ ဇေယျာတစ်ယောက်တည်း ကြိုးပမ်းနေခဲ့ခြင်းတော့မဟုတ်။ စစချင်းကတည်းက မိခင်ဖြစ်သူ၏ အဆူခံ၊ အငေါက်ခံကာ အိမ်နှစ်အိမ်ကြား ပေါင်းကူးပေးခဲ့သော ခန့်ခန့်သည်လည်း ခေသူမဟုတ်လှ။ ရုံးအလုပ်လေးရှိလာပြီဖြစ်ပေမဲ့ မိဘအိမ်နှင့်ယောက္ခမအိမ်ကို ချိုင့်ကြီး၊ ချိုင့်ငယ်ဆွဲကာ သံတမန်ကဲ့သို့ ကူးချည်သန်းချည်။ နှစ်အိမ်လုံးက ချစ်ရသူလေးမို့ ကြာလာတော့လည်း မဆူကြတော့ပါပေ။
သူ့ကိုယ်သူ ရင့်ကျက်လာပြီဟု ပြော,ပြောနေတတ်သည့် ထိုနှစ်ဆယ့်သုံးနှစ်သားလေးမှာ တစ်ခါတလေ နမော်နမဲ့နိုင်သေးတာမို့ ဇေယျာကတော့ အရင်လိုဆူရ၊ ထိန်းရဆဲ။ ဆူပူမိတဲ့အခါတိုင်း လူကြီးအစား အဘိုးကြီးဟုလည်း ပြောင်ပြောင်နောက်နောက် ခေါ်တတ်နေလေပြီ။ အင်းလေ ... သူ့အသက်လည်း သုံးဆယ်တောင် ကျော်လာပြီမလား။
ရွက်ကြွေတွေမြင်လို့သာ တွေးငေးရသည်။ တကယ်တော့ ဇေယျာ့ကားလေးကို အရှိန်ပြင်းပြင်းနှင့် အိမ်လေးတစ်အိမ်ဆီသို့ ဦးတည်နေမိ၏။ နာရီတကြည့်ကြည့်ဖြင့် မောင်းနေရသည်မှာ စိတ်မောလှသည်။ အကြောင်းမှာ ချစ်သူကိုယ်တော်လေးက ဖုန်းမကိုင်ဘဲ အိမ်ပြန်စိတ်ကောက်နေလေခြင်းကြောင့်ပါပဲ။ စောင့်ပါဆိုတာကို မစောင့်ဘဲ အိမ်ပြန်တယ်ဆိုတော့ အပြေးလိုက်ချော့ရတော့တာပင်။
ဇေယျာ့ခမျာ သူ့ထက်ရှစ်နှစ်ငယ်သော၊ အသက်ကွာလှသော ကလေးတစ်ယောက်ကို ချစ်မိတာမို့ အစစအရာရာတော့ သည်းခံရသည်။ စိတ်ရှည်ရသည်။ တစ်ခါတရံ ဆုံးမရသည်။ ချစ်သူလေးမှာတော့ သူ အလိုလိုက်သမျှ ဆိုးလာတော့တာပါပဲ။ တွေ့စကတည်းက ဂျစ်ကန်ကန်မာနခဲလေးပဲမလား။ ဘယ်လောက်ပဲဂျစ်ကန်ကန်နိုင်ပါစေ ... သည်ချစ်သူလေးကိုပဲ အူလှိုက်သဲလှိုက် ချစ်မိနေသည်။
ဇေယျာ ခြံရှေ့ရောက်တော့ ခန့်ခန့်် ကားအဖြူလေးကို တွေ့လိုက်ရချေပြီ။ ဖုန်းလည်းမကိုင်၊ ချိန်းထားသည့်နေရာလည်း မတွေ့ဆိုတော့ အိမ်ကိုမှန်းလိုက်လာတာ မှန်သွားသည်။
"ရောက်လာပြီပေါ့"
အိမ်ထဲဝင်ဝင်ချင်း အဘွားဖြစ်သူက အပြုံးနှင့်ဆီးကြိုမေးသည်။ ပြဿနာကို သိထားပုံပါပဲ။
"အဘွား ခန့်ခန့် ရှိတယ်မလား"
ခြံထဲက ကားကိုမြင်ခဲ့ပြီးတာမို့ ဇေယျာ မျက်နှာကလေး မချိုမချဉ်နှင့်မေးရသည်။
"မင်းလာရင် သူမရှိဘူးပြောလိုက်လို့တော့ ခုနက မှာထားတယ်တော်။ အခြေအနေကတော့ သိပ်မကောင်းလှဘူး။ လှေကားကို ဗုန်းဗုန်းနဲ့ခြေဆောင့်ပြီး တတ်သွားလေရဲ့။ ကဲကဲ ... သွားချော့လိုက်ပါဦး"
အဘွားဖြစ်သူကတော့ သည်အခြေအနေကို ရိုးနေပြီပင်။ နှစ်လ တစ်ခါလောက်တော့ ဖြစ်တတ်တာပဲမလား။
ခန့်ခန့်တစ်ယောက် စိတ်ဆိုး၊ စိတ်ကောက်လျှင် လူကြီးတွေအားလုံးသိကြသည်။ ဒေါ်မိမိနိုင်က ဆူပူသော်လည်း ကျန်သူများကတော့ ပြီးလျှင်ပြေလည်သွားမှာမို့ သိပ်မပြောကြ။
ဇေယျာ အပေါ်လှေကားကို အသာတက်ပြီး ခန့်ခန့်အခန်းရှေ့ရောက်တော့ တံခါးခေါက်ကြည့်သည်။ အထဲက ဘာမှတုံ့ပြန်မလာ။ သို့နှင့် တံခါးကိုဖွင့်ကြည့်တော့ ပွင့်သွားသည်၊ တမင်ဖွင့်ထားတာများလား။
"ကလေး ကိုယ်ဝင်ခဲ့ပြီနော်"
အိပ်ရာပေါ်ရှိ စောင်လုံးကြီးထဲကခန့်ခန့်မှာ ကြားသော်လည်း ဘာမှပြန်မပြော။ အောက်ထပ်မှာ ရောက်လာသံကြားထဲက စောင်ကိုခေါင်းမူးခြုံကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
အလုပ်ရှုပ်တတ်သည့်ချစ်သူကို တော်ရုံစိတ်မဆိုးဖြစ်သော်လည်း သည်တစ်ခါတော့မရ။ သူ ကြိုက်လှပါသည်ဆိုသည့် ရုပ်ရှင်ကြည့်ရဖို့အရေး Trailer ထွက်ထားကတည်းက ကြိုပြောထားသည်။
အားမှလိုက်ပို့ပါ၊ မအားလျှင် ခန့်ကိုနှင့်၊ ဒါမှမဟုတ် တစ်ယောက်တည်းသွားကြည့်မည်ဟုပင် ပြောခဲ့သေးသည်။ ဒါကို အတူသွားဖို့ကတိပေးပြီး အချိန်နီးလို့ ရုပ်ရှင်ရုံရှေ့စောင့်နေကာမှ အလုပ်ကိစ္စမပြီးသေးဟူသော စာတစ်စောင်ပို့ကာ ဖုန်းလည်းမကိုင်၊ အဆက်အသွယ်လည်းပြန်မလုပ်။ ရုံအဝင်ဝတွင် စောင့်နေရသူက အရူးပမာ။ ဒါမို့ စိတ်ပေါက်ပေါက်နှင့် ဇာတ်ကားလည်းဝင်မကြည့်နိုင်၊ လက်မှတ်အဆုံးခံပြီး အိမ်ပြန်လာခဲ့သည်။ သူ သည်လောက်တော့ စိတ်ဆိုးသင့်သည်မလား။
"ကလေး အိပ်နေတာလား"
ဇေယျာကမူ ပါကေးခင်းထားသော ကြမ်းပြင်ပေါ် တအိအိလျှောက်လှမ်းရင်း အသံပြုလိုက်သည်။ ကျောပေးအိပ်နေသည့် ချစ်သူဘေးသို့ဝင်ထိုင်ကာ အခြေအနေကြည့်ရတော့ အိပ်နေတာမဖြစ်နိုင်မှန်း သိလိုက်သည်။
"ကိုယ် တကယ်ထွက်မရလိုက်လို့ပါ ကလေးရယ်။ ကိုယ်ကရုံးပိတ်ရက်ရယ် သတ်သတ်မှတ်မှတ်မရှိတော့ ဟိုနေ့က အားမယ်ပဲထင်ပြီး ကတိပေးလိုက်တာ။ ဒါက ဧည့်သည်ကိစ္စဆိုတော့ ကြိုမသိလိုက်လို့ပါ။ ပြီးပြီးချင်း ဖုန်းဆက်တော့ စက်ပိတ်သွားပြီလေ။ ကလေးများရှိဦးမလားဆိုပြီး ကိုယ် ရုပ်ရှင်ရုံရှေ့ထိ သွားကြည့်သေးတာ"
ဇေယျာ တစ်ခွန်းပြီးတစ်ခွန်း စိတ်ရှည်ရှည်ပြောနေသော်လည်း ဘာသံမှထွက်မလာ။ ဒါကြောင့် ခေါင်းမူးခြုံထားသည့် စောင်စလေးကို တဖြည်းဖြည်းကိုင်ကာ လှပ်ကြည့်စဉ် ခန့်ခန့်က ပြန်ဆွဲယူသွားသည်။ မျက်နှာလေးပင် မမြင်လိုက်ရ။ သည်ကလေး သေချာပေါက် စိတ်ကောက်နေလေပြီ။
ခန့်ခန့်အဖို့လည်း သိပ်အားလှသည်တော့မဟုတ်။ ရုံးပိတ်ရက်တွင် ပထမဆုံးပွဲကြည့်ချင်တာမို့ ရခဲလှသည့် ရုပ်ရှင်လက်မှတ်ကို အသည်းအသန်ကြိုဖြတ်ခဲ့ရတာမျိုး။ ချစ်သူလူကြီးကတော့ ပေါ်မလာ။ ဘုမသိ၊ ဘမသိနှင့် ရုပ်ရှင်ရုံရှေ့စောင့်နေရတာ တကယ့်အရူးတစ်ယောက်လို။ တွေးနေရင်း ခန့်ခန့် ဒေါသကြောင့် ရှုးရှူးရှဲရှဲအသံ ထွက်လာသည်။
ဇေယျာ မဖြစ်ချေတော့ဟုတွေးတာ ခန့်ခန့်အနောက်မှ ဝင်လှဲအိပ်ရင်း တင်းကျပ်စွာ ဖက်ထားလိုက်သည်။
"ကိုယ် တောင်းပန်တယ်နော်။ မိနစ်လေးနည်းနည်းပဲ နောက်ကျသွားတာပါ။ ကလေး ဝမ်းနည်းနေမယ်ဆိုတာသိလို့ နောက်တစ်ပွဲအတွက် ကိုယ် မရရအောင် ဈေးကြီးပေးပြီး ပြန်ဝယ်ခဲ့တယ်။ သွားကြည့်ရအောင်ပါနော် .., ကလေး အရမ်းကြည့်ချင်နေတဲ့ကားမလား"
ခန့်ခန့် ဖက်ထားသည့်လက်တစ်စုံကြားက အတင်းတိုးထွက်ကာ ဇေယျာ့ဖက်သို့ လှည့်လိုက်သည်။ မျက်ဝန်းတွင်လည်း အရည်ကြည်တို့ ရစ်သိုင်းလျက်၊
"အရမ်းကြည့်ချင်နေတဲ့ကားမှန်းသိရက်နဲ့ ဘာလို့ရောက်မလာလဲ။ မအားရင်လည်း အစတည်းက ကြိုပြောပါလား၊ ခန့်ကိုနဲ့သွားကြည့်မှာပေါ့။ ခုဟာက ဖုန်းလည်းမကိုင်ဘူး။ စာလေးတစ်စောင်ပို့ပြီး ပြီးပြီးရော ပစ်ထားလိုက်တာ၊ ကျွန်တော် ရုပ်ရှင်ရုံရှေ့စောင့်နေရတာ ဘယ်လောက်အရူးကျလဲ"
ခန့်ခန့် အသံတွေက တုန်ရင်နေသည်။ ရုပ်ရှင်မကြည့်ရ၍ ဝမ်းနည်းခြင်းထက် အလုပ်နှင့်ဆိုလျှင် အမြဲနောက်ကောက်ကျန်ခဲ့သည့် သူ့အဖြစ်သူ သနားမိလာတာမို့။ ပုံမှန်ဆို တော်ရုံဝမ်းနည်းလွယ်သူ မဟုတ်သော်လည်း သည်လူကြီးကိုက ခန့်ခန့် အားနည်းချက်လို ဖြစ်လာသည်။ ရယ်အောင်လည်း လုပ်နိုင်သလို၊ ငိုအောင်လည်း စွမ်းနိုင်သူဖြစ်သည်။
"ကဲပါ ကလေးရယ်။ ကျေနပ်တဲ့ထိ ကိုယ်တစ်ဝကြီးချော့မယ်နော်။ လာ ... နောက်တစ်ပွဲပါ လွတ်သွားလိမ့်မယ်နော်။ ရုပ်ရှင်ကြည့်ပြီးရင်လည်း ကလေးကြိုက်မဲ့ ဂျပန်ဆိုင်အသစ်တွေ့ထားတယ်၊ ထတော့"
အတင်းဆွဲထူခေါ်မှသာ စောင်ပုံထဲက ရုန်းထွက်ထတော့သည့် ခန့်ခန့်ပင််။ အားရပါးရ ဝင်အိပ်ထားသည်မို့ ရှုပ်ပွနေသည့်ဆံစတို့ကို ဇေယျာက စိတ်ရှည်လက်ရှည် ပြန်ပြင်ပေးသည်။ ခဏငိုလိုက်မိသေးသည့်အရှိန်ကြောင့် နှာဖျားလေးကပင် ရဲလာသေးသည်။
ဇေယျာတစ်ယောက် စောင်ပုံထဲကထွက်လာသော ခန့်ခန့်ကိုယ်ကလေးကို သေချာကြည့်သည်။ ရုပ်ရှင်ကြည့်မှာမို့ ဝတ်ထားသည့်မထူမပါး ဆွယ်တာစင်းကြားလေးမှာ အဆင်ပြေသော်လည်း ဘောင်းဘီကတော့ တိုလွန်းနေသည်။ အိပ်ယာပေါ်ထိုင်နေရင်းတောင် ဖွေးကြည်နေသောပေါင်သားများအတွင်းက သွေးကြောစိမ်းများပင် မြင်နေရသည်။
"ကလေး ဘောင်းဘီက တိုလွန်းတယ်၊ လဲခဲ့ဦး"
"အဲ့လူကြီး ... ဒီမှာ စိတ်ကကြည်နေတာမဟုတ်ဘူး။ ရုံးမတက်ရတဲ့နေ့တော့ ကြိုက်ရာဝတ်မယ်"
ဒုန်း!
စိတ်မကြည်ပုံကတော့ အိပ်ရာပေါ်မှဆင်းကာ အခန်းတံခါးပိတ်တာပင် မညင်သာတော့။ ဇေယျာသည်လည်း ခန့်ခန့်ဗီရိုထဲက လက်ရှည်အပါးတစ်ထည်ယူကာ ထွက်ခဲ့ရတော့သည်။ ခြေတံသွယ်သွယ်တို့ကို မဖုံးပေးနိုင်သော်ငြား ရုပ်ရှင်ရုံထဲက အအေးဒဏ်ကိုတော့ အနည်းဆုံးခံနိုင်အောင်ပေါ့။
ဪ ... ဆိုးလိုက်သည့်ကလေး။
.......................
"မေမေ ... ခန့်ခန့် အခန်းထဲမှာလား"
တစ်ပတ်စာစျေးဝယ်ပြီး ပြန်လာကြသည့် လင်မယားနှစ်ယောက်မှာ ပစ္စည်းတွေချအပြီး ဆိုဖာပေါ် မောမောနှင့်ထိုင်ကြသည်။ ဦးမင်းဟန်က သားကိုမမေးသော်လည်း ဒေါ်မိမိနိုင်ကတော့မရ၊ အရှေ့မှာ ကားရပ်ထားတာမြင်သည်နှင့် သားကိုဦးဆုံးမေးသည်။
"ဟော ... တစ်ယောက်ကစိတ်ဆိုးပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ပြန်လာတယ်။ အဲဒါကို နောက်တစ်ယောက်က အမောတကောနဲ့ လာချော့တယ်တော်။ ခဏကြာတော့ စိတ်ကောက်ပြေပြီး အပြင်ပြန်ထွက်သွားကြလေရဲ့။ ညည်းသားက ကားထားခဲ့တော့တာ"
"စိတ်ကောက်ကြပြန်ပြီလား။ သူတို့ပဲ ချစ်လှချည်ရဲ့ဆိုပြီး အတင်းသဘောတူခိုင်းကြပြီးတော့"
ဒေါ်မိမိနိုင် ဝယ်လာသည့်ပစ္စည်းပစ္စယတွေ ခွဲခြမ်းရင်း ညည်းညည်းညူညူ ပြောမိပြန်သည်။ အရွယ်ပဲရောက်လာလို့လား၊ အလုပ်ပဲဝင်နေပြီမို့လားမသိ ... အခုနောက်ပိုင်း သားဖြစ်သူကို ပိုပိုထိန်းမနိုင်တော့ပေ။ သဘောမတူပါဘူး အတန်တန်ငြင်းတော့လည်း မိဘတွေစိတ်မချမ်းသာအောင် တစ်နေ့တစ်နေ့ စိတ်ဆင်းရဲပြသည်။ မွေးကတည်းက ပျော်ပျော်နေတတ်သည့် သားလေးကိုပဲ မြင်နေသားကျတော့ ထိုမှိုင်တွေနေတတ်သည့် သားဖြစ်သူကို နှစ်ချီကာ မကြည့်ရက်တော့။
အမေကရော၊ ယောကျ်ားဖြစ်သူကပါ သည်ကိစ္စအတွက် စိတ်လျှော့လိုက်ကြဖို့ပြောတော့ ခပ်တွင်တွင် ငြင်းမိခဲ့သေးသည်။ သိုပေမဲ့ ထိုကောင်လေး မြန်မာပြည်ပြန်ရောက်ပြီးနောက်ပိုင်းတွင် ထိန်းမရတော့ချေ။ မိခင်ကသဘောမတူဘူးဆိုလျှင် မိခင်ကိုစကားမပြော။ မေးတစ်ခွန်း၊ ဖြေတစ်ခွန်းပင် မရှိလေအောင် ဆန္ဒပြသည်။ ဒေါ်မိမိနိုင် မငြင်းရက်တော့ပါပေ။ ပညာလည်းစုံသွားသည့် အရွယ်ပေမို့ နိုင်ငံခြားကပြန်လာသူနှင့် အရင်တစ်ခါလို ထွက်ပြေးသွားနိုင်သည်မလား။
မိဘရင်ခွင် ခြေစုံကန်သွားလျှင်လည်း သူတို့ခမျာ သည်သားတစ်ယောက်သာ ရှိသည်။ သည်လိုဆိုတော့လည်း အေးအေးချမ်းချမ်း သဘောတူဖို့ရာသာ ရှိခဲ့တော့၏။
"ကဲပါ ငါ့မိန်းမရယ် ... စိတ်လျှော့စမ်းပါ။ ပြန်လာရတာမောတဲ့အထဲ ပြောနေရင်ပိုမောမယ်"
"အိုး ... သူတို့မလွန်ဘူးလား"
"အေးပါကွာ။ ဒီလောက်ခဏခဏ စိတ်ကောက်နေကြတဲ့တူတူ ဟိုအစီအစဉ် ပြောပြလိုက်ပါတော့လား။ အဲဒါဆို သူ့အလိုလိုပြေလည်သွားကြမှာပဲ"
"ဟိုဖက်ကရော ဘာပြောသေးတုန်း။ အဆင်သင့်ရှိပေမဲ့ မစောလွန်းသေးဘူးလား ဖေကြီးရဲ့"
ဒေါ်မိမိနိုင် သားဖြစ်သူမျက်နှာကို မြင်ယောင်ရင်းတွေးဆကာ ပြောလေသည်။ သူတို့ချင်း ချစ်ခဲ့သည့်အချိန်တွေတော့ ကြာခဲ့လေပြီ။ စိတ်သာယာမှုကို လိုက်တာတော့လည်း မဟုတ်လှ။ ယောကျ်ားချင်းဖြစ်နေသည်မှလွဲ မောင်ဇေယျာနှင့် သူ့၏မျိုးရိုးအခြေအနေအားလုံးကစ လက်မခံနိုင်စရာမရှိခဲ့။ ပတ်ဝန်းကျင်ကို ထည့်တွက်ခဲ့ပါသော်လည်း ရေရှည်တွင် သားဖြစ်သူ စိတ်ချမ်းသာဖို့က အဓိကကျခဲ့သည်မလား။ ခွဲသင့်သလောက်လည်း ခွဲကြည့်ခဲ့ကြပြီးပြီမို့ နောက်ဆုံးတော့ အကောင်းဆုံးပံ့ပိုးပေးဖို့သာ ဆုံးဖြတ်ခဲ့ကြသည်။
"ကိုမြတ်သူတို့ကလည်း ငါတို့သဘောပါပဲ"
သူမ အပြုံးတစ်ချက်သာ လှစ်ဟရင်း ခေါင်းဆတ်ပြလိုက်ပါ၏။ သားဖြစ်သူအတွက် ပီတိအပြုံးများသာ။
...................
ဇေယျာတစ်ယောက် ခန့်ခန့်မျက်နှာလေးကို အရိပ်တကြည့်ကြည့် ရှိလှသည်။ ဆိုးပါသည်ဟူသော ကလေးဆိုးလေးမှာ ရုပ်ရှင်ကြည့်ပြီးသည်ထိ စိတ်ကောက်ကမပြေချင်ခဲ့။ စက်လှေကားပင် အတူမစီး၊ သူ့ ရှေ့နှစ်ထစ်လောက်က ကြိုဆင်းထားသည်။ သူ့အဖို့တော့ မြင်နေရသောနောက်ကျောလေးကို ချစ်စိတ်ဖြင့် ငေးကြည့်ရုံသာ။
ချစ်သူလေးနှင့်အတူ ယှဉ်တွဲသွားရတိုင်း မလိုက်ဖက်မှာစိုးရွံ့သည့် အားငယ်စိတ်တစ်ခု ဇေယျာ့တွင် ရှိခဲ့ဖူးသည်။ ခန့်ခန့်က သူ့ထက်စာလျှင် လူကောင်သေးပြီး ချစ်စရာကောင်းသည်။ အသက်ကလည်း ရှစ်နှစ်တောင်ငယ်တာမို့ ကိုယ်လိုလူတစ်ယောက်နဲ့ ဘယ်လိုမှမအပ်စပ်ဟု ခံစားမိတာပင်။ တကယ်ဆို ကောင်မလေးတစ်ယောက်ယောက်နဲ့မှ ...။ ဟင်း ... ဇေယျာ ခေါင်းတစ်ချက်ခါလိုက်ရင်း ထိုအတွေးတို့ကို လွင့်စင်စေလိုက်သည်။
သို့ပေမဲ့ ဇေယျာ့အဖို့ ချစ်စိတ်၊ သဝန်တိုစိတ်တို့ကလည်း ချစ်သူသက်တမ်းတစ်လျှောက် ပိုပိုသာတိုးလာခဲ့သည်။ ခက်ခက်ခဲခဲက တော်ထားရသည့် ချစ်သူလေးမို့လားမသိ ငုံထားမတတ် ချစ်သည်။ မထိရက်၊ မကိုင်ရက်အောင်ကို မြတ်နိုးသည်။ အားလုံးထဲက သည်ကလေးကို ကိုယ်ကပိုင်ဆိုင်ရသည်မှာ ကံကောင်းသည့်လူသားနှယ်။
တွေးနေရင်းပင် လှေကားအတက်နှင့်အဆင်းတွင်ဆုံသော မိန်းကလေးတချို့က ဖုန်းငုံ့သုံးနေသည့်သူ့ချစ်သူကလေးကို ရွှန်းရွှန်းစိုအောင် ကြည့်နေကြပြန်သည်။
အနောက်တွင် ဆိုင်သူပါလာမှန်းလည်း ရိပ်မိပုံမပေါ်ကြ။ မျက်လုံးနှင့်ကြည့်တာ အသားပဲ့မပါနိုင်တာ သိပါသည်။ ဒါပေသိ သူ သဝန်တိုလွန်းတာမို့ ရှေ့ကချစ်သူလေးကို ပုခုံးဖက်၍ကွယ်ကာ အုပ်မိုးဆင်းလိုက်တော့၏။ ကောင်မလေးတွေ ဘုကြည့်ကြည့်တာ ခံရသလို၊ ချစ်သူကလည်း စူးစူးစိုက်စိုက် လှည့်ကြည့်လာတော့၏။
သူ့ခမျာ သဝန်တိုလိုက်ရတာ။
သို့ပေမဲ့ စားသောက်ဆိုင်ရောက်လို့ ဆူရှီစားလိုက်ရချိန်တွင် ခန့်ခန့်မျက်နှာလေး ရွှင်ပြုံးလာလေပြီ။ သူ့အကြိုက်များကိုသာ ဇေယျာက ရွေးထည့်ပေးနေတာမို့ စားနေရသည်ကို အကျေနပ်ကြီး ကျေနပ်နေလျက် စိတ်မကောက်နိုင်တော့။ သည်လိုလည်း အပြောင်းအလဲမြန်နိုင်သူပါပေ။ စားသောက်နေခိုက် နံဘေးချထားသည့်ဖုန်းဝင်လာတော့ ခန့်ခန့် ရပ်လိုက်ရလေပြီ။ အိမ်ကအမေဆက်တာဆိုတော့ သူ ဆူခံရတော့မည်ထင်၏။
"ဟုတ် မေမေ"
"...."
"သားတို့ ဆူရှီစားနေတာ"
"...."
"ဟုတ်"
ရွှင်လန်းနေသည့် ခန့်ခန့်မျက်နှာလေးက ဖုန်းချပြီး တဖန်စူပုတ်သွားတာမို့ ဇေယျာ စိုးရိမ်သွားသည်။
"ဘာဖြစ်လို့လဲ ကလေး"
"စားပြီးရင်နှစ်ယောက်လုံး မြန်မြန်ပြန်လာခဲ့ကြတဲ့။ ထပ်စိတ်ကောက်ကြလို့ ဆူတော့မလို့နေမှာပေါ့"
"ကဲပါ ကလေးရယ် ... စားစရာရှိတာသာစား။ ဆူဆူငေါက်ငေါက် ကိုယ်ပဲခံလိုက်မယ်နော်။ ကိုယ့်အပြစ်ပဲဟာ ... ရောက်တုန်းလေးတော့ စားလိုက်ဦး"
ခန့်ခန့် ငြူစူပြီးပြောတာတောင် အစားသာစားခိုင်းနေတုန်း။ အိမ်နှစ်အိမ်စလုံး ဆူသမျှလည်း ချစ်သူက သူသာခေါင်းခံပေးရှာသည်။ ခန့်ခန့် အပြစ်တစ်ကွက်မရှိစေရ။ ဒါတွေကိုပဲ သူ ချစ်နေရတာပေါ့။ ဘယ်လောက်ဆိုးဆိုး သည်းခံနိုင်လွန်းတဲ့ အဲ့လူကြီး။ ဒါကြောင့်လည်း ဆိုးပြီးရင်းထပ်ဆိုးချင်နေမိတော့တာ ထင်သည်။
သည်လိုနှင့် စားသောက်ပြီးတော့ သူတို့နှစ်ယောက် ဘယ်မှထပ်မဝင်တော့ဘဲ အိမ်တန်းပြန်လာခဲ့ကြရသည်။ လေသံမာမာ မိခင်အသံကြောင့် ဆူခံရဖို့ ကြိုစိတ်ဆင်းရဲနေရသည့်အဖြစ်။ အစစအရာရာလိုက်ပြောနေရအောင် သူလည်း ကလေးမှမဟုတ်တော့ဘဲ။
"စိတ်ပူနေပြီလား"
"မေက ဘာတွေပွားဦးမယ်မသိဘူး"
အိမ်လမ်းထဲ ကွေ့ဝင်လာပြီမို့ ခန့်ခန့်စိတ်ပိုပူလာသည်။ ဇေယျာကတော့ လက်တစ်ဖက်ဖြင့် ချစ်သူ့ပါးဖောင်းဖောင်းလေးကို ပွတ်သပ်ရင်းစနေသည်။
"ကိုယ် အဆူခံပါ့မယ်ဆို၊ စိတ်မပူနဲ့။ ဟမ် ... ရှေ့မှာရပ်ထားတာ ကိုယ့်အဖေကားပဲ"
ဇေယျာကပြောရင်း အခြေအနေကြည့်ဖို့ ကားခဏရပ်လိုက်သည်။
"ဟုတ်သားပဲ။ အန်ကယ်က ဒီလမ်းထဲ ဘာလာလုပ်တာလဲ။ ဖေဖေတို့ဆီလာလည်တာတော့ မဟုတ်လောက်ဘူးထင်တယ်၊ အိမ်ဆို ရှေ့ထိသွားရဦးမှာကို"
"ကိုယ်လည်း မသိဘူး"
တကယ်လည်း ခန့်ခန့်တို့အိမ်ရောက်ဖို့က လမ်းအဝင်ကနေဆို ခုနှစ်အိမ်၊ ရှစ်အိမ်လောက် လိုဦးမည်။ ယောက္ခမလောင်းကြီးအား တွေ့လို့တွေ့ငြား သူ ဘေးဘီဝဲကြည့်တော့ ရင်းနှီးနေသော ခြံဝင်းကလေး။ သူ သည်ရှေ့ဖြတ်သွားတိုင်း ငေးကြည့်နေကျပင်။
"လူကြီး ဒါဟိုတစ်ခါပြောတဲ့ လမ်းထဲကဆောက်လက်စအိမ်လေး အရမ်းလှတယ်ဆိုတာလေ၊ အခုပြီးသွားကြပြီထင်တယ်"
"အင်း ခဲရောင်လေးက စိုနေသားပဲ။ ဒီဇိုင်းလည်း မဆိုးပါဘူး"
ဇေယျာက ပြန်သာပြောလိုက်ရပေမဲ့ တစ်ဖက်ကအဖေဖြစ်သူကားကို လူရှိ၊ မရှိ အခြေအနေကြည့်နေသည်။
"နေပါဦး၊ ဟိုမှာအဘွားမလား။ သူများခြံထဲဘာလုပ်နေတာလဲ"
ခန့်ခန့် လက်ညှိုးတထိုးထိုးပြတော့ ဇေယျာလည်း ကြည့်ရသည်။ ခြံဝင်းကကျယ်တာမို့ အိမ်ကနောက်နည်းနည်းရောက်နေသည်။ ဒါမို့ သေချာအောင် စိုက်ကြည့်ရ၏။
"ကလေး အဘွားတင်မကဘူးထင်တယ်နော်။ ဘေးမှာ ကိုယ့်မေမေရောပဲမလား ကြည့်ပါဦး"
"အရေးထဲ မျက်မှန်ကမပါဘူး။ ဟုတ်တယ်ထင်တယ် အန်တီမေမေရော။ သူများအိမ်ထဲ ဘာလုပ်နေကြတာလဲ။ ဆင်းကြည့်ရအောင်လာ ... ဒီအိမ်သစ်ကို လူတွေပြောင်းလာလို့နေမှာ"
သူတို့နှစ်ဦးသား ဖွင့်ထားသည့်ခြံတံခါးအတိုင်း ဝင်ခဲ့ကြပြီး အိမ်လေးကို စူးစမ်းကြည့်မိကြသည်။ ရှေ့ဝင်ဝင်ချင်းညာဖက်တွင် မြက်ခင်းပြင်စိမ်းစိမ်းလေးရှိပြီး ခုံတန်းလေးများနှင့် သေချာမစိုက်ရသေးသည့် ပျိုးပင်များချထားသည်က အစီအရီ။ ဘယ်ဖက်အခြမ်းတွင် ကားထားဖို့အတွက် နေရာချန်ထားပုံရသည်။ နှစ်ထပ်အိမ်ပုံစံလေးမှာ မြင်ဖူးနေကြတွေနှင့် ကွဲထွက်နေလေသည်။
"ဟော ... ဖုန်းဆက်ခေါ်စရာတောင် မလိုတော့ဘူး။ ကလေးတွေရောက်လာကြပြီဟေး"
အဘွားဖြစ်သူကအိမ်ထဲကို လှမ်းအော်ပြောလိုက်တော့ ဦးမြတ်သူ၊ ဦးမင်းဟန်နှင့် ဒေါ်မိမိနိုင်တို့ လူစုံတက်စုံထွက်လာကြသည်။ မိဘတွေ အစုံအလင် ရောက်နေကြသည်လား။ ခုထိတော့ အိမ်ရှင်ကိုပင် မတွေ့ရသေး။
"ဖေဖေတို့ ဘာလုပ်လာကြတာလဲ။ ဒီအိမ်ပိုင်ရှင်နဲ့ သိကြလို့လား"
နှစ်ဖက်မိဘတွေ ပြုံးစိစိနှင့် ကြည့်နေကြသည်ကို ခန့်ခန့်တို့နားမလည်။ နှစ်ယောက်သား အချင်းချင်းမေးဆတ်ပြရင်း နားမလည်နိုင်စွာ။
"ဘာရယ်နေကြတာလဲ။ အမေတို့က ဒီလမ်းထဲထိ ဘာလာလုပ်ကြတာလဲ။ ခန့်ခန့်တို့အိမ် လာလည်ကြတာလား"
ဇေယျာကလည်း သိချင်စိတ်နှင့် မေးပြန်သည်။ သို့သော် အပြုံးမပျက်ကြသေးတာမို့ သူပင် လိုက်ပြုံးမိသေးသည်။
"နှစ်ယောက်သား စိတ်ကောက်ကြပြန်ပြီဆို"
ဦးမြတ်သူက ခပ်တည်တည်ဝင်ပြောလာသည့်အသံပါပေ။ ခန့်ခန့်ရော၊ ဇေယျာပါ အချင်းချင်းပြန်ကြည့်မိပြီး အပြစ်သားများပမာ ခေါင်းအနည်းငယ် ငုံ့သွားကြ၏။ ခန့်ခန့်မိခင် ဒေါ်မိမိနိုင်ကပဲ ငေါက်မည်ထင်ထားတာ နှစ်ဖက်မိဘဆုံကာ ဆူငေါက်မယ်ဆိုလျှင်တော့ ဇေယျာပင်လျှင် စိတ်ဓာတ်ကျသွားသည်။
"ဒီလောက်ခဏခဏ စိတ်ကောက်ကြတာ လူကြီးတွေကြည့်မရတော့ဘူး။ မင်းတို့ကို ဒီအိမ်ထဲ အပြီးပိတ်ထားကြတော့မလို့"
"ဗျာ ဘယ်လိုအပြီးပိတ်..."
ခန့်ခန့် သဘောမပေါက်စွာ ပြန်မေးမိပေမဲံ ဇေယျာကတော့ လူကြီးတွေအရိပ်အခြေကြည့်၍ သဘောပေါက်သွားသည်။ ဒါမို့ ကြောင်စီစီဖြစ်နေသည့် ခန့်ခန့်အနား တိုးတိုးကပ်ကာ၊
"ဒါ ကိုယ်တို့နှစ်ယောက်အိမ် ဖြစ်လာမယ်ထင်တယ်"
'အေ့!'
အံ့ဩလွန်း၍ ရုတ်တရက် လေတက်လာတာမို့ ခန့်ခန့်ကိုလူကြီးတွေက သဘောတကျကြည့်ကာ ရယ်နေကြသည်။ ဇေယျာက ခန့်ခန့် ကျောလေးအား ပွတ်သပ်ပေးရှာပါသည်။ ခန့်ခန့်ကတော့ မနေနိုင်စွာ အမေဖြစ်သူထံ ကပ်ရ၏။
"မေမေ ဒါသားတို့အိမ် ဖြစ်လာမှာဆိုဟုတ်လား။ ဘွား၊ အန်တီမေမေ ဟုတ်လား"
ခန့်ခန့်တစ်ယောက် ဟိုပြေးမေးလိုက်၊ သည်ပြေးမေးလိုက်နှင့် စိတ်လှုပ်ရှားနေသည်မှာ အားလုံးမျက်စိထဲတွင် မူကြိုကလေးတစ်ယောက်နှယ် ချစ်စရာအတိ။
"ကဲကဲ ထိုင်ဦး။ ပျာယာခတ်မနေနဲ့၊ ရှင်းပြမယ်"
ဒေါ်မိမိနိုင်ပြောမှ ခန့်ခန့်အပြင် လူကြီးတွေပါ ခြံထဲက ခုံတန်းလျားများတွင် အသီးသီးထိုင်လိုက်ကြသည်။
"ဒီအိမ်က မင်းတို့နှစ်ယောက်အတွက် လူကြီးတွေချင်းတိုင်ပင်ပြီး စီစဉ်ထားတာ။ ခွဲမရတော့တဲ့အတူတူ သူများအပြောမခံရအောင် သင့်သင့်မြတ်မြတ်နေကြ"
"ဟုတ်တယ်ကွ။ မင်းမေကြီးကလည်း ဒီခြံလေးရောင်းမယ်ကြားတော့ မင်းတို့အတွက် မျက်စိကျနေလို့ မရရအောင် ဝယ်ထားလိုက်တာ။ ကိုမြတ်သူတို့ကတော့ ဒီအိမ်လေးကို ဆောက်ပေးထားတာ"
"အင်း နှစ်ဖက်မိဘ အကြိုမင်္ဂလာလက်ဖွဲ့ပေါ့"
ဦးမင်းဟန်စကားကို ဒေါ်ကြည်ပြာကပါ ဝင်ထောက်ခံတော့ ချစ်သူနှစ်ဦးတို့၏မျက်နှာမှာ ဝင်းခနဲ။ သည်လောက်လှတဲ့ တိုက်နှင့်ခြံဝင်းက သူတို့အတွက်တဲ့လားလေ။ နောက်ပြီး မင်္ဂလာလက်ဖွဲ့တဲ့။ သူတို့ နားကြားမှားတာ လုံးဝမဟုတ်ပါချေ။
"မင်္ဂလာလက်ဖွဲ့။ ဟာ ... ဒါဆို သားတို့ကို လက်ထပ်ပေးကြမှာပေါ့နော်။ လူကြီး လက်ထပ်လို့ရတယ်တဲ့၊ လက်ထပ်ရတော့မှာတဲ့"
ခန့်ခန့်ခမျာ ပျော်လွန်းသည့်စိတ်နှင့် ထခုန်ပေါက်ရင်း ပြောနေတော့သည်။ ဇေယျာသည်လည်း ယခုထက်ထိ မယုံကြည်နိုင်သေးပါပေ။
"အင်းပါ။ ဖြည်းဖြည်း ... ဖြည်းဖြည်း၊ တစ်ခုခုဖြစ်နေပါဦးမယ်။ ထိုင်ဦး ... လာ"
ဦးမင်းဟန်နှင့်ဒေါ်မိမိနိုင်တို့ သားလေးကို စိတ်ချလက်ချထည့်ပေးနိုင်သည်ကား သည်အချက်တွေကြောင့်ပင်။ သည်လောက်ဆိုးသည့်သားက သူတို့လက်ထဲမဟုတ်လျှင် ဇေယျာလို ဖေးမစောင့်ရှောက်နိုင်သည့်သူမျိုးနှင့်သာ အတူရှိသင့်သည်။
"အဖေတို့၊ အမေတို့ရော ပြီးတော့ အဘွားအပါအဝင် အန်ကယ်နဲ့အန်တီတို့ကို ကျေးဇူးတင်ပါတယ်ဗျာ။ ခုလောက်ထိ သဘောတူပေးကြမယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။ တကယ်ပါ ... လူကြီးတွေအားလုံး စိတ်ချမ်းသာအောင် ကျွန်တော်တို့နှစ်ယောက် အကောင်းဆုံးကြိုးစားနေသွားပါ့မယ်။ ခန့်ခန့်ကိုလည်း ခုထက် ပိုဂရုစိုက်ပါ့မယ်"
ကလေးကို လှည့်ကြည့်တော့ နှုတ်ခမ်းလေးကို ကွေးနေအောင် ပြုံးပြနေလျက်။ 'ကျေးဇူးတင်ကြောင်းပြောလိုက်ဦးလေ' ဟု ဇေယျာ တိုးတိုးကပ်ပြောတော့ ခန့်ခန့်က အငြိမ်မနေ။ မိဘတွေနားထိသွားကပ်ကာ တစ်ယောက်ချင်းစီ ကပ်ချွဲရင်းပျော်မြူးနေတော့သည်။ ခန္ဓာကိုယ်သေးသေးကလေးနှင့် ခုန်ပေါက်နေပုံက လူကြီးပေါက်စလေးအတိုင်း။
"အိမ်ကနီးနီးလေးရှိတာ သားကိုကြိုမပြောကြဘူး။ ဘာပဲဖြစ်ဖြစ် ဖေကြီးရော၊ မေကြီးရော ချစ်တယ်။ အန်တီမေမေ အိမ်လေးအရမ်းလှတာနော်"
ဇေယျာ ပြုံးပျော်နေသောချစ်သူလေးနှင့် လူကြီးတွေကို တစိမ့်စိမ့်ကြည့်ရင်း၊ ငေးရင်းက အိပ်မက်မဟုတ်နိုင်ကြောင်းကို ဆန်းစစ်နေရသည်။ အမှန်စင်စစ် သူ လုံးဝမယုံကြည်နိုင်သေး။ ဤအိမ်၊ ဤခြံကြီးတွင် အရမ်းချစ်ရသည့် ကလေးနှင့်အတူတူနေရတော့မည်ဆိုတာ ယုံနိုင်ခဲသည်။ အခက်အခဲတွေအားလုံးကို အနှစ်နှစ်အလလ ကျော်ဖြတ်ပြီးသည်နောက် သူ့ချစ်သူလေးကို တရားဝင်ပိုင်ဆိုင်ရတော့မည်ပါလား။
တကယ်ပဲ အိပ်မက်များလား။
မဟုတ်နိုင်ပါချေ။ တွေးငေးနေသည့် မြင်ကွင်းရှေ့တည့်တည့်တွင် ချစ်စဖွယ်ကောင်ကလေးတစ်ယောက် ခုန်ပေါက်လို့ ပြန်ရောက်လာသည်။
"လူကြီးကို အချစ်ဆုံးနော်"
ချိုသာသည့်အသံလေး ကြားလိုက်ရပြီး သိုင်းဖက်ခံလိုက်ရသည့် အထိအတွေ့။
သေချာပါသည်။ ဟိန်းဇေယျာတစ်ယောက် သည်ချစ်စဖွယ်ကလေးကို ထာဝရ ပိုင်ဆိုင်ခွင့်ရလိုက်ပါပြီ။
11/11/2020
•••••••••••••••••••••••••••••••••••••••••
<Zawgyi>
ျမစ္ေရက ကမ္းနဖူးရွိေျမစိုင္တို႔ကို တဒီးဒီးတိုက္စားသကဲ့သလို႔ အခ်ိန္သည္လည္း တစ္စကၠန႔္ခ်င္းေက်ာ္ျဖတ္ရင္းက တေရြ႕ေရြ႕ ကုန္ဆုံးလာသည္။ ရာသီစက္ဝန္းသည္ပင္ တစ္ပတ္ျပည့္ခဲ့ေခ်ၿပီျဖစ္၏။ ေႏြဦးမွ ဝႆန္ခါမိုး၊ မိုးမွတဆင့္ ေဟမာန္ေဆာင္းသို႔။ ယခုတစ္ခါေတာ့ ေလ႐ူးသည့္ေႏြဦးကိုပင္ တစ္ေခါက္ျပန္ႀကိဳေနေလၿပီ။
ေဆာင္းအကုန္ ေႏြအကူး ေလ႐ူးတို႔ေႏွာက္သည့္ တေပါင္းလရာသီ။ အေဟာင္းေႂကြ၍ အသစ္ေဝသည့္ ကာလအပိုင္းျခားေလးတစ္ခုမၽွသာ။ လမ္းတစ္ေလၽွာက္တြင္လည္း ေႂကြက်ေနေသာ ေရာ္ရြက္ဝါေတြကလည္း အမ်ားသား။ ေလ႐ူးလာလၽွင္ ဦးတည္ရာမရွိ လြင့္ပါၾကဦးမည္ျဖစ္သလို၊ အခုကဲ့သို႔ သူ႔ကားေလး ျဖတ္ေမာင္းသြားလၽွင္လည္း အရွိန္ေၾကာင့္ လြင့္စင္ၾကရဦးမည္။
တစ္ႏွစ္ဆိုသည့္အခ်ိန္အတြင္း ရြက္ေဟာင္း၊ ရြက္သစ္တို႔ အလီလီေျပာင္းသလိုမ်ိဳး ေဇယ်ာတို႔၏ အေျခအေနေတြသည္လည္း အရင္ကႏွင့္မတူ၊ အရာရာ ေျပာင္းလဲလာခဲ့ျပန္သည္။ ခ်စ္သူျဖစ္ၿပီး အခ်ိန္ကာလအားျဖင့္ သုံးႏွစ္ခြဲမၽွ စိတ္ရွည္ရွည္ ႀကိဳးစားခဲ့ရေသာ ေဇယ်ာမွာ ေနာက္ဆုံးေတာ့ ခန႔္ခန႔္အိမ္သို႔ ျပန္ဝင္၊ ထြက္ခြင့္ရခဲ့ေလၿပီ။ ဟိုတယ္ဖြင့္ပြဲၿပီးေလကတည္းက မိဘေတြခ်င္းေတြ႕ဆုံၾကရတာ မ်က္ႏွာပူစရာျဖစ္ေသာ္လည္း အခုေတာ့တျဖည္းျဖည္း အဆင္ေျပေျပရွိလာၿပီမို႔ စိတ္ခ်မ္းသာရ၏။ တားလည္းမရသည့္အတူတူမို႔ လႊတ္ထားၾကတာမ်ိဳးျဖစ္မည္။
အေဖႏွစ္ေယာက္လုံးက ေဂါဖ္ရိုက္ဝါသနာပါၾကသူေတြမို႔ ပိတ္ရက္ေတြဆို အဖြဲ႕က်ေနတတ္ေလၿပီ။ တစ္ခါတရံ ေဇယ်ာပင္ အတူတူလိုက္ရိုက္ျဖစ္သည္။ အန္ကယ္ႏွင့္လည္း ရင္းႏွီးခ်င္တာေၾကာင့္ သူ႔ခမ်ာ ႀကိဳးစားသြားရတာ အလုပ္အားလၽွင္အားသလို။
သိုေပမဲ့ ေဇယ်ာတစ္ေယာက္တည္း ႀကိဳးပမ္းေနခဲ့ျခင္းေတာ့မဟုတ္။ စစခ်င္းကတည္းက မိခင္ျဖစ္သူ၏ အဆူခံ၊ အေငါက္ခံကာ အိမ္ႏွစ္အိမ္ၾကား ေပါင္းကူးေပးခဲ့ေသာ ခန႔္ခန႔္သည္လည္း ေခသူမဟုတ္လွ။ ႐ုံးအလုပ္ေလးရွိလာၿပီျဖစ္ေပမဲ့ မိဘအိမ္ႏွင့္ေယာကၡမအိမ္ကို ခ်ိဳင့္ႀကီး၊ ခ်ိဳင့္ငယ္ဆြဲကာ သံတမန္ကဲ့သို႔ ကူးခ်ည္သန္းခ်ည္။ ႏွစ္အိမ္လုံးက ခ်စ္ရသူေလးမို႔ ၾကာလာေတာ့လည္း မဆူၾကေတာ့ပါေပ။
သူ႔ကိုယ္သူ ရင့္က်က္လာၿပီဟု ေျပာ,ေျပာေနတတ္သည့္ ထိုႏွစ္ဆယ့္သုံးႏွစ္သားေလးမွာ တစ္ခါတေလ နေမာ္နမဲ့နိုင္ေသးတာမို႔ ေဇယ်ာကေတာ့ အရင္လိုဆူရ၊ ထိန္းရဆဲ။ ဆူပူမိတဲ့အခါတိုင္း လူႀကီးအစား အဘိုးႀကီးဟုလည္း ေျပာင္ေျပာင္ေနာက္ေနာက္ ေခၚတတ္ေနေလၿပီ။ အင္းေလ ... သူ႔အသက္လည္း သုံးဆယ္ေတာင္ ေက်ာ္လာၿပီမလား။
ရြက္ေႂကြေတြျမင္လို႔သာ ေတြးေငးရသည္။ တကယ္ေတာ့ ေဇယ်ာ့ကားေလးကို အရွိန္ျပင္းျပင္းႏွင့္ အိမ္ေလးတစ္အိမ္ဆီသို႔ ဦးတည္ေနမိ၏။ နာရီတၾကည့္ၾကည့္ျဖင့္ ေမာင္းေနရသည္မွာ စိတ္ေမာလွသည္။ အေၾကာင္းမွာ ခ်စ္သူကိုယ္ေတာ္ေလးက ဖုန္းမကိုင္ဘဲ အိမ္ျပန္စိတ္ေကာက္ေနေလျခင္းေၾကာင့္ပါပဲ။ ေစာင့္ပါဆိုတာကို မေစာင့္ဘဲ အိမ္ျပန္တယ္ဆိုေတာ့ အေျပးလိုက္ေခ်ာ့ရေတာ့တာပင္။
ေဇယ်ာ့ခမ်ာ သူ႔ထက္ရွစ္ႏွစ္ငယ္ေသာ၊ အသက္ကြာလွေသာ ကေလးတစ္ေယာက္ကို ခ်စ္မိတာမို႔ အစစအရာရာေတာ့ သည္းခံရသည္။ စိတ္ရွည္ရသည္။ တစ္ခါတရံ ဆုံးမရသည္။ ခ်စ္သူေလးမွာေတာ့ သူ အလိုလိုက္သမၽွ ဆိုးလာေတာ့တာပါပဲ။ ေတြ႕စကတည္းက ဂ်စ္ကန္ကန္မာနခဲေလးပဲမလား။ ဘယ္ေလာက္ပဲဂ်စ္ကန္ကန္နိုင္ပါေစ ... သည္ခ်စ္သူေလးကိုပဲ အူလွိုက္သဲလွိုက္ ခ်စ္မိေနသည္။
ေဇယ်ာ ၿခံေရွ႕ေရာက္ေတာ့ ခန႔္ခန့္္ ကားအျဖဴေလးကို ေတြ႕လိုက္ရေခ်ၿပီ။ ဖုန္းလည္းမကိုင္၊ ခ်ိန္းထားသည့္ေနရာလည္း မေတြ႕ဆိုေတာ့ အိမ္ကိုမွန္းလိုက္လာတာ မွန္သြားသည္။
"ေရာက္လာၿပီေပါ့"
အိမ္ထဲဝင္ဝင္ခ်င္း အဘြားျဖစ္သူက အျပဳံးႏွင့္ဆီးႀကိဳေမးသည္။ ျပႆနာကို သိထားပုံပါပဲ။
"အဘြား ခန့္ခန့္ ရွိတယ္မလား"
ၿခံထဲက ကားကိုျမင္ခဲ့ၿပီးတာမို႔ ေဇယ်ာ မ်က္ႏွာကေလး မခ်ိဳမခ်ဥ္ႏွင့္ေမးရသည္။
"မင္းလာရင္ သူမရွိဘူးေျပာလိုက္လို႔ေတာ့ ခုနက မွာထားတယ္ေတာ္။ အေျခအေနကေတာ့ သိပ္မေကာင္းလွဘူး။ ေလွကားကို ဗုန္းဗုန္းနဲ႔ေျခေဆာင့္ၿပီး တတ္သြားေလရဲ့။ ကဲကဲ ... သြားေခ်ာ့လိုက္ပါဦး"
အဘြားျဖစ္သူကေတာ့ သည္အေျခအေနကို ရိုးေနၿပီပင္။ ႏွစ္လ တစ္ခါေလာက္ေတာ့ ျဖစ္တတ္တာပဲမလား။
ခန႔္ခန႔္တစ္ေယာက္ စိတ္ဆိုး၊ စိတ္ေကာက္လၽွင္ လူႀကီးေတြအားလုံးသိၾကသည္။ ေဒၚမိမိနိုင္က ဆူပူေသာ္လည္း က်န္သူမ်ားကေတာ့ ၿပီးလၽွင္ေျပလည္သြားမွာမို႔ သိပ္မေျပာၾက။
ေဇယ်ာ အေပၚေလွကားကို အသာတက္ၿပီး ခန႔္ခန႔္အခန္းေရွ႕ေရာက္ေတာ့ တံခါးေခါက္ၾကည့္သည္။ အထဲက ဘာမွတုံ႔ျပန္မလာ။ သို႔ႏွင့္ တံခါးကိုဖြင့္ၾကည့္ေတာ့ ပြင့္သြားသည္၊ တမင္ဖြင့္ထားတာမ်ားလား။
"ကေလး ကိုယ္ဝင္ခဲ့ၿပီေနာ္"
အိပ္ရာေပၚရွိ ေစာင္လုံးႀကီးထဲကခန့္ခန့္မွာ ၾကားေသာ္လည္း ဘာမွျပန္မေျပာ။ ေအာက္ထပ္မွာ ေရာက္လာသံၾကားထဲက ေစာင္ကိုေခါင္းမူးျခဳံကာ အိပ္ခ်င္ေယာင္ေဆာင္ေနလိုက္သည္။
အလုပ္ရွုပ္တတ္သည့္ခ်စ္သူကို ေတာ္႐ုံစိတ္မဆိုးျဖစ္ေသာ္လည္း သည္တစ္ခါေတာ့မရ။ သူ ႀကိဳက္လွပါသည္ဆိုသည့္ ႐ုပ္ရွင္ၾကည့္ရဖို႔အေရး Trailer ထြက္ထားကတည္းက ႀကိဳေျပာထားသည္။
အားမွလိုက္ပို႔ပါ၊ မအားလၽွင္ ခန႔္ကိုႏွင့္၊ ဒါမွမဟုတ္ တစ္ေယာက္တည္းသြားၾကည့္မည္ဟုပင္ ေျပာခဲ့ေသးသည္။ ဒါကို အတူသြားဖို႔ကတိေပးၿပီး အခ်ိန္နီးလို႔ ႐ုပ္ရွင္႐ုံေရွ႕ေစာင့္ေနကာမွ အလုပ္ကိစၥမၿပီးေသးဟူေသာ စာတစ္ေစာင္ပို႔ကာ ဖုန္းလည္းမကိုင္၊ အဆက္အသြယ္လည္းျပန္မလုပ္။ ႐ုံအဝင္ဝတြင္ ေစာင့္ေနရသူက အ႐ူးပမာ။ ဒါမို႔ စိတ္ေပါက္ေပါက္ႏွင့္ ဇာတ္ကားလည္းဝင္မၾကည့္နိုင္၊ လက္မွတ္အဆုံးခံၿပီး အိမ္ျပန္လာခဲ့သည္။ သူ သည္ေလာက္ေတာ့ စိတ္ဆိုးသင့္သည္မလား။
"ကေလး အိပ္ေနတာလား"
ေဇယ်ာကမူ ပါေကးခင္းထားေသာ ၾကမ္းျပင္ေပၚ တအိအိေလၽွာက္လွမ္းရင္း အသံျပဳလိုက္သည္။ ေက်ာေပးအိပ္ေနသည့္ ခ်စ္သူေဘးသို႔ဝင္ထိုင္ကာ အေျခအေနၾကည့္ရေတာ့ အိပ္ေနတာမျဖစ္နိုင္မွန္း သိလိုက္သည္။
"ကိုယ္ တကယ္ထြက္မရလိုက္လို႔ပါ ကေလးရယ္။ ကိုယ္က႐ုံးပိတ္ရက္ရယ္ သတ္သတ္မွတ္မွတ္မရွိေတာ့ ဟိုေန႔က အားမယ္ပဲထင္ၿပီး ကတိေပးလိုက္တာ။ ဒါက ဧည့္သည္ကိစၥဆိုေတာ့ ႀကိဳမသိလိုက္လို႔ပါ။ ၿပီးၿပီးခ်င္း ဖုန္းဆက္ေတာ့ စက္ပိတ္သြားၿပီေလ။ ကေလးမ်ားရွိဦးမလားဆိုၿပီး ကိုယ္ ႐ုပ္ရွင္႐ုံေရွ႕ထိ သြားၾကည့္ေသးတာ"
ေဇယ်ာ တစ္ခြန္းၿပီးတစ္ခြန္း စိတ္ရွည္ရွည္ေျပာေနေသာ္လည္း ဘာသံမွထြက္မလာ။ ဒါေၾကာင့္ ေခါင္းမူးျခဳံထားသည့္ ေစာင္စေလးကို တျဖည္းျဖည္းကိုင္ကာ လွပ္ၾကည့္စဥ္ ခန႔္ခန႔္က ျပန္ဆြဲယူသြားသည္။ မ်က္ႏွာေလးပင္ မျမင္လိုက္ရ။ သည္ကေလး ေသခ်ာေပါက္ စိတ္ေကာက္ေနေလၿပီ။
ခန့္ခန့္အဖို႔လည္း သိပ္အားလွသည္ေတာ့မဟုတ္။ ႐ုံးပိတ္ရက္တြင္ ပထမဆုံးပြဲၾကည့္ခ်င္တာမို႔ ရခဲလွသည့္ ႐ုပ္ရွင္လက္မွတ္ကို အသည္းအသန္ႀကိဳျဖတ္ခဲ့ရတာမ်ိဳး။ ခ်စ္သူလူႀကီးကေတာ့ ေပၚမလာ။ ဘုမသိ၊ ဘမသိႏွင့္ ႐ုပ္ရွင္႐ုံေရွ႕ေစာင့္ေနရတာ တကယ့္အ႐ူးတစ္ေယာက္လို။ ေတြးေနရင္း ခန့္ခန့္ ေဒါသေၾကာင့္ ရွုးရွူးရွဲရွဲအသံ ထြက္လာသည္။
ေဇယ်ာ မျဖစ္ေခ်ေတာ့ဟုေတြးတာ ခန႔္ခန႔္အေနာက္မွ ဝင္လွဲအိပ္ရင္း တင္းက်ပ္စြာ ဖက္ထားလိုက္သည္။
"ကိုယ္ ေတာင္းပန္တယ္ေနာ္။ မိနစ္ေလးနည္းနည္းပဲ ေနာက္က်သြားတာပါ။ ကေလး ဝမ္းနည္းေနမယ္ဆိုတာသိလို႔ ေနာက္တစ္ပြဲအတြက္ ကိုယ္ မရရေအာင္ ေဈးႀကီးေပးၿပီး ျပန္ဝယ္ခဲ့တယ္။ သြားၾကည့္ရေအာင္ပါေနာ္ .., ကေလး အရမ္းၾကည့္ခ်င္ေနတဲ့ကားမလား"
ခန့္ခန့္ ဖက္ထားသည့္လက္တစ္စုံၾကားက အတင္းတိုးထြက္ကာ ေဇယ်ာ့ဖက္သို႔ လွည့္လိုက္သည္။ မ်က္ဝန္းတြင္လည္း အရည္ၾကည္တို႔ ရစ္သိုင္းလ်က္၊
"အရမ္းၾကည့္ခ်င္ေနတဲ့ကားမွန္းသိရက္နဲ႔ ဘာလို႔ေရာက္မလာလဲ။ မအားရင္လည္း အစတည္းက ႀကိဳေျပာပါလား၊ ခန့္ကိုနဲ႔သြားၾကည့္မွာေပါ့။ ခုဟာက ဖုန္းလည္းမကိုင္ဘူး။ စာေလးတစ္ေစာင္ပို႔ၿပီး ၿပီးၿပီးေရာ ပစ္ထားလိုက္တာ၊ ကၽြန္ေတာ္ ႐ုပ္ရွင္႐ုံေရွ႕ေစာင့္ေနရတာ ဘယ္ေလာက္အ႐ူးက်လဲ"
ခန႔္ခန႔္ အသံေတြက တုန္ရင္ေနသည္။ ႐ုပ္ရွင္မၾကည့္ရ၍ ဝမ္းနည္းျခင္းထက္ အလုပ္ႏွင့္ဆိုလၽွင္ အျမဲေနာက္ေကာက္က်န္ခဲ့သည့္ သူ႔အျဖစ္သူ သနားမိလာတာမို႔။ ပုံမွန္ဆို ေတာ္႐ုံဝမ္းနည္းလြယ္သူ မဟုတ္ေသာ္လည္း သည္လူႀကီးကိုက ခန့္ခန့္ အားနည္းခ်က္လို ျဖစ္လာသည္။ ရယ္ေအာင္လည္း လုပ္နိုင္သလို၊ ငိုေအာင္လည္း စြမ္းနိုင္သူျဖစ္သည္။
"ကဲပါ ကေလးရယ္။ ေက်နပ္တဲ့ထိ ကိုယ္တစ္ဝႀကီးေခ်ာ့မယ္ေနာ္။ လာ ... ေနာက္တစ္ပြဲပါ လြတ္သြားလိမ့္မယ္ေနာ္။ ႐ုပ္ရွင္ၾကည့္ၿပီးရင္လည္း ကေလးႀကိဳက္မဲ့ ဂ်ပန္ဆိုင္အသစ္ေတြ႕ထားတယ္၊ ထေတာ့"
အတင္းဆြဲထူေခၚမွသာ ေစာင္ပုံထဲက ႐ုန္းထြက္ထေတာ့သည့္ ခန႔္ခန႔္ပင္္။ အားရပါးရ ဝင္အိပ္ထားသည္မို႔ ရွုပ္ပြေနသည့္ဆံစတို႔ကို ေဇယ်ာက စိတ္ရွည္လက္ရွည္ ျပန္ျပင္ေပးသည္။ ခဏငိုလိုက္မိေသးသည့္အရွိန္ေၾကာင့္ ႏွာဖ်ားေလးကပင္ ရဲလာေသးသည္။
ေဇယ်ာတစ္ေယာက္ ေစာင္ပုံထဲကထြက္လာေသာ ခန႔္ခန႔္ကိုယ္ကေလးကို ေသခ်ာၾကည့္သည္။ ႐ုပ္ရွင္ၾကည့္မွာမို႔ ဝတ္ထားသည့္မထူမပါး ဆြယ္တာစင္းၾကားေလးမွာ အဆင္ေျပေသာ္လည္း ေဘာင္းဘီကေတာ့ တိုလြန္းေနသည္။ အိပ္ယာေပၚထိုင္ေနရင္းေတာင္ ေဖြးၾကည္ေနေသာေပါင္သားမ်ားအတြင္းက ေသြးေၾကာစိမ္းမ်ားပင္ ျမင္ေနရသည္။
"ကေလး ေဘာင္းဘီက တိုလြန္းတယ္၊ လဲခဲ့ဦး"
"အဲ့လူႀကီး ... ဒီမွာ စိတ္ကၾကည္ေနတာမဟုတ္ဘူး။ ႐ုံးမတက္ရတဲ့ေန႔ေတာ့ ႀကိဳက္ရာဝတ္မယ္"
ဒုန္း!
စိတ္မၾကည္ပုံကေတာ့ အိပ္ရာေပၚမွဆင္းကာ အခန္းတံခါးပိတ္တာပင္ မညင္သာေတာ့။ ေဇယ်ာသည္လည္း ခန႔္ခန႔္ဗီရိုထဲက လက္ရွည္အပါးတစ္ထည္ယူကာ ထြက္ခဲ့ရေတာ့သည္။ ေျခတံသြယ္သြယ္တို႔ကို မဖုံးေပးနိုင္ေသာ္ျငား ႐ုပ္ရွင္႐ုံထဲက အေအးဒဏ္ကိုေတာ့ အနည္းဆုံးခံနိုင္ေအာင္ေပါ့။
ဪ ... ဆိုးလိုက္သည့္ကေလး။
.......................
"ေမေမ ... ခန့္ခန့္ အခန္းထဲမွာလား"
တစ္ပတ္စာေစ်းဝယ္ၿပီး ျပန္လာၾကသည့္ လင္မယားႏွစ္ေယာက္မွာ ပစၥည္းေတြခ်အၿပီး ဆိုဖာေပၚ ေမာေမာႏွင့္ထိုင္ၾကသည္။ ဦးမင္းဟန္က သားကိုမေမးေသာ္လည္း ေဒၚမိမိနိုင္ကေတာ့မရ၊ အေရွ႕မွာ ကားရပ္ထားတာျမင္သည္ႏွင့္ သားကိုဦးဆုံးေမးသည္။
"ေဟာ ... တစ္ေယာက္ကစိတ္ဆိုးၿပီး ေဆာင့္ႀကီးေအာင့္ႀကီးနဲ႔ ျပန္လာတယ္။ အဲဒါကို ေနာက္တစ္ေယာက္က အေမာတေကာနဲ႔ လာေခ်ာ့တယ္ေတာ္။ ခဏၾကာေတာ့ စိတ္ေကာက္ေျပၿပီး အျပင္ျပန္ထြက္သြားၾကေလရဲ့။ ညည္းသားက ကားထားခဲ့ေတာ့တာ"
"စိတ္ေကာက္ၾကျပန္ၿပီလား။ သူတို႔ပဲ ခ်စ္လွခ်ည္ရဲ့ဆိုၿပီး အတင္းသေဘာတူခိုင္းၾကၿပီးေတာ့"
ေဒၚမိမိနိုင္ ဝယ္လာသည့္ပစၥည္းပစၥယေတြ ခြဲျခမ္းရင္း ညည္းညည္းညဴညဴ ေျပာမိျပန္သည္။ အရြယ္ပဲေရာက္လာလို႔လား၊ အလုပ္ပဲဝင္ေနၿပီမို႔လားမသိ ... အခုေနာက္ပိုင္း သားျဖစ္သူကို ပိုပိုထိန္းမနိုင္ေတာ့ေပ။ သေဘာမတူပါဘူး အတန္တန္ျငင္းေတာ့လည္း မိဘေတြစိတ္မခ်မ္းသာေအာင္ တစ္ေန႔တစ္ေန႔ စိတ္ဆင္းရဲျပသည္။ ေမြးကတည္းက ေပ်ာ္ေပ်ာ္ေနတတ္သည့္ သားေလးကိုပဲ ျမင္ေနသားက်ေတာ့ ထိုမွိုင္ေတြေနတတ္သည့္ သားျဖစ္သူကို ႏွစ္ခ်ီကာ မၾကည့္ရက္ေတာ့။
အေမကေရာ၊ ေယာက်္ားျဖစ္သူကပါ သည္ကိစၥအတြက္ စိတ္ေလၽွာ့လိုက္ၾကဖို႔ေျပာေတာ့ ခပ္တြင္တြင္ ျငင္းမိခဲ့ေသးသည္။ သိုေပမဲ့ ထိုေကာင္ေလး ျမန္မာျပည္ျပန္ေရာက္ၿပီးေနာက္ပိုင္းတြင္ ထိန္းမရေတာ့ေခ်။ မိခင္ကသေဘာမတူဘူးဆိုလၽွင္ မိခင္ကိုစကားမေျပာ။ ေမးတစ္ခြန္း၊ ေျဖတစ္ခြန္းပင္ မရွိေလေအာင္ ဆႏၵျပသည္။ ေဒၚမိမိနိုင္ မျငင္းရက္ေတာ့ပါေပ။ ပညာလည္းစုံသြားသည့္ အရြယ္ေပမို႔ နိုင္ငံျခားကျပန္လာသူႏွင့္ အရင္တစ္ခါလို ထြက္ေျပးသြားနိုင္သည္မလား။
မိဘရင္ခြင္ ေျခစုံကန္သြားလၽွင္လည္း သူတို႔ခမ်ာ သည္သားတစ္ေယာက္သာ ရွိသည္။ သည္လိုဆိုေတာ့လည္း ေအးေအးခ်မ္းခ်မ္း သေဘာတူဖို႔ရာသာ ရွိခဲ့ေတာ့၏။
"ကဲပါ ငါ့မိန္းမရယ္ ... စိတ္ေလၽွာ့စမ္းပါ။ ျပန္လာရတာေမာတဲ့အထဲ ေျပာေနရင္ပိုေမာမယ္"
"အိုး ... သူတို႔မလြန္ဘူးလား"
"ေအးပါကြာ။ ဒီေလာက္ခဏခဏ စိတ္ေကာက္ေနၾကတဲ့တူတူ ဟိုအစီအစဥ္ ေျပာျပလိုက္ပါေတာ့လား။ အဲဒါဆို သူ႔အလိုလိုေျပလည္သြားၾကမွာပဲ"
"ဟိုဖက္ကေရာ ဘာေျပာေသးတုန္း။ အဆင္သင့္ရွိေပမဲ့ မေစာလြန္းေသးဘူးလား ေဖႀကီးရဲ့"
ေဒၚမိမိနိုင္ သားျဖစ္သူမ်က္ႏွာကို ျမင္ေယာင္ရင္းေတြးဆကာ ေျပာေလသည္။ သူတို႔ခ်င္း ခ်စ္ခဲ့သည့္အခ်ိန္ေတြေတာ့ ၾကာခဲ့ေလၿပီ။ စိတ္သာယာမွုကို လိုက္တာေတာ့လည္း မဟုတ္လွ။ ေယာက်္ားခ်င္းျဖစ္ေနသည္မွလြဲ ေမာင္ေဇယ်ာႏွင့္ သူ႔၏မ်ိဳးရိုးအေျခအေနအားလုံးကစ လက္မခံနိုင္စရာမရွိခဲ့။ ပတ္ဝန္းက်င္ကို ထည့္တြက္ခဲ့ပါေသာ္လည္း ေရရွည္တြင္ သားျဖစ္သူ စိတ္ခ်မ္းသာဖို႔က အဓိကက်ခဲ့သည္မလား။ ခြဲသင့္သေလာက္လည္း ခြဲၾကည့္ခဲ့ၾကၿပီးၿပီမို႔ ေနာက္ဆုံးေတာ့ အေကာင္းဆုံးပံ့ပိုးေပးဖို႔သာ ဆုံးျဖတ္ခဲ့ၾကသည္။
"ကိုျမတ္သူတို႔ကလည္း ငါတို႔သေဘာပါပဲ"
သူမ အျပဳံးတစ္ခ်က္သာ လွစ္ဟရင္း ေခါင္းဆတ္ျပလိုက္ပါ၏။ သားျဖစ္သူအတြက္ ပီတိအျပဳံးမ်ားသာ။
...................
ေဇယ်ာတစ္ေယာက္ ခန႔္ခန႔္မ်က္ႏွာေလးကို အရိပ္တၾကည့္ၾကည့္ ရွိလွသည္။ ဆိုးပါသည္ဟူေသာ ကေလးဆိုးေလးမွာ ႐ုပ္ရွင္ၾကည့္ၿပီးသည္ထိ စိတ္ေကာက္ကမေျပခ်င္ခဲ့။ စက္ေလွကားပင္ အတူမစီး၊ သူ႔ ေရွ႕ႏွစ္ထစ္ေလာက္က ႀကိဳဆင္းထားသည္။ သူ႔အဖို႔ေတာ့ ျမင္ေနရေသာေနာက္ေက်ာေလးကို ခ်စ္စိတ္ျဖင့္ ေငးၾကည့္႐ုံသာ။
ခ်စ္သူေလးႏွင့္အတူ ယွဥ္တြဲသြားရတိုင္း မလိုက္ဖက္မွာစိုးရြံ႕သည့္ အားငယ္စိတ္တစ္ခု ေဇယ်ာ့တြင္ ရွိခဲ့ဖူးသည္။ ခန႔္ခန႔္က သူ႔ထက္စာလၽွင္ လူေကာင္ေသးၿပီး ခ်စ္စရာေကာင္းသည္။ အသက္ကလည္း ရွစ္ႏွစ္ေတာင္ငယ္တာမို႔ ကိုယ္လိုလူတစ္ေယာက္နဲ႔ ဘယ္လိုမွမအပ္စပ္ဟု ခံစားမိတာပင္။ တကယ္ဆို ေကာင္မေလးတစ္ေယာက္ေယာက္နဲ႔မွ ...။ ဟင္း ... ေဇယ်ာ ေခါင္းတစ္ခ်က္ခါလိုက္ရင္း ထိုအေတြးတို႔ကို လြင့္စင္ေစလိုက္သည္။
သို႔ေပမဲ့ ေဇယ်ာ့အဖို႔ ခ်စ္စိတ္၊ သဝန္တိုစိတ္တို႔ကလည္း ခ်စ္သူသက္တမ္းတစ္ေလၽွာက္ ပိုပိုသာတိုးလာခဲ့သည္။ ခက္ခက္ခဲခဲက ေတာ္ထားရသည့္ ခ်စ္သူေလးမို႔လားမသိ ငုံထားမတတ္ ခ်စ္သည္။ မထိရက္၊ မကိုင္ရက္ေအာင္ကို ျမတ္နိုးသည္။ အားလုံးထဲက သည္ကေလးကို ကိုယ္ကပိုင္ဆိုင္ရသည္မွာ ကံေကာင္းသည့္လူသားႏွယ္။
ေတြးေနရင္းပင္ ေလွကားအတက္ႏွင့္အဆင္းတြင္ဆုံေသာ မိန္းကေလးတခ်ိဳ႕က ဖုန္းငုံ႔သုံးေနသည့္သူ႔ခ်စ္သူကေလးကို ရႊန္းရႊန္းစိုေအာင္ ၾကည့္ေနၾကျပန္သည္။
အေနာက္တြင္ ဆိုင္သူပါလာမွန္းလည္း ရိပ္မိပုံမေပၚၾက။ မ်က္လုံးႏွင့္ၾကည့္တာ အသားပဲ့မပါနိုင္တာ သိပါသည္။ ဒါေပသိ သူ သဝန္တိုလြန္းတာမို႔ ေရွ႕ကခ်စ္သူေလးကို ပုခုံးဖက္၍ကြယ္ကာ အုပ္မိုးဆင္းလိုက္ေတာ့၏။ ေကာင္မေလးေတြ ဘုၾကည့္ၾကည့္တာ ခံရသလို၊ ခ်စ္သူကလည္း စူးစူးစိုက္စိုက္ လွည့္ၾကည့္လာေတာ့၏။
သူ႔ခမ်ာ သဝန္တိုလိုက္ရတာ။
သို႔ေပမဲ့ စားေသာက္ဆိုင္ေရာက္လို႔ ဆူရွီစားလိုက္ရခ်ိန္တြင္ ခန႔္ခန႔္မ်က္ႏွာေလး ရႊင္ျပဳံးလာေလၿပီ။ သူ႔အႀကိဳက္မ်ားကိုသာ ေဇယ်ာက ေရြးထည့္ေပးေနတာမို႔ စားေနရသည္ကို အေက်နပ္ႀကီး ေက်နပ္ေနလ်က္ စိတ္မေကာက္နိုင္ေတာ့။ သည္လိုလည္း အေျပာင္းအလဲျမန္နိုင္သူပါေပ။ စားေသာက္ေနခိုက္ နံေဘးခ်ထားသည့္ဖုန္းဝင္လာေတာ့ ခန႔္ခန႔္ ရပ္လိုက္ရေလၿပီ။ အိမ္ကအေမဆက္တာဆိုေတာ့ သူ ဆူခံရေတာ့မည္ထင္၏။
"ဟုတ္ ေမေမ"
"...."
"သားတို႔ ဆူရွီစားေနတာ"
"...."
"ဟုတ္"
ရႊင္လန္းေနသည့္ ခန့္ခန့္မ်က္ႏွာေလးက ဖုန္းခ်ၿပီး တဖန္စူပုတ္သြားတာမို႔ ေဇယ်ာ စိုးရိမ္သြားသည္။
"ဘာျဖစ္လို႔လဲ ကေလး"
"စားၿပီးရင္ႏွစ္ေယာက္လုံး ျမန္ျမန္ျပန္လာခဲ့ၾကတဲ့။ ထပ္စိတ္ေကာက္ၾကလို႔ ဆူေတာ့မလို႔ေနမွာေပါ့"
"ကဲပါ ကေလးရယ္ ... စားစရာရွိတာသာစား။ ဆူဆူေငါက္ေငါက္ ကိုယ္ပဲခံလိုက္မယ္ေနာ္။ ကိုယ့္အျပစ္ပဲဟာ ... ေရာက္တုန္းေလးေတာ့ စားလိုက္ဦး"
ခန႔္ခန႔္ ျငဴစူၿပီးေျပာတာေတာင္ အစားသာစားခိုင္းေနတုန္း။ အိမ္ႏွစ္အိမ္စလုံး ဆူသမၽွလည္း ခ်စ္သူက သူသာေခါင္းခံေပးရွာသည္။ ခန့္ခန့္ အျပစ္တစ္ကြက္မရွိေစရ။ ဒါေတြကိုပဲ သူ ခ်စ္ေနရတာေပါ့။ ဘယ္ေလာက္ဆိုးဆိုး သည္းခံနိုင္လြန္းတဲ့ အဲ့လူႀကီး။ ဒါေၾကာင့္လည္း ဆိုးၿပီးရင္းထပ္ဆိုးခ်င္ေနမိေတာ့တာ ထင္သည္။
သည္လိုႏွင့္ စားေသာက္ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ ဘယ္မွထပ္မဝင္ေတာ့ဘဲ အိမ္တန္းျပန္လာခဲ့ၾကရသည္။ ေလသံမာမာ မိခင္အသံေၾကာင့္ ဆူခံရဖို႔ ႀကိဳစိတ္ဆင္းရဲေနရသည့္အျဖစ္။ အစစအရာရာလိုက္ေျပာေနရေအာင္ သူလည္း ကေလးမွမဟုတ္ေတာ့ဘဲ။
"စိတ္ပူေနၿပီလား"
"ေမက ဘာေတြပြားဦးမယ္မသိဘူး"
အိမ္လမ္းထဲ ေကြ႕ဝင္လာၿပီမို႔ ခန႔္ခန႔္စိတ္ပိုပူလာသည္။ ေဇယ်ာကေတာ့ လက္တစ္ဖက္ျဖင့္ ခ်စ္သူ႔ပါးေဖာင္းေဖာင္းေလးကို ပြတ္သပ္ရင္းစေနသည္။
"ကိုယ္ အဆူခံပါ့မယ္ဆို၊ စိတ္မပူနဲ႔။ ဟမ္ ... ေရွ႕မွာရပ္ထားတာ ကိုယ့္အေဖကားပဲ"
ေဇယ်ာကေျပာရင္း အေျခအေနၾကည့္ဖို႔ ကားခဏရပ္လိုက္သည္။
"ဟုတ္သားပဲ။ အန္ကယ္က ဒီလမ္းထဲ ဘာလာလုပ္တာလဲ။ ေဖေဖတို႔ဆီလာလည္တာေတာ့ မဟုတ္ေလာက္ဘူးထင္တယ္၊ အိမ္ဆို ေရွ႕ထိသြားရဦးမွာကို"
"ကိုယ္လည္း မသိဘူး"
တကယ္လည္း ခန့္ခန့္တို႔အိမ္ေရာက္ဖို႔က လမ္းအဝင္ကေနဆို ခုႏွစ္အိမ္၊ ရွစ္အိမ္ေလာက္ လိုဦးမည္။ ေယာကၡမေလာင္းႀကီးအား ေတြ႕လို႔ေတြ႕ျငား သူ ေဘးဘီဝဲၾကည့္ေတာ့ ရင္းႏွီးေနေသာ ၿခံဝင္းကေလး။ သူ သည္ေရွ႕ျဖတ္သြားတိုင္း ေငးၾကည့္ေနက်ပင္။
"လူႀကီး ဒါဟိုတစ္ခါေျပာတဲ့ လမ္းထဲကေဆာက္လက္စအိမ္ေလး အရမ္းလွတယ္ဆိုတာေလ၊ အခုၿပီးသြားၾကၿပီထင္တယ္"
"အင္း ခဲေရာင္ေလးက စိုေနသားပဲ။ ဒီဇိုင္းလည္း မဆိုးပါဘူး"
ေဇယ်ာက ျပန္သာေျပာလိုက္ရေပမဲ့ တစ္ဖက္ကအေဖျဖစ္သူကားကို လူရွိ၊ မရွိ အေျခအေနၾကည့္ေနသည္။
"ေနပါဦး၊ ဟိုမွာအဘြားမလား။ သူမ်ားၿခံထဲဘာလုပ္ေနတာလဲ"
ခန့္ခန့္ လက္ညႇိုးတထိုးထိုးျပေတာ့ ေဇယ်ာလည္း ၾကည့္ရသည္။ ၿခံဝင္းကက်ယ္တာမို႔ အိမ္ကေနာက္နည္းနည္းေရာက္ေနသည္။ ဒါမို႔ ေသခ်ာေအာင္ စိုက္ၾကည့္ရ၏။
"ကေလး အဘြားတင္မကဘူးထင္တယ္ေနာ္။ ေဘးမွာ ကိုယ့္ေမေမေရာပဲမလား ၾကည့္ပါဦး"
"အေရးထဲ မ်က္မွန္ကမပါဘူး။ ဟုတ္တယ္ထင္တယ္ အန္တီေမေမေရာ။ သူမ်ားအိမ္ထဲ ဘာလုပ္ေနၾကတာလဲ။ ဆင္းၾကည့္ရေအာင္လာ ... ဒီအိမ္သစ္ကို လူေတြေျပာင္းလာလို႔ေနမွာ"
သူတို႔ႏွစ္ဦးသား ဖြင့္ထားသည့္ၿခံတံခါးအတိုင္း ဝင္ခဲ့ၾကၿပီး အိမ္ေလးကို စူးစမ္းၾကည့္မိၾကသည္။ ေရွ႕ဝင္ဝင္ခ်င္းညာဖက္တြင္ ျမက္ခင္းျပင္စိမ္းစိမ္းေလးရွိၿပီး ခုံတန္းေလးမ်ားႏွင့္ ေသခ်ာမစိုက္ရေသးသည့္ ပ်ိဳးပင္မ်ားခ်ထားသည္က အစီအရီ။ ဘယ္ဖက္အျခမ္းတြင္ ကားထားဖို႔အတြက္ ေနရာခ်န္ထားပုံရသည္။ ႏွစ္ထပ္အိမ္ပုံစံေလးမွာ ျမင္ဖူးေနၾကေတြႏွင့္ ကြဲထြက္ေနေလသည္။
"ေဟာ ... ဖုန္းဆက္ေခၚစရာေတာင္ မလိုေတာ့ဘူး။ ကေလးေတြေရာက္လာၾကၿပီေဟး"
အဘြားျဖစ္သူကအိမ္ထဲကို လွမ္းေအာ္ေျပာလိုက္ေတာ့ ဦးျမတ္သူ၊ ဦးမင္းဟန္ႏွင့္ ေဒၚမိမိနိုင္တို႔ လူစုံတက္စုံထြက္လာၾကသည္။ မိဘေတြ အစုံအလင္ ေရာက္ေနၾကသည္လား။ ခုထိေတာ့ အိမ္ရွင္ကိုပင္ မေတြ႕ရေသး။
"ေဖေဖတို႔ ဘာလုပ္လာၾကတာလဲ။ ဒီအိမ္ပိုင္ရွင္နဲ႔ သိၾကလို႔လား"
ႏွစ္ဖက္မိဘေတြ ျပဳံးစိစိႏွင့္ ၾကည့္ေနၾကသည္ကို ခန့္ခန့္တို႔နားမလည္။ ႏွစ္ေယာက္သား အခ်င္းခ်င္းေမးဆတ္ျပရင္း နားမလည္နိုင္စြာ။
"ဘာရယ္ေနၾကတာလဲ။ အေမတို႔က ဒီလမ္းထဲထိ ဘာလာလုပ္ၾကတာလဲ။ ခန့္ခန့္တို႔အိမ္ လာလည္ၾကတာလား"
ေဇယ်ာကလည္း သိခ်င္စိတ္ႏွင့္ ေမးျပန္သည္။ သို႔ေသာ္ အျပဳံးမပ်က္ၾကေသးတာမို႔ သူပင္ လိုက္ျပဳံးမိေသးသည္။
"ႏွစ္ေယာက္သား စိတ္ေကာက္ၾကျပန္ၿပီဆို"
ဦးျမတ္သူက ခပ္တည္တည္ဝင္ေျပာလာသည့္အသံပါေပ။ ခန့္ခန့္ေရာ၊ ေဇယ်ာပါ အခ်င္းခ်င္းျပန္ၾကည့္မိၿပီး အျပစ္သားမ်ားပမာ ေခါင္းအနည္းငယ္ ငုံ႔သြားၾက၏။ ခန့္ခန့္မိခင္ ေဒၚမိမိနိုင္ကပဲ ေငါက္မည္ထင္ထားတာ ႏွစ္ဖက္မိဘဆုံကာ ဆူေငါက္မယ္ဆိုလၽွင္ေတာ့ ေဇယ်ာပင္လၽွင္ စိတ္ဓာတ္က်သြားသည္။
"ဒီေလာက္ခဏခဏ စိတ္ေကာက္ၾကတာ လူႀကီးေတြၾကည့္မရေတာ့ဘူး။ မင္းတို႔ကို ဒီအိမ္ထဲ အၿပီးပိတ္ထားၾကေတာ့မလို႔"
"ဗ်ာ ဘယ္လိုအၿပီးပိတ္..."
ခန့္ခန့္ သေဘာမေပါက္စြာ ျပန္ေမးမိေပမဲံ ေဇယ်ာကေတာ့ လူႀကီးေတြအရိပ္အေျခၾကည့္၍ သေဘာေပါက္သြားသည္။ ဒါမို႔ ေၾကာင္စီစီျဖစ္ေနသည့္ ခန့္ခန့္အနား တိုးတိုးကပ္ကာ၊
"ဒါ ကိုယ္တို႔ႏွစ္ေယာက္အိမ္ ျဖစ္လာမယ္ထင္တယ္"
'ေအ့!'
အံ့ဩလြန္း၍ ႐ုတ္တရက္ ေလတက္လာတာမို႔ ခန့္ခန့္ကိုလူႀကီးေတြက သေဘာတက်ၾကည့္ကာ ရယ္ေနၾကသည္။ ေဇယ်ာက ခန့္ခန့္ ေက်ာေလးအား ပြတ္သပ္ေပးရွာပါသည္။ ခန႔္ခန႔္ကေတာ့ မေနနိုင္စြာ အေမျဖစ္သူထံ ကပ္ရ၏။
"ေမေမ ဒါသားတို႔အိမ္ ျဖစ္လာမွာဆိုဟုတ္လား။ ဘြား၊ အန္တီေမေမ ဟုတ္လား"
ခန့္ခန့္တစ္ေယာက္ ဟိုေျပးေမးလိုက္၊ သည္ေျပးေမးလိုက္ႏွင့္ စိတ္လွုပ္ရွားေနသည္မွာ အားလုံးမ်က္စိထဲတြင္ မူႀကိဳကေလးတစ္ေယာက္ႏွယ္ ခ်စ္စရာအတိ။
"ကဲကဲ ထိုင္ဦး။ ပ်ာယာခတ္မေနနဲ႔၊ ရွင္းျပမယ္"
ေဒၚမိမိနိုင္ေျပာမွ ခန႔္ခန႔္အျပင္ လူႀကီးေတြပါ ၿခံထဲက ခုံတန္းလ်ားမ်ားတြင္ အသီးသီးထိုင္လိုက္ၾကသည္။
"ဒီအိမ္က မင္းတို႔ႏွစ္ေယာက္အတြက္ လူႀကီးေတြခ်င္းတိုင္ပင္ၿပီး စီစဥ္ထားတာ။ ခြဲမရေတာ့တဲ့အတူတူ သူမ်ားအေျပာမခံရေအာင္ သင့္သင့္ျမတ္ျမတ္ေနၾက"
"ဟုတ္တယ္ကြ။ မင္းေမႀကီးကလည္း ဒီၿခံေလးေရာင္းမယ္ၾကားေတာ့ မင္းတို႔အတြက္ မ်က္စိက်ေနလို႔ မရရေအာင္ ဝယ္ထားလိုက္တာ။ ကိုျမတ္သူတို႔ကေတာ့ ဒီအိမ္ေလးကို ေဆာက္ေပးထားတာ"
"အင္း ႏွစ္ဖက္မိဘ အႀကိဳမဂၤလာလက္ဖြဲ႕ေပါ့"
ဦးမင္းဟန္စကားကို ေဒၚၾကည္ျပာကပါ ဝင္ေထာက္ခံေတာ့ ခ်စ္သူႏွစ္ဦးတို႔၏မ်က္ႏွာမွာ ဝင္းခနဲ။ သည္ေလာက္လွတဲ့ တိုက္ႏွင့္ၿခံဝင္းက သူတို႔အတြက္တဲ့လားေလ။ ေနာက္ၿပီး မဂၤလာလက္ဖြဲ႕တဲ့။ သူတို႔ နားၾကားမွားတာ လုံးဝမဟုတ္ပါေခ်။
"မဂၤလာလက္ဖြဲ႕။ ဟာ ... ဒါဆို သားတို႔ကို လက္ထပ္ေပးၾကမွာေပါ့ေနာ္။ လူႀကီး လက္ထပ္လို႔ရတယ္တဲ့၊ လက္ထပ္ရေတာ့မွာတဲ့"
ခန႔္ခန႔္ခမ်ာ ေပ်ာ္လြန္းသည့္စိတ္ႏွင့္ ထခုန္ေပါက္ရင္း ေျပာေနေတာ့သည္။ ေဇယ်ာသည္လည္း ယခုထက္ထိ မယုံၾကည္နိုင္ေသးပါေပ။
"အင္းပါ။ ျဖည္းျဖည္း ... ျဖည္းျဖည္း၊ တစ္ခုခုျဖစ္ေနပါဦးမယ္။ ထိုင္ဦး ... လာ"
ဦးမင္းဟန္ႏွင့္ေဒၚမိမိနိုင္တို႔ သားေလးကို စိတ္ခ်လက္ခ်ထည့္ေပးနိုင္သည္ကား သည္အခ်က္ေတြေၾကာင့္ပင္။ သည္ေလာက္ဆိုးသည့္သားက သူတို႔လက္ထဲမဟုတ္လၽွင္ ေဇယ်ာလို ေဖးမေစာင့္ေရွာက္နိုင္သည့္သူမ်ိဳးႏွင့္သာ အတူရွိသင့္သည္။
"အေဖတို႔၊ အေမတို႔ေရာ ၿပီးေတာ့ အဘြားအပါအဝင္ အန္ကယ္နဲ႔အန္တီတို႔ကို ေက်းဇူးတင္ပါတယ္ဗ်ာ။ ခုေလာက္ထိ သေဘာတူေပးၾကမယ္လို႔ ကၽြန္ေတာ္ မေမၽွာ္လင့္ထားဘူး။ တကယ္ပါ ... လူႀကီးေတြအားလုံး စိတ္ခ်မ္းသာေအာင္ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ အေကာင္းဆုံးႀကိဳးစားေနသြားပါ့မယ္။ ခန့္ခန့္ကိုလည္း ခုထက္ ပိုဂ႐ုစိုက္ပါ့မယ္"
ကေလးကို လွည့္ၾကည့္ေတာ့ ႏွုတ္ခမ္းေလးကို ေကြးေနေအာင္ ျပဳံးျပေနလ်က္။ 'ေက်းဇူးတင္ေၾကာင္းေျပာလိုက္ဦးေလ' ဟု ေဇယ်ာ တိုးတိုးကပ္ေျပာေတာ့ ခန႔္ခန႔္က အၿငိမ္မေန။ မိဘေတြနားထိသြားကပ္ကာ တစ္ေယာက္ခ်င္းစီ ကပ္ခၽြဲရင္းေပ်ာ္ျမဴးေနေတာ့သည္။ ခႏၶာကိုယ္ေသးေသးကေလးႏွင့္ ခုန္ေပါက္ေနပုံက လူႀကီးေပါက္စေလးအတိုင္း။
"အိမ္ကနီးနီးေလးရွိတာ သားကိုႀကိဳမေျပာၾကဘူး။ ဘာပဲျဖစ္ျဖစ္ ေဖႀကီးေရာ၊ ေမႀကီးေရာ ခ်စ္တယ္။ အန္တီေမေမ အိမ္ေလးအရမ္းလွတာေနာ္"
ေဇယ်ာ ျပဳံးေပ်ာ္ေနေသာခ်စ္သူေလးႏွင့္ လူႀကီးေတြကို တစိမ့္စိမ့္ၾကည့္ရင္း၊ ေငးရင္းက အိပ္မက္မဟုတ္နိုင္ေၾကာင္းကို ဆန္းစစ္ေနရသည္။ အမွန္စင္စစ္ သူ လုံးဝမယုံၾကည္နိုင္ေသး။ ဤအိမ္၊ ဤၿခံႀကီးတြင္ အရမ္းခ်စ္ရသည့္ ကေလးႏွင့္အတူတူေနရေတာ့မည္ဆိုတာ ယုံနိုင္ခဲသည္။ အခက္အခဲေတြအားလုံးကို အႏွစ္ႏွစ္အလလ ေက်ာ္ျဖတ္ၿပီးသည္ေနာက္ သူ႔ခ်စ္သူေလးကို တရားဝင္ပိုင္ဆိုင္ရေတာ့မည္ပါလား။
တကယ္ပဲ အိပ္မက္မ်ားလား။
မဟုတ္နိုင္ပါေခ်။ ေတြးေငးေနသည့္ ျမင္ကြင္းေရွ႕တည့္တည့္တြင္ ခ်စ္စဖြယ္ေကာင္ကေလးတစ္ေယာက္ ခုန္ေပါက္လို႔ ျပန္ေရာက္လာသည္။
"လူႀကီးကို အခ်စ္ဆုံးေနာ္"
ခ်ိဳသာသည့္အသံေလး ၾကားလိုက္ရၿပီး သိုင္းဖက္ခံလိုက္ရသည့္ အထိအေတြ႕။
ေသခ်ာပါသည္။ ဟိန္းေဇယ်ာတစ္ေယာက္ သည္ခ်စ္စဖြယ္ကေလးကို ထာဝရ ပိုင္ဆိုင္ခြင့္ရလိုက္ပါၿပီ။
11/11/2020
•••••••••••••••••••••••••••••••••••••••••
Bạn đang đọc truyện trên: Truyen3h.Co