Truyen3h.Co

နှောင်ကြိုး

Part-20

Fi_Lay

<Unicode>

မျက်လုံးနှစ်လုံးမဖွင့်ခင် နိုးလာပြီဆိုကတည်းက ဦးစွာရလိုက်သည်မှာ မရင်းနှီးသည့်ပိုးသတ်ဆေးနံ့ပင်။ တစ်နည်းအားဖြင့် ဆေးရုံ၊ ဆေးခန်းတွေမှာသာ ရတတ်သည့်အနံ့။ မျက်လုံးကိုဖွင့်ကြည့်တော့ ဟုတ်သည်ပင်။ မနေ့ညက သူတို့ဆေးခန်းရောက်လာရပြီး မပြန်တော့ဘဲ ဆက်နေခဲ့ကြရခြင်းဖြစ်သည်။

လူနာစမ်းသပ်သည့် ကုတင်သေးသေးလေးသည် ဟိုတယ်မှာလို၊ အိမ်မှာလို နူးညံ့ပျော့ပျောင်းခြင်းမရှိ။ အသားကုတင်ပေါ်တွင် ဖယောင်းပုဆိုး ခင်းထားခြင်းသာဖြစ်သည််။ အိပ်နေကျလည်း မဟုတ်တော့ အကျောတွေမှာ အသားမကျပေ။ သို့နှင့် ဘေးဘီစောင်းငဲ့ကြည့်တော့ ခန့်ခန့်လက်ကိုကိုင်ကာ စောင်းလျက်သား အိပ်ပျော်နေသော အဲ့လူကြီးကို တွေ့ရသည်။ တစ်ညလုံး သည်လိုကြီးအိပ်နေသည်လား။

အသားပြတင်းပေါက်ကြားမှတဆင့် ထိုးဝင်လာသော နေရောင်တန်းလေးသည် အဲ့လူကြီး၏ဆံစတွေပေါ် ဖြာကျလျက်ရှိ၏။ ဘေးတစ်စောင်းအိပ်နေသည့် မျက်နှာပေါ်မကျရောက်သေး၍ အိပ်ပျော်နေသေးတာဖြစ်မည်။ ထိုင်စရာကလွဲ၍ အိပ်ဖို့နေရာမရှိလေတော့ နာကုန်တော့မှာပဲဟု ရုတ်ချည်းစိတ်ပူသွားမိပြန်၏။

မနေ့ညကလည်း သူ့ကိုပျာပျာသလဲ စိုးရိမ်ပြီး ဂရုစိုက်ပေးခဲ့ရှာတာ ပင်ပန်းနေလောက်ရောပေါ့။ လူမမာနီးနီးဖြစ်ခဲ့သူအား ဖေဖေ၊ မေမေတို့ ဘေးမှာရှိသလိုမျိုး နွေးထွေးမှု၊ လုံခြုံမှုတို့ပေးစွမ်းနိုင်တာကတော့ ငြင်းဖွယ်ရာမရှိပေ။ ခန့်ခန့် ကျေးဇူးတင်မိသလို၊ ချစ်ခြင်းမေတ္တာဆိုတာကိုလည်း အပြည့်အဝခံစားရပါ၏။

"အဲ့လူကြီး၊ အဲ့လူကြီး"

တိုးညှင်းစွာပင် အသံပြု၍ လှုပ်နှိုးလိုက်ခြင်း။

"နိုးလာပြီလား၊ သက်သာရဲ့လား။ ဗိုက်ထဲမှာ ဘယ်လိုနေသေးလဲ"

"သက်သာပါတယ်၊ နည်းနည်းပဲ နာတော့တယ်"

"ဟုတ်လား။ ဆရာဝန်လည်း နိုးလောက်ပြီ၊ သွားခေါ်လိုက်မယ်"

"ရပါတယ်။ မနေ့ညကလို မနာတော့ဘူး၊ မလောနဲ့"

ခြောက်သွေ့နေသော နှုတ်ခမ်းဖူးဖူးမှ ထွက်ကျလာသောစကားများမှာ မေတ္တာဓာတ်အပြည့်အဝပါဝင်နေမှန်းတော့ ခန့်ခန့်သာလျှင် သိလိမ့်မည်။ စိုးရိမ်စိတ်ကြီးနေသော အဲ့လူကြီးမျက်လုံးတွေကလည်း သည်နေ့မှပိုဆွဲဆောင်မှု ရှိနေသလိုလို။ ကြင်နာရိပ်တွေဆိုတာလည်း မျက်နှာအနှံ့ ရွှေမှုန်တွေကြဲဖြန့်ထားသလို လင်းလဲ့နေတာ အထင်းသားဖြစ်သည်။

"အင်း ဒီနေ့ပြန်လို့ဖြစ်ပါ့မလား။ Flight ကို Cancel လိုက်တော့မယ်၊ တော်ကြာ လေယာဉ်ပေါ်ကျမှပြန်နာနေရင် ဒုက္ခဖြစ်နေမယ်"

"ကျွန်တော် ပြန်နိုင်မှာပါ အဲ့လူကြီးရယ်။ မေမေတို့ကိုလည်း ဒီနေ့ပြန်လာမယ်ပြောထားတဲ့ဟာ။ ပြီးတော့ အခုကိစ္စ လူကြီးတွေပြန်မပြောနဲ့နော်"

ထိုအခါ ဆုပ်ကိုင်ခံထားရသည့်ခန့်ခန့်လက်ကို မလွှတ်သေးဘဲ ပါးနားဆီသို့ယူဆောင်ကာ၊

"ဒါဆိုနောက်တစ်ခါ အစားဆင်ခြင်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါမယ်ဆိုတဲ့ကတိပေး"

သည်စကား၊ သည်အကြည့်၊ သည်အပြုအမူသည် သူ့၏တင်းခံထားသောမာနများ အရည်ပျော်ကျသွားစေသည့်နှယ်၊ ပိတ်ထားသောနှလုံးသားတံခါးချပ်များ အလိုလိုပွင့်သွားစေသည့်နှယ် စွမ်းဆောင်နိုင်တာမို့ သူ့ခံစားချက်တွေ ထိန်းချုပ်မရလိုက်ပုံများ ရေကာတာဖွင့်ချလိုက်သလို အထိန်းအချုပ်ဟူ၍ မရှိတော့ပြီ။

အစစအရာရာမိဘသဖွယ် စောင့်ရှောက်နိုင်ခြင်းမှာ ထိုနေ့က ဆေးခန်းမှဟိုတယ်၊ ဟိုတယ်မှလေဆိပ်၊ ယုတ်စွအဆုံး ရန်ကုန်ပြန်ရောက်သည်အထိ ခန့်ခန့်အဖို့ ဘာမျှပင်ပန်းခြင်းအလျဉ်း မရှိခဲ့ပေ။

ဟိုတယ်က ကားပြန်လာကြိုပေးတော့ အနောက်ခန်းမှာ သူ့၏ပုခုံးကျယ်ကျယ်တွင် ခိုမှီစေသည်။ ကားမောင်းသူကိုလည်း ဖြည်းဖြည်းမောင်းပါတဲ့လေ။ ပြီးမှသာ ခန့်ခန့်ခေါင်းကို လက်နှင့်အသာထိန်းပေးရင်း မသိတသိခိုးနမ်းတတ်ပြန်သူ ဖြစ်သည်။ သည်တစ်ခါတော့ မသိချင်ယောင်ဆောင်ပေးလိုက်သူက စိုင်းမင်းခန့်ဆိုသည့် သူကိုယ်တိုင်ပါပဲ။ စိတ်ဆိုးရမည့်အစား ကြည်နူးခြင်းတွေကလည်း ပြည့်နှက်နေခဲ့သေးတာပင်။

ရန်ကုန်လေဆိပ်ရောက်လေတော့လည်း လက်ထောက်ကိုမင်းမင်းဆိုသူအား လာကြိုပေးစေသည်။ အငှားကားနှင့်ပြန်လွှတ်ဖို့ စိတ်မချဘူးဟူသော စကားကိုလည်း ကားပေါ်တွင်ပြောလေတာ ထပ်တလဲလဲ။ ဂရုစိုက်လွန်းလို့ လာကြိုသည့်ကိုမင်းမင်းဆိုသူကပင် သူ့ကိုထူးဆန်းသလို ကြည့်,ကြည့်လာသည်။ အိမ်ရောက်တော့လည်း အဖေနှင့်အမေကို သေချာနှုတ်ဆက်ပြီး ပိပိရိရိလိမ်ပေး၊ အပ်ပေးသေးသည်။ အစပ်စားသည့်ကိစ္စကို မတိုင်သွားတော့ ခန့်ခန့် အမှတ်တစ်မှတ််တိုးပေးလိုက်၏။

ဒါတောင် ကားပေါ်တက်ခါနီး သူ့အနားကပ်ကာ တိုးတိုးပြောသွားသည်က 'ပြန်မယ်နော် ... ကိုယ် ညကျဖုန်းဆက်မယ်' တဲ့လေ။ လက်ကလည်း ဟိုးအရင်ထုံးစံအတိုင်း သူ့ဆံစများကို အသာဖွခဲ့မြဲ။

သည်ခရီးစဉ်အဖို့ ခန့်ခန့် တိုးပေးမိသည့်အမှတ်ဆိုသည်ကား တစ်မှတ်ထဲတော့ မဟုတ်နိုင်တော့ပါချေ။

............................

ဇွန်လ၏နွေရက်များကား ခြောက်သွေ့ဖွယ်အတိပင်။ နေ့လယ်နေ့ခင်းဆိုပူလောင်နေတတ်ပြီး ညနေစောင်းခါနီးဆို မိုးသားများတက်လာတတ်သည်။ ရာသီတစ်ခါပြောင်း၍ နွေနှင့်မိုးတို့ ယှဉ်တွဲချိန်ပင်လျှင် ရောက်လာလေပြီ။ မြန်မာနိုင်ငံရှိ အခြေခံကျောင်းတော်တော်များများ၏ စာသင်နှစ်စအဖြစ် သတ်မှတ်ထားသောဇွန်လသည် ကျောင်းသားများကို တူညီဝတ်စုံမျိုးစုံနှင့် တက်ကြွစွာ မြင်တွေ့ရတတ်သောကာလလည်းဖြစ်ပေ၏။

ခန့်ခန့်လည်း သည်သို့ပင်။ ကွန်ပျူတာတက္ကသိုလ်ကတော့ မေလဆန်းကတည်းက စဖွင့်နေကျမို့ ဇွန်လရောက်ချိန်တွင် စာသင်ရတာ အရှိန်အတော်ရနေလေပြီ။ တတိယနှစ်၏ ဒုတိယစာသင်နှစ်ဝက်မို့ အခန်းလည်းအပြောင်းမရှိသလို၊ ခုံနံပါတ်လည်း အပြောင်းအလဲမရှိသေးချေ။ ပထမစာသင်နှစ်ဝက်နှင့် ဒုတိယစာသင်နှစ်ဝက်၏ အမှတ်တို့ပေါင်းပြီးမှ ခုံနံပါတ်အသစ်၊ အခန်းအသစ်ရကြမှာဖြစ်သည်။

ကျောင်းအပြန် ဘတ်စ်စီးရင်းတွေးနေသည်တို့က ဟိုရောက်သည်ရောက်ပင်။ ကျောင်းကိစ္စလည်းပါသလို၊ ရလာမည့်ခုံနံပါတ်များကောင်းလျှင် အိမ်ကိုဘာတောင်းရမည်ဆိုတာတွေလည်း ပါသည်။ အထူးသဖြင့် တွေးမိသည်ကတော့ အဲ့လူကြီးပါပဲ။

လူတစ်ယောက်၏ နေ့စဉ်ဘဝထဲ၊ နေ့စဉ်အတွေးထဲသို့ ထိုးဖောက်ဝင်ရောက်လာနိုင်သူသည် အချိန်အတိုင်းအတာတစ်ခုကြာအောင် အနားမှာရှိခဲ့ပေးလို့ပင် ဖြစ်သည်။ သည်လိုပဲ ... ခန့်ခန့်၏နေ့စဉ်အတွေးထဲတွင် အဲ့လူကြီးဆိုတာ တစ်နည်းတစ်ဖုံနှင့် ပါလာတတ်စမြဲပင်။

ငပလီက ပြန်လာပြီးနောက်ပိုင်း သူကိုယ်တိုင်ကပင် ပိုခင်တွယ်လာမိသည်ဆိုလည်း မမှားပေ။ သင်တန်းအတူတူ ပြန်သွားဖြစ်ကြ၍ အရင်လို စနောက်လို့ရသည်ထိ ပြန်ရင်းနှီးလာခဲ့သည်။ ညတိုင်းလည်း ဖုန်းမဆက်ဘဲမအိပ်တတ်သူမို့ သံယောဇဉ်ကား တစ်ဆင့်တိုးရပြန်၏။ ဖုန်းဆက်မလာလျှင်တောင် တစ်ခုခုလိုအပ်လာသလို မနေတတ်မထိုင်တတ် ဖြစ်ခဲ့သည်ထိ။

မထိတထိပြောတတ်သော စကားလုံးတို့အား သူ အသံမာမာနှင့်ပြန်မာန်လျှင်လည်း အဲ့လူကြီးမှာ ခပ်ပြုံးပြုံးသာရှိတတ်သည်။ သို့သော် ထူးခြားစွာစိတ်အစဉ်က ကြည်နူးမိနေတတ်ပြန်၏။ ပိတ်ရက်တွင် အပြင်သွားရန် ညှိမရတတ်သည့် ခန့်ကိုအစား အဲ့လူကြီးနှင့်သာ ဘက်ကျလာသည်။ မုန့်သွားစားသည်၊ ဈေးဝယ်ထွက်သည်၊ သွားချင်တာရှိလျှင် လိုက်ပို့ပေးရန် ပူဆာမိတတ်လာသည်။ တစ်ခါတရံလည်း မှော်ဘီဖက်အလုပ်ရှိသည်ဆိုပြီး လမ်းကြုံကျောင်းလာကြိုလျှင်လည်း မသိချင်ယောင်ဆောင်ကာ ကြည်နူးရသေးတာဖြစ်၏။

ဒါတွေသည် သင်တန်းတက်ကာလဖြစ်သည့် အချိန်ငါးလခွဲအတွင်း သူတို့၏ရင်းနှီးကျွမ်းဝင်မှုတွေပင်။

ယောက်ျားနှစ်ယောက်၏ နှစ်ဝက်နီးပါးခင်မင်မှုက ဖြစ်ရိုးဖြစ်စဉ်ဟု ထင်ရသော်လည်း ထူးခြားစွာပြောင်းလဲလာသည်က ခန့်ခန့်၏စိတ်၊ ခံစားချက်တို့ပင်။ အရင်က အစ်ကိုတစ်ယောက်လို တွေးနေခဲ့စဉ်က ဘာမှသိပ်မခံစားမိခဲ့။ သို့သော် ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီးနောက်ပိုင်း ဂရုတစိုက်ရှိမှု၊ ကြင်နာယုယမှုများက ခန့်ခန့်စိတ်ကို တစ်မျိုးရင်ခုန်စေသည်။

မခေါ်ပါနှင့် အတန်တန်တားသည့်ကြားက 'ကလေး' ဟူသော အသံကြားလျှင်လည်း ပျားသကာကဲ့သို့ နားဝင်ချိုလာသည်။ တစ်ခါမှမရဖူးသည့် သူစိမ်းတစ်ယောက်၏ အကြင်နာ၊ မေတ္တာတွေကို လက်ခံရရှိလာခဲ့သည်။ ခန့်ခန့်အဖို့ ရှောင်လွှဲချင်စိတ်မရှိလောက်အောင် ကြည်နူးဖို့ကောင်းသည့်အရာတွေမို့ တဖြည်းဖြည်းနှင့် သာယာလာမိတာ အမှန်ပင်။

ဒါမို့ ခန့်ခန့်ကိုယ်တိုင်လည်း သူတို့နှစ်ဦး၏အခြေအနေကို စဉ်းစားနေရလေပြီ။ ဇေယျာ့အပေါ် အစ်ကိုတစ်ယောက်ကဲ့သို့ ရိုးရိုးသားသား ခင်တွယ်ပါသည်ဟူသော သံမှိုရိုက်ထားသည့်သူ့အတွေးက အခုတော့ ဝေဝါးလာချေသည်။ လူကြီးလူကောင်းဆန်သည့် ယောကျ်ားတစ်ယောက်ကို ချစ်မိတာလား၊ စိတ်ကစားမိတာလားဟူသည်ကို ဝေခွဲဖို့ရန်အတွက် ခက်ခဲသည့်အခြေအနေပါပဲ။

သို့သော် ထိုဇဝေဇဝါဖြစ်နေသော ကိစ္စ၏အဖြေကိုသိနိုင်မည့်နေ့က သည်နေ့ရယ်လို့တော့ သူ မတွေးထင်မိခဲ့ရိုးအမှန်ပေ။

သီချင်းလေးနားထောင်ရင်းက ကြည့်မြင်တိုင်ဖက် ရောက်လာလေပြီ။ ကျောင်းကပြန်လာတိုင်း အဲ့လူကြီးတို့ဆိုင်ရှေ့က ဖြတ်လျှောက်လျှင် ဘာရယ်မဟုတ် ကြည့်ချင်မိတာ သူ့အကျင့်တစ်ခုလို။ ကားမတွေ့လျှင် ဘယ်သွားနေလဲမသိ တွေးရသည်။ ညဖက်ဖုန်းလာလျှင်၊ သို့မဟုတ် သင်တန်းကစာမေးပွဲအတွက် စာအတူကြည့်ကြသည့် ပိတ်ရက်များတွင် စကားမစပ်လည်း မေးရသည်ကအမော။

တရွေ့ရွေ့မောင်းနှင်နေသောဘတ်စ်က မီးပွိုင့်နီသွားတာမို့ ကျွီခနဲရပ်သွားရသည်။ ထုံးစံအတိုင်း လမ်းထောင့်က ဆောက်လုပ်ရေးပစ္စည်းဆိုင်ကြီးကို လှည့်ကြည့်မိတော့ သူ မြင်ဖူးနေကျ၊ စီးဖူးနေကျ ကားအနက်ရောင်ကို တွေ့ရ၏။ ဪ .. သည်နေ့တော့ သည်မှာရုံးထိုင်နေတာပဲဟု တွေးပြီး တစ်ချက်ပြုံးလိုက်မိတာပင်။

သို့သော် ထိုအပြုံးမှမပြယ်သေး၊ ရုတ်ချည်းပင် အဲ့လူကြီးထွက်လာတာ မြင်လိုက်ရသည်။ အလောတကြီးပုံစံ လျှောက်လှမ်းလာလေတာ မိန်းမတစ်ယောက်၏လက်ကိုဆွဲလျက်။ ခန့်ခန့် မြင်ဖူးနေကျ မမရွယ်လည်းမဟုတ်။ ဂါဝန်အကပ်နှင့် ဆံပင်ကောက်ထားသော အမျိုးသမီးမှာ အဲ့လူကြီးနှင့် အသက်အရွယ် မတိမ်းမယိမ်းလောက်ဖြစ်မည်ထင်ရ၏။

ကြည့်နေရင်းပင် အဲ့လူကြီးက သူ့ကား၏တစ်ဖက်ခြမ်းကို ဖွင့်ပေးပြီး ထိုအမျိုးသမီးအား တက်ခိုင်းသည်။ သူ ကိုယ်တိုင်ကလည်း တစ်ဖက်သို့ပြေးဝင်ပြီး အမြန်မောင်းထွက်သွားတော့၏။

ပွိင့်မိနေ၍ အစအဆုံးမြင်လိုက်ရသော ခန့်ခန့်တစ်ယောက်သာ စိတ်တွေထွေပြီးကျန်ခဲ့သည်။

'ဘာတွေလဲ ... အဲ့လူကြီးမှာ ရည်းစားမရှိဘူးဆို' မထင်မှတ်ဘဲ နှုတ်မှာ တိုးတိုးရေရွတ်မိလိုက်ခြင်းဖြစ်၏။ လက်ဆွဲကိုင်ကာ ထွက်လာခြင်းမှာ သာမာန်ဆက်ဆံရေးမဖြစ်နိုင်။ ပိုခံပြင်းစရာကောင်းသည်က ခန့်ခန့်တစ်ယောက်တည်းကိုပဲ ကားတံခါးဖွင့်ပေးပါတယ်၊ ခန့်ခန့်တစ်ယောက်တည်းကိုပဲ သည်ကားပေါ် ထိုင်စေပါတယ်ဆိုသည့် အပြောများ။

ကိုယ်တစ်ဦးတစ်ယောက်အတွက်သာဟု ထင်နေသည့်အရာများအား တခြားသူနှင့် မျှဝေသုံးစွဲနေရသည်ဟု ခံစားလာသောအခါ ဝမ်းနည်းဒေါသက လှိုက်တတ်လာ၏။ နှလုံးကို ကျစ်ဆုတ်ခံထားရသည့်နှယ် နာကျင်လာရသည်။ တရိပ်ရိပ်မြင့်တက်လာသော ဒေါသကြောင့် လက်ထဲကဖုန်းမှာလည်း ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ခြင်းခံလိုက်ရသည်။

ခန့်ခန့် အံ့ဩလွန်းပြီး ရင်ထဲ၌ ကြိတ်မနိုင်၊ ခဲမရနှင့်။ ဘတ်စ်ပေါ်မှာမို့ ထိန်းထားရင်းက မျက်ရည်တွေပါ စီးကျလာသည်။ အောင့်သက်သက်နှင့်၊ ရင်ဘတ်ထဲက အမည်မသိဝေဒနာနှင့် နာကျင်လာရသည်။
အတွေးတို့မှာလည်း မရပ်တန့်နိုင်။

အခုတိုင်းဆိုလျှင် အဲ့လူကြီးက ရည်းစားရှိလျက်နှင့် သူ့ကိုညာပြီး ကစားနေတာဖြစ်ရမည်။ ဖြစ်လည်းဖြစ်နိုင်ပါသည်။ ဘယ်သူကများ ယောကျ်ားတစ်ယောက်ကို အတည်ချစ်နိုင်မှာပါလဲ။ လူဘုံအလယ်တွင် ကိုယ့်ကြင်ဖက်အဖြစ်ချပြဖို့ တင့်တယ်သည်မှာ မိန်းမသာလျှင်ဖြစ်မည်။

ဒါဆို ဘာလို့သူ့ကိုချစ်တယ်တွေပြောပြီး အချိန်ကုန်ခံ၊ အလုပ်ရှုပ်ခံ ဂရုစိုက်နေရသလဲ။ ခန့်ခန့် စိတ်ထဲက မေးခွန်းများစွာအတွက် ဖြေမည့်သူကား ရှိမနေပါ။

နာကျင်ရသည်။
ခံစားရသည်။
မျက်ရည်တစ်စတစ်စ ကျလာသည်။

အလိမ်ခံလိုက်ရခြင်းကြောင့်လား၊
ဆုံးရှုံးလိုက်ရခြင်းကြောင့်လား၊
သို့တည်းမဟုတ်
ချစ်မိနေခြင်းကြောင့်လား။

သေချာစိစစ်မိတော့ ခန့်ခန့် တိကျသည့်အဖြေကို သိလိုက်ပါပြီ။

မဟုတ်ပါဘူး၊ မချစ်မိပါဘူး။ ခေါင်းတွင်တွင်ခါမိလည်း ကိုယ့်ကိုယ်ကို လိမ်မရနိုင်ပါ။ ဇဝေဇဝါအဖြေကို သိသည့်အချိန်တွင် ရင်တွင်းခံစားမှူကို ပြောမပြတတ်အောင် ခံစားရပြန်သည်။ ခံပြင်းဒေါသနှင့်အတူ ဝမ်းနည်းခြင်းတို့က သိပ်သည်းနေသည်။

ခန့်ခန့် အိမ်မြန်မြန်ပြန်ရောက်ဖို့သာ တွေးနေမိတော့၏။

............................

ညနေ လေးနာရီရှိပြီဖြစ်၍ ဇေယျာ အလုပ်တွေလက်စသတ်နေလေပြီ။ ဒါတွေပြီးလျှင် တစ်ဖက်ဆိုင်က မင်းမင်းကို ဖုန်းဆက်ရမည်၊ ပြီးလျှင် Gym တန်းသွားရမည်ဟု စိတ်ထဲစီကာစဉ်ကာ တွေးနေရ၏။

ထိုအချိန် အခန်းတံခါးလာခေါက်သူကို ဇေယျာ မော့ကြည့်လေတော့ လက်ထောက်မန်နေဂျာ မီးမီး။ မျက်စိမျက်နှာပျက်လျက် ရေးကြီးသုတ်ပျာ ဖြစ်လာပုံပင်။

"ဝင်ခဲ့လေ မီးမီး"

"ဟို .. ကိုဇေယျာ အရှေ့မှာ ဧည့်သည်ရောက်နေတာ အဲ့ဒါ"

"ဘယ်သူလဲ၊ ခေါ်ခဲ့လေ"

"ကိုဇေယျာ မတွေ့ချင်လောက်ဘူးထင်လို့၊ ညီမတားတာကို ရှေ့မှာသောင်းကျန်းနေတယ်"

စကားက လိုရင်းမရောက်ပါ၊ ဇေယျာသည်လည်း စိတ်မရှည်တော့။

"ဘယ်သူမို့လို့လဲ"

"မစန္ဒီမျိုးမြတ်မို့ပါ ကိုဇေယျာ"

စန္ဒီမျိုးမြတ်!

ဟိုမိန်းမ ... သူ့မိသားစုဆီက ပိုက်ဆံတွေယူ၊ အရှက်ခွဲပြီးတာတောင် ပြန်ပေါ်လာရဲသေးသည်။ မဖြစ်သေးဟုတွေးကာ ဇေယျာ ရုံးခန်းထဲမှရှေ့ထွက်ကြည့်လေတော့ အဟုတ်ရောက်နေတာပင်။

ဆံပင်ကို နဂိုနှင့်မတူ ကွေးနေအောင်ကောက်ထားသည်။ ဖြူစင်ချင်ယောင်ဆောင်စဉ်ကထက် အခုတော့ မိတ်ကပ်၊ နှုတ်ခမ်းနီအထင်းသားနှင့်။ သူ့ကိုအဝင်မခံ၍ သောင်းကျန်းနေပုံရသည်။ ရုံးက လုပ်သက်ကြာသည့်သူ တော်တော်များများကလည်း သူ့အကြောင်းသိတာမို့ ဇေယျာ့ဆီ ဝင်အတွေ့မခံကြပေ။

"စန္ဒီ"

ထိုမိန်းမမှာ စျေးဝယ်တွေရှေ့အော်ဟစ်နေတာမို့ ဇေယျာ အသံခပ်အုပ်အုပ်နှင့် ခေါ်လိုက်ခြင်း။

"ကို"

နားခါးလွန်းပါ၏။ ကြားတိုင်း တသိမ့်သိမ့်နာကျည်းရသည့် အသံမျိုးပါပဲ။ ဇေယျာ ခြေလှမ်းကြဲတို့ဖြင့် ဆိုင်အဝင်ကငွေရှင်းကောင်တာဆီ ရောက်အောင်သွားသည်။

"ဒီမှာ ကို့ဝန်ထမ်းတွေက စန္ဒီကို မဝင်ခိုင်းဘဲ အတင်းတားနေတယ်"

အရှက်သိက္ခာရယ် မရှိတတ်တော့ပုံများ သူစချစ်စဉ်ကလို ယုန်မလေးနှယ် မဟုတ်တော့။ အော်ကြီးဟစ်ကျယ်ပြောတော့ စျေးဝယ်တွေကပါ ကြည့်လာသည်။ မတွေ့ဖြစ်သည့် နှစ်နှစ်ကျော်အတွင်း သည်လောက်မျက်နှာပြောင်သည့်မိန်းမမျိုး ဖြစ်သွားလိမ့်မည် မထင်မိခဲ့။

သို့သော် ဆက်ပြော၍မဖြစ်၊ စျေးဝယ်တွေရှေ့ ရှက်စရာကောင်းလွန်းတာမို့ ဇေယျာ အပြင်ခေါ်ထုတ်ရသည်။ ဒါကိုအထဲမှာပဲ ပြောမယ်ဆိုကာ ရုန်းရင်းဆန်ခတ်အော်နေသေး၍ ဇေယျာ လက်ကိုအကြမ်းဆွဲကာ ကားပေါ်ရောက်သည်ထိ စိတ်တိုတိုနှင့် ဆွဲခေါ်ရတော့တာပင်။ ပြီးမှသာ ကားကိုအမြန်မောင်းထွက်ပစ်ခဲ့လိုက်၏။

"ကို .. စန္ဒီ အေးဆေးစကားပြောချင်လို့လာတာပါ၊ တောင်းလည်းတောင်းပန်ချင်လို့"

"မင်း ရှက်ဖို့ကောင်းတယ်နော်။ ငါ့ကို၊ ငါတို့မိသားစုကို ဒီလိုတွေလုပ်သွားပြီးတာတောင်မှ ပြန်လာရဲတာ မင်းမှာမာနလေးတောင် မရှိဘူးလား။ မင်းကို ခုချိန်ထိ တရားစွဲလို့ရသေးတယ်"

ဇေယျာ ကားမောင်းနေရင်းက လူရှင်းသည့်လမ်းဘေးတစ်နေရာ ချရပ်လိုက်၏။ ကားပေါ်ခေါ်တင်လာတာလည်း ဆိုင်ထဲကတမင်ဆွဲထုတ်ခဲ့ချင်လို့ပင်။

"ကိုရယ် ... စန္ဒီ မှားခဲ့တာတွေအတွက် နောင်တအကြီးကြီး ရနေပါပြီ။ အဲတုန်းကလည်း စန္ဒီ့အရင်ရည်းစားက သူနဲ့အကြောင်းတွေဖော်မယ်ဆိုပြီး ခြိမ်းခြောက်လို့ စန္ဒီကြောက်ပြီး လုပ်ခဲ့မိတာပါ။ နောက်ပြီး သူနဲ့စလုံးကိုလည်း လိုက်ခဲ့ရမယ်တဲ့လေ။ ပိုက်ဆံလည်းလိုတယ်ဆိုတော့ စန္ဒီ မတတ်သာတဲ့အဆုံး ကိုတို့မိသားစုအပေါ် မှားခဲ့မိတာပါ ကိုရယ်။ စန္ဒီ တောင်းပန်ပါတယ်နော်"

ဇေယျာ့လက်အုံကိုကိုင်ကာ ကနွဲ့ကလျပြောလာသည်အား သူ ပစ်ပစ်ခါခါ ပုတ်ချလိုက်၏။

"ငါကမင်းစကားလှလှတွေကို ယုံဦးမယ် ထင်နေတာလား"

"ယုံလို့ရပါတယ် ကိုရယ်၊ ခု စန္ဒီ သူနဲ့အပြတ်ရှင်းလာခဲ့ပြီ။ ကို့မေမေရဲ့ လက်ဝတ်ရတနာ တချို့တစ်ဝက်လည်း စန္ဒီ့မှာ ကျန်ပါသေးတယ်၊ အန်တီနဲ့ဦးကိုလည်း လိုက်တောင်းပန်မယ်လေနော်"

အဖေ၊ အမေထိပါ မျက်နှာပြောင်တိုက်ကာ ပြောလာတာမို့ ဇေယျာ ဒေါသတို့က တလိပ်လိပ်လှိုက်တက်လာသည်။ ဘာအလိုရှိပြန်လို့ သူ့ဆီလာပြန်တွယ်ရသနည်း။ အရင်ကတည်းက စိတ်ပြတ်ပြီးသားမို့ သူ့အလှတွင်လည်း မကျရှုံးတော့သလို ချစ်လို့လည်းမရတော့ချေ။ စိုင်းမင်းခန့်ဆိုသည့် ချာတိတ်ကလေးပင် သူ့ရင်ထဲရှိနေပြီမလား။

"မင်းကို ငါကပြန်လက်ခံမယ်လို့ အပိုင်တွက်ထားတာလား။ မင်းဘာသာ ဘယ်ကောင်နဲ့ ဘာတွေဖြစ်ဖြစ် ခုချိန်မှာ မင်းမျက်နှာကိုလည်းမမြင်ချင်သလို၊ အသံကိုလည်း မကြားချင်ဘူး။ မင်း ငါ့ရှေ့မှာ ထပ်ပေါ်မလာနဲ့တော့၊ တရားစွဲမှ ငါ့အဆိုးမဆိုနဲ့"

"ကို အသစ်တွေ့သွားပြီလား။ ဟုတ်လား၊ ဘယ်သူလဲဟင်"

"မင်းမှာ အဲလိုမေးပိုင်ခွင့်ကို မရှိဘူး"

ခပ်ကြိတ်ကြိတ်ပြောလိုက်သော ထိုစကားကြောင့် စန္ဒီမျိုးမြတ်တစ်ယောက် မ​ကျေမနပ်မျက်နှာထားဖြင့် ကားပေါ်ကဆင်းသွားသည်။ ဘယ်လိုမကောင်းလိုက်သည့် ရေစက်ဆိုးပါနည်း။

ဇေယျာ စိတ်တွေလည်းရှုပ်သွားပြီမို့ ရုံးမပြန်ဖြစ်သလို Gymလည်းမသွားနိုင်တော့၊ အိမ်သာတန်းပြန်လာခဲ့သည်။ သည်လိုစရိုက်ရှိမှန်းမသိခဲ့လိုသာ သူ ချစ်ခဲ့မိခြင်းပင်။ ပတ်သတ်ဖို့မကောင်းသည့်မိန်းမ၊ ခုချိန်မှ နောင်တရလည်း မထူးတော့ပေ။ မြန်မာ့ြည်ပြန်ရောက်နေပြီမို့ ခေါင်းခဲစရာတစ်ခုတာ့ တိုးလာသည်။ ကိုယ့်ဘက်က ဆက်မပတ်သက်ဖို့သာ ရှိတော့၏။

ကြမ္မာအဖြစ်အပျက်တွေကား တစ်ခါတရံ တစ်ဖက်စောင်းနင်းနိုင်လွန်းသည်။ စိတ်ဓာတ်ကျနေရင်းကြားက ကလေးနှင့် ပြန်အဆင်ပြေသည်။ အဖြေပြန်မရသည့်တိုင် အတူတူရှိနေရလျှင်ကို ကျေနပ်နေမိသည့်အချိန် မကောင်းသောအတိတ်ဆိုးက တဖန်ဝင်လာပြန်သည်။ မုန်တိုင်းနှင့်လေပြေမှာ အတူယှဉ်တွဲနေပါလျှင် သူ့ဘဝက မုန်တိုင်းပိုများနေတတ်၏။

ရေချိုး၊ ထမင်းစားပြီးသည်ထိ ဇေယျာ့စိတ်မှာမကြည်လင်နေ။ သို့နှင့် သူဘဝ၏လေပြေလေးဆီသို့ ဖုန်းဆက်ရန်သာ ဆုံးဖြတ်လိုက်သည်။

အမြဲလိုင်းပေါ်ရှိတတ်သည့်ကလေးက Messenger ကတဆင့်သာ ခေါ်စေသည်။ WiFi နှင့်ပြောလျှင် ဘေလ်သက်သာပါလျက် ရိုးရိုးဖုန်းနှင့်သူခေါ်မိလျှင် ဆူဆူညံညံကလေး ပေါက်ပေါက်ဖောက်တတ်၏။ ကပ်စေးနှဲသည်မဟုတ်ဘဲ စဉ်းစားခြိုးခြံတတ်သည့်ကလေးပင်။

နေ့တိုင်းကဲ့သို့ ည၈နာရီတော့ မကျော်လှသေးပေ။ ၈နာရီကျော်ပါမှ ဖုန်းဆက်ဖို့မအားလိုက်သည့် နေ့မျိုးဆိုလျှင် နောက်ရက်တွင် ဂျစ်တစ်တစ်ပြောတတ်သည့် ကောင်လေးအကြောင်းတွေးမိရုံနှင့် လူကခပ်ပြုံးပြုံးဖြစ်လာ၏။ စိတ်ဆိုးသည်ဟုလည်း တည့်မပြောတတ်သည့် မာနခဲလေး။ သူ့အပေါ် ခင်တွယ်တတ်လာသည့် ဂျစ်တူးကလေးပင်။

သို့နှင့် အားသွင်းထားသောဖုန်းကိုဖြုတ်ပြီး အိပ်ရာပေါ်တက်ခဲ့လိုက်သည်။ ညတိုင်းဆက်နေကျကဲ့သို့ Messenger ဝင်လိုက်ခါမှ၊

'ဟမ်! This person is unavailable on Messenger'

(28/9/2020)

•••••••••••••••••••••••••••••••••••••••••••••••

<Zawgyi>

မ်က္လုံးႏွစ္လုံးမဖြင့္ခင္ နိုးလာၿပီဆိုကတည္းက ဦးစြာရလိုက္သည္မွာ မရင္းႏွီးသည့္ပိုးသတ္ေဆးနံ႔ပင္။ တစ္နည္းအားျဖင့္ ေဆး႐ုံ၊ ေဆးခန္းေတြမွာသာ ရတတ္သည့္အနံ႔။ မ်က္လုံးကိုဖြင့္ၾကည့္ေတာ့ ဟုတ္သည္ပင္။ မေန႔ညက သူတို႔ေဆးခန္းေရာက္လာရၿပီး မျပန္ေတာ့ဘဲ ဆက္ေနခဲ့ၾကရျခင္းျဖစ္သည္။

လူနာစမ္းသပ္သည့္ ကုတင္ေသးေသးေလးသည္ ဟိုတယ္မွာလို၊ အိမ္မွာလို ႏူးညံ့ေပ်ာ့ေပ်ာင္းျခင္းမရွိ။ အသားကုတင္ေပၚတြင္ ဖေယာင္းပုဆိုး ခင္းထားျခင္းသာျဖစ္သည္္။ အိပ္ေနက်လည္း မဟုတ္ေတာ့ အေက်ာေတြမွာ အသားမက်ေပ။ သို႔ႏွင့္ ေဘးဘီေစာင္းငဲ့ၾကည့္ေတာ့ ခန့္ခန့္လက္ကိုကိုင္ကာ ေစာင္းလ်က္သား အိပ္ေပ်ာ္ေနေသာ အဲ့လူႀကီးကို ေတြ႕ရသည္။ တစ္ညလုံး သည္လိုႀကီးအိပ္ေနသည္လား။

အသားျပတင္းေပါက္ၾကားမွတဆင့္ ထိုးဝင္လာေသာ ေနေရာင္တန္းေလးသည္ အဲ့လူႀကီး၏ဆံစေတြေပၚ ျဖာက်လ်က္ရွိ၏။ ေဘးတစ္ေစာင္းအိပ္ေနသည့္ မ်က္ႏွာေပၚမက်ေရာက္ေသး၍ အိပ္ေပ်ာ္ေနေသးတာျဖစ္မည္။ ထိုင္စရာကလြဲ၍ အိပ္ဖို႔ေနရာမရွိေလေတာ့ နာကုန္ေတာ့မွာပဲဟု ႐ုတ္ခ်ည္းစိတ္ပူသြားမိျပန္၏။

မေန႔ညကလည္း သူ႔ကိုပ်ာပ်ာသလဲ စိုးရိမ္ၿပီး ဂ႐ုစိုက္ေပးခဲ့ရွာတာ ပင္ပန္းေနေလာက္ေရာေပါ့။ လူမမာနီးနီးျဖစ္ခဲ့သူအား ေဖေဖ၊ ေမေမတို႔ ေဘးမွာရွိသလိုမ်ိဳး ေႏြးေထြးမွု၊ လုံျခဳံမွုတို႔ေပးစြမ္းနိုင္တာကေတာ့ ျငင္းဖြယ္ရာမရွိေပ။ ခန့္ခန့္ ေက်းဇူးတင္မိသလို၊ ခ်စ္ျခင္းေမတၱာဆိုတာကိုလည္း အျပည့္အဝခံစားရပါ၏။

"အဲ့လူႀကီး၊ အဲ့လူႀကီး"

တိုးညႇင္းစြာပင္ အသံျပဳ၍ လွုပ္ႏွိုးလိုက္ျခင္း။

"နိုးလာၿပီလား၊ သက္သာရဲ့လား။ ဗိုက္ထဲမွာ ဘယ္လိုေနေသးလဲ"

"သက္သာပါတယ္၊ နည္းနည္းပဲ နာေတာ့တယ္"

"ဟုတ္လား။ ဆရာဝန္လည္း နိုးေလာက္ၿပီ၊ သြားေခၚလိုက္မယ္"

"ရပါတယ္။ မေန႔ညကလို မနာေတာ့ဘူး၊ မေလာနဲ႔"

ေျခာက္ေသြ႕ေနေသာ ႏွုတ္ခမ္းဖူးဖူးမွ ထြက္က်လာေသာစကားမ်ားမွာ ေမတၱာဓာတ္အျပည့္အဝပါဝင္ေနမွန္းေတာ့ ခန႔္ခန႔္သာလၽွင္ သိလိမ့္မည္။ စိုးရိမ္စိတ္ႀကီးေနေသာ အဲ့လူႀကီးမ်က္လုံးေတြကလည္း သည္ေန႔မွပိုဆြဲေဆာင္မွု ရွိေနသလိုလို။ ၾကင္နာရိပ္ေတြဆိုတာလည္း မ်က္ႏွာအႏွံ့ ေရႊမွုန္ေတြၾကဲျဖန႔္ထားသလို လင္းလဲ့ေနတာ အထင္းသားျဖစ္သည္။

"အင္း ဒီေန႔ျပန္လို႔ျဖစ္ပါ့မလား။ Flight ကို Cancel လိုက္ေတာ့မယ္၊ ေတာ္ၾကာ ေလယာဥ္ေပၚက်မွျပန္နာေနရင္ ဒုကၡျဖစ္ေနမယ္"

"ကၽြန္ေတာ္ ျပန္နိုင္မွာပါ အဲ့လူႀကီးရယ္။ ေမေမတို႔ကိုလည္း ဒီေန႔ျပန္လာမယ္ေျပာထားတဲ့ဟာ။ ၿပီးေတာ့ အခုကိစၥ လူႀကီးေတြျပန္မေျပာနဲ႔ေနာ္"

ထိုအခါ ဆုပ္ကိုင္ခံထားရသည့္ခန႔္ခန႔္လက္ကို မလႊတ္ေသးဘဲ ပါးနားဆီသို႔ယူေဆာင္ကာ၊

"ဒါဆိုေနာက္တစ္ခါ အစားဆင္ျခင္ၿပီး ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ပါမယ္ဆိုတဲ့ကတိေပး"

သည္စကား၊ သည္အၾကည့္၊ သည္အျပဳအမူသည္ သူ႔၏တင္းခံထားေသာမာနမ်ား အရည္ေပ်ာ္က်သြားေစသည့္ႏွယ္၊ ပိတ္ထားေသာႏွလုံးသားတံခါးခ်ပ္မ်ား အလိုလိုပြင့္သြားေစသည့္ႏွယ္ စြမ္းေဆာင္နိုင္တာမို႔ သူ႔ခံစားခ်က္ေတြ ထိန္းခ်ဳပ္မရလိုက္ပုံမ်ား ေရကာတာဖြင့္ခ်လိုက္သလို အထိန္းအခ်ဳပ္ဟူ၍ မရွိေတာ့ၿပီ။

အစစအရာရာမိဘသဖြယ္ ေစာင့္ေရွာက္နိုင္ျခင္းမွာ ထိုေန႔က ေဆးခန္းမွဟိုတယ္၊ ဟိုတယ္မွေလဆိပ္၊ ယုတ္စြအဆုံး ရန္ကုန္ျပန္ေရာက္သည္အထိ ခန႔္ခန႔္အဖို႔ ဘာမၽွပင္ပန္းျခင္းအလ်ဥ္း မရွိခဲ့ေပ။

ဟိုတယ္က ကားျပန္လာႀကိဳေပးေတာ့ အေနာက္ခန္းမွာ သူ႔၏ပုခုံးက်ယ္က်ယ္တြင္ ခိုမွီေစသည္။ ကားေမာင္းသူကိုလည္း ျဖည္းျဖည္းေမာင္းပါတဲ့ေလ။ ၿပီးမွသာ ခန့္ခန့္ေခါင္းကို လက္ႏွင့္အသာထိန္းေပးရင္း မသိတသိခိုးနမ္းတတ္ျပန္သူ ျဖစ္သည္။ သည္တစ္ခါေတာ့ မသိခ်င္ေယာင္ေဆာင္ေပးလိုက္သူက စိုင္းမင္းခန႔္ဆိုသည့္ သူကိုယ္တိုင္ပါပဲ။ စိတ္ဆိုးရမည့္အစား ၾကည္ႏူးျခင္းေတြကလည္း ျပည့္ႏွက္ေနခဲ့ေသးတာပင္။

ရန္ကုန္ေလဆိပ္ေရာက္ေလေတာ့လည္း လက္ေထာက္ကိုမင္းမင္းဆိုသူအား လာႀကိဳေပးေစသည္။ အငွားကားႏွင့္ျပန္လႊတ္ဖို႔ စိတ္မခ်ဘူးဟူေသာ စကားကိုလည္း ကားေပၚတြင္ေျပာေလတာ ထပ္တလဲလဲ။ ဂ႐ုစိုက္လြန္းလို႔ လာႀကိဳသည့္ကိုမင္းမင္းဆိုသူကပင္ သူ႔ကိုထူးဆန္းသလို ၾကည့္,ၾကည့္လာသည္။ အိမ္ေရာက္ေတာ့လည္း အေဖႏွင့္အေမကို ေသခ်ာႏွုတ္ဆက္ၿပီး ပိပိရိရိလိမ္ေပး၊ အပ္ေပးေသးသည္။ အစပ္စားသည့္ကိစၥကို မတိုင္သြားေတာ့ ခန့္ခန့္ အမွတ္တစ္မွတ္္တိုးေပးလိုက္၏။

ဒါေတာင္ ကားေပၚတက္ခါနီး သူ႔အနားကပ္ကာ တိုးတိုးေျပာသြားသည္က 'ျပန္မယ္ေနာ္ ... ကိုယ္ ညက်ဖုန္းဆက္မယ္' တဲ့ေလ။ လက္ကလည္း ဟိုးအရင္ထုံးစံအတိုင္း သူ႔ဆံစမ်ားကို အသာဖြခဲ့ျမဲ။

သည္ခရီးစဥ္အဖို႔ ခန႔္ခန႔္ တိုးေပးမိသည့္အမွတ္ဆိုသည္ကား တစ္မွတ္ထဲေတာ့ မဟုတ္နိုင္ေတာ့ပါေခ်။

............................

ဇြန္လ၏ေႏြရက္မ်ားကား ေျခာက္ေသြ႕ဖြယ္အတိပင္။ ေန႔လယ္ေန႔ခင္းဆိုပူေလာင္ေနတတ္ၿပီး ညေနေစာင္းခါနီးဆို မိုးသားမ်ားတက္လာတတ္သည္။ ရာသီတစ္ခါေျပာင္း၍ ေႏြႏွင့္မိုးတို႔ ယွဥ္တြဲခ်ိန္ပင္လၽွင္ ေရာက္လာေလၿပီ။ ျမန္မာနိုင္ငံရွိ အေျခခံေက်ာင္းေတာ္ေတာ္မ်ားမ်ား၏ စာသင္ႏွစ္စအျဖစ္ သတ္မွတ္ထားေသာဇြန္လသည္ ေက်ာင္းသားမ်ားကို တူညီဝတ္စုံမ်ိဳးစုံႏွင့္ တက္ႂကြစြာ ျမင္ေတြ႕ရတတ္ေသာကာလလည္းျဖစ္ေပ၏။

ခန႔္ခန႔္လည္း သည္သို႔ပင္။ ကြန္ပ်ဴတာတကၠသိုလ္ကေတာ့ ေမလဆန္းကတည္းက စဖြင့္ေနက်မို႔ ဇြန္လေရာက္ခ်ိန္တြင္ စာသင္ရတာ အရွိန္အေတာ္ရေနေလၿပီ။ တတိယႏွစ္၏ ဒုတိယစာသင္ႏွစ္ဝက္မို႔ အခန္းလည္းအေျပာင္းမရွိသလို၊ ခုံနံပါတ္လည္း အေျပာင္းအလဲမရွိေသးေခ်။ ပထမစာသင္ႏွစ္ဝက္ႏွင့္ ဒုတိယစာသင္ႏွစ္ဝက္၏ အမွတ္တို႔ေပါင္းၿပီးမွ ခုံနံပါတ္အသစ္၊ အခန္းအသစ္ရၾကမွာျဖစ္သည္။

ေက်ာင္းအျပန္ ဘတ္စ္စီးရင္းေတြးေနသည္တို႔က ဟိုေရာက္သည္ေရာက္ပင္။ ေက်ာင္းကိစၥလည္းပါသလို၊ ရလာမည့္ခုံနံပါတ္မ်ားေကာင္းလၽွင္ အိမ္ကိုဘာေတာင္းရမည္ဆိုတာေတြလည္း ပါသည္။ အထူးသျဖင့္ ေတြးမိသည္ကေတာ့ အဲ့လူႀကီးပါပဲ။

လူတစ္ေယာက္၏ ေန႔စဥ္ဘဝထဲ၊ ေန႔စဥ္အေတြးထဲသို႔ ထိုးေဖာက္ဝင္ေရာက္လာနိုင္သူသည္ အခ်ိန္အတိုင္းအတာတစ္ခုၾကာေအာင္ အနားမွာရွိခဲ့ေပးလို႔ပင္ ျဖစ္သည္။ သည္လိုပဲ ... ခန႔္ခန႔္၏ေန႔စဥ္အေတြးထဲတြင္ အဲ့လူႀကီးဆိုတာ တစ္နည္းတစ္ဖုံႏွင့္ ပါလာတတ္စျမဲပင္။

ငပလီက ျပန္လာၿပီးေနာက္ပိုင္း သူကိုယ္တိုင္ကပင္ ပိုခင္တြယ္လာမိသည္ဆိုလည္း မမွားေပ။ သင္တန္းအတူတူ ျပန္သြားျဖစ္ၾက၍ အရင္လို စေနာက္လို႔ရသည္ထိ ျပန္ရင္းႏွီးလာခဲ့သည္။ ညတိုင္းလည္း ဖုန္းမဆက္ဘဲမအိပ္တတ္သူမို႔ သံေယာဇဥ္ကား တစ္ဆင့္တိုးရျပန္၏။ ဖုန္းဆက္မလာလၽွင္ေတာင္ တစ္ခုခုလိုအပ္လာသလို မေနတတ္မထိုင္တတ္ ျဖစ္ခဲ့သည္ထိ။

မထိတထိေျပာတတ္ေသာ စကားလုံးတို႔အား သူ အသံမာမာႏွင့္ျပန္မာန္လၽွင္လည္း အဲ့လူႀကီးမွာ ခပ္ျပဳံးျပဳံးသာရွိတတ္သည္။ သို႔ေသာ္ ထူးျခားစြာစိတ္အစဥ္က ၾကည္ႏူးမိေနတတ္ျပန္၏။ ပိတ္ရက္တြင္ အျပင္သြားရန္ ညႇိမရတတ္သည့္ ခန့္ကိုအစား အဲ့လူႀကီးႏွင့္သာ ဘက္က်လာသည္။ မုန့္သြားစားသည္၊ ေဈးဝယ္ထြက္သည္၊ သြားခ်င္တာရွိလၽွင္ လိုက္ပို႔ေပးရန္ ပူဆာမိတတ္လာသည္။ တစ္ခါတရံလည္း ေမွာ္ဘီဖက္အလုပ္ရွိသည္ဆိုၿပီး လမ္းၾကဳံေက်ာင္းလာႀကိဳလၽွင္လည္း မသိခ်င္ေယာင္ေဆာင္ကာ ၾကည္ႏူးရေသးတာျဖစ္၏။

ဒါေတြသည္ သင္တန္းတက္ကာလျဖစ္သည့္ အခ်ိန္ငါးလခြဲအတြင္း သူတို႔၏ရင္းႏွီးကၽြမ္းဝင္မွုေတြပင္။

ေယာက္်ားႏွစ္ေယာက္၏ ႏွစ္ဝက္နီးပါးခင္မင္မွုက ျဖစ္ရိုးျဖစ္စဥ္ဟု ထင္ရေသာ္လည္း ထူးျခားစြာေျပာင္းလဲလာသည္က ခန့္ခန့္၏စိတ္၊ ခံစားခ်က္တို႔ပင္။ အရင္က အစ္ကိုတစ္ေယာက္လို ေတြးေနခဲ့စဥ္က ဘာမွသိပ္မခံစားမိခဲ့။ သို႔ေသာ္ ပြင့္ပြင့္လင္းလင္း ဖြင့္ေျပာၿပီးေနာက္ပိုင္း ဂ႐ုတစိုက္ရွိမွု၊ ၾကင္နာယုယမွုမ်ားက ခန့္ခန့္စိတ္ကို တစ္မ်ိဳးရင္ခုန္ေစသည္။

မေခၚပါႏွင့္ အတန္တန္တားသည့္ၾကားက 'ကေလး' ဟူေသာ အသံၾကားလၽွင္လည္း ပ်ားသကာကဲ့သို႔ နားဝင္ခ်ိဳလာသည္။ တစ္ခါမွမရဖူးသည့္ သူစိမ္းတစ္ေယာက္၏ အၾကင္နာ၊ ေမတၱာေတြကို လက္ခံရရွိလာခဲ့သည္။ ခန့္ခန့္အဖို႔ ေရွာင္လႊဲခ်င္စိတ္မရွိေလာက္ေအာင္ ၾကည္ႏူးဖို႔ေကာင္းသည့္အရာေတြမို႔ တျဖည္းျဖည္းႏွင့္ သာယာလာမိတာ အမွန္ပင္။

ဒါမို႔ ခန့္ခန့္ကိုယ္တိုင္လည္း သူတို႔ႏွစ္ဦး၏အေျခအေနကို စဥ္းစားေနရေလၿပီ။ ေဇယ်ာ့အေပၚ အစ္ကိုတစ္ေယာက္ကဲ့သို႔ ရိုးရိုးသားသား ခင္တြယ္ပါသည္ဟူေသာ သံမွိုရိုက္ထားသည့္သူ႔အေတြးက အခုေတာ့ ေဝဝါးလာေခ်သည္။ လူႀကီးလူေကာင္းဆန္သည့္ ေယာက်္ားတစ္ေယာက္ကို ခ်စ္မိတာလား၊ စိတ္ကစားမိတာလားဟူသည္ကို ေဝခြဲဖို႔ရန္အတြက္ ခက္ခဲသည့္အေျခအေနပါပဲ။

သို႔ေသာ္ ထိုဇေဝဇဝါျဖစ္ေနေသာ ကိစၥ၏အေျဖကိုသိနိုင္မည့္ေန႔က သည္ေန႔ရယ္လို႔ေတာ့ သူ မေတြးထင္မိခဲ့ရိုးအမွန္ေပ။

သီခ်င္းေလးနားေထာင္ရင္းက ၾကည့္ျမင္တိုင္ဖက္ ေရာက္လာေလၿပီ။ ေက်ာင္းကျပန္လာတိုင္း အဲ့လူႀကီးတို႔ဆိုင္ေရွ႕က ျဖတ္ေလၽွာက္လၽွင္ ဘာရယ္မဟုတ္ ၾကည့္ခ်င္မိတာ သူ႔အက်င့္တစ္ခုလို။ ကားမေတြ႕လၽွင္ ဘယ္သြားေနလဲမသိ ေတြးရသည္။ ညဖက္ဖုန္းလာလၽွင္၊ သို႔မဟုတ္ သင္တန္းကစာေမးပြဲအတြက္ စာအတူၾကည့္ၾကသည့္ ပိတ္ရက္မ်ားတြင္ စကားမစပ္လည္း ေမးရသည္ကအေမာ။

တေရြ႕ေရြ႕ေမာင္းႏွင္ေနေသာဘတ္စ္က မီးပြိဳင့္နီသြားတာမို႔ ကၽြီခနဲရပ္သြားရသည္။ ထုံးစံအတိုင္း လမ္းေထာင့္က ေဆာက္လုပ္ေရးပစၥည္းဆိုင္ႀကီးကို လွည့္ၾကည့္မိေတာ့ သူ ျမင္ဖူးေနက်၊ စီးဖူးေနက် ကားအနက္ေရာင္ကို ေတြ႕ရ၏။ ဪ .. သည္ေန႔ေတာ့ သည္မွာ႐ုံးထိုင္ေနတာပဲဟု ေတြးၿပီး တစ္ခ်က္ျပဳံးလိုက္မိတာပင္။

သို႔ေသာ္ ထိုအျပဳံးမွမျပယ္ေသး၊ ႐ုတ္ခ်ည္းပင္ အဲ့လူႀကီးထြက္လာတာ ျမင္လိုက္ရသည္။ အေလာတႀကီးပုံစံ ေလၽွာက္လွမ္းလာေလတာ မိန္းမတစ္ေယာက္၏လက္ကိုဆြဲလ်က္။ ခန့္ခန့္ ျမင္ဖူးေနက် မမရြယ္လည္းမဟုတ္။ ဂါဝန္အကပ္ႏွင့္ ဆံပင္ေကာက္ထားေသာ အမ်ိဳးသမီးမွာ အဲ့လူႀကီးႏွင့္ အသက္အရြယ္ မတိမ္းမယိမ္းေလာက္ျဖစ္မည္ထင္ရ၏။

ၾကည့္ေနရင္းပင္ အဲ့လူႀကီးက သူ႔ကား၏တစ္ဖက္ျခမ္းကို ဖြင့္ေပးၿပီး ထိုအမ်ိဳးသမီးအား တက္ခိုင္းသည္။ သူ ကိုယ္တိုင္ကလည္း တစ္ဖက္သို႔ေျပးဝင္ၿပီး အျမန္ေမာင္းထြက္သြားေတာ့၏။

ပြိင့္မိေန၍ အစအဆုံးျမင္လိုက္ရေသာ ခန့္ခန့္တစ္ေယာက္သာ စိတ္ေတြေထြၿပီးက်န္ခဲ့သည္။

'ဘာေတြလဲ ... အဲ့လူႀကီးမွာ ရည္းစားမရွိဘူးဆို' မထင္မွတ္ဘဲ ႏွုတ္မွာ တိုးတိုးေရရြတ္မိလိုက္ျခင္းျဖစ္၏။ လက္ဆြဲကိုင္ကာ ထြက္လာျခင္းမွာ သာမာန္ဆက္ဆံေရးမျဖစ္နိုင္။ ပိုခံျပင္းစရာေကာင္းသည္က ခန့္ခန့္တစ္ေယာက္တည္းကိုပဲ ကားတံခါးဖြင့္ေပးပါတယ္၊ ခန့္ခန့္တစ္ေယာက္တည္းကိုပဲ သည္ကားေပၚ ထိုင္ေစပါတယ္ဆိုသည့္ အေျပာမ်ား။

ကိုယ္တစ္ဦးတစ္ေယာက္အတြက္သာဟု ထင္ေနသည့္အရာမ်ားအား တျခားသူႏွင့္ မၽွေဝသုံးစြဲေနရသည္ဟု ခံစားလာေသာအခါ ဝမ္းနည္းေဒါသက လွိုက္တတ္လာ၏။ ႏွလုံးကို က်စ္ဆုတ္ခံထားရသည့္ႏွယ္ နာက်င္လာရသည္။ တရိပ္ရိပ္ျမင့္တက္လာေသာ ေဒါသေၾကာင့္ လက္ထဲကဖုန္းမွာလည္း က်စ္က်စ္ပါေအာင္ ဆုတ္ကိုင္ျခင္းခံလိုက္ရသည္။

ခန့္ခန့္ အံ့ဩလြန္းၿပီး ရင္ထဲ၌ ႀကိတ္မနိုင္၊ ခဲမရႏွင့္။ ဘတ္စ္ေပၚမွာမို႔ ထိန္းထားရင္းက မ်က္ရည္ေတြပါ စီးက်လာသည္။ ေအာင့္သက္သက္ႏွင့္၊ ရင္ဘတ္ထဲက အမည္မသိေဝဒနာႏွင့္ နာက်င္လာရသည္။
အေတြးတို႔မွာလည္း မရပ္တန့္နိုင္။

အခုတိုင္းဆိုလၽွင္ အဲ့လူႀကီးက ရည္းစားရွိလ်က္ႏွင့္ သူ႔ကိုညာၿပီး ကစားေနတာျဖစ္ရမည္။ ျဖစ္လည္းျဖစ္နိုင္ပါသည္။ ဘယ္သူကမ်ား ေယာက်္ားတစ္ေယာက္ကို အတည္ခ်စ္နိုင္မွာပါလဲ။ လူဘုံအလယ္တြင္ ကိုယ့္ၾကင္ဖက္အျဖစ္ခ်ျပဖို႔ တင့္တယ္သည္မွာ မိန္းမသာလၽွင္ျဖစ္မည္။

ဒါဆို ဘာလို႔သူ႔ကိုခ်စ္တယ္ေတြေျပာၿပီး အခ်ိန္ကုန္ခံ၊ အလုပ္ရွုပ္ခံ ဂ႐ုစိုက္ေနရသလဲ။ ခန့္ခန့္ စိတ္ထဲက ေမးခြန္းမ်ားစြာအတြက္ ေျဖမည့္သူကား ရွိမေနပါ။

နာက်င္ရသည္။
ခံစားရသည္။
မ်က္ရည္တစ္စတစ္စ က်လာသည္။

အလိမ္ခံလိုက္ရျခင္းေၾကာင့္လား၊
ဆုံးရွုံးလိုက္ရျခင္းေၾကာင့္လား၊
သို႔တည္းမဟုတ္
ခ်စ္မိေနျခင္းေၾကာင့္လား။

ေသခ်ာစိစစ္မိေတာ့ ခန့္ခန့္ တိက်သည့္အေျဖကို သိလိုက္ပါၿပီ။

မဟုတ္ပါဘူး၊ မခ်စ္မိပါဘူး။ ေခါင္းတြင္တြင္ခါမိလည္း ကိုယ့္ကိုယ္ကို လိမ္မရနိုင္ပါ။ ဇေဝဇဝါအေျဖကို သိသည့္အခ်ိန္တြင္ ရင္တြင္းခံစားမွူကို ေျပာမျပတတ္ေအာင္ ခံစားရျပန္သည္။ ခံျပင္းေဒါသႏွင့္အတူ ဝမ္းနည္းျခင္းတို႔က သိပ္သည္းေနသည္။

ခန့္ခန့္ အိမ္ျမန္ျမန္ျပန္ေရာက္ဖို႔သာ ေတြးေနမိေတာ့၏။

............................

ညေန ေလးနာရီရွိၿပီျဖစ္၍ ေဇယ်ာ အလုပ္ေတြလက္စသတ္ေနေလၿပီ။ ဒါေတြၿပီးလၽွင္ တစ္ဖက္ဆိုင္က မင္းမင္းကို ဖုန္းဆက္ရမည္၊ ၿပီးလၽွင္ Gym တန္းသြားရမည္ဟု စိတ္ထဲစီကာစဥ္ကာ ေတြးေနရ၏။

ထိုအခ်ိန္ အခန္းတံခါးလာေခါက္သူကို ေဇယ်ာ ေမာ့ၾကည့္ေလေတာ့ လက္ေထာက္မန္ေနဂ်ာ မီးမီး။ မ်က္စိမ်က္ႏွာပ်က္လ်က္ ေရးႀကီးသုတ္ပ်ာ ျဖစ္လာပုံပင္။

"ဝင္ခဲ့ေလ မီးမီး"

"ဟို .. ကိုေဇယ်ာ အေရွ႕မွာ ဧည့္သည္ေရာက္ေနတာ အဲ့ဒါ"

"ဘယ္သူလဲ၊ ေခၚခဲ့ေလ"

"ကိုေဇယ်ာ မေတြ႕ခ်င္ေလာက္ဘူးထင္လို႔၊ ညီမတားတာကို ေရွ႕မွာေသာင္းက်န္းေနတယ္"

စကားက လိုရင္းမေရာက္ပါ၊ ေဇယ်ာသည္လည္း စိတ္မရွည္ေတာ့။

"ဘယ္သူမို႔လို႔လဲ"

"မစႏၵီမ်ိဳးျမတ္မို႔ပါ ကိုေဇယ်ာ"

စႏၵီမ်ိဳးျမတ္!

ဟိုမိန္းမ ... သူ႔မိသားစုဆီက ပိုက္ဆံေတြယူ၊ အရွက္ခြဲၿပီးတာေတာင္ ျပန္ေပၚလာရဲေသးသည္။ မျဖစ္ေသးဟုေတြးကာ ေဇယ်ာ ႐ုံးခန္းထဲမွေရွ႕ထြက္ၾကည့္ေလေတာ့ အဟုတ္ေရာက္ေနတာပင္။

ဆံပင္ကို နဂိုႏွင့္မတူ ေကြးေနေအာင္ေကာက္ထားသည္။ ျဖဴစင္ခ်င္ေယာင္ေဆာင္စဥ္ကထက္ အခုေတာ့ မိတ္ကပ္၊ ႏွုတ္ခမ္းနီအထင္းသားႏွင့္။ သူ႔ကိုအဝင္မခံ၍ ေသာင္းက်န္းေနပုံရသည္။ ႐ုံးက လုပ္သက္ၾကာသည့္သူ ေတာ္ေတာ္မ်ားမ်ားကလည္း သူ႔အေၾကာင္းသိတာမို႔ ေဇယ်ာ့ဆီ ဝင္အေတြ႕မခံၾကေပ။

"စႏၵီ"

ထိုမိန္းမမွာ ေစ်းဝယ္ေတြေရွ႕ေအာ္ဟစ္ေနတာမို႔ ေဇယ်ာ အသံခပ္အုပ္အုပ္ႏွင့္ ေခၚလိုက္ျခင္း။

"ကို"

နားခါးလြန္းပါ၏။ ၾကားတိုင္း တသိမ့္သိမ့္နာက်ည္းရသည့္ အသံမ်ိဳးပါပဲ။ ေဇယ်ာ ေျခလွမ္းၾကဲတို႔ျဖင့္ ဆိုင္အဝင္ကေငြရွင္းေကာင္တာဆီ ေရာက္ေအာင္သြားသည္။

"ဒီမွာ ကို႔ဝန္ထမ္းေတြက စႏၵီကို မဝင္ခိုင္းဘဲ အတင္းတားေနတယ္"

အရွက္သိကၡာရယ္ မရွိတတ္ေတာ့ပုံမ်ား သူစခ်စ္စဥ္ကလို ယုန္မေလးႏွယ္ မဟုတ္ေတာ့။ ေအာ္ႀကီးဟစ္က်ယ္ေျပာေတာ့ ေစ်းဝယ္ေတြကပါ ၾကည့္လာသည္။ မေတြ႕ျဖစ္သည့္ ႏွစ္ႏွစ္ေက်ာ္အတြင္း သည္ေလာက္မ်က္ႏွာေျပာင္သည့္မိန္းမမ်ိဳး ျဖစ္သြားလိမ့္မည္ မထင္မိခဲ့။

သို႔ေသာ္ ဆက္ေျပာ၍မျဖစ္၊ ေစ်းဝယ္ေတြေရွ႕ ရွက္စရာေကာင္းလြန္းတာမို႔ ေဇယ်ာ အျပင္ေခၚထုတ္ရသည္။ ဒါကိုအထဲမွာပဲ ေျပာမယ္ဆိုကာ ႐ုန္းရင္းဆန္ခတ္ေအာ္ေနေသး၍ ေဇယ်ာ လက္ကိုအၾကမ္းဆြဲကာ ကားေပၚေရာက္သည္ထိ စိတ္တိုတိုႏွင့္ ဆြဲေခၚရေတာ့တာပင္။ ၿပီးမွသာ ကားကိုအျမန္ေမာင္းထြက္ပစ္ခဲ့လိုက္၏။

"ကို .. စႏၵီ ေအးေဆးစကားေျပာခ်င္လို႔လာတာပါ၊ ေတာင္းလည္းေတာင္းပန္ခ်င္လို႔"

"မင္း ရွက္ဖို႔ေကာင္းတယ္ေနာ္။ ငါ့ကို၊ ငါတို႔မိသားစုကို ဒီလိုေတြလုပ္သြားၿပီးတာေတာင္မွ ျပန္လာရဲတာ မင္းမွာမာနေလးေတာင္ မရွိဘူးလား။ မင္းကို ခုခ်ိန္ထိ တရားစြဲလို႔ရေသးတယ္"

ေဇယ်ာ ကားေမာင္းေနရင္းက လူရွင္းသည့္လမ္းေဘးတစ္ေနရာ ခ်ရပ္လိုက္၏။ ကားေပၚေခၚတင္လာတာလည္း ဆိုင္ထဲကတမင္ဆြဲထုတ္ခဲ့ခ်င္လို႔ပင္။

"ကိုရယ္ ... စႏၵီ မွားခဲ့တာေတြအတြက္ ေနာင္တအႀကီးႀကီး ရေနပါၿပီ။ အဲတုန္းကလည္း စႏၵီ့အရင္ရည္းစားက သူနဲ႔အေၾကာင္းေတြေဖာ္မယ္ဆိုၿပီး ၿခိမ္းေျခာက္လို႔ စႏၵီေၾကာက္ၿပီး လုပ္ခဲ့မိတာပါ။ ေနာက္ၿပီး သူနဲ႔စလုံးကိုလည္း လိုက္ခဲ့ရမယ္တဲ့ေလ။ ပိုက္ဆံလည္းလိုတယ္ဆိုေတာ့ စႏၵီ မတတ္သာတဲ့အဆုံး ကိုတို႔မိသားစုအေပၚ မွားခဲ့မိတာပါ ကိုရယ္။ စႏၵီ ေတာင္းပန္ပါတယ္ေနာ္"

ေဇယ်ာ့လက္အုံကိုကိုင္ကာ ကႏြဲ႕ကလ်ေျပာလာသည္အား သူ ပစ္ပစ္ခါခါ ပုတ္ခ်လိုက္၏။

"ငါကမင္းစကားလွလွေတြကို ယုံဦးမယ္ ထင္ေနတာလား"

"ယုံလို႔ရပါတယ္ ကိုရယ္၊ ခု စႏၵီ သူနဲ႔အျပတ္ရွင္းလာခဲ့ၿပီ။ ကို႔ေမေမရဲ့ လက္ဝတ္ရတနာ တခ်ိဳ႕တစ္ဝက္လည္း စႏၵီ့မွာ က်န္ပါေသးတယ္၊ အန္တီနဲ႔ဦးကိုလည္း လိုက္ေတာင္းပန္မယ္ေလေနာ္"

အေဖ၊ အေမထိပါ မ်က္ႏွာေျပာင္တိုက္ကာ ေျပာလာတာမို႔ ေဇယ်ာ ေဒါသတို႔က တလိပ္လိပ္လွိုက္တက္လာသည္။ ဘာအလိုရွိျပန္လို႔ သူ႔ဆီလာျပန္တြယ္ရသနည္း။ အရင္ကတည္းက စိတ္ျပတ္ၿပီးသားမို႔ သူ႔အလွတြင္လည္း မက်ရွုံးေတာ့သလို ခ်စ္လို႔လည္းမရေတာ့ေခ်။ စိုင္းမင္းခန့္ဆိုသည့္ ခ်ာတိတ္ကေလးပင္ သူ႔ရင္ထဲရွိေနၿပီမလား။

"မင္းကို ငါကျပန္လက္ခံမယ္လို႔ အပိုင္တြက္ထားတာလား။ မင္းဘာသာ ဘယ္ေကာင္နဲ႔ ဘာေတြျဖစ္ျဖစ္ ခုခ်ိန္မွာ မင္းမ်က္ႏွာကိုလည္းမျမင္ခ်င္သလို၊ အသံကိုလည္း မၾကားခ်င္ဘူး။ မင္း ငါ့ေရွ႕မွာ ထပ္ေပၚမလာနဲ႔ေတာ့၊ တရားစြဲမွ ငါ့အဆိုးမဆိုနဲ႔"

"ကို အသစ္ေတြ႕သြားၿပီလား။ ဟုတ္လား၊ ဘယ္သူလဲဟင္"

"မင္းမွာ အဲလိုေမးပိုင္ခြင့္ကို မရွိဘူး"

ခပ္ႀကိတ္ႀကိတ္ေျပာလိုက္ေသာ ထိုစကားေၾကာင့္ စႏၵီမ်ိဳးျမတ္တစ္ေယာက္ မ​ေက်မနပ္မ်က္ႏွာထားျဖင့္ ကားေပၚကဆင္းသြားသည္။ ဘယ္လိုမေကာင္းလိုက္သည့္ ေရစက္ဆိုးပါနည္း။

ေဇယ်ာ စိတ္ေတြလည္းရွုပ္သြားၿပီမို႔ ႐ုံးမျပန္ျဖစ္သလို Gymလည္းမသြားနိုင္ေတာ့၊ အိမ္သာတန္းျပန္လာခဲ့သည္။ သည္လိုစရိုက္ရွိမွန္းမသိခဲ့လိုသာ သူ ခ်စ္ခဲ့မိျခင္းပင္။ ပတ္သတ္ဖို႔မေကာင္းသည့္မိန္းမ၊ ခုခ်ိန္မွ ေနာင္တရလည္း မထူးေတာ့ေပ။ ျမန္မာ့ျည္ျပန္ေရာက္ေနၿပီမို႔ ေခါင္းခဲစရာတစ္ခုတာ့ တိုးလာသည္။ ကိုယ့္ဘက္က ဆက္မပတ္သက္ဖို႔သာ ရွိေတာ့၏။

ၾကမၼာအျဖစ္အပ်က္ေတြကား တစ္ခါတရံ တစ္ဖက္ေစာင္းနင္းနိုင္လြန္းသည္။ စိတ္ဓာတ္က်ေနရင္းၾကားက ကေလးႏွင့္ ျပန္အဆင္ေျပသည္။ အေျဖျပန္မရသည့္တိုင္ အတူတူရွိေနရလၽွင္ကို ေက်နပ္ေနမိသည့္အခ်ိန္ မေကာင္းေသာအတိတ္ဆိုးက တဖန္ဝင္လာျပန္သည္။ မုန္တိုင္းႏွင့္ေလေျပမွာ အတူယွဥ္တြဲေနပါလၽွင္ သူ႔ဘဝက မုန္တိုင္းပိုမ်ားေနတတ္၏။

ေရခ်ိဳး၊ ထမင္းစားၿပီးသည္ထိ ေဇယ်ာ့စိတ္မွာမၾကည္လင္ေန။ သို႔ႏွင့္ သူဘဝ၏ေလေျပေလးဆီသို႔ ဖုန္းဆက္ရန္သာ ဆုံးျဖတ္လိုက္သည္။

အျမဲလိုင္းေပၚရွိတတ္သည့္ကေလးက Messenger ကတဆင့္သာ ေခၚေစသည္။ WiFi ႏွင့္ေျပာလၽွင္ ေဘလ္သက္သာပါလ်က္ ရိုးရိုးဖုန္းႏွင့္သူေခၚမိလၽွင္ ဆူဆူညံညံကေလး ေပါက္ေပါက္ေဖာက္တတ္၏။ ကပ္ေစးႏွဲသည္မဟုတ္ဘဲ စဥ္းစားၿခိဳးၿခံတတ္သည့္ကေလးပင္။

ေန႔တိုင္းကဲ့သို႔ ည၈နာရီေတာ့ မေက်ာ္လွေသးေပ။ ၈နာရီေက်ာ္ပါမွ ဖုန္းဆက္ဖို႔မအားလိုက္သည့္ ေန႔မ်ိဳးဆိုလၽွင္ ေနာက္ရက္တြင္ ဂ်စ္တစ္တစ္ေျပာတတ္သည့္ ေကာင္ေလးအေၾကာင္းေတြးမိ႐ုံႏွင့္ လူကခပ္ျပဳံးျပဳံးျဖစ္လာ၏။ စိတ္ဆိုးသည္ဟုလည္း တည့္မေျပာတတ္သည့္ မာနခဲေလး။ သူ႔အေပၚ ခင္တြယ္တတ္လာသည့္ ဂ်စ္တူးကေလးပင္။

သို႔ႏွင့္ အားသြင္းထားေသာဖုန္းကိုျဖဳတ္ၿပီး အိပ္ရာေပၚတက္ခဲ့လိုက္သည္။ ညတိုင္းဆက္ေနက်ကဲ့သို႔ Messenger ဝင္လိုက္ခါမွ၊

'ဟမ္! This person is unavailable on Messenger'

(28/9/2020)

•••••••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co