Truyen3h.Co

နှောင်ကြိုး

Part-27

Fi_Lay



<Unicode>

"လာပြီ ... မေမေရ"

အောက်ထပ်က ဆူဆူညံညံအော်ခေါ်သံကြောင့်သာ ချက်ချင်းထလိုက်သည်။ ခန့်ခန့် ဘယ်ဖက်နားထင်တွင်တော့ သွေးကြောတို့ တဒုတ်ဒုတ်နှင့်။ ဒါမို့အိပ်ရာနိုးလျှင် အမြန်မထချင်တာပါပဲ။ သို့သော်အောက်ကလည်းခေါ်နေပြီမို့ ခန့်ခန့် လှေကားလက်ရန်းကို ကိုင်ဆင်းရင်း အမောတကောခေါ်ရသည့် အကြောင်းအရင်းကို စဉ်းစားရသည်။

ဒေါ်မိမိနိုင်မှာတော့ အိပ်ချင်မူးတူးနှင့် ဆင်းလာသောခန့်ခန့်အား လှေကားခြေရင်းမှ စူးစိုက်ကာကြည့်နေသည်။ အမေဖြစ်သူ၏ ဒေါသအခိုးအငွေ့တွေကို ခံစားမိလိုက်သော ခန့်ခန့်ကတော့ စိတ်ထဲမလုံမလဲ ဖြစ်လာလေ၏။

ဟိုကိစ္စ မေမေများ သိသွားပြီလား။

"မေမေ ဘာလဲ"

"မင်း ဘာတွေမဟုတ်တာလုပ်ထားလဲ၊ ငါ့ကိုမှန်မှန်ပြောစမ်း ... စိုင်းမင်းခန့်"

နာမည်အပြည့်အစုံပါခေါ်၍ ဒေါသဘုံထနေပုံပေါက်လျှင် မေမေသိသွားပြီဟု ခန့်မှန်းမိလိုက်သည်။ ခန့်မှန်းမိသည်နှင့်တပြိုင်နက်တည်း ဖျင်းခနဲထလာသော ကြက်သီးမွှေးညှင်းများအား မေမေ မမြင်အောင် ဖုန်းဖိထားချင်မိသည်။ တစ်ခဏအတွင်းမှတင် လက်ဖျား၊ ခြေဖျားတို့မှာလည်း အေးစက်လာလေတာ ရုတ်ချည်းဆိုသလိုပါပဲ။

"သား ဘာလုပ်လို့လဲ"

နောက်ဆုံးသောမျှော်လင့်ချက်ကို ဆုပ်ကိုင်ရင်း သူ မသိကျေးကျွန်ပြုကာ ပြန်မေးလိုက်ရသည်။ မဟုတ်ပါစေနဲ့ဟု အကြိမ်ကြိမ်အခါခါ ဆုတောင်းနေမိတာကတော့ သူ့ကိုယ်စောင့်နတ်နှင့် မြတ်စွာဘုရားသာ အသိဆုံးဖြစ်လိမ့်မည်ပင်။

"သားဘာလုပ်လို့လဲ ဟုတ်လား။ မင်းမဟုတ်တာတွေလုပ်ထားပြီး ကျောင်းမှာသတင်းတွေ ပျံ့ချင်တိုင်းပျံ့နေတယ်ဆို။ အဲဒါကို လေသံခပ်အေးအေးနဲ့ သားဘာလုပ်လို့လဲလို့ ပြောရဲသေးသလား စိုင်းမင်းခန့်ရဲ့"

ဒေါ်မိမိနိုင်ကမူ စိတ်တိုလွန်း၍ ခန့်ခန့်၏ လက်မောင်းသားများကို ခပ်ဆတ်ဆတ် ဆွဲရိုက်ရင်းပြောသည်။ လှေကားရင်းတွင် ရပ်နေမိသောခန့်ခန့်မှာတော့ အမေဖြစ်သူ၏ဆွဲချက်ကို အောက်တစ်ထစ်ဆီ အလျင်အမြန် ပြုတ်ကျသွားလေ၏။ နှုတ်ကတတွတ်တွတ်ပြောရင်း တရစပ်ရိုက်နေသော အချက်ရေတို့အရ ဒေါသလှိုင်းတို့ကိုလိုက်၍ မရေမတွက်နိုင်ပါပေ။

"ပြောလေ၊ အခုမှ ဘာမထုံတတ်တေးလုပ်နေရတာလဲ။ ငါ့ဒေါသကို လာဆွနေတာလားမင်းက"

ခန့်ခန့်တစ်စက်မှမအော်ဘဲ ငြိမ်ခံနေမိသည်။ သူ့အဖို့ ခုခံနိုင်စရာ အခြေအနေပင်မရှိ။ မည်သို့မှ လက်ခံနိုင်မည် မဟုတ်မှန်းကိုလည်း ကနဦးအစကပင် မှန်းထားပြီးဖြစ်သည်။ သိသွားလျှင် မိုးမိလောင်သည်ထက်ဆိုးနိုင်သည်ကို သိခဲ့ပါလျက် သူ ရူးရူးမိုက်မိုက် ရှေ့တိုးခဲ့ခြင်းပင်။

"ဟဲ့ ... ငါ့မြေးကို ဘာလို့အဲ့လောက်ရိုက်နေတာလဲ။ ပါးစပ်ကပဲပြောစမ်းပါ၊ ညည်း အဲလိုတွေကို ကလေးကို နိုင်ထက်စီးနင်း မလုပ်စမ်းပါနဲ့။ ဘာဖြစ်တာလဲ၊ ပါးစပ်ကသေချာပြော"

အကြောင်းကိစ္စ သေချာမပြောမဆိုနှင့် အဆက်မပြတ်ရိုက်နေသည့် ဒေါ်မိမိနိုင်အား မိခင်ဖြစ်သူမှ ဆူငေါက်ရင်းဝင်ဆွဲရသည်။ တရှုံ့ရှုံ့နမ်းမဝဖြစ်ရပါသော မြေးငယ်အား လက်မောင်းသားများရဲအောင် ရိုက်နေလေခြင်းအား အဘွားဖြစ်သူမှာ ဘယ်လိုမှမရှူစိမ့်ပါပေ။

"မေမေ ဘာသိလို့လဲ။ ခုနကပဲ သူတို့ဌာနမှုးက ဖုန်းလှမ်းဆက်တယ်။ ခန့်ခန့်အကြောင်း သူတို့ကျောင်းမှာ သတင်းပျံ့နေတာ၊ ပြောလို့မကောင်းပေမဲ့ မဖြစ်သင့်တာ မဖြစ်ရအောင်လို့ လှမ်းပြောပေးတာပါတဲ့လေ"

ဒေါ်မိမိနိုင်ကပြောရင်း အသက်ပြင်းပြင်းတစ်ချက်အား ကြားဖြတ်ရှူရှိူက်ကာ အားယူလိုက်သည်။ ပြီးမှ၊

"မေမေ့မြေးကလေ ယောက်ျားချင်းကြိုက်နေတာတဲ့တော်ရေ"

ရင်ဘတ်စည်တီးကာ မငိုကြွေးရုံတမယ်ရှိလှသော မိခင်အား ခန့်ခန့် ဘယ်လိုမှမော့မကြည့်ရဲပေ။ ရိုက်သမျှ ခေါင်းငုံ့ခံပြီး နှုတ်ဆိတ်သာနေမိသည်။ အဘွားဖြစ်သူအားလည်း မျက်နှာချင်းမဆိုင်ရဲပါပေ။

"ဘုရား ... ဘုရား။ အမလေး ... ငါ့မြေးက ဒီလောက်လိမ္မာတာ။ မဖြစ်နိုင်တာ၊ ဟဲ့ ... မြေး မဟုတ်ဘူးမလား၊ မင်းဆရာမပြောတာ မဟုတ်ဘူးမလား။ မေကြီးကို မှားရင်မှားနေတဲ့အကြောင်း သေချာပြန်ပြောလိုက်လေ"

အဖွားဖြစ်သူ၏စကားကြောင့် ခန့်ခန့်ခမျာ ခေါင်းငိုက်စိုက်လျက် လက်ချောင်းချင်းသာ အကြိမ်ကြိမ် ပွတ်သပ်နေမိသည်။ 'ဒီလောက်လိမ္မာတာ' တဲ့၊ သူ့အတွက် အမြဲချီးမွမ်းစကားဆိုတတ်သောအဘွားက အခုလို ယောကျ်ားချင်းကြိုက်နေတာသာ အမှန်လို့ဝန်ခံလိုက်လျှင် မလိမ္မာတော့ဘူးလို့ ပြောမည်လားမသိ။

တရှုံ့ရှုံ့အော်ငိုနေကြသော အမေနှင့်အဘွားကြောင့် ခန့်ခန့် ဆက်ငြိမ်နေ၍မဖြစ်တော့။ အဖြေတစ်ခု ပေးမှရတော့မည်။ ငြင်းမရသည့်အဆုံး ထုတ်ပြောရုံရှိတော့တာပေါ့။ ဒါမို့တုန်ရင်နေသည့် အဖွားနှင့် ဒေါသမာန်ပြင်းထန်နေသည့် အမေ့ကိုမော့ကြည့်ကာ တည်ငြိမ်ဟန်အပြည့် ပြင်ဆင်လိုက်သည်။
 
"ဟုတ်တယ် ဘွား၊ သားမှာ ချစ်တဲ့သူရှိတယ်။ ပြီးတော့ သူကတီချယ်ပြောသလို ယောကျ်ားတစ်ယောက်ပါ"

"ဟမ်"

"ကြည့် ... ပြောတယ်မလား၊ ဒီလိမ္မာပါတယ်ဆိုတဲ့မြေးကြီး ဘယ်လောက်မိုက်လုံးနက်ထားသလဲ"

ခန့်ခန့်၏ အဖြေကိုကြားလိုက်ရသည့် အဘွားဖြစ်သူမှာ သွေးပျက်မတတ်။ ကြားရုံသာကြားဖူးပြီး လက်တွေ့ဖြစ်ပျက်သည်ကို ကြုံရသည်က မိမိမြေးအရင်းထံတွင် ဖြစ်သည်။ ဒေါ်မိမိနိုင်ကမူ မယုံကြည်နိုင်ဖြစ်နေသော အမေဖြစ်သူကို ဖြည်းဖြည်းတွဲကာ ဆိုဖာခုံပေါ်တွင်ထိုင်စေ၏။ ပြီးမှ သားဖြစ်သူဆီ ပြန်လှည့်ရင်း၊

"မင်း မရှက်ဘူးလား၊ ဦးနှောက်မရှိဘူးလား ... ဟမ်။ အဲဒီခြောက်တဲ့စိတ်တွေက ဘယ်ချိန်ကတည်းက ဝင်နေတာလဲ။ ပြောစမ်းပါ ခန့်ခန့်ရဲ့၊ ငါ့ကိုပြောစမ်းပါ။ နင်က အခြောက်ဖြစ်နေပြီလား"

ခန့်ခန့် တည်တည်ငြိမ်ငြိမ် ပြောခဲ့သော်ငြား လူကအကြောက်လွန်ကာ ပူထူလာသည်။ မိခင်၏ထိုးနှက်သမျှ စကားတို့ကိုသာ မတုပ်မလှုပ်သည့်ဟန်ဖြင့် အားစိုက်နားထောင်ရသည်။ အတွင်းစိတ်တွင်တော့ ခန္ဓာကိုယ်ကြီးတစ်ခုလုံး ယိုင်လဲလောက်အောင်ထိ ကြေကွဲနေပြီဖြစ်သည်။

သို့သော် မတုန်မလှုပ်နှင့် ဘာမှပြန်မပြောဘဲ မထိမဲ့မြင်ပုံစံရှိသော ထိုမျက်နှာအမူအယာကပဲ ဒေါ်မိမိနိုင်အား ပိုစိတ်တိုစေသည်။ အဖွားဖြစ်သူကိုလည်း ပိုဝမ်းနည်းစေတာဖြစ်၏။

"ဒီကိစ္စကို ရှက်စရာလို့မတွေးလို့ သားမရှက်ဘူး မေမေ။ ပြီးတော့ မေမေပြောသလို အရှက်မဲ့စရာကောင်းအောင် ခြောက်နေတာမျိုးလည်း မဟုတ်ဘူး။ ဒီတိုင်း လူတစ်ယောက်ကို ချစ်မိသွားတာ။ ဒါပေမဲ့ ယောကျ်ားတစ်ယောက်ကို ချစ်မိသွားတာ။ မေမေတို့ အရှက်ရပါစေတော့ဆိုပြီး ရည်ရွယ်လုပ်ခဲ့တာမျိုးမဟုတ်ဘူး"

"ဟဲ့ ... ယောကျ်ားချင်းကြိုက်ရင် ရှက်စရာပဲ။ အမလေး ပြောရတာတောင် ကြက်သီးထလိုက်တာ၊ မအပ်မစပ် အတတ်ကောင်းတွေ မင်းကိုဘယ်သူသင်ပေးလိုက်သလဲ။ အခုကြိုက်နေတယ်ဆိုတဲ့ကောင်က ဘယ်သူလဲ၊ ဘယ်ကလေကချေလဲ။ ပြောစမ်းပါ ခန့်ခန့်ရဲ့"

"...."

ခန့်ခန့်  တိတ်ဆိတ်သွားရပြန်သည်။ ချစ်သူဖြစ်သည့် ဇေယျာ့နာမည်အား သူ လုံးဝထုတ်မပြောချင်။ မိဘတွေက ချစ်သူ့အပေါ် နဂိုရှိရင်းစွဲက ခင်မင်ကြသည်မလား။ သူနှင့်ကိစ္စကြောင့် အပြစ်တင်မုန်းတီးသွားမှာကို မလိုလားပေ။ 

"ပြောလေ။ ငါမေးနေတယ် ... ဘယ်သူလဲလို့"

"ဟ ... ဘာတွေဆူညံနေကြတာလဲ။ ခြံတံခါးကြီးလည်း ပိတ်မထားကြဘူး"

အချိန်ကောင်းတွင် ရောက်လာခြင်းပါပဲ။ ဦးမင်းဟန်တစ်ယောက် မောပမ်းပြန်လာပြီး ဆူညံသံတွေကြားရတော့ စိတ်မရှည်စွာ ငေါက်ငမ်းလိုက်တာဖြစ်သည်။ စိတ်တိုနေသည့် ဒေါ်မိမိနိုင်ကလည်း ယောကျ်ားဖြစ်သူအား ခရီးရောက်မစိုက်ပင် ဖြစ်ကြောင်းကုန်စင် ရှင်းပြတော့၏။

"ဘယ်လိုဖြစ်နိုင်မှာလဲ ငါ့သားက"

ဦးမင်းဟန် သူ့နားသူ မယုံနိုင်အောင် ဖြစ်သွားသည်။ တစ်ဆက်တည်း မတ်တပ်ရပ်နေဆဲရှိသည့် ခန့်ခန့်ကိုပါ လှည့်ကြည့်လာလေ၏။

"ဟုတ်လို့ ခုပဲဝန်ခံထားတာရှင်။ ဘယ်သူနဲ့လဲသာ ဆက်မေးကြည့်တော့"

ခန့်ခန့် ခေါင်းကိုငုံ့ချလိုက်သည်က ဝန်ခံလိုက်သည့်နှယ်။ သည်တော့မှ ဦးမင်းဟန်မျက်ဝန်းတို့ ပြူးကျယ်သွားသည်။ မျက်နှာမှာလည်း ရဲသွေးနီပြီး ချွေးစို့လာသည်မှာ အတိုင်းသား။

"သား ဘယ်သူနဲ့လဲ ပြောစမ်း၊ ကျောင်းကပဲလား"

"..."

ခန့်ခန့်မှာတော့ ခေါင်းတွေပူထူကာ မျက်ရည်ပါဝဲလာသည်။ သည်ပြဿနာအား သူတစ်ယောက်တည်းသာ ကြိတ်မှိတ်ခံလိုက်ချင်သည်။ ချစ်သူ၏အမည်နာမအား ထုတ်ပြောလိုက်ဖို့ မဝံ့ရဲပါပေ။ နာမည်ပြောပြလိုက်မှ မိဘတွေက ချစ်သူ့အား ပြဿနာသွားရှာမှာလည်း စိုးရိမ်သည်။ နှစ်ဖက်စလုံးကမိဘတွေသိသွားလျှင် ပြဿနာက မိုးမီးလောင်သလို ကြီးသွားနိုင်လေရဲ့။

"အေး ခန့်ခန့် ... မေမေမေးတာကို မဖြေရင်တောင် မင်းအဖေကိုတော့ ဒီအိမ်ရဲ့အိမ်ထောင်ဦးစီး အဖေတစ်ယောက်အနေနဲ့ လေးစားပြီး မင်း ဖြေကိုဖြေရမယ်"

ခန့်ခန့် ဖခင်ဖြစ်သူအား တစ်ချက်အကြည့်ချင်းဆုံတော့ ကျောချမ်းသွားရသည်။ ဒေါသငွေ့တို့လောင်မြိုက်နေသည်မှာ တစ်ခါမှပင် မမြင်ဖူးသည့် အနေအထားမျိုး။ သူ မတတ်သာတော့ပါပေ။ ပြောမည်ဆုံးဖြတ်လိုက်ရလေတော့ ခန့်ခန့် အံကိုခပ်တင်းတင်းကြိတ်မိသည်။ နားထင်ကြောတွေ ထောင်လာမိသည်ထိ သူ့ခမျာ နာနာကျင်ကျင်ရင်ဆိုင်နေရတာပင်။

"သားပြောပြပါ့မယ်။ ဒါပေမဲ့ ဒီကိစ္စမှာအဲဒီလူကို အပြစ်တင်စရာ လုံးဝမလိုဘူးနော်။ သားကိုယ်တိုင်ပဲ ဆုံးဖြတ်ခဲ့တာ"

"အေး ဘယ်သူလဲပြော"

စိတ်မရှည်သည့်လေသံဖြင့် ခပ်သွက်သွက် မေးလာသည်ကား ဦးမင်းဟန်။

"ကိုဇေယျာပါ"

"ဘုရားရေ.."

"အမလေး ... ဘုရား၊ ဘုရား။ အိမ်ကိုလာနေကျ ဟိန်းဇေယျာလား"

ခန့်ခန့် ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်ရသည်။ အမေနှင့်အဘွားဖြစ်သူမှာ ခန့်ခန့်၏အဖြေကြောင့် အံ့ဩထိတ်လန့်သွားကြသည်။ ဦးမင်းဟန်ကတော့ တစ်စုံတစ်ခုကို နက်နက်နဲနဲ စဉ်းစားနေသည့်ဟန်ဖြင့်သာ ဆိုဖာပေါ်ဖြည်းဖြည်းချင်း ထိုင်ချလေ၏။

"ဒါ့ကြောင့်မို့ ဒါကြောင့်မို့ကိုး။ အဲကောင်လေးအိမ်ကို စာလုပ်ဆိုပြီး လိုက်,လိုက်သွားတာ။ ဟိုကလည်း အိမ်တန်ရာရောက် လာခေါ်နေတာ။ မင်း မိုက်လုံးကြီးလှချည်လား ခန့်ခန့်ရယ်။ မဖြစ်ဘူး ... မေမေတို့ လုံးဝခွင့်မပြုနိုင်ဘူး။ ဒီကိစ္စကို ရပ်တန်းကရပ်နော်၊ မင်းတို့ကို လုံးဝသဘောမတူနိုင်ဘူး"

"...."

ခန့်ခန့် အံကိုကြိတ်ထားသည်။ အိမ်ကလူတွေသိကြလျှင် အသည်းအသန်တားမှာကို အစတည်းက ကြိုသိသည်။ သို့ပေမဲ့ ဘယ်လောက်တားတား သည်လူမှမရှိရင် အသက်ဆက်မရှင်နိုင်ဘူးဆိုတာလည်း အစတည်းက သူသိပြီးသားဖြစ်သည်။ အခြေအနေမှာဖြင့် မလူးသာ၊ မလွန့်သာ။

ကျစ်ကျစ်ပါအောင် ဆုပ်ထားသော သူ့လက်သီးဆုပ်တို့မှာ ချွေးစတို့ဖြင့် ပူနွေးလာသည်။ အံတင်းတင်းကြိတ်ရင်း ဖိကိုက်ထားမိသော နှုတ်ခမ်းသားတွင်လည်း ငံကျိကျိအရသာ ဖြစ်လာနေပြီ။ သို့သော် ခုချိန်ကြုံနေရသည့် အကျပ်အတည်းမှာ သွေးထွက်၍နာသည်ထက် အဆပေါင်းများစွာ ဆိုးနေပေ၏။

"မေမေ ပြောနေတာကြားလား။ မင်းသူ့ကို အဆက်အသွယ်ဖြတ်ရမယ်။ နောက်ဘယ်တော့မှ မတွေ့ရဘူးမှတ်"

"မေမေ!"

ယတိပြတ်ပြောလိုက်သော စကားကြောင့် လူကခေါင်းလောင်းတစ်လုံးလို ရမ်းခါမတတ် တုန်ရင်သွားသည်။ ဒါမို့ ခန့်ခန့် တန်ပြန်အော်လိုက်မိတော့ စူးခနဲပြန်လှည့်ကြည့်လာသည်မှာ ဦးမင်းဟန်ဖြစ်သည်။

"ခန့်ခန့် ... မင်းအမေပြောသလို ဒီကောင်လေးကို အဆက်အသွယ်ဖြတ်ရမယ်။ ဒါနောက်ဆုံးပြောခြင်းပဲ။ ပြီးမှ ဘာသံညာသံကြားတယ်ဆိုရင် ငါ့အဆိုးမဆိုနဲ့။ မေကြီး သူ့ဖုန်းသိမ်းထားလိုက်။ WiFi လည်းဖြုတ်ထား။ စာမေးပွဲရှိတာ စာပဲအာရုံစိုက်၊ စာမေးပွဲမဖြေမချင်း အပြင်လုံးဝမထွက်နဲ့ ... ကြားလား"

ပြတ်သားသည့်အမိန့်သံအဆုံးတွင် အရုပ်ကြိုးပျက်သည့်နှယ် ဖြစ်သွားရသည်က ခန့်ခန့်ပင်။

ထိုနေ့၊ ထိုအချိန်မှစကာ သူ့ဘဝက အမှောင်အတိ ဖုံးလွှမ်းသွားခဲ့လေသည်။ ချက်ချင်းဆိုသလို ဖုန်းသိမ်းခံရုံမက WiFi ပါမရှိတော့တာမို့ ချစ်သူအား ဘယ်လိုမှဆက်သွယ်မရတော့ချေ။ ပုံမှန်ဆက်သွယ်နေကျအချိန်များဆက်လျှင် ဖုန်းပိတ်ထားတာနှင့်ပဲ လူကြီးတော့ ကြုံနေတော့မှာပင်။ ဘာအကျိုးအကြောင်းမှမပြောရဘဲ အဆက်အသွက်ပြတ်သွားလေတာ တစ်ရက်၊ နှစ်ရက်မှ သုံးရက်တိုင်သည်ထိ။

နည်းလမ်းတစ်ခုခုနှင့် ဆက်သွယ်လို့ရငြား အခန်းတွင်းမှ အပြင်ထွက်ကြည့်လျှင်လည်း တရားခံတစ်ယောက်သဖွယ် မျက်စိဒေါက်ထောက်ကြည့်နေကြတာပင်။ ခြံရှေ့ထွက်ရုံနှင့်လည်း မာန်နေတတ်တာမို့ သူ စိတ်ပေါက်ပေါက်နှင့် အခန်းပြင်ကို သိပ်မထွက်ဖြစ်တော့။ သူ့၏အဓိပ္ပါယ်မဲ့သော နေ့ရက်တို့က စာကျက်ခြင်း၊ ငိုကြွေးခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်းတို့ဖြင့်သာ ကုန်ဆုံးလာခဲ့ရသည်။

သို့ပေမဲ့ ဖုန်းအသိမ်းခံရပြီး ၃ရက်မြောက်နေ့တွင်တော့ ခန့်ခန့်အတွက် အခွင့်အရေးတစ်ခု ရလာခဲ့လေပြီ။ မနက်အစောပိုင်းထဲက အိမ်ကထွက်သွားကြသော မိဘတွေအလစ်တွင် အိမ်အောက်ထပ်သို့ ခိုးကြောင်ခိုးဝှက် ဆင်းလာခဲ့မိသည်။ ဘွားဘွားဆိုတာ မနက်ဘုရားဆွမ်းတော်ကပ်ပြီးကတည်းက သူ့အခန်းထဲတွင် ဘုရားစာရွတ်လို့မဆုံးတော့။

ဒါမို့ မီးဖိုထဲတွင် အလုပ်ရှုပ်နေသော အိမ်အကူကြီးကြီးကို တစ်ချက်ချောင်းရသည်။ အိမ်သော့ကို ခါးတွင်ညှပ်ရင်း ဟင်းတွေချက်နေလေတာ အပီအပြင်။ သို့ပေမဲ့ တရှဲရှဲဟင်းချက်နေသံတွေကြား ခြေကိုဖော့ကာ ပန်းကန်စင်ပေါ်တွင်တင်ထားသော ကြီးကြီး၏ဖုန်းကို ခဏတာခိုးယူနိုင်ခဲ့လေသည်။ မိဘတွေအခန်းလည်း သော့ခတ်ထားတဲ့အတူတူမို့ အခုချိန်တွင် ကြီးကြီးဖုန်းတစ်လုံးသာ သူ အလစ်ယူလို့ရတာဖြစ်သည်။

သို့နှင့် အောက်ထပ်က ပစ္စည်းထားသည့်အခန်းလွတ်ထဲဝင်တာ အလွတ်ရနေသည့် နံပါတ်တစ်ခုအား အမြန်ဆက်သွယ်ရတော့၏။ မှောင်မဲတိတ်ဆိတ်နေသော အခန်းထဲတွင် ဖုန်းမြည်သံတတူတူက လေထုကိုကြီးစိုးလျက်ရှိသည်။ တစ်ပတ်နေလို့ တစ်ခါတောင်မဝင်ဖြစ်ကြသည့်အခန်းမို့ ဖုန်တွေဆိုတာတော့ အလိပ်လိပ်နှင့်။ ဖိနပ်မစီးထားသော ခန့်ခန့် တစ်လှမ်းလျှောက်တိုင်း ခြေဖဝါးတွင် ဖုန်တွေကပ်နေလေတာ အထိအတွေ့နှင့်တင် ခံစားလို့ရပေသည်။

ကြီးကြီးအသံနားစွင့်ရင်း ခေါ်ဆိုနေရသောဖုန်းက တတူတူမြည်သံသာ ဆုံးသွားသည်၊ ကံဆိုးစွာပဲ ချစ်သူက သူ့ဖုန်းကိုမကိုင်ခဲ့ပါချေ။ အရေးတကြီးကိစ္စများရှိနေလေသလား၊ ဒါမှမဟုတ် ဖုန်းနံပါတ်စိမ်းနေလို့ပဲလား။ ခန့်ခန့်အဖို့ အချိန်လည်းမရတာမို့ ဆက်တိုက်ခေါ်နေလို့လည်း မဖြစ်ပါချေ။ ခလုတ်တွေကတဆင့် စာရိုက်ရမည်မို့ သူပြောချင်တာတွေ စာပို့ထားလို့လည်းမလွယ်။

မတတ်နိုင်တော့သည့် နောက်ဆုံးတော့ ခန့်ကိုဆီကိုသာ အကျိုးအကြောင်း ဖုန်းဆက်ပြောပြရတော့၏။ ပြီးမှ ချစ်သူဆီ ဆက်သွယ်ခိုင်းပြီး မှာစရာရှိသည်တို့ကို အမောတကော မှာလိုက်ရတော့တာပင်။ သည်လိုနှင့် ဖုန်းပြန်ထားပေးပြီး အခန်းဆီပြန်တက်လေတော့ ငြီးငွေ့စိတ်ပျက်ဖွယ် တစ်နေ့တာကို ထပ်ကုန်ဆုံးဖို့ ကျားကုတ်ကျားခဲ ကြိုးစားရပြန်သည်။

စက်တင်ဘာနေ့ရက်တို့က ဘယ်နေရာကြည့်ကြည့် စိမ်းစိမ်းစိုစို ရှိလှသည်။ နေ့ခင်းနေ့လယ် စာကျက်ချိန်ဆို အခန်းပြတင်းပေါက်ဖွင့်ပြီး ခြံရှေ့ကြည့်ဖြစ်တာ သူ့အကျင့်တစ်ခုလို။ အလုံပိတ်အခန်းထဲတွင် အဲကွန်းနှင့်စာကျက်ရသည်ထက် အဘွားစိုက်ထားသော သစ်ပင်၊ ပန်းမာန်တွေကို လှမ်းကြည့်ရင်း စာလုပ်ရတာကို သဘောကျသည်။ အဲကွန်းလေက အိပ်ချင်စရာကောင်းအောင် ငြီးငွေ့ဖွယ်ပေမဲ့ သဘာဝလေကတော့ တစ်ချက်တစ်ချက်မှ တိုက်ခတ်စေဦးတော့ သဘောကျနှစ်ခြိုက်ဖွယ်ပါပဲ။

စာကြည့်စားပွဲပေါ်က ပုံနှိပ်အထူကို မျက်နှာခဏလွှဲထားသော ခန့်ခန့်အဖို့ အတွေးတွေက ဟိုရောက်သည်ရောက်။ ပုံမှန်လို တရစပ်စာကျက်ဖို့ အာရုံစိုက်ရခက်ခဲလေတာ ရက်သတ္တပင် ကျော်လာပြီဖြစ်သည်။ ချစ်သူနှင့်တစ်သက်လုံး မတွေ့ရဘူးဟူသော ရာဇသံလိုအမိန့်က သူ့ကိုများစွာ တုန်လှုပ်ခြောက်ခြားစေတာပင်။

သို့ပေမဲ့ တစ်ယောက်တည်း လေလွင့်နေရလောက်အောင်ထိတော့ ခန့်ခန့် စာကျက်မပျက်ခဲ့ပါချေ။ ခက်ခဲသော်ငြား အရင်ကထက်ပင် နှစ်ဆပို၍ကြိုးစားကျက်သည်။ တွက်စာများလည်း ပိုင်နိုင်အောင်တွက်ချက်ဖို့အရေး နေ့နေ့ညည ကြိုးစားရတာပင်။ ပထမနှစ်ဝက်စာမေးပွဲတွင် အဆင့်အနေအထား A လေးခု၊ B သုံးခုရခဲ့တာမို့ B ရခဲ့သည့်ဘာသာရပ်များအပေါ်တွင် ပိုအားစိုက်လုပ်ရ၏။

သည်တစ်ကြိမ် အောင်စာရင်းထွက်လျှင် ယခုရထားသည့် ခုံနံပါတ် ၁၆ ဆိုတာထက် အများကြီးရှေ့ရောက်ချင်သည်။ ခုံနံပါတ် ၁ မှ ၅ အတွင်း ဝင်နိုင်လျှင် သူ မျှော်မှန်းထားသည့်ဆုလာဒ်ကို ရအောင်တောင်းရမည်ဖြစ်သည်။ ဒါမို့ နေ့နေ့ညညလည်း ကြိုးစားနေရတာပင်။

ခန့်ခန့်အတွက် အခုချိန်တွင် လုပ်နိုင်သည့်တစ်ခုတည်းသောအရာကား စာကြိုးစားခြင်းပဲ ဖြစ်သည်။ မိဘတွေ မထင်မှတ်ထားသည့်ခုံနံပါတ်ကို အရယူပြီး အရင်နှစ်တွေကဲ့သို့ သူ လိုချင်တာတောင်းစရာရှိတာ တောင်းရမှာပင်။ သို့သော် သည်တစ်ကြိမ်တွင်တောင်းဆိုမည်ကား အရင်နှစ်များကထက် များစွာတန်ဖိုးကြီးသည့်အရာ။

ဟူး။

သတိရစိတ်တို့အား အနိုင်နိုင်ချိုးနှိမ်ပြီး ခန့်ခန့် စာအသည်းအသန်ကြည့်ဖို့ ခြံအပြင်ဘက်ဆီ ရောက်နေသည့်အကြည့်တို့ကို ရုတ်သိမ်းလိုက်၏။ စိတ်ကူးအလီလီဖြင့် သန္နိဌာန်ချခဲ့စဉ်က မလွယ်ကူမှန်းသိခဲ့သော်လည်း ခွဲခွါရခြင်းနှင့် အသားမကျနိုင်သေးသည့် သူ့အဖို့တော့ သည်ဒုက္ခက ပင်ပန်းဆင်းရဲခြင်းအတိပြီးလှသည်။

ချစ်သူမှာလည်း သူ ကြေကွဲဝမ်းနည်းနေမှာထက်စာလျှင် ကြံ့ခိုင်နေသည်ကို ပိုသဘောကျလိမ့်မည်ဟု သူယုံကြည်သည်။ ဒါမို့လည်း ခန့်ကိုဆီ ဖုန်းဆက်မှာစဉ်ကတည်းက သူ့အတွက် စိတ်မပူဖို့ အတန်တန်ပြောလိုက်သည်။ နောင်တစ်ချိန် အောင်စာရင်းများထွက်လာခဲ့လျှင် သည်ခက်ခဲသည့်ကာလကို သူကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့သည်ဆိုတာ ချစ်သူကို သက်သေပြမည်။ မိဘတွေကိုလည်း သက်သေပြမည်။ အနီးအနားလူကြောင့် သာယာပါတယ်၊ ကလေကချေဆန်ပါတယ်ဆိုသည့် အပြောတွေကို သူကြိုးစားမှုက ပုံမှန်ထက်ပင် အရာထင်ခဲ့ကြောင်း တစ်ချိန်မှာ ပြောပြချင်သေးသည်။

ပန်းတိုင်ရောက်နိုင်ရေး အားစိုက်ကာ ကြိုးစားနေရသည့်အချိန်လည်းရှိသလို ချောင်ကပ်ကာ ချိနဲ့သည့်အားအင်နှင့် ငိုကြွေးရသည့်မိနစ်တွေကိုတော့ သူမှတပါး အခြားသူမသိစေလို။ အထူးသဖြင့် အဲ့လူကြီး လုံးဝမသိစေလို။

လွမ်းရိပ်တွေများ အခိုးအငွေ့န်အသွင်သဏ္ဌာန် ပြောင်းလဲနိုင်ပါလျှင် ကောင်းကင်တစ်ခွင်ဆိုတာ နေအလင်းတောင် ထိုးပေါက်ဝင်နိုင်ပါတော့မည်လား။

..........................

ဟိန်းဇေယျာမှာတော့ စိတ်မပူဖို့အရေး အထပ်ထပ်မှာလိုက်သည့်ကလေးအား ဘယ်လိုမှစိတ်မပူဘဲ မနေနိုင်ခဲ့ချေ။ ကလေး၏သူငယ်ချင်းဆိုသော ခန့်ကို ဖုန်းဆက်ပြောပြသည့် အခြေအနေကြောင့် ဖြစ်ကြောင်းကုန်စင်အား အဆက်အသွယ်ပြတ်ပြီး သုံးရက်ကြာမှသာ သိခဲ့ရသည်။ ပုံမှန်အခြေအနေတွင် ဖုန်းပိတ်သွားသည့်ချစ်သူအား စိတ်ဆိုးသည်အထင်နှင့် အိမ်တန်ရာရောက် ချော့မည်ဖြစ်သော်လည်း သူ့အိမ်ကလည်း တင်းမာမှုကြောင့် အိမ်ရှေ့ပင်မရောက်နိုင်။ အန်ကယ်နှင့်အန်တီတို့ပါ သိသွားလေတော့ မဆင်မခြင်သွားခဲ့၊ ပြုမူခဲ့မိသည့် သူ့ကိုယ်သူသာ မချိတင်ကဲ စိတ်တိုနေမိတာပင်။

အိမ်ကဖိအားကြောင့် ကလေးတစ်ယောက် အပူတွေဘယ်လောက်များနေပါမည်လဲ၊ ဇေယျာ တွေးကြည့်ရုံနှင့် ရင်မောရသည်။ ပူပန်ရသည်။ ပြီးလျှင် ခေါင်းမာတတ်သည့် သူ့ချစ်သူလေး အစားမှကောင်းကောင်း စားပါရဲ့လား။ အိမ်ကိုစိတ်ဆိုးပြီးများ ပေပေတေတေ နေလေမလား။ မျက်တွင်းတွေကျကာ စာတွေချည်း အအိပ်ပျက်ခံကျက်နေမလား။ လူကသာ ယခုလိုရုံးခန်းအလုပ်စားပွဲ၊ ကားလမ်းမပေါ်၊ အိမ်မှာတစ်ခုခုလုပ်နေသည်ဖြစ်စေ စိုးရိမ်စိတ်တွေကဖြင့် မရပ်တန့်နိုင်အောင် ရှိလွန်းလှသည်။

အိမ်၏အချစ်ခံ၊ ပျော်ပျော်နေတတ်သည့်ကလေးမှာ ခုချိန် ဘယ်လောက်များ စိတ်ညစ်နေလိုက်ပါမလဲ။ အားငယ်နေလိုက်ပါမလဲ။

ဝမ်းနည်းစရာရှိရင် ကိုယ့်ကိုရင်ဖွင့်ပါလို့ အတန်တန်ပြောခဲ့သော်ငြား အခုတော့ သူကိုယ်တိုင်ပင် ကလေးနားမရောက်နိုင်တော့ပါပေ။ အနည်းဆုံးတော့ အိမ်ရှေ့သွားကာ အရိပ်အယောင် ပြချင်သေးသည်။ ဖုန်းမပြောရတောင် မျက်နှာလေးခဏ မြင်ရုံနှင့်လည်း ကျေနပ်ရဦးမည်။ သို့သော် အခွင့်မသာလှပေ။ ချောင်မှာကပ်၍ တိတ်တိတ်ကလေးငိုတတ်သည့် မာနခဲလေးအကြောင်း တွေးမိတိုင်း မျက်ရည်တွေ အတွင်တွင်ကျရသူက ဇေယျာသည်သာ။

သက်ပြင်းလှိုင်လှိုင်ချရင်း ရုံးခန်းစားပွဲတွင် ဖိုင့်ဖိုင့်ကြီးထိုင်နေသော ဖခင်ကိုမြင်တော့ ပိုလို့စိတ်ညစ်မိ၏။ သူ့ဖက်မှာ အခြေအနေမကောင်းသလို ချစ်သူဖက်မှာလည်း ဖုန်းပင်သိမ်းလိုက်သည်အထိ ဖြစ်သွားသောကြောင့် မိဘများ၏တင်းမာမှုကို ဇေယျာ ခန့်မှန်းကြည့်နိုင်သည်။ သူကိုယ်တိုင်ပင် တောင်းတောင်းပန်ပန်နှင့် ခွင့်တောင်းချင်သည်။ ချစ်သူလေးအား စိတ်ချမ်းသာအောင်ထားပေးရန် တောင်းဆိုချင်သည်။ ဒူးပင်ထောက်ရပါစေ .. သူ့အတွက် ကလေးထက်အရေးကြီးသည်မှာ ဘာမှမရှိ။

သို့သော် ထိုစိတ်ချမ်းသာစေချင်သည့် ကလေးကပင် သူ့အားအိမ်မလာပါရန် အတန်တန် မှာလိုက်သေးသတဲ့။ သူ အဆင်ပြေပါတယ်၊ စာကျက်နေပါမယ်ဆိုသည့် စကားကိုပါးလိုက်တာ အထပ်ထပ်အခါခါ။ စာမေးပွဲဖြေမည့် ပထမဆုံးနေ့မှသာ သူ့ကိုကျောင်းလာတွေ့ရန် ဆက်ဆက်မှာရှာသည်။ ဇေယျာ့ခမျာလည်း တွေ့ချင်စိတ်တို့ကို အောင့်အီးသည်းခံရင်း သည်နေ့လို စက်တင်ဘာ ၁၈ ရက်နေ့ရောက်ဖို့ စောင့်ဆိုင်းနေခဲ့ရတာ နှစ်ချီကြာသည့်နှယ်။

သို့သော် သည်နေ့မှပဲ တိုက်တိုက်ဆိုင်ဆိုင် အဖေဖြစ်သူ ဦးမြတ်သူက ဆိုင်ကနေနည်းနည်းမှ မခွာပါချေ။ လှိုင်ဖက်သွားပါမည်ဟု ဖုန်းပြောနေလေတာ နေ့လယ်ထမင်းစားပြီးကတည်းကပင်။ သိုသော် အခုချိန်ထိ ခြေတစ်လှမ်းမရွေ့သေး။

ဇေယျာ လက်ကနာရီကို စောင်းကြည့်လေတော့ အချိန်အားဖြင့် ညနေသုံးနာရီ ရှိနေလေပြီ။ လေးနာရီတွင် စာမေးပွဲပြီးမှာမို့ အခုချိန်ဆို သူ ကြိုထွက်သင့်နေပြီမလား။ နာရီကိုတစ်လှည့်၊ အဖေ့အရိပ်အကဲကိုတစ်လှည့် ရင်ပူစွာစောင့်ကြည့်နေရသူက ဟိန်းဇေယျာသည်သာ။

ဗြုန်းစားကြီး ဘာဖြစ်ဖြစ်ထသွားချင်ပါသော်လည်း ရွယ်ရွယ်ပြောပြ၍ အဖေ့ဖြစ်သူ၏အစီအစဉ်များကို ကြိုသိရပြီး ဖြစ်လေသည်။ ဇေယျာ မိန်းမလည်း မယူချင်သလို၊ နိုင်ငံခြားပညာသင်လည်း မသွားချင်ပါ။ ဒါမို့ လောလောဆယ်တော့ ငြိမ်နေလိုက်လျှင် ပိုသင့်လျော်မည်မလား။

နေ့လယ်သုံးနာရီခွဲချိန်တွင်တော့ ဦးမြတ်သူတစ်ယောက် မိတ်ဆွေနှင့် ဖုန်းချိန်းဆိုထားသည့်အတိုင်း လှိုင်ဖက်သို့ ထွက်သွားလေပြီ။ သည်တော့မှ ဇေယျာသည်လည်း ကွန်ပျူတာတက္ကသိုလ်ဆီသို့ အပြေးအလွှားမောင်းရလေတာ ခပ်သုတ်သုတ်။ ကျောင်းရှေ့ရောက်ချိန်တွင် လေးနာရီပင်ကျော်သွားချေပြီ။ တဖွဲဖွဲတွေ့ရတတ်သော ကျောင်းသားများပင် မရှိကြတော့။ သိုပေမဲ့ ကျောင်းရှေ့တွင် ရပ်စောင့်ဆိုင်းနေသည့် ခန့်ကိုကားလေးကို တွေ့လိုက်ရမှ ဇေယျာ သက်ပြင်းချနိုင်တော့တာပင်။

...............

စာမေးပွဲစဖြေမည့်နေ့တွင် ခန့်ခန့်တစ်ယောက် မနက်ခင်း ကြည်ကြည်လင်လင်ပင် နိုးလာခဲ့သည်။ နေ့လယ်တစ်နာရီမှ ဖြေရမည်ဖြစ်သော်လည်း စောစောစီးစီးထပြီး စာနွှေးထားသည်မှာ ပိုသည်မရှိခဲ့။ English ဘာသာဖြေရန်လည်း အသင့်ဖြစ်သလို၊ မတွေ့ရတာ တစ်လနီးပါးကြာပြီဖြစ်သည့်ချစ်သူကို တွေ့ရန်မှာလည်း အသင့်ဖြစ်နေခဲ့လေ၏။

ဒေါ်မိမိနိုင်ခမျာမှာတော့ စာမေးပွဲသွားဖြေမည့်သားအား လိုက်မပို့နိုင်သော်လည်း ရည်းစားဆီ အဆက်အသွယ်မလုပ်ရန် အတန်တန်မှာသည်။ ခန့်ကိုကိုလည်း အိမ်လာခေါ်ခိုင်း၍ ညနေလည်း အိမ်ဆက်ဆက်ပြန်ခေါ်ခဲ့ပါတဲ့လေ။ အိမ်အကြောင်းသိနေသော သူ့သူငယ်ချင်းကလည်း မေမေပြောသမျှ 'ဟုတ်' တစ်လုံးတည်းသာပြီးသည်။ သို့သော် ငယ်သူငယ်ချင်းတွေမို့ အချင်းချင်းနားလည်ကြသည်။ သူ အကူအညီတောင်းလျှင် ခန့်ကိုက မကူညီရိုးရှိမလား။

ခန့်ခန့်တစ်ယောက် စာဖြေနေရင်းက တွေ့ရမည့်အရေးအား ကြိုတင်စိတ်လှုပ်ရှားနေသည်။ စာဖြေရန် အချိန်သုံးနာရီပေးထားသော်လည်း တစ်နာရီခွဲနှင့် သူကအပြီးဖြေလိုက်သည်။ မေးခွန်းအားလုံးသည်လည်း လှစ်ဟခြင်း အလျဉ်းမရှိပါပေ။ ကျက်စာလည်းမဟုတ်၊ တွက်စာလည်းမဟုတ်တော့ သေချာစေ့စေ့စပ်စပ် ရေးခဲ့ပြီး ပိုနေသည့်အချိန်တွေကိုတော့ ချစ်သူကိုစောင့်ရင်းသာ ကုန်ဆုံးစေလိုက်၏။

သူကပဲ အချိန်စောထွက်လာလေလို့လား၊ မြို့ထဲမှာများ ကားတွေပိတ်လို့လားမသိ ... ကျောင်းရှေ့တွင် မျှော်နေရသည့်အချိန်က သူ့အတွက် တစ်နာရီမက ကြာရှည်လွန်းလှသယောင်။ လေးနာရီကျော်မှ ချစ်သူ့ကား ကျောင်းရှေ့ရပ်လာတာမြင်လေမှ အပြေးဆင်းမိတော့တာပင်။ ကားကပ်ရပ်သည်ထိ မစောင့်ပါပဲ တွေ့ချင်စိတ်စောနေသူ ဖြစ်၏။

ခန့်ခန့် ထွက်လာတာမြင်သည်နှင့် ဇေယျာလည်း ကားကိုအရှိန်သတ်ရပ်ရသည်။ ပြီးနောက် လူသူရှင်းသည့်အနားထိ ရောက်လာသောကျောင်းသားလေးအား တစ်ဆုံးပွေ့ဖက်လိုက်မိတော့တာဖြစ်၏။ ကြာရှည်အောင် လွမ်းဆွတ်ခဲ့ရသော၊ ခက်ခဲခဲ့ရသော သူတို့အဖို့ ပွေ့ဖက်ခြင်းက ချက်ချင်းဆိုသလို ကုစားပေးသည်။

ရင်ခွင်နွေးနွေး တစ်စုံမှာ မထိတွေ့တာကြာ၍ပဲလားမသိ ... အေးစက်ချင်းမရှိ နွေးထွေးလွန်းလှသည်။ သူ့ခေါင်းကို ချစ်သူ့ရင်ခွင်ထဲ တိုးဝှေ့မိတော့ မရတာကြာပြီဖြစ်သည့် ကိုယ်သင်းရနံ့က နှာဖျားထိပ်သို့ သင်းခနဲရောက်ရှိလာသည်။ လွမ်းမောဖွယ် တစ်ဆုံးရှူရှိုက်မိတော့ ချစ်သူ့ကိုယ်သင်းရနံ့က သူ့တစ်ကိုယ်လုံးတောင် စီးဆင်းဝင်ရောက်သွားသယောင်ယောင်။

"လာ ... လူတွေမြင်လိမ့်မယ်၊ ကားထဲခဏထိုင်ရအောင်"

တစ်ခါ၊ နှစ်ခါ အငိုက်မိဖူးထားသော ဇေယျာက သတိပေးစကားဆိုရင်း ခန့်ခန့်လက်ကိုဆွဲကိုင်ကာ ကားထဲဝင်စေလိုက်သည်။ အမြဲတစ္ဆေလို တံခါးဖွင့်ပေးခံရသည့် ခံစားချက်က ပြန်လည်ဖြစ်ပေါ်လာလေတာ ကြည်နူးဖွယ်အတိ။ မခံစားရတာကြာပြီဖြစ်သော ချစ်သူ၏ဂရုစိုက်ကြင်နာမှုတွေကို တစ်ခဏမှပြန်ရတာတောင် သည်လောက်ပျော်စရာကောင်းနေလျှင် တစ်ဘဝသာဆို။

"ကလေး ... ပိန်သွားတယ်"

"မပိန်ပါဘူး၊ လူကြီးကမှ ပိန်သွားတာ"

အတွေးတွေကို လက်စသတ်ရင်း အပြန်အလှန် အနီးကပ်ကြည့်မိကြတော့ ထုံးစံအတိုင်း ငြင်းခုန်မိကြပြန်တာ။

"မပိန်ရင် အရင်ဖောင်းနေတဲ့ ပါးမို့မို့လေးတွေ ခုဘယ်ရောက်သွားတာလဲ။ ကိုယ် ဘယ်လိုနမ်းရတော့မလဲ"

"ဟာဗျာ"

မတွေ့တာကြာသော်လည်း တဲ့တိုးကြီးပြောလိုက်၍ ခန့်ခန့် ရှို့တို့ရှန်းတန်းဖြင့် တစ်ဖက်လှည့်မိသွား၏။

"ကဲ ... စတာပါ၊ အတည်ပြောမယ်။ အိမ်မှာနေရတာ အဆင်ပြေရဲ့လား။ ဖေဖေနဲ့မေမေက ကလေးကို ဘာပြောလဲ။ ရိုက်တော့မရိုက်ပါဘူးနော်"

ချစ်သူပြောမှ ခန့်ခန့်အတွေးထဲ မေမေစိတ်တိုပြီး လက်မောင်းကနေ ဆွဲကိုင်လှုပ်သည့်မြင်ကွင်းများ ပြန်မြင်ယောင်လာသည်။ သို့ပေမဲ့ မိမိနာကျင်သည်ထက် ချစ်ရသူ စိတ်မကောင်းဖြစ်မည်ကို ပိုစိုးရိမ်၍ မပြောပြချင်။ ဒါမို့ မျက်နှာအမူအယာမပျက်စေဘဲ၊

"ရိုက်ရနှက်ရအောင် ကလေးမှမဟုတ်တော့တာ။ အရိုက်လည်းမခံရပါဘူး။ သဘောမတူဘူးလို့တော့ ပြောတယ်"

အကောင်းဆုံးမျက်နှာထားနှင့် မုသားကိုသုံးလိုက်သည်မှာ ချစ်ရသူ မနာကျင်ရစေရန်သာ ရည်ရွယ်ပါ၏။ ရုပ်ဝတ္ထုပိုင်းဆိုင်းရာနာကျင်မှုကား ခဏနှင့်ပျောက်နိုင်သည်၊ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကား တွေးတနုံ့နုံ့နှင့် မပျောက်ပျက်နိုင်သည့်အရာပေ။

"အင်းပါ၊ ဒါတော့ ကိုယ်တို့အစတည်းက မျှော်လင့်ထားပြီးသားပဲလေ။ အဲ့ဒါဆို ကလေးကို အပြင်ဘယ်တော့မှ ပေးထွက်မှာတဲ့လဲ။ ခုထိ ဖုန်းလည်း ပေးမကိုင်သေးဘူးပေါ့"

"အင်း ဘယ်နေ့ ဖုန်းပေးမယ်၊ ဘယ်နေ့အပြင်ပြန်ထွက်ရမယ် ... ဘာမှအတိအကျမပြောကြဘူး။ စောင့်ကြည့်ခံနေရတယ်"

ဇေယျာက သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရင်း ခန့်ခန့် ဆံစတစ်ချို့အား ခပ်ဖွဖွ ပွတ်သပ်လိုက်၏။ ချစ်စရာကောင်းလိုက်သည့်ကောင်လေးမှာ သူ့ကြောင့် ဘယ်လောက်များ မွန်းကျပ်နေလိုက်မလဲ။

"ဟူး ... ထင်တဲ့အတိုင်းပဲကွာ။ ဒါမို့ ကိုယ် ဒါလေးယူလာတယ်။ ကလေး မယူထားလို့မရဘူးနော်။ ဒီတစ်ခါတော့ မာနထားလို့မရဘူး၊ ငြင်းခွင့်လည်း မပေးဘူး။ အသစ်ဆိုငြင်းနေမှာစိုးလို့ ကိုယ်အရင်သုံးတဲ့ဟာပဲ ယူလာတယ်"

ပြောရင်း ဇေယျာက ခန့်ခန့်လက်ထဲသို့ ဗူးတစ်ဗူး ထည့်ပေးလာသည်။ တကယ်တော့ ဖုန်းတစ်လုံးပါပဲ။ ခန့်ခန့် ကြောင်စီစီကြည့်နေတာမို့ ဇေယျာကပင် ဆက်ပြောသည်။

"ကလေးကို အဆက်အသွယ်လုပ်ဖို့ ဒီတစ်နည်းပဲရှိတော့တယ်လေ။ ဒီဖုန်းယူသွားပြီး အိမ်ကလူကြီးတွေ မမြင်အောင်တော့ သေချာသိမ်းမှရမယ်နော်"

ခန့်ခန့် သဘောပေါက်ပါသည်။ ငြင်းလည်းမငြင်းနိုင်ပါ။ သည်ရက်တွေအတွင်း လွမ်းရဆွေးရသည့်ဒဏ်ကို အလူးအလဲ ခံစားခဲ့ရတာကြောင့် အဆက်အသွယ်ရှိရန် ဖုန်းတစ်လုံးက အမှန်ပင်လိုအပ်သည်။

"ဟုတ်။ ဖုန်းရရင် ပြန်ပေးမယ်နော်"

"ရပါတယ်ဗျာ။ ခုတော့ကိုယ့်ဖုန်းပဲ သုံးနှင့်ဦး။ တော်တော်များများ ဘာမှတောင်ဖျက်မထားဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းက ကိုယ့်ပုံတွေ၊ ကိုယ်ဘာတွေလုပ်နေခဲ့တယ်ဆိုတာတွေ ပါတယ်။ ကလေး ကြည့်ချင်ရင် ပြန်ကြည့်လို့ရအောင်လို့"

"ဟာ ... ဟုတ်လား။ ခုဖွင့်ကြည့်လို့ရလား"

ခန့်ခန့်မျက်နှာတွင် အရောင်တစ်ချက်လက်သွားသည်။ ကိုယ်နှင့်ပတ်သက်လျှင် ဤသို့စိတ်လှုပ်ရှားတတ်သည့်ကလေးအား ဇေယျာ ပြောမတတ်အောင်ချစ်ရတာဖြစ်၏။

"ခုတော့ နေပါဦးဗျာ၊ ကလေးအိမ်ပြန်နောက်ကျနေမယ်။ ဒီလိုလုပ် ... ခန့်ကိုကို ဒီဖုန်းနဲ့ပဲဆက်ပြောလိုက်၊ ကိုယ်တို့ကားနောက်ကလိုက်ခဲ့လို့။ ကိုယ်ကလေးတို့အိမ်နားထိ လိုက်ပို့ချင်တယ်။ စကားပြောချိန်လည်း ပိုရအောင်လို့။ ရောက်ခါနီးမှ ကလေးက ကားပြောင်းစီးလိုက်နော်"

"ရတာပေါ့"

နှစ်ခါပြောစရာမလိုအောင် သဘောပေါက်သည့်ခန့်ခန့်က ခပ်လှမ်းလှမ်း မျက်နှာချင်းဆိုင်တွင်ရပ်ထားသော သူငယ်ချင်းအား ဖုန်းဆက်လိုက်သည်။

"အေး ခန့််ကို ... ငါရယ်"
"ဟာ ... မောင်မင်းကြီးသား ဘာလုပ်နေတာလဲ။ ထွက်မလာသေးဘူးဟ။ ကားကြီးလှုပ်နေတာ ငါမြင်တယ်နော်၊ ဟက် .. ဟက်"

"မင်းကြီးတော် ... ကားကြီးလှုပ်ရမှာလား"

စိတ်ဆတ်သွားတာမို့ ကြမ်းတမ်းသည့်စကားကို ခန့်ခန့် ရုတ်တရက်ပြောထွက်သွားတာပင်။ ပြီးမှ လူကြီးရှေ့မှာ ရိုင်းသွားသည်ထင်၍ ဇေယျာ့ဖက်လှည့်ကာ လက်အုပ်လေးအမြန်ချီရင်း 'ဆောရီး' ဟုမသိမသာ ပြောရသေးသည်။

တောင်းပန်သလို ကိုယ်လေးရို့သွားသည့် ခန့်ခန့်က်ိုကြည့်ကာ ဇေယျာ အသည်းယားလွန်း၍ ဆံပင်လေးတွေ အသာဖွလိုက်တာ ထုံးစံါတိုင်း။ အတော်ချစ်ဖို့ကောင်းသည့် အလိမ္မာတုံးလေးမလား။

"မင်း ငါတို့ကားနောက်က လိုက်ခဲ့တော့။ အိမ်နားမှ ငါ ကားပြောင်းစီးလိုက်တော့မယ်"

ခန့်ခန့်ပြောသမျှ ပြီးရသောခန့်ကိုက အစီအစဉ်အတိုင်း ကားနောက်မှလိုက်ရန် အသင့်အနေအထားပင်။ ခန့်ခန့် ဖုန်းချပြီးနောက်မှသာ ဇေယျာက ခပ်ဖြီးဖြီးမျက်နှာပေးနှင့်၊

"ခုနက ကားကြီးလှုပ်တယ်ဆိုတာ ဘာပြောတာလဲ ကလေး"

"သိရဲ့သားနဲ့ ... စမနေနဲ့ဗျ။ အဲကောင်က အဲလိုတွေလျှောက်ပြောတတ်တာ"

"အင်း ဟုတ်ပါ့၊ လျှောက်ပြောနေတဲ့သူကို တကယ်ကားကြီးလှုပ်ရင် ဘယ်လိုဆိုတာ ပြလိုက်မယ်လေ"

"အတင့်မရဲနဲ့နော်။ လက်သီးစာမိမယ်ဗျ၊ မြန်မြန်မောင်းတော့"

"ဟားဟား ... ဟုတ်ပါပြီ သွားမယ်။ ခါးပတ်ပတ်တော့"

သို့ပေမဲ့ ဇေယျာတစ်ယောက် အခွင့်အရေးကို အလွတ်မပေးပါချေ။ ခါးပတ်ပတ်နေသည့် ခန့်ခန့်အလစ်တွင် ပါးနုနုလေးအား ခိုးနမ်းဖြစ်အောင် နမ်းလိုက်ပါသေးသည်။ နူးညံ့သည်ထက်ပိုသော အထိအတွေ့လေးက ချိုအီနူးညံ့နေသော Marshmallow လေးတစ်ခုကဲ့သို့။

အိမ်ပြန်လမ်းတစ်လျှောက်တွင်လည်း သူတို့လက်ဖဝါးချင်းထပ်ကာ ဘယ်လောက်လွမ်းနေရသည်၊ ခက်ခက်ခဲခဲကျော်ဖြတ်နေရသည်၊ ရှေ့ဆက်ဘယ်လိုရင်ဆိုင်ကြမည်ဆိုသည့် အကြောင်းအရာတွေကို ကရားရေလွှတ် ရင်ဖွင့်နေကြတော့၏။ သို့ပေမဲ့ နှစ်ဦးသားတွေ့လျှင် ထုံးစံအတိုင်း အပြုံးပန်းတွေကတော့ ဆင်မြန်းလို့ပါပဲ။

ရှေ့ဆက်ရမည့် မရေမရာအနာဂတ်အား ခေတ္တမေ့လျက် လက်ရှိပစ္စုပ္ပန်တည့်တည့်ရှိ ပျော်ရွှင်မှုလေးကိုသာ ခံစားနေကြသည့် ချစ်သူနှစ်ဦးပါပေ။

••••••••••••••••••••••••••••••••••••••••••••••

<Zawgyi >

"လာၿပီ ... ေမေမရ"

ေအာက္ထပ္က ဆူဆူညံညံေအာ္ေခၚသံေၾကာင့္သာ ခ်က္ခ်င္းထလိုက္သည္။ ခန႔္ခန႔္ ဘယ္ဖက္နားထင္တြင္ေတာ့ ေသြးေၾကာတို႔ တဒုတ္ဒုတ္ႏွင့္။ ဒါမို႔အိပ္ရာနိုးလၽွင္ အျမန္မထခ်င္တာပါပဲ။ သို႔ေသာ္ေအာက္ကလည္းေခၚေနၿပီမို႔ ခန႔္ခန႔္ ေလွကားလက္ရန္းကို ကိုင္ဆင္းရင္း အေမာတေကာေခၚရသည့္ အေၾကာင္းအရင္းကို စဥ္းစားရသည္။

ေဒၚမိမိနိုင္မွာေတာ့ အိပ္ခ်င္မူးတူးႏွင့္ ဆင္းလာေသာခန့္ခန့္အား ေလွကားေျခရင္းမွ စူးစိုက္ကာၾကည့္ေနသည္။ အေမျဖစ္သူ၏ ေဒါသအခိုးအေငြ႕ေတြကို ခံစားမိလိုက္ေသာ ခန႔္ခန႔္ကေတာ့ စိတ္ထဲမလုံမလဲ ျဖစ္လာေလ၏။

ဟိုကိစၥ ေမေမမ်ား သိသြားၿပီလား။

"ေမေမ ဘာလဲ"

"မင္း ဘာေတြမဟုတ္တာလုပ္ထားလဲ၊ ငါ့ကိုမွန္မွန္ေျပာစမ္း ... စိုင္းမင္းခန့္"

နာမည္အျပည့္အစုံပါေခၚ၍ ေဒါသဘုံထေနပုံေပါက္လၽွင္ ေမေမသိသြားၿပီဟု ခန့္မွန္းမိလိုက္သည္။ ခန႔္မွန္းမိသည္ႏွင့္တၿပိဳင္နက္တည္း ဖ်င္းခနဲထလာေသာ ၾကက္သီးေမႊးညႇင္းမ်ားအား ေမေမ မျမင္ေအာင္ ဖုန္းဖိထားခ်င္မိသည္။ တစ္ခဏအတြင္းမွတင္ လက္ဖ်ား၊ ေျခဖ်ားတို႔မွာလည္း ေအးစက္လာေလတာ ႐ုတ္ခ်ည္းဆိုသလိုပါပဲ။

"သား ဘာလုပ္လို႔လဲ"

ေနာက္ဆုံးေသာေမၽွာ္လင့္ခ်က္ကို ဆုပ္ကိုင္ရင္း သူ မသိေက်းကၽြန္ျပဳကာ ျပန္ေမးလိုက္ရသည္။ မဟုတ္ပါေစနဲ႔ဟု အႀကိမ္ႀကိမ္အခါခါ ဆုေတာင္းေနမိတာကေတာ့ သူ႔ကိုယ္ေစာင့္နတ္ႏွင့္ ျမတ္စြာဘုရားသာ အသိဆုံးျဖစ္လိမ့္မည္ပင္။

"သားဘာလုပ္လို႔လဲ ဟုတ္လား။ မင္းမဟုတ္တာေတြလုပ္ထားၿပီး ေက်ာင္းမွာသတင္းေတြ ပ်ံ႕ခ်င္တိုင္းပ်ံ႕ေနတယ္ဆို။ အဲဒါကို ေလသံခပ္ေအးေအးနဲ႔ သားဘာလုပ္လို႔လဲလို႔ ေျပာရဲေသးသလား စိုင္းမင္းခန့္ရဲ့"

ေဒၚမိမိနိုင္ကမူ စိတ္တိုလြန္း၍ ခန့္ခန့္၏ လက္ေမာင္းသားမ်ားကို ခပ္ဆတ္ဆတ္ ဆြဲရိုက္ရင္းေျပာသည္။ ေလွကားရင္းတြင္ ရပ္ေနမိေသာခန႔္ခန႔္မွာေတာ့ အေမျဖစ္သူ၏ဆြဲခ်က္ကို ေအာက္တစ္ထစ္ဆီ အလ်င္အျမန္ ျပဳတ္က်သြားေလ၏။ ႏွုတ္ကတတြတ္တြတ္ေျပာရင္း တရစပ္ရိုက္ေနေသာ အခ်က္ေရတို႔အရ ေဒါသလွိုင္းတို႔ကိုလိုက္၍ မေရမတြက္နိုင္ပါေပ။

"ေျပာေလ၊ အခုမွ ဘာမထုံတတ္ေတးလုပ္ေနရတာလဲ။ ငါ့ေဒါသကို လာဆြေနတာလားမင္းက"

ခန့္ခန့္တစ္စက္မွမေအာ္ဘဲ ၿငိမ္ခံေနမိသည္။ သူ႔အဖို႔ ခုခံနိုင္စရာ အေျခအေနပင္မရွိ။ မည္သို႔မွ လက္ခံနိုင္မည္ မဟုတ္မွန္းကိုလည္း ကနဦးအစကပင္ မွန္းထားၿပီးျဖစ္သည္။ သိသြားလၽွင္ မိုးမိေလာင္သည္ထက္ဆိုးနိုင္သည္ကို သိခဲ့ပါလ်က္ သူ ႐ူး႐ူးမိုက္မိုက္ ေရွ႕တိုးခဲ့ျခင္းပင္။

"ဟဲ့ ... ငါ့ေျမးကို ဘာလို႔အဲ့ေလာက္ရိုက္ေနတာလဲ။ ပါးစပ္ကပဲေျပာစမ္းပါ၊ ညည္း အဲလိုေတြကို ကေလးကို နိုင္ထက္စီးနင္း မလုပ္စမ္းပါနဲ႔။ ဘာျဖစ္တာလဲ၊ ပါးစပ္ကေသခ်ာေျပာ"

အေၾကာင္းကိစၥ ေသခ်ာမေျပာမဆိုႏွင့္ အဆက္မျပတ္ရိုက္ေနသည့္ ေဒၚမိမိနိုင္အား မိခင္ျဖစ္သူမွ ဆူေငါက္ရင္းဝင္ဆြဲရသည္။ တရွုံ႔ရွုံ႔နမ္းမဝျဖစ္ရပါေသာ ေျမးငယ္အား လက္ေမာင္းသားမ်ားရဲေအာင္ ရိုက္ေနေလျခင္းအား အဘြားျဖစ္သူမွာ ဘယ္လိုမွမရွူစိမ့္ပါေပ။

"ေမေမ ဘာသိလို႔လဲ။ ခုနကပဲ သူတို႔ဌာနမွုးက ဖုန္းလွမ္းဆက္တယ္။ ခန့္ခန့္အေၾကာင္း သူတို႔ေက်ာင္းမွာ သတင္းပ်ံ႕ေနတာ၊ ေျပာလို႔မေကာင္းေပမဲ့ မျဖစ္သင့္တာ မျဖစ္ရေအာင္လို႔ လွမ္းေျပာေပးတာပါတဲ့ေလ"

ေဒၚမိမိနိုင္ကေျပာရင္း အသက္ျပင္းျပင္းတစ္ခ်က္အား ၾကားျဖတ္ရွူရွိူက္ကာ အားယူလိုက္သည္။ ၿပီးမွ၊

"ေမေမ့ေျမးကေလ ေယာက္်ားခ်င္းႀကိဳက္ေနတာတဲ့ေတာ္ေရ"

ရင္ဘတ္စည္တီးကာ မငိုေႂကြး႐ုံတမယ္ရွိလွေသာ မိခင္အား ခန႔္ခန႔္ ဘယ္လိုမွေမာ့မၾကည့္ရဲေပ။ ရိုက္သမၽွ ေခါင္းငုံ႔ခံၿပီး ႏွုတ္ဆိတ္သာေနမိသည္။ အဘြားျဖစ္သူအားလည္း မ်က္ႏွာခ်င္းမဆိုင္ရဲပါေပ။

"ဘုရား ... ဘုရား။ အမေလး ... ငါ့ေျမးက ဒီေလာက္လိမၼာတာ။ မျဖစ္နိုင္တာ၊ ဟဲ့ ... ေျမး မဟုတ္ဘူးမလား၊ မင္းဆရာမေျပာတာ မဟုတ္ဘူးမလား။ ေမႀကီးကို မွားရင္မွားေနတဲ့အေၾကာင္း ေသခ်ာျပန္ေျပာလိုက္ေလ"

အဖြားျဖစ္သူ၏စကားေၾကာင့္ ခန့္ခန့္ခမ်ာ ေခါင္းငိုက္စိုက္လ်က္ လက္ေခ်ာင္းခ်င္းသာ အႀကိမ္ႀကိမ္ ပြတ္သပ္ေနမိသည္။ 'ဒီေလာက္လိမၼာတာ' တဲ့၊ သူ႔အတြက္ အျမဲခ်ီးမြမ္းစကားဆိုတတ္ေသာအဘြားက အခုလို ေယာက်္ားခ်င္းႀကိဳက္ေနတာသာ အမွန္လို႔ဝန္ခံလိုက္လၽွင္ မလိမၼာေတာ့ဘူးလို႔ ေျပာမည္လားမသိ။

တရွုံ႔ရွုံ႔ေအာ္ငိုေနၾကေသာ အေမႏွင့္အဘြားေၾကာင့္ ခန႔္ခန႔္ ဆက္ၿငိမ္ေန၍မျဖစ္ေတာ့။ အေျဖတစ္ခု ေပးမွရေတာ့မည္။ ျငင္းမရသည့္အဆုံး ထုတ္ေျပာ႐ုံရွိေတာ့တာေပါ့။ ဒါမို႔တုန္ရင္ေနသည့္ အဖြားႏွင့္ ေဒါသမာန္ျပင္းထန္ေနသည့္ အေမ့ကိုေမာ့ၾကည့္ကာ တည္ၿငိမ္ဟန္အျပည့္ ျပင္ဆင္လိုက္သည္။
 
"ဟုတ္တယ္ ဘြား၊ သားမွာ ခ်စ္တဲ့သူရွိတယ္။ ၿပီးေတာ့ သူကတီခ်ယ္ေျပာသလို ေယာက်္ားတစ္ေယာက္ပါ"

"ဟမ္"

"ၾကည့္ ... ေျပာတယ္မလား၊ ဒီလိမၼာပါတယ္ဆိုတဲ့ေျမးႀကီး ဘယ္ေလာက္မိုက္လုံးနက္ထားသလဲ"

ခန့္ခန့္၏ အေျဖကိုၾကားလိုက္ရသည့္ အဘြားျဖစ္သူမွာ ေသြးပ်က္မတတ္။ ၾကား႐ုံသာၾကားဖူးၿပီး လက္ေတြ႕ျဖစ္ပ်က္သည္ကို ၾကဳံရသည္က မိမိေျမးအရင္းထံတြင္ ျဖစ္သည္။ ေဒၚမိမိနိုင္ကမူ မယုံၾကည္နိုင္ျဖစ္ေနေသာ အေမျဖစ္သူကို ျဖည္းျဖည္းတြဲကာ ဆိုဖာခုံေပၚတြင္ထိုင္ေစ၏။ ၿပီးမွ သားျဖစ္သူဆီ ျပန္လွည့္ရင္း၊

"မင္း မရွက္ဘူးလား၊ ဦးေႏွာက္မရွိဘူးလား ... ဟမ္။ အဲဒီေျခာက္တဲ့စိတ္ေတြက ဘယ္ခ်ိန္ကတည္းက ဝင္ေနတာလဲ။ ေျပာစမ္းပါ ခန့္ခန့္ရဲ့၊ ငါ့ကိုေျပာစမ္းပါ။ နင္က အေျခာက္ျဖစ္ေနၿပီလား"

ခန့္ခန့္ တည္တည္ၿငိမ္ၿငိမ္ ေျပာခဲ့ေသာ္ျငား လူကအေၾကာက္လြန္ကာ ပူထူလာသည္။ မိခင္၏ထိုးႏွက္သမၽွ စကားတို႔ကိုသာ မတုပ္မလွုပ္သည့္ဟန္ျဖင့္ အားစိုက္နားေထာင္ရသည္။ အတြင္းစိတ္တြင္ေတာ့ ခႏၶာကိုယ္ႀကီးတစ္ခုလုံး ယိုင္လဲေလာက္ေအာင္ထိ ေၾကကြဲေနၿပီျဖစ္သည္။

သို႔ေသာ္ မတုန္မလွုပ္ႏွင့္ ဘာမွျပန္မေျပာဘဲ မထိမဲ့ျမင္ပုံစံရွိေသာ ထိုမ်က္ႏွာအမူအယာကပဲ ေဒၚမိမိနိုင္အား ပိုစိတ္တိုေစသည္။ အဖြားျဖစ္သူကိုလည္း ပိုဝမ္းနည္းေစတာျဖစ္၏။

"ဒီကိစၥကို ရွက္စရာလို႔မေတြးလို႔ သားမရွက္ဘူး ေမေမ။ ၿပီးေတာ့ ေမေမေျပာသလို အရွက္မဲ့စရာေကာင္းေအာင္ ေျခာက္ေနတာမ်ိဳးလည္း မဟုတ္ဘူး။ ဒီတိုင္း လူတစ္ေယာက္ကို ခ်စ္မိသြားတာ။ ဒါေပမဲ့ ေယာက်္ားတစ္ေယာက္ကို ခ်စ္မိသြားတာ။ ေမေမတို႔ အရွက္ရပါေစေတာ့ဆိုၿပီး ရည္ရြယ္လုပ္ခဲ့တာမ်ိဳးမဟုတ္ဘူး"

"ဟဲ့ ... ေယာက်္ားခ်င္းႀကိဳက္ရင္ ရွက္စရာပဲ။ အမေလး ေျပာရတာေတာင္ ၾကက္သီးထလိုက္တာ၊ မအပ္မစပ္ အတတ္ေကာင္းေတြ မင္းကိုဘယ္သူသင္ေပးလိုက္သလဲ။ အခုႀကိဳက္ေနတယ္ဆိုတဲ့ေကာင္က ဘယ္သူလဲ၊ ဘယ္ကေလကေခ်လဲ။ ေျပာစမ္းပါ ခန့္ခန့္ရဲ့"

"...."

ခန့္ခန့္  တိတ္ဆိတ္သြားရျပန္သည္။ ခ်စ္သူျဖစ္သည့္ ေဇယ်ာ့နာမည္အား သူ လုံးဝထုတ္မေျပာခ်င္။ မိဘေတြက ခ်စ္သူ႔အေပၚ နဂိုရွိရင္းစြဲက ခင္မင္ၾကသည္မလား။ သူႏွင့္ကိစၥေၾကာင့္ အျပစ္တင္မုန္းတီးသြားမွာကို မလိုလားေပ။ 

"ေျပာေလ။ ငါေမးေနတယ္ ... ဘယ္သူလဲလို႔"

"ဟ ... ဘာေတြဆူညံေနၾကတာလဲ။ ၿခံတံခါးႀကီးလည္း ပိတ္မထားၾကဘူး"

အခ်ိန္ေကာင္းတြင္ ေရာက္လာျခင္းပါပဲ။ ဦးမင္းဟန္တစ္ေယာက္ ေမာပမ္းျပန္လာၿပီး ဆူညံသံေတြၾကားရေတာ့ စိတ္မရွည္စြာ ေငါက္ငမ္းလိုက္တာျဖစ္သည္။ စိတ္တိုေနသည့္ ေဒၚမိမိနိုင္ကလည္း ေယာက်္ားျဖစ္သူအား ခရီးေရာက္မစိုက္ပင္ ျဖစ္ေၾကာင္းကုန္စင္ ရွင္းျပေတာ့၏။

"ဘယ္လိုျဖစ္နိုင္မွာလဲ ငါ့သားက"

ဦးမင္းဟန္ သူ႔နားသူ မယုံနိုင္ေအာင္ ျဖစ္သြားသည္။ တစ္ဆက္တည္း မတ္တပ္ရပ္ေနဆဲရွိသည့္ ခန႔္ခန႔္ကိုပါ လွည့္ၾကည့္လာေလ၏။

"ဟုတ္လို႔ ခုပဲဝန္ခံထားတာရွင္။ ဘယ္သူနဲ႔လဲသာ ဆက္ေမးၾကည့္ေတာ့"

ခန႔္ခန႔္ ေခါင္းကိုငုံ႔ခ်လိုက္သည္က ဝန္ခံလိုက္သည့္ႏွယ္။ သည္ေတာ့မွ ဦးမင္းဟန္မ်က္ဝန္းတို႔ ျပဴးက်ယ္သြားသည္။ မ်က္ႏွာမွာလည္း ရဲေသြးနီၿပီး ေခၽြးစို႔လာသည္မွာ အတိုင္းသား။

"သား ဘယ္သူနဲ႔လဲ ေျပာစမ္း၊ ေက်ာင္းကပဲလား"

"..."

ခန့္ခန့္မွာေတာ့ ေခါင္းေတြပူထူကာ မ်က္ရည္ပါဝဲလာသည္။ သည္ျပႆနာအား သူတစ္ေယာက္တည္းသာ ႀကိတ္မွိတ္ခံလိုက္ခ်င္သည္။ ခ်စ္သူ၏အမည္နာမအား ထုတ္ေျပာလိုက္ဖို႔ မဝံ့ရဲပါေပ။ နာမည္ေျပာျပလိုက္မွ မိဘေတြက ခ်စ္သူ႔အား ျပႆနာသြားရွာမွာလည္း စိုးရိမ္သည္။ ႏွစ္ဖက္စလုံးကမိဘေတြသိသြားလၽွင္ ျပႆနာက မိုးမီးေလာင္သလို ႀကီးသြားနိုင္ေလရဲ့။

"ေအး ခန့္ခန့္ ... ေမေမေမးတာကို မေျဖရင္ေတာင္ မင္းအေဖကိုေတာ့ ဒီအိမ္ရဲ့အိမ္ေထာင္ဦးစီး အေဖတစ္ေယာက္အေနနဲ႔ ေလးစားၿပီး မင္း ေျဖကိုေျဖရမယ္"

ခန့္ခန့္ ဖခင္ျဖစ္သူအား တစ္ခ်က္အၾကည့္ခ်င္းဆုံေတာ့ ေက်ာခ်မ္းသြားရသည္။ ေဒါသေငြ႕တို႔ေလာင္ၿမိဳက္ေနသည္မွာ တစ္ခါမွပင္ မျမင္ဖူးသည့္ အေနအထားမ်ိဳး။ သူ မတတ္သာေတာ့ပါေပ။ ေျပာမည္ဆုံးျဖတ္လိုက္ရေလေတာ့ ခန့္ခန့္ အံကိုခပ္တင္းတင္းႀကိတ္မိသည္။ နားထင္ေၾကာေတြ ေထာင္လာမိသည္ထိ သူ႔ခမ်ာ နာနာက်င္က်င္ရင္ဆိုင္ေနရတာပင္။

"သားေျပာျပပါ့မယ္။ ဒါေပမဲ့ ဒီကိစၥမွာအဲဒီလူကို အျပစ္တင္စရာ လုံးဝမလိုဘူးေနာ္။ သားကိုယ္တိုင္ပဲ ဆုံးျဖတ္ခဲ့တာ"

"ေအး ဘယ္သူလဲေျပာ"

စိတ္မရွည္သည့္ေလသံျဖင့္ ခပ္သြက္သြက္ ေမးလာသည္ကား ဦးမင္းဟန္။

"ကိုေဇယ်ာပါ"

"ဘုရားေရ.."

"အမေလး ... ဘုရား၊ ဘုရား။ အိမ္ကိုလာေနက် ဟိန္းေဇယ်ာလား"

ခန့္ခန့္ ေခါင္းတစ္ခ်က္သာ ၿငိမ့္ျပလိုက္ရသည္။ အေမႏွင့္အဘြားျဖစ္သူမွာ ခန့္ခန့္၏အေျဖေၾကာင့္ အံ့ဩထိတ္လန့္သြားၾကသည္။ ဦးမင္းဟန္ကေတာ့ တစ္စုံတစ္ခုကို နက္နက္နဲနဲ စဥ္းစားေနသည့္ဟန္ျဖင့္သာ ဆိုဖာေပၚျဖည္းျဖည္းခ်င္း ထိုင္ခ်ေလ၏။

"ဒါ့ေၾကာင့္မို႔ ဒါေၾကာင့္မို႔ကိုး။ အဲေကာင္ေလးအိမ္ကို စာလုပ္ဆိုၿပီး လိုက္,လိုက္သြားတာ။ ဟိုကလည္း အိမ္တန္ရာေရာက္ လာေခၚေနတာ။ မင္း မိုက္လုံးႀကီးလွခ်ည္လား ခန႔္ခန႔္ရယ္။ မျဖစ္ဘူး ... ေမေမတို႔ လုံးဝခြင့္မျပဳနိုင္ဘူး။ ဒီကိစၥကို ရပ္တန္းကရပ္ေနာ္၊ မင္းတို႔ကို လုံးဝသေဘာမတူနိုင္ဘူး"

"...."

ခန့္ခန့္ အံကိုႀကိတ္ထားသည္။ အိမ္ကလူေတြသိၾကလၽွင္ အသည္းအသန္တားမွာကို အစတည္းက ႀကိဳသိသည္။ သို႔ေပမဲ့ ဘယ္ေလာက္တားတား သည္လူမွမရွိရင္ အသက္ဆက္မရွင္နိုင္ဘူးဆိုတာလည္း အစတည္းက သူသိၿပီးသားျဖစ္သည္။ အေျခအေနမွာျဖင့္ မလူးသာ၊ မလြန႔္သာ။

က်စ္က်စ္ပါေအာင္ ဆုပ္ထားေသာ သူ႔လက္သီးဆုပ္တို႔မွာ ေခၽြးစတို႔ျဖင့္ ပူေႏြးလာသည္။ အံတင္းတင္းႀကိတ္ရင္း ဖိကိုက္ထားမိေသာ ႏွုတ္ခမ္းသားတြင္လည္း ငံက်ိက်ိအရသာ ျဖစ္လာေနၿပီ။ သို႔ေသာ္ ခုခ်ိန္ၾကဳံေနရသည့္ အက်ပ္အတည္းမွာ ေသြးထြက္၍နာသည္ထက္ အဆေပါင္းမ်ားစြာ ဆိုးေနေပ၏။

"ေမေမ ေျပာေနတာၾကားလား။ မင္းသူ႔ကို အဆက္အသြယ္ျဖတ္ရမယ္။ ေနာက္ဘယ္ေတာ့မွ မေတြ႕ရဘူးမွတ္"

"ေမေမ!"

ယတိျပတ္ေျပာလိုက္ေသာ စကားေၾကာင့္ လူကေခါင္းေလာင္းတစ္လုံးလို ရမ္းခါမတတ္ တုန္ရင္သြားသည္။ ဒါမို႔ ခန့္ခန့္ တန္ျပန္ေအာ္လိုက္မိေတာ့ စူးခနဲျပန္လွည့္ၾကည့္လာသည္မွာ ဦးမင္းဟန္ျဖစ္သည္။

"ခန့္ခန့္ ... မင္းအေမေျပာသလို ဒီေကာင္ေလးကို အဆက္အသြယ္ျဖတ္ရမယ္။ ဒါေနာက္ဆုံးေျပာျခင္းပဲ။ ၿပီးမွ ဘာသံညာသံၾကားတယ္ဆိုရင္ ငါ့အဆိုးမဆိုနဲ႔။ ေမႀကီး သူ႔ဖုန္းသိမ္းထားလိုက္။ WiFi လည္းျဖဳတ္ထား။ စာေမးပြဲရွိတာ စာပဲအာ႐ုံစိုက္၊ စာေမးပြဲမေျဖမခ်င္း အျပင္လုံးဝမထြက္နဲ႔ ... ၾကားလား"

ျပတ္သားသည့္အမိန့္သံအဆုံးတြင္ အ႐ုပ္ႀကိဳးပ်က္သည့္ႏွယ္ ျဖစ္သြားရသည္က ခန့္ခန့္ပင္။

ထိုေန႔၊ ထိုအခ်ိန္မွစကာ သူ႔ဘဝက အေမွာင္အတိ ဖုံးလႊမ္းသြားခဲ့ေလသည္။ ခ်က္ခ်င္းဆိုသလို ဖုန္းသိမ္းခံ႐ုံမက WiFi ပါမရွိေတာ့တာမို႔ ခ်စ္သူအား ဘယ္လိုမွဆက္သြယ္မရေတာ့ေခ်။ ပုံမွန္ဆက္သြယ္ေနက်အခ်ိန္မ်ားဆက္လၽွင္ ဖုန္းပိတ္ထားတာႏွင့္ပဲ လူႀကီးေတာ့ ၾကဳံေနေတာ့မွာပင္။ ဘာအက်ိဳးအေၾကာင္းမွမေျပာရဘဲ အဆက္အသြက္ျပတ္သြားေလတာ တစ္ရက္၊ ႏွစ္ရက္မွ သုံးရက္တိုင္သည္ထိ။

နည္းလမ္းတစ္ခုခုႏွင့္ ဆက္သြယ္လို႔ရျငား အခန္းတြင္းမွ အျပင္ထြက္ၾကည့္လၽွင္လည္း တရားခံတစ္ေယာက္သဖြယ္ မ်က္စိေဒါက္ေထာက္ၾကည့္ေနၾကတာပင္။ ၿခံေရွ႕ထြက္႐ုံႏွင့္လည္း မာန္ေနတတ္တာမို႔ သူ စိတ္ေပါက္ေပါက္ႏွင့္ အခန္းျပင္ကို သိပ္မထြက္ျဖစ္ေတာ့။ သူ႔၏အဓိပၸါယ္မဲ့ေသာ ေန႔ရက္တို႔က စာက်က္ျခင္း၊ ငိုေႂကြးျခင္း၊ မခံမရပ္နိုင္ျဖစ္ျခင္းတို႔ျဖင့္သာ ကုန္ဆုံးလာခဲ့ရသည္။

သို႔ေပမဲ့ ဖုန္းအသိမ္းခံရၿပီး ၃ရက္ေျမာက္ေန႔တြင္ေတာ့ ခန႔္ခန႔္အတြက္ အခြင့္အေရးတစ္ခု ရလာခဲ့ေလၿပီ။ မနက္အေစာပိုင္းထဲက အိမ္ကထြက္သြားၾကေသာ မိဘေတြအလစ္တြင္ အိမ္ေအာက္ထပ္သို႔ ခိုးေၾကာင္ခိုးဝွက္ ဆင္းလာခဲ့မိသည္။ ဘြားဘြားဆိုတာ မနက္ဘုရားဆြမ္းေတာ္ကပ္ၿပီးကတည္းက သူ႔အခန္းထဲတြင္ ဘုရားစာရြတ္လို႔မဆုံးေတာ့။

ဒါမို႔ မီးဖိုထဲတြင္ အလုပ္ရွုပ္ေနေသာ အိမ္အကူႀကီးႀကီးကို တစ္ခ်က္ေခ်ာင္းရသည္။ အိမ္ေသာ့ကို ခါးတြင္ညႇပ္ရင္း ဟင္းေတြခ်က္ေနေလတာ အပီအျပင္။ သို႔ေပမဲ့ တရွဲရွဲဟင္းခ်က္ေနသံေတြၾကား ေျခကိုေဖာ့ကာ ပန္းကန္စင္ေပၚတြင္တင္ထားေသာ ႀကီးႀကီး၏ဖုန္းကို ခဏတာခိုးယူနိုင္ခဲ့ေလသည္။ မိဘေတြအခန္းလည္း ေသာ့ခတ္ထားတဲ့အတူတူမို႔ အခုခ်ိန္တြင္ ႀကီးႀကီးဖုန္းတစ္လုံးသာ သူ အလစ္ယူလို႔ရတာျဖစ္သည္။

သို႔ႏွင့္ ေအာက္ထပ္က ပစၥည္းထားသည့္အခန္းလြတ္ထဲဝင္တာ အလြတ္ရေနသည့္ နံပါတ္တစ္ခုအား အျမန္ဆက္သြယ္ရေတာ့၏။ ေမွာင္မဲတိတ္ဆိတ္ေနေသာ အခန္းထဲတြင္ ဖုန္းျမည္သံတတူတူက ေလထုကိုႀကီးစိုးလ်က္ရွိသည္။ တစ္ပတ္ေနလို႔ တစ္ခါေတာင္မဝင္ျဖစ္ၾကသည့္အခန္းမို႔ ဖုန္ေတြဆိုတာေတာ့ အလိပ္လိပ္ႏွင့္။ ဖိနပ္မစီးထားေသာ ခန႔္ခန႔္ တစ္လွမ္းေလၽွာက္တိုင္း ေျခဖဝါးတြင္ ဖုန္ေတြကပ္ေနေလတာ အထိအေတြ႕ႏွင့္တင္ ခံစားလို႔ရေပသည္။

ႀကီးႀကီးအသံနားစြင့္ရင္း ေခၚဆိုေနရေသာဖုန္းက တတူတူျမည္သံသာ ဆုံးသြားသည္၊ ကံဆိုးစြာပဲ ခ်စ္သူက သူ႔ဖုန္းကိုမကိုင္ခဲ့ပါေခ်။ အေရးတႀကီးကိစၥမ်ားရွိေနေလသလား၊ ဒါမွမဟုတ္ ဖုန္းနံပါတ္စိမ္းေနလို႔ပဲလား။ ခန႔္ခန႔္အဖို႔ အခ်ိန္လည္းမရတာမို႔ ဆက္တိုက္ေခၚေနလို႔လည္း မျဖစ္ပါေခ်။ ခလုတ္ေတြကတဆင့္ စာရိုက္ရမည္မို႔ သူေျပာခ်င္တာေတြ စာပို႔ထားလို႔လည္းမလြယ္။

မတတ္နိုင္ေတာ့သည့္ ေနာက္ဆုံးေတာ့ ခန့္ကိုဆီကိုသာ အက်ိဳးအေၾကာင္း ဖုန္းဆက္ေျပာျပရေတာ့၏။ ၿပီးမွ ခ်စ္သူဆီ ဆက္သြယ္ခိုင္းၿပီး မွာစရာရွိသည္တို႔ကို အေမာတေကာ မွာလိုက္ရေတာ့တာပင္။ သည္လိုႏွင့္ ဖုန္းျပန္ထားေပးၿပီး အခန္းဆီျပန္တက္ေလေတာ့ ၿငီးေငြ႕စိတ္ပ်က္ဖြယ္ တစ္ေန႔တာကို ထပ္ကုန္ဆုံးဖို႔ က်ားကုတ္က်ားခဲ ႀကိဳးစားရျပန္သည္။

စက္တင္ဘာေန႔ရက္တို႔က ဘယ္ေနရာၾကည့္ၾကည့္ စိမ္းစိမ္းစိုစို ရွိလွသည္။ ေန႔ခင္းေန႔လယ္ စာက်က္ခ်ိန္ဆို အခန္းျပတင္းေပါက္ဖြင့္ၿပီး ၿခံေရွ႕ၾကည့္ျဖစ္တာ သူ႔အက်င့္တစ္ခုလို။ အလုံပိတ္အခန္းထဲတြင္ အဲကြန္းႏွင့္စာက်က္ရသည္ထက္ အဘြားစိုက္ထားေသာ သစ္ပင္၊ ပန္းမာန္ေတြကို လွမ္းၾကည့္ရင္း စာလုပ္ရတာကို သေဘာက်သည္။ အဲကြန္းေလက အိပ္ခ်င္စရာေကာင္းေအာင္ ၿငီးေငြ႕ဖြယ္ေပမဲ့ သဘာဝေလကေတာ့ တစ္ခ်က္တစ္ခ်က္မွ တိုက္ခတ္ေစဦးေတာ့ သေဘာက်ႏွစ္ၿခိဳက္ဖြယ္ပါပဲ။

စာၾကည့္စားပြဲေပၚက ပုံႏွိပ္အထူကို မ်က္ႏွာခဏလႊဲထားေသာ ခန့္ခန့္အဖို႔ အေတြးေတြက ဟိုေရာက္သည္ေရာက္။ ပုံမွန္လို တရစပ္စာက်က္ဖို႔ အာ႐ုံစိုက္ရခက္ခဲေလတာ ရက္သတၱပင္ ေက်ာ္လာၿပီျဖစ္သည္။ ခ်စ္သူႏွင့္တစ္သက္လုံး မေတြ႕ရဘူးဟူေသာ ရာဇသံလိုအမိန႔္က သူ႔ကိုမ်ားစြာ တုန္လွုပ္ေျခာက္ျခားေစတာပင္။

သို႔ေပမဲ့ တစ္ေယာက္တည္း ေလလြင့္ေနရေလာက္ေအာင္ထိေတာ့ ခန႔္ခန႔္ စာက်က္မပ်က္ခဲ့ပါေခ်။ ခက္ခဲေသာ္ျငား အရင္ကထက္ပင္ ႏွစ္ဆပို၍ႀကိဳးစားက်က္သည္။ တြက္စာမ်ားလည္း ပိုင္နိုင္ေအာင္တြက္ခ်က္ဖို႔အေရး ေန႔ေန႔ညည ႀကိဳးစားရတာပင္။ ပထမႏွစ္ဝက္စာေမးပြဲတြင္ အဆင့္အေနအထား A ေလးခု၊ B သုံးခုရခဲ့တာမို႔ B ရခဲ့သည့္ဘာသာရပ္မ်ားအေပၚတြင္ ပိုအားစိုက္လုပ္ရ၏။

သည္တစ္ႀကိမ္ ေအာင္စာရင္းထြက္လၽွင္ ယခုရထားသည့္ ခုံနံပါတ္ ၁၆ ဆိုတာထက္ အမ်ားႀကီးေရွ႕ေရာက္ခ်င္သည္။ ခုံနံပါတ္ ၁ မွ ၅ အတြင္း ဝင္နိုင္လၽွင္ သူ ေမၽွာ္မွန္းထားသည့္ဆုလာဒ္ကို ရေအာင္ေတာင္းရမည္ျဖစ္သည္။ ဒါမို႔ ေန႔ေန႔ညညလည္း ႀကိဳးစားေနရတာပင္။

ခန႔္ခန႔္အတြက္ အခုခ်ိန္တြင္ လုပ္နိုင္သည့္တစ္ခုတည္းေသာအရာကား စာႀကိဳးစားျခင္းပဲ ျဖစ္သည္။ မိဘေတြ မထင္မွတ္ထားသည့္ခုံနံပါတ္ကို အရယူၿပီး အရင္ႏွစ္ေတြကဲ့သို႔ သူ လိုခ်င္တာေတာင္းစရာရွိတာ ေတာင္းရမွာပင္။ သို႔ေသာ္ သည္တစ္ႀကိမ္တြင္ေတာင္းဆိုမည္ကား အရင္ႏွစ္မ်ားကထက္ မ်ားစြာတန္ဖိုးႀကီးသည့္အရာ။

ဟူး။

သတိရစိတ္တို႔အား အနိုင္နိုင္ခ်ိဳးႏွိမ္ၿပီး ခန႔္ခန႔္ စာအသည္းအသန္ၾကည့္ဖို႔ ၿခံအျပင္ဘက္ဆီ ေရာက္ေနသည့္အၾကည့္တို႔ကို ႐ုတ္သိမ္းလိုက္၏။ စိတ္ကူးအလီလီျဖင့္ သႏၷိဌာန္ခ်ခဲ့စဥ္က မလြယ္ကူမွန္းသိခဲ့ေသာ္လည္း ခြဲခြါရျခင္းႏွင့္ အသားမက်နိုင္ေသးသည့္ သူ႔အဖို႔ေတာ့ သည္ဒုကၡက ပင္ပန္းဆင္းရဲျခင္းအတိၿပီးလွသည္။

ခ်စ္သူမွာလည္း သူ ေၾကကြဲဝမ္းနည္းေနမွာထက္စာလၽွင္ ႀကံ့ခိုင္ေနသည္ကို ပိုသေဘာက်လိမ့္မည္ဟု သူယုံၾကည္သည္။ ဒါမို႔လည္း ခန့္ကိုဆီ ဖုန္းဆက္မွာစဥ္ကတည္းက သူ႔အတြက္ စိတ္မပူဖို႔ အတန္တန္ေျပာလိုက္သည္။ ေနာင္တစ္ခ်ိန္ ေအာင္စာရင္းမ်ားထြက္လာခဲ့လၽွင္ သည္ခက္ခဲသည့္ကာလကို သူေကာင္းေကာင္းေက်ာ္ျဖတ္နိုင္ခဲ့သည္ဆိုတာ ခ်စ္သူကို သက္ေသျပမည္။ မိဘေတြကိုလည္း သက္ေသျပမည္။ အနီးအနားလူေၾကာင့္ သာယာပါတယ္၊ ကေလကေခ်ဆန္ပါတယ္ဆိုသည့္ အေျပာေတြကို သူႀကိဳးစားမွုက ပုံမွန္ထက္ပင္ အရာထင္ခဲ့ေၾကာင္း တစ္ခ်ိန္မွာ ေျပာျပခ်င္ေသးသည္။

ပန္းတိုင္ေရာက္နိုင္ေရး အားစိုက္ကာ ႀကိဳးစားေနရသည့္အခ်ိန္လည္းရွိသလို ေခ်ာင္ကပ္ကာ ခ်ိနဲ႔သည့္အားအင္ႏွင့္ ငိုေႂကြးရသည့္မိနစ္ေတြကိုေတာ့ သူမွတပါး အျခားသူမသိေစလို။ အထူးသျဖင့္ အဲ့လူႀကီး လုံးဝမသိေစလို။

လြမ္းရိပ္ေတြမ်ား အခိုးအေငြ႕န္အသြင္သဏၭာန္ ေျပာင္းလဲနိုင္ပါလၽွင္ ေကာင္းကင္တစ္ခြင္ဆိုတာ ေနအလင္းေတာင္ ထိုးေပါက္ဝင္နိုင္ပါေတာ့မည္လား။

..........................

ဟိန္းေဇယ်ာမွာေတာ့ စိတ္မပူဖို႔အေရး အထပ္ထပ္မွာလိုက္သည့္ကေလးအား ဘယ္လိုမွစိတ္မပူဘဲ မေနနိုင္ခဲ့ေခ်။ ကေလး၏သူငယ္ခ်င္းဆိုေသာ ခန႔္ကို ဖုန္းဆက္ေျပာျပသည့္ အေျခအေနေၾကာင့္ ျဖစ္ေၾကာင္းကုန္စင္အား အဆက္အသြယ္ျပတ္ၿပီး သုံးရက္ၾကာမွသာ သိခဲ့ရသည္။ ပုံမွန္အေျခအေနတြင္ ဖုန္းပိတ္သြားသည့္ခ်စ္သူအား စိတ္ဆိုးသည္အထင္ႏွင့္ အိမ္တန္ရာေရာက္ ေခ်ာ့မည္ျဖစ္ေသာ္လည္း သူ႔အိမ္ကလည္း တင္းမာမွုေၾကာင့္ အိမ္ေရွ႕ပင္မေရာက္နိုင္။ အန္ကယ္ႏွင့္အန္တီတို႔ပါ သိသြားေလေတာ့ မဆင္မျခင္သြားခဲ့၊ ျပဳမူခဲ့မိသည့္ သူ႔ကိုယ္သူသာ မခ်ိတင္ကဲ စိတ္တိုေနမိတာပင္။

အိမ္ကဖိအားေၾကာင့္ ကေလးတစ္ေယာက္ အပူေတြဘယ္ေလာက္မ်ားေနပါမည္လဲ၊ ေဇယ်ာ ေတြးၾကည့္႐ုံႏွင့္ ရင္ေမာရသည္။ ပူပန္ရသည္။ ၿပီးလၽွင္ ေခါင္းမာတတ္သည့္ သူ႔ခ်စ္သူေလး အစားမွေကာင္းေကာင္း စားပါရဲ့လား။ အိမ္ကိုစိတ္ဆိုးၿပီးမ်ား ေပေပေတေတ ေနေလမလား။ မ်က္တြင္းေတြက်ကာ စာေတြခ်ည္း အအိပ္ပ်က္ခံက်က္ေနမလား။ လူကသာ ယခုလို႐ုံးခန္းအလုပ္စားပြဲ၊ ကားလမ္းမေပၚ၊ အိမ္မွာတစ္ခုခုလုပ္ေနသည္ျဖစ္ေစ စိုးရိမ္စိတ္ေတြကျဖင့္ မရပ္တန႔္နိုင္ေအာင္ ရွိလြန္းလွသည္။

အိမ္၏အခ်စ္ခံ၊ ေပ်ာ္ေပ်ာ္ေနတတ္သည့္ကေလးမွာ ခုခ်ိန္ ဘယ္ေလာက္မ်ား စိတ္ညစ္ေနလိုက္ပါမလဲ။ အားငယ္ေနလိုက္ပါမလဲ။

ဝမ္းနည္းစရာရွိရင္ ကိုယ့္ကိုရင္ဖြင့္ပါလို႔ အတန္တန္ေျပာခဲ့ေသာ္ျငား အခုေတာ့ သူကိုယ္တိုင္ပင္ ကေလးနားမေရာက္နိုင္ေတာ့ပါေပ။ အနည္းဆုံးေတာ့ အိမ္ေရွ႕သြားကာ အရိပ္အေယာင္ ျပခ်င္ေသးသည္။ ဖုန္းမေျပာရေတာင္ မ်က္ႏွာေလးခဏ ျမင္႐ုံႏွင့္လည္း ေက်နပ္ရဦးမည္။ သို႔ေသာ္ အခြင့္မသာလွေပ။ ေခ်ာင္မွာကပ္၍ တိတ္တိတ္ကေလးငိုတတ္သည့္ မာနခဲေလးအေၾကာင္း ေတြးမိတိုင္း မ်က္ရည္ေတြ အတြင္တြင္က်ရသူက ေဇယ်ာသည္သာ။

သက္ျပင္းလွိုင္လွိုင္ခ်ရင္း ႐ုံးခန္းစားပြဲတြင္ ဖိုင့္ဖိုင့္ႀကီးထိုင္ေနေသာ ဖခင္ကိုျမင္ေတာ့ ပိုလို႔စိတ္ညစ္မိ၏။ သူ႔ဖက္မွာ အေျခအေနမေကာင္းသလို ခ်စ္သူဖက္မွာလည္း ဖုန္းပင္သိမ္းလိုက္သည္အထိ ျဖစ္သြားေသာေၾကာင့္ မိဘမ်ား၏တင္းမာမွုကို ေဇယ်ာ ခန႔္မွန္းၾကည့္နိုင္သည္။ သူကိုယ္တိုင္ပင္ ေတာင္းေတာင္းပန္ပန္ႏွင့္ ခြင့္ေတာင္းခ်င္သည္။ ခ်စ္သူေလးအား စိတ္ခ်မ္းသာေအာင္ထားေပးရန္ ေတာင္းဆိုခ်င္သည္။ ဒူးပင္ေထာက္ရပါေစ .. သူ႔အတြက္ ကေလးထက္အေရးႀကီးသည္မွာ ဘာမွမရွိ။

သို႔ေသာ္ ထိုစိတ္ခ်မ္းသာေစခ်င္သည့္ ကေလးကပင္ သူ႔အားအိမ္မလာပါရန္ အတန္တန္ မွာလိုက္ေသးသတဲ့။ သူ အဆင္ေျပပါတယ္၊ စာက်က္ေနပါမယ္ဆိုသည့္ စကားကိုပါးလိုက္တာ အထပ္ထပ္အခါခါ။ စာေမးပြဲေျဖမည့္ ပထမဆုံးေန႔မွသာ သူ႔ကိုေက်ာင္းလာေတြ႕ရန္ ဆက္ဆက္မွာရွာသည္။ ေဇယ်ာ့ခမ်ာလည္း ေတြ႕ခ်င္စိတ္တို႔ကို ေအာင့္အီးသည္းခံရင္း သည္ေန႔လို စက္တင္ဘာ ၁၈ ရက္ေန႔ေရာက္ဖို႔ ေစာင့္ဆိုင္းေနခဲ့ရတာ ႏွစ္ခ်ီၾကာသည့္ႏွယ္။

သို႔ေသာ္ သည္ေန႔မွပဲ တိုက္တိုက္ဆိုင္ဆိုင္ အေဖျဖစ္သူ ဦးျမတ္သူက ဆိုင္ကေနနည္းနည္းမွ မခြာပါေခ်။ လွိုင္ဖက္သြားပါမည္ဟု ဖုန္းေျပာေနေလတာ ေန႔လယ္ထမင္းစားၿပီးကတည္းကပင္။ သိုေသာ္ အခုခ်ိန္ထိ ေျခတစ္လွမ္းမေရြ႕ေသး။

ေဇယ်ာ လက္ကနာရီကို ေစာင္းၾကည့္ေလေတာ့ အခ်ိန္အားျဖင့္ ညေနသုံးနာရီ ရွိေနေလၿပီ။ ေလးနာရီတြင္ စာေမးပြဲၿပီးမွာမို႔ အခုခ်ိန္ဆို သူ ႀကိဳထြက္သင့္ေနၿပီမလား။ နာရီကိုတစ္လွည့္၊ အေဖ့အရိပ္အကဲကိုတစ္လွည့္ ရင္ပူစြာေစာင့္ၾကည့္ေနရသူက ဟိန္းေဇယ်ာသည္သာ။

ျဗဳန္းစားႀကီး ဘာျဖစ္ျဖစ္ထသြားခ်င္ပါေသာ္လည္း ရြယ္ရြယ္ေျပာျပ၍ အေဖ့ျဖစ္သူ၏အစီအစဥ္မ်ားကို ႀကိဳသိရၿပီး ျဖစ္ေလသည္။ ေဇယ်ာ မိန္းမလည္း မယူခ်င္သလို၊ နိုင္ငံျခားပညာသင္လည္း မသြားခ်င္ပါ။ ဒါမို႔ ေလာေလာဆယ္ေတာ့ ၿငိမ္ေနလိုက္လၽွင္ ပိုသင့္ေလ်ာ္မည္မလား။

ေန႔လယ္သုံးနာရီခြဲခ်ိန္တြင္ေတာ့ ဦးျမတ္သူတစ္ေယာက္ မိတ္ေဆြႏွင့္ ဖုန္းခ်ိန္းဆိုထားသည့္အတိုင္း လွိုင္ဖက္သို႔ ထြက္သြားေလၿပီ။ သည္ေတာ့မွ ေဇယ်ာသည္လည္း ကြန္ပ်ဴတာတကၠသိုလ္ဆီသို႔ အေျပးအလႊားေမာင္းရေလတာ ခပ္သုတ္သုတ္။ ေက်ာင္းေရွ႕ေရာက္ခ်ိန္တြင္ ေလးနာရီပင္ေက်ာ္သြားေခ်ၿပီ။ တဖြဲဖြဲေတြ႕ရတတ္ေသာ ေက်ာင္းသားမ်ားပင္ မရွိၾကေတာ့။ သိုေပမဲ့ ေက်ာင္းေရွ႕တြင္ ရပ္ေစာင့္ဆိုင္းေနသည့္ ခန့္ကိုကားေလးကို ေတြ႕လိုက္ရမွ ေဇယ်ာ သက္ျပင္းခ်နိုင္ေတာ့တာပင္။

...............

စာေမးပြဲစေျဖမည့္ေန႔တြင္ ခန႔္ခန႔္တစ္ေယာက္ မနက္ခင္း ၾကည္ၾကည္လင္လင္ပင္ နိုးလာခဲ့သည္။ ေန႔လယ္တစ္နာရီမွ ေျဖရမည္ျဖစ္ေသာ္လည္း ေစာေစာစီးစီးထၿပီး စာေႏႊးထားသည္မွာ ပိုသည္မရွိခဲ့။ English ဘာသာေျဖရန္လည္း အသင့္ျဖစ္သလို၊ မေတြ႕ရတာ တစ္လနီးပါးၾကာၿပီျဖစ္သည့္ခ်စ္သူကို ေတြ႕ရန္မွာလည္း အသင့္ျဖစ္ေနခဲ့ေလ၏။

ေဒၚမိမိနိုင္ခမ်ာမွာေတာ့ စာေမးပြဲသြားေျဖမည့္သားအား လိုက္မပို႔နိုင္ေသာ္လည္း ရည္းစားဆီ အဆက္အသြယ္မလုပ္ရန္ အတန္တန္မွာသည္။ ခန့္ကိုကိုလည္း အိမ္လာေခၚခိုင္း၍ ညေနလည္း အိမ္ဆက္ဆက္ျပန္ေခၚခဲ့ပါတဲ့ေလ။ အိမ္အေၾကာင္းသိေနေသာ သူ႔သူငယ္ခ်င္းကလည္း ေမေမေျပာသမၽွ 'ဟုတ္' တစ္လုံးတည္းသာၿပီးသည္။ သို႔ေသာ္ ငယ္သူငယ္ခ်င္းေတြမို႔ အခ်င္းခ်င္းနားလည္ၾကသည္။ သူ အကူအညီေတာင္းလၽွင္ ခန႔္ကိုက မကူညီရိုးရွိမလား။

ခန႔္ခန႔္တစ္ေယာက္ စာေျဖေနရင္းက ေတြ႕ရမည့္အေရးအား ႀကိဳတင္စိတ္လွုပ္ရွားေနသည္။ စာေျဖရန္ အခ်ိန္သုံးနာရီေပးထားေသာ္လည္း တစ္နာရီခြဲႏွင့္ သူကအၿပီးေျဖလိုက္သည္။ ေမးခြန္းအားလုံးသည္လည္း လွစ္ဟျခင္း အလ်ဥ္းမရွိပါေပ။ က်က္စာလည္းမဟုတ္၊ တြက္စာလည္းမဟုတ္ေတာ့ ေသခ်ာေစ့ေစ့စပ္စပ္ ေရးခဲ့ၿပီး ပိုေနသည့္အခ်ိန္ေတြကိုေတာ့ ခ်စ္သူကိုေစာင့္ရင္းသာ ကုန္ဆုံးေစလိုက္၏။

သူကပဲ အခ်ိန္ေစာထြက္လာေလလို႔လား၊ ၿမိဳ႕ထဲမွာမ်ား ကားေတြပိတ္လို႔လားမသိ ... ေက်ာင္းေရွ႕တြင္ ေမၽွာ္ေနရသည့္အခ်ိန္က သူ႔အတြက္ တစ္နာရီမက ၾကာရွည္လြန္းလွသေယာင္။ ေလးနာရီေက်ာ္မွ ခ်စ္သူ႔ကား ေက်ာင္းေရွ႕ရပ္လာတာျမင္ေလမွ အေျပးဆင္းမိေတာ့တာပင္။ ကားကပ္ရပ္သည္ထိ မေစာင့္ပါပဲ ေတြ႕ခ်င္စိတ္ေစာေနသူ ျဖစ္၏။

ခန႔္ခန႔္ ထြက္လာတာျမင္သည္ႏွင့္ ေဇယ်ာလည္း ကားကိုအရွိန္သတ္ရပ္ရသည္။ ၿပီးေနာက္ လူသူရွင္းသည့္အနားထိ ေရာက္လာေသာေက်ာင္းသားေလးအား တစ္ဆုံးေပြ႕ဖက္လိုက္မိေတာ့တာျဖစ္၏။ ၾကာရွည္ေအာင္ လြမ္းဆြတ္ခဲ့ရေသာ၊ ခက္ခဲခဲ့ရေသာ သူတို႔အဖို႔ ေပြ႕ဖက္ျခင္းက ခ်က္ခ်င္းဆိုသလို ကုစားေပးသည္။

ရင္ခြင္ေႏြးေႏြး တစ္စုံမွာ မထိေတြ႕တာၾကာ၍ပဲလားမသိ ... ေအးစက္ခ်င္းမရွိ ေႏြးေထြးလြန္းလွသည္။ သူ႔ေခါင္းကို ခ်စ္သူ႔ရင္ခြင္ထဲ တိုးေဝွ႕မိေတာ့ မရတာၾကာၿပီျဖစ္သည့္ ကိုယ္သင္းရနံ႔က ႏွာဖ်ားထိပ္သို႔ သင္းခနဲေရာက္ရွိလာသည္။ လြမ္းေမာဖြယ္ တစ္ဆုံးရွူရွိုက္မိေတာ့ ခ်စ္သူ႔ကိုယ္သင္းရနံ႔က သူ႔တစ္ကိုယ္လုံးေတာင္ စီးဆင္းဝင္ေရာက္သြားသေယာင္ေယာင္။

"လာ ... လူေတြျမင္လိမ့္မယ္၊ ကားထဲခဏထိုင္ရေအာင္"

တစ္ခါ၊ ႏွစ္ခါ အငိုက္မိဖူးထားေသာ ေဇယ်ာက သတိေပးစကားဆိုရင္း ခန႔္ခန႔္လက္ကိုဆြဲကိုင္ကာ ကားထဲဝင္ေစလိုက္သည္။ အျမဲတေစၧလို တံခါးဖြင့္ေပးခံရသည့္ ခံစားခ်က္က ျပန္လည္ျဖစ္ေပၚလာေလတာ ၾကည္ႏူးဖြယ္အတိ။ မခံစားရတာၾကာၿပီျဖစ္ေသာ ခ်စ္သူ၏ဂ႐ုစိုက္ၾကင္နာမွုေတြကို တစ္ခဏမွျပန္ရတာေတာင္ သည္ေလာက္ေပ်ာ္စရာေကာင္းေနလၽွင္ တစ္ဘဝသာဆို။

"ကေလး ... ပိန္သြားတယ္"

"မပိန္ပါဘူး၊ လူႀကီးကမွ ပိန္သြားတာ"

အေတြးေတြကို လက္စသတ္ရင္း အျပန္အလွန္ အနီးကပ္ၾကည့္မိၾကေတာ့ ထုံးစံအတိုင္း ျငင္းခုန္မိၾကျပန္တာ။

"မပိန္ရင္ အရင္ေဖာင္းေနတဲ့ ပါးမို႔မို႔ေလးေတြ ခုဘယ္ေရာက္သြားတာလဲ။ ကိုယ္ ဘယ္လိုနမ္းရေတာ့မလဲ"

"ဟာဗ်ာ"

မေတြ႕တာၾကာေသာ္လည္း တဲ့တိုးႀကီးေျပာလိုက္၍ ခန့္ခန့္ ရွို႔တို႔ရွန္းတန္းျဖင့္ တစ္ဖက္လွည့္မိသြား၏။

"ကဲ ... စတာပါ၊ အတည္ေျပာမယ္။ အိမ္မွာေနရတာ အဆင္ေျပရဲ့လား။ ေဖေဖနဲ႔ေမေမက ကေလးကို ဘာေျပာလဲ။ ရိုက္ေတာ့မရိုက္ပါဘူးေနာ္"

ခ်စ္သူေျပာမွ ခန့္ခန့္အေတြးထဲ ေမေမစိတ္တိုၿပီး လက္ေမာင္းကေန ဆြဲကိုင္လွုပ္သည့္ျမင္ကြင္းမ်ား ျပန္ျမင္ေယာင္လာသည္။ သို႔ေပမဲ့ မိမိနာက်င္သည္ထက္ ခ်စ္ရသူ စိတ္မေကာင္းျဖစ္မည္ကို ပိုစိုးရိမ္၍ မေျပာျပခ်င္။ ဒါမို႔ မ်က္ႏွာအမူအယာမပ်က္ေစဘဲ၊

"ရိုက္ရႏွက္ရေအာင္ ကေလးမွမဟုတ္ေတာ့တာ။ အရိုက္လည္းမခံရပါဘူး။ သေဘာမတူဘူးလို႔ေတာ့ ေျပာတယ္"

အေကာင္းဆုံးမ်က္ႏွာထားႏွင့္ မုသားကိုသုံးလိုက္သည္မွာ ခ်စ္ရသူ မနာက်င္ရေစရန္သာ ရည္ရြယ္ပါ၏။ ႐ုပ္ဝတၳဳပိုင္းဆိုင္းရာနာက်င္မွုကား ခဏႏွင့္ေပ်ာက္နိုင္သည္၊ စိတ္ပိုင္းဆိုင္ရာ နာက်င္မွုကား ေတြးတႏုံ႔ႏုံ႔ႏွင့္ မေပ်ာက္ပ်က္နိုင္သည့္အရာေပ။

"အင္းပါ၊ ဒါေတာ့ ကိုယ္တို႔အစတည္းက ေမၽွာ္လင့္ထားၿပီးသားပဲေလ။ အဲ့ဒါဆို ကေလးကို အျပင္ဘယ္ေတာ့မွ ေပးထြက္မွာတဲ့လဲ။ ခုထိ ဖုန္းလည္း ေပးမကိုင္ေသးဘူးေပါ့"

"အင္း ဘယ္ေန႔ ဖုန္းေပးမယ္၊ ဘယ္ေန႔အျပင္ျပန္ထြက္ရမယ္ ... ဘာမွအတိအက်မေျပာၾကဘူး။ ေစာင့္ၾကည့္ခံေနရတယ္"

ေဇယ်ာက သက္ျပင္းတစ္ခ်က္မွုတ္ထုတ္လိုက္ရင္း ခန့္ခန့္ ဆံစတစ္ခ်ိဳ႕အား ခပ္ဖြဖြ ပြတ္သပ္လိုက္၏။ ခ်စ္စရာေကာင္းလိုက္သည့္ေကာင္ေလးမွာ သူ႔ေၾကာင့္ ဘယ္ေလာက္မ်ား မြန္းက်ပ္ေနလိုက္မလဲ။

"ဟူး ... ထင္တဲ့အတိုင္းပဲကြာ။ ဒါမို႔ ကိုယ္ ဒါေလးယူလာတယ္။ ကေလး မယူထားလို႔မရဘူးေနာ္။ ဒီတစ္ခါေတာ့ မာနထားလို႔မရဘူး၊ ျငင္းခြင့္လည္း မေပးဘူး။ အသစ္ဆိုျငင္းေနမွာစိုးလို႔ ကိုယ္အရင္သုံးတဲ့ဟာပဲ ယူလာတယ္"

ေျပာရင္း ေဇယ်ာက ခန႔္ခန႔္လက္ထဲသို႔ ဗူးတစ္ဗူး ထည့္ေပးလာသည္။ တကယ္ေတာ့ ဖုန္းတစ္လုံးပါပဲ။ ခန႔္ခန႔္ ေၾကာင္စီစီၾကည့္ေနတာမို႔ ေဇယ်ာကပင္ ဆက္ေျပာသည္။

"ကေလးကို အဆက္အသြယ္လုပ္ဖို႔ ဒီတစ္နည္းပဲရွိေတာ့တယ္ေလ။ ဒီဖုန္းယူသြားၿပီး အိမ္ကလူႀကီးေတြ မျမင္ေအာင္ေတာ့ ေသခ်ာသိမ္းမွရမယ္ေနာ္"

ခန႔္ခန႔္ သေဘာေပါက္ပါသည္။ ျငင္းလည္းမျငင္းနိုင္ပါ။ သည္ရက္ေတြအတြင္း လြမ္းရေဆြးရသည့္ဒဏ္ကို အလူးအလဲ ခံစားခဲ့ရတာေၾကာင့္ အဆက္အသြယ္ရွိရန္ ဖုန္းတစ္လုံးက အမွန္ပင္လိုအပ္သည္။

"ဟုတ္။ ဖုန္းရရင္ ျပန္ေပးမယ္ေနာ္"

"ရပါတယ္ဗ်ာ။ ခုေတာ့ကိုယ့္ဖုန္းပဲ သုံးႏွင့္ဦး။ ေတာ္ေတာ္မ်ားမ်ား ဘာမွေတာင္ဖ်က္မထားဘူး။ ၿပီးခဲ့တဲ့ ႏွစ္ႏွစ္အတြင္းက ကိုယ့္ပုံေတြ၊ ကိုယ္ဘာေတြလုပ္ေနခဲ့တယ္ဆိုတာေတြ ပါတယ္။ ကေလး ၾကည့္ခ်င္ရင္ ျပန္ၾကည့္လို႔ရေအာင္လို႔"

"ဟာ ... ဟုတ္လား။ ခုဖြင့္ၾကည့္လို႔ရလား"

ခန႔္ခန႔္မ်က္ႏွာတြင္ အေရာင္တစ္ခ်က္လက္သြားသည္။ ကိုယ္ႏွင့္ပတ္သက္လၽွင္ ဤသို႔စိတ္လွုပ္ရွားတတ္သည့္ကေလးအား ေဇယ်ာ ေျပာမတတ္ေအာင္ခ်စ္ရတာျဖစ္၏။

"ခုေတာ့ ေနပါဦးဗ်ာ၊ ကေလးအိမ္ျပန္ေနာက္က်ေနမယ္။ ဒီလိုလုပ္ ... ခန႔္ကိုကို ဒီဖုန္းနဲ႔ပဲဆက္ေျပာလိုက္၊ ကိုယ္တို႔ကားေနာက္ကလိုက္ခဲ့လို႔။ ကိုယ္ကေလးတို႔အိမ္နားထိ လိုက္ပို႔ခ်င္တယ္။ စကားေျပာခ်ိန္လည္း ပိုရေအာင္လို႔။ ေရာက္ခါနီးမွ ကေလးက ကားေျပာင္းစီးလိုက္ေနာ္"

"ရတာေပါ့"

ႏွစ္ခါေျပာစရာမလိုေအာင္ သေဘာေပါက္သည့္ခန့္ခန့္က ခပ္လွမ္းလွမ္း မ်က္ႏွာခ်င္းဆိုင္တြင္ရပ္ထားေသာ သူငယ္ခ်င္းအား ဖုန္းဆက္လိုက္သည္။

"ေအး ခန့္္ကို ... ငါရယ္"
"ဟာ ... ေမာင္မင္းႀကီးသား ဘာလုပ္ေနတာလဲ။ ထြက္မလာေသးဘူးဟ။ ကားႀကီးလွုပ္ေနတာ ငါျမင္တယ္ေနာ္၊ ဟက္ .. ဟက္"

"မင္းႀကီးေတာ္ ... ကားႀကီးလွုပ္ရမွာလား"

စိတ္ဆတ္သြားတာမို႔ ၾကမ္းတမ္းသည့္စကားကို ခန႔္ခန႔္ ႐ုတ္တရက္ေျပာထြက္သြားတာပင္။ ၿပီးမွ လူႀကီးေရွ႕မွာ ရိုင္းသြားသည္ထင္၍ ေဇယ်ာ့ဖက္လွည့္ကာ လက္အုပ္ေလးအျမန္ခ်ီရင္း 'ေဆာရီး' ဟုမသိမသာ ေျပာရေသးသည္။

ေတာင္းပန္သလို ကိုယ္ေလးရို႔သြားသည့္ ခန႔္ခန႔္က္ိုၾကည့္ကာ ေဇယ်ာ အသည္းယားလြန္း၍ ဆံပင္ေလးေတြ အသာဖြလိုက္တာ ထုံးစံါတိုင္း။ အေတာ္ခ်စ္ဖို႔ေကာင္းသည့္ အလိမၼာတုံးေလးမလား။

"မင္း ငါတို႔ကားေနာက္က လိုက္ခဲ့ေတာ့။ အိမ္နားမွ ငါ ကားေျပာင္းစီးလိုက္ေတာ့မယ္"

ခန႔္ခန႔္ေျပာသမၽွ ၿပီးရေသာခန႔္ကိုက အစီအစဥ္အတိုင္း ကားေနာက္မွလိုက္ရန္ အသင့္အေနအထားပင္။ ခန႔္ခန႔္ ဖုန္းခ်ၿပီးေနာက္မွသာ ေဇယ်ာက ခပ္ၿဖီးၿဖီးမ်က္ႏွာေပးႏွင့္၊

"ခုနက ကားႀကီးလွုပ္တယ္ဆိုတာ ဘာေျပာတာလဲ ကေလး"

"သိရဲ့သားနဲ႔ ... စမေနနဲ႔ဗ်။ အဲေကာင္က အဲလိုေတြေလၽွာက္ေျပာတတ္တာ"

"အင္း ဟုတ္ပါ့၊ ေလၽွာက္ေျပာေနတဲ့သူကို တကယ္ကားႀကီးလွုပ္ရင္ ဘယ္လိုဆိုတာ ျပလိုက္မယ္ေလ"

"အတင့္မရဲနဲ႔ေနာ္။ လက္သီးစာမိမယ္ဗ်၊ ျမန္ျမန္ေမာင္းေတာ့"

"ဟားဟား ... ဟုတ္ပါၿပီ သြားမယ္။ ခါးပတ္ပတ္ေတာ့"

သို႔ေပမဲ့ ေဇယ်ာတစ္ေယာက္ အခြင့္အေရးကို အလြတ္မေပးပါေခ်။ ခါးပတ္ပတ္ေနသည့္ ခန႔္ခန႔္အလစ္တြင္ ပါးႏုႏုေလးအား ခိုးနမ္းျဖစ္ေအာင္ နမ္းလိုက္ပါေသးသည္။ ႏူးညံ့သည္ထက္ပိုေသာ အထိအေတြ႕ေလးက ခ်ိဳအီႏူးညံ့ေနေသာ Marshmallow ေလးတစ္ခုကဲ့သို႔။

အိမ္ျပန္လမ္းတစ္ေလၽွာက္တြင္လည္း သူတို႔လက္ဖဝါးခ်င္းထပ္ကာ ဘယ္ေလာက္လြမ္းေနရသည္၊ ခက္ခက္ခဲခဲေက်ာ္ျဖတ္ေနရသည္၊ ေရွ႕ဆက္ဘယ္လိုရင္ဆိုင္ၾကမည္ဆိုသည့္ အေၾကာင္းအရာေတြကို ကရားေရလႊတ္ ရင္ဖြင့္ေနၾကေတာ့၏။ သို႔ေပမဲ့ ႏွစ္ဦးသားေတြ႕လၽွင္ ထုံးစံအတိုင္း အျပဳံးပန္းေတြကေတာ့ ဆင္ျမန္းလို႔ပါပဲ။

ေရွ႕ဆက္ရမည့္ မေရမရာအနာဂတ္အား ေခတၱေမ့လ်က္ လက္ရွိပစၥဳပၸန္တည့္တည့္ရွိ ေပ်ာ္ရႊင္မွုေလးကိုသာ ခံစားေနၾကသည့္ ခ်စ္သူႏွစ္ဦးပါေပ။

••••••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co