Truyen3h.Co

နှောင်ကြိုး

Part-15

Fi_Lay


<Unicode>

မနက်ခင်းရောင်ခြည်နုနုက သူ့မျက်နှာပေါ် ဖြာကျနေသည်။ ခပ်နွေးနွေးဟု ထင်ရသော်လည်း ကြာလာလေတော့ ခန့်ခန့် ပူလောင်ခြင်းကို စခံစားလာရချေသည်။ နားစည်တွင် လာရိုက်ခတ်နေသည်က ခြံထဲက တစီစီအော်မြည်နေသော ငှက်သံတချို့။ အိမ်ရှေ့လမ်းတွင် ကားဖြတ်သွားသံတွေလည်း ကြားနေရသည်။ အောက်ထပ်က မေမေနှင့်ကြီးကြီးတို့၏ မီးဖိုထဲမှ ဟင်းချက်သံတချို့ကလည်း သဲ့ဝင်လာသည်က တစ်ချက်တစ်ချက်။

မိုးလင်းလာပြီဆိုသော အသိနှင့်အတူ စာမေးပွဲဖြေရမည်ကို တန်းသတိရမိသည်။ အလားတူ ညကအဖြစ်အပျက်ကြီးကိုလည်း မမေ့မလျော့။ မျက်လုံးကို ခပ်ဖြည်းဖြည်းဖွင့်ကြည့်လေတော့ စပ်ရှိန်းရှိန်းနှင့်၊ အနည်းငယ် မို့မောက်နေသလိုလည်း ခံစားနေရသည်။ ညကသူငိုမိတာ အတော်များသွားလေသလား။

ပြန်တွေးရုံနှင့် မောဟိုက်လာသည်အထိ အကြောင်းတို့က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတာပင်။ အဲ့လူကြီးကလည်း သူ့ပုခုံးကိုနာနာဆွဲညှစ်ထားခဲ့သလို သူသည်လည်း တန်ပြန်အနေဖြင့် အားပြင်းသောလက်သီးချက်ကို မျက်နှာတည့်တည့်ဆီ ပစ်သွင်းခဲ့မိသည်။ သဘောကောင်းပါသည်၊ မိမိထက်ရှစ်နှစ်ကြီးပါသည်ဆိုသော အမှန်တရားကို မျက်ကွယ်ပြုမိသည်ထိ ကြောက်စိတ်တွေဝင်နေခဲ့တာဖြစ်၏။

ထို့နောက် အပြေးတစ်ပိုင်းနှင့် ငိုလာခဲ့လိုက်သည်မှာ အခန်းကို ဘယ်လိုပင်ရောက်လာမှန်းမသိ။ အိပ်ရာထက်ရောက်သည်ထိ ရှိုက်ကြီးတငင် သူ ငိုနေမိဆဲပင်။ အစ်ကိုတစ်ယောက်သဖွယ် သဘောထားကာ သံယောဇဉ်ရှိခဲ့သူမှာ ခုလိုဖွင့်ပြောလာခဲ့သည်။ သူ အစ်ကိုတစ်ယောက် ဆုံးရှုံးလိုက်ရလေပြီ။ ဘာလို့များ သည်လိုစိတ်တွေဖြစ်ရသလဲဟု ခန့်ခန့် ဘယ်လိုမှမတွေးတတ်။ ထိုသူ့အပေါ် ညီအစ်ကို၊ မိတ်ဆွေသူငယ်ချင်းထက် ပိုအထင်လွဲအောင် ဘာတွေများ သူ ဆက်ဆံခဲ့မိပါလိမ့်။ အရာအားလုံးက ခန့်ကိုနှင့် သူလိုငါလို ခင်မင်မှုမျိုးလောက်သာ ရှိလေသည်။

ဒါကို အဲ့လူကြီးက အဘယ်ကြောင့် ဖြူစင်ခြင်းကို အရောင်ပြောင်းချင်ရသနည်း။ တွေးမရနိုင်သော ပုစ္ဆာတစ်ပုဒ်ကို တွက်ရသလို သူ ပူထူလာတာမို့ ဖုန်းခေါ်သမျှလည်း လစ်လျူရှူလိုက်သည်။ အဲ့လူကြီးနှင့် ဘယ်လိုမှစကားမပြောချင်။ မူးလို့ထွက်ကျလာသည့် ထိုစကားလုံးတို့က သူ့ကိုစော်ကားလေသလားပဲ။ တကယ်ခံစားရရိုးမှန်လျှင်တောင် အသားနာအောင်ထိ ရုန်းရင်းဆန်ခတ် ဖြစ်စရာမှမလိုလေဘဲ။

ပြန်တွေးရင်းကပင် စိတ်တိုသည်၊ ဒေါသထွက်သည်၊ ဝမ်းလည်းနည်းမိတာပင်။ အပေါ်မျက်နှာကျက်ကို ကြည့်နေရင်းက ပြန်မျက်ရည်သီလာသောသူသည် အဘယ်ကြောင့် ဝမ်းနည်းနေရဘိသနည်း။

အစ်ကိုတစ်ယောက် ဆုံးရှုံးရလေလို့လား။ ဒေါသစိတ်ကြောင့်ပဲလား။

ဝဲတက်လာသည့်အရည်ကြည်တို့ကို ခပ်မြန်မြန်ပုတ်ခတ်ရင်း ခန့်ခန့် ရေချိုးခန်းဝင်လိုက်ရသည်။ စာမေးပွဲဖြေဖို အမြန်သွားရတော့မည်ပင်။ ညကပင်မပြီးပြတ်သော အခန်းတွေကို သူလုံးလုံးပြန်မနွှေးနိုင်သေး၊ ငိုရင်းသာ အိပ်ပျော်သွားတာမို့ နောက်ဆုံးဘာသာကို ဖြေနိုင်ပါမည်လား စိတ်ပူနေရလေသည်။

အားလုံးပြင်ဆင်ပြီးနောက် မေမေတို့ရှေ့တွင် မနက်စာဝင်မစားဖြစ်တော့။ သူ့မျက်လုံးမို့မို့ကို မျက်မှန်နှင့် ဘယ်လောက်ကွယ်ထားစေဦးတော့ ရိပ်မိမှာသေချာသည်။ ဒါမို့ ကန်တင်းမှာသာစားဖို့ တွေးလာခဲ့တော့သည်။

"ဟိတ်ကောင် ... ထူးထူးဆန်းဆန်း ကန်တင်းမှာစားလို့"

ခေါက်ဆွဲပြုတ်လေး တဖူးဖူးမှုတ်သောက်နေခိုက် အနောက်မှ ခန့်ကိုရောက်လာခြင်းပင်။ စာအုပ်ကိုရှေ့မှာချရင်း အမြန်စားနေရတာမို့ သူငယ်ချင်းလည်း သေချာနှုတ်မဆက်အားပါပေ။

"အိမ်ကမစားခဲ့လို့"

မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သောခန့်ကိုက နန်းကြီးသုပ်တစ်ပွဲမှာသည်။ သည်ကောင်သည်လည်း လက်ထဲတွင်ကိုင်လာသော ကျက်စရာ A4 စာရွက်အထပ်လိုက်ကိုကြည့်ရင်း ပါးစပ်မှတတွတ်တွတ်။ မသိလျှင် ဂုဏ်တော်ရွတ်ပွါးနေသည့်နှယ်။ ပြီးမှစားစရာကို အပြီးသတ်နေသည့်ခန့်ခန့်အား သေချာကြည့်လာတော့၏။

"မင်းဘာဖြစ်ထားတာလဲ၊ ဖြူဖတ်ဖြူရော်နဲ့ မျက်လုံးတွေလည်းအစ်လို့။ ငိုထားတာလား၊ စာတွေအကုန်မရလို့လား"

သူ ခန့်ကိုကို ထုတ်ပြောပြလျှင် ကောင်းမည်လားမသိ။ အဲ့လူကြီးနှင့်ခင်နေတာကိုတောင် မပြောပြရသေးခင် ရည်းစားစကားပြောခံရတာကိုပါ အသိပေးရတော့မည့်အဖြစ်ပါပဲ။ တကယ်တော့ အသိပေးသည်ဆိုတာထက် ညကလုပ်ရပ်ကို ဘေးလူတစ်ယောက်အနေဖြင့် ဘယ်လိုမြင်သလဲ သိချင်စိတ်ကပိုများပါသည်။ သူသည်ပဲ သိပ်အပိုလုပ်မိနေသလား။ ပြီးလျှင် လက်သီးနှင့်ထိုးလိုက်သည့်ကိစ္စက အရမ်းများမှားသွားလေသလား။

"ဖြေပြီးရင် ပြောပြမယ်။ အပြန်ငါ့ကိုစောင့်ဦး၊ မင်းကားနဲ့လိုက်မှာ"

"အင်းအင်း စောင့်မယ်။ ဘာပဲဖြစ်ဖြစ် သေချာဖြေခဲ့နော်"

Roll နံပါတ်နှင့်ပတ်သက်လျှင် ခန့်ခန့် ဂရုတစိုက်ရှိလွန်းတာကိုသိသူမို့ စာမေးပွဲအတွက် အထူးတလည် မှာနေတာဖြစ်သည်။ သူငယ်ချင်းခန့်ကိုတောင် သည်လိုတွေးပူတတ်လျှင် ချစ်ပါသည်လို့ထုတ်ပြောသည့် အဲ့လူကြီးကရော သူ စာမေးပွဲဖြေနေရသည်ကို ငဲ့ကြည့်သိသင့်မလား။ အင်းလေ ... အမူးသမားတစ်ယောက်က ဘာများတွေးတောဆင်ခြင်နိုင်မှာမို့လို့လဲ။

ဟူး!

လေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း သက်ပြင်းချမိပြန်တာ အခါခါ။ ဘတ်စ်ပေါ်ကတည်းက တစ်လမ်းလုံးနွှေးလာခဲ့သောစာတွေ အကုန်မှတ်မိနိုင်ပါ့မလား။ တချို့အပုဒ်တွေ အစပိုင်းလောက်သာ ကြည့်လိုက်ရသည်။ အဓိပ္ပါယ်နှင့်မှတ်ထားတာမို့ အတိအကျမဖြေနိုင်မှာကိုတော့ ပူပန်နေရလေ၏။

စာမေးပွဲခန်းရှေ့ရောက်တော့ ခန့်ခန့် လွယ်အိတ်ချကာ အာရုံများပြန်စုစည်းလိုက်သည်။ ထို့နောက် ထုံးစံအတိုင်း စာမေးပွဲခန်းဝင်ခါနီး နမောတဿသုံးကြိမ် အာရုံပြုပြီးမှ ဝင်လိုက်သည်။ စိတ်နှင့်လူနှင့်မကပ်နိုင်သေးသော်ငြား ကောင်းကောင်းတော့ဖြေနိုင်ချင်မိသား။

......................

၂နာရီခွဲမျှအကြာတွင် သူ မေးခွန်းလွှာအား ကောင်းစွာဖြေဆိုလိုက်နိုင်သည်။ စာအကုန်မနွှေးခဲ့ရတာတောင် မေးခွန်းမြင်တော့ခေါင်းထဲက အစီအရီထွက်လာတော်သေး၏။ ချရေးခဲ့သည်တွေက အကျိုးမယုတ်ပါချေ။ တစ်လနီးပါး နေ့နေ့ညည ကြိုးစားခဲ့ရသည့်စာမေးပွဲမှာတော့ ပြီးမြောက်သွားလေပြီ။ ပုံမှန်တော့သည်ချိန်ဆို အပျော်ကြီးပျော်နေတတ်သူမှာ အခုတော့ စာမေးပွဲခန်းထဲက ထွက်လာတာတောင် အငိုင်သား။

ခန့်ကိုကားဆီရောက်တော့ မောင်မင်းကြီးသားလေးက ဖုန်းတောင်သုံးနေပြီပင်။ အစောကြီးထွက်လာလေသလားမသိ။

"အပုဒ်စေ့ဖြေတဲ့ကျောင်းသားလေး သွားကြမယ်ခင်ဗျ၊ ကားလည်းအဆင်သင့်ပါခင်ဗျ"

"ပြောင်မနေနဲ့၊ ဖြေနိုင်လား"

ကားပေါ်တက်ခါနီး ခန့်ကိုက မပြောမဆိုနှင့် ဝင်သွားသည်။ အကျင့်ပါနေသည့် ခန့်ခန့်ကသာ ကားတံခါးကိုလှမ်းဆွဲခါနီး ထုံးစံတစ်ခုကို ဖျတ်ခနဲ သတိရလိုက်တာဖြစ်၏။ ကားပေါ်တက်တိုင်း ဖွင့်ပေးနေတာ သူ့အပေါ် ခံစားချက်တွေရှိနေခဲ့လို့လား။ ခန့်ခန့် အမြန်ပဲဝင်လိုက်ပါသည်။

"အောင်ပါတယ်၊ စိတ်မပူနဲ့ ဟဲဟဲ"

"ပြီးရော ဒီတစ်ခါတော့ SE (Software Engineering) က မေးခွန်းဟောင်းတွေထဲက အောင်မှတ်ဖိုးလောက် ထည့်မေးထားသားပဲ"

"အဲဒါမို့လည်း အောင်တယ်ပြောရဲတာ။ မင်းကတော့ A ဟုတ်"

ရှေ့ဘာသာတွေ A အဆင့်ထိမှန်းထားသော်လည်း သည်ဘာသာတော့ဖြင့် မမှန်းရဲချေ။ ပုံမှန်လည်း A ရရန်ခက်ခဲသည့်ဘာသာ ဖြစ်သည့်အပြင် သူတချို့နေရာတွေ မှန်းပြီးရေးခဲ့တာမျိုးရှိ၏။

"ငါ အကုန်ဖြေခဲ့ပေမဲ့ B လောက်ပဲနေမှာ"

"B လည်း မနည်းပါဘူး၊ အမှတ်တစ်ရာဖိုးလုံးကျက်စာက A ရတာရှားတာပဲ"

ပြောလည်းပြောရင်း ခန့်ကိုက ကားစက်နှိုးသည်။ ပြီးနောက် မထွက်ခင်မှာဘဲ မျက်နှာမကောင်းသည့်သူ့အား သေချာကြည့်လာသေး၏။

"မင်းမနက်က ဘာဖြစ်လာတာလဲ၊ အန်တီ ဆူလို့လား"

ခန့်ကိုကားမောင်းရင်း စစပ်စုတော့ ခန့်ခန့်လည်း ရင်တွင်းကအပူမီးကို အပြင်ထုတ်ချကာ အနည်းငယ်သက်သာချင်လေပြီ။

"မေမေဆူတာမဟုတ်ဘူး၊ တခြားကိစ္စ။ အဲ့ဒါငါမင်းကို တိုင်ပင်မလို့"

"အင်း ဘာလဲ"

ခန့်ကိုပြောသည်နှင့် သူအစအဆုံးပြောဖို့ အရှိန်ယူရပြန်သည်။ အဲ့လူကြီးအကြောင်းအား သည်လိုပုံစံမျိုးနှင့် ပြောချင်ခဲ့ခြင်း မဟုတ်။ 'ဒါ ငါ့အစ်ကိုလို ခင်ရတဲ့သူကွ' ဟု ဂုဏ်ယူဝင့်ကြွားစွာနှင့် ပြောလိုခြင်း။ သို့ပါသော်လည်း အခြေအနေအားလုံးက အလွဲလွဲချည်း။

"ငါ ဟိုတလောကပြောဖူးတဲ့ သင်တန်းအတူတူတက်တဲ့ အစ်ကိုကြီးဆိုတာလေ မင်းမှတ်မိလား"

"အင်း၊ ငါ့ကိုမိတ်ဆက်ပေးမယ်ပြောတဲ့ တစ်ယောက်မလား။ အစ်ကိုလိုပဲ သဘောကောင်းတယ်ဆို"

"မှားတယ်။ ငါ မနေ့ညကမှသိလိုက်တာ၊ သူကငါ့အပေါ် အစ်ကိုလို သဘောကောင်းတာမဟုတ်ဘူး၊ ဟို.."

"ဘာလဲ မင်းကို ကြိုက်နေတာတဲ့လား"

ခန့်ခန့် အံ့ဩတကြီးဖြင့် လှည့်ကြည်မိတာဖြစ်၏။ သူတစ်စုံတရာမှ မပြောရသေးပါဘဲ ခန့်ကိုက သိနေလေပြီ။ သူ ကြည့်နေတာသိတော့ ရယ်နေလေသည်။

"ကြည့်မနေနဲ့၊ အစ်ကိုလို မဟုတ်ဘူးဆိုမှတော့ ချစ်သူလိုပေါ့ကွ။ ဘာဆန်းနေလို့လဲ၊ နေပါဦး ... ငိုတာက အဲဒါကြောင့်လို့တော့ မပြောနဲ့နော်"

ခန့်ခန့် ရှက်သလို၊ မနေတတ်သလိုနှင့် ဖြေလိုက်မိသည်က 'အင်း' တစ်လုံးသာ။

"ဟား ... ရည်းစားစကားပြောခံရလို့ငိုတာ မင်းတစ်ယောက်ပဲ ရှိမယ်ထင်တယ် ငါ့ကောင်ရ။ ငါပြောဖူးတဲ့ကောင်မလေးတွေဖြင့် မငိုကြပါဘူး၊ ရှက်ပဲရှက်တတ်ကြတာ"

"လာမရယ်နဲ့ ခွေးကောင်။ ငါ့ကသူ့ကို အစ်ကိုလိုသဘောထားတဲ့ဟာ အဲလိုကြီးလာပြောတော့ စိတ်တိုတာပေါ့"

"မင်းတို့က ညီအစ်ကိုတွေမှမဟုတ်တာ၊ သူချစ်ရင် ဖွင့်ပြောလို့ရတာပဲလေ။ ယောကျ်ားချင်းကြီးလို့တော့ အမြင်မကျဉ်းနဲ့။ ငါတို့ကျောင်းမှာတောင် ယောကျ်ားချင်းအတွဲတွေရှိတာ မင်းအမြင်ပဲဟာ"

"အဲတော့ မင်းကငါ့ကို ထည့်ပေးလိုက်မယ်ပေါ့"

ခန့်ခန့်ပြောသည်တွင် ခနဲ့သံပါနေလေ၏။ သူကတော့ အတည်ပေါက်ကြီး ခံစားနေရပေမဲ့ ခန့်ကိုကတော့ အေးအေးဆေးဆေး ပြောနေတာပင်။ ယောက်ျားချင်းကြိုက်လို့ အမြင်စောင်းသည့်ထဲ သူမပါပေမဲ့ တကယ့်တကယ်ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရတော့ ဝရုန်းသုန်းကားနှင့်။

"သဘောပြောတာပါကွာ၊ မင်းကငိုတယ်ဆိုတော့ အရမ်းအတွေးမလွန်ဖို့ပြောချင်တာ။ ပြီးတော့ မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦးလေ၊ ဖြူဥပြီး မိန်းကလေးတွေထက်တောင် ကြည့်ကောင်းနေတဲ့ဟာ။ ယောကျ်ားလေးတစ်ယောက်က ကြိုက်မယ်ဆိုလည်း ကြိုက်ချင်စရာပဲ"

သူ့ပုံစံတဲ့။ အင်း ... အနည်းငယ်လူကောင်သေးတာကိုတော့ လက်ခံပါသည်။ ရုပ်ရည်က မေမေနှင့်အတော်တူတာမို့ ယောကျ်ားဆန်နေခြင်းမျိုးမရှိ။ ရှမ်းစပ်မို့လည်း အသားဖြူပုံက မိန်းကလေးအများစုထက် ဖြူနေပါသည်။ သို့သော် သည်အချက်တွေက ယောကျ်ားတစ်ယောက် ကြိုက်ဖို့လုံလောက်သည့်အချက်တွေဟုတော့ သူမထင်မိ။

"မဆိုင်ပါဘူး။ ပြီးတော့ ငါငိုတယ်ဆိုတာက အရမ်းဝမ်းနည်းသွားလို့ပါ။ တခြားသူကပြောရင် ဘာမှမဖြစ်လောက်ပေမဲ့ ခုဟာက အစ်ကိုလိုခင်နေတဲ့သူက ပြောတာဆိုတော့ ရုတ်တရက် လက်မခံနိုင်ဘူးကွ။ ညကအရက်သောက်ပြီးမှ အိမ်ရှေ့ရောက်လာတာ။ ငါမုန့်ထွက်ဝယ်တာနဲ့ကြုံတော့ ဘာလာလုပ်တာလဲ အတင်းမေးရင်းက ထုတ်‌ပြောပါလေရော"

"ဒါဆိုပြောဖို့လာတာမျိုးမဟုတ်ဘဲ မင်းမေးလို့ပဲဖြစ်မယ်။ မူးနေတဲ့သူကို မင်းကသွားဆွပေးတာကိုး"

"ဘာပဲဖြစ်ဖြစ်ကို သူ့စိတ်သူတော့ ထိန်းသင့်တယ်၊ သူမူးနေမှန်းသိလို့ ငါပြန်မယ်လုပ်တော့ တအားဆွဲထားတာနဲ့ တစ်ချက်တောင် ထိုးခဲ့မိသေး"

"ဟာ"

ခန့်ကိုတောင် အံ့ဩပုံထောက် ကိုယ့်ထက်အကြီးကို ဆွဲထိုးခဲ့တာ အတော်မှားသည်ထင်၏။ သူလည်း ပုံမှန်ဆိုရင်တော့ စိတ်နှင့်တောင် ပြစ်မှားထိုးဖို့မရှိလေပါ။ ညကတော့ ကြောက်သည့်စိတ်နှင့် ဘာမှသေချာမတွေးနိုင်လိုက်။

"မင်းပြောတော့ ငါတို့ထက် ၈နှစ်တောင်ကြီးတယ်ဆို။ အဲဒါကိုထိုးလိုက်တယ်ဆိုတော့ လွန်တာပေါ့ကွာ၊ ငရဲကြီးမှာ မကြောက်ဘူးလား။ မင်းပဲ အစ်ကိုလို သဘောထားတယ်ပြောပြီး"

"သူက ငါပြန်မယ်ဆိုတာကို ဆွဲလားရမ်းလားလုပ်တာကိုးကွ"

"ဖြစ်ရမယ်ကွာ၊ အဲ့တော့ မင်းဘယ်လိုလုပ်မှာလဲ"

ခန့်ခန့် တကယ်မသိသောမေးခွန်းရယ်ပါ။

"အဲဒါဘာလုပ်ရမှန်းမသိလို့ မင်းကိုတိုင်ပင်တာ။ ငါထိုးလိုက်တာ မှားမှန်းသိပေမဲ့ မတောင်းပန်ချင်ဘူး။ ခုချိန်မှာ အဲ့လူကြီးနဲ့မတွေ့ချင်ဘူး။ စိတ်ထဲမှာလည်း ဒါကြီးကို လက်မခံနိုင်ဘူးကွာ"

"မင်းတို့က အတန်းတူတယ်မလား၊ အတန်းပြန်တက်ရင် မတွေ့ချင်လည်းတွေ့ရမှာပဲ ... ငါ့ကောင်"

ခန့်ခန့် သက်ပြင်းချရင်း တပ်ထားသည့်မျက်မှန်ကို ချွတ်လိုက်သည်။ ငိုထားတာလည်း အယောင်ကျနေပြီမို့ ထပ်မတပ်ချင်တော့။ တစ်မနက်လုံးတပ်ထားရသည့်မို့ နှာခေါင်းမှာပင် အရာထင်နေလေပြီ။

စိတ်ညစ်ညစ်နှင့် ကားလမ်းဘေးကို လှမ်းကြည့်တော့ လေတိုက်တိုင်း သစ်ရွက်ခြောက်တွေ တလူးလူးကြွေနေသည်။ အပင်အောက်တွေတွင်တော့ ဖုန်တွေနှင့်အတူ ရော်ရွက်ဝါတွေ ဟိုတစ်စ၊ သည်တစ်စ။ နေပူပြင်းလာလေတော့ အရာရာက ခြောက်သွေ့လာသည်။ သူ့ဘဝလည်း သည်သို့သာ။

အေးအေးငြိမ်းငြိမ်းနေချင်လို့ ရည်းစားတောင်မထားသည့်သူ့ဆီ ပြဿနာက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာချေသည်။ ပြဿနာဟု တကယ်ပင်ဆိုနိုင်မည်လား။ ဘာပဲဖြစ်ဖြစ် အဲ့လူကြီးကို သူမတွေ့ချင်ပါ။ ထပ်ပြောလာမည့် စကားတွေကိုလည်း သူမကြားသာ၊ အပြုအမူတို့ ကြမ်းတမ်းဦးမလားဆိုတာလည်း မပြောတတ်၊ လက်လည်းလက်မခံချင်မိ။ လက်သီးနဲ့ထိုးလိုက်မိ၍ အားနာစိတ်ကလည်း ရှိနေသေးပြန်သည်။

"မသိတော့ဘူးကွာ။ အတန်းမတက်ရင်လည်း အိမ်ကဆူဦးမယ်"

"ဒီမယ် မင်းစဉ်းစားရမှာ လွယ်လွယ်လေး။ မင်းကိုယ်မင်း မေးခွန်းထုတ်လိုက်! သူ့ကို ချစ်လား၊ မချစ်ဘူးလား။ အဲအဖြေပေါ်မူတည်ပြီးပဲ ရှေ့ဆက်လုပ်ရမှာ။ ရှောင်နေမဲ့အစား သွေးအေးမှတည့်ပြောလိုက်ကွာ"

ကားမောင်းနေရင်း ချက်ကျလက်ကျ ပြောပြနေသူမှာ ပြောင်စပ်စပ်နေတတ်သည့် သူ့သူငယ်ချင်းရယ်ပါ။

"ချစ်သူရည်းစားလိုတော့ မချစ်ပါဘူး။ ငါကဂေးမှမဟုတ်တာ၊ ယောကျ်ားချင်း ခပ်ပါးပါးပဲဟာ။ ဒါပေမဲ့ အစ်ကိုတစ်ယောက်လို သံယောဇဉ်ရှိတော့ ဒီလိုကြီးဖြစ်သွားတာ ငါဝမ်းနည်းတယ်။ အရင်လို ပျော်ပျော်ရွှင်ရွှင် ဆက်ပေါင်းလို့မရတော့ဘူး၊ သူနဲ့သွားရလာရတာ ပျော်စရာကြီးကို"

"အင်း မင်းပြောတာ ငါနားလည်တယ်။ ချက်ချင်းကြီးဆိုတော့လည်း အနေခက်မှာပေါ့။ ဒါပေမဲ့ မင်းသိထားရမှာတစ်ခုက ဂေးဖြစ်မှ ယောကျ်ားလေးချင်း ကြိုက်ကြတာမဟုတ်ဘူး။ သူ့ဟာသူအနေနီးရင်း မတော်တဆကြိုက်မိပြီး ဂေးလို့ခံယူကြတာတွေလည်း ရှိတာပဲ။ ပြီးတော့ မင်းပြောပုံအရဆို အဲအစ်ကိုကလည်း အစကအဖြောင့်နေမှာ"

"မပြောတတ်တော့ပါဘူးကွာ"

လက်ချောင်းတို့ကို ဆံစတွေထဲထိုးသွင်းရင်း မျက်လုံးတွေမှိတ်ချလိုက်သည်။ သူ ဘယ်လိုရင်ဆိုင်ရမလဲ မသိတော့။ အတွေးထဲတွင် အဲ့လူကြီးနှင့် အတူသွား၊ အတူစားခဲ့ဖူးသော ပုံရိပ်တွေက ဝိုးတဝါးပြန်ပေါ်လာပြန်သည်။ ပျော်ခဲ့သလိုတွေးလိုက်၊ နှမြောသလိုဖြစ်လိုက်နှင့် အတက်အကျဖြစ်နေသည့် သူ့စိတ်တွေမယ်မပြတ်သား။ ခန့်ကို၏ကားလေးကတော့ တသမတ်တည်း ရှိန်နှုန်းမြင့်မောင်းနှင်နေလေသည်။

.....................

အခန်းကျယ်ကြီးတစ်ခုလုံး အမှောင်အတိ ဖုံးလွှမ်းနေသည်။ လပြည့်ညဖြစ်သော်လည်း လမင်းအလင်းရောင်က ခန်းဆီးကိုဖြတ်ဝင်လာနိုင်ခြင်းမရှိ။ ထိုနည်းတူ အခန်းတွင်းက မီးတွေမှာလည်း သခင်အမိန့်မရသည့်နှယ် ညှိုးငယ်စွာ ပိတ်မှောင်ပေးနေရသည်။

အလင်းတစ်ပေါက်မရှိသော အခန်းတွင် အသံဟူ၍လည်း နာရီသံတစ်ချက်ချက်ပင်မရှိ။ ခပ်မျှင်းမျှင်းသဲ့ထွက်နေသော အသက်ရှူသံကြောင့်သာ မဟုတ်လျှင် သည်အခန်းထဲတွင် သက်ရှိတစ်ယောက်ရှိနေတယ်လို့ပင် ထင်စရာမရှိပါပေ။ အိပ်ယာထက်တွင် လဲလျောင်းနေသူမှာ အိပ်စက်နေခြင်းမရှိ၊ မလှုပ်မရှက် တိတ်ဆိတ်လို့နေသည်။

ဇေယျာတစ်ယောက် သောက်ထားသည့်အရှိန်ကြောင့် အရက်နာကျနေလေတာ နှစ်ရက်ရှိပြီဖြစ်၏။ ဗိုက်ထဲတွင် အစာမရှိဘဲ အသောက်များတော့ ပိုခံရခက်ခဲ့သည်။ စိတ်ကပါမဆောင်တော့ လူကလည်းမထနိုင်၊ အလုပ်ပါ နားထားရသည်ထိ။

သူ ဘယ်လိုပင် အသိစိတ်လွတ်ခဲ့စေဦးတော့ သည်ကလေးကို ကြမ်းကြမ်းတမ်းတမ်း ဘယ်နည်းနဲ့မှ မလုပ်ခဲ့သင့်။ နောင်တတွေ များစွာရသည်တိုင် အမှားတချို့က ပြန်ပြင်နိုင်ဖို့ အခွင့်မပေးတော့ချေ။ အန္တရာယ်တွေကနေ ကာကွယ်ပေးပါမယ်ဟု ကိုယ်တိုင်ပဲရည်စူးခဲ့ပြီး အန္တရာယ်ဖြစ်ခါနီးပါး ပြုမူမိသည်ကလည်း သူကိုယ်တိုင်ပါပဲ။

သည်ကလေးမပြောနှင့်၊ သူ့ကိုယ်သူပင် ခွင့်မလွှတ်နိုင်သောကြောင့် ပြန်ချစ်ဖို့အရေး မတောင်းဆိုရက်တော့ပေ။ သို့သော် စကားပြောခွင့်တော့ ရချင်မိသည်။ အမှားအတွက် ကျေနပ်အောင်ထိတော့ တောင်းပန်ချင်သေးသည်။ စာမေးပွဲရှိသည့်ကလေးက သူ့ကြောင့်ငိုယိုပြီး ထွက်ပြေးသည်မလား။

ဖုန်းဆက်လျှင် အမြဲတိုးနေသော လူကြီးမင်းခေါ်သည့် မိန်းကလေးအားလည်း အမြင်မကြည်တော့ချေ။ ထိုကလေး အသံကိုသာ သူ ကြားချင်နေမိသည်မလား။ အခါတိုင်း ဂျစ်ကန်ကန်ပြန်ပြောသံလေးအား သူ လွမ်းနေရလေပြီ။ အတန်ကြာတွေဝေပြီးနောက် ဇေယျာ စာပို့ဖို့သာဆုံးဖြတ်လိုက်သည်။ လိုင်းပင်မသုံးသောကလေးအား ပို့ရသည်က ဖုန်းအော်ပရေတာ၏ စာတိုစနစ်သာ။ ပို့မိသည်မှာတော့ ညှိုးငယ်လှသော တောင်းပန်စကားဖြစ်၏။

'ကိုယ် အနူးအညွတ် တောင်းပန်ပါတယ်။ လူချင်းလာတွေ့ပြီးပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် ကိုယ် ရှင်းပြပါရစေ'

တစ်ခန်းလုံးတွင် ဖုန်းမျက်နှာပြင်၏အလင်းရောင် ခပ်မှုန်မှုန်သာရှိနေသည်။ စာလုံးအားလုံးသေချာစွာ ရိုက်ပြီးနောက် မောဟိုက်စွာပဲ ပို့လိုက်ရလေသည်။ သူ့ကိုမုန်းနေပြီလား၊ ရွံနေပြီလားဆိုသော အတွေးတွေမှာ မကောင်းဆိုးဝါးညှင်းဆဲခံရသလို အခါခါသတ်သည်။ ကိုယ့်စိတ်ကပင် ကိုယ့်ကိုပြန်ခြောက်လေသလား။ သေချာတာကတော့ သူ့လုပ်ရပ်သူ အတော်မုန်းတီးနေမိတာပင်။

ထိုအခိုက် ဖုန်းကတုန်ခါပြီး မျက်နှာပြင်တစ်ချက်လင်းလာသည်။ လဲလျောင်းနေသော ဇေယျာ စာတိုရောက်ကြောင်းသိတာနှင့် အမြန်ကုန်းရုန်းထ၏။ ပြီးနောက် ဖုန်းဖွင့်ကာ စာတိုကို စိတ်လှုပ်ရှားစွာ ဖတ်ကြည့်တော့၊

'အဲဒီကိစ္စပြောမယ်ဆို ကျွန်တော် ကြားလည်းမကြားချင်သလို၊ တွေ့လည်းမတွေ့ချင်ဘူး။ လာမရှာပါနဲ့' တဲ့လေ။

ဗိုင်းခနဲ ပြန်ကျသွားသောဇေယျာမှာ ဝမ်းနည်းပက်လက်ပင်။ သူက သည်ကလေးအတွက် အနှောင့်အယှက်ပေးသူသက်သက် ဖြစ်နေလေပြီလား။ အနားကိုတိုးလာဖို့ကြိုးစားလေ၊ ချာတိတ်ကလေးက သူ့ကိုပိုမုန်းလာနိုင်လေ။ တစ်လျှောက်လုံး ခင်ခဲ့သည့်သူက ဂေးဖြစ်နေသလားဟူသော အတွေးဝင်ကာ ဘယ်လောက်များ ရွံရှာနေလိုက်ပါမည်နည်း။ သူ့အားဘယ်လောက်များ မုန်းနေလိုက်ပါမည်နည်း။

ခွင့်လွှတ်မှုရချင်လို့ ရှေ့တိုးမိလေလေ၊ သူ့အားပိုပို၍ မုန်းတီးရွံရှာလေ ဖြစ်လိမ့်မည်ထင်၏။ ဇေယျာ ဘယ်လိုမှထပ်အမုန်းမခံချင်တော့။ လက်ရှိအမုန်းတွေနှင့်ပင်လျှင် သူ့အတွက် များလွန်းလှလေပြီ။ သည်ကလေး စိတ်အနှောက်အယှက်ဖြစ်စေမည့်အရာများကိုဖြင့် သူ ထပ်မလုပ်ချင်တော့။

ကျိန်းစပ်နေသောမျက်လုံးကို တစ်ဆုံးမှိတ်ချရင်း ဇေယျာ ဆုံးဖြတ်ချက်တစ်ခုကို နောင်တကင်းစွာပဲ ချမှတ်လိုက်တော့သည်။

(23/9/2020)
••••••••••••••••••••••••••••••••••••••••

<Zawgyi>

မနက္ခင္းေရာင္ျခည္ႏုႏုက သူ႔မ်က္ႏွာေပၚ ျဖာက်ေနသည္။ ခပ္ေႏြးေႏြးဟု ထင္ရေသာ္လည္း ၾကာလာေလေတာ့ ခန႔္ခန႔္ ပူေလာင္ျခင္းကို စခံစားလာရေခ်သည္။ နားစည္တြင္ လာရိုက္ခတ္ေနသည္က ၿခံထဲက တစီစီေအာ္ျမည္ေနေသာ ငွက္သံတခ်ိဳ႕။ အိမ္ေရွ႕လမ္းတြင္ ကားျဖတ္သြားသံေတြလည္း ၾကားေနရသည္။ ေအာက္ထပ္က ေမေမႏွင့္ႀကီးႀကီးတို႔၏ မီးဖိုထဲမွ ဟင္းခ်က္သံတခ်ိဳ႕ကလည္း သဲ့ဝင္လာသည္က တစ္ခ်က္တစ္ခ်က္။

မိုးလင္းလာၿပီဆိုေသာ အသိႏွင့္အတူ စာေမးပြဲေျဖရမည္ကို တန္းသတိရမိသည္။ အလားတူ ညကအျဖစ္အပ်က္ႀကီးကိုလည္း မေမ့မေလ်ာ့။ မ်က္လုံးကို ခပ္ျဖည္းျဖည္းဖြင့္ၾကည့္ေလေတာ့ စပ္ရွိန္းရွိန္းႏွင့္၊ အနည္းငယ္ မို႔ေမာက္ေနသလိုလည္း ခံစားေနရသည္။ ညကသူငိုမိတာ အေတာ္မ်ားသြားေလသလား။

ျပန္ေတြး႐ုံႏွင့္ ေမာဟိုက္လာသည္အထိ အေၾကာင္းတို႔က ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ၾကတာပင္။ အဲ့လူႀကီးကလည္း သူ႔ပုခုံးကိုနာနာဆြဲညႇစ္ထားခဲ့သလို သူသည္လည္း တန္ျပန္အေနျဖင့္ အားျပင္းေသာလက္သီးခ်က္ကို မ်က္ႏွာတည့္တည့္ဆီ ပစ္သြင္းခဲ့မိသည္။ သေဘာေကာင္းပါသည္၊ မိမိထက္ရွစ္ႏွစ္ႀကီးပါသည္ဆိုေသာ အမွန္တရားကို မ်က္ကြယ္ျပဳမိသည္ထိ ေၾကာက္စိတ္ေတြဝင္ေနခဲ့တာျဖစ္၏။

ထို႔ေနာက္ အေျပးတစ္ပိုင္းႏွင့္ ငိုလာခဲ့လိုက္သည္မွာ အခန္းကို ဘယ္လိုပင္ေရာက္လာမွန္းမသိ။ အိပ္ရာထက္ေရာက္သည္ထိ ရွိုက္ႀကီးတငင္ သူ ငိုေနမိဆဲပင္။ အစ္ကိုတစ္ေယာက္သဖြယ္ သေဘာထားကာ သံေယာဇဥ္ရွိခဲ့သူမွာ ခုလိုဖြင့္ေျပာလာခဲ့သည္။ သူ အစ္ကိုတစ္ေယာက္ ဆုံးရွုံးလိုက္ရေလၿပီ။ ဘာလို႔မ်ား သည္လိုစိတ္ေတြျဖစ္ရသလဲဟု ခန႔္ခန႔္ ဘယ္လိုမွမေတြးတတ္။ ထိုသူ႔အေပၚ ညီအစ္ကို၊ မိတ္ေဆြသူငယ္ခ်င္းထက္ ပိုအထင္လြဲေအာင္ ဘာေတြမ်ား သူ ဆက္ဆံခဲ့မိပါလိမ့္။ အရာအားလုံးက ခန႔္ကိုႏွင့္ သူလိုငါလို ခင္မင္မွုမ်ိဳးေလာက္သာ ရွိေလသည္။

ဒါကို အဲ့လူႀကီးက အဘယ္ေၾကာင့္ ျဖဴစင္ျခင္းကို အေရာင္ေျပာင္းခ်င္ရသနည္း။ ေတြးမရနိုင္ေသာ ပုစၧာတစ္ပုဒ္ကို တြက္ရသလို သူ ပူထူလာတာမို႔ ဖုန္းေခၚသမၽွလည္း လစ္လ်ဴရွူလိုက္သည္။ အဲ့လူႀကီးႏွင့္ ဘယ္လိုမွစကားမေျပာခ်င္။ မူးလို႔ထြက္က်လာသည့္ ထိုစကားလုံးတို႔က သူ႔ကိုေစာ္ကားေလသလားပဲ။ တကယ္ခံစားရရိုးမွန္လၽွင္ေတာင္ အသားနာေအာင္ထိ ႐ုန္းရင္းဆန္ခတ္ ျဖစ္စရာမွမလိုေလဘဲ။

ျပန္ေတြးရင္းကပင္ စိတ္တိုသည္၊ ေဒါသထြက္သည္၊ ဝမ္းလည္းနည္းမိတာပင္။ အေပၚမ်က္ႏွာက်က္ကို ၾကည့္ေနရင္းက ျပန္မ်က္ရည္သီလာေသာသူသည္ အဘယ္ေၾကာင့္ ဝမ္းနည္းေနရဘိသနည္း။

အစ္ကိုတစ္ေယာက္ ဆုံးရွုံးရေလလို႔လား။ ေဒါသစိတ္ေၾကာင့္ပဲလား။

ဝဲတက္လာသည့္အရည္ၾကည္တို႔ကို ခပ္ျမန္ျမန္ပုတ္ခတ္ရင္း ခန႔္ခန႔္ ေရခ်ိဳးခန္းဝင္လိုက္ရသည္။ စာေမးပြဲေျဖဖို အျမန္သြားရေတာ့မည္ပင္။ ညကပင္မၿပီးျပတ္ေသာ အခန္းေတြကို သူလုံးလုံးျပန္မေႏႊးနိုင္ေသး၊ ငိုရင္းသာ အိပ္ေပ်ာ္သြားတာမို႔ ေနာက္ဆုံးဘာသာကို ေျဖနိုင္ပါမည္လား စိတ္ပူေနရေလသည္။

အားလုံးျပင္ဆင္ၿပီးေနာက္ ေမေမတို႔ေရွ႕တြင္ မနက္စာဝင္မစားျဖစ္ေတာ့။ သူ႔မ်က္လုံးမို႔မို႔ကို မ်က္မွန္ႏွင့္ ဘယ္ေလာက္ကြယ္ထားေစဦးေတာ့ ရိပ္မိမွာေသခ်ာသည္။ ဒါမို႔ ကန္တင္းမွာသာစားဖို႔ ေတြးလာခဲ့ေတာ့သည္။

"ဟိတ္ေကာင္ ... ထူးထူးဆန္းဆန္း ကန္တင္းမွာစားလို႔"

ေခါက္ဆြဲျပဳတ္ေလး တဖူးဖူးမွုတ္ေသာက္ေနခိုက္ အေနာက္မွ ခန့္ကိုေရာက္လာျခင္းပင္။ စာအုပ္ကိုေရွ႕မွာခ်ရင္း အျမန္စားေနရတာမို႔ သူငယ္ခ်င္းလည္း ေသခ်ာႏွုတ္မဆက္အားပါေပ။

"အိမ္ကမစားခဲ့လို႔"

မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္ေသာခန႔္ကိုက နန္းႀကီးသုပ္တစ္ပြဲမွာသည္။ သည္ေကာင္သည္လည္း လက္ထဲတြင္ကိုင္လာေသာ က်က္စရာ A4 စာရြက္အထပ္လိုက္ကိုၾကည့္ရင္း ပါးစပ္မွတတြတ္တြတ္။ မသိလၽွင္ ဂုဏ္ေတာ္ရြတ္ပြါးေနသည့္ႏွယ္။ ၿပီးမွစားစရာကို အၿပီးသတ္ေနသည့္ခန႔္ခန႔္အား ေသခ်ာၾကည့္လာေတာ့၏။

"မင္းဘာျဖစ္ထားတာလဲ၊ ျဖဴဖတ္ျဖဴေရာ္နဲ႔ မ်က္လုံးေတြလည္းအစ္လို႔။ ငိုထားတာလား၊ စာေတြအကုန္မရလို႔လား"

သူ ခန႔္ကိုကို ထုတ္ေျပာျပလၽွင္ ေကာင္းမည္လားမသိ။ အဲ့လူႀကီးႏွင့္ခင္ေနတာကိုေတာင္ မေျပာျပရေသးခင္ ရည္းစားစကားေျပာခံရတာကိုပါ အသိေပးရေတာ့မည့္အျဖစ္ပါပဲ။ တကယ္ေတာ့ အသိေပးသည္ဆိုတာထက္ ညကလုပ္ရပ္ကို ေဘးလူတစ္ေယာက္အေနျဖင့္ ဘယ္လိုျမင္သလဲ သိခ်င္စိတ္ကပိုမ်ားပါသည္။ သူသည္ပဲ သိပ္အပိုလုပ္မိေနသလား။ ၿပီးလၽွင္ လက္သီးႏွင့္ထိုးလိုက္သည့္ကိစၥက အရမ္းမ်ားမွားသြားေလသလား။

"ေျဖၿပီးရင္ ေျပာျပမယ္။ အျပန္ငါ့ကိုေစာင့္ဦး၊ မင္းကားနဲ႔လိုက္မွာ"

"အင္းအင္း ေစာင့္မယ္။ ဘာပဲျဖစ္ျဖစ္ ေသခ်ာေျဖခဲ့ေနာ္"

Roll နံပါတ္ႏွင့္ပတ္သက္လၽွင္ ခန့္ခန့္ ဂ႐ုတစိုက္ရွိလြန္းတာကိုသိသူမို႔ စာေမးပြဲအတြက္ အထူးတလည္ မွာေနတာျဖစ္သည္။ သူငယ္ခ်င္းခန႔္ကိုေတာင္ သည္လိုေတြးပူတတ္လၽွင္ ခ်စ္ပါသည္လို႔ထုတ္ေျပာသည့္ အဲ့လူႀကီးကေရာ သူ စာေမးပြဲေျဖေနရသည္ကို ငဲ့ၾကည့္သိသင့္မလား။ အင္းေလ ... အမူးသမားတစ္ေယာက္က ဘာမ်ားေတြးေတာဆင္ျခင္နိုင္မွာမို႔လို႔လဲ။

ဟူး!

ေလပူတစ္ခ်က္မွုတ္ထုတ္လိုက္ရင္း သက္ျပင္းခ်မိျပန္တာ အခါခါ။ ဘတ္စ္ေပၚကတည္းက တစ္လမ္းလုံးေႏႊးလာခဲ့ေသာစာေတြ အကုန္မွတ္မိနိုင္ပါ့မလား။ တခ်ိဳ႕အပုဒ္ေတြ အစပိုင္းေလာက္သာ ၾကည့္လိုက္ရသည္။ အဓိပၸါယ္ႏွင့္မွတ္ထားတာမို႔ အတိအက်မေျဖနိုင္မွာကိုေတာ့ ပူပန္ေနရေလ၏။

စာေမးပြဲခန္းေရွ႕ေရာက္ေတာ့ ခန႔္ခန႔္ လြယ္အိတ္ခ်ကာ အာ႐ုံမ်ားျပန္စုစည္းလိုက္သည္။ ထို႔ေနာက္ ထုံးစံအတိုင္း စာေမးပြဲခန္းဝင္ခါနီး နေမာတႆသုံးႀကိမ္ အာ႐ုံျပဳၿပီးမွ ဝင္လိုက္သည္။ စိတ္ႏွင့္လူႏွင့္မကပ္နိုင္ေသးေသာ္ျငား ေကာင္းေကာင္းေတာ့ေျဖနိုင္ခ်င္မိသား။

......................

၂နာရီခြဲမၽွအၾကာတြင္ သူ ေမးခြန္းလႊာအား ေကာင္းစြာေျဖဆိုလိုက္နိုင္သည္။ စာအကုန္မေႏႊးခဲ့ရတာေတာင္ ေမးခြန္းျမင္ေတာ့ေခါင္းထဲက အစီအရီထြက္လာေတာ္ေသး၏။ ခ်ေရးခဲ့သည္ေတြက အက်ိဳးမယုတ္ပါေခ်။ တစ္လနီးပါး ေန႔ေန႔ညည ႀကိဳးစားခဲ့ရသည့္စာေမးပြဲမွာေတာ့ ၿပီးေျမာက္သြားေလၿပီ။ ပုံမွန္ေတာ့သည္ခ်ိန္ဆို အေပ်ာ္ႀကီးေပ်ာ္ေနတတ္သူမွာ အခုေတာ့ စာေမးပြဲခန္းထဲက ထြက္လာတာေတာင္ အငိုင္သား။

ခန့္ကိုကားဆီေရာက္ေတာ့ ေမာင္မင္းႀကီးသားေလးက ဖုန္းေတာင္သုံးေနၿပီပင္။ အေစာႀကီးထြက္လာေလသလားမသိ။

"အပုဒ္ေစ့ေျဖတဲ့ေက်ာင္းသားေလး သြားၾကမယ္ခင္ဗ်၊ ကားလည္းအဆင္သင့္ပါခင္ဗ်"

"ေျပာင္မေနနဲ႔၊ ေျဖနိုင္လား"

ကားေပၚတက္ခါနီး ခန႔္ကိုက မေျပာမဆိုႏွင့္ ဝင္သြားသည္။ အက်င့္ပါေနသည့္ ခန႔္ခန႔္ကသာ ကားတံခါးကိုလွမ္းဆြဲခါနီး ထုံးစံတစ္ခုကို ဖ်တ္ခနဲ သတိရလိုက္တာျဖစ္၏။ ကားေပၚတက္တိုင္း ဖြင့္ေပးေနတာ သူ႔အေပၚ ခံစားခ်က္ေတြရွိေနခဲ့လို႔လား။ ခန႔္ခန႔္ အျမန္ပဲဝင္လိုက္ပါသည္။

"ေအာင္ပါတယ္၊ စိတ္မပူနဲ႔ ဟဲဟဲ"

"ၿပီးေရာ ဒီတစ္ခါေတာ့ SE (Software Engineering) က ေမးခြန္းေဟာင္းေတြထဲက ေအာင္မွတ္ဖိုးေလာက္ ထည့္ေမးထားသားပဲ"

"အဲဒါမို႔လည္း ေအာင္တယ္ေျပာရဲတာ။ မင္းကေတာ့ A ဟုတ္"

ေရွ႕ဘာသာေတြ A အဆင့္ထိမွန္းထားေသာ္လည္း သည္ဘာသာေတာ့ျဖင့္ မမွန္းရဲေခ်။ ပုံမွန္လည္း A ရရန္ခက္ခဲသည့္ဘာသာ ျဖစ္သည့္အျပင္ သူတခ်ိဳ႕ေနရာေတြ မွန္းၿပီးေရးခဲ့တာမ်ိဳးရွိ၏။

"ငါ အကုန္ေျဖခဲ့ေပမဲ့ B ေလာက္ပဲေနမွာ"

"B လည္း မနည္းပါဘူး၊ အမွတ္တစ္ရာဖိုးလုံးက်က္စာက A ရတာရွားတာပဲ"

ေျပာလည္းေျပာရင္း ခန႔္ကိုက ကားစက္ႏွိုးသည္။ ၿပီးေနာက္ မထြက္ခင္မွာဘဲ မ်က္ႏွာမေကာင္းသည့္သူ႔အား ေသခ်ာၾကည့္လာေသး၏။

"မင္းမနက္က ဘာျဖစ္လာတာလဲ၊ အန္တီ ဆူလို႔လား"

ခန့္ကိုကားေမာင္းရင္း စစပ္စုေတာ့ ခန႔္ခန႔္လည္း ရင္တြင္းကအပူမီးကို အျပင္ထုတ္ခ်ကာ အနည္းငယ္သက္သာခ်င္ေလၿပီ။

"ေမေမဆူတာမဟုတ္ဘူး၊ တျခားကိစၥ။ အဲ့ဒါငါမင္းကို တိုင္ပင္မလို႔"

"အင္း ဘာလဲ"

ခန့္ကိုေျပာသည္ႏွင့္ သူအစအဆုံးေျပာဖို႔ အရွိန္ယူရျပန္သည္။ အဲ့လူႀကီးအေၾကာင္းအား သည္လိုပုံစံမ်ိဳးႏွင့္ ေျပာခ်င္ခဲ့ျခင္း မဟုတ္။ 'ဒါ ငါ့အစ္ကိုလို ခင္ရတဲ့သူကြ' ဟု ဂုဏ္ယူဝင့္ႂကြားစြာႏွင့္ ေျပာလိုျခင္း။ သို႔ပါေသာ္လည္း အေျခအေနအားလုံးက အလြဲလြဲခ်ည္း။

"ငါ ဟိုတေလာကေျပာဖူးတဲ့ သင္တန္းအတူတူတက္တဲ့ အစ္ကိုႀကီးဆိုတာေလ မင္းမွတ္မိလား"

"အင္း၊ ငါ့ကိုမိတ္ဆက္ေပးမယ္ေျပာတဲ့ တစ္ေယာက္မလား။ အစ္ကိုလိုပဲ သေဘာေကာင္းတယ္ဆို"

"မွားတယ္။ ငါ မေန႔ညကမွသိလိုက္တာ၊ သူကငါ့အေပၚ အစ္ကိုလို သေဘာေကာင္းတာမဟုတ္ဘူး၊ ဟို.."

"ဘာလဲ မင္းကို ႀကိဳက္ေနတာတဲ့လား"

ခန့္ခန့္ အံ့ဩတႀကီးျဖင့္ လွည့္ၾကည္မိတာျဖစ္၏။ သူတစ္စုံတရာမွ မေျပာရေသးပါဘဲ ခန့္ကိုက သိေနေလၿပီ။ သူ ၾကည့္ေနတာသိေတာ့ ရယ္ေနေလသည္။

"ၾကည့္မေနနဲ႔၊ အစ္ကိုလို မဟုတ္ဘူးဆိုမွေတာ့ ခ်စ္သူလိုေပါ့ကြ။ ဘာဆန္းေနလို႔လဲ၊ ေနပါဦး ... ငိုတာက အဲဒါေၾကာင့္လို႔ေတာ့ မေျပာနဲ႔ေနာ္"

ခန႔္ခန႔္ ရွက္သလို၊ မေနတတ္သလိုႏွင့္ ေျဖလိုက္မိသည္က 'အင္း' တစ္လုံးသာ။

"ဟား ... ရည္းစားစကားေျပာခံရလို႔ငိုတာ မင္းတစ္ေယာက္ပဲ ရွိမယ္ထင္တယ္ ငါ့ေကာင္ရ။ ငါေျပာဖူးတဲ့ေကာင္မေလးေတြျဖင့္ မငိုၾကပါဘူး၊ ရွက္ပဲရွက္တတ္ၾကတာ"

"လာမရယ္နဲ႔ ေခြးေကာင္။ ငါ့ကသူ႔ကို အစ္ကိုလိုသေဘာထားတဲ့ဟာ အဲလိုႀကီးလာေျပာေတာ့ စိတ္တိုတာေပါ့"

"မင္းတို႔က ညီအစ္ကိုေတြမွမဟုတ္တာ၊ သူခ်စ္ရင္ ဖြင့္ေျပာလို႔ရတာပဲေလ။ ေယာက်္ားခ်င္းႀကီးလို႔ေတာ့ အျမင္မက်ဥ္းနဲ႔။ ငါတို႔ေက်ာင္းမွာေတာင္ ေယာက်္ားခ်င္းအတြဲေတြရွိတာ မင္းအျမင္ပဲဟာ"

"အဲေတာ့ မင္းကငါ့ကို ထည့္ေပးလိုက္မယ္ေပါ့"

ခန့္ခန့္ေျပာသည္တြင္ ခနဲ႔သံပါေနေလ၏။ သူကေတာ့ အတည္ေပါက္ႀကီး ခံစားေနရေပမဲ့ ခန႔္ကိုကေတာ့ ေအးေအးေဆးေဆး ေျပာေနတာပင္။ ေယာက္်ားခ်င္းႀကိဳက္လို႔ အျမင္ေစာင္းသည့္ထဲ သူမပါေပမဲ့ တကယ့္တကယ္ကိုယ္တိုင္ကိုယ္က် ၾကဳံေတြ႕ရေတာ့ ဝ႐ုန္းသုန္းကားႏွင့္။

"သေဘာေျပာတာပါကြာ၊ မင္းကငိုတယ္ဆိုေတာ့ အရမ္းအေတြးမလြန္ဖို႔ေျပာခ်င္တာ။ ၿပီးေတာ့ မင္းကိုယ္မင္းလည္း ျပန္ၾကည့္ဦးေလ၊ ျဖဴဥၿပီး မိန္းကေလးေတြထက္ေတာင္ ၾကည့္ေကာင္းေနတဲ့ဟာ။ ေယာက်္ားေလးတစ္ေယာက္က ႀကိဳက္မယ္ဆိုလည္း ႀကိဳက္ခ်င္စရာပဲ"

သူ႔ပုံစံတဲ့။ အင္း ... အနည္းငယ္လူေကာင္ေသးတာကိုေတာ့ လက္ခံပါသည္။ ႐ုပ္ရည္က ေမေမႏွင့္အေတာ္တူတာမို႔ ေယာက်္ားဆန္ေနျခင္းမ်ိဳးမရွိ။ ရွမ္းစပ္မို႔လည္း အသားျဖဴပုံက မိန္းကေလးအမ်ားစုထက္ ျဖဴေနပါသည္။ သို႔ေသာ္ သည္အခ်က္ေတြက ေယာက်္ားတစ္ေယာက္ ႀကိဳက္ဖို႔လုံေလာက္သည့္အခ်က္ေတြဟုေတာ့ သူမထင္မိ။

"မဆိုင္ပါဘူး။ ၿပီးေတာ့ ငါငိုတယ္ဆိုတာက အရမ္းဝမ္းနည္းသြားလို႔ပါ။ တျခားသူကေျပာရင္ ဘာမွမျဖစ္ေလာက္ေပမဲ့ ခုဟာက အစ္ကိုလိုခင္ေနတဲ့သူက ေျပာတာဆိုေတာ့ ႐ုတ္တရက္ လက္မခံနိုင္ဘူးကြ။ ညကအရက္ေသာက္ၿပီးမွ အိမ္ေရွ႕ေရာက္လာတာ။ ငါမုန႔္ထြက္ဝယ္တာနဲ႔ၾကဳံေတာ့ ဘာလာလုပ္တာလဲ အတင္းေမးရင္းက ထုတ္‌ေျပာပါေလေရာ"

"ဒါဆိုေျပာဖို႔လာတာမ်ိဳးမဟုတ္ဘဲ မင္းေမးလို႔ပဲျဖစ္မယ္။ မူးေနတဲ့သူကို မင္းကသြားဆြေပးတာကိုး"

"ဘာပဲျဖစ္ျဖစ္ကို သူ႔စိတ္သူေတာ့ ထိန္းသင့္တယ္၊ သူမူးေနမွန္းသိလို႔ ငါျပန္မယ္လုပ္ေတာ့ တအားဆြဲထားတာနဲ႔ တစ္ခ်က္ေတာင္ ထိုးခဲ့မိေသး"

"ဟာ"

ခန႔္ကိုေတာင္ အံ့ဩပုံေထာက္ ကိုယ့္ထက္အႀကီးကို ဆြဲထိုးခဲ့တာ အေတာ္မွားသည္ထင္၏။ သူလည္း ပုံမွန္ဆိုရင္ေတာ့ စိတ္ႏွင့္ေတာင္ ျပစ္မွားထိုးဖို႔မရွိေလပါ။ ညကေတာ့ ေၾကာက္သည့္စိတ္ႏွင့္ ဘာမွေသခ်ာမေတြးနိုင္လိုက္။

"မင္းေျပာေတာ့ ငါတို႔ထက္ ၈ႏွစ္ေတာင္ႀကီးတယ္ဆို။ အဲဒါကိုထိုးလိုက္တယ္ဆိုေတာ့ လြန္တာေပါ့ကြာ၊ ငရဲႀကီးမွာ မေၾကာက္ဘူးလား။ မင္းပဲ အစ္ကိုလို သေဘာထားတယ္ေျပာၿပီး"

"သူက ငါျပန္မယ္ဆိုတာကို ဆြဲလားရမ္းလားလုပ္တာကိုးကြ"

"ျဖစ္ရမယ္ကြာ၊ အဲ့ေတာ့ မင္းဘယ္လိုလုပ္မွာလဲ"

ခန႔္ခန႔္ တကယ္မသိေသာေမးခြန္းရယ္ပါ။

"အဲဒါဘာလုပ္ရမွန္းမသိလို႔ မင္းကိုတိုင္ပင္တာ။ ငါထိုးလိုက္တာ မွားမွန္းသိေပမဲ့ မေတာင္းပန္ခ်င္ဘူး။ ခုခ်ိန္မွာ အဲ့လူႀကီးနဲ႔မေတြ႕ခ်င္ဘူး။ စိတ္ထဲမွာလည္း ဒါႀကီးကို လက္မခံနိုင္ဘူးကြာ"

"မင္းတို႔က အတန္းတူတယ္မလား၊ အတန္းျပန္တက္ရင္ မေတြ႕ခ်င္လည္းေတြ႕ရမွာပဲ ... ငါ့ေကာင္"

ခန႔္ခန႔္ သက္ျပင္းခ်ရင္း တပ္ထားသည့္မ်က္မွန္ကို ခၽြတ္လိုက္သည္။ ငိုထားတာလည္း အေယာင္က်ေနၿပီမို႔ ထပ္မတပ္ခ်င္ေတာ့။ တစ္မနက္လုံးတပ္ထားရသည့္မို႔ ႏွာေခါင္းမွာပင္ အရာထင္ေနေလၿပီ။

စိတ္ညစ္ညစ္ႏွင့္ ကားလမ္းေဘးကို လွမ္းၾကည့္ေတာ့ ေလတိုက္တိုင္း သစ္ရြက္ေျခာက္ေတြ တလူးလူးေႂကြေနသည္။ အပင္ေအာက္ေတြတြင္ေတာ့ ဖုန္ေတြႏွင့္အတူ ေရာ္ရြက္ဝါေတြ ဟိုတစ္စ၊ သည္တစ္စ။ ေနပူျပင္းလာေလေတာ့ အရာရာက ေျခာက္ေသြ႕လာသည္။ သူ႔ဘဝလည္း သည္သို႔သာ။

ေအးေအးၿငိမ္းၿငိမ္းေနခ်င္လို႔ ရည္းစားေတာင္မထားသည့္သူ႔ဆီ ျပႆနာက ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္လာေခ်သည္။ ျပႆနာဟု တကယ္ပင္ဆိုနိုင္မည္လား။ ဘာပဲျဖစ္ျဖစ္ အဲ့လူႀကီးကို သူမေတြ႕ခ်င္ပါ။ ထပ္ေျပာလာမည့္ စကားေတြကိုလည္း သူမၾကားသာ၊ အျပဳအမူတို႔ ၾကမ္းတမ္းဦးမလားဆိုတာလည္း မေျပာတတ္၊ လက္လည္းလက္မခံခ်င္မိ။ လက္သီးနဲ႔ထိုးလိုက္မိ၍ အားနာစိတ္ကလည္း ရွိေနေသးျပန္သည္။

"မသိေတာ့ဘူးကြာ။ အတန္းမတက္ရင္လည္း အိမ္ကဆူဦးမယ္"

"ဒီမယ္ မင္းစဥ္းစားရမွာ လြယ္လြယ္ေလး။ မင္းကိုယ္မင္း ေမးခြန္းထုတ္လိုက္! သူ႔ကို ခ်စ္လား၊ မခ်စ္ဘူးလား။ အဲအေျဖေပၚမူတည္ၿပီးပဲ ေရွ႕ဆက္လုပ္ရမွာ။ ေရွာင္ေနမဲ့အစား ေသြးေအးမွတည့္ေျပာလိုက္ကြာ"

ကားေမာင္းေနရင္း ခ်က္က်လက္က် ေျပာျပေနသူမွာ ေျပာင္စပ္စပ္ေနတတ္သည့္ သူ႔သူငယ္ခ်င္းရယ္ပါ။

"ခ်စ္သူရည္းစားလိုေတာ့ မခ်စ္ပါဘူး။ ငါကေဂးမွမဟုတ္တာ၊ ေယာက်္ားခ်င္း ခပ္ပါးပါးပဲဟာ။ ဒါေပမဲ့ အစ္ကိုတစ္ေယာက္လို သံေယာဇဥ္ရွိေတာ့ ဒီလိုႀကီးျဖစ္သြားတာ ငါဝမ္းနည္းတယ္။ အရင္လို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ဆက္ေပါင္းလို႔မရေတာ့ဘူး၊ သူနဲ႔သြားရလာရတာ ေပ်ာ္စရာႀကီးကို"

"အင္း မင္းေျပာတာ ငါနားလည္တယ္။ ခ်က္ခ်င္းႀကီးဆိုေတာ့လည္း အေနခက္မွာေပါ့။ ဒါေပမဲ့ မင္းသိထားရမွာတစ္ခုက ေဂးျဖစ္မွ ေယာက်္ားေလးခ်င္း ႀကိဳက္ၾကတာမဟုတ္ဘူး။ သူ႔ဟာသူအေနနီးရင္း မေတာ္တဆႀကိဳက္မိၿပီး ေဂးလို႔ခံယူၾကတာေတြလည္း ရွိတာပဲ။ ၿပီးေတာ့ မင္းေျပာပုံအရဆို အဲအစ္ကိုကလည္း အစကအေျဖာင့္ေနမွာ"

"မေျပာတတ္ေတာ့ပါဘူးကြာ"

လက္ေခ်ာင္းတို႔ကို ဆံစေတြထဲထိုးသြင္းရင္း မ်က္လုံးေတြမွိတ္ခ်လိုက္သည္။ သူ ဘယ္လိုရင္ဆိုင္ရမလဲ မသိေတာ့။ အေတြးထဲတြင္ အဲ့လူႀကီးႏွင့္ အတူသြား၊ အတူစားခဲ့ဖူးေသာ ပုံရိပ္ေတြက ဝိုးတဝါးျပန္ေပၚလာျပန္သည္။ ေပ်ာ္ခဲ့သလိုေတြးလိုက္၊ ႏွေျမာသလိုျဖစ္လိုက္ႏွင့္ အတက္အက်ျဖစ္ေနသည့္ သူ႔စိတ္ေတြမယ္မျပတ္သား။ ခန့္ကို၏ကားေလးကေတာ့ တသမတ္တည္း ရွိန္ႏွုန္းျမင့္ေမာင္းႏွင္ေနေလသည္။

.....................

အခန္းက်ယ္ႀကီးတစ္ခုလုံး အေမွာင္အတိ ဖုံးလႊမ္းေနသည္။ လျပည့္ညျဖစ္ေသာ္လည္း လမင္းအလင္းေရာင္က ခန္းဆီးကိုျဖတ္ဝင္လာနိုင္ျခင္းမရွိ။ ထိုနည္းတူ အခန္းတြင္းက မီးေတြမွာလည္း သခင္အမိန႔္မရသည့္ႏွယ္ ညႇိုးငယ္စြာ ပိတ္ေမွာင္ေပးေနရသည္။

အလင္းတစ္ေပါက္မရွိေသာ အခန္းတြင္ အသံဟူ၍လည္း နာရီသံတစ္ခ်က္ခ်က္ပင္မရွိ။ ခပ္မၽွင္းမၽွင္းသဲ့ထြက္ေနေသာ အသက္ရွူသံေၾကာင့္သာ မဟုတ္လၽွင္ သည္အခန္းထဲတြင္ သက္ရွိတစ္ေယာက္ရွိေနတယ္လို႔ပင္ ထင္စရာမရွိပါေပ။ အိပ္ယာထက္တြင္ လဲေလ်ာင္းေနသူမွာ အိပ္စက္ေနျခင္းမရွိ၊ မလွုပ္မရွက္ တိတ္ဆိတ္လို႔ေနသည္။

ေဇယ်ာတစ္ေယာက္ ေသာက္ထားသည့္အရွိန္ေၾကာင့္ အရက္နာက်ေနေလတာ ႏွစ္ရက္ရွိၿပီျဖစ္၏။ ဗိုက္ထဲတြင္ အစာမရွိဘဲ အေသာက္မ်ားေတာ့ ပိုခံရခက္ခဲ့သည္။ စိတ္ကပါမေဆာင္ေတာ့ လူကလည္းမထနိုင္၊ အလုပ္ပါ နားထားရသည္ထိ။

သူ ဘယ္လိုပင္ အသိစိတ္လြတ္ခဲ့ေစဦးေတာ့ သည္ကေလးကို ၾကမ္းၾကမ္းတမ္းတမ္း ဘယ္နည္းနဲ႔မွ မလုပ္ခဲ့သင့္။ ေနာင္တေတြ မ်ားစြာရသည္တိုင္ အမွားတခ်ိဳ႕က ျပန္ျပင္နိုင္ဖို႔ အခြင့္မေပးေတာ့ေခ်။ အႏၲရာယ္ေတြကေန ကာကြယ္ေပးပါမယ္ဟု ကိုယ္တိုင္ပဲရည္စူးခဲ့ၿပီး အႏၲရာယ္ျဖစ္ခါနီးပါး ျပဳမူမိသည္ကလည္း သူကိုယ္တိုင္ပါပဲ။

သည္ကေလးမေျပာႏွင့္၊ သူ႔ကိုယ္သူပင္ ခြင့္မလႊတ္နိုင္ေသာေၾကာင့္ ျပန္ခ်စ္ဖို႔အေရး မေတာင္းဆိုရက္ေတာ့ေပ။ သို႔ေသာ္ စကားေျပာခြင့္ေတာ့ ရခ်င္မိသည္။ အမွားအတြက္ ေက်နပ္ေအာင္ထိေတာ့ ေတာင္းပန္ခ်င္ေသးသည္။ စာေမးပြဲရွိသည့္ကေလးက သူ႔ေၾကာင့္ငိုယိုၿပီး ထြက္ေျပးသည္မလား။

ဖုန္းဆက္လၽွင္ အျမဲတိုးေနေသာ လူႀကီးမင္းေခၚသည့္ မိန္းကေလးအားလည္း အျမင္မၾကည္ေတာ့ေခ်။ ထိုကေလး အသံကိုသာ သူ ၾကားခ်င္ေနမိသည္မလား။ အခါတိုင္း ဂ်စ္ကန္ကန္ျပန္ေျပာသံေလးအား သူ လြမ္းေနရေလၿပီ။ အတန္ၾကာေတြေဝၿပီးေနာက္ ေဇယ်ာ စာပို႔ဖို႔သာဆုံးျဖတ္လိုက္သည္။ လိုင္းပင္မသုံးေသာကေလးအား ပို႔ရသည္က ဖုန္းေအာ္ပေရတာ၏ စာတိုစနစ္သာ။ ပို႔မိသည္မွာေတာ့ ညႇိုးငယ္လွေသာ ေတာင္းပန္စကားျဖစ္၏။

'ကိုယ္ အႏူးအညြတ္ ေတာင္းပန္ပါတယ္။ လူခ်င္းလာေတြ႕ၿပီးပဲျဖစ္ျဖစ္၊ ဖုန္းနဲ႔ပဲျဖစ္ျဖစ္ ကိုယ္ ရွင္းျပပါရေစ'

တစ္ခန္းလုံးတြင္ ဖုန္းမ်က္ႏွာျပင္၏အလင္းေရာင္ ခပ္မွုန္မွုန္သာရွိေနသည္။ စာလုံးအားလုံးေသခ်ာစြာ ရိုက္ၿပီးေနာက္ ေမာဟိုက္စြာပဲ ပို႔လိုက္ရေလသည္။ သူ႔ကိုမုန္းေနၿပီလား၊ ရြံေနၿပီလားဆိုေသာ အေတြးေတြမွာ မေကာင္းဆိုးဝါးညႇင္းဆဲခံရသလို အခါခါသတ္သည္။ ကိုယ့္စိတ္ကပင္ ကိုယ့္ကိုျပန္ေျခာက္ေလသလား။ ေသခ်ာတာကေတာ့ သူ႔လုပ္ရပ္သူ အေတာ္မုန္းတီးေနမိတာပင္။

ထိုအခိုက္ ဖုန္းကတုန္ခါၿပီး မ်က္ႏွာျပင္တစ္ခ်က္လင္းလာသည္။ လဲေလ်ာင္းေနေသာ ေဇယ်ာ စာတိုေရာက္ေၾကာင္းသိတာႏွင့္ အျမန္ကုန္း႐ုန္းထ၏။ ၿပီးေနာက္ ဖုန္းဖြင့္ကာ စာတိုကို စိတ္လွုပ္ရွားစြာ ဖတ္ၾကည့္ေတာ့၊

'အဲဒီကိစၥေျပာမယ္ဆို ကၽြန္ေတာ္ ၾကားလည္းမၾကားခ်င္သလို၊ ေတြ႕လည္းမေတြ႕ခ်င္ဘူး။ လာမရွာပါနဲ႔' တဲ့ေလ။

ဗိုင္းခနဲ ျပန္က်သြားေသာေဇယ်ာမွာ ဝမ္းနည္းပက္လက္ပင္။ သူက သည္ကေလးအတြက္ အေႏွာင့္အယွက္ေပးသူသက္သက္ ျဖစ္ေနေလၿပီလား။ အနားကိုတိုးလာဖို႔ႀကိဳးစားေလ၊ ခ်ာတိတ္ကေလးက သူ႔ကိုပိုမုန္းလာနိုင္ေလ။ တစ္ေလၽွာက္လုံး ခင္ခဲ့သည့္သူက ေဂးျဖစ္ေနသလားဟူေသာ အေတြးဝင္ကာ ဘယ္ေလာက္မ်ား ရြံရွာေနလိုက္ပါမည္နည္း။ သူ႔အားဘယ္ေလာက္မ်ား မုန္းေနလိုက္ပါမည္နည္း။

ခြင့္လႊတ္မွုရခ်င္လို႔ ေရွ႕တိုးမိေလေလ၊ သူ႔အားပိုပို၍ မုန္းတီးရြံရွာေလ ျဖစ္လိမ့္မည္ထင္၏။ ေဇယ်ာ ဘယ္လိုမွထပ္အမုန္းမခံခ်င္ေတာ့။ လက္ရွိအမုန္းေတြႏွင့္ပင္လၽွင္ သူ႔အတြက္ မ်ားလြန္းလွေလၿပီ။ သည္ကေလး စိတ္အေႏွာက္အယွက္ျဖစ္ေစမည့္အရာမ်ားကိုျဖင့္ သူ ထပ္မလုပ္ခ်င္ေတာ့။

က်ိန္းစပ္ေနေသာမ်က္လုံးကို တစ္ဆုံးမွိတ္ခ်ရင္း ေဇယ်ာ ဆုံးျဖတ္ခ်က္တစ္ခုကို ေနာင္တကင္းစြာပဲ ခ်မွတ္လိုက္ေတာ့သည္။

(23/9/2020)
••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co