Truyen3h.Co

နှောင်ကြိုး

Part-22

Fi_Lay



<Unicode>

မိုးစက်မိုးပေါက်တို့ တဖွဲဖွဲဖြာကျနေလေသည်။ သည်းထန်နေအောင် ရွာနေတာမျိုးမဟုတ်သော်လည်း ကားမှန်ဆီကိုတော့ ခပ်မှန်မှန်ရိုက်ခတ်နေတာပင်။ ဂျူလိုင်လ၏ မိုးဖွဲသည့်နေ့ရက်တွေက ခပ်စိတ်စိတ်သာ ဖြစ်ပေါ်လျက်ရှိ၏။ ညနေဖက်ဆိုလျှင် ဘယ်သွားသွား မိုးစိုနေတတ်သည်။ တစ်ခါတစ်ရံ မနက်ခင်းပင်မလွတ်ရ၊ နေရောင်လည်းမထွက်သလို မှိုင်းအုံ့နေတတ်တာပင်။

အလုပ်ကပြန်ခဲ့ပြီဖြစ်သော ဟိန်းဇေယျာတစ်ယောက် မိုးရေစက်တွေမမှုပါဘဲ အပြေးအလွှားမောင်းနှင်နေရ၏။ အခုချိန်ဆို ကျောင်းကပြန်ရောက်နေပြီဖြစ်သော လူကြီးပေါက်စလေးက စောင့်နေလောက်ပြီမလား။ နေ့လယ်ထမင်းစားချိန်ကတည်းက သူ သွားချင်သည့်နေရာတွေကို တန်းစီပြောထားခြင်းကြောင့် လိုက်ပို့ရန်လည်း အသင့်ဖြစ်နေလေပြီ။

တစ်ပတ်နှစ်ခါလောက်သာ တွေ့ဖြစ်ကြတာမို့ ညနေခင်းတွေဆိုတာ ဇေယျာ့အတွက် အဖိုးတန်အချိန်လေးတွေပါပဲ။ ကလေးတစ်ယောက်ကိုချစ်မိတော့ အလိုလိုက်ရသည်က အများသား။ တောင်းဆိုသမျှ ဖြည့်ဆည်းပေးချင်တော့လည်း သူစားသလို ကိုယ်စားဖြစ်ပြီး သူလုပ်သမျှ ကိုယ်ကငေးကြည့်ရတာပင်။

အခုလည်း ညနေစာအား မြေအိုးမြီးရှည်စားမည်။ ကိုရီးယားဆိုင်က တော့ပုကီဆိုတာကိုလည်း လိုက်စားပေးရမည်။ သူပြောနေကျ ငါးအသားချောင်းဆိုတာကလည်း ပါဆယ်ကမလွတ်စေရ။ ဇေယျာ့၏သဘောအရဆိုလျှင် အေးအေးဆေးဆေးထိုင်လို့ရသည့် ဆိုင်ကောင်းကောင်းတွင် ညနေစာတိတိပပ လိုက်ကျွေးချင်တာဖြစ်သည်။

သိုပေမဲ့ ခန့်ခန့်ဆိုသည်မှာ သူ့အိမ်နှင့်ဆိုမစားရသည့် အစားမှန်သမျှ အလိုလိုက်ကာ လိုက်ကျွေးစေချင်တာပင်။ သည်လိုဆိုလို့ ဝယ်ကျွေးမည်ဆိုလျှင် မာနခဲလေးမှာ လက်မခံ။ ပိုက်ဆံပြတ်ချိန် တစ်ခါတလေ ချေးငှါးသည်ကလွဲ၍ ငွေရေး၊ ကြေးရေးကိစ္စအားလည်း အရှုပ်မခံ။ ဘယ်လိုမှမလွယ်သည့် အကောင်ပေါက်လေးပင်။

"အဲ့လူကြီး ဘာတွေတွေးနေတာလဲ၊ ကျွန်တော်ပြောတာရောကြားလား"

"ကလေးရာ ... ရည်းစားဖြစ်တာပဲ ၁လကျော်နေပြီ။ ကိုယ့်ကို အဲ့လူကြီးလို့ပဲ ခေါ်နေဦးမှာလား"

ကားမောင်းရင်းက ဇေယျာ ညည်းညည်းညူညူ ပြောမိခြင်းဖြစ်၏။ သို့သော် ပထမဆုံးအကြိမ် ညည်းညူမိခြင်းတော့လည်း မဟုတ်ပြန်ပါ။ နားလည်မှုအရသာ လွန်ခဲ့သည့်တစ်လမှစ၍ ချစ်သူတွေ ဖြစ်ကြသည်။ ခန့်ခန့်က ဇေယျာကို ချစ်ပါတယ်ဆိုတာမျိုး တစ်ခါမှမပြောဖူးသေး။

'ဒါဆို ကိုယ်တို့က ဘာတွေလဲ၊ ချစ်သူတွေလား'လို့ ဇေယျာကမေးလျှင်တော့ 'အင်းပေါ့' ဟု ဖြေတတ်သည့်ကောင်ကလေးရယ်ပါ။ 'ချစ်သူတွေဆို ချစ်တယ်' လို့ ပြောဆိုလျှင်တော့ ခန့်ခန့် ဝေ့လည်ကြောင်ပတ်နှင့် စကားကို ချစ်စရာကောင်းအောင် ရှောင်ထွက်ပြောတတ်သည်ချည်း။

"အဲ့လူကြီးဆိုတာပဲ ခေါ်နေကျဟာ၊ ကျွန်တော် တခြားဟာ မခေါ်တတ်ပါဘူး"

"သူများအတွဲတွေလို ကိုကိုတို့၊ ဘာတို့ ခေါ်သင့်တာပေါ့။ ဘာလဲ ... အဲ့လူကြီး၊ အဲ့လူကြီးနဲ့"

မိုးရေစက်တွေကို ဝိုက်ပါနှင့်ဖယ်ရှင်းရင်း မောင်းနေရသူက ဘေးကကောင်လေးကို မအားမလပ်လှည့်ကြည့်ရသေးသည်။ သူကစိတ်ဆိုးဟန်ပြတော့ ကလေးတစ်ယောက်မှာ ပြုံးဖြီးဖြီးနှင့်။ တီရှပ်လက်ရှည်အပြာနုရောင်ပွပွတွင် သူချစ်ရသည့်ခန္ဓာကိုယ်သေးသေးလေးမှာ နစ်မြုပ်မတတ်ရှိလှသည်။ ကျောင်းကပြန်လာပြီးမှ အပြင်သွားရသည်မို့ ထုံးစံအတိုင်း အပီပြင်ဆင်ထားသည့် ကောင်လေးပါပဲ။

"မရယ်နဲ့၊ တကယ်ပြောနေတာ။ ကိုယ့်ကို ကြင်ကြင်နာနာလေးခေါ်"

"အိုခေလေ၊ ပြောင်းတော့ခေါ်မယ်။ ဒါပေမဲ့ ကျွန်တော်က မိန်းကလေးမဟုတ်တော့ ကိုကိုလို့တော့ ချွဲချွဲနွဲ့နွဲ့မခေါ်နိုင်ဘူး။ အဲ့လူကြီးကနေ လူကြီးလို့ခေါ်မယ်"

"ဘာမှပြောင်းသွားတာလည်း မဟုတ်ဘူး"

"ဟာ ... သုံးလုံးကနေ နှစ်လုံးဖြစ်သွားတယ်လေ။ အဲဒါပဲခေါ်ချင်တယ်ဗျာနော် ... မဂျစ်နဲ့"

သူကများ မဂျစ်နဲ့တဲ့ လာသေးသည်။ သို့သော်လည်း ဟိန်းဇေယျာဆိုသည်မှာ စိုင်းမင်းခန့်အပေါ် ဘယ်သောအခါမျှ နိုင်ရိုးမရှိ၊ ထုံးစံအတိုင်း အလိုလိုက်အကြိုက်ဆောင်ရမည်သာ။

"ဟုတ်ပြီ၊ အဲဒါဆို ကိုယ့်ကိုလည်း တစ်ခုလိုက်လျောပေး"

"ဘာလဲ"

သူ့ကိုတောင်းဆိုမယ်ဆိုတော့ ဘောက်ဆတ်ဆတ်ပြန်ပြောတတ်သည်။ အတော်လည်း ချစ်စရာကောင်းသည့် ကောင်ကလေးရယ်ပါ။

"ကလေးကိုယ်ကလေး နာမ်စားသုံးရင် ကျွန်တော်ဆိုတာကြီး မသုံးနဲ့။ ကလေးလို့ပဲသုံး"

"စိတ်ပါရင်ပေါ့"

ဇေယျာ မျက်မှောင်ကြုတ်ပြလေတော့ ခန့်ခန့်က ဟက်ဟက်ပက်ပက် ရယ်မောပြန်သည်။ သူတို့နှစ်ဦးတွင် လူကြီးဆန်မလိုလိုနှင့် ကလေးဆန်နေသည်မှာ ဇေယျာဖြစ်ပြီး၊ ကလေးဆန်သည့်ပုံစံနှင့် လူကြီးစကားပြောတတ်သည်က ခန့်ခန့်ဖြစ်နေလေ၏။

တကယ်တော့ လူတွေဟာအချစ်နှင့်တွေ့လျှင် အသက်အရွယ်သော်လည်းကောင်း၊ ကျားမသော်လည်းကောင်း၊ အတ္တ၊မာနတွေကိုသော်လည်းကောင်း မတူညီတာတွေမှန်သမျှ ခဝါချပြီး အချစ်မှာပျော်ဝင်မိကြသူချည်းပါပဲ။

.......................

စာပြီးရင်းစာလုပ်နေရသော ကျောင်းသားလေးခန့်ခန့်တွင် ထပ်တိုးလေ့လာရသည်က လက်ရှိတက်ပြီးသွားသော OBM သင်တန်းက မှတ်သားစရာတွေပင်။ စာသင်ကာလပြီးသွားပြီမို့ အတန်းမှာ တက်စရာမလိုတော့ပေ။ သို့သော် ဒီပလိုမာရချင်သူများကတော့ ယူကေကကျင်းပသော ICM Exam ကို ဝင်ဖြေကြရမှာဖြစ်သည်။ အတန်းတက်သည့် လူကြီးတော်တော်များများက မဖြေဖြစ်ကြ။ သို့သော် ခန့်ခန့်အဖို့တော့ မေမေက ဖြေရမည်တဲ့လေ။

ခန့်ခန့်ဖြေမည်ဆိုတော့ သူ့၏ချစ်ရသူကပါ အတူလိုက်ဖြေဖို့ပြောရှာသည်။ ကိုယ်ကတော့ စာကျက်နေကျအရွယ်မို့ ကိစ္စသိပ်မရှိသော်လည်း၊ အဲ့လူကြီးအဖို့တော့ အလုပ်တစ်ဖက်နှင့်မို့ မဖြေဖို့ဖျောင်းဖျပါသေးသည်။ သို့သော် စာမေးပွဲအတူဖြေလို့ အောင်ကြလျှင် အသက်မတူသော်လည်း ဘွဲ့တူတူယူနိုင်မည့် အခွင့်အရေးရမှာပင်။

သည်လိုဆိုတော့လည်း စာသေချာကြည့်ကြပါသည်။ ခန့်ခန့် ကျောင်းပိတ်သည့်ရက်၊ ချစ်သူလည်း အလုပ်အားသည့်ရက်ဆို တစ်ဖက်အိမ်မှာ စာလိုက်ကြည့်ရသည်။ အကြောင်းပြချက်ကောင်းကောင်းနှင့် အတူတူရှိနေတတ်ကြတာမို့ နှစ်ဖက်မိဘများကလည်း မရိပ်မိကြပေ။ တိတ်တခိုးချစ်ကြရပေမဲ့ မရိပ်မိသေးတာ တော်သေးတယ်ပြောရမည်ပင်။

ဒါမို့ ဟိုအိမ်သည်အိမ် ဆက်ဆံရေးအဆင်ပြေအောင် သူကပဲ ကြိုကြိုတင်တင်နှင့် သံတမန်သဖွယ် ပြုမူနေရသည်မလား။

"အန်တီ ... မေမေက အုန်းနို့ခေါက်ဆွဲချက်ပြီး ထည့်ပေးလိုက်တယ်ဗျ"

"ဟယ် ဟုတ်လား။ ချိုင့်ကြီးနဲ့အများကြီးကွယ်ယ်။ သား မေမေက ကျောင်းကိစ္စတွေတစ်ဖက်နဲ့ လုပ်ပေးရတာ၊ အားနာစရာ"

"အားမနာပါနဲ့ အန်တီ။ မေမေက သားစာသွားကျက်ရင် ဘယ်လောက်တောင်စားခဲ့လဲလို့ ပြန်ရောက်တိုင်းမေးတယ်။ မေမေကသာ သားအစား အန်တီတို့ကို အားနာနေတာပါ"

ပြောလည်းပြော၊ အားပါးတရလည်း စားတတ်ပါသော အန်တီဒေါ်ကြည်ပြာက သူ့ကိုချစ်ပေးရှာလို့ ကျေးဇူးတင်ရသေးသည်။ သို့သော် သားဖြစ်သူနှင့် ချစ်သူတွေများဖြစ်နေကြတာသိလျှင် ဘယ်လိုတုန့်ပြန်ပါမည်နည်း။ တွေးမိတိုင်း ခေါင်းရှုပ်၊ စိတ်ရှုပ်ရသော အကြောင်းအရာတချို့ပါပဲ။

"သားကြီး အပေါ်မှာရှိတယ်လေ၊ တက်သွား သား။ စာမေးပွဲဖြေရမှာက နီးပြီလား"

"နောက်လပါ အန်တီ"

ခန့်ခန့် သေချာဖြေအပြီး တက်ဖူးနေကျလှေကားအတိုင်း အပေါ်ထပ်အခန်းဆီ လျှောက်လာဖြစ်သည်။ ဧည့်သည်တစ်ယောက်လို မဆက်ဆံတော့ဘဲ အဲ့လူကြီး၏သူငယ်ချင်းတစ်ယောက်လို ခွင့်ပြုထားတာမို့ သူ့အဖို့ လွတ်လပ်မှုရှိပါသည်။ အန်တီနှင့်သာမက မမရွယ်ကလည်း သိပ်ခင်တတ်သူပင်။ သူ့ကိုဆို အရေးတယူဆက်ဆံပေးသော နွေးထွေးသည့်အစ်မတစ်ယောက်ပါပဲ။ အန်ကယ်နှင့်တော့ သိပ်မဆုံဖြစ်၍ စကားများများမပြောဖူးချေ။

"လူကြီး"

အခန်းရှေ့အရောက် ကျွန်းတံခါးကိုခေါက်ကာ ခပ်တိုးတိုးခေါ်ရသည်။ ချက်ချင်းဆိုသလို လာဖွင့်တော့လည်း ဝါးခနဲ ကလေးတစ်ယောက်လို စနေသေး၏။ တကယ်ပါပဲ ... မကြီးမငယ်နှင့် ကလေးဆန်တယ်ပြောလျှင်လည်း မကြိုက်သည့်လူကြီးပင်။

"ဘာစတာလဲ၊ လက်သီးစာမိမယ်"

လုပ်နေကျအမူအရာအတိုင်း လက်သီးဆုပ်ထောင်ပြကာ အခန်းကြီးထဲ ဝင်ခဲ့လေသည်။ သူ့ချစ်သူကတော့ အခန်းတံခါးပိတ်ပြီး နောက်ကလိုက်လာလေတာ မသာမယာနှင့်။ စိတ်ပါလက်ပါစနေတာကို သူကကြောက်ဟန်မပြလို့ပဲဖြစ်မည်။

"ကလေးရာ ... ကိုယ်စလိုက်ရင် လက်သီးစာမိမယ် ဆိုတာကြီးပဲ။ တစ်ခါတလေ ချွဲချွဲနွဲ့နွဲ့လေး ဆိုးပါတော့လား၊ ကိုယ်ချော့ချင်လို့ပါ"

ဇေယျာကမူ နှစ်ယောက်ဆိုဖာခုံတွင် ဝင်ထိုင်ရင်း သူ့ဆန္ဒအား ထုတ်ဖော်ပြော၏။ ဒါသည်လည်း ပထမဆုံးအကြိမ် ဟုတ်မနေပြန်ပါ။ ခန့်ခန့်ကတော့ အရေးမစိုက်ဟန်ပြုပြီး လွယ်ထားသည့်အိတ်ထဲက စာအုပ်တွေစီထုတ်နေရင်း၊

"ချွဲနွဲ့နေရအောင် လူကြီးတော်ထားတဲ့ချစ်သူက မိန်းကလေးမဟုတ်ဘူး။ ယောကျ်ားဗျ ... ယောကျ်ား၊ သတိလေးထားဦး"

"ယောကျ်ားလည်း ချွဲရပါတယ်ကွာ။ ကိုယ့်နားလာပါဦး ... အဲစာအုပ်တွေ ပြီးမှကိုင်၊ မတွေ့ရတာ ၄ရက်တောင်ရှိပြီ။ ကိုယ့်ချစ်သူမျက်နှာလေးကို အဝကြည့်ပါရစေဦး"

စာကြည့်စားပွဲဆီကနေ ခန့်ခန့် လှမ်းကြည့်လေတော့ လက်ယက်ခေါ်နေသောလူကြီးက တကယ့်ကလေးအတိုင်း။ အမြဲလိုလို ယုယုယယ၊ ကြင်ကြင်နာနာ နေချင်သူပါပေ။ တကယ်တော့ ခန့်ခန့်လည်း သူများတွေလို ချွဲတတ်ချင်ပါသည်။ ရည်းစားသက်တမ်း တစ်လသာရှိသေးတော့ ရှက်သလို၊ ရွံ့သလိုနှင့် မလုပ်ရဲ၍သာ။

သို့နှင့် ချစ်သူတောင်းဆို၍ အနားသွားထိုင်သည့်ခန့်ခန့်အား ဇေယျာက ကလေးတစ်ယောက်လို ပွေ့ဖက်လာသည်။ အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်တောင့်တောင့် ချစ်သူကိုရထားတာမို့ အခုလိုဖက်ခံလိုက်ရပြီဆိုလျှင် ခန့်ခန့် ကိုယ်လုံးသေးသေးက နစ်မြုပ်ရင်း ပျောက်ကွယ်သွားသယောင်ရှိသည်။ ပြီးလျှင်တော့ ထုံးစံအတိုင်း ဆံသားတို့ကိုဖွကာ နမ်းလိုက်ရမှကျေနပ်သူလည်း ဖြစ်၏။

"အသက်ရှုကျပ်တယ်နော်"

"ဘာဖြစ်လဲ ဖက်မှာပဲ၊ ကိုယ်ဘယ်လောက်လွမ်းနေရလဲ"

"လွမ်းပါတယ်"

ခန့်ခန့် ရေရွတ်မိသည်က ခပ်တိုးတိုးမျှသာ။ ထုတ်ပြောရမည်ကို ရှက်တတ်သည်က ခန့်ခန့်၏ပုံစံတစ်ခုလို ဖြစ်နေသည်။ ဒါမို့ အချစ်သာခံသည်၊ သူကချစ်မပြဖြစ်။ အနမ်းသာခံသည်၊ သူကမူ ပြန်မနမ်းဖြစ်။ ရည်းစားသက်တမ်း မကြာသေး၍ သူ့အတွက် အနမ်းခံရသည်ကိုပင် ကျင့်သားရတာမကြာသေးပေ။

"ကလေး ဘာပြောလိုက်တာ"

"ဘာမှမပြောပါဘူး၊ စာလုပ်ကြမယ်။ လွှတ်ပေးတော့"

"ပြန်မပြောရင် လွှတ်မပေးတော့ဘူး"

"လွှတ်မပေးရင် အောက်ထပ်ကကြားအောင် အော်လိုက်မှာ"

ခန့်ခန့်၏နိုင်ကွက် နောက်တစ်ခုက လူကြီးတွေပင်။ တကယ်မတိုင်မှန်း သိနေတာတောင် အဲ့လူကြီးတို့များ သိပ်ကြောက်တတ်သည်။ အလိုမကျနေသည့်မျက်နှာကြီးကို ပက်လက်အနေအထားဖြင့် မြင်နေရတော့ ခန့်ခန့် လှစ်ခနဲပြုံးမိ၏။ သည်တွင် သူ့နှာသီးဖျားထိပ်လေးအား လက်နှစ်ချောင်းနှင့် ညှပ်ခံလိုက်ရတာပင်။

"ကိုယ် အပြစ်ပေးရမလား ... ပြော"

လာပြန်ပါပြီ သည်အပြစ်ပေးနည်း။ နမော်နမဲ့နိုင်လွန်းသည့် သူ့အတွက် အဲ့လူကြီးပေးသော အပြစ်ဆိုသည်မှာ မပွင့်တပွင့်အနမ်းတချို့ပင်။ တစ်ခါကဆို ဈေးဝယ်ထွက်ကြရင်း ခန့်ခန့် အစားငမ်းပြီး ဖုန်းယူရင်းက နမော်နမဲ့နှင့် လက်ကချော်ပြီး ကျကွဲသည်။ သို့သော် ချစ်သူက တစ်ခွန်းမှမဆူ၊ မငေါက်ပါပဲ 'ဘာလို့နမော်နမဲ့နိုင်ရတာလဲ ကလေးရဲ့' ဟု အသာဆိုကာ သူ့ပါးကိုသာ နမ်းပစ်လေ၏။ ထိုနေ့က ဆိုင်ထဲမှာလူတွေရှိတာမို့ ခန့်ခန့် ရှက်ပြီး ထွက်ပြေးရသည်အထိပါပဲ။

အဲဒီနောက်တော့ လူမြင်ကွင်းဆိုပိုလို့ နမော်နမဲ့ မနိုင်ရဲတော့။ အစစအရာရာ သတိထားပြီး လုပ်တတ်လာသည်။ သူရှက်တတ်မှန်းသိလို့ သည်နည်းသုံးပြီး တမင်ပညာပေးသည်တဲ့လေ။ ခန့်ခန့်လည်း ထိုအနမ်းတို့အား မကြိုက်သည်တော့မဟုတ်၊ သို့သော် အတော်နေရခက်သည်။ ယောကျ်ားချင်း ညီအစ်ကိုလိုနေရင်းက ခဏခဏနမ်းခံနေရသည့်အဖြစ်အား တစ်လအတွင်း တော်တော်နှင့်အသားမကျနိုင်။ ကြက်သီးထချင်သလိုလို၊ အသဲယားသလိုလိုနှင့် အသွေးအသားတို့ ခြောက်ခြားချင်၏။

"ဒါအမှားလုပ်တာမှမဟုတ်တာ။ ပြီးတော့ တကယ်အပြစ်ပေးတာလား၊ လူကြီးကိုယ်တိုင် နမ်းချင်လို့လား မသဲကွဲဘူး"

"ကိုယ့်ချစ်သူပဲ နမ်းချင်တာပေါ့၊ မနမ်းရဘူးလား"

"မနမ်းနဲ့"

ခန့်ခန့် သူပြောချင်ရာပြောပြီး စာအုပ်ဆီ ထထွက်လေသည်။ မကြာခင် အနမ်းခံရတော့မည်ကို သိသူပီပီ အလျင်အမြန်ရှောင်ပြေးထွက်ခြင်းပါပဲ။ သူ့ချစ်သူမှာတော့ ထိုင်ရာကမထ၊ စာလုပ်ချင်စိတ်လည်း ရှိပုံမပေါ်လှပါပေ။ ချစ်သူတို့သဘာဝ တီတီတာတာ ပြောနေချင်သူသာ ဖြစ်သည်။

"အဲဒါဆို စာမကြည့်ဘူးနော်။ ကိုယ့်ဆီပြန်လာခဲ့၊ တစ်ခါပဲနမ်းမှာ"

"ဇွတ်ပါလား လူကြီးရာ၊ ဒါဆိုတစ်ခါပဲနော်"

"အင်း တစ်ခါပဲ"

ရင်ခုန်နေသောခန့်ခန့်တစ်ယောက် နှစ်ယောက်ထိုင်ဆိုဖာလေးဆီပင် ဘယ်လိုပြန်ရောက်သွားသည်မသိ။ တစ်ပတ်နှစ်ခါလောက်သာတွေ့ဖြစ်တာမို့ သူတို့ကြားကအနမ်းတွေဆိုတာ လက်ချိုးရေတွက်လို့ရသည်ထိ ရှားပါးသေးတာပင်။ သည်တော့လည်း သူရင်ခုန်မိလေတာ ဆန်းပြားသလား။

သူအနားရောက်သည်နှင့် လူကြီးတစ်ယောက်က ပေါင်ကိုပုတ်ပြသည်။ ဆိုဖာပေါ်မထိုင်စေဘဲ တမင်ပေါင်ပေါ်ထိုင်ခိုင်းလေတော့ ခန့်ခန့် ကြက်သီးဖျန်းဖျန်းထမိတော့သည်။ တကယ်ပဲ တစ်ခါဆိုတာကို ကတိတည်မည့်သူလား။

ချစ်သူစိတ်တိုင်းကျထိုင်လေတော့ လူကအိခနဲ။ ခြေထောက်ကို အပေါ်တင်စေသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းသူပါပေ။ ပြီးလျှင် သူ့ခေါင်းအား အနောက်ကလက်တစ်ဖက်နှင့် ထိန်းပေးထားသေးသည်။ မသိလျှင် ကလေးတစ်ယောက်က ပွေ့ချီနေသည့်အလား။ မျက်လုံးတွေကလည်း သူ့မျက်နှာပြင်မှ ဘယ်လိုမှဖယ်ခွာလို့မရလောက်အောင်ထိ ဆွဲညှို့စေငင်နေသည်။

"ဘာကြည့်နေတာမှာလဲ၊ နမ်းမှာဆိုနမ်းလေ"

"နမ်းမှာပါ၊ လောလှချည်လား"

"မြန်မြန်နမ်းပြီး မြန်မြန်စာကျက်ဖို့ ပြောတာပါ။ ကတိအတိုင်း တစ်ခါပဲနော်"

ခေါင်းတစ်ချက်ညိတ်ကာ မျက်နှာကိုနီးကပ်လာစေတော့ ခန့်ခန့်မျက်လုံးတို့ကို မှိတ်ချလိုက်မိသည်။ သူ့နှုတ်ခမ်းတစ်စုံဆီ ဖိကျလာလေသော အခြားနှုတ်ခမ်းတစ်စုံက နူးညံ့ခြင်းများစွာနှင့် ထိတွေ့သည်။ အပေါ်နှင့်အောက်နှုတ်ခမ်းသားတို့ကို တစ်လှည့်စီဆွဲယူနမ်းရှိုက်နေလေတော့ ခန့်ခန့်ရင်တွင် သိမ့်ခနဲခုန်ရပြန်သည်။ လက်တစ်ဖက်ကပင် ကိုင်ထားသောအဲ့လူကြီးပုခုံးအား ဖိညှစ်မိသည့်အထိ။

သူ့ခေါင်းလေးကို အသာထိန်းရင်း အလှည့်အပြောင်းတိုင်းကို ညင်သာစွာနမ်းရှိုက်နေသော အဲ့လူကြီးက 'တစ်ခါပဲနမ်းမှာပါ' ဆိုသော သူ့စကားကိုတော့ ရအောင်တည်နေလေသည်။ ခန့်ခန့် မေ့နေသည်က တစ်ခါနမ်းဆိုရာတွင် အချိန်ကန့်သတ်ချက်မှမရှိလေပဲ။

...........................

မနက်ဖြန်ဆိုလျှင် မိုးရာသီတွင်မွေးဖွားသော ခန့်ခန့်၏မွေးနေ့ပင်။ ဇေယျာသည်လည်း မိုးရာသီမွေးဖွားတာဖြစ်သော်ငြား မိုးနှောင်းပိုင်းကာလသို့ ရောက်သည်။ သူ့အဖို့တော့ မွေးနေ့တွင် ထူးထူးခြားခြား ဘာမှမလုပ်ဖြစ်သော်ငြား ကလေးတစ်ယောက်ကတော့ သူ့မွေးနေ့ကို အိမ်မှာပဲ မိသားစုနှင့်သူငယ်ချင်းတွေခေါ်ပြီး BBQ party လုပ်မည်တဲ့။ 'ကိုယ်ရောလာလို့ရလား' ဟုမေးလျှင် 'ဟောဒီက လူကြီးက မပါမဖြစ်ပါဗျ' ဟု ချစ်စရာကောင်းအောင် ဖြေတတ်သူမှာ သူ့ချစ်သူပင်ဖြစ်၏။

ဒါမို့ ဇေယျာကပဲ ခန့်ခန့်နှင့်အတူ အသားနှင့်လိုသည့်ပစ္စည်းများဝယ်ရန် စျေးဝယ်လိုက်ကူရသည်။ အန်တီတို့နှင့်လည်း ရင်းနှီးနေပြီးသားမို့ ထူးပြီးခွင့်တောင်းနေစရာ မလိုတော့ပေ။ သိုသော် အန်ကယ်နှင့်အန်တီတို့ မိသားစုကိုမြင်တိုင်း သူတို့တစ်ဦးတည်းသားလေးကို ချစ်မိလေတာ အပြစ်တစ်ခုလို ခံစားရစမြဲပင်။ သူတို့ကိစ္စသိလျှင် သဘောတူဖို့ ရာခိုင်နှုန်းဆိုတာ အတော်နည်းသည်မလား။

ထိုအကြောင်းတွေကို ဇေယျာ ခေတ္တပြန်မေ့ထားပြီး ဈေးဝယ်ထွက်နေတာကိုပင် အာရုံထားလိုက်သည်။ သူ့ဘေးက  ချစ်သူလေးကိုလှည့်ကြည့်လေတော့ ပေါ့ပေါ့ပါးပါး မြူးထူးနေတာပင်။ အပူပင်ကင်းသည့်ပုံစံလေး မြင်ရတာလည်း သူတစ်မျိုးစိတ်ချမ်းသာရသည်။

ချစ်သူတွေလို့သာ ဆိုကြသည်။ အပြင်အတူတူသွားဖြစ်ကြလျှင် ဇေယျာက ခန့်ခန့် နေရခက်မည်စိုး၍ လက်ကိုပင်ကိုင်မထားတတ်၊ လွတ်လွတ်လပ်လပ်နေစေသည်။ တစ်ခါတစ်ရံမှသာ အသည်းယား၍ ခေါင်းပုတ်တာမျိုး၊ ပုခုံးပေါ်လက်တင်လျှောက်တာမျိုး လုပ်ဖြစ်လေ၏။ စိတ်ကပဲ မလုံလေလို့လားမသိ၊ ထို့ထက်ပိုရင်းရင်းနှီးနှီးနေမိကြလျှင် အများရိပ်မိမှာကို အထူးစိုးရိမ်မိတာ သူ့အကျင့်ပင်။ သူတို့နှစ်ယောက်သား တွဲနေသည်ကိုလည်း သူငယ်ချင်းထက်မြက်နှင့် ကလေးသူငယ်ချင်း ခန့်ကိုဆိုသူသာ သိကြသည်။

"အဲလူကြီး ဝက်သားစားလား"

"စားပါတယ်"

"ဒီသုံးထပ်သား ယူရမလား။ ဟိုဖက်က အသားချည်းပဲဟာ ယူရင်ကောင်းမလား"

နှစ်ယောက်သား အကင်စားဖို့အတွက် ဈေးဝယ်သာထွက်လာကြသည်၊ တကယ်ဆို အစားအသောက်နှင့် ပတ်သက်လျှင် နှံ့နှံ့စပ်စပ်သိသူများမဟုတ်။ ခန့်ခန့်မိခင်ရေးပေးလိုက်သည့် စာရင်းကိုကြည့်ကာ ဟိုဟာကောင်းနိုး၊ သည်ဟာကောင်းနိုး ငြင်းနေကြသည်က ခပ်ကြာကြာပင်။ ထို့နောက် အသားကင်နှင့်လိုက်ဖက်သည့် ဆော့စ်ရွေးနေကြချိန် မထင်မှတ်သောအသံတစ်ခုက သူတို့နောက်မှထွက်ပေါ်လာချေသည်။

"ဟယ် ... ကို တိုက်တိုက်ဆိုင်ဆိုင်ပါလား"

နှစ်ဦးသားမှာ မန်ကျည်းအနှစ်ဆော့တစ်ဗူးစီကိုင်ကာ ကြောင်လျက်သား။ တကယ်ဆို တိုက်ဆိုင်ခြင်းမျိုးမဟုတ်၊ စန္ဒီသည် အိမ်မှထွက်ကတည်းက နောက်ယောင်ခံလိုက်လာခြင်းကို ဟိန်းဇေယျာ နည်းနည်းမှမရိပ်မိခဲ့ပေ။ အခုလိုချိန်မှ လာနှုတ်ဆက်လေတော့ ချစ်သူကိုလည်း အတော်အားနာရလေပြီ။

"မင်း ကိုယ့်လမ်းကိုယ်သွားရင် ကောင်းမယ်ထင်တယ်"

ဇေယျာ့စကားကြောင့် ခန့်ခန့်ကရိပ်မိပုံရပြီး လန့်သွားသလို မိတ်ကပ်ဖွေးဖွေးနှင့် စန္ဒီသည်လည်း မျက်နှာတစ်ချက်ပျက်သွားလေ၏။ 

"ကိုကလည်း စိတ်လျှော့ပါ။ စန္ဒီလာတွေ့တာမှ မဟုတ်တာ။ ဒီတိုင်းဈေးဝယ်ထွက်ရင်း ရည်းစားဟောင်းကို တွေ့လို့နှုတ်ဆက်တာလေ။ ဘာလဲ ... ချေတာလား"

"မင်းနဲ့ စကားဆက်ပြောစရာအကြောင်း မရှိဘူး"

သူ့ချစ်သူလေး သံသယဖြစ်နေမည်စိုးသော ဇေယျာက 'ကလေး သွားမယ်' ဟု တိုးတိုးဆိုကာ ထွက်လာခဲ့ကြတော့သည်။ သို့သော် ထိုစကားအား အကင်းပါးလွန်းသည့်စန္ဒီ ကြားလိုက်သည်ကိုတော့ နှစ်ယောက်လုံးသတိမထားမိကြပါပေ။ ဟိန်းဇေယျာ၏ဆွေနီးမျိုးစပ်ကအစ အားလုံးသိရှိခဲ့သော မိန်းကလေးသည် 'ကလေး' ဟု တရင်းတနှီးခေါ်သံကြားပါမှ ခပ်ကြောင်ကြောင်နှင့် တွေဝေကျန်ရစ်ခဲ့တော့၏။

........................

ရေးကြီးသုတ်ပျာ ငွေရှင်းပြီး ထွက်ခဲ့ရသောခန့်ခန့်အဖို့ သည်ကိစ္စက စိတ်အနှောက်အယှက် မဖြစ်ပါဘူးဟုတော့ လိမ်ညာ၍မရပေ။ မျက်နှာတွင်အထင်းသား ပေါ်နေမည်ဖြစ်သော စိုးထိတ်မှုကို အဲ့လူကြီးလည်း မြင်နိုင်လိမ့်မည်ပင်။ နဂိုကမှ အတွေးများတတ်သူအတွက် ယခုလို ထိပ်တိုက်တွေ့ဆုံလိုက်ရခြင်းက လူကိုမခံချိမခံသာဖြစ်စေသည်။

ချစ်သူက ကားတံခါးဖွင့်ပေးလို့ ခန့်ခန့် ကားပေါ်ရောက်သည်အထိ စိတ်ထွေနေဆဲဖြစ်သည်။ သူ့အာရုံတွင် ထိုအစ်မကြီး၏ ပြောပုံဆိုပုံတွေသာ ပြန်မြင်ယောင်နေသည်။ သိပ်လှပသောအမျိုးသမီးတစ်ဦးဖြစ်ပြီး ပြောပုံကအကြောက်အရွံ့နည်းပါးမှန်း သူ တစ်ခဏမြင်ရုံနှင့် မှန်းကြည့်လို့ရတာပင်။ ခုနကစကားများအရ သူချစ်ရသောလူကြီး ပြန်ရအောင်လိုက်နေတာ သေချာသည်။

ခန့်ခန့် တွေ့ခဲ့ပုံအား ထပ်ခါတလဲလဲ ပြန်ပုံဖော်ကြည့်မိသည်။ ရုပ်လည်းချောသလို၊ ခန္ဓာကိုယ်အချိုးအစားကလည်း ပြေပြစ်သည်။ ယောကျ်ားတွေ မျက်စိကျချင်စရာ အမျိုးသမီးအသွင်အပြင်မျိုးပါပဲ။ အဲ့လူကြီးပင်လျှင် ချစ်ခဲ့ဖူးသည်၊ လက်ထပ်ဖို့ထိပင် ရည်ရွယ်ခဲ့ဖူးသည်ဆိုတော့ သည်အမျိုးသမီး ခဏခဏသာ အရောတဝင်ပြန်လုပ်နေလျှင် လူကြီးများ ပြန်စိတ်ယိုင်သွားမလား။

ကားစက်နှိုးပြီးချိန် ခါးပတ်,ပတ်ရန်ကိုပင် မေ့လျော့နေသည်ထိ ခန့်ခန့် အသိစိတ်မကပ်နိုင်တော့ပေ။ သူ့ချစ်သူကို ယုံသည်ဆိုသော်ငြား အကြွင်းမဲ့တော့ မဟုတ်သေးချေ။ သူနှင့်ကိစ္စက ယောကျ်ားလေးချင်းဖြစ်၍ ဘယ်အချိန်၊ ဘယ်အတိုင်းအတာထိ လေးနက်ပါမည်လဲ။ တွေးရင်းက ခန့်ခန့် တုန်လှုပ်လာ၏။ မချစ်လျှင်ဘယ်သူမှမရှိလည်း တစ်ယောက်တည်းရပ်တည်နိုင်ခဲ့သလို၊ တကယ်တမ်း ချစ်မိပြန်ပါပြီဆိုတော့ အဲ့လူကြီးမရှိလျှင် သူအဆင်ပြေနိုင်တော့မည်မဟုတ်။ ဒါကိုလည်း အခုကဲ့သို့ အပြိုင်ပေါ်လာမှသာ ကိုယ်တိုင်သဘောပေါက်လာရခြင်း ဖြစ်သည်။

"ကလေး ကလေး! ကိုယ်ပြောနေတာကြားလား"

"ဟမ် ... ဘာပြောလိုက်တာလဲ"

ငေးကြောင်ကြောင်နှင့် ခန့်ခန့်မှာ သတိတစ်ချက်မူရင်း အသိစိတ်တို့ ပြန်ထိန်းချုပ်လိုက်ရ၏။

"သူ့ကို စိတ်ထဲထားမနေနဲ့လို့။ ပြီးတော့ ကျန်တဲ့ဝယ်စရာတွေ ကိုယ် မနက်ဖြန်အိမ်လာရင်းမှ ဝယ်ခဲ့မယ်နော်"

"လူကြီး"

ဈေးဝယ်ရမည့်ကိစ္စအပေါ် စိတ်ဝင်စားမှုမရှိတော့သော ခန့်ခန့်က မှေးမှိန်သောမျက်ဝန်းတွေဖြင့်သာ ဇေယျာ့ကိုကြည့်နေခဲ့တာဖြစ်သည်။

"သူ့ကို ချစ်နေသေးလား"

မူလအပြောကိုဂရုမထားနိုင်စွာ အမေးတစ်ခုနှင့် တုံ့ပြန်မိလေတော့ ချစ်သူလည်း သူ့အခြေအနေကို သဘောပေါက်ဟန်ရှိလာသည်။ ဒါမို့ သွားဖို့ရာပြင်ထားပြီးကာမှ ကားမထွက်သေးဘဲ ခါးပတ်ကိုပြန်ဖြုတ်ပြီး သူ့ဖက်လှည့်လာသည်။

"ကြည့် ... ကလေး အဲလိုတွေလျှောက်တွေးနေတော့မယ်ဆိုတာ ထင်လိုက်တယ်။ ကိုယ်ပြောပြီးပြီလေ၊ ကိုယ့်ဘဝမှာ ကလေးကလွဲပြီး နောက်ထပ်ဆိုတာ ထပ်မရှိနိုင်တော့ဘူးလို့။ သူ့ကိုလည်း ချစ်ဖို့နေနေသာသာ နာကျည်းတဲ့စိတ်နဲ့ကို မမြင်ချင်တော့တာ။ ကိုယ်ချစ်တာယုံနော်"

ချစ်သူ့အပြောကို မျက်တောင်မခတ်တမ်း နားထောင်ရင်း စိုးရွံ့နေသည့်မျက်ဝန်းတို့မှာ ငွေရည်များ ရစ်သိုင်းချင်လာသည်။ သဝန်တိုသည်ထက်ပိုသော၊ ဆုံးရှုံးရမည်ကို တွေးကြောက်လာမိသော အရိပ်အခြေတို့က မျက်ဝန်းအိမ်တို့တွင် အထင်အရှားဖြစ်ပေါ်လာချေပြီ။

"လူကြီး ချစ်တယ်"

"ဟင်! ဘယ်လိုပြောလိုက်တယ်"

"ကလေးလည်း ချစ်တယ်လို့၊ အရမ်းချစ်တယ် ... အဲဒါမို့ ထားမသွားနဲ့နော်"

ဇေယျာရဲ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီးပြောနေသည့် ခန့်ခန့်တစ်ယောက်မှာ မျက်ရည်တွေကလည်း အဝိုင်းသားနှင့်။ တစ်ခါမျှမပြောဖူးသေးသော ချစ်စကားကို ပြောမဲ့ပြောမိတော့လည်း သည်လိုငိုမဲ့မဲ့ပုံစံနှင့် ဖြစ်နေလေပြီ။

"ကလေးရယ် ကိုယ်ပျော်လိုက်တာ။ ကလေးဆီက ကိုယ့်ကိုချစ်တယ်ဆိုတဲ့ စကားကြားရဖို့ ကိုယ်ဘယ်လောက်မျှော်လင့်ထားခဲ့ရသလဲ။ ချစ်လိုက်တာကွာ။ စိတ်ချ ... ကိုယ် ကလေးကို ဘယ်တော့မှမထားခဲ့ဘူး၊ မျက်ရည်တွေမကျနဲ့တော့"

ရင်တွင်းက တဟုတ်ဟုတ်ပြောချင်နေသော်လည်း အသံမထွက်ပါပေ၊ ခေါင်းကိုသာ တဆတ်ဆတ်ညိတ်လေတော့ မျက်ရည်စတွေက ဘောင်းဘီပေါ်ကြွေဆင်းလေသည်။ သည်တော့လည်း ချစ်သူကမျက်ရည်တွေကို လက်မလေးနှင့်ပင် အသာသုတ်ပေးလာတာပါပဲ။ သူ့အချစ်ကို ထုတ်ပြလိုက်ရလို့ အဲ့လူကြီးပျော်သွားပုံက သစ္စာတရား၏အရိပ်အယောင်တွေကို မီးမောင်းထိုးပြလိုက်သလိုနှယ်။

"ကလေး ... ဟိုလေ ကိုယ်ကလေးကို နမ်းလို့ရမလား"

"ဟမ်"

သူများနောက်ပါသွားမှာစိုး၍ ငိုနေမိသူကိုမှ အားမနာ၊ နမ်းဖို့လာခွင့်တောင်းနေသေးသည်။ အဲလူကြီးတစ်ယောက်နှင့်တော့ ခန့်ခန့်ခမျာ ရယ်ရခက်၊ ငိုရခက်ပါပဲ။ ကားပါကင်လိုနေရာကြီးမှာမို့ လူကဘယ်လိုမှရဲမနေပါပေ။

"ကိုယ့်ကို သူများနောက်ပါသွားမှာကြောက်ပြီး ငိုနေတဲ့ကလေးလေးကို အရမ်းအသည်းယားနေပြီ၊ ဘယ်လိုလုပ်ရပါ့မလဲ၊ ဒီနေ့တော့ ကိုယ့်ကိုနမ်းခွင့်ပေးမယ်မလား"

အမြဲတစေမတွေ့ရသော သူတို့အဖို့ အနမ်းဆိုတာလည်း လစ်တုန်းခိုးနမ်းရသည့် လျှပ်တပြက်အနမ်းတချို့သာ ရှိတတ်သည်။ ဒါမို့လည်း ခန့်ခန့် ခေါင်းညိတ်ချလိုက်တာပင်။ လူကလည်း သည်နေ့မှပိုလို့အချစ်တိုးနေသည်မလား။

"အင်း"

ငိုမဲ့မဲ့မျက်နှာလေးက ရှက်ရိပ်သမ်းနေတော့ မှောင်ရိပ်တွင်ပင် ပန်းသွေးရောင်ထင်းနေသည်။ ဇေယျာမှာလည်း မွှေးညှင်းနုလေးတွေကအစ မြင်နေရသည့် မျက်နှာလေးအား နာကျင်မှာစိုးသည့်စိတ်နှင့် ကြမ်းကြမ်းတမ်းတမ်းပင် မနမ်းဖြစ်ပေ။ ချစ်စိတ်ရွှင်ကာ နှုတ်ခမ်းဖူးဖူးလေးပေါ် အနမ်းပန်းများကြဲချတော့ ခန့်ခန့်ခမျာ တွန့်ခနဲပါပဲ။

အချစ်ရပ်ဝန်းမှာဖြင့် မြင်မြင်သမျှ အရာရာတိုင်းဟာ ကြည်နူးဖွယ်အတိနှင့်သာ။

(1/10/2020)

••••••••••••••••••••••••••••••••••••••••••••••••••

<Zawgyi>

မိုးစက္မိုးေပါက္တို႔ တဖြဲဖြဲျဖာက်ေနေလသည္။ သည္းထန္ေနေအာင္ ရြာေနတာမ်ိဳးမဟုတ္ေသာ္လည္း ကားမွန္ဆီကိုေတာ့ ခပ္မွန္မွန္ရိုက္ခတ္ေနတာပင္။ ဂ်ဴလိုင္လ၏ မိုးဖြဲသည့္ေန႔ရက္ေတြက ခပ္စိတ္စိတ္သာ ျဖစ္ေပၚလ်က္ရွိ၏။ ညေနဖက္ဆိုလၽွင္ ဘယ္သြားသြား မိုးစိုေနတတ္သည္။ တစ္ခါတစ္ရံ မနက္ခင္းပင္မလြတ္ရ၊ ေနေရာင္လည္းမထြက္သလို မွိုင္းအုံ႔ေနတတ္တာပင္။

အလုပ္ကျပန္ခဲ့ၿပီျဖစ္ေသာ ဟိန္းေဇယ်ာတစ္ေယာက္ မိုးေရစက္ေတြမမွုပါဘဲ အေျပးအလႊားေမာင္းႏွင္ေနရ၏။ အခုခ်ိန္ဆို ေက်ာင္းကျပန္ေရာက္ေနၿပီျဖစ္ေသာ လူႀကီးေပါက္စေလးက ေစာင့္ေနေလာက္ၿပီမလား။ ေန႔လယ္ထမင္းစားခ်ိန္ကတည္းက သူ သြားခ်င္သည့္ေနရာေတြကို တန္းစီေျပာထားျခင္းေၾကာင့္ လိုက္ပို႔ရန္လည္း အသင့္ျဖစ္ေနေလၿပီ။

တစ္ပတ္ႏွစ္ခါေလာက္သာ ေတြ႕ျဖစ္ၾကတာမို႔ ညေနခင္းေတြဆိုတာ ေဇယ်ာ့အတြက္ အဖိုးတန္အခ်ိန္ေလးေတြပါပဲ။ ကေလးတစ္ေယာက္ကိုခ်စ္မိေတာ့ အလိုလိုက္ရသည္က အမ်ားသား။ ေတာင္းဆိုသမၽွ ျဖည့္ဆည္းေပးခ်င္ေတာ့လည္း သူစားသလို ကိုယ္စားျဖစ္ၿပီး သူလုပ္သမၽွ ကိုယ္ကေငးၾကည့္ရတာပင္။

အခုလည္း ညေနစာအား ေျမအိုးၿမီးရွည္စားမည္။ ကိုရီးယားဆိုင္က ေတာ့ပုကီဆိုတာကိုလည္း လိုက္စားေပးရမည္။ သူေျပာေနက် ငါးအသားေခ်ာင္းဆိုတာကလည္း ပါဆယ္ကမလြတ္ေစရ။ ေဇယ်ာ့၏သေဘာအရဆိုလၽွင္ ေအးေအးေဆးေဆးထိုင္လို႔ရသည့္ ဆိုင္ေကာင္းေကာင္းတြင္ ညေနစာတိတိပပ လိုက္ေကၽြးခ်င္တာျဖစ္သည္။

သိုေပမဲ့ ခန႔္ခန႔္ဆိုသည္မွာ သူ႔အိမ္ႏွင့္ဆိုမစားရသည့္ အစားမွန္သမၽွ အလိုလိုက္ကာ လိုက္ေကၽြးေစခ်င္တာပင္။ သည္လိုဆိုလို႔ ဝယ္ေကၽြးမည္ဆိုလၽွင္ မာနခဲေလးမွာ လက္မခံ။ ပိုက္ဆံျပတ္ခ်ိန္ တစ္ခါတေလ ေခ်းငွါးသည္ကလြဲ၍ ေငြေရး၊ ေၾကးေရးကိစၥအားလည္း အရွုပ္မခံ။ ဘယ္လိုမွမလြယ္သည့္ အေကာင္ေပါက္ေလးပင္။

"အဲ့လူႀကီး ဘာေတြေတြးေနတာလဲ၊ ကၽြန္ေတာ္ေျပာတာေရာၾကားလား"

"ကေလးရာ ... ရည္းစားျဖစ္တာပဲ ၁လေက်ာ္ေနၿပီ။ ကိုယ့္ကို အဲ့လူႀကီးလို႔ပဲ ေခၚေနဦးမွာလား"

ကားေမာင္းရင္းက ေဇယ်ာ ညည္းညည္းညဴညဴ ေျပာမိျခင္းျဖစ္၏။ သို႔ေသာ္ ပထမဆုံးအႀကိမ္ ညည္းညဴမိျခင္းေတာ့လည္း မဟုတ္ျပန္ပါ။ နားလည္မွုအရသာ လြန္ခဲ့သည့္တစ္လမွစ၍ ခ်စ္သူေတြ ျဖစ္ၾကသည္။ ခန့္ခန့္က ေဇယ်ာကို ခ်စ္ပါတယ္ဆိုတာမ်ိဳး တစ္ခါမွမေျပာဖူးေသး။

'ဒါဆို ကိုယ္တို႔က ဘာေတြလဲ၊ ခ်စ္သူေတြလား'လို႔ ေဇယ်ာကေမးလၽွင္ေတာ့ 'အင္းေပါ့' ဟု ေျဖတတ္သည့္ေကာင္ကေလးရယ္ပါ။ 'ခ်စ္သူေတြဆို ခ်စ္တယ္' လို႔ ေျပာဆိုလၽွင္ေတာ့ ခန့္ခန့္ ေဝ့လည္ေၾကာင္ပတ္ႏွင့္ စကားကို ခ်စ္စရာေကာင္းေအာင္ ေရွာင္ထြက္ေျပာတတ္သည္ခ်ည္း။

"အဲ့လူႀကီးဆိုတာပဲ ေခၚေနက်ဟာ၊ ကၽြန္ေတာ္ တျခားဟာ မေခၚတတ္ပါဘူး"

"သူမ်ားအတြဲေတြလို ကိုကိုတို႔၊ ဘာတို႔ ေခၚသင့္တာေပါ့။ ဘာလဲ ... အဲ့လူႀကီး၊ အဲ့လူႀကီးနဲ႔"

မိုးေရစက္ေတြကို ဝိုက္ပါႏွင့္ဖယ္ရွင္းရင္း ေမာင္းေနရသူက ေဘးကေကာင္ေလးကို မအားမလပ္လွည့္ၾကည့္ရေသးသည္။ သူကစိတ္ဆိုးဟန္ျပေတာ့ ကေလးတစ္ေယာက္မွာ ျပဳံးၿဖီးၿဖီးႏွင့္။ တီရွပ္လက္ရွည္အျပာႏုေရာင္ပြပြတြင္ သူခ်စ္ရသည့္ခႏၶာကိုယ္ေသးေသးေလးမွာ နစ္ျမဳပ္မတတ္ရွိလွသည္။ ေက်ာင္းကျပန္လာၿပီးမွ အျပင္သြားရသည္မို႔ ထုံးစံအတိုင္း အပီျပင္ဆင္ထားသည့္ ေကာင္ေလးပါပဲ။

"မရယ္နဲ႔၊ တကယ္ေျပာေနတာ။ ကိုယ့္ကို ၾကင္ၾကင္နာနာေလးေခၚ"

"အိုေခေလ၊ ေျပာင္းေတာ့ေခၚမယ္။ ဒါေပမဲ့ ကၽြန္ေတာ္က မိန္းကေလးမဟုတ္ေတာ့ ကိုကိုလို႔ေတာ့ ခၽြဲခၽြဲႏြဲ႕ႏြဲ႕မေခၚနိုင္ဘူး။ အဲ့လူႀကီးကေန လူႀကီးလို႔ေခၚမယ္"

"ဘာမွေျပာင္းသြားတာလည္း မဟုတ္ဘူး"

"ဟာ ... သုံးလုံးကေန ႏွစ္လုံးျဖစ္သြားတယ္ေလ။ အဲဒါပဲေခၚခ်င္တယ္ဗ်ာေနာ္ ... မဂ်စ္နဲ႔"

သူကမ်ား မဂ်စ္နဲ႔တဲ့ လာေသးသည္။ သို႔ေသာ္လည္း ဟိန္းေဇယ်ာဆိုသည္မွာ စိုင္းမင္းခန႔္အေပၚ ဘယ္ေသာအခါမၽွ နိုင္ရိုးမရွိ၊ ထုံးစံအတိုင္း အလိုလိုက္အႀကိဳက္ေဆာင္ရမည္သာ။

"ဟုတ္ၿပီ၊ အဲဒါဆို ကိုယ့္ကိုလည္း တစ္ခုလိုက္ေလ်ာေပး"

"ဘာလဲ"

သူ႔ကိုေတာင္းဆိုမယ္ဆိုေတာ့ ေဘာက္ဆတ္ဆတ္ျပန္ေျပာတတ္သည္။ အေတာ္လည္း ခ်စ္စရာေကာင္းသည့္ ေကာင္ကေလးရယ္ပါ။

"ကေလးကိုယ္ကေလး နာမ္စားသုံးရင္ ကၽြန္ေတာ္ဆိုတာႀကီး မသုံးနဲ႔။ ကေလးလို႔ပဲသုံး"

"စိတ္ပါရင္ေပါ့"

ေဇယ်ာ မ်က္ေမွာင္ၾကဳတ္ျပေလေတာ့ ခန႔္ခန႔္က ဟက္ဟက္ပက္ပက္ ရယ္ေမာျပန္သည္။ သူတို႔ႏွစ္ဦးတြင္ လူႀကီးဆန္မလိုလိုႏွင့္ ကေလးဆန္ေနသည္မွာ ေဇယ်ာျဖစ္ၿပီး၊ ကေလးဆန္သည့္ပုံစံႏွင့္ လူႀကီးစကားေျပာတတ္သည္က ခန့္ခန့္ျဖစ္ေနေလ၏။

တကယ္ေတာ့ လူေတြဟာအခ်စ္ႏွင့္ေတြ႕လၽွင္ အသက္အရြယ္ေသာ္လည္းေကာင္း၊ က်ားမေသာ္လည္းေကာင္း၊ အတၱ၊မာနေတြကိုေသာ္လည္းေကာင္း မတူညီတာေတြမွန္သမၽွ ခဝါခ်ၿပီး အခ်စ္မွာေပ်ာ္ဝင္မိၾကသူခ်ည္းပါပဲ။

.......................

စာၿပီးရင္းစာလုပ္ေနရေသာ ေက်ာင္းသားေလးခန့္ခန့္တြင္ ထပ္တိုးေလ့လာရသည္က လက္ရွိတက္ၿပီးသြားေသာ OBM သင္တန္းက မွတ္သားစရာေတြပင္။ စာသင္ကာလၿပီးသြားၿပီမို႔ အတန္းမွာ တက္စရာမလိုေတာ့ေပ။ သို႔ေသာ္ ဒီပလိုမာရခ်င္သူမ်ားကေတာ့ ယူေကကက်င္းပေသာ ICM Exam ကို ဝင္ေျဖၾကရမွာျဖစ္သည္။ အတန္းတက္သည့္ လူႀကီးေတာ္ေတာ္မ်ားမ်ားက မေျဖျဖစ္ၾက။ သို႔ေသာ္ ခန႔္ခန႔္အဖို႔ေတာ့ ေမေမက ေျဖရမည္တဲ့ေလ။

ခန႔္ခန႔္ေျဖမည္ဆိုေတာ့ သူ႔၏ခ်စ္ရသူကပါ အတူလိုက္ေျဖဖို႔ေျပာရွာသည္။ ကိုယ္ကေတာ့ စာက်က္ေနက်အရြယ္မို႔ ကိစၥသိပ္မရွိေသာ္လည္း၊ အဲ့လူႀကီးအဖို႔ေတာ့ အလုပ္တစ္ဖက္ႏွင့္မို႔ မေျဖဖို႔ေဖ်ာင္းဖ်ပါေသးသည္။ သို႔ေသာ္ စာေမးပြဲအတူေျဖလို႔ ေအာင္ၾကလၽွင္ အသက္မတူေသာ္လည္း ဘြဲ႕တူတူယူနိုင္မည့္ အခြင့္အေရးရမွာပင္။

သည္လိုဆိုေတာ့လည္း စာေသခ်ာၾကည့္ၾကပါသည္။ ခန႔္ခန႔္ ေက်ာင္းပိတ္သည့္ရက္၊ ခ်စ္သူလည္း အလုပ္အားသည့္ရက္ဆို တစ္ဖက္အိမ္မွာ စာလိုက္ၾကည့္ရသည္။ အေၾကာင္းျပခ်က္ေကာင္းေကာင္းႏွင့္ အတူတူရွိေနတတ္ၾကတာမို႔ ႏွစ္ဖက္မိဘမ်ားကလည္း မရိပ္မိၾကေပ။ တိတ္တခိုးခ်စ္ၾကရေပမဲ့ မရိပ္မိေသးတာ ေတာ္ေသးတယ္ေျပာရမည္ပင္။

ဒါမို႔ ဟိုအိမ္သည္အိမ္ ဆက္ဆံေရးအဆင္ေျပေအာင္ သူကပဲ ႀကိဳႀကိဳတင္တင္ႏွင့္ သံတမန္သဖြယ္ ျပဳမူေနရသည္မလား။

"အန္တီ ... ေမေမက အုန္းနို႔ေခါက္ဆြဲခ်က္ၿပီး ထည့္ေပးလိုက္တယ္ဗ်"

"ဟယ္ ဟုတ္လား။ ခ်ိဳင့္ႀကီးနဲ႔အမ်ားႀကီးကြယ္ယ္။ သား ေမေမက ေက်ာင္းကိစၥေတြတစ္ဖက္နဲ႔ လုပ္ေပးရတာ၊ အားနာစရာ"

"အားမနာပါနဲ႔ အန္တီ။ ေမေမက သားစာသြားက်က္ရင္ ဘယ္ေလာက္ေတာင္စားခဲ့လဲလို႔ ျပန္ေရာက္တိုင္းေမးတယ္။ ေမေမကသာ သားအစား အန္တီတို႔ကို အားနာေနတာပါ"

ေျပာလည္းေျပာ၊ အားပါးတရလည္း စားတတ္ပါေသာ အန္တီေဒၚၾကည္ျပာက သူ႔ကိုခ်စ္ေပးရွာလို႔ ေက်းဇူးတင္ရေသးသည္။ သို႔ေသာ္ သားျဖစ္သူႏွင့္ ခ်စ္သူေတြမ်ားျဖစ္ေနၾကတာသိလၽွင္ ဘယ္လိုတုန႔္ျပန္ပါမည္နည္း။ ေတြးမိတိုင္း ေခါင္းရွုပ္၊ စိတ္ရွုပ္ရေသာ အေၾကာင္းအရာတခ်ိဳ႕ပါပဲ။

"သားႀကီး အေပၚမွာရွိတယ္ေလ၊ တက္သြား သား။ စာေမးပြဲေျဖရမွာက နီးၿပီလား"

"ေနာက္လပါ အန္တီ"

ခန႔္ခန႔္ ေသခ်ာေျဖအၿပီး တက္ဖူးေနက်ေလွကားအတိုင္း အေပၚထပ္အခန္းဆီ ေလၽွာက္လာျဖစ္သည္။ ဧည့္သည္တစ္ေယာက္လို မဆက္ဆံေတာ့ဘဲ အဲ့လူႀကီး၏သူငယ္ခ်င္းတစ္ေယာက္လို ခြင့္ျပဳထားတာမို႔ သူ႔အဖို႔ လြတ္လပ္မွုရွိပါသည္။ အန္တီႏွင့္သာမက မမရြယ္ကလည္း သိပ္ခင္တတ္သူပင္။ သူ႔ကိုဆို အေရးတယူဆက္ဆံေပးေသာ ေႏြးေထြးသည့္အစ္မတစ္ေယာက္ပါပဲ။ အန္ကယ္ႏွင့္ေတာ့ သိပ္မဆုံျဖစ္၍ စကားမ်ားမ်ားမေျပာဖူးေခ်။

"လူႀကီး"

အခန္းေရွ႕အေရာက္ ကၽြန္းတံခါးကိုေခါက္ကာ ခပ္တိုးတိုးေခၚရသည္။ ခ်က္ခ်င္းဆိုသလို လာဖြင့္ေတာ့လည္း ဝါးခနဲ ကေလးတစ္ေယာက္လို စေနေသး၏။ တကယ္ပါပဲ ... မႀကီးမငယ္ႏွင့္ ကေလးဆန္တယ္ေျပာလၽွင္လည္း မႀကိဳက္သည့္လူႀကီးပင္။

"ဘာစတာလဲ၊ လက္သီးစာမိမယ္"

လုပ္ေနက်အမူအရာအတိုင္း လက္သီးဆုပ္ေထာင္ျပကာ အခန္းႀကီးထဲ ဝင္ခဲ့ေလသည္။ သူ႔ခ်စ္သူကေတာ့ အခန္းတံခါးပိတ္ၿပီး ေနာက္ကလိုက္လာေလတာ မသာမယာႏွင့္။ စိတ္ပါလက္ပါစေနတာကို သူကေၾကာက္ဟန္မျပလို႔ပဲျဖစ္မည္။

"ကေလးရာ ... ကိုယ္စလိုက္ရင္ လက္သီးစာမိမယ္ ဆိုတာႀကီးပဲ။ တစ္ခါတေလ ခၽြဲခၽြဲႏြဲ႕ႏြဲ႕ေလး ဆိုးပါေတာ့လား၊ ကိုယ္ေခ်ာ့ခ်င္လို႔ပါ"

ေဇယ်ာကမူ ႏွစ္ေယာက္ဆိုဖာခုံတြင္ ဝင္ထိုင္ရင္း သူ႔ဆႏၵအား ထုတ္ေဖာ္ေျပာ၏။ ဒါသည္လည္း ပထမဆုံးအႀကိမ္ ဟုတ္မေနျပန္ပါ။ ခန႔္ခန႔္ကေတာ့ အေရးမစိုက္ဟန္ျပဳၿပီး လြယ္ထားသည့္အိတ္ထဲက စာအုပ္ေတြစီထုတ္ေနရင္း၊

"ခၽြဲႏြဲ႕ေနရေအာင္ လူႀကီးေတာ္ထားတဲ့ခ်စ္သူက မိန္းကေလးမဟုတ္ဘူး။ ေယာက်္ားဗ် ... ေယာက်္ား၊ သတိေလးထားဦး"

"ေယာက်္ားလည္း ခၽြဲရပါတယ္ကြာ။ ကိုယ့္နားလာပါဦး ... အဲစာအုပ္ေတြ ၿပီးမွကိုင္၊ မေတြ႕ရတာ ၄ရက္ေတာင္ရွိၿပီ။ ကိုယ့္ခ်စ္သူမ်က္ႏွာေလးကို အဝၾကည့္ပါရေစဦး"

စာၾကည့္စားပြဲဆီကေန ခန႔္ခန႔္ လွမ္းၾကည့္ေလေတာ့ လက္ယက္ေခၚေနေသာလူႀကီးက တကယ့္ကေလးအတိုင္း။ အျမဲလိုလို ယုယုယယ၊ ၾကင္ၾကင္နာနာ ေနခ်င္သူပါေပ။ တကယ္ေတာ့ ခန့္ခန့္လည္း သူမ်ားေတြလို ခၽြဲတတ္ခ်င္ပါသည္။ ရည္းစားသက္တမ္း တစ္လသာရွိေသးေတာ့ ရွက္သလို၊ ရြံ႕သလိုႏွင့္ မလုပ္ရဲ၍သာ။

သို႔ႏွင့္ ခ်စ္သူေတာင္းဆို၍ အနားသြားထိုင္သည့္ခန့္ခန့္အား ေဇယ်ာက ကေလးတစ္ေယာက္လို ေပြ႕ဖက္လာသည္။ အရပ္ရွည္ရွည္ႏွင့္ ခႏၶာကိုယ္ေတာင့္ေတာင့္ ခ်စ္သူကိုရထားတာမို႔ အခုလိုဖက္ခံလိုက္ရၿပီဆိုလၽွင္ ခန႔္ခန႔္ ကိုယ္လုံးေသးေသးက နစ္ျမဳပ္ရင္း ေပ်ာက္ကြယ္သြားသေယာင္ရွိသည္။ ၿပီးလၽွင္ေတာ့ ထုံးစံအတိုင္း ဆံသားတို႔ကိုဖြကာ နမ္းလိုက္ရမွေက်နပ္သူလည္း ျဖစ္၏။

"အသက္ရွုက်ပ္တယ္ေနာ္"

"ဘာျဖစ္လဲ ဖက္မွာပဲ၊ ကိုယ္ဘယ္ေလာက္လြမ္းေနရလဲ"

"လြမ္းပါတယ္"

ခန့္ခန့္ ေရရြတ္မိသည္က ခပ္တိုးတိုးမၽွသာ။ ထုတ္ေျပာရမည္ကို ရွက္တတ္သည္က ခန႔္ခန႔္၏ပုံစံတစ္ခုလို ျဖစ္ေနသည္။ ဒါမို႔ အခ်စ္သာခံသည္၊ သူကခ်စ္မျပျဖစ္။ အနမ္းသာခံသည္၊ သူကမူ ျပန္မနမ္းျဖစ္။ ရည္းစားသက္တမ္း မၾကာေသး၍ သူ႔အတြက္ အနမ္းခံရသည္ကိုပင္ က်င့္သားရတာမၾကာေသးေပ။

"ကေလး ဘာေျပာလိုက္တာ"

"ဘာမွမေျပာပါဘူး၊ စာလုပ္ၾကမယ္။ လႊတ္ေပးေတာ့"

"ျပန္မေျပာရင္ လႊတ္မေပးေတာ့ဘူး"

"လႊတ္မေပးရင္ ေအာက္ထပ္ကၾကားေအာင္ ေအာ္လိုက္မွာ"

ခန့္ခန့္၏နိုင္ကြက္ ေနာက္တစ္ခုက လူႀကီးေတြပင္။ တကယ္မတိုင္မွန္း သိေနတာေတာင္ အဲ့လူႀကီးတို႔မ်ား သိပ္ေၾကာက္တတ္သည္။ အလိုမက်ေနသည့္မ်က္ႏွာႀကီးကို ပက္လက္အေနအထားျဖင့္ ျမင္ေနရေတာ့ ခန့္ခန့္ လွစ္ခနဲျပဳံးမိ၏။ သည္တြင္ သူ႔ႏွာသီးဖ်ားထိပ္ေလးအား လက္ႏွစ္ေခ်ာင္းႏွင့္ ညႇပ္ခံလိုက္ရတာပင္။

"ကိုယ္ အျပစ္ေပးရမလား ... ေျပာ"

လာျပန္ပါၿပီ သည္အျပစ္ေပးနည္း။ နေမာ္နမဲ့နိုင္လြန္းသည့္ သူ႔အတြက္ အဲ့လူႀကီးေပးေသာ အျပစ္ဆိုသည္မွာ မပြင့္တပြင့္အနမ္းတခ်ိဳ႕ပင္။ တစ္ခါကဆို ေဈးဝယ္ထြက္ၾကရင္း ခန့္ခန့္ အစားငမ္းၿပီး ဖုန္းယူရင္းက နေမာ္နမဲ့ႏွင့္ လက္ကေခ်ာ္ၿပီး က်ကြဲသည္။ သို႔ေသာ္ ခ်စ္သူက တစ္ခြန္းမွမဆူ၊ မေငါက္ပါပဲ 'ဘာလို႔နေမာ္နမဲ့နိုင္ရတာလဲ ကေလးရဲ့' ဟု အသာဆိုကာ သူ႔ပါးကိုသာ နမ္းပစ္ေလ၏။ ထိုေန႔က ဆိုင္ထဲမွာလူေတြရွိတာမို႔ ခန့္ခန့္ ရွက္ၿပီး ထြက္ေျပးရသည္အထိပါပဲ။

အဲဒီေနာက္ေတာ့ လူျမင္ကြင္းဆိုပိုလို႔ နေမာ္နမဲ့ မနိုင္ရဲေတာ့။ အစစအရာရာ သတိထားၿပီး လုပ္တတ္လာသည္။ သူရွက္တတ္မွန္းသိလို႔ သည္နည္းသုံးၿပီး တမင္ပညာေပးသည္တဲ့ေလ။ ခန့္ခန့္လည္း ထိုအနမ္းတို႔အား မႀကိဳက္သည္ေတာ့မဟုတ္၊ သို႔ေသာ္ အေတာ္ေနရခက္သည္။ ေယာက်္ားခ်င္း ညီအစ္ကိုလိုေနရင္းက ခဏခဏနမ္းခံေနရသည့္အျဖစ္အား တစ္လအတြင္း ေတာ္ေတာ္ႏွင့္အသားမက်နိုင္။ ၾကက္သီးထခ်င္သလိုလို၊ အသဲယားသလိုလိုႏွင့္ အေသြးအသားတို႔ ေျခာက္ျခားခ်င္၏။

"ဒါအမွားလုပ္တာမွမဟုတ္တာ။ ၿပီးေတာ့ တကယ္အျပစ္ေပးတာလား၊ လူႀကီးကိုယ္တိုင္ နမ္းခ်င္လို႔လား မသဲကြဲဘူး"

"ကိုယ့္ခ်စ္သူပဲ နမ္းခ်င္တာေပါ့၊ မနမ္းရဘူးလား"

"မနမ္းနဲ႔"

ခန့္ခန့္ သူေျပာခ်င္ရာေျပာၿပီး စာအုပ္ဆီ ထထြက္ေလသည္။ မၾကာခင္ အနမ္းခံရေတာ့မည္ကို သိသူပီပီ အလ်င္အျမန္ေရွာင္ေျပးထြက္ျခင္းပါပဲ။ သူ႔ခ်စ္သူမွာေတာ့ ထိုင္ရာကမထ၊ စာလုပ္ခ်င္စိတ္လည္း ရွိပုံမေပၚလွပါေပ။ ခ်စ္သူတို႔သဘာဝ တီတီတာတာ ေျပာေနခ်င္သူသာ ျဖစ္သည္။

"အဲဒါဆို စာမၾကည့္ဘူးေနာ္။ ကိုယ့္ဆီျပန္လာခဲ့၊ တစ္ခါပဲနမ္းမွာ"

"ဇြတ္ပါလား လူႀကီးရာ၊ ဒါဆိုတစ္ခါပဲေနာ္"

"အင္း တစ္ခါပဲ"

ရင္ခုန္ေနေသာခန႔္ခန႔္တစ္ေယာက္ ႏွစ္ေယာက္ထိုင္ဆိုဖာေလးဆီပင္ ဘယ္လိုျပန္ေရာက္သြားသည္မသိ။ တစ္ပတ္ႏွစ္ခါေလာက္သာေတြ႕ျဖစ္တာမို႔ သူတို႔ၾကားကအနမ္းေတြဆိုတာ လက္ခ်ိဳးေရတြက္လို႔ရသည္ထိ ရွားပါးေသးတာပင္။ သည္ေတာ့လည္း သူရင္ခုန္မိေလတာ ဆန္းျပားသလား။

သူအနားေရာက္သည္ႏွင့္ လူႀကီးတစ္ေယာက္က ေပါင္ကိုပုတ္ျပသည္။ ဆိုဖာေပၚမထိုင္ေစဘဲ တမင္ေပါင္ေပၚထိုင္ခိုင္းေလေတာ့ ခန႔္ခန႔္ ၾကက္သီးဖ်န္းဖ်န္းထမိေတာ့သည္။ တကယ္ပဲ တစ္ခါဆိုတာကို ကတိတည္မည့္သူလား။

ခ်စ္သူစိတ္တိုင္းက်ထိုင္ေလေတာ့ လူကအိခနဲ။ ေျခေထာက္ကို အေပၚတင္ေစသည္အထိ စိတ္ရွည္လက္ရွည္ ေစာင့္ဆိုင္းသူပါေပ။ ၿပီးလၽွင္ သူ႔ေခါင္းအား အေနာက္ကလက္တစ္ဖက္ႏွင့္ ထိန္းေပးထားေသးသည္။ မသိလၽွင္ ကေလးတစ္ေယာက္က ေပြ႕ခ်ီေနသည့္အလား။ မ်က္လုံးေတြကလည္း သူ႔မ်က္ႏွာျပင္မွ ဘယ္လိုမွဖယ္ခြာလို႔မရေလာက္ေအာင္ထိ ဆြဲညႇို႔ေစငင္ေနသည္။

"ဘာၾကည့္ေနတာမွာလဲ၊ နမ္းမွာဆိုနမ္းေလ"

"နမ္းမွာပါ၊ ေလာလွခ်ည္လား"

"ျမန္ျမန္နမ္းၿပီး ျမန္ျမန္စာက်က္ဖို႔ ေျပာတာပါ။ ကတိအတိုင္း တစ္ခါပဲေနာ္"

ေခါင္းတစ္ခ်က္ညိတ္ကာ မ်က္ႏွာကိုနီးကပ္လာေစေတာ့ ခန႔္ခန႔္မ်က္လုံးတို႔ကို မွိတ္ခ်လိုက္မိသည္။ သူ႔ႏွုတ္ခမ္းတစ္စုံဆီ ဖိက်လာေလေသာ အျခားႏွုတ္ခမ္းတစ္စုံက ႏူးညံ့ျခင္းမ်ားစြာႏွင့္ ထိေတြ႕သည္။ အေပၚႏွင့္ေအာက္ႏွုတ္ခမ္းသားတို႔ကို တစ္လွည့္စီဆြဲယူနမ္းရွိုက္ေနေလေတာ့ ခန႔္ခန႔္ရင္တြင္ သိမ့္ခနဲခုန္ရျပန္သည္။ လက္တစ္ဖက္ကပင္ ကိုင္ထားေသာအဲ့လူႀကီးပုခုံးအား ဖိညႇစ္မိသည့္အထိ။

သူ႔ေခါင္းေလးကို အသာထိန္းရင္း အလွည့္အေျပာင္းတိုင္းကို ညင္သာစြာနမ္းရွိုက္ေနေသာ အဲ့လူႀကီးက 'တစ္ခါပဲနမ္းမွာပါ' ဆိုေသာ သူ႔စကားကိုေတာ့ ရေအာင္တည္ေနေလသည္။ ခန႔္ခန႔္ ေမ့ေနသည္က တစ္ခါနမ္းဆိုရာတြင္ အခ်ိန္ကန႔္သတ္ခ်က္မွမရွိေလပဲ။

...........................

မနက္ျဖန္ဆိုလၽွင္ မိုးရာသီတြင္ေမြးဖြားေသာ ခန့္ခန့္၏ေမြးေန႔ပင္။ ေဇယ်ာသည္လည္း မိုးရာသီေမြးဖြားတာျဖစ္ေသာ္ျငား မိုးေႏွာင္းပိုင္းကာလသို႔ ေရာက္သည္။ သူ႔အဖို႔ေတာ့ ေမြးေန႔တြင္ ထူးထူးျခားျခား ဘာမွမလုပ္ျဖစ္ေသာ္ျငား ကေလးတစ္ေယာက္ကေတာ့ သူ႔ေမြးေန႔ကို အိမ္မွာပဲ မိသားစုႏွင့္သူငယ္ခ်င္းေတြေခၚၿပီး BBQ party လုပ္မည္တဲ့။ 'ကိုယ္ေရာလာလို႔ရလား' ဟုေမးလၽွင္ 'ေဟာဒီက လူႀကီးက မပါမျဖစ္ပါဗ်' ဟု ခ်စ္စရာေကာင္းေအာင္ ေျဖတတ္သူမွာ သူ႔ခ်စ္သူပင္ျဖစ္၏။

ဒါမို႔ ေဇယ်ာကပဲ ခန့္ခန့္ႏွင့္အတူ အသားႏွင့္လိုသည့္ပစၥည္းမ်ားဝယ္ရန္ ေစ်းဝယ္လိုက္ကူရသည္။ အန္တီတို႔ႏွင့္လည္း ရင္းႏွီးေနၿပီးသားမို႔ ထူးၿပီးခြင့္ေတာင္းေနစရာ မလိုေတာ့ေပ။ သိုေသာ္ အန္ကယ္ႏွင့္အန္တီတို႔ မိသားစုကိုျမင္တိုင္း သူတို႔တစ္ဦးတည္းသားေလးကို ခ်စ္မိေလတာ အျပစ္တစ္ခုလို ခံစားရစျမဲပင္။ သူတို႔ကိစၥသိလၽွင္ သေဘာတူဖို႔ ရာခိုင္ႏွုန္းဆိုတာ အေတာ္နည္းသည္မလား။

ထိုအေၾကာင္းေတြကို ေဇယ်ာ ေခတၱျပန္ေမ့ထားၿပီး ေဈးဝယ္ထြက္ေနတာကိုပင္ အာ႐ုံထားလိုက္သည္။ သူ႔ေဘးက  ခ်စ္သူေလးကိုလွည့္ၾကည့္ေလေတာ့ ေပါ့ေပါ့ပါးပါး ျမဴးထူးေနတာပင္။ အပူပင္ကင္းသည့္ပုံစံေလး ျမင္ရတာလည္း သူတစ္မ်ိဳးစိတ္ခ်မ္းသာရသည္။

ခ်စ္သူေတြလို႔သာ ဆိုၾကသည္။ အျပင္အတူတူသြားျဖစ္ၾကလၽွင္ ေဇယ်ာက ခန့္ခန့္ ေနရခက္မည္စိုး၍ လက္ကိုပင္ကိုင္မထားတတ္၊ လြတ္လြတ္လပ္လပ္ေနေစသည္။ တစ္ခါတစ္ရံမွသာ အသည္းယား၍ ေခါင္းပုတ္တာမ်ိဳး၊ ပုခုံးေပၚလက္တင္ေလၽွာက္တာမ်ိဳး လုပ္ျဖစ္ေလ၏။ စိတ္ကပဲ မလုံေလလို႔လားမသိ၊ ထို႔ထက္ပိုရင္းရင္းႏွီးႏွီးေနမိၾကလၽွင္ အမ်ားရိပ္မိမွာကို အထူးစိုးရိမ္မိတာ သူ႔အက်င့္ပင္။ သူတို႔ႏွစ္ေယာက္သား တြဲေနသည္ကိုလည္း သူငယ္ခ်င္းထက္ျမက္ႏွင့္ ကေလးသူငယ္ခ်င္း ခန့္ကိုဆိုသူသာ သိၾကသည္။

"အဲလူႀကီး ဝက္သားစားလား"

"စားပါတယ္"

"ဒီသုံးထပ္သား ယူရမလား။ ဟိုဖက္က အသားခ်ည္းပဲဟာ ယူရင္ေကာင္းမလား"

ႏွစ္ေယာက္သား အကင္စားဖို႔အတြက္ ေဈးဝယ္သာထြက္လာၾကသည္၊ တကယ္ဆို အစားအေသာက္ႏွင့္ ပတ္သက္လၽွင္ ႏွံ့ႏွံ့စပ္စပ္သိသူမ်ားမဟုတ္။ ခန့္ခန့္မိခင္ေရးေပးလိုက္သည့္ စာရင္းကိုၾကည့္ကာ ဟိုဟာေကာင္းနိုး၊ သည္ဟာေကာင္းနိုး ျငင္းေနၾကသည္က ခပ္ၾကာၾကာပင္။ ထို႔ေနာက္ အသားကင္ႏွင့္လိုက္ဖက္သည့္ ေဆာ့စ္ေရြးေနၾကခ်ိန္ မထင္မွတ္ေသာအသံတစ္ခုက သူတို႔ေနာက္မွထြက္ေပၚလာေခ်သည္။

"ဟယ္ ... ကို တိုက္တိုက္ဆိုင္ဆိုင္ပါလား"

ႏွစ္ဦးသားမွာ မန္က်ည္းအႏွစ္ေဆာ့တစ္ဗူးစီကိုင္ကာ ေၾကာင္လ်က္သား။ တကယ္ဆို တိုက္ဆိုင္ျခင္းမ်ိဳးမဟုတ္၊ စႏၵီသည္ အိမ္မွထြက္ကတည္းက ေနာက္ေယာင္ခံလိုက္လာျခင္းကို ဟိန္းေဇယ်ာ နည္းနည္းမွမရိပ္မိခဲ့ေပ။ အခုလိုခ်ိန္မွ လာႏွုတ္ဆက္ေလေတာ့ ခ်စ္သူကိုလည္း အေတာ္အားနာရေလၿပီ။

"မင္း ကိုယ့္လမ္းကိုယ္သြားရင္ ေကာင္းမယ္ထင္တယ္"

ေဇယ်ာ့စကားေၾကာင့္ ခန႔္ခန႔္ကရိပ္မိပုံရၿပီး လန့္သြားသလို မိတ္ကပ္ေဖြးေဖြးႏွင့္ စႏၵီသည္လည္း မ်က္ႏွာတစ္ခ်က္ပ်က္သြားေလ၏။ 

"ကိုကလည္း စိတ္ေလၽွာ့ပါ။ စႏၵီလာေတြ႕တာမွ မဟုတ္တာ။ ဒီတိုင္းေဈးဝယ္ထြက္ရင္း ရည္းစားေဟာင္းကို ေတြ႕လို႔ႏွုတ္ဆက္တာေလ။ ဘာလဲ ... ေခ်တာလား"

"မင္းနဲ႔ စကားဆက္ေျပာစရာအေၾကာင္း မရွိဘူး"

သူ႔ခ်စ္သူေလး သံသယျဖစ္ေနမည္စိုးေသာ ေဇယ်ာက 'ကေလး သြားမယ္' ဟု တိုးတိုးဆိုကာ ထြက္လာခဲ့ၾကေတာ့သည္။ သို႔ေသာ္ ထိုစကားအား အကင္းပါးလြန္းသည့္စႏၵီ ၾကားလိုက္သည္ကိုေတာ့ ႏွစ္ေယာက္လုံးသတိမထားမိၾကပါေပ။ ဟိန္းေဇယ်ာ၏ေဆြနီးမ်ိဳးစပ္ကအစ အားလုံးသိရွိခဲ့ေသာ မိန္းကေလးသည္ 'ကေလး' ဟု တရင္းတႏွီးေခၚသံၾကားပါမွ ခပ္ေၾကာင္ေၾကာင္ႏွင့္ ေတြေဝက်န္ရစ္ခဲ့ေတာ့၏။

........................

ေရးႀကီးသုတ္ပ်ာ ေငြရွင္းၿပီး ထြက္ခဲ့ရေသာခန့္ခန့္အဖို႔ သည္ကိစၥက စိတ္အေႏွာက္အယွက္ မျဖစ္ပါဘူးဟုေတာ့ လိမ္ညာ၍မရေပ။ မ်က္ႏွာတြင္အထင္းသား ေပၚေနမည္ျဖစ္ေသာ စိုးထိတ္မွုကို အဲ့လူႀကီးလည္း ျမင္နိုင္လိမ့္မည္ပင္။ နဂိုကမွ အေတြးမ်ားတတ္သူအတြက္ ယခုလို ထိပ္တိုက္ေတြ႕ဆုံလိုက္ရျခင္းက လူကိုမခံခ်ိမခံသာျဖစ္ေစသည္။

ခ်စ္သူက ကားတံခါးဖြင့္ေပးလို႔ ခန႔္ခန႔္ ကားေပၚေရာက္သည္အထိ စိတ္ေထြေနဆဲျဖစ္သည္။ သူ႔အာ႐ုံတြင္ ထိုအစ္မႀကီး၏ ေျပာပုံဆိုပုံေတြသာ ျပန္ျမင္ေယာင္ေနသည္။ သိပ္လွပေသာအမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး ေျပာပုံကအေၾကာက္အရြံ႕နည္းပါးမွန္း သူ တစ္ခဏျမင္႐ုံႏွင့္ မွန္းၾကည့္လို႔ရတာပင္။ ခုနကစကားမ်ားအရ သူခ်စ္ရေသာလူႀကီး ျပန္ရေအာင္လိုက္ေနတာ ေသခ်ာသည္။

ခန့္ခန့္ ေတြ႕ခဲ့ပုံအား ထပ္ခါတလဲလဲ ျပန္ပုံေဖာ္ၾကည့္မိသည္။ ႐ုပ္လည္းေခ်ာသလို၊ ခႏၶာကိုယ္အခ်ိဳးအစားကလည္း ေျပျပစ္သည္။ ေယာက်္ားေတြ မ်က္စိက်ခ်င္စရာ အမ်ိဳးသမီးအသြင္အျပင္မ်ိဳးပါပဲ။ အဲ့လူႀကီးပင္လၽွင္ ခ်စ္ခဲ့ဖူးသည္၊ လက္ထပ္ဖို႔ထိပင္ ရည္ရြယ္ခဲ့ဖူးသည္ဆိုေတာ့ သည္အမ်ိဳးသမီး ခဏခဏသာ အေရာတဝင္ျပန္လုပ္ေနလၽွင္ လူႀကီးမ်ား ျပန္စိတ္ယိုင္သြားမလား။

ကားစက္ႏွိုးၿပီးခ်ိန္ ခါးပတ္,ပတ္ရန္ကိုပင္ ေမ့ေလ်ာ့ေနသည္ထိ ခန႔္ခန႔္ အသိစိတ္မကပ္နိုင္ေတာ့ေပ။ သူ႔ခ်စ္သူကို ယုံသည္ဆိုေသာ္ျငား အႂကြင္းမဲ့ေတာ့ မဟုတ္ေသးေခ်။ သူႏွင့္ကိစၥက ေယာက်္ားေလးခ်င္းျဖစ္၍ ဘယ္အခ်ိန္၊ ဘယ္အတိုင္းအတာထိ ေလးနက္ပါမည္လဲ။ ေတြးရင္းက ခန့္ခန့္ တုန္လွုပ္လာ၏။ မခ်စ္လၽွင္ဘယ္သူမွမရွိလည္း တစ္ေယာက္တည္းရပ္တည္နိုင္ခဲ့သလို၊ တကယ္တမ္း ခ်စ္မိျပန္ပါၿပီဆိုေတာ့ အဲ့လူႀကီးမရွိလၽွင္ သူအဆင္ေျပနိုင္ေတာ့မည္မဟုတ္။ ဒါကိုလည္း အခုကဲ့သို႔ အၿပိဳင္ေပၚလာမွသာ ကိုယ္တိုင္သေဘာေပါက္လာရျခင္း ျဖစ္သည္။

"ကေလး ကေလး! ကိုယ္ေျပာေနတာၾကားလား"

"ဟမ္ ... ဘာေျပာလိုက္တာလဲ"

ေငးေၾကာင္ေၾကာင္ႏွင့္ ခန့္ခန့္မွာ သတိတစ္ခ်က္မူရင္း အသိစိတ္တို႔ ျပန္ထိန္းခ်ဳပ္လိုက္ရ၏။

"သူ႔ကို စိတ္ထဲထားမေနနဲ႔လို႔။ ၿပီးေတာ့ က်န္တဲ့ဝယ္စရာေတြ ကိုယ္ မနက္ျဖန္အိမ္လာရင္းမွ ဝယ္ခဲ့မယ္ေနာ္"

"လူႀကီး"

ေဈးဝယ္ရမည့္ကိစၥအေပၚ စိတ္ဝင္စားမွုမရွိေတာ့ေသာ ခန႔္ခန႔္က ေမွးမွိန္ေသာမ်က္ဝန္းေတြျဖင့္သာ ေဇယ်ာ့ကိုၾကည့္ေနခဲ့တာျဖစ္သည္။

"သူ႔ကို ခ်စ္ေနေသးလား"

မူလအေျပာကိုဂ႐ုမထားနိုင္စြာ အေမးတစ္ခုႏွင့္ တုံ႔ျပန္မိေလေတာ့ ခ်စ္သူလည္း သူ႔အေျခအေနကို သေဘာေပါက္ဟန္ရွိလာသည္။ ဒါမို႔ သြားဖို႔ရာျပင္ထားၿပီးကာမွ ကားမထြက္ေသးဘဲ ခါးပတ္ကိုျပန္ျဖဳတ္ၿပီး သူ႔ဖက္လွည့္လာသည္။

"ၾကည့္ ... ကေလး အဲလိုေတြေလၽွာက္ေတြးေနေတာ့မယ္ဆိုတာ ထင္လိုက္တယ္။ ကိုယ္ေျပာၿပီးၿပီေလ၊ ကိုယ့္ဘဝမွာ ကေလးကလြဲၿပီး ေနာက္ထပ္ဆိုတာ ထပ္မရွိနိုင္ေတာ့ဘူးလို႔။ သူ႔ကိုလည္း ခ်စ္ဖို႔ေနေနသာသာ နာက်ည္းတဲ့စိတ္နဲ႔ကို မျမင္ခ်င္ေတာ့တာ။ ကိုယ္ခ်စ္တာယုံေနာ္"

ခ်စ္သူ႔အေျပာကို မ်က္ေတာင္မခတ္တမ္း နားေထာင္ရင္း စိုးရြံ႕ေနသည့္မ်က္ဝန္းတို႔မွာ ေငြရည္မ်ား ရစ္သိုင္းခ်င္လာသည္။ သဝန္တိုသည္ထက္ပိုေသာ၊ ဆုံးရွုံးရမည္ကို ေတြးေၾကာက္လာမိေသာ အရိပ္အေျခတို႔က မ်က္ဝန္းအိမ္တို႔တြင္ အထင္အရွားျဖစ္ေပၚလာေခ်ၿပီ။

"လူႀကီး ခ်စ္တယ္"

"ဟင္! ဘယ္လိုေျပာလိုက္တယ္"

"ကေလးလည္း ခ်စ္တယ္လို႔၊ အရမ္းခ်စ္တယ္ ... အဲဒါမို႔ ထားမသြားနဲ႔ေနာ္"

ေဇယ်ာရဲ့လက္ႏွစ္ဖက္ကို ဆုပ္ကိုင္ၿပီးေျပာေနသည့္ ခန႔္ခန႔္တစ္ေယာက္မွာ မ်က္ရည္ေတြကလည္း အဝိုင္းသားႏွင့္။ တစ္ခါမၽွမေျပာဖူးေသးေသာ ခ်စ္စကားကို ေျပာမဲ့ေျပာမိေတာ့လည္း သည္လိုငိုမဲ့မဲ့ပုံစံႏွင့္ ျဖစ္ေနေလၿပီ။

"ကေလးရယ္ ကိုယ္ေပ်ာ္လိုက္တာ။ ကေလးဆီက ကိုယ့္ကိုခ်စ္တယ္ဆိုတဲ့ စကားၾကားရဖို႔ ကိုယ္ဘယ္ေလာက္ေမၽွာ္လင့္ထားခဲ့ရသလဲ။ ခ်စ္လိုက္တာကြာ။ စိတ္ခ် ... ကိုယ္ ကေလးကို ဘယ္ေတာ့မွမထားခဲ့ဘူး၊ မ်က္ရည္ေတြမက်နဲ႔ေတာ့"

ရင္တြင္းက တဟုတ္ဟုတ္ေျပာခ်င္ေနေသာ္လည္း အသံမထြက္ပါေပ၊ ေခါင္းကိုသာ တဆတ္ဆတ္ညိတ္ေလေတာ့ မ်က္ရည္စေတြက ေဘာင္းဘီေပၚေႂကြဆင္းေလသည္။ သည္ေတာ့လည္း ခ်စ္သူကမ်က္ရည္ေတြကို လက္မေလးႏွင့္ပင္ အသာသုတ္ေပးလာတာပါပဲ။ သူ႔အခ်စ္ကို ထုတ္ျပလိုက္ရလို႔ အဲ့လူႀကီးေပ်ာ္သြားပုံက သစၥာတရား၏အရိပ္အေယာင္ေတြကို မီးေမာင္းထိုးျပလိုက္သလိုႏွယ္။

"ကေလး ... ဟိုေလ ကိုယ္ကေလးကို နမ္းလို႔ရမလား"

"ဟမ္"

သူမ်ားေနာက္ပါသြားမွာစိုး၍ ငိုေနမိသူကိုမွ အားမနာ၊ နမ္းဖို႔လာခြင့္ေတာင္းေနေသးသည္။ အဲလူႀကီးတစ္ေယာက္ႏွင့္ေတာ့ ခန့္ခန့္ခမ်ာ ရယ္ရခက္၊ ငိုရခက္ပါပဲ။ ကားပါကင္လိုေနရာႀကီးမွာမို႔ လူကဘယ္လိုမွရဲမေနပါေပ။

"ကိုယ့္ကို သူမ်ားေနာက္ပါသြားမွာေၾကာက္ၿပီး ငိုေနတဲ့ကေလးေလးကို အရမ္းအသည္းယားေနၿပီ၊ ဘယ္လိုလုပ္ရပါ့မလဲ၊ ဒီေန႔ေတာ့ ကိုယ့္ကိုနမ္းခြင့္ေပးမယ္မလား"

အျမဲတေစမေတြ႕ရေသာ သူတို႔အဖို႔ အနမ္းဆိုတာလည္း လစ္တုန္းခိုးနမ္းရသည့္ လၽွပ္တျပက္အနမ္းတခ်ိဳ႕သာ ရွိတတ္သည္။ ဒါမို႔လည္း ခန႔္ခန႔္ ေခါင္းညိတ္ခ်လိုက္တာပင္။ လူကလည္း သည္ေန႔မွပိုလို႔အခ်စ္တိုးေနသည္မလား။

"အင္း"

ငိုမဲ့မဲ့မ်က္ႏွာေလးက ရွက္ရိပ္သမ္းေနေတာ့ ေမွာင္ရိပ္တြင္ပင္ ပန္းေသြးေရာင္ထင္းေနသည္။ ေဇယ်ာမွာလည္း ေမႊးညႇင္းႏုေလးေတြကအစ ျမင္ေနရသည့္ မ်က္ႏွာေလးအား နာက်င္မွာစိုးသည့္စိတ္ႏွင့္ ၾကမ္းၾကမ္းတမ္းတမ္းပင္ မနမ္းျဖစ္ေပ။ ခ်စ္စိတ္ရႊင္ကာ ႏွုတ္ခမ္းဖူးဖူးေလးေပၚ အနမ္းပန္းမ်ားၾကဲခ်ေတာ့ ခန႔္ခန႔္ခမ်ာ တြန႔္ခနဲပါပဲ။

အခ်စ္ရပ္ဝန္းမွာျဖင့္ ျမင္ျမင္သမၽွ အရာရာတိုင္းဟာ ၾကည္ႏူးဖြယ္အတိႏွင့္သာ။

(1/10/2020)

••••••••••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co