Truyen3h.Co

နှောင်ကြိုး

Part-8

Fi_Lay



<Unicode>

UCSY ကန်တင်းတွင် ကျောင်းသားတချို့ ခပ်ကျဲကျဲသာရှိလှသည်။ နေ့လယ်နှစ်နာရီဝန်းကျင်မို့ အတော်များများက အတန်းတက်နေကြ၏။ ခန့်ခန့်တစ်ယောက်သာ တစ်ချိန်ပြီးလို့ အိပ်ချင်ပြေခဏထွက်လာခဲ့တာပင်။ နေ့လယ်စာထမင်းစားအပြီး ပထမချိန်တက်ရတော့ လူကစာသင်ရင်းကို တဆတ်ဆတ်ငိုက်မြည်းလာသည်။ ညကလည်း စာကြည့်အပြီး ဂိမ်းကဆော့လိုက်သေးတော့ လူကနည်းနည်းမှ အိပ်ရေးမဝ။ ထုံးစံအတိုင်း ကော်ဖီလေးသောက်ပြီး အိပ်ချင်ပြေအောင်လုပ်ပြီးမှ အတန်းပြန်တက်ရတော့မည်။

"ဟိတ်ကောင် ... ခန့်ခန့်"

အစွန်ဆုံးဆိုင်ဖက်မှ လှမ်းခေါ်သည်မှာ သူ့သူငယ်ချင်းခန့်ကိုပင်။ သူတို့ C ခန်းကကောင်တွေနှင့် ထိုင်နေကြပုံရသည်။

"ငါဒီမှာ"

အလယ်နားဆိုင်ဝင်ထိုင်မည်လုပ်သော်လည်း လှမ်းခေါ်သည့်အတူတူမို့ ထိုဆိုင်သာကူးလိုက်တော့သည်။ သုံးယောက်ထိုင်နေသော်လည်း ကော်ဖီခဏသောက်ရုံမို့ သိပ်ကိစ္စမရှိပါလေ။

"မင်းအတန်းမတက်ဘူးလား"

"ပထမချိန်မမှီလိုက်လို့၊ နောက်ချိန်တက်မှာ ... လာ ဒီဘက်"

ခန့်ကိုနေရာပေးသည့်အတိုင်းထိုင်တော့ သူတို့ဝိုင်းဆီ ကောင်မလေးတစ်ယောက်ရောက်လာသည်။ အစားအသောက်မှာဖို့ ငကောင်းကခေါ်ပေးလိုက်တာဖြစ်၏။

"ကော်ဖီတစ်ခွက်နဲ့ ပြောင်းဖူးလုံးကြော်တစ်ပွဲ ညီမ"

"ဟုတ်ကဲ့"

"အားလူးချောင်းကြော်မြန်ရင် နောက်တစ်ပွဲယူခဲ့ပါဦး"

အချောင်မှာနေသည့်ခန့်ကိုကို စိုက်ကြည့်လိုက်တော့ 'ငါရှင်းမှာပါ' တဲ့လေ။ ပြီးနောက် သူ့မျက်နှာကိုကုန်းကြည့်နေလေတာ စေ့စေ့စပ်စပ်။ ရန်ဖြစ်ရင်းထိုးခံထားရတာမို့ ဒဏ်ရာအခြေအနေကြည့်တာဖြစ်မည်။ ခန့်ကိုကြည့်တော့ ဘေးကကောင်တွေပါ အဆန်းတကြယ် ငဲ့ကြည့်လာကြသည်။

"ကြည့်မနေကြနဲ့၊ ငါဘာမှမဖြစ်ဘူး"

"မင်းကသာ ဘာမှမဖြစ်တာ၊ King နှင့် Prince ရန်ဖြစ်တယ်ဆိုတဲ့သတင်းက တစ်ကျောင်းလုံးသိနေပြီ။ ဘယ်နှချက်အထိုးခံလိုက်ရလဲ"

ခန့်ခန့်အမေဒေါ်မိိမိနိုင်က သားဖြစ်သူ အထိုးခံရတာသိသည်နှင့် မေဂျာဌာနမှူးကို ဖုန်းဆက်တော့တာပင်။ ကျောင်းမတူပေမဲ့ ဆရာမချင်းမို့ အပြောအဆိုရှိဖူးကြသည်။ ရန်ဖြစ်သည့်ကိစ္စကိုလည်း သေချာပေါက်တစ်ခုခုလုပ်ပေးပါ တောင်းဆိုလေတော့ ငKingတို့အဖွဲ့ ခေါ်သတိပေးခံရလေ၏။ နောက်တစ်ခါရန်ဖြစ်လျှင် ကျောင်းထုတ်ခံရမည်ဆိုသော သတင်းမှာလည်း တစ်ကျောင်းလုံး ဟိုးလေးတစ်ကျော်ဖြစ်သွားတော့တာပင်။

"နှစ်ချက်"

"ငါမပါတဲ့နေ့မို့ပေါ့ကွာ၊ မဟုတ်လို့ကတော့..."

"တော်စမ်းပါ။ အဲကောင်လည်း နှစ်ချက်ထိုးခံလိုက်ရတာပဲ။ ငါတစ်ချက်၊ ဟိုလူတစ်ချက်"

လက်သီးလက်မောင်းတန်းနေသော ခန့်ကိုက ပါရင်တကယ်ချမည်လားတော့မသိ။ အပြောကတော့ ရှယ်ကြီးသည့်ကောင်ပင်။ ငယ်ကတည်းက ပေါင်းလာသည့်ကောင်မို့ ဒါမျိုးတော့နောကျေနေလေပြီ။ သည်တွင် ငကောင်းကလည်းမနေနိုင်စွာ စပ်စုလာသည်။

"အေး စိုင်းမင်းခန့် ... ငါဟိုကောင်တွေပြောတာကြားတယ်။ လူကြီးတစ်ယောက်ကပါ ဝင်ထိုးပြီး မင်းကိုခေါ်ထုတ်သွားတာဆို"

"ဘယ်သူလဲ၊ မင်းအသိလား"

ငကောင်းရော၊ ခန့်ကိုပါသိချင်သောဟီရိုးက ထိုလူကြီးဖြစ်နေတာ သိပ်မပြောချင်။ အမှန်ဆို လက်သီးနှစ်ချက်လုံး သူထိုးလိုက်သင့်တာ။ နောက်တစ်ချက် ထိုးခံလိုက်ရတာကလည်း အဲလူကြီးကားဝင်လာတာ မြင်လိုက်လို့ငေးနေခိုက် အငိုက်မိသွားခြင်းဖြစ်၏။

"SFU မှာသိတဲ့လူကြီးတစ်ယောက်ပါကွာ၊ လမ်းဘေးဖြစ်တာဆို‌တော့ သူကမြင်ပြီးဆင်းလာတာ"

"ဘာပဲပြောပြော ဟိုကောင်ကတော့ Warning ပေးခံရလို့ မင်းကိုတော်တော်အခဲမကြေ ဖြစ်နေတယ်၊ သတိထားနေဦး စိုင်းမင်းခန့်"

"အေးပါ၊ စိတ်ချ"

သည်လိုနှင့် အကြိုက်ဖြစ်သော ပြောင်းဖူးလုံးကြော်နှင့် အာလူးချောင်းကြော်ကို အမြန်သွပ်ရသည်။ ပြီးမှကော်ဖီပူပူကို တဖူးဖူးမှုတ်ပြီး အပီမော့ရတာပင်။ ယောက်ျားပေမို့ပဲလားမသိ၊ အစားများဆို ဘယ်ချိန်နေနေစားလို့ဝင်သည်။ ကော်ဖီလေးနှင့်ပိတ်လိုက်လျှင် အငိုက်လည်းပြေစေ၏။

နောက်တစ်ချိန်စတော့မည်မို့ ခန့်ခန့် ပိုက်ဆံရှင်းရလေပြီ။ စာသင်ခန်းဆီပြန်လာရတော့ ခန့်ကိုသာပါလာတော့သည်၊ ကျန်နှစ်ယောက်ကမူ အဆောင်ပြန်အိပ်ကြဦးမည်တဲ့လေ။ သူလည်းစိတ်ရှိလက်ရှိ အိပ်ချင်စမ်းပါဘိ။ ခုချိန်ခန့်ကိုကိုစည်းရုံးပြီး ကားလေးနှင့်အိမ်ပြန်လျှင် ငယ်ငယ်ကပုခက်စီးအိပ်သလို တငြိမ့်ငြိမ့်နှင့် ဇိိမ်ကျလိုက်မည့်ဖြစ်ခြင်း။

ဟင်း ... အတန်းဖျက်ပြီး ခွေအိပ်ချင်သော်လည်း စာလိုက်မမှီလျှင် နှစ်ဆပိုပင်ပန်းတာမို့ သည်းခံတက်ရပေဦးမည်။

"သက်ပြင်းချလာချည်လား။ ဒါနဲ့ ဟိုပြိုင်ပွဲနေ့က မင်းပုံတွေရပြီ။ ကြည့်မလား၊ ငါ ရှယ်ပြင်ပေးထားတာ"

Sony ကင်မရာလေးတစ်လုံးကိုင်ပြီး ခန့်ကိုတစ်ကောင်က မြောက်ကြွကြွ။ ဓာတ်ပုံရိုက်ဝါသနာပါတော့လည်း အမေကို နှစ်ခါပင်ပူဆာစရာမလို။ ခန့်ကိုက သူ့ထက်အိမ်ပိုပိုင်သူပဲမလား။ သည်တွင် ဒိုင်ခံမော်ဒယ်လ် လုပ်ပေးရသူတွေကတော့ သူနှင့်ပန်းလေးတို့ပင်။ ပြီးလျှင် Facebook ပေါ်တင်ပြီး သူရိုက်တာပါဆိုပြီး ကြွားတတ်လွန်းသူလည်းဖြစ်၏။

"ငါ့ပုံလေးတွေတင်ပြီး လုပ်စားလိုက်ပါဦး မောင်မင်းကြီးသားရယ်"

"အောင်မာ ... မင်းရုပ်ရည်ထက် ငါ့အရည်အချင်းကိုထည့်ပြော။ 3K, 4K ဆိုတဲ့ React တွေက ငါ့ပညာကြောင့် တစ်ဝက်ပါ,ပါတယ်"

နှစ်ယောက်သား ငြင်းကြခုန်ကြရင်း စာသင်ဆောင်ထဲသို့ ဝင်ခဲ့ကြချေပြီ။ အခန်းမတူပေမဲ့ တစ်ထပ်တည်းမို့ တက်လာခဲ့ကြတာလည်း အတူတူပင်။ အချိန်ဆယ့်ငါးမိနစ်ခန့်‌ နောက်ကျနေပြီပေမဲ့ တီချယ်တွေက နောက်ကျမှဝင်တတ်တာမို့ ကိစ္စမရှိပေ။ တချို့တီချယ်တွေကမူတော့ ခပ်စောစော။ လှေကားတစ်ဖက်တစ်ချက်ဆီ လှမ်းခွဲမည်ပြင်တော့ ခန့်ကိုက သူ့လက်ကိုကုပ်သည်။

"ဘာတုန်း"

"ငါတို့အခန်းထဲက တီချယ်အသစ်လား။ ကြည့်ပေးဦး၊ မမြင်ဖူးဘူး"

ခန့်ခန့်တို့ A ခန်းရှေ့တွင် ကောင်မလေးတချို့ရှိနေသေးတာမို့ တီချယ်မဝင်သေးတာ သေချာသည်။ သို့ပေမဲ့ တစ်ဖက်ကခန့်ကိုအခန်းတော့ ဝင်နေပုံပေါက်၏။ သူပြောသလို ခေါင်းလေးအနည်းငယ် တိုးကြည့်တော့ စည်းကမ်းကြီးသည့်တီချယ်ကြီးဖြစ်နေသည်။

"မင်းတော့သွားပြီ၊ အဲဒါအသစ်ပြောင်းလာတဲ့ OS (Operating System) တီချယ် ဒေါ်စိန်ကြည်တဲ့။ တစ်မိနစ်နောက်ကျရင် ထိုင်ထတစ်ခါပဲ ... မင်းတော့ ခွီ!"

"ဟ အဲဒါခုနကတည်းက ကြိုပြောပါလား"

"မင်းတို့အခန်း အချိန်ဇယားမှငါမသိတာ"

"လခွမ်းပဲ ... ဒီအရွယ်ကြီးမှထိုင်ထတဲ့ ... ရှက်စရာကြီး၊ မတက်တော့ဘူးကွာ"

ပြောပြီး ချာခနဲလှည့်ထွက်သွားသောကောင် သည်လလည်း ကျောင်းခေါ်ချိန်ပြည့်မည်မထင်ပါပေ။ လှေကားကဆင်းသွားသော ခန့်ကိုက ယူနီဖောင်းပုဆိုးဝတ်ထားလည်း အရပ်ရှည််တော့ ကြည့်ကောင်းနေဆဲဖြစ်သည်။ ခန့်ခန့် သူကိုယ်သူပြန်ငုံ့ကြည့်လေတော့ သက်ပြင်းပင်ချမိလေပြီ။ ဘာလို့များအရပ်ပုနေရသလဲ၊ ပုဆိုးနှင့်ဆို သူ့ပုံစံက ကလေးမက၊ လူကြီးမကျနှင့်။

ခေါင်းတရမ်းရမ်းဖြင့်သာ အခန်းထဲဝင်ခဲ့တော့၏။

..........................

လှေကားကဆင်းလာသည်နှင့် မုန့်ဟင်းခါးအနံ့က တစ်အိမ်လုံးဆွတ်ပျံ့နေလေပြီ။ ဇေယျာအဖို့ မနက်စာထမင်းသာ စားမည်ဖြစ်သော်လည်း မိခင်ဖြစ်သူကမရ။ သည်နေ့သင်တန်းဆင်းလျှင် ဧည့်သည်တွေပါလာမည်ဟု မှာထားတော့ မုန့်ဟင်းခါးတွေ ထချက်နေတော့တာပင်။ ဆိုင်ကိုတောင် ရွယ်ရွယ်ကိုပဲသွားခိုင်းမည်၊ နေ့လည်မှပဲ လိုက်လာတော့မယ်တဲ့လေ။ သိပ်ကိုတတ်ကြွလိုက်တဲ့မေမေ။

မီးဖိုခန်းမဝင်ခင် ဧည့်ခန်း၌သူ့အိတ်ချရင်း အတွေးတွေက ဟိုကလေးဆီရောက်သွားပြန်သည်။ အထိုးခံထားရတာ သက်သာပြီလားမသိ။ ထိုနေ့က အိမ်ကဆူသေးလား၊ ဟိုကောင်လေးတွေ ထပ်ရန်စသေးသလားဟူသော မေးခွန်းတွေက အိပ်ပို့ပေးခဲ့ပြီးနောက်နေ့ကတည်းက သိချင်မိတာပင်။

သူလိုအကျောတင်းသည့် ကောင်လေးက သည်ပြဿနာကို အိမ်ကိုဘယ်လိုရှင်းပြမလဲ။ လူကောင်သေးသေးမို့ သူကူညီပြီးထိုးပေးခဲ့ပေမဲ့ နောက်တစ်နေ့ ကျောင်းမှာတွေ့ကြလျှင် ထိုကောင်လေးတွေ ရန်ပြန်မစပါဘူးဟု မသိနိုင်။ ခုခေတ်မြန်မာပြည်က ကျောင်းသားတွေရော နိုင်ငံခြားကားတွေထဲကလို ကျောင်းတွင်းအကြမ်းဖက်မှုတွေ လုပ်တတ်နေကြပြီလား။ အတွေးစလေးကနေ ဖြစ်လာသည်က တိမ်တိုက်ကြီးတစ်ခုပမာ ကျယ်ပြန့်လာချေသည်။ သင်တန်းရောက်မှမေးကြည့်ရဦးမည်၊ မဟုတ်လျှင် သိချင်စိတ်ကြောင့် သူ့ကမ္ဘာမှာတိမ်ထူပြီး နေထွက်သေးမှာမဟုတ်။ သို့ပေမဲ့လည်း သည်လောက်အာရုံစိုက်နေမိသည့် ကိုယ့်ကိုယ်ကိုယ်သာ ရယ်မိလိုက်ပြန်သည်။

"အံမယ် ... ငါ့သား ဘာတွေကြိတ်ရယ်နေတာလဲ။ မီးဖိုထဲဝင်လာပြီး အမေ့ရောမြင်ရဲ့လား"

အရယ်အပြုံးနည်းတာကြာပြီမို့ မေမေ အထူးအဆန်းဖြစ်နေပုံရ၏။ ဇေယျာ မျက်နှာပြန်တည်ရင်း၊

"သင်တန်းက ဂျစ်စုတ်စုတ်ကောင်လေးအကြောင်း တွေးမိသွားလ်ို့ပါ"

"အမလေး တွေးပြီးတောင်ပြုံးတယ်ဆိုတော့ အဲကလေးကို အိမ်ခေါ်ခဲ့စမ်းပါတော်၊ မုန့်တွေလုပ်ကျွေးချင်လွန်းလို့"

"သင်တန်းပြီးရင်လာမဲ့အထဲ သူလည်းပါလာမှာ။ မေမေသိမလားမသိ၊ အဲကလေးက ဦးမင်းဟန်သားတဲ့"

သူ့အတွက် ထမင်းပူပူပြင်ပေးနေသောမိခင်က ခေတ္တတွေးကြည့်ပြီး မသိဘူးဟုသာပြောသည်။ အင်းလေ ... ဦးမင်းဟန်ကို ဖေဖေပဲသိမှာပေါ့။ မေမေက ရွှေဆိုင်ပဲထိုင်တာမို့ တွေ့ဖြစ်မှာမဟုတ်ပေ။

"သား ဟင်းအနှစ်တွေမစားချင်ရင် ဆိတ်သားခြောက်ကြော်ထောင်းရှိတယ်နော်။ မေမေ မုန့်ပင်တွေဖွရဦးမယ်"

"သားရောမှ ၅ယောက်ပဲနော် မေမေ၊ အများကြီးလုပ်မနေနဲ့ဦး"

"အိုး ... ပိုတော့လည်း အိမ်နီးနားချင်းတွေ ပို့ရတာပေါ့။ ပူမနေနဲ့၊ ခုနက ဂျစ်စုတ်စုတ်ကောင်လေးဆိုတာသာ ပါအောင်ခေါ်ခဲ့"

မျက်လုံးအရောင်တွေလက်အောင် ပျော်ပျော်ရွှင်ရွှင်ပြောနေသော ဒေါ်ကြည်ပြာကိုကြည့်ရင်း ဇေယျာလည်း ကျေနပ်နေမိသည်။ သူ့အတွက်ကြောင့် ငွေဆုံးရှုံးရရုံမက ပျော်ရွှင်မှုတွေပါ ဆိတ်သုဉ်းသွားခဲ့ရတာမို့ အမြဲပြုံးရယ်စေချင်တာပင်။ မိဘတွေနှင့်ညီမဖြစ်သူရွယ်ရွယ်ကလည်း ဇေယျာ့အတွက် ထိုနည်းတူစွာ။ မိန်းမတစ်ယောက်ကြောင့် မိသားစုအပေါ် အပြစ်ရှိစိတ်နှင့် ရှင်သန်စေချင်ကြတာမျိုးမဟုတ်ပါပေ။

"မေမေမြင်ရင် အဲကောင်လေးမြင်ရင် ပိုချစ်မယ်ထင်တယ်။ သူကသေးသေးလေး"

ဇေယျာ အပိုပြောခြင်းမဟုတ်မှန်း သူ့ကိုယ်သူအသိဆုံးမလား။ တွေ့ခါစက နမော်နမဲ့နိုင်မှုလေးတွေကြောင့် အဆင်မပြေခဲ့ပေမဲ့ တကယ်လည်း ချစ်စရာကောင်းသည်က မငြင်းနိုင်။ နှုတ်ခမ်းသေးသေး၊ ပါးမို့မို့နှင့် ခန္ဓာကိုယ်သေးသေးကွေးကွေးအပြင် မာနကလေးဖြင့် ဂျစ်ကဂျစ်သေးသည်။

"တို့ကိုကြီးက ညွှန်းလိုက်တာဟေ့၊ နေ့လည်မမြင်ရဘဲ ဆိုင်သွားရမှာနာလိုက်တာနော်"

ဆိုင်သွားရန်အသင့်ဖြစ်နေသော ရွယ်က ထမင်းစားခန်းထဲ ဝင်လာရင်းပြောခြင်းဖြစ်သည်။

"မယုံရင်ကြည့်ခိုင်းထားလိုက်ဗျာ ... စိုင်းမင်းခန့်တဲ့"

"အပြောကြီးနေလိုက်တာ ကြည့်ရသေးတာပေါ့၊ ညနေ ဆိုင်စောစောသိမ်းပြီး ပြန်ခဲ့မယ် ဟွန်း"

ရွယ်က ရေနွေးတစ်ခွက်ကို ကောက်ငှဲ့ရင်း စိန်ခေါ်လိုက်သေး၏။ ဖေဖေလည်း ဆိုင်စောစောထွက်သွားလို့သာပေါ့၊ မဟုတ်လျှင် ဇေယျာ့နှုတ်က ထုတ်ညွှန်းသူကို ကြည့်မယ်တကဲကဲဖြစ်နေဦးမှာပင်။ အိမ်မှာကလေးမရှိတာမို့ ပွဲမဆူပေမဲ့ ဧည့်လာမယ်ဆိုရင်တော့ အဖော်မက်ကာ ပျော်တတ်ကြသူတွေချည်း။ ဟင်း ... ထိုချာတိတ်ပါလာရင်တော့ဖြင့် ... ။

..........................

ထမင်းစား၊ ရေချိုးအပြီး ဇေယျာတစ်ယောက် သီချင်းလေးညည်းနေမိသည်မှာ တဟင်းဟင်းနှင့်။ အတန်းသွားတက်ရဖို့အတွက် ခါတိုင်းနှင့်မတူ တက်ကြွနေမိတာဖြစ်သည်။ စတက်ခါစကလို သွားရတာလေးဖင့်နေခြင်းမျိုးမရှိ။ အတန်းသူအတန်းသားတွေကို မျက်မှန်းတန်းမိလာပြီး သီအိုရီတွေမှတ်ရတာ သဘောကျလာသည်။ အရင်လိုစကားပြောစရာ လူမရှိတော့တာလည်းမဟုတ်၊ ချာတိတ်နှင့်ခင်သွားပြီမို့ တစ်ခုခုဆို စကားပြောဖော်ပင် ရလေချေပြီ။

သည်လိုနှင့် တက််တက်ကြွကြွ အင်္ကျီရွေးနေလိုက်တာ မိနစ်အတန်ကြာသည်ထိ ဘာဝတ်ရမည်မသိသေး။ နေ့တိုင်းဝတ်နေကျဖြစ်သော ရှပ်လက်ရှည်၊ စတိုင်ပန့်ကို အတော်ငြီးငွေ့လာပြီပင်။ ချာတိတ်နှင့် နောက်ဆုံးတွေ့စဉ်ကဆို အဘိုးကြီးလိုပဲ ဘာတွေဝတ်မှန်းမသိဘူးလို့တောင် လူကိုစေ့စေ့စပ်စပ် ကြည့်ပြောသွားသေးတာဖြစ်၏။ ဒါမို့ Bathrobe ဝတ်ထားပြီး Walk-in Closet ကို ဘယ်လျှောက်လိုက်၊ ညာလျှောက်လိုက်နှင့်။

ကျစ်! ဘာဝတ်ရမလဲကွာ။

အဝတ်တွေများသော်လည်း ဘာကိုဘယ်လိုတွဲစပ်ဝတ်ရမည်မသိ၊ ခပ်ညည်းညည်းသာ ရှိလှသည်။ ဟိုချာတိတ်ဆိုလျှင် Outfit တွေက အမြဲလန်ထွက်နေသည်မလား။ သူကဘေးကပ်လျက်ထိုင်ပြီး အသက်နှစ်ဆယ်၊ အစိတ်လောက်ကြီးသည့်ပုံစံတော့ ပေါက်မနေချင်။

ဟူး .. ပေါ့ပေါ့ပါးပါးအင်္ကျီတွေဝယ်ဖို့ အားမှထွက်ရဦးမည်။

ဇေယျာသင်တန်းရှေ့ရောက်လေတော့ တိုက်တိုက်ဆိုင်ဆိုင် ချာတိတ်လည်း လမ်းလျှောက်လာလေပြီ။ ထုံးစံအတိုင်း ကားခသိမ်းပြီး ဘတ်စ်စီးလာပြန်ပြီလားမသိ။ နေရှိန်မြင့်လာပြီမို့ထင်သည်၊ Hoddie ခဲရောင်ကပါသည့် ဦးထုပ်တွင် ခေါင်းကိုငိုက်နေအောင်စောင်းထားသည်။ ဘောင်းဘီအနက်ရောင်မှာ ခြေချောင်းသေးသေးတို့တွင် ကပ်ကပ်လျက်လျက်။ ရှူးမှာမူ Nike နှင့် ချာတိတ်ကြည့်ရတာ လုံးဝမိမိုက်နေသည်။ ရွယ်တူကောင်မလေးတွေ၏ အသည်းစွဲပဲဖြစ်မည်ထင်ပါရဲ့။

"ဟေး နေပူတာကို လမ်းလျှောက်လာနေတယ်။ မုန့်ဖိုးတွေ ကြိတ်စုနေပြန်ပြီလား"

ချာတိတ်အထဲဝင်ခါနီးမှ ကားပေါ်ကဆင်းပြီး လှမ်းနှုတ်ဆက်လိုက်သည်။ ရန်စလိုက်သည်ဆိုလည်းမမှား၊ ထိုကောင်လေးကသူ့ကို အထက်အောက်စုန်ဆန်ချည်ကြည့်ရင်း စူးစမ်းနေလေပြီ။ ရှပ်လက်တိုနှင့်ဂျင်းဘောင်းဘီကို ထူးထူးဆန်းဆန်း ဝတ်လာသည့်ဇေယျာ့အဖို့ အနည်းငယ်မလုံမလဲ ဖြစ်သွားရသည်။ သူ့အရွယ်ကြီးနှင့် မအပ်စပ်လေဘူးလားမသိ။ ဒါတော့မဖြစ်နိုင်၊ ထက်မြက်လည်း ဒါမျိုးပုံစံတွေချည်းဝတ်လို့ သူအတုခိုးပြီး ကြံရာမရဝတ်ချလာခြင်းလေ။

"ဘာငေးနေတာလဲ၊ ကိုယ်မေးနေတာကြားလား"

"မငေးပါဘူး၊ ဘယ်လိုလာလာပေါ့"

ပုခုံးလေးတွန့်ပြီး အထဲဝင်သွားလေတာ ဟိုတစ်နေ့ညက သူမဟုတ်သလို။ အမြဲဂျွတ်ဆတ်ဆတ်နိုင်သည့် မာနခဲပုံစံကတော့ နည်းနည်းမှမပျောက်ချေ။ တကယ်ဆို သူ့ကိုကူညီထားတဲ့သူမို့ ကျေးဇူးတင်ပြီး ရွှန်းရွှန်းစားစားဖြစ်နေရမည် မဟုတ်ပါလား။ အိမ်မှာတွေးလာတုန်းကလို မှန်းချက်နှင့်နှမ်းထွက်ကမကိုက်။ ထိုချာတိတ်မှာ စင်တာထဲပင် သူ့မစောင့်ဘဲ ဝင်သွားလေပြီ။

"နှုတ်ခမ်းစပ်က သက်သာသွားပြီလား"

ငယ်ရွယ်သူက ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ အတန်းထဲထိုင်ပြီးတာနှင့် ဒါကိုမှတ်မှတ်ရရ မေးရသေးသည်။ ဖြေလျှင် သူမေးစရာတွေ ဆက်ရှိသေးသည်မလား။

"မနာတော့ဘူး၊ အဆင်ပြေတယ်"

ခန့်ခန့်က စာအုပ်ထုတ်ရင်း တုံးတိသာပြောလာသည်။

"အဲညက အဆူခံရသေးလား"

"မေမေက နောက်နေ့ကျဌာနမှူးကို ဖုန်းဆက်ပြောတော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့..."

"ဒါပေမဲ့ ဆူခံရသေးတာလား"

ရှေ့ကိုမလှည့်နိုင်သေးဘဲ ဘေးတစ်စောင်းမေးနေမိတာက စိတ်ပါလက်ပါ။ သူထင်ခဲ့သလို ချာတိတ်အမေက သေချာပေါက်ဆူပြီထင်၏။ တကယ်ဆို သူမြင်လိုက်တာ ထိုညကကူပြောပေးလိုက်သင့်တာ။ ကောင်လေးဘယ်လောက်ရပါတယ်ပြောနေပါစေပေါ့။

စိတ်ပူနေဟန်ရှိသော ဟိန်းဇေယျာတစ်ယောက်မှာ စာမျက်နှာပင် တစ်ရွက်မှမလှန်လှောရသေးပါပေ။ ခန့်ခန့်ကတော့ မျက်မှောင်လေးကြုတ်ကြည့်ရင်း၊

"အင်း၊ ရန်ဖြစ်လို့တော့မဟုတ်ဘူး။ ကူညီပြီးလိုက်ပို့ပေးတဲ့ အဲလူကြီးကို အိမ်ထဲတောင်မခေါ်ခဲ့လို့တဲ့"

"အဲတုန်းက ကိုယ်လိုက်ပြောပေးမယ်လို့ ပြောတယ်လေ"

"သိပါတယ်၊ ဆရာလာပြီ ... ရှူး"

နှုတ်ခမ်းဖူးဖူးကို ရှေ့ထုတ်လိုက်ရင်း လက်ညှိုးနှင့်ကာပြလိုက်သော ချာတိတ်။ နူးညံ့ဖောင်းအိနေသော ပန်းနုရောင်နှုတ်ခမ်းသားက ဆေးမကူပါဘဲ ဘာလို့များမျက်နှာမလွှဲရက်စရာ ဖြစ်နေပါသနည်း။ ဇေယျာ ဘာစကားမှမပြောဖြစ်တော့။ နှုတ်က ဆွံ့အသွားပေမဲ့ ရင်ခုန်သံတို့က ဖွင့်ဟလာမိသည်ထိ။ တဒိတ်ဒိတ်ခုန်လာသော နှလုံးသားကို လက်နှင့်အသာဖိလိုက်ရင်း ဇေယျာ ခေါင်းခါရမ်းလိုက်မိသည်။

မတော်တဆပဲထင်ပါရဲ့။

•••••••••••••••••••••••••••••••••••••••••••

<Zawgyi>

UCSY ကန္တင္းတြင္ ေက်ာင္းသားတခ်ိဳ႕ ခပ္က်ဲက်ဲသာရွိလွသည္။ ေန႔လယ္ႏွစ္နာရီဝန္းက်င္မို႔ အေတာ္မ်ားမ်ားက အတန္းတက္ေနၾက၏။ ခန႔္ခန႔္တစ္ေယာက္သာ တစ္ခ်ိန္ၿပီးလို႔ အိပ္ခ်င္ေျပခဏထြက္လာခဲ့တာပင္။ ေန႔လယ္စာထမင္းစားအၿပီး ပထမခ်ိန္တက္ရေတာ့ လူကစာသင္ရင္းကို တဆတ္ဆတ္ငိုက္ျမည္းလာသည္။ ညကလည္း စာၾကည့္အၿပီး ဂိမ္းကေဆာ့လိုက္ေသးေတာ့ လူကနည္းနည္းမွ အိပ္ေရးမဝ။ ထုံးစံအတိုင္း ေကာ္ဖီေလးေသာက္ၿပီး အိပ္ခ်င္ေျပေအာင္လုပ္ၿပီးမွ အတန္းျပန္တက္ရေတာ့မည္။

"ဟိတ္ေကာင္ ... ခန႔္ခန႔္"

အစြန္ဆုံးဆိုင္ဖက္မွ လွမ္းေခၚသည္မွာ သူ႔သူငယ္ခ်င္းခန႔္ကိုပင္။ သူတို႔ C ခန္းကေကာင္ေတြႏွင့္ ထိုင္ေနၾကပုံရသည္။

"ငါဒီမွာ"

အလယ္နားဆိုင္ဝင္ထိုင္မည္လုပ္ေသာ္လည္း လွမ္းေခၚသည့္အတူတူမို႔ ထိုဆိုင္သာကူးလိုက္ေတာ့သည္။ သုံးေယာက္ထိုင္ေနေသာ္လည္း ေကာ္ဖီခဏေသာက္႐ုံမို႔ သိပ္ကိစၥမရွိပါေလ။

"မင္းအတန္းမတက္ဘူးလား"

"ပထမခ်ိန္မမွီလိုက္လို႔၊ ေနာက္ခ်ိန္တက္မွာ ... လာ ဒီဘက္"

ခန႔္ကိုေနရာေပးသည့္အတိုင္းထိုင္ေတာ့ သူတို႔ဝိုင္းဆီ ေကာင္မေလးတစ္ေယာက္ေရာက္လာသည္။ အစားအေသာက္မွာဖို႔ ငေကာင္းကေခၚေပးလိုက္တာျဖစ္၏။

"ေကာ္ဖီတစ္ခြက္နဲ႔ ေျပာင္းဖူးလုံးေၾကာ္တစ္ပြဲ ညီမ"

"ဟုတ္ကဲ့"

"အားလူးေခ်ာင္းေၾကာ္ျမန္ရင္ ေနာက္တစ္ပြဲယူခဲ့ပါဦး"

အေခ်ာင္မွာေနသည့္ခန႔္ကိုကို စိုက္ၾကည့္လိုက္ေတာ့ 'ငါရွင္းမွာပါ' တဲ့ေလ။ ၿပီးေနာက္ သူ႔မ်က္ႏွာကိုကုန္းၾကည့္ေနေလတာ ေစ့ေစ့စပ္စပ္။ ရန္ျဖစ္ရင္းထိုးခံထားရတာမို႔ ဒဏ္ရာအေျခအေနၾကည့္တာျဖစ္မည္။ ခန႔္ကိုၾကည့္ေတာ့ ေဘးကေကာင္ေတြပါ အဆန္းတၾကယ္ ငဲ့ၾကည့္လာၾကသည္။

"ၾကည့္မေနၾကနဲ႔၊ ငါဘာမွမျဖစ္ဘူး"

"မင္းကသာ ဘာမွမျဖစ္တာ၊ King ႏွင့္ Prince ရန္ျဖစ္တယ္ဆိုတဲ့သတင္းက တစ္ေက်ာင္းလုံးသိေနၿပီ။ ဘယ္ႏွခ်က္အထိုးခံလိုက္ရလဲ"

ခန့္ခန့္အေမေဒၚမိိမိနိုင္က သားျဖစ္သူ အထိုးခံရတာသိသည္ႏွင့္ ေမဂ်ာဌာနမွူးကို ဖုန္းဆက္ေတာ့တာပင္။ ေက်ာင္းမတူေပမဲ့ ဆရာမခ်င္းမို႔ အေျပာအဆိုရွိဖူးၾကသည္။ ရန္ျဖစ္သည့္ကိစၥကိုလည္း ေသခ်ာေပါက္တစ္ခုခုလုပ္ေပးပါ ေတာင္းဆိုေလေတာ့ ငKingတို႔အဖြဲ႕ ေခၚသတိေပးခံရေလ၏။ ေနာက္တစ္ခါရန္ျဖစ္လၽွင္ ေက်ာင္းထုတ္ခံရမည္ဆိုေသာ သတင္းမွာလည္း တစ္ေက်ာင္းလုံး ဟိုးေလးတစ္ေက်ာ္ျဖစ္သြားေတာ့တာပင္။

"ႏွစ္ခ်က္"

"ငါမပါတဲ့ေန႔မို႔ေပါ့ကြာ၊ မဟုတ္လို႔ကေတာ့..."

"ေတာ္စမ္းပါ။ အဲေကာင္လည္း ႏွစ္ခ်က္ထိုးခံလိုက္ရတာပဲ။ ငါတစ္ခ်က္၊ ဟိုလူတစ္ခ်က္"

လက္သီးလက္ေမာင္းတန္းေနေသာ ခန႔္ကိုက ပါရင္တကယ္ခ်မည္လားေတာ့မသိ။ အေျပာကေတာ့ ရွယ္ႀကီးသည့္ေကာင္ပင္။ ငယ္ကတည္းက ေပါင္းလာသည့္ေကာင္မို႔ ဒါမ်ိဳးေတာ့ေနာေက်ေနေလၿပီ။ သည္တြင္ ငေကာင္းကလည္းမေနနိုင္စြာ စပ္စုလာသည္။

"ေအး စိုင္းမင္းခန႔္ ... ငါဟိုေကာင္ေတြေျပာတာၾကားတယ္။ လူႀကီးတစ္ေယာက္ကပါ ဝင္ထိုးၿပီး မင္းကိုေခၚထုတ္သြားတာဆို"

"ဘယ္သူလဲ၊ မင္းအသိလား"

ငေကာင္းေရာ၊ ခန႔္ကိုပါသိခ်င္ေသာဟီရိုးက ထိုလူႀကီးျဖစ္ေနတာ သိပ္မေျပာခ်င္။ အမွန္ဆို လက္သီးႏွစ္ခ်က္လုံး သူထိုးလိုက္သင့္တာ။ ေနာက္တစ္ခ်က္ ထိုးခံလိုက္ရတာကလည္း အဲလူႀကီးကားဝင္လာတာ ျမင္လိုက္လို႔ေငးေနခိုက္ အငိုက္မိသြားျခင္းျဖစ္၏။

"SFU မွာသိတဲ့လူႀကီးတစ္ေယာက္ပါကြာ၊ လမ္းေဘးျဖစ္တာဆို‌ေတာ့ သူကျမင္ၿပီးဆင္းလာတာ"

"ဘာပဲေျပာေျပာ ဟိုေကာင္ကေတာ့ Warning ေပးခံရလို႔ မင္းကိုေတာ္ေတာ္အခဲမေၾက ျဖစ္ေနတယ္၊ သတိထားေနဦး စိုင္းမင္းခန႔္"

"ေအးပါ၊ စိတ္ခ်"

သည္လိုႏွင့္ အႀကိဳက္ျဖစ္ေသာ ေျပာင္းဖူးလုံးေၾကာ္ႏွင့္ အာလူးေခ်ာင္းေၾကာ္ကို အျမန္သြပ္ရသည္။ ၿပီးမွေကာ္ဖီပူပူကို တဖူးဖူးမွုတ္ၿပီး အပီေမာ့ရတာပင္။ ေယာက္်ားေပမို႔ပဲလားမသိ၊ အစားမ်ားဆို ဘယ္ခ်ိန္ေနေနစားလို႔ဝင္သည္။ ေကာ္ဖီေလးႏွင့္ပိတ္လိုက္လၽွင္ အငိုက္လည္းေျပေစ၏။

ေနာက္တစ္ခ်ိန္စေတာ့မည္မို႔ ခန႔္ခန႔္ ပိုက္ဆံရွင္းရေလၿပီ။ စာသင္ခန္းဆီျပန္လာရေတာ့ ခန႔္ကိုသာပါလာေတာ့သည္၊ က်န္ႏွစ္ေယာက္ကမူ အေဆာင္ျပန္အိပ္ၾကဦးမည္တဲ့ေလ။ သူလည္းစိတ္ရွိလက္ရွိ အိပ္ခ်င္စမ္းပါဘိ။ ခုခ်ိန္ခန႔္ကိုကိုစည္း႐ုံးၿပီး ကားေလးႏွင့္အိမ္ျပန္လၽွင္ ငယ္ငယ္ကပုခက္စီးအိပ္သလို တၿငိမ့္ၿငိမ့္ႏွင့္ ဇိိမ္က်လိုက္မည့္ျဖစ္ျခင္း။

ဟင္း ... အတန္းဖ်က္ၿပီး ေခြအိပ္ခ်င္ေသာ္လည္း စာလိုက္မမွီလၽွင္ ႏွစ္ဆပိုပင္ပန္းတာမို႔ သည္းခံတက္ရေပဦးမည္။

"သက္ျပင္းခ်လာခ်ည္လား။ ဒါနဲ႔ ဟိုၿပိဳင္ပြဲေန႔က မင္းပုံေတြရၿပီ။ ၾကည့္မလား၊ ငါ ရွယ္ျပင္ေပးထားတာ"

Sony ကင္မရာေလးတစ္လုံးကိုင္ၿပီး ခန႔္ကိုတစ္ေကာင္က ေျမာက္ႂကြႂကြ။ ဓာတ္ပုံရိုက္ဝါသနာပါေတာ့လည္း အေမကို ႏွစ္ခါပင္ပူဆာစရာမလို။ ခန႔္ကိုက သူ႔ထက္အိမ္ပိုပိုင္သူပဲမလား။ သည္တြင္ ဒိုင္ခံေမာ္ဒယ္လ္ လုပ္ေပးရသူေတြကေတာ့ သူႏွင့္ပန္းေလးတို႔ပင္။ ၿပီးလၽွင္ Facebook ေပၚတင္ၿပီး သူရိုက္တာပါဆိုၿပီး ႂကြားတတ္လြန္းသူလည္းျဖစ္၏။

"ငါ့ပုံေလးေတြတင္ၿပီး လုပ္စားလိုက္ပါဦး ေမာင္မင္းႀကီးသားရယ္"

"ေအာင္မာ ... မင္း႐ုပ္ရည္ထက္ ငါ့အရည္အခ်င္းကိုထည့္ေျပာ။ 3K, 4K ဆိုတဲ့ React ေတြက ငါ့ပညာေၾကာင့္ တစ္ဝက္ပါ,ပါတယ္"

ႏွစ္ေယာက္သား ျငင္းၾကခုန္ၾကရင္း စာသင္ေဆာင္ထဲသို႔ ဝင္ခဲ့ၾကေခ်ၿပီ။ အခန္းမတူေပမဲ့ တစ္ထပ္တည္းမို႔ တက္လာခဲ့ၾကတာလည္း အတူတူပင္။ အခ်ိန္ဆယ့္ငါးမိနစ္ခန႔္‌ ေနာက္က်ေနၿပီေပမဲ့ တီခ်ယ္ေတြက ေနာက္က်မွဝင္တတ္တာမို႔ ကိစၥမရွိေပ။ တခ်ိဳ႕တီခ်ယ္ေတြကမူေတာ့ ခပ္ေစာေစာ။ ေလွကားတစ္ဖက္တစ္ခ်က္ဆီ လွမ္းခြဲမည္ျပင္ေတာ့ ခန႔္ကိုက သူ႔လက္ကိုကုပ္သည္။

"ဘာတုန္း"

"ငါတို႔အခန္းထဲက တီခ်ယ္အသစ္လား။ ၾကည့္ေပးဦး၊ မျမင္ဖူးဘူး"

ခန႔္ခန႔္တို႔ A ခန္းေရွ႕တြင္ ေကာင္မေလးတခ်ိဳ႕ရွိေနေသးတာမို႔ တီခ်ယ္မဝင္ေသးတာ ေသခ်ာသည္။ သို႔ေပမဲ့ တစ္ဖက္ကခန႔္ကိုအခန္းေတာ့ ဝင္ေနပုံေပါက္၏။ သူေျပာသလို ေခါင္းေလးအနည္းငယ္ တိုးၾကည့္ေတာ့ စည္းကမ္းႀကီးသည့္တီခ်ယ္ႀကီးျဖစ္ေနသည္။

"မင္းေတာ့သြားၿပီ၊ အဲဒါအသစ္ေျပာင္းလာတဲ့ OS (Operating System) တီခ်ယ္ ေဒၚစိန္ၾကည္တဲ့။ တစ္မိနစ္ေနာက္က်ရင္ ထိုင္ထတစ္ခါပဲ ... မင္းေတာ့ ခြီ!"

"ဟ အဲဒါခုနကတည္းက ႀကိဳေျပာပါလား"

"မင္းတို႔အခန္း အခ်ိန္ဇယားမွငါမသိတာ"

"လခြမ္းပဲ ... ဒီအရြယ္ႀကီးမွထိုင္ထတဲ့ ... ရွက္စရာႀကီး၊ မတက္ေတာ့ဘူးကြာ"

ေျပာၿပီး ခ်ာခနဲလွည့္ထြက္သြားေသာေကာင္ သည္လလည္း ေက်ာင္းေခၚခ်ိန္ျပည့္မည္မထင္ပါေပ။ ေလွကားကဆင္းသြားေသာ ခန႔္ကိုက ယူနီေဖာင္းပုဆိုးဝတ္ထားလည္း အရပ္ရွည္္ေတာ့ ၾကည့္ေကာင္းေနဆဲျဖစ္သည္။ ခန႔္ခန႔္ သူကိုယ္သူျပန္ငုံ႔ၾကည့္ေလေတာ့ သက္ျပင္းပင္ခ်မိေလၿပီ။ ဘာလို႔မ်ားအရပ္ပုေနရသလဲ၊ ပုဆိုးႏွင့္ဆို သူ႔ပုံစံက ကေလးမက၊ လူႀကီးမက်ႏွင့္။

ေခါင္းတရမ္းရမ္းျဖင့္သာ အခန္းထဲဝင္ခဲ့ေတာ့၏။

..........................

ေလွကားကဆင္းလာသည္ႏွင့္ မုန႔္ဟင္းခါးအနံ႔က တစ္အိမ္လုံးဆြတ္ပ်ံ႕ေနေလၿပီ။ ေဇယ်ာအဖို႔ မနက္စာထမင္းသာ စားမည္ျဖစ္ေသာ္လည္း မိခင္ျဖစ္သူကမရ။ သည္ေန႔သင္တန္းဆင္းလၽွင္ ဧည့္သည္ေတြပါလာမည္ဟု မွာထားေတာ့ မုန႔္ဟင္းခါးေတြ ထခ်က္ေနေတာ့တာပင္။ ဆိုင္ကိုေတာင္ ရြယ္ရြယ္ကိုပဲသြားခိုင္းမည္၊ ေန႔လည္မွပဲ လိုက္လာေတာ့မယ္တဲ့ေလ။ သိပ္ကိုတတ္ႂကြလိုက္တဲ့ေမေမ။

မီးဖိုခန္းမဝင္ခင္ ဧည့္ခန္း၌သူ႔အိတ္ခ်ရင္း အေတြးေတြက ဟိုကေလးဆီေရာက္သြားျပန္သည္။ အထိုးခံထားရတာ သက္သာၿပီလားမသိ။ ထိုေန႔က အိမ္ကဆူေသးလား၊ ဟိုေကာင္ေလးေတြ ထပ္ရန္စေသးသလားဟူေသာ ေမးခြန္းေတြက အိပ္ပို႔ေပးခဲ့ၿပီးေနာက္ေန႔ကတည္းက သိခ်င္မိတာပင္။

သူလိုအေက်ာတင္းသည့္ ေကာင္ေလးက သည္ျပႆနာကို အိမ္ကိုဘယ္လိုရွင္းျပမလဲ။ လူေကာင္ေသးေသးမို႔ သူကူညီၿပီးထိုးေပးခဲ့ေပမဲ့ ေနာက္တစ္ေန႔ ေက်ာင္းမွာေတြ႕ၾကလၽွင္ ထိုေကာင္ေလးေတြ ရန္ျပန္မစပါဘူးဟု မသိနိုင္။ ခုေခတ္ျမန္မာျပည္က ေက်ာင္းသားေတြေရာ နိုင္ငံျခားကားေတြထဲကလို ေက်ာင္းတြင္းအၾကမ္းဖက္မွုေတြ လုပ္တတ္ေနၾကၿပီလား။ အေတြးစေလးကေန ျဖစ္လာသည္က တိမ္တိုက္ႀကီးတစ္ခုပမာ က်ယ္ျပန႔္လာေခ်သည္။ သင္တန္းေရာက္မွေမးၾကည့္ရဦးမည္၊ မဟုတ္လၽွင္ သိခ်င္စိတ္ေၾကာင့္ သူ႔ကမၻာမွာတိမ္ထူၿပီး ေနထြက္ေသးမွာမဟုတ္။ သို႔ေပမဲ့လည္း သည္ေလာက္အာ႐ုံစိုက္ေနမိသည့္ ကိုယ့္ကိုယ္ကိုယ္သာ ရယ္မိလိုက္ျပန္သည္။

"အံမယ္ ... ငါ့သား ဘာေတြႀကိတ္ရယ္ေနတာလဲ။ မီးဖိုထဲဝင္လာၿပီး အေမ့ေရာျမင္ရဲ့လား"

အရယ္အျပဳံးနည္းတာၾကာၿပီမို႔ ေမေမ အထူးအဆန္းျဖစ္ေနပုံရ၏။ ေဇယ်ာ မ်က္ႏွာျပန္တည္ရင္း၊

"သင္တန္းက ဂ်စ္စုတ္စုတ္ေကာင္ေလးအေၾကာင္း ေတြးမိသြားလ္ို႔ပါ"

"အမေလး ေတြးၿပီးေတာင္ျပဳံးတယ္ဆိုေတာ့ အဲကေလးကို အိမ္ေခၚခဲ့စမ္းပါေတာ္၊ မုန့္ေတြလုပ္ေကၽြးခ်င္လြန္းလို႔"

"သင္တန္းၿပီးရင္လာမဲ့အထဲ သူလည္းပါလာမွာ။ ေမေမသိမလားမသိ၊ အဲကေလးက ဦးမင္းဟန္သားတဲ့"

သူ႔အတြက္ ထမင္းပူပူျပင္ေပးေနေသာမိခင္က ေခတၱေတြးၾကည့္ၿပီး မသိဘူးဟုသာေျပာသည္။ အင္းေလ ... ဦးမင္းဟန္ကို ေဖေဖပဲသိမွာေပါ့။ ေမေမက ေရႊဆိုင္ပဲထိုင္တာမို႔ ေတြ႕ျဖစ္မွာမဟုတ္ေပ။

"သား ဟင္းအႏွစ္ေတြမစားခ်င္ရင္ ဆိတ္သားေျခာက္ေၾကာ္ေထာင္းရွိတယ္ေနာ္။ ေမေမ မုန႔္ပင္ေတြဖြရဦးမယ္"

"သားေရာမွ ၅ေယာက္ပဲေနာ္ ေမေမ၊ အမ်ားႀကီးလုပ္မေနနဲ႔ဦး"

"အိုး ... ပိုေတာ့လည္း အိမ္နီးနားခ်င္းေတြ ပို႔ရတာေပါ့။ ပူမေနနဲ႔၊ ခုနက ဂ်စ္စုတ္စုတ္ေကာင္ေလးဆိုတာသာ ပါေအာင္ေခၚခဲ့"

မ်က္လုံးအေရာင္ေတြလက္ေအာင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေျပာေနေသာ ေဒၚၾကည္ျပာကိုၾကည့္ရင္း ေဇယ်ာလည္း ေက်နပ္ေနမိသည္။ သူ႔အတြက္ေၾကာင့္ ေငြဆုံးရွုံးရ႐ုံမက ေပ်ာ္ရႊင္မွုေတြပါ ဆိတ္သုဥ္းသြားခဲ့ရတာမို႔ အျမဲျပဳံးရယ္ေစခ်င္တာပင္။ မိဘေတြႏွင့္ညီမျဖစ္သူရြယ္ရြယ္ကလည္း ေဇယ်ာ့အတြက္ ထိုနည္းတူစြာ။ မိန္းမတစ္ေယာက္ေၾကာင့္ မိသားစုအေပၚ အျပစ္ရွိစိတ္ႏွင့္ ရွင္သန္ေစခ်င္ၾကတာမ်ိဳးမဟုတ္ပါေပ။

"ေမေမျမင္ရင္ အဲေကာင္ေလးျမင္ရင္ ပိုခ်စ္မယ္ထင္တယ္။ သူကေသးေသးေလး"

ေဇယ်ာ အပိုေျပာျခင္းမဟုတ္မွန္း သူ႔ကိုယ္သူအသိဆုံးမလား။ ေတြ႕ခါစက နေမာ္နမဲ့နိုင္မွုေလးေတြေၾကာင့္ အဆင္မေျပခဲ့ေပမဲ့ တကယ္လည္း ခ်စ္စရာေကာင္းသည္က မျငင္းနိုင္။ ႏွုတ္ခမ္းေသးေသး၊ ပါးမို႔မို႔ႏွင့္ ခႏၶာကိုယ္ေသးေသးေကြးေကြးအျပင္ မာနကေလးျဖင့္ ဂ်စ္ကဂ်စ္ေသးသည္။

"တို႔ကိုႀကီးက ညႊန္းလိုက္တာေဟ့၊ ေန႔လည္မျမင္ရဘဲ ဆိုင္သြားရမွာနာလိုက္တာေနာ္"

ဆိုင္သြားရန္အသင့္ျဖစ္ေနေသာ ရြယ္က ထမင္းစားခန္းထဲ ဝင္လာရင္းေျပာျခင္းျဖစ္သည္။

"မယုံရင္ၾကည့္ခိုင္းထားလိုက္ဗ်ာ ... စိုင္းမင္းခန့္တဲ့"

"အေျပာႀကီးေနလိုက္တာ ၾကည့္ရေသးတာေပါ့၊ ညေန ဆိုင္ေစာေစာသိမ္းၿပီး ျပန္ခဲ့မယ္ ဟြန္း"

ရြယ္က ေရေႏြးတစ္ခြက္ကို ေကာက္ငွဲ႕ရင္း စိန္ေခၚလိုက္ေသး၏။ ေဖေဖလည္း ဆိုင္ေစာေစာထြက္သြားလို႔သာေပါ့၊ မဟုတ္လၽွင္ ေဇယ်ာ့ႏွုတ္က ထုတ္ညႊန္းသူကို ၾကည့္မယ္တကဲကဲျဖစ္ေနဦးမွာပင္။ အိမ္မွာကေလးမရွိတာမို႔ ပြဲမဆူေပမဲ့ ဧည့္လာမယ္ဆိုရင္ေတာ့ အေဖာ္မက္ကာ ေပ်ာ္တတ္ၾကသူေတြခ်ည္း။ ဟင္း ... ထိုခ်ာတိတ္ပါလာရင္ေတာ့ျဖင့္ ... ။

..........................

ထမင္းစား၊ ေရခ်ိဳးအၿပီး ေဇယ်ာတစ္ေယာက္ သီခ်င္းေလးညည္းေနမိသည္မွာ တဟင္းဟင္းႏွင့္။ အတန္းသြားတက္ရဖို႔အတြက္ ခါတိုင္းႏွင့္မတူ တက္ႂကြေနမိတာျဖစ္သည္။ စတက္ခါစကလို သြားရတာေလးဖင့္ေနျခင္းမ်ိဳးမရွိ။ အတန္းသူအတန္းသားေတြကို မ်က္မွန္းတန္းမိလာၿပီး သီအိုရီေတြမွတ္ရတာ သေဘာက်လာသည္။ အရင္လိုစကားေျပာစရာ လူမရွိေတာ့တာလည္းမဟုတ္၊ ခ်ာတိတ္ႏွင့္ခင္သြားၿပီမို႔ တစ္ခုခုဆို စကားေျပာေဖာ္ပင္ ရေလေခ်ၿပီ။

သည္လိုႏွင့္ တက္္တက္ႂကြႂကြ အကၤ်ီေရြးေနလိုက္တာ မိနစ္အတန္ၾကာသည္ထိ ဘာဝတ္ရမည္မသိေသး။ ေန႔တိုင္းဝတ္ေနက်ျဖစ္ေသာ ရွပ္လက္ရွည္၊ စတိုင္ပန႔္ကို အေတာ္ၿငီးေငြ႕လာၿပီပင္။ ခ်ာတိတ္ႏွင့္ ေနာက္ဆုံးေတြ႕စဥ္ကဆို အဘိုးႀကီးလိုပဲ ဘာေတြဝတ္မွန္းမသိဘူးလို႔ေတာင္ လူကိုေစ့ေစ့စပ္စပ္ ၾကည့္ေျပာသြားေသးတာျဖစ္၏။ ဒါမို႔ Bathrobe ဝတ္ထားၿပီး Walk-in Closet ကို ဘယ္ေလၽွာက္လိုက္၊ ညာေလၽွာက္လိုက္ႏွင့္။

က်စ္! ဘာဝတ္ရမလဲကြာ။

အဝတ္ေတြမ်ားေသာ္လည္း ဘာကိုဘယ္လိုတြဲစပ္ဝတ္ရမည္မသိ၊ ခပ္ညည္းညည္းသာ ရွိလွသည္။ ဟိုခ်ာတိတ္ဆိုလၽွင္ Outfit ေတြက အျမဲလန္ထြက္ေနသည္မလား။ သူကေဘးကပ္လ်က္ထိုင္ၿပီး အသက္ႏွစ္ဆယ္၊ အစိတ္ေလာက္ႀကီးသည့္ပုံစံေတာ့ ေပါက္မေနခ်င္။

ဟူး .. ေပါ့ေပါ့ပါးပါးအကၤ်ီေတြဝယ္ဖို႔ အားမွထြက္ရဦးမည္။

ေဇယ်ာသင္တန္းေရွ႕ေရာက္ေလေတာ့ တိုက္တိုက္ဆိုင္ဆိုင္ ခ်ာတိတ္လည္း လမ္းေလၽွာက္လာေလၿပီ။ ထုံးစံအတိုင္း ကားခသိမ္းၿပီး ဘတ္စ္စီးလာျပန္ၿပီလားမသိ။ ေနရွိန္ျမင့္လာၿပီမို႔ထင္သည္၊ Hoddie ခဲေရာင္ကပါသည့္ ဦးထုပ္တြင္ ေခါင္းကိုငိုက္ေနေအာင္ေစာင္းထားသည္။ ေဘာင္းဘီအနက္ေရာင္မွာ ေျခေခ်ာင္းေသးေသးတို႔တြင္ ကပ္ကပ္လ်က္လ်က္။ ရွူးမွာမူ Nike ႏွင့္ ခ်ာတိတ္ၾကည့္ရတာ လုံးဝမိမိုက္ေနသည္။ ရြယ္တူေကာင္မေလးေတြ၏ အသည္းစြဲပဲျဖစ္မည္ထင္ပါရဲ့။

"ေဟး ေနပူတာကို လမ္းေလၽွာက္လာေနတယ္။ မုန႔္ဖိုးေတြ ႀကိတ္စုေနျပန္ၿပီလား"

ခ်ာတိတ္အထဲဝင္ခါနီးမွ ကားေပၚကဆင္းၿပီး လွမ္းႏွုတ္ဆက္လိုက္သည္။ ရန္စလိုက္သည္ဆိုလည္းမမွား၊ ထိုေကာင္ေလးကသူ႔ကို အထက္ေအာက္စုန္ဆန္ခ်ည္ၾကည့္ရင္း စူးစမ္းေနေလၿပီ။ ရွပ္လက္တိုႏွင့္ဂ်င္းေဘာင္းဘီကို ထူးထူးဆန္းဆန္း ဝတ္လာသည့္ေဇယ်ာ့အဖို႔ အနည္းငယ္မလုံမလဲ ျဖစ္သြားရသည္။ သူ႔အရြယ္ႀကီးႏွင့္ မအပ္စပ္ေလဘူးလားမသိ။ ဒါေတာ့မျဖစ္နိုင္၊ ထက္ျမက္လည္း ဒါမ်ိဳးပုံစံေတြခ်ည္းဝတ္လို႔ သူအတုခိုးၿပီး ႀကံရာမရဝတ္ခ်လာျခင္းေလ။

"ဘာေငးေနတာလဲ၊ ကိုယ္ေမးေနတာၾကားလား"

"မေငးပါဘူး၊ ဘယ္လိုလာလာေပါ့"

ပုခုံးေလးတြန့္ၿပီး အထဲဝင္သြားေလတာ ဟိုတစ္ေန႔ညက သူမဟုတ္သလို။ အျမဲဂၽြတ္ဆတ္ဆတ္နိုင္သည့္ မာနခဲပုံစံကေတာ့ နည္းနည္းမွမေပ်ာက္ေခ်။ တကယ္ဆို သူ႔ကိုကူညီထားတဲ့သူမို႔ ေက်းဇူးတင္ၿပီး ရႊန္းရႊန္းစားစားျဖစ္ေနရမည္ မဟုတ္ပါလား။ အိမ္မွာေတြးလာတုန္းကလို မွန္းခ်က္ႏွင့္ႏွမ္းထြက္ကမကိုက္။ ထိုခ်ာတိတ္မွာ စင္တာထဲပင္ သူ႔မေစာင့္ဘဲ ဝင္သြားေလၿပီ။

"ႏွုတ္ခမ္းစပ္က သက္သာသြားၿပီလား"

ငယ္ရြယ္သူက ဘယ္လိုပဲျဖစ္ျဖစ္ သူကေတာ့ အတန္းထဲထိုင္ၿပီးတာႏွင့္ ဒါကိုမွတ္မွတ္ရရ ေမးရေသးသည္။ ေျဖလၽွင္ သူေမးစရာေတြ ဆက္ရွိေသးသည္မလား။

"မနာေတာ့ဘူး၊ အဆင္ေျပတယ္"

ခန့္ခန့္က စာအုပ္ထုတ္ရင္း တုံးတိသာေျပာလာသည္။

"အဲညက အဆူခံရေသးလား"

"ေမေမက ေနာက္ေန႔က်ဌာနမွူးကို ဖုန္းဆက္ေျပာေတာ့ အဆင္ေျပပါတယ္၊ ဒါေပမဲ့..."

"ဒါေပမဲ့ ဆူခံရေသးတာလား"

ေရွ႕ကိုမလွည့္နိုင္ေသးဘဲ ေဘးတစ္ေစာင္းေမးေနမိတာက စိတ္ပါလက္ပါ။ သူထင္ခဲ့သလို ခ်ာတိတ္အေမက ေသခ်ာေပါက္ဆူၿပီထင္၏။ တကယ္ဆို သူျမင္လိုက္တာ ထိုညကကူေျပာေပးလိုက္သင့္တာ။ ေကာင္ေလးဘယ္ေလာက္ရပါတယ္ေျပာေနပါေစေပါ့။

စိတ္ပူေနဟန္ရွိေသာ ဟိန္းေဇယ်ာတစ္ေယာက္မွာ စာမ်က္ႏွာပင္ တစ္ရြက္မွမလွန္ေလွာရေသးပါေပ။ ခန႔္ခန႔္ကေတာ့ မ်က္ေမွာင္ေလးၾကဳတ္ၾကည့္ရင္း၊

"အင္း၊ ရန္ျဖစ္လို႔ေတာ့မဟုတ္ဘူး။ ကူညီၿပီးလိုက္ပို႔ေပးတဲ့ အဲလူႀကီးကို အိမ္ထဲေတာင္မေခၚခဲ့လို႔တဲ့"

"အဲ့တုန္းက ကိုယ္လိုက္ေျပာေပးမယ္လို႔ ေျပာတယ္ေလ"

"သိပါတယ္၊ ဆရာလာၿပီ ... ရွူး"

ႏွုတ္ခမ္းဖူးဖူးကို ေရွ႕ထုတ္လိုက္ရင္း လက္ညႇိုးႏွင့္ကာျပလိုက္ေသာ ခ်ာတိတ္။ ႏူးညံ့ေဖာင္းအိေနေသာ ပန္းႏုေရာင္ႏွုတ္ခမ္းသားက ေဆးမကူပါဘဲ ဘာလို႔မ်ားမ်က္ႏွာမလႊဲရက္စရာ ျဖစ္ေနပါသနည္း။ ေဇယ်ာ ဘာစကားမွမေျပာျဖစ္ေတာ့။ ႏွုတ္က ဆြံ႕အသြားေပမဲ့ ရင္ခုန္သံတို႔က ဖြင့္ဟလာမိသည္ထိ။ တဒိတ္ဒိတ္ခုန္လာေသာ ႏွလုံးသားကို လက္ႏွင့္အသာဖိလိုက္ရင္း ေဇယ်ာ ေခါင္းခါရမ္းလိုက္မိသည္။

မေတာ္တဆပဲထင္ပါရဲ့။

•••••••••••••••••••••••••••••••••••••••••••

Bạn đang đọc truyện trên: Truyen3h.Co