Truyen3h.Co

နှောင်ကြိုး

Part - 38

Fi_Lay



<Unicode>

မြူဆိုင်းနေ၍ နေရောင်မဖြာပါသော်လည်း မိုးလင်းမှန်းတော့ သိသာနေလေပြီ။ နေရာသစ်ပေမဲ့ သူ့အဖို့ ကြည်ကြည်လင်လင် နိုးထလာတော့သည်။ ချစ်သူနှင့်အတူ နိုးထရသော မနက်ခင်းက ပုံမှန်နှင့်မတူ ပိုသာယာ၏။ ကြည်နူးစရာ ပိုကောင်း၏။

လူကနိုးနေသော်လည်း မထချင်သေး။ နံဘေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် လူကြီးကို အချိန်ကြာမြင့်စွာ ငေးကြည့်နေမိသည်။ မျက်စိရှေ့မြင်နေရသည့် သူ့အဖို့ လွမ်းနေရဆဲ။ မဆုံခဲ့ရသည့်နေ့တွေအတွက် လွမ်းရသလို၊ ခွဲရဦးမည့်အနာဂတ်အတွက်လည်း ကြိုလွမ်းနေမိသယောင်။

ငေးကြည့်နေမိသော ချစ်ရသူက အိပ်မောကျနေတာတောင် ချောမော၊ ခန့်ညားနေသေးတုန်း။ ယောကျ်ားဆန်သည့် မျက်နှာကျ၊ ထင်ပေါ်သော နှာတံ၊ မထူမပါးသော ထိုနှုတ်ခမ်း။ အိုး ... နှုတ်ခမ်းဆိုမှ ညကအကြောင်းပြန်တွေးမိ၍ သူ့စိတ်ထဲအနည်းငယ် ရှက်သွားသည်။ ကိုယ့်နှုတ်ခမ်းပါးလေးပါ ပြန်စမ်းကြည့်တော့လည်း အထိအတွေ့နဲ့တင် အနည်းငယ် ဖူးယောင်နေသလို။

ချစ်သူဖြစ်စကတည်းက သည်လောက်ရှည်ကြာသော အနမ်းမျိုးတစ်ခါမှ မနမ်းဖူးခဲ့။ ကိုယ်တိုင်က ရုန်းထွက်ခဲ့မိတာများပေမဲ့ မနေ့ညကတော့ မရုန်းထွက်ချင်ခဲ့၊ ဆက်ဆက်၍ တိုးဝင်ချင်စိတ်သာ ရှိနေခဲ့သည်။ သို့သော် အသွေးအသားတို့၏တောင်းဆိုမှုကြောင့် အခြေအနေတစ်ခုကို မတားဆီးနိုင်လိုက်မှာ ကြောက်နေခဲ့ရသေးသည်။ လူကြီးက ကတိတည်သူမို့သာ တော်သေး၏။

တစ်နေ့တော့ လူကြီးအလိုကျ ဖြည့်ဆည်းပေးဖို့ သူ့ကြောက်စိတ်တွေဖယ်ပြီး အားမွေးထားရဦးမည်။ ချစ်သူ ပျော်ရွှင်စေဖို့အရေးပဲမလား။ တွေးရုံနှင့်တောင် ရှက်နေပြီမို့ အိပ်ပျော်နေသည့် လူကြီး ရင်ခွင်ထဲသို့ မျက်နှာသွားအပ်မိတော့၏။

"အင်! ကလေး နိုးနေပြီလား"

"အင်း နိုးသွားပြီလား"

"ရပါတယ်။ နိုးနေတာတောင် ကိုယ့်ကိုမနှိုးဘူး။ စျေးထဲသွားချင်တယ်ဆို၊ နောက်ကျနေမယ် ထရအောင်"

"ဟုတ်"

အားယူကာထလိုက်သောသူ့ကို လူကြီးက သူ့ရင်ဘတ်ပေါ်သို့ အသာပြန်ဆွဲချသည်။ အံ့ဩမှုတို့နှင့်အတူ ကြည်နူးမှုတို့က ကပ်ငြိပါလျက်။

"နေဦးလေ ... Morning Kiss"

နှုတ်ခမ်းကိုစူကာ အနမ်းတောင်းနေပြန်တော့ သူ့ရင်ထဲသိမ့်ခနဲ။ တတ်လည်းတတ်နိုင်တဲ့ သည်လူကြီး။

"ဟင်း..."

အနမ်းတစ်ပွင့်ကို ပေးလိုက်လေတော့ သူ့ချစ်သူ ကျေနပ်သွားချေပြီ။ သို့နှင့် ချစ်သူနှစ်ဦး၏မနက်ခင်းလေးက ပြည့်စုံသွားလေ၏။

.....................

ကလောစျေးမသွားသေးခင် မနက်စာကို ရှမ်းခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် စားဖြစ်ကြသည်။ လူကြီးက တိုဟူးနွေးနှင့်စားသော်လည်း သူက မကြိုက်တာမို့ ကော်ရည်နှင့် ရှမ်းအဖွယ်ကိုသာ စားသည်။ တကယ့်ရှမ်းအစစ်တွေ လုပ်သည်မို့ပဲလားမသိ၊ အစပ်အဟပ်တည့်ကာ စားကောင်းလှသည်။ ငရုတ်အနှစ်လေးကပင် ရာသီဆောင်းနှင့် လိုက်ဖက်နေသည်။ ဟင်းရည်တွင်ပါဝင်သော ငရုတ်ကောင်းအနံ့လေးမှာလည်း ထုံမွှေးကြိုင်လျက်။

"ကလေး ဒါလေးစားကြည့်"

ဇေယျာက ခန့်ခန့်အား တို့ဟူးကြော်လေး လာခွံ့သည်။ သူ မကြိုက်ပါ။ ဆီတွေအိဝင်နေတတ်တာမို့ အကြော်တွေဆို သူမစားဖြစ်။ ပိုဆိုးသည်က တို့ဟူးဆိုလျှင်ကို မကြိုက်တတ်။

"ဟင့်အင်း၊ တို့ဟူး မကြိုက်ဘူး"

"ကဲပါ ကိုယ့်ကိုယုံပြီး ဒါလေးစားကြည့်"

နှစ်ခွန်းကသုံးခွန်းငြင်းသည်ထိ ဇေယျာက အတင်းခွံ့ကျွေးနေတာမို့ ခန့်ခန့် စားလိုက်ရသည်။ ဆီကြော်ဟု မခံစားရလောက်အောင် လျှာပေါ်တွင် နူးညံ့စွာပျော်ဝင်သွားချက်။ ရန်ကုန်တွင် စားဖူးသည်နှင့်မတူ၍ တို့ဟူးမကြိုက်သောခန့်ခန့်မှာ ကလောက တို့ဟူးကြော် ပူပူလေးကိုတော့ အသည်းစွဲသွားသည်။ တို့ဟူးသားက နူးညံ့ပြီး ကြွပ်ကြွပ်ရွရွလေးနှင့် စားကောင်းသည်။

"ဒီရေနွေးလေးလည်း သောက်ကြည့်၊ လက်ဖက်ခြောက်အနံ့က တော်တော်ကောင်းတယ်"

ဟုတ်ပါသည်။ ငှဲ့နေချိန်မှာတင် သင်းပျံ့နေရော။ ကလောမြို့က အရာရာတိုင်းကို နှစ်သက်နေသည့်ခန့်ခန့်အတွက် ညနေပြန်ရမှာကိုပင် ဝမ်းနည်းလာမိသည်။

သို့နှင့် ပိုက်ဆံရှင်းကာ စျေးသို့ထွက်ခဲ့ကြ၏။ သိပ်တော့မဝေးလှပါ။ ကလောမြို့မစျေးကလည်း ခမ်းခမ်းနားနားကြီး ရောင်းချတာမျိုး မဟုတ်။ သို့သော် ခင်းကျင်းထားသမျှ ဝယ်ချင်စဖွယ်ချည်းပင်။

အသီးအရွက်တို့က စိမ်းစိုနေပြီး လတ်ဆတ်သည်။ ခရမ်းချဉ်သီးများမှာလည်း ဝင်းပြောင်ပြီး ရဲမှည့်နေလှသည်။ စျေးကလည်း အတော်ချိုတာမို့ ခန့်ခန့် အိမ်အတွက် တွေ့သမျှဝယ်ချင်နေမိတော့၏။ သူ့အကြိုက်တွေချည်းဝယ်ပြီး အိမ်ကျပြန်ချက်ခိုင်းရမည်။ ခန့်ကိုတို့အိမ်အတွက်လည်း ဝယ်သွားရဦးမည်။ ဒါမှလည်း ပိပိရိရိ လိမ်နိုင်မည်မလား။

သို့နှင့် ခန့်ခန့် ဈေးအကြိုက်ပတ်တော့ နောက်ကလိုက်သယ်ရသူမှာ ဇေယျာပင်။ ဝယ်သမျှတို့က လက်နှစ်ဖက်စာ အထုပ်တွေအပြည့်ထိ ဖြစ်လာသည်။

"ကလေး အထုပ်တွေပေး"

"လူကြီး မဝယ်ဘူးလား။ ဒီမှာ ရုံးပတီသီးလေးတွေကလည်း နုဖတ်နေတာပဲ။ ရန်ကုန်မှာဆို ဒီလိုတွေမရဘူး ... လူကြီးရ"

ခန့်ခန့်က စိမ်းမြမြ ရုံးပတီသီးထိပ်ဖျားလေးတွေအား ချိုးပြရင်းပြောသည်။

"ကိုယ်က တော်ပါပြီ။ ကလေး ဝယ်တာတွေပဲ ကူသယ်ပေးမယ်"

"အင်းအင်း။ အန်တီ ဒီထောပတ်သီးတွေက ဘယ်လိုရောင်းလဲဗျ"

ခန့်ခန့်က ဇေယျာ့ကိုပင် အဖတ်လုပ်ပြီး စကားသေချာမပြောနိုင်သေး။ တွေ့တွေ့သမျှ အကုန်ဝယ်နေသည်။ လက်ထဲတွင်လည်း ဟင်းသီးဟင်းရွက်များသာမက ငရုတ်သီးတောင့်ကစ အနီ၊ အစိမ်း၊ အပွဆိုပြီး ခွဲဝယ်လိုက်သေးသည်။ သူ ဟင်းမချက်တတ်သည့်တိုင် စျေးချိုလွန်း၍ အကုန်လိုက်ဝယ်နေလေခြင်း။ ထပ်ဝယ်ရင်တော့ တားမှဖြစ်တော့မည်ဟု ဇေယျာ တွေးလိုက်သည်။

"ကလေး တော်တော့လေ။ မုန်လာပွင့်တွေရော၊ ပြောင်းဖူးတွေရော ဝယ်ထားတာ။ အဲထောပတ်သီးတွေပါဆို အရမ်းလေးမှာပေါ့။ လေယာဉ်က 20kg ပဲ သယ်ခွင့်ပေးတာနော်"

"ရမှာပါ။ လူကြီးက မဝယ်ဘူးလေ။ နှစ်ယောက်စာဆို 40kg။ အဲထက်ကျော်ရင် ကျန်တာချိန်တဲ့ထဲမထည့်ဘူး။ လက်ကပဲသယ်မယ်ဗျာ ... နော်"

မနိုင်စိန်ပါပဲလား။ နှစ်ယောက်စာအလေးချိန်တောင် သူ့ဟာသူတွက်ပြီးတောင် ဝယ်နေလိုက်သေး။ ဇေယျာ ရယ်သာရယ်နေနိုင်တော့သည်။ ချစ်တော့လည်း အထုပ်လိုက်ဆွဲပေးရမည်မလား။

"ဟောဒီကလေး သဘောကျပါခင်ဗျာ"

ထောပတ်သီးများထည့်နေသည့် ခေါင်းပေါင်းနှင့်အန်တီကြီးက သဘောကျစွာ ရယ်လေတော့၏။

........................

တစ်ညအိပ်နှင့် နှစ်ရက်မျှကြာသော ကလောခရီးစဉ်လေးမှာ အချိန်အားဖြင့် ခပ်မြန်မြန်ပင် ပြီးဆုံးသွားခဲ့သည်။ တစ်ပတ်ပဲအချိန်ရသော ဇေယျာ့အဖို့ အိမ်မှာနေရမည့် အချိန်ကလည်း ရှိသေးသကိုး။ ကြိုကြိုတင်တင် ခိုးစီစဉ်ခဲ့ရသောခရီးကိုလည်း ထက်မြက်တို့နှင့်လို့သာ လိမ်ခဲ့ရသည်။ အိမ်ကလူတွေလည်း ရိပ်မိကြပုံပေါ်ပါ၏။

သူတို့နှစ်ဦး၏ အိမ်အပြန်လမ်းတွင်တော့ ခရီးဆောင်အိတ်တို့အပြင် အသီးအရွက်များထည့်ထားသည့် အဖြူရောင်ရေခဲပုံးကြီးပါ အပိုသယ်လာရတော့သည်။ လေယာဉ်မစီးခင် ကီလိုချိန်ကြရတော့ နှစ်ဦးသား ရင်တထိတ််ထိတ်နှင့် အကြည့်ချင်းဆုံရသေး၏။ လက်ဆွဲအိတ်ကလည်း အသေးနှစ်လုံးဖြစ်နေ၍သာ ထိုပုံးပါပေါင်းတာတောင် သတ်မှတ်အလေးချိန် မကျော်သွားတာမို့ တော်သေးသည်။

"ကလေး အဲဒါတွေအကုန်စားနိုင်မှာမို့လို့လား"

"ဖြေးဖြေးချင်း စားမှာပေါ့။ ပြီးတော့ လူကြီး ဘာသိလို့လဲ။ ခုဝယ်လာတာတွေက မေမေတို့ကို လာဘ်ထိုးဖို့လေ။ လူကြီးလည်း တစ်ထုပ်ခွဲယူသွားရမှာပဲ။ အဲဒါမို့ နိုင်သမျှသယ်လာတာ"

လေဆိပ်ထဲလမ်းလျှောက်ရင်း ဘယ်သူမှနီးနီးနားနားမရှိတာတောင် နောက်ဆုံးစကားကို အပေါ်နားဆီကပ်ကာ တိုးတိုးလာပြောနေသေးသည်။ မမှီတမှီ သူ့အရပ်လေးကြောင့် ဇေယျာကပင် ကိုယ်ကိုင်းပေးလိုက်ရသေး၏။

"တတ်လည်းတတ်ပါပေ့ ကိုယ့်ကလေးရယ်"

သဘောတကျနှင့် ဖက်လျက်သားပင် သူတို့နှစ်ဦး လေယာဉ်စီးဖို့ စောင့်ဆိုင်းကြသည်။

ရန်ကုန်လေဆိပ်ပြန်အရောက်တွင်တော့ ခန့်ခန့်ကို သူငယ်ချင်းဖြစ်သူ ခန့်ကိုက လာကြိုပေးပြီး ဇေယျာ့ကိုတော့ ညီမဖြစ်သူရွယ်ရွယ် လာစောင့်ပေးနေတာပင်။ သူတို့အတွက်ဆို ပါရမီဖြည့်ပေးကြသော လူသားလေးတွေပါပဲ။

"ငါ့မှာကလောကို အမည်ခံသွားလိုက်ရတာ၊ ဘာလက်ဆောင်ပါလဲ"

"စိတ်မပူနဲ့၊ ဒီရေခဲပုံးထဲမှာ အသီးအနှံတွေအပြည့်"

ခန့်ခန့်အပြောကို အားလုံးသဘောတကျနှင့် ရယ်မောကြလေ၏။ ခန့်ကိုမှာလည်း ခရီးသွားဟန်ဆောင်ကာ သူငယ်ချင်းအိမ်တွင် ရှောင်နေခဲ့ရသည့်အဖြစ်။ အမေနှစ်ယောက်လုံးက ရင်းနှီးကြတာမို့ သည်လောက်တော့ ပိပိရိရိ လုပ်ကြရသည်။ သည်လိုနှင့် ရန်ကုန်လေဆိပ်တွင် နှစ်ဖွဲ့ခွဲပြီး သပ်သပ်စီအိမ်ပြန်ကြရလေသည်။ သူတို့သူငယ်ချင်းနှစ်ယောက်သည်လည်း ဟန်မပျက်အိမ်အတူပြန်ပြီး အသီးအရွက်တစ်ချို့ကို မျှဝေယူရသေး၏။

"ဘွားရေ ... သားပြန်လာပြီ"

"ငါ့မြေးပြန်လာပြီတော်။ ဟောတော် ... အဲပုံးအဖြူကြီးက ဘာတွေတုန်း"

ခန့်ခန့်နှင့်ခန့်ကို သယ်လာသည့်ပုံးကြီးကိုမြင်၍ ဧည့်ခန်းသို့ အစုံထွက်လာသောလူကြီးတွေ ငေးကြည့်နေကြတာ တအံ့တဩ။

"ဒီမှာလေ အသီးအရွက်တွေ လတ်ဆတ်လွန်းလို့ မနက်စျေးကနေ ဝယ်လာခဲ့ကြတာ ... နော့"

ခန့်ခန့်က နံဘေးကသူငယ်ချင်းကို မေးငေါ့ရင်းအဖော်စပ်သည်။ ယောင်ချာချာကောင်ကလေးကလည်း ခေါင်းညိတ်ကာ ထောက်ခံရ၏။ ထို့နောက် တိပ်ပတ်ထားသောပုံးကိုဖွင့်၍ တစ်ခုချင်းစီထုတ်ပြတော့ ခန့်ကိုပါ အံ့ဩသွားရသည်။ တတ်လည်းတတ်နိုင်သည့်ကောင်။

"ငါ့သားရ ... မင်း အများကြီးဝယ်လာတာ။ ပိုက်ဆံတောင်လောက်ရဲ့လား"

ဦးမင်းဟန်ကပါ ထောပတ်သီးတွေ ကိုင်ကြည့်ရင်း ဝင်မေးတော့သည်။ ကိုယ်တိုင်ခရီးသွားရင်တောင် သားဖြစ်သူလို လက်ဆောင်ဝယ်လေ့မရှိတာမို့ အံဩတကြီးနှင့်။

"လောက်ပါတယ်။ ဘာမှသိပ်မပေးရဘူး။ စျေးအရမ်းချိုတာ ဝယ်လို့လည်းကောင်းတယ်။ ဒီကစျေးတွေနဲ့များကွာပါ့၊ နော့ .. ဟိတ်ကောင်ရာ"

ခန့်ခန့် အဖော်ညှိကာ ထောက်ခံဖို့လေသံပေးတိုင်း ကြံရာပါခန့်ကိုက ခေါင်းလိုက်ညိတ်ရင်း ကြောင်စီစီ။ သည်လိုနှင့်ပဲ ခန့်ခန့်၏လာဘ်ထိုးသည့်အကြံကောင်းကြောင့် မိဘများ သဘောတကျရှိလှပြီး ဇေယျာပြန်လာပြီး ခိုးသွားကြသည်ကိုပင် မရိပ်မိကြတော့ချေ။

.....................

ဇေယျာမှာတော့ အိမ်အတွက် ဘာမှဝယ်မလာမိ။ ခန့်ခန့် ထည့်ပေးလိုက်သည့် ထောပတ်သီးတစ်ထုပ်သာပါလေသည်။ တစ်ပတ်လေး မြန်မာပြန်လာတာကို နှစ်ရက်က ခရီးထွက်သွားတာမို့ ဒေါ်ကြည်ပြာက အပြစ်ပြောချင်လှသည်။ အမေဆိုတာလည်း အမေသာမို့ သူ ချောရသေး၏။

"အမေရယ် ... ထက်မြက်တို့နဲ့ကလည်း မတွေ့ရတာကြာပြီလေ။ သူတို့ကပါစေချင်လွန်းလို့ သားပြန်လာအောင်ထိ စောင့်နေကြတော့ အားနာလို့ လိုက်သွားတာပါ"

သူလည်း ခန့်ခန့်ချစ်သူပင်မလား။ ခန့်ခန့်လောက် မတော်သော်လည်း ပိပိရိရိဖြစ်အောင်တော့ လိမ်ရသေးသည်။ ဒေါ်ကြည်ပြာကလည်း ဘာမှထက်မပြောရှာပါ။ ရောက်တုန်းရောက်ခိုက် ဘာစားချင်သလဲ၊ ဘာလုပ်ချင်သလဲသာ အထပ်ထပ် မေးနေတော့သည်။ သို့သော် ရွယ်ရွယ့်ပြောစကားအရ ဦးမြတ်သူကတော့ ရိပ်မိသည်ထင်ပါရဲ့။ သူပြန်ရောက်သည့် ညနေခင်းထိ ဘာမှတော့ပြောမလာခဲ့။

"ဖေဖေက ကိုကို့ဆီ တအားဖုန်းဆက်ခိုင်းတာ သိလား။ ရွယ်နဲ့မေမေက သူ့သူငယ်ချင်းတွေနဲ့ ပျော်ပါစေပြောကြလို့။ အခြေအနေသိချင်နေတာ၊ တကယ်မလွယ်ဘူး"

"အဲလောက်တောင်ပဲလား"

ရွယ်ရွယ်မှာ အစ်ကိုဖြစ်သူ ခရီးကပြန်လာသောညတွင် အခန်းထဲထိလိုက်ကာ တစ်နှစ်တာအတွင်း မိဘတွေ၏ထူးခြားမှုများ၊ မပြောဖြစ်သည့်စကားများအား ဖောက်သည်ချနေတော့၏။ မောင်နှမနှစ်ယောက်လည်း မတွေ့ရ၊ မဆုံရတာလည်း ကြာလေပြီမလား။

"အင်းလို့ သူ့သားကြီးကျ တိုလိုက်တာ။ ဟိုမှာရောက်နေတုန်းကဆိုလည်း တစ်နေ့တစ်နေ့ ကိုကို့အကြောင်းမပါရင် မပြီးဘူး။ စိတ်မချကလည်းဖြစ်သေး။ ရွယ်ကိုဆို ဘယ်လိုမှမနေဘူး"

ဇေယျာက တစ်ဦးတည်းသောညီမ ပြောပုံကိုကြည့်၍ ရယ်မိသည်။ မောင်နှမလေးနှစ်ယောက်ရှိတာတောင် အနေဝေးနေကြ၍ ခုလိုစကားမပြောဖြစ်ကြ။ သူဆုံးမစရာမလိုလောက်အောင် ရွယ်က လိမ္မာရေးခြားရှိလှပါသည်။ အထူးသဖြင့် လူကြီးဆန်ဆန် တွေးတောနိုင်သည်။ သူတစ်ပါးကို နားလည်ပေးတတ်သည်။ သူ့အဖို့လည်း အရေးကြီးတာမှာရုံလောက်သာ ဖုန်းဆက်နိုင်သည်မို့ သည်ညီမတစ်ယောက်ကိုလည်း သူ ဂရုစိုက်ပေးရဦးမည်ပင်။

"ဒါတော့ သမီးငယ်က လိမ္မာတာကိုးလို့ မပြောဖူးလား။ ကိုကိုက မိုက်ထားတော့ စောင့်ကြည့်နေတာပေါ့"

"အင်းပါ။ ကိုကို ဘွဲ့ရပြီးပြန်လာရင် ခန့်ခန့်နဲ့ သဘောတူပေးနိုင်မယ်ပြောတုန်းကလေ ရွယ်ဖြင့် ယုံတောင်မယုံနိုင်ဘူး သိလား။ ဒီကြားထဲအတွေးပြောင်းသွားမှဖြင့် ဒုက္ခ"

ခရီးဆောင်အိတ်ထဲကအင်္ကျီတွေ ကူထည့်ပေးနေရင်း ရွယ်ရွယ်က သူ့စိတ်ထင်ကို ပြောရှာသည်။ ဇေယျာလည်း ထိုအချက်ကိုတော့ တွေးပူမိတာအမှန်ပါပဲ။ လွှတ်ချင်ဇောနှင့် ကတိတွေပေးပြီး သည်ကြားထဲ စိတ်ပြောင်းသွားလျှင် ဒုက္ခ။

"အဖေထင်တာက ကိုကိုတို့နှစ်ယောက်ကို နှစ်နှစ်လောက်ခွဲထားလိုက်ရင် ပြတ်သွားမယ်ပေါ့လေ။ အဲဒါမို့ ကတိပေးပြီး ချော့လွှတ်တာ။ တကယ်မပြတ်ရင်တော့လည်း သဘောတူကောင်းပါရဲ့။ လူကြီးပဲ စကားတည်မှာပါ"

ပြောသာပြောလိုက်ရသည်။ သူလည်း သည်လိုပဲ ယုံကြည်ထားတာမို့။
.......................

ဇေယျာ မပြန်ခင်သေးခင်တော့ မနက်ပိုင်းဆိုလျှင် ဆောက်လက်စဟိုတယ်ကို သွားကြည့်ရသည်။ စံချိန်စံညွှန်းမှီသော ပစ္စည်းများကို သုံးဖို့အရေး၊ ကြမ်းခင်းနေရာချထားရေးတို့ကို ဦးမြတ်သူတို့၊ Mr. Smith တို့နှင့် တိုင်ပင်ရသည်။ နေ့ခင်းနေ့လယ်အားလျှင်ဖြစ်ဖြစ်၊ ညနေဖက်အားလျှင်ဖြစ်ဖြစ် ထက်မြက်တို့နှင့်ဆုံတတ်သည်။  သည်ကြားထဲက သူ့ကလေးအားပြီဆိုတာနှင့် သွားတွေ့ရလေတာအမော။ ပြန်လာသည့်ရက်တွေတွင် အိမ်ကပ်ဖြစ်သည်က မနက်ပိုင်းနှင့်ညပိုင်းလောက်သာ ရှိတတ်သည်။

"ခရီးစဉ်က ဘာမှမထူးတာသေချာရဲ့လား ငါ့ကောင်"

မေးစေ့ကို လက်ညှိုးသပ်လျက် မေးလာသောထက်မြက်က အတည်ပေါက်ကြီး အထင်ကြီးကာ စနောက်နေ၏။ မပြန်ခင် နေ့ခင်းဆိုင်လေးတစ်ဆိုင် အေးဆေးထိုင်ဦးမယ်ဆိုတော့ အကောင်းပြောမည်မှတ်သည်။ စနောက်ကောင်းပြီး မေးမြန်းနေလေတာ ခရီးပြန်လာပြီး နောက်တစ်နေ့ကတည်းက။ သူငယ်ချင်းက ဘယ်လောက်ပင်အထင်ကြီးနေပါစေ ... သူ့မှာတော့ နမ်းဖို့အရေးပင် ရှိသမျှဉာဏ်နီဉာဏ်နက် အကုန်ထုတ်သုံးခဲ့ရသည်။ ဒါတွေသာသိလျှင် အဖြစ်မရှိလိုက်တာဆိုပြီး ဟားတိုက်ရယ်ဦးမှာ အသေအချာ။

"ညစ်တီးညစ်ပတ်စိတ်တွေ တွေးမနေနဲ့။ ငါ့ကလေးက ငယ်သေးတယ်။ ပြီးတော့ အဲဒီကိစ္စတွေ လက်ထပ်ပြီးမှလို့ ကတိပေးထားပြီးသား"

"ဟား နှမြောစရာကြီးကွာ။ ငါ့မှာ တောင်ပေါ်အိမ်တောင် သေချာရှာပေးထားရတာ"

ဇေယျာ သုတ်လက်စတစ်ရှူးကို အသာလုံး၍ ထက်မြက်မျက်နှာဆီ ထုလိုက်တော့သည်။

"တော်တော်"

"မင်း တကယ်ထိန်းနိုင်ခဲ့သားပဲ"

သူ ဘာမှပြန်မဖြေမိတော့။ ထိန်းချုပ်ခဲ့ရသည့် အသွေးအသားဆန္ဒတို့ကား ရူးခါသွားချင်လောက်အောင်ပင်။ ယုန်ပေါက်ကို အသားစားကျားရှေ့တွင် ချပေးထားပြီး ဥပုသ်စောင့်ခိုင်းသည့်နှယ်။ ဒါပေသိ အနမ်းတို့က သူ့ဆန္ဒကို များစွာဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။ အလွမ်းတို့ကလည်း ထိုမျှလောက်နှင့် ပြေပျောက်လှပါ၏။

"မင်း ညနေအားတယ်မလား။ Gym တစ်ရက်တလေ လိုက်ခဲ့လေ၊ ကိုနိုင်ကတောင် မင်းကိုမေး,မေးနေတာ"

"အားမနေဘူး။ မနက်ဖြန်ပဲပြန်ရတော့မဲ့ဟာ၊ ငါ့ကလေးနဲ့ပဲ နှပ်နေမှာပေါ့"

"ဒီနေ့ ဗုဒ္ဓဟူးလေ၊ ကလေးတွေ ကျောင်းဖွင့်တယ်မလား"

ထက်မြက်က ကော်ဖီတစ်ကျိုက်သောက်ရင်း စကားထောက်ပြန်သည်။

"နေ့လယ်ထမင်းစားချိန် လာကြိုတဲ့။ ခဏနေရင် သွားခေါ်တော့မှာ"

"သူ့ကားနဲ့သူသွားတာမလား။ မြို့ထဲမှာပဲတွေ့ပေါ့၊ ပိုကိုပိုကြတယ်"

"မြို့ထဲဆို လူမြင်တယ်။ အဲဒီဖက်က လူရှင်းတယ်။ ကားပေါ်မှာ ဒိတ်ရတဲ့အရသာ မင်းမသိလို့ပါကွာ"

ဆယ့်တစ်နာရီလည်း ကျော်နေပြီမို့ ဇေယျာ အနိုင်ပိုင်းပြောပြီးပဲ ထွက်လာခဲ့လိုက်သည်။ ပြန်ရောက်တုန်းရောက်ခိုက်မို့ ဦးမြတ်သူကလည်း လွှတ်ထားသည်။ ဒါ သူ့အတွက် အခွင့်ကောင်းပဲပေါ့။ ခန့်ခန့်မိဘတွေကလည်း သူ ပြန်ရောက်နေတာမသိတော့ ကျောင်းကိုစိတ်ချလက်ချ လွှတ်နေတာပင်။ တစ်ခဏတာတော့ အဆင်ပြေနေကြသည့် သူတို့အဖြစ်ပါပဲ။ သို့ပေမဲ့ မနက်ဖြန်ဆို ပြန်ရတော့မည်မလား။

ကွန်ပျူတာတက္ကသိုလ်သွားရာ လမ်းပိုင်းတစ်နေရာတွင် ရပ်ထားသောကားအဖြူလေးတစ်စီး။ ခဏကြာသော် နောက်ကားအဖြူလေးတစ်စီးက ဘေးချင်းယှဉ်ကာ ရပ်လာလေပြီ။ ဘယ်ကိုမှဆက်မသွားကြပါဘဲ အရိပ်ကောင်းသည့် အပင်ကြီးများရှိရာတွင်သာ သူတို့တွေ့ဆုံကြ၏။ ဘေးပတ်ဝန်းကျင် လူနေအိမ်ခြေတို့သိပ်မရှိဘဲ အုတ်တံတိုင်းမြင့်မြင့်နှင့် စက်ရုံဝင်းများသာရှိသည်။ ကားနံဘေးတွင်တော့ မြက်ရိုင်းတို့ကသာ ဟိုကျဲကျဲ၊ သည်ကျဲကျဲ။

ခန့်ခန့် ကားရပ်ပြီး သိပ်မကြာလိုက်၊ ပထမရပ်ထားသည့် ဇေယျာ့ကားမှန်တံခါးကို လာခေါက်လေတော့၏။ ရုတ်တရက် ဖြတ်ခနဲမြင်လိုက်ရသော အပြုံးချိုချိုနှုတ်ခမ်းပါးလေးက မွှေးကြူချင်စရာ။ သို့ပေမဲ့ ကားတံခါးကို အရင်ဖွင့်ပေးလိုက်ပါ၏။

"ဒီနေ့လည်း အတန်းလစ်ပြန်တာမလား"

"မနက်နှစ်ချိန် တက်ခဲ့ပြီလေ။ တော်ရောပေါ့၊ ဒီမှာ တစ်နေ့လုံးတောင် လစ်ချင်တာ။ လူကြီး ဆူနေမှာစိုးလို့သာ"

ကလေးက သူပြောစကားကို သိပ်နားမထောင်ချင်။ သူနှင့်တွေ့ရန် အကြောင်းပြပြီး နေ့လယ်ဆို အတန်းမတက်ဘဲ ပြန်,ပြန်လာတတ်တာ ခရီးပြန်ရောက်ကတည်းက။ သို့ပေမဲ့ သူလည်းရောက်တုန်းရောက်ခိုက် အတူရှိချင်တာမို့ အပြစ်မဆိုသာတော့ပါပေ။

"လိမ္မာစမ်းပါ ကျောင်းပုန်းလေးရဲ့"

ဇေယျာပြောရင်း ခန့်ခန့်၏နားသယ်စပ်ကလေးကို ကပ်၍ နမ်းရှိုက်လာသည်။ သူ သည်လိုမထိတထိနမ်းသည်ကို ခန့်ခန့် မကြိုက်တတ်။ အမြဲရှောင်ကာ ရုန်းသည်။

"ယားတယ်လို့။ ပြီးတော့ မလိမ္မာနိုင်ပါဘူး။ လူကြီးက မနက်ဖြန်ဆိုပြန်ရတော့မှာလေ။ ဖြစ်နိုင်ရင် ဟောဒီလူကြီးရဲ့ခန္ဓာကိုယ်မှာ ကပ်နေတဲ့ဖုန်မှုန့်လေးတောင် ဖြစ်ပြီး ကျောင်းပုန်းလိုက်ချင်သေးတယ်"

စကားတွေတောင် အတော်တတ်နေပြီဖြစ်သည့်ကလေး။ အရင်ကဆို ချစ်တာကို သည်လိုတောင်မဖော်ပြတတ်။ ကိုယ်ကအလိုက်တသိ နားလည်ရတာမျိုးပင်။
အခုလည်း အထိအတွေ့တချို့သာ တွန့်ဆုတ်နေတတ်သည်။ စကားအရာဆိုရင်တော့ သူစိတ်ပါလျှင် ကြည်နူးနေအောင် ရွှန်းရွှန်းစာစား ပြောတတ်လိုက်သည့်ဖြစ်ခြင်း။

"ကိုယ်ရှေ့တိုးခဲ့ပါဦး လူလည်ကလေး"

"တိုးစရာလား"

ပြောင်စပ်စပ်လုပ်ပြနေသည့် ကလေးမျက်နှာလေးကို ဇေယျာဆွဲယူ၍ အချိန်ကြာကြာ နမ်းရှိုက်လိုက်တော့သည်။ ကားလမ်းမဘေးဆိုပေမဲ့ မည်းမှောင်နေသောမှန်ပြင်ကို အပြင်ကမမြင်ရနိုင်ပါချေ။ ဒါမို့ ကားပေါ်ဒိတ်ရတာကို သူတို့လုံခြုံသလို ခံစားရတာဖြစ်၏။

"တော်တော့ဗျာ။ မျက်နှာလည်း နေရာလပ်မကျန်တော့ဘူး။ ပြီးတော့ ကျောင်းကပြန်လာတာ ဖုန်တွေရှိနေဦးမယ်"

"ရှိရှိ၊ ငုံတောင်ထားချင်တာ"

သူ့ပြောစကားအဆုံး ကလေးမှာ နှာခေါင်းလေးရဲကာ ရှက်သယောင် ဖြစ်နေတော့သည်။ စကားတတ်ပါသည်ဆိုပေမဲ့ သည်တစ်ကြိမ်တွင်တော့ ကြံရာမရ ဖြစ်နေရှာပုံရ၏။

"အာ ခုမှသတိရတာ။ လူကြီးဖုန်းထဲကပုံတွေ ပြဦးလေ၊ ကလောမှာရိုက်ပေးထားတာတွေ ကူးရအောင်"

"ကြည့်ချင်ရင် ငြိမ်ငြိမ်နေလိုက်ပေါ့"

"လူကြီး!"

"ဟား ဟား"

ရယ်သံမှမဆုံး လက်သီးချက်တို့က လက်မောင်းအုံဆီ တစ်ချက်ပြီးတစ်ချက် ရောက်ရှိလာတော့သည်။ စကားနှင့်အနိုင်ပိုင်းမရလျှင် သည်ကလေးက လက်ပါလာတာချည်း။

"ရယ်နေ၊ မနက်ဖြန် လေဆိပ်လိုက်မပို့ဘူး"

လွှတ်ခနဲထွက်ကျလာသည့် ခန့်ခန့်စကားကြောင့် နှစ်ဦးသားရယ်သံတွေရပ်ကာ ငြိမ်ကျသွားကြပြန်သည်။ ဟုတ်တာပဲ ... သူတို့ခွဲကြရတော့မယ်မလား။ ဝမ်းနည်းခြင်းတို့ကို မြေမြှုပ်ထားချင်သော်လည်း အလိုက်မသိစွာဘဲ ပြန်ဖော်တတ်လေတာ အချိန်ဆိုသောအရာပဲမလား။

"လိုက်ပို့ပါ ကလေးရာ"

"အင်း"

သည်တစ်ကြိမ်တွင်တော့ ရင်ခွင်ထဲသို့ ကြည်ကြည်သာသာ တိုးဝင်လာသူမှာ ခန့်ခန့်တစ်ယောက်သာ ဖြစ်တော့၏။

မနက်ဖြန်တိုင်းမှာ လွမ်းနေရဦးမှာမလား။ သည်နေ့တော့ ရင်ခွင်ထဲဝင်ကာ ငြိမ်ငြိမ်လေး တိုးဝင်ချင်သေးတာပင်။

......................

နောက်ဆုံးသော အချိန်စေ့လေတော့လည်း ဇေယျာ မပြန်ချင်ဘဲပြန်ရတော့မည်။ ဦးမြတ်သူက ဒေါ်ကြည်ပြာငိုနေမည်စိုး၍ အိမ်တွင်သာ အပြီးနှုတ်ဆက်ခိုင်းပြီး ရွယ်ရွယ်ကိုသာ လိုက်ပို့စေသည်။ ဇေယျာသည်လည်း အဖေနှင့်အမေကို အိမ်တွင်သာ အပြီးကန်တော့ခဲ့သည်။ အမေဖြစ်သူမှာတော့ တစ်နှစ်ခွဲပြီးတာတောင် မျက်ရည်ကျဆဲပင်။ သူလည်းစိတ်မကောင်းသလို၊ ဦးမြတ်သူလည်း မျက်နှာမကောင်းလှ။ မှာစရာရှိတာမှာ၍သာ မောင်နှမနှစ်ယောက် လွှတ်လိုက်လေသည်။

ထက်မြက်ကလည်း လေဆိပ်ထိ လိုက်နှုတ်ဆက်ရှာသူ ဖြစ်၏။ ခန့်ခန့်ဆိုလျှင် ပြောစရာကိုမလို။ မနက်တန်းမတက်ဘဲကို လာနှုတ်ဆက်ရှာသည်။ မျက်နှာလေးကတော့ ဇီးရွက်သာသာကျန်အောင် ညှိုးငယ်နွမ်းလျလျက်။

လေဆိပ်ထဲတွင် အားလုံးဆုံကာ ထွေရာလေပါးပြောနေဖြစ်ကြသော်လည်း ပြန်ခါနီးလေ ဇေယျာ ပို,ပိုမပြန်ချင်လာလေပင်။ နောက်ထပ်တစ်နှစ်ဆိုသည့် အချိန်ကြီးကို ပြန်စောင့်ရဦးမည်။ သည်ကြားထဲမှာ ကလေးကို ဘယ်လောက်တောင်မှ လွမ်းနေလိုက်ရဦးမလဲ။ သည်နှစ်ဆောင်းတွင် ပြန်သွားရပြီး နောက်နှစ်ဆောင်းမှ ပြန်လာနိုင်တော့မည်၊ ကြားထဲလည်း ပိတ်ရက်ရှည်မရှိတာမို့ ပြန်လာဖို့က မသေချာ၊ မရေရာ။

"လူကြီး"

"ဗျ"

"ကျန်းမာရေး ဂရုစိုက်နော်။ အအေးမမိစေနဲ့၊ ဖျားလည်းမဖျားစေနဲ့။ အပြင်သွားရင်လည်း ထူထူထဲထဲဝတ်သွား၊ အဲဒီမှာ အရမ်းအေးတယ်မလား"

ဝင်ခါနီးဆဲဆဲ သူ့အား ထပ်ခါထပ်ခါ မှာကြားနေပါသော ကလေးငယ်။ ဒါတွေကို ဇေယျာကြားနေရတာ မနေ့ညကတည်းကပါပဲ။

"ကိုယ့်ကလေးသာ ဂရုစိုက်ပါဗျာ။ ဖျားလို့မဖြစ်ဘူး ... သိတယ်နော်။ ကိုယ်ဟိုမှာ စိတ်ပူနေရမှာ"

"အင်း"

မျက်ရည်ကြည်တွေ ဝေ့တက်လာသည့်ကလေးအား ဇေယျာ မကြည့်ရက်။ ရင်ခွင်ထဲသွင်းကာ ဖက်ထားလိုက်မိသည်။ ကိုယ်တိုင်လည်း ငိုချင်လာသည့်စိတ်အား အံကြိတ်ကာ တင်းခံထားရ၏။ ချစ်လျက်နှင့်ခွဲခွါရသည့်အဖြစ်ကလည်း ရင်ထဲမချိအောင် ခံစားရသည်။ အတူရှိနေသည့်စက္ကန့်တိုင်းက တန်ဖိုးရှိလွန်းလှသည်။
ချစ်သူနှစ်ဦး၏ ခွဲခွါချိန်မြင်ကွင်းကြောင့် ထက်မြက်နှင့် ရွယ်ရွယ်တို့မှာလည်း မကြည့်ရက်ကြချေ။ မျက်ရည်လည်စရာမြင်ကွင်းမို့ သူတို့သည်လည်း မခံချိမခံသာ။

"မငိုနဲ့တော့။ ကလေးရဲ့ဘွဲ့ယူအမှီ ကိုယ် ဆက်ဆက်ပြန်လာနိုင်အောင် ကြိုးစားမယ်နော်။ ပြီးရင် တစ်သက်လုံး ရေမြေမခြားဘဲ တူတူနေလို့ရပြီ။ အဲဒီချိန်ထိ အားတင်းပေးထား၊ လုပ်နိုင်တယ်မလား"

ခန့်ခန့် အသံပင်မထွက်နိုင်လောက်အောင် ဆို့နင့်နေသည်မို့ ခေါင်းသာတဆတ်ဆတ် ညိတ်ပြရှာသည်။ မော့ကြည့်လာသောမျက်နှာကလေးမှာ သနားဖွယ်အတိ။ ရဲရဲနီလာသည့် မျက်လုံးလေးက သူ့အား မသွားစေချင်သည်မှာ သိသာလှသည်။ သို့သော် နှုတ်မှ လှစ်ဟလာခြင်းမရှိ။ သည်ကလေးလည်း ရင့်ကျက်လာလေပြီ။

စက္ကန့်တို့က မိနစ်များစွာသို့ တရွေ့ရွေ့ ကူးပြောင်းနေလေပြီ။ ဆုံစည်းနေကြသော်လည်း လွမ်းလိုက်ရပါသည့် သူတို့အဖြစ်။  မျက်စိရှေ့ မြင်နေရသည့်တိုင် ခွဲခွါရတော့မည်ဆိုသည့်အသိကြောင့် လွမ်းဆွတ်ရသည်၊ ပူဆွေးရသည်။ ငြိမ်သက်စွာနေ,နေကြရင်းက နောက်ဆုံး ထွက်ခွါရတော့မည့်အချိန်ကား ရောက်လာတော့သည်။

ဒါမို့ ဇေယျာကပဲ ဝဲတတ်နေသည့် မျက်ရည်များကျမလာစေရန် ခေါင်းမော့ကာ မျက်လုံးအစုံကို ပုတ်ခတ်ပစ်လိုက်သည်။ သည်ချိန်မှာ သူကတော့ ဟန်ဆောင်ကောင်းနေဦးမှဖြစ်မည်မလား။ ချန်ခဲ့ရမည့်ကလေး သက်သာစေချင်သည်။ အငိုတိတ်စေချင်သည်။ သူ လေယာဉ်ပေါ်တက်သွားပြီး ကားပေါ်များ တစ်ယောက်တည်းငိုနေဦးမည်လား စိုးရိမ်မိပြန်သည်။ သို့ပေမဲ့ မသွားလို့မှမဖြစ်တော့၊ မခွဲလို့လည်း မဖြစ်တော့။ အချိန်က ကပ်လွန်းလှလေပြီ။

"ကိုယ် သွားရတော့မယ်။ စိတ်ချမယ်နော်"

"...."

ခန့်ခန့်မှာ ဘာမှမပြောနိုင်၊ ခေါင်းငုံ့ကာအံကြိတ်ပြီး ရှိုက်နေရှာသည်။ ချစ်သူကလေး သည်လောက်ငိုနေသည်ကို မြင်ရခြင်းကား ရင်နာလိုက်ရသည့်ဖြစ်ခြင်း။

"မငိုနဲ့တော့ ကလေးရယ်။ ကိုယ်သွားရမှာ စိတ်မဖြောင့်တော့ဘူး"

ပုခုံးစွန်းနှစ်ဖက်ကိုကိုင်ကာပြောတော့ ခန့်ခန့်က မျက်ရည်တွေ လက်ခုံနှင့်သုတ်ပစ်သည်။

"စိတ်ချလက်ချသွားပါ။ ရောက်ရင်သာ အမြန်ဆုံးဆက်သွယ်ပေး"

"ဒါမှပေါ့"

ဇေယျာ အကောင်းမွန်ဆုံးပြုံးပြတော့ ခန့်ခန့်ကပါ မျက်နှာရဲရဲကလေးနှင့် ပြုံးပြလာရှာသည်။ သူ စိတ်ချချင်ပါပြီ။

"ကဲ ထက်မြတ်၊ ရွယ် ငါ သွားတော့မယ်။ ခန့်ခန့်ကို ဂရုစိုက်ပေးကြဦးနော်။ အားရင်လည်း ခေါ်တွေ့ကြဦး၊ သူတစ်ယောက်တည်း အားငယ်နေမှာစိုးလို့"

"အေးပါကွာ စိတ်ချလက်ချသွားပါ"

ထက်မြက်က ဇေယျာ့ဆီတိုးဖက်ရင်း ပခုံးတစ်ချက်ပုတ်ကာ နှစ်သိမ့်ရှာသည်။

"ရွယ်နဲ့ ခန့်ခန့် ဆုံဖြစ်ပါတယ်၊ ကိုကို စိတ်ချပါ"

"အင်းအင်း"

ရွယ်ရွယ်မှာလည်း မျက်ရည်ကြည်တွေ ရစ်သိုင်းလျက်။ ရင့်ကျက်လာပြီဖြစ်သော ညီမငယ်ကတော့ မျက်ရည်တွေမကျဖြစ်အောင်ထိ ထိန်းသိမ်းတတ်ပုံရသည်။

ဇေယျာမှာမူ ခန့်ခန့်ကို တစ်ချက်ပြန်လှည့်ရင်း နောက်ဆုံးအနေနှင့် ကိုယ်ထည်သေးသေးလေးအား ပွေ့ဖက်လိုက်၏။ ထို့နောက် နဖူးပေါ်ရှိ ဆံစလေးတွေအား အသာသပ်ပြီး နှုတ်ဆက်အနမ်းကို ပေးလိုက်မိသည်။ ပြီးမှသာ လက်အိတ်ကိုဆွဲယူလျက် အားတင်းထွက်ခဲ့ရတော့၏။

ကျန်ခဲ့ရသောခန့်ခန့်ခမျာမှာ ခွဲခွါသွားသည့်ချစ်သူ၏ကျောပြင်ကိုကြည့်ရင်း တင်းခံထားသည့်မျက်ရည်များ ဖြည်မဆည်နိုင်စွာ ထပ်ကျဆင်းပြန်တော့သည်။
နံဘေးရှိ ထက်မြက်နှင့်ရွယ်တို့ကတော့ ခန့်ခန့်အား ကူညီဖေးမပေးလျက် ကျန်ရှိခဲ့၏။

ခွဲခွာကာလျှောက်လှမ်းရသော လမ်းခရီးကား မျက်ရည်ပင်လယ်ကို ဖောင်ဖွဲ့ကာကူးရသည်မို့ ခက်ခဲပင်ပန်းလွန်းလှပါသည်။

(28/10/2020)
•••••••••••••••••••••••••••••••••••••••

<Zawgyi>

ျမဴဆိုင္းေန၍ ေနေရာင္မျဖာပါေသာ္လည္း မိုးလင္းမွန္းေတာ့ သိသာေနေလၿပီ။ ေနရာသစ္ေပမဲ့ သူ႔အဖို႔ ၾကည္ၾကည္လင္လင္ နိုးထလာေတာ့သည္။ ခ်စ္သူႏွင့္အတူ နိုးထရေသာ မနက္ခင္းက ပုံမွန္ႏွင့္မတူ ပိုသာယာ၏။ ၾကည္ႏူးစရာ ပိုေကာင္း၏။

လူကနိုးေနေသာ္လည္း မထခ်င္ေသး။ နံေဘးတြင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနသည့္ လူႀကီးကို အခ်ိန္ၾကာျမင့္စြာ ေငးၾကည့္ေနမိသည္။ မ်က္စိေရွ႕ျမင္ေနရသည့္ သူ႔အဖို႔ လြမ္းေနရဆဲ။ မဆုံခဲ့ရသည့္ေန႔ေတြအတြက္ လြမ္းရသလို၊ ခြဲရဦးမည့္အနာဂတ္အတြက္လည္း ႀကိဳလြမ္းေနမိသေယာင္။

ေငးၾကည့္ေနမိေသာ ခ်စ္ရသူက အိပ္ေမာက်ေနတာေတာင္ ေခ်ာေမာ၊ ခန့္ညားေနေသးတုန္း။ ေယာက်္ားဆန္သည့္ မ်က္ႏွာက်၊ ထင္ေပၚေသာ ႏွာတံ၊ မထူမပါးေသာ ထိုႏွုတ္ခမ္း။ အိုး ... ႏွုတ္ခမ္းဆိုမွ ညကအေၾကာင္းျပန္ေတြးမိ၍ သူ႔စိတ္ထဲအနည္းငယ္ ရွက္သြားသည္။ ကိုယ့္ႏွုတ္ခမ္းပါးေလးပါ ျပန္စမ္းၾကည့္ေတာ့လည္း အထိအေတြ႕နဲ႔တင္ အနည္းငယ္ ဖူးေယာင္ေနသလို။

ခ်စ္သူျဖစ္စကတည္းက သည္ေလာက္ရွည္ၾကာေသာ အနမ္းမ်ိဳးတစ္ခါမွ မနမ္းဖူးခဲ့။ ကိုယ္တိုင္က ႐ုန္းထြက္ခဲ့မိတာမ်ားေပမဲ့ မေန႔ညကေတာ့ မ႐ုန္းထြက္ခ်င္ခဲ့၊ ဆက္ဆက္၍ တိုးဝင္ခ်င္စိတ္သာ ရွိေနခဲ့သည္။ သို႔ေသာ္ အေသြးအသားတို႔၏ေတာင္းဆိုမွုေၾကာင့္ အေျခအေနတစ္ခုကို မတားဆီးနိုင္လိုက္မွာ ေၾကာက္ေနခဲ့ရေသးသည္။ လူႀကီးက ကတိတည္သူမို႔သာ ေတာ္ေသး၏။

တစ္ေန႔ေတာ့ လူႀကီးအလိုက် ျဖည့္ဆည္းေပးဖို႔ သူ႔ေၾကာက္စိတ္ေတြဖယ္ၿပီး အားေမြးထားရဦးမည္။ ခ်စ္သူ ေပ်ာ္ရႊင္ေစဖို႔အေရးပဲမလား။ ေတြး႐ုံႏွင့္ေတာင္ ရွက္ေနၿပီမို႔ အိပ္ေပ်ာ္ေနသည့္ လူႀကီး ရင္ခြင္ထဲသို႔ မ်က္ႏွာသြားအပ္မိေတာ့၏။

"အင္! ကေလး နိုးေနၿပီလား"

"အင္း နိုးသြားၿပီလား"

"ရပါတယ္။ နိုးေနတာေတာင္ ကိုယ့္ကိုမႏွိုးဘူး။ ေစ်းထဲသြားခ်င္တယ္ဆို၊ ေနာက္က်ေနမယ္ ထရေအာင္"

"ဟုတ္"

အားယူကာထလိုက္ေသာသူ႔ကို လူႀကီးက သူ႔ရင္ဘတ္ေပၚသို႔ အသာျပန္ဆြဲခ်သည္။ အံ့ဩမွုတို႔ႏွင့္အတူ ၾကည္ႏူးမွုတို႔က ကပ္ၿငိပါလ်က္။

"ေနဦးေလ ... Morning Kiss"

ႏွုတ္ခမ္းကိုစူကာ အနမ္းေတာင္းေနျပန္ေတာ့ သူ႔ရင္ထဲသိမ့္ခနဲ။ တတ္လည္းတတ္နိုင္တဲ့ သည္လူႀကီး။

"ဟင္း..."

အနမ္းတစ္ပြင့္ကို ေပးလိုက္ေလေတာ့ သူ႔ခ်စ္သူ ေက်နပ္သြားေခ်ၿပီ။ သို႔ႏွင့္ ခ်စ္သူႏွစ္ဦး၏မနက္ခင္းေလးက ျပည့္စုံသြားေလ၏။

.....................

ကေလာေစ်းမသြားေသးခင္ မနက္စာကို ရွမ္းေခါက္ဆြဲဆိုင္တစ္ဆိုင္တြင္ စားျဖစ္ၾကသည္။ လူႀကီးက တိုဟူးေႏြးႏွင့္စားေသာ္လည္း သူက မႀကိဳက္တာမို႔ ေကာ္ရည္ႏွင့္ ရွမ္းအဖြယ္ကိုသာ စားသည္။ တကယ့္ရွမ္းအစစ္ေတြ လုပ္သည္မို႔ပဲလားမသိ၊ အစပ္အဟပ္တည့္ကာ စားေကာင္းလွသည္။ င႐ုတ္အႏွစ္ေလးကပင္ ရာသီေဆာင္းႏွင့္ လိုက္ဖက္ေနသည္။ ဟင္းရည္တြင္ပါဝင္ေသာ င႐ုတ္ေကာင္းအနံ႔ေလးမွာလည္း ထုံေမႊးႀကိဳင္လ်က္။

"ကေလး ဒါေလးစားၾကည့္"

ေဇယ်ာက ခန႔္ခန႔္အား တို႔ဟူးေၾကာ္ေလး လာခြံ႕သည္။ သူ မႀကိဳက္ပါ။ ဆီေတြအိဝင္ေနတတ္တာမို႔ အေၾကာ္ေတြဆို သူမစားျဖစ္။ ပိုဆိုးသည္က တို႔ဟူးဆိုလၽွင္ကို မႀကိဳက္တတ္။

"ဟင့္အင္း၊ တို႔ဟူး မႀကိဳက္ဘူး"

"ကဲပါ ကိုယ့္ကိုယုံၿပီး ဒါေလးစားၾကည့္"

ႏွစ္ခြန္းကသုံးခြန္းျငင္းသည္ထိ ေဇယ်ာက အတင္းခြံ႕ေကၽြးေနတာမို႔ ခန႔္ခန႔္ စားလိုက္ရသည္။ ဆီေၾကာ္ဟု မခံစားရေလာက္ေအာင္ လၽွာေပၚတြင္ ႏူးညံ့စြာေပ်ာ္ဝင္သြားခ်က္။ ရန္ကုန္တြင္ စားဖူးသည္ႏွင့္မတူ၍ တို႔ဟူးမႀကိဳက္ေသာခန့္ခန့္မွာ ကေလာက တို႔ဟူးေၾကာ္ ပူပူေလးကိုေတာ့ အသည္းစြဲသြားသည္။ တို႔ဟူးသားက ႏူးညံ့ၿပီး ႂကြပ္ႂကြပ္ရြရြေလးႏွင့္ စားေကာင္းသည္။

"ဒီေရေႏြးေလးလည္း ေသာက္ၾကည့္၊ လက္ဖက္ေျခာက္အနံ႔က ေတာ္ေတာ္ေကာင္းတယ္"

ဟုတ္ပါသည္။ ငွဲ႕ေနခ်ိန္မွာတင္ သင္းပ်ံ႕ေနေရာ။ ကေလာၿမိဳ႕က အရာရာတိုင္းကို ႏွစ္သက္ေနသည့္ခန့္ခန့္အတြက္ ညေနျပန္ရမွာကိုပင္ ဝမ္းနည္းလာမိသည္။

သို႔ႏွင့္ ပိုက္ဆံရွင္းကာ ေစ်းသို႔ထြက္ခဲ့ၾက၏။ သိပ္ေတာ့မေဝးလွပါ။ ကေလာၿမိဳ႕မေစ်းကလည္း ခမ္းခမ္းနားနားႀကီး ေရာင္းခ်တာမ်ိဳး မဟုတ္။ သို႔ေသာ္ ခင္းက်င္းထားသမၽွ ဝယ္ခ်င္စဖြယ္ခ်ည္းပင္။

အသီးအရြက္တို႔က စိမ္းစိုေနၿပီး လတ္ဆတ္သည္။ ခရမ္းခ်ဥ္သီးမ်ားမွာလည္း ဝင္းေျပာင္ၿပီး ရဲမွည့္ေနလွသည္။ ေစ်းကလည္း အေတာ္ခ်ိဳတာမို႔ ခန့္ခန့္ အိမ္အတြက္ ေတြ႕သမၽွဝယ္ခ်င္ေနမိေတာ့၏။ သူ႔အႀကိဳက္ေတြခ်ည္းဝယ္ၿပီး အိမ္က်ျပန္ခ်က္ခိုင္းရမည္။ ခန့္ကိုတို႔အိမ္အတြက္လည္း ဝယ္သြားရဦးမည္။ ဒါမွလည္း ပိပိရိရိ လိမ္နိုင္မည္မလား။

သို႔ႏွင့္ ခန႔္ခန႔္ ေဈးအႀကိဳက္ပတ္ေတာ့ ေနာက္ကလိုက္သယ္ရသူမွာ ေဇယ်ာပင္။ ဝယ္သမၽွတို႔က လက္ႏွစ္ဖက္စာ အထုပ္ေတြအျပည့္ထိ ျဖစ္လာသည္။

"ကေလး အထုပ္ေတြေပး"

"လူႀကီး မဝယ္ဘူးလား။ ဒီမွာ ႐ုံးပတီသီးေလးေတြကလည္း ႏုဖတ္ေနတာပဲ။ ရန္ကုန္မွာဆို ဒီလိုေတြမရဘူး ... လူႀကီးရ"

ခန့္ခန့္က စိမ္းျမၿမ ႐ုံးပတီသီးထိပ္ဖ်ားေလးေတြအား ခ်ိဳးျပရင္းေျပာသည္။

"ကိုယ္က ေတာ္ပါၿပီ။ ကေလး ဝယ္တာေတြပဲ ကူသယ္ေပးမယ္"

"အင္းအင္း။ အန္တီ ဒီေထာပတ္သီးေတြက ဘယ္လိုေရာင္းလဲဗ်"

ခန့္ခန့္က ေဇယ်ာ့ကိုပင္ အဖတ္လုပ္ၿပီး စကားေသခ်ာမေျပာနိုင္ေသး။ ေတြ႕ေတြ႕သမၽွ အကုန္ဝယ္ေနသည္။ လက္ထဲတြင္လည္း ဟင္းသီးဟင္းရြက္မ်ားသာမက င႐ုတ္သီးေတာင့္ကစ အနီ၊ အစိမ္း၊ အပြဆိုၿပီး ခြဲဝယ္လိုက္ေသးသည္။ သူ ဟင္းမခ်က္တတ္သည့္တိုင္ ေစ်းခ်ိဳလြန္း၍ အကုန္လိုက္ဝယ္ေနေလျခင္း။ ထပ္ဝယ္ရင္ေတာ့ တားမွျဖစ္ေတာ့မည္ဟု ေဇယ်ာ ေတြးလိုက္သည္။

"ကေလး ေတာ္ေတာ့ေလ။ မုန္လာပြင့္ေတြေရာ၊ ေျပာင္းဖူးေတြေရာ ဝယ္ထားတာ။ အဲေထာပတ္သီးေတြပါဆို အရမ္းေလးမွာေပါ့။ ေလယာဥ္က 20kg ပဲ သယ္ခြင့္ေပးတာေနာ္"

"ရမွာပါ။ လူႀကီးက မဝယ္ဘူးေလ။ ႏွစ္ေယာက္စာဆို 40kg။ အဲထက္ေက်ာ္ရင္ က်န္တာခ်ိန္တဲ့ထဲမထည့္ဘူး။ လက္ကပဲသယ္မယ္ဗ်ာ ... ေနာ္"

မနိုင္စိန္ပါပဲလား။ ႏွစ္ေယာက္စာအေလးခ်ိန္ေတာင္ သူ႔ဟာသူတြက္ၿပီးေတာင္ ဝယ္ေနလိုက္ေသး။ ေဇယ်ာ ရယ္သာရယ္ေနနိုင္ေတာ့သည္။ ခ်စ္ေတာ့လည္း အထုပ္လိုက္ဆြဲေပးရမည္မလား။

"ေဟာဒီကေလး သေဘာက်ပါခင္ဗ်ာ"

ေထာပတ္သီးမ်ားထည့္ေနသည့္ ေခါင္းေပါင္းႏွင့္အန္တီႀကီးက သေဘာက်စြာ ရယ္ေလေတာ့၏။

........................

တစ္ညအိပ္ႏွင့္ ႏွစ္ရက္မၽွၾကာေသာ ကေလာခရီးစဥ္ေလးမွာ အခ်ိန္အားျဖင့္ ခပ္ျမန္ျမန္ပင္ ၿပီးဆုံးသြားခဲ့သည္။ တစ္ပတ္ပဲအခ်ိန္ရေသာ ေဇယ်ာ့အဖို႔ အိမ္မွာေနရမည့္ အခ်ိန္ကလည္း ရွိေသးသကိုး။ ႀကိဳႀကိဳတင္တင္ ခိုးစီစဥ္ခဲ့ရေသာခရီးကိုလည္း ထက္ျမက္တို႔ႏွင့္လို႔သာ လိမ္ခဲ့ရသည္။ အိမ္ကလူေတြလည္း ရိပ္မိၾကပုံေပၚပါ၏။

သူတို႔ႏွစ္ဦး၏ အိမ္အျပန္လမ္းတြင္ေတာ့ ခရီးေဆာင္အိတ္တို႔အျပင္ အသီးအရြက္မ်ားထည့္ထားသည့္ အျဖဴေရာင္ေရခဲပုံးႀကီးပါ အပိုသယ္လာရေတာ့သည္။ ေလယာဥ္မစီးခင္ ကီလိုခ်ိန္ၾကရေတာ့ ႏွစ္ဦးသား ရင္တထိတ္္ထိတ္ႏွင့္ အၾကည့္ခ်င္းဆုံရေသး၏။ လက္ဆြဲအိတ္ကလည္း အေသးႏွစ္လုံးျဖစ္ေန၍သာ ထိုပုံးပါေပါင္းတာေတာင္ သတ္မွတ္အေလးခ်ိန္ မေက်ာ္သြားတာမို႔ ေတာ္ေသးသည္။

"ကေလး အဲဒါေတြအကုန္စားနိုင္မွာမို႔လို႔လား"

"ေျဖးေျဖးခ်င္း စားမွာေပါ့။ ၿပီးေတာ့ လူႀကီး ဘာသိလို႔လဲ။ ခုဝယ္လာတာေတြက ေမေမတို႔ကို လာဘ္ထိုးဖို႔ေလ။ လူႀကီးလည္း တစ္ထုပ္ခြဲယူသြားရမွာပဲ။ အဲဒါမို႔ နိုင္သမၽွသယ္လာတာ"

ေလဆိပ္ထဲလမ္းေလၽွာက္ရင္း ဘယ္သူမွနီးနီးနားနားမရွိတာေတာင္ ေနာက္ဆုံးစကားကို အေပၚနားဆီကပ္ကာ တိုးတိုးလာေျပာေနေသးသည္။ မမွီတမွီ သူ႔အရပ္ေလးေၾကာင့္ ေဇယ်ာကပင္ ကိုယ္ကိုင္းေပးလိုက္ရေသး၏။

"တတ္လည္းတတ္ပါေပ့ ကိုယ့္ကေလးရယ္"

သေဘာတက်ႏွင့္ ဖက္လ်က္သားပင္ သူတို႔ႏွစ္ဦး ေလယာဥ္စီးဖို႔ ေစာင့္ဆိုင္းၾကသည္။

ရန္ကုန္ေလဆိပ္ျပန္အေရာက္တြင္ေတာ့ ခန႔္ခန႔္ကို သူငယ္ခ်င္းျဖစ္သူ ခန့္ကိုက လာႀကိဳေပးၿပီး ေဇယ်ာ့ကိုေတာ့ ညီမျဖစ္သူရြယ္ရြယ္ လာေစာင့္ေပးေနတာပင္။ သူတို႔အတြက္ဆို ပါရမီျဖည့္ေပးၾကေသာ လူသားေလးေတြပါပဲ။

"ငါ့မွာကေလာကို အမည္ခံသြားလိုက္ရတာ၊ ဘာလက္ေဆာင္ပါလဲ"

"စိတ္မပူနဲ႔၊ ဒီေရခဲပုံးထဲမွာ အသီးအႏွံေတြအျပည့္"

ခန႔္ခန႔္အေျပာကို အားလုံးသေဘာတက်ႏွင့္ ရယ္ေမာၾကေလ၏။ ခန႔္ကိုမွာလည္း ခရီးသြားဟန္ေဆာင္ကာ သူငယ္ခ်င္းအိမ္တြင္ ေရွာင္ေနခဲ့ရသည့္အျဖစ္။ အေမႏွစ္ေယာက္လုံးက ရင္းႏွီးၾကတာမို႔ သည္ေလာက္ေတာ့ ပိပိရိရိ လုပ္ၾကရသည္။ သည္လိုႏွင့္ ရန္ကုန္ေလဆိပ္တြင္ ႏွစ္ဖြဲ႕ခြဲၿပီး သပ္သပ္စီအိမ္ျပန္ၾကရေလသည္။ သူတို႔သူငယ္ခ်င္းႏွစ္ေယာက္သည္လည္း ဟန္မပ်က္အိမ္အတူျပန္ၿပီး အသီးအရြက္တစ္ခ်ိဳ႕ကို မၽွေဝယူရေသး၏။

"ဘြားေရ ... သားျပန္လာၿပီ"

"ငါ့ေျမးျပန္လာၿပီေတာ္။ ေဟာေတာ္ ... အဲပုံးအျဖဴႀကီးက ဘာေတြတုန္း"

ခန့္ခန့္ႏွင့္ခန့္ကို သယ္လာသည့္ပုံးႀကီးကိုျမင္၍ ဧည့္ခန္းသို႔ အစုံထြက္လာေသာလူႀကီးေတြ ေငးၾကည့္ေနၾကတာ တအံ့တဩ။

"ဒီမွာေလ အသီးအရြက္ေတြ လတ္ဆတ္လြန္းလို႔ မနက္ေစ်းကေန ဝယ္လာခဲ့ၾကတာ ... ေနာ့"

ခန့္ခန့္က နံေဘးကသူငယ္ခ်င္းကို ေမးေငါ့ရင္းအေဖာ္စပ္သည္။ ေယာင္ခ်ာခ်ာေကာင္ကေလးကလည္း ေခါင္းညိတ္ကာ ေထာက္ခံရ၏။ ထို႔ေနာက္ တိပ္ပတ္ထားေသာပုံးကိုဖြင့္၍ တစ္ခုခ်င္းစီထုတ္ျပေတာ့ ခန႔္ကိုပါ အံ့ဩသြားရသည္။ တတ္လည္းတတ္နိုင္သည့္ေကာင္။

"ငါ့သားရ ... မင္း အမ်ားႀကီးဝယ္လာတာ။ ပိုက္ဆံေတာင္ေလာက္ရဲ့လား"

ဦးမင္းဟန္ကပါ ေထာပတ္သီးေတြ ကိုင္ၾကည့္ရင္း ဝင္ေမးေတာ့သည္။ ကိုယ္တိုင္ခရီးသြားရင္ေတာင္ သားျဖစ္သူလို လက္ေဆာင္ဝယ္ေလ့မရွိတာမို႔ အံဩတႀကီးႏွင့္။

"ေလာက္ပါတယ္။ ဘာမွသိပ္မေပးရဘူး။ ေစ်းအရမ္းခ်ိဳတာ ဝယ္လို႔လည္းေကာင္းတယ္။ ဒီကေစ်းေတြနဲ႔မ်ားကြာပါ့၊ ေနာ့ .. ဟိတ္ေကာင္ရာ"

ခန့္ခန့္ အေဖာ္ညႇိကာ ေထာက္ခံဖို႔ေလသံေပးတိုင္း ႀကံရာပါခန့္ကိုက ေခါင္းလိုက္ညိတ္ရင္း ေၾကာင္စီစီ။ သည္လိုႏွင့္ပဲ ခန့္ခန့္၏လာဘ္ထိုးသည့္အႀကံေကာင္းေၾကာင့္ မိဘမ်ား သေဘာတက်ရွိလွၿပီး ေဇယ်ာျပန္လာၿပီး ခိုးသြားၾကသည္ကိုပင္ မရိပ္မိၾကေတာ့ေခ်။

.....................

ေဇယ်ာမွာေတာ့ အိမ္အတြက္ ဘာမွဝယ္မလာမိ။ ခန့္ခန့္ ထည့္ေပးလိုက္သည့္ ေထာပတ္သီးတစ္ထုပ္သာပါေလသည္။ တစ္ပတ္ေလး ျမန္မာျပန္လာတာကို ႏွစ္ရက္က ခရီးထြက္သြားတာမို႔ ေဒၚၾကည္ျပာက အျပစ္ေျပာခ်င္လွသည္။ အေမဆိုတာလည္း အေမသာမို႔ သူ ေခ်ာရေသး၏။

"အေမရယ္ ... ထက္ျမက္တို႔နဲ႔ကလည္း မေတြ႕ရတာၾကာၿပီေလ။ သူတို႔ကပါေစခ်င္လြန္းလို႔ သားျပန္လာေအာင္ထိ ေစာင့္ေနၾကေတာ့ အားနာလို႔ လိုက္သြားတာပါ"

သူလည္း ခန့္ခန့္ခ်စ္သူပင္မလား။ ခန့္ခန့္ေလာက္ မေတာ္ေသာ္လည္း ပိပိရိရိျဖစ္ေအာင္ေတာ့ လိမ္ရေသးသည္။ ေဒၚၾကည္ျပာကလည္း ဘာမွထက္မေျပာရွာပါ။ ေရာက္တုန္းေရာက္ခိုက္ ဘာစားခ်င္သလဲ၊ ဘာလုပ္ခ်င္သလဲသာ အထပ္ထပ္ ေမးေနေတာ့သည္။ သို႔ေသာ္ ရြယ္ရြယ့္ေျပာစကားအရ ဦးျမတ္သူကေတာ့ ရိပ္မိသည္ထင္ပါရဲ့။ သူျပန္ေရာက္သည့္ ညေနခင္းထိ ဘာမွေတာ့ေျပာမလာခဲ့။

"ေဖေဖက ကိုကို႔ဆီ တအားဖုန္းဆက္ခိုင္းတာ သိလား။ ရြယ္နဲ႔ေမေမက သူ႔သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ပါေစေျပာၾကလို႔။ အေျခအေနသိခ်င္ေနတာ၊ တကယ္မလြယ္ဘူး"

"အဲေလာက္ေတာင္ပဲလား"

ရြယ္ရြယ္မွာ အစ္ကိုျဖစ္သူ ခရီးကျပန္လာေသာညတြင္ အခန္းထဲထိလိုက္ကာ တစ္ႏွစ္တာအတြင္း မိဘေတြ၏ထူးျခားမွုမ်ား၊ မေျပာျဖစ္သည့္စကားမ်ားအား ေဖာက္သည္ခ်ေနေတာ့၏။ ေမာင္ႏွမႏွစ္ေယာက္လည္း မေတြ႕ရ၊ မဆုံရတာလည္း ၾကာေလၿပီမလား။

"အင္းလို႔ သူ႔သားႀကီးက် တိုလိုက္တာ။ ဟိုမွာေရာက္ေနတုန္းကဆိုလည္း တစ္ေန႔တစ္ေန႔ ကိုကို႔အေၾကာင္းမပါရင္ မၿပီးဘူး။ စိတ္မခ်ကလည္းျဖစ္ေသး။ ရြယ္ကိုဆို ဘယ္လိုမွမေနဘူး"

ေဇယ်ာက တစ္ဦးတည္းေသာညီမ ေျပာပုံကိုၾကည့္၍ ရယ္မိသည္။ ေမာင္ႏွမေလးႏွစ္ေယာက္ရွိတာေတာင္ အေနေဝးေနၾက၍ ခုလိုစကားမေျပာျဖစ္ၾက။ သူဆုံးမစရာမလိုေလာက္ေအာင္ ရြယ္က လိမၼာေရးျခားရွိလွပါသည္။ အထူးသျဖင့္ လူႀကီးဆန္ဆန္ ေတြးေတာနိုင္သည္။ သူတစ္ပါးကို နားလည္ေပးတတ္သည္။ သူ႔အဖို႔လည္း အေရးႀကီးတာမွာ႐ုံေလာက္သာ ဖုန္းဆက္နိုင္သည္မို႔ သည္ညီမတစ္ေယာက္ကိုလည္း သူ ဂ႐ုစိုက္ေပးရဦးမည္ပင္။

"ဒါေတာ့ သမီးငယ္က လိမၼာတာကိုးလို႔ မေျပာဖူးလား။ ကိုကိုက မိုက္ထားေတာ့ ေစာင့္ၾကည့္ေနတာေပါ့"

"အင္းပါ။ ကိုကို ဘြဲ႕ရၿပီးျပန္လာရင္ ခန့္ခန့္နဲ႔ သေဘာတူေပးနိုင္မယ္ေျပာတုန္းကေလ ရြယ္ျဖင့္ ယုံေတာင္မယုံနိုင္ဘူး သိလား။ ဒီၾကားထဲအေတြးေျပာင္းသြားမွျဖင့္ ဒုကၡ"

ခရီးေဆာင္အိတ္ထဲကအကၤ်ီေတြ ကူထည့္ေပးေနရင္း ရြယ္ရြယ္က သူ႔စိတ္ထင္ကို ေျပာရွာသည္။ ေဇယ်ာလည္း ထိုအခ်က္ကိုေတာ့ ေတြးပူမိတာအမွန္ပါပဲ။ လႊတ္ခ်င္ေဇာႏွင့္ ကတိေတြေပးၿပီး သည္ၾကားထဲ စိတ္ေျပာင္းသြားလၽွင္ ဒုကၡ။

"အေဖထင္တာက ကိုကိုတို႔ႏွစ္ေယာက္ကို ႏွစ္ႏွစ္ေလာက္ခြဲထားလိုက္ရင္ ျပတ္သြားမယ္ေပါ့ေလ။ အဲဒါမို႔ ကတိေပးၿပီး ေခ်ာ့လႊတ္တာ။ တကယ္မျပတ္ရင္ေတာ့လည္း သေဘာတူေကာင္းပါရဲ့။ လူႀကီးပဲ စကားတည္မွာပါ"

ေျပာသာေျပာလိုက္ရသည္။ သူလည္း သည္လိုပဲ ယုံၾကည္ထားတာမို႔။
.......................

ေဇယ်ာ မျပန္ခင္ေသးခင္ေတာ့ မနက္ပိုင္းဆိုလၽွင္ ေဆာက္လက္စဟိုတယ္ကို သြားၾကည့္ရသည္။ စံခ်ိန္စံညႊန္းမွီေသာ ပစၥည္းမ်ားကို သုံးဖို႔အေရး၊ ၾကမ္းခင္းေနရာခ်ထားေရးတို႔ကို ဦးျမတ္သူတို႔၊ Mr. Smith တို႔ႏွင့္ တိုင္ပင္ရသည္။ ေန႔ခင္းေန႔လယ္အားလၽွင္ျဖစ္ျဖစ္၊ ညေနဖက္အားလၽွင္ျဖစ္ျဖစ္ ထက္ျမက္တို႔ႏွင့္ဆုံတတ္သည္။  သည္ၾကားထဲက သူ႔ကေလးအားၿပီဆိုတာႏွင့္ သြားေတြ႕ရေလတာအေမာ။ ျပန္လာသည့္ရက္ေတြတြင္ အိမ္ကပ္ျဖစ္သည္က မနက္ပိုင္းႏွင့္ညပိုင္းေလာက္သာ ရွိတတ္သည္။

"ခရီးစဥ္က ဘာမွမထူးတာေသခ်ာရဲ့လား ငါ့ေကာင္"

ေမးေစ့ကို လက္ညႇိုးသပ္လ်က္ ေမးလာေသာထက္ျမက္က အတည္ေပါက္ႀကီး အထင္ႀကီးကာ စေနာက္ေန၏။ မျပန္ခင္ ေန႔ခင္းဆိုင္ေလးတစ္ဆိုင္ ေအးေဆးထိုင္ဦးမယ္ဆိုေတာ့ အေကာင္းေျပာမည္မွတ္သည္။ စေနာက္ေကာင္းၿပီး ေမးျမန္းေနေလတာ ခရီးျပန္လာၿပီး ေနာက္တစ္ေန႔ကတည္းက။ သူငယ္ခ်င္းက ဘယ္ေလာက္ပင္အထင္ႀကီးေနပါေစ ... သူ႔မွာေတာ့ နမ္းဖို႔အေရးပင္ ရွိသမၽွဉာဏ္နီဉာဏ္နက္ အကုန္ထုတ္သုံးခဲ့ရသည္။ ဒါေတြသာသိလၽွင္ အျဖစ္မရွိလိုက္တာဆိုၿပီး ဟားတိုက္ရယ္ဦးမွာ အေသအခ်ာ။

"ညစ္တီးညစ္ပတ္စိတ္ေတြ ေတြးမေနနဲ႔။ ငါ့ကေလးက ငယ္ေသးတယ္။ ၿပီးေတာ့ အဲဒီကိစၥေတြ လက္ထပ္ၿပီးမွလို႔ ကတိေပးထားၿပီးသား"

"ဟား ႏွေျမာစရာႀကီးကြာ။ ငါ့မွာ ေတာင္ေပၚအိမ္ေတာင္ ေသခ်ာရွာေပးထားရတာ"

ေဇယ်ာ သုတ္လက္စတစ္ရွူးကို အသာလုံး၍ ထက္ျမက္မ်က္ႏွာဆီ ထုလိုက္ေတာ့သည္။

"ေတာ္ေတာ္"

"မင္း တကယ္ထိန္းနိုင္ခဲ့သားပဲ"

သူ ဘာမွျပန္မေျဖမိေတာ့။ ထိန္းခ်ဳပ္ခဲ့ရသည့္ အေသြးအသားဆႏၵတို႔ကား ႐ူးခါသြားခ်င္ေလာက္ေအာင္ပင္။ ယုန္ေပါက္ကို အသားစားက်ားေရွ႕တြင္ ခ်ေပးထားၿပီး ဥပုသ္ေစာင့္ခိုင္းသည့္ႏွယ္။ ဒါေပသိ အနမ္းတို႔က သူ႔ဆႏၵကို မ်ားစြာျဖည့္ဆည္းေပးနိုင္ခဲ့ပါသည္။ အလြမ္းတို႔ကလည္း ထိုမၽွေလာက္ႏွင့္ ေျပေပ်ာက္လွပါ၏။

"မင္း ညေနအားတယ္မလား။ Gym တစ္ရက္တေလ လိုက္ခဲ့ေလ၊ ကိုနိုင္ကေတာင္ မင္းကိုေမး,ေမးေနတာ"

"အားမေနဘူး။ မနက္ျဖန္ပဲျပန္ရေတာ့မဲ့ဟာ၊ ငါ့ကေလးနဲ႔ပဲ ႏွပ္ေနမွာေပါ့"

"ဒီေန႔ ဗုဒၶဟူးေလ၊ ကေလးေတြ ေက်ာင္းဖြင့္တယ္မလား"

ထက္ျမက္က ေကာ္ဖီတစ္က်ိဳက္ေသာက္ရင္း စကားေထာက္ျပန္သည္။

"ေန႔လယ္ထမင္းစားခ်ိန္ လာႀကိဳတဲ့။ ခဏေနရင္ သြားေခၚေတာ့မွာ"

"သူ႔ကားနဲ႔သူသြားတာမလား။ ၿမိဳ႕ထဲမွာပဲေတြ႕ေပါ့၊ ပိုကိုပိုၾကတယ္"

"ၿမိဳ႕ထဲဆို လူျမင္တယ္။ အဲဒီဖက္က လူရွင္းတယ္။ ကားေပၚမွာ ဒိတ္ရတဲ့အရသာ မင္းမသိလို႔ပါကြာ"

ဆယ့္တစ္နာရီလည္း ေက်ာ္ေနၿပီမို႔ ေဇယ်ာ အနိုင္ပိုင္းေျပာၿပီးပဲ ထြက္လာခဲ့လိုက္သည္။ ျပန္ေရာက္တုန္းေရာက္ခိုက္မို႔ ဦးျမတ္သူကလည္း လႊတ္ထားသည္။ ဒါ သူ႔အတြက္ အခြင့္ေကာင္းပဲေပါ့။ ခန႔္ခန႔္မိဘေတြကလည္း သူ ျပန္ေရာက္ေနတာမသိေတာ့ ေက်ာင္းကိုစိတ္ခ်လက္ခ် လႊတ္ေနတာပင္။ တစ္ခဏတာေတာ့ အဆင္ေျပေနၾကသည့္ သူတို႔အျဖစ္ပါပဲ။ သို႔ေပမဲ့ မနက္ျဖန္ဆို ျပန္ရေတာ့မည္မလား။

ကြန္ပ်ဴတာတကၠသိုလ္သြားရာ လမ္းပိုင္းတစ္ေနရာတြင္ ရပ္ထားေသာကားအျဖဴေလးတစ္စီး။ ခဏၾကာေသာ္ ေနာက္ကားအျဖဴေလးတစ္စီးက ေဘးခ်င္းယွဥ္ကာ ရပ္လာေလၿပီ။ ဘယ္ကိုမွဆက္မသြားၾကပါဘဲ အရိပ္ေကာင္းသည့္ အပင္ႀကီးမ်ားရွိရာတြင္သာ သူတို႔ေတြ႕ဆုံၾက၏။ ေဘးပတ္ဝန္းက်င္ လူေနအိမ္ေျခတို႔သိပ္မရွိဘဲ အုတ္တံတိုင္းျမင့္ျမင့္ႏွင့္ စက္႐ုံဝင္းမ်ားသာရွိသည္။ ကားနံေဘးတြင္ေတာ့ ျမက္ရိုင္းတို႔ကသာ ဟိုက်ဲက်ဲ၊ သည္က်ဲက်ဲ။

ခန႔္ခန႔္ ကားရပ္ၿပီး သိပ္မၾကာလိုက္၊ ပထမရပ္ထားသည့္ ေဇယ်ာ့ကားမွန္တံခါးကို လာေခါက္ေလေတာ့၏။ ႐ုတ္တရက္ ျဖတ္ခနဲျမင္လိုက္ရေသာ အျပဳံးခ်ိဳခ်ိဳႏွုတ္ခမ္းပါးေလးက ေမႊးၾကဴခ်င္စရာ။ သို႔ေပမဲ့ ကားတံခါးကို အရင္ဖြင့္ေပးလိုက္ပါ၏။

"ဒီေန႔လည္း အတန္းလစ္ျပန္တာမလား"

"မနက္ႏွစ္ခ်ိန္ တက္ခဲ့ၿပီေလ။ ေတာ္ေရာေပါ့၊ ဒီမွာ တစ္ေန႔လုံးေတာင္ လစ္ခ်င္တာ။ လူႀကီး ဆူေနမွာစိုးလို႔သာ"

ကေလးက သူေျပာစကားကို သိပ္နားမေထာင္ခ်င္။ သူႏွင့္ေတြ႕ရန္ အေၾကာင္းျပၿပီး ေန႔လယ္ဆို အတန္းမတက္ဘဲ ျပန္,ျပန္လာတတ္တာ ခရီးျပန္ေရာက္ကတည္းက။ သို႔ေပမဲ့ သူလည္းေရာက္တုန္းေရာက္ခိုက္ အတူရွိခ်င္တာမို႔ အျပစ္မဆိုသာေတာ့ပါေပ။

"လိမၼာစမ္းပါ ေက်ာင္းပုန္းေလးရဲ့"

ေဇယ်ာေျပာရင္း ခန႔္ခန႔္၏နားသယ္စပ္ကေလးကို ကပ္၍ နမ္းရွိုက္လာသည္။ သူ သည္လိုမထိတထိနမ္းသည္ကို ခန့္ခန့္ မႀကိဳက္တတ္။ အျမဲေရွာင္ကာ ႐ုန္းသည္။

"ယားတယ္လို႔။ ၿပီးေတာ့ မလိမၼာနိုင္ပါဘူး။ လူႀကီးက မနက္ျဖန္ဆိုျပန္ရေတာ့မွာေလ။ ျဖစ္နိုင္ရင္ ေဟာဒီလူႀကီးရဲ့ခႏၶာကိုယ္မွာ ကပ္ေနတဲ့ဖုန္မွုန့္ေလးေတာင္ ျဖစ္ၿပီး ေက်ာင္းပုန္းလိုက္ခ်င္ေသးတယ္"

စကားေတြေတာင္ အေတာ္တတ္ေနၿပီျဖစ္သည့္ကေလး။ အရင္ကဆို ခ်စ္တာကို သည္လိုေတာင္မေဖာ္ျပတတ္။ ကိုယ္ကအလိုက္တသိ နားလည္ရတာမ်ိဳးပင္။
အခုလည္း အထိအေတြ႕တခ်ိဳ႕သာ တြန႔္ဆုတ္ေနတတ္သည္။ စကားအရာဆိုရင္ေတာ့ သူစိတ္ပါလၽွင္ ၾကည္ႏူးေနေအာင္ ရႊန္းရႊန္းစာစား ေျပာတတ္လိုက္သည့္ျဖစ္ျခင္း။

"ကိုယ္ေရွ႕တိုးခဲ့ပါဦး လူလည္ကေလး"

"တိုးစရာလား"

ေျပာင္စပ္စပ္လုပ္ျပေနသည့္ ကေလးမ်က္ႏွာေလးကို ေဇယ်ာဆြဲယူ၍ အခ်ိန္ၾကာၾကာ နမ္းရွိုက္လိုက္ေတာ့သည္။ ကားလမ္းမေဘးဆိုေပမဲ့ မည္းေမွာင္ေနေသာမွန္ျပင္ကို အျပင္ကမျမင္ရနိုင္ပါေခ်။ ဒါမို႔ ကားေပၚဒိတ္ရတာကို သူတို႔လုံျခဳံသလို ခံစားရတာျဖစ္၏။

"ေတာ္ေတာ့ဗ်ာ။ မ်က္ႏွာလည္း ေနရာလပ္မက်န္ေတာ့ဘူး။ ၿပီးေတာ့ ေက်ာင္းကျပန္လာတာ ဖုန္ေတြရွိေနဦးမယ္"

"ရွိရွိ၊ ငုံေတာင္ထားခ်င္တာ"

သူ႔ေျပာစကားအဆုံး ကေလးမွာ ႏွာေခါင္းေလးရဲကာ ရွက္သေယာင္ ျဖစ္ေနေတာ့သည္။ စကားတတ္ပါသည္ဆိုေပမဲ့ သည္တစ္ႀကိမ္တြင္ေတာ့ ႀကံရာမရ ျဖစ္ေနရွာပုံရ၏။

"အာ ခုမွသတိရတာ။ လူႀကီးဖုန္းထဲကပုံေတြ ျပဦးေလ၊ ကေလာမွာရိုက္ေပးထားတာေတြ ကူးရေအာင္"

"ၾကည့္ခ်င္ရင္ ၿငိမ္ၿငိမ္ေနလိုက္ေပါ့"

"လူႀကီး!"

"ဟား ဟား"

ရယ္သံမွမဆုံး လက္သီးခ်က္တို႔က လက္ေမာင္းအုံဆီ တစ္ခ်က္ၿပီးတစ္ခ်က္ ေရာက္ရွိလာေတာ့သည္။ စကားႏွင့္အနိုင္ပိုင္းမရလၽွင္ သည္ကေလးက လက္ပါလာတာခ်ည္း။

"ရယ္ေန၊ မနက္ျဖန္ ေလဆိပ္လိုက္မပို႔ဘူး"

လႊတ္ခနဲထြက္က်လာသည့္ ခန႔္ခန႔္စကားေၾကာင့္ ႏွစ္ဦးသားရယ္သံေတြရပ္ကာ ၿငိမ္က်သြားၾကျပန္သည္။ ဟုတ္တာပဲ ... သူတို႔ခြဲၾကရေတာ့မယ္မလား။ ဝမ္းနည္းျခင္းတို႔ကို ေျမျမႇုပ္ထားခ်င္ေသာ္လည္း အလိုက္မသိစြာဘဲ ျပန္ေဖာ္တတ္ေလတာ အခ်ိန္ဆိုေသာအရာပဲမလား။

"လိုက္ပို႔ပါ ကေလးရာ"

"အင္း"

သည္တစ္ႀကိမ္တြင္ေတာ့ ရင္ခြင္ထဲသို႔ ၾကည္ၾကည္သာသာ တိုးဝင္လာသူမွာ ခန႔္ခန႔္တစ္ေယာက္သာ ျဖစ္ေတာ့၏။

မနက္ျဖန္တိုင္းမွာ လြမ္းေနရဦးမွာမလား။ သည္ေန႔ေတာ့ ရင္ခြင္ထဲဝင္ကာ ၿငိမ္ၿငိမ္ေလး တိုးဝင္ခ်င္ေသးတာပင္။

......................

ေနာက္ဆုံးေသာ အခ်ိန္ေစ့ေလေတာ့လည္း ေဇယ်ာ မျပန္ခ်င္ဘဲျပန္ရေတာ့မည္။ ဦးျမတ္သူက ေဒၚၾကည္ျပာငိုေနမည္စိုး၍ အိမ္တြင္သာ အၿပီးႏွုတ္ဆက္ခိုင္းၿပီး ရြယ္ရြယ္ကိုသာ လိုက္ပို႔ေစသည္။ ေဇယ်ာသည္လည္း အေဖႏွင့္အေမကို အိမ္တြင္သာ အၿပီးကန္ေတာ့ခဲ့သည္။ အေမျဖစ္သူမွာေတာ့ တစ္ႏွစ္ခြဲၿပီးတာေတာင္ မ်က္ရည္က်ဆဲပင္။ သူလည္းစိတ္မေကာင္းသလို၊ ဦးျမတ္သူလည္း မ်က္ႏွာမေကာင္းလွ။ မွာစရာရွိတာမွာ၍သာ ေမာင္ႏွမႏွစ္ေယာက္ လႊတ္လိုက္ေလသည္။

ထက္ျမက္ကလည္း ေလဆိပ္ထိ လိုက္ႏွုတ္ဆက္ရွာသူ ျဖစ္၏။ ခန႔္ခန႔္ဆိုလၽွင္ ေျပာစရာကိုမလို။ မနက္တန္းမတက္ဘဲကို လာႏွုတ္ဆက္ရွာသည္။ မ်က္ႏွာေလးကေတာ့ ဇီးရြက္သာသာက်န္ေအာင္ ညႇိုးငယ္ႏြမ္းလ်လ်က္။

ေလဆိပ္ထဲတြင္ အားလုံးဆုံကာ ေထြရာေလပါးေျပာေနျဖစ္ၾကေသာ္လည္း ျပန္ခါနီးေလ ေဇယ်ာ ပို,ပိုမျပန္ခ်င္လာေလပင္။ ေနာက္ထပ္တစ္ႏွစ္ဆိုသည့္ အခ်ိန္ႀကီးကို ျပန္ေစာင့္ရဦးမည္။ သည္ၾကားထဲမွာ ကေလးကို ဘယ္ေလာက္ေတာင္မွ လြမ္းေနလိုက္ရဦးမလဲ။ သည္ႏွစ္ေဆာင္းတြင္ ျပန္သြားရၿပီး ေနာက္ႏွစ္ေဆာင္းမွ ျပန္လာနိုင္ေတာ့မည္၊ ၾကားထဲလည္း ပိတ္ရက္ရွည္မရွိတာမို႔ ျပန္လာဖို႔က မေသခ်ာ၊ မေရရာ။

"လူႀကီး"

"ဗ်"

"က်န္းမာေရး ဂ႐ုစိုက္ေနာ္။ အေအးမမိေစနဲ႔၊ ဖ်ားလည္းမဖ်ားေစနဲ႔။ အျပင္သြားရင္လည္း ထူထူထဲထဲဝတ္သြား၊ အဲဒီမွာ အရမ္းေအးတယ္မလား"

ဝင္ခါနီးဆဲဆဲ သူ႔အား ထပ္ခါထပ္ခါ မွာၾကားေနပါေသာ ကေလးငယ္။ ဒါေတြကို ေဇယ်ာၾကားေနရတာ မေန႔ညကတည္းကပါပဲ။

"ကိုယ့္ကေလးသာ ဂ႐ုစိုက္ပါဗ်ာ။ ဖ်ားလို႔မျဖစ္ဘူး ... သိတယ္ေနာ္။ ကိုယ္ဟိုမွာ စိတ္ပူေနရမွာ"

"အင္း"

မ်က္ရည္ၾကည္ေတြ ေဝ့တက္လာသည့္ကေလးအား ေဇယ်ာ မၾကည့္ရက္။ ရင္ခြင္ထဲသြင္းကာ ဖက္ထားလိုက္မိသည္။ ကိုယ္တိုင္လည္း ငိုခ်င္လာသည့္စိတ္အား အံႀကိတ္ကာ တင္းခံထားရ၏။ ခ်စ္လ်က္ႏွင့္ခြဲခြါရသည့္အျဖစ္ကလည္း ရင္ထဲမခ်ိေအာင္ ခံစားရသည္။ အတူရွိေနသည့္စကၠန့္တိုင္းက တန္ဖိုးရွိလြန္းလွသည္။
ခ်စ္သူႏွစ္ဦး၏ ခြဲခြါခ်ိန္ျမင္ကြင္းေၾကာင့္ ထက္ျမက္ႏွင့္ ရြယ္ရြယ္တို႔မွာလည္း မၾကည့္ရက္ၾကေခ်။ မ်က္ရည္လည္စရာျမင္ကြင္းမို႔ သူတို႔သည္လည္း မခံခ်ိမခံသာ။

"မငိုနဲ႔ေတာ့။ ကေလးရဲ့ဘြဲ႕ယူအမွီ ကိုယ္ ဆက္ဆက္ျပန္လာနိုင္ေအာင္ ႀကိဳးစားမယ္ေနာ္။ ၿပီးရင္ တစ္သက္လုံး ေရေျမမျခားဘဲ တူတူေနလို႔ရၿပီ။ အဲဒီခ်ိန္ထိ အားတင္းေပးထား၊ လုပ္နိုင္တယ္မလား"

ခန့္ခန့္ အသံပင္မထြက္နိုင္ေလာက္ေအာင္ ဆို႔နင့္ေနသည္မို႔ ေခါင္းသာတဆတ္ဆတ္ ညိတ္ျပရွာသည္။ ေမာ့ၾကည့္လာေသာမ်က္ႏွာကေလးမွာ သနားဖြယ္အတိ။ ရဲရဲနီလာသည့္ မ်က္လုံးေလးက သူ႔အား မသြားေစခ်င္သည္မွာ သိသာလွသည္။ သို႔ေသာ္ ႏွုတ္မွ လွစ္ဟလာျခင္းမရွိ။ သည္ကေလးလည္း ရင့္က်က္လာေလၿပီ။

စကၠန့္တို႔က မိနစ္မ်ားစြာသို႔ တေရြ႕ေရြ႕ ကူးေျပာင္းေနေလၿပီ။ ဆုံစည္းေနၾကေသာ္လည္း လြမ္းလိုက္ရပါသည့္ သူတို႔အျဖစ္။  မ်က္စိေရွ႕ ျမင္ေနရသည့္တိုင္ ခြဲခြါရေတာ့မည္ဆိုသည့္အသိေၾကာင့္ လြမ္းဆြတ္ရသည္၊ ပူေဆြးရသည္။ ၿငိမ္သက္စြာေန,ေနၾကရင္းက ေနာက္ဆုံး ထြက္ခြါရေတာ့မည့္အခ်ိန္ကား ေရာက္လာေတာ့သည္။

ဒါမို႔ ေဇယ်ာကပဲ ဝဲတတ္ေနသည့္ မ်က္ရည္မ်ားက်မလာေစရန္ ေခါင္းေမာ့ကာ မ်က္လုံးအစုံကို ပုတ္ခတ္ပစ္လိုက္သည္။ သည္ခ်ိန္မွာ သူကေတာ့ ဟန္ေဆာင္ေကာင္းေနဦးမွျဖစ္မည္မလား။ ခ်န္ခဲ့ရမည့္ကေလး သက္သာေစခ်င္သည္။ အငိုတိတ္ေစခ်င္သည္။ သူ ေလယာဥ္ေပၚတက္သြားၿပီး ကားေပၚမ်ား တစ္ေယာက္တည္းငိုေနဦးမည္လား စိုးရိမ္မိျပန္သည္။ သို႔ေပမဲ့ မသြားလို႔မွမျဖစ္ေတာ့၊ မခြဲလို႔လည္း မျဖစ္ေတာ့။ အခ်ိန္က ကပ္လြန္းလွေလၿပီ။

"ကိုယ္ သြားရေတာ့မယ္။ စိတ္ခ်မယ္ေနာ္"

"...."

ခန႔္ခန႔္မွာ ဘာမွမေျပာနိုင္၊ ေခါင္းငုံ႔ကာအံႀကိတ္ၿပီး ရွိုက္ေနရွာသည္။ ခ်စ္သူကေလး သည္ေလာက္ငိုေနသည္ကို ျမင္ရျခင္းကား ရင္နာလိုက္ရသည့္ျဖစ္ျခင္း။

"မငိုနဲ႔ေတာ့ ကေလးရယ္။ ကိုယ္သြားရမွာ စိတ္မေျဖာင့္ေတာ့ဘူး"

ပုခုံးစြန္းႏွစ္ဖက္ကိုကိုင္ကာေျပာေတာ့ ခန႔္ခန႔္က မ်က္ရည္ေတြ လက္ခုံႏွင့္သုတ္ပစ္သည္။

"စိတ္ခ်လက္ခ်သြားပါ။ ေရာက္ရင္သာ အျမန္ဆုံးဆက္သြယ္ေပး"

"ဒါမွေပါ့"

ေဇယ်ာ အေကာင္းမြန္ဆုံးျပဳံးျပေတာ့ ခန႔္ခန႔္ကပါ မ်က္ႏွာရဲရဲကေလးႏွင့္ ျပဳံးျပလာရွာသည္။ သူ စိတ္ခ်ခ်င္ပါၿပီ။

"ကဲ ထက္ျမတ္၊ ရြယ္ ငါ သြားေတာ့မယ္။ ခန့္ခန့္ကို ဂ႐ုစိုက္ေပးၾကဦးေနာ္။ အားရင္လည္း ေခၚေတြ႕ၾကဦး၊ သူတစ္ေယာက္တည္း အားငယ္ေနမွာစိုးလို႔"

"ေအးပါကြာ စိတ္ခ်လက္ခ်သြားပါ"

ထက္ျမက္က ေဇယ်ာ့ဆီတိုးဖက္ရင္း ပခုံးတစ္ခ်က္ပုတ္ကာ ႏွစ္သိမ့္ရွာသည္။

"ရြယ္နဲ႔ ခန့္ခန့္ ဆုံျဖစ္ပါတယ္၊ ကိုကို စိတ္ခ်ပါ"

"အင္းအင္း"

ရြယ္ရြယ္မွာလည္း မ်က္ရည္ၾကည္ေတြ ရစ္သိုင္းလ်က္။ ရင့္က်က္လာၿပီျဖစ္ေသာ ညီမငယ္ကေတာ့ မ်က္ရည္ေတြမက်ျဖစ္ေအာင္ထိ ထိန္းသိမ္းတတ္ပုံရသည္။

ေဇယ်ာမွာမူ ခန႔္ခန႔္ကို တစ္ခ်က္ျပန္လွည့္ရင္း ေနာက္ဆုံးအေနႏွင့္ ကိုယ္ထည္ေသးေသးေလးအား ေပြ႕ဖက္လိုက္၏။ ထို႔ေနာက္ နဖူးေပၚရွိ ဆံစေလးေတြအား အသာသပ္ၿပီး ႏွုတ္ဆက္အနမ္းကို ေပးလိုက္မိသည္။ ၿပီးမွသာ လက္အိတ္ကိုဆြဲယူလ်က္ အားတင္းထြက္ခဲ့ရေတာ့၏။

က်န္ခဲ့ရေသာခန့္ခန့္ခမ်ာမွာ ခြဲခြါသြားသည့္ခ်စ္သူ၏ေက်ာျပင္ကိုၾကည့္ရင္း တင္းခံထားသည့္မ်က္ရည္မ်ား ျဖည္မဆည္နိုင္စြာ ထပ္က်ဆင္းျပန္ေတာ့သည္။
နံေဘးရွိ ထက္ျမက္ႏွင့္ရြယ္တို႔ကေတာ့ ခန့္ခန့္အား ကူညီေဖးမေပးလ်က္ က်န္ရွိခဲ့၏။

ခြဲခြာကာေလၽွာက္လွမ္းရေသာ လမ္းခရီးကား မ်က္ရည္ပင္လယ္ကို ေဖာင္ဖြဲ႕ကာကူးရသည္မို႔ ခက္ခဲပင္ပန္းလြန္းလွပါသည္။

(28/10/2020)
•••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co