Truyen3h.Co

မကြေးမုံ

Part 2

Fi_Lay

<Unicode>

"အစ်ကို ဒီတစ်ခေါက်ပြန်တာ ကြာလိုက်တာ။ မြို့မှာ ကောင်မတွေဘာတွေရှိနေသလား၊ ပြောစမ်းပါ"

ကိုမြင့်ထူး မြို့ကပြန်လာတိုင်း ကြားရတတ်သည့် စွပ်စွဲစကားပင်။ ကြေးမုံ အပြောအဆိုကြမ်းသည်ကိုလည်း ကိုမြင့်ထူး မပြုပြင်ပေးနိုင်။ 'အစ်ကို' ဟူသည့် နာမ်စားသုံးရန်ပင် တောင်းတောင်းပန်ပန် နားချထားရလေခြင်း။

"မယုံရင် တစ်ခါတည်းမြို့မှာ လက်ထပ်ကြမယ်လို့ အစ်ကိုပြောသားပဲ၊ မဟုတ်ရင်တောင် ဖေဖေက အစ်ကို့ကို မြို့ပြန်ခေါ်နေပြီ"

"ကျုပ် အမေနဲ့မခွဲချင်ဘူး"

"ဘယ်လို!"

မျက်စိ၊ မျက်နှာပျက်သွားသော ကိုမြင့်ထူးကြောင့် ကြေးမုံ စကားလမ်းကြောင်းလွှဲကာ ပြန်လွှတ်လိုက်ရသည်။ တကယ်လည်း ကြေးမုံ အမေ့ကိုမခွဲနိုင်ပါ။ အမေသည် ချောင်းတစ်ဖက်ကမ်းရှိ ကျားမရဲတောင်တွင်နေသည်ဟု သူ ယုံကြည်သည်။ သို့သော် တစ်နှစ်ကျော်မျှရည်ငံခဲ့မိသော အစ်ကိုနှင့်လည်း မခွဲခွာနိုင်တော့။

ကြေးမုံ စဉ်းစားရလေပြီ။ အစ်ကိုနှင့် လိုက်သွားလျှင် မြို့၌ သူ့အကြောင်းမည်သူမျှ သိမည်မဟုတ်။ ကိုမြင့်ထူးကိုယ်တိုင်ကပင် စုန်း၊ ကဝေအတတ်တို့ကို အယုံအကြည်မရှိ။ ကြေးမုံလည်း သည်ရွာကိုစိတ်ပျက်လွန်းတာမို့ ပတ်ဝန်းကျင်အသစ်တွင် နေချင်မိသည်။

သူ မတတ်သာတော့။ အမေ့ဒေါ်ပိုးဇာကို ခွင့်တောင်းပြီး မြို့လိုက်သွားဖို့သာ ဆုံးဖြတ်လိုက်သည်။

.

ထိုညတွင် လမင်းဝိုင်းဝိုင်းက အေးမြရောင်ခြည်ဖြာနေလေ၏။ ကြေးမုံ လုပ်ရိုးလုပ်စဉ်အတိုင်း အနက်ရောင်ဇာပဝါခြုံကာ အမေဒေါ်ပိုးဇာကို အာရုံပြုလိုက်သည်။ တိတ်ဆိတ်သောညက ပိုပိုတိတ်ဆိတ်လာသည်။ သိပ်မကြာပါ၊ အသံသဲ့သဲ့ကြားရသည်။ စိမ်းရွှင်ရွှင်အနံ့တစ်ခုပါ ရလာ၍ ကြေးမုံအနား အမေရောက်လာသယောင် ခံစားလိုက်မိသည်။

"အမေ .. ကျုပ် ကိုမြင့်ထူးနဲ့ မြို့လိုက်သွားတော့မယ်။ အမေ ခွင့်ပြုမယ်မလားဟင်။"

ဝေါ.....ဝေါ.....ဝေါ.....။

ရုတ်ချည်းတိုက်ခတ်လာသော လေရူးကြောင့် ဆီမီးပြပြမှာ အလင်းရောင်မရှိတော့။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှာလည်း လေတိုးသံများကြောင့် ပွက်လောရိုက်လာသည်။ ပိတ်ထားသော ဝါးတံခါးမှာ လေကြမ်းနှင့်အတူ ဖွင့်ချည်ပိတ်ချည်နှင့်။ ပြတင်းများကလည်း အထိန်းအကွပ်မဲ့စွာ အပြိုင်ရိုက်ခတ်လာကြသည်။

ကြေးမုံမှာ မကြုံစဖူးမို့ အကြောက်ကြီးကြောက်လာသည်။ သူ စကားမှားသွားလေပြီလား။ နားနှစ်ဖက်ကို လက်ဖဝါးဖြင့်ပိတ်ကာ ခေါင်းကိုတွင်တွင်ငုံ့ထားမိသည်။ အမေ စိတ်တိုလျှင် ကြေးမုံကြောက်သည်။ သေပြီးစဉ်ကတည်းက သည်လိုအဖြစ်မျိုးမကြုံဖူး၍ ကြေးမုံ ပိုကြောက်ရသည်။

"ခွင့်လွှတ်ပါ အမေရယ် .. ခွင့်လွှတ်ပါ"

အူ.....ဟူ......ဟူး.......။

ခွေးအူသံများပါ ကျယ်လောင်လာတာမို့ ကြေးမုံ ကြောက်သေးများပင် ထွက်ကျတော့မတတ်။ လက်ဖဝါးချင်း အထပ်ထပ်ပွတ်ကာ ရှိခိုးတောင်းပန်ရသည်မှာလည်း ပူလောင်၍ ကြိမ်းစပ်လာလေပြီ။ သို့သော် အမေမှာ မကျေနပ်နိုင်စွာ ပိုပိုကြမ်းပြလာသည်။

"တောင်းပန်ပါတယ် အမေရယ်...သမီးမိုက် လိုက်မသွားတော့ပါဘူး...အီး...ဟီး...ဟီး။ စိတ်မကွက်ပါနဲ့ အမေရဲ့။ တောင်းပန်ပါတယ်၊ ကျုပ် ကြောက်လို့ပါ"

လိုက်မသွားတော့ကြောင်း ကတိအထပ်ထပ်ပေးပါမှ လေကြမ်းများ ငြိမ်ကျသွားတော့သည်။ ခွေးအူသံများလည်း ပျောက်ကွယ်သွား၏။ ကြေးမုံသည်လည်း ဖျာကြမ်းပေါ်တွင် တရှုံ့ရှုံ့နှင့် ငိုကြွေးမဆုံးတော့..။

.

"အစ်ကို မနက်ဖြန်ဆို ဒီရွာက ထွက်တော့နော်၊ ညဖက်လည်း ငပုလုံးကိုခေါ်ပြီး သတိနဲ့အိပ်။ ကျုပ်ပြောတာ ကြားသလား"

မဝင်တာကြာပြီဖြစ်သော ရွာထဲသို့ ကိုမြင့်ထူးအား အမှာစကားပါးရန် ကြေးမုံ ဝင်လာခဲ့ရခြင်း။ တစ်ရွာလုံးက ပြူးပြူးပြဲပြဲ ကြည့်ကြသော်လည်း ကြေးမုံ အရေးမစိုက်၊ ကိုမြင့်ထူး အန္တရာယ်ကင်းဖို့က ပိုအရေးကြီးနေသည်။

"ကြေးမုံရော မလိုက်ဘူးလား၊ အတူသွား...."

ကိုမြင့်ထူးပြောနေခိုက် ကြေးမုံက လက်လှမ်းပိတ်လိုက်တာမို့ သူ့စကားမှာ အဆုံးမသတ်လိုက်။

"လိပ်စာသိတာပဲ...ကျုပ်ပြီးရင်လိုက်ခဲ့မယ်၊ အတူသွားလို့မဖြစ်ဘူး"

ဒီလိုနှင့် ကြေးမုံ ပြောသမျှပြီးရသော ကိုမြင့်ထူးက မနက်မြို့ပြန်ရန်အတွက် ညဦးပိုင်းစကပင် ပြင်ဆင်ရတော့၏။ တစ်နှစ်ကျော်မျှ နေထိုင်ခဲ့သည်ဖြစ်၍ ပစ္စည်းပစ္စယတို့မှာ အများသား။

အားလုံးထုပ်ပိုးပြီးစီးချိန်၌ သန်းခေါင်ယံပင် ရှိနေလေပြီ။ လာကူပေးသော ငပုလုံးမှာလည်း အိပ်ပျော်နေလျက်။

ညဉ့်နက်လာသည်နှင့်သမျှ ကိုမြင့်ထူး မျက်လုံးတို့မှာလည်း မှေးစင်းလာသည်။ သို့သော် ထူးဆန်းစွာ အိပ်ယာခင်းထားသည့် ဝါးကြမ်းခင်းပေါ်သို့ မတက်ချင်။ ကြေးမုံကိုသာ သတိရစိတ်နှင့် သွားတွေ့ချင်နေမိသည်။ ညအချိန် တစ်ခါမျှ မတွေ့ဖူးသည့် ကိုမြင့်ထူးအဖို့ တွေ့ချင်စိတ်တို့မှာ တားဆီးမရနိုင်အောင် ဖြစ်လာသည်။ သို့နှင့် ကြိမ်းစပ်နေသောမျက်လုံးများအား ခပ်နာနာပွတ်သပ်ရင်း ရွာအနောက်ဖျားသို့ ဦးတည်ထွက်လာခဲ့သည်။

တိုးလျသောလေညှင်း...

မှောင်မိုက်သောဝန်းကျင်နှင့်...

လွင့်မျောနေသော စိတ်ဝိဉာဏ်တစ်ခု...

တစ်ခုခုက ကိုမြင့်ထူး၏စိတ်အစဉ်ကို ဦးဆောင်နေသည့်နှယ်။ အဖြစ်အပျက်တို့မှာလည်း အိပ်မက်မက်နေသည့်အလား၊ လေနှင်ရာလွင့်နေသည့်အတိုင်း ထိန်းချုပ်နိုင်စွမ်းမှာ မရှိ။ အသိ၊ သတိကိုထိန်းနေရင်းက ကိုမြင့်ထူး ရောက်လာမိသည်မှာ ကြေးမုံအိမ်မဟုတ်ဘဲ ကျားမရဲတောင်အနောက်ခြမ်းက လျှိုစပ်ပင်။

မုဆိုးဘသိုက်တို့ ပြောဖူးစဉ်ကအကြောင်း သတိရမိ၍ ကိုမြင့်ထူး ကျောချမ်းသွားသည်။ ကြေးမုံက သူ့အားပြုစားသည်တော့ မဖြစ်နိုင်၊ မနက်မြို့ပြန်ရန်ပင် အတိအကျမှာသွားပြီးသားမလား။ သို့သော် သူဒီအထိရောက်လာပုံက ဆန်းကြယ်နေသည်။

မှောင်မိုက်နေသည့်လျှိုစပ်ရောက်ချိန်တွင် ကိုမြင့်ထူး ဘယ်သွားရမည်မသိ၊ လာရာလမ်းပြန်လှည့်ချင်သော်လည်း မမှန်းဆတတ်တော့။ စိတ်ထင်သည့်ဖက်သို့သာ နောက်ကြောင်းပြန်လှည့်ဖို့ ကြိုးစားရသည်။

တိမ်ဖုံးနေသောလရောင်မှာ အလင်းပြပြသာပေးစွမ်းနေ၏။ ကိုမြင့်ထူးသည် လိုရမယ်ရ ကိုင်းခြောက်တစ်ခုအား အောက်ခြေတွင်ရှိသော သစ်ရွက်ကြွေများကြားမှ စမ်းတဝါးဝါးနှင့် ရှာလိုက်သည်။ ပြီးနောက် မှန်းဆရာလမ်းဆီသို့ ပြေးမည်ပြုခိုက် ပုပ်သိုးသိုးအနံ့အား စတင်ရလာလေသည်။ ကိုမြင့်ထူး နှာခေါင်းကို ခပ်နာနာပိတ်ရင်း ကိုင်းခြောက်ကိုကိုင်လျက် ပြေးရတော့သည်။

ဝေါ....ဝေါ....ဝေါ....။

မကြာပါ။ သစ်ကိုင်းများအကြား လေတိုးသံက တရှဲရှဲနှင့် ထွက်ပေါ်လာသည်။ လေကကြမ်းသထက် ကြမ်းလာ၏။ ပြီးနောက် တဝီဝီမြည်နေသော ယင်ရိုင်းအုပ်စုကြီးကပါ ကိုမြင့်ထူး နောက်မှ တရစပ် ကပ်ပါလာတော့သည်။ မှောင်မည်းကြီးထဲတွင် စမ်းတဝါးဝါးနှင့် ဖနောင့်နှင့်တင်ပါး တသားထဲကျအောင် သူ ပြေးရတော့သည်။ သို့သော် ပြေးနေရင်းက ကိုမြင့်ထူး၏ ခြေထောက်တစ်ဖက်အား လှမ်းဆွဲယူခံလိုက်ရ၏။ ခန္ဓာကိုယ်မှာလည်း ဆွဲခံရသည့်အရှိန်ကြောင့် မြေကြီးနှင့်ရိုက်မိပြီး ပစ်လဲကျတော့သည်။

ခြေထောက်တစ်ဖက်အား တရွတ်တိုက်ဆွဲခံနေရသော ကိုမြင့်ထူးမှာ မြန်ဆန်သည့် အဖြစ်အပျက်ကြား ပြန်ရုန်းကန်ချိန်မရှိ။ အမှိုက်သရိုက်မျိုးစုံက သူ့မျက်နှာအား တရစပ်ရိုက်ခတ်နေသည်။ ကိုမြင့်ထူး ခက်ခက်ခဲခဲ နောက်လှည့်ကြည့်ချိန်တွင်တော့ ကြီးမားသောအရိပ်မည်းကြီးတစ်ခုက သူ့အားအရှိန်ပြင်းစွာ ဆွဲခေါ်နေလေခြင်း။ အတန်ကြာဆွဲခေါ်ခံရသော ကိုမြင့်ထူးမှာ ခံနိုင်စွမ်းမရှိတော့၊ မျက်နှာတွင် အပွန်းအရှဒဏ်ရာများကြောင့် သွေးအလိမ်းလိမ်းပေကျံနေလေပြီ။

ဆက်တိုက်ဆွဲသွားရင်း တစ်နေရာအရောက်တွင်တော့ ထိုသတ္တဝါကြီးမှ ကိုမြင့်ထူးအား လေးလံသော အရာတစ်ခုနှင့် ခေါင်းအားရိုက်ချလာသည်။ ထို့နောက်မှ ခွေကျသွားသော ခန္ဓာကိုယ်ကို ပွေ့ကိုင်လိုက်ရင်း တွင်းကျယ်တစ်ခုထဲသို့ အရှိန်ပြင်းစွာ ပစ်ချလိုက်လေ၏။ ပုပ်သိုးသိုးအနံ့ စူးစူးကြီးရလိုက်ချိန် ကိုမြင့်ထူး၏အသိစိတ်တို့မှာ လွတ်ထွက်သွားလေတော့သည်။

.

ဆောင်းရာသီလက်ကျန် အအေးဓာတ်လေး ရှိနေသော်ငြား ကြေးမုံ ဇောချွေးတို့ ပြန်နေလေသည်။ ကိုမြင့်ထူးကို သူစိတ်ပူသည်။ ငပုလုံးလာပြောချက်အရ အစ်ကိုလည်း ရှေ့လူများနည်းတူ ဖြစ်တော့မည့်ဟန်တူသည်။ ပုံမှန်ဆိုလျှင် ကြေးမုံ မကျေနပ်သူမှသာ အမေက သေစေသည်။ ဒီတစ်ကြိမ်တွင်တော့မတူ၊ အမေကိုယ်တိုင် မကျေနပ်လေခြင်း။

ကြေးမုံ တားရမည်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် အစ်ကို့ကို ကယ်ရမည်ပင်။ ဝါဖန့်ဖန့်မီးအိမ်ကိုကိုင်ရင်း သူပြေးတက်လာသည်မှာ လျှိုစပ်သို့ ရောက်လေပြီ။ ကြေးမုံ ငယ်စဉ်ကတည်းက အမေသွားနေကျဖြစ်သော ကျားမရဲတောင်အား အခုမှရောက်ဖူးလေခြင်း။

စမ်းတဝါးဝါးနှင့် သွားရင်းက မခံနိုင်သော အပုပ်နံ့ကို ရလေသည်။ ဒါသည် အမေ့ကိုအာရုံပြုချိန်တွင် တစ်ချက်တစ်ချက် ရတတ်သည့်အနံ့မှန်း ကြေးမုံ ချက်ချင်းသိလိုက်သည်။ တဝီဝီမြည်နေသော ယင်ရိုင်းများမှာလည်း အနားတွင်တဝဲလည်လည် ပါလာကြ၏။ မီးအိမ်အရှိန်ကြောင့်သာ အနားမကပ်ကြခြင်း။

လျှိုထဲဝင်ရင်း၊ ဝင်ရင်းက ပုပ်ကောင်အနံ့မှာ ပိုပိုမခံနိုင်စရာဖြစ်လာသည်။ သို့နှင့် ရှေ့ဆက်လာရင်း အရှေ့တစ်လံလောက်တွင် မီးဖိုထားသော အလင်းပြပြကို ကြေးမုံလှမ်းမြင်ရလေပြီ။

အမေ ရှိနေသည်လား။

ကြေးမုံ အတတ်မသိနိုင်ပါ။ ခြေသံအား ခပ်ဖွဖွလျှောက်ရင်း အပင်ကြီးတစ်ပင်နောက်မှ အခြေအနေအား ချောင်းကြည့်ရ၏။ တောက်လောင်နေသော မီးပုံကြီးမှလွဲ၍ လှုပ်ရှားနေသည့်အရာ စိုးစဉ်းမျှမရှိ။

သို့သော် သိပ်မကြာလိုက်။ ကြီးမားသောခပ်ထွားထွားခန္ဓာကိုယ်နှင့် သတ္တဝါကြီး၏ ကျောပြင်အား မြင်လိုက်ရသည်။ ပုံသဏ္ဍာန်အရတော့ လူထွားကြီးတစ်ယောက်နှယ်။ ခေါင်းပေါ်ရှိ ပွယောင်းနေသော ဆံမွှေးများမှာ မီးရောင်ကြောင့် နီရဲနေသယောင်။ ခပ်ဖားဖားအင်္ကျီအား ပေါင်လည်ထိဝတ်ထားသည်ကလည်း ညစ်ထေးနေသည့်ဟန်။ သူ၏ပုံစံမှာ အရှေ့တွင်းထဲသို့ မီးစများချရန် ပြင်နေပုံရသည်။

ကြေးမုံ မည်သည်မည်ဝါ မခန့်မှန်းတတ်သော်ငြား အမေဒေါ်ပိုးဇာ မဟုတ်မှန်းတော့သေချာသိလိုက်သည်။ အစက သည်တောင်ထဲဝင်လျှင် ကာလသားများသေသည်မှာ အမေ့လက်ချက်ဟု ယုံမှတ်ခဲ့သည်။ သို့သော် တက်တက်စင်အောင် လွဲနေလေပြီ။ ကိုမြင့်ထူးအား ကယ်နိုင်ရန် ထိုသတ္တဝါကြီးအား ကြေးမုံ အဆုံးသတ်ရမည်။

သစ်ပင်နောက်ကွယ်မှကြေးမုံသည် ဖြေးညှင်းစွာ လျှောက်လှမ်းလာရင်း ထိုသတ္တဝါကြီးအနားသို့ တရွေ့ရွေ့ကပ်သွားလေ၏။ အမြဲဆောင်ထားတတ်သော ဓားမြှောင်ကိုလည်း လက်မှကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။

ဂျွပ်!!!

သတိထားနေရင်းက ကြေးမုံ သစ်ကိုင်းခြောက်တစ်ခုအား တက်နင်းမိသွားလေသည်။ မတတ်နိုင်။ အသံကြောင့် ထိုသတ္တဝါကြီး အနောက်သို့ လှည့်လာလာချင်း ကြေးမုံက လျင်မြန်စွာ ဓါးဦးနှင့် ဝမ်းဗိုက်နေရာသို့ အားပါပါထိုးနှက်ပစ်လိုက်သည်။

ဖြန်း!!!

မထင်မှတ်ထားချိန် အရှိုက်ထိသွားသောရန်သူမှာလည်း ကြေးမုံအား ခပ်ပြင်းပြင်း ရိုက်နှက်လိုက်သည်။ ကြေးမုံ၏ဓားချက်က ချက်ကောင်းထိသော်လည်း သတ္တဝါနှင့်လက်နက်မှာ အားမမျှလှချေ။ တော်တော်ထွားသည့် လူသန်ကြီး။ ကြေးမုံမှာလည်း ရိုက်ခံလိုက်ရသည့်ဒဏ်ကြောင့် မြေကြီးပေါ်တွင် ပုံလျက်သား။

ခွေကျသွားသော ကြေးမုံက အားယူထလိုက်ရင်း ထိုသတ္တဝါ၏မျက်နှာအား သေချာစိုက်ကြည့်လိုက်သည်။ တောက်လောင်နေသောမီးရောင်ကြောင့် အနှီလူသား၏မျက်နှာတစ်ခြမ်းလုံး မည်းနက်နေသည်မှာ အထင်သား။ ဒီလိုအမှတ်အသားမျိုးမှာ ကြေးမုံဘဝတွင် နှစ်ယောက်မရှိနိုင်။

အမောင်!!!

ဟုတ်သည်။ အဖေနှင့်ပါသွားသော အမောင်တွင်လည်း ထိုကဲ့သို့မွေးရာပါ မျက်နှာတစ်ခြမ်းမဲသည့် အမှတ်အသားပါရှိသည်။ ငယ်ငယ်ကတည်းက လူကောင်ထွားသူ အမောင်၊ အခုတော့ မမှတ်မိနိုင်အောင်ထွားကျိုင်းနေသည်မှာ လူ့ဘီလူကြီးကဲ့သို့။

"အ...အား...ဟီး..."

ကြေးမုံ သေချာကြည့်နေခိုက် အမောင်က အနားကပ်လာသည်။ ဓားမြှောင်နှင့် အထိုးခံထားရသောနေရာအား လက်ဖြင့်ဖိကာ ညည်းနေသေးသည်။ ကြေးမုံမှာတော့ ဖင်တရွတ်တိုက်လျက် နောက်ဆုတ်နေမိသည်။ အမောင့်ကို သူကြောက်သည်။ အခုပဲ သူ ဓားနဲ့ထိုးလိုက်မိပြီမလား။ ပြီးတော့ အမောင် သတ်ခဲ့တဲ့သူတွေကလည်း မနည်းမနော။

"အား...ပါ....ပါး..."

ထိုလူသား အမောင်မှာ ဓားဒဏ်ရာကို ဖိကိုင်ရင်းက ကြေးမုံအနား ဒူးထောက်ထိုင်ချလာသည်။ ကြေးမုံ စိတ်တို့ထွေပြားနေသည်။ စိတ်ကလက်မခံချင်သော်ငြား ထိုလူက တကယ်အမောင် ဖြစ်နေသည်။ အမှတ်မည်းကြီးပါတာ တူသည်။ ဒဏ်ရာကြောင့် ညီးညူနေပုံကလည်း စကားမပြောတတ်သည့် အမောင်အတိုင်း။ ဒါဆိုလျှင် အမောင်မသေသေးတာလား။

ကြေးမုံက ကြောက်ရွံ့နေသော်ငြား မျက်နှာချင်းဆိုင်မှ အမောင်မှာတော့ အစ်မဖြစ်သူအား ကြင်နာဖွယ်ကြည့်နေလေ၏။ မျက်နှာရှိ အမွှေးအမျှင်တို့မှာလည်း မြင်မကောင်းအောင် ရှည်လျားလွန်းသည်။ ဓားမြှောင်နှင့်ထိုးထား၍ နာကျင်နေတာတောင် အမောင့်နှုတ်ခမ်းတို့က ပြုံးနေလေဆဲ။ တစ်ခုခုကို ပြောချင်နေဟန်အား တောက်လောင်နေသောမီးရောင်ကြောင့် ကြေးမုံ ပီသစွာ မြင်နေရသည်။

"အာ....အ...."

စကားမပြောတတ်သူမို့ အားယူနေသော်ငြား အသံက ပီပီသသထွက်မလာ။ ဒဏ်ရာကလည်း နာကျင်နေပုံနှင့်။

ကြေးမုံ၏ စိတ်အစဉ်တွင်တော့ အတော်ရှုပ်ထွေးလာတာမို့ အသက်ဝအောင် ရှုနေရသည်။ အမေပြုသည်အမှတ်နှင့် လပြည့်၊ လကွယ်ညတိုင်း ကြေးမုံကြည့်ခဲ့ရသော မီးလုံးတို့ဖြင့် စုန်းတောက်စားခြင်းများ၊ ဒါသာမက ကာလသားတွေကို လျှိုထဲထိ ညှို့ခေါ်ကာ သတ်ပစ်ခဲ့သည့်ဖြစ်ရပ်များ၊ ပြီးလျှင် ကြေးမုံ ကိုမြင့်ထူးနှင့် လိုက်သွားမည်ဆိုတုန်းက ဖြစ်ပျက်ခဲ့သည့် ကြောက်မက်ဖွယ်ရာများ။

ဒါတွေအားလုံးသာ အမောင် လုပ်ခဲ့တာဆိုလျှင် ... မဟုတ်မှ ... အမေက အမောင့်ကို ဘူးသွင်းခြင်းအမှု ပြုပေးခဲ့တာလား။ ဒါမို့ ကြေးမုံ အတင်းအဓမ္မတောင်းဆိုတာတောင် အမေက သေခါနီးအချိန်ထိ စုန်းအတတ်ပညာများ အမွေမပေးခဲ့ခြင်းလား။ ဒါဆို သားသမီးတစ်ယောက်ကသာ ဆက်ခံခွင့်ရှိသည့် စုန်းအမွေတို့အား အမေ့က အမောင့်ကိုသာ ဆက်ခံစေခဲ့သည်။ ချစ်လှစွာသော သမီးအတွက် အမောင့်ကို အစောင့်အရှောက် ထားရစ်ခဲ့သည်ပေါ့။

"အွတ်...."

ခေါင်းငိုက်စိုက်ကာ အတွေးတို့နှင့် ဗျာများနေရင်းက အမောင့်ထံမှ အသံထွက်လာသည်။ ဓားထိုးထားသည့်အရှိန်ကြောင့် သွေးများအန်တက်လာလေခြင်း။ တစ်သက်လုံးက မုန်းလာသည့် အမောင့်အား ကြေးမုံ ပထမဦးဆုံးအကြိမ် စိတ်ပူမိသွားသည်။ ဒါပေသိ အမောင်က သူ့အား အားယူကာပြုံးပြနေသည်။

အမောင်! ဆယ်စုနှစ်တစ်ခုနီးပါး သူ့ကို စောင့်ရှောက်လာခဲ့သည်တဲ့လား။ လပြည့်၊ လကွယ်တိုင်း သူ တိုင်တည်သည့်ဆန္ဒတို့ကို ဖြည့်ဆည်းပေးနေတာဟာ အမောင်တဲ့လား။ ကြေးမုံ၏အမုန်းကို အလိုက်သိလွန်းစွာ တောကြီးမျက်မည်းထဲတွင်နေရင်း စောင့်ရှောက်ခဲ့သည်က အမောင်တဲ့လား။ နောက်ပြီး သူ မြို့လိုက််သွားမည်ကို ကြောက်သည်ထိ ဒီအမောင်ဟာ သူ့အပေါ် သံယောဇဉ်ကြီးသတဲ့လား။

ထိန်းမနိုင်စွာကျမိသော မျက်ရည်စီးကြောင်းတို့နှင့်အတူ ကြေးမုံ ခေါ်မိသည်က....

"အမောင်..."

ပြုံးပျော်စွာ ခေါင်းညိတ်ပြလာသူက အမောင်ပါပေ။

သို့သော် သိပ်မကြာလိုက်သည့် အချိန်အပိုင်းအခြားလေး တစ်ခုအတွင်း အမောင်ဟာ လဲလျောင်းကျသွားခဲ့လေပြီ။

"အမောင်!!!"

အနားတိုးကပ်ကာကြည့်တော့ မျက်အိမ်တို့မှာ ပွင့်မလာတော့ပေ။ စကားမပြောတတ်သည့် အက်ကွဲကွဲ နှုတ်ခမ်းတစ်စုံကသာ ပြုံးသယောင်ကျန်နေခဲ့သည်။ အစ်မကို လူတိုင်းရန်မှ ကာကွယ်ဖို့ အင်အားကြီးခဲ့သူသည် အခုတော့ထိုအစ်မ၏ပယောဂဖြင့်သာ ဆုံးပါးသွားလေတော့သည်။

သေစေချင်သည့်အချိန်က မသေခဲ့သည့်အမောင်။ အခုတဖန် မသေစေချင်သည့်အချိန်မှ သူ့အား အပြီးအပိုင် ထားသွားခဲ့လေပြီ။ အတော်အလိုက်မသိသည့် အမောင်ပါပေ။

အမေ သေပြီ။

အမောင် သေပြီ။

ကိုမြင့်ထူးလည်း မရှိတော့။

ကြေးမုံဘဝမှာလည်း လွတ်ငြိမ်းခြင်းအလျဉ်းမရှိ .. အဆုံးသတ်သွားလေတော့သည်။

.

ဇာတ်သိမ်းမလှခဲ့သော ကြေးမုံ၏ဘဝနိဂုံးမှာ ပါးစပ်ရာဇဝင်လေး တွင်လာခဲ့သည်။

ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့်တိုင် ယုံသူရှိသလို၊ မယုံသူလည်း ရှိခဲ့၏။

ဒါပေသိ သစ်ညိုပင်ရွာအတွက်တော့ ဒဏ္ဍာရီတစ်ခုသဖွယ် ကျန်ရစ်ခဲ့သည်မှာ ယနေ့ထက်ထိတိုင် .. ။

ပြီးပါပြီ။

🍂

(A/N) စိတ်ကူးယဉ်ဝတ္ထုတိုလေးသပ်သပ်သာ ဖြစ်ပါတယ်။ စုန်းကဝေအတတ်တွေနဲ့ ပတ်သက်လို့ လက်လှမ်းမှီသလောက်သာ လေ့လာနိုင်ခဲ့တာမို့ မှားတာရှိ ဝန္တာမိပါနော်။ ဝေဖန်အကြံပြုပေးပါဦး။

ကျေးဇူးအထူးတင်လျက်..

- Fi

••••••••••••••••••••••••••••••••••••••

<Zawgyi>

"အစ္ကို ဒီတစ္ေခါက္ျပန္တာ ၾကာလိုက္တာ။ ၿမိဳ႕မွာ ေကာင္မေတြဘာေတြရွိေနသလား၊ ေျပာစမ္းပါ"

ကိုျမင့္ထူး ၿမိဳ႕ကျပန္လာတိုင္း ၾကားရတတ္သည့္ စြပ္စြဲစကားပင္။ ေၾကးမုံ အေျပာအဆိုၾကမ္းသည္ကိုလည္း ကိုျမင့္ထူး မျပဳျပင္ေပးနိုင္။ 'အစ္ကို' ဟူသည့္ နာမ္စားသုံးရန္ပင္ ေတာင္းေတာင္းပန္ပန္ နားခ်ထားရေလျခင္း။

"မယုံရင္ တစ္ခါတည္းၿမိဳ႕မွာ လက္ထပ္ၾကမယ္လို႔ အစ္ကိုေျပာသားပဲ၊ မဟုတ္ရင္ေတာင္ ေဖေဖက အစ္ကို႔ကို ၿမိဳ႕ျပန္ေခၚေနၿပီ"

"က်ဳပ္ အေမနဲ႔မခြဲခ်င္ဘူး"

"ဘယ္လို!"

မ်က္စိ၊ မ်က္ႏွာပ်က္သြားေသာ ကိုျမင့္ထူးေၾကာင့္ ေၾကးမုံ စကားလမ္းေၾကာင္းလႊဲကာ ျပန္လႊတ္လိုက္ရသည္။ တကယ္လည္း ေၾကးမုံ အေမ့ကိုမခြဲနိုင္ပါ။ အေမသည္ ေခ်ာင္းတစ္ဖက္ကမ္းရွိ က်ားမရဲေတာင္တြင္ေနသည္ဟု သူ ယုံၾကည္သည္။ သို႔ေသာ္ တစ္ႏွစ္ေက်ာ္မၽွရည္ငံခဲ့မိေသာ အစ္ကိုႏွင့္လည္း မခြဲခြာနိုင္ေတာ့။

ေၾကးမုံ စဥ္းစားရေလၿပီ။ အစ္ကိုႏွင့္ လိုက္သြားလၽွင္ ၿမိဳ႕၌ သူ႔အေၾကာင္းမည္သူမၽွ သိမည္မဟုတ္။ ကိုျမင့္ထူးကိုယ္တိုင္ကပင္ စုန္း၊ ကေဝအတတ္တို႔ကို အယုံအၾကည္မရွိ။ ေၾကးမုံလည္း သည္ရြာကိုစိတ္ပ်က္လြန္းတာမို႔ ပတ္ဝန္းက်င္အသစ္တြင္ ေနခ်င္မိသည္။

သူ မတတ္သာေတာ့။ အေမ့ေဒၚပိုးဇာကို ခြင့္ေတာင္းၿပီး ၿမိဳ႕လိုက္သြားဖို႔သာ ဆုံးျဖတ္လိုက္သည္။

.

ထိုညတြင္ လမင္းဝိုင္းဝိုင္းက ေအးျမေရာင္ျခည္ျဖာေနေလ၏။ ေၾကးမုံ လုပ္ရိုးလုပ္စဥ္အတိုင္း အနက္ေရာင္ဇာပဝါျခဳံကာ အေမေဒၚပိုးဇာကို အာ႐ုံျပဳလိုက္သည္။ တိတ္ဆိတ္ေသာညက ပိုပိုတိတ္ဆိတ္လာသည္။ သိပ္မၾကာပါ၊ အသံသဲ့သဲ့ၾကားရသည္။ စိမ္းရႊင္ရႊင္အနံ႔တစ္ခုပါ ရလာ၍ ေၾကးမုံအနား အေမေရာက္လာသေယာင္ ခံစားလိုက္မိသည္။

"အေမ .. က်ဳပ္ ကိုျမင့္ထူးနဲ႔ ၿမိဳ႕လိုက္သြားေတာ့မယ္။ အေမ ခြင့္ျပဳမယ္မလားဟင္။"

ေဝါ.....ေဝါ.....ေဝါ.....။

႐ုတ္ခ်ည္းတိုက္ခတ္လာေသာ ေလ႐ူးေၾကာင့္ ဆီမီးျပျပမွာ အလင္းေရာင္မရွိေတာ့။ တိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္မွာလည္း ေလတိုးသံမ်ားေၾကာင့္ ပြက္ေလာရိုက္လာသည္။ ပိတ္ထားေသာ ဝါးတံခါးမွာ ေလၾကမ္းႏွင့္အတူ ဖြင့္ခ်ည္ပိတ္ခ်ည္ႏွင့္။ ျပတင္းမ်ားကလည္း အထိန္းအကြပ္မဲ့စြာ အၿပိဳင္ရိုက္ခတ္လာၾကသည္။

ေၾကးမုံမွာ မၾကဳံစဖူးမို႔ အေၾကာက္ႀကီးေၾကာက္လာသည္။ သူ စကားမွားသြားေလၿပီလား။ နားႏွစ္ဖက္ကို လက္ဖဝါးျဖင့္ပိတ္ကာ ေခါင္းကိုတြင္တြင္ငုံ႔ထားမိသည္။ အေမ စိတ္တိုလၽွင္ ေၾကးမုံေၾကာက္သည္။ ေသၿပီးစဥ္ကတည္းက သည္လိုအျဖစ္မ်ိဳးမၾကဳံဖူး၍ ေၾကးမုံ ပိုေၾကာက္ရသည္။

"ခြင့္လႊတ္ပါ အေမရယ္ .. ခြင့္လႊတ္ပါ"

အူ.....ဟူ......ဟူး.......။

ေခြးအူသံမ်ားပါ က်ယ္ေလာင္လာတာမို႔ ေၾကးမုံ ေၾကာက္ေသးမ်ားပင္ ထြက္က်ေတာ့မတတ္။ လက္ဖဝါးခ်င္း အထပ္ထပ္ပြတ္ကာ ရွိခိုးေတာင္းပန္ရသည္မွာလည္း ပူေလာင္၍ ႀကိမ္းစပ္လာေလၿပီ။ သို႔ေသာ္ အေမမွာ မေက်နပ္နိုင္စြာ ပိုပိုၾကမ္းျပလာသည္။

"ေတာင္းပန္ပါတယ္ အေမရယ္...သမီးမိုက္ လိုက္မသြားေတာ့ပါဘူး...အီး...ဟီး...ဟီး။ စိတ္မကြက္ပါနဲ႔ အေမရဲ့။ ေတာင္းပန္ပါတယ္၊ က်ဳပ္ ေၾကာက္လို႔ပါ"

လိုက္မသြားေတာ့ေၾကာင္း ကတိအထပ္ထပ္ေပးပါမွ ေလၾကမ္းမ်ား ၿငိမ္က်သြားေတာ့သည္။ ေခြးအူသံမ်ားလည္း ေပ်ာက္ကြယ္သြား၏။ ေၾကးမုံသည္လည္း ဖ်ာၾကမ္းေပၚတြင္ တရွုံ႔ရွုံ႔ႏွင့္ ငိုေႂကြးမဆုံးေတာ့..။

.

"အစ္ကို မနက္ျဖန္ဆို ဒီရြာက ထြက္ေတာ့ေနာ္၊ ညဖက္လည္း ငပုလုံးကိုေခၚၿပီး သတိနဲ႔အိပ္။ က်ဳပ္ေျပာတာ ၾကားသလား"

မဝင္တာၾကာၿပီျဖစ္ေသာ ရြာထဲသို႔ ကိုျမင့္ထူးအား အမွာစကားပါးရန္ ေၾကးမုံ ဝင္လာခဲ့ရျခင္း။ တစ္ရြာလုံးက ျပဴးျပဴးျပဲျပဲ ၾကည့္ၾကေသာ္လည္း ေၾကးမုံ အေရးမစိုက္၊ ကိုျမင့္ထူး အႏၲရာယ္ကင္းဖို႔က ပိုအေရးႀကီးေနသည္။

"ေၾကးမုံေရာ မလိုက္ဘူးလား၊ အတူသြား...."

ကိုျမင့္ထူးေျပာေနခိုက္ ေၾကးမုံက လက္လွမ္းပိတ္လိုက္တာမို႔ သူ႔စကားမွာ အဆုံးမသတ္လိုက္။

"လိပ္စာသိတာပဲ...က်ဳပ္ၿပီးရင္လိုက္ခဲ့မယ္၊ အတူသြားလို႔မျဖစ္ဘူး"

ဒီလိုႏွင့္ ေၾကးမုံ ေျပာသမၽွၿပီးရေသာ ကိုျမင့္ထူးက မနက္ၿမိဳ႕ျပန္ရန္အတြက္ ညဦးပိုင္းစကပင္ ျပင္ဆင္ရေတာ့၏။ တစ္ႏွစ္ေက်ာ္မၽွ ေနထိုင္ခဲ့သည္ျဖစ္၍ ပစၥည္းပစၥယတို႔မွာ အမ်ားသား။

အားလုံးထုပ္ပိုးၿပီးစီးခ်ိန္၌ သန္းေခါင္ယံပင္ ရွိေနေလၿပီ။ လာကူေပးေသာ ငပုလုံးမွာလည္း အိပ္ေပ်ာ္ေနလ်က္။

ညဥ့္နက္လာသည္ႏွင့္သမၽွ ကိုျမင့္ထူး မ်က္လုံးတို႔မွာလည္း ေမွးစင္းလာသည္။ သို႔ေသာ္ ထူးဆန္းစြာ အိပ္ယာခင္းထားသည့္ ဝါးၾကမ္းခင္းေပၚသို႔ မတက္ခ်င္။ ေၾကးမုံကိုသာ သတိရစိတ္ႏွင့္ သြားေတြ႕ခ်င္ေနမိသည္။ ညအခ်ိန္ တစ္ခါမၽွ မေတြ႕ဖူးသည့္ ကိုျမင့္ထူးအဖို႔ ေတြ႕ခ်င္စိတ္တို႔မွာ တားဆီးမရနိုင္ေအာင္ ျဖစ္လာသည္။ သို႔ႏွင့္ ႀကိမ္းစပ္ေနေသာမ်က္လုံးမ်ားအား ခပ္နာနာပြတ္သပ္ရင္း ရြာအေနာက္ဖ်ားသို႔ ဦးတည္ထြက္လာခဲ့သည္။

တိုးလ်ေသာေလညႇင္း...

ေမွာင္မိုက္ေသာဝန္းက်င္ႏွင့္...

လြင့္ေမ်ာေနေသာ စိတ္ဝိဉာဏ္တစ္ခု...

တစ္ခုခုက ကိုျမင့္ထူး၏စိတ္အစဥ္ကို ဦးေဆာင္ေနသည့္ႏွယ္။ အျဖစ္အပ်က္တို႔မွာလည္း အိပ္မက္မက္ေနသည့္အလား၊ ေလႏွင္ရာလြင့္ေနသည့္အတိုင္း ထိန္းခ်ဳပ္နိုင္စြမ္းမွာ မရွိ။ အသိ၊ သတိကိုထိန္းေနရင္းက ကိုျမင့္ထူး ေရာက္လာမိသည္မွာ ေၾကးမုံအိမ္မဟုတ္ဘဲ က်ားမရဲေတာင္အေနာက္ျခမ္းက လၽွိုစပ္ပင္။

မုဆိုးဘသိုက္တို႔ ေျပာဖူးစဥ္ကအေၾကာင္း သတိရမိ၍ ကိုျမင့္ထူး ေက်ာခ်မ္းသြားသည္။ ေၾကးမုံက သူ႔အားျပဳစားသည္ေတာ့ မျဖစ္နိုင္၊ မနက္ၿမိဳ႕ျပန္ရန္ပင္ အတိအက်မွာသြားၿပီးသားမလား။ သို႔ေသာ္ သူဒီအထိေရာက္လာပုံက ဆန္းၾကယ္ေနသည္။

ေမွာင္မိုက္ေနသည့္လၽွိုစပ္ေရာက္ခ်ိန္တြင္ ကိုျမင့္ထူး ဘယ္သြားရမည္မသိ၊ လာရာလမ္းျပန္လွည့္ခ်င္ေသာ္လည္း မမွန္းဆတတ္ေတာ့။ စိတ္ထင္သည့္ဖက္သို႔သာ ေနာက္ေၾကာင္းျပန္လွည့္ဖို႔ ႀကိဳးစားရသည္။

တိမ္ဖုံးေနေသာလေရာင္မွာ အလင္းျပျပသာေပးစြမ္းေန၏။ ကိုျမင့္ထူးသည္ လိုရမယ္ရ ကိုင္းေျခာက္တစ္ခုအား ေအာက္ေျခတြင္ရွိေသာ သစ္ရြက္ေႂကြမ်ားၾကားမွ စမ္းတဝါးဝါးႏွင့္ ရွာလိုက္သည္။ ၿပီးေနာက္ မွန္းဆရာလမ္းဆီသို႔ ေျပးမည္ျပဳခိုက္ ပုပ္သိုးသိုးအနံ႔အား စတင္ရလာေလသည္။ ကိုျမင့္ထူး ႏွာေခါင္းကို ခပ္နာနာပိတ္ရင္း ကိုင္းေျခာက္ကိုကိုင္လ်က္ ေျပးရေတာ့သည္။

ေဝါ....ေဝါ....ေဝါ....။

မၾကာပါ။ သစ္ကိုင္းမ်ားအၾကား ေလတိုးသံက တရွဲရွဲႏွင့္ ထြက္ေပၚလာသည္။ ေလကၾကမ္းသထက္ ၾကမ္းလာ၏။ ၿပီးေနာက္ တဝီဝီျမည္ေနေသာ ယင္ရိုင္းအုပ္စုႀကီးကပါ ကိုျမင့္ထူး ေနာက္မွ တရစပ္ ကပ္ပါလာေတာ့သည္။ ေမွာင္မည္းႀကီးထဲတြင္ စမ္းတဝါးဝါးႏွင့္ ဖေနာင့္ႏွင့္တင္ပါး တသားထဲက်ေအာင္ သူ ေျပးရေတာ့သည္။ သို႔ေသာ္ ေျပးေနရင္းက ကိုျမင့္ထူး၏ ေျခေထာက္တစ္ဖက္အား လွမ္းဆြဲယူခံလိုက္ရ၏။ ခႏၶာကိုယ္မွာလည္း ဆြဲခံရသည့္အရွိန္ေၾကာင့္ ေျမႀကီးႏွင့္ရိုက္မိၿပီး ပစ္လဲက်ေတာ့သည္။

ေျခေထာက္တစ္ဖက္အား တရြတ္တိုက္ဆြဲခံေနရေသာ ကိုျမင့္ထူးမွာ ျမန္ဆန္သည့္ အျဖစ္အပ်က္ၾကား ျပန္႐ုန္းကန္ခ်ိန္မရွိ။ အမွိုက္သရိုက္မ်ိဳးစုံက သူ႔မ်က္ႏွာအား တရစပ္ရိုက္ခတ္ေနသည္။ ကိုျမင့္ထူး ခက္ခက္ခဲခဲ ေနာက္လွည့္ၾကည့္ခ်ိန္တြင္ေတာ့ ႀကီးမားေသာအရိပ္မည္းႀကီးတစ္ခုက သူ႔အားအရွိန္ျပင္းစြာ ဆြဲေခၚေနေလျခင္း။ အတန္ၾကာဆြဲေခၚခံရေသာ ကိုျမင့္ထူးမွာ ခံနိုင္စြမ္းမရွိေတာ့၊ မ်က္ႏွာတြင္ အပြန္းအရွဒဏ္ရာမ်ားေၾကာင့္ ေသြးအလိမ္းလိမ္းေပက်ံေနေလၿပီ။

ဆက္တိုက္ဆြဲသြားရင္း တစ္ေနရာအေရာက္တြင္ေတာ့ ထိုသတၱဝါႀကီးမွ ကိုျမင့္ထူးအား ေလးလံေသာ အရာတစ္ခုႏွင့္ ေခါင္းအားရိုက္ခ်လာသည္။ ထို႔ေနာက္မွ ေခြက်သြားေသာ ခႏၶာကိုယ္ကို ေပြ႕ကိုင္လိုက္ရင္း တြင္းက်ယ္တစ္ခုထဲသို႔ အရွိန္ျပင္းစြာ ပစ္ခ်လိုက္ေလ၏။ ပုပ္သိုးသိုးအနံ႔ စူးစူးႀကီးရလိုက္ခ်ိန္ ကိုျမင့္ထူး၏အသိစိတ္တို႔မွာ လြတ္ထြက္သြားေလေတာ့သည္။

.

ေဆာင္းရာသီလက္က်န္ အေအးဓာတ္ေလး ရွိေနေသာ္ျငား ေၾကးမုံ ေဇာေခၽြးတို႔ ျပန္ေနေလသည္။ ကိုျမင့္ထူးကို သူစိတ္ပူသည္။ ငပုလုံးလာေျပာခ်က္အရ အစ္ကိုလည္း ေရွ႕လူမ်ားနည္းတူ ျဖစ္ေတာ့မည့္ဟန္တူသည္။ ပုံမွန္ဆိုလၽွင္ ေၾကးမုံ မေက်နပ္သူမွသာ အေမက ေသေစသည္။ ဒီတစ္ႀကိမ္တြင္ေတာ့မတူ၊ အေမကိုယ္တိုင္ မေက်နပ္ေလျခင္း။

ေၾကးမုံ တားရမည္။ ဘယ္နည္းနဲ႔ျဖစ္ျဖစ္ အစ္ကို႔ကို ကယ္ရမည္ပင္။ ဝါဖန့္ဖန့္မီးအိမ္ကိုကိုင္ရင္း သူေျပးတက္လာသည္မွာ လၽွိုစပ္သို႔ ေရာက္ေလၿပီ။ ေၾကးမုံ ငယ္စဥ္ကတည္းက အေမသြားေနက်ျဖစ္ေသာ က်ားမရဲေတာင္အား အခုမွေရာက္ဖူးေလျခင္း။

စမ္းတဝါးဝါးႏွင့္ သြားရင္းက မခံနိုင္ေသာ အပုပ္နံ႔ကို ရေလသည္။ ဒါသည္ အေမ့ကိုအာ႐ုံျပဳခ်ိန္တြင္ တစ္ခ်က္တစ္ခ်က္ ရတတ္သည့္အနံ႔မွန္း ေၾကးမုံ ခ်က္ခ်င္းသိလိုက္သည္။ တဝီဝီျမည္ေနေသာ ယင္ရိုင္းမ်ားမွာလည္း အနားတြင္တဝဲလည္လည္ ပါလာၾက၏။ မီးအိမ္အရွိန္ေၾကာင့္သာ အနားမကပ္ၾကျခင္း။

လၽွိုထဲဝင္ရင္း၊ ဝင္ရင္းက ပုပ္ေကာင္အနံ႔မွာ ပိုပိုမခံနိုင္စရာျဖစ္လာသည္။ သို႔ႏွင့္ ေရွ႕ဆက္လာရင္း အေရွ႕တစ္လံေလာက္တြင္ မီးဖိုထားေသာ အလင္းျပျပကို ေၾကးမုံလွမ္းျမင္ရေလၿပီ။

အေမ ရွိေနသည္လား။

ေၾကးမုံ အတတ္မသိနိုင္ပါ။ ေျခသံအား ခပ္ဖြဖြေလၽွာက္ရင္း အပင္ႀကီးတစ္ပင္ေနာက္မွ အေျခအေနအား ေခ်ာင္းၾကည့္ရ၏။ ေတာက္ေလာင္ေနေသာ မီးပုံႀကီးမွလြဲ၍ လွုပ္ရွားေနသည့္အရာ စိုးစဥ္းမၽွမရွိ။

သို႔ေသာ္ သိပ္မၾကာလိုက္။ ႀကီးမားေသာခပ္ထြားထြားခႏၶာကိုယ္ႏွင့္ သတၱဝါႀကီး၏ ေက်ာျပင္အား ျမင္လိုက္ရသည္။ ပုံသ႑ာန္အရေတာ့ လူထြားႀကီးတစ္ေယာက္ႏွယ္။ ေခါင္းေပၚရွိ ပြေယာင္းေနေသာ ဆံေမႊးမ်ားမွာ မီးေရာင္ေၾကာင့္ နီရဲေနသေယာင္။ ခပ္ဖားဖားအကၤ်ီအား ေပါင္လည္ထိဝတ္ထားသည္ကလည္း ညစ္ေထးေနသည့္ဟန္။ သူ၏ပုံစံမွာ အေရွ႕တြင္းထဲသို႔ မီးစမ်ားခ်ရန္ ျပင္ေနပုံရသည္။

ေၾကးမုံ မည္သည္မည္ဝါ မခန့္မွန္းတတ္ေသာ္ျငား အေမေဒၚပိုးဇာ မဟုတ္မွန္းေတာ့ေသခ်ာသိလိုက္သည္။ အစက သည္ေတာင္ထဲဝင္လၽွင္ ကာလသားမ်ားေသသည္မွာ အေမ့လက္ခ်က္ဟု ယုံမွတ္ခဲ့သည္။ သို႔ေသာ္ တက္တက္စင္ေအာင္ လြဲေနေလၿပီ။ ကိုျမင့္ထူးအား ကယ္နိုင္ရန္ ထိုသတၱဝါႀကီးအား ေၾကးမုံ အဆုံးသတ္ရမည္။

သစ္ပင္ေနာက္ကြယ္မွေၾကးမုံသည္ ေျဖးညႇင္းစြာ ေလၽွာက္လွမ္းလာရင္း ထိုသတၱဝါႀကီးအနားသို႔ တေရြ႕ေရြ႕ကပ္သြားေလ၏။ အျမဲေဆာင္ထားတတ္ေသာ ဓားေျမႇာင္ကိုလည္း လက္မွက်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားသည္။

ဂၽြပ္!!!

သတိထားေနရင္းက ေၾကးမုံ သစ္ကိုင္းေျခာက္တစ္ခုအား တက္နင္းမိသြားေလသည္။ မတတ္နိုင္။ အသံေၾကာင့္ ထိုသတၱဝါႀကီး အေနာက္သို႔ လွည့္လာလာခ်င္း ေၾကးမုံက လ်င္ျမန္စြာ ဓါးဦးႏွင့္ ဝမ္းဗိုက္ေနရာသို႔ အားပါပါထိုးႏွက္ပစ္လိုက္သည္။

ျဖန္း!!!

မထင္မွတ္ထားခ်ိန္ အရွိုက္ထိသြားေသာရန္သူမွာလည္း ေၾကးမုံအား ခပ္ျပင္းျပင္း ရိုက္ႏွက္လိုက္သည္။ ေၾကးမုံ၏ဓားခ်က္က ခ်က္ေကာင္းထိေသာ္လည္း သတၱဝါႏွင့္လက္နက္မွာ အားမမၽွလွေခ်။ ေတာ္ေတာ္ထြားသည့္ လူသန္ႀကီး။ ေၾကးမုံမွာလည္း ရိုက္ခံလိုက္ရသည့္ဒဏ္ေၾကာင့္ ေျမႀကီးေပၚတြင္ ပုံလ်က္သား။

ေခြက်သြားေသာ ေၾကးမုံက အားယူထလိုက္ရင္း ထိုသတၱဝါ၏မ်က္ႏွာအား ေသခ်ာစိုက္ၾကည့္လိုက္သည္။ ေတာက္ေလာင္ေနေသာမီးေရာင္ေၾကာင့္ အႏွီလူသား၏မ်က္ႏွာတစ္ျခမ္းလုံး မည္းနက္ေနသည္မွာ အထင္သား။ ဒီလိုအမွတ္အသားမ်ိဳးမွာ ေၾကးမုံဘဝတြင္ ႏွစ္ေယာက္မရွိနိုင္။

အေမာင္!!!

ဟုတ္သည္။ အေဖႏွင့္ပါသြားေသာ အေမာင္တြင္လည္း ထိုကဲ့သို႔ေမြးရာပါ မ်က္ႏွာတစ္ျခမ္းမဲသည့္ အမွတ္အသားပါရွိသည္။ ငယ္ငယ္ကတည္းက လူေကာင္ထြားသူ အေမာင္၊ အခုေတာ့ မမွတ္မိနိုင္ေအာင္ထြားက်ိဳင္းေနသည္မွာ လူ႔ဘီလူႀကီးကဲ့သို႔။

"အ...အား...ဟီး..."

ေၾကးမုံ ေသခ်ာၾကည့္ေနခိုက္ အေမာင္က အနားကပ္လာသည္။ ဓားေျမႇာင္ႏွင့္ အထိုးခံထားရေသာေနရာအား လက္ျဖင့္ဖိကာ ညည္းေနေသးသည္။ ေၾကးမုံမွာေတာ့ ဖင္တရြတ္တိုက္လ်က္ ေနာက္ဆုတ္ေနမိသည္။ အေမာင့္ကို သူေၾကာက္သည္။ အခုပဲ သူ ဓားနဲ႔ထိုးလိုက္မိၿပီမလား။ ၿပီးေတာ့ အေမာင္ သတ္ခဲ့တဲ့သူေတြကလည္း မနည္းမေနာ။

"အား...ပါ....ပါး..."

ထိုလူသား အေမာင္မွာ ဓားဒဏ္ရာကို ဖိကိုင္ရင္းက ေၾကးမုံအနား ဒူးေထာက္ထိုင္ခ်လာသည္။ ေၾကးမုံ စိတ္တို႔ေထြျပားေနသည္။ စိတ္ကလက္မခံခ်င္ေသာ္ျငား ထိုလူက တကယ္အေမာင္ ျဖစ္ေနသည္။ အမွတ္မည္းႀကီးပါတာ တူသည္။ ဒဏ္ရာေၾကာင့္ ညီးညဴေနပုံကလည္း စကားမေျပာတတ္သည့္ အေမာင္အတိုင္း။ ဒါဆိုလၽွင္ အေမာင္မေသေသးတာလား။

ေၾကးမုံက ေၾကာက္ရြံ႕ေနေသာ္ျငား မ်က္ႏွာခ်င္းဆိုင္မွ အေမာင္မွာေတာ့ အစ္မျဖစ္သူအား ၾကင္နာဖြယ္ၾကည့္ေနေလ၏။ မ်က္ႏွာရွိ အေမႊးအမၽွင္တို႔မွာလည္း ျမင္မေကာင္းေအာင္ ရွည္လ်ားလြန္းသည္။ ဓားေျမႇာင္ႏွင့္ထိုးထား၍ နာက်င္ေနတာေတာင္ အေမာင့္ႏွုတ္ခမ္းတို႔က ျပဳံးေနေလဆဲ။ တစ္ခုခုကို ေျပာခ်င္ေနဟန္အား ေတာက္ေလာင္ေနေသာမီးေရာင္ေၾကာင့္ ေၾကးမုံ ပီသစြာ ျမင္ေနရသည္။

"အာ....အ...."

စကားမေျပာတတ္သူမို႔ အားယူေနေသာ္ျငား အသံက ပီပီသသထြက္မလာ။ ဒဏ္ရာကလည္း နာက်င္ေနပုံႏွင့္။

ေၾကးမုံ၏ စိတ္အစဥ္တြင္ေတာ့ အေတာ္ရွုပ္ေထြးလာတာမို႔ အသက္ဝေအာင္ ရွုေနရသည္။ အေမျပဳသည္အမွတ္ႏွင့္ လျပည့္၊ လကြယ္ညတိုင္း ေၾကးမုံၾကည့္ခဲ့ရေသာ မီးလုံးတို႔ျဖင့္ စုန္းေတာက္စားျခင္းမ်ား၊ ဒါသာမက ကာလသားေတြကို လၽွိုထဲထိ ညႇို႔ေခၚကာ သတ္ပစ္ခဲ့သည့္ျဖစ္ရပ္မ်ား၊ ၿပီးလၽွင္ ေၾကးမုံ ကိုျမင့္ထူးႏွင့္ လိုက္သြားမည္ဆိုတုန္းက ျဖစ္ပ်က္ခဲ့သည့္ ေၾကာက္မက္ဖြယ္ရာမ်ား။

ဒါေတြအားလုံးသာ အေမာင္ လုပ္ခဲ့တာဆိုလၽွင္ ... မဟုတ္မွ ... အေမက အေမာင့္ကို ဘူးသြင္းျခင္းအမွု ျပဳေပးခဲ့တာလား။ ဒါမို႔ ေၾကးမုံ အတင္းအဓမၼေတာင္းဆိုတာေတာင္ အေမက ေသခါနီးအခ်ိန္ထိ စုန္းအတတ္ပညာမ်ား အေမြမေပးခဲ့ျခင္းလား။ ဒါဆို သားသမီးတစ္ေယာက္ကသာ ဆက္ခံခြင့္ရွိသည့္ စုန္းအေမြတို႔အား အေမ့က အေမာင့္ကိုသာ ဆက္ခံေစခဲ့သည္။ ခ်စ္လွစြာေသာ သမီးအတြက္ အေမာင့္ကို အေစာင့္အေရွာက္ ထားရစ္ခဲ့သည္ေပါ့။

"အြတ္...."

ေခါင္းငိုက္စိုက္ကာ အေတြးတို႔ႏွင့္ ဗ်ာမ်ားေနရင္းက အေမာင့္ထံမွ အသံထြက္လာသည္။ ဓားထိုးထားသည့္အရွိန္ေၾကာင့္ ေသြးမ်ားအန္တက္လာေလျခင္း။ တစ္သက္လုံးက မုန္းလာသည့္ အေမာင့္အား ေၾကးမုံ ပထမဦးဆုံးအႀကိမ္ စိတ္ပူမိသြားသည္။ ဒါေပသိ အေမာင္က သူ႔အား အားယူကာျပဳံးျပေနသည္။

အေမာင္! ဆယ္စုႏွစ္တစ္ခုနီးပါး သူ႔ကို ေစာင့္ေရွာက္လာခဲ့သည္တဲ့လား။ လျပည့္၊ လကြယ္တိုင္း သူ တိုင္တည္သည့္ဆႏၵတို႔ကို ျဖည့္ဆည္းေပးေနတာဟာ အေမာင္တဲ့လား။ ေၾကးမုံ၏အမုန္းကို အလိုက္သိလြန္းစြာ ေတာႀကီးမ်က္မည္းထဲတြင္ေနရင္း ေစာင့္ေရွာက္ခဲ့သည္က အေမာင္တဲ့လား။ ေနာက္ၿပီး သူ ၿမိဳ႕လိုက္္သြားမည္ကို ေၾကာက္သည္ထိ ဒီအေမာင္ဟာ သူ႔အေပၚ သံေယာဇဥ္ႀကီးသတဲ့လား။

ထိန္းမနိုင္စြာက်မိေသာ မ်က္ရည္စီးေၾကာင္းတို႔ႏွင့္အတူ ေၾကးမုံ ေခၚမိသည္က....

"အေမာင္..."

ျပဳံးေပ်ာ္စြာ ေခါင္းညိတ္ျပလာသူက အေမာင္ပါေပ။

သို႔ေသာ္ သိပ္မၾကာလိုက္သည့္ အခ်ိန္အပိုင္းအျခားေလး တစ္ခုအတြင္း အေမာင္ဟာ လဲေလ်ာင္းက်သြားခဲ့ေလၿပီ။

"အေမာင္!!!"

အနားတိုးကပ္ကာၾကည့္ေတာ့ မ်က္အိမ္တို႔မွာ ပြင့္မလာေတာ့ေပ။ စကားမေျပာတတ္သည့္ အက္ကြဲကြဲ ႏွုတ္ခမ္းတစ္စုံကသာ ျပဳံးသေယာင္က်န္ေနခဲ့သည္။ အစ္မကို လူတိုင္းရန္မွ ကာကြယ္ဖို႔ အင္အားႀကီးခဲ့သူသည္ အခုေတာ့ထိုအစ္မ၏ပေယာဂျဖင့္သာ ဆုံးပါးသြားေလေတာ့သည္။

ေသေစခ်င္သည့္အခ်ိန္က မေသခဲ့သည့္အေမာင္။ အခုတဖန္ မေသေစခ်င္သည့္အခ်ိန္မွ သူ႔အား အၿပီးအပိုင္ ထားသြားခဲ့ေလၿပီ။ အေတာ္အလိုက္မသိသည့္ အေမာင္ပါေပ။

အေမ ေသၿပီ။

အေမာင္ ေသၿပီ။

ကိုျမင့္ထူးလည္း မရွိေတာ့။

ေၾကးမုံဘဝမွာလည္း လြတ္ၿငိမ္းျခင္းအလ်ဥ္းမရွိ .. အဆုံးသတ္သြားေလေတာ့သည္။

.

ဇာတ္သိမ္းမလွခဲ့ေသာ ေၾကးမုံ၏ဘဝနိဂုံးမွာ ပါးစပ္ရာဇဝင္ေလး တြင္လာခဲ့သည္။

ဆယ္စုႏွစ္မ်ားစြာ ၾကာျမင့္ခဲ့သည့္တိုင္ ယုံသူရွိသလို၊ မယုံသူလည္း ရွိခဲ့၏။

ဒါေပသိ သစ္ညိဳပင္ရြာအတြက္ေတာ့ ဒ႑ာရီတစ္ခုသဖြယ္ က်န္ရစ္ခဲ့သည္မွာ ယေန႔ထက္ထိတိုင္ .. ။

ၿပီးပါၿပီ။

🍂

(A/N) စိတ္ကူးယဥ္ဝတၳဳတိုေလးသပ္သပ္သာ ျဖစ္ပါတယ္။ စုန္းကေဝအတတ္ေတြနဲ႔ ပတ္သက္လို႔ လက္လွမ္းမွီသေလာက္သာ ေလ့လာနိုင္ခဲ့တာမို႔ မွားတာရွိ ဝႏၲာမိပါေနာ္။ ေဝဖန္အႀကံျပဳေပးပါဦး။

ေက်းဇူးအထူးတင္လ်က္..

- Fi

••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co