SPECIAL EXTRA (Unicode)
(၁)
သဇင်သင်းချိန်၊ နှင်းကျချိန်ဖြစ်သော ဆောင်းရာသီ။
နေစွယ်ကျိုးချိန်မို့ ဝေဟင်တွင် လိမ္မော်နီနှစ်သွယ်ယှက်ကာ အလင်းဖြာနေလျက်။ တိမ်တိုက်များမူကား မှုန်လျလျနှင့်။ အိပ်တန်းပြန်ကြသော ငှက်အုပ်ကြီးကလည်း ညီညီညာညာ။
ဝရန်တာမှ လှမ်းမြင်နေရသော ဝန်းကျင်မျှော်ခင်းက သူ့အတွက် နှစ်လိုဖွယ်ကောင်းနေသည်။
ခန့်ခန့်သာ ပန်းချီဆရာတစ်ဦးဖြစ်ခဲ့လျှင် ဒီဆည်းဆာရှုခင်းကို Canvas ပေါ်မှာ ရေးခြစ်ထားလိုက်မိမှာ။
သို့နှင့် သူ့ဖုန်းကိုထုတ်ပြီး စိတ်ကြိုက်အနေအထားယူကာ ဓာတ်ပုံတစ်ပုံရိုက်လိုက်ချိန် ခြံရှေ့တွင် ကားတစ်စီး ရပ်လာလေသည်။ သေချာပေါက် သူ့အိမ်ထောင်ဖက်အမျိုးသား၏ကားပေါ့။
ဒီတော့ ဖုန်းကိုအသာချ၊ ဝရန်တာက ဆင်းဟန်ပြုတော့ အောက်ကဟွန်းသံတစ်ချက် လှမ်းပေးသည်။ သူပြန်လှည့်ကြည့်တော့ အဲ့လူကြီးက ကားပေါ်ကဆင်းပြီးနေပြီ။
ဟင်း .. တံခါးလေးတောင် ဖွင့်မပေးလိုက်ရ။
သူ ငြိုငြင်တာတော့ မဟုတ်ပါ။ အချစ်ခံရမှုအတွက် ခပ်ပြေပြေ တွေးပြုံးလိုက်ခြင်း။
ခန့်ခန့် တကယ်ကို ကံကောင်းခဲ့ပါသည်။
ဒီလူသားနဲ့အတူရှိနေနိုင်တာ ဘုရားပေးတဲ့ အကောင်းမွန်ဆုံး ဆုလာဒ်တစ်ခု။ ဒါမို့ ဒီဆုလာဒ်ကိုလည်း သူ့ ရွှေရင်အစုံမှာ ပြည့်ကြပ်နေအောင် ထည့်သိမ်းထားသည်။
ပြောရလျှင် သူ့ဘဝကို လူကြီးရဲ့အုပ်မိုးမှုအောက်မှာ အပြီးပိုင် ထား,ထားပြီးသား။ ပိုင်စိုးမယ်ဆိုလျှင်တောင် သူက ကြည်ဖြူနေမယ့်သူ။ ဒီစိတ်တွေကို လူကြီးတစ်ယောက် ဖတ်မိနေမည် ထင်ပါသည်။
သိပ်မကြာပါ။
လေညှင်းတစ်ချက်နှင့်အတူ ချစ်ရသူ၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရသည်။ တကယ့်ကို ညင်ညင်သာသာလေး .. ။ အနောက်နားသယ်စပ်ကို နမ်းလာခိုက် ကြားလိုက်ရသည့်အသက်ရှူသံကအစ တိုးလျလျလေး ..။
ခန့်ခန့်လည်း နောက်ပြန်အနမ်းတစ်ချက် ပေးခြွေလိုက်သည်။ အိမ်ထောင်သက် တစ်နှစ်အကြာမှာတော့ သူ အရင်လို ရှက်ရွံ့တာတွေ မရှိတော့ပါ။
အိမ်တံစက်မြိတ်မှာ မိုးစက်လေးတွေ ခိုတွဲနေတတ်သလို .. သူလည်း ဒီနှုတ်ခမ်းလေးအောက်မှာ အမြဲခိုတွဲနေချင်တာမို့။
"ကိုယ့်ကလေး .. ဘာထွက်လုပ်နေတာလဲ"
နှစ်ကိုယ်ကြားအသံလေးက နားထဲချိုမြိန်စွာ စီးဝင်လာသည်။ လက်နှစ်ဖက်ကလည်း ထပ်တူယှက်သိုင်းလျက်သား။ ရင်ခုန်သံတွေမှာလည်း အရင်တိုင်း နိုးကြားလတ်ဆတ်နေဆဲပါ။
"ဆည်းဆာကလှလို့ ကြည့်နေတာ .."
"ဟင်း .. ဆည်းဆာလှလို့ ကြည့်တာလား၊ ဒါ မှ မ ဟုတ် .. ကိုယ်ပြန်လာတော့မှာသိလို့ ထွက်မျှော်ရင်း ကြည့်ဖြစ်တာလား။"
တစ်လုံးချင်းပြောသည့် စကားသံတို့နှင့်အတူ ဖက်ထားသည့်လက်တစ်စုံက ပိုတင်းကြပ်လာသည်။ လူလည်ကြီး ..။ သိရက်သားနဲ့ တအားကြားချင်နေသေးသည်။
"သိရင်ဘာလို့မေးနေသေးလဲ။"
ခန့်ခန့် လက်တစ်စုံကိုဖြုတ်ကာ အိပ်ခန်းထဲ ပြန်ဝင်လာသည်။
"ကြားချင်လို့ပေါ့ကွ .. လုပ်ပါ။"
ဇေယျာလည်း နောက်မှထပ်ကြပ်မခွါ ပါလာသည်။
ကျယ်ပြောလှသော နှစ်ယောက်အိပ်ကုတင်ကြီးမှာ ခန့်ခန့် ဖွထားသော စာရွက်စာတမ်းများနှင့် ပွစာကျဲနေသည်။ အလယ်တွင် Laptopကလည်း ဖွင့်လျက်သား။
ဇေယျာ ချစ်တတ်တာမှန်သော်လည်း ရှုပ်ပွအောင်ထားတတ်တဲ့အကျင့်ကိုတော့ တကယ်မကြိုက်လှ။ ဘယ်နှခါပြောပြော ခုလည်း မောင်မင်းကြီးသားက ထပ်ဖွထားပြန်ပါပြီ။
"ကလေး ကိုယ်ဘယ်လိုမှာထားလဲ။ အလုပ်ကို အလုပ်စားပွဲမှာလုပ်ပါဆို .."
ဇေယျာကပြောရင်း စာရွက်တွေ ကူထပ်ဖို့လုပ်သည်။
"Hold .. Hold Stop!"
"What again?"
နှစ်ယောက်သား အတည်ပေါက်ကြီး ဗိုလ်လိုတွေပြောပြီးမှ ပြိုင်တူရယ်မိကြပြန်သည်။ ဒီလိုပါပဲ .. ချစ်ရသူနဲ့ဆို လူတွေက ရူးတတ်ကြတာပဲမလား။
"ကိုယ့်ဘာသာ စီမယ်၊ အမှတ်အသားတွေနဲ့ ထားထားလို့.."
"ဟင် .. အမှတ်အသားနဲ့ထားတာ။ ဒီလောက်ရှုပ်နေတဲ့ အပုံကြီးကလေ .."
ပြောလည်းပြောချင်စရာပါ။ စိတ်ထင်တိုင်း Print ထုတ်ထားတော့ စာရွက်တွေက ရှုပ်ပွနေသည်။ သို့သော် လိုတာ၊ မလိုတာကို သူပဲသိတာမလား။ ခန့်ခန့် ရယ်ရင်းသာ စာရွက်တွေထပ်သိမ်းရသည်။
သို့သော် မထင်မှတ်ဘဲ နောက်ကပွေ့ချီခြင်း ခံလိုက်ရပြန်၏။ ပြီးလျှင် ခြေရင်းက လွတ်နေသောဆိုဖာပေါ် နှစ်ယောက်သား ပစ်လှဲကျစေသည်။
တကယ်က ဇေယျာ့ကိုယ်ပေါ် ခန့်ခန့် ရောက်သွားခြင်းပါလေ။ နှစ်ကိုယ်တူ နီးနီးကပ်ကပ်ရှိလေတိုင်း ရင်ခုန်သံတွေက တဒုန်းဒုန်းဖြစ်လာပြန်သည်။
အချစ်ဆိုတာ ရှင်သန်နေသ၍
ရန်ခုန်သံဆိုတာ အမြဲလတ်ဆတ်နေတာမလား။
"ဘာဖြစ်ချင်နေတာလဲ အဲ့လူကြီး"
ခန့်ခန့်က ဇေယျာ့နှာဖျားကို သူ့နှာဖျားလေးနှင့် တစ်ချက်ခတ်ရင်း စနောက်လိုက်သည်။
"ဟက်! မေးရဲတယ်ဆိုတော့ သတ္တိတွေသိပ်ရှိနေတယ်ပေါ့။ ခုန မွေ့ယာပေါ်ကစာရွက်တွေ ကိုယ်ဝင်ရှင်းကတည်းက မင်းလေး သဘောပေါက်သင့်တာ"
ထိုသို့ပြောနေသော နှုတ်ခမ်းအား ခန့်ခန့် စုပ်ယူနမ်းရှိုက်လိုက်သည်။
ပျားတစ်ကောင်က ပန်းဝတ်ရည်ကို စူးစူးရှိုက်ရှိုက် ရယူနေသလိုမျိုး၊ အချိုကြိုက်တဲ့ ကလေးငယ်တစ်ယောက်က Lollipop ကို အသည်းအသန် စုပ်ယူနေသလိုမျိုး။ နည်းနည်းတော့ ရမက်ဆန်နေသည်။
ခန္ဓာကိုယ်နှစ်ခုက တစ်သားထဲဖြစ်နေပြီး ခန့်ခန့် ပြုတ်မကျအောင် ဇေယျာက ရစ်သိုင်းထားလိုက်သည်။ အပေါ်လူကလည်း လည်ပင်းကို မြဲမြံအောင်ရစ်သိုင်းထားတော့ သူတို့နှစ်ဦးကြား လေချိုပင်သွေးလို့မရနိုင်ပါ။
ရှည်ကြာသော အနမ်းခရီးက ရထားတစ်စင်း ခုတ်မောင်းနေသလို စိတ်လှုပ်ရှားမှုမျိုးစုံ ပေးစွမ်းနိုင်တယ်ဆိုရင် လက်ခံနိုင်ကြမလား။ လေတိုးသံ၊ ခုတ်မောင်းသံတွေလို ရင်ခုန်သံစည်းချက်တွေ ဗလောင်ဆူနေလျှင်တောင် အချစ်နဲ့အတူ သွားရတဲ့ခရီးက ပျော်စရာအတိ ဖြစ်နေသည်။
လေဟာနယ်တစ်ခုမှာ
မျောလွင့်ပါနေကြသလိုမျိုး။
ဘယ်သူမှမရှိသော ..
သူနဲ့ကိုယ်သာရှိသော ..
အချစ်လေဟာနယ်လေးတစ်ခုမှာပေါ့။
အနမ်းတစ်ခုက စတည်လိုက်သော ခရီးစဉ်လေးအပြီးတွင် ဝန်းကျင်က မှောင်မဲနေလေပြီ။ အခုထိ သူတို့ထမင်းမစားရသေး။ ယုတ်စွအဆုံး ပျံ့ကျဲနေသည့် စာရွက်တွေကိုပင် မရှင်းရသေး။ အဲ့လောက်ထိ အချစ်လေဟာနယ်မှာ ကြည်နူးခဲ့ကြတာ..။
"ကလေး ဗိုက်ဆာပြီလား။"
"နည်းနည်း.."
"လာ အောက်ဆင်းကြမယ်။"
ခန့်ခန့် ကုန်းထမယ်လုပ်တော့ ဇေယျာက လက်မခံ။ ခန္ဓာကိုယ်လေးအား ချီပြုကာ သွားချင်နေသည်။
"နေဦး ကိုယ်ချီမယ်"
"အင်း ချီပေးလေ"
ခန့်ခန့်လည်း ဒီနောက်ပိုင်း လူကြီးခါးကို သိုင်းခွလိုက်ရတာကို အကြိုက်တွေ့လာတာမို့ ရောင်းသူ၊ ဝယ်သူ အသံတူပင်။
ဒီလိုနှင့် အခန်းတွင်းက ထွက်ခဲ့ကြသည်။
"ဒါနဲ့ Peter တို့ သွားကြိုတာ အဆင်ပြေခဲ့ရဲ့လား"
Sunday ဖြစ်သော်လည်း ဇေယျာ အပြင်ထွက်သည့်အကြောင်းက Oxford တွင် ကူညီခဲ့ဖူးသော Peter တို့အဖွဲ့ကို သွားကြိုပေးတာပင်။
"ပြေတာပေါ့၊ အဖွဲ့လိုက်လာကြတော့ သူတို့ပျော်နေကြတယ်။ ကလေးကိုတောင် ပါမလာဘူးလား မေးနေတာ.."
ခန့်ခန့်ကို ခါးမှာသိုင်းချီရင်း လှေကားဆင်းနေတာမို့ ဇေယျာ ခပ်ဖြည်းဖြည်းသာ လျှောက်ရင်းပြောသည်။ မျက်ဝန်းနှစ်စုံကတော့ ချစ်ရည်ရွှန်းသည့်အကြည့်တွေနှင့်ပေါ့။
"ပွဲနေ့မှတွေ့လိုက်မယ်လေ .. ပွဲက မကြာတော့ဘူးမလား"
Peter ၏ စီနီယာတစ်ယောက်က LOEY Fashion Brand အတွက် Asian market တစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် တိုးချဲ့ချင်နေသည်။ ဒါမို့လည်း ဇေယျာ့ဟိုတယ်တွင် Fashion event တစ်ခုလုပ်ဖို့ ရောက်လာကြခြင်းဖြစ်သည်။ ကိစ္စအသေးစိတ်က Online တွင် ဆွေးနွေးပြီးသားဖြစ်၍ Peter နဲ့ သူ့စီနီယာကတော့ ပွဲနီးမှသာ မြန်မာပြည်ရောက်လာကြသည်။
"ပွဲက Next Sunday မှ"
ပြောရင်း ခန့်ခန့်ကို ထမင်းစားခန်းက ခုံတွင်အသာချပေးလိုက်သည်။
"ဟာ .. Sunday ဆို ခန့်ကိုတို့ စေ့စပ်ပွဲနဲ့ တိုက်နေမှာပေါ့.."
"ခန့်ကိုတောင် စေ့စပ်ပြီလား။ အချိန်ကရမှာပါ .. ဟိုပွဲက ညနေမှပဲဟာ။"
တော်သေးသည်။ မဟုတ်ရင်တော့ ပွဲနှစ်ပွဲနှင့် ခန့်ခန့်တစ်ယောက် ချာလည်လိုက်နေဦးမှာ။
"မစေ့စပ်လို့ မရတော့ဘူးလေ။ အန်တီနှင်းကိုယ်တိုင် စီစဉ်တာ။ အဲ့ကောင်က ခြေရှုပ်တော့ ပန်းလေးမိဘတွေကို အားနာပြီနေမှာပေါ့.."
ဇေယျာက ရေခဲသေတ္တာထဲမှ ဟင်းတွေထုတ်ရင်း အားရပါးရရယ်သည်။ ၂၄နှစ်အရွယ် ကောင်လေးတွေ ဘဝဆိုတာလည်း ဒီလိုပေါ့ပေါ့ပါးပါးပေါ့။
ဒီလိုစဉ်းစားကြည့်တော့မှ သူတောင် ကလေးကိုလက်ထပ်ခဲ့တာ စောလွန်းနေသလား။ ဒီကောင်လေး လူပျိုဘဝရဲ့ လွတ်လပ်မှုကို ကောင်းကောင်းမှခံစားခဲ့ရရဲ့လား။ သူ့ကြောင့်နဲ့သာ စိတ်ဆင်းရဲခဲ့တာရှိသည်။ ဒါမို့ အခုအချိန်မှာ အချစ်တွေ ပုံအောပေးရမည်က သူ့တာဝန်သာ။
"ဒါနဲ့ ကိုယ် ပွဲနေ့ ဘာဝတ်ရမလဲ၊ စီစဉ်ပေးထားဦး။"
"ခင်ဗျားကြီးက ယောကျ်ားယူတာ stylist ငှါးထားသလိုပဲနော်၊ အဝတ်အစားကိစ္စဆို လူကိုပဲ ခိုင်းစားနေတာ .."
ဇေယျာ ဟင်းနွှေးရင်းက စားပွဲပေါ်လက်ထောက်ကာ ခန့်ခန့်ကို စိုက်ကြည့်လာသည်။ ကြင်ကြင်နာနာ အကြည့်နဲ့ပါ။
"အဲ့တော့ ခင်ဗျားလေးက လုပ်မပေးချင်ဘူးလား"
"ကိုယ့် closet ကိုယ်လည်း ပြန်စစ်ဦး၊ မှာပေးထားပြီးသား။ ရောက်နေတာတောင် ၂ရက်လောက်ရှိပြီ။"
ချစ်စဖွယ် ကကြီးပုံနှုတ်ခမ်းလေးအား ဇေယျာ အငိုက်ဖမ်းကာ လှမ်းနမ်းလိုက်သည်။
"ချစ်တယ် ကလေး.."
ဘယ်သူထင်မလဲ .. ဟင်းနံ့တွေပြည့်နေတဲ့ မီးဖိုခန်းကလည်း ချစ်ကြည်နူးရာ ကမ္ဘာငယ်လေး မဖြစ်နိုင်ဘူးလို့ ..။
....................
(၂)
အန်တီနှင်းတို့အိမ်ကလေးက ကျယ်သည်။ ထပ်ခိုးလေးနဲ့ နှစ်ထပ်တိုက်မို့ လှလည်းလှပါ၏။ စေ့စပ်ပွဲကိုတော့ သတို့သားဖက်ဖြစ်သည့် ဒီအိမ်လေးတွင်သာ လုပ်ဖြစ်ကြသည်။ ပန်းလေးတို့တိုက်ခန်းက ပွဲလုပ်ဖို့ နေရာကျဉ်းကြပ်တာမို့။
သို့သော် အန်တီနှင်းက သတို့သမီးလောင်းဖက်ကို မျက်နှာမငယ်စေရပါ။ တစ်မိသားစုလုံး အိမ်တန်ရာရောက် သွားကြိုပြီးမှ ခေါ်လာသည်။
မြစိမ်းရောင်ပိုးပုဆိုးဝတ်ထားသော ခန့်ကိုကလည်း ဒီနေ့တော့ သန့်ပြန့်နေသား။ ပြောလို့ပြောတာမဟုတ်။ အရပ်ရှည်ရှည်၊ မျက်နှာချွန်းချွန်းနှင့် သူ့သူငယ်ချင်းက ချောတဲ့ထဲပါပါသည်။ အမြင်ကတ်လို့သာ တစ်ခါမှ ထုတ်မပြောဖြစ်ခြင်း။
ဧည့်ခန်းတွင် နှစ်ဖက်မိဘများနှင့် ရပ်မိရပ်ဖများစွာ စုံလင်နေသည်။ အလည်က နှစ်ယောက်ထိုင်ဆိုဖာလေးတွင်တော့ ခန့်ကိုနှင့် ပန်းလေးက နေရာယူထားသည်။
ခန့်ကိုတို့ မခန့်ပေါက်က လူကြီးတွေရှေ့တောင် ပန်းလေးလက်ကို ဆုပ်ကိုင်ထားရဲ၏။ သတ္တိကတော့ သူ့သူငယ်ချင်းလို့မပြောရ။
အင်း .. ပန်းလေးကလည်း သူ့အပေါ် အနွံတာခံ ချစ်လွန်းတာကိုး။ ခုလည်း ရိုးရိုးယဉ်ယဉ်ကလေး ထုံးဖွဲ့ကာ ချစ်စရာကောင်းနေတော့ ဒီကောင် ဘယ်လက်လွှတ်ခံနိုင်ပါ့မလဲ။
အနှီမင်္ဂလာစုံတွဲကိုကြည့်ရင်း သူနဲ့လူကြီးတောင် ဒီလို မစေ့စပ်ဖြစ်ခဲ့ကြောင်း ခန့်ခန့် တွေးမိလာသည်။ သူတို့အဖြစ်က ရယ်စရာတော့ အကောင်းသား။ မိဘတွေ သဘောတူတာနှင့် ဟန်တောင်မဆောင်၊ မင်္ဂလာတန်းဆောင်ခဲ့ကြတာမလား။ ဒီတော့ ခုလိုအဆင့်တွင် ဘယ်လိုရင်ခုန်နေကြမည်ကို သူ သေချာစွာ မခံစားဖူးပေ။
ခဏအကြာတွင် စေ့စပ်ကြောင်းလမ်းခြင်းအမှု ပြီးမြောက်၍ စားသောက်ဖွယ်ရာများနှင့် တည့်ခင်းဧည့်ခံသည်။
ဖိတ်ကြားထားသည့် လူကြီးတွေကိုတော့ အိမ်ထဲတွင်သာ ဧည့်ခံပြီး ဆွေနည်းမျိုးစပ်များနှင့် သူငယ်ချင်းတွေကတော့ ခြံထဲကမြက်ခင်းပြင်တွင် စားပွဲအစီအရီနှင့် နေရာယူကြသည်။
သူတို့ ယောကျ်ားလေး သူငယ်ချင်းအဖွဲ့တွေကတော့ မစားရသေး၊ စားပွဲအရင်ထိုးရသည်။ တကယ်က အသေးစိတ်စီစဉ်ပေးဖို့ မနေ့ညနေကတည်းကရောက်နေခဲ့ကြတာ သူတို့ ညတောင်ပြန်မအိပ်ဖြစ်ကြ။ ခန့်ကိုဆီမှာတင် အိပ်ရသည်။
စားပွဲထိုးတာကအစ ကားလိုက်မောင်းပို့ပေးတာအဆုံး သူငယ်ချင်းပွဲအတွက် အကုန်လုပ်ပေးကြသည်။ ခန့်ခန့် မင်္ဂလာပွဲတုန်းကလည်း ဒီလို ကူညီခဲ့ကြတာပင်။
နေလေးမြင့်လာတော့ စေ့စပ်ပွဲက ပြီးသလောက်ဖြစ်သွားသည်။ သူငယ်ချင်းအဖွဲ့တွေလည်း ခဏနားရပြီဖြစ်သလို သတို့သားလောင်းလည်း လာထိုင်နိုင်လေပြီ။
"ဘယ်လိုလဲ .. စေ့စပ်လိုက်ရတော့"
ပန်းလေးမိဘတွေ ပြန်မပို့သေးခင် အားလုံးဝိုင်းဖွဲ့နားနေခိုက် ခန့်ခန့်က မေးလိုက်ခြင်းပါ။ ဂိမ်းဆော့သူကဆော့၊ အချိုပွဲစားသူကစားနှင့် စားပွဲဝိုင်းက ၂၄နှစ်အရွယ်ကောင်လေးတသိုက် စုံလင်နေကြသည်။
"မဆိုးပါဘူး .. ပန်းလေးနဲ့ သိပ်မကြာခင် အတူတူနေသွားရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားစရာပဲ။"
"မင်းထပ်မရှုပ်ဖို့ပဲလိုတယ်"
ခန့်ခန့် တိုးတိုးကပ်ပြောလိုက်ခြင်းသာ။
"သိပါတယ်ဟ။ စေ့စပ်လိုက်ပြီဆိုတော့ ပန်းလေးအပေါ် ငါတာဝန်ရှိသွားပြီလေ။ ငါ သူ့ကို တန်ဖိုးထားပါတယ်။"
ယုံပါသည်။ ဒီသူငယ်ချင်းနဲ့ ပေါင်းခဲ့တာ ငယ်ငယ်တည်းကမို့ သူ့အကြောင်း ကောင်းကောင်းသိပြီးသား။
'တန်ဖိုးထားပါတယ်' ဆိုသည့်စကားက မိန်းကလေးမှမဟုတ်။ လူတိုင်း ကိုယ့်ကြင်ဖက်အပေါ် ထားသင့်သည့် အခြေခံစိတ်သဘောထားဖြစ်သည်။
ကိုယ့်ကြင်သူက မိန်းမမို့၊ ယောကျ်ားမို့၊ ယုတ်စွအဆုံး Gayမို့ဆိုသည့် အကြောင်းပြချက်တို့နှင့် လူသူရှေ့ကစ အနိုင်ကျင့်၊ တန်ဖိုးမထားကြတာမျိုးတွေ မဖြစ်သင့်။ ပြီးလျှင် အဲ့ဒီလူပဲ တန်ပြန်မေတ္တာပြန်စူးမှာမို့။
ခန့်ကိုနှင့် လင်းသူတို့ စနောက်သံတွေကြား သူ့အတွေးတွေက လွန်သွားသေးသည်။ ထိုအခိုက် အင်္ကျီအိတ်ထဲထည့်ထားသည့် ဖုန်းက တုန်ခါလာတော့၊
"Hello လူကြီး"
Hello ထူးသံနှင့်အတူ ထဟန်ပြင်တော့ ဘေးကကောင်တွေက အသွားမခံ၊ နေရာမှာတင်ပြောရန် အတင်းကာရော ဆွဲထားကြသည်။
ဟင်း .. ။
မနေ့ညကလည်း ဒီကောင်တွေ နှောင့်ယှက်လို့ ဖုန်းကောင်းကောင်းမပြောရ။
လူကြီးက အရေးကြီးသည့် LOEY Fashion show အတွက် ဟိုတယ်မှာတင်အိပ်တာ ၂ညရှိလေပြီ။ သူကလည်း ခန့်ကိုဆီ လာအိပ်ပြီး ကူနေရ၍ နှစ်ယောက်သား ဖုန်းကို ကောင်းကောင်းမပြောရ။
တကယ်ဆို အိမ်ထောင်ကျပြီးကတည်းက တစ်ခါမှတောင် ခွဲအိပ်ဖူးတာမဟုတ်။ တစ်နှစ်ကျော်အတွင်း ဒါပထမဆုံးပင်။
"စေ့စပ်ပွဲက အဆင်ပြေလား ကလေး၊ ပြီးရင် ဟိုတယ် တန်းလာခဲ့တော့။"
"အာ နေဦး။ ပန်းလေးတို့မိဘတွေ လိုက်ပို့ရဦးမှာ။ ပြီးမှ အိမ်ဝင်၊ ပြင်ဆင်ပြီး လာခဲ့မှာ.."
မနက် ၁၀နာရီတောင် မရှိသေးတာကို လူကြီးဆိုတာက အရမ်းလောနေသည်။ ပွဲကဖြင့် ညနေစောင်းမှ စမည့်အရေး။
"ဒီကိုတန်းလာခဲ့ပါကွာ၊ ကိုယ်လွမ်းနေပြီ ကလေးရ"
ကျားကိုးစီးစားမကုန်သည့် ခန္ဓာကိုယ်ကြီး ပိုင်ဆိုင်ထားသူက ဒီလိုချွဲ့ချွဲ့နွဲ့နွဲ့လေသံနဲ့ အပျော့ဆွဲတတ်တယ်ဆို ဘယ်သူမှယုံမှာမဟုတ်။
ဘယ်ယုံကြမလဲ .. ကြားမှလည်းမကြားဖူးတာ။ သူပဲကြားပြီး သူပဲ ကြွေဆင်းနေရသည့်အဖြစ်။
"ပြီးရော .. လာခဲ့မယ်။ ဒါပဲနော်.."
"ဟေး ကလေး၊ အဲ့လိုဖုန်းချရကြေးလား။ ကတိကို မေ့တော့မလို့လား"
ခန့်ခန့် သိသည်။ ကရော်ကမယ် ပေးခဲ့သည့်ကတိကို ဒီအခြေအနေတွေအတွက် ကြိုမစဉ်းစားခဲ့မိ။ သို့သော် ကတိအတိုင်း လုပ်ဖို့ကလည်း ဘေးကကောင်တွေက သူ့ကို ပြူးကြောင်ကြီးတွေ ဝိုင်းကြည့်နေကြသည်။
"ဟိုကောင်တွေ ဘေးမှာရှိတယ်ဗျ.."
ခန့်ခန့် အသံကို ခပ်ကြိတ်ကြိတ် ပြောခြင်းပါ။
"မရဘူးကွာ။ ကိုယ့်တုန်းကလည်း ဘယ်သူရှိရှိ မပျက်ကွက်ခဲ့ဘူး။"
"အင်းဗျာ.."
သူ့အပြောကို ဘေးကနေ အာရုံစိုက်ကြည့်နေကြတဲ့ကောင်တွေက တကယ်ရှိသည်။
ခန့်ခန့်လည်း မတတ်သာတော့။ ခေါင်းကို စားပွဲပေါ်မှောက်ချလိုက်ရင်း၊
"ချစ်တယ် .."
Mission တစ်ဝက်တော့ အောင်မြင်သွားသည်။ ဟိုကောင်တွေ အသံထွက်မလာတော့ အခြေအနေကောင်းပုံပါပဲ။
"အာဘွားနော် .."
"ဟားဟားး"
တိုးတိုးပြောလိုက်သောသူ့အသံက တစ်ဝိုင်းထဲထိုင်နေသည့်ကောင်တွေအဖို့ ရယ်စရာအတိ ဖြစ်သွားတော့သည်။
"ယောကျ်ားယူထားတဲ့ကောင်လည်း မလွယ်ဘူးဟေး"
"ဟုတ်ပါ့ကွာ.."
ထင်သားပဲ .. ဒီကောင်တွေ။ ဒါမို့ ကြိတ်ပြီးနားထောင်နေကြတာ။
'ချစ်တယ်' ပြောရတာလောက်က သိပ်မရှက်သော်လည်း 'အာဘွား' ကြီးကတော့ လွန်လွန်းသည်။ တွေ့မှ ကတိစကားကို အနည်းငယ် ပြန်ပြင်ခိုင်းရဦးမည်။
သို့နှင့် ရှက်ရမ်း,ရမ်းပြီး ထိုစကားဝိုင်းမှ ထထွက်ခဲ့ရသူမှာ ခန့်ခန့်တစ်ယောက်ပါ။
.....................
(၃)
ဟိုတယ်တန်းလာဖို့ ခေါ်ခဲ့သူက ခန့်ခန့်ရောက်လာတော့ အသင့်ရှိမနေ။ Peter တို့အဖွဲ့အား နေ့လည်စာ လိုက်ကျွေးနေရသည်တဲ့။
ဒါမို့ သူလည်း လူကြီးအမြဲယူထားသည့် ကိုယ်ပိုင်အခန်းကို ပိုင်စိုးပိုင်နင်း တက်ခဲ့တော့သည်။ ဝန်ထမ်းတွေကလည်း သူတို့ လင်-လင်နှစ်ယောက်ကို ရိုးနေပြီမို့ ထူးထွေမေးမနေတော့ .. အသာပြုံးရင်း smart key card ကို ပေးလိုက်သည်။
ခန့်ခန့်မှာ မနက်အစောကြီးကတည်းက ထကူထားရတာမို့ ပင်ပန်းနေလေပြီ။ အချိန်ကလည်း နေ့လည်၁၂ခွဲပဲ ရှိသေးတာမို့ သူ အိပ်လို့ရသေးသည်။ စေ့စပ်ပွဲကနေလည်း အဝကြိတ်လာပြီးသားဆိုတော့ ဝမ်းရေးက သိပ်ပူစရာမလိုတော့။
ပင်ပန်းနေသည့်ခန့်ခန့်မှာ ခဏနှင့် အိပ်ပျော်သွားသည်။ သို့သော် အိပ်နေကျနေရာမဟုတ်တော့ စိတ်ဖြောင့်ဖြောင့်တော့ မဟုတ်။ အိပ်မက်ကမ္ဘာထဲတွင် အသံတချို့က ကြားတစ်ချက်၊ မကြားတစ်ချက်နှင့် နှောင့်ယှက်သည်။
Smart key card နှင့် တံခါးဖွင့်ဝင်လာသည့် အသံ၊
နောက် ခပ်စိတ်စိတ်ကြားလာရသော ခြေသံ၊
ပါးတစ်ဖက်ကို ပွတ်သပ်ခံလိုက်ရသော အထိအတွေ့။
သူ သေချာပေါက် အိမ်မက်ကမ္ဘာထဲက လွတ်မြောက်သွားသည်။ မျက်လုံးဖွင့်မကြည့်ရသေးသည့်တိုင် အကြိုက်ဆုံးသော ကိုယ်သင်းရနံ့လေးက နှာဖျားတွင် သင်းခနဲ။
ဘာပဲလုပ်ပေးရ၊ ပေးရပါ။
တစ်သက်လုံး အညံ့ခံရမယ်ဆိုရင်တောင်
ရနေချင်တာ အဲ့လူကြီးရဲ့ဒီရနံ့လေး..။
"မျက်လုံးမဖွင့်ဘဲ ဘာတွေပြုံးနေတာလဲ ကလေးရ။ ရောက်နေတာကြာပြီလား။"
မဖွင့်သေးသောမျက်လွှာလေးတွေက သူ့အနားမှာ လူကြီးရဲ့ ဒူးစွန်းတစ်ဖက်တင်လာတာကို ကောင်းစွာသိသည်။ ဒီတော့ ထုံးစံအတိုင်း သူ ရရာဖက်ရင်း အိပ်ချင်မူးတူး ညီးညူပြန်၏။
"အင်း .."
"ဒါဆို ထတော့!"
"Kiss ပေးမှ .."
နှစ်ခါချွဲစရာမလိုပါ။ အနမ်းတစ်ချက်က ခပ်ဖောင်းဖောင်း ပါးပြင်ပေါ် ကျရောက်လာသည်။ ပြီးတော့ နဖူးနှင့် နှာဖျား။ စောင်းလျက်အနေအထား အိပ်နေတာမို့ နေရာအနှံ့မနမ်းနိုင်တာ ခန့်ခန့် သိသည်။
သူ ဘယ်လောက်ချွဲချွဲ အလိုလိုက်ပေးနိုင်သောဒီလူကြီးအဖို့ စိတ်ပျက်စရာဆိုတာ ဘာများရှိနိုင်ဦးမလဲ သိချင်မိသည်။ ဒီလောက်ထိ သူ့ကို အလိုလိုက်ချစ်တဲ့လူကြီး။
"ဘယ်နှနာရီရှိပြီလဲ.."
ကုန်းရုန်းထပြီးမေးတော့ မျက်လုံးကဖွင့်နိုင်ပါပြီ။ ဆံပင်နှင့် အင်္ကျီကတော့ ကြေမွကာ ဖရိုမရဲ နိုင်နေသည်။
"၂နာရီထိုးတော့မယ်။ ဗိုက်ဆာလား။"
"ဟင့်အင်း.."
လူကြီးတို့များ ယူထားတဲ့ယောကျ်ားကို ဝက်ကျနေတာပဲ။ ဗိုက်ဆာလားပဲ မေးနေတတ်သည်။ ကြာရင်လည်း နဂိုဖောင်းသည့်ပါးက ဇီးဖြူသီးငုံထားသလို ဖြစ်တော့မည်။
"ဒါဆိုအိပ်ချင်ပြေ ခဏအကြောအချဉ်ဆန့်ဦး။ ပြီးမှ ရေချိုး။ ကိုယ် ဝတ်ရမယ့် Suit တွေ သွားပြင်လိုက်ဦးမယ်။"
"နေဦးလို့ .. ခေါ်တုန်းကခေါ်ပြီး အနားမနေဘူး။ ဘယ်လိုလူလည်း မသိဘူး .. ခင်ဗျားကြီး"
ခန့်ခန့် ဒီလိုပြောတော့လည်း အလုပ်ရှုပ်နေသူက လာဖက်ပေးထားရှာပါသည်။
ခန့်ခန့်ဆိုတာ နှစ်တစ်ထောင်၊ တစ်သောင်းမက ဒီရင်ခွင်ထဲမှာပဲ ခိုအောင်းချင်နေတာမျိုး။ လွမ်းပါတယ်ဆိုပြီးလည်း တသသ ပြောပြချင်နေတာမျိုး။ ဒီလိုပြောလို့ သူကိုယ်သူတော့ လွန်တယ်မထင်ပါ။
အလွမ်းဆိုတဲ့ ဂုဏ်ပုဒ်က အနီး၊ အဝေးနဲ့ သိပ်ဆိုင်တာမျိုးမဟုတ်။
မျက်စိရှေ့မြင်နေရတာတောင်
တကြည့်ကြည့်နဲ့ လွမ်းဆဲ .. လွမ်းမြဲ ။
ဒီလူဖြစ်နေလို့ကို အမြဲလွမ်းနေရတာမျိုး .. ။
...............
(၄)
• LOEY Fashion Show •
ပုံမှန်နှင့်မတူ စားပွဲ၊ ထိုင်ခုံ အခင်းအကျင်း ..
အလယ်လျှောက်လမ်းက Model တို့အတွက်သာ ဖြာကျနေသော အလင်းရောင် ..
Fashion ကို စိတ်ပါဝင်စားသူတို့သာ တက်ရောက်ကြသော ဒီပွဲလေး ..
Hall အတွင်း ပျံ့လွင်နေသောတေးသွားတို့က လျှောက်လမ်းရှိ Model တို့ကို ပိုသွက်လက်စေသည်။
လျှောက်လမ်းဘေး တစ်ဖက်တစ်ချက်က ဧည့်သည်တို့ကလည်း Fashion Design အစုံအလင်တို့ကို ကြည့်ရသည့်အတွက် သဘောကျစရာ ဖြစ်နေသည်။ တွေ့နေကျနဲ့မတူသော အနောက်တိုင်းဖက်ရှင်မို့ အမြင်ဆန်းတာလည်း ပါလိမ့်မည်။
ခဏကြာတော့ LOEY brand ၏ မြန်မာနိုင်ငံ Representative ဖြစ်သည့် Lucas က ကျေးဇူးတင်စကား ပြောသည်။
ပြီးလျှင် ဧည့်သည်တွေနှင့် အချင်းချင်းမိတ်ဆက်၊ စကားပြောကြရင်း ပွဲလေးက လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ မီးရောင်တို့လည်း အားလုံးလင်းထင်းသွားလေပြီ။
Fashion show အောင်မြင်စွာ ပြီးမြောက်သည်ဟု ဆိုနိုင်၏။
"Congratulations, Lucas!"
"ကျေးဇူးတင်ပါတယ် ဇေယျာ"
အောင်မြင်စွာပြီးဆုံးသည့်ပွဲအတွက် စီစဉ်သူအားလုံးက ဝမ်းသာနေကြသည်။
အထူးသဖြင့် Lucas တစ်ယောက်ပေါ့။ ဇေယျာ့ထက် အသက်ကြီးသော်လည်း ၃၅နှစ် မထင်ရလောက်အောင် ရုပ်ဖြောင့်သူတစ်ယောက်။ ဝတ်ထားသည့် ခဲရောင် suit ကြောင့် Gentle Man style ပေါ်လွင်နေသည်။ Peter ကလည်း သူ့စီနီယာအတွက် ဝမ်းသာနေတာပင်။
"ဒါက ကျွန်တော့အမျိုးသား စိုင်းမင်းခန့်ပါ။ Peter နဲ့တော့ Online ပေါ်က တွေ့ဖူးပြီးသားနော်.."
ဇေယျာ မိတ်ဆက်ပေးတော့ Lucas ရော၊ Peter ကပါ လက်ဆွဲနှုတ်ဆက်ကြသည်။
"စိုင်း မင်း ခန့် ? "
Lucas က နာမည်ကို ခေါ်ရခက်ဟန်နှင့် တစ်လုံးချင်း ရေရွတ်သည်။ အနောက်နိုင်ငံသားတစ်ယောက်အတွက် မြန်မာနာမည်က ခေါ်ရခက်နေမှာ ခန့်ခန့် သဘောပေါက်လိုက်သည်။
"ခန့် လို့ ခေါ်နိုင်ပါတယ်"
Lucas မျက်လုံးလေးတွေ မှေးစင်းသည်အထိ သဘောတကျရယ်သည်။ ပုပုသေးသေးနှင့် ဖြူမွတ်နေသော အာရှသားလေးက သူ့အတွက် အသည်းယားစရာ ဖြစ်နေသည်။
"မင်းကချစ်စရာကောင်းတယ် .. ခန့်"
ထိုအခြေအနေကို အကဲခတ်နေသူမှာ ဇေယျာတစ်ယောက်သာ။ ချစ်စရာကောင်းတယ်ပြောရသည်မှာ နိုင်ငံခြားသားတစ်ယောက်အဖို့ ဘာမှမခက်သော်လည်း ကြားရသည့်သူက အဆင်မပြေ။
Peter ကတော့ ဖာသီးဖာသာ ဝိုင်ခွက်ကို ဟန်ပါပါကိုင်ရင်း ဟိုငေးဒီငေးနှင့် .. ဇေယျာ့အဖြစ်ကိုလည်း သိပုံမပေါ်။
"Lucas ဒီမှာ အကုန်အဆင်ပြေပြီလား"
ပြုံးရယ်နေသူနှစ်ယောက်ကြား ဇေယျာက စကားဖြတ်ပြောသည်။
"နေရာအထိုင်ကျဖို့ အားလုံးစီစဉ်ပြီးသားဆိုတော့ သိပ်မလိုတော့ဘူး။ ခဏနေပြီးရင်တော့ UK ပြန်ဖြစ်ဦးမယ်။ Peter မင်းက ဘယ်တော့လောက်ပြန်မလဲ"
ငေးနေသော Peterက နာမည်ခေါ်လိုက်မှ လေးယောက်စကားဝိုင်းကို အာရုံရလာသည်။ သူက အဖေဖြစ်သူ Mr. Smith လည်းရှိတာမို့ ခဏတော့အေးဆေးနေဖို့ ဆုံးဖြတ်ထားသူပင်။
"ကျွန်တော် မပြောတတ်သေးဘူး။ ပြီးတော့ ဇေယျာ အားမယ့်အချိန် စောင့်ဦးမယ်။ အင်းလေးက ကြောင်လေးတွေနေတဲ့ရွာကို လိုက်ပို့ဖို့ ပူဆာထားတယ်လေ။"
"အင်းလေး?"
Lucas က မကြားဖူးသည့် မြို့နာမည်ဖြစ်တာမို့ စိတ်ဝင်စားဟန် မေးလာသည်။
"ရေပေါ်မှာ အိမ်လေးတွေဆောက်ထားတဲ့မြို့ပေါ့။ ပြီးတော့ အဲ့ဒီမှာ ရှားပါးမျိုးစိတ်ဖြစ်တဲ့ ဗမာကြောင်အစစ်လေးတွေ ရှိတယ်တဲ့။"
"ကိုယ်ရောလိုက်လို့ရမလား ဇေယျာ"
Peterက ရှင်းပြသော်လည်း ဇေယျာ့ကိုသာ တိုက်ရိုက်ကြီးမေးလာသည်။ သူ အဖြေရကြပ်သွား၏။ Peter ကို လိုက်ပို့ရင်း ကလေးနဲ့ပါ ခရီးထွက်မယ် သူ စိတ်ကူးထားခဲ့တာ။ ခုတော့ အပိုလူက ပါဦးမည်။ သို့သော်လည်း ငြင်းမကောင်းတော့၊
"ရပါတယ်။ နောက်တစ်ပတ်ပိတ်ရက်မှ သွားဖို့စီစဉ်ထားတာ။ Lucas ပြန်မယ့်အချိန်ဖြစ်နေမလား။"
"ရတယ်။ နောက်ရွှေ့လိုက်မယ်လေ။ မင်းတို့နဲ့ အတူသွားရမယ့်ခရီးအတွက် အရမ်းစိတ်လှုပ်ရှားနေပြီ။"
မလိုက်စေချင်၍ နောက်အပတ်ပြောသော်လည်း အလိုက်မသိသူ အမောင်နိုင်ငံခြားသားက ဇွတ်ပါပေ။
ကလေးကို သဝန်တိုလိုက်တာကွာ ..။
.
အချစ် နှင့် သဝန်တိုမှု။
အင်း .. အချစ်နဲ့ သဝန်တိုခြင်းဆိုတာ ကော်ဖီနဲ့ သကြားလိုပဲ .. အစွန်းနှစ်ဖက်ပေမယ့် ခွဲခြားမရနိုင်တဲ့ အရာနှစ်ခု။
ချစ်လို့သဝန်တိုတာ ချစ်စရာကောင်းသည်။ ချစ်ခြင်းအရှိန်ကို ပိုတိုးစေသည်။ ကြင်သူနှစ်ယောက်လုံးကိုလည်း စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်၏။
သို့သော် သံသယစိတ်နဲ့ သဝန်တိုလာလျှင်တော့ .. အသွားပါသည့်ဓားချွန်တစ်ချောင်း အသားထဲစိုက်မိနေသလို တဖြည်းဖြည်းလှိုက်စားသွားမှာမလား။
ဒီလိုပဲ ရင်ဘတ်ချင်းချည်ထားတဲ့ နှောင်ကြိုးတွေလည်း တစ်ကြိုးချင်းစီ ပြတ်တောက်သွားနိုင်တာပေါ့။
ဒါဆို ဇေယျာ့ရဲ့ သဝန်တိုမှုကရော .. ။
.......................
(၅)
[Hier müsste ein GIF oder Video sein. Aktualisiere jetzt die App, um es zu sehen.]
🎵 ရွှေလရယ်သာ .. လာချင်ပါရဲ့လေး
ရွှေလမှာ ကြယ်တွေဝိုင်းလို့
မောင်ကြံတိုင်း မယ်မပါ .. ဝေးတဲ့ဖူးစာ။
အင်းလယ်မှာ ရွှေကြာပန်း
ဆွတ်လှမ်းဖို့ သူဟန်ပြင်
ဝေးတယ်လို့မြင် ..
ဝေးတယ်လို့မြင် .. မယုံချင် မယုံချင်
ဒို့ကန်သာ သာစေကြောင်းရယ်
ရိုးရာမှာမြင်လို့သွားအောင်
မောင်ကြီးရယ် .. ပေးမယ့်မေတ္တာ။ 🎵
ဟိုတယ်မှ ပျံ့လွင့်နေသော အင်းလေးတိုက်တေးတစ်ပုဒ်။
အင်းလေး၏ ညပိုင်းကလေးကား အေးချမ်းသည်။ ဆည်းဆာချိန်ရောက်ကြသော သူတို့လေးယောက်အဖို့ ဒီနေ့အတွက်တော့ ဘယ်မှမသွားဖြစ်ကြ။ ညစာကိုလည်း ဟိုတယ်ကပြင်ဆင်ပေးသော အင်းရေပြင်အထက် သစ်သားစောင်းတဲလေးတွေတွင် သုံးဆောင်ရသည်။
"စားကောင်းရဲ့လား။ ဘာလိုသေးလဲ ကလေး"
"ကောင်းပါတယ်။ ဘာလဲ .. လူကြီးက အင်းလေးစာ မစားတတ်ဘူးလား။"
ဇေယျာက ခေါင်းရမ်းရင်း အဆင်ပြေကြောင်းပြောပါသည်။ အစားဆို ချေးများတဲ့ ခန့်ခန့်သာ စားနေကျမဟုတ်တာတွေ စားနေရ၍ သူ မေးကြည့်လေခြင်းပါ။
ခရမ်းချဉ်သီးမကြိုက်၊ နံနံပင်မကြိုက်၊ ဟိုဟာမကြိုက်၊ ဒီဟာမကြိုက်က အများသား။ ပါလာရင်လည်း ဒိုင်ခံဖယ်ပေးရတာ ဇေယျာပါ။
ထိုတိုးလျသော ကြည်နူးသံများကို မြန်မာစကား နားမလည်သူ Lucasက သေချာအကဲခတ်နားထောင်နေသည်။ ပြီးတော့ ခပ်ထေ့ထေ့လေး ပြုံးလာသည်။
"ဒါနဲ့ ခန့်က ဘာအလုပ်လုပ်လဲ။"
စားနေရင်း အမေးခံလိုက်ရတာမို့ ခန့်ခန့် ခေါင်းထောင်လာသည်။ ဇေယျာကတော့ အနည်းငယ် မျက်နှာညိုသွား၏။
ဟုတ်သည်လေ .. တစ်လမ်းလုံးလည်း အလုပ်အတူလုပ်သည့် သူနဲ့မဟုတ်ဘဲ ကလေးကိုသာ စကားတွေ ဖောင်ဖွဲ့ပြီး လာ,လာပြောနေတာ .. သူ အမြင်မကြည်တော့။
"လောလောဆယ် ဖေဖေ့ကုမ္ပဏီမှာ Web developer အနေနဲ့ ဝင်လုပ်နေတယ်။ IT Support Analyst တစ်ယောက်လည်းဖြစ်ဖို့ ကြိုးစားနေတယ်။"
"Wow! ခန့်က IT Field မှာ အလုပ်လုပ်တာလား။ ကျွန်တော် College တက်တုန်းကလည်း Programming ဘာသာရပ် ယူခဲ့တာလေ။ ဟက်! တော်တော်ခက်ခဲလိုက်သေးတယ်။"
"ဟုတ်လား"
အပြုံးလေးတစ်ပိုင်းနဲ့ ပြန်ပြောနေသော ခန့်ခန့်ကို ဇေယျာ လှည့်ကြည့်လာသည်။ တကယ်တော့ သတိပေးနေသည့်သဘော။
ခန့်ခန့်တစ်ယောက်မှာတော့ ဘေးကသူ့အမျိုးသား အရိပ်ပြတာကို လုံးဝမမြင်။ သူ့နယ်ပယ်ဖြစ်သည့် IT အကြောင်း ပြောနေရတာမို့ အပျော်ကြီးပျော်နေပုံနှင့်။
တော်တော်နှင့် စကားစမပြတ်ကြသော ထိုနှစ်ယောက်ကြောင့် ဇေယျာ့မျက်နှာက ညိုသည်ထက် မည်းလာသည်။ ဒါကိုရိပ်မိသူက တစ်ဦးတစ်ယောက်တည်း .. Peter ပင်။
"Lucas ပြီးရင် သွားရအောင်လေ။ ဟိုဖက်တံတားလေးပေါ် လမ်းလျှောက်ရအောင်"
Peter အလိုက်သိစွာ ကြားဖြတ်ဝင်ခေါ်ပေးမှန်း ဇေယျာ သဘောပေါက်လိုက်သည်။
"Okay! ခန့်နဲ့ ဇေယျာရော လိုက်မယ်မလား။"
"တော်ပါပြီ။ ကျွန်တော့် Baby ကို ဆေးတိုက်ရဦးမှာမို့ .. နော်"
'Baby' ဆိုသော စကားလုံးကို သူ တမင်ထုတ်သုံးပြီး 'နော်' လို့ပြောလိုက်ချိန်တွင် နားသယ်စပ်ကို မထိတထိ နမ်းပြလိုက်သည်။ ခပ်ကြောင်ကြောင်လေး ဖြစ်သွားသူမှာ ခန့်ခန့်တစ်ယောက်သာ။
သို့နှင့် Peter နဲ့ Lucasက တစ်ဖက်ထွက်သွားကြသည်။ ဇေယျာကတော့ အချိုပွဲစားနေသည့် ခန့်ခန့်ကိုမစောင့်ဘဲ၊ အတူနေသော ဘန်ဂလိုဖက်ဆီ ထွက်လာခဲ့တော့သည်။
သူ သဝန်တိုတာမလွန်။ လေယာဉ်ဆင်းချိန်က Peter သတိပေးသော အပြောကြောင့် အနည်းငယ် တုန်လှုပ်မိတာမို့။
Lucas ကလည်း Gay ပဲတဲ့လေ။
သူ့ဘာသာ Gay ဖြစ်နေတာ ကိစ္စမရှိသော်လည်း ကိုယ့်လူကို လာမထိဖို့ အရေးကြီးသည်။ အလုပ်သဘောအရ ပတ်သက်နေလို့သာ သူ ဒီလောက်သည်းခံပေးထားခြင်းပင်။
"လူကြီး"
ခပ်သွက်သွက်လျှောက်နေသော ဇေယျာ့နောက် ခန့်ခန့် အပြေးလိုက်လာရသည်။ မှီလာတော့လည်း ဇေယျာ့ခါးကို သူ့လက်ကလေးနှင့်ဖက်ပြီး ယှဉ်တွဲလျှောက်သည်။
အရပ်ကကွာတော့ တကယ့် လက်ညှိုးနဲ့လက်မကလေးလို။
"စောင့်ပါဦးဗျ .. ထမင်းစားပြီး ပြေးလိုက်ရတာ မကောင်းဘူး။"
ဇေယျာ့က ခန့်ခန့်ကို အနည်းငယ် ငုံ့ကြည့်သည်။ ဘန်ဂလိုသွားသော သစ်သားလျှောက်လမ်းလေးမှာ မီးအဝါပြပြလေးတွေ ထွန်းထားတာမို့ မျက်နှာအမူအရာကို သဲသဲကွဲကွဲ မြင်ရသည်။
"မျက်နှာကြီးက ဘာလို့ဆူပုတ်နေတာလဲ။ ပြန်ဖက်ဦးလေ.."
ဇေယျာ ရှေ့ကြည့်လျှောက်ပြန်သည်။ ဘာမှတော့မပြောဖြစ်။ ပြောမိရင်လည်း သူ သဘောထားသေးသိမ်ရာကျမှာမို့ ကလေးကို မကျဉ်းကြပ်စေချင်။ သို့သော် စိတ်၏ထင်ဟပ်ရာဖြစ်သော မျက်နှာအမူအရာကတော့ လုံးဝလိမ်လို့မရ။
"ဒါနဲ့ ခုနက Baby လို့ ခေါ်လိုက်တယ်နော်။ ချစ်စရာလေး .. ပြန်ခေါ်ကြည့်ပါဦး"
စိတ်ခုနေလို့ တမင်ခေါ်ပြလိုက်တာကို ခန့်ခန့်မှမသိဘဲ။ ဒီတော့ အကြီးတာမယ့် စိတ်ဆိုးနေမှန််းသိအောင် သူ ဆက်စကားမပြောဘဲ နေလိုက်သည်။
"ဘာဖြစ်နေတာလဲဗျာ။ ခုနထဲက မျက်နှာကြီးဆူပုတ်နေတော့ သူများတွေအားနာစရာ။ ခုလည်းကြည့် ဆူပုတ်နေတာပဲ .. စိတ်မကြည်ရင်လည်းနေ .. လူကြီးနား မကပ်တော့ဘူး။ ကိုယ့်ဘာသာပဲ နေမယ်။"
နှုတ်ခမ်းဆူကာ ပြောပြောဆိုဆိုနှင့် ဖက်ထားသည့်လက်ကိုလွှတ်သည်။ ပြီးနောက် ဆောင့်အောင့်ပြီး ရှေ့ကထွက်သွားတော့သည်။
ဒီတော့မှ ခပ်ပြေပြေရယ်မိသွားတာ ဇေယျာတစ်ယောက်ပါ။
ဘယ်လောက်စိတ်ဆိုးဆိုး
ဆောင့်နင်းသွားတဲ့ ခြေသံတွေနောက်မှာ
သူ့မာနက ဝပ်ဆင်းပြီးသား။
အဲ့ဒီနှုတ်ခမ်းဖူးဖူးလေးတွေကပဲ
သူ့လက်နက်တွေကို အကြိမ်ကြိမ်ချစေပြီးသား။
မင်းက ဘယ်လိုနတ်ဘုရားတွေ
ဖန်ဆင်းပေးထားတဲ့ လူသားလေးလဲ .. ကလေးရာ။
"နေပါဦးကွာ .."
ဇေယျာ အနည်းငယ်ပြေးလိုက်ပြီး ခါးအုံလေးမှတဆင့် ခန္ဓာကိုယ်လေးကို သိမ်းကျုံးဖက်လိုက်သည်။ အသားစိုင်တို့ ရိုက်ခတ်မှုကြောင့် ရင်ထဲတသိမ့်သိမ့်။
အင်းလေးညချမ်း၏ မီးရောင်ပြပြအောက်တွင် လူသားနှစ်ယောက်က ပူးကပ်နေကြသည်။ ခြေလှမ်းတွေကို ရှေ့မဆက်ဖြစ်ကြဘဲ သစ်သားလက်ရန်းလေးဘေးသာ ရပ်နေဖြစ်ကြသည်။
ငြိမ်သက်နေသော အင်းလေးကန်ရေပြင်တွင် ကြယ်ရောင်လေးတွေ လက်နေသည်က ပြိုးပြိုးပြက်ပြက်။ ကောင်းကင်က လတစ်ခြမ်းလေးမှာလည်း ကြင်သူနှစ်ဦးကို ငေးကြည့်နေသယောင်။ လေနတ်သားလေးကလည်း မနေနိူင်စွာ .. သူတို့နှစ်ဦးအား ကလူကျီစယ်နေပြန်သေး၏။
"အေးတယ်နော် .. ကိုယ် ဖက်ထားပေးမယ်"
ခန့်ခန့် မရုန်းပါ။ ဒီလူသားနဲ့ ဘယ်လိုအနေအထားမှာမဆို အတူတူရှိချင်တာမို့ အနောက်ရင်ခွင်ဆီ အသာမှီချလိုက်သည်။
နွေးထွေးသော ပွေ့ဖက်မှုလေးကတဆင့် အကြင်နာရေစီးကြောင်းကလေးက သူ့ထံ တစိမ့်စိမ့် စီးဆင်းလာသည်။ ဒီလိုဆိုတော့ သူ စိတ်မကောက်နိုင်လောက်အောင် အရည်ပျော်ကျသွားသည်။
ဆန်းတော့ဆန်းသည်။
လူကြီးက အပူမီး မဟုတ်သလို
သူကလည်း အရည်ပျော်နိုင်သည့် ရေခဲတုံးတော့မဟုတ်။
"ကိုယ် သဝန်တိုမိတယ်သိလား ကလေး"
"မယုံတာလား"
ခန့်ခန့် ပေါ့ပေါ့ပါးပါး မေးလိုက်ခြင်းပါ။
"ကလေးကို မဟုတ်ပါဘူး။ တစ်ဖက်လူကို မယုံတာ။ ကိုယ့်အမျိုးသားလေးကို အူတိုတာ.."
ပြောရင်း နားသယ်စပ်လေးကို နောက်ကရှိုက်နမ်းတော့ ခန့်ခန့်ခမျာ တွန့်သွားရသည်။ ဘယ်လိုမှ အနမ်းမခံနိုင်တဲ့ ထိုနေရာ။ ဒါကို လူကြီးက ကောင်းကောင်းသိထားသည်လေ။
"လက်ခုပ်က နှစ်ဖက်တီးမှမြည်တာပါ.."
ခန့်ခန့်၏ ထိုစကားလေးနဲ့ပဲ အင်းလေးညတစ်ညကို ကြည်နူးစွာ ဖြတ်သန်းကြသည်။
ကန်ရေပြင်ကြီးက ငြိမ်သက်လို့ ..
ကြယ်လေးတွေလည်း မှေးစင်းလာသည်။
ကြင်သူနှစ်ဦးလည်း ချစ်သွေးဖြာနေခဲ့လေပြီ။
..................
(၆)
အေးပါသည်ဟူသောအင်းလေး၏ ဆောင်းမနက်ခင်းက လူကို အနည်းငယ်တော့ တုန်ခိုက်စေသည်။ ဒါတောင် သူတို့ထွက်လာခဲ့တာ နေရောင်ပြပြမြင်ရသော မနက် ၉နာရီမှ။
အရပ်၈မျက်နှာပတ်လည်တွင် မှိုင်းပြာနေသော တိမ်စိုင်တွေကအပြည့်။ တောင်နံရံများက အင်းလေကန်ရေပြင်ကြီးကို ကာရံထားသည်။
စင်ယော်ငှက်တို့ကလည်း အစာရှာရှင်း ဟိုဒီမြူးထူး ပျံသန်းနေကြလေပြီ။ သူတို့လေးယောက်လိုက်ပါလာသော စက်လှေလေးသည်လည်း တထုတ်ထုတ်နှင့် ရေပေါ်အပြေးမောင်းနှင်နေသည်။
ဦးတည်နေသည်က Peter အရမ်းသွားချင်နေသော အင်းပေါခုံကျေးရွာက 'Inthar Heritage House' ဆီကိုပါ။
ထိုရောက်တော့ အင်းသားကြီးက သူ့စက်လှေကို တက်ရမည့်နေရာနှင့် ကပ်ရပ်ပေးသည်။ ပြီးလျှင် ရှေ့ဆုံးက ထိုင်လိုက်သော Peter က ဦးစွာတက်၏။ နောက် Lucus တက်သည်။
ကံကောင်းတယ်ပဲပြောရမလား၊ ကံဆိုးတယ်ပဲပြောမလား။
တတိယနေရာတွင် လိုက်လာသော ခန့်ခန့်အလှည့်မှ ရေလှိုင်းတစ်ချက်ပုတ်တော့ လှေကာ အနည်းငယ်ယိုင်သွားသည်။ ဒီတော့ နဂိုကမှ နမော်နမဲ့နိုင်သည့်ခန့်ခန့်က အပေါ်တက်ရင်း Lucas ပေါ် ပုံကျသွားသည်။ ဇေယျာက စက်လှေပေါ်မှာမို့ ဆွဲရန်လက်လှမ်းမမှီလိုက်။
ကံကောင်းတာက ကလေး ရေထဲချော်မကျလိုက်ပါ။ သို့သော် ကံဆိုးတာက Lucas ရင်ခွင်ထဲ တစ်ခါတည်းရောက်သွားသည်။
ရုပ်ရှင်ထဲက အနှေးပြကွက်တွေလို အကြာကြီးမဟုတ်သော်လည်း ဇေယျာက ရှူးရှူးရှဲရှဲ ဖြစ်သွားသည်။ Lucasက ရိုးရိုးလှမ်းထိန်းလည်း ရပါလျက် ရင်ဝနဲ့ ပွေ့ယူဖမ်းလိုက်တာကိုး။
"အဆင်ပြေလား ခန့်"
"ရတယ်၊ ရတယ်။ Sorry နော် .. လှေကယိုင်သွားလို့"
သူတို့နှစ်ယောက် အပေးအယူတည့်နေချိန် ဇေယျာက လှေပေါ်မှ အသာလေးဆင်းသည်။ ဘယ်သူမှ ကူစရာမလိုလောက်အောင် လွယ်သည်။ သူ စိတ်ပေါက်ပေါက်နှင့် ကလေးကိုတောင် မကြည်,ကြည့် တစ်ချက်ကြည့်လိုက်သေးသည်။
ဒါလည်း နားလည်ဟန်လည်း မတူပါ။ နေကာမျက်မှန်ကြီးတပ်ပြီး တွေ့သမျှ စိတ်ဝင်စားနေသည့် ဒီကလေး။
Peter ကတော့ ဗမာကြောင်လေးတွေရှိသည့် Burmese Cat Village ကိုသွားနေတာမို့ စိတ်လှုပ်ရှားနေပုံရသည်။
သစ်သားတံတားလေးကတဆင့် လျှောက်သွားရသော လမ်းသွယ်လေး။ ရေနံဂျီးဝနေသော သစ်သားအိမ်ကြီးက အုံ့ဆိုင်းနေသော ရာသီဥတုနှင့် ပနံရသည်။ တစ်ဖက်တွင်လည်း ကြောင်လေးတွေ ဝင်နိုင်ထွက်နိုင်အောင် ဆောက်ထားသော အိမ်ငယ်လေများက အစီအရီ။
ထိုအိမ်လေးတွေကြားမှ ဟိုဟိုဒီဒီ လျှောက်သွားနေကြသော ဗမာကြောင်လေးများ။ သူတို့ပြောပုံအရတော့ ရှားပါးဗမာမျိုးစိတ်ကြောင်များကို လန်ဒန်မှခေါ်ဆောင်ကာ အမွေအနှစ်တစ်ခုသဖွယ် ထိန်းသိမ်းထားသည်တဲ့။
ဗြိတိသျှကိုလိုနီလက်ထပ်၌ ဗမာကြောင်တွေကို အင်္ဂလိပ်လူကြီးမင်းများက အမြတ်တနိုးနှင့် ဘိလပ်ထိ ခေါ်ဆောင်သွားခဲ့တာကိုတော့ သူလည်း ဖတ်ဖူးသည်။ ကြောင်တွေကို ဒီလောက်မြတ်နိုးကြလိမ့်မယ်လို့သာ ဇေယျာ မတွေးဖြစ်တာ။
ဗမာကြောင်စစ်တာတော့ ဖြစ်နိုင်ပါသည်။ ရန်ကုန်တွင် တွေ့ဖူးသလို အမွှေးပွပြီး အရောင်စပ်လှသောကြောင်များလိုမဟုတ်။ ဒီကောင်တွေက ချောကလက်ရောင်၊ နက်ပြာရောင်နှင့် မီးခိုးရောင်များ ရောယှက်သည်။ အမွှေးမှာလည်း သိပ်မပွဘဲ ပြောင်စင်းနေသည်။
ထူးခြားသည်မှာ မျက်ဆံနက်နက်၊ အမြှီးတထောင်ထောင်နှင့် ထိုကြောင်တွေက သူ့ကိုကြည့်ကြည့်သွားတာ ကြက်သီးထစရာပင်။
ဇေယျာ ကြောင်တွေကို အသဲယားပါသည်။ ကိုင်လည်းမကိုင်တတ်သလို၊ ရဲလည်းမရဲပါ။ ဒါကို ကလေးကတော့မရ။
ခုတွေ့ .. ခုပွေ့ ဆိုတာ သူမှစစ်သည်။
အမွှေးတွေ ကပ်ကုန်မှဖြင့်။ ဘေးကနေကြည့်ပြီး ဇေယျာက မသက်သာ။ ပြီးလျှင် လက်သေချာဆေးခိုင်းပြီး အပိုဆောင်ထားသော အနွေးထည်ကိုပါ လဲခိုင်းရဦးမည်။ ဒီကလေးက သူ့style ပျက်လို့ ဆူအောင့်နေမှာတော့ သေချာပေါက်။ ဒါပေသိ ကျန်းမာရေးက အရေးကြီးသည်မလား။
"ကလေး ပွေ့ရုံပဲပွေ့လေ၊ လိုက်နမ်းမနေနဲ့။ မျက်နှာနဲ့ အနည်းဆုံး တစ်ပေလောက် ခွါထား။ ရောဂါပိုးတွေဘာတွေရှိရင် ဘယ်လိုလုပ်မလဲ။"
"အင်းပါ"
ခန့်ခန့်က ဒီလောက်သာပြောသော်လည်း ထိုကြောင်များကို စောင့်ရှောက်သည့် အမျိုးသမီးကတော့ ဇေယျာ့ကို မျက်စောင်းထိုးကြည့်သည်။ ကြည့်လည်းမတတ်နိုင်၊ ကိုယ့်ကလေးကိုယ် ပြောတာပဲမလား။
Peter ကလည်း ကြောင်တွေချစ်တတ်တော့ ပွေ့သည်၊ နမ်းသည်။ ပြီးနောက် အသင့်ပါလာသည့် Camera နှင့် ရှူ့ထောင့်မျိုးစုံက တစ်ကောင်ချင်းစီရိုက်သည်။ Lucas မှာတော့ ခုနက မျက်စောင်းထိုးသည့် အမျိုးသမီးရှင်းပြတာကို နားထောင်နေလျက်။
ဟင်း .. ဒီအခြေအနေကို ပျင်းရိနေတာ သူတစ်ယောက်တည်း ဖြစ်နေသည်ထင်။ ဒါမို့ ဇေယျာလည်း အရှုံးမပေး။ ကြောင်တွေလျှောက်သွားနေတာ ကြည့်မည့်အစား Inle Heritage Foundation အကြောင်း ပိုလေ့လာကြည့်သင့်သည်။
ဒီ Foundation က Non-profit အဖွဲ့အစည်းဖြစ်တာမို့ သူ စိတ်ဝင်တစားရှိခဲ့ဖူးသည်။ အမွေအနှစ်တွေထိန်းသိမ်းထားရုံမက အသက်မွေးဝမ်းကျောင်းပညာရပ် အမျိုးမျိုးကိုပါ သင်ပေးသေးသည်။ ဦးဆောင်သူ မယဉ်မျိုးဆုကိုလည်း သူ အားကျရပါ၏။
တွေးရင်း၊ ငေးရင်း၊ လေ့လာရင်းနဲ့ပဲ အချိန်တစ်ချို့ ကုန်ဆုံးသွားသည်။ ကျန်ခဲ့သည့် ၃ယောက်အဖွဲ့က ထွက်မလာသေး။ ဒီတော့လည်း သူကသာ သွားခေါ်ဖို့ Cat Village ဖက်သို့ ပြန်ထွက်ခဲ့ရ၏။
ထိုအချိန်တွင် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဇေယျာ့ဒေါသတွေ အလိပ်လိပ်တက်ကာ သွေးကြောတွေပင် ဖိန်းရှိန်းသွားသည်။
ကြောင်ကိုပွေ့ထားသော ကလေး၊
ထိုကလေးရဲ့ ပုခုံးပေါ်က Lucas ရဲ့လက်၊
ပြီးတော့ ပြုံးရယ်ရင်း အခါခါပြန်ရိုက်နေကြသည့် selfie။
အားလုံးက သူ့အတွက် စိတ်တိုစရာချည်း။ ကလေးက ပြုံးနေသည်။ Lucas ကလည်း ထိုနည်းတူ။ ပြီးတော့ သူ ရပ်ကြည့်နေသည့်အချိန်အတွင်းကို ပုခုံးပေါ် ဖက်ထားသည့်လက်က မချသေး။
အကောင်းမွန်ဆုံး အပြုံးကိုသုံးရင်း ဇေယျာ လျှောက်လှမ်းသွားလိုက်ရသည်။
သို့သော် ဒေါသရိပ်လွှမ်းနေသည့် မျက်ဝန်းတွေကို ခန့်ခန့် ကောင်းစွာမြင်လိုက်ရပါ၏။
..................
(၇)
"မင်းတို့ဟာက မလွန်လွန်းဘူးလား ကလေး။ ကိုယ့်မျက်စိထဲမှာ တော်တော်ဆိုးဝါးလာပြီနော် .."
ထမင်းစားသောက်အပြီး ဖောင်တော်ဦးဘုရားက လူသူရှင်းသည့် အရိပ်တစ်နေရာတွင်ဖြစ်သည်။ Peter နှင့် Lucas ကတော့ ဓာတ်ပုံရိုက်နေကြတာမို့ ဘုရားထဲ ကျန်ခဲ့သည်။
"လူကြီးဘာသာ သဝန်တိုပြီး မယုံသင်္ကာတွေ ဖြစ်နေတာ။ လူရှေ့သူရှေ့ ဒီတိုင်း ရိုးရိုးသားသား စကားပြောကြတာပဲလေ .."
"ဪ .. ရိုးရိုးသားသားဆိုတိုင်း လုပ်ချင်တာ လုပ်ရရိုးလား။ ကိုယ်က အိမ်ထောင်သည်လေ၊ ဆင်ခြင်စရာရှိတာ ဆင်ခြင်ရမှာပေါ့။ Cat village မှာ ပုခုံးဖက်ပြီး ရယ်မောနေကြတာက ဘာလဲ၊ ဟိုက အသားယူတာကို ငြိမ်ခံနေတာလား။ ပြီးတော့ ထမင်းစားတဲ့နေရာတောင် မရှောင်၊ MacBook ကို ရှေ့ချပြီး ရယ်မောနေကြတာလေ။ ဒီခရီးစဉ်မှာ မင်းယောကျ်ား .. ကိုယ် ပါနေတယ်ဆိုတာရော သတိရသေးရဲ့လားကွာ။"
ခန့်ခန့် စုတ်တစ်ချက်သပ်ရင်း ဇေယျာ့ကို စူးစူးဝါးဝါး ကြည့်လာသည်။ တကယ့်ဆို သူ့ဧည့်သည့်က ကိုယ့်ကိုလာပတ်သက်တာ။ သူကသာ ရှောင်ထွက်မနေဘဲ ဒိုင်ခံဧည့်ခံနေသင့်တာမလား။
"Selfie တူတူရိုက်တာ၊ သူပြတဲ့ Fashion design တွေကို စိတ်ဝင်တစားကြည့်မိတာ .. ဘာထူးဆန်းနေလို့ ဒီလောက်ကမ္ဘာပျက်နေတာလဲ။ ကျွန်တော်ကတော့ ယောကျ်ားချင်း ခပ်ပါးပါးပဲ။"
"အေး တခြားယောကျ်ားဆို မပြောဘူး။ အဲ့လူကလည်း ငါတို့လိုပဲ Gay မို့လို့ကွ။ နေပါဦး၊ ဒီကိစ္စလေးကြောင့်နဲ့ ဘာလို့ 'ကျွန်တော်' ဆိုတာက ထွက်လာရတာလဲ။"
ဇေယျာက ခန့်ခန့်ကိုယ်နဲ့ အနီးဆုံးထိကပ်ကာ အံကြိတ်သတိပေးသည်။ ရန်ဖြစ်လာရင် ခန့်ခန့်က 'ကျွန်တော်'လို့ သုံးနှုန်းတာ သူ အမုန်းဆုံးမို့လေ။
"မကျေနပ်လည်း မတတ်နိုင်ဘူး။ ဧည့်သည်တွေရှေ့ပါ အဲ့ဒီမျက်နှာ၊ အဲ့ဒီအချိုးကို မပြင်ရင်တော့ ကျွန်တော်လည်း မပြင်နိုင်ဘူး။"
ခြောက်လတစ်ခါတောင် ရန်မဖြစ်ဖူးကြသူတွေက တကယ်တမ်း ရန်ဖြစ်ကြပြီဆိုလျှင်လည်း စကားအရာအရ အသေအကြေပင်။ ရန်ဖြစ်ကြလျှင် ခန့်ခန့်က မဟုတ်မခံ၊ ဇေယျာက အမြဲလျှော့ပေးတတ်သည်။
ဒီတစ်ကြိမ်မှသာ ဇေယျာ အူတိုလွန်း၍..။
.
သူတို့အဖွဲ့လေးက အင်းလေးတွင် နှစ်ညသာ အိပ်ကြမှာဖြစ်သည်။ ဒါမို့ Peter စိတ်ကြိုက် နေရာစုံရောက်နိုင်ရန် ဇေယျာက စက်လှေသမားနှင့် တိုင်ပင်ကာ အချိန်လုပို့ရသည်။
တစ်နေကုန် အနှံ့လည်နေရတော့ ခန့်ခန့်ကလည်း နားချင်လာသည်။ လူကပန်းရသည့်ကြားထဲ လူကြီးနဲ့ပါ ရန်ဖြစ်ထားတာမို့ စိတ်ကမကြည်။ နေချိုချိုအောက်တွင် ရာသီဥတုက အေးမြနေလို့သာ သူ ခံသာတော့တာ။
အင်းလေကန်ရေပြင်တွင် နေရောင်ကြောင့် လှိုင်းကြပ်ခွပ်လေးတွေက ငွေမှုန်တွေကြဲဖြန့်ထားသလို လက်လက်ထနေသည်။ ဒီရေပြင်ပေါ်တွင် သူတို့စက်လှေလေး ဦးတည်နေသည်က Peter သွားချင်သည့် နောက်ဆုံးနေရာသို့။
အနောက်တိုင်းသားတွေကပဲ ပေါက်ပေါက်ရှာရှာမို့လားမသိ။ Peter သွားချင်သည်က နာမည်ကြီးနေရာတွေမဟုတ်ဘဲ ခရမ်းချဉ်သီးခင်းတွေကြား သွားချင်သည်တဲ့။
ကြားခါစက ခန့်ခန့် ရယ်တောင်ရယ်ချင်သွားသည်။ ဟင်း မထူးတော့ .. သူလည်း နေရာစုံရောက်ဖူးတာပေါ့။
စက်လှေဆရာခေါ်သွားသော ခရမ်းချဉ်သီးခင်းက အတော်လှပါသည်။ တိုင်ထောင်စိုက်ထားသော ခရမ်းချဉ်ပင်တွေမှာ အတန်းလိုက်အရှည်ကြီးတွေ။ ဒီကြားထဲက လှေတစ်စီးစာသွားရန်သာ ခြားထားသည်။ သို့နှင့် Camera ထုတ်ပြီး ဓာတ်ပုံရိုက်သူကရိုက်၊ လှေသမားရှင်းပြတာကို နားထောင်သူကထောင်နှင့် နိုင်ငံခြားသားနှစ်ယောက်က အလုပ်ရှုပ်နေကြသည်။
ဒီတွင် ခန့်ခန့်နှင့်ဇေယျာ၏ ပြဿနာက စပြန်သည်။
Peter နဲ့ Lucas က ဓာတ်ပုံရိုက်ရင်း လေ့လာကြသူတွေမို့ ဖြည်းဖြည်းသွားချင်သည်။ ဇေယျာကတော့ စိုက်ခင်းရှင်၏စက်လှေနှင့် အတူလိုက်ပြီး ခရမ်းချဥ◌်စိုက်ပျိုးသည့်လုပ်ငန်းကို သေချာလေ့လာချင်သည်။ ဒါကို ခန့်ခန့်က စိတ်ဆိုးနေတော့ မလိုက်ချင်။ တမင်သက်သက် ဂျစ်ကန်ကန်လုပ်ခြင်းလည်း ပါပါသည်။
ဒီလိုနှင့် နှစ်ယောက်သား တိုးတိုး,တိုးတိုး စကားများကြရာမှ အရှေ့ကလူတွေပါ လာကြသည်။ စက်လှေနှစ်စီးကြား သူတို့တွေ ဗျာများကုန်ကြရပါ၏။ တစ်ဖက်ကို ကူးရန်ပြင်နေသည့် ဇေယျာ့မျက်နှာကလည်း ဆူပုတ်လာတော့သည်။
"မလိုက်ရင် ကိုယ် ပွေ့ခေါ်ရ, ခေါ်ရ ခေါ်မှာနော်.."
ဇေယျာ ခပ်ကြိတ်ကြိတ်ပြောတော့ ခန့်ခန့်ကလည်း မကျေမနပ် ပြန်ကြည့်လိုက်သည်။
အခြေအနေ တင်းမာနေမှန်းကို မြန်မာစကားမတတ်သည့် Peter တို့ကအစ၊ လှေသမားတွေအဆုံး ရိပ်မိလာကြသည်။
ခန့်ခန့်ဆိုသည်မှာလည်း ဘူးဆိုတကယ်ကို ဖရုံမသီးချင်သူပါ။ ဒါပေသိ ဧည့်သည်တွေပါနေတာမို့ သူကပဲ အလျှော့ပေးပြီး တစ်ဖက်စက်လှေပေါ် တက်လိုက်ရသည်။ စိတ်ထဲတော့ အတော်အခဲမကြေစွာ။
ဒီလိုနှင့် Peter နှင့် Lucas တို့ စက်လှေက နောက်မှာကျန်ခဲ့ပြီး ခန့်ခန့်တို့က အရင်ပတ်ကြည့်နှင့်သည်။
ခရမ်းချဉ်ပင်တွေက သိပ်မမြင့်သေးသော်လည်း အသီးတွေက ရဲမှည့်နေသည်။ ခူးလက်စတောင်းတစ်လုံးကလည်းပါတော့ ခန့်ခန့် လက်လှမ်းမှီရာ အကုန်ခူးထည့်နေမိတော့သည်။ အရှေ့က လူကြီးနဲ့ စကားမပြောရလျှင် ပြီးရောမလား။
သို့သော် ခန့်ခန့်အဖို့ ခူးလေ၊ ခူးလေ .. အားမရလေဖြစ်လာသည်။ တချို့နီတာရဲအလုံးလေးတွေက စက်လှေဘောင်ကို လက်ထောက်ကာ အားစိုက်ခူးမှရသည်။ စိတ်လှုပ်ရှားဖို့ကောင်းပြီး လူကလည်း တကယ့်ကို ပြုတ်ကျချင်စရာ။
"ကလေး ကျမယ်လေ .. လှေဝမ်းထဲ ငြိမ်ငြိမ်ပြန်ထိုင်နေ"
အရှေ့ကနေ လှည့်ဆူလာသည့်အသံကြောင့် ခန့်ခန့် ဒေါသက ထွက်သထက် ထွက်သွားသည်။ ညင်ညင်သာသာ ပြောရင်တောင် သူ လက်ခံဖြစ်ဦးမှာ။ ခုဟာက မျက်နှာကြီးမဲကြီး မာန်အပြည့်နှင့်။ ဒီနေ့အဖို့တော့ သူ ဘာလုပ်လုပ် ဆူငေါက်နေဦးမည့်ပုံ။
စိုက်ခင်းရှင်ကပါ စိုက်ကြည့်လာတော့ ခန့်ခန့် ဒေါသက အထွဋ်အထိပ် ရောက်သွားလေပြီ။ လူရှေ့သူရှေ့ အဆူခံရတာကို သူမကြိုက်။ ငြိမ်နေသည့်နဂါးကို အမြှီးလာစမ်းသည့် လူကြီး။
ဖောင်း!
မှည့်ရွှမ်းနေသော ခရမ်းချဉ်သီးအား ကျောပြင်ကျယ်ဆီ ပစ်လွှတ်လိုက်ခြင်းပါ။ ခဲရောင်အဆင်းရှိသော Hoddie ကလေးတွင် ခရမ်းချည်သီး ပစ်ချွဲချွဲအနှစ်တွေမှာ ရဲခနဲ .. ။
"ကလေး မင်း.."
အငိုက်မိသွားသော ဇေယျာ့အဖို့ အောင့်သွားသောကျောပြင်ကို လက်ပြန်စမ်းကြည့်ရသည်။ နီနီရဲရဲ ခရမ်းချဉ်အနှစ်တွေ။ ထိုထက် ပိုရဲနီသည်က စိတ်တိုသွားသည့် ဇေယျာ့မျက်ဝန်းတွေပါ။
ခန့်ခန့်လည်း စိတ်တို၍သာ ပစ်လိုက်တာ၊ ခရမ်းချဉ်သီးက ကွဲသွားလိမ့်မည်မထင်ထားမိ။ အင်းလေးခရမ်းချဉ်သီး ရဲမှည့်ပုံကတော့ ခန့်ခန့်အဖို့ မတွေးရဲစရာ။
ဒီလိုနှင့် Peter တို့ကို မစောင့်တော့ဘဲ စိုက်ခင်းပိုင်ရှင် စက်လှေနှင့်သာ သူတို့ ဦးစွာ ပြန်ခဲ့ကြရတော့သည်။
သွေးပူတုန်း ဒေါသထွက်နေကြသည့် လူသားနှစ်ယောက်မှာ ဟိုတယ် ပြန်ရောက်သည်ထိ စကားမပြောဖြစ်ကြတော့ .. ။
.......................
(၈)
ဆောင်းလေကလေးက ကန်ရေပြင်ကိုဖြတ်ကာ သူ့ဆီအရောက် တိုးဝှေ့လာသည်။ နေရောင်မရှိတော့သည့် ညအချိန်မို့ အအေးဓာတ်ကလေးက စိမ့်ခနဲ။
ဒါတောင် ဇေယျာ လက်ရှည်ထူထူထဲထဲ ဝတ်ထားပါသည်။ ညနေက ခရမ်းချဉ်အနှစ်တွေ ပေပွနေသည့် Hoddieတော့ မဟုတ်။
လက်ထဲကကိုင်ထားသော စီးကရက်ကို တစ်ချက်ဖွာရင်း အခိုးအငွေ့ ထုတ်လွှတ်လိုက်သည်။
ပြန်တွေးတော့လည်း ရယ်စရာကောင်းသား။ စစအပေါက်ခံရခြင်းက အတော်စိတ်တိုသော်လည်း သူက ရှေ့မှာတောက်လျှောက် ဆူခဲ့တာကိုး။
တစ်ခါတလေတော့လည်း အသက်၈နှစ်ကွာသည့် ဆက်ဆံရေးက ဒီလိုပဲ အခန့်မသင့်ဖြစ်တတ်သေးသည်။ ရန်ဖြစ်စိတ်ဆိုးကြတိုင်း မုန်းလို့မှမဟုတ်ဘဲ။ သဝန်တိုတာကို အိပ်ခါနီးမှ နားလည်အောင်ပြောရင်း ချော့ရတော့မည်။
ဟူး .. ဒီတစ်ခါလည်း အကြီးဖြစ်သည့် သူကပဲ ချော့ရဦးမှာမလား။
စီးကရက်ကို တစ်ခါထပ်ရှိုက်နေခိုက် အနောက်က ရစ်သိုင်းခံလိုက်ရသော ဇေယျာ။
လုံးဝကို အံ့ဩမှုအပြည့်နဲ့ပါ။ လှည့်ကြည့်စရာမလိုလောက်အောင် ရင်းနှီးနေတာ ဒါကလေးရဲ့ ခန္ဓာကိုယ် အထိအတွေ့။ နစ်သိပ်နေအောင် ဖက်ထားပုံထောက် ဧကန္တ သူ့ကို လာချော့တာများလား။
ဇေယျာ စီးကရက်ကိုင်ထားသည့်လက်ကို သစ်သားလက်ရန်းပေါ် အသာတင်ထားသည်။ ဘာမှတော့မပြောဖြစ်ကြသေး။ ပြောဖို့ အရှိန်ယူနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ထိုအခိုက် လက်ချောင်းကြားမှ ဆွဲယူခံလိုက်ရသော စီးကရက်!
"ကလေး"
လျင်မြန်သော အဖြစ်အပျက်နှင့်အတူ ခန့်ခန့်က စီးကရက်ကို ဖွာရှုက်ပြီးသား ဖြစ်သွားသည်။ နှာဖျားကတဆင့်တောင် အခိုးအငွေ့ကို ထုတ်နိုင်ပုံထောက် ဒါဟာကျွမ်းကျင်အဆင့်ပါ။
"ဘာလို့ယူသောက်တာလဲ"
"သဝန်တိုလို့"
ဟက်! ဇေယျာ ရယ်ချင်သွားသည်။ သူ့ကို ခရမ်းချဉ်သီးနဲ့ပေါက်ခဲ့သူက ဆေးလိပ်ကိုစိုက်ကြည့်ပြီး သဝန်တိုရတယ်လို့။ Lucas နဲ့ဆို သူဘယ်လောက်များအူတိုမလဲ စဉ်းစားကြည့်သင့်တာပေါ့။
"အဲ့ဒီတော့ စီးကရက်ကို ယူဖွာလိုက်တယ်ပေါ့.."
"အင်း .. ဒီနှုတ်ခမ်းကိုလည်း အပိုင်သိမ်းမှာပါ။ စီးကရက်ပေါ်မှာ တင်နေတဲ့ အငွေ့အသက်ကို အရင်ယူလိုက်တဲ့သဘော.."
ဒီကလေး အချော့တော်သည်။ ဇေယျာ စိတ်ထဲမှာသာ ချီးကျူးလိုက်ခြင်းပါ။ လူကတော့ နှုတ်ခမ်းလေးကွေးရုံသာ ပြုံးပြလိုက်သည်။ ချော့လက်စနှင့် တလက်စတည်း စိတ်ဆိုးချင်ယောင် ဆောင်ရဦးမည်။
"ခရမ်းချဉ်သီးနဲ့ ပေါက်တဲ့သူကများ"
"မခနဲ့ပါနဲ့။ အဲ့ဒီအတွက်လည်း တစ်ညလုံး အကြွေးဆပ်ပြီး ချော့မယ်စဉ်းစားထားပြီးသား။ အယ် .. တစ်ခုပဲ"
ဇေယျာ့မျက်လုံးတို့ အရောင်တောက်သွားသည်။
တစ်ညလုံး အကြွေးဆပ်မယ်ဆိုတာ ကလေးဖက်က လိုလိုချင်ချင်ဖြစ်ပေါ်သည့် ဆန္ဒတဲ့လား။ တစ်နှစ်လုံး သူ့ဦးဆောင်မှု နောက်ကသာ လိုက်တတ်သည့် ကလေးဆိုတော့ သူ စဉ်စားနေမိသည်။
"ဘာတစ်ခုလဲ"
"Lucasနဲ့ သဝန်မတိုတော့ပါဘူးဆိုတဲ့ကတိပေး။ ကလေးလည်း အနေအထိုင်ဆင်ခြင်မယ်လေ။ လူကြီးလည်း အကြွေးဆပ်ပြီးရင်တော့ ခွင့်လွှတ်ပေး။ ဘယ်လိုလဲ .. သဘောတူလား။"
ခက်တော့ခက်နေပါပြီ ဒီကလေး။ လာချော့တာတောင် လေသံက အထက်စီးကလေးနှင့် အပေးအယူ လုပ်နေသေးသည်။ အိမ်ထောင်သည်ဘဝ ရောက်နေတာတောင် အသဲယားစရာကောင်းချက်ပါပဲ။ အင်းလေ .. ဒီမာနခဲလေး သူ့ကို လာချော့တာတောင် ကျေးဇူးတင်ရဦးမည့်အဖြစ်ပါ။
"အကြွေးဆပ်မှာကိုပဲ ကိုယ် စိတ်ဝင်စားနေပြီ။ ကျန်တာ ခေါင်းထဲမရှိတော့ဘူး။"
"ခင်ဗျားကြီးက လူလည်.."
ချစ်စရာကောင်းအောင် ပြောနေသောကောင်လေးအား ဇေယျာ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့သည်။ လူတွေပြောနေကျ အိမ်ထောင်ရေးသုခဆိုတာ ဒီလိုပဲမလား။ သောက်လေ၊ သောက်လေ ငတ်မပြေသလို .. သုခဘုံမှာ ခံစား၊ စံစားနေကြရသကဲ့သို့။
.
အကြွေးဆပ်မယ်ပြောတဲ့ ကလေးက စိတ်လှုပ်ရှားနေပုံရသည်။ ရေချိုးဦးမည်ဆိုပြီး ဝင်သွားတာ တော်တော်တောင် ကြာနေလေပြီ။ သူကတော့ ချိုးပြီးသားမို့ အပြင်တွင်သာ ကျန်ရစ်သည်။
မိနစ်၂၀ ကြာသည်ထိ ထွက်မလာတော့ ဇေယျာ ရေချိုးခန်းတံခါး ခေါက်ရလေသည်။ အင်းလေးညချမ်းက ချမ်းပါဘိနှင့် ဘာတွေဒီလောက်ထိများ ပြင်ဆဲနေရသလဲ ကလေးရယ်။
"ကလေး ထွက်ခဲ့တော့လေ .. ဖျားနေမယ်"
"ဟုတ် ပြီးပြီ"
ချောက်ခနဲထွက်ပေါ်လာသံနှင့်အတူ ကလေးကို မြင်ရသည်။
ရေစိုနေသော ဆံစတို့က နဖူးပြင်လေးပေါ်တွင် ဟိုတစ်စ၊ သည်တစ်စ။ ခါးတွင်သဘက်အဖြူကို ပတ်ထားပြီး ခန္ဓာအပေါ်ပိုင်းက ဗလာကျင်းလျက်သား။ အနည်းငယ် ကုတ်ဖဲ့ထားမှုကြောင့်ထင်သည် .. လည်ပင်းအောက်နားတွင် ကုတ်ခြစ်ရာလေးတွေက နီနီရဲရဲနှင့်။
"စိတ်လှုပ်ရှားနေတာလား"
သူ ဒီလိုမေးတော့ ကလေးက ခေါင်းညိတ်သည်။ ပြီးနောက် သဘက်တစ်ထည်ယူကာ မွေ့ရာပေါ်ထိုင်သည်။ ဒီတော့ သူ ကိုယ်တိုင် ဆံစတွေ သုတ်ပေးချင်မိပြန်ရော။
ခဏကြာတော့-
"အဆင်သင့်ဖြစ်ပြီလား လူကြီး"
ရေသုတ်ပေးနေသော သူ့လက်ကို လက်ဖဝါးနူးနူးညံ့ညံ့က အသာဆုပ်ကိုင်လာသည်။ ရာသီဥတုကြောင့်ပဲလား၊ စိတ်လှုပ်ရှားနေလို့ပဲလားမသိ .. ကလေးလက်တွေ အေးစက်နေသည်။
"ကိုယ်က အမြဲ Ready ပဲ။ ဒါပေမယ့် ကလေး ရှပ်လက်ရှည်အပါးလေး တစ်ထည်လောက် ဝတ်ထားပါဦး။ အေးနေတယ်လေ .."
"တော်ပြီ .. အခုပဲ စတော့မယ့်ဟာ"
ဟက်! တကယ်ကို စိတ်လှုပ်ရှားနေသည့် သူ့ကလေး။ အရင်လို မပြောရဲမဆိုရဲ မဟုတ်တော့။
"အဲ့တော့ ဒီနေ့ ကိုယ်ဦးဆောင်စရာ မလိုဘူးပေါ့.."
"အင်း"
ဒီလို ခပ်အေးအေးပြောပြီး ကလေးကထသည်။ Luggage ဆီ လျှောက်သွားပုံထောက် လိုတာတွေ အကုန်ပြင်ဆင်ပြီးပြီပေါ့။
ဇေယျာ အေးအေးလူလူ မွေ့ရာပေါ်တက်အိပ်တော့ ကလေးကလည်း တက်လာသည်။ နှစ်လိုဖွယ်ပြုံးပြနေပုံက စစခင်ခဲ့တုန်းကအတိုင်း။ သူ့အင်္ကျီတွေ လိုက်ရွေးပေးခဲ့တုန်းကလို တက်ကြွနေဆဲ။
ဒီလိုနှင့် တဖြည်းဖြည်းချင်း ကလေးက သူ့ကိုယ်ပေါ်တက်လာပြီး နားသယ်စပ်လေးကို လာနမ်းသည်။ ကြက်သီးတွေထသွားမိတာ ကလေးရိပ်မိပါလိမ့်မည်။ ခန္ဓာကိုယ်နှစ်ခုကလည်း တစ်သားတည်းမလား။
ထိုမှတဆင့် နှုတ်ခမ်းသားတွေဆီ ကူးလူးဆက်သွယ်လာသည်။ သူ အမြဲနှစ်သက်ရသော နှုတ်ခမ်းဖူးဖူးက မနမ်းရက်အောင် အိစက်နူးညံ့နေဆဲ။ သို့သော် အတင်းတိုးဝင်လာသော လျှာဖျားလေးကြောင့် သူ အရည်ပျော်ရပြန်ပါပြီ။
ရမက်ဆန်လာသည့် ထိုအနမ်းတို့ကတဆင့် အပြုအစုကောင်းလွန်းသည့် ချစ်ရသူကြောင့် ဟိန်းဇေယျာတစ်ယောက် တစ်သက်တာ ပြန်မဆင်းချင်တော့သည့် သုခဘုံရောက်နေသည့်နှယ်။ အထိအတွေ့တိုင်းက
တရှိုက်မက်မက် ..
မရပ်မနားနှင့် ..
တင်းကြပ်စွာ .. ။
ဇေယျာ ချစ်မဝပါသော ပန်းသွေးမျက်နှာလေးကလည်း ဒီညတော့ အရိုင်းဆန်ကာ ပိုရဲသွေးနေသည်။ ချိုသာသောညည်းညူသံလေးကလည်း နားထဲတွင် တသိမ့်သိမ့်။
ဒီလိုနှင့် သိပ်သည်းလှပါသည်ဆိုသော နှင်းမှုန်တွေကို ဖန်တီးပေးသည့် ဆောင်းနတ်သမီးက ထိုကြင်သူနှစ်ယောက်၏ ချစ်ကြည်နူးမှုကို မခံနိုင်သည့်အဆုံး တမင်ရှောင်ပြေးရတော့သည်။
ခပ်နွေးနွေးသာရှိကြသော ကိုယ်ငွေ့လေးတွေနှင့် တူနှစ်ကိုယ် ချစ်ခရီးဆက်ခဲ့ကြသည်မှာလည်း လူခြေတိတ်သည့် ညဉ့်ဦးယံထိတိုင် .. ။
....................
[Ringing .. Ringing]
ဟိုတယ်လိုင်းခွဲဖုန်း၏ ကျယ်လောင်စွာမြည်သံက ပူးကပ်နေသော လူသားနှစ်ယောက်အတွက် အနှောင့်အယှက်ပင်။
နေရောင်ကို မြင်နေရပြီဖြစ်၍ အချိန်မနည်းတော့မှန်းတော့ ဇေယျာ သိလိုက်သည်။ ကလေး နိုးမလာခင် သူ အသာထပြီး ဖုန်းကိုင်လိုက်ရ၏။
Peter ဆက်လာခြင်းပါ။ Breakfast လာမစာကြသေးသည့်နှစ်ယောက်အတွက် သူတို့စိတ်ပူနေပြီလေ။ ပူလည်းပူချင်စရာ။ မနေ့က သူတို့ရှေ့မှာ ကိုယ်တွေက တင်းမာခဲ့ကြတာကိုး။
ဇေယျာတစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်နေသေးသော ကလေးကိုကြည့်ပြီး မနက်စာမစားဖြစ်သေးကြောင်းသာ ငြင်းလိုက်သည်။ နေ့လည် ၁၁နာရီ check-out လုပ်ချိန်မှပဲဆုံကြဖို့ ထပ်ချိန်းဆိုလိုက်၏။
ကလေးလည်း ဒီလောက်ဆို အိပ်ရေးဝလောက်မည်ထင်ပါသည်။ ခုချိန်ထလျှင်တော့ ပင်ပန်းနေဦးမည်မလား။
ညကအကြောင်း ပြန်တွေးတော့ ရင်ထဲတဒိတ်ဒိတ်။ ဆိုးတယ်ထင်ရသည့်ကလေးက သူ စိတ်ထိခိုက်နေမှန်းသိရင်တော့ ဂရုတစိုက်ရှိလာတတ်စမြဲ။
ဇေယျာလည်း တကယ်တော့မှားတာပါ။ သဝန်တိုတာကို နားလည်အောင်အေးအေးဆေးဆေး ပြောပြရင်ဖြစ်ပါလျက် ဒေါသပါသွားသည်။ ဒီတော့ ကလေးက စိတ်ကျဉ်းကြပ်ပြီး ခရမ်းချဉ်သီးနဲ့ ထုတော့တာပေါ့။
ဇေယျာ ကံကောင်းတယ်ပြောရမည်။ သူက သဝန်တိုစိတ်ကြောင့် နောက်တစ်လှမ်းဆုတ်မိချိန် ကလေးဆန်တယ်ထင်ရသည့်မာနခဲလေးက ရှေ့တစ်လမ်းတိုးလာခဲ့သည်။ ညကကိစ္စလေးက အလေးအနက်ပဲမလား။
အိပ်ပျော်နေသူ၏ ပါးမို့မို့လေးကို အသာပွတ်သပ်တော့ တအီးအီးနှင့် လွန့်လူးလာသည်။ ပြန်မလှဲဖြစ်တော့သည့် သူ့ကိုလည်း လက်နဲ့မှီရာစမ်းရင်း လှဲစေသည်။ အိပ်ချင်မူးတူးပြောသည့် စကားတွေကလည်း မပီမသ။
"အိပ်ဦးလေ။ ဘယ်နှနာရီရှိပြီမို့လို့လဲ။"
"၉နာရီထိုးတော့မယ် ကလေးရ။ နောက်နာရီဝက်ထိ အိပ်လို့ရသေးတယ်။ ပြန်မှေးလိုက်ဦး။"
"အင်း လာ .. အနာတိုးခဲ့"
ခပ်တိုးတိုးချွဲပြန်တော့ ဇေယျာ ပြန်လှဲရပါသည်။
အရင်လိုပဲ .. အရင်တိုင်းပဲ။
ကလေးကို ပွေ့ဖက်ထားလိုက်ရုံနဲ့ တွေ့စကလို ရင်ခုန်သံတွေ လတ်ဆတ်နေမြဲ။
သူ့ဘဝအတွက် ပျော်ရွှင်စရာလေးတွေ ဆောင်ကျဉ်းပေးတဲ့ Happy Pill လေး ဖြစ်နေဆဲ။
ဘဝအမောတွေကို ပယ်ဖျက်နိုင်တဲ့ တစ်ခုတည်းသော အကြည်ဓာတ်လေးအဖြစ် ရှိနေမြဲ။
အင်း .. ဝင်သက်၊ ထွက်သက်တည်နေသေးသ၍ ဒီမာနခဲလေးကို သူ အတတ်နိုင်ဆုံး စောင့်ရှောက်ဦးမည်။ သဝန်တိုစိတ်နှင့် စိတ်ဆင်းရဲအောင်မလုပ်တော့ဖို့ သူ ဆုံးဖြတ်လိုက်ပါပြီ။
ကိုယ့်အချစ်၊ ကိုယ့်မေတ္တာရိပ်အောက်မှာ ဆက်အေးချမ်းပါစေတော့ .. ကလေးရေ။
.
နေခြည်နွေးနွေးအောက်တွင် နှစ်ယောက်သား ဘန်ဂလိုထဲက Luggage တွေ ထုတ်ယူလာကြသည်။ Breakfast လည်း စားပြီးပြီဖြစ်၍ သူတို့တွေ Check-out လုပ်ကြရတော့မည်။
အင်းလေးကန်ရေပြင်က လူကြီးနဲ့သူ့အတွက် အမှတ်တရကောင်းရှိသည့် နေရာဖြစ်တာမို့ သိပ်မခွဲချင်လှ။
စိမ်းမြမြရေကန်သာက စိတ်ကို ကြည်လင်စေခဲ့သည်။ ဒေသခံတွေက ဖော်ရွေသည်။ ကားသံ၊ လူသံတွေထက် စက်လှေမောင်းသံလေးတွေကိုသာ ကြားခဲ့ရသည်။
သိပ်သာယာသည့် ရေပေါ်မြို့လေး။
တောင်တန်းတွေပတ်လည်ဝိုင်းတဲ့ ကန်ရေပြင်မှာ လူးလွန့်ဆော့ကစားတတ်တဲ့ စင်ယော်ငှက်လေးတွေ၊
ဟိုဟိုဒီဒီ မြင်ရတတ်တဲ့ ခြေထောက်နဲ့လှော်ခတ်ကြသော ဒေသခံအင်းသူ/သားတွေ၊
နောက် .. ရှည်လျားလှပါသော ခရမ်းချဉ်သီးခင်းတွေ၊
ရေပေါ်အိမ်လေးတွေနှင့် ဗမာကြောင်စစ်စစ်လေးတွေ၊
အားလုံးက လွမ်းစရာတွေချည်းမို့ ခန့်ခန့် မခွဲခွါချင်တော့ပါ။
"လူကြီး .. နောက်ပြန်လာရအောင်နော်"
"ကလေး သဘောပါဗျာ"
အပြုံးကိုယ်စီနဲ့ လျှောက်လှမ်းလာကြသော စုံတွဲအား Peter နဲ့ Lucas က Reception တွင် ဆီးကြိုနေသည်။
"အဆင်ပြေသွားကြပြီပေါ့"
အနားရောက်သည်နှင့် Peter က ဇေယျာ့ဆီ လက်သီးချင်းထိုးပြီး နောက်တော့သည်။ Oxford မှာ နေတုန်းကလည်း ကောက်နေကြမို့ Peter အတွက်တော့ သိပ်ဆန်းမနေဟန်တူသည်။
"မနေ့က Baby စိတ်ကောက်သတဲ့လေ။ အခုတော့ ပြုံးနေပြီ။"
ဇေယျာ ရွှတ်နောက်နောက်ပြောရင်း Receptionist ကို အခန်းသော့အပ်ရသည်။ အခန်းတွင်း သုံးထားတာတွေ စစ်ပြီးလျှင် လာကြိုပေးသည့်ကားနှင့် သူတို့တွေ ဟဲဟိုးလေဆိပ် သွားနိုင်လေပြီ။
"ခန့်အတွက် လက်ဆောင်"
Lucas ပြောလာခြင်းပါ။ ယွန်းဗူးအရှည်လေးပေါ်တွင် ကနုတ်ဖော်ထားသော ပစ္စည်းလေးအား ခန့်ခန့်ထံ ကမ်းပေးလာသည်။ ဒီတော့ ခန့်ခန့်က ဇေယျာ့ကို ကြည့်ရလေပြီ။ လူကြီးကို ညက ကတိပေးပြီးသားမို့ Lucas အား ရှောင်ဖယ်ဖို့ စိတ်ကူးပြီးသားဖြစ်သည်။
သို့သော် မထင်မှတ်ဘဲ လူကြီးက ပြုံးရင်းခေါင်းညိတ်ပြသည်။ 'ယူလိုက်လေ' ဆိုသည့် အကြည့်မျိုး။ ဒါကြောင့် ခန့်ခန့်လည်း ပေးလာသော ယွန်းဗူးလေးကို အသာယူရင်း ကျေးဇူးတင်ကြောင်း ပြောရသည်။
စိတ်ထဲတော့ လူကြီးက ထူးဆန်းနေသလိုလို။
"ဒါက ဇေယျာ့အတွက်.."
ပြောပြောဆိုဆိုနှင့် Lucasက လှေလှော်နေသည့်အင်းသားပုံထွင်းထားသော သစ်သားအရုပ်လေးကို ကမ်းပေးပြန်သည်။
ဒီတစ်ခါမှ မျက်လုံးအရောင်တို့တောက်သွားသည်မှာ ဇေယျာပါ။ ဒါဟာ သူ မထင်ထားသည့်ကိစ္စ။ Lucas ဆိုတာ ခရီးစဉ်တစ်လျှောက် ခန့်ခန့်ကိုပဲ ဂရုတစိုက်ရှိခဲ့တာမလား။ နှစ်ယောက်စလုံးကိုပေးတာမို့ Lucas အပေါ် ကြည်လင်သွားမိသည်။
"လက်ဆောင်တွေအတွက် ကျေးဇူးတင်ပါတယ် Lucas။"
"ခရီးအတူလိုက်ခွင့်ရတာနဲ့ယှဉ်ရင် ဘာမှမပြောပလောက်ပါဘူး။ ကျေးဇူးတင်ပါတယ် ဇေယျာနဲ့ခန့်။ Peter ကိုတော့ ကျေးဇူးအတင်ဆုံးပေါ့.."
သူတို့ ပေါ့ပေါ့ပါးပါးပြောပြီး ရယ်ကြတော့ ခရီးစဉ်အဆုံးသတ်လေးက ပိုအသက်ဝင်သွားသည်။ များမကြာမီတွင် လာကြိုသည့်ကားလည်း ရောက်လာလေပြီ။
အထုပ်တွေ၊ အပိုးတွေ တင်ကြရပြန်ပါ၏။ ဒီအခိုက် ခန့်ခန့်က၊
"လူကြီး .. သဝန်မတိုတော့ဘူးလား"
အမိအရ မေးလာသည့်ကလေးက တကယ့်ကို သိချင်နေသည့်ဟန်။ ပန်းသွေးသန်းသော နှုတ်ခမ်းဖျားလေးက ဒါမျိုးဆိုသွက်သည်။
"ကိုယ် ကလေးကို အကြွင်းမဲ့ ယုံသွားပါပြီဗျာ။ အရင်က မယုံတာမဟုတ်ဘူးနော် .. တစ်ဖက်ကို စိတ်မချတာ။ အခုတော့ အကြွင်းမဲ့ပဲ.."
"မနေ့ညက အပြုအစုကောင်းလို့လား"
ခန့်ခန့်က အနားကပ်ကာ တိုးတိုးပြောလာသည်။
"No! No! ကလေး .. အဲ့ဒါနဲ့ မရောနဲ့လေ။ ညက ကလေးလာမချော့လည်း ကိုယ်ကချော့ဖို့ စိတ်ကူးရှိပြီးသားပါ။ ကိုယ့်သဝန်တိုမှုက ကလေးကို စိတ်ကျဉ်းကြပ်စေတာ သဘောပေါက်ခဲ့တယ်လေ .. အဲ့ဒါမို့ပါ။ ဟိုကိစ္စကြောင့် သဝန်မတိုတော့တာ မဟုတ်ဘူး။"
"ပြီးရော.."
"ဒါ ပေ မယ့် .. မနေ့ညက တကယ်အပြုအစုကောင်းတာ၊ အိမ်ရောက်ရင် ထပ်ပြီး...."
"လူကြီး .. ဘယ်လိုဖြစ်နေလဲ၊ တိုးတိုးနေ"
"ဟား ဟား"
ရယ်မောရင်း ဆံစလေးလေးတွေကို ရှိုက်ခါနမ်းတော့ ခေါင်းလျှော်ရည်အနံ့လေးက သင်းခနဲ။
ကလေးက သူ့ကို ရှက်ပြုံးကလေးနှင့် မော့ကြည့်လာပါသည်။ ဒါပါပဲ .. တစ်သက်လုံးစာ ဇေယျာလိုချင်တာ ဒီအပြုံးလေးတစ်ခုပါပဲ။စိတ်ဆင်းရဲမှုတွေ၊ ပူဆွေးမှုတွေ ဖန်တီးလွန်းသည့် သဝန်တိုခြင်းဆိုတာကို သူ သိပ်အကဲမဆတ်ချင်တော့။
သင်္ချာနည်းကျပြောရလျှင်-
ပိုင်းခြေ ၁၀၀ ရှိတာဟာ သူ့အချစ်ဖြစ်ပြီး ပိုင်းဝေ ၁၀၀ ရှိတာဟာ ကလေးအပေါ်ထားသည့် သူ့ယုံကြည်ခြင်းပင် ဖြစ်သည်။
ရလာသည့်စားလဒ်ကလေး ၁ ဟာ သူတို့နှစ်ယောက်တစ်ဘဝကို ရည်ညွှန်းလိမ့်မည်။
လက်ကျန်အကြွင်း 'သုညလေး' ကတော့ သူ့ရဲ့သဝန်တိုကိန်းပေါ့။ တစ်နည်းအားဖြင့် သံသယအညွှန်း လုံးဝမပါသည့် သဝန်တိုကိန်းဂဏန်းလေး။
• ချစ်သူတိုင်းကိုယ်စီ သံသယကင်းသော သဝန်တိုခြင်းတို့ဖြင့် ချစ်နိုင်ကြစေသော်ဝ် •
- ဤတွင် Special Extra ပြီးပါပြီ။ သူတို့နှစ်ယောက်တစ်ဘဝလေးက စာဖတ်သူရဲ့နှလုံးသားထဲမှာ ထာဝရရှင်သန်နေနိုင်ပါစေ။
💛.💛.💛.💛.💛.💛.💛
Bạn đang đọc truyện trên: Truyen3h.Co